စုန်းထီးကြီးဦးဘသာနှင့် ခါးပိုက်နှိုက်ဘသိုက်

သူ့သားကို သနားပြီးငိုတော့တာပဲဗျာ”

အကြီးကောင်က လမ်းဘေးဆင်းသွားတဲ့ နွားတွေကိုငေါက်ရင်း

“တစ်ခါ အငယ်မနှစ်ယောက်လည်း အိမ်သာသွားရင်းတွေ့တယ်၊ အငယ်ကောင်လည်း လယ်ထဲကအပြန်မှာ ရွာအဝင်နားမှာတွေ့လိုက်တယ်တဲ့ဗျ၊ ကျုပ်တို့ဘယ်လောက်ပြောပြော အဖေကတော့ မယုံဘူးဗျာ၊ မနေ့က မနက်ကမှ အဖေကယုံသွားတာ”

“သူကြီးက ဘယ်လိုတွေ့လို့လဲကွ”

“ညတစ်ရေးနိုးအပေါ့ထသွားတော့ အိမ်သာရှေ့နားကနေ ငိုသံကြီးကြားရတယ်တဲ့ဗျာ၊ ဒါနဲ့အိမ်သာတံခါးဖွင့်ကြည့်တော့ အလတ်ကောင်က ကျောပေးပြီးငိုနေသတဲ့၊ အဲဒီတော့မှ အဖေလည်းယုံသွားတာ၊ ဒါကြောင့်ဦးဘသာကို ခေါ်ခိုင်းလိုက်တာ၊ အစကတော့ ဦးဘသာကိုကြည့်ခိုင်းမလို့ပဲ၊ အလတ်ကောင်များ သရဲဖြစ်နေသလားဆိုပြီး”

“ဟ၊ သောက်ခွေး၊ အလတ်ကောင်က ဘယ်လိုလုပ်ပြီးသရဲဖြစ်မှာလဲကွ”

“ဦးဘသာပဲ စဉ်းစားကြည့်ဗျာ၊ ဒီလိုမျိုးခြောက်လှန့်နေနိုင်တယ်ဆိုတာ သေသွားလို့မဟုတ်ဘူးလား၊ အလတ်ကောင်က ရန်ကုန်မှာသေသွားပြီးတော့ ရွာကိုစွဲလန်းစိတ်နဲ့ ကျုပ်တို့အိမ်မှာလာခြောက်လှန့်နေတာမဖြစ်နိုင်ဘူးလား”

ကျုပ်လည်း တွေသွားတော့တယ်ဗျ။

“အေး၊ တကယ်တော့ ငါလည်းညက အလတ်ကောင်ကိုတွေ့လိုက်ရတယ်ကွ”

အကြီးကောင်က တအံ့တသြနဲ့

“ဗျာ၊ ဦးဘသာကိုလည်း လာခြောက်တယ်တဲ့လား”

“ခြောက်တယ်တော့မဟုတ်ပါဘူးကွာ၊ ညကငါ့ခြံကိုလာတယ်ကွ၊ ခြံထဲဝင်မရလို့ထင်တယ် ခြံအပြင်ကနေ ငါ့ကိုလာအော်ခေါ်တယ်၊ သူ့ကိုကယ်ပါအုံးလို့အော်တယ်ကွ၊ ငါထကြည့်တော့လည်း ဘာမှမရှိတော့ဘူး၊ ဒီအတိုင်းဆိုရင်တော့ အလတ်ကောင်တော့ ဒုက္ခတွေ့နေပြီလားမသိပါဘူးကွာ”

အကြီးကောင်က သက်ပြင်းချပြီးတော့

“ဒုက္ခက တွေ့တောင်တွေ့ပြီးပြီလားမသိပါဘူး ဦးဘသာရာ၊ အဖေကတော့ အလတ်ကောင်အတွက်ရည်စူးပြီးတော့ ဆွမ်းကပ်အမျှဝေတာလုပ်ပေးချင်ပေမယ့် အမေက အခုထိအလတ်ကောင်သေသွားပြီဆိုတာကို လက်မခံသေးဘူး”

“သရဲခြောက်တိုင်း သေတယ်ဆိုပြီးတော့လည်း ကံသေကံမပြောလို့မရသေးပါဘူးကွာ၊ ငါ့စိတ်အထင်အရတော့ အလတ်ကောင်က မသေသေးဘူးကွ”

“ဟာ၊ ဦးဘသာကလည်း ဒါဆိုလူအရှင်လတ်လတ်က ဘယ်လိုလုပ်ပြီး သူများတွေကိုလိုက်ခြောက်နိုင်မှာလဲဗျ”

“မသေဘဲ လူလုံးလိုက်ပြတယ်ဆိုတာ ပရလောကမှာရှိတယ်ကွ၊ လူတစ်ယောက်က စိတ်အညစ်ဆုံးအချိန်မှာ သူ့ရဲ့စိတ်ကထွက်သွားပြီးတော့ သူစွဲလန်းတဲ့နေရာတွေမှာ သွားပေါ်နေတာမျိုးကိုဆိုလိုတာကွ၊ ငါလည်းကြားပဲကြားဖူးတာ တစ်ခါမှတော့ မကြုံဖူးဘူး”

“ဒါဆိုအလတ်ကောင်က မသေဘူးပေါ့နော်”

“မင်းပြောသလိုဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ အကြီးကောင်ရာ”

ဒီလိုနဲ့ကျုပ်တို့လှည်းက ခပ်မြန်မြန်ခရီးဆက်ခဲ့ပါရောဗျာ။

(၂)

မြိုင်သာကနေ ရထားလမ်းပေါက်တဲ့မြို့အထိ ကားစီးရတယ်ဗျ၊ ကားစီးပြီးတော့ အဲဒီမြို့ကနေ ရန်ကုန်ကိုစုန်ဆင်းတဲ့ အစုန်ရထားကို စောင့်စီးရတာပေါ့ဗျာ၊ နောက်ဆုံးရန်ကုန်ရောက်တဲ့အထိဆိုရင် လမ်းမှာ တစ်ရက်နဲ့တစ်ညတိတိကြာသဗျာ၊ ရန်ကုန်ကိုရထားက မနက်အစောဆိုက်တာမို့လို့ ရထားပေါ်ကဆင်းလိုက်တော့ မနက်ခြောက်နာရီလောက်ပဲရှိသေးသဗျာ၊ ဘူတာကြီးလို့ခေါ်တဲ့နေရာမှာဆင်းလိုက်တာ ဘူတာကြီးအဆောက်အအုံက နည်းနည်းနောနောကြီးမဟုတ်ဘူးဗျ၊ မသိရင်နန်းတော်ကြီးကျနေတာပါပဲ၊ မြို့ကြီးဆိုတဲ့အတိုင်း လူတွေကလည်းရှုပ်ယှက်ခပ်နေတာပဲဗျာ၊ ရထားပေါ်ကဆင်းတဲ့ခရီးသည်တွေက စင်္ကြန်ကနေထွက်ပြီး အပြင်ကိုရောက်တယ်ဆိုရင်ပဲ လူတွေပြေးလာကြတယ်ဗျ။

လူသုံးလေးယောက်က ကျုပ်ကိုလာပြီးဝိုင်းတယ်။

“ဆရာကြီး ဘယ်သွားမှာလဲ၊ လေးဘီးငှားအုံးမလား”

“နေပါစေကွာ၊ မငှားတော့ပါဘူး၊ ငါ့ဖာသာငါလမ်းလျှောက်သွားပါ့မယ်”

“ဟာ . . . ရန်ကုန်မြို့က ဆရာကြီးတို့ရွာလိုမဟုတ်ဘူးဗျ၊ အကျယ်ကြီးရယ်၊ လမ်းလျှောက်သွားရင် ဆရာကြီးသွားချင်တဲ့နေရာကိုရောက်ဖို့ သုံးလေးရက်လျှောက်ရလိမ့်မယ်၊ ကျုပ်လေးဘီးနဲ့လိုက်ပို့ပါ့မယ်ဗျာ၊ ကမာရွတ်မှ လေးဆယ်ထဲပါ”

“နေပါစေကွာ၊ မငှားတော့ပါဘ့ူး”

နောက်လူတစ်ယောက်က အရှေ့တက်လာပြီး

“ဆရာကြီး လေးဘီးကားက ဈေးကြီးတယ်ဆရာကြီးရဲ့ သုံးဘီးငှားပါလား၊ ကမာရွတ်ကို အစိတ်ပဲပေး”

ကျုပ်ကိုအတင်းဝိုင်းဆွဲနေကြတယ်ဗျာ၊ ကျုပ်လည်း သူတို့လက်ကနေလွှတ်အောင်ရုန်းပြေးရတော့တယ်ဗျ၊ ဒါတောင်မှ လေးဘီးသမား၊ သုံးဘီးသမားတွေက ကျုပ်အနောက်ကနေအပြေးလိုက်လာကြသေးတာ၊ ကျုပ်ဖြင့်အဲဒီလူတွေကိုပဲ ကြောက်နေရတယ်ဗျာ၊ သွားတာလာတာကတော့ ကြီးကြီးမားမားဘာအထုပ်အပိုးမှ မပါပါဘူး၊ လွယ်အိတ်တစ်လုံးရယ်၊ လက်ဆွဲအိတ်တစ်လုံးရယ်ပဲပါတာဗျ၊ ကွမ်းအစ်ကလည်း လက်တစ်ဖက်က ပိုက်လို့ပေါ့ဗျာ၊ ဟိုလူတွေကိုကြောက်ကြောက်လန့်လန့်နဲ့ ဘူတာကြီးထဲကနေထွက်လိုက်တော့ ကျုပ်လူတစ်ယောက်နဲ့တိုက်မိပါရောဗျာ၊ ဒီလူက ကျုပ်ကိုကြည့်ပြီး

“ဟေ့အဘိုးကြီး၊ လမ်းကိုဘယ်လိုသွားနေတာလဲ၊ ခင်ဗျားမျက်စိမပါဘူးလား”

ကျုပ်လည်း ဒီလူငယ်ကိုကြည့်ရင်း

“တောင်းပန်ပါတယ်မောင်ရင်ရယ်”

ဒီလူငယ်က ကျုပ်ကိုဘယ်လိုလူလဲမသိဘူးဆိုတဲ့အကြည့်နဲ့ကြည့်ပြီး ဆက်လျှောက်သွားတယ်ဗျ၊ လူငယ်ကတော့ လူငယ်ပါပဲဗျာ၊ အသက်က နှစ်ဆယ်လောက်ပဲရှိအုံးမယ်ထင်တယ်၊ အပေါ်က ရှပ်အကျီအဖြူကို အောက်ကပုဆိုးအပြာကွက်စိတ်ဝတ်ထားတယ်၊ လွယ်အိတ်တစ်လုံးကိုလည်း စလွယ်သိုင်းလွယ်ထားသေးရဲ့ဗျာ၊ ဘူတာကြီးရှေ့ရောက်တော့ ကားလေးတွေရပ်ထားတာတွေ့တယ်ဗျ။

“ကဲ ကြည့်မြင်တိုင်သွားမယ်ဆိုရင်တော့ ဒီကိုလာဗျာ”

ကားတစ်စီးနားက လူတစ်ယောက်က လက်ခုပ်တီးပြီးတော့ အော်နေသဗျ၊ နောက်လူတစ်ယောက်ကလည်း

“ဒီဘက်က ကမာရွတ်၊ လှည်းတန်း၊ ဆင်မလိုက်နော်”

“ရန်ကင်း၊ မိုးကောင်း၊ တောင်ဥက္ကလာတွေက ဟောဒီဘက်ကိုလာဗျာ”

ဒီလူတွေကိုကြည့်ပြီး ကျုပ်ထူးဆန်းသွားတယ်ဗျ၊ ဒါနဲ့ သူကြီးပေးလိုက်တဲ့လိပ်စာကလေးကို ဖြန့်ပြီးကြည့်ရတယ်။

“ထောက်ကြံ့ဆိုပါလား၊ ထောက်ကြံ့က ဘယ်နားမှာပါလိမ့်”

ကျုပ်လည်း ကားကလေးအနားကိုကပ်ခဲ့တယ်ဗျ၊ ကားနားမှာအော်နေတဲ့လူကို ကြည့်လိုက်ရင်း

“ဟေ့သူငယ်၊ ဒီကားက လိုင်းကားဆိုတာများလား”

“လိုင်းကားမဟုတ်ဘူးအဘကြီး၊ ဒီကားက စုငှားတဲ့ကားလို့ခေါ်တယ်ဗျ၊ အဘကြီးက ဘယ်သွားချင်လို့လဲဗျာ”

ကျုပ်လည်း ကျုပ်လက်ထဲကိုင်ထားတဲ့ လိပ်စာစာရွက်ကလေးကို ပြလိုက်ပြီးတော့

“ဟောဒီနေရာကိုပါပဲ သူငယ်ရယ်”

ဒီလူက လိပ်စာစာရွက်ကိုယူကြည့်ရင်း

“ဟာ၊ အဘကြီးသွားမယ့်နေရာက ဒီကနေအဝေးကြီးဗျ”

“ဟုတ်လား၊ အဲဒီနေရာကိုသွားရင် ဘယ်လောက်ပေးရမလဲ”

