ဝယ်တဲ့စျေးက အခုရက်မှာ
နည်းနည်းကွာနေတယ် ပြောကြတယ်”
ဟေ …ဟုတ်လား ။ ဟုတ်ချင်ဟုတ်မှ တာတေရဲ့
တို့ရွာကို နှမ်းတွေ ပဲတွေ ဆင်းဝယ်တဲ့
ပွဲစားငထွန်းက လောဘ သိပ်ကြီးတယ်လို့
လူတိုင်းပြောကြတာ ။ ဒီလိုမျိုး စျေးကိုခွာဝယ်။
အလေးတင်းတောင်း မမှန်မကန် ချင်ယူလုပ်လို့ကတော့
ဘယ်မှာ ရေရှည်ခံရမှာတုံး ။ ငါတို့ရွာတွေက
မြို့နဲ့ အလှမ်းဝေးတာမှ မဟုတ်တာ
မြို့တက်ပြီးရောင်းလိုက်မှာပေါ့ဟဲ့”
“အမေပြောတာ ဟုတ်တာပေါ့။
ပွဲစားက စိတ်ဓါတ်မကောင်းရင် ရေရှည်လုပ်စားလို့
မရတော့ပါဘူးဗျာ”
“အမေပြောတာ ဟုတ်တာပေါ့။
ပွဲစားက စိတ်ဓါတ်မကောင်းရင် ရေရှည်လုပ်စားလို့
မရပါဘူးဗျာ”
“အေးလေ အရင် တို့ရွာမှာ ပဲလာလာဝယ်နေတဲ့
စိန်သောင်းဆိုတဲ့ကောင် ဘယ်မှာ လာလို့ရတော့လို့တုံး
လူတွေက သူ့ဆိုရင် ဘယ်သူမှကို မရောင်းတော့တာ
လာမေးရင် မရောင်းသေးပါဘူးလို့ချည်း ပြောလွှတ်ကြတာ”
ညရှစ်နာရီလောက်ရောက်တော့ ရွာလယ်ပိုင်းကင်းတဲကို
ကျုပ်ရောက်ခဲ့တယ်။ ကျောက်ခဲရော ။ သံမဏိရော။
မျက်ပြူးရော ။ တိုးလှရော အောင်သိန်းရောဗျ။
“ဟာ တာတေ လာကွ သူငယ်ချင်း”
အောင်သိန်းက ကျုပ်ကို ကင်းတဲပေါ်ကနေ
လှမ်းခေါ်တယ်ဗျ။
“ဒီည ဘယ်သူ့ကင်းတုံး”
“ငါနဲ့ တိုးလှ အလှည့်လေကွာ”
ကျုပ်တို့ ရွာက ကင်းတဲတွေက ခြေတံရှည်တွေဗျ။
လှေကားနဲ့ တက်ရတာ။
“ကိုကြီးတာတေ လာဗျ။ ဒီဘက်ကို”
ကျောက်ခဲက ကျုပ်ကို ထိုင်ဖို့နေရာ ပေးတယ်။
ကျုပ်က ဖျာကြမ်းခင်းထားတဲ့ အပေါ်မှာ
ဝင်ထိုင်လိုက်ပြီး အင်္ကျီအိတ်ထောင်ထဲက
နဂါးဆေးပေါ့လိပ်ကလေးထုတ်ပြီး မီးညှိလိုက်တယ်။
ဆေးပေါ့လိပ်ကလေး နှစ်ဖွာ သုံးဖွာလောက် ဖွာရုံရှိသေးဗျာ။
“ဟေ့ …ဒီည ဘယ်သူ့အလှည့်တုံးကွ”
“ဟား …ဒါ ဦးချက်ကြီးပဲ”
ကျောက်ခဲက ပြောလိုက်တာဗျ။ ဒါနဲ့ တိုးလှက
ပြောလိုက်တယ်။
“လေးလေးချက်ကြီး ။ ကျုပ်နဲ့ အောင်သိန်းအတွဲဗျ”
“ဟေ …ကျုပ်က ဘယ်သူတုံး”
“တိုးလွေလ တိုးလွ”
“သြော် …အေး အေး။ နိုးနိုးကြားကြား စောင့်ကြနော်။
နှစ်ယောက်စလုံး အိပ်မနေနဲ့ ။ တစ်ယောက်တစ်လှည့်စီ အိပ်ကြ”
“လေးလေးချက်ကြီး တက်ခဲ့ဦးလေဗျာ။
စကားလေးဘာလေး ပြောရအောင်”
“ဟ …ဒါ ဘယ်သူတုံး ။ တာတေလား”
“ဟုတ်တယ်လေ လေးလေးချက်ကြီးရ ။ တက်ခဲ့လေ”
“ဟာ …တာတေပါ ရောက်နေရင်တော့ တက်ခဲ့ရမှာပေါ့ကွာ။
တာတေရဲ့ အတွေ့အကြုံတွေကို နားမထောင်ရတာ ကြာပေါ့”
ပြောပြောဆိုဆိုနဲ့ လေးလေးချက်ကြီးက ကင်းတဲပေါ်
တက်လာရောဗျို့။
“ဟာ လေးလေးချက်ကြီးတို့ကတော့ဗျာ။
လူမရောက်ခင်ကတည်းက အနံ့က ကြိုရောက်နေပြီ”
တိုးလှက လေးလေးချက်ကြီးကို နောက်လိုက်တာဗျ။
“ဟကောင်တွေရ ။ ဘာနံ့တုံးဟ”
“ဘာနံ့ရမတုံး ။ ထန်းရည်နံ့လေဗျာ”
“ဟား ဟား ဟား ဟား ညနေက ပြည်သိန်း လာခေါ်လို့
ထန်းတော ပါသွားတာဟေ့ ။ ဟိုရောက်တော့ နှစ်ယောက်သား
စကားတပြောပြောနဲ့ ချလိုက်ကြတာ မိုးကိုချုပ်ရောဟေ့”
“ဘယ်ပြည်သိန်းတုံး လေးလေးရဲ့ ”
အောင်သိန်းက မေးလိုက်တာဗျ။ ဟုတ်တော့ ဟုတ်တယ်ဗျ။
ကျုပ်တို့ ထနောင်းကုန်းမှာက ပြည်သိန်း နှစ်သိန်းရှိတယ်လေဗျာ။
ဦးမြဒင်သား ပြည်သိန်းနှင့် အနောက်ပိုင်းက ကိုပြည်သိန်းလေ။
အနောက်ပိုင်းက ကိုပြည်သိန်းက အကြွားသိပ်သန်တာဗျ။
ဒါကြောင့် သူ့ကို ကျုပ်တို့ရွာသားတွေက လေကြွားပြည်သိန်းလို့
ခေါ်တယ်
“တာတေ မင်းကိုတော့ ပြည်သိန်းက လွှတ်ချီးမွမ်းတာကွ။
သူ့အစ်ကိုကျော်သိန်း တစ္ဆေကိုက်ခံရတုန်းက အနာကြီး
ဖြစ်နေတာ ဘာလုပ်မှ မပျောက်ဘူးဆိုပဲ။ အဲဒါ တာတေ
လုပ်ပေးလို့ ပျောက်သွားတာဗျာ ဆိုပီး မကြာ မကြာ
ပြောတာကွ။ သူ့အစ်ကို ကျော်သိန်းကြီးကလည်း
သဘောကောင်းပါတယ်ကွ။ အေး …သူ့အဖေ
ဘိုးမြဒင်ကတော့ လူရွှင်တော်စကားနဲ့ ပြောရရင်
တော်တော်လေး ဖင်ခေါင်းစတားတာပေါ့”
“ဟား ဟား ဟား ဟား”
ကျောက်ခဲတို့ သံမဏိတို့က လေးလေးချက်ကြီး
ပြောတာကို ရယ်ကြရောဗျို့။
“လေးလေးကလည်းဗျာ။
ဘိုးမြဒင် ဖင်ခေါင်းစတားတာ
လိပ်ခေါင်းရှိလို့ နေမှာပေါ့ဗျ”
ကျုပ်က ဝင်ပြီး နောက်လိုက်တာဗျို့။
“ဟား ဟား ဟား ဟား”
ကျောက်ခဲတို့အုပ်စု ရယ်ကြပြန်ရောဗျာ။
ကင်းတဲ လေးက အခုမှ အသက်ဝင်လာတာပေါ့ဗျာ။
“ဟာ ကိုကြီးတာတေက တော်တော်လျှိုတာပဲဗျာ
ကိုကျော်သိန်းကြီး တစ္ဆေကိုက်ခံရတာကို တစ်ခါမှ
ပြောမပြဖူးဘူး”
