သင်္ချိုင်းထိပ်ကလူ

ကျော်စန်းကလည်း ​မောင်တိုးတို့ကိုမြင်တော့
ဝမ်းသာတကြီးဖြင့်…

“မင်းတို့လာမှလာပါ့မလားလို့ကွာ…”

“ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာ…
မဖြစ်ဖြစ်အောင်လာမှာပေါ့…”

“အေး…အေး…အခုတော့ထမင်းစားထားကြဦး…
မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်”

သတိုးသားကျော်စန်းစကားကြောင့်မောင်တိုးတို့
ပြုံး၍ခေါင်းညိတ်ကြသည်။
သူတို့ရောက်လာသည့်အချိန်က
နောက်ကျတာကြောင့်ဧည့်သည်များ
အတော်နည်းနေပြီဖြစ်သည်။

“လာငါညီတို့…အစ်ကိုတို့လိုက်ပို့မယ်…”

ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းဆီသို့
​ခေါ်သွားကြသည်။
မင်္ဂလာဆောင်တွင် ဝက်သားချက်…ပဲပြုတ်နှင့်ဟင်းချိုရည်…
သရက်ချဥ်သုပ်တို့ဖြင့် ကျွေးမွေးကြသည်။
မောင်တိုးနဲ့မောင်အုန်းလည်း ဆာဆာဖြင့်
ထမင်းများစားလိုက်ကြ၏။
စားလို့ပြီးလေတော့ သူတို့အားစောင့်နေကြသော
ရွာသားတွေမှ…

“လာငါညီတို့…ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်…
ဟိုသရက်ပင်အောက်မှာအစ်ကိုဝိုင်းတည်ထားတယ်ကွ”

ရွာသားတွေနောက်မှမောင်တိုးတို့လိုက်ကြသည်။
ရွာသားတွေကသူတို့နှစ်ယောက်ကို
အတော်ခင်နေကြပုံရ၏။
အရိပ်ရသောသရက်ပင်အောက်၌ လူထိုင်လို့ရစေရန်
ဖျာကြမ်းများခင်းထားပြီး စားပွဲဝိုင်းတစ်ဝိုင်းလည်း
ချထားပေလေသည်။
ထိုနေရာမှ မင်္ဂလာဆောင် မဏ္ဍပ်ကိုလည်းမြင်​နေရသည်။

“ထိုင်ကြကွ…”

မောင်တိုးတို့လည်းရွာသားတွေနှင့်ဝိုင်းဖွဲ့ကာထိုင်လိုက်သည်။
ရွာသားတစ်ဦးမှ ထန်းလျက်အရက်များကိုငှဲ့ပေးရင်း…

“ငါ့ညီတို့ကသောင်ထွန်းရွာကဘွားမယ်စိန်ဆိုတဲ့အမေကြီး
နောက်ကိုလိုက်နေကြတာမဟုတ်လား”

“ဟုတ်ပါတယ်…ဘာလို့လဲဗျ”

“သြော်…ဘာမှမဟုတ်ပါဘူးကွာ…
အမေကြီးကသိပ်စွမ်းတာလို့ကြာဖူးတယ်…
အမေကြီးနောက်လိုက်ရင်းကြုံခဲ့ရတာလေးတွေ
ပြောပြကြပါလားကွာ…
အစ်ကိုတို့လည်းကြားဖူးသွားတာပေါ့”

“ကိုမောင်ချိုတို့ကတော့စကား​​ပြောတော်ချက်ဗျို့…
ဟုတ်တယ်ကွငါတို့လည်းသိချင်နေတာ…
ပြောပြလို့ရရင်ပြောပြပါလားကွာ…”

ရွာသားတွေကသိချင်နေကြ၍ မောင်တိုးနဲ့မောင်အုန်းလည်း
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြသည်။
ပြီးလေမှ…

“ကဲပါမောင်တိုးရာ…မင်းပြောပြလိုက်စမ်းပါ”