“လေးဘီးငှားရင် နှစ်ရာလောက်တော့ပေးရလိမ့်မယ်အဘကြီးရ၊ ဒီလောက်အဝေးကြီးကို ငှားစီးမနေပါနဲ့ဗျာ၊ ကျွန်တော်ပြောမယ်၊ ဟောဒီကနေ ထွက်ပြီး လမ်းမကြီးအတိုင်းလျှောက်သွားလိုက်ဗျာ၊ အဲဒါဆိုရင် တိုက်တန်းတွေတွေ့ရမယ်၊ တိုက်တန်းတွေကျော်ပြီးရင် လမ်းလယ်ခေါင်မှာ ဘုရားတစ်ဆူတွေ့လိမ့်မယ်ဗျ၊ အဲဒါဆူးလေဘုရားလို့ခေါ်တယ်၊ အဲဒီဘုရားအနားမှာ နံပတ်(၉) ကားဂိတ်ရှိတယ်၊ အဲဒီ(၉)ကားကို ဂိတ်ဆုံးသာစီးသွား အဲဒီကားက ထောက်ကြံ့မှာဆုံးတာဗျ”

ကျုပ်လည်း လမ်းသိသွားပြီဆိုတော့မှ စိတ်သက်သာရာရသွားတယ်။

“ကျေးဇူးပါသူငယ်ရယ်၊ အဘကျေးဇူးတင်ပါတယ်”

ကျုပ်လည်းအိတ်ကလေးဆွဲပြီးတော့ ဆက်ထွက်လာခဲ့တယ်၊ ဒီလိုဆိုတော့လည်း ရန်ကုန်ဆိုတာ အလတ်ကောင်ပြောသလို အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူးဗျာ၊ လူကောင်းဆိုတာလည်းရှိပါသေးတယ်၊ အလတ်ကောင်တို့ တုံးအလို့များ လူဆိုးတွေနဲ့တွေ့တာနေမှာဗျ၊ ကျုပ်လည်းစဉ်းစားရင်း လမ်းလျှောက်လာတုန်း ရေဆာလာတယ်ဗျာ၊ ဒါနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ လူသွားလမ်းပလက်ဖောင်းမှာ ရေပုံးလေးတွေနဲ့ခွက်ကလေးတွေကိုင်ထားတဲ့လူတွေတွေ့လိုက်ရတယ်ဗျ။

ကျုပ်လည်းရေဆာတော့ သူတို့အနားကိုရောက်သွားတာပေါ့ဗျာ၊ ရေပုံးကိုင်ထားတဲ့မိန်းကလေးက ခပ်ငယ်ငယ်ပဲဗျ၊ အလွန်ဆုံးရှိလှ ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်ပါ့ဗျာ။ ကျုပ်သူ့ဆီကိုလာတာမြင်တာနဲ့

“အဘကြီး၊ ရေသောက်မလို့လား”

“အေးကွယ်၊ ရေဆာတာကြာနေပြီကွဲ့”

ကောင်မလေးက ရေပုံးကိုချလိုက်ပြီးတော့ သတ္တုခွက်ကလေးတစ်ခွက်ကိုယူလိုက်တယ်ဗျ၊ နောက်တော့ ရေပုံးထဲကရေကိုခပ်လိုက်ပြီး ပိတ်သောက်ရေစစ်ပေါ်မှာတင်ထားတဲ့ ရေခဲတုံးကြီးပေါ်လောင်းချပါရော၊ အောက်ကနေလည်း ခွက်တစ်ခုနဲ့ခံထားသေးတယ်၊ လေးငါးချက်လောက် လောင်းချပြီးတော့ ကျုပ်ကိုကမ်းပေးပါရောဗျာ၊ ကျုပ်လည်း သူလှမ်းပေးတဲ့ ခွက်ကလေးကိုလှမ်းယူလိုက်တော့ လက်ကိုအေးစက်သွားတာပဲဗျာ။

ရေဆာဆာနဲ့မော့သောက်လိုက်တော့ ရေတွေကအေးလိုက်တာဗျာ၊ သွားတွေကျင်ပြီး နားထင်တွေကိုကျိန်းတက်သွားတာပါပဲ၊ မောနေတဲ့အချိန်မှာ ရေအေးအေးလေးသောက်လိုက်ရတာကလည်း အမောပြေသဗျ၊ ရေတစ်ခွက်လုံးကုန်အောင်သောက်ပြီးတော့ ကလေးမကိုရေခွက်လှမ်းပေးရင်း

“အခုလိုရေအေးအေးလေးလှူရတဲ့အကျိုးကြောင့် ကလေးမလည်း အသက်ရှည်ပါစေ၊ အနာကင်းပါစေ၊ ရေအကျိုးဆယ်ပါး မတောင်းပဲပြည့်ပါစေကွယ်”

ကွမ်းအစ်လေးပြန်ကောက်ပြီး ထွက်သွားမယ်အလုပ်မှာ ကလေးမက ကျုပ်ကိုအော်သဗျ။

“ဟေ့အဘကြီး၊ ရေဖိုးပေးအုံးလေ”

“ဟေ၊ ရေက အလကားတိုက်တာမဟုတ်ဘူးလား၊ တို့အညာမှာလို ရေလှူတာမဟုတ်ဘူးလား”

ကလေးမက ခေါင်းတဗြင်းဗြင်းကုပ်ရင်း

“ဒုက္ခပါပဲအဘကြီးရာ၊ ရေလှူတာမဟုတ်ဘူး၊ ရေခဲရေရောင်းနေတာရှင့်၊ ဒီခေတ်ဒီအခါမှ အလကားရတာ ဘာမှမရှိဘူး”

ကလေးမက အသက်အရွယ်နဲ့မလိုက်အောင် ငေါက်လိုက်ငမ်းလိုက်တာ ပြောမနေပါနဲ့ဗျာ၊ ကျုပ်လည်း ကလေးမကိုကြည့်ရင်း

“ပေးဆိုလည်း ပေးရတာပေါ့၊ ဒါနဲ့ ရေဖိုးကဘယ်လောက်လဲ”

ကလေးမက လက်ငါးချောင်းထောင်ပြပြီးတော့

“ငါးမူးပေးရမယ်”

ကျုပ်ဖြင့်လန့်သွားတာပဲဗျာ၊ ဒါနဲ့ အဲဒီကလေးမကိုပြန်ကြည့်ပြီး

“ဟဲ့ ရေဖိုးကလည်း ငါးမူးတောင်လား၊ ဒါတောင်မှတစ်ခွက်တည်းနော်၊ ငါးပြားဆယ်ပြားဆို တော်ရောပေါ့၊ တို့ရွာမှာ ငါးပြားဆိုရင် အကြော်ခြောက်ခုရတယ်”

ကျုပ်စကားက ကလေးမဒေါသကိုသွားဆသလိုဖြစ်သွားတယ်ဗျ။

“ဘာတွေလာပြောနေတာလဲအဘကြီး၊ ဒါရွာမဟုတ်ဘူးနော်၊ ရန်ကုန်၊ ဒါရန်ကုန်ရှင့် ရေဖိုးငါးမူးပေးရင်ပေး၊ မပေးရင်တော့ ကလေးဆီက ရေကိုအလကားလုသောက်ပါတယ်ဆိုပြီးတော့ အော်လိုက်မှာနော်၊ ဟိုးရေတမာပင်ရိပ်မှာ ထိုင်နေတဲ့လူတွေက ကျွန်မရဲ့ဦးလေးတွေ၊ ကျွန်မအော်လိုက်ရင် သူတို့ပြေးလာလိမ့်မယ်”

ကလေးမက ခြိမ်းလည်းခြိမ်းချောက်တတ်သေးသဗျာ၊ ကျုပ်လည်း ပြဿနာမဖြစ်ချင်တာနဲ့။

“အေးပါ၊ ငါးမူးပေးရင်ပြီးရောမဟုတ်လား၊ ရေတစ်ခွက်ငါးမူးဆိုတာ ရန်ကုန်ရောက်မှကြားဖူးတော့တယ်ဟေ့”

ကျုပ်လည်း ကလေးမကိုပိုက်ဆံပေးဖို့ တိုက်ပုံအတွင်းအိတ်ထဲကိုနှိုက်လိုက်တော့ တိုက်ပုံအတွင်းအိတ်ထဲမှာ အခေါက်လိုက်ထည့်ထားတဲ့ ပိုက်ဆံတွေ တစ်ရွက်မှမရှိတော့ဘူးဗျာ၊ ဒီတော့မှ ကျုပ်လည်း ပြာသွားမိတယ်၊ ကျုပ်များအထားမှားမိသလားဆိုပြီးတော့ ဟိုအိတ်ကပ်၊ ဒီအိတ်ကပ်တွေလိုက်စမ်းမိနေသေးတယ်၊ ပိုက်ဆံအထပ်လိုက်က ဘယ်ရောက်သွားမှန်းမသိဘူးဗျာ၊ ကျုပ်သေချာစဉ်းစားကြည့်တော့မှ ဘူတာကြီးအထွက်မှာ လူတစ်ယောက်နဲ့တိုက်မိသွားတာကို ပြန်သတိရလိုက်တယ်၊ တန်တော့ ဒီလူက ကျုပ်နဲ့တိုက်တဲ့အချိန် ကျုပ်အိတ်ထောင်ထဲက ပိုက်ဆံတွေကို နှိုက်သွားတာများလား၊ ကလေးမက ကျုပ်ကိုစိတ်မရှည်သလိုနဲ့ကြည့်ရင်း

“ဘာလဲ ပိုက်ဆံမပါဘူးလား”

“ပါတယ်၊ ပိုက်ဆံက ဘယ်နားထားမိသလဲ မသိ . . . မသိ”

ကျုပ်ပြောနေတုန်းရှိသေးတယ်ဗျာ၊ ကလေးမက အသံပြဲကြီးနဲ့အော်တော့တာပဲ။

“လာကြပါအုံးရှင်၊ ဟောဒီမှာ ကလေးမလေးဆီက ရေကိုအလကားလုယက်ပြီးသောက်နေပါတယ်ရှင့်”

အဲဒီလိုပြောရင်း ကလေးမလေးက သူ့အနားက ရေပုံးကိုခြေထောက်နဲ့ခပ်ထည့်လိုက်တယ်ဗျ၊ ရေပုံးလဲသွားတော့ ရေတွေလဲအကုန်မှောက်ကုန်၊ လက်သီးဆုပ်လောက်ရေခဲတုံးကလေးကလည်း မြေကြီးပေါ်ကျပြီး သတ္တုခွက်ကလေးတွေလည်း ပြန့်ကျဲကုန်တယ်၊ ဒီအခါ ကျုပ်တို့နဲ့မလှမ်းမကမ်းနေရာကနေ ယောက်ျားသားတွေပြေးထွက်လာကြတယ်။

“ဘယ်ကောင်လဲကွ၊ ကလေးကိုနိုင်ထက်စီးနင်းလုပ်နေတာ”

လူလေးယောက်က ကျုပ်ကိုဝိုင်းလိုက်ကြတယ်၊ ကျုပ်ရဲ့အထုပ်အပိုးတွေကိုလည်း ဝိုင်းဆွဲကြတယ်ဗျာ၊ ကျုပ်လည်းပြန်အော်တာပေါ့

“ဟေ့ကောင်တွေ၊ မင်းတို့ဘာလုပ်ကြတာလဲ”

ဒီလူတွေက ကျုပ်ကိုကြည့်ရင်း

“ခင်ဗျားဗျာ အသက်ကဖြင့််သေခါနီးနေပြီ ကလေးရောင်းတယ်ဆိုပြီးတော့ အနိုင်ကျင့်ချင်တာလား၊ ကဲ သူ့ရေဖိုးကိုပြန်ပေးလိုက်၊ ပြီးတော့ ရေပုံးမှောက်သွားတာတွေအတွက် ပြန်လျော်ပေးလိုက်”

ကလေးမက အော်ငိုတော့တာပဲဗျာ။

“အောင်မယ်လေး၊ သွားပါပြီ၊ အရင်းပြုတ်ပါပြီ၊ ရေခဲဖိုးငွေတွေလဲကုန်ပါပြီ၊ ရေကလည်း အခွက်ငါးဆယ်စာလောက်ရှိတာ”

ဒီလူတွေက ကျုပ်ကိုထိုးမယ့်ကြိတ်မယ့်ဟန်နဲ့

“ကဲ ဟေ့လူ၊ ဘာကြောင်ကြည့်နေတာလဲ၊ ခင်ဗျားကြားတယ်မဟုတ်လား၊ ဒီကောင်မလေးအတွက် ငါးဆယ်ပြန်လျော်ပေးလိုက်၊၊ မဟုတ်လို့ကတော့ ခင်ဗျားကျုပ်တို့အကြောင်းသိမယ်”

ကျုပ်လည်း ပိုက်ဆံမရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်ဗျာ၊ ဒီအချိန် ကျုပ်ကိုဝိုင်းထားတဲ့လူတွေကိုကြည့်လိုက်တော့ ဘူတာကြီးအထွက်မှာ ကျုပ်နဲ့တိုက်သွားတဲ့ လူငယ်ကိုတွေ့လိုက်ရသဗျ။

“ဟင်၊ မင်း . . . မင်းငါ့ကို ဘူတာကြီးအထွက်မှာဝင်တိုက်သွားတာမဟုတ်လား”

