မောင်လူလှအနီးသို့ လမ်းလျှောက်လာရင်း
“ဘာလုပ်နေတာလဲ လူလှ”
“ရှေ့လျှောက်ဘူးသီးဈေးကောင်းမယ်လို့ကြားလို့ ဘူးပင်စိုက်မလို့စင်ထိုးနေတာပါဟ၊ ဖရုံခင်းကိုတောင် မြေလှန်ပစ်လိုက်ပြီ၊ ဒါနဲ့ နင်ငါ့ခြံထဲရောက်လာပုံထောက်တော့ ဘာခူးချင်လို့လဲ”
“ငါးဟင်းအိုးကပ်ချက်နေတာ ပင်စိမ်းရွက်နည်းနည်းလိုချင်လို့ ခူးသွားမယ်နော် လူလှ”
“နင်ကလည်း အချင်းချင်းတွေပဲ ပြောစရာလိုသေးလို့လား၊ ခူးသွား၊ နင်တို့စားနိုင်သလောက်သာခူးသွား”
ညိုမြလည်း လူကြီးခါးအမြင့်ခန့်ရှိသည့် စိမ်းလန်းသန်ထွားနေသည့် ပင်စိမ်းပင်ကြီးမှ ပင်စိမ်းအညွန့်များကိုလက်နှင့်ခူးဆိတ်ရင်း
“လူလှရယ်၊ ပင်စိမ်းက နည်းနည်းပါးပါးအုပ်ရင်ရပါပြီဟဲ့”
“အေးပါ၊ ဒါနဲ့ ခြံစည်းရိုးမှာ ကင်ပွန်းချဉ်ရွက်အနုတွေအများကြီးထွက်နေပြီဟ၊ နင်စားချင်ခူးသွားပါလား”
ညိုမြမှာ မျက်လုံးများအရောင်လက်သွားသော်လည်း
“ကင်ပွန်းချဉ်ရွက်က နင်ခူးရောင်းမှာမဟုတ်လား၊ အားနာစရာကြီးဟာ၊ ငါမခူးတော့ပါဘူး”
“ခူးသာခူးစမ်းပါ၊ ကင်ပွန်းချဉ်က ပေါ်ဦးပေါ်ဖျားဆိုတော့ ခူးရောင်းလို့ရလောက်အောင် အနုမထွက်သေးဘူးဟ၊ ခူးမှာသားခူးစမ်းပါ၊ ဒါမျိုးက များများခူးလေ များများနုလေပဲဟ”
“အေးပါ၊ ဒါဆိုရင်လည်း ဟင်းချိုချက်သောက်ရအောင် တစ်ခွက်စာလောက်တော့ ခူးသွားအုံးမယ်”
ညိုမြက ခြံစည်းရိုးအနားသွားသဖြင့် မောင်လူလှလည်း အနောက်မှ မယောင်မလည်နှင့်လိုက်သွားလေသည်။ ခြံစည်းရိုးအနားတွင် ပေါင်းသေချာမလိုက်နိုင်သည်မို့ မြက်ပင်များနှင့်ထူထပ်နေလေသည်။ ညိုမြမှာ ကင်ပွန်းချဉ်အညွန့်များကို ခူးဆွတ်ပြီး သူယူလာသည့် ဆန်ခါခုံးကလေးအတွင်းသို့ ခူးထည့်နေလေသည်။
ကင်ပွန်းချဉ်ရွက်ကို ဇောနှင့်ခူးနေသည်မို့ အောက်မှမြက်ပင်များကို သတိမထားမိပေ၊ တစ်ဖက်အပင်သို့ရွေ့ရန် ခြေလှမ်းလှမ်းလိုက်စဉ် ခြေထောက်အောက်တွင် ပျော့အိအေးစက်သည့်အရာတစ်ခုနှင့် ထိတွေ့မိသည့်အတွက် လန့်ပြီးကြည့်လိုက်မိသည်။
“အောင်မလေး၊ မြွေကြီးတော့”
ညိုမြမှာကြောက်လန့်တကြားနှင့် အနောက်သို့ခုန်ဆုတ်လိုက်လေရာ အနောက်မှအသာကြည့်နေသည့် မောင်လူလှနှင့်တိုက်မိပြီး လဲပြိုမလိုဖြစ်သွားသည်။ မောင်လူလှက ညိုမြအားပွေ့ဖက်ထားသဖြင့်သာ နှစ်ဦးစလုံး လဲပြိုမသွားခြင်းဖြစ်သည်။ မောင်လူလှက မြွေကိုကြည့်ပြီး
“မြက်ချောမြွေကလေးပါဟာ၊ ဘာမှအဆိပ်မရှိပါဘူး”
“အဆိပ်မရှိပေမယ့် ငါမြွေကြောက်တာ နင်သိတယ်မဟုတ်လား”
ညိုမြမှာ ကြောက်လန့်တကြားဖြင့် မောင်လူလှအားဆွဲဖက်ထားမိပြီးသားဖြစ်နေသည်။ မောင်လူလှက ညိုမြမျက်နှာကို ပြီတီတီနှင့်ကြည့်လိုက်သည့်အခါမှ ညိုမြမှာအသိပြန်ဝင်လာကာ မောင်လူလှအားပွေ့ဖက်ထားသည့် လက်များကိုလွှတ်ပေးလိုက်လေတော့သည်။ ညိုမြတစ်ယောက် ရှက်သွားပုံရကာ မျက်နှာကြီးနီလာတော့သည်။
“ညိုမြရာ၊ ငါဖြင့် ဒီမြွေကိုကျေးဇူးတင်တယ်ဟာ”
ညိုမြက မျက်နှာကိုစူပုတ်လိုက်ကာ
“မသာကောင်၊ နင်ငါ့ကိုသက်သက်အသားယူတာမဟုတ်လား၊ နင်တော်တော်ဆိုးတဲ့ကောင်ပဲ”
ညိုမြက ပြောဆိုလိုက်ပြီးသည့်နောက် မောင်လူလှအားမျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဆန်ခါခုံးကလေးကိုပြန်ကောက်ယူလိုက်ကာ စိုက်ခင်းအတွင်းမှ အပြေးတစ်ပိုင်းနှင့်ထွက်သွားလေတော့သည်။ မောင်လူလှက ပြေးထွက်သွားသည့် ညိုမြ၏ကိုယ်လုံးအား အနောက်မှကြည့်ကာ တဟင်းဟင်းဖြင့် ကျေနပ်စွာပြုံးရယ်နေလေတော့သည်။
(၂)
မောင်လူလှ၏ အပြုအစုကောင်းမွန်မှုကြောင့် သုံးလခန့်ကြာသည့်အခါ စိုက်ခင်းအတွင်းရှိ ဘူးစင်တန်းကြီးတွင် အလွန်သန်မာထွားကျိုင်းလှသည့် ဘူးညွန့်၊ ဘူးရွက်များဖြင့် ဝေဆာစိမ်းလန်းနေပြီဖြစ်သည်။ မောင်လူလှမှာ မနက်အစော ဝေလီဝေလင်းအချိန်တွင် ဈေးရောင်းထွက်ရန်အတွက် သီးနှံများခူးဆွတ်ပြီးနောက် ဈေးသွားရန်ပြင်ဆင်နေပြီဖြစ်သည်။ စက်ဘီးပေါ်အသီးအနှံများတင်ရင်း မောင်လူလှသက်ပြင်းတစ်ချက်ချလိုက်သည်ကို မိခင်ဖြစ်သူ ဒေါ်လုံးတင်က အိမ်ပေါ်မှကြားသွားလေသည်။
“သားရေ၊ ဘာဖြစ်လို့ သက်ပြင်းချနေရတာလဲကွဲ့”
“သြော်၊ တခြားမဟုတ်ပါဘူးအမေရာ၊ ဘူးစင်ကြောင့်ပါ၊ ဘူးပင်တွေက သန်တယ်ဆိုပေမယ့် အသီးမတင်ဘူးအမေရ၊ လက်သီးဆုပ်လောက်အရွယ်ရောက်တာနဲ့ ဘူးသီးတွေအကုန်လုံး ပုပ်ပုပ်သွားကြတယ်၊ ဒီအတိုင်းဆို ဘူးသီးမရောင်းရတော့ဘဲ ဘူးညွန့်ပဲဆွတ်ပြီး ရောင်းရမယ်ထင်တာပါပဲအမေရာ”
ဒေါ်လုံးတင်က တစ်ချက်စဉ်းစားလိုက်ရင်း
“အမေကြားဖူးတာတစ်ခုရှိတယ်သားရဲ့၊ ဘူူးစင်က ဘူးသီးတွေမတင်တဲ့အခါ အမဲရိုးကိုကြိုးနဲ့ချည်ပြီး ဘူးစင်မှာတွဲလောင်းချထားရတယ်လို့ လူကြီးတွေပြောတာကြားဖူးတယ်”
မောင်လူလှက မျက်မှောင်ကြုတ်လိုက်ပြီး
“အမဲရိုးနဲ့ ဘူးသီးနဲ့ဘာဆိုင်လို့လဲအမေရ”
“အဲဒါတော့အမေလည်းမသိဘူးသားရေ၊ ငယ်ငယ်က အမေတို့ဘကြီးဘူးစင်တည်တော့ ဘူးသီးအသီးမတင်တာနဲ့ အမဲရိုးဆွဲထားလိုက်တာပဲသား၊ ဘာဓါတ်လည်းတော့ မပြောတတ်ပေမယ့် အမဲရိုးဆွဲပြီးကတည်းက ဘူးသီးတွေမပုပ်တော့ဘဲ ကြီးလိုက်ထွားလိုက်တာ သားရယ်”