ဟုမောင်အုန်းကပြောလေမှ မောင်တိုးလည်းခေါင်းကို
ညိတ်ပြီး…

“သိချင်တယ်ဆိုတော့လည်းပြောပြရတာပေါ့ဗျာ…”

ဟုပြောလေတော့ရွာသားတွေကဝမ်းသာသွားကြသည်။

“ဟေး…ဒါမှငါ့ညီတွေကွ…
မင်းတို့ကပြောစရာရှိတာသာပြော…
အရက်နဲ့အမြည်းအတွက်တော့
စိတ်ချ ကုန်သွားရင်ငါတို့ဖြည့်ပေးမယ်…”

ထန်းလျက်အရက်ပုလင်းများကလည်းနံဘေး၌
လေးငါးလုံးရှိသည်။
အမြည်းအဖြစ် လက်ဖက်သုပ်…
မြေပဲလှော်အပြင် ကြက်တစ်ကောင်ကိုကြော်၍ချပေးထားသည်။
မောင်တိုးကလည်းဘွားမယ်စိန်နှင့်သူတို့လိုက်စဥ်က
အဖြစ်အပျက်များကိုပြန်လည်ကာပြောပြနေခဲ့သည်။
ထန်းလျက်အရက်လေးကိုမော့သောက်လိုက်…
အမြည်းစားလိုက်…ပြောစရာလေးပြောလိုက်ဖြင့်အတော်လေး
ဟန်ကျနေကြသည်။
မောင်တိုးတစ်ယောက်အရက်လေးဝင်၍
ပြောရတာပိုကောင်းနေသလို…နားထောင်သူများကလည်း
စိတ်ဝင်တစားပင်နားထောင်နေခဲ့ကြသည်။
ထိုသို့အရက်သောက်လိုက်နားထောင်လိုက်လုပ်နေစဥ်
မင်္ဂလာဆောင်အတွက်ဝိုင်းကူနေကြသောလူများဆီမှ…

“ဟေ့…မိသန်း…ငါတောင်းတာပေးနော်…
မဟုတ်ရင်ဒီနေရာမှာတင်နင်သေမယ်…”

“ဟောတော်…ကိုအောင်ထွန်းရယ်
ကျုပ်ဘယ်ကပိုက်ဆံရှိမှာလဲ…
အခုတောင်မင်္ဂလာဆောင်ဝိုင်းကူနေလို့
ထမင်းလေးစားနေရ​တာ…
တော်ပြန်ပါတော့တော်…ကျုပ်ရှက်လို့ပါ…”

“မသာမ…သေချင်နေတာထင်တယ်…”

ဟူသောအသံများကြောင့်မောင်တိုးတို့မှာ
စကားစပြတ်သွားပြီး အသံများလာရာဆီကို
ကြည့်ကုန်ကြသည်။
အသားမည်းမည်း…အရပ်ကရှည်ရှည်…
ဆံပင်ဘုတ်သိုက်ကြီးဖြင့် ပုဆိုးကိုတိုတိုဝတ်ကာအပေါ်ပိုင်း
ဗလာကျင်းနေသော လူသည် သူ၏မိန်းမဖြစ်ဟန်တူသော
အမျိုးသမီးကိုငေါက်ဟယ်ရိုက်ဟယ်ဖြင့်ရန်မူနေခဲ့သည်။

“ဘိုးအောင်ထွန်းသောင်းကျန်းနေပြန်ပြီ…
ဟေ့ကောင်တွေဒီလူ့ကိုအရက်တစ်ပုလင်း
ပေးလိုက်စမ်းပါကွာ…”

သတိုးသားကျော်စန်းကမနေနိုင်စွာဖြင့်
မောင်တိုးတို့ဝိုင်းမှထန်းလျက်အရက်တစ်လုံးကိုယူကာပေးလိုက်သည်။
ထိုအခါမှဘိုးအောင်ထွန်းဆိုသည့်လူကကျေနပ်ဟန်ဖြင့်
လှည့်ထွက်သွားခဲ့၏။

