မိန်းမတို့အကြောင်း

နက်ဖြန်လည်း လာစားပါဦး… ဒေါ်ရှင်ဟင်းစပ်ပုံက ကောင်းတယ်”

သူသည် လက်ဆေး၍ ကျွန်တော့်အပါးမှ ထရင်း ပြော၏။

“မိုး စန္ဒရားတီးတာ နားထောင်မလား၊ ခြံထဲပဲလျှောက်မလား”

“ခြံထဲလျှောက်ရအောင်ကွယ်”

ခြံထဲတွင် ပန်းပင်များ ပွင့်နေကြ၏။

“ကိုယ်တို့ လက်ထပ်ရအောင်လား မနှင်းအေး…” ဟု ကျွန်တော် က စကားဆိုလျှင်မူ…

“ဖြည်းဖြည်းပေါ့…မိုးရယ်…။ စောစောစီးစီး ငရုတ်သီး ကြက်သွန်တွေအကြောင်း မစဉ်းစားပါရစေနဲ့ဦးကွယ်…”ဟု သူဆိုပါသည်။

သို့သော် သူ ကျွန်တော့်ကို ချစ်သည်ကိုတော့ ကျွန်တော်သိ၏။ အဘယ်ကြောင့်ဆိုသော် မေမေပေးစားသော မမြစိန်ကို ယူမည်ဟု သူ့အား ဖွင့်ဟပြောစဉ် ရွှန်းပဝင်းလက်သော သူ့ မျက်လုံးထဲဝယ် မျက်ရည်ဖြင့် ပြည့်ဝန်း၍ နေပေသည်။ ထိုနေ့မှာ လှပသောညဖြစ်၍ ပန်းရောင်စုံ လေးများပေါ်တွင် ဝါဖျော့သောနေခြည်တို့ နားနေသော အချိန်ဖြစ်၏။ သူနှင့် ကျွန်တော်သည်လည်း ခြေပစ်လက်ပစ် မြက်ခင်းပေါ်တွင် နားနား နေနေ စကားကို ပြောနေကြခြင်း ဖြစ်၏။ သူသည် လက်ထပ်ရေးကိုရော၊ မမြစိန်အကြောင်းကို ဘာမှမပြော၊ သူပြောချင်တာကို သူပြောနေသည်ဟု ကျွန်တော် ထင်ပေသည်။

“ဟိုတစ်ပတ်ကပဲ ဒေလီတွေပွင့်လာတယ်မိုးရယ်၊ ဆောင်းဦး ပေါက်လာရင် ကျွန်မစိုက်တဲ့ ပန်းတွေပွင့်လာတော့မှာပဲလို့ သိပ်ဝမ်းသာတာပဲ၊ သူတို့ကိုပဲ ကြိုရတော့မလိုလို၊ ခု သူတို့ပွင့်လာတော့လည်း နေရောင်အောက်မှာ သိပ်လှတာပဲနော်၊ ညဉ့်လသာရင် သူတို့အနားလျှောက် ရတာ တယ်ပျော်စရာကောင်းတယ်၊ ဆောင်းကုန်လို့ နွေဘက်နီးလာလေလေ။ သူတို့ပန်းတွေ ကျကြတော့မယ်ဆိုတဲ့ အသိက ကျွန်မကို သိပ်ဒုက္ခပေးတာပဲ၊ နွေပေါက်ရင် သူတို့အားလုံး မရှိကြတော့ဘူးဆိုတာ ကျွန်မသိတယ်၊ ကျောင်းလည်း ပိတ်ရောမို့လား၊ အဲဒီအချိန်ကြီးမှာ ကျွန်မ …ကျွန်မ တစ် ယောက်တည်း အထီးကျန်နေရစ်ခဲ့မှာကို ကျွန်မ သိပ်ကြောက်တာပဲ။ ဒါပေမယ့်လေ အဲဒီလိုနွေရာသီတွေ ကျွန်မတစ်ယောက်တည်း တွေ့လာခဲ့တာ နှစ်ကြာတော့လည်း ကြောက်ကြောက်နဲ့ နေတတ်လာသား မိုးရယ်”

သူသည် ဒါပဲ ပြောပြ၏။ သူဒီလိုပြောသည့်ဟန်ကို ကျွန်တော် နားထောင်ချိန်တွင် စာရေးဆရာပီပီ အလွန်ကျေနပ်၏။

မမြစိန်ကို လက်ထပ်ပြီးတော့လည်း ပင်ပန်းနွမ်းနယ်လာလျှင် သူ့ထံသို့ ကျွန်တော်ရောက်ခဲ့၏။ သူပြောသော ဤကဲ့သို့ အထီးကျန်ဘဝ၊ ပန်းကိုချစ်၍ နွေရာသီကိုကြောက်သော အကြောင်းများကို နားထောင်ရသည်မှာ စိတ်သက်သောင့်သက်သာ ရှိလှပါသည်။

