ပင်လယ်စုန်း

လား လာကွ ဒီမှာထိုင်”
အဘကလည်း ကိုဆိတ်ဖွါးကို ခရီးဦးကြိုပြုကြပါတယ်
ဆီဆုံကြိုးနဲ့ မလှမ်းမကမ်းမှာ အဘနဲ့ အမေက
စားပွဲခုံချပြီး ရေနွေးကရားနဲ့ လက်ဖက်သုပ် စားနေတယ်
ဗ်။
“ဆိတ်ဖွား စား လက်ဖက် ပြီးရင် အကြမ်းသောက်
ဒီလက်ဖက်ခြောက် တော်တော်ကောင်းတာ
နင်ဦးကြီး ဟို့နေ့က မြို့သွားလို့ ဝယ်လာတာ
စော်ဘွားနှုတ်ခမ်းမွှေးအစစ်ဟဲ့ မွှေးလိုက်တာမှ
ကြိုင်နေတာ သောက် သောက်”
“ကိုကြီးဆိတ်ဖွါး ဆေးလိပ်သေတ္တာ ဘေးအံထဲမှာ
နဂါးဆေးပေါ့လိပ်တွေ ရှိတယ် ယူသောက်ဗျ”
‘အေး အေး သောက်မယ် တာတေ”
yကိုကြီးဆိတ်ဖွားက လက်ဖက်လည်းစား
ရေနွေးကြမ်းလည်း သောက်ပေါ့ဗျာ
ပြီးတော့ ကျုပ်တည်တဲ့ နဂါးဆေးပေါ့လိပ်ကလေးလည်း
ထုတ်သောက်တယ်။
“အရီးတို့ ဒီနှစ် နှမ်းတော်,တော်ရတယ်ဆို”
“အေးဟဲ့ ဆိတ်ဖွါးရဲ့ ဒီနှစ် မဆိုးဘူး ပြောရမှာပဲ။
ရာသီဥတုကလည်းကောင်း နင့်ညီတာတေကလည်း
သူ့အဖေနဲ့လိုက်ပြီး ကူလုပ်ပေးတော့ ခါတိုင်းထက်
ပိုသွားတာပေါ့ဟာ”
“ဝမ်းသာပါတယ် အရီးရာ အခုလာတာ ဒီကိစ္စပါပဲ”
ကိုကြီးဆိတ်ဖွါးက သူလာတဲ့ကိစ္စ စကားစတယ်ဗျ။
“အေး ပြောဟဲ့ ဆိတ်ဖွါးရဲ့ ။ နင်လာတာ ကိစ္စအထွေ
အထူးရှိလို့လား”
အမေက မေးတော့ ကိုဆိတ်ဖွားက နဂါးဆေးပေါ့လိပ်
ကလေးကို နှစ်ဖွာလောက် ဖွာလိုက်ပြီးမှ
ချထားလိုက်တယ်။
“ဒီလိုဗျ ဦးကြီးနဲ့ အရီးရဲ့ ကျုပ်က ဒီလိုအချိန်ဆိုရင်
ဘိတ်ပြန်ပြီး ငါးပိငါးခြောက်တွေ သယ်နေကြလေဗျာ”
“အေး ဟုတ်သားပဲ နင်က တစ်ခေါက်သွားကာနီးမှ
တစ်ခါ ငွေသိမ်းတာလေ ။ ငါတော့ နင့်ကိုပေးဖို့
ပိုက်ဆံကို သပ်သပ်ကိုဖယ်ထားတာ ဆိတ်ဖွါးရဲ့”
“ဟာဗျာ အရီးကလည်း ကျုပ်က ငါးပိဖိုး
လာယူတာ မဟုတ်ပါဘူးဗျာ တခြားပြောစရာရှိလို့ပါ။
ငါးပိဖိုးက ကျုပ်သွားကာနီးမှ လိုက်သိမ်းမှာပါ
ထနောင်းကုန်းရွာသားတွေဆီမှာ ကျုပ်ဖြင့်
တစ်ခါမှ ငါးပိဖိုး မဆုံးပါဘူးဗျာ”
“တခြားကိစ္စဆိုတာ ဘာတုံးဟဲ့ ဆိတ်ဖွါးရဲ့”
အမေက ကိုဆိတ်ဖွားကို ထပ်မေးတယ်ဗျ။
“ဒီလို အရီးရဲ့ ဟောဒီကောင် တာတေက ဒီရွာမှာ
သာရေး နာရေးရှိရင် ရှေ့ဆုံးက တက်တက်ကြွကြွနဲ့
စေတနာပါ,ပါလုပ်တဲ့ ကောင်လေးမို့လား။
ပြီးတော့ ဘယ်ကိစ္စမဆို တာတေက လေ့လာ
စူးစမ်းတတ်တဲ့ကောင်ဗျ။ဒီတော့ ဒီတစ်ခေါက်
ကျုပ် ဘိတ်ကိုသွားရင် တာတေကို ခေါ်သွားချင်တယ်ဗျ
ဗဟုသုတ တိုးတာပေါ့ဗျာ။
ပြီးတော့ ငွေလည်း နည်းနည်းလောက် ယူလာခဲ့ပါ။
ကျုပ်နဲ့အတူ,တူငါးပိလေး ငါးခြောက်လေးရောဝယ်ပြီး
ဒီပြန်ရောက်တော့ ဒီအနီးအနားက ရွာတွေမှာ
လိုက်ရောင်းလိုက်ရင်း နှစ်ရက် သုံးရက်ထက်
ပိုမရောင်းရပါဘူးဗျာ။ဒီနားက ရွာတွေက
တာတေဆိုရင် ဝယ်ပြီးသားပါ။ ကျုပ်က
ဒီရွာတစ်ရွာပဲ ရောင်းတာလေ အရီးရဲ့။
ဘေးရွာတွေ ရောင်းတာမှ မဟုတ်တာ။
အရောင်းအဝယ်သဘောလည်း သိသွားတာပေါ့ဗျာ
ဒေသန္တရဗဟုသုတလည်း ရတာပေါ့”
ကိုဆိတ်ဖွားစကားဆုံးတော့ အမေက
ကျုပ်အဘမျက်နှာကို တစ်ချက်လှမ်းကြည့်တယ်ဗျ။
အဘကတော့ ကျုပ်ကို လှမ်းကြည့်တယ်။
ပြီးတော့မှ ပြောတယ်ဗျ။
“အေး ကောင်းသားပဲ ဆိတ်ဖွားရဲ့ ဒါဆို မင်းညီကို
မေးကြည့်လေ သူလိုက်မယ်ဆိုရင်
ခရီးစရိတ်ရော ကုန်အရင်းအတွက်ရော ဦးကြီးတို့
ပေးလိုက်မှာပါ”
“ကဲ …ဘယ်လိုလဲ တာတေ မင်း လိုက်မှာလား”
ကိုကြီးဆိတ်ဖွား သိတဲ့အတိုင်းပဲလေဗျာ
ကျုပ်က မရောက်ဖူးတဲ့ နေရာ မလုပ်ဖူးတဲ့ကိစ္စတွေဆိုရင်
အားကြီးစိတ်ဝင်စားတာဗျ။ဘိတ်ကိုသွားရင်
ပင်လယ်ကြီးကို ဖြတ်ရမှာပေါ့ ဟုတ်လား ကိုကြီးဆိတ်ဖွါး”
“အေးပေါ့ကွ။ ငါတို့ စက်လှေနဲ့ သွားရမှာပေါ့ ။
ဒီကနေ ရန်ကုန်ကို သွားပြီးရင် စက်လှေတွေစီးရမှာပေါ့ကွ
မင်း စက်လှေရော စီးရဲပါ့မလား တာတေရ”
“ဟာ ကိုကြီးဆိတ်ဖွားတောင် စီးရဲမှတော့
ကျုပ်က ဘာဖြစ်လို့ မစီးရဲမှာတုံးဗျာ”
“ပေး ဒါဆိုရင် မင်းနဲ့ ငါနဲ့ အသေးစိတ်
တိုင်ပင်ကြတာပေါ့ကွာ”
အဲဒီနေ့က ကိုကြီးဆိတ်ဖွားက မိုးချုပ်မှ ပြန်တာဗျ။
ကျုပ်လည်း ညကိုးနာရီလောက်မှ ဆီကြိတ်လို့
ပြီးတာလေဗျာ။အဲဒီည အိပ်ရာဝင်ကာနီးတော့
အဘက ပြောတယ်ဗျ။
“ဆိတ်ဖွားနဲ့ လိုက်သွား လူကလေး။
ယောင်္ကျားဆိုတာ ဒီလိုစွန့်စွန့်စားစား သွားလာ
လုပ်ကိုင်မှ ယောင်္ကျားပီသတာကွ”
“ကိုဥာဏ်ရယ် ရှင့်သားက မစွန့်စားမှတော့
မပူနဲ့ တော်ရေ။ စွန့်စားလွန်းလို့ကို ခက်နေတာ”
“ဘာခက်စရာရှိတုံး ငွေစိန်ရယ် ငါ့သား မွေးကတည်းက
ရွှေတောင်ဦးဆရာတော်က ဇာတာဖွဲ့ကြည့်ပြီးသားဟဲ့
အင်မတန်ယောင်္ကျားပီသတဲ့လူဖြစ်မယ်လို့
ဟောလိုက်တာ နင်လည်း ကြားပါတာပဲလေ”
“ဒါတော့ ဒါပေါ့ ကိုဥာဏ်ရယ် ဒါပေမယ့် ကျုပ်က
မွေးထားရတာတဲ့ စိတ်ထဲ မပူဘဲ ရှိပါ့မလား”
“စိတ်ချပါ အမေရာ ကျုပ်ကလေးမှ မဟုတ်တော့တာ
ကျုပ်မှာလည်း ဗဟုသုတတွေ တော်,တော်ရှိနေပါပြီ”
“အင်း ဒါတော့လည်း ဟုတ်ပါတယ်လေ”
ဒီတော့မှ အမေက ကျေနပ်သွားတာဗျ။
ဟုတ်တာပေါ့ဗျာ။အမေဆိုတာ သားသမီးကို
