ဖုတ်ဝင်သူနှင့်ဆရာလိမ်

န​ှင့်သယ်နေရင်းမှ နောက်ဆုံးအခေါက်သယ်ဖို့ကျင်းစီပြန်အလာတွင်..နောက်ပါးမှခြေသံတစ်ရှပ်ရှပ်ကြားလိုက်ရတာမို့ လှည့်ကြည့်လိုက်မိသည်..။

ထိုသို့ကြည့်လိုက်မိသည်ကပင် ကိုသာလှအတွက်အမှားဖြစ်သွားကာ..ကျင်းဝတွင်ချထားသည့်တူရွင်းပြားကိုနင်းမိရင်းခြေချော်က ေမြကျင်းထဲပြုတ်ကျသွားသလို ကိုသာလှ၏ နာနာကျင်ကျင်အော်လိုက်သံကြီးကတောင်ခြေတွင်ပဲ့တင်ထပ်သွားတော့သည်..။

==============

ပြန်နေကျအချိန်ရောက်နေတာတောင် ကိုသာလှတစ်ယောက်ပြန်မလာသေးတာမို့ မခင်မြတစ်ယောက်လည်တစ်ဆန့်ဆန့်ဖြစ်နေရသည်..။ မိုးချုပ်စပြုမှ ကိုသာလှတစ်ယောက်တူရွင်းတွေပေါက်တူးတွေထမ်းကာပြန်ဝင်လာတာတွေ့တာမို့စိတ်အေးသွားရသည်..။

“ကိုသာလှရယ်..တော့်မလဲနောက်ကျလိုက်တာတော်..”

“အေး…အလုပ်များသွားလို့…”

မခင်မြအပြောကိုခပ်ပြတ်ပြတ်ပြန်ဖြေရင်း အိမ်နောက်ဘက်မှကွေ့ပတ်ကာအိမ်ပေါ်တက်သွားတာမို့မခင်မြလဲအိမ်ပေါ်တက်လိုက်လာမိသည်..။ သာမန်နှင့်မတူကာ ကိုသာလှတစ်ယောက်အင်္ကျီတွေမှာ မြေ​ကြီး တွေပေကျံပြီးမျက်နှာကလဲသာမန်ထက်ပိုတည်နေသလို…။

“ကိုသာလှ..အလုပ်ရော အဆင်ပြေရဲ့လား…”

“ပြေတယ်..ထမင်းစားမယ်ကွာ..ထမင်းခူးတော့..”

“တော်ရေမချိုးဘူးလား…”

“မချိုးတော့ဘူးကွာ…အဝတ်ပဲလဲလိုက်တော့မယ်..”

အခန်းထဲဝင်ကာ ခပ်နွမ်းနွမ်းအဝတ်တွေကိုဝတ်ပြီးပြန်ထွက်လာရင်းထမင်းစားပွဲမှာဝင်ထိုင်လိုက်သည်..။ ချက်ထားသော အမဲသားနှင့်ထမင်းကိုတစ်ထိုင်တည်းသုံးပန်ကန်လောက်ကုန်အောင်စားပြီးချက်ချင်းကို အိပ်ခန်းထဲဝင်သွားတော့သည်..။ အရင်လိုမဟုတ်ပဲထူးခြားနေပေမဲ့ အလုပ်ပင်ပန်းလို့နေမှာပါဟုတွေးကာ စားသောက်ထားသောပန်းကန်ခွက်ယောက်တွေဆေးကြောပြီးမှ..ပိုသောဟင်းများကိုမနက်အတွက်ရည်ရွယ်ရွယ်ပြီးကြောင်အိမ်ထဲထည့်ကာသေချာသိမ်းဆည်းထားလိုက်တော့သည်…။

=================

“တုံ..တုံ…တုံ..”

ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံနှင့်အတူနိုးလာတော့ ကိုသာလှတစ်ယောက်ဘေးမှာအိပ်တုန်း..။

“ကိုသာလှ…ဆွမ်းလောင်းဖို့ပြင်ကြမယ်လေ..ထပါတော့လား ..”

“ငါသိပ်နေမကောင်းလို့ဟာ..နင်ပဲလောင်းလိုက်တော့..”