မောင်လူလှလည်း စဉ်းစားသွားပြီဖြစ်သည်။
“အင်းပေါ့လေ၊ သားတို့ဉာဏ်မမီတဲ့ ရှေးလူကြီးသူမတွေရဲ့ လောကီအစီအရင်တွေဖြစ်မှာပါ၊ ဒါပေမယ့်အမေရာ၊ သားတို့ကမှ အမဲသားမစားတာ၊ အမဲရိုးကဘယ်လိုလုပ်ပြီးရမှာလဲဗျ”
“ဒါများအခက်လုပ်လို့သားရယ်၊ အရိုးကုန်းမှာ သွားကောက်လိုက်ပေါ့၊ အမဲရိုးကြီးကြီးတစ်ချောင်းသာကောက်ပြီး သားရဲ့ဘူးစင်မှာဆွဲချိတ်ထားလိုက်စမ်းပါ”
မောင်လူလှလည်း ခေါင်းညိတ်လိုက်ကာ ဈေးရောင်းရန်အတွက် အိမ်မှထွက်လာခဲ့လိုက်တော့သည်။ နဘူးအိုင်နှင့် ကျွဲခြံရွာသို့သွားသည့် တာလမ်းကြီးမှာဖြောင့်ဖြူးနေလေသည်။ ရွာစဉ်ကျဲသဖြင့် တစ်ခါတစ်ရံတောတန်းကလေးများကို ဖြတ်သန်းသွားရသည်။ အရိုးကုန်းဆိုသည့်နေရာမှာ နဘူးအိုင်ရွာနှင့် ကျွဲခြံရွာအကြား လမ်းခုလတ်ရှိ တောတန်းကလေးတစ်ခုအတွင်းတည်ရှိသည်။
အရိုးကုန်းဟုခေါ်ရခြင်းမှာ ထိုနေရာသည် သားသတ်ကုန်းတစ်ခုဖြစ်နေသောကြောင့်ဖြစ်သည်။ ကျေးလက်တောရွာများတွင် မြို့ကြီးများကဲ့သို့ အသားသတ်လိုင်စင်များမရှိသဖြင့် ကျွဲနွားဆိတ်များကို သတ်ဖြတ်လိုပါက ထိုနေရာသို့ခေါ်ဆောင်သွားကာ တရားမဝင်ခိုးပေါ်ကြသည့်နေရာဖြစ်သည်။ မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့သည့်နေရာဖြစ်သဖြင့် ကျွဲကောင်မရှိပေ၊ နွားနှင့် ဆိတ်သာ အပေါ်များလေသည်။ ဆိတ်ကောင်မှာ သေးငယ်ပြီး ဆိတ်ရိုးမှာလည်း ဈေးကောင်းရသဖြင့် ဆိတ်ပေါ်သူများမှာ ဆိတ်ရိုးများပါ သယ်ဆောင်သွားတတ်သော်လည်း နွားပေါ်သူများကတော့ နွားအရိုးကြီးကြီးမားမားများမှာ လေးလံကာ ဝန်ကျယ်သဖြင့် အရိုးတွင်ကပ်နေသည့်အသားများကိုလှီးဖြတ်ကာ နွားရိုးကြီးများကို ထိုနေရာတွင်ပင် ပုံထားလေ့ရှိသည်။ သတ်ဖြတ်လုပ်ကိုင်ပြီး အမဲသားများကို တောင်းကြီးများဖြင့်ထည့်ကာ ကျွဲခြံဘူတာဈေးတွင် သွားရောက်ရောင်းဝယ်ကြသည်မို့ အမဲရိုးကြီးများမှာ သယ်ဆောင်ရာတွင် ဝန်လေးသောကြောင့်လည်း တစ်ကြောင်းဖြစ်သည်။
ထိုသို့အရိုးများပုံထားလေ့ရှိသည်ကို အစွဲပြုကာ ထိုကုန်းကလေးအား အရိုးကုန်းဟု ရွာခံများကခေါ်ဝေါ်ကြလေသည်။ မောင်လူလှလည်း တောတန်းကလေးအတွင်းသို့ရောက်သည့်အခါ စက်ဘီးကိုရပ်တန့်လိုက်သည်။ အမေပြောလိုက်သည့်အတိုင်း အမဲရိုးတစ်ချောင်းကို အရိုးကုန်းတွင်သွားကောက်ရန်စိတ်ကူးလိုက်ပြီးနောက် အရိုးကုန်းဆီသွားရန်ပြင်ဆင်လိုက်သည်။ အရိုးကုန်းသို့သွားရသည့်လမ်းမှာ ကြမ်းတမ်းသဖြင့် ခြေလျင်သာ သွားရောက်နိုင်သည်ဖြစ်ရာ မောင်လူလှလည်း စက်ဘီးအားသော့ခတ်ပြီး တောတန်းအတွင်းသို့ ဝင်လာခဲ့တော့သည်။
မနက်ငါးနာရီခွဲအချိန်မို့ တောတန်းအတွင်းအမှောင်ထုက ကျန်နေဆဲဖြစ်သည်။ နံနက်ခင်းရှေ့ပြေးနေရောင်ခြည်များကြောင့် ကောင်းကင်မှာအတော်လင်းချင်းနေပြီဖြစ်သည်။ မောင်လူလှလည်း ခပ်သွက်သွက်လှမ်းလျှောက်လာခဲ့ရာ မကြာခင် အရိုးကုန်းဆီသို့ရောက်သွားသည်။ ထိုသားသတ်ကုန်း၏ ခြေရင်းတွင် ချောင်းကလေးတစ်ခုက ဖြတ်သန်းစီးဆင်းနေလေသည်။ မောင်လူလှလည်း အရိုးကုန်းအနီးသို့ရောက်သည့်အခါ ဘာကြောင့်မှန်းမသိဘဲ ကြက်သီးများတဖြန်းဖြန်းထသွားလေသည်။ အရိုးကုန်းမှာ သရဲခြောက်သည်ဟု နာမည်ကြီးသော်လည်း မောင်လူလှမှာ သရဲတစ္ဆေကြောက်တတ်သူမဟုတ်ပေ၊ သို့သော်လည်း ယခုတော့ ဘာကြောင့်မှန်းမသိဘဲ ကြက်သီးများထကာ ကျောများချမ်းနေလေသည်။
အရိုးကုန်းဆီသို့ ခပ်သွက်သွက်သွားလိုက်လေသည်။ မြေပြင်တွင်ပစ်ချထားသည့် အမဲရိုးများမှာ ဟိုနားတစ်စ၊ ဒီနားတစ်စနှင့်ဖြစ်နေလေသည်။ လတ်လတ်ဆတ်ဆတ်သတ်ဖြတ်ကာ စွန့်ပစ်ထားခဲ့သည့် အရိုးများကိုလည်းတွေ့ရသည်။ သို့သော် ထိုအရိုးများမှာ သွေးစသွေးနများပင် မစင်သေးဘဲရှိနေသည်ကတစ်ကြောင်း၊ အစိမ်းဖြစ်သဖြင့် ညှီနံ့အလွန်နံနေသည်ကတစ်ကြောင်းမို့ မောင်လူလှမှာ အရိုးစိမ်းကိုမယူဘဲ အရိုးခြောက်တစ်ခုသာယူမည်ဟုဆုံးဖြတ်လိုက်ပြီး အရိုးခပ်ခြောက်ခြောက်တစ်ခုအားလိုက်လံရှာဖွေနေမိသည်။
အရိုးကုန်းတွင်သွားလာနေစဉ်တွင် သူ့နောက်ကျောအားတစ်စုံတစ်ယောက်က စိုက်ကြည့်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ မောင်လူလှမှာ သရဲမကြောက်တတ်သော်လည်း တိတ်ဆိတ်နေသည့်နေရာမို့ ချောက်ခြားနေသည်ကတော့အမှန်ပင်ဖြစ်သည်။ သို့နှင့် အရှေ့သို့ သုံးလေးလှမ်းခန့် ဆက်လှမ်းလိုက်ရင်း မြေတွင်တစ်ပိုင်းတစ်စ နစ်မြုပ်နေသည့် အမဲရိုးတစ်ရိုးအားတွေ့မြင်လိုက်တော့သည်။
ဖြူလွှလွှအမဲရိုးကြီးမှာ တစ်တောင်ခန့်ရှည်လျားလေသည်။ အတော်လည်းခြောက်သွေ့နေပြီဖြစ်သဖြင့် မောင်လူလှတစ်ယောက် မြေကြီးအားအနည်းငယ်တူးဖော်လိုက်ပြီး ထိုအမဲရိုးအားကောက်ယူခဲ့သည်။ အမဲရိုးယူပြီး အရိုးကုန်းမှပြန်ထွက်မည်အလုပ်တွင် နွားအော်သံကြီးတစ်ခုအား ကြားလိုက်ရလေသည်။ မောင်လူလှမှာ ပတ်ဝန်းကျင်အားတစ်ချက်ဝေ့ကြည့်လိုက်သည်။ ထိုနေရာတွင် သူတစ်ဦးတစ်ယောက်တည်းရှိနေခြင်းဖြစ်သည်။ သို့သော် နွားအော်သံကို ကျယ်ကျယ်လောင်လောင်ကြားရသည်မှာ ထူးဆန်းလွန်းလှသည်။ သားသတ်ကုန်းဖြစ်သဖြင့် သေဆုံးပြီး မကျွတ်လွတ်သည့် နွားသရဲတစ်ကောင် ခြောက်လှန့်ခြင်းဖြစ်မည်ဟုတွေးလိုက်ကာ မောင်လူလှလည်း အရိုးကုန်းမှ အပြေးထွက်လာခဲ့တော့သည်။