သံမဏိက ပြောတာဗျို့။အင်မတန်စကားနည်းတဲ့ကောင်က
ပြောတာဗျ။
“ဟာကွ သံမဏိကလည်း သူတို့တွေက လူချမ်းသာတွေကွ
ဒီအကြောင်းကို ဘယ်သူမှ မသိချင်လို့ ငါက
မပြောဘဲ ထားတာပါ”
“ကိုကြီးတာတေသာ အုပ်ထားတာ။
သူ့ညီ ကိုပြည်သိန်းကြီးကတောင်
လေးလေးချက်ကြီးကို ပြောလိုက်သေးတယ်”
ကျောက်ခဲကလည်း ကျုပ်ကို စကားနာထိုးတယ်ဗျ။
“ဟ ကျောက်ခဲရ။ ကိုပြည်သိန်းပြောတာက
ကိစ္စမရှိဘူးလေကွာ။ငါပြောလို့ ဒီသတင်းပွသွားတယ်ဆိုရင်
ဘယ်ကောင်းမှာတုံး ။ နို့နေပါဦး လေးလေးချက်ကြီးရဲ့။
အဲဒီကိုကြီးကျော်သိန်းရော နေထိုင်ကောင်းရဲ့လား။
ကျုပ်နဲ့ မဆုံတာကြာပေါ့”
“အောင်မလေး တာတေရာ ကောင်းလိုက်တာမှ
ဝဖီးနေတာကွ။ အေး …ပြောရဦးမယ်။
ကျော်သိန်းက အစတုန်းက ပိန်ညှောင့်ညှောင့်မဟုတ်လား။
တစ္ဆေကိုက်ခံရပြီးမှကို ဝဖီးလာတာဟေ့”
“ဟား ဟား ဟား ဟား တေစၧက
အားဆေးထိုးပေးလိုက်တာလားမှ
မသိတာ လေးလေးချက်ကြီးရဲ့”
“ကျောက်ခဲတို့ အုပ်စုက ရယ်ကြပြန်ရောဗျို့။
“ကျုပ်ကို မဖဲဝါ ပြောတာကတော့ ကျောက်တလားချောင်းက
အဲဒီတစ္ဆေက သဘောတော်တော်ကောင်းတာတဲ့ဗျ။
ကိုကျော်သိန်းက စပြီးရန်မူလို့ ဟိုက ကိုက်လိုက်တာဆိုပဲ”
“ဟေ ဟုတ်လား တာတေ။ ကျော်သိန်းက တစ္ဆေကို
ဘာသွားလုပ်လိုက်လို့တုံး”
လေးလေးချက်ကြီးက မျက်လုံးပြူးပြီး ကျုပ်ကို
မေးတာဗျို့။ ကျုပ်လည်း ဘယ်လိုမှ ရှောင်လို့မရတော့
ပြောတော့တာပေါ့ဗျာ။
“ဒီလိုဗျို့။ဘိုးမြဒင်တို့အိမ်မှာ မြင်းကြီးနှစ်ကောင်ရှိတယ်မို့လား
အုန်းခွံရောင်ကြီးရဲ့ နာမည်က တိမ်ညိုတဲ့ဗျ။ကိုကျော်သိန်းက
သူ့အဖေခိုင်းလို့ တိမ်ညိုကြီးကို စီးပြီး ဂုံးဒေါင်ဘက်မှာ
အကြွေးသွားတောင်းတာတဲ့ဗျ။ အဲဒီကျောက်တလားချောင်းက
တစ္ဆေကလည်း လွှတ်မြင်းစီးချင်တာဗျ။
ညနေစောင်းမှာ ကိုကျော်သိန်းက ကျောက်တလားချောင်းကို
တိမ်ညိုကြီးနဲ့ ဖြတ်ကူးတော့ တစ္ဆေက မြင်းပေါ်ခုန်တက်ပြီး
ကိုကျော်သိန်းနောက်က စီးတာတဲ့ဗျ။ သူ့လှည့်ကြည့်တော့
တစ္ဆေက သူ့ကို သွားအကျဲသားနဲ့ ရယ်ပြတယ်တဲ့ဗျို့။
တစ္ဆေက ပုဆိုးတိုတိုနဲ့ဆိုပဲ။တစ်ကိုယ်လုံး မဲနက်နေတာတဲ့။
အဲဒီမှာ ကိုကျော်သိန်းက ဒေါသဖြစ်သွားပြီး ရုပ်ကိုက
စပ်ဖြီးဖြီးနဲ့ဆိုပြီး တစ္ဆေကို တံတောင်နဲ့ တွက်ချသတဲ့ဗျို့။
တစ္ဆေက ပြုတ်မကျဘဲ သူ့လက်မောင်းကို
ကိုက်လိုက်ရောတဲ့ဗျာ။
တစ္ဆေကိုက်တဲ့နေရာကနေ အနာကြီးဖြစ်လာပြီး
ဟိုဆေး ဒီဆေးတွေနဲ့ကု မြို့က ဆရာဝန်နဲ့ကု
ဘာလုပ်လို့မှ မရဘဲ လက်ကြီးယောင်ကိုင်းပြီး
ကိုက်လို့ အော်နေရတာဗျို့။
နောက်ဆုံး ကျုပ်ဆီ ရောက်လာရော”
“မင်းကို ဘယ်သူ လာခေါ်တုံး။ ဘိုးမြဒင်လား”
တိုးလှက ကျုပ်ကို မေးတာဗျ။ကျုပ်က ခေါင်းခါပြလိုက်ပြီး…
“မဟုတ်ဘူးကွ တိုးလှရ။ ကိုပြည်သိန်းကြီး လာခေါ်တာ”
“သြော် …ဒီတော့ မင်း ဘာလုပ်ပေးလိုက်တုံး”
အောင်သိန်းက ဝင်မေးပြန်ရောဗျို့။
ဒီအကြောင်းကို ဒီကောင်တွေ ခုမှ သိကြတာလေဗျာ။
“ငါကတော့ ဘာလုပ်ပေးတတ်မှာတုံး အောင်သိန်းရာ။
မဖဲဝါ မေးကြည့်ရတာပေါ့ ။ မဖဲဝါက တစ္ဆေကိုက်တာ
ပေါ့သေးသေး ထင်လို့လား။ ကြာရင် လက်ပါဖြတ်ပစ်ရလိမ့်မယ်
ကျောက်တလားချောင်းက ကိုက်လိုက်တဲ့ တစ္ဆေဆီကို
သွားပြီး ကျော်သိန်းအစား နင်တောင်းပန်ပေးလိုက် တာတေ။
ပြီးတော့ တစ္ဆေကျေနပ်အောင် ထမင်းနဲ့ အမဲသားဟင်း
ကျွေးလိုက်။ သူ ဆေးပေးလိုက်လိမ့်မယ်။ အဲဒီဆေးကိုလ်ိမ်းရင်
ပျောက်မယ်ဆိုလို့ ကျုပ် အားလုံးလိုက်လုပ်ပေးရတာပေါ့
လေးလေးချက်ကြီးရာ”
ဒီတော့ လေးလေးချက်ကြီးက ကျုပ်ကို မျက်လုံးပြူးကြီးနဲ့
ကြည့်ပြီး မေးပြန်ရောဗျ။
“နေပါဦး တာတေရ ။ မင်းက တစ္ဆေကို ဘယ်နေရာမှာ
ခေါ်တွေ့တာတုံး”
“ဟာ …လေးလေးကလည်း ကျုပ်က တစ္ဆေကို
ခေါ်တွေ့လို့ ဘယ်ရမှာတုံးဗျ။ ဘိုးမြဒင်ရဲ့မြင်းကြီး
တိမ်ညိုကို စီးသွားပြီး ကိုကြီးကျော်သိန်း လုပ်သလို
ကျောက်တလားချောင်းကို မြင်းနဲ့ ဖြတ်ကူးရတာပေါ့ဗျ။
ကိုကြီးကျော်သိန်း ကူးတဲ့နေရာကို မေးသွားပြီး
သူကူးတဲ့အချိန်မှာပဲ သူကူးတဲ့နေရာက ကူးရတာပေါ့ဗျ”
“ဒီတော့ တစ္ဆေက လာရောလား”
လေးလေးချက်ကြီးကိုယ်တိုင် စိတ်ဝင်တစား
မေးနေတာဗျို့။
“မြင်းပေါ်ခုန်တက်ပြီး ကျုပ်နောက်ကနေ စီးတော့တာပေါ့ဗျာ။
ကျုပ်လှည့်ကြည့်လိုက်တော့ ပုဆိုးတိုတိုကြီး ဝတ်လို့ဗျ။
တစ်ကိုယ်လုံး မဲနက်နေပြီး သွားအကျဲသားနဲ့