ဒီလူမျက်နှာပျက်သွားတယ်ဗျ၊ ကျုပ်သေချာကြည့်တော့ သူလည်း အပေါ်ကအဖြူ၊ အောက်ကပုဆိုးအပြာကွက်နဲ့ပါ၊ ကျုပ်က လူတစ်ယောက်ကိုတွေ့ပြီး ချက်ချင်းမေ့သွားရလောက်အောင် မှတ်ဉာဏ်မကောင်းတဲ့လူမဟုတ်ဘူးဗျ၊ သေချာတာကတော့ ဒီလူမှ ဒီလူအစစ်ပါ”

“ဟေ့ကောင်၊ မင်းငါ့ပိုက်ဆံတွေပြန်ပေး”

“မ . . .မဟုတ်ပါဘူးအဘကြီးရာ၊ အဘကြီးလူမှားနေတာပါ”

ကျုပ်လည်း ဒီကောင်ဆိုတာသေချာသွားတာမို့လို့

“ဟေ့ကောင်၊ မင်းငါ့ကိုမပတ်နဲ့၊ မင်းမှမင်းအစစ်ပဲ၊ ပေးစမ်း ငါ့ပိုက်ဆံတွေပြန်ပေး”

အားလုံးက ကြောင်အမ်းအမ်းဖြစ်သွားကြတယ်ဗျ၊ ဒီလူငယ်က ဘာမှမပြောတော့ဘဲ အနောက်ကိုလှည့်ပြီးတစ်ချိုးတည်းပြေးတော့တာပဲဗျာ၊ ဒီအခါကျုပ်လည်း သူ့အနောက်လိုက်မယ်လုပ်တော့ ကျန်တဲ့လူသုံးယောက်နဲ့ ကလေးမလေးက ကျုပ်ကိုဝိုင်းဆွဲထားကြသဗျာ။

“ဟေ့လူကြီး ခင်ဗျားဘယ်ပြေးမှာလဲ”

ကျုပ်လည်း အမြန်ပြေးလိုက်မှရတော့မယ်လေဗျာ၊ ဒါနဲ့ အသက်အောင့်ပြီး မြေကြီးကိုခြေဖနောင့်နဲ့တစ်ချက်ပေါက်ထည့်လိုက်တယ်။

“ကွာစရာရှိတာကွာ၊ လွင့်စရာရှိတာလွင့်စမ်း”

ခြေဖနောင့်နဲ့မြေကြီးနဲ့ထိတယ်ဆိုရင်ပဲ ကျုပ်ကိုဝိုင်းဆွဲထားကြတဲ့လူတွေအကုန်လုံး အနောက်ကိုလန်ထွက်သွားကြတယ်ဗျ၊ မမြင်နိုင်တဲ့အရှိန်တစ်ခုက သူတို့ကိုဝင်တွန်းလိုက်သလိုမျိုးပေါ့ဗျာ၊ သူတို့လွင့်သွားတဲ့အချိန်မှာ ကျုပ်လည်း ခုနကပြေးသွားတဲ့သူအနောက်ကို အပြေးလိုက်ခဲ့တာပေါ့ဗျာ။ ဒီလူငယ်က လူနေတိုက်တွေ အစီအရီရှိတဲ့လမ်းထဲကိုဝင်ပြေးသဗျာ၊ ကျုပ်လည်း သူ့အနောက်ကနေဆက်လိုက်ခဲ့တာပေါ့ဗျာ၊ တိုက်တွေက အကွက်အကွက်တွေလုပ်ထားပြီး လမ်းတွေကလည်း အများကြီးပဲဗျာ၊ နောက်ဆုံးတော့ သူ့အနောက်ပြေးလိုက်ရင်း လမ်းလေးခွဆုံတစ်ခုအရောက်မှာ မျက်ခြေပြတ်သွားတော့တယ်။ လမ်းလေးခွဆုံက ကားတွေလည်းရှုပ်၊ သွားလာနေကြတဲ့လူတွေလည်း ရှုပ်ယှက်ခပ်နေတာပါပဲဗျာ၊ ကျုပ်ဖြင့် အရပ်လေးမျက်နှာကို တစ်ချက်ကြည့်ရင်း ဘယ်ကိုလိုက်ရမှန်းကိုမသိတော့ဘူး။

လူတွေဥဒဟိုသွားလာနေတဲ့လမ်းကြီးကိုကြည့်ပြီး ကျုပ်အသက်ရှုကြပ်လာတယ်ဗျာ၊ ပြေးလာရတော့ မောလည်းမောလာတယ်၊ ကိုယ်မသိတဲ့နေရာ၊ ကိုယ်မရောက်ဖူးတဲ့နေရာကို တစ်ယောက်တည်းရောက်နေတာဆိုတော့ စိတ်ကလည်းအားငယ်လာတယ်ဗျာ၊

“သြော်၊ ရန်ကုန်၊ ရန်ကုန်၊ အလတ်ကောင်ရေ၊ မင်းတင်မဟုတ်ဘူး၊ ငါပါခံရပြီဟ”

ကျုပ်လည်းရေရွတ်လိုက်မိတော့တယ်ဗျာ။

(၃)

အမှန်အတိုင်းပြောရရင်တော့ ဒေသစိမ်း၊ နေရာစိမ်းဖြစ်လို့ ကျုပ်တတ်တဲ့စုန်းပညာတွေကို ကျုပ်ထုတ်မသုံးချင်ပါဘူးဗျာ၊ ကျုပ်တို့စုန်းတွေမှာလည်း ဒေသအလိုက် ဆိုင်ရာပိုင်ရာတွေရှိတယ်၊ ဒေသအလိုက် စည်းကမ်းတွေ၊ ဘောင်တွေရှိတယ်ဆိုတော့ ကိုယ်ကသူတို့စည်းကိုမသိဘဲ ချိုးဖောက်လိုက်သလိုဖြစ်သွားမှာလည်း စိုးရိမ်တာကိုးဗျ၊ ဒါပေမယ့် အခုတော့ ကျုပ်ရဲ့ပညာတွေကို ထုတ်မသုံးလို့မရတော့ပါဘူးဗျာ၊ ရှိသမျှပိုက်ဆံအကုန်ပါသွားပြီမဟုတ်လားဗျာ၊ ဒါနဲ့ ကျုပ်လက်ထဲက အထုပ်အပိုးတွေကိုချလိုက်ပြီးတော့ လမ်းဘေးတစ်နေရာမှာထိုင်ချလိုက်တယ်၊ နောက်တော့ ကျုပ်ဝတ်ထားတဲ့တိုက်ပုံကိုချွတ်လိုက်ပြီးတော့ တိုက်ပုံကိုလက်နဲ့ထုရိုက်ရင်း

“မင်းဆီကထွက်သွားတဲ့ပစ္စည်းကို ပြန်ခေါ်စမ်း၊ ငါ့ရဲ့ငွေတွေကိုပြန်ခေါ်ပေးစမ်း”

နောက်တော့ တိုက်ပုံက အိတ်ကပ်ကိုလက်နဲ့ပုတ်ရင်း

“မင်းအဖော်တွေကိုပြန်ခေါ်လာခဲ့၊ ဒါမင်းရဲ့အိမ်၊ အဲဒါမင်းရဲ့အဖော်တွေပဲ”

ကျုပ်လက်နဲ့ဘယ်လောက်ကြာမှန်းမသိအောင် ပုတ်နေမိတယ်ဗျ၊ နောက်တော့မှ မောမောနဲ့တိုက်ပုံကို ပုခုံးပေါ်ကိုပစ်တင်လိုက်တယ်၊ ပါးစပ်ကချဉ်လာတာနဲ့ ကွမ်းအစ်ဖွင့်ပြီးတော့ ကွမ်းတစ်ယာကို အေးအေးလူလူယာနေလိုက်တယ်၊ လမ်းသွားလမ်းလာတွေကတော့ ကျုပ်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ကြည့်သွားကြတာပေါ့ဗျာ၊ ကွမ်းတစ်ယာမညက်ခင်မှာပဲ ကျုပ်ဆီက ပိုက်ဆံအလစ်သုတ်ပြေးတဲ့လူက ကားလမ်းကိုဖြတ်ကူးလာတယ်၊ နောက်တော့ ကျုပ်ကိုတွေ့လိုက်တော့မှ သူကတန့်သွားတယ်ဗျ၊ ကျုပ်လည်းသူ့ကိုပြုံးကြည့်ရင်း

“ဟေ့ကောင်လေး၊ လာစမ်း၊ မင်းငါ့ဆီကိုလာစမ်း”

“မလာဘူး၊ မလာဘူး”

သူကလှည့်ပြေးချင်ပေမယ့် သူ့ကိုယ်လုံးကိုသူလှည့်မရတော့ဘူးဗျ၊ နောက်တော့ သူ့ခြေထောက်တွေက ကျုပ်ဆီကိုတစ်လှမ်းချင်းလျှောက်လာတယ်၊ သူ့မျက်နှာကတော့ တော်တော်သွေးပျက်နေတဲ့ပုံပဲဗျာ၊ လျှောက်ရင်းနဲ့ကျုပ်နားကို ခေါင်းတခါခါနဲ့ရောက်လာတယ်၊ ကျုပ်လည်း ဒေါသထွက်တာနဲ့ ဒီကောင်ရဲ့ဇက်ပိုးကို ဖြောင်းခနဲနေအောင်အုပ်ထည့်လိုက်တယ်။ နောက်တော့ ဒီကောင့်ကိုဇက်ပိုးကနေချုပ်ကိုင်လိုက်ပြီးတော့

“ဟေ့ကောင်၊ ငါတောသားကွ၊ ဒါပေမယ့် မင်းတို့ထက်တတ်လို့ ရန်ုကုန်ကိုတစ်ယောက်တည်းတက်လာတာ၊ မင်းငါ့ကိုဘာမှတ်နေလဲ”

လူငယ်က လက်အုပ်ချီပြီးတော့ တုန်တုန်ယင်ယင်နဲ့

“ကြောက်၊ ကြောက်ပါပြီဆရာကြီးရယ်၊ ဆရာကြီးပိုက်ဆံတွေလည်း ပြန်ယူပါ”

ဒီကောင်က ပိုက်ဆံအထပ်လိုက်ထုတ်ပေးသဗျ၊ ကျုပ်လည်း ပိုက်ဆံတွေကိုယူပြီးတော့

“ကဲ၊ မင်းသွားတော့၊ မင်းမျက်နှာကိုငါထပ်မမြင်ချင်တော့ဘူး”

ကျုပ်ဇက်ပိုးကိုလွှတ်လိုက်တော့ ဒီကောင်လေးလည်း တစ်ချိုးတည်းထွက်ပြေးသွားတော့တာပဲဗျာ၊ ဒါနဲ့ကျုပ်လည်း တစ်ချက်ပြုံးလိုက်ပြီးတော့ အထုပ်ကိုလက်တစ်ဖက်ကဆွဲ၊ ကွမ်းအစ်ကိုလက်တစ်ဖက်က ပိုက်ပြီးတော့ ဆက်လျှောက်လာခဲ့တာပေါ့ဗျာ။

ပိုက်ဆံဆိုတာ ခြေထောက်ပါတာမှမဟုတ်ပဲဗျ၊ ဒါပေမယ့် သူ့ပိုင်ရှင်ဆီကိုပြန်လာဖို့ကျတော့ ခြေထောက်ပါတဲ့လူရဲ့အကူအညီလိုတယ်မဟုတ်လား၊ ဒါကြောင့် ဒီကောင်ဘယ်လောက်ပြေးပြေး နောက်ဆုံးတော့ ကျုပ်ဆီကိုပြန်ရောက်လာတာပေါ့ဗျာ၊

မကြာခင် လမ်းလယ်ခောင်မှာ ဘုရားတစ်ဆူတွေ့လိုက်ရတယ်၊ ဘုရားက ရှစ်မြှောင့်ပုံထောင့်တွေနဲ့ လေးထောင့်စပ်စပ်ဘုရားတစ်ဆူဗျ၊ ကျုပ်အထင်တော့ ဟိုလူတစ်ယောက် လမ်းညွှန်လိုက်တဲ့ ဆူးလေဘုရားဆိုတာဖြစ်မယ်၊ အဲဒီဆူးလေဘုရားကို ပတ်လိုက်တော့ မကြာပါဘူး၊ နံပတ် (၉) လို့ရေးထားတဲ့ လိုင်းကားတွေကိုတွေ့လိုက်ရရောဗျာ၊ လိုင်းကားတွေက ဖြူဖြူကြီးတွေ ပြာပြာကြီးတွေပါ၊ နောက်တော့မှ အဲဒီလိုင်းကားကို ဘီအမ်ကားလို့ခေါ်တာ သိလိုက်ရတယ်၊ ကားတစ်စီးက ထွက်မယ်လုပ်နေတာနဲ့ကျုပ်လည်း ကားနောက်မြီးဘက်ကို ပြေးတက်လိုက်တယ်။

ကားပေါ်ရောက်တော့မှကြည့်လိုက်တော့ ကားပေါ်ထိုင်နေတဲ့လူအားလုံး မိန်းကလေးတွေချည်းပဲဖြစ်နေသဗျာ၊ မိန်းကလေးတွေကလည်း ကျုပ်ကိုပြုံးစိစိနဲ့ဝိုင်းကြည့်နေကြတယ်။ ကားစပယ်ယာက ကျုပ်ကိုအော်တော့တာပဲ၊

“ဟေ့လူကြီး ဘယ်အနောက်ကိုပြေးတက်သွားတာလဲ၊ ယောက်ျားလေးတွေက အရှေ့ကနေတက်ရမှာဗျ”

