ရောက်လေခဲ့သည်။ ငှက်သိုက်ရှိနေခဲ့သော သစ်ကိုင်းနေရာဆီအသို့အရောက် အပင်ကြီးအောက်တွင် မော့ကြည့်နေခဲ့သော သူငယ်ချင်းဖြစ်သူ အေးမောင်ကိုပင် စိတ်ညစ်သွားခဲ့သည့် လေသံတို့ဖြင့် ထိုသို့ပြောဆိုလိုက်လေသည်။
“ဟာ… သွားပါပြီအေးမောင်ရာ… အသိုက်ကြီးက ကြီးလို့များ ဥတွေအများကြီးထင်တယ်။ တစ်လုံးတည်းရှိနေတယ်ကွ”
“မင်းငှက်က ဒီနေ့မှ စဥတာဖြစ်မှာပေါ့ကွ၊ ခြေယာလက်ယာမပျက်ထားခဲ့၊ နောက်နေ့ကြမှ ငါတို့လာပြန်နှိုက်ကြတာပေါ့”
“မဟုတ်ဘူးကွ… အသိုက်က ချိုး(ဂျိုး)သိုက်ကွ၊ ဝွပ်ထားတဲ့အရာတွေ့တယ်၊ ဝွပ်ပြီးသားဖြစ်လိမ့်မယ်နဲ့ထင်တယ်။ အကောင်ပေါက်သွားတဲ့ ဥအခွံတွေလည်းတွေ့တယ်ကွ။ င့ါအထင်၊ ဒီဥက အကောင်မပေါက်နိုင်တာဖြစ်လိမ့်မယ်။”
“ဒါဆိုနှိုက်လာခဲ့လေကွာ၊ တစ်လုံးရလည်း မနည်းဘူး”
“ဟင်… အေးမောင်၊ ဥက မာမာကြီးကွ၊ ကျောက်ခဲတုန်းကြီး ကြနေတာပဲ။ ရော့…. ငါပစ်ချလိုက်မယ်။”
“ဟာ… ဟေ့ကောင်၊ ပစ်မချနဲ့လေ၊ ကွဲသွားဦးမယ်။”
“မကွဲပါဘူးကွ၊ မင်းဟာက ကျောက်ခဲထက်တောင် မာနေတာချည်း”
ထိုသို့ပင်ပြောဆိုလိုက်လေရင်း၊ အပင်ပေါ်မှနေခါ အေးမောင်ရှိနေရာ အပင်အောက်ဆီသို့ ဇော်မင်းတစ်ယောက် ပစ်ချပေးလိုက်လေတော့သည်။ အပင်ကြီးဟာ အနည်းငယ်မြင့်မားနေသည်ကြောင့် အပင်အောက်၌ရှိနေခဲ့သော အေးမောင်မှာ ထိုဥကိုပင် ဖမ်းမမိခဲ့ချေ။ ချော်ထွက်သွားခဲ့ရင်း အပင်အောက်ရှိ ကျောက်ခဲတုံးနှင့်တောင် ထိမိသွားခဲ့ရလေသည်။ သို့သော်လည်း ငှက်ဥကြီးမှာ ကွဲရှသွားခြင်းမျိုးကိုပင် မဖြစ်ပေါ်ခဲ့ပေ။ ထို့ကြောင့် ဇော်မင်းသည်လည်း အပင်ပေါ်မှနေခါ လျင်မြန်စွာဖြင့် ပြန်လည်ဆင်းသတ်လာခဲ့ပြီး။
“ဟ… မင်းဟာက ငှက်ဥမှ ဟုတ်ရဲ့လားကွာ။ ဒီလောက်မာတာကြီး”
“ပြစမ်း… ဟုတ်တယ်ကွ၊ ငှက်ဥတော့ ငှက်ဥပဲ၊ ဒါ…ဒါမန္ဓေဥဖြစ်လိမ့်မယ်ထင်တယ်။ ဥပုံစံက ချိုးငှက်ရဲ့ဥ ပြီးတော့ အသိုက်ကလည်း ချိုးသိုက်ပုံစံ၊ သေချာသွားပြီး၊ ဒါ… ဒါဆိုဒီဥက ချိုးမန္ဓေပဲဖြစ်ရမယ်။”
“ဟင်… ဂျိုးမန္ဓေဟုတ်လား။ ဂျိုးမန္ဓေက ဘာလုပ်လို့ရလဲ၊ ဘာအသုံးဝင်တာလဲ”
“ဘကြီးဘုန်းကြီးရှိတုန်းကတော့ ပြောတာကြားဘူးတယ်ကွ၊ ချိုးမန္ဓေက ကာယသိဒ္ဓိပြီးတယ်တဲ့”
“ဟင်… ဟုတ်လား”
“သိပ်ဟုတ်တာပေါ့ကွ၊ ပေးစမ်းငါ့ကို… အဲ့ဒီဥ၊ ရော့… ဒီထင်းခုတ်ဓားနဲ့ မင်းငါ့ကိုခုတ်ကြည့်”
“ဟာ… မင်းရူးနေလား၊ ဓားနဲ့ခုတ်မှတော့ မင်းသေသွားမှာပေါ့ကွ”
“ခုတ်ပါဆိုကွာ၊ ခုတ်”
“ဟင့်…ဟင့်အင်း၊ ငါမခုတ်ရဲဘူး”
“ရော့… ဒါဆို မင်းဥကိုယူထားတယ်။ မင်းကိုငါ ဓားနဲ့ခုတ်ပြမယ်။”
“အောင်မလေး… မ…မလုပ်နဲ့ဟေ့ကောင်၊ ငါ…ငါမသေချင်သေးဘူး”
“ဟာ… ဒုက္ခပဲ၊ ပေးပေး ဓားပေး၊ ငါ့ဟာငါ ခုတ်ပြမယ်ကြည့်ထား”
“ဟာ… ဟေ့ကောင်၊ ဇော်…ဇော်ကြီး၊ မလုပ်..မလုပ်နဲ့လေ”
အေးမောင်ဟာ ငယ်စဉ်ကတည်းမှ ကြောက်တတ်သူတစ်ဦးဖြစ်သည့်အလား၊ ဇော်မင်း၏ပြောစကားများကိုပင် မယုံကြည်ခဲ့၊ ထို့ကြောင့် ဇော်မင်းမှာ အေးမောင်လက်အတွင်းမှ ထင်းခွေဓားကိုပင် လုယူလိုက်လေပြီး၊ မိမိကိုယ်မိမိ လည်ပင်းဆီသို့ အားပြင်းစွာ ခုတ်ပြလိုက်လေတော့သည်။
“ဟင်… ဇော်မင်း၊ မင်း… မင်းဘာမှမဖြစ်ဘူးနော်”
“ကဲ… တွေ့ပြီလား၊ ငါတို့ချိုးမန္ဓေရလိုက်တာကွ၊ ပြီးတော့ မန္ဓေဆိုတဲ့ ပစ္စည်းမျိုးက ထိုက်သူစံကွ၊ အခုဟာက ငါတို့နှစ်ယောက်နဲ့ထိုက်လို့ ငါတို့ရလိုက်တာပဲ။ ငါတို့မှာဒီပစ္စည်းရှိနေတာ၊ ရွာကလူတွေ သိသွားကြလို့မဖြစ်ဘူးနော်”
“အေးပါကွ… ဒါဆိုငါတို့အခု ဒီပစ္စည်းကို ဘာလုပ်ကြမှာလဲ”
“ဟ… ဘာလုပ်ရမှာတုန်းကွ၊ ဒီလောက်အစွမ်းထက်တဲ့ ပစ္စည်း၊ မင်းကိုယ်တွေ့ပဲလေ၊ ဒီတော့ ဒီပစ္စည်းကို စျေးကောင်းပေးတဲ့သူရှိရင်၊ ငါတို့ရောင်းမယ်။ ပြီးရင် မင်းနဲ့ငါနဲ့ တစ်ယောက်တစ်ဝက်ဆီ တို့ခွဲယူကြတာပေါ့။ ဘယ်လိုလဲ မင်းသဘောတူလား။”
“လုပ်ကွာ… ဒါဆိုလည်း မင်းသဘောပဲ။”
နှစ်ဦးသား တိုင်ပင်ပြောဆိုလေခဲ့ရင်း၊ မိမိတို့၏ရွာလေးဆီသို့ပင် ပြန်လည်ဦးတည်လာခဲ့ကြလေသည်။ ထင်းခွေရောင်း၍ ရရှိလာခဲ့သော ငွေလေးများဖြင့် ထန်းတောကြီးအတွင်း၌ တစ်နေ့ကုန်ခါ၊ လက်ထဲ၌ရှိနေခဲ့သော ငွေများစွာ မကုန်မချင်း ရွာလည်မှ ကြက်ဝိုင်းလေးအားလည်း ဝင်ရောက်နွှဲလိုက်လေသေးသည်။ ကြက်ဝိုင်းတွင်လည်း လောင်းကြေးများစွာ ရှုံးနိမ့်ခဲ့ရ၏။ ဖဲဝိုင်းဆီသိုပ ရောက်ပြန်တော့လည်း မည်သို့ပင် ဖဲလိမ်ရိုက်ခဲ့ပါစေ ပါလာသမျှ ငွေလေးများစွာ ဆုံးရှုံးသွားခဲ့ရလေ၏။ ထိုနေ့တစ်နေ့လုံးတွင် ပြုလုပ်သည့် လောင်းကစားပေါင်းစုံသည်လည်း တစ်ပွဲလေးမျှမနိုင်၊ ရှုံးနိမ့်နေခဲ့ရသည်ကြောင့် ဇော်မင်းနှင့်အေးမောင်တို့မှာ ရွာထိပ်ကောက်ရိုးပုံအနီး၌ နှစ်ဦးသား စိတ်ပျက်စွာဖြင့် ထိုင်ချလိုက်လေပြီး။