တစ်ခါတစ်ရံ သူတီးတတ်သမျှ စန္ဒရားတီးပြသောအခါ ကျွန်တော် သူ့ဘေးတွင် သီချင်းကို စိတ်ပါလက်ပါလိုက်၍ ဆိုတတ်ပါသည်။

“ခင်ရယ် နေ့တိုင်းများဖြင့် ခင့်မျက်နှာကိုကွယ်၊ မောင်ထင်တရေးနဲ့ မြင်ယောင်မိသေးတယ်”

ခင်မောင်ရင်ဆိုသော ထိုသီချင်းကို ဆိုသောအခါတိုင်း သူသည် သွက်လက်စွာ တီးရင်း သူ့နှုတ်ခမ်းများက အားရစွာ ပြုံး၍ နေတတ်ပါ သည်။ ကျွန်တော်သည် ထိုခဏတွင် စာရေးဆရာဘဝ၏ ဦးနှောက်ခဲတတ်ခြင်း၊ တစ်ခါတစ်ရံ ငြီးငွေ့ခြင်းများကို ပြေပျောက်သွားပါတော့သည်။

မမြစိန် သားဦးလေး မွေးစဉ်က ဆွယ်တာတစ်ထည်၊ ဦးထုပ်တစ် လုံး၊ ခြေအိတ်တစ်စုံ၊ သူကိုယ်တိုင်ထိုး၍ ကလေးအတွက်ပေးလာပေသည်။

မမြစိန်သည် ယခုအခါတွင် ပျော်ရွှင်လာပုံရ၏။ ကျွန်တော် စာရေးချိန်တွင် သူသည် ယခင်ကလို တစ်ယောက်တည်းမနေရတော့၊ သားလေးနှင့် စကားပြောဖော်ရလာသည်။

“ကိုဟိန်းရေ ဘာစားချင်လဲ”

ကျွန်တော် စားချင်သော ဟင်းစပ်ကို ဈေးသွားခါနီးတိုင်း မေး တတ်သည်။ ထမင်းစားစဉ်တွင်လည်း အနားမှမခွာပေ။ ကျွန်တော်သည် ငဖယ်ကိုလည်း စားချင်သည်။ အရိုးကိုလည်း ကြောက်သည်။ အရိုးမပါအောင် ငဖယ်ကို ခြစ်၍ ငါးဆုပ်လုပ်ပေးပြန်တော့လည်း ကျွန်တော်သည် ပေါ့သည်ထင်၍မစား။ သူ့ခမျာ ငါးဖယ်ကို ထုရိုက်တုံးတစ်၍ ရေချိုချက်သော နေ့များတွင် ကျွန်တော့်အပါးတွင် ထိုင်ကာ ငါးရိုးထွင်ပေးရသည်မှာ ပင်ပန်းလှသည်။ သူ့မျက်နှာ ပြုံးပြုံးကလည်း ရိုးရိုးနှင့်ရှင်းရှင်းပင်တည်း။ မျက်နှာဝိုင်း၍ ပါးစုံမှာ ဖောင်းအိအိရှိသည်။ ကိုယ်လုံးကလည်း ခပ်အိုင့်အိုင့် ဝတုတ်တုတ်နေသောကြောင့် ပုသလို ထင်ရပေမည်။ ကျွန်တော်များ ထမင်းမြိန်လျှင် သူ့ခမျာ ဝမ်းသာ၍ မဆုံးသည်ကို မျက်နှာဟန်ပန် ကိုယ် အမူအရာတို့နှင့် ပြ၏။

“ကိုတူးလေးကို ကျောင်းပို့ချင်ပြီ”

ထမင်းပွဲသိမ်းစတွင် သူသည် အိမ်အကြောင်းကိုဖြစ်ဖြစ်၊ သူ့သား အကြောင်း၊ ငွေကြေးအကြောင်း၊ သူပြောချင်သော အကြောင်းတစ်ခုခုကို ပြောတတ်ပါသည်။

ကိုတူးအတွက် ငွေကြေးလိုလျှင်လည်း ထမင်းစားချိန်တွင်ပင် ပြောပြတတ်သည်။ ကိုတူးအား ကျွန်တော်သည် ရပ်ကွက်မြူနီစပယ် ကျောင်းတွင်ပင် ထားသည်။ ကျွန်တော့်ဝင်ငွေနှင့် အသင့်တော်ဆုံးသာ ဤလိုကျောင်းမျိုးတွင် ထားသည့်အတွက် သူသည်ဘာမျှ ကန့်ကွက်ခြင်း၊ ဝေဖန်ခြင်းမလုပ်ပါပေ။