“ဟေ၊ ဟုတ်လား၊ ဒါကြောင့်ငါကြည့်နေတာ မိန်းကလေးတွေချည်းပါပဲလားလို့”

ကျုပ်လည်းရှက်ရှက်နဲ့ကားပေါ်က ပြန်ဆင်းလိုက်တယ်ဗျ၊ မိန်းကလေးတွေရော တစ်ကားလုံးရော ကျုပ်ကိုဝိုင်းရယ်ကြတယ်ဗျာ၊ ကားအရှေ့ပေါက်ကနေပြန်တက်တော့မှ ယောက်ျားတွေကိုတွေ့လိုက်ရသဗျာ၊ ဒီတော့မှကျုပ်လည်းသိလိုက်တယ်ဗျ၊ လတ်စသတ်တော့ ကားအရှေ့ခြမ်းနဲ့အနောက်ခြမ်းကို အလယ်က သံဆန်ခါနဲ့ကာပြီး ယောက်ျားတစ်ခြမ်း၊ မိန်းမတစ်ခြမ်းတင်ကြတာကိုးဗျ၊ ကားပေါ်ရောက်တော့ စပယ်ယာက ကားခတောင်းတယ်၊ ထောက်ကြံ့နဲ့ဆူးလေကို ပြားရှစ်ဆယ်ပဲ ပေးရတယ်ဗျာ၊ ဒီလိုနဲ့ ကားကြီးက တအိအိနဲ့ထွက်ခဲ့တာပေါ့။

ကားပေါ်က ကောင်လေးတစ်ယောက်က နေရာဖယ်ပေးတာနဲ့ ကျုပ်လည်းနေရာရခဲ့ပါတယ်၊ ထိုင်ခုံမှာထိုင်ပြီးလိုက်လာရင်း အပြင်ဘက်ကိုငေးကြည့်နေမိတယ်၊ မြို့ပြဆိုတဲ့အရသာက ကျုပ်အတွက်တော့အထူးအဆန်းဖြစ်နေတယ်ဗျ၊ ဘယ်ကိုကြည့်လိုက်ကြည့်လိုက် လူတွေကားတွေက ရှုပ်ယှက်ခပ်နေတာပါပဲဗျာ၊ ကားစီးလာရင်း ငိုက်လာတာနဲ့ လူကနည်းနည်းတော့ ငိုက်မိသွားတယ်ဗျ၊ နောက်တစ်နေရာရောက်တော့မှ လူတစ်ယောက်က ကျုပ်ဘေးနားကိုဝင်တိုးလိုက်တော့ ကျုပ်လည်းလန့်ပြီးမျက်လုံးဖွင့်မိသွားတယ်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ လူမဟုတ်ဘူးဗျာ၊ လက်ကြီးပဲဗျ၊ ခင်ဗျားတို့နားရှုပ်သွားပြီနဲ့တူတယ်၊ လက်ခပ်သေးသေးမည်းမည်းကလေးတစ်ခုက ကျုပ်နံကြားကိုအတင်းလာထိုးနေသဗျ၊ လက်ကတော့ အရှည်ကြီးပဲဗျာ၊ မသိရင်မြွေကြီးတစ်ကောင်နဲ့တောင်တူတယ်၊ ထိပ်မှာ လူလက်ပုံစံလက်ကလေးပါလို့သာ လက်မှန်းသိတာ၊ ကျုပ်လည်းမသိမသာနဲ့ကြည့်နေတုန်း အဲဒီလက်က ကျုပ်တိုက်ပုံကိုလာဖောက်ဝင်သွားသဗျာ၊ ကျုပ်တွန့်လိုက်တော့ လက်ကပြန်ဆုတ်သွားသဗျ၊ လက်ထဲမှာလည်း တစ်ခုခုကိုလုံးပြီးကိုင်သွားတဲ့ပုံပါပဲ၊ ကျုပ်လည်း မင်္သကာတာနဲ့ အိတ်ထောင်ကိုတစ်ချက်ကြည့်လိုက်တော့ ပိုက်ဆံတွေမရှိတော့ဘူးဗျ။

“ဟင်၊ ငါ့ပိုက်ဆံတွေဘယ်ရောက်ကုန်တာလဲ”

ကျုပ်ဆီကနေခပ်လျှောလျှောထွက်သွားနေတဲ့ လက်ကိုလှမ်းကြည့်လိုက်ပြီးတော့

“အောင်မာ၊ သူခိုးက သရဲပါလား၊ ဟေ့သရဲ ငါ့ပိုက်ဆံကိုပြန်ပေးနော်၊ မဟုတ်ရင် မင်းငါ့အကြောင်းသိမယ်”

ကျုပ်လက်ကိုကြည့်ပြီး စိတ်ထဲကနေပြောလိုက်ပေမယ့် လက်ကသိသွားတဲ့ပုံပဲဗျ၊ လေထဲမှာတစ်ချက်တန့်သွားတယ်၊ နောက်တော့ ကျုပ်ဆီကိုပြန်လာပြီး ကျုပ်တိုက်ပုံထဲကိုထိလိုက်တယ်ဗျ၊ ကျုပ်ပြန်ကြည့်တော့ အိတ်ထောင်ထဲမှာ ပိုက်ဆံတွေပြန်ရောက်နေပါရော။

“အောင်မာ၊ လက်စသတ်တော့ သူခိုးက သရဲကိုးကွ၊ ဟေ့သရဲ မင်းအကောင်အထည်ပြစမ်း”

ဒီတော့မှ သရဲကိုယ်လုံးက ပေါ်လာတယ်ဗျာ၊ သရဲကတော့ ကလေးသရဲလေးနဲ့တူပါတယ်၊ ဘတ်စ်ကားခေါင်မိုးမှာ ကပ်နေတာဗျ၊ လက်တွေကတော့ အရှည်ကြီးလုပ်လို့ရတယ်၊ လူတွေက သိပုံမြင်ပုံမရဘူးဗျ၊ သူ့လက်နှစ်ဖက် ကားထဲမှာ မြွေတစ်ကောင်လို လျှောက်သွားနေတယ်။ ကျုပ်အရှေ့က မတ်တပ်ရပ်နေတဲ့ လူငယ်ရဲ့ အကျီရင်ဘတ်အိတ်ထဲကို လက်နဲ့နှိုက်နေတယ်ဗျ၊ ပြီးတော့ လက်သီးဆုပ်လုပ်ပြီး ပြန်ထုတ်ယူသွားပါရော၊ သူ့လက်ထဲမှာ တစ်ခုခုကိုဖွက်သွားပုံရတယ်ဗျ၊ အဲဒီလက်က ကားအနောက်နားကိုတိုးသွားပြီးတော့ ကားနောက်မှာထိုင်နေတဲ့ လူတစ်ယောက်ရဲ့လွယ်အိတ်ထဲကို တိုးဝင်သွားပါရော၊ လွယ်အိတ်ထဲက ပြန်ထွက်သွားတော့ လက်ဗလာနဲ့ဗျ၊ ကျုပ်လည်းသဘောပေါက်လိုက်ပါပြီဗျာ၊ လတ်စသတ်တော့ ဒီလူက ခါးပိုက်နှိုက်ပဲဗျ၊ ခါးပိုက်နှိုက်ဆိုပေမယ့် ဒီအတိုင်းနှိုက်တာမဟုတ်ဘူး၊ ပရလောကသား သရဲတစ်ကောင်ရဲ့အကူအညီနဲ့ လူတွေမသိအောင်နှိုက်နေတာဗျို့။

ကျုပ်နဲ့သုံးခုံကျော်လောက်က လူကတော့ လက်မှာရွှေလက်စွပ်တစ်ကွင်းဝတ်ထားသဗျာ၊ လက်က အဲဒီလူအနားကိုသွားပြီးတော့ သူ့ရွှေလက်စွပ်ကို လက်ကလေးသေးသေးကလေးနဲ့ အုပ်ပြီးဆွဲချွတ်လိုက်သဗျာ၊ နောက်တော့ ဒီလူ့လက်မှာ ရွှေလက်စွပ်မရှိတော့ဘူးဗျ။ ကျုပ်လည်း သရဲကိုကြည့်လိုက်ရင်း

“ဟေ့မှင်စာ၊ ပြန်ထားလိုက်စမ်း၊ အခုပြန်ထားလိုက်စမ်းကွာ”

သရဲမှင်စာက ကျုပ်ကိုပြူးကြည့်ရင်း

“မထားဘူး၊ ထားလို့မရဘူး”

“ထားဆိုထားလိုက်လို့ပြောနေတယ်နော်”

“ထားလိုက်ရင် ဖေဖေကြီးက ဆူမှာ၊ ဖေဖေကြီးက ရိုက်မှာ”

“နင်အဲဒီပစ္စည်းကို ပြန်မပေးရင် နင့်ဖေဖေကြီးရိုက်တာထက် ပိုနာမယ်၊ အခုချက်ချင်းပြန်ပေးလိုက်”

မှင်စာကလေးကတုန့််ဆိုင်းနေသေးတယ်ဗျ၊ သူ့ကြည့်ရတာ ပြန်ပေးချင်ပုံမရဘူးဗျာ၊ ဒီအချိန်လက်တစ်ဖက်က ကျုပ်ဆီကိုပြေးဝင်လာတယ်ဗျ၊ ကျုပ်ပါးကို လွှဲပြီးရိုက်ထည့်လိုက်တာ၊ ကျုပ်က သူ့လက်ကိုစိုက်ကြည့်လိုက်တော့ သူ့လက်က ကျုပ်မျက်စိရှေ့နားမှာတန့်သွားတယ်။ ကျုပ်လည်း သရဲကိုတစ်ချက်စိုက်ကြည့်လိုက်ရင်း

“အောင်မာ၊ နင့်လိုမှင်စာကများ ငါ့ကိုလုပ်ချင်သေးတယ်ဟုတ်လား”

ကျုပ်လည်း မှင်စာကလေးကို မျက်စောင်းထိုးလိုက်ပြီးတော့

“မီးလိုပူစမ်း”

လို့ရေရွတ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံးတုန်ယင်လာပြီးတော့ ကားခေါင်မိုးပေါ်မှာ လူးလွန့်နေတာပဲဗျာ၊ နောက်တော့မှ အောက်ကိုဘုတ်ခနဲပြုတ်ကျသွားတယ်၊ သူကျသွားပြီးတော့ ခုနက အနောက်မှာထိုင်နေတဲ့လူဆီကို ပြေးသွားတာပဲဗျာ၊ ကျုပ်လိုက်ကြည့်နေတုန်း ဒီလူက ကျုပ်ကိုမျက်စောင်းထိုးပြီးကြည့်နေတယ်၊ ရှေ့မှတ်တိုင်ရောက်တော့ လူတွေနည်းနည်းဆင်းသွားတဲ့အခါ ဒီလူက ထလာပြီးကျုပ်အရှေ့ကတန်းကိုကိုင်ပြီး မတ်တပ်ရပ်လိုက်သဗျာ၊ ခုနကမှင်စာကလေးက ဒီလူရဲ့ကျောကုန်းကို လက်တွေနဲ့တွယ်ပြီးဖက်ထားပါရော။

“အဘကြီး ဘာဝင်ရှုပ်တာလဲ၊ ကိုယ်နဲ့မဆိုင်ရင် ဝင်မပါစမ်းပါနဲ့”

ဒီလူက ခပ်တိုးတိုးပြောတယ်ဗျ၊ ကျုပ်လည်းသူ့ကိုကြည့်ရင်း

“ဟ၊ မင်းရဲ့မှင်စာက ငါ့ပိုက်ဆံတွေကိုလာနှိုက်တယ်မဟုတ်လားကွ”

“အဘကြီးပိုက်ဆံကို ပြန်ပေးပြီးပြီးပဲဗျာ၊ ကိုယ့်ပိုက်ဆံပြန်ရရင်တော်ပြီပေါ့”

“ဟေ့ကောင်၊ မင်းက မကောင်းတဲ့နည်းလမ်းနဲ့ လူတွေဆီက အချောင်လိုချင်နေတာကိုးကွ၊ မင်းကြည့်ရတာလည်း ခြေအကောင်း၊ လက်အကောင်းကြီးနဲ့ပါကွာ၊ ရိုးရိုးသားသားရှာဖွေစားပေါ့ကွ၊ ဒီလိုလုပ်တာမကောင်းပါဘူး”

ဒီလူက ဟက်ခနဲရယ်တယ်ဗျာ။

“ဒီမှာအဘကြီး၊ ကျုပ်က အဖိုးမဖြတ်နိုင်တဲ့ပညာတွေတတ်ထားတာဗျ၊ ဒီပညာနဲ့လုပ်မစားလို့ ဘာထပ်လုပ်စားရအုံးမှာလဲ၊ ကျုပ်နောက်ဆုံးအနေနဲ့ အဘကြီးကိုသတိပေးမယ်နော်၊ အဘကြီးရှေ့လျှောက်ကိုယ်နဲ့မဆိုင်တာ ဝင်မပါပါနဲ့တော့၊ မဟုတ်ရင် အဘကြီးကျုပ်အကြောင်းသိမယ်”