“ဒီဘိုးတော်ကြည့်ရတာမိန်းမကိုအတော်နိုင်ပုံရတယ်ဗျ”

“အမယ်လေးကွာ…နိုင်တာလည်းမပြောနဲ့…
ဒါတောင်ဒင်းကမိန်းမတစ်ယောက်ပြီးတစ်ယောက်ယူနိုင်သေးတာကွ… ”

“ဗျာ…ဒီလူက မိန်းမတစ်ယောက်ပြီး
တစ်ယောက်ယူတယ်…
ဟုတ်သလား”

မောင်တိုးကအံ့သြစွာဖြင့်မေးလိုက်တော့ရွာသားတွေက
ခေါင်းညိတ်ထောက်ခံကြသည်။

“ဟုတ်တယ်ကွ…ဒါတတိယမြောက်မိန်းမပဲ…
ပထမမိန်းမကတော့ သူ့ဒဏ်မခံနိုင်လို့
လူ့လောက ကနေအစောကြီးထွက်သွားရှာပြီ…
ကလေးတွေလည်းဟိုရောက်ဒီရောက်ပေါ့ကွာ…
ဟောဒုတိယမိန်းမလည်းအခုလိုပဲရိုက်လိုက်…
အရက်ဖိုးတောင်းလိုက်ဒဏ်ကိုမခံနိုင်လို့
ထွက်ပြေးသွားတာဘယ်ရောက်သွားမှန်းကို
မသိပါဘူးကွာ…ဒါကတော့တတိယမြောက်ပဲဟေ့…
ဘယ်လိုလာမယ်မှန်းမသိပါဘူးကွာ…”

“ဟောဗျာ…ဒီလိုအသားကမည်းလူကပိန်ရှည်ရှည်…
သွားကလည်းကွမ်းဂျိုးတွေမည်းနေတဲ့လူကိုမှ
ယူတဲ့မိန်းမကရှိသေးတယ်…အံ့သြပါ့ဗျာ…”

“မောင်တိုးကလည်းကွာ…
မင်းမစွံတိုင်းသူများကိုပြောမနေစမ်းပါနဲ့ကွ…”

“မဟုတ်တာကိုကြီးအုန်းရာ…
လောကကြီးကမတရားလို့ပါဗျ”

“ဘာတွေမတရားတာတုန်းကွ…”

“အခုကြည့်လေဗျာ…
အလုပ်မရှိတဲ့အပြင်မိန်းမဆီကနေ
အရက်ဖိုးတောင်းသောက်နေရတဲ့လူတောင်
မိန်းမတွေပြောင်းပြီးယူနိုင်သေးတာ…
ကျုပ်လိုလူချော…လူကောင်းလေး…
အလုပ်ဆိုလည်းလုပ်တာမှပြောမနေနဲ့…
ဦးဘိုးသောင်းနွားနဲ့တောင်ပြိုင်ရုန်းနိုင်သေးတယ်…
အဲ့သည်လိုလူကျယူချင်တဲ့မိန်းမကမရှိဘူးလေ…
ဒါမတရားတာပဲဗျ”

“ဟား…ဟားး…ဟားး…ဟားး…ဟားးး…
တကယ့်ကောင်ကွာ…ပြောလည်းပြောတတ်တယ်…”

မောင်တိုးစကားကိုအားလုံးကသဘောကျပြီး
တဟားဟားရယ်မောကုန်ကြသည်။
ထိုသို့ဖြင့်ထန်းလျက်အရက်လေးသောက်လိုက်
စကားပြောလိုက်ဖြင့်နေပင်စောင်းလာခဲ့၏။

“ကဲ…ငါ့ကောင်တွေ…မင်းတို့ တို့ရွာမှာပဲ
ညအိပ်လိုက်တော့”

“မအိပ်တော့ပါဘူးဗျာ…”

“ဟ…အိပ်သွားပါကွာ…မင်းတို့ဒီလိုပုံစံကြီးနဲ့တော့
မပြန်ကြပါနဲ့…”