စာရေးဆရာချင်း တူသော်လည်း ဝင်ငွေတောင့်သော ကိုဘခန့် ဇနီးက စိန်ပေါလ်ကျောင်းတွင် သူ့သားများကို ထားရှိရသော စရိတ်နှင့် ကျောင်းဘတ်စ်ကားခ ကုန်ကျပုံ၊ ယခု သူ့သားများ အင်္ဂလိပ်စကားကို ရေရေမွန်မွန် ပြောတတ်လာပုံများကို အလည်အပတ် ရောက်လာတိုင်းလိုလို ပြောတတ်သော်လည်း မမြစိန်သည် စူးစိုက်နားထောင်နေရုံမှလွဲ၍ ဘာမှ ထွေထွေရာရာ မပြောပါပေ။ အကယ်၍သာ ကိုဘခန့် ဇနီးပြန်သွားချိန်တွင် မမြစိန်က “ကိုဟိန်း၊ ကိုတူးကိုလည်း စိန်ပေါလ်ထားရအောင်” ဟု တောင်းဆိုလာခဲ့ပါလျှင် အနည်းနှင့်အများ ကျွန်တော့်တွင် ခေါင်းခဲရမည်သာ ဖြစ်ပေသည်။

တစ်ခါတစ်ရံ သူ့ကို သနားသည်က…

“ကျွန်မ နောက်ကလေးရှိပြန်ပြီ” ဟု ပြောသောအချိန် ဖြစ်၏။ ကလေး လေးယောက်ကို သူသည် ကိုယ်ဝန်ရှိကြောင်း ပြောပြသည့်အခါတိုင်း မျက်လုံးကလေး ပေကလပ်ပေကလပ်နှင့်ပြော၏။ သားဦးကိုတူး တုန်းက မိတ်ဆွေဒေါက်တာ ဖွင့်ထားသော ဆေးခန်းတွင် သွားရောက်ပြသည်က လွဲ၍ ကျန်ကလေးများကို အရပ်ထဲရှိသားဖွားဆရာမနှင့်ပင် သူ ပြီးအောင် မွေးဖွားခဲ့လေသည်။

ကိုတူးနောက် ကလေးများကို ကျောင်းပို့ရလွယ်ကူသည်ဆိုသော် လည်း မနက်တွင် ကျောင်းပို့အပြန်တွင် ဈေးခြင်းလေးနှင့် သူဈေးဝင် ဝယ်သည်။ မီးဖိုတွင် ချက်ပြုတ်ပြီး ကျွန်တော့်ဖို့ ပြင်ဆင်ထားခဲ့ကာ ထမင်းချိုင့်တစ်လုံးနှင့် သူ့သားများထံသွားရသည်မှာ မမြစိန်၏ နေ့စဉ် အလုပ်ဖြစ်လေသည်။

ပြန်လာပြန်လျှင်လည်း သားတို့ကသာ ကျွက်ကျွက်ညံနေသည်။ မမြစိန်ကမူ သူ လုပ်ငန်းရှိရာ မီးဖိုချောင်သို့ ဝင်ပါတော့သည်။

ကျွန်တော့်အဖို့ တစ်ခါတစ်ရံ မဂ္ဂဇင်းဝတ္ထုရှည်အတွက် ငွေသုံးရာလောက် ရလာတတ်၏။ တစ်ခါတစ်ရံ လုံးချင်းဝတ္ထုများ အုပ်ရေများများ ထွက်သောအခါ ရာခိုင်နှုန်းနှင့် ယူသောကြောင့် တစ်ထောင် ထောင့်ငါးရာလောက် ရပါသည်။ သို့သော် တစ်နှစ်လုံးမှ ကျွန်တော့်ခေါင်းက လုံးချင်းတစ်ပုဒ်လောက်သာ ထွက်ပါသည်။ မရသောကာလများတွင်လည်း ဝင်ငွေလုံးဝမရှိပေ။ ကျိုးတိုးကျဲတဲဝတ္ထုအတိုများမှ တစ်ရာငါးဆယ် လောက် ရသည့်အခါလည်း ရပေသည်။

“ရော့…မမြစိန်”

ကျွန်တော်ရသမျှ သူ့ကိုပေးလျှင် သူဘာမျှမပြော၊ နည်းသည်ကို လည်း မညည်း၊ များသည့်အတွက်လည်း တိုးထူး၍ ဘာမျှမပြော၊ ထမင်းဝိုင်းတွင် အနည်းဆုံး ငါးခူငါးပိကောင်ချက် ကောင်းကောင်းနှင့် ကန်စွန်းရွက်တို့စရာကိုတော့ ကျွန်တော်စားရပေသေးသည်။ စင်စစ်မတော့ ကျွန်တော်သည် ကျွန်တော့်ဘဝနှင့် အလွန်လိုက်ဖက်သော ဇနီးတစ်ယောက် ရရှိထားခြင်းပင် ဖြစ်၏။ ကျွန်တော်အပြင်ထွက်လည်ပတ်၍ အချိန်ကြာမြင့်မှ ပြန်လာလျှင်လည်း ဘာကိုမျှ မ‌မေးပေ။