“ငါပြောမယ်ဟေ့ကောင်၊ ဒီလူတွေအားလုံးကိုကြည့်လိုက်စမ်းကွာ၊ ကိုယ့်ခွန်ကိုယ့်အားနဲ့ အလုပ်လုပ်ပြီးရလာတဲ့ ငွေတွေကွ၊ အဆင်မပြေတဲ့လူကျတော့လည်း ရှိစုမဲ့စုလေးတွေပါလာတာ၊ သူတို့ဆီမှာပါလာတဲ့ ပိုက်ဆံက သူတို့ဒီညစားမယ့် ထမင်းဖိုးဟင်းဖိုးဖြစ်ချင်ဖြစ်မယ်၊ သူတို့အိမ်က ကလေးတွေအတွက်လည်းဖြစ်ချင်ဖြစ်မယ်၊ နောက်တစ်နေ့ရင်းပြုစားဖို့ အရင်းအနှီးလည်းဖြစ်ချင်ဖြစ်မယ်ကွ။ ဒီလူတွေပင်ပင်ပန်းပန်းရှာထားရတဲ့ငွေကို မင်းက ရေပေါ်ဆီလုပ်ပြီးတော့ အညွန့်ခူးစားတာတော့ မဖြစ်သင့်ပါဘူးကွာ၊ ဒီလိုကိစ္စမျိုးတော့ ငါရွံတယ်၊ ငါနဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ဝင်ပါမယ်ကွာ”

“အဘကြီးကတော့ အိမ်ပြန်ရောက်ရင် ထမင်းမစားချင်တော့ဘူးနဲ့တူတယ်”

“အောင်မာ၊ မင်းက ငါ့ကိုဒဲ့လာစိန်ခေါ်တယ်ပေါ့ဟုတ်လား၊ ရတယ် မင်းကြိုက်တဲ့ဘက်ကစမ်း၊ ငါဆိုတဲ့ကောင်ကလည်း စိန်ခေါ်ရင်ဘွာမခတ်ဘူးကွ”

“ရတယ်၊ ခင်ဗျားကြီး ကျုပ်အကြောင်းသိမယ်”

ဒီလူက ပြောပြီးတော့ အနောက်ဘက်ကိုပြန်သွားထိုင်တယ်ဗျ၊ ကျုပ်ကိုလည်း မျက်ထောင့်နီကြီးနဲ့ကြည့်နေသေးတာ၊ ကားကလည်း ဆက်မောင်းနေတာပေါ့ဗျာ၊ တဖြည်းဖြည်းနဲ့ မြို့ထဲကနေထွက်လာခဲ့တယ်ဗျ၊ အရင်လို တိုက်တွေဘာတွေမမြင်ရတောဘဲ့ လူနေအိမ်ကလေးတွေကို ခပ်ကျဲကျဲတွေ့လာရတော့တယ်၊ မင်္ဂလာဒုံလို့ခေါ်တဲ့ နေရာရောက်တော့ ကားပေါ်ကလူတွေ တော်တော်များများဆင်းသွားကြတာ နောက်ဆုံးလူသုံးလေးယောက်ပဲ ကျန်တော့တယ်ဗျာ၊ ကားကဆက်မောင်းလာရင်း အရှေ့ရောက်တော့ လူအတော်ပြတ်တဲ့လမ်းကြီးကိုရောက်လာခဲ့တယ်ဗျ၊ လမ်းဘေးတစ်ဖက်တစ်ချက်မှာလည်း အိမ်တွေမရှိတော့ဘဲ သစ်တောကြီးတွေပဲ ရှိပါတော့တယ်၊ ဒီအခါ ခုနက ကားအနောက်မှာထိုင်နေတဲ့လူက ကျုပ်ဆီကိုလမ်းလျှောက်လာတယ်ဗျ၊ ကျန်တဲ့လူသုံးယောက်ကလည်း ကျုပ်ဆီကိုလျှောက်လာခဲ့ကြတယ်။

“သြော်၊ မင်းတို့က လက်စသတ်တော့ ငါ့ကိုဝိုင်းလုပ်ကြမလို့ကိုးကွ”

“ဒါပေါ့ဗျာ၊ ခင်ဗျားလို ကိုယ်နဲ့မဆိုင်တာဝင်ပါချင်တဲ့လူကို ပညာကောင်းကောင်းပြရမှာပေါ့”

လူတစ်ယောက်က ကျုပ်ကိုလက်သီးနဲ့ထိုးတယ်ဗျာ၊ ကျုပ်လည်းထိုင်နေရင်း ထိုင်ခုံကနေရွေ့သွားတော့ သူ့လက်သီးချက်က ကျုပ်ကိုမထိုးမိဘဲ ကျုပ်အနောက်က ကားဘော်ဒီသံတိုင်ကိုထိုးမိပြီး ဒီကောင့်လက်လည်း တော်တော်အီဆိမ့်သွားပုံရတယ်ဗျ၊ ကျုပ်လည်း ခြေထောက်ကိုချိတ်ထိုင်လိုက်ပြီးတော့

“မင်းလက်တော်တော်နာသွားတဲ့ပုံပဲ”

ဒီအခါ နောက်တစ်ယောက်က ကျုပ်မျက်နှာကို လက်သီးနဲ့ပစ်ထိုးပါရောဗျာ၊ သူထိုးတဲ့အချိန် ကျုပ်လည်းအနောက်ထိုင်ခုံကို ရုပ်ပြောင်းကိုယ်ရွှေ့အစွမ်းနဲ့ရွှေ့လိုက်တော့ ဒီကောင်လည်း လေထဲကိုပဲထိုးမိတယ်ဗျ၊ ကျုပ်ပညာပြလိုက်တော့မှ ဒီကောင်သုံးကောင် တော်တော်လန့်သွားတဲ့ပုံပဲဗျာ၊ ဒါနဲ့ ခုနကမှင်စာနဲ့လူကိုကြည့်ပြီး

“ဆရာဘသိုက်၊ ဒီလူကြီးကို လုပ်ပါအုံးဗျာ”

ဘသိုက်ဆိုတဲ့လူက ပြုံးရင်း သူ့အိတ်ထဲက ဆယ်ပြားစေ့လေးတစ်စေ့ကိုနှိုက်လိုက်တယ်ဗျ၊ ဆယ်ပြားစေ့လေးထောင့်စေ့ကလေးကို လက်ညှိုးနဲ့ လက်ခလယ်အနားမှာ ညှပ်လိုက်ပြီးတော့

“ထုံးစံအရဆိုရင် ကျုပ်တို့အလုပ်မှာလာရှုပ်တဲ့လူမှန်သမျှကို ဟောဒီဆယ်ပြားစေ့သွေးထားတဲ့အချွန်နဲ့ လည်ပင်းသွေးကြောနဲ့ ဇက်ပိုးကသွေးကြောကိုဖြတ်ပြီး ရှင်းနေကြဗျ”

“ဒါဆိုရင်လည်း ငါ့ကိုလာဖြတ်စမ်းပါအုံးကွာ၊ မင့်ဆယ်ပြားစေ့ ဘယ်လောက်ထက်တယ်ဆိုတာ ကြည့်ရအောင်”

“ခင်ဗျားကြီးကိုတော့ ဒီအတိုင်းမဖြတ်ဘူးဗျ”

ဘသိုက်က ပြောဆိုပြီးတော့ ဆယ်ပြားစေ့ကို သူ့ပါးစပ်အနားကိုကပ်ပြီး မန်းမှုတ်တယ်ဗျ၊ နောက်တော့ အဲဒီဆယ်ပြားစေ့ကို ကျုပ်ဆီတည့်တည့် ပစ်လွှတ်လိုက်ပါရောဗျာ။ ကျုပ်လည်းထိုင်ရာကနေမထဘဲ ပျံသန်းလာတဲ့ဆယ်ပြားစေ့ကို မျက်မှောင်ကြုတ်ပြီးစိုက်ကြည့်လိုက်တယ်။

“ဖွဟဲ့၊ လွဲစေ၊ ဖယ်စေ”

ကျုပ်အော်လိုက်တဲ့အခါ ကျုပ်ဆီတည့်တည့်ပျံလာတဲ့ ဆယ်ပြားစေ့က ကျုပ်နှာခေါင်းနားအရောက်မှာ ချွင်ခနဲတစ်ချက်မြည်ပြီးတော့ ဘေးကိုလွဲသွားတယ်ဗျ၊ ကျုပ်ထိုင်နေတဲ့ဘေးနားက ကားဘော်ဒီသံပြားမှာ ဆယ်ပြားစေ့က ဒေါက်ခနဲသွားစိုက်တယ်၊ ကားဘော်ဒီထူထူကိုတောင် ဖောက်တယ်ဆိုတော့ ဒီဆယ်ပြားစေ့အစွမ်းက အံ့မခန်းပါပဲဗျာ၊ ကျုပ်ကတော့ အံ့သြဟန်မပြဘဲ ပြုံးဖြီးဖြီးလုပ်လိုက်ရင်း

“မင့်ဆယ်ပြားစေ့က ထက်တော့ထက်ပါတယ်၊ ဒါပေမယ့် မမှန်ဘူးကွ”

ကျုပ်ရယ်ကျဲကျဲနဲ့ပြောလိုက်တော့ ဘသိုက်တစ်ယောက် တော်တော်ဒေါသထွက်သွားတယ်ဗျ၊ ဒါနဲ့ နောက်ထပ်ဆယ်ပြားစေ့သုံးစေ့ထပ်ထုတ်ပြီး

“ဒီတစ်ခါတော့ ခင်ဗျားကြီးလည်ပင်းကို ဖြတ်ပစ်မယ်ဗျ၊ သေပေတော့အဘိုးကြီး”

ကျုပ်ဆီကိုဆယ်ပြားစေ့သုံးစေ့ ထပ်ပစ်ပါရောဗျာ၊ ဒီတစ်ခါတော့ ဆယ်ပြားစေ့တွေက ဝေ့ဝိုက်ပြီးလာတာဗျ၊ ကျုပ်မျက်နှာတည့်တည့််ကို ပျံလာတဲ့ဆယ်ပြားစေ့ကို ကျုပ်က လက်ဝါးနဲ့ခံပြီးဖမ်းလိုက်တယ်၊ ဒီအခါ ကျုပ်အနောက်ကနေပြီး ဆယ်ပြားစေ့တစ်စေ့က ပျံလာသေးသဗျာ၊ ကျုပ်လည်း ခေါင်းငုံ့လိုက်ပြီးတော့ အဲဒီဆယ်ပြားစေ့ကိုလက်နဲ့ဖမ်းလိုက်တယ်၊ တစ်ခါ ဘေးနားကနေ ဆယ်ပြားစေ့က ပျံဝင်လာပြန်ပါရော၊ ကျုပ်လက်က အဲဒီဆယ်ပြားစေ့ထက်မြန်ပါတယ်ဗျာ၊ အဲဒီဆယ်ပြားစေ့ကိုလဲ ချွင်ခနဲမြည်အောင်ဖမ်းပြလိုက်တယ်၊ ပြီးတော့ ကျုပ်လက်ဝါးကိုဖြန့်ပြလိုက်တဲ့အခါ ဒီကောင့်ဆယ်ပြားစေ့တွေက ကျုပ်လက်ထဲမှာငြိမ်သက်နေသဗျ။

“မင်းရဲ့အကြွေအစုတ်ပလုပ်တွေ ငါမလိုချင်ဘူး၊ မင်းတို့ပဲ ပြန်ယူစမ်းကွာ”

ဆယ်ပြားစေ့သုံးစေ့ကို ဘသိုက်ဆီကိုပြန်ပစ်ပေးလိုက်တော့ ဘသိုက်က ဆယ်ပြားစေ့တွေကိုလက်နဲ့ပုတ်ပြီးထုတ်သဗျာ၊ ဒီအခါ ဆယ်ပြားစေ့သုံးစေ့က သူ့အနောက်မှာရပ်နေတဲ့ လူသုံးယောက်ကိုသွားထိပါရောဗျာ၊ ထိတယ်ဆိုရုံကလေးထိပြီးတော့ ဆယ်ပြားစေ့သုံးပြားက ကြမ်းပြင်ပေါ်ကို ချွင်ခနဲကျသွားကြသဗျာ၊ ဒီလူသုံးယောက်ဝတ်ထားတဲ့ ရှပ်အင်္ကျီတွေကလည်း ဗြန်းခနဲကွဲထွက်သွားတာပါပဲ၊ ဆယ်ပြားစေ့က တော်တော်ထက်ပြီး တော်တော်လည်းမြန်တဲ့အမျိုးဗျာ၊ ကျုပ်က ဒါကြောင့် ဒီလူတွေကို မသေအောင် အင်္ကျီကိုပဲ ဖြတ်ခိုင်းလိုက်တာဗျ။ ဒီလူသုံးယောက်က ကြောက်လန့်လွန်းလို့ ကြမ်းပြင်ပေါ်ကိုထိုင်ကျသွားကြတယ်။

ဘသိုက်က ကျုပ်ကိုအံကြိတ်ကြည့်ရင်း

“ခင်ဗျားကြီးကို ကျုပ်အရှင်မထားဘူးဗျ၊ ကဲ သမီးကြီးရေထွက်လာခဲ့တော့”

ဒီလူကပြောပြီး သူလွယ်ထားတဲ့ ကချင်လွယ်အိတ်ကလေးကို ဟလိုက်တယ်ဆိုရင်ပဲ လွယ်အိတ်ထဲကနေ မည်းမည်းအကောင်ကြီးတစ်ကောင်က တဖြည်းဖြည်းတိုးထွက်လာသဗျာ၊ မသိရင် ရေတွေလိုပါပဲ၊ ကြမ်းပြင်ပေါ်ရောက်သွားတော့မှ လူကောင်ကြီးအဖြစ်ဘွားခနဲဖြစ်သွားတော့တယ်။