စက်ဘီးဆီပြန်ရောက်သည့်အခါမှသာ သက်ပြင်းချနိုင်တော့သည်။ ထိုအမဲရိုးအား စက်ဘီးအနောက်ကယ်ရီယာခုံတွင် ထုပ်ပိုးတင်ဆောင်ထားသည့် သီးနှံများအကြားညှပ်ထည့််လိုက်ပြီးနောက် စက်ဘီးအားဆက်လက်နင်းလာခဲ့လေသည်။
ထိုနေ့က ဘာကြောင့်မှန်းပင်မသိ၊ ဈေးဆိုင်ခင်းပြီး နာရီဝက်ခန့်အကြာတွင်ပင် ပါလာသည့်အသီးအနှံများအားလုံးလိုလိုရောင်းထွက်သွားလေသည်။ ယခင်က သုံးလေးနာရီခန့်ပင်ရောင်းရသော်လည်း ယခုတော့ ဈေးရောင်းကောင်းနေသည်မှာ အံ့သြဖွယ်ဖြစ်သည်။ ဈေးရောင်းချပြီးသည့်အခါ အိမ်သို့တန်းတန်းမတ်မတ်ပြန်လာခဲ့သည်။
(၃)
အိမ်ပေါ်တက်လာသည့် မောင်လူလှကို ရိပ်ခနဲတွေ့မြင်လိုက်သဖြင့် ဒေါ်လုံးတင်တစ်ယောက်အံ့သြသွားသည်။
“သားလေး၊ အစောကြီးပြန်ရောက်လာပါလားကွဲ့”
“ဟုတ်တယ်အမေရ၊ ဒီနေ့ဘာလို့မှန်းမသိဘူး၊ နာရီဝက်လောက်အတွင်း ဈေးရောင်းလို့ကုန်သွားတယ်ဗျ၊ ဟောဒီမှာအမေ့အကြိုက် ကျွဲြုခံဈေးကလက်ဖက်ရည်ဝယ်လာတယ်ဗျာ၊ အီကြာကွေးတစ်ချောင်းလည်းပါသေးတယ်”
“အေးကွယ်၊ ငါ့သားလေး အခုလိုပဲအမြဲဈေးရောင်းကောင်းပါစေသားရယ်၊ သြော် ဒါနဲ့ သားနောက်ကပါလာတဲ့မိန်းကလေးက ဘယ်သူလဲကွဲ့၊ ညိုမြလား”
မောင်လူလှပင် ကြောင်တောင်တောင်ဖြစ်သွားကာ အနောက်သို့လှည့်ကြည့်လိုက်မိသည်။
“အမေကလည်း ဘာတွေပြောနေတာလဲဗျာ၊ ဘယ်မိန်းကလေးမှ ပါမလာပါဘူးဗျ”
“ဟုတ်ရဲ့လားသားရယ်၊ ခုနက သားအိမ်ပေါ်တက်လာတော့ အနောက်ကမိန်းကလေးတစ်ယောက်ပါ လိုက်ပြီးတက်လာသလားလို့ပါ”
“ဘာမှမရှိပါဘူးအမေရယ်၊ သြော် ဒါနဲ့ အမေပြောသလို အရိုးကုန်းသွားပြီးတော့ အမဲရိုးတစ်ချောင်းကောက်လာခဲ့တယ်အမေ၊ အဲဒါ ဘူးစင်မှာသွားပြီး ချိတ်ထားလိုက်အုံးမယ်ဗျာ”
မောင်လူလှလည်း မိခင်ဖြစ်သူအတွက် စားစရာများကိုချပေးပြီးသည့်အခါ ချည်ကြိုးတစ်ချောင်းယူပြီးနောက် ဘူးစင်ဆီသို့လျှောက်လာခဲ့လိုက်သည်။ ဘူးစင်နားရောက်သည့်အခါ ခါးကြားထိုးထားသည့် အမဲရိုးကိုထုတ်ယူလိုက်ပြီးနောက် ဘူးစင်တွင် တွဲလောင်းကလေးချည်ထားလိုက်သည်။ ချည်ပြီးသည့်အခါ ဘူးစင်အနီးမှလည့်ထွက်လိုက်သည့်အချိန်တွင် ချောင်းဟန့်သံတစ်ချက်အားကြားလိုက်ရသည်။ ချောင်းဟန့်သံမှာ ယောက်ျားလေးအသံမျိုးမဟုတ်ဘဲ မိန်းကလေးတစ်ယောက်၏အသံဖြစ်နေသဖြင့် မောင်လူလှအလွန်အံ့သြသွားကာ အနောက်သို့ရုတ်ခြည်းလှည့်ကြည့်လိုက်လေသည်။
“ညိုမြလား၊ ဘယ်သူလဲဟေ”
လူရိပ်လူခြေမတွေ့ရသော်လည်း စိုက်ခင်းထဲ မိန်းကလေးတစ်ဦးဦးရောက်နေမည်အထင်နှင့် အသံပြုလိုက်သည်။ သို့သော်စိုက်ခင်းအတွင်းတိတ်ဆိတ်၍နေလေသည်။ မောင်လူလှလည်း ကြောင်စီစီဖြစ်သွားကာ အိမ်သို့ပြန်လာခဲ့တော့၏။ ညနေ မောင်လူလှစိုက်ခင်းရေလောင်းမည့်အချိန်တွင် ကောင်းကင်တစ်ခွင် တိမ်စိုင်တိမ်လိပ်များ ဖုံးလွှမ်းနေကာ မိုးရိပ်ဆင်နေပြီဖြစ်သည်။ မောင်လူလှလည်း မိုးပေါ်ကိုမော့ကြည့်လိုက်ရင်း
“ဒီအတိုင်းဆိုရင် ဒီညမိုးရွာမယ့်ပုံပဲ”
မောင်လူလှထင်ထားသည့်အတိုင်းပင် ထိုညတွင် မိုးသည်းထန်စွာရွာသွန်းတော့သည်။ မိုးရွာလျှင် မောင်လူလှပျော်သည်။ သီးနှံပင်များကို ရေလောင်းစရာမလိုသည့်အပြင် ရေမလောင်းနိုင်သည့် သီးပင်စားပင်ကြီးများလည်း ရေလုံလုံလောက်လောက် သောက်သုံးရသည့်အတွက်ကြောင့်ဖြစ်ပေသည်။ မိုးအေးအေးနှင့်မို့ သားအမိနှစ်ဦး ညစာလက်ဆုံစားပြီးသည့်အခါ အိပ်ရာထဲသို့ဝင်ခဲ့တော့သည်။ မောင်လူလှတို့သစ်သားအိမ်ကလေးတွင် အိပ်ခန်းနှစ်ခန်းရှိရာ ခေါင်းရင်းခန်းတွင် မိခင်ဖြစ်သူအိပ်စက်ပြီး၊ ခြေရင်းခန်းတွင်တော့ မောင်လူလှအိပ်စက်သည်။ တောင်သူတောင်သားများမို့ ညမိုးချုပ်လျှင် စောစောအိပ်ရာဝင်တတ်သည်ဖြစ်ရာ မိခင်ဖြစ်သူမှာ အိပ်မောကျနေပြီဖြစ်သည်။ မောင်လူလှလည်း တစ်နေ့စာရောင်းရသည့်ငွေများကိုတွက်ချက်ပြီး ငွေရင်းငွေနှီးများကို သိမ်းဆည်းလိုက်ကာ ပိုလျှံသည့်ငွေများကို စုဘူးအတွင်းထည့်လိုက်ပြီးနောက် ခြင်ထောင်ထဲသို့ဝင်ခဲ့တော့သည်။
မိုးကအတော်သည်းနေပြီး မိုးခြိမ်းသံများကို တဂျိန်းဂျိန်းနှင့်ကြားနေရသည်။ ထိုမျှမကသေး တစ်ချက်တစ်ချက် ပြက်လိုက်သည့် လျှပ်စီးများကြောင့်လည်း ပတ်ဝန်းကျင်တစ်ခွင်လင်းထိန်သွားသေးသည်။ မောင်လူလှလည်း အညာစောင်ပါးလေးခြုံကာ မိုးအေးအေးနှင့်ကွေးအိပ်လိုက်လေသည်။
“ဘုန်း . . . ဘုန်း . . . ဘုန်း”
အိပ်နေရင်း အိမ်ထရံကိုလက်နှင့်ပုတ်သည့်အသံကြားလိုက်ရသည်။ မောင်လူလှလည်း ဆက်ပြီးနားထောင်နေချိန်တွင် လူတစ်ဦးက အိမ်ထရံကိုပုတ်နေသကဲ့သို့ အသံကိုအကြိမ်ပေါင်းများစွာကြားလိုက်ရလေသည်။ မောင်လူလှလည်း အိပ်ရာမှကုန်းထလိုက်ပြီး
“ဘယ်သူအိမ်ကိုလာပြီးထုနေပါလိမ့်”