“ဟူး… ဘယ်နှဲ့ဖြစ်ရတာတုန်းကွာ၊ ခါတိုင်းနေ့တွေနဲ့ မတူပါလား။ ညနေ ထန်းရည်ဖိုးတောင်မရှိတော့ဘူး။ စိတ်ညစ်တယ် အေးမောင်ရေ။ ဘယ့်နှဲ့လုပ်ကြမတုန်း။ ငါထင်တာတော့ ဒီဥကြောင့်များလားမသိဘူး။ ဆရာတော်ဘုရားပြောဘူးတယ်ကွ။ ချိုးမန္ဓေက ကာယသိဒ္ဓိပြီးပေမယ့် လာဒ်အရမ်းပိတ်တာတဲ့၊ ဒီဥကြောင့်များလား”
“ဟာကွာ… ဘာဆိုင်လို့တုန်း။ ငါတို့ဟာ ငါတို့ကံမကောင်းလို့ ရှုံးရတာ၊ မဆိုင်တဲ့ ဥကိုသွားပြောနေတယ်။”
“ဒါဆိုလည်း တစ်ခုခုကြံပါဦးကွ၊ ညနေ ထန်းရည်မသောက်ရရင် မင်းနေနိုင်လို့လား”
“မနေနိုင်ဘူးကွ၊ နေပါဦးကွာ၊ ဒီနားမှာ တစ်ရေးလောက်အိပ်ပြီးမှ ညနေအတွက် ငွေလေးဘာလေး ရှာကြတာပေ့ါ။”
“အိပ်ကွာ… ငါလည်းအိပ်မယ်။ ညနေမှ ထန်းရည်ဖိုးမရရင်၊ ထုံးစံအတိုင်း ကိုတွကြီးဆီမှာ အကြွေးသောက်ရတော့မှာပေါ့”
စိတ်ပျက်၊လက်ပျက်ဖြင့် နှစ်ဦးသားပြောဆိုလေကြရင်း၊ ကောက်ရိုးပုံလေး နံဘေးတွင်မူ ကျောခင်းချလိုက်လေသည်။ ထိုချိန်မှစတင်လေရင်း တစ်ရွာလုံးတွင်လည်း ကောင်းမွန်စွာ ရရှိနေခဲ့သည့် ရေများမှ လျပ်တပျက် ပျက်တောက်သွားခဲ့ရလေတော့သည်။ ထို့ကြောင့် ရွာသားများသည်လည်း ရွာလူကြီးထံသို့ သွားရောက်ကြလေပြီး၊ ရွာထိပ်တွင် ရှိနေခဲ့သော ပင်ရင်းဂျိုးဖြူ ရေပိုက်ကြီးဆီမှ တစ်စုံတစ်ခု ဖြစ်နေခဲ့ပြီဟူ၍ လာရောက်ကြည့်ရှု့ကြလေသည်။ ရွာလူကြီးအပါအဝင် ရွာသားများသည်လည်း ရွာထိပ်ဆီသို့ရောက်ရှိလာကြခါ၊ ရွာထိပ်ကောက်ရိုးပုံနံဘေး လဲလျောင်းနေကြသော ဇော်မင်းနှင့်အေးမောင်တို့ကိုပင် မြင်တွေ့လိုက်ရ၏။
“ဟာ… ဟေ့ကောင်တွေ ထကြစမ်း”
“ဟင်… ဘယ်သူတုန်”
“သြော်… လူကြီး၊ ဘာတုန်းဗျ”
“ဘာဖြစ်ရမှာတုန်းက ရွာထဲမှာရေမလာတော့ဘူး၊ ဖယ်ကြစမ်း”
“ဟင်… ရွာထဲမှာရေမလာတာနဲ့ ကျုပ်တို့အိပ်နေတာနဲ့ ဘာဆိုင်လို့တုန်းဗျ”
“ဟ… မင်းတို့အိပ်နေတဲ့ အောက်၊ မြေကြီးထဲမှာ ပင်ရင်းပိုက်ဇုံရှိနေတယ်ကွ၊ ဘာဖြစ်နေလဲဆိုတာ ကြည့်မလို့…”
“အောင်မလေးကွာ.. ဒီနေ့ကံမကောင်းချက်ကတော့ တစ်နေ့ကုန်ပါပဲလား။ အိပ်တာတောင် ကောင်းကောင်းမအိပ်ရဘူး”
ထိုသို့ညည်းထွားပြောဆိုလေခဲ့ပြီး ဇော်မင်းနှင့်အေးမောင်တို့သည်လည်း ထိုနေရာဆီမှ ခေတ္တဖယ်ရှားပေးလိုက်၏။ ထို့ကြောင့် ရွာသားတစ်ဦးသည်လည်း မြေကြီးအောက်တွင် ရှိနေခဲ့သော ရေပိုက်ဘားကိုပင် ကြည့်ရှု့ရန်အတွက် အသင့်ယူဆောင်လာခဲ့သော ပေါက်တူးဖြင့် စတင်တူးဆွလေခဲ့သည်။ ထိုအချိန်တွင်းမှာပင် ရေလာ/မလာ စမ်းသပ်နေခဲ့သည့် ရွာထိပ်ရေပိုက်ခေါင်းမှ ရွာသားတစ်ဦးမှ ထိုကဲ့သို့ပင် အော်ဟစ်ပြောဆိုလိုက်လေသည်။
“ထွန်းမောင်.. ဆက်မတူးနဲ့တော့ကွ၊ ရေပြန်လာနေပြီ”
“ဟေ”
မြေကြီးဆီသို့ ပေါက်တူးလေးဖြင့် သုံးလေးချက်မျှ ပေါက်လိုက်ရသေးသည်။ ပျက်တောက်နေခဲ့သော ရေလိုင်းများမှ ချက်ချင်းသာလျင် ပြန်လည်ရရှိလာခဲ့၏။
“ရပြီဟေ့ကောင်တွေ၊ မင်းတို့နေရာ မင်းတို့ပြန်အိပ်ကြတော့၊ ရေဘာဖြစ်သွားမှန်းမသိဘူး”
“ပြီးရောဗျာ… ခတ်တယ်၊ခတ်တယ်၊ ကိုယ့်ဟာကို စည်းစိမ်လေးယူပြီး အိပ်နေကြတုန်းရှိသေးတယ်။ ငါတို့အိပ်မိနေတဲ့နေရာက အဓိကနေရာဖြစ်နေရတယ်လို့…”
“ဟုတ်ပါ့ကွာ… မင်းပြောသလိုပဲ၊ ဒီနေ့ ငါတို့တော်တော်ကံနိမ့်နေကြပါလား”
ထိုသို့ပင်ညည်းထွားပြောဆိုနေကြပြီး ထိုနေရာလေးတွင်သာ ပြန်လည်အိပ်စက်လိုက်ကြပြန်သည်။ မကြာခင်အချိန်တွင်းမှာ ထိုနေရာလေးဆီသို့ ရွာလူကြီးနှင့် ရွာသားများသည်လည်း ထပ်မံရောက်ရှိလာခဲ့ကြပြန်သည်။
“ဟေ့ကောင်တွေ… ထကြဦး၊ ရေပြန်ပျက်သွားပြန်ပြီး၊ မဟုတ်မှလွဲရော… မင်းတို့နှစ်ကောင် နောက်နေကြတာလား”
“ဟာဗျာ… ပေါက်ပေါက်ရှာရှာ၊ လူကြီးကလည်း ကျုပ်တို့က ဘာလို့နောက်ရမှာတုန်းဗျ။”
“အေးကွ… အခုန၊ ရေပြန်လာလို့ ငါတို့ရွာထဲပြန်ဝင်တုန်းရှိသေးတယ်။ အခုရေပြန်ပျက်သွားတာနဲ့ ထပ်လာကြည့်တာ။ ဒီမှာအိပ်မနေကြပါနဲ့ကွာ၊ ဟုတ်ပြီ မင်းတို့ကြည့်ရတာ ပိုက်ဆံပျက်နေကြပြီနဲ့ထင်တယ်။ ဟုတ်လား”
“ဒါပေါ့ဗျ၊ ပိုက်ဆံမရှိလို့ ဒီမှာကျုပ်တို့လာအိပ်နေကြတာ၊ မဟုတ်လို့ကတော့ ငဇော်နဲ့ငအေးကို ခင်ဗျားတို့ ဖမ်းမိမှာတောင် မဟုတ်ဘူး။ လူကြီး… ဘဘ.. သားတို့ကို ဘဘမုန့်ဖိုးမပေးတာ တော်တော်ကြာနေပြီနော်။ သားတို့ကိုမုန့်ဖိုးပေးပါလား။”