ကျုပ်လည်း ဒီအကောင်ကြီးကိုကြည့်ပြီးတော့

“ဟင်၊ ခုနကတော့ မှင်စာကလေးပါ၊ အခုတော့ အစိမ်းသရဲကြီးပါလား”

ဘသိုက်ကရယ်မောရင်း

“ဟား၊ ဟား ကျုပ်မွေးထားတဲ့သရဲတစ်ကောင်တည်းရှိတယ်လို့ ခင်ဗျားကထင်နေတာလားဗျာ၊ ကဲ သားတို့သမီးတို့ရေ အကုန်လုံးထွက်လာခဲ့ကြကွာ၊ ဒီနေ့တော့ မင်းတို့လူသားကောင်းကောင်းစားရမယ့်နေ့ပဲကွ”

သူပြောပြီးတော့ လွယ်အိတ်ထဲကထွက်လာတဲ့အကောင်တွေဆိုတာ မနည်းမနောပါပဲဗျာ၊ ကျုပ်လိုက်ရေကြည့်တော့ ဆယ့်ခုနစ်ကောင်တိတိရှိတယ်ဗျ၊ ဘသိုက်က ပြုံးရယ်ရင်း

“ကဲ သားတို့သမီးတို့၊ ဒီအဘကြီးကို တမလွန်ရောက်အောင် မြန်မြန်ပို့ပေးလိုက်ကြစမ်းပါကွယ်”

ဒီကောင်တွေက ကျုပ်ဆီကိုပြေးလာကြသဗျာ၊ ကျုပ်လည်း လက်တစ်ဖက်ကိုဆန့်တန်းပြီးတော့

“ဟိတ်၊ အားလုံးရပ်လိုက်ကြ၊ အောက်ဆရာအမိန့်၊ ငါ့အမိန့်”

ပြေးလာကြတဲ့သရဲတွေအကုန် ကျုပ်အသံကြားတဲ့အခါ အားလုံးရပ်တန့်သွားကြတယ်၊ ဘသိုက်က တအံ့တသြနဲ့ကြည့်နေရင်း

“ဟင် ဘယ်လိုဖြစ်ကြတာလဲ၊ သားတို့သမီးတို့ သူ့ကိုတိုက်လေကွာ”

“ဟား၊ ဟား ဘသိုက်၊ ဘသိုက်၊ မင်းတစ်ယောက်တည်း အစိမ်းသရဲတွေကို ခိုင်းစေနိုင်တယ်လို့များထင်နေတာလားကွ၊ ကဲ မင်းတို့အားလုံးကို ငါလွှတ်ပေးမယ်၊ ငါ့အမိန့်နဲ့ မင်းတို့ကို ဒီကောင်တုပ်နှောင်ထားတဲ့ ကြိုးတွေကိုဖြေခိုင်းလိုက်မယ်၊ မင်းတို့ကိုချည်ထားတဲ့ အောက်လမ်းကြိုးတွေ အကုန်ပြတ်စေ”

ကျုုပ်အော်ပြောလိုက်တဲ့အချိန်မှာပဲ သရဲတွေက ဝူးဝူးဝါးဝါးနဲ့အော်ကြတယ်ဗျ၊ သူတို့ကြည့်ရတာ တော်တော်ပျော်သွားတဲ့ပုံပါပဲဗျာ။

“မင်းတို့လွတ်လပ်သွားပြီ၊ မင်းတို့အကုန်သွားချင်တဲ့နေရာကိုသွားနိုင်ကြပြီ”

ကျုပ်အမိန့်ပေးပြီးပြောလိုက်တော့ သရဲတွေအကုန်လုံး ဘတ်စ်ကားကြီးရဲ့အပြင်ဘက်ကို ဖောက်ထွင်းပြီးတော့ ပြေးလွှားသွားကြတယ်ဗျာ၊ ဒါပေမယ့် ဆံပင်ရှည်ရှည်ခေါင်းမွှေးထောင်ထောင်နဲ့ သရဲမတစ်ကောင်တော့ကျန်ခဲ့တယ်ဗျ၊ သရဲမက ဘသိုက်ကိုပြန်လှည့်ကြည့်တယ်ဗျ။

ဘသိုက်က သရဲကြီးကိုကြည့်ပြီး လက်ခါခါခြေခါခါနဲ့

“မဟုတ်ဘူး၊ ခင်ဗျားဒီလိုလွှတ်ပေးလို့မရဘူး၊ ခင်ဗျားသူတို့ကိုလွှတ်ပေးလို့မရဘူး”

ဒီအခါ သရဲကြီးက ဘသိုက်ဆီကိုပြေးဝင်သွားတယ်ဗျ၊ ဘသိုက်အရှေ့ကိုရောက်တော့ သရဲမက သူ့လက်ချွန်ချွန်ကြီးကို ဘသိုက်ရဲ့ရင်ဘတ်ထဲကိုထိုးထည့်လိုက်တယ်၊ သရဲလက်ဆိုတော့ လူရဲ့ကိုယ်ထဲ ဖောက်ဝင်သွားတာပေါ့ဗျာ၊ ဘသိုက်ရဲ့မျက်နှာက အံ့သြနေရာကနေ အလွန်နာကျင်ပြီးတော့ ခံပြင်းတဲ့ရုပ်မျိုးဖြစ်သွားတယ်ဗျ။

“မင်း၊ မင်းဘာလို့ ငါ့ကိုဒီလိုလုပ်နိုင်ရတာလဲ”

သရဲမက အသံကွဲကွဲနဲ့

“နင်ငါ့ကိုလွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက စပြီးမွေးခဲ့တယ်၊ ဒါပေမယ့် နောက်လူတွေထပ်မွေးတဲ့အခါမှာ နင်င့ါကိုပစ်ပယ်ထားတယ်၊ ဒီအတွက် ငါနင့်ကိုမုန်းတယ်၊ ငါနင့်ဆီကလွတ်တဲ့တစ်နေ့ နင့်ကိုလက်စားချေမယ်ဆိုပြီးတော့ ဆုံးဖြတ်ထားတယ်၊ အခု ငါနင့်ကိုလက်စားချေတာပဲ၊ အခုနင်သေရမယ်”

သရဲမက ဘသိုက်ရဲ့ရင်ဘတ်ကို နှိုက်ပြီး နှလုံးကိုချွေဖို့လုပ်နေတာပဲဗျ၊ ကျုပ်လည်း မနေနိုင်တော့တာနဲ့ သရဲမကိုလက်ညှိုးထိုးပြီးတော့

“ဟေ့ သရဲမရပ်လိုက်စမ်း”

သရဲမက ကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်သွားတယ်ဗျ။

“ငါလက်စားချေတာကို မတားနဲ့၊ ငါဒီကောင်ကို စိတ်နာတယ်၊ ဒီကောင်ကို ငါ့လက်နဲ့သတ်ရမှကျေနပ်မယ်”

“မလုပ်နဲ့ဆိုမလုပ်နဲ့နော်၊ အခုနင့်ကိုငါလွှတ်ပေးပြီးပြီပဲ၊ နင်သွားချင်တဲ့နေရာကိုသွားတော့၊ မဟုတ်ရင်တော့ နင့်ကိုငါထပ်ပြီးဖမ်းချုပ်ရလိမ့်မယ်၊ ဒီတစ်ခါဖမ်းရင် အနှစ်နှစ်ဆယ်မက အနှစ်တစ်ရာလည်း ကြာချင်ကြာသွားလိမ့်မယ်”

ဒီတော့မှ သရဲမက ခေါင်းညိတ်တယ်၊ ကျုပ်လက်ညှိုးကိုပြန်သိမ်းလိုက်တာနဲ့ သရဲမက ကားအပြင်ဘက်ကို ဝုန်းခနဲခုန်ထွက်သွားတော့တာပါပဲဗျာ။ ဘသိုက်က ထိုင်ခုံတစ်ခုမှာထိုင်ကျသွားတယ်ဗျ၊ လက်တစ်ဖက်ကလည်း သူ့ရင်ဘတ်ကိုဖိထားတယ်၊ ကျုပ်ကိုမကျေမနပ်နဲ့ကြည့်နေရင်း

“ခင်ဗျားကြီးဘာဖြစ်လို့ ကျုပ်ကိုကယ်လိုက်တာလဲ၊ ခင်ဗျားကြီးသိပ်ပြီးတော့ သူတော်ကောင်းလုပ်ချင်နေတယ်ပေါ့၊ ဟုတ်လား”

ကျုပ်လည်းခေါင်းခါလိုက်ပြီးတော့

“မဟုတ်ပါဘူး၊ မင်းက မကောင်းမှုတွေအများကြီးလုပ်ခဲ့တယ်၊ ဒီအတွက် မင်းကသေဖို့ထိုက်တန်တယ်၊ ဒါပေမယ့်လည်း ငါ့ရှေ့မှာ လူတစ်ဦးတစ်ယောက်သေသွားတာကို ငါမမြင်ချင်ဘူး၊ ဒါကြောင့် မင်းကိုငါကယ်လိုက်တာ”

ဘသိုက်မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်ဗျ၊ ကျုပ်ကိုအထင်ကြီးလေးစားတဲ့ မျက်နှာပေးမျိုးဖြစ်သွားတယ်။

“မင်းဒီမကောင်းမှုတွေကို ဆက်လုပ်ချင်ရင်လည်းလုပ်ပါ၊ ဒါပေမယ့် မင်းလုပ်ခဲ့တဲ့မကောင်းမှုတွေက တစ်နေ့ကျရင် မင်းဆီကိုပြန်လာလိမ့်မယ်ကွ၊ အခု ဖြစ်သလိုမျိုးပေါ့ကွာ၊ မင်းက အစိမ်းသရဲတွေကို မွေးထားပြီးတော့ သူတို့အကူအညီနဲ့ခါးပိုက်နှိုက်နေတယ်ဆိုပေမယ့် သူတို့ကလည်း မင်းကိုမလွန်ဆန်နိုင်လို့သာ လုပ်ပေးနေရတာ၊ မင်းကိုလည်း သိပ်ပြီးကျေနပ်ပုံမရဘူး၊ သူတို့လွတ်တဲ့အခါ မင်းကိုပြန်ပြီးဒုက္ခပေးမယ်ဆိုပြီး ကြံနေကြတယ်မဟုတ်လား”

“ကျုပ်နားလည်ပါပြီအဘကြီးရာ၊ ဘာပဲပြောပြော အဘကြီးက ကျုပ်အသက်ကိုကယ်ခဲ့တာပဲ၊ ကျုပ်ကတိပေးပါတယ်အဘကြီးရာ၊ နောက်ဒီလိုမကောင်းတဲ့အလုပ်မျိုးကို ကျုပ်ဆက်မလုပ်တော့ဘူး၊ ကျုပ်ခါးပိုက်မနှိုက်တော့ဘူးဗျာ”

ကျုပ်လည်းခေါင်းညိတ်ရင်း

“မင်းအမြင်မှန်ရတာကို ငါဝမ်းသာပါတယ် ဘသိုက်ရာ”

ဘသိုက်က သူ့တပည့်သုံးယောက်ကိုမျက်ရိပ်ပြလိုက်တော့ တပည့်သုံးယောက်က ကားတံခါးအဆင်းအတက် တံခါးပေါက်အပေါ်နားက ရွံစေးလိုမည်းညစ်ညစ်အရာကလေးတစ်ခုကို ခွာလိုက်ကြတယ်၊ ဒီအချိန်ကားကြီးက တစ်ချက်သိမ့်ခနဲတုန်သွားတယ်ဗျာ၊ ကားသမားက ဒီတော့မှ အနောက်ကိုလှည့်ကြည့်ရင်း

“ဟိုသုံးယောက်၊ ထိုင်လေကွာ၊ ထိုင်ခုံတွေအများကြီးလွတ်နေတယ်မဟုတ်လား”

ဟိုလူသုံးယောက်လည်း ဘသိုက်အနားမှာထိုင်လိုက်ကြတယ်၊ ကျုပ်လည်း ဘသိုက်ကိုကြည့်လိုက်ရင်း

“နေပါအုံးကွ၊ မင်းတို့လုပ်စားနေတာကြာပြီလား”

“ကြာပြီပဲဆိုပါတော့ အဘကြီးရာ၊ ကျုပ်တစ်သက်ပဲဆိုပါတော့”

“ဒါနဲ့မင်းက ဘယ်လိုလုပ်ပြီးအစိမ်းသရဲတွေကို ခိုင်းစားနိုင်တာလဲကွ၊ ခုနက သရဲတွေလွတ်သွားတော့ မင်းသူတို့ကိုဘာမှမလုပ်နိုင်ပါလား”