အမြဲတမ်း ကလေးလို့ပဲ သတ်မှတ်တာကိုးဗျ။
ကိုဆိတ်ဖွါးနဲ့ ကျုပ် ခရီးထွက်ခဲ့တယ်။
ရန်ကုန်ကနေ စက်လှေကြီး စီးရတာဗျ။
ကျုပ်တို့ စီးတဲ့ စက်လှေရဲ့ နာမည်က
‘ဇေယျတု’ တဲ့ဗျ။ စက်လှေဝမ်းထဲမှာ
ကုန်တွေကလည်း အပြည့် ။ ခရီးသည်တွေကလည်း
အပြည့်ဗျို့။
“တာတေ မင်း ခေါင်းမူးနေလား”
ပင်လယ်ထဲကို စက်လှေရောက်တော့
ကိုဆိတ်ဖွားက ကျုပ်ကိုမေးတယ်။
“မမူးဘူးဗျ”
“မင်းကတော့ကွာ တကယ့်ကောင်ပဲ။
သူများတွေဆိုရင် ပထမဆုံးအခေါက်မှာ
အော့အန်နေပြီကွ ။ ငါတစ်ခါတုန်းက
မီးလောင်ကုန်းက ကိုဆင်ပေါက်ကို ခေါ်သွားဖူးတယ်
မပြောပါနဲ့တော့ကွာ ပင်လယ်ထဲကို
စရောက်ကတည်းက မူးလိုက် အန်လိုက်တာ
မပြောနဲ့တော့ကွာ ။ တစ်လမ်းလုံး လူမမာကြီးကို
ဖြစ်နေတော့တာပေါ့ ။ ငါမှာ သူကို ရွာပြန်ရောက်အောင်
မနည်းပြန်ခေါ်ခဲ့ရတာ”
“ကျုပ်တော့ အခုထိ မမူးသေးပါဘူးဗျာ”
” အေး အခုမမူးရင် နောက်လည်း ဘယ်တော့မှ
မမူးတော့ဘူးကွ တာတေရ မင်း ဒဏ်ကို
ကောင်းကောင်းခံနိုင်တယ်ဆိုတာ သေချာသွားပြီ”
ပင်လယ်ခရီးကို အခုမှ သွားဖူးတဲ့ ကျုပ်အတွက်တော့
ဒါဟာ တကယ့်စွန့်စားခန်းကြီး တစ်ခုပါပဲဗျာ။
ဘယ်ဘက်ကိုပဲကြည့် ကြည့် ရေပြင်ကြီးက
မျက်စိတစ်ဆုံးလေ။ ကြောက်တတ်တဲ့သူ
ဆိုရင်တော့ တွေးလေ ကြောက်လေပေါ့ဗျာ။
ကျုပ်ကတော့ ပင်လယ် ခရီးသွားကြတဲ့
လူတွေကိုကြည့်ပြီး စိတ်ဝင်တစား ဖြစ်နေရတာနဲ့
ကြောက်ဖို့ကိုတောင် သတိမရတော့ပါဘူးဗျာ။
တစ်လှေတည်းစီး တစ်ခရီးတည်းသွားဆိုတာ
ဒါကိုခေါ်တာပဲလို့ ကျုပ်တွေးနေတုန်းပဲ …
“လူကလေးက ဘယ်ကတုံးကွဲ့”
စက်လှေလက်ရမ်းကို ကိုင်ပြီး ပင်လယ်ကြီးကို
ငေးကြည့်နေတဲ့ ကျုပ်ကို
မေးတဲ့လူကို ဖျက်ကနဲ့ လှည်ကြည့်လိုက်တယ်။
သျှောင်တစောင်းကြီးထုံးလို့ပေါ့ဗျ။
ပါးစပ်ထဲမှာလည်း ကွမ်းကြီးငုံလို့ပေါ့ဗျ။
ပုဆိုးက အပြာကွက်ကြီးနဲ့ အပေါ်ကတော့
ဖျင်ကြမ်းအင်္ကျီအဖြူကို ဝတ်ထားတယ်။
“ကျုပ်က အညာကပါဗျာ”
“သြော်…သြော် အညာဆိုတော့ ဘယ်အရပ်ကတုံးကွဲ့”
“မုံရွာဘက်ကဗျ ။ မုံရွာတော့ မရောက်ဘူး”
“အင်း …အင်း ဒီလောက်ဆို မှန်းလို့ရပြီလေ
ဒါထက်အရင်က ဒီဘက်ကို ရောက်ဖူးသလား”
ကျုပ်က သျှောင်တစ်စောင်းဘိုးတော်ရဲ့
အမေးကိုဖြေဖို့ လုပ်နေတုန်းမှာပဲ…
“သူ ဒီဘက်ကို တစ်ခါမှ မရောက်ဖူးဘူးဗျ
ဗဟုသုတရအောင်ဆိုပြီး ကျုပ်ခေါ်လာတာ
ကျုပ်က ဘိတ်ဇာတိလေ။ အညာမှာ
အိမ်ထောင်ကျလို့ ဟိုမှာနေတာပါ”
“သြော်…သြော် ဒါထက် နာမည်တွေကရော
ဘယ်လိုတွေ ခေါ်ကြတုံးကွဲ့”
“ကျုပ်က ဆိတ် အဲ အဲ ကိုသိန်းပါ ဟဲ ဟဲ အညာမှာက
ကျုပ်ကို ဆိတ်ဖွာလို့ ခေါ်ကြတာဆိုတော့ ကျုပ်နာမည်
အရင်းကိုတောင် တစ်ခါ တစ်ခါ မေ့နေတာဗျို့”
“ဘယ်လိုပဲ ခေါ်,ခေါ်ပါကွယ် အမည်နာမဆိုတာ
ခေါ်စရာ တစ်ခုပါကွယ် ဘယ်လိုခေါ်,ခေါ် မထူးပါဘူးလေ
ကိုဆိတ် အဲ ဘယ်သူ”
“ရပါတယ်ဗျာ ကျုပ်ကို ရွာကလူတွေခေါ်ကြသလို
ဆိတ်ဖွားလို့ပဲ ခေါ်ပါ”
“နို့ ဒီ သူငယ်လေးကရော'”
“သူ့နာမည်က တာတေလို့ ခေါ်တယ်ဗျ’
“သြော် တာတေတဲ့လား အင်း အင်း မောင်တာတေက
ကျုပ်တို့ အရပ်ကို အလည်လာတဲ့ ဧည့်သည်ကိုး။
ကျုပ်နာမည်က စံမောင်လို့ခေါ်တယ်။ဟိုတုန်းကတော့
လှေပဲ့ နင်းကြီးပေါ့ကွာ လှေပဲ့နင်းဆိုတာ ကျုပ်တို့
ခေတ်ကတော့ ရွက်လှေကြီးတွေကိုး မောင်တာတေရဲ့
ခုခေတ်လို စက်တပ်လှေတွေ ခေတ်မစားသေးဘူးလေ
ကွယ်”
ဦးစံမောင်လို့ ခေါ်တဲ့ ရှေးခေတ်က လှေပဲ့နင်းကြီးက
စကားပြောရင်း ပင်လယ်ထဲကို လှမ်းမျှော်ကြည့်တယ်။
တစ်ခု,ခုကို သတိရနေတဲ့ပုံဗျ။
“ဒီပင်လယ်ကြီးက အဘ သွားလာနေကြ
ပင်လယ်ကြီးပေါ့နော်”
ကျုပ်က အဘဦးစံမောင်ကို မေးကြည့်လိုက်တယ်။
“ဟုတ်တာပေါ့ မောင်တာတေရယ် ဒီပင်လယ်ကြီးထဲမှာပဲ
သွားရင်း လာရင်းနဲ့ လူ့လောကကြီးရဲ့ အထူးအဆန်း
တွေကို ကြုံခဲ့ရတာပေါ့ကွယ်”
“ဗျာ …အထူးအဆန်းတွေ …ဟုတ်လား အဘ”
တစ်ခု,ခုကို သတိရပြီး မျက်နှာမကောင်းသလို
ဖြစ်နေတဲ့ အဘဦးစံမောင်က ကျုပ်ရဲ့အမေးကို
ခေါင်းညိတ်ပြီးဖြစ်တယ်။
“ကျုပ်ဖြင့် အဲဒီမျိုးတွေ ကြားချင်လိုက်ပါဘိတော့ဗျာ”
“ဒီလိုကွဲ့ မောင်တာတေရဲ့ ကျုပ်တို့ ဘိတ် ထားဝယ်
ဘက်မှာက ကုန်ပစ္စည်းတွေ သယ်ဖို့နဲ့ လူတွေ
သွားဖို့ လာဖို့ဆိုတာ ဟိုး အရင်က လှေကြီးတွေပဲ
ရှိတာလေကွယ် ရွက်လှေကြီးတွေကွဲ့ မောင်တာတေရဲ့
အဲဒီလှေကြီးတွေထဲမှာ ကုန်အပြည့်တင်ပြီး ရွက်စုံဖွင့်ပြီး
သွားကြရတာပေါ့ကွာ။ ဒီတုန်းက “ငွေပင်လယ်”ဆိုတဲ့
လှေကြီးရဲ့ ပဲ့နင်းကြီးပေါ့ကွယ်။ ပဲနင်းဆိုတာကိုတော့
ပြောပြီးပြီနော်။ တက်မကိုင်တဲ့လူပေါ့ကွာ။
လှေတစ်စီးလုံးမှာ သူ အခရာပဲကွ ။
လှိုင်းနဲ့ လေနဲ့တွေ့ရင် သူတော်မှ ဖြစ်တာ။
သူမတော်ရင် လှေမြုပ်ဖို့ပဲ ရှိတာပေါ့”
” ဟာ …ဒါဆိုရင် အဘခေတ်က ပင်လယ်ထဲမှာ
လှေခဏ ခဏ မြုပ်တတ်သလားဗျ”
“ခဏ ခဏတော့ မမြုပ်ပါဘူး မောင်တာတေ ။