မောင်လူလှလည်း အိပ်ခန်းပြတင်းတံခါးကိုဖွင့်လိုက်ကာ အပြင်သို့လှမ်းကြည့်လိုက်သည်။ မိုးရေစက်များက ပြတင်းပေါက်မှအိမ်ထဲသို့တိုးဝင်လာသည်။ ထိုစဉ် ရုတ်တရက်လျှက်စီးလက်သွားသည်မို့ ပတ်ဝန်းကျင်က လင်းချင်းသွားသည်။ အိမ်ခန်းပြတင်းပေါက်နှင့် ခပ်လှမ်းလှမ်းနေရာတွင် မိန်းကလေးတစ်ဦးက မိုးရေထဲမတ်တပ်ရပ်နေလေသည်။ မောင်လူလှတစ်ယောက် ထိုမိန်းကလေးအားမြင်တွေ့ပြီး အတော်ထိတ်လန့်သွားသည်။
“မင်းဘယ်သူလဲ၊ ဘာလို့ငါတို့ခြံထဲကိုရောက်နေတာလဲ”
မိန်းကလေးက ပြတင်းပေါက်အနီးသို့တိုးကပ်လာကာ
“တောင်းပန်ပါတယ်ရှင်၊ ကျွန်မကိုအိမ်အပြင်မှာမထားပါနဲ့၊ ကျွန်မချမ်းလွန်းလို့ပါ”
ထိုမိန်းကလေးတစ်ကိုယ်လုံး မိုးရေများရွဲစိုကာ ကြွက်စုတ်သဖွယ်ဖြစ်နေသည်။ ရှည်လျားလှသည့်ဆံပင်များမှာလည်း ရေစိုသဖြင့်စေးကပ်နေကာ ဝတ်ဆင်ထားသည့်အဝတ်အစားများမှာလည်း မိုးရေများစိုရွဲနေသည်။ မိန်းကလေးက ချမ်းလွန်းသဖြင့် လက်နှစ်ဖက်ကိုရင်ဘတ်ပေါ်ယှက်တင်ထားသည်ကိုတွေ့ရသည်။
“ချမ်းရင် ခင်ဗျားအိမ်ခင်ဗျားပြန်လေဗျာ၊ ဘာလို့ကျုပ်ကိုလာပြောနေရတာလဲ”
“ရှင်ပဲ ကျွန်မကိုခေါ်လာတာလေရှင်”
“ဘာဗျ၊ ခင်ဗျားဘယ်သူလဲ၊ ခင်ဗျားကိုကျုပ်တစ်ခါမှတွေ့လည်းမတွေ့ဖူးဘူး၊ အိမ်ခေါ်လာဖို့ဆိုရင် ဝေးရော”
“လုပ်ပါရှင်၊ ကျွန်မကိုအိမ်ထဲဝင်ခွင့်ပေးပါ၊ ကျွန်မ မိုးရေထဲဆက်ပြီးမနေနိုင်တော့ဘူး”
“တော်စမ်းဗျာ၊ ခင်ဗျားလို ဘယ်ကမှန်းမသိတဲ့လူကို ကျုပ်ကအိမ်ထဲခေါ်ရမှာလားဗျ၊ သွားစမ်းဗျာ၊ ပြန်တော့”
မောင်လူလှပြောလိုက်သည့်အခါ ထိုမိန်းကလေးမှာ အလွန်ဒေါသထွက်နေသည့်မျက်လုံးများဖြင့် မောင်လူလှအား စိုက်ကြည့်လေသည်။
“ရှင်ကျွန်မကို အိမ်ထဲသွင်းမလား မသွင်းဘူးလား”
“မသွင်းဘူးဗျာ”
“မသွင်းရင်တော့ ရှင်ကျွန်မအကြောင်းကောင်းကောင်းသိစေရမယ်”
မိန်းကလေးက တောက်တစ်ချက်ခေါက်လိုက်ပြီးနောက် မိုးရေထဲမှာပင် ရုတ်ခြည်းပျောက်ကွယ်သွားလေသည်။ မောင်လူလှလည်း ထိုအဖြစ်ကိုအံ့အားသင့်စွာဖြင့်ကြည့်နေရင်း မိုးစက်များကသူ့မျက်နှာအား ပက်လိုက်သဖြင့် လန့်သွားလေတော့သည်။
မောင်လူလှမျက်နှာပေါ်သို့ ရေစက်ကျသဖြင့် အိပ်နေရာမှလန့်နိုးသွားသည်။ ခေါင်မိုးအပေါက်ဆီမှ ရေများက တစ်စက်တစ်စက်နှင့် ခြင်ထောင်ပေါ်သို့ ကျနေခြင်းဖြစ်သည်။
“လတ်စသတ်တော့ ငါအိပ်မက်မက်နေတာပဲ”
မောင်လူလှလည်း အိပ်ရာမှထလိုက်မိသည်။ ပုဆိုးစုတ်တစ်ထည်အား ကောက်ယူလိုက်ပြီး ခြင်ထောင်အပေါ်တွင်ခံထားလိုက်စဉ်မှာပင် တစ်ဖက်အခန်းမှ ဝူးဝူးဝါးဝါးနှင့် ဗလုံးဗထွေးအော်သံများကိုကြားလိုက်ရသည်။
“ဟင်၊ အမေ၊ အမေဘာဖြစ်တာလဲ”
မောင်လူလှက မိခင်ဖြစ်သူအိပ်ခန်းအတွင်းသို့ ပြေးဝင်သွားလိုက်သည်။ ကျေးလက်တောရွာရှိ အိမ်ခန်းများမှာ တံခါးများတပ်ဆင်လေ့မရှိဘဲ ခန်းဆီးလိုက်ကာများဖြင့်သာ ကာရံထားတတ်သည်မို့ အမေ့အခန်းထဲမို့ ဝင်ရလွယ်ကူလေသည်။ အခန်းတွင်းရောက်သည့်အခါ ခြင်ထောင်ကြီးနှင့်လုံးထွေးကာ တဝူးဝူးတဝါးဝါးအော်ဟစ်နေသည့် မိခင်ကိုမြင်တွေ့လိုက်ရသည်။
“အမေ၊ အမေဘာဖြစ်တာလဲ”
မောင်လူလှက မိခင်ဒေါ်လုံးတင်အား ပြေးပွေ့ဖက်လိုက်လေသည်။ ခြင်ထောင်ကြီးကိုပင် အတော်ဖြုတ်ယူရသည်။ ဒေါ်လုံးတင်တစ်ယောက် မျက်လုံးကြီးပြူးနေကာတစ်ကိုယ်လုံးလည်း ချွေးစေးများထွက်နေလေသည်။
“အမေ၊ အမေသတိထားပါ”
“သား၊ အမေကြောက်တယ်၊ အမေကြောက်တယ်”
“ဘာဖြစ်ရတာလဲအမေရယ်”
“အမေအိပ်နေတုန်း မိန်းကလေးတစ်ယောက်က အခန်းဝမှာလာရပ်တယ်သား၊ ပြီးတော့ အမေ့အပေါ်ကိုခုန်တက်ပြီး ဝင်လုံးတော့တာပဲ၊ အမေ့ရင်ဘတ်ပေါ်ကိုတက်စီးထားလို့ အမေ့မှာလှုပ်လည်းမလှုပ်နိုင်သလို အသံလည်းမထွက်နိုင်ဘူးသား”
ဒေါ်လုံးတင်မှာ အတော်ထိတ်လန့်နေသဖြင့် မောင်လူလှက ရေတစ်ခွက်ခပ်ကာ တိုက်လိုက်လေသည်။ မောင်လူလှလည်း ဒေါ်လုံးတင်အားကြည့်နေရင်း တစ်စုံတစ်ခုကိုသတိရသွားသည်။
“မိန်းကလေးဆိုပါလား၊ မဟုတ်မှလွဲရော၊ ငါ့အိပ်မက်ထဲမှာတွေ့တဲ့ မိန်းကလေးဖြစ်နေမလား၊ သူ့ကိုငါအိမ်ထဲဝင်ခွင့်မပေးလို့ ငါ့အမေကိုများ ရန်ပြုတာလားမသိဘူး”
မောင်လူလှအလွန်ခြောက်ချားနေမိသည်။
“ငါခေါ်လာတာ၊ ငါခေါ်လာတာဆိုလို့ ဘာရှိမလဲ၊ ငါမနေ့က အိမ်ကိုယူလာတာဆိုလို့ အမဲရိုး၊ ဟာ၊ ဟုတ်တယ်၊ အမဲရိုးပဲ၊ လတ်စသတ်တော့ ဒီအမဲရိုးမှာ သရဲများပူးကပ်ပြီး ပါလာတာများလား”
မောင်လူလှလည်း စဉ်းစားပြီးနောက် အိမ်ပေါ်မှခုန်ဆင်းသွားတော့သည်။ ဒေါ်လုံးတင်တစ်ယောက် ပြေးဆင်းသွားသည့် သားဖြစ်သူကိုအံ့သြကာ အော်ခေါ်နေမိသည်။
“ဟဲ့သား၊ ဘယ်ပြေးသွားတာလဲသားရဲ့”
မောင်လူလှမှာ မိုးရွာနေသည့်ကြားကပင် ဘူးစင်ဆီသို့ပြေးသွားလိုက်သည်။ ဘူးစင်ခေါင်းရင်းတစ်နေရာတွင် ချိတ်ဆွဲထားသည့် အမဲရိုးကိုတွေ့လိုက်ရသည်။ သို့နှင့် အမဲရိုးအား ကြိုးဖြေလိုက်ပြီးနောက် အသေအချာကိုင်ကြည့်လိုက်ရင်း
“မင်းလိုသရဲကို ငါကအိမ်ထဲဝင်ခွင့်ပေးရမယ်တဲ့လား၊ မပေးဘူးကွာ၊ မပေးဘူး၊ ပြီးတော့ မင်းကိုလည်း ငါစွန့်ပစ်လိုက်တော့မယ်၊ မင်းသွားချင်တဲ့နေရာကိုသွားတော့”