“ပြန်နိုင်ပါတယ်ဗျာ…
ကျုပ်တို့ဒီလောက်လည်းမမူးပါဘူးဗျ…”

“ပြောမရလည်းပြန်ကြကွာ…
ဟောသည်လက်ကျန်တစ်ပုလင်းတော့
ကုန်အောင်သောက်ကြဦး”

“သောက်မှာ…ကုန်အောင်သောက်ပြီးမှပြန်မှာဗျာ…”

သတိုးသားကျော်စန်းက တားမရသော
မောင်တိုးတို့နှစ်ယောက်ကိုအရက်သာအဝတိုက်နေခဲ့၏။
အတော်လေးမှောင်လာတော့မောင်တိုးတို့လည်းသတိုးသားနှင့်
ရွာသားတွေကိုနှုတ်ဆက်ပြီး နွားလှည်းဖြင့်ပြန်ဖို့ပြင်ကြသည်။

“နေဦးကွ…ရော့ဒါမင်းတို့လမ်းမှာသောက်ဖို့…
ယူသွားကြ”

“ကျေးဇူးတင်တယ်ကွာ…
ငါတို့လမ်းမှာထပ်ဖြည့်လို့ရတာပေါ့”

“အေး…အေး…သေချာလည်းပြန်ကြဦး…
မင်းတို့ရွာကိုပြန်နိုင်တာသေချာတယ်နော်…”

“သေချာပါတယ်ကွာ…”

ထန်းလျက်အရက်နှစ်လုံးကို ကျော်စန်းကလှည်းပေါ်တင်ပေးလိုက်သည်။
အချိန်က လပင် ကောင်းကင်ပေါ်၌နေရာယူနေပြီ
ဖြစ်ပြီး မောင်တိုးနှင့်မောင်အုန်းတို့ကတော့
အရက်မူးမူးဖြင့်လှည်းကောက်မောင်းလာခဲ့ကြသည်။

အင်တိုင်းရွာအထွက်သင်္ချိုင်းနားသို့ရောက်တော့
အတော်လေးမှောင်နေခဲ့သည်။

“ကိုကြီးအုန်း…မှောင်နေတယ်နော်…
မီးတုတ်ထွန်းကြမလား”

“ထွန်းမနေနဲ့ကွာ…ဒီလမ်းတွေဆိုတာ
ငါတို့မျက်စိမှိတ်တောင်သွားလို့ရနေတာပဲ…”

မောင်အုန်းစကားအတိုင်းနွားလှည်းကိုဆက်မောင်းလာခဲ့သည်။
သင်္ချိုင်းကိုဖြတ်ကျော်ပြီးနောက်…

“အရှေ့မှာလူတစ်ယောက်တားနေတယ်ဗျ”

မှောင်နေသော်လည်း လရောင်ကြောင့်မြင်နေရသည်။

“လူကောဟုတ်ရဲ့လား…
အင်တိုင်းရွာသင်္ချိုင်းကအခြောက်အလန့်ပေါတယ်ကွ…”

“မသိဘူးလေဗျာ…”

“နေ…နေ…ငါသွားမယ်…”

မောင်အုန်းကဝါးရင်းတုတ်ကိုယူပြီး
နွားလှည်းပေါ်မှခုန်ဆင်းလိုက်သည်။
မောင်တိုးလည်းနွားလှည်းကိုရပ်ပြီးမောင်အုန်းနောက်မှ
အတူဆင်းလိုက်လာခဲ့သည်။

“ဟေ့ဘယ်ကောင်လဲကွ…”

မောင်အုန်းကဝါးရင်းတုတ်ကြီးကိုရွယ်ပြီးမေးလိုက်သည်။
နွားလှည်းကိုတားသူကလည်း ခါးကြီးကိုကုန်း၍…

“အရက်…အရက်သောက်ချင်လို့”

ဟု…အသံဝါးဝါးကြီးဖြင့်ပြောလေသည်။
လရောင်အောက်၌ထိုလူ၏သွားမည်းမည်းကြီးများနှင့်
ရုပ်သွင်မှာကြောက်စဖွယ်ကောင်းနေခဲ့၏။