တစ်ခါ တစ်ရံ ဖြစ်တတ်တာပေါ့။ အင်မတန်မှ
ဖြစ်ခဲပါတယ်ကွယ်”
“သြော်… ဒါဆိုရင် တော်သေးတာပေါ့နော်”
“အေး…ဒါပေမဲ့ ပင်လယ်ကြီးထဲမှာ ငါတို့
နားမလည်တဲ့ ကိစ္စတွေလည်း ရှိတယ်ကွဲ့
မောင်တာတေရဲ့”
“ဟင် ဘယ်လိုကိစ္စတွေတုံးဗျ”
“ပင်လယ်စုန်းလို ဟာမျိုးပေါ့ကွာ”
“ဗျာ ပင်လယ်စုန်း ဟုတ်လား အဘ ။ ဟင်
ဒီပင်လယ်ကြီးထဲမှာ စုန်းမကြီးတွေ ရှိလို့လားဗျ”
ကျုပ်က တအံတသြနဲ့မေးတော့ ပဲ့နင်းကြီး
ဦးစံမောင်က ခေါင်းကလေးညိတ်ပြပြီး စက်လှေကြီးရဲ့
လက်ရမ်းပေါ်က ကျော်ပြီး ကွမ်းတံတွေး ပစ်ကနဲ
ထွေးလိုက်တယ်။
“အဲဒီလို စုန်းမကို ပြောတာမဟုတ်ဘူးကွ တာတေရ
ပင်လယ်စုန်းဆိုတာ ပင်လယ်ထဲမှာ ဘယ်ကပေါ်လာမှန်း
မသိတဲ့ မီးလုံးကြီးတွေကို ပြောတာကွ”
ကိုဆိတ်ဖွါးက ဝင်ပြီးပြောတာဗျ။
“သြော်…ဒီလိုလားဗျ ကိုကြီးဆိတ်ဖွားရဲ့”
“အေး ငါက ဘိတ်ဇာတိဆိုတော့ ဒါမျိုးတွေကို
ငယ်ငယ်ကတည်းက ကြားဖူးနေတာပေါ့ကွာ
ဒါပေမယ့် ကိုယ်တိုင် မြင်ဖူးတာတော့ မဟုတ်ပါဘူး”
“အင်း ကျုပ်ကတော့ ကိုယ်တိုင်ကို မြင်ဖူးတာပါ
မောင်တာတေ ကျုပ်ကို လှေပဲ့နင်းအလုပ်ကနေ
ရာသက်ပန် ရပ်တန့်သွားစေတာလည်း
အဲဒီပင်လယ်စုန်းကြောင့်ပဲလေ။ကျုပ်ဖြင့်
ဒီပင်လယ်ကြီးထဲကို အခုလို ရောက်လေတိုင်း
အဲဒီအဖြစ်အပျက်တွေကို မနေ့တစ်နေ့က
ဖြစ်ခဲ့သလိုကို ခံစားနေရတုန်းပါကွာ”
“ဟင် ဘယ်လိုတွေများ ဖြစ်လို့တုန်း အဘရဲ့”
ပဲနင်းကြီး အဘဦးစံမောင်က ပင်လယ်ကြီးကို ငေးပြီး
ကြည့်နေတယ်ဗျ။ ကျုပ် မေးတာကို ချက်ချင်းမဖြေဘူး။
ခဏကြာမှ ကျုပ်ဘက်ကို လှည့်မေးတယ်။
“မောင်တာတေ တစ္ဆေသင်္ဘောဆိုတာ ကြားဖူးလား”
“ဟာ ကြားဖူးတာပေါ့ အဘရ။ ပင်လယ်ကြီးထဲမှာ
လူတစ်ယောက်မှ မပါဘဲ မျောနေတဲ့ သင်္ဘောကြီးတွေ
မဟုတ်လား”
“အေး ဟုတ်တယ် ဟုတ်တယ် အဲဒါကို တစ္ဆေသင်္ဘောလို့
ခေါ်တာပေါ့ အဲဒီတစ္ဆေသင်္ဘောကြီးတွေ
ဘယ်လိုဖြစ်လာတယ်ဆိုတာရော သိရဲ့လားကွဲ့”
“ဟာ ဒါတော့ မသိဘူး အဘရဲ့”
ကျုပ်နဲ့ အဘဦးစံမောင်ကို ပြောနေတဲ့ စကားတွေကို
ကိုဆိတ်ဖွါးက စိတ်ဝင်တစားနဲ့ နားထောင်နေတာဗျ။
“နို့ …မောင်ဆိတ်ဖွားရော တစ္ဆေသင်္ဘောအကြောင်း
ကြားဖူးသလားကွဲ့”
အဘဦးစံမောင်က ကိုဆိတ်ဖွါးကို လှမ်းမေးလိုက်တယ်။
ကိုဆိတ်ဖွားက ချက်ချင်းပဲ ခေါင်းခါပြပြီး ပြောတယ်ဗျ။
“မကြားဖူးပါဘူး အဘရာ တစ္ဆေသင်္ဘောတွေ
ပင်လယ်ကြီးထဲမှာ ရှိတယ်ဆိုတာလောက်ပဲ
ကြားဖူးတာပါ”
“ဒါဆိုရင်တော့ ကျုပ်ပြောပြရတော့မှာပေါ့ ဒီလိုကွဲ့
မောင်တာတေရဲ့ စောစောကပြောတဲ့ ပင်လယ်စုန်းဆိုတာ
အင်မတန်မှ ကြောက်စရာကောင်းတဲ့ နာနာဘာဝ
တစ်မျိုးပဲကွဲ့”
“ဟင် ဟုတ်သားဗျ”
“ဟုတ်ပါသကောကွယ် ပင်လယ်စုန်းများ ရွက်တိုင်မှာ
လာပြီးကပ်ပြီဆိုရင် ကျုပ်တို့ လှေသမားတွေ
သေမတတ်ကြောက်ကြတာပေါ့ကွယ်”
“နေပါဦး အဘရဲ့ အဘပြောတဲ့ ပင်လယ်စုန်းဆိုတဲ့
မီးလုံးကြီးတွေက အဘတို့ လှေကြီးတွေပေါ်ကို
တက်လာတာလားဗျ”
“ရွက်တိုင်ထိပ်ဖျားမှာ လာကပ်တာကွဲ့ မောင်တာတေရဲ့
စပြီးကပ်လာချင်းကတော့ အရွယ်က ခပ်သေးသေးပဲ။
လက်ဖက်ရည်ပန်းကန်လောက်ပဲရှိတာ တဖြည်းဖြည်းနဲ့
ကြီး,ကြီးလာတာကွ။ ခြင်းလုံးအရွယ်ကနေ ဘောလုံး
အရွယ်လောက်အထိ ရောက်လာတာ ပင်လယ်စုန်း
ကပ်ပြီဆိုတာနဲ့ လှေသားတွေက သံပုံးတွေ တီးပြီး
ခြောက်လှန့်ထုတ်ကြတယ်။ ပရိတ်တွေ ဘုရားစာတွေ
ရွတ်ကြဖတ်ကြပေါ့ကွယ် ။ အဲဒီလိုလုပ်ရင်း
ပင်လယ်စုန်းမီးလုံးကြီးက ပင်လယ်ထဲကို ပျံထွက်
သွားရောကွဲ့ ။ အဲဒီလို ခြောက်လှန့်ထုတ်လို့မှ
မရရင်တော့ သတိသာ ထားပေတော့ဟေ့”
“ဟင် ဘာဖြစ်တတ်လို့လဲ အဘရဲ့”
“လှေသမားတွေ တဖြည်းဖြည်းနဲ့ သတိတွေ
ပျောက်သွားပြီး တစ်ယောက်နဲ့တစ်ယောက်
သတ်ကြပုတ်ကြကြတော့တာပေါ့ကွယ်”
“ဟာ …ဟုတ်လား အဘ အဲဒီလို သတ်ကြပုတ်ကြတော့
ဘာတွေဖြစ်ကုန်တုံးဗျ”
“ဘာတွေဖြစ်ရမှာတုံး မောင်တာတေရယ် တစ်ယောက်မကျန်
သေကုန်တော့တာပေါ့ကွယ် ဓါးတွေနဲ့ ခုတ်ကြ
လှံတွေနဲ့ ထိုးကြဆိုတော့ မသေဘဲ ဘယ်ရှိပါ့မတုံး”
“ဖြစ်မှဖြစ်ရလေဗျာ”
ကျုပ်က အံ့သြလွန်းလို့ ပါးစပ်က လွှတ်ကနဲ
ပြောလိုက်မိပေါ့ဗျာ။
“စောစောက မောင်တာတေကို ကျုပ်မေးတဲ့ တစ္ဆေ
သင်္ဘောဆိုတာ ပင်လယ်ထဲမှာ ပင်လယ်စုန်းနဲ့
ကြုံခဲ့ကြတဲ့ သင်္ဘောတွေပေါ့ကွယ် တစ်ယောက်မကျန်
သေကုန်တော့ သင်္ဘောကြီးက ဆီကုန်တဲ့အထိ
မောင်းသွားပြီး နောက်ဆုံးတော့ စက်ရပ်သွားတာပေ့ါ
အဲဒီအခါကျတော့ ပင်လယ်ထဲမှာ ဒီအတိုင်း မျောပါ
နေတော့တာပေါ့လေ”
“သြော်…တစ္ဆေသင်္ဘောဆိုတာ ဒါကိုး အဘနဲ့ တွေ့မှာပဲ
ဒါတွေ သိရတော့တာဗျ ။ ဗဟုသုတ တိုးလိုက်တာတော့
မပြောပါနဲ့တော့ဗျာ”
ပဲနင်းကြီး ဦးစံမောင်က သူ့ရဲ့ သျှောင်ထုံးကြီး
လှုပ်သွားအောင် ခေါင်းညိတ်လိုက်တာဗျ။
ပြီးတော့မှ …
“အခု ပြောတာက ပင်လယ်ကြီးတွေထဲမှာ မျောနေတဲ့
တစ္ဆေသင်္ဘောကြီးတွေ ဘာကြောင့် ဖြစ်လာတယ်
