ကြီးမားသောဆုံးရှုံးမှု

ကြည့်ရင်းတွေးတောနေကာ မောင်ဘိုးထင်အား စကားဆိုလေသည်။

    “ဘိုးထင် ငါတခုပြောမယ်နော် မင်းစိတ်မဆိုးနဲ့ “

    “ပြောလေ ပေတူး”

    “မင်းဖမ်းပြီး ပေတူးအဘ ကိုယ်ထဲ ဝင်ခိုင်းထားတဲ့ သရဲမကြီးနာမည် က မြခင်နော် “

    “အေး ဟုတ်တယ်လေ “

    “မင်း အမေရဲ့ နာမည်က  ဘယ်သူ”

    “မြခင်ပဲ လေ “

    “မင်း အမေ ဖြစ်နေမလား မသိနော် “

    “ဟာကွာ မဖြစ်နိုင်တာ ငါ့ကို မွေးပေးတဲ့ ကြီးတော်ငယ်လေး ပြောတာက ငါ့အမေက ကွမ်းတောင်ကိုင်ကွာ ရွာမှာ အချောဆုံးအလှဆုံးတဲ့ အခု သရဲမကြီးတော့ မဖြစ်နိုင်ပါဘူး”

    “မင်း မစဉ်းစားမိဘူးလား ငါတို့ညဖမ်းတဲ့ သရဲမကြီးက နနွင်းတွေ ဝင်းဝါနေအောင် လိမ်းထားတာလေ မင်းအမေလည်း မီးတွင်းထဲမှာ ဆုံးသွားတယ် ဆိုတော့ “

    “တော်ကွာ အဲ့တာ မပြောတော့ နဲ့ ကြီးတော်ငယ်လေးက ငါ့ကို ပြောဘူးတယ် ငါ့အမေက နတ်ပြည်မှာ ဆိုလား ရောက်နေပြီတဲ့ ကွ “

    မောင်ဘိုးထင်သည် ပါးစပ်မှ သာ ထိုသို့ ပြောပေမဲ့ သူ၏ စိတ်ထဲ တွင် တော့ သာအေးပြောသည်က သဘာဝ ကျသည် ဟုတွေးနေမိသည် ။အမှန်ဆို သူ့အား ဒီလောက် ဂရုတစိုက် ဖြစ်နေတာ ကို သူလည်း နားမလည် နိုင် ဖြစ်နေ၏ သာအေးပြောတာ အမှန်ဖြစ်နေမည် ဆိုက ပေတူးအဘ ကိုယ် နှင့် သူ၏ အမေ ဖြစ်ခဲ့ဘူးသော သရဲမကြီး ၏ စိတ်‌ဖြစ်နေမည်ဖြစ်သည် ၊ မည်သို့ ‌ဆိုစေကာ မူ အဖြစ်မှန်ကို သူသိအောင် လုပ်ရမည်ဟု တွေး ရင်း ကျန်လူများနှင့် စကားဝိုင်းဖွဲ့ ဆိုနေရင်း ပေတူး၏ အိမ်သို့ အားလုံး သွားမည်ဟု ဆုံးဖြတ်လ်ိုက်ကြပါလေတော့သည် ။

    ◾အခန်း (၃)

    ဦးသန်းလှိုင်သည် ‌ တောင်ယာမှ အပြန် နွားတင်းကုတ်ထဲတွင်  နွားနှစ်‌ကောင်ကို ချည်နေစဉ် သူ၏ အိမ်သို့ ရောက်လာသော မောင်ဘိုးထင်တို့ကို တွေ့သော အခါ အံ့ဩတကြီးကြည့်ပြီး

    “ငါ ငါကောင်းကောင်း နေနေတယ်နော် နင် နင်တို့ စုပြီးငါ့ကို ဘာလုပ်မလို့လဲ သား ဘိုးထင် ငါမဟုတ်တာ ဘာမှမလုပ်ဘုးနော် “

    “ဟုတ်ပါတယ် ဘာမှ မလုပ်ပါဘူး အဲ့လောက်ကြီး ရုပ်ပျက်မနေနဲ့ တော်ကြာ ပေတူးနဲ့ သူ့အမေ ရိပ်မိသွားဦးမယ် ခင်ဗျား အလုပ်တွေလည်း တအား လုပ်တယ် ကြားတယ် အဲ့ လောက်ကြီး မလုပ်ပါနဲ့ ဗျာ ပင်ပန်းနေပါဦးမယ် “

    “မပင်ပန်းပါဘူး ငါ့အတွက် ပင်ပန်းတယ် ဆိုတာ ဘာမှန်းတောင် မသိဘူး”

    ဦးသန်းလှိုင် နှင့်  မောင်ဘိုးထင်တို့ နွားတင်းကုတ်တွင် ရပ်ပြီးစကားပြောနေသည်ကို မြင်သော ပေတူးသည်

“ဘိုးထင် မင်းက တော့ အချိန်မှန်တယ် ဟိုလူတွေက ဘာလုပ်တာ လဲ သူတို့ အတွက် ထမင်း မချက်ထားဘူးနော် “

    “ဟဲ့ ပေတူး ဘယ်လို ကြီး ပြောလိုက်တာ တုန်း “

    ပေတူး၏ ပြောစကားကို အားနာသွားသော ပေတူး၏ အမေသည် ပေတူးအား မာန်မဲ လိုက်ပြီး

    “ဖိုးထွေးတို့ လာကြ လာကြ နင့်ညီ ပြောစကားကို အတည်ယူမနေနဲ့ သူက အဲ့လိုပဲ တခါတခါ “

    “သိပါတယ် လေးလေးရယ် ပေတူးက ကြောင်တောင်တောင်ဆိုတာ  ကျုပ်တို့ကလည်း ထမင်းစားပြီးပါပြီ သူများအိမ်ကို အားမနာ လျှာမကျိုး နေ့တိုင်း ထမင်းစားနေတဲ့ ဘိုးထင် လိုတော့ မဟုတ်ပါဘူး”