“ကိုဟိန်း… ရေနွေးကြမ်းသောက်ချင်သေးလား၊ ကော်ဖီယူဦး မလား”

ဒါလောက်ပင်မေး၍ ကျွန်တော့်အပါးတွင် ရေနွေးကြမ်းခရားကို ဖြစ်ဖြစ်၊ ကော်ဖီတစ်ခွက်ကို ဖြစ်ဖြစ် ချကာ သူ့သားများရှိရာသို့ သွား အိပ်နေတတ်ပါသည်။

ကျွန်တော့်စားပွဲသည် စာအုပ် စာရွက် စာတမ်းများနှင့် အစဉ်ရှုပ် ပွေနေ၏။ မမြစိန်ရှင်းသလောက် သားကိုတူးနှင့်ကိုပြူးတို့က ရှုပ်၏။ ကျွန်တော်က သားများကိုမအော်၊ တစ်ခါတစ်ရံသာ…

“မြမြရေ…ဒီက ဆွန်မားဆက်မောန်ရဲ့ စာအုပ်ကြီး ဘယ်ပျောက်ပြန်ပလဲ”

အော်၍ မေးမိ၏။ ထိုအခါတွင် သူ၏ပိပြားပြားနေသော နှာခေါင်း လေးကို ရှုံ့ချီပွချီလုပ်ကာ အပြစ်မဲ့သော ကလေးလေးတစ်ယောက်လို ကျွန်တော့်အပါးတွင် ရပ်နေတတ်သည်။

“ကျွန်မမသိဘူး ကိုဟိန်း”

“မိထုံကြီး တယ်ပြီး ထုံတာကိုကွယ်”

“ ကျွန်တော်သည် သူ့နဖူးကို လက်နှင့် မနာအောင် ထုလိုက်၏။

“စာလည်းပဲ မဖတ်ဘူး၊ အဖုံးနီနီနဲ့ ညကဟာ ဒီစားပွဲပေါ် ကိုယ် ထားခဲ့တာ”

“ကျွန်မအိပ်ခန်းထဲ ရှာလိုက်ဦးမယ်”

စင်စစ် စာလည်းမဖတ်ဘူးဟူ၍ မမြစိန်ကို ကရုဏာဒေါသောနှင့် ပြောသာပြောလိုက်ရသည်။ မြန်မာလို ငါးတန်းမျှ အောင်သော မမြစိန် သည် ဆွန်မားဆက်မောန်ကို ဘယ်လိုလုပ်၍ ဖတ်တတ်ပါမည်နည်း။

“ဒါလားဟင်…ကိုဟိန်း”

သူရှာလာသော စာအုပ်မှာ ဆွန်မားဆက်မောန်၏ စာအုပ်ဖြစ်၏။

“အေး…ဟုတ်တယ်”

သူသည် အဖုံးနီနီနှင့် စာအုပ်ကို ကျွန်တော့်လက်ထဲထည့်၍ “ကိုဟိန်း ဝတ္ထုတွေကိုတော့ ကျွန်မ ဖတ်ပါတယ်…” ဟု မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ပြောတတ်ပေသည်။

ကျွန်တော်သည် တနင်္ဂနွေဆိုလျှင် ကျွန်တော်လိုချင်သော စာအုပ်များကို မနှင်းအေးဆီလာ၍ရှာ၏။ မနှင်းအေး စာကြည့်ခန်းတွင် အနောက်ရော၊ အရှေ့ရော စာရေးဆရာ အတော်စုံစုံ၏ စာအုပ်များရှိ၏။ မြန်မာ ပညာရှိများ၏ သုတေသနစာတမ်းများလည်း ရှိ၏။ မြန်မာဝတ္ထုတိုရှည်များလည်း ရှိပေသည်။ မနှင်းအေးသည် အစိုးရကျောင်းတစ်ကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး လုပ်နေသောကြောင့် တနင်္ဂနွေနေ့မှ သူနှင့်ကျွန်တော် ဆုံနိုင်ပေသည်။

လူပျို အပျိုတုန်းကလိုပင် တွေ့ ဆုံကြလျှင် စန္ဒရားတီးသည့်အခါ လည်း တီးသည်၊ စာဖတ်ခန်းထဲ စာအကြောင်း ပေအကြောင်း ပြောသည့် အခါလည်း ပြောပေသည်။

မနှစ်က နွေဦးပေါက်တွင် မမြစိန် အစားပျက်လာ၏။ ကိုယ်အလေး
ချိန်လည်း လျော့လာသည်။ မနှင်းအေးက ထိုအကြောင်း ကြားကြားခြင်း ဆေးရုံတင်ဖို့ အကြံဉာဏ်ပေးပါသည်။ ကုပေးသည့် ဆေးရုံကြီးက ရှိသော်လည်း အိမ်တွင် ကလေးများနှင့် ကျွန်တော့်အတွက် …ကိုယ်ခွဲ မရှိခြင်း၊ ငွေရေးကြေးရေးကလည်း အဆင်မပြေတတ်သေး၍ အချိန်အတော် နှောင်းမှပင် မမြစိန် ဆေးရုံသို့ ရောက်ရသည်။