ဆိုတာပဲကွဲ့ ကျုပ်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ပင်လယ်စုန်း
အကြောင်းကို ပြောပြရဦးမယ် မောင်တာတေရေ”
“ဟာ ပြောပြစမ်းပါ အဘရာ ကျုပ်က ဒါမျိုးဆို
လွှတ်စိတ်ဝင်စားတာဗျ”
အဘဦးစံမောင်က သူရဲ့ ကွမ်းယာဘူးထဲက
ကွမ်းယာတစ်ယာကို ထုတ်ပြီး ပါးစပ်ထဲကို
ထိုးထည့်လိုက်တယ်ဗျ။ ပြီးတော့မှ ခေါင်းကလေးကို
ညိတ်လိုက်ပြီး ပြောတယ်။
“ဖြစ်ခဲ့တာတော့ ကြာခဲ့ပါပြီလေ။ဒါပေမယ့်
ဒီအဖြစ်တွေဟာ ကျုပ်အတွက် ဘယ်တော့မှ
မမေ့နိုင်တဲ့ အဖြစ်တွေပါကွယ် အဲဒီတုန်းက
ကျုပ်တို့လှေက ထားဝယ်က ထွက်လာတာ
လှေထဲမှာ ကုန်တွေအပြည့်နဲ့ပေါ့ကွယ်
ဒီတုန်းကတော့ ကုန်ပို့ သက်သက်ပါပဲ
ခရီးတွေဘာတွေ မပါပါဘူး”
“အဘတို့ လှေက ရွက်လှေပဲလား အဘ”
“အို ရွက်လှေပေါ့ မောင်တာတေရဲ့ ဒီတုန်းက
လှေတွေဟာ ရွက်လှေတွေချည်းပါပဲ”
ကိုဆိတ်ဖွါးက မျက်မှောင်ကြီးကြုတ်ပြီး
တစ်ခုခုကို စဉ်းစားနေတယ်ဗျ ။ ကျုပ်ကတော့
အဘစံပြောတဲ့ အကြောင်းကို လွှတ်စိတ်ဝင်စား
နေတာဗျို့။
“နေပါဦး အဘရဲ့ ကျုပ် ဆယ်နှစ်သားလောက်က
ကျုပ်တို့ ဘိတ်မှာ ကြားခဲ့ဖူးတယ် လှေတစ်စီးလုံးကလူတွေ
ပျောက်သွားလို့ ဆိုတာ”
“အေး အဲဒါပေါ့ မောင်ဆိတ်ဖွါးရဲ့ အဲဒါ ကျုပ်လှေပေါ့
ကျုပ်တစ်ယောက်တည်း ကျန်နေတာ ကျန်တဲ့လူတွေ
အားလုံး ပျောက်သွားတယ်”
“နေပါဦး အဘရဲ့ ဒီတုန်းက ကျုပ်ကြားတာက
ကျန်နေတဲ့ ပဲ့နင်းကြီးကလည်း သွက်သွက်လည်အောင်
ရူးနေတယ်ဆို”
ကိုဆိတ်ဖွါးက အဘဦးစံမောင်ကို တအံ့တသြနဲ့
မေးတယ်ဗျ။ အဘစံမောင်ကလည်း နေလုံးကြီး
ဝင်နေတဲ့ ပင်လယ်ကြီးကို ငေးကြည့်ရင်းပြောတယ်။
“ဟုတ်ပါ့ မောင်ဆိတ်ဖွားရယ် မင်းကြားခဲ့တာတွေက
အမှန်တွေပဲဟေ့ အဲဒီ မင်းပြောတဲ့ သွက်သွက်လည်အောင်
ရူးသွားတဲ့ ပဲ့နင်းကြီးဆိုတာ တခြားသူ ဟုတ်ရိုး
လားကောကွယ် ကျုပ်လေ မောင်ဆိတ်ဖွားရဲ့”
“ဗျာ”
ဒီတစ်ခါ အံ့သြသွားတာက ကျုပ်ဗျ။ ကျုပ် အံ့သြ
လွန်းလို့ အဘဦးစံမောင်ကို သေသေချာချာ
ကြည့်လိုက်မိတယ်။
“ဒီတုန်းက ကျုပ်ရူးသွားတာ နှစ်နှစ်လောက် ကြာတာကွဲ့
သွက်သွက်လည်အောင်ကို ရူးတော့တာ။ကျုပ်စိတ်ထင်
တော့ ကျုပ်ရှေ့မှာ ဖြစ်သွားတဲ့ ဒီအဖြစ်အပျက်ကြီးကို
မြင်ပြီး အရမ်းကို အကြောက်လွန်သွားတယ် ထင်ပါရဲ့”
“နို့ အဘ ဘယ်လို ပြန်ကောင်းသွားတာတုံး
ကျုပ်က သိချင်စိတ်က မနေနိုင်တော့ဘူးဗျို့။
“ရူးသွားပြီး နှစ်နှစ်လောက်အကြာမှာ ကျုပ်နေတဲ့
ရွာကလေးကို မွန်ဆရာတော်ကြီးတစ်ပါး ကြွလာတယ်
အဲဒီဆရာတော်က ဆေးကုပေးလို့ ပြန်ကောင်း
သွားတာလေ”
“ပြန်ကောင်းသွားတော့ အဘ အားလုံးကို
မှတ်မိသေးလားဗျ”
ကျုပ်ရဲ့အမေးကို ပဲ့နင်းကြီး ဦးစံမောင်က သျှောင်ထုံးကြီး
လှုပ်သွားအောင် ခေါင်းညိတ်ပြတယ်။
“မှတ်မိပါပြီလား မောင်တာတေရယ် အဲဒီနေ့က
မနက်အစောကြီးထပြီး ကျုပ်တို့ လှေကို ရွက်လွှင့်ခဲ့တာ
တစ်နေ့လုံး အဆင်ကို ပြေနေတာပါကွယ် အဲဒီည
ဆယ်နာရီ ဆယ်တစ်နာရီလောက်ရောက်တော့
ကျုပ်တို့လှေကြီးဟာ မှောင်မည်းနေတဲ့ ပင်လယ်ကြီး
ထဲမှာပေါ့။ ဒါကလည်း ကျုပ်တို့ သွားနေကျခရီးပဲလေ
အဲဒီအချိန်မှာ ကြုံနေကျမဟုတ်တာတစ်ခု
ကျုပ်တို့ ကြုံလိုက်ကြတယ်”
XxXXX
“ဟာ ဟိုမှာဗျို့ ဟိုမှာ”
ငပြူးလို့ခေါ်တဲ့ လှေသားတစ်ယောက်က အလန့်တကြား
ထအော်တဲ့အသံကို ကျုပ် ခင်ပုတ်ပေါ်ကနေ
ကြားလိုက်ရတယ်။ခင်ပုတ်ဆိုတာက ပဲနင်းကြီးထိုင်ပြီး
တက်မကိုင်တဲ့ တက်မစင်ကို ခေါ်တာပေါ့။
“ဟဲ့ကောင် ငပြူး ဘာတွေ့လို့ အော်တာတုံးကွ”
သာညိုလို့ခေါ်တဲ့ လှေသားက ငပြူးကို မေးလိုက်တာ။
“ကိုသာညို ဟိုမှာဗျ ရွက်တိုင်ထိပ်မှာ မီးလောင်နေတယ်”
“ဘာတွေ ငပြူး ရွက်တိုင်ထိပ်မှာ မီးလောင်တယ်
ပေါက်ကရ တော်တော်ပြောတဲ့ကောင်ပဲ ဘယ်မှာတုံး”
သာညိုက ငပြူးပြတဲ့နေရာကို ကြည့်လိုက်တယ်
ထင်ပါရဲ့ ။
“ဟာ အကျိုးတော့ နည်းပေါ့ ငပြူးရ”
“ဗျာ ဘာဖြစ်လို့တုံး ကိုသာညို ဒါမီးလောင်နေတာ
ဟုတ်တယ်မို့လားဗျ”
သာညိုက ပင်လယ်ထံမှာ တော်တော်ငယ်ငယ်ကတည်းက
လှေလိုက်နေတဲ့ကောင်ဗျ ဗဟုသုတလည်း
တော်တော်သုံနေပြီ။
“ဘယ်ကလာ မီးလောင်မှာတုံး ငပြူးရာ ဒါပင်လယ်စုန်း
ကပ်နေတာကွ”
“ဘာဗျ …ပင်လယ်စုန်း ဟုတ်လား”
ငပြူးက လှေလိုက်တာ ဒါပါနဲ့မှ သုံးခေါက်လား
ရှိသေးတာ ပင်လယ်အကြောင်းတွေကို
ဘာမှသိပ်သိသေးတာ မဟုတ်ဘူး။
သာညို အော်ပြောတဲ့ အသံကို ခင်ပုတ်စင်ပေါ်မှာထိုင်ပြီး
တက်မကိုင်နေတဲ့ ကျုပ်နားထဲကို တန်းဝင်လာတာ။
ကျုပ်လည်း ရွက်တိုင်ထိပ်ကို လှမ်းကြည့်တယ်။
လေတိုက်ထဲမှာ တဖျတ်ဖျတ် လွင့်နေတဲ့
ကုက္ကလူးရဲ့ အပေါ်မှာဗျ။ ကုက္ကလူးဆိုတာ
လေတိုက်တဲ့ဘက်ကို သိအောင် တပ်ထားတဲ့
အလံပေါ့ကွာ။အဲဒီအလံရဲ့ အပေါ်မှာ ရွက်တိုင်ရဲ့
ထိပ်တည့်တည့်မှာ လက်ဖက်ရည်ပန်ကန်လုံး
အရွယ်လောက်ရှိတဲ့ နီနီအလုံးကလေးကို
ကျုပ်လှမ်းမြင်လိုက်တယ်။
“ဟာ …ဒုက္ခတော့ ရောက်ပြီ”