ကျုပ်ကို ရယ်ပြနေတယ်ဗျ။ ဒီမှာတင် ကျုပ်က
သူ့ကို ကိုကျော်သိန်းအကြောင်းပြောပြပြီး
ကိုကျော်သိန်းကိုယ်စား တောင်းပန်ရတော့တာပေါ့ဗျာ။
ပြီးတော့ သူစားဖို့ အမဲသားဟင်းနဲ့ ထမင်းယူလာတဲ့အကြောင်း
ပြောပြီး အနာလိမ်းဖို့ ဆေးတောင်းရတာပေါ့ဗျာ။
တစ္ဆေက ဆေးသိပ်မပေးချင်ဘူးဗျ။ ကျုပ်က မဖဲဝါ
လွှတ်လိုက်တာလို့ ပြောလိုက်တော့မှ တစ္ဆေက
ခေါင်းညိတ်ပြီး ဆေးသွားယူပေးတာဗျ။
သူထမင်းစားနေတုန်း ကျုပ်လည်း တိမ်ညိုကြီးနဲ့
ရွာအရောက် လစ်ခဲ့ရတာပေါ့ လေးလေးရာ”
“နေပါဦးကွ တာတေရ။ တစ္ဆေက ဘာဆေးများ
ပေးလိုက်တာတုံးကွ”
“ကျောက်အိုးပုတ်ကလေးတွေဗျ။အထဲမှာ လှုပ်ကြည့်ရင်
အရည်တွေ ရှိတယ်။ အိမ်ရောက်တော့
အဲဒီကျောက်အိုးပုတ်တွေထဲက ရေကို ခဲရာခဲဆစ်
ထုတ်ယူပြီး ကြက်တောင်လေးနဲ့ ကိုကြီးကျော်သိန်းအနာကို
လိမ်းပေးရတယ်။ ဒီလိုညဘက်မှာ ကျုပ်လိမ်းပေးခဲ့တာ။
မနက်ဆိုရင်ပဲ ကိုကြီးကျော်သိန်း ကျုပ်အိမ်ကို
ရောက်လာတာဗျ။သူ့လက်က လုံးဝကောင်းသွားပြီ”
“ဟာ တယ်ဟုတ်ပါလား သူဆေးနဲ့သူတော့
ဟုတ်သားလားဟ”
ကျုပ်ပြောတာကို အားလုံးက စိတ်ဝင်တစားနဲ့
နားထောင်နေကြတာဗျို့။
“နေဦးကွ တာတေရ ။ ဒီကျောက်အိုးပုတ်တွေကို
တစ္ဆေက ဘယ်မှာသွားယူတာတုံးကွ”
လေးလေးချက်ကြီးက ကျုပ်ကို မေးပြန်ရောဗျ။
“ကျောက်တလားချောင်းစပ်က တောထဲကို
ဝင်သွားတာပဲ လေးလေးရ။ ဘယ်မှာသွားယူတယ်တော့
ကျုပ်လည်း မသိဘူးဗျ”
ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီး
ဖွာတယ်။ အိတ်ထောင်ထဲမှာ ပါလာတဲ့ တစ်လိပ်ကို
လေးလေးချက်ကြီးကို ပေးလိုက်တယ်။ လေးလေးချက်ကြီးလည်း
ဆေးလိပ်ဖွာရင်း တွေးနေတယ်။ ကျန်တဲ့ကောင်တွေလည်း
ငြိမ်ပြီး တွေးနေပုံပဲဗျ။
“သြော်…ကျော်သိန်း ။ ကျော်သိန်း ။ တစ္ဆေကို
တံတောင်နဲ့ မြင်းပေါ်က တွတ်ချဆိုပဲ။
တော်သေးတာပေါ့။တစ္ဆေက ကိုက်ရုံကိုက်သွားလို့
ဂုတ်သာချိုးပစ်ခဲ့ရင်တော့ မလွယ်ဘူးဟေ့”
“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”
“ဟဲ့ …ဘာသံတုံး။ ဟင် သံချောင်းခေါက်တဲ့အသံပါလား”
လေးလေးချက်ကြီးက အလန့်တကြား ပြောလိုက်တာဗျ။
“မီးများလောင်သလား ။ ဒါ ဘယ်ကင်းက ခေါက်တာတုံး”
“တောင်ပိုင်းကင်းက ခေါက်တာ လေးလေး”
တိုးလှက ပြောလိုက်တယ်။
“ကြည့်ကြစမ်းဟေ့။မီးခိုးတွေ မီးရောင်တွေ မြင်သလား”
“ဘာမှတော့ မမြင်ဘူး။လေးလေးရဲ့”
“ဒေါင် ဒေါင် ဒေါင် ဒေါင်”
“ဟော အရှေ့ပိုင်း အနောက်ပိုင်း မြောက်ပိုင်းတွေကပါ
သံချောင်းတွေ ခေါက်ကုန်ပြီဟေ့။မင်းတို့လည်း
ခေါက်တော့လေ”
ကျုပ်က တိုးလှကို သံချောင်းခေါက်ခိုင်းလိုက်တယ်။
“ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင်”
တိုးလှလည်း သံချောင်းခေါက်ပြန်ပြီဗျို့။
တစ်ရွာလုံး သံချောင်းခေါက်သံတွေ ညံကုန်ပြီပေါ့ဗျာ။
လူတွေလည်း လမ်းပေါ်ထွက်လာကြတယ်။
“ဟေ ဘာဖြစ်တာတုံး ။ မီးလောင်တာလား”
“မသိသေးဘူး ဘထွေးရ။တောင်ပိုင်းက စခေါက်တာ
မီးခိုးတွေ ဘာတွေတော့ မတွေ့ဘူးဗျ”
ကျောက်ခဲရယ် သံမဏိရယ် မျက်ပြူးရယ်ကတော့
ကင်းတဲပေါ်ကနေ ပြေးဆင်းပြီး တောင်ပိုင်းကို
သွားကြတယ်။လေးလေးချက်ကြီးနဲ့ ကျုပ်လည်း
သွားရတော့တာပေါ့ဗျာ။ကျုပ်တို့ရောက်တော့
တောင်ပိုင်းကင်းမှာ လူတောင် တော်တော်များနေပြီဗျ။
“ဟေ့ …ဘာဖြစ်ကြတာတုံး”
ဆယ်အိမ်ခေါင်း ကိုကံသာက အော်ကျယ် အော်ကျယ်နဲ့
မေးနေတာဗျ။
“အရူးမဗျ။ ဆံပင်ဖားလျားကြီးချလို့ ။ကိုယ်တုံးလုံးနဲ့ဗျ။
မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့အုပ်ပြီး ရပ်နေတာ။
ဟီး ဟီး ဟီး ဟီး ဟီး လို့ ရယ်သံကြားလို့ အောင်ဘုနဲ့
ငတိုးက ဓါတ်မီးနဲ့ ထိုးကြည့်ကြတာ”
“ဒီည ဒီကင်းမှာကျတာ အောင်ဘုနဲ့ ငတိုးလား”
ကိုကံသာက ခပ်ကျယ်ကျယ် မေးလိုက်တယ်
သူက ဆယ်အိမ်ခေါင်းလေဗျာ။တာဝန်ရှိတာပေါ့။
“ဟုတ်တယ် ကိုကံသာ ။ ကျုပ်နဲ့ ငတိုးကျတာ”
အောင်ဘုက ကိုကံသာကို ပြန်ပြောလိုက်တယ်။
“မင်းတို့ ဓါတ်မီးနဲ့ သေသေချာချာ ထိုးကြည့်လိုက်ရဲ့လား”
“ကြည့်လိုက်တယ်ဗျ။ အရူးမဗျ ။ ကိုယ်လုံးတီးနဲ့”
“ဒါဆိုရင် အနောက်ပိုင်းက အရီးမယ်သိန်းသမီး
အရူးမ ထွေးကြည် ဖြစ်မှာပေါ့”
လေးလေးချက်ကြီးက လှမ်းပြောလိုက်တာဗျ။
“ဟာ မဟုတ်ဘူး လေးလေးချက်ကြီးရဲ့။