မငြင်းစဖူးငြင်းတာကြောင့်အံ့ဩရသလို နေမကောင်းဘူးဆိုတာကြောင့် နဖူးစမ်းကြည့်တော့ အသားတွေကရေခဲတမျှအေးစက်နေလျှက်..။

“တော့်အသားတွေအေးစက်နေတာပဲ..စောင်လေးခြုံထား..”

စောင်ထပ်ခြုံပေးလိုက်ရင်း အမှတ်တမဲ့မြင်လိုက်မိတာက ကိုသာလှခြေထောက်မှာပေကျံနေသောရွံ့များ..။ ညကပဲခြေလက်ဆေးမအိပ်တာလား တွေးမိပေမဲ့ကြာကြာမတွေးနိုင်ပဲ အာရုဏ်ဆွမ်းအတွက်ပြင်ဆင်ပြီးထိုအကြောင်းကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားရတော့သည်..။

“ကုန်ပါပြီတော်..ကုန်ပါပြီ..ငါ့ကြက်တွေကုန်ပါပြီ…”

ဘေးအိမ်မှ ရွှေမိအသံကြောင့် ကိုသာလှအတွက်ထမင်းထုပ်ပြင်နေရင်းမှ အပြေးအလွှားထွက်လာမိရသလို..အိမ်နီးနားချင်းအချို့ကလဲ မရွှေမိအိမ်ရောက်နေချေပြီ..။ မခင်မြရောက်ချိန်မှာ မြင်ရသည့်မြင်ကွင်းကမကောင်း..။ မရွှေမိအိမ်က ကြက်ခြံထဲက ကြက်တွေကိုတစ်ကောင်ကောင်လာစားသွားဟန်နှင့် အရိုးစ သွေးစများနှင့် ကြက်မွှေးများကမြင်မကောင်းအောင်ရှုပ်ပေပွနေလျှက်..။

“အဲ့တာဘယ်လိုဖြစ်တာတုန်း ရွှေမိရယ်..”

“ကျုပ်လဲမသိပါဘူးတော်..မနက်ပိုင်းကြက်စာကျွေးဖို့အလာမှာဒီလိုမြင်ရတာပဲတော့..”

ရွှေမိရဲ့ငိုသံပါကြီးနှင့်ပြောသံအဆုံးမှာ အနားရောက်နေသည့်လူအုပ်ထဲမှ တီးတိုးတီးတိုးသံများထွက်ပေါ်လာကာ သို့်လောသို့လောတွေပါဖြစ်ကုန်ကြတော့သည်..။ တစ်ခါမှဒီလိုမဖြစ်ဖူးသလို..အကောင်တစ်ကောင်ကောင်ဝင်စားသည်ပြောရအောင်ကလဲ တောင်ခြေစိုက်ခင်းတွေတောင်အကောင်တွေမှမဝင်တတ်တာ…။

မရွှေမိအိမ်မှပြန်ရောက်သည်ထိ ကိုသာလှတစ်ယောက်အိပ်ယာမထသေးသလို မခင်မြပြောပြသည်ကိုလဲ အင်းမလုပ် အဲမလုပ်နှင့်နားထောင်လျှက်…။ အတော်ကြာကာမှ အိပ်ယာမှဆတ်ခနဲထထိုင်လိုက်ကာ

“မခင်မြ …ဘာစားဖို့ရှိလဲ..ငါဗိုက်ဆာပြီ..”

“မနေ့ကကျန်တဲ့ဟင်းတွေရှိတယ်လေ..တော်ခဏစောင့် ကျုပ်ဟင်းတွေနွှေးပေးမယ်…”

ကြောင်အိမ်ကိုဖွင့်ကာ ညကသိမ်းထားသည့်အမဲသားဟင်းများကိုကြည့့်တော့..ဟင်ခနဲဖြစ်သွားရသည်..။ ညက အကျအနသိမ်းထားသည့် အမဲသားဟင်းများက တစ်စက်တောင်မကျန်တော့အောင် ပြောင်သလင်းခါနေလျှက်..။

“ကိုသာလှရေ… အခုမှအခက်ပဲတော်..ဟင်းတွေမရှိတော့ဘူးတော့…”