မောင်လူလှက ကြိမ်းဝါးပြီးနောက် ခြံရှေ့ဆီသို့ပြေးလာခဲ့လိုက်သည်။ မိုးသည်းထန်စွာရွာသဖြင့် မောင်လူလှတို့ခြံရှေ့ရှိ ရေမြောင်းကြီးမှာ ရေများပြည့်နေကာ တဝေါဝေါနှင့် စီးဆင်းနေလေသည်။ မောင်လူလှသည့် ထိုအမဲရိုးအား ရေမြောင်းအတွင်းသို့ လှမ်းပစ်ချလိုက်ရင်း
“သွားတော့၊ ကောင်းကျိုးမပေးတဲ့ မိစ္ဆာမ၊ နင်သွားတော့”
ထိုသို့ပြောလိုက်ပြီး ကျေနပ်စွာရယ်မောကာ
“လူလှတဲ့ကွ၊ ဘာမှတ်နေသလဲ၊ နင်တို့တစ္ဆေသရဲလောက်ကတော့ ငါကကြောက်မှာမဟုတ်ဘူးကွ”
ကြိမ်းဝါးပြောဆိုလိုက်ပြီး အိမ်ထဲသို့ပြန်ဝင်ခဲ့လေသည်။ အမဲရိုးမရှိတော့သည့်အတွက်ကြောင့်လားမသိ၊ ဒေါ်လုံးတင်လည်း တစ်ရေးပြန်အိပ်သွားခဲ့သလို မောင်လူလှလည်း ခေါင်းချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
(၄)
မနက်ခင်းတွင်တော့ မိုးတိတ်သွားပြီဖြစ်သည်။ ကျွဲခြံဈေးမှာ ငါးရက်တစ်ဈေးဖြစ်သည်မို့ မောင်လူလှတစ်ယောက် နေ့တိုင်းဈေးသွားရောင်းစရာမလိုအပ်ပေ၊ အိပ်ရာထပြီး အိမ်ရှေ့ရေအိုးအနီးတွင် မျက်နှာသစ်နေစဉ်မှာပင် ညိုမြတစ်ယောက်ရောက်လာပြန်သည်။
“ဟာ၊ ညိုမြ၊ စောစောစီးစီး ပါလားဟ”
“အေးဟာ၊ ဒီနေ့အိမ်မှာ ဆွမ်းချိုင့်အလှည့်ကျတယ်ဟ၊ အဲဒါ ငါးခြောက်ကလေးကို ခရမ်းချဉ်သီးနဲ့ချက်နေရင်း ငရုတ်သီးစိမ်းလေး နည်းနည်းလိုလို့ဟ၊ တစ်တောင့်နှစ်တောင့်လောက် ခူးမယ်နော်”
“အေးပါ၊ ခူးစမ်းပါ၊ နင်ဆိုရင်တော့ တစ်တောင့်နှစ်တောင့်မကလို့ တစ်ပင်လုံးခူးလည်းရတယ်”
ညိုမြက မောင်လူလှကိုမျက်စောင်းတစ်ချက်ထိုးကြည့်ပြီး ခြံအနောက်သို့ဝင်သွားလေသည်။ မောင်လူလှလည်း ညိုမြအနောက်သို့လိုက်ပါလာခဲ့မိသည်။ ခြံအနောက်ဘက် စိုက်ခင်းဆီသို့အရောက်တွင် မောင်လူလှမျက်လုံးပြူးသွားလေသည်။
“ဟာ၊ သွားပါပြီကွာ၊ ဘာတွေဖြစ်ကုန်တာလဲ”
စိုက်ဘောင်များတွင် စိုက်ပျိုုးထားသည့် ခရမ်းသီးပင်များမှာ အမြစ်မှကျွတ်ထွက်နေလေသည်။ ထိုမျှမကသေး တိုင်များထောင်ပြီးစိုက်ပျိုးထားသည့် ပဲတောင့်ရှည်အပင်များမှာလည်း တိုင်များလဲပြိုနေကာ ပြန့်ကျဲနေတော့သည်။ ချဉ်ပေါင်ပင်တန်းကြီးမှာလည်း မြင်ရက်စရာပင်မရှိပေ။
“ဘယ်သူလုပ်တာလဲ၊ ငါ့အပင်တွေကို ဘယ်သူလုပ်သွားတာလဲ”
ညိုမြက အပင်များကိုတစ်ချက်ကြည့်ရင်း
“ညက မိုးတော်တော်ရွာလို့ အပင်တွေအမြစ်က ကျွတ်ကုန်တာဖြစ်မှာပေါ့ လူလှရာ”
မောင်လူလှက ခေါင်းကိုသွက်သွက်ခါလိုက်ကာ
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ ငါ့အပင်တွေအကြောင်း ငါကောင်းကောင်းသိတယ်၊ ဒီလောက်မိုးနဲ့တော့ အပင်တွေအမြစ်က ကျွတ်စရာအကြောင်းမရှိဘူး၊ ဒါသက်သက်လုပ်တာ၊ ဒါတစ်ယောက်ယောက်က တမင်သက်သက်ဆွဲနှုတ်သွားတာ”
“ဖြစ်နိုင်ပါ့မလား လူလှရယ်၊ သူများလုပ်ရတယ်ဆိုရအောင်လည်း ရွာထဲကလူတွေနဲ့နင်နဲ့အဆင်ပြေတယ်မဟုတ်လား၊ နင်တို့သားအမိနဲ့ မတည့်တဲ့လူမှမရှိတာပဲ”
“တောက်၊ ငါသိတယ်၊ ဒါဟိုကောင်မလုပ်တာ၊ ဟိုသရဲမလုပ်တာ”
မောင်လူလှဒေါသထွက်နေသည်ကို ညိုမြတစ်ယောက် အံ့အားသင့်ကာကြည့်နေမိသည်။ မောင်လူလှလည်း မျက်လုံးအဝိုင်းသားနှင့်ကြည့်နေသည့် ညိုမြကိုကြည့်လိုက်ကာ
“ကဲပါ၊ နင်ငရုတ်သီးစိမ်းခူးမယ်မဟုတ်လား၊ ဟိုအခင်းထောင့်မှာ သွားခူးလိုက်၊ သစ်ပင်တွေကတော့ ပြန်စိုက်လို့ရပါတယ်ဟာ”
ညိုမြလည်း ဆန်ခါခုံးကလေးကိုင်ပြီး ငရုတ်ပင်များဆီသို့ထွက်သွားလေသည်။ မောင်လူလှကတော့ ပျက်စီးသွားသည့် အပင်များအား လိုက်လံကောက်ယူနေမိသည်။ ခဏအကြာတွင်တော့ ငရုတ်ပင်တန်းတွင် ညိုမြ၏ ကြောက်လန့်တကြားအော်သံကိုကြားလိုက်ရသည်။ မောင်လူလှလည်း စိတ်ပူသွားပြီးထိုနေရာသို့ပြေးသွားလိုက်သည်။ ညိုမြမှာ ငရုတ်ပင်များအနီးတွင် ပုံပုံကလေးလဲကျနေကာ ငရုတ်သီးစိမ်းများမှာလည်း အနားတွင်ပြန့်ကျဲလျှက်ရှိသည်။
“ညိုမြ၊ ဘာဖြစ်တာလဲ၊ မြွေတွေ့လို့လား”
ညိုမြမှာတုန်ယင်နေလျှက်
“မြွေမဟုတ်ဘူး၊ သရဲ၊ သရဲတွေ့လိုက်လို့ဟ”
“ပေါက်ပေါက်ရှာရှာ ညိုမြရယ်၊ ငါ့ခြံထဲမှာ ဘယ်ကသရဲရှိမလဲဟ”
“အဲဒါတော့ ငါလည်းဘယ်သိမလဲဟဲ့၊ ငရုတ်သီးစိမ်းခူးနေရင်း ဟိုးဘူးစင်အနားမှာ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်၊ ငါကတော့ ဘူးရွက်လာခူးတဲ့လူလို့ပဲထင်တာပေါ့၊ အဲဒီမိန်းမက ငါကြည့်နေရင်း တဖြည်းဖြည်းနဲ့ငါ့အနားကိုရောက်လာတယ်ဟ၊ ရောက်လာတာကလည်း လမ်းလျှောက်လာသလိုမဟုတ်ဘဲ ပျောက်လိုက်ပေါ်လိုက်ဖြစ်ပြီး ရောက်လာတာ၊ ငါနဲ့ ဝါးတစ်ရိုက်လောက်အကွာရောက်တော့ ငါ့ကိုအစွယ်ကြီးဖြဲပြတယ်ဟာ၊ ငါဖြင့်ကြောက်လိုက်တာ”
“ဘာမှမဖြစ်ပါဘူး ညိုမြရာ၊ နင်အထင်မှားတာဖြစ်မှာပါ”
“တော်ပြီ၊ ငါကြောက်တယ် လူလှ၊ ငါပြန်တော့မယ်”
ညိုမြတစ်ယောက် ဆန်ခါခုံးပင်မကောက်နိုင်ဘဲ ခြံအတွင်းမှပြေးထွက်သွားလေသည်။ လူလှလည်း ညိုမြပြသည့် ဘူးစင်အနီးသို့တိုးကပ်လာခဲ့သည်။ ဘူးစင်အနားရောက်သည့်အခါ ဘူးစင်ခေါင်းရင်းတစ်နေရာတွင် တွဲလောင်းချိတ်ဆွဲထားသည့် အမဲရိုးကိုပြန်တွေ့လိုက်ရပြန်သည်။ မောင်လူလှအလွန်အံ့သြသွားကာ ခေါင်းနားပန်းများလည်း ကြီးသွားတော့သည်။