    ဖိုးထွေး၏ စကားကြောင့် မောင်ဘိုးထင် အနည်းငယ် ရှက်သလို ဖြစ်နေစဉ် ဦးသန်းလှိုင်သည် သူ၏ ပုခုံးကို ဖက်ကာ အိမ်ပေါ်သို့ တက်စေပြီး

    “ဘိုးထင်  က ငါ့သားလိုပဲကွ ငါအလုပ် ကြိုးစားနေတာ ဟောဟိုက ပေတူး နဲ့ သူ့အမေ အပြင် ဒီက ဘိုးထင် အတွက်ရော ကွာ လာ လာ ဘိုးထင် ထမင်းသွားစားကြရအောင် မင်းတို့ကတော့ ပြန်တော့ “

    ဖိုးထွေးသည် မောင်ဘိုးထင်အား နောက်ပြောင်သည်ကို ကျန်သူများ အပါအဝင် မောင်ဘိုးထင်လည်း သိပေမဲ့ ဦးသန်းလှိုင်သည်က မျက်နှာ တည်တည် နှင့် မကျေမနပ်ဆိုနေသော ကြောင့် အားလုံး အံဩရသည် ။ ဦးသန်းလှိုင် ပြောစကားကို ကြားသော ဇနီးဖြစ်သူသည်

    “ကိုသန်းလှိုင် က ကလေးတွေကို ဒီလိုပဲ စ နေကြ နောက်နေကြဆိုတော့ ဖိုးထွေးတို့ လာ လာ အိမ်မှာ ထမင်းစားသွားကြ လေးလေး ထမင်း ထပ်ချက်လိုက်မယ် “

    “ရတယ် လေးလေး ဦးလေးက ဘိုးထင်ကို တော်တော် ခင်တာပဲ ကျုပ်တို့ နားလည်ပါတယ် ထမင်းစားကြဦး ကျုပ်တို့ ပြန်လိုက်ဦးမယ် ဟေ့ကောင် ပေတူး ငါတို့ဆီ လည်း လာလည်ပါဦးကွ အခု‌တလော မင်းက အိမ်မှာပဲ နေ နေတာ “

    “နင့်ညီကတော့ အခုတလော အတော်ကို သိတတ်နေတာဟေ့ အမေကို ရေခပ်ကူလိုက် အဖေ့ကို နွားရေတိုက်ဖို့ ဆွဲကူလိုက် နဲ့ တကယ် ကို အလုပ်တွေ များနေတာ “

    “ထူးထူး ဆန်းဆန်း လေးလေးရေ  ပေတူးဆို‌တဲ့ ကောင်က ဒီလောက်ကို သိတတ်သွားတာလား မယုံ နိုင်ပဲဗျာ “

    သာရ၏ ပြောစကားကြောင့် ပေတူးသည် သာရအား ကြည့်ကာ

    “ဪ ကိုသာရရယ် ကြီးမိုက်ကြီးတွေ မဖြစ်ဖို့ အခုကတည်းက လိမ်မာ ရတာပေါ့ဗျာ”

    “ကြီးမိုက်ဆိုတာ ဘာလဲကွာ ကျီးကန်း မိုက် ကိုပြောတာလား “

    “မဟုတ်ဘူး ကြီးလေ မိုက်လေ လုပ်နေတဲ့ ခင်ဗျားနဲ့ ကိုဖိုးထွေးကို ပြောတာ “

    “တောက် မင်းမေလင် “

    “ဟဲ့သာရ နင်ဘာပြောတာလဲ “

    “မင့်အမေလင် ဦးသန်းလှိုင် လို့ပြောမလို့ပါ ဗျာ သွားပြီ လေးလေး ရေ “

    ဖိုးထွေး သာရ နှင့် သာအေးတို့  ပြန်သွားချိန် ဦးသန်းလှိုင်သည် မောင်ဘိုးထင်ကို ပုခုံးဖက်ပြီး သူ၏ အိမ်ပေါ်သို့ ထမင်းစား ရန် ခေါ်သွားပါလေတော့သည် ။

    ◾အခန်း (၄)

    မောင်ဘိုးထင်သည် သူ၏ အိမ်ရှေ့ ကွပ်ပျစ်တွင် ထိုင်ရင်း ပျင်းရိဖွယ် နေ့ တနေ့ကို ဖြတ်သန်းနေသည် ၊ ပေတူးအဘ၏ ကိုယ်ထဲတွင် ညောင်ပင်မှ သရဲမ မြခင်က ဝင်ရောက်နေစေသည့် နေ့ကတည်းက သူ ၏ စိတ်ထဲ ပျော်ရွှင်မနေတော့ပါ ၊ သူဘာကြောင့် မပျော်ရွှင်ရသလဲဆိုတာ သူ့ကိုယ် သူ မေးခွန်း ထုတ်ပေသော်လည်း အဖြေက မရပေ ၊ သူ ပေတူးအတွက် စိတ်မချမ်းမမြေ့ဖြစ်နေသည်လား ဖခင် ဖြစ်သူ၏ ကိုယ်ကိုသာ ပိုင်ဆိုင်ပြီး စိတ်ကို မပိုင်ဆိုင် နိုင်တော့သော ပေတူးကြောင့် သူစိတ်မချမ်းမြေ့ ဖြစ်နေခြင်းလား သို့တည်းမဟုတ် ညောင်ပင် မှာ နေသော မြခင်ဆိုသည့် သရဲမကြီးကြောင့်လား ၊ ထိုသရဲမကြီးမှာ ဘာကြောင့်များသူ့ကို ပေတူးထက် ပိုဂရုစိုက်နေရသည်လည်း ဆိုတာ သူမသိပေ၊သို့ပေမဲ့ သဘာဝကို လွန်ဆန်လွန်းသော လုပ်ရပ်ကို သူတို့ လုပ်ထားမိသည့် အတွက် စိတ်မချမ်းမြေ့ ဖြစ်နေရသည် လားဆိုတာ သူမသိနိုင် ဖြစ်နေချိန်  တန်းလျားတွင် ရေနွေးကြမ်း သောက်နေသော ဉ်ီးအုန်း၏ အသံက ပေါ်လာလေ ၏။