“ဒါက ဒီလိုပါအဘကြီးရာ၊ ကျုပ်ကမိဘမဲ့ပါ၊ ကျုပ်အသက်ငါးနှစ်လောက်မှာပဲ မိဘတွေက ရှေ့ဆင့်နောက်ဆင့််ကွယ်လွန်သွားကြပါတယ်၊ အရင်က အဒေါ်တွေအိမ်မှာကပ်နေရပါတယ်၊ နည်းနည်းကြီးကောင်ပေါက်ဝင်လာတော့ အဒေါ်တွေက ကျုပ်ကိုမကျွေးချင်တော့ဘူး၊ ဒါနဲ့ ပြဿနာအမျိုးမျိုးရှာပြီးတော့ အိမ်ကမောင်းချပါရောဗျာ၊ ကျုပ်လည်းမခံချင်တာနဲ့ အိမ်ကထွက်လာပြီး လေလွင့်နေတုန်းမှာ လူကြီးတစ်ယောက်နဲ့တွေ့သဗျ”

ကျုပ်လည်း ခေါင်းညိတ်ရင်းနားထောင်နေလိုက်တယ်။

“ဒီလူကြီးက သူ့ကိုယ်သူဘိုးတော်လို့ပြောတယ်ဗျ၊ ကျုပ်ကိုလည်း ငွေရှာနည်းသင်ပေးမယ်တဲ့လေဗျာ၊ အဲဒါနဲ့ကျုပ်လည်းငွေရမယ်ဆိုတော့ သူ့အနောက်လိုက်ခဲ့တာပေါ့ဗျာ၊ ကျွန်တော်က အစက မှော်ဘီမှာနေတာပါ၊ ဒီလူကြီးက ထောက်ကြံ့မှာနေတာနဲ့ သူနဲ့အတူပါလာခဲ့တာပေါ့ဗျာ၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်တို့ထောက်ကြံ့ရောက်တဲ့အချိန် မိန်းမတစ်ယောက်ကို ကုန်ကားတစ်စီးက တိုက်သွားသဗျာ၊ လူတွေဝိုင်းကြည့်နေကြတာ အုံခဲနေတာပါပဲ၊ ဒီလူကြီးက သေသွားတဲ့မိန်းမရဲ့မျက်လုံးကို စိုက်ကြည့်ပြီးတော့ တစ်ခုခုရွတ်နေတယ်ဗျ”

“အဲဒါ မကောင်းတဲ့အောက်လမ်းပညာဖြစ်မယ်”

“ကျုပ်လည်းမသိပါဘူးအဘကြီးရာ၊ နောက်တော့ ဒီလူကြီးက ကျုပ်ကိုခေါ်လာခဲ့တယ်၊ ဆူးလေဘက်သွားတဲ့ကားစီးရင်း သူက ကျုပ်ကိုသင်ပေးသဗျ၊ သူ့အိတ်ကပ်ကိုပုတ်ပြီးတော့ သရဲကိုခေါ်ထုတ်တယ်ဗျာ၊ ပြီးတော့ ဟိုလူရဲ့လွယ်အိတ်ကိုနှိုက်၊ ဒီလူရဲ့လက်ဆွဲအိတ်ကိုနှိုက်နဲ့နှိုက်ခိုင်းတာဗျ၊ သူပြောတဲ့အတိုင်း သရဲကြီးက လိုက်နှိုက်ပေးတယ်ဗျာ၊ ပြီးတော့ သူ့တိုက်ပုံအိတ်ထောင်ထဲကို ငွေတွေလာလာထည့်ပေးတာဗျ၊ သရဲကြီးကို ကျုပ်တို့ပဲမြင်ရတယ်၊ တစ်ကားလုံးက လူတွေဘယ်သူမှမမြင်ရဘူးဗျာ၊ နောက်တော့ ကျုပ်ကိုအဲဒီနည်းသင်ပေးပြီး သရဲကြီးကို ခြိမ်းခြောက်ပြီးခိုင်းစားရတာပဲဗျာ”

“ဘယ်လိုခြိမ်းခြောက်တာလဲကွ”

“ကျုပ်ခိုင်းတာလုပ်ပေးရင် အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ပြောရတယ်၊ ကျုပ်ခိုင်းတာမလုပ်ရင်တော့် အဲဒီဆရာကြီးသင်ပေးတဲ့ မန္တန်တစ်ခုကိုရွတ်ရတယ်၊ ဒါဆိုရင် ဒီသရဲတွေမခံနိုင်ဘူးဗျာ”

ကျုပ်သိလိုက်ပါပြီဗျာ၊ သူနဲ့တွေ့ခဲ့တဲ့လူက အောက်လမ်းဆရာကြီးဖြစ်မှာဗျ၊ ဒီအောက်လမ်းဆရာကြီးက သေသွားတဲ့အစိမ်းသေကို မွေးပြီးတော့ သူ့လိုချင်တာပေးမယ်လို့ပြောပြီး ချော့ခိုင်းလိုက်၊ ခြောက်ခိုင်းလိုက်နဲ့လုပ်ခိုင်းပြီး ငွေရှာခိုင်းနေတာဗျ။

“ဒါနဲ့ အဲဒီဆရာကြီးက ဘယ်သူလဲ”

“နာမည်တော့ မပြောပါရစေနဲ့ဗျာ၊ ဒီကိစ္စကိုဘယ်သူ့ကိုမှ မပြောဘူးလို့ သစ္စာဆိုထားလို့ပါ”

“ဒါဆို မင်းတို့လုပ်အားခရတော့ သူ့ကိုပေးရသေးလား”

“ပေးရပါတယ်၊ တစ်နေ့တာလုပ်လို့ရသမျှကို သုံးပုံပုံပြီး နှစ်ပုံကိုသူ့ကိုပေးရပါတယ်”

“ဟ၊ နှစ်ပုံတောင်ဆိုတော့ များတာပေါ့ကွ၊ မင်းတို့လုပ်ရတာကလည်း မတန်ပါဘူးကွာ”

“မပေးလို့လည်းမရဘူးဗျ၊ သူတောင်းသလောက်မပေးရင် သူက ကျုပ်တို့ကိုသတ်ပစ်မယ်လို့ ဆိုတာကိုး”

“အင်းလေ၊ အခုမင်းဘယ်လိုဆက်လုပ်မလဲ”

“သူမွေးပေးထားတဲ့ သရဲတွေမှ မရှိတော့ဘဲဗျာ၊ ကျုပ်လည်းဆက်မလုပ်တော့ဘူးလို့ ပြောလိုက်တော့မယ်”

“အေးပါ၊ အဲဒါမှတ်ထားဘသိုက်ရ၊ မကောင်းတဲ့လူနဲ့ တွဲလုပ်ရင် မကောင်းတာပဲလုပ်ဖြစ်တယ်ကွ”

ဘသိုက်က သူ့တပည့်တွေနဲ့ မိတ်ဆက်ပေးတယ်။

“ဒီကောင်ကတော့ ကျုပ်ရဲ့မတ်ပါ၊ သူ့နာမည်ကတော့ တို့ဆေးဘအေးတဲ့”

“ဟာ၊ တို့ဆေးဆိုတာ သိပ်စွမ်းတယ်လို့ကြားဖူးတယ်၊ ငါ့ကိုပြပါလား”

ဘအေးကပြုံးရင်း

“ဘယ်က တို့ဆေးရမှာလဲ အဘရာ၊ ကျုပ်တို့လှုပ်ရှားတာက ဒီလိုဗျ၊ ကျုပ်တို့လုပ်မယ့် သားကောင်ကို လန့်အောင်လုပ်ရတယ်ဗျ၊ အလွယ်ဆုံးကတော့ အနောက်ကနေဆောင့်တွန်းတာပေါ့ဗျာ၊ အဲဒီလိုတွန်းလိုက်လို့ ဒီလူလန့်သွားတဲ့အချိန်မှာ ကျုပ်တို့မွေးထားတဲ့အစိမ်းသရဲက ဒီလူ့ကိုယ်ထဲကိုဝင်ပူးတာပေါ့ဗျာ၊ ပြီးတော့ ရသမျှအကုန်ယူပြီး တစ်နေရာရောက်တော့ သရဲကသူ့ကိုခွာလိုက်တာပေါ့၊ ဒီအချိန်ဆို သားကောင်က အူကြောင်ကြောင်နဲ့ အိပ်ရာကနိုးလာသလိုဖြစ်တာပေါ့ဗျာ”

“ဟ၊ မင်းတို့ဟာက တကယ့်တို့ဆေးမှမဟုတ်တာ၊ အောက်လမ်းနည်းပဲကွ၊ လူတွေလန့်ရင် သတိလွတ်သွားတတ်တယ်၊ တစ်ချို့လည်း လိပ်ပြာလွင့်တယ်ခေါ်တာကိုး၊ ဒီလိုအချိန် အစိမ်းသရဲကိုပူးကပ်ခိုင်းပြီး မင်းတို့လုပ်ချင်တာလုပ်တာမဟုတ်လား၊ မင်းတို့ကတော့ကွာ၊ ငါမပြောချင်တော့ဘူး”

“ဒီကောင့်နာမည်ကတော့ ငွေပွားထွန်းရင်တဲ့”

“ဟာ၊ ငွေပွားဆိုတာ ငါကြားတော့ကြားဖူးတယ်ကွ၊ ဘယ်လောက်သုံးသုံး အဲဒီငွေက ကုန်သွားတယ်မရှိဘူးဆို”

ငွေပွားထွန်းရင်ကလည်း ရယ်တယ်ဗျ။

“မဟုတ်တာ အဘကြီးရာ၊ ကျုပ်ငွေပွားက ဒီလိုဗျ၊ ဟောဒီတစ်ဆယ်တန်ကလေးကိုကြည့်ဗျာ”

ထွန်းရင်ထုတ်ပြတဲ့ တစ်ဆယ်တန်ကလေးကိုကြည့်လိုက်တော့ တစ်ဆယ်တန်မှာ အင်းကလေးတွေဆွဲထားတာကိုတွေ့ရသဗျ။ တစ်ဆယ်တန်ကိုကျုပ်မကိုင်ကြည့်ပေမယ့်လည်း မကောင်းတဲ့အငွေ့အသက်ရတာအမှန်ပါပဲ။ ထွန်းရင်ကဆက်ပြောတယ်။

“လူများတဲ့ဆိုင်တစ်ဆိုင်ထဲကိုသွားပြီးတော့ ဒီပိုက်ဆံနဲ့ဝယ်စားရတယ်ဗျ၊ ဒီပိုက်ဆံက ငွေသိမ်းတဲ့အံဆွဲထဲကိုရောက်သွားပြီဆိုရင် ခုနကအစိမ်းသရဲကိုလွှတ်ပြီးတော့ ငွေတွေသွားပြန်ယူခိုင်းရတာပဲဗျာ၊ အစိမ်းသရဲက အံဆွဲဖွင့်ပြီးငွေတွေကို မသိအောင်ယူတယ်ပေါ့ဗျာ၊ ဒီလိုနည်းနဲ့ ငွေတွေပွားသွားတာပဲ”

“မင်းတို့က တကယ်မလွယ်တဲ့ကောင်တွေပဲ”

“နောက်ဆုံးတစ်ယောက်ကတော့ လက်ကုတ်မောင်တုတ်တဲ့ဗျ”

“အောင်မယ်၊ မင်းလက်က ကုတ်နေလို့လား”

“မဟုတ်ပါဘူးဗျာ၊ ဒီကောင်က လူတွေကိုလက်တို့လိုက်၊ လက်ကုပ်လိုက်နဲ့ လိုက်လိုက်တောင်းတဲ့ကောင်၊ အစတော့ လမ်းမေးသလိုလိုဘာလိုလိုနဲ့ လက်လိုက်ကုပ်ရတာ၊ လက်ကုပ်မိပြီဆိုတော့မှ မန္တန်ရွတ်ပြီးခိုင်းရတာ၊ ဥပမာဆရာကြီးရာ လူတစ်ယောက်ကိုလက်ကုပ်ပြီးတော့ ဒီလူတွေဝေသွားတဲ့အချိန်မှာ ပါတဲ့ပိုက်ဆံတွေပေးဖို့တောင်းရတာပေါ့၊ မန္တန်အစွမ်းကြောင့် လူတွေက ရောယောင်ပြီး တောင်းသမျှပေးကြတာများပါတယ်ဗျာ၊ ဒီကောင်ဘယ်လောက်များတောင်းသလဲဆိုရင် တစ်ခါက လူတစ်ယောက်ကို အဝတ်အစားရော၊ ပုဆိုးရောတောင်းဖူးတယ်၊ ဟိုလူကလည်း ချွတ်ပေးတာပဲဗျာ”

“ဟာ၊ တယ်စွမ်းတဲ့ကောင်တွေပါလား”

ကျုပ်တို့စကားပြောနေတုန်း ဘသိုက်က

“ထောက်ကြံ့တောင်ရောက်တော့မယ်၊ ဒါနဲ့အဘကြီးက ဘယ်ကိုသွားမလို့လဲဗျ”

“ထောက်ကြံ့က ပဲခူးလမ်းဆိုတဲ့ရပ်ကွက်ကိုပါ”

“ဟာ၊ ဒါဆိုကားကနေဆင်းပြီး နည်းနည်းလျှောက်လိုက်တာနဲ့ရောက်ပါပြီဗျာ၊ ခဏနေ ကားရပ်တော့မယ်၊ ကျုပ်တို့လဲဆင်း၊ အဘလည်းဆင်းပေါ့ဗျာ”