“ဟေ..ဟုတ်လား..တစ်ကောင်ကောင်ဝင်စားတာဖြစ်မှာပေါ့…”

မထူးဆန်းသလိုပြန်ပြောပေမဲ့ မခင်မြစိတ်ထဲမှာတော့ အတော်ထူးဆန်းနေလျှက်..။အကောင်ဝင်စားရအောင်လဲ ကြောင်အိမ်အပေါ်ဆုံးထပ်မှာတင်ထားတာဖြစ်ကာ အိမ်မှာက ခွေးရောကြောင်ပါမရှိဘူးလေ..။ ထိုနေ့ကတော့ ဖြစ်သလိုပင်ကြက်ဥကြော်၊ ငပိရည်တို့နှင့်ပြီးလိုက်ရကာ ကိုသာလှတစ်ယောက်ဆိုထမင်းတောင်သိပ်မစားနိုင်..။

==========

ထိုနေ့မှစကာ..ရွာထဲမှာရက်ဆက်သလို ဟင်းတွေပျောက်လိုက် အကောင်တွေသေလိုက်နှင့် ညဘက်ဆိုလဲငှက်တွေလန့်လိုက် ကျီးပျိုလိုက်နှင့်မို့ တစ်ရွာလုံးထိတ်လန့်စိုးရိမ်လာကြသည်..။ ဘယ်နေ့ ဘယ်အိမ်ကဘာဖြစ်မလဲတွေးရင်းကနော ဘုရားတရားတောင်မလုပ်နိုင်ကြသည်ထိ အကြောက်ပိုလာကြသည်..။

ထိုသို့ဖြစ်နေသည့်ရက်ပိုင်းအတွင်းမှာပင် ရွာထဲသို့ပယောဂဆရာတစ်ယောက်ရောက်လာတာမို့ အားကိုးတကြီးအပူကပ်ကြရတော့သည်…။ ပယောဂဆရာနာမည်ကဆရာကျော်ဖြစ်ကာ တိုက်ပုံအနက်နှင့်ဆေးလွယ်အိတ်ကိုဟန်ပါပါလွယ်ကာ လက်ထဲမှာလဲ ကြိမ်လုံးကိုင်ထားတာမို့ ရွာလူကြီးကအစရှိန်နေကာ အလိုလိုလေးစားနေကြသည်..။

“သူကြီးရဲ့..ခင်ဗျားတို့ရွာမှာက မကောင်းဆိုးဝါးအကြီးစားကိုကပ်နေတာဗျ..ကျုပ်အချိန်မီရောက်လို့သာပေါ့..ကျုပ်သာမရောက်ရင် ခင်ဗျားတို့ရွာပျက်သည်အထိဖြစ်တော့မှာ…”

“အမလေး..ကြောက်စရာကြီးပါလား ဆရာရယ်..ကျုပ်တို့ရွာလေးကိုကယ်ပါအုံးဆရာ..”

“ဟုတ်ပါတယ် ဆရာရယ်..ကျုပ်တို့ရွာမှာရှိတဲ့မကောင်းဆိုးဝါးကိုမောင်းထုတ်ပေးပါ..”

“မောင်းထုတ်ပေးပါ ဆရာ…”

ရွာသူရွာသားတွေရဲ့တစ်ယောက်တစ်ပေါက်စကားတွေကြားမှာ ကောက်ကျစ်စဥ်းလဲစွာပြုံးလိုက်သူက ပယောဂဆရာ ကျော်..ပင်။ ထိုညနေမှာပင်ရွာထိပ်ဘက်မှာ ရာဇမတ်ကာသဲဖြူခင်းလိုက်ရင်းငှက်ပျောပွဲအုန်းပွဲတွေပြင်ကာ အပီအပြင်နေရာချနေတော့သည်..။ ရွာသူရွာသားတွေခင်မျာတော့ မကောင်းဆိုးဝါးကပ်နေသည်ဆိုသော စကားအောက်မှာကြောက်လန့်တုန်လှုပ်ကာ ပယောဂဆရာလုပ်သမျှကိုအဟုတ်မှတ်ပြီး အားကိုးယုံစားနေကြတော့သည်..။

“ကဲ..ကျုပ်ခုညနေ ပယောဂထုတ်တော့မယ်..ကျုပ်ကိုတစ်ယောက်တော့ကူညီရမယ်..သတ္တိကောင်းတဲ့ရွာသားတစ်ယောက်လောက်က မကောင်းဆိုးဝါးပူးကပ်ခံဖို့ ကျုပ်နဲ့အတူပါဝင်မှရမယ်..”