မထွေးကြည်က ဝဝကြီးပဲဟာ ။ ခုနက တွေ့လိုက်တဲ့
အရူးမဟာ ကိုယ်လုံးကိုယ်ပေါက်က တော်တော်ကို
လှတာဗျ။ မျက်နှာကိုတော့ မမြင်ရဘူး။ လက်ဝါးနှစ်ဖက်နဲ့
အုပ်ထားတယ်။ ဆံပင်ဖားလျားကြီးက ဒူးခေါင်းလောက်ကို
အုပ်နေတာဗျ”
“နေပါဦး အောင်ဘုရဲ့။ ဒီအရူးမက ဘယ်ရောက်သွားတုံး”
ကျုပ်ကလည်း မနေနိုင်တော့ဘဲ ဝင်မေးလိုက်တာဗျို့။
“တာတေလား ။ ငါတို့ကြည့်နေတုန်းကွ ။ တဖြည်းဖြည်းနဲ့
ငါတို့ဆီကို ကပ်လာတာ။ ဒါနဲ့ ငတိုးက သံချောင်းထခေါက်
လိုက်တာဟေ့ ။ သံချောင်းခေါက်သံလည်း ကြားရော
နောက်လှည့်ပြီး ပြေးတော့တာပဲဟေ့။ ဒါပေမဲ့ သူပြေးပုံပဲ
တစ်မျိုးပဲကွ ။ လှစ်ကနဲ လှစ်ကနဲ ရွေ့သွားတာ”
“ဟေ ဘယ်လိုကွ အောင်ဘုရဲ့ ။ ဘယ်လိုပြေးတာတုံး”
“တစ်နေရာကနေ နောက်တစ်နေရာကို လှစ်ကနဲ
လှစ်ကနဲ ရောက်သွားတာကွ ခြေထောက်နဲ့
လျှောက်သွားသလို မဟုတ်ဘူး”
“ဟာ ဒီကောင်နှစ်ကောင် သရဲခြောက်ခံရတာပါကွာ
ဟား ဟား ဟား ဟား ဟား”
ဆယ်အိမ်ခေါင်း ကိုကံသာက ရယ်ပြီးပြောလိုက်ရောဗျို့။
“အေး.…ဖြစ်နိုင်တယ်ကွ”
လေးလေးချက်ကြီးရော တခြားသူတွေရော
တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြောပြီး ပြန်လာကြတယ်။
“ကဲ …တခြားကင်းတွေလည်း ပြောလိုက်ကြကွာ။
သရဲမ လာခြောက်ရင် လေးခွနဲ့သာ ပစ်လွှတ်လို့
သံချောင်းခေါက်မနေနဲ့လို့”
ဆယ်အိမ်ခေါင်း ကိုကံသာလည်း အော်ကျယ် အော်ကျယ်
ပြောပြီး ထွက်သွားတယ်။ လူရှင်းသွားတော့မှ အောင်ဘုနှင့်
ငတိုးက ကျုပ်နားကို ရောက်လာပြီး…
“ဟေ့ကောင် တာတေ။ ဒီလူကြီးတွေပြောတာ
မဟုတ်ဘူးကွ ။ ငါနဲ့ ငတိုး သေသေချာချာ မြင်လိုက်တာ
လူမှ လူအစစ်ကွ။ ခြေတွေ လက်တွေဆိုတာ
ဖွေးဆွတ်နေတာ ။ ငါ မင်းကို ရှင်းရှင်းပြောမယ်ကွာ
စောစောက လူတွေများလို့ ငါမပြောတာ။
အရူးမက ငါတို့နားကို ကပ်လာတာ
စကားပြောပြီးတော့ကပ်လာတာကွ”
“ဟေ…ဟုတ်လား ။ သူ ဘာပြောတုံး”
“ကိုကိုတွေ နန်းမှုံကို မှတ်မိသေးလား။ နန်းမှုံကို
ချစ်သေးရဲ့လား ။ နန်းမှုံ လှလားလို့ ပြောပြီး
ကပ်လာတာတွေ တာတေရ”
“ဟေ …ဟုတ်လား ။ မင်းတို့ နှစ်ယောက်လုံး
သေသေချာချာ ကြားတာပေါ့ ဟုတ်လား”
“ဟာ ကြားပါတယ်ဆိုမှ တာတေရာ”
ငတိုးကလည်း ဝင်ပြောတယ်ဗျ။
“ဒါဆိုရင်တော့ သရဲ ဘယ်ဟုတ်မှာတုံး အောင်ဘုရ”
“အေး … အဲဒါကြောင့် ငါတို့ပြောနေတာပေါ့ကွ။
ပြောတဲ့အသံမှ ချိုပြီး ကြည်လင်နေတာ ။
အေး ပြီးတော့ ပြောရဦးမယ်။ ဒီကောင် ငတိုးက
သံချောင်း ထခေါက်တော့ နောက်ဘက်ကို
လှည့်ပြေးတာ ကိုယ်လုံး တော်တော်လှတာကွ။
ဘယ်က အရီးမယ်သိန်းသမီး ဟုတ်ရမှာလဲကွာ။
ကိုယ်လုံးလေးက တကယ်ကို ပန်းပုထုထားတဲ့
ပန်းပုရုပ်ကလေးလိုပဲကွ။ အရီးမယ်သိန်းသမီး
အရူးမ မထွေးကြည်က ဝတုတ်ကြီးဥစ္စာ
ငါတို့က မသိဘဲနေမလားကွ။ဒါကို လူကြီးတွေက
သရဲခြောက်တာပါဆိုပြီး ပေါ့ပေါ့လေး ပြောသွားတာကွ”
“လူကြီးတွေကတော့ ဒီအတိုင်းပဲကွာ။
သူတို့မှာက ဗဟုသုတကလည်း နည်းရှာကြတာကို
အောင်ဘုရဲ့။ ဒါပေမဲ့ မင်းပြောသလိုဆိုရင်
စောင့်ကြည့်ရတော့မှာပဲကွ။ နေပါဦး အောင်ဘုရဲ့။
အဲဒီ အရူးမက ဘယ်ဘက်ကို ထွက်ပြေးသွားတာတုံးကွ”
“ဟာ ဘယ်ဘက်ကိုမှ မပြေးဘူးကွ။ ဟို မန်ကျည်းပင်ကြီး
နောက်ဘက်ဝင်ပြီး ပျောက်သွားတာကွ။ ပြန်ထွက်လာတာ
မတွေ့တော့ဘူး ။ ငါနဲ့ ငတိုးနဲ့ အဲဒီ မန်ကျည်းပင်နောက်ကို
သွားကြည့်ကြသေးတယ်။ ဘာမှ မတွေ့တော့ဘူး တာတေရ”
ကျုပ်က အောင်ဘုကို ခေါင်းညိတ်ပြလိုက်ပြီး
မေးလိုက်တယ်။
“အဲဒီအရူးမက သူ့ကိုယ်သူ နန်းမှုံလို့ ပြောတယ်
ဟုတ်လား အောင်ဘု ”
“အေး…ဟုတ်တယ် တာတေ။ အောင်ဘုတင် မဟုတ်ဘူး
ငါလည်း ကြားတာပဲကွ”
ငတိုးကလည်း ဝင်ပြောတယ်။
“ကဲ သူငယ်ချင်းတို့ ငါပြန်မယ်။ ဘာလဲဆိုတာ
သိအောင်တော့ ခဏစောင့်ကြည့်ကြသေးတာပေါ့ကွာ”
ကျုပ်က အောင်ဘုနဲ့ ငတိုးကို နှုတ်ဆက်ပြီး
အိမ်ပြန်လာခဲ့တယ်။ တိုးလှတို့ အောင်သိန်းတို့ဆီကို
မဝင်တော့ဘူး။ အောင်ဘုနဲ့ ငတိုးပြောတာ တော်တော်တော့
ထူးဆန်းသားဗျ။ မနက် အိပ်ရာကနိုးတော့
မနေ့ကကျန်တဲ့ ဝက်သားဟင်းနဲ့
ကျုပ် ထမင်းကြမ်းစားလိုက်တယ်။
ပြီးတော့ ခုံတန်းလေးမှာ ထိုင်ပြီး ရေနွေးကြမ်း
သောက်နေလိုက်တယ်။
“ကိုကြီးတာတေ နိုးပြီလား”
ကျုပ် ဝိုင်းထဲလှမ်းကြည့်လိုက်တော့ ကျောက်ခဲဗျ။
“ဟေ့ကောင် ကျောက်ခဲ လာလေ”