    “ကောင်လေး အခုတလော မင်း ကြည့်ရတာ ငူငိုင်ငိုင် နဲ့ ဘာဖြစ်နေတာလဲ ကွ”

“ကျုပ်ကို ကျုပ် ဘာဖြစ်လို့ ဖြစ်မှန်းကို မသိတော့ပါဘူး အဘ ရယ် “

    “အင်း ကောင်လေး မင်းလုပ်ရပ်တွေကို ငါမသိဘူးထင်နေတာလား “

    “အဘ ဘာပြောတာလဲ ကျုပ်နားမလည်ဘူး “

    “မင်း ပေတူးအဘ  သန်းလှိုင်ရဲ့ ကိုယ်ထဲကို သရဲ တကောင် ဝင်ခိုင်းထားတာ ငါသိတယ် အစက မင်းကို မပြောပဲနေမလို့ ပဲ ဒါပေမဲ့ ငါမင်းကို ပြောရလိမ့်မယ် “

    “အဘ ဘာပြောတာ‌လဲ “

    “မင်း အခု ဝင် ပူးခိုင်းထားတဲ့ သရဲမက ဟိုတခါ မင်းဖမ်းလာခဲ့ တဲ့ တစ္ဆေမ မဟုတ်လား “

    “အဘက ဘယ်လို လုပ် သိတာလဲ “

    “အဲ့တာတွေ နောက်မှ မေး ကောင်လေး မင်း ဟိုတခါ ဖမ်းလာတုန်းက ငါ ဘာလို့ ပြန်လွှတ်ပေးလိုက်လဲ သိလား”

    “မသိဘူးလေ အဘ “

    မောင်ဘိုးထင် ၏ စကားကြားသော အခါ ဦးအုန်းသည် ‌သက်ပြင်း အရှည်ကြီး ချလိုက်ကာ

    “အဲ့ တစ္ဆေမ က အရင်ဘဝတုန်းက မင်းအမေ ဖြစ်နေလို့ပဲ ကွ ကောင်လေးရ”

    “ဗျာ ကျုပ်အမေ ဟုတ်လား “

    “ဟုတ်တယ် အဲ့တာ မင်းအမေ ပဲ ကောင်လေး သူကို ဆက်ပြီး မင်း ဒုက္ခ မပေးပါတော့နဲ့ကွာ “

    မောင်ဘိုးထင် မည်သည့် စကားကို ပြောရမည်မှန်းမသိအောင် တွေဝေ နေလေသည် ၊ သူ့အား ဘာကြောင့် ပေတူး ထက် ပို၍ ဂရုစိုက်နေသည်ဆိုတာ ကို အခုတော့ မောင်ဘိုးထင် နားလည်လာပြီ ဖြစ်သည် ၊ ထိုစဉ် မောင်ဘိုးထင် နှင့် ‌ဦးအုန်း ရှိရာ သို့ ပေတူး ဆိုက်ရောက်လာလေသည် ။သူ၏ မျက်နှာသည်က မကြည်လင်လှပေ။တခုခု ကို ဝေခွဲ မရဟန် ဖြစ်နေသကဲ့သို့ ရှိ၏။ထို့နောက် ဦးအုန်း သည် ပေတူး အား

    “ပေတူး လာထိုင် မင်း ငါ့အိမ် မရောက်တာတောင် ကြာပြီကော “

    “ဟုတ်တယ် ဘကြီးရေ အခုတောင် ကျုပ် မရှင်းတာလေးတွေ မေးချင် လို့ ဘကြီး ဆီလာလိုက်တာ “

    “လာ လာ ထိုင် ထိုင် မင်း မေးချင်တာ အကုန် မေး ငါသိသလောက် ဖြေမယ် “

    ပေတူးသည် ဦးအုန်း၏ မျက် နှာချင်းဆိုင် တွင် ထိုင်လိုက်ပြီး ကွပ်ပျစ်တွင် အိပ်နေသော မောင်ဘိုးထင် ဘက် လှည့်ကာ

    “ဘိုးထင် ဒီကို လာခဲ့ ဦး “

    ပေတူး ခေါ်သော ကြောင့် မောင်ဘိုးထင်သည် ပေတူး၏ အနားတွင် သွားရောက် ထိုင်လိုက်သည် ။ ပေတူးသည် မောင်ဘိုးထင် သူ့အနား ထိုင်လိုက်သည် နှင့် မောင်ဘိုးထင် ၏ ပခုံးကို ဖက်ကာ