“အောင်မာ… ဟေ့ကောင်တွေ လာမဖားကြနဲ့ ပုံမှန်တိုင်းဆက်ဆံ၊ ရော့..ရော့၊ မင်းတို့အရပ်တကာ လှည့်ပြီးမူးမနေကြနဲ့ဦး”
“ဟ… ကျေးဇူးပဲလူကြီးရာ၊ မမူးပါဘူးဗျ။ ကျေးဇူးပဲ သွားပြီးဗျို့”
ငယ်စဉ်ကတည်းမှ မိမိ၏သားသမီးများကဲ့သို့ သဘောထားခါ မုန့်ဖိုးပေးနေတတ်သည့် ရွာလူကြီးသည်လည်း အေးမောင်နှင့်ဇော်မင်းကိုမူ မုန့်ဖိုးပေးလျက်၊ ထိုနေရာဆီမှ ထွက်ခွာသွားပေးရန် ပြောဆိုခဲ့ရလေတော့သည်။ ထိုသူတို့၏လက်အတွင်းသို့ ငွေလေးအနည်းငယ် ရရှိလာပါက အပြေးသွားရောက်တတ်သည်က ရွာလည်မှကိုငြိမ်းချမ်း၏ ဖဲဝိုင်းဆီသို့ပင်ဖြစ်သည်။
“ဟ… ကိုးပဲဟေ့”
“ကဲကဲ… ကိုးထက်ကြီးတာ မရှိရင်စားမယ်နော်’
“ဟ… သေလိုက်ပါတော့ ဇော်မင်းရာ… ဒီအလှည့်မှ ရှစ်လာဖြစ်နေတယ်။”
“ကဲ.. ဇော်မင်း… ဘယ်လောက်လဲ၊’
“ဘာမှမေးမနဲ့ကွာ… စား၊ ရှစ်ပေါက်ပဲရှိတယ်။”
“ကဲကဲ… တစ်ဝိုင်းလုံးစားပြီနော်”
ထိုနေ့တစ်နေ့လုံး ကံဆိုးနေခဲ့သည်က အေးမောင်နှင့်ဇော်မင်းတို့ပင်ဖြစ်လေသည်။ ဒိုင်ကိုင်သူဟာ နှစ်ပေါက်ဆိုလျင်၊ ထိုသူတို့မှာ တစ်ပေါက်တည်းဖြင့်ရှုံးနိမ့်ခဲ့ရပြီး၊ ဒိုင်ကိုင်သူမှာ ကိုးပေါက်ဆိုလျင်၊ အေးမောင်တို့မှာ ရှစ်ပေါက်တည်းနှင့် ရှုံးနိမ့်ခဲ့ရသည်ကြောင့် လွန်စွာဒေါသထွက်လာခဲ့လေပြီဖြစ်သည်။ လက်အတွင်း၌ရှိနေခဲ့သော ငွေများသည်လည်း တစ်ပွဲမှမနိုင်၊ ရှုံးနိမ့်ခဲ့ရသည်ကြောင့် တပြားတစ်ချပ်မှမရှိတော့ချေ။ နှစ်ဦးသား ချွေးသီး၊ချွေးပေါက်များသည်လည်း စီးကျနေခဲ့ကြလေ၏။
“ကဲ… အေးမောင်နဲ့ဇော်မင်း၊ ရှိသေးလား။ ငွေမရှိတော့ရင် ဝိုင်းထဲကနေ ဖယ်ပေးတော့”
“ဖယ်ဖယ်… ဟေ့ကောင်တွေ၊ ငါတို့ဝင်မယ်။”
“ကိုသာဒင်… ကျုပ်တို့ကိုငွေနည်းနည်းလောက် ချေးပါလားဗျ၊ ကျုပ်တို့မပြန်ချင်သေးဘူး။ ဆက်ကစားချင်သေးတယ်။”
“ဘာ… ဘာပြောလိုက်တယ်။ မင်းတို့ကို ငါက ငွေချေးရမယ်ဟုတ်လား။ ဟားဟားဟား…. အလုပ်မရှိမကိုင်မရှိ၊ မင်းတို့လိုကောင်မျိုးတွေကို ငါကချေးစရာလားကွ၊ သွားသွားရှုံးရင်လည်း ပြန်အိပ်ကြတော့…”
“ဖယ်စမ်းကွာ… ဘူကောင်တွေ၊ ငွေမရှိရင် ဝိုင်းထဲကဖယ်ကြတော့….”
ဖဲရှုံးထားသည်ကြောင့် ညစ်နေသည်က တစ်ကြောင်း၊ ယခုအခါ မိမိတို့အား နိမ့်ချပြောဆိုလိုက်သည်က တစ်ကြောင်း၊ ဝိုင်းအတွင်းမှ ဝိုင်းဝန်းနှင်ထုတ်နေကြသည်က တစ်ကြောင်း ထို့ကြောင့် အေးမောင်နှင့်ဇော်မင်းတို့သည်လည်း ရှုံးမဲ မဲလျက် ဖဲဝိုင်းအတွင်း၌ ထိုးကြိတ်ရန်ဖြစ်ကြလေတော့သည်။ ချိုးမန္ဓေသိမ်းဆည်းထားခဲ့သော ဇော်မင်းအား ဖဲသမားတစ်ဦးမှ ဝါးရင်းတုတ်ဖြင့် ဦးခေါင်းဆီသို့ ရိုက်ချလိုက်လေသည်။ သို့သော် ဇော်မင်းမှာ နာကျင်သွားခဲ့ခြင်းမျိုးမရှိ၊ ခေါင်းသည်လည်း ပေါက်ပြဲသွားခြင်းမရှိခဲ့ချေ။ ထို့ကြောင့် ရိုက်နှပ်လိုက်သူသည်လည်း ကြောင်တောင်တောင်ဖြစ်သွားခဲ့ရ၏။ ထိုတင်မကသေး လူမိုက်တစ်ဦးမှ အသင့်ဆောင်ထားခဲ့သော ဓားမြောင်ဖြင့် ဇော်မင်း၏နောက်ကျောဆီသို့ အားကုန်ထိုးသွင်းလိုက်လေသည်။ ထိုအခါတွင်လည်း ဇော်မင်းတစ်ယောက် ဒဏ်ရာအနည်းငယ်လေးမျှတောင် မဖြစ်ခဲ့ပဲ၊ ထိုသူများကိုမူ ပြန်လည်ထိုးကြိတ်နိုင်ခဲ့ပေသည်။
ထို့ကြောင့် လူမိုက်များမှာ ဇော်မင်းနှင့်အေးမောင်တို့အား ဓားပြီး၊တုတ်ပြီးနေသည်ဟု အော်ဟစ်ပြောဆိုလျက် ပြေးကုန်ကြတော့သည်။ သို့မှသာလျင် ဖဲဝိုင်းအတွင်းမှ ပိုက်ဆံများအား အသာကလေး ကောက်ယူလျက် ထန်းတောအတွင်းသို့ ဦးတည်သွားခဲ့ကြလေ၏။ ထိုအချိန်မှ စတင်လေခဲ့ရင်း အေးမောင်နှင့်ဇော်မင်းတို့မှာ ဓားပြီး၊တုတ်ပြီးကြသည်ဟူ၍ ရွာနီးခြောက်စပ်၊ ရွာတိုင်းလိုလိုတွင် နာမည်များစွာထွက်ပေါ်လာခဲ့ရလေတော့သည်။ မည်သည့်နေရာ၌ ခိုက်ရန်ဖြစ်ပွားနေကြသည်။ မည်သူများနည်း။ သွားရောက်ကြည့်ရှု့နေစရာ မလို၊ အေးမောင်နှင့်ဇော်မင်း။ မည်သည့်ရွာအတွင်းရှိ ကြက်ဝိုင်းတွင် ခိုက်ရန်ဖြစ်ပွားနေခဲ့ကြပေသည်။ မည်သူများနည်း။ သွားရောက်ကြည့်ရှု့နေစရာ မလို၊ အေးမောင်နှင့် ဇော်မင်းတို့ပင်ဖြစ်ကြလေသည်။ ခိုက်ရန်ဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများမှာလည်း အေးမောင်နှင့် ဇော်မင်းတို့မှာ မိုက်ကြေးခွဲလျက်၊ ချိုးမန္ဓေအစွမ်းဖြင့် လိုက်လံအနိုင်ကျင့်နေခဲ့ခြင်းမဟုတ်။