“တောက်…နှမဘေးသရဲ…
အရက်လာတောင်းနေတယ်လို့…
ဒါပဲရမယ်ကွ…”

“ဘုန်း…ခွပ်…”

“အမယ်လေးဗျ…”

“ဟင်…”

မောင်အုန်း၏ဝါးရင်းတုတ်ဖြင့်အတီးခံရ၍”အမယ်လေးဗျ”
ဟုအော်ကာ နေရာ၌လှဲကျသွားတော့သည်။
​မောင်တိုးမှာမောင်အုန်းကိုတားချိန်ပင်မရလိုက်…
ကြောင်အမ်းပြီးကြည့်နေခဲ့မိ၏။
သတိဝင်လာချိန်မှ…

“ကိုကြီးအုန်းလွန်မယ်…
လွန်ကုန်တော့မယ်…”

“မင်းအသာနေစမ်းပါမောင်တိုးရာ…
ဒီိလိုသရဲကိုဒီလိုဆုံးမပစ်ရမှာကွ…
ဘွားမယ်စိန်ရဲ့သားတွေကွ…
ဘာများမှတ်နေလဲ”

ဟု…မောင်အုန်းကလေသံကျယ်ကျယ်ဖြင့်အော်ပြောနေသည်။
မောင်အုန်းရိုက်ချက်ကြောင့်မြေပြင်ပေါ်၌
တအီးအီးငြီးငြူသံများထွက်ပေါ်နေ၍…

“ဒါလူဗျ…သရဲမဟုတ်ဘူး”

ဟုမောင်တိုးကပြောလိုက်တော့မောင်အုန်းမှာ
အမူးပင်ပြေသွားပြီး…”ဟေ…”ဟုပြောကာ
မြေပြင်ပေါ်မှလူကိုသေချာငုံ့ကြည့်တော့သည်။

“ဟုတ်တယ်ကိုကြီးအုန်း…သေချာကြည့်ဦးဗျ…
ဒါသရဲမဟုတ်ဘူး…နေ့ခင်းတုန်းက ကျုပ်တို့တွေ့တဲ့
ဘိုးအောင်ထွန်းဆိုတဲ့လူဗျ…”

“ဟာ…သွားပြီဟေ့”

“အခုမှတော့လန့်မနေနဲ့တော့….ဒီလူ့ကြည့်ရတာ
ကိုကြီးအုန်းရိုက်လိုက်လို့ခေါင်းကွဲပြီထင်တယ်…
လာဗျာ…မထူလိုက်…
ကျုပ်တို့ရွာထဲပြန်သယ်မှဖြစ်တော့မယ်…”

“အေး…အေးပါကွာ…”

မောင်အုန်းလည်းကြောက်ကြောက်လန့်လန့်ဖြင့်
ဘိုးအောင်ထွန်းကို…မောင်တိုးနှင့်အတူတွဲ၍
လှည်းပေါ်တင်ပေးသည်။
နွားလှည်းကိုအင်တိုင်းရွာထဲသို့အသောနှင်၍
ဆေးဆရာအိမ်ရှာရ၏။
ဆေးဆရာနှင့်ဘိုးအောင်ထွန်းကိုပြနေချိန်
ကျော်စန်းတို့ရွာသားတွေအပြေးရောက်လာခဲ့ကြသည်။

“ဘယ်လို​ဖြစ်ကြတာလဲကွာ…”

“ပြောမပြောချင်ပါဘူးကွာ…”.