ကျောက်ခဲက အိမ်ပေါ်ကို တက်လာတယ်။
ဒီကောင် ကျုပ်ဘေးမှာ ငြိမ်ငြိမ်လေး ထိုင်တယ်။
“ကျောက်ခဲ တစ်ခုခုတော့ ထူးတယ်ထင်တယ်”
“ဟုတ်တယ်ဗျ ။ ကိုကြီးတာတေရ။
ဒီမနက်ရောက်မှ ရွာထဲမှာ သတင်းတွေ ထွက်လာတာ
ညက အရှေ့ပိုင်းကင်းကိုရော အနောက်ပိုင်းကင်းကိုရော
မြောက်ပိုင်းကင်းကိုရော ကိုအောင်ဘုတို့ပြောတဲ့
အရူးမ လာတယ်တဲ့ဗျ”
“ဟေ ဟုတ်လား။ ဒါဆိုရင် ဒီအရူးမက တစ်ညလုံး
ရွာထဲမှာ လျှောက်သွားနေတာပေါ့”
“ဟုတ်တယ်ဗျ ပြီးတော့ သူတို့ပြောတဲ့အထဲမှာ
ထူးဆန်းတာတစ်ခု ပါနေတယ်ဗျ”
“ဟေ…ဘာထူးဆန်းတာတုံး ကျောက်ခဲရ”
“အဲဒီအရူးမက သစ်ပင်ဖြစ်ဖြစ် တိုင်ဖြစ်ဖြစ်
ကွယ်သွားရင် ပျောက်သွားရောတဲ့ဗျ”
“ဟင် ဆန်းလှချည်လားကွ ကျောက်ခဲရ။
မင်း ဒီအတိုင်း ကြားခဲ့တာလား”
“ဟုတ်တယ် ကိုကြီးတာတေ ။ဒီအကြောင်းကို
ရွာထဲမှာ ဝိုင်းပြောနေကြတာဗျ”
“ဒီည ရွာလယ်ပိုင်းကင်းမှာ ငါ့ကင်းလှည်ကွ
ကျောက်ခဲရ ။ ညကျရင် ငါ သေသေချာချာ
စောင့်ကြည့်ပါ့မယ်ကွာ”
“ဟာ …ဒီည ကိုကြီးတာတေ ကင်းလှည့်ဟုတ်လား
ဒါဆိုရင် ကျုပ်လာခဲ့မယ် ကိုကြီးတာတေနဲ့
တစ်ညလုံးနေမယ်”
“ဟ … ကျောက်ခဲရ ။ မင်းအိမ်က လူကြီးတွေ
စိတ်ပူမှာပေါ့။ ခဏတဖြုတ်ပဲ နေပြီးတော့ ပြန်ပါကွာ”
“ကိုကြီးတာတေက ဘယ်သူနဲ့ ကင်းတွဲတုံး”
“ကိုအောင်သစ်နဲ့ ငါနဲ့ကွ”
(ကိုအောင်သစ်ဆိုတာ ‘ကိုယ်တွေ့မဖဲဝါ ‘စာအုပ်မှာပါတဲ့
ဖဲသမား ကိုအောင်ချစ်ရဲ့ ညီလေဗျာ)
“ရပါတယ်ဗျာ။ ကျုပ် အိမ်ကို အကျိုးအကြောင်းပြောပြီး
လာခဲ့မယ် ။ ကိုကြီးတာတေနဲ့ ဆိုရင် ကျုပ်အိမ်က
စိတ်ချပြီးသားပါဗျာ”
ကျောက်ခဲတို့ကတော့ ပြောတဲ့အတိုင်းပဲဗျို့။
ကျုပ် ကင်းတဲရောက်ပြီး ခဏကြာတော့ ရောက်လာတာပဲဗျ။
ကိုအောင်သစ်ကြီးလည်း ရောက်လာတယ်။
“တာတေရေ တို့ရွာထဲမှာလည်း အထူးအဆန်းတွေချည်း
ဖြစ်နေတော့တာပဲကွာ။ငါက သရဲကြောက်တတ်တယ်ကွ။
မင်းနဲ့ ကင်းတွဲမို့သာ မင်းကို အားကိုးပြီး လာရတာ။
စိတ်ထဲကတော့ ခပ်ကြောက်ကြောက်ပဲကွ”
ကိုအောင်သစ်က သရဲကြောက်တယ်ဆိုတာ ဟုတ်မယ်ဗျ။
ကင်းတဲရောက်ကတည်းက ကုပ်ကုပ်ကလေးထိုင်နေတာ
လှုပ်တောင် မလှုပ်ဘူး။ ကျုပ်နဲ့ ကျောက်ခဲကတော့
ဓါတ်မီးနဲ့ ဟိုထိုး ဒီထိုး လုပ်နေကြတာ ။ သူကတော့
ငြိမ်ပြီး သမ္ဗုဒ္ဓေကို မနားတမ်း ရွတ်နေတော့တာပဲဗျာ။
ဗဟိုကင်းက နာရီသံချောင်းခေါက်တယ်။
ညဆယ်နှစ်နာရီ။ ဗဟိုကင်းက နာရီခေါက်ရင်
ကျန်တဲ့ကင်းတွေကလည်း ခေါက်ရတာပေါ့ဗျာ။
ကျောက်ခဲ ခေါက်တယ်ဗျ။ဆယ်နှစ်ချက်။
“ဟီး ဟီး ဟီး ဟီး ဟီး ဟီး”
“ဟော ရယ်သံကြားတယ် ကိုကြီးတာတေ”
“အေး…ငါကြားတယ် ကျောက်ခဲ။ဓါတ်မီး ငါ့ကို ပေးစမ်း”
“တာတေ ဓါတ်မီးနဲ့ ထိုးမလို့လား။ ဖြစ်ပါ့မလားကွ”
“ဘာဖြစ်လို့တုံး ကိုအောင်သစ်ရဲ့”
“ဟာ မတော်တရော် မျက်နှာကြီးတွေ တွေ့လို့
လန့်ပြုနေပါဦးမယ်ကွာ”
“ကိုအောင်သစ် ကြောက်ရင် မျက်စိမှိတ်ထား။
ဖွင့်မကြည့်နဲ့”
ကျုပ်က ပြောပြောဆိုဆိုနဲ့ အသံကြားတဲ့ဘက်ကို
ဓါတ်မီးနဲ့ ထိုးကြည့်လိုက်တယ်။
“ဟာ ”
ကျောက်ခဲပါးစပ်က လန့်ပြီး ထွက်သွားတာဗျ။
ကျုပ်တို့ ကင်းတဲနဲ့ ပေနှစ်ဆယ်လောက်မှာ ရပ်နေတာဗျို့။
အောင်ဘုတို့ ပြောတဲ့အတိုင်းပဲဗျ။ဆံပင်အရှည်ကြီးက
ပခုံးပေါ်ကနေ ကျနေတာ ဒူးခေါင်းကျော်ကျော်လောက်
ရောက်တယ်။ မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားတာဗျ။
အသားတွေက ဖွေးပြီးဝင်းနေတာဗျို့။
အောင်ဘုပြောတာ အမှန်ပဲဗျ။ကိုယ်လုံးကိုယ်ပေါက်က
ပန်းပုရုပ်တစ်ရုပ်လိုကို လှနေတာဗျ။
“ဟီး ဟီး ဟီး ဟီး ဟီး ဟီး”
“အစ်ကို နန်းမှုံလေ အစ်ကို။
အစ်ကို နန်းမှုံကို ချစ်သေးရဲ့လား”
“ဟင်” “အို”
“ဟင်”ဆိုတာ ကျုပ်ပါးစပ်က ယောင်ပြီး ထွက်သွားတာဗျ။
“အို”ဆိုတာ ကျောက်ခဲပါးစပ်က ထွက်တဲ့အသံ။
ပြောရင်းနဲ့ ဆံပင်ဖားလျားချထားတဲ့ မိန်းမက မျက်နှာမှာ
အုပ်ထားတဲ့ လက်ဝါးတွေကို ဖယ်လိုက်တယ်။
တော်တော်ကိုချောတဲ့ မိန်းမပဲဗျာ။
“ဟေ့ကောင်တွေ ဘာဖြစ်နေကြတာတုံး”
ကိုအောင်သစ်က မျက်စိကြီး မှိတ်ပြီး မေးနေတာဗျ။
“ဟာ ကိုအောင်သစ် ကြည့်ကြည့်ဗျ။
ကြောက်စရာ မဟုတ်ဘူး။ တော်တော်ကိုလှတဲ့
မိန်းမဗျ”
“ဟေ”
ကျုပ်စကားကို ကြားတော့ ကိုအောင်သစ်က
ပိတ်ထားတဲ့ မျက်စိတွေကို ဖွင့်ပြီး လှမ်းကြည့်တယ်ဗျ။
“ဟေ လှလိုက်တာကွာ တာတေရာ။
ဒါ လူတော့ မဟုတ်ဘူးထင်တယ်။