မိုးနှောင်းရာသီဖြစ်သော သီတင်းကျွတ်လတွင် မမြစိန် ကွယ်လွန် ခဲ့လေသည်။ ကျွန်တော့်မိတ်ဆွေ ဒေါက်တာတစ်ယောက်မူ မမြစိန်တွင် စိတ်ထိခိုက်စရာတစ်ခု ရှိသည်ဟု ဆိုပါသည်။ မနှင်းအေးသည် အသုဘ ချသောနေ့က ဆွတ်ဆွတ်ဖြူသော ပန်းခွေတစ်ခွေ ပို့လာသည်။

ကျွန်တော့်အတွက်မှာမူ ကိုတူးတို့လေးယောက်နှင့် နေရေးထိုင်ရေး မှာ ငွေရေးကြေးရေးထက်ပင် ခက်ခဲ၏။ ကျွန်တော့်အဖို့ အချစ်သက်သက် တစ်ခုတည်းသာမဟုတ်၊ ဘဝအတွက် အလွန်အဆင်ပြေသော ဇနီးကောင်း တစ်ယောက် ဆုံးရှုံးရခြင်းပေတည်း။

စာရေးဆရာ တကယ်လွမ်းသောအခါ စာရေး၍မရတော့ပြီ။ နှာခေါင်း ပိပြားပြားနှင့် ငြိမ်သက်အေးချမ်းသော မိန်းမငယ်တစ်ယောက် ကျွန်တော့်အပါးမှာ မရှိသောအခါ ခြောက်သွေ့ ပုံမျိုးသည် ကျောင်းသင်္ခမ်း၏ ညဉ့်သန်းကောင်ယံနှင့်လည်း မတူ။ မိုးသဲသောညဉ့်၏ သင်္ချိုင်းစပ် ခြောက်သွေ့ပုံမျိုးလည်း မဟုတ်။ အားလုံးသည် လေးတွဲငြိမ်အီနေသည်မှာ ထုတ်ဖော်မပြောတတ်လောက်အောင်ပင် ချောက်ချားစရာကောင်းနေပေသည်။

ကျွန်တော့်ဝတ္ထုများထဲတွင် ဇာတ်လိုက်အမျိုးသမီးသည် ဖျတ်လတ် သွက်လက်ပုံမက သူ့အစွမ်းသတ္တိကြောင့် ချစ်သူယောက်ျားမှာ ကွေကွင်းချိန်တွင် သူ့လှုပ်ရှားမှုများသည် အသက်ဝင်လာသယောင်ယောင် ရေးသားဖွဲ့နွဲ့ခဲ့၏။ ခုတော့ ကျွန်တော့်အဖို့တွင် ဤအေးစက်စက် ဇနီးလေး စွန့်ခွာသွားကတည်းက ဘာမျှ လှုပ်ရှားမလာသလို ဖြစ်နေတော့သည်။ လေ တိုက်၍ သစ်ပင်များ လှုပ်ရှားသည်ကပင် နှေးကွေးလေးပင်ကာ ငှက်မြည်သံများကလည်း အီတီတီ၊ လေးတွဲ တွဲ ဖြစ်နေပေသည်။

သားများကို ကျောင်းပို့ပြီး စာဖတ်ခန်းတွင် တစ်ယောက်တည်း ထိုင်ကာ ငိုမိသည်။ ယခုတစ်လလောက်တင်တော့ မမြစိန်အဒေါ်က စားရေးသောက်ရေး လာလုပ်ပေးပေသည်။ နောက်လများတွင် ကျွန်တော် ဘယ်လို စီစဉ်ရပါမည်နည်း။ စိတ်ညစ်ညစ်နှင့် ပက်လက်ကုလားထိုင်မှ အထတွင် ကုလားထိုင်သည် ခွေရက်ပြုတ်ကျသွား၏။ ကုလားထိုင်နောက် မှ ကျွန်တော့်စာအုပ်ပုံများလည်း ပြိုကျလာသည်။

တစ်ခါက ကျွန်တော် မမြစိန်ကို ရှာခိုင်းသော ဆွန်မားဆက်မောန် စာအုပ်လေးသည်လည်း ကြမ်းပေါ်သို့ စဉ်ကျလာ၏။ ကျွန်တော်သည် စာအုပ်လေးကို အသာအယာ ကောက်ကိုင်မိသည်။ ထိုစာအုပ်ကို ကျွန်တော့်အားလှမ်းပေးစဉ်က မျက်စိလေး ပေကလပ် ပေကလပ်နှင့် သူ့ မျက်နှာထားဟန်ကို ကျွန်တော် ပြန်၍ မြင်ယောင်လာပါသည်။