နာမည်ကြီး လူမိုက်များမှာ ဓားပြီး၊တုတ်ပြီးသည်ဟူသော ထိုသူတို့အား စမ်းသပ်သည့်အနေဖြင့်၊ စတင်ရန်စရာမှ ခိုက်ရန်ဖြစ်ပွားခဲ့သော ရန်ပွဲများပင်ဖြစ်သည်။ မီးလိုင်းပင်မဇုံနှင့် ရေလိုင်းပင်မဇုံတို့ အနီးသို့ ထိုသူနှစ်ဦး ဖြတ်သန်းသွားရောက်ခဲ့ပါက အားကောင်းစွာ ရရှိနေခဲ့သော လျပ်စစ်မီးများနှင့် ဂျိုးဖြူရေတို့မှာ ချက်ချင်းသာလျင် ရပ်တန့်ပျက်တောက်သွားခဲ့ရပေသည်။ ထိုသူတို့ထံ၌ ရှိနေခဲ့ကြသော ချိုးမန္ဓေ၏အစွမ်းများကြောင့်ဟူ၍ မည်သူများမှ မရိပ်စားမိခဲ့ချေ။ အရက်ဖိုးငွေမရှိ၊ လောင်းကစားလုပ်ရန်အတွက် ထိုသူတို့ထံတွင် ငွေများပျက်တောက်သွားပါက အေးမောင်နှင့်ဇော်မင်းတို့မှာ ရေလိုင်းဇုံ၊ မီးလိုင်းဇုံအနီးတွင် အိပ်စက်နေခဲ့သည်။ ထိုအခါ ရွာနီးခြောက်စပ်တစ်ခုလုံးတွင် ရေ၊မီးပျက်တောက်သွားခဲ့ပြီဖြစ်သည်။ ရွာသူရွာသားများသည်လည်း ရေ၊မီးပျက်တောက်သွားပါက အေးမောင်နှင့်ဇော်မင်းမှာ ရေလိုင်းဇုံ၊ မီးလိုင်းဇုံ အနီးတွင် အရက်ဖိုးမရှိပါသောကြောင့် လာရောက်အိပ်စက်နေကြပြီဟု ကောင်းစွာသိရှိလေခဲ့သည်။
ထိုအခါ ရွာသားများမှာ စုပေါင်းလျက်၊ ထိုသူနှစ်ဦးကိုပင် အရက်ဖိုးပေးလိုက်ပါက ထိုအနီးနားမှနေ၍ ထွက်ခွာသွားခဲ့ပြန်လေသည်။ သို့မှသာလျင် ရေ၊မီးများသည်လည်း ချက်ချင်းဆိုသကဲ့သို့ ပြန်လည်ရရှိလာခဲ့သည်။ ချိုးမန္ဓေ၏သိဒ္ဓိအစွမ်းဖြင့် ထိုသူနှစ်ဦးမှာ မည်သည့်မကောင်းမှု့ ဒုစရိုက်တစ်ခုမှ မပြုလုပ်ခဲ့ပေ။ ကာယသိဒ္ဓိအစွမ်းဖြင့် ခိုးဆိုးလုယက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း စသည့်အလုပ်များအားလည်း ပြုလုပ်ခဲ့ခြင်းမရှိ။ ငွေမရှိပါက မည်သူကိုမှ ဒုက္ခမပေး၊ ရေလိုင်းဇုံ၊ မီးလိုင်းဇုံအနီးတွင်သာ အိပ်စက်လျက် ဆန္ဒပြလေခါ တောင်းယူတတ်ခြင်းပင်ဖြစ်လေသည်။ သို့သော် ကာယသိဒ္ဓိပြီးမြောက်သည့် ချိုးမန္ဓေရရှိခဲ့သည့်နောက်ပိုင်း အေးမောင်နှင့်ဇော်မင်းတို့မှာ ကိုယ်ပိုင်ချွေးနည်းစာဖြင့် မည်သို့မှပင် ပိုက်ဆံရှာမရခဲ့ပေ။
ထို့ကြောင့် ဇော်မင်းမှာမူ ကိုယ်ပိုင်အိမ်ယာလေးများ ရောင်းချထားခဲ့သော သူငယ်ချင်းဖြစ်သူ အေးမောင်ဆီမှ ဆန်၊ဆီ၊ဆေး စသည့်ပစ္စည်းများကိုပင် နေ့ရက်တိုင်း ချေးငှားနေခဲ့ရလေသည်။ သူငယ်ချင်းဖြစ်သူ အေးမောင်မှ ဇော်မင်းကိုပင် ချေးငှားခြင်းမဟုတ်၊ အလကားပေးခြင်းဟု ပြောဆိုလာခဲ့သော်လည်း ဇော်မင်းမှာမူ အလကားယူခြင်းသာမဟုတ်၊ သူတစ်ယောက်ပြေလည်သည့် အချိန်ခါမျိုးတွင် ပြန်လည်ပေးဆပ်ပါမည် ပြောဆိုထားခဲ့ပေသည်။ အေးမောင်သည်လည်း ဇော်မင်းထံသို့ ချေးငှားထားသည့် ပိုက်ဆံများကိုပင်၊ ပြန်ဆပ်လာလျင် ယူပါမည်။ ပြန်လည်မဆပ်ခဲ့လျင်လည်း သူငယ်ချင်းဖြစ်သူထံမှ တောင်းယူနေမည်မဟုတ်ဟု ဆုံးဖြတ်ချက်ချထားလေခဲ့၏။
တစ်နေ့.. ရွာထိပ်တွင် တည်ထားလျက်ရှ်ိသော ရွာဦးစေတီတော်ကြီးမှာ အနည်းငယ် ပျက်စီးယိုယွင်းနေပြီဖြစ်သောကြောင့် ပြန်လည်ပြုပြင်ရန်အတွက် မြို့ကြီးဆီမှ ဘုန်ကြီးတစ်ပါးကိုပင် သွားရောက်ပင့်ဆောင်လာခဲ့ရပေသည်။ ထိုဘုန်းကြီးမှာ ဗဟုသုတလွန်စွာကြွယ်ဝသော ရဟန်းတစ်ပါးပင်ဖြစ်ပေသည်။ ရွာလူကြီးများနှင့် စကားဆက်စပ်မိရာမှ မိမိတို့ရွာတွင် လူထူးလူဆန်းနှစ်ဦးရှိကြောင်း ဘုန်းဘုန်းကိုပင် လျောက်တင်မိလေသည်။ ထိုအခါ ဘုန်းကြီးသည်လည်း ထိုသူနှစ်ဦးကိုပင် မြင်တွေ့့ချင်ပါသည်ဟု မိန့်ကြားလာခဲ့သည်ကြောင့် ရွာသားများမှာ အေးမောင်နှင့်ဇော်မင်းတို့ကိုပင် နေရာအနံ့သွားရောက် ရှာဖွေလာခဲ့ရပေသည်။ ထို့နောက် ဘုန်းကြီး၏အရှေ့မှောက်ဆီသို့ ခေါ်ဆောင်လာခဲ့ရလေပြီး၊ ဘုန်းကြီးနှင့်ထိုသူနှစ်ဦးမှာ စကားများစွာ ပြောဆိုဖြစ်ခဲ့ကြလေ၏။
“တင်ပါ့ဘုရား၊ ဇော်မင်းနဲ့အေးမောင်ဆိုတာ သူတို့ပါပဲ”
“ဟဲ့… ဒကာကြီးတို့.. ဘယ်နှဲ့ဖြစ်နေကြတာတုန်းကွယ့်”
“တင်…တင်ပါ့ဘုရား၊ တပည့်တော်တို့… ဒါ…ဒါသောက်ထားကြလို့.. အရှင်… အရှင်ဘုရားကို အားနားလို့ပါဘုရား”
“အားနာရင် အစကတည်းက မလုပ်နဲ့ပေါ့ကွယ်”
“တပည့်တော်တို့ ညစ်နေလို့ပါဘုရား”
“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်တို့ ညစ်လုံးလုံးပြီး၊ သောက်ထားကြတာပါ”
“ဟော့… ဒါဆိုဒကာကြီးတို့ကို ဘုန်းကြီးတစ်ခုမေးမယ်”
“မေး… မေးပါဘုရား..”
“တကာကြီးတို့ အကျီတွေညစ်ပတ်ရင် ဘာလုပ်ကြလဲ”
“လျော်ပါတယ်ဘုရား..”
“ခေါင်းညစ်ပတ်ရင်ရော…”
“လျော်ရတာပါပဲဘုရား..”