လို့ ကျုပ်စိတ်ထဲမှာ ပြောလိုက်မိတယ်။ဒါပင်လယ်စုန်းပဲ။
ဟော ကျုပ်ကြည့်နေရင်းကကို ကြီးလာတာ။
လက်ဖက်ရည်ပန်ကန်လုံးအရွယ်ကနေ ခြင်းလုံးအရွယ်
ခြင်းလုံးအရွယ်ကနေ ဘောလုံးအရွယ် ဘောလုံး
အရွယ်ကနေ သပိတ်လုံးလောက် ရှိလာရော့ဟေ့။
လှေထဲမှာလည်း ဆူညံဆူညံတွေ ဖြစ်ကုန်ကြပြီ။
ကျုပ်တို့ လှေမှာက ပဲ့နင်းပါ ဆယ်ယောက်ပါတယ်။
လှေသားချည်းကို ရှစ်ယောက်ရှိတယ်။လှေသူကြီးရယ်
ကျုပ်ရယ်ဆိုရင် ဆယ်ယောက်ပေါ့။
သာညိုက အခန်းထဲမှာ စာရင်းတွေ လုပ်နေတဲ့
သူကြီးကို ပြေးပြောပြီး ခေါ်လာတယ်။သာညို
အော်ကျယ် အော်ကျယ်နဲ့ ပြောတဲ့အသံကို
ကျန်တဲ့လှေသားတွေ ကြားသွားပြီး အားလုံးထွက်
လာကြတယ်။ပြီးတော့ ရွက်တိုင်ထိပ်ဖျားကို မော့
ကြည့်နေကြတာပေါ့ဗျာ။ ဒီမှာတင် ကျုပ်တို့ထဲကမှာ
အသက်အကြီးဆုံးလှေသူကြီးက…
“ဟာ ဟုတ်တာပေါ့ကွာ ဒါ ပင်လယ်စုန်းပဲကွ
ကဲ အားလုံး ငါပြောတာကို နားထောင်ကြ
ပါးစပ်က ဘုရားစာရွက်ကြ ပြီးတော့ သံပုံးတီးကြ
သူ့ဟာသူ ခွါသွားလိမ့်မယ် မကြောက်ကြနဲ့
ကဲ …ကဲ သံပုံးတွေ သွားယူခဲ့”
“ဘုန်း ဘုန်း ဘုန်း ဒုန်း ဒုန်း ဒုန်း”
လှေသားတွေက သံပုံးတွေ စပြီးတီးကြတာပေါ့ကွာ။
ပါးစပ်ကလည်း ကိုယ်ရတဲ့ ဘုရားစာတွေ ရွက်ကြတာပေါ့
တစ်ချို့ကလည်း ဂုဏ်တော်ရွတ်တယ်။
တချို့ကတော့ ပရိတ်တွေ ရွတ်တယ်။
ရွတ်တာကလည်း တစ်ခုတည်းကို တစ်ပြိုင်တည်းရွတ်တာ
မဟုတ်ဘဲ ကိုယ်ရတာ ကိုယ်ရွတ်တာဆိုတော့
တစ်ယောက် တစ်ပေါက်ပေါ့ကွာ။
သံပုံးတွေကိုလည်း တဘုန်းဘုန်းတီးကြ။
ပါးစပ်ကလည်းရွက်ကြနဲ့ လှေထဲမှာဆိုတာ
ဆူညံနေတော့တာပါ။ကျုပ်လည်း ကျုပ်ငယ်ငယ်က
ကျုပ်အဖေ သင်ပေးထားတဲ့ ပြန်တော်ပြန်ဂါထာကို
ရွတ်နေတာပေါ့။ ဘယ်လောက်ပဲ ရွတ်ရွတ်။
ဘယ်လောက်ပဲ သံပုံးတွေတီးတီး ရွက်တိုင်မှာ
စွဲနေတဲ့ ပင်လယ်စုန်းက မခွါဘူးကွ အရွယ်က
သပိတ်နှစ်လုံးစာလောက် ရှိနေပြီ။
“အားလုံးသတိထားကြဟေ့။ သတိမလွတ်စေနဲ့။
မင်းဒို့ စိတ်တွေ လွတ်သွားရင် အန္တရာယ်တွေ
ကြုံလိမ့်မယ် ဘုရားစာကိုသာ မပြတ်ရွတ်နေကြ”
သူကြီးကလည်း သတိပေးနေတယ်။ဘုရားစာရွက်ပေ
မယ့်လည်း အားလုံးက ကြောက်စိတ်တွေ
ဝင်လာတော့ ဘုရားစာကို ကပေါက်တိ ကပေါက်ချာ
တွေ ရွက်နေကြတော့တာပေါ့ကွာ ကျုပ်ကတော့ …
“သြော် နမော ဣတိပိ ပိတဋတ်တရံနဲ့ စတဲ့
ပြည်တော်ပြန်ဂါထာကို ငယ်ငယ်ကတည်းက
ရွတ်လာတာဆိုတော့ အမှားအယွင်း မရှိဘူးကွ”
“ဟာ နိမ့်ဆင်းလာပြီဟေ့ ဟော ဟော ရွက်တိုင်အလယ်ကို
ရောက်လာပြီ လက်နက်တွေ ယူကြဟေ့”
“ဟေ့ကောင်တွေ လက်နက်မယူနဲ့ မယူကြနဲ့”
လှေသူကြီးက လက်နက်တွေ
မကိုင်ဖို့ အော်ပြောပေမယ့် မရတော့ဘူးကွ
လှေသားတွေက ဓါးတွေ လှံတွေဆွဲပြီး ထွက်လာကြတယ်။
“ဟာ ဒီကောင်တွေတော့ ဒုက္ခရောက်တော့မှာပဲ”
လှေသူကြီးရဲ့ ညည်းညူတဲ့အသံကို
နောက်ဆုံးကြားလိုက်ရတာဗျ။ဓါးတွေ လှံတွေ
ကိုင်ထားတဲ့ လှေသားရှစ်ယောက်က လှေသူကြီးကို
ပြိုင်တူ ဝိုင်းကြည့်ကြတယ်။
“ဟေ့ကောင် သာညို ငပြူး ဟိုကောင် ထွန်းအောင်
သတိထားကြစမ်း”
“သေပေတော့ကွာ ကဲကွာ ကဲကွာ”
ဟာ သွားပြီ။ဒီကောင်တွေ လူစိတ်ပျောက်သွားပြီ။
လှေသူကြီးကို ဝိုင်းပြီး ခုတ်ထစ်ကုန်ကြပြီ။
ကျုပ်မျက်စိရှေ့မှာတင် သူကြီးဟာ
ခေါင်းတခြား ကိုယ်တခြား ဖြစ်သွားတယ်။
သွေးတွေဆိုတာလည်း မြင်လို့ကို မကောင်းပါဘူးဗျာ။
ဟာ လုပ်ကြပြန်ပြီဗျို့။ကျုပ်ကြည့်နေတုန်းမှာပဲ
ထွန်းဆောင် ဆိုတဲ့ အကောင်ကို ဝိုင်းခုတ်ကြပြန်ပြီ။
အားလုံး လူစိတ်ပျောက်ပြီး ရူးနှမ်းသွားကြတာ
ထင်ပါရဲ့။
“ဟီး ဟီး ခုတ်ကွာ ခုတ်ကွာ”
အော်ဟစ်နေတဲ့ အသံကြားတွေကလည်း တကယ့်ကို
ကြောက်စရာကြီးပါကွာ။ကျုပ်ဖြင့် တစ်သက်နဲ့တစ်ကိုယ်
ဒီလိုအသံမျိုးကို မကြားဖူးပါဘူး။ကျုပ်လည်း ဘာလုပ်ရမှန်းကို
မသိတော့တာ။ ရေထဲကိုပဲ ခုန်ချလိုက်ရမှာလား
စဉ်းစားလို့ကို မရတော့တာ။
” ဟီး ဟီး ဟီး သတ်ကွာ သတ် သတ်”
ဟာ တစ်ယောက်နဲ့တစ်ယောက် ခုတ်နေကြတော့တာဟေ့။
ကျုပ် အဲဒီအချိန်မှာ ပင်လယ်စုန်းမီးကြီးကို
ကြည့်လိုက်မိတယ်။မီးလုံးကြီးက တရွေ့ရွေ့နဲ့
ရွက်တိုင်ထိပ်ကို ပြန်ထွက်သွားတယ်။
ဟာ တစ်ယောက်နဲ့ တစ်ယောက် အော်ဟစ်ပြီး
ခုတ်နေလိုက်ကြတာ ကျုပ်တစ်သက်မှာ
ဒီမြင်ကွင်းမျိုး ဒီတစ်ခါပဲ မြင်ဖူးပါတယ်။
“ခုတ်ကွာ ခုတ်စမ်း ကဲကွာ ကဲကွာ”
တဖြည်းဖြည်းနဲ့ အော်ဟစ်တဲ့အသံတွေ ပျောက်သွားပြီ
ကြည့်စမ်း ကြည့်စိမ်း သာညိုတစ်ယောက်ပဲ
ဓါးကြီးကိုင်ပြီး ကျန်နေတာပါလား ။
ကျန်တဲ့ကောင်တွေတော့ တစ်ယောက်မှ
မလှုပ်တော့ဘူး။ သာညိုလည်း တစ်ကိုယ်လုံး
သွေးတွေချင်းချင်းနီနေတာဟေ့။ဒီကောင် ကျုပ်ကို
လှည့်ကြည့်တယ်။
ကျုပ်ကတော့ ပြည်တော်ပြန်ဂါထာကိုပဲ
ဖိရွတ်နေရတော့တာပေါ့ကွာ။ဒီကောင် နောက်ကို
လှည့်ပြီး ကျုပ်ဘက်ကို လျှောက်လာတယ်။
ဒါပေမဲ့ ဒီကောင် ဘာလုပ်ရမှန်း မသိတော့ဘူးပေါ့။
ကျုပ်ဘေးမှာ ထိုးထားတဲ့ တက်မချင်တုတ်ကို