“မိထုံ”… ကျွန်တော်သည် ပါးစပ်မှထွက်အောင် ပြန်ခေါ်မိသည်။ “မင်းကို မိထုံလို့ခေါ်တဲ့အတွက် ခွင့်လွှတ်ပါ မြမြရယ်” ကျွန်တော် စိတ် ထဲမှ တောင်းပန်မိ၏။ စာအုပ်ကြားထဲမှ စာရွက်ခေါက်လေးတစ်ခု တစ်ဝက်ခန့် ထွက်နေပါသည်။

ကျွန်တော်သည် ထိုစာရွက်ကို ဖွင့်ဖတ်ချိန်တွင် စိတ်ဝေဒနာ ခံစားရမှုမှာ ခုချိန်တိုင် မပြေသေးပါပေ။

ကိုဟိန်း…

ဒီစာကိုအချိန်ကာလ ဘယ်လောက်ကြာမှ ကိုဟိန်း ဖတ်ရမယ် မသိဘူး။ ကျွန်မ ရေးပြီးပြီးချင်းတော့ ကိုဟိန်းလက်ထဲကို ထည့်ချင်ပေမယ့် စိတ်ထဲက မရဲဘူး… ကိုဟိန်း ကျွန်မကို လက်ထပ်ရတာ ပျော်ပုံမရပါဘူး။ တကယ်တော့ ကိုဟိန်း လက်ထပ်သင့်သူဟာ မနှင်းအေးပါ။

တလောက ဧည့်သည်က လိုက်ခေါ်ခိုင်းလို့ မနှင်းအေးတို့ အိမ်မှာ ကိုဟိန်းကို ကျွန်မလိုက်ခေါ်တယ်။ ကိုဟိန်းနဲ့ မနှင်းအေး စာအကြောင်း၊ ပေအကြောင်းတွေ ပြောနေလိုက်တာ အားရစရာကြီး။ ကျွန်မ မနှောင့်ယှက်ချင်တာနဲ့ … အိမ်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်လာခဲ့တယ်။ ဧည့်သည်ကိုလည်း နောက်နေ့မှ လာဖို့ပြောလိုက်တယ်။

ကျွန်မကလေ …။ ကိုဟိန်းရေးတဲ့ မြန်မာဝတ္ထုတွေကိုတောင် တစ်ခါတစ်ခါဖတ်ရတာ သဘောမပေါက်ဘူး၊ မနည်းဖတ်ရ တယ်။ ကိုဟိန်း ကျွန်မကို “မိထုံ…” လို့ ခေါ်သင့်ပါတယ်။ ကျွန်မဟာ မြန်မာစာတောင် မနည်းဖတ်နေရတာပဲ။

မနှင်းအေးနဲ့သာ ညားရင်လေ၊ ကိုဟိန်း ဘဝ ပိုသာယာမှာလို့ ကျွန်မနေ့စဉ် တွေးမိတယ်။ အဲဒီအတွေးဟာ နေ့တိုင်းပဲ ပေါ်လာတယ်။ ပေါ်လာတိုင်းလည်း ကျွန်မ မပျော်ဘူး။

                                          မမြစိန်…

ကျွန်တော်သည် စာဖတ်ပြီး ကြီးစွာသော သက်ပြင်းကို ချမိ၏။ ရက်စွဲမပါ ဘယ်တုန်းက ရေးခဲ့မှန်း မသိသောစာကို အခေါက်ခေါက်ဖတ် ရင်း မမြစိန်ဝေဒနာကို ကျွန်တော်နားလည်လာပါသည်။

တကယ်တော့ ကျွန်တော်သည် ရှင်းလင်းပြောပြခဲ့သင့်သည်များကို မမြစိန်အား မပြောမိခဲ့၊ ကျွန်တော်၏ အမှတ်မထင် အပြုအမူများကြောင့် မမြစိန် သူ့စာထဲတွင် ပါသည့်အတိုင်း ထင်မြင်ခြင်းမှာလည်း မမှားပေ။ စင်စစ် ကျွန်တော်လက်ထပ်သင့်သူမှာ မမြစိန်သာတည်း။ မမြစိန်သည် ကျွန်တော် ရှာပေးသမျှနှင့် တင်းတိမ်သည်။ သူတတ်သလောက် အစွမ်းနှင့် မီးဖိုကိုရော၊ အိမ်မကိုရော၊ သူ့သားများကိုရော၊ ငြိမ်းချမ်းစွာ အုပ်ချုပ်သည်။ ထိုကြောင့် ကျွန်တော်သည် ကြောင့်ကြမှုကင်းစွာနှင့်…. ဦးနှောက်အေးချမ်းကာ စာကောင်းကောင်းရေးနိုင်ခြင်း ဖြစ်ပေသည်။ မမြစိန်သည် အသည်းနှလုံးရော၊ ခန္ဓာကိုယ်ပါ ပုံ၍ချစ်တတ်သော မယား တည်း။