“ဟုတ်ပြီ၊ ဒါဆိုဒကာကြီးတို့ အခုညစ်နေကြတာကို ဘာဖြစ်လို့ မလျော်ပဲညစ်လုံးလုံးနေရတာလဲ”
“တင်ပါ့ဘုရား၊ တပည့်တော်တို့နှစ်ယောက်ကို ဘယ်သူကမှ အကောင်းမမြင်ကြဘူးဘုရား”
“တပည့်တော်တို့နှစ်ယောက်ကို ဘယ်သူကမှလည်း လူရာမသွင်းကြဘူးဘုရား… တပည့်တော်တို့နှစ်ယောက်ကို အသုံးမကျဘူးလို့ ထင်နေကြတယ်ဘုရား”
“အသုံးကျတဲ့သူဖြစ်ချင်ရင် အသုံးကျအောင်နေပေါ့ဒကာတို့ရ၊ အလုပ်မမြဲတာဟာ… အမြဲမလုပ်လို့ပေါ့၊ လူတွေက အကောင်းမမြင်တာဟာ… ကိုယ်က အကောင်းမလုပ်လို့ပေါ့”
“အရှင်ဘုရား… လူတွေက တပည့်တော်တို့နှစ်ယောက်ကို ဘယ်သူကမှ တန်ဖိုးရှိတယ်လို့ မထင်ကြဘူး။”
“ဟုတ်ပါတယ်ဘုရား၊ တပည့်တော်တို့ပြောတဲ့ စကားဆိုရင် ဘယ်သူကမှ တန်ဖိုးမထားကြဘူး”
“ဟုတ်ပြီ… လူက တန်ဖိုးမရှိရင်တော့ ပြောတဲ့စကားကလည်း တန်ဖိုးရှိမှာမဟုတ်ဘူး။ တန်ဖိုးရှိတဲ့လူတစ်ယောက်က ပြောလို့ရှိရင် တရေးနိုးထပြောလည်း အဲ့ဒီစကားက တန်ဖိုးရှိတယ်။”
“တင်…တင်ပါ့ဘုရား၊ ဒါဆိုတပည့်တော်တို့ တန်ဖိုးရှိတဲ့သူတွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဘုရား”
“ဒါကလွယ်ပါတယ် ဒကာတို့ရာ… တန်ဖိုးမရှိတဲ့ ရွှံ့တုံးကြီးကို လုပ်အားထည့်ပြီး လောက်စလုံး လုံးလိုက်မယ်ဆိုရင် အဲ့ဒီလောက်စလုံးက တန်ဖိုးရှိသွားတာပဲမဟုတ်လား၊ အချောင်ခို အချိန်ပြုံး၊ အလကားနေ အလုပ်ရွေးနေတဲ့ သူကတော့ လောကကြီးမှာ ဘယ်တော့မှ အသုံးကျလာမှာမဟုတ်ဘူး။”
“ဟင်… ဟုတ်..ဟုတ်သားပဲဗျ။ တပည့်တော်တို့က တပည့်တော်တို့ကိုယ်ကို ပါရမီနည်းတဲ့ သူတွေလို့သတ်မှတ်ပြီး၊ ညစ်လုံးလုံးနေကြတာ”
“ဟော့ဗျာ… ပါရမီကောင်းဖို့က လွယ်ပါတယ်…ဒကာတို့ရ၊ ထက်မြတ်တဲ့ ဦးနှောက်တစ်ကျပ်သားကို ချွေးစက်ကိုးကျပ်သားနဲ့ ရောမွှေလိုက်လို့ရှိရင် ပါရမီဆိုတာဖြစ်လာရော… အဲ့ဒါဘုန်းကြီးပြောတာမဟုတ်ဘူးနော်၊ နိုင်ငံခြားက သော့မတ်အက်ဒီဆင်ဆိုတဲ့ လူကြီးပြောတာ…”
“ဦးဇင်းနောက်ဆုံးပြောချင်တာကတော့ လောကကြီးမှာ ကောင်းကောင်းနေချင်ရင်… ကောင်ကောင်းနေ၊ ကောင်းကောင်းမနေချင်ရင်… ကောင်းကောင်းမနေနဲ့။ ဘုန်းကြီးပြောတာ ရှင်းရဲ့လား။”
“ရှင်း… ရှင်းပါတယ်ဘုရား”
နဂိုကတည်းမှ လိမ်မာပြီးသားဖြစ်လျက်နှင့် ဆိုးပေချင်သော အေးမောင်နှင့်ဇော်မင်းတို့အား ဘုန်းကြီးမှာ စကားများတစ်ချို့့ မိန့်ကြားလိုက်သည်နှင့် ထိုသူတို့သည်လည်း အကျွတ်တရားကိုပင် ရရှိသွားခဲ့လေတော့သည်။ ထို့နောက် ထိုသူတို့ထံတွင် ကာယသိဒ္ဓိပြီးမြောက်သည့် ချိုးမန္ဓေရှိနေခဲ့သည်များအားလည်း ဘုန်းကြီးထံသို့ အကြောင်းစုံ လျောက်တင်လိုက်လေသည်။
“သြော်… ဒါကြောင့် ဒကာကြီးတို့နှစ်ယောက်က ရွာထဲမှာ ဓားပြီး၊ တုတ်ပြီးတယ်ဆိုပြီး၊ နာမည်ကြီးနေကြတာကိုး”
“အဲ့ဒီ… ချိုးမန္ဓေက ပထဝီ၊ တေဇော၊ အာဘော၊ ဝါယောဆိုတဲ့ ဓာတ်ကြီးလေးပါးကို ပိုင်သလို ကာရသိဒ္ဓိမှာလဲ အင်မတန်အစွမ်းထက်တယ်။ ပင်မရေထွက်တဲ့နေရာ၊ ပင်မမီးထွက်တဲ့နေရာကို ဂျိုးမန္ဓေဆောင်သွားလို့ရှိရင် ဓာတ်ပြေပြီး အာလုံးရပ်တန့်သွားတတ်တယ်။ ဓားပြီး၊တုတ်ပြီးရုံတင်မကဘူး၊ သေနတ်တောင်ပြီးတယ်ကွယ့်။ ဒါပေမယ့် စီးပွားရေးလုပ်ကိုင်လို့ကတော့ ဂျိုးမန္ဓေရှိနေရင် ဘယ်စီးပွားရေးမှ လုပ်လို့ကိုမရတော့ဘူး။ ဒကာကြီးတို့ ဒီပစ္စည်းကို ဘုန်းဘုန်းဆီလှူပါ။ ရွာဦးစေတီတော် ပြန်လည်မွမ်းမံတဲ့အခါကြရင် ဘုန်းကြီး ဌာပဏာထည့်ပေးပါ့မယ်။ ဒကာကြီးတို့လဲ မွေးကတည်းက သာသနာ့ဘောင်ကို မဝင်ဘူးသေးတဲ့ သူတွေလို့ ဘုန်းကြီးသိထားရတယ်။ ဒီတော့ ဌာပနာပိတ်ပွဲရောက်ရင် ဒကာကြီးတို့ရဲ့ ချိုးမန္ဓေကိုဘုန်းကြီး ဌာပနာပြီး၊ ဒကာတို့လဲ သာသနာ့ဘောင်မှာ ပျော်သလောက်နေပြီး ကုသိုလ်ယူလိုက်ကြပေါ့”
“တင်ပါ့ဘုရား… တပည့်တော်တို့ သဘောတူပါတယ်ဘုရား။”
“အေးကွယ်… သာဓု…သာဓု…သာဓု”