ပယောဂဆရာရဲ့စကားမှာ ​ကြောက်လန့်တကြားဖြစ်သွားကြကာ တိတ်ဆိတ်သွားကြတော့သည်..။ အတန်ကြာသည်ထိတစ်ယောက်မှထွက်မလာတော့..ဆရာကျော်တစ်ယောက်မျက်မှောင်ကုတ်တာ..လူအုပ်ကြီးဘက်ကိုခပ်စိမ်းစိမ်းကြည့်ရင်း..

“ခင်များတို့မကူညီရင်တော့ာ…ဘယ်လိုမှနှင်ထုတ်လို့ရမှာမဟုတ်တော့ဘူး..ဒီတော့တစ်ယောက်တော့ထွက်လာခဲ့ပါ..ခင်ဗျားတို့အသက်အန္တရယ်အတွက်ကျုပ်တာဝန်ယူတယ်..”

ထိုအခိုက်မှာပင် ရွာသားများထဲမှာ ထွန်းခဆိုသူက ထွက်လာကာ..ခေါင်းမော့ရင်ကော့ပြီး..

“ကျုပ် ကူညီမယ်…”

“ဟုတ်ပြီ..မကောင်းဆိုးဝါးမထုတ်ခင်..ဒီဖလားထဲကိုကန်တော့ကြေးထည့်ရမယ်..ဒါမှဆရာစွမ်းထက်မယ်..”

ပြောရင်းနှင့်ငွေဖလားတစ်လုံးကိုထုတ်ကာရှေ့ချပေးလိုက်ရင်း..ရွာသားများဘက်ကိုကြည့်လိုက်သည်..။ ထိုအခါမှ တစ်ယောက်ချင်းနှစ်ယောက်ချင်းထကာ ငွေစက္ကူများထည့်ပေးကြတော့သည်..။ တစ်ချို့ကတော့ ရာတန်..တစ်ချို့ကတော့ထောင်တန်ဖြစ်ကာ ရွာထဲမှအကြွားသန်သော ဒေါ်တိုး ဆိုရင်လက်မှာဝတ်ထားသောရွှေလက်စွပ်ကြီးကိုပင်ချွတ်ကာဖလားထဲထည့်လိုက်သေးသည်..။

ရွာရှိလူအကုန်ထည့်ပြီးတော့ဖလားကြီးကမောက်ပြည့်သွားသလို ပယောဂဆရာကျော်၏မျက်လုံးအိမ်မှာလဲလောဘနှင့်ကောက်ကျစ်စဥ်းလဲမှုကအထင်းသား..။

“ကဲ…ခင်ဗျားက ​ဒီနေရာမှာလှဲလိုက်ပါ…”

ရာဇမတ်ထဲမှနေရာကိုညွှန်ပြကာ ထွန်းခကိုလှဲလျောင်းခိုင်းလိုက်သည်..။ ထို့နောက် ရေတစ်ခွက်ကိုယူကာ မန်းမှုတ်ပြီး ရေစက်တစ်ချို့နဲ့တောက်လိုက်ပြန်ကာ…ဘာမှန်းမသိသောစကားတစ်ချို့ကိုရွတ်ဖတ်နေဂင်းကနေ လက်ကကြိမ်ကိုကိုင်ကာ ခင်းထားသောသဲဖြူပေါ်ကိုဖျန်းခနဲရိုက်ချပစ်လိုက်တော့ ကြည့်နေကြသော ရွာသားများမှဆတ်ခနဲလန့်သွားကြသည်..။

“ကဲ…မကောင်းဆိုးဝါး…ခုချက်ချင်းဖြေစမ်း..နင်ဘယ်ကလဲ..”

“…..”

“တယ်..ပေကပ်ကပ်လုပ်နေတာလားဟ…ဖျန်း..”

“ငါက ရွာနောက်ဘက်ကကုက္ကိုလ်ပင်ကြီးမှာနေတဲ့သဘက်ကြီးပဲ..”