ဥစ္စာစောင့်တွေ ဘာတွေ ဖြစ်မယ်ကွ တာတေ”
“ကဲ ကျောက်ခဲ မင်း ကိုအောင်သစ်နဲ့ နေခဲ့။
ငါ ဆင်းပြီး စကားပြောကြည့်မယ်”
“ဟာ တာတေ မလုပ်နဲ့ မလုပ်နဲ့
ဘာမှန်းသိတာ မဟုတ်ဘူး”
ကိုအောင်သစ်က ကျုပ်ကို တားတယ်။
“မပူနဲ့ ကိုအောင်သစ်။ ကျုပ်လွတ်အိတ်ထဲမှာ
ဆေးဝါးအစုံပါတယ်”
ကျုပ်က ဆေးလွယ်အိတ်ကို စလွယ်သိုင်းပြီး
ကင်းတဲပေါ်ကနေ ဆင်းလိုက်တယ်။ ကျောက်ခဲကတော့
ကျုပ်အကြောင်းကို သိပြီးသားလေဗျာ။
ကျုပ်က သွားမယ်ဆိုရင် တားလို့ရတဲ့သူ
မဟုတ်ဘူးဆိုတာ ကျောက်ခဲ သိတာပေါ့ဗျာ။
ဒါကြောင့် ဒီကောင်က ဘာမှမပြောဘူးဗျ။
ဆံပင်ဖားလျားမိန်းမကိုတော့ ဓါတ်မီးနဲ့
ထိုးထားတယ်။ကျုပ်က သူ့ဘက်ကို
လျှောက်လာတော့ သူပြုံးပြီး ကြည့်နေတယ်။
“အစ်ကို အစ်ကို နန်းမှုံဆီကို လာပြီလား”
ကျုပ်ကလည်း အလိုက်သင့်ပေါ့ဗျာ။
ခေါင်းညိတ်ပြလိုက်တယ်။ဖားလျားမက
ကျုပ်ကို ရွှန်းရွှန်းစားစားကြီး ပြုံးပြီးကြည့်နေတာဗျ။
ကျုပ်က ရှေ့ဆက်မတိုးဘဲ ရပ်နေတယ်။
“ခင်ဗျား ဘယ်သူတုံး”
“နန်းမှုံလေ အစ်ကိုရယ်”
သူ့ကိုကြည့်ရတာ အရူးနဲ့လည်း မတူဘူးဗျ။
ဆံပင်အောက်က လှစ်ကနဲ
ပေါ်လာတဲ့ သူ့ရဲ့ရင်သားတွေကို
လက်နှစ်ဖက်နဲ့ အုပ်ထားတယ်။ ကျုပ်က
ရှေ့ကို ဆက်တိုးသွားလိုက်တယ်။
သူနဲ့ ကျုပ်နဲ့ ငါးပေလောက်အကွာကို
ရောက်တော့ သူ နောက်ကို ဆတ်ကနဲ ဆုတ်သွားတယ်
ပြီးတော့ မျက်နှာပျက်သွားတယ်ဗျ။
ကျုပ်ကိုလည်း ခြေဆုံး ခေါင်းဆုံး ကြည့်နေတယ်။
“အစ်ကို နင် ရှေ့ထပ်မတိုးနဲ့ ငါ အရမ်းပူတယ်”
ကျုပ် သူ ပြောတာကို အံ့သြသွားတယ်။
ဒါနဲ့ အကြောင်းသိအောင်ဆိုပြီးတော့ ရှေ့ကို
ခြေတစ်လှမ်းချင်း လှမ်းပြီး တိုးဝင်လိုက်တယ်။
ဟာ ပြေးပြီဗျို့။ပြေးပြီ။ ဟော ပျောက်သွားပြီဗျာ။
ကျုပ် လက်ထဲက ဓါတ်မီးနဲ့ ထိုးပြီး လိုက်ရှာတယ်။
မတွေ့တော့ဘူးဗျ။ ထွာဆိုင်လောက်ပဲ လုံးပတ်ရှိတဲ့
ဧကရာဇ်ပင် ကွယ်လိုက်တာနဲ့ကို ပျောက်သွားတာဗျ။
ကျောက်ခဲကလည်း ကင်းတဲပေါ်ကနေ ဓါတ်မီးကို
မပြတ်ထိုးပေးထားတာဗျ။အဲဒီလင်းလင်းကြီးထဲမှာကို
ပျောက်သွားတာ။ ကျုပ်လည်း ကင်းတဲပေါ်ကို
ပြန်တက်ခဲ့တယ်။
“ပျောက်ကိုသွားတာကွ တာတေရ။
ငါလည်း ကြည့်နေတာ”
ကိုအောင်သစ်က ကျုပ်ကို ဆီးပြောတယ်။
“ကိုကြီးတာတေ ဒါ လူတော့ မဟုတ်ဘူးဗျ”
ကျောက်ခဲကလည်း သူ့အထင်ကို ပြောတယ်။
ကျုပ်ကတော့ ဘာမှပြန်မပြောသေးဘဲ နဂါးဆေးလိပ်တိုကို
မီးညှိလိုက်တယ်။ ဆေးလိပ်တိုကိုဖွာရင်း စဉ်းစားတယ်။
“မင်းပြောသလိုပဲ ကျောက်ခဲ။ ဒါ လူမဟုတ်တာတော့
သေချာတယ်ကွ။ ဒါပေမယ့် ဒါ ဘာလဲဆိုတာကို
ငါမတွေးတတ်အောင် ဖြစ်နေတာကွ”
“တာတေရာ မင်းကလည်း လူမဟုတ်ရင် တစ္ဆေပေါ့ကွ”
“တစ္ဆေတော့ မဟုတ်ဘူး ကိုကြီးအောင်သစ်ရဲ့ ”
“ဒါဆိုရင် ငါပြောသလို ဥစ္စာစောင့်ဖြစ်မယ်ထင်တယ် တာတေရ”
“အင်း…ဟုတ်ချင်တော့ ဟုတ်မှာပေါ့ဗျာ။
ဒါပေမဲ့ ထူးဆန်းတာက ကျုပ်အနားကပ်သွားတာကို
ပူတယ်လို့ ပြောတယ်ဗျ။ ကျုပ်က အကြောင်းသိချင်တာနဲ့
အနားကို ဆက်တိုးသွားတော့ သူ မခံနိုင်ဘူးဗျ။
မျက်စိမျက်နှာပျက်ပြီး ထွက်ပြေးသွားတယ်။
ဥစ္စာစောင့်လည်း မဟုတ်နိုင်ဘူးဗျ”
“ဟေ ဘာကြောင့်တုံးကွ တာတေရ”
ကိုအောင်သစ်က ကျုပ်ပြောတာကို အံ့သြပြီး
ကျုပ်ကို ပြန်မေးတာဗျ။
“ဥစ္စာစောင့်တွေက ဒီလိုကိုယ်လုံးတီး ဘယ်တော့မှ မရှိဘူးဗျ။
အင်မတန်မှ လှပပြီး နန်းဆန်တဲ့ပုံမျိုးနဲ့ နေကြတာ
သူတို့မှာ သိုက်ချုပ်တို့ ဘာတို့ အုပ်ချုပ်တဲ့သူတွေ
ရှိနေကြတာဗျ။အခုလို ပုံစံမျိုးနဲ့ အချိန်မဲ့အခါမဲ့
လျှောက်သွားလို့ မရဘူးဗျ”
“ဟေ …ဟုတ်လား ဒါဆိုရင် ဒါ ဘာဖြစ်နိုင်တုံး”
ကျုပ်လည်း အဲဒါကို စဉ်းစာနေတာဗျ။
ကျုပ်က ပြောရင်း နဂါးဆေးပေ့ါလိပ်ကလေးကို
ဖွာနေလိုက်တယ်။ မိုးလင်းတဲ့ အထိတော့
နောက်ထပ် ဘာမှမဖြစ်တော့ဘူးဗျ။
ညက တစ်ညလုံး ကင်းစောင့်ထားရတာဆိုတော့
ကျုပ်လည်း နေ့ခင်းဘက် ပြန်အိပ်လိုက်တယ်။
မအိပ်ခင် စိတ်ထဲမှာတော့ မဖဲဝါကို သတိရတာပေါ့ဗျာ။
မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ကိုင်ရင်း
ကျုပ် အိပ်ပျော်သွားတာဗျ။
လေတွေ တဝေါဝေါတိုက်နေတာဗျ။
ကျုပ်ရှေ့မှာ ဆယ့်နှစ်ရာသီအဝါပင်ကြီးက
လေတိုက်ထဲမှာ ငြိမ်လို့ဗျ။ လေတွေ ဒီလောက်တိုက်လို့
ဘေးကသစ်ပင်တွေ တဝေါဝေါမြည်ပြီး ယိမ်းထိုးနေပေမယ့်