ထိုသူတို့ထံ၌ရှိနေခဲ့ကြသော ကာယသိဒ္ဓိပြီးမြောက်သည့် ချိုးမန္ဓေကိုပင် ဘုန်းကြီးထံသို့ကြည်ဖြူစွာ လှူဒါန်းလိုက်လေပြီး၊ သာသနာ့ဘောင်သို့ ဝင်ရောက်ရန်အတွက် မြို့ကြီးဆီသို့ တတ်ရောက်လေခါ၊ လိုအပ်သည့်ပစ္စည်းများစွာ ဝယ်ယူလာကြရင်း ရွာလေးဆီသို့ ပြန်လည်ဦးတည်လာခဲ့ကြလေသည်။ မနက်အချိန်ခါကတည်းမှ ထွက်ခွာသွားခဲ့ကြသော အေးမောင်နှင့်ဇော်မင်းတို့မှာ ရွာအဝင်လမ်းဆီသို့ ညမှောင်ရီပျိုးချိန်မှသာလျင် ပြန်လည်ရောက်ရှိလာခဲ့ကြပေသည်။ ထိုအခါ ရွာအဝင်လမ်း ရွာအပြင်စပ်၌ ထိုသူများကိုပင် အသင့်စောင့်နေခဲ့ကြသော လူတစ်စုမှ ဓားရှည်များ ကိုယ်ဆီကိုင်ဆောင်ထားကြပြီး၊ ထွက်ခွာလာခဲ့ကြလေသည်။ သေချာသည်က အေးမောင်နှင့်ဇော်မင်း လူမိုက်ကြီးများကိုပင် ချိုးမန္ဓေ၏အစွမ်းဖြင့် အနိုင်ယူထားခဲ့သည်ကြောင့် ထိုသူများမှာ မကျေနပ်၊ ပြန်လည်လက်စားချေရန်ပင် စောင့်စားနေခဲ့ခြင်းဖြစ်လေတော့သည်။
“ဟားဟားဟား… မင်းတို့နှစ်ကောင်က လိမ်မာကြတော့မယ်ပေါ့ဟုတ်လား”
“မင်းတို့ဘယ်သူတွေလဲ”
“အေး… ငါတို့က မန်ကျည်းစုရွာနဲ့ ထန်းပင်စုရွာရဲ့ လူမိုက်တွေပဲ၊ မင်းတို့နှစ်ကောင် ငါတို့ရွာကိုလာပြီး၊ ငါတို့ရွာသားတွေအရှေ့မှာ ငါတို့ကိုအရှက်ခွဲသွားခဲ့တယ်… မှတ်မိကြသေးလား။ အခု မင်းတို့ကို လက်စားပြန်ချေဖို့ ငါတို့ရောက်လာရတာပဲ”
“ဟေ့ကောင်တွေ… ငါတို့တောင်းပန်ပါတယ်ကွာ။ ငါတို့အရင်လို မမိုက်ချင်တော့ဘူး။ မင်းတို့ကို ငါတို့တောင်းပန်ပါတယ်နော်။ ငါတို့ကိုရန်မရှာကြပါနဲ့။ ငါတို့တောင်းပန်ပါတယ်။”
“ဟားဟားဟား…. တောင်းပန်ရုံနဲ့ ငါတို့က ကျေနပ်ရမှာတဲ့လား၊ ဟေ့ကောင်တွေ ဒီကောင်နှစ်ကောင်ကို အသေသတ်ပစ်ကွာ… ကြာတယ်။”
မည်သို့ပင်တောင်းပန်နေပါစေ၊ လူမိုက်များမှာ လက်မခံ၊ အေးမောင်နှင့်ဇော်မင်းတို့ကိုပင် ဓားရှည်များဖြင့် ဝင်ရောက်ခုတ်ပိုင်းလေတော့သည်။ ဇော်မင်းသည်လည်း ပြန်လည်ခုခံတိုက်ခိုက်၏၊ အေးမောင်သည်လည်း ထို့အတူ လူမိုက်များကိုပင် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါသည်။ သို့သော်လည်း အများနှင့်နှစ်ယောက်၊ ထိုတင်မကသေး တစ်ဖက်မှ ဓားရှည်များနှင့်လည်း ဝိုင်းဝန်းတိုက်ခိုက်ကြသည်ကြောင့် အပြင်းအထန် ဒဏ်ရာများပင် ရရှိခဲ့ရလေတော့သည်။ အဆုံးတွင် အေးမောင်နှင့်ဇော်မင်း နှစ်ဦးအနက်၊ တစ်ဦးသာလျင် သေချင်သေပါစေ၊ နှစ်ဦးစလုံး အသေမခံနိုင်၊ ထို့ကြောင့် ဇော်မင်းမှာမူ လူမိုက်များအား အသေခံတားဆီးလျက် သူငယ်ချင်းဖြစ်သူ အေးမောင်ကိုပင် လွတ်ရာဆီသို့ ပြေးစေခိုင်းခဲ့သည်။ အေးမောင်သည်လည်း သူငယ်ချင်းဖြစ်သူ ဇော်မင်းကိုပင် လူမိုက်များမှ ဝိုင်းသတ်နေကြသည့် နေရာအနားဆီမှ ရင်နာနာဖြင့် ပြေးရှောင်လွတ်မြောက်သွားခဲ့ရလေတော့သည်။
******
(၄)နှစ်ခန့်ကြာပြီးနောက်….
“ချကွ… ဖေ့သားကြီးကွ၊ ချကွ…”
“ဟာ… ကိုအေးမောင်၊ ခင်ဗျားကြက်ကြီးက ကောင်းလှချည်လားဗျ”
“ဟားဟားဟား… သိတယ်မဟုတ်လား၊ အေးမောင်ကိုင်တဲ့ ကြက်ပါကွ၊ ပွဲတိုင်းကျော်တဲ့ဟေ့… ပွဲတိုင်းကျော်တဲ့ဟ”
“ဒါကြောင့်မေးတာပေါ့ဗျ ဒီကောင်ကြီးက ခင်ဗျားကိုပိုက်ဆံရှာပေးတာ တော်တော်များနေပြီနော်။ ခင်ဗျား အခုလိုပွဲတိုင်းနိုင်နေတာ ကိုဇော်ကြီးတစ်ယောက်သာ သိရင်ဘယ်လောက်ထိ ပျော်နေလိုက်မလဲမသိဘူး”
“ဟူး… အေးကွာ… မင်းတို့ပြောမှ ငါ့သူငယ်ချင်းကြီးကို လွမ်းလိုက်တာ။ ဘယ်တတ်နိုင်ပါ့မလဲကွာ ငါလဲ သူ့ကို နေ့တိုင်းသတိရနေတာပါပဲ”
(၄)နှစ်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်သည်။ လိမ်မာစေရန် ဆုံးဖြတ်ချက် ချက်ထားခဲ့ပြီးမှ သူငယ်ချင်းဖြစ်သူ ဇော်မင်းမှာ လူမိုက်များ၏ သတ်ဖြတ်ခြင်းကိုပင် ခံလိုက်ရသည်ကြောင့်၊ အေးမောင်သည်လည်း မိုက်တွင်းထဲသို့ ခြေစုံပစ်ဝင်ရောက်လိုက်လေသည်။ လိမ်မာစေရန်အတွက် မည်သူမှ တရားပြပြ အေးမောင်တစ်ယောက် နားမထောင်တော့၊ တစ်ရွာလုံးတွင်လည်း အေးမောင်မှာ လောင်းကစားခေါင်းဆောင်၊ လူမိုက်ခေါင်းဆောင်အဖြစ်နှင့်ပင် ဆိုးသွမ်းနေခဲ့လေတော့သည်။ လောင်းကစားသမား၊ လူမိုက်ဘဝဖြင့် အေးမောင်တစ်ယောက် အကျိုးပေးလေသလား။ တိုက်ကြက်ကြီးတစ်ကောင်မှာ အေးမောင်ထံသို့ ပိုင်ရှင်မဲ့အဖြစ် ရောက်ရှိလာခဲ့ပြီး၊ သူသည်လည်း ထိုတိုက်ကြက်ကြီးနှင့် ကြက်တိုက်စားလာခဲ့သည်မှာ တစ်နှစ်ကျော်ပင် ရှိလာခဲ့ပြီဖြစ်လေသည်။ တိုက်ကြက်ကြီးသည်လည်း ရှုံးပွဲမရှိ၊ အေးမောင်ကိုပင် ငွေရှာပေးနေခဲ့သည်က ပွဲတိုင်းကျော်ဟူသော ကြက်၏အမည်ကိုပင် ကြားလိုက်ရသည်နှင့် ကြက်သမားတိုင်းမှ အရှုံးပေးနေခဲ့ရလေသည်။