“ပြောပါမောင်အုန်းရာ…
ဟိုမှာဘိုးအောင်ထွန်းမိန်းမကထမိန်ဆွဲပြီးလိုက်လာပြီကွ…”

ထိုအခါမှမောင်အုန်းလည်းဖြစ်သမျှကိုရှင်းပြလိုက်ရသည်။

“အေးကွာ…မင်းတို့နဲ့မှ​ဖြစ်တတ်ပါပေတယ်…”

“ဟေ့…ငါ့လင်ကိုရိုက်တဲ့တစ်ရွာသားတွေ
နင်တို့ကိုမကျေနပ်ဘူးဟဲ့…
တစ်ရွာကလာပြီးငါ့လင်ကိုရိုက်ရတယ်လို့…”

ဒေါ်မိသန်းကသောင်းကျန်းလေသည်။
သူ့ယောကျာ်းဘိုးအောင်ထွန်းကတော့ခေါင်း၌
ဆေးများစည်းထားပြီးငူငူကြီးထိုင်နေခဲ့၏။

“သူကြီးဘယ်လိုလုပ်ပေးမှာလဲပြော…
ဒင်းတို့ကိုကျူပ်မကျေနပ်ဘူး”

“ဟဲ့မိသန်း…ဒါသူတို့အမှားလည်းမဟုတ်ဘူး…
နင့်လင်ကိုယ်တိုင်ကသရဲလိုလိုဘာလိုလိုနဲ့
သင်္ချိုင်းနားသွားနေတာ နင့်လင်မှားတာပဲ”

“မိသန်းကိုဒါမျိုးပြောလို့မရဘူးသူကြီး…
ကျုပ်တောင်မရိုက်ရက်တဲ့ကျုပ်လင်ကို
ဒင်းတို့ရိုက်လိုက်တာလေ…”

ဒေါ်မိသန်းကိုမည်သူမှပြော၍မရဖြစ်နေခဲ့သည်။
မောင်အုန်းမှာကမျက်နှာငယ်လေးဖြင့်ထိုင်နေရှာ၏။

“အေး…ဒါဆိုလည်း သောင်ထွန်းရွာကသူကြီး
ဦးနောင်ချိုကိုပဲခေါ်ရတော့မှာပေါ့…
လာကြစမ်းဟေ့…”

ရွာသူတို့ဦးဖိုးမှန်က ရွာသားတွေကိုခေါ်လိုက်သည်။
​သောင်ထွန်းရွာသူကြီးကိုအကျိုးအ​ကြောင်းပြောကာခေါ်ခဲ့ဖို့
ရွာသားသုံးယောက်ကိုလွှတ်လိုက်၏။

မောင်တိုးနဲ့မောင်အုန်းကတော့ ခေါင်းကြီးတွေငုံ့နဲ့စိတ်ပျက်လက်ပျက်ထိုင်နေကြတော့သည်။

“ဘာမှစိတ်မညစ်ကြပါနဲ့ကွာ…
မင်းတို့အတွက်ငါတို့ရှင်းပေးပါ့မယ်…
ဒီဒေါ်မိသန်းကလည်း အကျယ်ကိုချဲ့လွန်းပါတယ်…”

“ဟုတ်ပကွာ…ဒီမိန်းမတော်တော်ကိုဆိုးတယ်”

ရွာသားတွေကတော့မောင်တိုးတို့ကိုအားပေးကြရှာသည်။

အတော်လေးကြာတော့ နွားလှည်းတစ်စီးဖြင့်
ရွာသူကြီးဦးနောင်ချိုတို့ရောက်လာခဲ့သည်။
အချိန်ကသန်းခေါင်သို့ပင်ရောက်နေပြီဖြစ်သော်လည်း
ရွာသူ၊ရွာသားတချို့နှင့်မောင်တိုးတို့ကိုခင်နေသောရွာသားတွေကအိမ်သို့ပင်မပြန်ကြသေးပေ။
သူကြီးဦးဖိုးမှန်ကလည်းသူ၏အိမ်ဝိုင်းထဲကို
မီးတုတ်များသေချာထွန်းထားပေးရှာသည်။

“ဟာဗျာ…ဘွားလည်းလိုက်လာတာပဲ…
အချိန်မတော်ကြီးဗျာ…
ဒီအထိလိုက်လာရတယ်လို့…”