    “အရာ အားလုံး အတွက် ကျေးဇူးပါ ငါ့ကောင် “

    ပေတူး ပြောနေသည်ကို မောင်ဘိုးထင် သဘောမပေါက်ပေ ထို့နောက် ပေတူးသည် ဦးအုန်းအား

    “ဘကြီး ကျုပ် အဘ ဖုတ်ဝင်နေတယ်ဆိုတာကို ကျုပ်သိပါတယ်”

    “မင်းဘယ်အချိန်ကတည်းက သိတယ် ဆိုတာ လည်း ငါသိတယ် ဘိုးထင် “

    “ကျုပ် အဘရဲ့ ရုပ်ကို မြင်ရရုံနဲ့ ကျုပ်ကျေနပ်နေတာ ပြီးတော့ ကျုပ်အမေ သူက အဘ မရှိရင် ဆိုတဲ့အတွေးကို သူ အခုထိ မတွေးနိုင်သေးဘူး “

    “သဘာဝကို လွန်ဆန်ပြီး အချိန် အကြာကြီး နေရတာ မင်း အဘ ရဲ့ ရုပ်ကြီးရော သူထဲ မှာ ရှိနေတဲ့ ဖုတ်ကောင် အတွက် ရော မကောင်းဘူး”

    “အခု ကျုပ် အဘအထဲ ဝင်နေတဲ့ ဖုတ်ကောင်က ဘိုးထင် နဲ့ တခုခုတော့ ပတ်သတ်နေမယ် ထင်တယ် ဘကြီး “

    “အမှန်ပြောရရင်တော့ အဲ့တာ သူ့အမေပေါ့ ကွာ “

    “ကျုပ်လည်း ထင်ပါတယ် ဘိုးထင်က ကျုပ်ကို သနားပြီး သူနိုင်တဲ့ သရဲတကောင် ကို ဖုတ်သွင်းထည့်ပေးထားတာ ကျုပ် ရိပ်မိတယ် “

    “မင်းတို့တွေ အဖြစ် မှန်တွေ သိနေပြီဆိုတော့ မင်းတို့ ဘယ်လို လုပ်မယ် စဉ်းစားထားလဲ “

    ဦးအုန်း၏ အမေးစကားကြောင့် ပေတူး နှင့် မောင်ဘိုးထင် တယောက်ကို တယောက်ကြည့်လိုက်ပြီး

    “ဘိုးထင် မင်းဘယ်လို စဉ်းစားထားလဲ “

    “ငါလည်း ဘာလုပ်ရမယ် မှန်း မသိတော့ပါဘူးကွာ ငါ့ အမေ မှန်း ငါတကယ် မသိခဲ့ဘူး ငါ  မှားသွားပြီ “

    မောင်ဘိုးထင် နှင့် ပေတူး တယောက်ကို တယောက် မည်သည့် စကားမျှ ဆက်မပြောနိုင်ဘဲ  ငြိမ်နေကြသည်။ထိုအခါ ဦးအုန်းသည် သူတို့ကို ကြည့်ကာ

    ‘မင်းတို့တွေကို ငါ အကြံတခုပေးပါရစေ ငါလည်း မိဘမဲ့မလို့ မိဘရဲ့ အကြင်နာ တွေ ဘာတွေ ငါမသိဘူး အဲ့ဒီတော့ မင်းတို့ နှစ်ယောက် ပေတူးအဘ  ဦးသန်းလှိုင်ရဲ့ ကိုယ်နဲ့  ‌ဘိုးထင် အမေရဲ့ ဖုတ်ကောင်ကို  နောက်ဆုံးအနေနဲ့ သူဖြစ်ချင်တာ တွေကို လိုက်လုပ်ပေးလိုက်ပါ ပြီးရင် မင်းတို့ ရွာလူကြီး ကို သာ အကျိုး အကြောင်း ပြောပေတော့ ဖုတ်ထုတ်ဖို့က ငါလုပ်ပေးပါ့မယ်  “

    “ဟုတ်ကဲ့ ပါ ဘကြီး ဒါပေမဲ့ ကျုပ်မကျေနပ်တာက ကျုပ်အဘက ဘာလို့ဆုံးသွားရတာလဲ အဲ့တာ သိချင်တယ်ဗျာ “

    “အင်း အဲ့ ဒါကို တော့ မင်းတို့တွေ အခုကိစ္စတွေ ပြီးသွားမှ  ဖြေရှင်းကြပေါ့ “

    “ဟုတ်ကဲ့ ဘကြီး အဲ့တာဆို ကျုပ်တို့ မနက်ဖြန်ပဲ စလိုက်ပါမယ် ကျုပ်တို့ရဲ့ အကြီးမားသော ဆုံးရှုံးမှုတွေကို လက်တွေ့ ကြုံရတော့ မဲ့ အချိန် ထင်ပါရဲ့ ဘကြီးရာ “

    ဦးအုန်းသည် အသက်ကြီးရင့်သူဖြစ်သော်လည်း ပေတူး၏ စကားကို မည်သို့ ခွန့်တုန့်ပြန်ရမည်နည်းဟု မတွေးတတ်အောင် ဖြစ်ကာ ညှိုးငယ်နေလေသည်။ ကောင်လေးနှစ်ယောက်၏ မျက်နှာအား စိတ်မသက်သာစွာ ငေးကြည့်နေမိပါလေတော့သည် ။

    ◾အခန်း (၅)