တစ်နေ့တွင် အေးမောင်၏ တိုက်ကြက်ဖကြီး ပွဲတိုင်းကျော်နှင့် ကြက်တိုက်ပွဲပြုလုပ်ပါမည်ဟု ကြက်သမားတစ်ဦးမှ လာရောက်ချိန်းဆိုသွားခဲ့ပေသည်။ အေးမောင်သည်လည်း ပွဲတိုင်းကျော် ဆင်နွှဲလာခဲ့သည့် သူ၏တိုက်ကြက်ကြီးကိုပင် လွန်စွာယုံကြည်ထားခဲ့လေရင်း၊ ပွဲကြီးပွဲကောင်း ကြက်တိုက်ပွဲကြီး စတင်ဆင်နွှဲလေခဲ့သည်။ အေးမောင်သည်လည်း လောင်းကြေးများကိုပင် ရှိသမျှပုံအော၍ လောင်းပစ်ခဲ့လေရာ၊ ကြက်ပွဲအပြီးတွင် သူ၏ပွဲတိုင်းကျော် တိုက်ကြက်ဖကြီး ရှုံးနိမ့်သွားခဲ့ရပေတော့သည်။ အဆိပ်ခွက်ကြီးအတွင်းသို့ နွားနို့တစ်စက် ကျရောက်သွားခဲ့လျင်၊ ထိုအဆိပ်ရည်များမှာ နွားနို့မဖြစ်သွားနိုင်၊ သို့သော် နွားနို့ခွက်ကြီးအတွင်းသို့ အဆိပ်တစ်စက် ကျရောက်သွားခဲ့ပါက နွားနို့ခွက်ကြီးမှာ အဆိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့ရပေသည်။ ထို့အတူ တစ်နှစ်ကျော်၊ နှစ်နှစ်နီးပါး ပွဲတိုင်းအနိုင်ယူပေးလျက် ငွေရှာပေးခဲ့သော တိုက်ကြက်ဖကြီးကိုပင် ထိုတစ်ပွဲရှုံးနိမ့်သွားခဲ့သည်နှင့် အေးမောင်မှာ ရိုက်သတ်ချက်စားပစ်လိုက်လေတော့သည်။
(၅)နှစ်ခန့်ကြာပြီးနောက်…
လူမိုက်ကြီးအေးမောင်၊ လောင်းကစားသမားကြီး အေးမောင်သည်လည်း အသက်ရွယ်ရရှိလာခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင်းမှာပင် တစ်နှစ်သား ခွေးလေးတစ်ကောင်မှာ အေးမောင်နေထိုင်ရာ တဲလေးဆီသို့ ရောက်ရှိလာခဲ့ပြီး၊ အထုပ်ကလေး တစ်ထုပ်ကိုပင် ကိုက်ချီလာခဲ့ပေးသည်။ အေးမောင်သည်လည်း မည်သည့်နေရာဆီမှ မည်သူ၏ ခွေးလေးမှန်းမသိ၊ ထိုခွေးလေး ကိုက်ချီလာခဲ့သော အထုတ်ကလေးကိုပင် ဖြီကြည့်လိုက်သည့်အခါတွင် ငွေကျပ်များစွာဖြစ်နေကြောင်း သိရှိလိုက်ရပေသည်။ ထိုငွေကျပ်လေးဖြင့် အေးမောင်တစ်ယောက် လုပ်ကိုင်စားသောက်လာခဲ့သည်မှာ ယခုအခါတွင် ကိုယ်ပိုင်လယ်ယာလေးများဖြင့် နေထိုင်၊ စားသောက်လာနိုင်ပြီဖြစ်သည်။ ခွေးလေးဖိုးထုတ်အားလည်း တဲလေးအတွင်း၌ မိမိနှင့်အတူတူ နေထိုင်လာခဲ့ပြီး၊ တစ်နှစ်ခန့်အကြာတွင် ခွေးလေးဖိုးထုတ်မှာ ပိုးထိလျက် သေဆုံးသွားခဲ့ရပေသည်။ ပိုးထိသေဆုံးသွားခဲ့ရခြင်းမှာလည်း သခင်ဖြစ်သူ ကိုအေးမောင်ကြီး တဲလေးအပေါ်၌ အိပ်စက်နေခဲ့ချိန်တွင် မြွေဟောက်ကြီးတစ်ကောင်မှာ တတ်ရောက်လာခဲ့ပြီး၊ ကိုအေးမောင်အား ကိုက်သတ်မည်အလုပ်၊ ခွေးလေးဖိုးထောင်မှ ဝင်ရောက်တိုက်ခိုက်ပေးလျက် သေဆုံးသွားခဲ့ရခြင်းဖြစ်လေတော့သည်။
*****
“ဖေဖေ၊ မေမေ… သားဇီးကုန်းရွာကို သွားချင်တယ်။ သားကိုလိုက်ပို့ပေးပါလားဟင်”
“ဟင်… ဘယ်က ဇီးကုန်းရွာတုန်းသားရဲ့”
“သား… အရင်ဘဝတုန်းက နေခဲ့တဲ့ ရွာလေးဖေဖေရဲ့… အဲ့ဒီမှာ သားသူငယ်ချင်းတစ်ယောက် ရှိတယ်။ သားသူ့ကိုတွေ့ချင်လို့…”
ငါးနှစ်သားအရွယ် ကလေးလေး၏ ပြောစကားများပင်ဖြစ်သည်။ မိဘနှစ်ပါးမှာ ရန်ကုန်သူ၊ ရန်ကုန်သားစစ်စစ် ဖြစ်ပါလျက်နှင့် သားလေးမှာ မည်သည့်နေရာ၊ မည်သည့်တိုင်းဒေသကြီးတွင် တည်ရှိနေမှန်းမသိသော ဇီးကုန်ရွာဟူ၍ ပြောဆိုလာခဲ့လေသည်။ ထူးဆန်းသည့် စကားများသည်လည်း ပါရှိနေခဲ့ပြန်လေသည်။ အရင်ဘဝတုန်းကဟူသော စကားလုံးများပင်ဖြစ်၏။ နေ့စဉ်နှင့်အမျှ မိဘဖြစ်သူများကိုပင် ဂျစ်တိုက်တောင်းဆိုနေခဲ့ခြင်းကြောင့် မိဘများသည်လည်း သားလေးကိုပင် ထိုကဲ့သို့မေးခွန်းများစွာ မေးမြန်းလာခဲ့ကြတော့သည်။
“သားက… အဲ့ဒီရွာလေးကို ဘာဖြစ်လို့သွားချင်ရတာလဲ”
“အဲ့ဒီရွာလေးမှာ သားသူငယ်ချင်းရှိတယ်မေမေရဲ့… သူ့ကိုသား အကြွေးဆပ်စရာလည်း ရှိသေးတယ်။ အဲ့ဒါကြောင့် သားကိုလိုက်ပို့ပေးပါနော်”
မေးခွန်းများစွာ မေးမြန်းခဲ့ပါသည်။ မိဘနှစ်ပါးမှ သို့သော် ကလေးဖြစ်သူမှာ မည်သည့်မေးခွန်းကိုမျှ မယ်မယ်ရရအဖြေမပေး။ အချိန်ပြည့်သာလျင် ဇီးကုန်းရွာဆီသို့ လိုက်လံပို့ဆောင်ခိုင်းနေခဲ့ပေသည်။ ထို့ကြောင့် မိဘများသည်လည်း ဇီးကုန်ရွာတည်ရှိရာ တိုင်းဒေသကြီးဆီသို့ အဆင့်ဆင့်မေးမြန်းဆုံစမ်းလေခဲ့ပြီး၊ သားဖြစ်သူ၏ ဆန္ဒအတိုင်း လိုက်လံပို့ဆောင်ပေးခဲ့ကြလေတော့သည်။ ဇီးကုန်ရွာတည်ရှိရာ မြို့ကြီးအပေါ်သို့အရောက် ငါးနှစ်သား ကလေးလေးမှာ မိဘများကိုပင် ဇီးကုန်းရွာလေးဆီသို့ လမ်းပြခေါ်ဆောင်သွားခဲ့သည်က မိဘနှစ်ပါးအဖို့ လွန်စွာအံ့အားသင့်နေခဲ့ပေသည်။
ဇီးကုန်းရွာသို့ ဟူသော ဆိုင်းပုဒ်ကလေးအနားတွင် ငါးနှစ်သားကလေးမှာ မပီသပီသော စကားလုံးများဖြင့် လူကြီးဆန်ဆန်ပြောဆိုလိုက်သည်က….