သူကြီးဦးဖိုးမှန်ကလှည်းပေါ်မှဆင်းလာသော
ဘွားမယ်စိန်ကိုပြောလိုက်သည်။
သူကြီးဦးဖိုးမှန်အသံ​ကြောင့်မောင်တိုးတို့လည်းမော့
ကြည့်ကြရာဘွားမယ်စိန်ကိုမြင်တော့
မျက်နှာလေးတွေငယ်ကုန်သည်။

“မလိုက်လို့ဘယ်ဖြစ်မလဲကွဲ့…
ဒါဘွားသားတွေလေမောင်ရင်ရဲ့…
မောင်နောင်ချိုကလည်း မင်းအတိုင်းပဲအကျိုးအကြောင်းလာပြောပြီးမလိုက်ဖို့ပြောသားပဲကွဲ့…
ကဲပါကွယ်…တစ်ဖက်ကဘယ်လိုဖြစ်ချင်တာတဲ့တုန်း”

“ဟဲ့…မိသန်း…လာ…ဘွားခေါ်နေတယ်လာခဲ့”

သူကြီးဦးဖိုးမှန်က ဒေါ်မိသန်းကိုခေါ်လိုက်သည်။
ဒေါ်မိသန်းကဘွားမယ်စိန်ကိုမြင်တော့ ရှိုးတိုးရှန့်တန့်ဟန်ဖြင့်…

“ဒီ…ဒီကောင်လေးတွေကဘွားသားတွေလားတော့်”

“ဟုတ်တယ်လေ…နင်မသိဘူးလား”

“ကျုပ်မသိလို့ပေါ့သူကြီးရယ်…”

“ဟောဗျာ…ဒီတစ်ရွာလုံးသိတယ်…နင်ပဲမသိတာ…”

“ကဲပါကွယ်…ဘွားသားတွေဆိုပေမယ့်
သူတို့အမှားအတွက်ဘွားတို့ညည်းကျေနပ်အောင်
ဘာများလုပ်ပေးရမလဲ…”

“အဲ့တာက…”

“ပြောလိုက်လေမိသန်း…နင်ပဲအစောကမကျေနပ်ဘူးဆို…”

“ဟင်း…ဘွားသားတွေမှန်းမသိလို့
ကျုပ်ဒေါသထွက်မိတာပါတော်…
အခုလိုသိတော့ဆေးဖိုးဝါးခလေးလျော်ပေးရင်ပဲ
ကျုပ်ကျေနပ်ပါပြီ…”

“ဟ…ဒါများငါပေးလည်းရပါတယ်…
နင်ကိုကအတော်အကျယ်ချဲ့ချင်နေတာ…”

ရွာသူကြီးဦးဖိုးမှန်က ဒေါ်မိသန်းကို
မကျေမနပ်ပြောလိုက်သည်။

“ကဲ…ရော့ …ဒီလောက်ဆိုရင်ညည်းကျေနပ်လား”

ဘွားမယ်စိန်ကသူ၏ချည်လွယ်အိတ်ထဲမှငွေစက္ကူအချို့ကို
ဒေါ်မိသန်းကိုပေးလေသည်။
ဒေါ်မိသန်းကလည်းငွေစက္ကူများကိုယူ၍…

“ကျေနပ်ပါပြီ”

ဟုပြော၏။
မောင်တိုးနဲ့မောင်အုန်းကတော့မည်သည့်
စကားမှမပြောရဲကြ။

“ကိစ္စပြီးပြီဆိုရင်ဘွားတို့လည်းပြန်တော့မယ်ကွယ်…
မောင်ရင်တို့နဲ့ပဲဘွားလိုက်ခဲ့မယ်…”

ဘွားမယ်စိန်ကမောင်တိုးတို့နွားလှည်းဖြင့်အတူလိုက်သလို
သူကြီးဦးနောင်ချိုလည်းလိုက်ခဲ့သည်။
လာစဥ်ကနွားလှည်းကိုတော့အရင်ပြန်နှင့်စေသည်။