“မဖြစ်၊ မဖြစ်နိုင်ဘူး၊ ငါညက ဒီအရိုးကို ရေမြောင်းထဲချလိုက်ပြီမဟုတ်လား၊ အခု ဒီအရိုးက ဘာဖြစ်လို့ဒီနေရာကို ပြန်ရောက်နေရတာလဲ”
ထိုအခါ မောင်လူလှအနောက်တွင် လူတစ်ယောက်မတ်တပ်လာရပ်သကဲ့သို့ ခံစားလိုက်ရသည်။
“ရှင်ပဲ ကျွန်မကိုခေါ်လာခဲ့တာမဟုတ်လား”
မောင်လူလှက အနောက်သို့ဖြတ်ခနဲလှည့်ကြည့်လိုက်သည်။ သို့သော်မည်သည့်အရာမှ မတွေ့ရပေ။
“ငါအခု မင်းကိုမလိုချင်တော့ဘူး၊ မင်းပြန်ပါတော့ကွာ၊ မင်းပြန်ပါတော့”
“ဟား၊ ဟား၊ ဟား ခေါ်တုန်းက တကူးတကခေါ်လာပြီးတော့မှ ဒီလိုလွယ်လွယ်နဲ့ ပြန်ပို့လို့ရမလား”
“ဒါ၊ ဒါဆို ကျုပ်ဘယ်လိုပြန်ပို့ပေးရမလဲ”
“ကျွန်မ လူသားစားပြီးမှပြန်မယ်၊ လူသားစားပြီးမှ ပြန်မယ်၊ ဟား၊ ဟား၊ ဟား”
ကြောက်မယ်ဖွယ်ရာ ရယ်မောသံကြီးကို ကြားလိုက်ရသဖြင့် မောင်လူလှတစ်ယောက် အလွန်ထိတ်လန့်မိသွားသည်။ သို့နှင့် ဘူးစင်ဆီသို့ပြေးသွားလိုက်ကာ ဘူးစင်တွင်ချည်နှောင်ထားသည့် အမဲရိုးအားပြေးဖြုတ်လိုက်လေသည်။ သို့သော် အမဲရိုးအားချည်ထားသည့် ကြိုးကိုလက်နှင့်ထိလိုက်သည်နှင့် မောင်လူလှတစ်ယောက် ဓါတ်လိုက်ခံရသလိုဖြစ်သွားပြီး တစ်ကိုယ်လုံးတုန်ယင်သွားသဖြင့် အနောက်သို့အမြန်ခုန်ဆုတ်လိုက်ရလေတော့သည်။
သုံးလေးကြိမ်ခန့်ကြိုးစားသော်လည်း မောင်လူလှတစ်ယောက် အမဲရိုးအားထိကိုင်၍မရပေ၊ သို့နှင့် မောင်လူလှလည်း ကြောက်ကြောက်လန့်လန့်နှင့်် အိမ်ရှေ့သို့အပြေးပြန်ခဲ့လေသည်။ မိခင်အားပြောချင်သော်လည်း ကြောက်မည်စိုး၍မပြောတော့ပေ၊ မောင်လူလှလည်း မနက်စာမစားရသေးသဖြင့် ဗိုက်ဆာနေပြီဖြစ်သည်။ ထို့ကြောင့်မီးဖိုအတွင်းသို့ဝင်ကာ အမေဖြစ်သူချက်ပြုတ်ထားသည့် ထမင်းအိုးကိုလှန်လိုက်ပြီး ထမင်းနှင့်ဟင်းကိုခူးလိုက်သည်။ ယနေ့ကျမှ ထမင်းနှင့်ဟင်းမှာ အတော်နည်းနေသည်ကိုတွေ့လိုက်ရသည်။ ထမင်းပန်းကန်ကိုင်ပြီး အိမ်ရှေ့ထွက်လာသည့်အခါ ဒေါ်လုံးတင်က
“ဟဲ့သား၊ ထမင်းတွေစားလှချည်လား”
မောင်လူလှပင် အံ့သြသွားပြီး
“မနက်စာစားမလို့လေအမေရ”
“ခုနကပဲ တစ်ခါစားပြီးပြီမဟုတ်လား၊ မီးဖိုချောင်မှာ အိုးသံခွက်သံတွေကြားတယ်၊ အခုလည်း ထပ်စားပြီဆိုတော့ ထမင်းစားရတာ မဝလို့များလားသား”
မောင်လူလှထိတ်လန့်သွားသည်။ အခုမှ ခြံထဲကပြန်လာပြီး ထမင်းစားသည်ကို အမေက တစ်မျိုးထင်နေခြင်းဖြစ်သည်။ ထမင်းတွေလည်း လျော့နည်းနေသည်ကိုကြည့်ခြင်းဖြင့် သူမစားခင် တစ်ဦးဦးက နှိုက်စားခဲ့ပြီဖြစ်ကြောင်း မောင်လူလှသိလိုက်သည်။
“သေချာတာကတော့ ဟိုသရဲမလုပ်တာပဲဖြစ်မယ်”
မောင်လူလှမှာ ထမင်းစားရင်း သရဲမကိုရှင်းထုတ်ရန်အတွက် ကြံစည်နေလေသည်။
“အင်း၊ ဒီအမဲရိုးကို ငါလည်းကိုင်လို့မရဘူးဆိုတော့ သူများကိုရှင်းခိုင်းရမယ်၊ ရွာထဲက အရက်သမားလူမိုက်ကြီးကို အရက်ဖိုးပေးပြီး ဘူးစင်ကြီးပါတစ်ခါတည်းရှင်းခိုင်းမယ်၊ အဲဒီအရိုးကိုတော့ မီးပြင်းပြင်းထဲထည့်ပြီးဖုတ်ပစ်မယ်ကွ”
မောင်လူလှမှာသူ့အကြံနှင့်သူ ပျော်ရွှင်နေလေသည်။ ထမင်းစားပြီးသည့်အခါ ရွာထိပ်ရှိအရက်ဆိုင်သို့လှမ်းလာခဲ့လိုက်သည်။ ထင်သည့်အတိုင်းပင် ရွာထဲမှ အလုပ်မရှိအကိုင်မရှိဘဲ အမြဲအရက်သောက်နေသည့် အရက်သမားများကိုတွေ့လိုက်ရသည်။ မောင်လူလှက ထိုအရက်သမားများထဲမှာ မိုးကြီးဆိုသည့်အရက်သမားအနားသို့ကပ်ခဲ့ပြီး
“ကိုမိုးကြီး အလုပ်မရှိဘူးလားဗျ”
“အေး၊ ဒီနေ့ကုန်ထမ်းနားတယ်လေကွာ၊ ဒါကြောင့် အေးအေးဆေးဆေးအရက်သောက်မလို့ကွ၊ ဒါနဲ့ မင်းဒီကိုဘာလာလုပ်တာလဲ”
“ကိုမိုးကြီးကို အလုပ်ပေးမလို့ပေါ့ဗျာ”
မိုးကြီးက မောင်လူလှကိုသေချာကြည့်နေလေသည်။
“ဒီလိုဗျာ၊ ကျုပ်ခြံစိုက်ခင်းထဲက ဘူးစင်တွေကိုဖျက်မလို့ဗျ၊ အဲဒါဘူးစင်ဖျက်ဖို့လူလိုနေလို့ပါ”
“ဘူးစင်လောက်များကွာ၊ ကိုယ့်ဖာသာ ဓါးမနဲ့ခုတ်ပြီးဖျက်ပေါ့ကွ”
“ကျုပ်သိပ်နေမကောင်းလို့ပါဗျ၊ ဒီလိုလုပ်ဗျာ၊ အဲဒီဘူးစင်ကို ကိုမိုးကြီးဖျက်ပေး၊ ရသမျှ ဘူးညွန့်၊ဘူးနွယ်တွေလဲယူဗျာ၊ ပြီးတော့ ကျုပ်ကလည်း ဘူးစင်ဖျက်ခ ငွေတစ်ဆယ်ပေးမယ် ဟုတ်ပြီလား”
မိုးကြီးတစ်ယောက် ထူးဆန်းစွာဖြင့်
“ဟ၊ ဘူးစင်ဖျက်တာ ဒီလောက်တောင်ရမှာလားကွ၊ ဟေ့ကောင်လူလှ၊ မင်းငါ့တို့ကို နောက်နေတာတော့မဟုတ်ပါဘူးနော်”
“မနောက်ပါဘူးဗျာ၊ အတည်ပြောတာပါဗျ”
ထိုအခါ မိုးကြီးက မတ်တပ်ရပ်လိုက်ပြီးတော့
“ကြိုက်ပြီဟေ့၊ ဘူးစင်ဖျက်တာ ဒီလောက်ရမယ်မထင်ထားဘူးကွာ၊ ပြောနေကြာပါတယ်၊ အခုပဲအလုပ်စကြတာပေါ့ကွာ”
မိုးကြီးနှင့် မောင်လူလှတို့နှစ်ယောက် အရက်ဆိုင်မှပြန်လာခဲ့ကြသည်။ မိုးကြီးမှာ ဓါးထက်ထက်တစ်လက်ကို အိမ်တွင်ဝင်ယူနေသေးသည်။ မောင်လူလှက အိမ်သို့အရင်ပြန်လာခဲ့သည်။
“အမေရေ၊ အမေ၊ ဟောဗျာ၊ အမေကတော့ မမြင်မစမ်းနဲ့ ဘယ်ထွက်သွားပြန်ပြီလဲမသိဘူး”
မောင်လူလှအိမ်ပေါ်မှဆင်းရန်ပြင်လိုက်စဉ်တွင် အိမ်ရှေ့တွင်မိန်းမတစ်ယောက် မတ်တပ်ရပ်နေလေသည်။ ထိုမိန်းမမှာ အသားအရေခပ်လတ်လတ်နှင့်ဖြစ်ပြီး အလွန်ပိန်လှီသောခန္ဓာကိုယ်ရှိသည်။ အသက်မှာ သုံးဆယ်ခန့်ဟုခန့်မှန်းသည်။ ဆံပင်အရှည်ကြီးများမှာ ဆီမထည့်ထားသောကြောင့် ဖွာလန်နေလေသည်။ ထိုမိန်းမက မောင်လူလှအား မျက်စောင်းထိုးကာကြည့်နေလေသည်။