မနှင်းအေးမှာ တော်ရှာပါသည်။ သို့သော်…. ဦးနှောက်ပန်းသောအခါ အပန်းပြေ ဆွေးနွေးဖလှယ်၊ ဦးနှောက်ကို အားသစ်လောင်းပေးသော မိတ်ဆွေလို ပေါင်းအပ်သည့် မိန်းမသာတည်း။

ထိုအကြောင်းကို စောစီးစွာ တွေးခေါ်မိသောကြောင့်ပင် ချစ်လှစွာသော ချစ်ဦးသူ မနှင်းအေးကို ထားရစ်ခဲ့၍ မမြစိန်ကိုပင် ကျွန်တော့် မယားအဖြစ် ရွေးချယ်ခဲ့ခြင်း မဟုတ်ပါလော။

မနှင်းအေးနှင့် လက်ထပ်ခဲ့ပါလျှင် သူဖွင့်ဟဆိုသည့် အတိုင်း ငရုတ်သီး၊ ကြက်သွန်အကြောင်းများကို သူစောစီးစွာ မတွေးလိုပါပေ။ သူ ဒေါ်ရှင်ကို အိမ်တော်ပါအဖြစ် မီးဖိုဆောင်ကို အပ်ရမည်မှာ သေချာသည်။ မနှင်းအေးမှာ ပစ္စည်းဘယ်လိုပင်ပါပါ၊ ကျွန်တော်သည် ယောက်ျား မာန်ရှိသူတည်း။ မနှင်းအေး၏ အဆင့်အတန်းကို ကျွန်တော်ကိုယ်ပိုင် ဝင်ငွေနှင့်သာ ကျွန်တော် ထမ်းရပေမည်။

မနှင်းအေးသည် ကလေးကိုယ်ဝန် ရှိလာလျှင် ကိုယ်ပိုင်ဆရာဝန်နှင့် စောင့်ရှောက် ထိန်းသိမ်း၍ တစ်နေ့တစ်ဆယ် ပေးရသော ဒပ်ဖရင် ဆေးရုံခန်းတွင် မွေးဖွားလိုပေလိမ့်မည်။ မမြစိန်လို အရပ်ဝမ်းဆွဲနှင့် သူ မပြီးနိုင်ပါပေ။ အစောင့်လိုသည်ဆိုလျှင် နေ့ဆရာမ နှစ်ဆယ်၊ ညဉ့်ဆရာမ အစိတ်တာဝန်ကို ကျွန်တော်ယူရပါမည်။ သားတို့ကြီးပြင်းလာလျှင်လည်း ကိုတူးတို့ကို ပို့သော မြူနီစပယ်ကျောင်းကို သူလက်ခံလိမ့်မည်မဟုတ်။ သူ့သားကို စိန်ပေါလ်သော်လည်းကောင်း၊ ဒိုင်အိုသော်လည်းကောင်း ပို့လိုသည်ဆိုလျှင် ကျွန်တော်က အလိုအလျှောက် အလိုက်သိစွာ တာဝန်ယူရမည်သာတည်း။

ဒီလိုဖြစ်၍ကော မနှင်းအေးအပြစ်လားဆိုလျှင် မဟုတ်ပါပေ။ မနှင်းအေးသည် သူ့ ကိုယ်ကို လျှော့မချနိုင်၍သာ ကျွန်တော်လက်ထပ်မည် တောင်းဆိုစဉ်က မျက်ရည်ရစ်ဝိုင်းကာ လိမ္မာပါးနပ်စွာ ငြင်းဆိုခဲ့ခြင်း ဖြစ်၏။ ယခုလည်း သူ့ဘဝကို သူ ရပ်တည်နိုင်အောင် သူ့ဘာသာကြိုးပမ်း နေရစ်ရှာသည်။

သို့သော် ကျွန်တော့်အတွက်မှာမူ ဦးနှောက်နွမ်းလျသောအခါ မနှင်းအေးထံ သွားရောက်လည်ပတ်၍ အပန်းဖြေရ၏။ ထိုအပန်းဖြေခြင်းကို မမြစိန် အထင်လွဲသည်။ အထင်လွဲမှားမှုသည် မမြစိန်၏ အပြစ်မဟုတ်၊ ကျွန်တော်သာ စောစီးက ကျွန်တော် မယား ရွေးချယ်ပုံကို မမြစိန် သဘောပေါက်အောင်သာ ရှင်းလင်း ပြောပြခဲ့ပါလျှင် မမြစိန်သည် သူ့ ကိုယ်သူ အထင်ကြီးလာမည်။ ပိုမို၍ အားကိုးယုံကြည်လာပေမည်။ သူ သည် ကျွန်တော်၏ တကယ်စင်စစ် အားကိုးရာ၊ မှီခိုရာ၊ လဲလျောင်းရာ မယားကောင်းကြီး ဖြစ်ကြောင်းကို သဘောပေါက်လာမည်။