လှမ်းဆွဲထားလိုက်တယ်။ တက်မချင်ဆိုတာက
တက်မကိုင်တဲ့ တုတ်ချောင်းကို ခေါ်တာ ။အဲဒါက
မကြာ မကြာ ကျိုးတက်တော့ အပိုတွေ
လုပ်ထားရတယ်။ အဲဒီတက်မချင်ကို ကိုင်ပြီး
ကျုပ် အဆင့်သင့် လုပ်ထားလိုက်တယ်။
ဒါပေမယ့် သာညိုက ခြေလှမ်းလေးလှမ်းလောက်
လှမ်းပြီး ခွေလဲကျသွားတယ်။ခဏကြာတော့
ဒီကောင်လည်း ငြိမ်သွားတော့တာပါပဲ။
ဒီမှာတင် လှေတစ်စီးလုံးမှာ ကျုပ်တစ်ယောက်တည်းပဲ
ကျန်တော့တာပါ။ပင်လယ်စုန်း ရွက်တိုင်ထိပ်ကနေ
နိမ့်ဆင်းလာတယ်။ ဟာ ဘုရား ဘုရား ပင်လယ်
စုန်းမီးလုံးတွေ ရေထဲကနေ ပေါ်လာတာဗျို့။
ဖွားကနဲ ဖွားကနဲ နေတာပဲဗျာ။
တစ်လုံး နှစ်လုံး သုံးလုံး ဟာ မနည်းပါလား
အားလုံး ဆယ်လုံးလောက် ရှိမယ်မယ်ဟေ့။
အရွယ်က သပိတ်နှစ်လုံးစာလောက် ရှိမယ်။
မီးလုံးကြီးတွေ လှေပေါ်မှာ ဝဲနေကြတာ။
ကျုပ်လည်း ပြည်တော်ပြန်ဂါထာကိုပဲ ဖိရွတ်ရတော့
တာပေါ့။ဟာ…ရွက်တိုင်ထိပ်က မီးလုံးကြီရော
တခြားမီးလုံးကြီးတွေရော လှေထဲမှာ ဝဲပျံနေကြတယ်
လဲကျနေတဲ့ အလောင်းတွေအနားကို
နိမ့်နိမ့်လေး ပျံပြီး ဆင်းသွားကြတယ်။
ဟာ အလောင်းတွေ ပျောက်သွားပြီ။
ဘယ်ရောက်သွားတာပါလိမ့်။ဟာ မီးလုံးကြီးတွေလည်း
ရေထဲဝင်သွားပြီ။
ဘုရား ဘုရား အလောင်းတွေကို စားပစ်လိုက်တာလား။
ယူသွားတာလား။ကျုပ် ဘာကိုမှ မမြင်လိုက်ရဘူး။
ဟင် ရွက်တိုင်ထိပ်မှာ ပထမဆုံး လာစွဲတဲ့ မီးလုံးကြီးက
လှေထဲမှာ ကျနေတယ်။လှေကြိုးချည်တဲ့
ဘုံလုံတိုင်အပေါ်မှ စွဲနေတယ်။ဟာ လာပြီ
လာပြီ ကျုပ်ဆီကို ပျံလာနေပြီ။ ကျုပ်လည်း
ပါးစပ်က ပြန်တော်ပြန်ဂါထာကိုရွက်ရင်း လက်တစ်ဖက်
ကလည်း တက်မချင်တုတ်ကို တင်းတင်းဆုပ်ထား
လိုက်မိတယ်။ ဟော ရပ်သွားပြီဟေ့။
ပင်လယ်စုန်းမီးကြီးက ရှေ့ကို ဆက်တိုက်မလာဘဲ
ရပ်သွားတယ်။ ဟော သွားပြီ သွားပြီ ။
နောက်ဆုံးကျန်နေတဲ့ မီးလုံးကြီးလည်း
လှေထဲကနေ ပျံထွက်သွားပြီး ရေထဲငုပ်ဝင်သွားတယ်။
ကျုပ်လည်း ခေါင်းထဲမှာ မိုက်ကနဲဖြစ်ပြီး
ခင်ပုပ်စင်ပေါ်မှာတင် လဲကျသွားတယ်။
“ဟေ့ကောင် စံမောင် စံမောင် မင်း သတိရပြီလား”
လူတွေ ဝိုင်းခေါ်တဲ့အသံကို ကျုပ်ကြားတယ်။
ဒါပေမယ့် ဘယ်သူ့ကို ခေါ်နေမှန်း ကျုပ် မသိဘူး။
ကျုပ် သတိရလာတော့ တခြားလှေကြီးတစ်စင်းပေါ်ကို
ရောက်နေတယ်။ကျုပ်ကို ဝိုင်းအုံပြီး
ခေါ်နေတဲ့လူတွေက ကျုပ်ကို တရင်းတနှီး
ပြောဆိုမေးမြန်းနေကြတာ။ဒါပေမယ့် ကျုပ်က
သူဒို့ကို တစ်ယောက်မှ မသိဘူး။
“စံမောင် စံမောင် မင်းသတိရပြီလား”
စံမောင်ဆိုတာ ဘယ်သူတုံး။ ကျုပ်ကကော ဘယ်သူတုံး
ဒီလှေကြီးပေါ်ကို ကျုပ် ဘာဖြစ်လို့ ရောက်နေတာတုံး
ကျုပ် ဘာကိုမှ မသိတော့တာ နောက်ဆုံး
ကျုပ်ကြားလိုက်ရတာကတော့ …
“သွားပြီ စံမောင် ရူးသွားပြီ သွက်သွက်လည်အောင်ကို
ရူးသွားတာ မင်းတို့ သူ့ကို မေးလို့လည်း ဘာမှသိမှာ
မဟုတ်ဘူး”
ဒီစကားက ကျုပ် နောက်ဆုံးကြားခဲ့ရတဲ့ စကားပါပဲ။
“ဖြစ်မှဖြစ်ရလေ အဘရာ အခုလို ပြန်ကောင်းလာလို့
တော်တော့တာပေါ့ဗျာ”
ကျုပ်နဲ့ ကိုဆိတ်ဖွါးက ပဲ့နင်းကြီး အဘဦးစံမောင်ကို
သနားမိပြီး ကြည့်မိကြတယ်။
“အေး…စောစောက ပြောသလိုပေါ့ကွာ နှစ်နှစ်လောက်
ကြာတော့မှ မွန်ဆရာတော်ကြီးတစ်ပါး
ဆေးကုပေးလို့ ပြန်ကောင်းသွားခဲ့တာ”
အဲဒီညက အိပ်ချိန်ကျလို့သာ အိပ်ခဲ့ရတာ။
ကျုပ်မျက်စိထဲမှာ အဘဦးစံမောင်ပြောတဲ့
ပင်လယ်စုန်း ဆိုတာကိုပဲ မြင်ယောင်နေတော့တာဗျ။
နောက်တော့ ကျုပ် အိပ်သွားတယ်။
“တာတေ ထစမ်း ဟေ့ကောင် တာတေ”
ကိုဆိတ်ဖွါးက ကျုပ်ကို လှုပ်နှိုးနေတာဗျ။
ကျုပ် အိပ်ပျော်ကာစဆိုတော့ ချက်ချင်းမနိုးဘူး။
အိပ်မက်လိုလို ဖြစ်နေတာ။
“တာတေ တာတေ”
“ဗျာ…ကိုဆိတ်ဖွါး ဘာတုံး”
ကျုပ် နိုးသွားပြီ။ အိပ်နေရာကနေ ငေါက်ကနဲ
ထထိုင်လိုက်တယ်။
“တာတေရေ ဒီစက်လှေတော့ ဒုက္ခကြုံပြီဟေ့”
“ဟာ မဟုတ်ဘူးကွ ညနေက အဘဦးစံမောင်ပြောတဲ့
ပင်လယ်စုန်းဆိုတာ ကပ်နေတယ်ကွ”
“ဗျာ ဟုတ်လို့လား ကိုဆိတ်ဖွါးရဲ့ အချက်ပြမီး
ထွန်းထားတာရှိမှာပါ”
“မဟုတ်ဘူး တာတေ ပင်လယ်စုန်း ကပ်နေတာတဲ့
အခု မင်းကို အဘဦးစံမောင်ကိုယ်တိုင် နှိုးခိုင်းလိုက်တာ”
“ဟုတ် ဟုတ်လားဗျ ။ ဘယ်မှာကပ်နေတာတုံး”
“အလံတိုင် ထိပ်ဖျားမှာ ကပ်နေတာကွ တာတေရ”
ကျုပ် ချက်ချင်းထပြီး ကိုဆိတ်ဖွါးနောက်က လိုက်ခဲ့တယ်
ခရီးသည်တွေကတော့ ဘာမှ မသိဘူးဗျ။ငြိမ်ငြိမ်
သက်သက်ပဲ အိပ်နေကြတယ်။စက်လှေသားတွေ
ကတော့ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေကြပြီ။
အလံတိုင်ထိပ်ဖျားကို ကျုပ်မော့ကြည့်လိုက်တယ်။
“ဟာ…ဟုတ်သားပဲ”
အနီရောင်လင်းနေတဲ့ အလုံးတစ်လုံးဗျ။
အရွယ်ကတော့ သပိတ်လုံးသာသာလောက် ရှိမယ်။
ကျုပ် အဘ ဦးစံမောင်အနားကိုရောက်
အဘဦးစံမောင် မျက်စိမျက်နှာ ပျက်နေတာဗျ။
“အဘ ဒါ ပင်လယ်စုန်း ဟုတ်သလားဗျ”
“သိပ်ဟုတ်တာပေါ့ မောင်တာတေရာ။ ညနေကတင်