“ကျွန်မ ရှင့်အိမ်ကိုကြိုက်တယ်၊ ရှင့် ခြံမှာကျွန်မနေမယ်”
မောင်လူလှက ဘာမှပြန်မပြောဖြစ်ပေ။
“ရှင်သာ ကျွန်မကိုအမဲသားနဲ့နေ့တိုင်းထမင်းကျွေးရင် ကျွန်မကလည်းရှင်ဈေးရောင်းကောင်းအောင် ကူညီပေးမယ်၊ နောက်ပြီးတော့ ရှင့်အသီးအနှံတွေကိုလည်း မပျက်စီးရအောင်စောင့်ရှောက်ပေးမယ်”
“ဒါဆို ဟိုနေ့က ဈေးရောင်းကောင်းတာက မင်းလုပ်တာပေါ့၊ ဟုတ်လား”
“ဟုတ်တယ်၊ ကဲ ဘယ်လိုလဲ ရှင်စဉ်းစားနော်၊ ကျွန်မကိုဒီခြံမှာ လက်သင့်ခံမှာလား၊ မခံဘူးလား”
မောင်လူလှက ရယ်လိုက်ရင်း
“ဟား၊ ဟား နင့်လိုသရဲမကို ငါကလက်သင့်ခံရမှာတဲ့လား၊ အဓိပ္ပါယ်မရှိလိုက်တာ၊ ဒီမှာ ဒီအိမ်က ငါ့အိမ်၊ ဒီခြံက ငါပိုင်တာ၊ နင့်ကိုငါလုံးဝမထားနိုင်ဘူး”
“ရှင်က တော်တော်ခေါင်းမာတာပဲ၊ အင်းလေ ဒါဆိုရင်လည်း စောင့်ကြည့်ရသေးတာပေါ့”
“ဘာမှစောင့်ကြည့်မနေနဲ့၊ မင်းကိုငါလက်သင့်မခံဘူး၊ မင်းနေတဲ့နေရာကိုပြန်တော့”
“ကျွန်မပြောပြီးသားပဲ၊ လူသားစားပြီးရင် ပြန်ပါမယ်လို့”
ထိုအချိန် မိုးကြီးတစ်ယောက်ခြံထဲသို့ဝင်လာလေသည်။ မောင်လူလှအရှေ့တွင်ရှိနေသည့် သရဲမမှာ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားလေသည်။ မိုးကြီးက နှစ်တောင်ခန့်ရှိသည့် ဓါးရှည်တစ်လက်ကိုထမ်းလာပြီး
“လူလှရေ၊ ငါတို့စကြရအောင်ကွာ”
“ဟုတ်ကဲ့ ကိုမိုးကြီး၊ ခြံထဲဆင်းနှင့် ကျုပ်ဓါးယူပြီးလိုက်ခဲ့မယ်”
မောင်လူလှလည်း ဓါးမတစ်လက်ကိုယူလိုက်ကာ မိုးကြီးအနောက်သို့လိုက်လာခဲ့လေသည်။ ခြံထဲသို့ရောက်သည့်အခါ ဘူးစင်ကြီးကိုလက်ညှိုးထိုးပြလိုက်သည်။
“ကဲ အဲဒီစင်ကိုရှင်းသာရှင်းလိုက်တော့ဗျာ”
မိုးကြီးက ခေါင်းညိတ်လျှက် စင်အနားသို့တိုးကပ်သွားလေသည်။ ဘူးစင်ရှိဝါးလုံးတိုင်တစ်တိုင်ကို ဓါးဖြင့်ခုတ်လိုက်သည့်အခါ ဘူးစင်ကြီးက အိကျလာလေသည်။ မိုးကြီးဘူးစင်ကို ခုတ်ထွင်ရှင်းလင်းနေသည်ကို မောင်လူလှက ရင်ထိတ်စွာဖြင့် ငေးကြည့်နေမိသည်။ ဘူးစင်ခေါင်းရင်းနားအရောက် မိုးကြီးက တွဲလောင်းကျနေသည့် အရိုးကိုကြည့်ရင်း
“ဟ၊ ဒီအရိုးကြီးကို ဒီမှာဘာလို့ချိတ်ထားရတာလဲ လူလှရ”
“သြော်၊ အဲဒါကတော့ဗျာ ဘူးစင်က အသီးမတင်ရင် အမဲရိုးချိတ်ရတယ်ဆိုလို့လေဗျာ”
မိုးကြီးက အရိုးကိုသေချာကြည့်ပြီး
“လူလှကတော့ လုပ်ပြီကွာ၊ ဒီအရိုးက နွားအရိုးမှမဟုတ်ဘဲကွ၊ လူအရိုးကြီး”
“ဗျာ၊ လူအရိုးတဲ့လား၊ ကိုမိုးကြီးက ဘယ်လိုသိတာလဲဗျ”
“သိတာပေါ့ကွာ၊ ငါကအရိုးကုန်းမှာ သားသတ်တဲ့နေ့ဆို သွားကူညီပေးတဲ့လူမဟုတ်လား၊ ဖျက်ပြီးသားအမဲသားတွေကို တောင်းကြီးနဲ့ထမ်းပြီး ကျွဲခြံရွာကို ကုန်ထမ်းပို့နေကျပဲမဟုတ်လား၊ ဒီတော့ နွားအကြောင်းကောင်းကောင်းသိတာပေါ့ကွာ၊ ဟောဒီလိုခပ်ပိန်ပိန်နဲ့ တစ်တောင်လောက်ရှည်တဲ့အရိုးက နွားမှာမရှိဘူးကွ၊ ဒါလူရိုး၊ လူရိုးတောင်မှ လူရဲ့လက်ဖျံရိုးထင်တယ်”
“ဟုတ်ပါ့မလားဗျာ၊ လူရိုးမှန်း ကိုမိုးကြီးက ဘယ်လိုသိတာလဲ”
“သိတာပေါ့ငါ့ကောင်ရာ၊ တစ်နှစ်က တို့ရွာအနောက်ဘက်သချိုင်းဟောင်းကိုရွေ့တယ်မဟုတ်လားကွ၊ အဲဒီမှာ သချိုင်းမှာမြှုပ်ထားတဲ့ လူရိုးတွေကို ရသလောက်တူးဖော်ပြီးတော့ သချိုင်းအသစ်မှာ ပြန်မြှုပ်ပေးတယ်မဟုတ်လား၊ အဲဒီလူရိုးတွေကို တူးကြဖော်ကြတဲ့အထဲမှာ ငါပါတာပေါ့ကွ”
မောင်လူလှခေါင်းနားပန်းများကြီးလာပြီဖြစ်သည်။ မိုးကြီးကတော့ ဘာမှမသိသည့်အတွက် ဘူးပင်နွယ်များကို ဓါးဖြင့်ခုတ်ချနေလေသည်။
“ဒါဆိုရင် အရိုးကုန်းက သရဲခြောက်တဲ့အကြောင်းကိုရော ကြားဖူးသလားဗျ”
“ကြားဖူးရုံဘယ်ကမလဲကွ ကိုယ်တွေ့ကြုံဖူးတာပဲဟေ့၊ ဒါနဲ့ အဲဒီနေရာကို ဘာလို့အရိုးကုန်းလို့တွင်နေသလဲဆိုတာ မင်းသိမှာပေါ့”
“သိတယ်လေဗျာ၊ အမဲဖျက်တဲ့လူတွေက အရိုးကြီးတွေချသွားတတ်လို့ ခေါ်တာမဟုတ်လား”
မိုးကြီးက ပြုံးရင်း
“မှန်တော့မှန်တယ်၊ ဒါပေမယ့် မပြည့်စုံသေးဘူးကွ၊ အရိုးကုန်းမှာ အရိုးတွေဘာလို့ချပေးရတာလဲဆိုတာ မင်းသိလား”
မောင်လူလှခေါင်းခါလိုက်မိသည်။
“မင်းမသိရင်ငါပြောပြမယ်၊ အဲဒီအရိုးကုန်းမှာ သရဲမတစ်ကောင်ရှိတယ်ကွ၊ သရဲမက အမဲသားဆိုရင်သိပ်ကြိုက်တာကွ၊ အရိုးကုန်းမှာ အမဲဖျက်ရင် အဲဒီသရဲမကို အမဲသားကျွေးမှရတယ်၊ မကျွေးရင်တော့ ခြောက်လှန့်ရောပဲဟေ့၊ အမဲဖျက်တဲ့လူတွေလည်း သရဲကိုကျွေးတာဆိုတော့ အသားကောင်းတွေမကျွေးဘဲ အရိုးကြီးတွေ ချကျွေးတာပေါ့ကွာ၊ အသားကောင်းတွေကျွေးရင် ခဏလေးနဲ့ကုန်သွားလို့ သရဲမက ထပ်ထပ်တောင်းတယ်ဆိုပဲ၊ အရိုးကြီးကျတော့ စားရတာကြာတယ်၊ အရိုးမှာကပ်နေတဲ့အသားတွေကို ဖဲ့စားရမယ်၊ ပြီးတော့ အရွတ်ဖတ်တွေဘာတွေလည်းရှိသေးတယ်၊ ခြင်ဆီတွေဘာတွေဖောက်သောက်နေတော့ ပိုအချိန်ကြာတာပေါ့ကွာ၊ ဒါကြောင့် အမဲဖျက်မယ်ဆိုရင် အဲဒီသရဲမကို အမဲရိုးပေးပေးပြီး ဖျက်ရတယ်ကွ”
“ကျုပ်တော့ အခုမှကြားဖူးတာပဲဗျာ”