    ပေတူးသည် သူ၏အိမ်တွင် အမေဖြစ်သူ မရှိချိန် မောင်ဘိုးထင်ကို ခေါ်လေသည်။ထို့နောက် တောင်ယာမှ ပြန်လာမည့်  ဦးသန်းလှိုင် အားစောင့်ဆိုင်းနေကြသည် ။ သူတို့သည် အိမ်ရှေ့ တန်းလျား တွင် ထိုင်ကာ တ‌ယောက်ကို တယောက်မည်သည့် စကားမျှ မပြောပဲ ရှိနေကြသည် ။သူတို့၏ စိတ်ထဲ တွင်တော့ အတွေးပေါင်းစုံက ကြီးစိုးလို့နေလေ၏။ပေတူးသည် က သူ၏စိတ်ထဲတွင် သူ၏ အဘ အား ဆုံးရှုံးရတော့မည်ဟု တွေးရင်း ရင်ဘက်ထဲမှ အောင့်သလို ခံစားလာရသည် ။သူ၏ အဘ စိတ်မဟုတ်ပေမဲ့ ရုပ်ခန္ဓာကြီးသည် သူ၏ အဘသာဖြစ်၍ နှမျောတသ  ဖြစ်မိသည် ။လောကကြီးက ဆန်းကျယ် လွန်းလှသည်ဟု ထင်မိသည်။သူ့အား မခံစား စေချင်၍ ဆိုးသွမ်းသော ဖုတ်ကောင်ကို ထုတ်ပြီး သူနိုင်မည့် နောက်ထပ် ဖုတ်ကောင်ကို သွင်းပေးသော မောင်ဘိုးထင်သည်လည်း မိခင်ဖြစ်သူအား ဖုတ်သွင်း မိရက်သား ဖြစ်နေသည် မဟုတ်ပါလား ၊ ပေးတူးသည် ပျော်ရွှင်ခဲ့ရသော သူတို့၏ မိသားစုထဲမှာ အားကိုးအားထား ရသော ဖခင် ဖြစ်သူအား အပြီးတိုင် ဆုံးရှုံးရတော့မည် ဖြစ်၍ သူ၏ မျက်ဝန်းမှ မျက်ရည်များသည် သူသတိ မထားမိခင်မှာပင် တလိမ့်ချင်းစီးကျလာသည်။မောင်ဘိုးထင် သည် သူငယ်ချင်းဖြစ်သူ  ပေတူး၏ မျက်နှာ ကို သေချာကြည့်လိုက်ပြီး

    “ပေတူး မင်းစိတ်ထဲ ဖြစ်နေတဲ့ ခံစားချက်ကို ငါနားလည်တယ် ဘာဖြစ်လို့လဲ ဆိုတော့ ငါကိုယ်တိုင် ခံစားခဲ့ဖူးလို့ ပဲ မင်းက ငါ့ထက်အများကြီးသာပါတယ် ကွာ မင်းမှာ မင်းကို ချစ်တဲ့ အမေရှိတယ် မင်းရဲ့ အဘ နဲ့ လည်း အချိန် အကြာကြီး ပျော်ပျော်ရွှင်ရွှင် အတူတူ ရှိခဲ့ရတယ် ငါကတော့ မင်းထက် ဆိုးတယ် ကွ ငါ ငယ်ငယ် ကတည်းက ခံစားချက် တွေ များလို့ ထင်ပါရဲ့ ငါ့မှာ ကျစရာကို မျက်ရည် မရှိတော့ဘူး တခြားသူတွေ ငါ့စကားကို နားထောင် ရင် ငါက စကားတတ်တယ် လို့ပဲ ထင်နေလိမ့်မယ် ငါမွေးကတည်းက ငါ့အမေရဲ့ မျက်နှာကို ငါ မမြင်ဖူးဘူး ငါမြင်ရတဲ့ အချိန်ရောက်တော့ ငါ့အမေက ကြောက်စရာ အဆင်း နဲ့ သရဲဖြစ်နေပြီ ငါ့အဖေလည်း ဘာထူးလဲ ငါ့အပေါ် မကောင်းမြင်တဲ့ အချိန်တုန်းက အချိန်အကြာကြီး အတူတူ ရှိခဲ့ ပြီး ငါ့အပေါ်သူ အကောင်းမြင်တဲ့ အချိန်ရောက် တော့ သူက ဆုံးသွားပြီ ငါ အခု မျက်ရည် ကျချင်တယ် ဒါပေမဲ့ ငါ့ရဲ့ မျက်ရည် တွေက ခမ်းခြောက်ကုန် ပြီ ထင်ပါတယ် ကွာ “

    ပေတူးသည် စကားအများကြီးပြောနေသော မောင်ဘိုးထင် ၏ ပုခုံးကို ဖက်လိုက်ပြိး

    “သူငယ်ချင်း ငါတို့ ရှိပါတယ် ကွာ ငါတခါတခါ တွေးမိတယ်  ငါ့မှာ ဘာမှ တွယ်တာ စရာမရှိတဲ့ လူတယောက် ဖြစ်ချင်တယ် “

    “မင်းစကား က အဆန်းပါလား “

    “ဟုတ်တယ် ငါက “

    ပေတူး နှင့် မောင်ဘိုးထင် စကားပြောနေစဉ် ဦးသန်းလှိုင်သည် နွားများကို ဆွဲကာ အိမ်ဝိုင်းထဲ ဝင်လာသည်။ထို့နောက် တင်းကုတ်ထဲ တွင် နွားရေတိုက် နေချိန် သူ့အား တန်းလျားမှ ကြည့်နေသော ပေတူး နှင့် မောင်ဘိုးထင်ကို ပြန်ကြည့်ပြီးပြုံးပြကာ