“သြော်… ငါမရှိတဲ့ ဆယ့်ငါးနှစ်အတောအတွင်းမှာ ငါတို့ရွာလေးတောင် တော်တော်လေးစည်ကားလာပါလား”
ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့မှာ တစ်ဦးမျက်နှာတစ်ဦး ကြည့်မိခဲ့ကြရင်း လွန်စွာအံသြနေခဲ့ကြပေသည်။ ထို့နောက် ဆက်လက်ဦးတည်ခဲ့ကြရင်း ရွာထိပ်နားရှိ တဲလေးတစ်လုံးအရှေ့သို့ ရောက်ရှိလာခဲ့ကြလေ၏်။ ထိုတဲလေးအရှေ့နားတွင် ကလေးလေးမှာ ခါးလေးကိုပင် ထောက်လိုက်ရင်း လူကြီးဆန်ဆန်လေသံ သို့မဟုတ် ပျက်သားကြမ်းတမ်းလှသော လေသံတို့ဖြင့် ထိုသို့ပင် တမ်းတအော်ခေါ်လိုက်လေသည်။
“ဟေး… ငအေး၊ အေးမောင်”
ထိုကလေးလေး အော်ခေါ်နေခဲ့သော တဲလေးမှာ လူမိုက်ကြီးအေးမောင်၏ တဲလေးပင်ဖြစ်သည်။ တဲလေးအတွင်း၌ရှိနေခဲ့သော ဦးအေးမောင်သည်လည်း ထိုကဲ့သို့သော ခေါ်သံကိုပင်ကြားလိုက်ရသည်နှင့် တဲအတွင်းမှနေ၍ မျက်မှောင်ကိုပင် ကြုတ်လိုက်မိစေသည်။ အသံ၏ အနေအထားမှာ နုနယ်သေးသွယ်၍ ကလေးတို့၏အသံပင်ဖြစ်သော်လည်း လေယူလေသိမ်းနှင့် စကားအကျအနများမှာမူ လွန်ခဲ့သည့် ဆယ့်ငါးနှစ်ခန့်မှ သေဆုံးသွားခဲ့သော မိမိ၏ဆိုးဖော်ဆိုးဖက် သူငယ်ချင်းဖြစ်သူ ဇော်မင်း၏ လေယူလေသိမ်းပင်ဖြစ်လေသည်။ ထို့ကြောင့် ဦးအေးမောင်သည်လည်း တဲလေးအတွင်းမှနေ၍ တဲလေးအဝဆီသို့ ထွက်ရောက်လာခါ…
“ဟေး… ဘယ်သူတုန်းကွယ့်”
“ဟ… ငအေးမောင်… ငါလေကွ၊ မင်းသူငယ်ချင်း ဇော်မင်းလေ”
ထိုကဲ့သို့သော် ပြောစကားများနှင့်အတူ ထိုကလေးလေးမှာ မိဘများကိုပင် လက်ဆွဲလျက် တဲလေးအတွင်းသို့ ခပ်ဆွာဆွာဝင်ရောက်လာခဲ့လေသည်။ ဦးအေးမောင်သည်လည်း မှုံဝါးနေခဲ့သော အမြင်များကိုပင် စူးစိုက်ကြည့်လျက် တဲလေးအတွင်းသို့ ဝင်ရောက်လာကြသည့် မိသားတစ်စုကိုပင် ကြောင်တောင်တောင်ကြည့်ရှု့နေခဲ့လေသည်။ ထိုမိသားစုမှာ မြို့ကြီးပြကြီးမှ လူရည်သန့်မိသားတစ်စုပင် ဖြစ်နေလေခဲ့ရင်း အဘယ့်ကြောင့် ဂျောင်ဂျိုဂျောင်ကြား၌ နေထိုင်လျက်ရှိသော မိမိထံသို့ ရောက်ရှိလာကြသနည်း မသိရှိခဲ့ပေ။ ထို့ကြောင့်…
“ဘယ်သူတွေတုန်းကွယ်”
“ဟ… အဖိုးကြီး၊ အေးမောင်၊ ငါလေကွ၊ မင်းသူငယ်ချင်းဇော်မင်း၊ မင်းဆီကို ငါရောက်လာပြီလေ”
“ဟင်… ကလေး… ဘာတွေပြောနေတာတုန်း”
“အေးမောင်ကြီး၊ သူငယ်ချင်း မင်းတောင် တော်တော်လေး အိုသွားပြီနော်၊ သူငယ်ချင်းရယ်… မင်းကိုငါ ဆယ့်ငါးနှစ်လုံးလုံး စကားတွေပြောချင်နေတာကွ”
“ဟင်… ကလေး၊ အဘကို ရှင်းအောင်ပြောစမ်း၊ မင်းပြောနေတာတွေ အဘ ဘာတစ်ခုမှနားမလည်ဘူး”
“ဟေ့ကောင်၊ ငအေး၊ ငါ့ကို ကလေးလို့မခေါ်နဲ့စမ်း၊ အေးကွ၊ မင်းဘယ်သိပါ့မလဲ၊ ငါက မင်းသူငယ်ချင်းဇော်မင်း ဝင်စားတာကွ”
“ဟင်… ကလေး၊ အဲ့… မင်း.. မင်းက.. မင်းက ဇော်မင်း… ဇော်မင်းဝင်စားတာဟုတ်လား”
“ဟုတ်တာပေါ့သူငယ်ချင်းရာ…. မင်းအပေါ်ကို ငါအကြွေးတွေ ပြန်မဆပ်နိုင်ခဲ့ဘူးလေ။ အဲ့ဒါကြောင့် မင်းကို ငါကြက်ဘဝနဲ့လည်း အလုပ်ကျွေးပြုခဲ့ဘူးတယ်။ ခွေးလေးဖိုးတုတ်ဘဝနဲ့လည်း မင်းကိုအလုပ်ကျွေးပြုခဲ့ရတယ်။ မင်းမှတ်မိသေးလား။ ပြီးခဲ့တဲ့ အချိန်ကာလတွေတုန်းက မင်းရိုက်သတ်လိုက်လို့် သေသွားရတဲ့ တိုက်ကြက်ဖကြီးက ငါပဲဇော်မင်းရ။ မင်းကိုမြွေကိုက်မှာဆိုးလို့ အကာကွယ်ပေးရင် သေသွားခဲ့ရတဲ့ ခွေးလေးဖိုးတုတ်ကလည်း ငါပဲအေးမောင်.. ငါပဲ…”
“ဘာ… ဇော်မင်း၊ သူငယ်ချင်း… မင်း… မင်းတကယ်ပြောနေတာလား”
“တကယ်ပြောနေတာပေါ့ကွ”
“ဟာ…. သူငယ်ချင်းရာ… ငါတို့…ငါတို့ပြန်ဆုံကြရပြီနော်။ ငါမင်းကို အမြဲတမ်းသတိရနေတာပါ၊ ငါမင်းကို အမြဲတမ်းလွမ်းနေတာပါသူငယ်ချင်းရာ။ အခုတော့ မင်းငါ့ဆီကို ပြန်လာတယ်နော်။”
“ပြန်လာရတာပေါ့ကွ၊ ငါ့အပေါ်မှာ မင်းအကြွေးတွေ ရှိနေသေးတယ်လေ။ အဲ့ဒီအကြွေးတွေကြောင့် သံသရာမှာ မင်းကိုငါဘဝတွေနဲ့ ပေးဆပ်နေခဲ့ရတာ။ ငါတို့ချိုးမန္ဓေလေး လှူခဲ့ဘူးတဲ့ ကုသိုလ်ကံကြောင့် သံသရာတစ်ကွေ့မှာ ငါ…အခုလူပြန်ဖြစ်လာပြန်ပြီ။ ဒီဘဝမှာတော့ ငါ့အပေါ်တင်နေတဲ့ မင်းအကြွေးတွေကို အကုန်ဆပ်တော့မယ်သူငယ်ချင်းရာ၊ ငါအကုန်ဆပ်တော့မယ်”
“ဇော်မင်းရာ… သူငယ်ချင်း၊ မင်းကိုငါ ချေးငှားခဲ့တယ်လို့ တစ်ခါမှ မသတ်မှတ်ခဲ့ဘူး။ ငါ့အကြွေးလည်း မင်းအပေါ်မှာရှိနေတယ်လို့ ငါတစ်ခါမှမတွေးခဲ့ဖူးပါဘူးကွာ။”
“ဟုတ်တယ်သူငယ်ချင်း၊ ဒါပေမယ့် ငါရဲ့ မာနလေးတစ်ချက်ကြောင့် မင်းဆီက ဆန်၊ဆီ၊ဆေး အစစအရာရာကို ငါချေးထားတာ၊ ပြေလည်ရင်ပြန်ပေးမယ်ဆိုပြီး ငါသတ်မှတ်ခဲ့တယ်။ ဒါပေမယ့် မင်းကိုငါ ဘာတစ်ခုမှ ပြန်မဆပ်လိုက်ရပဲ၊ ငါသေသွားခဲ့ရတယ်။ ဒါကြောင့် ငါကိုယ်တိုင်သတ်မှတ်ခဲ့လို့ ငါကိုယ်တိုင် မင်းကို သံသရာအဆက်ဆက် ပြန်ဆပ်ပေးနေခဲ့ရတာပေါ့”
“ဖြစ်မှဖြစ်ရလေ… သူငယ်ချင်းရာ.. ဖြစ်မှဖြစ်ရလေကွာ…”
ဆယ့်ငါ့နှစ်ကျော်ကျော် ကွဲကွာနေကြသည့် ငယ်သူငယ်ချင်းနှစ်ဦး၊ တစ်ဦးမှာ အဖိုးအိုအဖြစ်သို့ပင် စတင်ပြောင်းလဲနေခဲ့ပြီဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ လူဝင်စားဘဝနှင့် ငါးနှစ်အရွယ် ကလေးလေးတစ်ဦး၊ ထိုသူနှစ်ဦး၏မျက်ဝန်းများဆီမှ မျက်ရည်များစွာ စီးကျနေခဲ့ရင်း၊ လွန်ခဲ့သည့် နှစ်ပေါင်းများစွာမှ အဖြစ်အပျက်များကိုပင် ပြန်လည်ပြောဆိုနေခဲ့ကြလေသည်။ ကလေးလေး၏စကားသံများမှာ မပီတပီဖြင့် ပြောဆိုနေခဲ့သော်လည်း လူကြီးဆန်လွန်းလှသည့် ဇော်မင်း၏လေယူလေသိမ်း ပြောပုံဆိုပုံများနှင့်ပင် ဖြစ်လေတော့သတည်း။ ။
(မြစ်ဝကျွန်းပေါ်ဒေသလေး၏ ဖြစ်ရပ်မှန်လေးတစ်ခုဖြစ်သော ထူးဆန်းသည့် အဖြစ်အပျက်လေးတစ်ခုကိုပင် အခြေခံလျက် စာရေးသူမှရေးသား တင်ပြလိုက်ရပါသည်။ ဂီတစာဆို ဆရာကြီးမောင်ကြေးမုံ၏ စကားလုံးများအနည်းငယ် ထည့်သုံးထားပါသည်။)
စာရေးသူ-ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
Leave a Reply