“မင်းတို့ကောင်တွေကွာ…
ပျော်လို့သောက်တာလည်းသောက်ပေါ့…
အခုလိုပြသာဒ်နာရှာတာတော့ငါလုံးဝမကြိုက်ဘူး…
ရွာရောက်တာနဲ့မင်းတို့ကိုအပြစ်ပေးမှရမယ်…
ငါ့အိမ်ကခြောက်ပေါက်တုံးကတော့
မင်းတို့အတွက်ဖြစ်ပြီပေါ့ကွာ…”

“ကျုပ်တို့အပြစ်ကိုလက်ခံမှာပါသူကြီးရာ…
နောက်ပြီးဘွားကိုလည်းတောင်းပန်ပါတယ်…
ဒါကျုပ်မှားတဲ့အမှားပါ…မောင်တိုးနဲ့ဘာမှမဆိုင်ပါဘူးဗျာ”

“ဘွားကနားလည်ပါတယ်…
လူငယ်တွေပဲဒီလောက်တော့ဖြစ်တတ်ပါတယ်ကွယ်…
ဘွားစိတ်လည်းမဆိုးဘူး…မောင်ရင်တို့အတွက်
လုပ်ပေးသင့်တာကိုလုပ်ပေးယုံတင်ပါ…”

ဘွားမယ်စိန်ကခွင့်လွှတ်သည်ဆို၍ မောင်တိုးတို့်မှာ
ဝမ်းသာသွားသည်။
သို့သော်သူကြီးဦးနောင်ချိုပေးသောအပြစ်ကိုလည်း
ခံကြရပေဦးမည်။
သူကြီးဦးနောင်ချိုအိမ်က ကျွန်းသားဖြင့်လုပ်ထားသော
​ခြောက်ပေါက်တုံးကြီးကတော့ သူတို့ကို
စောင့်ကြိုနေမည်ဖြစ်သည်။
ခြောက်ပေါက်တုံးဆိုတာကလည်းအများနားလည်အောင်ပြောရလျှင် ထိပ်တုံးပင်ဖြစ်၏။
ရွာကိုအုပ်ချုပ်သောသူကြီးတိုင်းလိုလို​တွင်
ခြောက်ပေါက်တုံးရှိသည်။
ရွာရှိဆိုးသွမ်းသောလူဆိုးလူမိုက်များကို
ခြောက်ပေါက်တုံး၌ခတ်၍အပြစ်ပေးရ၏။
ယခုလည်း သရဲနှင့်လူမကွဲဘဲမှားရိုက်မိသောအပြစ်ကြောင့်
မောင်တိုးနဲ့မောင်အုန်းတို့​ခြောက်ပေါက်၌အခတ်ခံကြရပေမည်။
အပြစ်ပေးခြင်းကိုဘွားမယ်စိန်က
မည်သို့မှဝင်မပြောပေ။
ရွာရောက်တာနဲ့ဘွားမယ်စိန်အိမ်သို့
အရင်ဆုံးနွားလှည်းဖြင့်လိုက်ပို့ကြသည်။
ပြီးလေမှရွာသူကြီးဦးနောင်ချို၏အိမ်ဆီသို့ပြန်လာကြတော့၏။

“ကဲ…မင်းတို့ကောင်တွေဒီညတော့ဒီမှာအိပ်ပေတော့…
မနက်ဖြန်ကျရင်ရွာကရေမြောင်းတွေဆယ်ဖို့ပြင်ထားကြ”

“ဟူးး…ဟုတ်ကဲ့ပါသူကြီးရယ်…”

စိတ်ပျက်လက်ပျက်ဖြင့်သူကြီးဦးနောင်ချိုကို
ဖြေလိုက်ကြသည်။
တစ်ညလုံးခြင်ကိုက်ခံ၍မသက်မသာအိပ်ကြရသလို…
မိုးလင်းတာနှင့်ပေါက်ပြားများယူပြီး
မြောင်းဆယ်ကြရပေဦးမည်။

ထိုသို့ဖြင့်…စာမူလေးပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)