    “ကောင်လေးတွေ ထူးထူး ဆန်းဆန်း ငါ့ကို ဘာလို့ ကြည့်နေတာလဲ “

    ဦးသန်းလှိုင်၏ စကားကို ပေတူး နှင့် ‌မောင်ဘိုးထင်တို့ မည်သည့်စကားမှ ပြန်မပြော ပဲ ကြည့်မြဲ ကြည့်နေ၏။ထို့နောက် ဦးသန်းလှိုင်သည် နွားများကို ရေတိုက်ပြီး ၍ မောင်ဘိုးထင် နှင့် ပေတူး ထိုင်နေသော တန်းလျားသို့ လာရောက်ထိုင်လိုက်ကာ

    “ဘာဖြစ်နေကြတာ လဲ မင်းတို့ ကြည့်ရတာ တမျိုးပဲ “

    “အမေ ဟန်ဆောင်ရ တာ မပင်ပန်းဘူးလားဗျာ “

    မောင်ဘိုးထင် ၏ စကားကြောင့် ဦးသန်းလှိုင် ကြောင်ငေးလာကာ သူ၏ မျက်ဝန်းမှ မျက်ရည်များကျလာပြီး

    “ဘယ် ဘယ်လို ခေါ်လိုက် တယ် ဘိုးထင် “

    “အမေက ကျုပ်အမေဆိုတာ ကျုပ်သိပါပြီးပြီဗျ သစ်စိမ့်ရွာက မမြခင် မဟုတ်လား ကျုပ်ရဲ့ အမေ မြခင်လေ “

    “ဟုတ် ဟုတ်ပါတယ် သားလေး အမေက သားအမေပါ”

    ဦးသန်းလှိုင်၏ အသံသည် ရုတ်ချည်းမိန်းမ အသံပြောင်းလဲသွားပြီး မောင်ဘိုးထင်ကို အနားသို့ တိုးပြီး ဖက်ထားပါလေတော့သည် ထိုအခါ ပေတူးသည်လည်း သူ့အဘ ၏ကိုယ်ခန္ဓာကြီးကို ဖက်ထားရင်းမှမျက်ရည် များ ကျနေလေသည်။မိခင် ဖြစ်ခဲ့ဘူးသော တ‌စ္ဆေကြီးသည် သူမ၏ အရင်ဘဝ မိခင်စိတ်သည်က ကြီးမားသည် ထင်၏ ပေတူးကို လည်း သူ၏ လက်တဖက်ဖြင့် ဖက်ကာ

    “ပေတူးသားလေး ဘာမှ အားမငယ်နဲ့နော် အရီးက မင်းအဖေ မဟုတ်ပေမဲ့ မင်းအဖေလို ပဲ မင်းကို စောင့်ရှောက်မှာပါ”

    ပေတူးသည် မည်သည်စကားမှ မပြော ဦးသန်းလှိုင်အား ဖက်မြဲ ဖက်ထားလေသည် ။ ထို့နောက်ဦးသန်းလှိုင် သည် မောင်ဘိုးထင်၏ မျက်နှာကို သေချာကြည့် ကာ

    “သားလေး အမေသားလေးကို နေ့တိုင်းလွမ်းနေတာပါ သားလေးနဲ့ အမေကို လိပ်ပြာခွဲတဲ့ နေ့ကတည်းက သားကို မင်းအဖေ ဆီ ပေးခဲ့လို့ အမေ ရွာထဲ နေလို့ မရလို့ သားကို မတွေ့နိုင်တာပါ “

    “ကျုပ်သိပါတယ် ကျုပ်က အမေ့ရဲ့  မျက်နှာအမှန်ကို အရမ်းမြင်ချင်ခဲ့တာ ဗျ ကျုပ် အမေမျက်နှာ ကို မမြင်ရပေမဲ့ အမေ့ကို တွေ့ခွင့်ရတာ ကျုပ် ကျေနပ်ပါတယ် ကျုပ် ပြောရမှာတော့ သိပ်စိတ်မကောင်းဘူး အမေ အခုနေနေတဲ့ ကိုယ် ထဲ မှာ နေလို့ မရတော့ဘူး “

    “ဘာ ဘာလို့လဲ သားလေးရယ်အမေ့ကို မတွေ့ ချင်တော့လို့လား”

    “မဟုတ်ဘူး အမေ တတ်သိတဲ့ သူတွေက ပြောတယ် သဘာဝ နဲ့ ဆန့်ကျင်ပြီး ‌ကျနော်တို့ အခုလို လုပ်ထားတာ မကောင်းဘူးတဲ့ အဲ့တာ ကြောင့် အမေကို ကျုပ်တို့ နေခွင့် ပေးလို့ မရတော့ဘူး “

    “အမေ့ကို မနှင်ပါနဲ့ ကွယ် အမေ့ကို ထမင်း မကျွေးချင်ရင် အမေ မစားတော့ဘူးနော်  အမေ့ကို မနှင်ပါနဲ့ အမေသားလေး နဲ့ အမြဲ တွေ့နေချင်လို့ပါ “

    ထို့နောက် ဦးသန်းလှိုင်သည် သူ့အား ဖက်ထားသော ပေတူးဘက် လှည့်ကာ

    “ပေတူး အရီးကို နေခွင့်ပေးပါနော် မင်းအဘ ရဲ့ ကိုယ်ခန္ဓာကြီးကို ကောင်းကောင်း ထိန်းသိမ်းပါ့မယ် ပြီးတော့ အလုပ်တွေ လည်း ဒီထက်ပိုလုပ်ပါမယ် အရီးကို ထမင်းမကျွေးချင်ရင်လည်း မကျွေးပါနဲ့အရီးကို မင်းတို့ အိမ်မှာ ဆက်နေခွင့် ပေးပါနော် “

    ပေတူးသည် မည်သည့် စကားမျှ ပြန်မပြောနိုင်ပေ။ထို့နောက် ဦးသန်းလှိုင် ထိုင်နေရာမှ ထကာ မြေပြင်တွင် ဒူးထောက် ထိုင်ချလိုက်ပြီး