“အေး၊ သားသတ်သမားတွေက လှို့ဝှက်ထားတာပေါ့ကွာ၊ ကိုင်း လုပ်လက်စလုပ်ကို ဆက်လုပ်ကြစို့ဟေ့”
မိုးကြီးမှာ ဘူးစင်ကိုဖျက်ပြီးနောက် ထိုအရိုးကြီးအားလက်ဖြင့်ထိမိလေသည်။ မိုးကြီးတစ်ယောက် တစ်ဆတ်ဆတ်တုန်သွားပြီးနောက် အရှေ့သို့ဟပ်ထိုးလဲကျသွားလေသည်။ လဲကျသွားပြီး မျက်ဖြူဆိုက်ကာ ပါးစပ်အတွင်းမှ အမြှုပ်များထွက်လာတော့သည်။ မောင်လူလှလည်း မိုးကြီးကိုကြည့်ကာ အလွန်အံ့သြနေမိသည်။
“ဟား၊ ဟား၊ ဟား နင်တို့ကများ ငါ့ကိုမောင်းထုတ်မတဲ့လား၊ ဟား၊ ဟား”
ရယ်မောသံကြားသဖြင့် လှည့်ကြည့်လိုက်သည့်အခါ အစောပိုင်းက မြင်ခဲ့သည့် မိန်းမမှာ မောင်လူလှတို့အားကြည့်ရင်း ဟက်ဟက်ပက်ပက်ရယ်မောနေသည်ကိုတွေ့လိုက်ရသည်။ မောင်လူလှလည်း ထိုအဖြစ်အားမြင်တွေ့ပြီးသည့်နောက် အလွန်ဒေါသထွက်သွားတော့သည်။
“ခင်ဗျားကို ကျုပ်သတ်မယ်၊ ခင်ဗျားကြီးကို ကျုပ်သတ်မယ်”
မောင်လူလှက ကုန်းထလိုက်ပြီး ဓါးမကိုလက်ထဲတွင်ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်လေသည်၊ ထို့နောက် ထိုမိန်းမထံသို့အပြေးဝင်လာခဲ့တော့သည်။ မောင်လူလှဓါးကြီးကိုင်ထားသည့်အချိန်မှာပင် ထိုမိန်းမက အလွန်အမြင်ကပ်စရာကောင်းအောင် ရယ်မောနေပြန်သည်။ မောင်လူလှလည်း ဓါးမကိုလက်နှစ်ဖက်နှင့်ကိုင်ပြီး မိုးခုတ်ရန်အတွက်ပြင်ဆင်လိုက်သည်။ ထိုမိန်းမအရှေ့သို့ရောက်သည်နှင့် ထိုမိန်းမအား ဓါးမဖြင့်မိုးခုတ်လိုက်တော့သည်။
“သား၊ သားလေး၊ မှားမယ်နော်”
နားထဲတွင်အသံတစ်ချက်ကြားလိုက်ရသဖြင့် မောင်လူလှတွေဝေသွားသည်။ ဓါးမှာလည်း အရှိန်ဖြင့်ကျလာလေသည်။ ထိုအခိုက် ထိုမိန်းမမျက်နှာကိုကြည့်ုလိုက်သည့်အခါ သရဲမမဟုတ်တော့ဘဲ မိခင်ဖြစ်သူ ဒေါ်လုံးတင်ဖြစ်နေလေသည်။
“အမေ၊ အမေ”
မောင်လူလှဓါးချက်ကို ထိန်းမရတော့ပေ၊ ဓါးသွားက ဒေါ်လုံးတင်ပေါ်သို့ အရှိန်ဖြင့်ပြုတ်ကျသွားလေသည်။ ဒေါ်လုံးတင်မှာ ပြင်းထန်စွာအော်ဟစ်ပြီးနောက် မြေပြင်ပေါ်သို့ ထိုင်ကျသွားလေတော့သည်။
“အမေ၊ အမေ . . . ကျုပ်မှားပြီ၊ ကျုပ်မှားပြီအမေ”
မောင်လူလှမှာ မိခင်ဖြစ်သူကိုပွေ့ကာ ယူကြုံးမရငိုနေလေသည်။ ကံကောင်းသည်က မောင်လူလှမှာ မိခင်အား သရဲမအထင်နှင့်ဓါးဖြင့်အုပ်မိုးခုတ်လိုက်သည့်အချိန် မိခင်၏အသံကိုကြားလိုက်သဖြင့် ဓါးချက်ကိုအနည်းငယ်လွှွဲလိုက်ရာ၊ ဓါးချက်က ဒေါ်လုံးတင်၏ ခေါင်းတည့်တည့်သို့မထိဘဲ အနည်းငယ်လွဲသွားပြီး ဒေါ်လုံးတင်၏ လက်ကောက်ဝတ်တံတောင်ဆစ်ကိုသာ ထိမှန်သွားလေသည်။ ထက်မြနေသည့် ဓါးမ ဓါးသွားကြောင့် မိခင်ဒေါ်လုံးတင်၏ လက်မှာ လက်ကောက်ဝတ်မှနေ၍ တုံးခနဲပြတ်ကျသွားလေတော့သည်။
ထိုစဉ်မှာပင် မောင်လူလှနားထဲ ရယ်မောသံကြီးကိုကြားရသည်။
“ဟား၊ ဟား လူသားစားရပြီ၊ လူသားစားရပြီဟေ့”
ထို့နောက် ထိုမိန်းမက မောင်လူလှအနီးတွင်ပေါ်လာကာ ပြတ်ကျသွားသည့် လက်ပြတ်ကြီးအား ပါးစပ်နှင့်ကိုက်ဟပ်ပြီး ကောက်ယူလိုက်သည်ကိုတွေ့ရသည်။ မောင်လူလှမှာ ထိုမိန်းမအား အလွန်နာကျည်းစွာဖြင့်ကြည့်လိုက်ပြီးနောက်
“ကဲ ခင်ဗျားပြောတဲ့အတိုင်း လူသားစားရပြီမဟုတ်လား၊ ခင်ဗျားသွားတော့၊ ခင်ဗျားအဲဒီလက်ပြတ်ကြီးကိုယူပြီး သွားပါတော့ဗျာ၊ ကျုပ်တောင်းပန်ပါတယ်”
ထိုမိန်းမက လက်ပြတ်ကြီးအား ပါးစပ်နှင့်ကိုက်ချီပြီးနောက် အိမ်ခြံဝိုင်းအတွင်းမှ ပြေးထွက်သွားလေတော့သည်။ မောင်လူလှမှာ ထိုအကြောင်းအား မည်သူ့ကိုမှမပြောပေ၊ လူအများကလည်း မောင်လူလှခြံစိုက်ရှင်းရင်း မိခင်ဖြစ်သူအား ဓါးဖြင့်မတော်တဆထိသွားသည်ဟုသာ ယံုံကြည်ကြလေသည်။ သို့သော်လည်း ဒေါ်လုံးတင်၏ ပြတ်ထွက်သွားသည့် လက်ကောက်ဝတ်အား ခြံအနှံ့ရှာဖွေသော်လည်း ရှာမတွေ့ကြပေ။
သို့နှင့်် ထိုအဖြစ်အပျက်များဖြစ်ပွားပြီး သုံးနှစ်ခန့်ကြာသည့်အခါ မောင်လူလှမှာ ငယ်ပေါင်းကြီးဖော်ဖြစ်သည့် ညိုမြနှင့်ပင် အိမ်ထောင်ရက်သားကျပြီး သားသမီးများပင်ရရှိလာခဲ့ပြီဖြစ်သည်၊ ဒေါ်လုံးတင်ကတော့ မောင်လူလှအိမ်ထောင်ကျပြီး တစ်နှစ်ခန့်အကြာတွင် ဆုံးပါးသွားခဲ့လေသည်။ မောင်လူလှမှာ ထိုအဖြစ်အား နှစ်အတန်ကြာသည်အထိ ရေငုံနှုတ်ပိတ်နေထိုင်ခဲ့ပြီး အသက်ကြီးသည့်အခါမှသာ ဇနီးဖြစ်သူ ညိုမြအားပြောပြခဲ့သည်ဟုဆိုသည်။ မောင်လူလှမှာ အမဲသားနှင့် ဘူးသီးကိုအလွန်စိတ်နာသွားသည်ဟုသိရသည်။ မောင်လူလှတို့မိသားစုများလည်း ကလေးမှအစ အမဲသားကိုမစားမသောက်ကြသကဲ့သို့၊ ယုတ်စွအဆုံး အမဲသားနှင့် အမဲရိုးကိုပင် အိမ်ခြံဝန်းအတွင်းသို့ အသွင်းမခံတော့ဟု သိရသည်။
ယခုအဖြစ်အပျက်များကို ပြန်လည်ပြောပြသည့်သူမှာ ဦးလူလှနှင့် ဒေါ်ညိုမြတို့၏ အကြီးဆုံးသား ဦးမြဆိုသူတစ်ဦးဖြစ်ကာ ထိုဦးလေးကြီးမှာ ယခုထက်တိုင် နဘူးအိုင်ရွာကလေးတွင် နေထိုင်လျှက် မိဘလက်ငုတ်လက်ရင်းကျန်ခဲ့သည့် ခြံကျယ်ကြီးတွင် စိုက်ပျိုးလုပ်ကိုင်စားသောက်လျှက် ရှိနေပါတော့သည်။
ပြီးပါပြီ။
ဆရာ
အဂ္ဂဇော်
(ကာယကံရှင်များကို ငဲ့ညှာသောအားဖြင့် အမည်၊ နေရပ်များအား ပြောင်းလဲရေးသားထားပါသည်)
Leave a Reply