ဆယ့်နှစ်ရာသီပင်ကြီးကတော့ တစ်ပင်လုံး ပန်းတွေ
ဝါထိန်အောင် ပွင့်နေလိုက်တာဗျာ။
နည်းနည်းလေးတောင် မလှုပ်ဘူးဗျ။
အရွက်တစ်ရွက် ပန်းတစ်ပွင့်တောင် မလှုပ်ဘူး။
ဆယ့်နှစ်ရာသီပင်အောက်မှာ ရပ်နေတာ ကျုပ်နဲ့ရွယ်တူ
ကောင်မလေးဗျ။ဆံပင်ရှည်လေး ဖားလျားချလို့။
သူ့နားရွက်အပေါ်မှာ ဆယ့်နှစ်ရာသီပန်းအဝါလေးတစ်ပွင့်
ပန်ထားတယ်။ လေတိုက်တာ ကျုပ်ပုဆိုးအင်္ကျီတွေက
တဖျတ်ဖျတ် လွင့်နေတာ။အဲဒီကောင်မလေး
မလှုပ်ဘူးဗျ။မဖဲဝါလေဗျာ။
သူနဂိုရုပ်ကို ကျုပ်ကြောက်မှာ စိုးလို့
အခုလို ပုံစံနဲ့ ကျုပ်ကို အိပ်မက်ပေးလေ့ရှိတာဗျ။
“တာတေ နင် ညကတွေ့တာ အရူးလည်း မဟုတ်ဘူး
တစ္ဆေလည်း မဟုတ်ဘူး။ ဥစ္စာစောင့်လည်း မဟုတ်ဘူး
အဲဒါ အရုပ်ဟဲ့။ ဂဝံမျက်နှာဖုံးအရုပ်လို့ခေါ်တယ်။
ဂဝံနှစ်မျိုးရှိတယ်။ ဂဝံသားပိုက်ရုပ်နဲ့
ဂဝံမျက်နှာဖုံးတဲ့။ အရုပ်စထုကတည်းက
ညစ်ညစ်ညမ်းညမ်း ယုတ်ယုတ်မာမာ ဂါထာတွေ
မန္တန်တွေရွတ်ပြီး ထုရတယ်။ အရုပ်အချောကိုင်တဲ့အထိ
အဲဒီမန္တန်တွေ ရွတ်တာ။
အောက်လမ်းအရင့်အမာကြီးတွေမှ လုပ်နိုင်တာ။
အရုပ်ပြီးရင် နတ်ရဲညောင်ပင်အောက်မှာ ပုခတ်ကလေးလုပ်ပြီး
ပန်းခုနှစ်မျိုးထည့်ရတယ်။ ပြီးရင် အရုပ်ကို
ပုခက်ထဲမှာထည့်ပြီး အေးရင့်ကြူးပြီး
အသက်သွင်းဂါထာမန္တန်တွေ ရွတ်ရတယ်။
အောင်ပြီဆိုရင်တော့ ပီယဘက်မှာ
ပြိုင်စံရှားပဲဟဲ့ တာတေရဲ့
အခု နင်တို့ရွာကို ရောက်နေတဲ့ ဂဝံမက ဂဝံမျက်နှာဖုံး။
မိန်းမတစ်ယောက် ကိုယ်လုံးတီးနဲ့
ဆောင့်ကြောင့်ထိုင်ပြီး မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားတဲ့ပုံဟဲ့
ဂဝံသားပိုက်ဆိုတာကလေးကို ပွေ့ထားတဲ့
ကိုယ်လုံးတီးမိန်းမပုံ”
“ဒါဆိုရင် ကျုပ် ဘာလုပ်ရမှာတုံး မဖဲဝါ”
“ဟဲ့ တာတေ နင့်မှာ ဆရာကြီးတွေ ပေးထားတဲ့
ဆေးကျော့ကွင်း ရှိတယ်လေ။ အဲဒါနဲ့ ပစ်ဖမ်းပေါ့။
အရုပ်ပြန်ဖြစ်သွားတော့မှ ကဝေသက်ဖြတ်အင်းချရင်
ရွတ်တဲ့ဂါထာ ခုနှစ်အုပ်ရွတ်ပြီး အသက်နှုတ်လိုက်တော့”
“အသက်နှုတ်ပြီးရင် ဘာလုပ်ရဦးမှာတုံးဗျ”
“အေး …ဒီအရုပ်ဟာ သေသွားတဲ့ အောက်လမ်းဆရာ
တစ်ယောက်ရဲ့ ကျန်ရစ်ခဲ့တဲ့ အရုပ်ပဲ။ အဲဒီအကောင်က
သေသွားတော့ အသက်ပြန်မနှုတ်ခဲ့နိုင်ဘူးလေ။
နင်က အသက်နှုတ်ပြီးရင် အဲဒီအရုပ်ကို
မီးရှို့ပစ်လိုက်တော့ တာတေ”
“ကောင်းပါပြီ မဖဲဝါ ”
“ဟဲ့ …တာတေ ထတော့လေ ။ ညနေတောင်
စောင်းနေပြီဟဲ့”
အမေ့အသံကြားတော့မှ ကျုပ်လန့်နိုးလာတာဗျ။
ကျုပ်လည်း ကပျာကယာထပြီး ရေချိုးလိုက်တယ်။
ညစာကို စောစောပဲ စားထားလိုက်တယ်။
ညမိုးချုပ်တာနဲ့ ကျောက်ခဲ ရောက်လာတယ်ဗျ။
“ဟေ့ကောင် ကျောက်ခဲ။ ထမင်းစားပြီးပြီလား။
မစားရသေးရင် စားလေကွာ”
“စားပြီးပါပြီဗျ။ ဒီညတော့ ကိုကြီးတာတေ
အလုပ်လုပ်တော့မယ်ဆိုတာ သိလို့ လာခဲ့တာဗျ”
“ဟာ ဒီကောင် အန္တရာယ်ရှိလား ဘာလား မသိဘဲ
လာရသလား”
“ဟား ဟား ဟား ဟား ကိုကြီးတာတေရာ
ကျောက်ခဲက ကိုကြီးတာတေနဲ့ တွဲလာတာ
ကြာပါပြီဗျာ”
ဒီကောင်က ကျုပ်လိုကောင်ဆိုတာ ကျုပ်သိပြီးသားဗျ။
ပြန်လွှတ်လို့လည်း ပြန်မှာမဟုတ်ဘူး။ ညဆယ်နာရီမှာ
ကျုပ်နဲ့ ကျောက်ခဲနဲ့ ကျုပ်တို့ ရွာလယ်ကင်းကို
ထွက်လာခဲ့တယ်။ ဒီည ကင်းကျတာက
တင်မြင့်နဲ့ မိုးဦးဆိုတဲ့ကောင်ဗျ။ ဒီကောင်တွေလည်း
ကျုပ်နဲ့ ရွယ်တူ သူငယ်ချင်းတွေပဲလေဗျာ။
“တာတေရာ မင်းလာတာ အားရှိလိုက်တာကွာ
ဟောဒီကောင် တင်မြင့်က သရဲကြောက်တတ်တယ်ကွ”
“အောင်မာ မင်းကရော မကြောက်လို့လား မိုးဦးရ”
“အေး ငါက ဒီကောင်ထက် နှစ်ဆလောက် ပိုကြောက်တယ်ကွ
ဟား ဟား ဟား ဟား”
မိုးဦးက အားကြီးရယ်စရာပြောတဲ့ကောင်ဗျ။
“ဘာမှမကြောက်နဲ့ မိုးဦး။ ဒီည အဲဒီဆံပင်ရှည်မ
လာပါစေလို့ပဲ ငါက ဆုတောင်းနေတာကွ”
ကျုပ်က ပြောလိုက်တော့ တင်မြင့်က ပြန်ပြောတယ်။
“တာတေရော ငါတို့က ကြောက်ပါတယ်ဆိုမှ
မင်းက လာပါစေ ဆုတောင်းနေရသလားကွ”
တစ်ယောက်တစ်ပေါက်နဲ့ စရင်းနောက်ရင်း
ရယ်ကြမောကြနဲ့ ဒီကောင်တွေလည်း
သိပ်မကြောက်တော့ဘူးဗျ။တင်မြင့်က
ဗဟိုကင်းက ဆယ့်နာရီခေါက်သံကြားတော့
သူလည်း သံချောင်း ထခေါက်တယ်။
ကျုပ်တို့တွေ ငယ်ငယ်က ဆော့ကြ
ကစားကြတာတွေ ပြန်ပြောပြီး ရယ်နေကြတာဗျ။
“ဟီ ဟီ ဟီ ဟီ”
“ဖျန်း”
“ဘာလဲကွ ဘာလို့ ငါ့ကို ထရိုက်တာတုံး”
မိုးဦးက တင်မြင့်ကို ပြူးပြူးပြဲပြဲနဲ့ မေးတာဗျို့။