    “အမေ့ကို မနှင်ပါ နဲ့ အမေ ဒီကိုယ်ထဲ မှာပဲ နေပါရစေကွယ် “

    ဦးသန်းလှိုင် မြေပြင်မှာ ဒူးထောက် ထိုင်ပြီး ငိုယိုပြီး ပြောနေလေရာ မောင်ဘိုးထင် နှင့် ပေတူးသည် တန်းလျားမှ ထလိုက်ပြီး အိမ်ဝိုင်းအပြင်သို့ ထွက်ခွာ သွားလိုက်ကြပါလေတော့သည် ။

    ◾အခန်း (၆)

    မောင်ဘိုးထင် နှင့် ပေတူးသည် ဦးအုန်း၏ အိမ်သို့ သွားနေ ကြသည် သူတို့၏ ခြေလှမ်းများသည်က လေးလံနေပြီး မလှမ်းချင် လေးဖင့်နေကြသည် ။ ပေတူးအတွက် အကြီးမား‌ဆုံးသော ဆုံးရှုံးမှုက မကြာခင် ကြုံရမည်ဖြစ်သလို မောင်ဘိုးထင်မှာလည်း ဆုံးရှုံးပြီးပြီဖြစ်သည်။မောင်ဘိုးထင်တို့ ဦးအုန်း ၏ အိမ်ရောက်သွားချိန်တွင် ဖိုးထွေးတို့ သုံးယောက်သည် ဦးအုန်း၏ အိမ်တွင် ရောက်နှင့်နေပြီး ဦးအုန်းသည် ဖိုးထွေးအား စကားဆိုနေလေသည်

    “ဖိုးထွေး မင်းအဘကို သေချာပြော ဆွမ်းသွတ် ရင် မင်းအဘကို တရားနာ ဖိတ်မယ် ဟုတ်လား “

    “ဟုတ်တယ် ဦးအုန်း”

    “အဲ့ဒါဆို သစ်စိမ့်ရွာက မြခင်ကို ပါ ဖိတ်ဖို့ပြော ပေး”

    “ဦးအုန်း ဘာတွေပြောနေတာ လဲ ဘယ်သူ သေလို့လဲ “

    “မင်းတို့ အခုမှ မသိချင်ယောင် ဆောင် မနေနဲ့  ငါ ခဏနေရင် ဦးသန်းလှိုင် ကိုယ် ထဲ က ဖုတ်ကောင်ကို သွားထုတ်တော့မယ် “

    ဖိုးထွေးတို့ ဘာစကားမှမပြောတော့ ပေ၊ထိုအကြောင်းကို သူတို့သိနေသည် မဟုတ်ပါလား၊ထို့နောက် လေးလံသော ခြေလှမ်း များဖြင့် အိမ်ဝိုင်းထဲ ဝင်လာသော မောင်ဘိုးထင် နှင့် ပေတူးကို ကြည့်ကာ ဦးအုန်းမှ

    “ကောင်လေးတွေ မင်းတို့ သူလုပ်ချင်တာကို လုပ်ပေးပြီးပြီလား “

    မောင်ဘိုးထင်တို့ ခေါင်းသာ ယမ်းပြီးဖြေလိုက်၏ ။

    “ဘာလို့လဲ ကွ မင်းတို့ကို လုပ်ပေးလိုက်ပါ ဆိုကွာ “

    “သူ ဖြစ်ချင်တာက ကျုပ်တို့ကို နှင်မထုတ်ဖို့တဲ့ လေဗျာ “

    ပေတူး၏ စကားကြောင့် ဦးအုန်း မည်သည့် စကားပြောရမည် မှန်း မသိအောင် ဖြစ်သွားပြီး ခေါင်းကို အသာ အယာ ယမ်းလို့ သူ၏ လွယ်အိတ်ကြီးကို ကောက်လွယ်ကာ အိမ်ဝိုင်းအပြင်သို့ထွက်ရင်း ဖိုးထွေးကို သူမှာထားသည့် အကြောင်းအရာများကို ဖိုးထွေး၏ အဘဖြစ်သူကို ပြောဖို့ သတိပေးရင်း ထွက်ခွာသွားပါလေတေယ့သာ် ။

    ◾အခန်း (၇)