ခဏနေ လိုင်းကားရပ်သွားတော့ ကျုပ်လည်းသူတို့နဲ့အတူတူဆင်းခဲ့တယ်၊ သူတို့ကတော့ ညနေစောင်းပြီဆိုတော့ နည်းနည်းကစ်ချင်ကြတဲ့ပုံပဲဗျ၊ ကျုပ်ကိုလေးယောက်သား နှုတ်ဆက်သွားပြီးတော့ တစ်နေရာထွက်သွားကြတယ်၊ ကျုပ်လည်း သူတို့ညွှန်တဲ့အတိုင်းဆက်လျှောက်ခဲ့တာပေါ့ဗျာ။

အဲဒီရပ်ကွက်မှာ အိမ်ကြီးအိမ်ကောင်းတွေများတယ်ဗျ၊ ခြံအကျယ်ကြီးတွေလည်းရှိပါသေးတယ်၊ လိပ်စာအတိုင်းကျုပ်လိုက်ရှာရင်းနဲ့ အိမ်ကြီးတစ်အိမ်ရှေ့ကိုရောက်ခဲ့ပါရောဗျာ၊ အိမ်ကြီးက တော်တော်ကောင်းတဲ့အိမ်ကြီးပါ၊ ခြံကြီးဆိုတာလည်း အကျယ်ကြီးပဲဗျာ၊ ခြံပတ်ပတ်လည်မှာလည်း အရိပ်ရအပင်တွေစိုက်ထားတော့ ခြံက အုပ်ဆိုင်းနေပါရောဗျာ၊ ကျုပ်လည်း ခြံပေါက်ဝအနားကို ကပ်ခဲ့လိုက်တယ်။

“အိမ်ရှင်တို့၊ အိမ်ရှင်တို့”

ကျုပ်သုံးလေးခါခေါ်တော့မှ သံချောင်းကြီးတွေနဲ့ လုပ်ထားတဲ့ ခြံတံခါးကပွင့်လာတယ်ဗျ။

“ဘယ်သူလဲ၊ ဘာကိစ္စရှိလို့လဲ”

အထဲကထွက်လာတဲ့လူကို ကြည့်လိုက်တော့ အလတ်ကောင်ဖြစ်နေသဗျာ၊ ကျုပ်လည်း အလတ်ကောင်ကိုမြင်လိုက်တော့ ပျော်သွားတာပေါ့ဗျာ၊ ဝမ်းသာအားရနဲ့ အလတ်ကောင်ပုခုံးကိုပြေးကိုင်လိုက်တယ်ဆိုရင်ပဲ ကျုပ်တစ်ကိုယ်လုံးဓါတ်လိုက်သလိုဖြစ်သွားပြီးတော့ အနောက်ကိုလွင့်ထွက်သွားတာပေါ့ဗျာ။ လက်ထဲကိုင်ထားတဲ့ ကွမ်းအစ်တောင်မှ ပြျတ်ကျသွားတယ်။ အလတ်ကောင်က ကျုပ်ကိုစိမ်းစိမ်းကြီးကြည့်ရင်း

“အဘကြီး ဘာလာရှုပ်တာလဲ”

ကျုပ်လည်း လူးလဲထပြီးတော့

“ဟာအလတ်ကောင်၊ မင်းငါ့ကိုမမှတ်မိတော့ဘူးလား”

အလတ်ကောင်ရုပ်က မာမာထန်ထန်နဲ့ဗျ၊ ကျုပ်ကိုသေချာမျက်မှောင်ကြုတ်ကြည့်ပြီး

“ဘယ်သူလဲ ခင်ဗျားကိုကျုပ်သိလည်းမသိဘူး၊ မှတ်လည်းမမှတ်မိဘူး”

“ဟာ၊ ငါဦးဘသာလေကွာ”

“ဘယ်က ဦးဘသာလဲ၊ ကျုပ်နောက်ဆုံးအနေနဲ့ပြောမယ်နော်အဘကြီး၊၊ ဒီခြံအနားလာပြီးတော့ ဟိုလိုလိုဒီလိုလိုလာမလုပ်နဲ့၊ နောက်တစ်ခါလာရင်တော့ ခင်ဗျားသေပြီသာမှတ်”

အလတ်ကောင်က ပြောဆိုပြီးခြံထဲပြန်ဝင်မလို့လုပ်နေတုန်း ကျုပ်လည်းအနောက်ကနေပြေးလိုက်ပြီး

“နေပါအုံးအလတ်ကောင်ရာ၊ မင်းငါ့ကို မမှတ်မိဘူးလား”

ကျုပ်ပြောတုန်းရှိသေးတယ်ဗျာ၊ အလတ်ကောင်က ကျုပ်ကိုလှည့်ပြီးမျက်စောင်းထိုးကြည့်တယ်ဗျ၊ နောက်တော့ သူ့လက်ဝါးနဲ့ကျုပ်ရင်ဘတ်ကို ဆောင့်တွန်းထည့်လိုက်ပါရောဗျာ၊ ကျုပ်လည်း ရုတ်တရက်ဆိုတော့ မရှောင်လိုက်နိုင်ပါဘူး၊ အလတ်ကောင်က လက်ဝါးနဲ့တွန်းတယ်ဆိုပေမယ့် ကျုပ်ရင်ဝကို သစ်လုံးကြီးတစ်လုံးလာတိုက်သလိုခံစားရတယ်ဗျ၊ ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတာများ အတောင်သုံးဆယ်လောက်လွင့်ထွက်သွားတယ်၊ ကျုပ်ရင်ဝတစ်ခုလုံးပူရှိန်းတက်လာပြီး မီးပူကြီးကပ်ထားသလိုခံစားလိုက်ရတယ်ဗျ၊ ဒါပေမယ့် ကျုပ်စိတ်မလျှော့သေးပါဘူးဗျာ၊ အမြန်ကုန်းထပြီးတော့

“အလတ်ကောင်၊ ငါဦးဘသာလေကွာ၊ မင်းအချစ်ဆုံး ဦးဘသာလေ”

အလတ်ကောင်က လက်တစ်ဖက်ကိုမြှောက်လိုက်တယ်ဗျ၊ သူ့မြှောက်လိုက်တဲ့လက်သီးဆုပ်ထဲကနေ စိမ်းဖန့်ဖန့်အလင်းရောင်ကြီးတွေ ထွက်လာပါရောဗျာ၊ အလတ်ကောင်က လက်တစ်ဖက်နဲ့ကျုပ်ကိုလက်ညှိုးထိုးပြီး

“အဘကြီး၊ ခင်ဗျားကိုကျုပ်မသိဘူးလို့ပြောနေတယ်နော်၊ ခင်ဗျားအခုထွက်သွား၊ နို့မို့ဆို ကျုပ်အဆိုးမဆိုနဲ့”

ကျုပ်လည်း ခေါင်းခါပြီးအရှေ့ကိုဆက်တိုးသွားလိုက်တယ်။

“အလတ်ကောင်ရာ၊ မင်းရန်ကုန်မှာနေတာကြာလို့ င့ါကိုမေ့သွားတာလား၊ ငါ့တို့ရွာကလေးကိုရော မေ့သွားပြီလားကွ၊ ဟင်”

အလတ်ကောင်က မျက်လုံးပြူးကြီးနဲ့

“ဟာ၊ ဒီအဘကြီး စကားလာရှည်နေတယ်၊ သေပေတော့”

ပြောပြောဆိုဆိုနဲ့ သူ့လက်ထဲက အစိမ်းလုံးကြီးကို ပစ်လွှတ်လိုက်တယ်ဗျာ၊ အစိမ်းရောင်အလုံးကြီးက ရွှီးခနဲမြည်လာပြီးတော့ ကျုပ်ဆီတန်းတန်းမတ်မတ်ပျံဝင်လာတယ်ဗျ၊ ကျုပ်ဒီအလုံးကြီးကို တားဖို့စိတ်ကူးမရှိပါဘူးဗျာ၊ ကျုပ်ရင်ထဲမှာ ဗလောင်ဆူနေတယ်ဗျ၊ အလတ်ကောင်က ကျုပ်ကိုမမှတ်မိဘူးဆိုတာကို ကျုပ်ခံစားရတယ်၊ ကျုပ်ကို မသိတဲ့သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာကို ကျုပ်ရင်ထဲသိပ်ခံစားရတယ်ဗျာ။

အလုံးကြီးက ကျုပ်မျက်စိရှေ့နားရောက်တော့ ဝုန်းခနဲပေါက်ကွဲသွားတယ်၊ ပေါက်ကွဲတဲ့အရှိန်နဲ့ကျုပ်လည်းအနောက်ကိုလွင့်ထွက်သွားတယ်၊ ထိတာတော့မထိဘူးဗျ၊ ဖင်ထိုင်လဲကျသွားတာ၊ အလတ်ကောင်က အားမလိုအားမရနဲ့ နောက်ထပ်အလုံးတစ်လုံးကို ကျုပ်ဆီကိုပစ်ထည့်လိုက်ပါရောဗျာ။

ဒီအခါ ကျုပ်ခေါင်းပေါ်ကနေ ရွှေရောင်အလင်းတန်းကြီးတစ်ခုက ပျံဝင်လာပြီးအစိမ်းလုံးကြီးနဲ့ထိသွားတယ်ဗျ၊ ဒီတစ်ခါလည်း ခပ်ကျယ်ကျယ်ပေါက်ကွဲသွားပြန်တယ်၊ ကျုပ်လှည့်ကြည့်လိုက်တော့ လူနှစ်ယောက်က လမ်းအတိုင်းလျှောက်လာတယ်ဗျ။

“ဟင် . . . မျောက်ခေါင်း၊ အဲလေ . . . အောင်ရှိန်ပါလား”

လျှောက်လာတဲ့လူက ကျုပ်သူငယ်ချင်း ဘုရားပျံဦးအောင်ရှိန်ဖြစ်နေတယ်ဗျာ၊ သူ့ဘေးမှာတော့ ကျုပ်တို့မြင်းဇာရွာကိုသွားတုန်းကတွေ့ခဲ့တဲ့ ဝမ်းတွင်းပါမိသက်ဆိုတဲ့ စုန်းမလေးဗျ၊ စုန်းပညာကို မိသက်ကစွန့်လွှတ်လိုက်တဲ့အခါ အောင်ရှိန်က မိသက်ကိုမွေးစားလိုက်တယ်မဟုတ်လား။

အလတ်ကောင်က အောင်ရှိန်တို့ကို လက်နဲ့ရွယ်နေတုန်းမှာ အောင်ရှိန်က လက်ဝါးကိုဖြန့်လိုက်တာနဲ့ သူ့လက်ထဲက အလင်းလုံးကလေးငါးလုံးက အလတ်ကောင်ဆီကိုပြေးဝင်သွားတာပဲဗျာ၊ အလတ်ကောင်လည်း ကမန်းကတမ်းနဲ့ ခြံထဲကိုပြေးဝင်သွားပြီး ခြံတံခါးကြီးကိုပိတ်လိုက်ပါရော၊ အောင်ရှိန်က ခြံတံခါးအရှေ့ရပ်ပြီး

“ဟေ့ကောင်၊ သတ္တိရှိရင်ထွက်ခဲ့လေကွာ၊ ဒါမှမဟုတ်ရင်လည်း တံခါးဖွင့်ပေး၊ ငါတို့ဝင်လာခဲ့မယ်”

ခြံထဲက ဘာအသံမှမကြားရတော့ပါဘူးဗျာ၊ မိသက်က လဲကျနေတဲ့ကျုပ်ကို လာပြေးထူတယ်ဗျ။

“ဘဘကြီး ဘာဖြစ်သွားသေးလဲ”

ကျုပ်လည်း မိသက်ကိုအားယူပြီး မြေပေါ်က ကုန်းထလိုက်တယ်၊ ဒီအချိန်ရင်ဘတ်ထဲမှာ အောင့်ခနဲဖြစ်သွားပြီးတော့ ပျို့အန်တက်လာတာနဲ့ ပါးစပ်ကိုဖွင့်ပြီးထွေးထုတ်လိုက်မိတယ်ဗျာ၊ ပါးစပ်ထဲကနေ သွေးတွေက ဖူးခနဲပန်းထွက်သွားတယ်ဗျ၊ သွေးတွေထွက်ပြီးတာနဲ့ ကျုပ်လည်းခွေကျသွားတာပဲ၊ အောင်ရှိန်က ကျုပ်လက်မောင်းတစ်ဖက်ကိုဖမ်းဆွဲလိုက်လို့သာ ကျုပ်မြေပြင်ပေါ်လဲကျမသွားတာဗျ။

“သမီးမိသက်၊ သာဒင်ရဲ့အကျီရင်ဘတ်ကိုဖွင့်လိုက်စမ်း”

မိသက်က ကျုပ်ဝတ်ထားတဲ့ ရှပ်အင်္ကျီကြယ်သီးတွေကိုချွတ်လိုက်တယ်ဗျ၊ နောက်တော့ တအံ့တသြနဲ့ ဟာခနဲရေရွတ်ပြီးတော့ အောင်ရှိန်ကိုမော့ကြည့်တယ်၊ ကျုပ်လည်း မျက်ခွံတွေလေးလာပြီးတော့ မျက်လုံးတွေစင်းကျသွားတယ်၊ နောက်တော့ဘာတွေဆက်ဖြစ်သွားမှန်း ကျုပ်မသိတော့ပါဘူးဗျာ။

“အလတ်ကောင်၊ အလတ်ကောင် . . .”

ကျုပ်ပါးစပ်ကနေ ဒီစကားကိုပဲ ရေရွတ်နေမိပါတော့တယ်ဗျာ။

ပြီးပါပြီ

စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