မင်းတို့ကို ကျုပ် ပြောပြနေသေးတာ။ တိုက်တိုက်ဆိုင်ဆိုင်ကွာ
ဒီခေတ်မှာ ဒီလိုဟာတွေ မရှိတော့ဘူးလို့
ထင်ထားတာကွ”
“ဒါဆိုရင် ဘာဖြစ်နိုင်တုံး အဘ”
ကျုပ်က အဘဦးစံမောင်ကို မေးလိုက်တယ်။
“ဘာဖြစ်နိုင်တယ်ဆိုတာကို ညနေကပဲ မင်းနဲ့
မောင်ဆိတ်ဖွါးကို ကျုပ် ပြောပြခဲ့ပြီးပါပြီပဲ”
ကျုပ်တို့ အဘဦးစံမောင်နဲ့ စကားပြောနေတုန်းမှာပဲ
စက်လှေသားတစ်ယောက် ထိုးဝါးတစ်ချောင်းကိုင်ပြီး
စက်လှေခေါင်မိုးပေါ်ကို တက်သွားတယ်ဗျ။
အပေါ်ကိုရောက်တော့ အလံတိုင် ထိပ်မှာ ကပ်နေတဲ့
ပင်လယ်စုန်းလုံးကြီးကို သူ့လက်ထဲက ဝါးလုံးနဲ့
လှမ်းထိုးတယ်။
“ဖြောင်း ဝုန်း”
ဟာ မြန်လိုက်တာဗျာ။ “ဖြောင်း”ဆိုပြီး ထိုးဝါးကျိုး
သွားတယ်။ပြီးတော့ ထိုးဝါးမှာ မီးတွေထထောက်တယ်။
ပင်လယ်စုန်းကို တက်ထိုးတဲ့ စက်လှေသား”ဘုန်း”
ကနဲ လဲကျပြီး ခေါင်မိုးပေါ်ကနေ လိမ့်ကျလာတယ်။
အောက်က စက်လှေသမားတွေ ဝိုင်းပွေ့ထားလိုက်ကြ
လို့သာ သက်သာရာ ရသွားတယ်လို့ ကျုပ်က တွေး
လိုက်မိတယ်။ဒါပေမယ့် ကျုပ် ထင်သလို မဟုတ်ဘူးဗျ။
“မောင်တင် ဟေ့ကောင် မောင်တင် ဟာ ဒီကောင်
သတိမေ့နေတာကွ”
“ဟေ့ကောင်တွေ ပြစမ်း ပြစမ်း”
စက်လှေသားကြီးတစ်ယောက်က အမိုးပေါ်က
ပြုတ်ကျလာတဲ့ လူကို စမ်းကြည့်နေတယ်။
“ဟေ့ကောင်တွေ ဒီကောင် အသက်မရှိတော့ဘူးကွ”
“ဗျာ”
စက်လှေသားတွေ့ရဲ့ အံ့သြတဲ့အသံတွေ ပေါ်လာတယ်
ကျုပ်တို့လည်း အရမ်းအံ့သြသွားကြတာပါပဲဗျာ။
ပင်လယ်စုန်းဆိုတာ မီးလုံးကြီးတစ်လုံးပဲ ။
ဒါပေမယ့် သူကို ထိုးဝါးနဲ့ တက်ထိုးတဲ့ လူတွေ
တစ်ယောက်ကို ဖျက်ကနဲ သတ်ပစ်လိုက်တာ
ကျုပ်မျက်စိရှေ့မှာပဲလေ။ ကျုပ် ဘာလုပ်ရမလဲလို့
တွေးနေတယ်။ဒီအတိုင်းဆိုရင် ဒီစက်လှေမှာပါတဲ့
လူတွေအားလုံး ဒုက္ခရောက်တော့မှာပဲ။
အဘစံမောင်ကလည်း မျက်နှာတော်,တော်ပျက်နေပြီဗျ။
“ကဲ ဟေ့ လူတွေ ကျုပ်ကို မှိန်းတစ်ချောင်း ပေးကြပါဗျာ
ခင်ဗျားတို့ စက်လှေမှာ ပါတယ်မို့လား”
စက်လှေသားတွေက ကျုပ်ကို ဝိုင်းကြည့်နေကြတယ်။
ပြီးတော့မှ…
“အေး မှိန်းကတော့ တစ်ချောင်းမကဘူး ဆယ်ချောင်း
လောက်ရှိတယ်။ဒါပေမဲ့ ငါတို့လူ သေသွားတာ
မင်းမြင်တယ် မဟုတ်လား ကောင်လေး မိုက်ရူးရဲ
မလုပ်နဲ့”
စက်လှေသားကြီးက ကျုပ်ကိုပြောတော့ ကျုပ်က
စိတ်တိုလာရောဗျို့။
“ဒီမှာ ဟေ့လူ ကျုပ် အားလုံးမြင်တယ်။မိုက်ရူးရဲလုပ်မှာ
မဟုတ်ဘူး ကျုပ်ပိုင်လို့ ကျုပ်လုပ်မှာ ခင်ဗျားတို့
အားလုံး ဒုက္ခမဖြစ်ချင်ရင် မှိန်းတစ်ချောင်း မြန်မြန်
သြားယူခဲ့”
ကျုပ်က ခပ်တင်းတင်းပြောတော့မှ သူ့လူတစ်ယောက်ကို
လှည့်ပြောတယ်
“ဟေ့ကောင် စံမြ ငါမှိန်းသွားယူပေးလိုက်စမ်းကွာ”
ကျုပ်မှာ ကိုယ်နှင့်မကွာ အမြဲဆောင်ထားတဲ့ ပစ္စည်း
နှစ်မျိုးရှိတယ်။
မျက်ကွင်းဆေးတောင့်နဲ့ သစ်စုန်းဆေးတော်ကြီးလေဗျာ။
ပြီးတော့ ရွှေမှတ်တင်တဲ့ မှတ်ကျောက်ပြားကလေး
တစ်ချပ်လည်းပါတယ်ဗျ။ဆေးသွေးဖို့ ယူထားတာလေ။
ကျုပ်လည်း မျက်ကွင်းဆေးကိုထုတ်ပြီး သွေးတယ်။
ပြီးတော့ ကျုပ်ရဲ့မျက်စိတွေကို ကွင်းလိုက်တယ်။
နောက်တစ်ခါ သစ်စုန်းဆေးတော်ကို မှတ်ကျောက်ပြားပေါ်မှ
သွေးပြီး စံမြ ဆိုတဲ့လူယူလာတဲ့ သုံးခွမှန်းရဲ့
သံချွန်းသုံးလေးချောင်းပေါ်မှာ သုတ်လိမ်းလိုက်တယ်။
သစ်စုန်းဆေးတော်ကို ဘယ်လိုနာနာဘာဝမှ
မခံနိုင်ဘူးဆိုတာ ကျုပ်အတတ်သိပြီးသားလေဗျာ။
ဆေးတော်တွေကို ကျကျနန ပြန်သိမ်းလိုက်ပြီးတော့
ပုဆိုးကို ခါးတောင်းကျိုက်လိုက်တယ်။
“ကောင်လေး ကောင်လေး”
စက်လှေသားကြီးက ကျုပ်ကို စိတ်မချသလို
ကြည့်ပြီးပြောတယ်။အဘဦးစံမောင်ကလည်း
ပြောတယ်ဗျ။
“မောင်တာတေ သတိထားဟေ့ ကျုပ် ဒီကနေ
ပြည်တော်ပြန်ဂါထာ ရွတ်ပေးထားမယ်”
“ဟေ့ကောင် တာတေဖြစ်ပါ့မလား”
ကိုဆိတ်ဖွားကလည်း အသံတွေတုန်ပြီး ပြောတယ်။
“ဘာမှမစိုးရိမ်နဲ့ ကိုကြီးဆိတ်ဖွား ဒီမကောင်းဆိုးဝါးကို
ရှင်းမပစ်ရင် စက်လှေတစ်စင်းလုံး ဒုက္ခရောက်တော့မှဗျ
ကဲ လှေကားက ဘယ်မှာတုံး”
စက်လှေသားကြီးက ကျုပ်ကို အမိုးပေါ်တက်တဲ့
လှေကားလိုက်ပြတယ်။ကျုပ် ဘာမှစဉ်းစားမနေဘဲ
အမိုးပေါ်ကို တက်လာခဲ့တယ်။အမိုးပေါ်ရောက်တော့
တဝူးဝူးတိုက်နေတဲ့ ပင်လယ်လေထဲမှာ လဲကျမသွားအောင်
မနည်းကိုထိန်းပြီး ရပ်နေရတာဗျ။အလံတိုင်ထိပ်ဖျားက
မီးလုံးကြီးကို မျက်ကွင်းဆေးကွင်းထားတဲ့
မျက်လုံးတွေနဲ့ ကျုပ် သေသေချာချာကြည့်လိုက်တယ်။
“ဟာ ဘာကောင်ကြီးတုံး”
လို့ ကျုပ်ပါးစပ်က လန့်အော်မိတဲ့အထိပဲဗျို့။
အလံတိုင် ထိပ်ဖျားမှာ ငုတ်တုတ်ကြီး ထိုင်နေတာဗျ။
မည်းမည်းလုံးလုံး အကောင်ကြီးဗျို့။ မျက်လုံးကြီးတွေက
လင်ကွင်းဝိုင်းလောက်ရှိတယ်။ပါးစပ်ကြီးက
နည်းတာကြီး မဟုတ်ဘူး။
အစွယ်ကြီးတွေဆိုတာ ဖွေးနေတာပဲဗျာ။
ကိုယ်ကတော့ ငါးလို ပြောင်ချောနေတာဗျ။
ဒီကောင် ရေထဲမှာနေတဲ့ အကောင်ဆိုတာ သေချာတယ်။
ကျုပ်တို့ ငယ်ငယ်က ပုံပြင်တွေထဲမှာနေတဲ့