စိတ်ဝေဒနာသည်လည်း နှိပ်စက်တော့မည် မဟုတ်ပေ။ ယခုလို အချိန်စောစီးစွာနှင့် ကျွန်တော့်ကို ခွဲခွာသွားဖို့ ရောဂါရလာမည်လည်း မဟုတ်ပါပေ။

ကျွန်တော်သည် စာတစ်ရွက်ကို အထပ်ထပ်ဖတ်ရင်း ငို၍လည်းမရ၊ စောစီးကကျလာသော မျက်ရည်ပေါက်များလည်း ခမ်းခြောက်သွား၏။ ရင်ထဲတွင်သာ ပို၍ ပူလောင်လာသည်။ နေ၍ထိုင်၍ မရသောအခါ မနှင်းအေးတို့ အိမ်ဘက်သို့ ထွက်လာခဲ့သည်။

မနှင်းအေးဆီရောက်လျှင် သူ့ကိုမတွေ့ ရ၊ ဒေါ်ရှင် တစ်ယောက်တည်းသာ ရှိပေသည်။

“မနှင်းအေး ခရီးထွက်သွားတယ်” ဆိုကာ ဒေါ်ရှင် စာတစ်စောင် သာ ကျွန်တော့်ကို ပေးလာ၏။

မိုးရေ…

မမြစိန်ရှိတုန်းက မိုးနဲ့ကျွန်မဆက်ဆံနေထိုင်ပုံဟာ သင့်တော်တယ်၊ အပြစ်ကင်းတယ်လို့ ထင်တယ်။

မမြစိန်မရှိတဲ့နောက် မိုးနဲ့ မနှင်းအေးတို့နှစ်ယောက်ထဲ တွေ့ကြ၊ စကားပြောကြ၊ ဆွေးနွေးကြတာဟာ အချိန်ကြာလာရင် မကောင်းဘူးလို့ ကျွန်မထင်လို့ နယ်ပြောင်းဖို့ အမိန့်ကို လက်ခံလိုက်တယ်။

ဒေါ်ရှင်တော့ ပစ္စည်းတွေနဲ့အတူ နောက်မှလိုက်လာလိမ့်မယ်။ ချမ်းမြေ့ရွှင်လန်းပါစေ။

မနှင်းအေး…

စာဖတ်ပြီး တခဏအတွင်းတော့ ကျွန်တော် လှုပ်ရှား၍ မရပါပေ။ အများသဘောကို ချောချောကျအောင် စာရေးနိုင်သော စာရေးဆရာကြီး ယခုမူ ကျွန်တော့်အယူအဆအား မိန်းမနှစ်ယောက်စိတ်တွင် လိပ်ပတ်လည်အောင် မဖြေရှင်းခဲ့၍ အထီးကျန်ရပေမည်။

မနှင်းအေး တစ်ခါကပြောသော “အထီးကျန်ခဲ့ရမှာကို ကျွန်မ သိပ်ကြောက်တာပဲ။ ဒါပေမယ့် အဲဒီကြောက်ရတဲ့ အချိန်တွေ များလာတော့လည်း တဖြည်းဖြည်း ကြောက်ကြောက်နဲ့ နေတတ်လာခဲ့ရတယ်..” ဆိုသည့်စကားကို ကျွန်တော် ပြန်သတိရ၏။ ဧည့်ခန်းဆိုဖာပေါ်တွင် ပစ်ထိုင်ရင်း အသက်မှန်အောင် ပြန်ရှူရ၏။ ကြောက်မက်ဖွယ်ကောင်းသော တစ်ယောက်တည်း နေရသည့်ဘဝကို ရင်ဆိုင်ရပေဦးတော့မည်။

သို့သော် ဖျတ်ခနဲ ကျွန်တော်တစ်စုံတစ်ခုကို စဉ်းစားမိ၏။ မမြစိန် အသက်ရှင်စဉ်က ကျွန်တော် ဦးနှောက်ပန်း၍… နွမ်းလျလာလျှင် မနှင်းအေး ဆီမသွား၊ အရက်ဆိုင်တစ်ခုခုကို ဦးလှည့်၍ ကျွန်တော့်ဦးနှောက်ကို အရက်နှင့် ဖျန်းဆွတ်ပါလျှင် မမြစိန်သည် မနှင်းအေးထံ လာသလောက် စိတ်ထိခိုက်ခြင်း ပြင်းထန်ချင်မှ ပြင်းထန်ပေလိမ့်မည်။

ကျွန်တော့်အတွေး ဘယ်လောက်အထိ မှန်ပါမည်နည်း။ ဖြေဆိုမည့် မိန်းမနှစ်ဦးကား ကျွန်တော့်အပါးတွင် မရှိတော့ပါပေ။

🌸🌸🌸🌸🌸

ခင်နှင်းယု