“ကဲ..နင်ငါ့ကိုပြောစမ်း..ဘာကိစ္စရွာကိုဝင်နှောင့်ယှက်​နေတာလဲ..”

“ငါစားချင်လို့…စားချင်လိုဝင်နေတာ…”

“ကဲ..ငါပြောမယ်..နင့်ကိုလဲအမြဲအစာကျွေးမယ်…ရွာလဲဝင်မနှောင့်ယှက်နဲ့တော့…”

“ငါလက်မခံဘူး…ငါတရွာလုံးကိုစားမှာ…”

မျက်လုံးတွေနီကာ အသံဩကြီးနှင့်ပြောနေသောထွန်းခကိုကြည့်ရင်းရွာသူရွာသားများခင်မျာ..တစ်ချက်တောင်မလှုပ်ရဲပဲငြိမ်သက်နေကြသည်..။ ထွန်းခပုံစံကြီးကလဲ မျက်နှာကြီးနီရဲနေကာအသံကြီးကဩဩကြီး​ဖြစ်နေတာမို့…အကုန်လုံးကလဲကြောက်ရွံ့နေကြသည်..။ တဖြေးဖြေးနှင့်ပတ်ဝန်းကျင်မှာလဲမှောင်လာကာ..ခုချိန်ထိလဲထွန်းခစီမှမကောင်းဆိုးဝါးကောင်ကမထွက်သေး…။ထိုအချိန်မှာပင်.. ရွာထဲမှ စွဲစွဲငင်ငင်အူလိုက်သောခွေးအူသံနှင့်အတူ ငှက်တွေလန့်ဖျပ် ပျံကုန်ကြတာမို့…ရွာသားတွေအကုန်မတိုင်ပင်ပဲလှည့်ကြည့်ကုန်ကြတော့သည်..။

“မင်းတို့တယ်ရိုးကြသကိုး…ငါသာမလာရင်မင်းတို့အကုန်အလိမ်ခံရပြီး ခုတ်ရာတခြား ရှရာတခြားဖြစ်တော့မယ်..”

ရောက်လာသူက ကပ္ပိယကြီးဖြစ်ကာ..သူ့အနောက်မှာလိုက်ပါလာသူက ကြိုးနီများနှင့်အထပ်ထပ်ရစ်ပတ်ထားသော ကိုသာလှ..။ ကိုသာလှမျက်နှာကအရင်ပုံစံနှင့်တော့မတူပဲ မျက်တွင်းဟောက်ပက်နှင့် ဖြူစုတ်နေလျက်..ဖြစ်ကာ မချိမဆန့်ခံစားနေရဟန်နှင့်ရှုံ့တွနေလျက်..။

“ဟဲ့..လူလိမ်ပယောဂဆရာ..မသိနားမလည်တဲ့ရွာသားတွေကိုလှည့်ပတ်လိမ်နေတာအားမရသေးဘူးလား..”

“ကျုပ်ဘာလိမ်လို့လဲ အဘိုးကြီး..ခင်ဗျားလာမရှုပ်စမ်းနဲ့..မကောင်းဆိုးဝါးနှင်ထုတ်မရပဲ ဖြစ်တော့မယ်..”

“ကဲ..မင်းဒီလောက်နှင်ထုတ်ချင်ရင်ဒီမှာနှင်ထုတ်စမ်း..”

ပြောရင်းမှ တုတ်တစ်ချောင်းကောက်ကာ မြေကြီးပေါ်စည်းသားလိုက်တော့ ထွန်းခနှင့် ပယောဂဆရာကစည်းဝိုင်းထဲရောက်လျှက်သား..။ ဒီနောက်မှာတော့ ကြိုးတုပ်ခံထားရသော ကိုသာလှကိုစည်းဝိုင်းထဲသွားစေလျှက်..ကြိုးများဖြေပေးလိုက်သည်..။

“ကဲ..သာလှကိုဝင်စီးနေတဲ့ မကောင်းဆိုးဝါး ကိုရအောင်ထုတ်စမ်း..”