ရေသရဲဆိုတာများလားလို့ ကျုပ်တွေးနေမိတယ်။
သူရဲ့မျက်လုံးတွေက ထွက်နေတဲ့ နီနီအရောင်ကြီးကို
လူတွေ မြင်ရတာဗျ။ အကောင်ကို မြင်ရတာ
မဟုတ်ဘူး။ကျုပ်သာ မျက်ကွင်းဆေး ကွင်းထားလို့
မြင်ရတာ။
အကောင်ကြီးကလည်း စက်လှေအမိုးပေါ်မှာ ရပ်နေတဲ့
ကျုပ်ကို သေသေချာချာကို ကြည့်နေတာဗျ။
ကျုပ်ကတော့ ရပ်နေတဲ့ နေရာကနေ သက်ဆိုင်ရာ
ပုဂ္ဂိုလ်တွေကို တိုင်တည်လိုက်တယ်။
l”ဒီပင်လယ်ကြီးစောင့်တဲ့ ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျား
စက်လှေပေါ်မှာ ပါလာတဲ့ လူတွေရဲ့ အသက်အန္တရာယ်ကို
ကာကွယ်လိုတဲ့ စေတနာနဲ့ ဒီသတ္တဝါဆိုးကြီးကို
ကျွန်ပ်တာတေက နှိမ်နင်းပါတော့မယ် ကျုပ်ကို
နှိမ်နင်းခွင့်ပြုကြပါဗျာ”
aကျုပ်ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်တယ်။
ပြီးတော့ နောက်တစ်လှမ်း။လက်ထဲက မှိန်းကိုလည်း
အသင့်ပြင်ပြီး ဆကြည့်လိုက်တယ်။ကျုပ်ကိုင်ထားတဲ့
လက်နက်ရဲ့ အလေးအပေါ့နဲ့ ကျုပ်ရဲ့အားကို
ပေါင်းစပ်ရမှာဆိုတော့ ချိန်ဆကြည့်ရတော့တာပေါ့ဗျာ
tအလံတိုင်ထိပ်က လူလိုလို ငါးလိုလို အကောင်ကြီးကတော့
အခုအထိ မလှုပ်သေးဘူးဗျ။ကျုပ်ကိုပဲ စိုက်ကြည့်နေတာ။
kကျုပ် နောက်တစ်လှမ်း ထပ်တိုးတယ်။ပြီးတော့
နောက်တစ်လှမ်း နောက်တစ်လှမ်း။ အို အနားကို
ကပ်လာတော့မှာပဲ ညှီစော်ကြီးနံလိုက်တာဗျာ။
ပင်လယ်ထဲက ငါးညှီထက် အဆအများကြီး ပိုညှီတယ်။
“ဂီး ဂစ် ဂစ် ဂိ”
ဟာ ဆိုးလိုက်တဲ့ အသံကြီးဗျာ။ကျုပ်ဖြင့်
နားကွဲသွားမလားတောင် ထင်လိုက်ရတယ်။
ဟော လှုပ်လာပြီဗျို့။ဟော ကျုပ်ဆီကို
ခုန်အုပ်တော့မယ် ထင်တယ်။ ဟာ မဟုတ်ဘူးဗျ။
ကြည့်စမ်း ကြည့်စမ်း ဒီကောင် လေထဲမှာလည်း
ပျံလို့ရတာကိုး။မည်းမည်းပြောင်ပြောင် ကိုယ်လုံးကြီး
ဘေးမှာ ကပ်နေတဲ့ အတောင်ပံကြီးတွေ ပါတာဗျ။
လင်းနို့တောင်ပံတွေလိုပဲ။ဒါပေမဲ့ လူတွေက ဒါကို
မမြင်ရဘဲ မျက်လုံးက ထွက်နေတဲ့ အလင်းရောင်ကိုပဲ
မြင်ရတော့ မီးလုံးကြီးလို့ပဲ ထင်ကြတာပေါ့ဗျာ။
ဒီကောင် အပေါ်ကို ထပျံသွားတာဗျို့။
ဟာ မဟုတ်ဘူးဗျ။ကျုပ်ဘက်ကို ပြန်ပြီးလှည့်လာပြီ။
သြော် လက်စသတ်တော့ ဒင်းက ဒီလိုကိုး။
ကျုပ်ကို ကုတ်ချီပြီး ရေထဲကို ဆွဲချသွားမှာဗျ။
hဒီကောင်မှာ သိမ်းငှက်ခြေထောက်လို ခြေသည်းချွန်ကြီး
တွေ ပါတယ်။သြော်…အဘဦးစံမောင် ပြောပြတုန်းက
အလောင်းတွေ နားကို မီးလုံးကြီးတွေ ကပ်သွားပြီး
အလောင်းတွေ ပျောက်သွားတယ်ဆိုတာ
အတောင်ပျံကြီးတွေနဲ့ အုပ်ပြီး ခြေသည်တွေနဲ့
ကုတ်ချီသွားတာ ဖြစ်မယ်ဗျ။
ဟာ လာပြီဗျို့ ။ ဒီကောင် ကျုပ်တည့်တည့်ကို
ထိုးဆင်းလာပြီး။ မသိရင်တော့ မီးလုံးကြီး ပျံလာတာလို့ပဲ
ထင်မှာပေါ့ဗျာ။
ကျုပ်ကလည်း သစ်စုန်းဆေးတော် သုပ်ထားတဲ့
သုံးခွမှိန်းကို အဆင့်သင့်ပြင်ပြီး စောင့်နေတယ်။
ကျုပ်ခြေထောက်တွေကို အနေအထားပြင်ပြီး ကျုပ်ရဲ့
တစ်ကိုယ်လုံးက အားတွေကို လက်ကို ပို့လိုက်တယ်။
ထိုးဆင်းလာပြီး။ဆင်းလာပြီ။ ကျုပ်တစ်ကိုယ်လုံးအားနဲ့
အကောင်ကြီးရဲ့ ရင်ဝကို သုံးခွမှိန်းကြီး ထိုးသွင်းလိုက်
တယ်။
“ဂီး…ဂီး…အီး အစ် အစ်”
အော်လိုက်တဲ့ အသံကြီးဗျာ ကျုပ်ဖြင့် နားကွဲမလား
တောင် ထင်ရတယ်။
ထိုးဆင်းလာတဲ့ အကောင်ကြီး တုံ့ကနဲ တန့်သွားပြီ
အပေါ်ကို နောက်ပြန်ကြီး တက်သွားတယ်။
ဒါပေမယ့် သစ်စုန်းဆေးတော်ကို ဒီလောကမှာ
ဘယ်လို နာနာဘာဝကောင်တွေ မခံနိုင်ပါဘူးဗျာ။
“ဝုန်း”
ပြုတ်ကျသွားပြီ။ ရေထဲကို ဝုန်းကနဲ မြည်အောင်
ကျသွားတာဗျို့။ကျုပ်ထိုးလိုက်တဲ့ သုံးခွမှိန်းကြီးတော့
အကောင်ြကီးရဲ့ ရင်ဝမှာ စူးလျက်သားကြီး ပါသွားလေရဲ့
ကျုပ်ဖြင့် ကြောင်ပြီး စက်လှေခေါင်မိုးပေါ်မှာ
မတ်တတ်ကြီး ဆက်ရပ်နေမိတယ်။
“မောင်တာတေ ဆင်းခဲ့တော့လေ’
အဘဦးစံမောင်ရဲ့ အသံကို ကြားတော့မှ
သတိပြန်ဝင်လာပြီး လှေကားကလေးနဲ့
ကျုပ်ပြန်ဆင်းခဲ့တယ်။
“ဝါး”
စက်လှေသားတွေက ကျုပ်ကို ပြေးပြီးမြှောက်ကြတယ်
ဒီတော့မှ ခရီးသည်တွေ နိုးလာပြီး ဟိုကြည့် ဒီကြည့်
ကြည့်နေကြတာပေါ့ဗျာ
“ဘာဖြစ်ကြတာတုံးဗျ။တယ်လည်း ဆူကြတာကိုး”
ပြီးတော့ ခါးတောင်းကျိုက်ကြီးနဲ့ ရပ်နေတဲ့
ကျုပ်ကိုလည်း ဝိုင်းကြည့်ကြတာပေါ့ဗျာ။
ဒီတော့မှ စက်လှေသားကြီးက
အကျိုးအကြောင်း အကုန်ရှင်းပြလိုက်တယ်။
သေသွားတဲ့ စက်လှေသားကိုလည်း ဝိုင်းကြည့်
ကြတာပေါ့ဗျာ။
အကြောင်းစုံ သိလိုက်တော့မှ ခရီးသည်တွေဟာ
ဘုရားတ,သူတ ရင်ဘတ်ကိုဖိတဲ့သူ ဖိပေါ့ဗျာ။
ပင်လယ်စုန်းကြီး မရှိတော့ပေမယ့်
အဲဒီညက နောက်ထပ်ဘယ်သူမှ
ပြန်မအိပ်ရဲကြတော့ဘဲ ထိုင်ပြီး
စကားပြောနေကြရတာပေါ့ဗျာ။
ဘိတ်ကို စက်လှေကပ်တော့မှပဲ
သက်ပြင်းချနိုင်ကြတော့တာပေါ့ဗျာ။
“မောင်တာတေ ကျုပ်တစ်သက်မှာတော့
မင်းကို ဘယ်တော့မှ မဟုတ်ဘူးကွယ့်”
လို့ အဘဦးစံမောင်က ပြောပြီး နှုတ်ဆက်သွားလေရဲ့။

ပြီးပါပြီ