“မင်းရယ်တာက ကောင်းကောင်းမှ မရယ်တာ
ဟီ ဟီ ဟီ ဟီနဲ့ ဘယ်လိုလုပ် ရယ်နေတာတုံး”
“ဟကောင် တင်မြင့် ။ ငါမှ မရယ်တာ”
ဒီတော့မှ ကျုပ်နဲ့ ကျောက်ခဲက သဘောပေါက်ပြီး
ရယ်ရတော့တာပေါ့ဗျာ။
“ဟေ့ကောင်တွေ အောက်မှာရောက်နေပြီ။
တိတ်တိတ်နေ”
“ဟေ…ရောက်နေပြီ ဟုတ်လား တာတေ ဘာ
ဘာရောက်တာတုံး သရဲမလား”
“ရှူး တိုးတိုးပြောကွ သရဲမ မဟုတ်ဘူး မင်းတို့
မယုံရင် ကြည့်ကြ ။ ကျောက်ခဲက မီးထိုးပြလိမ့်မယ်
နတ်မိမယ်လေးကွ”
“ဟာ မကြည့်ရဲပါဘူးကွာ ။ တော်တော်ကြာ
လျှာကြီးတစ်တောင်လောက် ထုတ်ပြလိုက်မှ
ဒီနေရာတင် ငါအသက်ထွက်သွားလိမ့်မယ်”
“ဟာ ဒီကောင်တွေ တကယ်လှလို့ ကြည့်ခိုင်းတာကွ
ကဲ ကြည့်ကြ ကြည့်ကြ”
ဒီတော့မှ ဒီကောင်နှစ်ကောင် ထကြည့်တာဗျ။
ကျောက်ခဲက ငါးထောင့်ထိုးဓါတ်မီးနဲ့ ထိုးထားတယ်။
နတ်မိမယ် ယမင်းပျိုလေးက ဧကရာဇ်ပင်အောက်မှာ
ပြုံးပြုံးလေးရပ်နေတယ်။မျက်နှာကိုတောင်
အုပ်မထားတော့ဘူးဗျ။
“ကျောက်ခဲ မီးကို မပြတ်ထိုးတာ ငါ သွားတော့မယ်”
“ဟုတ်ကဲ့ ကိုကြီးတာတေ သတိတော့ထားနော်”
ကျုပ် လှေကားကနေ ဆင်းလာခဲ့တယ်။
အဆင်သင့် ထုတ်ထားတဲ့ ဆေးကျော့ကွင်းကို
အိမ်မှာကတည်းက ဂါထာရွတ်ပြီး နှိုးထားပြီးသားဗျ။
ဒီတစ်ခါတော့ ကျုပ် အနားရောက်အောင်
ကပ်လို့မဖြစ်ဘူး။ ပူတယ်ဆိုပြီး ထွက်ပြေးသွားဦးမယ်။
“ဟီ ဟီ ဟီ ဟီ ဟိ”
“အစ်ကို နန်းမှုံဆီ လာတာလား ”
ဂဝံမကို ခုမှ ကျုပ်သတိထားမိတယ်ဗျ။ ဒီစကားတစ်မျိုးပဲ
ပြောတတ်တယ်။ ဒါဟာ အရုပ်ကို ပူးကပ်နေတဲ့ ဝိဥာဉ်က
ပြောတဲ့စကားပဲဗျ။ ဒီဝိဥာဉ်ကလည်း နန်းမှုံဆိုတာတစ်ခုကိုပဲ
သတိရပုံဗျ။ တခြား ဘာကိုမှ သိပုံမပေါ်ဘူး။
ကျုပ်က ရှေ့ကို တိုးနိုင်သလောက် တိုးသွားတယ်။
တော်တော်လေး နီးသွားတော့ ဂဝံမက နောက်ကို
ခြေတစ်လှမ်းဆုတ်လိုက်တယ်။ ကျုပ်သိပြီ။
ဂဝံမ ပြေးတော့မှာဗျ။ ပြေးဖို့ပြင်တာဗျို့။
ကျုပ်လက်ထဲက ဆေးကျော့ကွင်းနဲ့ ဖျတ်ကနဲ
လှမ်းပစ်လိုက်တယ်။
ဟာ စွမ်းလိုက်တဲ့ ဆေးကျော့ကွင်းဗျာ။
ကြိုးဖြူဖြူလေးက လေထဲမှာ တန်းကနဲ
ပျံသွားပြီ ဂဝံမကို အလိုလျောက်ရစ်တော့တာဗျို့။
တစ်ပတ် နှစ်ပတ် သုံးပတ် လေးပတ် ပြီးတော့
နောက်ထပ်တစ်ပတ်။ နောက်ထပ် နောက်ထပ်။
ဟော ဂဝံမ ဆောင့်ကြောင့်ထိုင်ချပြီး မျက်နှာကို
လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားလိုက်တယ်ဗျ။
ဟော ပျောက်သွားပြီ။ ပျောက်သွားပြီ။
ဟာ စောစောက ဂဝံမ ဆောင့်ကြောင့်ထိုင်ချလိုက်တဲ့နေရာမှ
အရုပ်ကလေးဗျ။ ကျုပ် ချက်ချင်း ကောက်ယူလိုက်တယ်။
ဆေးကျော့ကွင်း အထပ်ထပ်ရစ်ထားတဲ့ အရုပ်ကလေးဗျ။
ဆံပင်ဖားလျားနဲ့ ဆောင့်ကြောင့်ထိုင်ပြီး
မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားတဲ့ပုံဗျ။
ကိုယ်လုံးတီးပုံပဲ။ ကျုပ်က အရုပ်ကို လက်ထဲမှာဆုပ်ပြီး
ကဝေသက်ဖြတ် အင်းချတဲ့အခါမှ
ရွတ်ရတဲ့ ဂါထာကို ကျုပ် ခုနှစ်အုပ်တိတိ ရွတ်လိုက်တယ်။
မဖဲဝါ ပြောတဲ့အတိုင်းပေါ့ဗျာ။
သွားပြီ ။ အသက်နှုတ်ပစ်လိုက်ပြီ။
အောက်လမ်းဆရာ ကျန်ခဲ့တဲ့ ဂဝံမျက်နှာဖုံးရုပ်ကတော့
သာမန်သစ်သားရုပ်တစ်ရုပ် ဖြစ်သွားပြီပေါ့ဗျာ။
ကျုပ်ရဲ့ ဆေးကျော့ကွင်းကို ဖြည်ယူလိုက်တယ်။
ကင်းတဲပေါ်ရောက်တော့ အရုပ်ကလေးကို
ကျောက်ခဲလက်ထဲ ထည့်ပေးလိုက်တယ်။
“ဟင် အရုပ်ကလေးပဲဗျ ။ ကိုကြီးတာတေရဲ့”
“ဟုတ်တယ်ကွ ကျောက်ခဲရဲ့။အရူးမလည်း မဟုတ်ဘူး။
တစ္ဆေမလည်း မဟုတ်ဘူး။ ဥစ္စာစောင့်လည်း မဟုတ်ဘူးကွ။
အရုပ်ကလေးတစ်ရုပ်ကို အင်မတန်စွမ်းတဲ့ အောက်လမ်းဆရာ
တစ်ယောက်က အသက်သွင်းပြီ အသုံးချတာကွ။
အဲဒီအောက်လမ်းဆရာ ရုတ်တရက် သေသွားတော့
သူ့အရုပ်ကို အသက်မနှုတ်နိုင်တော့ဘဲ ဒီအတိုင်း
ကျန်သွားတာတဲ့ ကျောက်ခဲရေ”
“ဟင် ဒါတွေကို ကိုကြီးတာတေ ဘယ်လိုသိတာတုံးဗျ”
“ဟ မဖဲဝါပြောတာလေကွာ။အခု သူပြောတဲ့အတိုင်း
ငါ လုပ်လိုက်တာပဲ”
တင်မြင့်နဲ့ မိုးဦးကလည်း ဂဝံမျက်နှာဖုံးအရုပ်ကလေးကို
တစ်လှည့်စီ ကိုင်ကြည့်နေကြတယ်ဗျ။
မိုးမလင်းခင်ဘဲ ကျုပ်နဲ့ ကျောက်ခဲ မီးမွှေးပြီး
ဂဝံမျက်နှာဖုံးရုပ်ကလေးကို မီးရှို့ပြီး ပြာချပစ်လိုက်ကြတယ်။င်္
ကျုပ် အိမ်ပြန်ရောက်တော့ ဆရာတော့်ကျောင်းက
တုံးမောင်းတောင် ခေါက်နေပြီဗျို့။
ပြီးပါပြီခဗ်ာ
စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ
Leave a Reply