အောက်မှကြည့်နေသော ရွာသားများမှာဆွံ့အမတတ်စိတ်ဝင်တစားကြည့်နေကြသလို ပယောဂဆရာနှင့် ထွန်းခမှာလဲ မျက်လုံးများကလယ်ကလယ်နှင့် ကြည့်နေကြလျက်..။ ပယောဂဆရာကတော့ဟန်ကိုယ့်ဖို့နှင့် လက်ထဲကကြိမ်ကိုမြှောက်ကာ အမိန့်ပေးတော့မလို့ကြံရွယ်စဥ်မှာပင် သာလှရဲ့လက်က ပယောဂဆရာလည်ပင်းမှာ ဖျစ်ညှစ်လျက်သား..။ ထိုမြင်ကွင်းကိုကြည့်နေသော ထွန်းခမှာတော့ ဖင်ထိုင်လျက်လဲကျကာအသားများတဆတ်ဆတ်တုန်လျက်..။

“ရွာထဲမှာ တိရစ္ဆာန်တွေညဘက်ပျောက်တာ..ဟင်းထမင်းတွေပျောက်တာက သာလှလက်ချက်ပဲ..သာလှကတောထဲမှာ မီးသွေးဖိုမြေတူးရင်းနဲ့သေပြီ….အနီးတဝိုက်မှာရှိနေတဲ့ မကောင်းဆိုးဝါးကသာလှကိုယ်ထဲဝင်စီးပြီး သာလှပုံစံနဲ့စားသောက်နေတာပဲ…”

“မခင်မြက သာလှနေမကောင်းဖြစ်ပြီးမှအမူအယာထူးခြားနေတယ်ပြောလို​့ ငါလိုက်ကြည့်အပေးမှာသာလှကိုဖုတ်ဝင်​နေတာသိတာပဲ..”

ရွာသားများဘက်လှည့်ကာပြောနေရင်းမှပင် ပယောဂဆရာလိမ်ရဲ့ဝူးဝူးဝါးဝါးအသံတွေကြောင့် လှည့်ကြည့်လိုက်ကာ…

“ဟဲ့..မကောင်းဆိုးဝါးဖုတ်ကောင်..ဒါနင့်နေရာမဟုတ်ဘူး….သွားတော့…”

ဲကပ္ပိယကြီးကပြောရင်းမှ လက်ထဲမှတုတ်ချောင်းလေးနှင့်ပစ်ပေါက်လိုက်တော့..သာလှတစ်ယောက်နေရာမှာတင်ပုံခနဲလဲကျကာ ခဏလေးအတွင်းမှာပင် ပုတ်ပွကာအရည်တရွှဲရွှဲနှင့် အပုတ်နံ့ကဟိန်းထွက်သွားတော့…အကုန်လုံးမှာ ဟာခနဲ ဟင်ခနဲဖြစ်သွားသလို.. ပယောဂဆရာလိမ်နှင့် ထွန်းခတို့မှာလဲ လက်သွက်သော ရွာသားအချို့၏ဖမ်းဆီးခြင်းကိုခံလိုက်ရတော့သည်..။

ရွာသူရွာသားများသေချာမသိလိုက်သည်က ရွွာဦးကျောင်းမှကပ္ပိယကြီးမှာ အထက်လမ်းဆရာကြီးတစ်ယောက်ဖြစ်သည်ဆိုတာပင်..။

ဒါတင်မက…ရွာသူရွာသားများ၏ စုပေါင်းအလှုဖြင့် သံဃာတော်အရှင်မြတ်များ၏ပရိတ်ရွတ်ဖတ်ပွဲလဲကျင်းပလိုက်ကြကာ တစ်ရွာလုံးအနှံ့ပရိတ်ရေ ပရိတ်သဲပက်ဖျန်းခြင်းများပြုလုပ်ကြရင်း ရွာသန့်လိုက်ကြတော့သည်..။ ဒါပေမဲ့ ထိုအချိန်မှာမျက်ရည်များတွေတွေကျရင်း အလှူကိုကူလုပ်နေသူက မခင်မြဖြစ်မည်ဆိုတာတော့..ပြေးကြည့်စရာမလိုအောင်ကိုသိနေမည်ထင်ပါသည်…။

ပြီးပါပြီ

=================

Writer-လရိပ်ညို💚
လေးစားစွာဖြင့်