    ပေတူး၏ အမေသည်က ယောက်ျားဖြစ်သူ ကောက်ခါ ငင်ကာ ကြီးဆုံးသွား၍ အပူလုံးကြွကာ အော်ဟစ်ငိုကျွေး နေလေသည် ၊ ပေတူးသည်က တစက်ချင်းကျ နေသော မျက်ရည်များကိုသုတ် ရင်း သူ၏ အဘ အလောင်းကို ရှိခိုးဦးချနေလေသည် ။ ဤသို့ နှင့် ဦးသန်းလှိုင်၏ သေဆုံးခြင်းက ပေပင်ရွာလေးတွင် လူပြောများနေပြီး စည်ကားစွာ နှင့် မြေချခြင်းအမှုကို ပြုလိုက်ကြ၏။ဆွမ်းသွတ် တရာနာသောအခါ ရွာလူကြီးသည် ဦးသန်းလှိုင် တင် မဟုတ်ပဲ သစ်စိမ့်ရွာမှ မြခင်ဟု သော အမျိုးသမီးကို ပါအမျှဝေရင်း သာဓုခေါ်ဖို့  ဖိတ်လေသည် ။ရွာသားများက သူတို့ မကြားဖူးသော နာမည်ကို ခေါ်၍ အထူးအဆန်း ဖြစ်နေကြ၏ ။ထို့နောက် ဆွမ်းသွတ်ခြင်း ကိစ္စလည်း ပြီးသွားပြီ ဖြစ်သည်။ဆွမ်းသွတ် တရားနာနေချိန် မောင်ဘိုးထင်သည် ဦးအုန်း ၏ အိမ်တွင် အိပ်နေခြင်းဖြစ်သည် ။မောင်ဘိုးထင်၏ စိတ်ထဲ တွင် တော့ သူ့မိခင်၏ မူလရုပ်သွင် ကို မှန်းဆကြည့်နေသည်၊အနီးကပ် ဆုံး ပေပင်ရွာမှ လုံမေများ၏ ရုပ်နှင့် ယှဉ်ပြီး ပုံဖော် ကြည့်နေမိသည် ။သို့ပေမဲ့ သူ့စိတ်ကြိုက် ရုပ်သွင် က ပေါ်မလာပေ။ သူ၏ မိခင် ဖြစ်သူ၏ ရုပ်သွင်ကို အတွေး နှင့် ပုံဖော်ရင်း အိပ်ပျော်သွားချိန် သူ၏ အိမ်မက်ထဲ တွင် အသက်သုံးဆယ် အရွယ် အမျိုးသမီးတဦးသည် ပိတောက်ပန်းများကို ပန်ထားပြီး သနပ်ခါး ပါးကွက်ကြားနှင့် ရုပ်သွင် မှာ သူနှင့် နည်းနည်း ဆင်သည် ဟု ပင်ထင်ရပြီး အတော်ကို ကျက်သရေရှိသော အမျိုးသမီးဖြစ်၏ ။ထိုအမျိုးသမီးသည် မောင်ဘိုးထင်ကို ပြုံးပြလ်ိုက်ပြီး

    “သားလေး အမေလေ သားလေးရဲ့ အမေ မြခင် “

    “ဗျာ အမက ကျုပ်အမေ ဟုတ်လား “

    “ဟုတ်တယ် အမေ သားလေးကြောင့် အရင် ဘဝကြီးက နေကျွတ်ပြီ သားလေးကို ကျေးဇူးတင်ပါတယ် ကွယ် “

    “ကျုပ် အမေ တကယ်လား “

    “တကယ်ပေါ့ သားရယ် ဘာလဲ အမေက ရုပ်ဆိုးလို့ လား”

    “မ မဟုတ်ပါဘူး ဗျာ အမေက သိပ်လှနေလို့ပါ  အမေ ဘယ်ကို သွားရမှာ လဲ  ကျုပ်နဲ့ တူတူ နေလို့ မရဘူးလား “

    “မရဘူးသား အမေ သားကို လာနှုတ်ဆက်တာ ပြီးတော့ သတိပေးစရာ ရှိလို့ “

    “အမေ က အခုမှတွေ့ တယ် ဘယ်ကို သွားမှာလဲဗျာ “

    “ပိုကောင်းတဲ့နေရာ ကို သွားရမှာ သားက အမေ့ကို အရင်နေရာ မှာ ပြန်နေစေချင်လို့လား “

    “ဟာ မနေစေချင်ပါဘူး ဗျာ အမေ ကောင်းကောင်းမွန်မွန် နေရရင် ကျုပ်ကျေနပ်ပါတယ် “

    ‘အမေ သတိပေးမယ် ဆိုတာ က ပေတူးရဲ့ အဘ ဝိညာဥ်ကို  အောက်လမ်း ဆရာ တယောက်က ဖမ်းထားတယ်  အမေ့ရဲ့ အသိ တစ္ဆေလေး ပြောလို့သိရတာ အဲ့တာ ပေတူးတို့က အမေ့အပေါ်ကျေးဇူး ရှိလို့ ကူညီလိုက်ပါအုံး သားလေး “

    “ကျုပ်က ဘယ်လို သွားရှာရမှာလဲ အမေ “

    “ပေတူးတို့ အကွက် ထဲမှာ တစ္ဆေလေး မဲတူး ဆိုတာ ရှိတယ် သူကူညီ လိမ့်မယ် အမေ့ကို ခေါ်နေပြီ မို့ အမေသွားပြီနော် သားကို အမေအရမ်း ချစ်တယ် သိလား “

    “ကျုပ်လည်းအမေ့ကို အရမ်း ချစ်ပါတယ် “

    မောင်ဘိုးထင် အမေ၏ ပုံရိပ်ကလေးသည် တဖြည်းဖြည်း ဝေ့ဝါးပျောက်ကွယ်သွားချိန် မောင်ဘိုးထင် အမေ အမေ ဟု အော်ကာ အိပ်ရာမှ နိုးလာသည် ။ သူ့မျက်လုံးဖွင့် လိုက်ချိန်သူ၏ နှာခေါင်းထဲတွင် ပိတောက်ပန်း ရနံလေးက သင်းနေသည် ။ပန်းပိတောက် ပွင့်ချိန်က အဝေးကြီးလိုသေးချိန် ပိတောက်ပန်း ရနံသင်းသည် ဆိုက သူ၏ အမေအမှန်တကယ် လာသွားကြောင်း နားလည်လိုက်သည်။ထို့နောက် မျက်လုံးကို ပြန်မှိတ်လိုက်ပြီး မိခင် ဖြစ်သူ၏ ပုံရိပ်လေးကို တွေးပြီး ပြုံး၍ နေပါလေတော့သည်။

    ◾အောက်လမ်း ဘိုးထင် နှင့် ကြီးမားသော ဆုံးရှုံးမှုသည်က ဤမျှသာ

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း