အရူးငဗျိုင်း

ဗျာ၊ ဝါးလုံးပိုင်းနဲ့ကို ရိုက်ထည့်တာ၊ ကျုပ်တို့လည်း အမေ့ကိုငယ်ငယ်ကတည်းက ချစ်ကြောက်လာရတာဆိုတော့ အမေရိုက်တော့လည်း ခံရတာပေါ့ဗျာ။

ဟိုတစ်လောတုန်းက အကိုကြီး ဖဲရိုက်လို့ သူ့မိန်းမက အမေ့ကိုတိုင်တော့ အမေက ဝါးလုံးပိုင်းနဲ့ဆော်တာဗျာ၊ ဝါးလုံးကြီးလဲကွဲတယ်၊ အကိုကြီးကျောလည်း စုတ်ပြတ်ပြီး သွေးစိမ်းရှင်ရှင်ထွက်ပါရောလား၊ ဒီခေတ်ကလေးတွေကျတော့ သိပ်အရိုက်မခံရတော့တာ ကံကောင်းတာပဲဗျာ၊ ကျုပ်တို့တုန်းကတော့ ကလေးတွေဆိုတာ လူကြီးတွေရိုက်ဖို့ မွေးထားတယ်လို့များ ထင်နေကြတာလားမသိတာ။

(၂)

ဒါနဲ့ မနက်အစောကြီးထပြီး အမေ့နားကို ကပ်ရတာပေါ့ဗျာ၊ အမေက ကျုပ်တို့ကိုရိုက်တယ်ဆိုပေမယ့် ချစ်တော့ချစ်သားဗျ၊ အိမ်မှာ အမေက မနက်အစောကြီးထပြီး ချက်ပြုတ်တာမဟုတ်လား၊ ကျုပ်မရီးက ကလေးအငယ်ရှိတယ်ဆိုတော့ မနက်အစောမထဘူးလေ၊ နောက်ပြီး အငယ်မတို့၊ နို့ညှာမတို့ဆိုတာကလည်း အအိပ်မက်တဲ့လူတွေမဟုတ်လား၊ ဒီတော့ အမေက မီးဖိုချောင်ထဲ မီးခွက်ကလေးနဲ့ ထမင်းဟင်းချက်နေတာပေါ့ဗျာ။

ကျုပ်က အိမ်ပေါ်ကဆင်းလာပြီး အမေ့ခါးကိုအနောက်ကဖက်လိုက်တယ်ဆိုရင်ပဲ အမေကလန့်ပြီး ကျုပ်ခေါင်းကို ခေါက်ထည့်လိုက်တော့တာပဲ။

“လန့်လိုက်တာ အလတ်ကောင်ရယ်၊ နင်ဘာဖြစ်နေတာလဲ မကြီးမငယ်နဲ့၊ ဘာလဲ နင်ငါ့ကိုလာကပ်ချွဲနေပြီဆိုတော့ နင်မိန်းမယူတော့မလို့လား”

“ပေါက်ပေါက်ရှာရှာအမေရာ၊ ကျုပ်မှာ ရည်းစားတောင်မရှိသေးပါဘူးဗျာ”

“ဒါဖြင့်ရင် ဘာလိုချင်လို့လဲ၊ ဟိုအလယ်ပိုင်းက နင့်သူငယ်ချင်းလို ဆိုင်ကယ်ပူဆာမလို့လား”

“မဟုတ်ပါဘူးအမေရာ ကျုပ်ပြောတာနားထောင်ပါအုံး၊ ကျုပ်သူငယ်ချင်းတစ်ယောက်က မိန်းမယူမလို့တဲ့အမေရ၊ သူတို့မင်္ဂလာဆောင်မှာ ကျုပ်ကူညီပေးရမယ်”

“ဟုတ်လား၊ အေးအေး၊ ကူညီချင်လဲ ကူညီပေးလိုက်လေ၊ ဒါနဲ့ဘယ်သူတုန်းဟ”

“ဒီရွာကမဟုတ်ပါဘူးအမေရာ၊ ရွာရှည်ရွာဘက်က တစ်ယောက်ပါ၊ အဲဒါ သူ့မင်္ဂလာဆောင်မှာ သွားကူပေးချင်လို့ နှစ်ရက်သုံးရက်လောက်တော့ သွားချင်တယ်အမေရာ”

အမေက ထမင်းအိုးငှဲ့နေရင်း ခေါင်းခါတယ်ဗျ။

“မဖြစ်ပါဘူးအေ၊ သူများရွာကို နင်တစ်ယောက်တည်းသွုားပြီးတော့ ရန်တွေဘာတွေဖြစ်ရင် ဘယ့်နှယ့်လုပ်မလဲ၊ နင့်ကိုစိတ်မချပါဘူးအေ၊ နင်သွားချင်ရင် နင့်ညီကိုပါခေါ်သွား”

အမေပြောတော့မှ ပြသနာတက်ပြီလေ၊ အငယ်ကောင်က ပါးစပ်သိပ်ဖွာတဲ့ကောင်၊ ပြီးတော့ တစ်ခုခုဆိုရင် အမေ့ကိုပြန်တိုင်တတ်တဲ့ကောင်ဗျ၊ ဒီကောင့်ကိုခေါ်သွားရင် ငါးပါးမှောက်တော့မှာမဟုတ်လား။
“အမေရာ ဒီကောင့်ကိုခေါ်သွားတော့ ကျုပ်တို့ယာခင်းတွေကို ဘယ်သူကြည့်မလဲ”

“အောင်မယ်လေးဟယ်၊ ယာခင်းက ပဲတွေက အပင်တွေကောင်းနေပြီ၊ ဘာမှသိပ်ပြီးလုပ်စရာမလိုတော့ပါဘူး၊ သုံးလေးရက်လောက်ပဲဟာ နင့်အကိုကြီးကို ကြည့်ခိုင်းလို့ရပါတယ်”

ကျုပ်အမေ့ကိုပြောလည်း မရပါဘူးဗျာ၊ အငယ်ကောင်ကိုပါ ခေါ်သွားခိုင်းတော့တာပဲ၊ အဖေ့ကိုတော့ မပြောချင်ဘူး၊ အဖေက ပိုဆိုးတယ်မဟုတ်လား၊ ဒါနဲ့ပဲ နောက်ဆုံးတော့ အငယ်ကောင်ကိုပါ ခေါ်သွားဖို့ သဘောတူလိုက်ရတယ်။

အဲဒီနေ့မနက်ဘဲ ကျုပ်လည်း ဦးဘသာကြီးဆီပြေးခဲ့တာပေါ့ဗျာ၊ ဦးဘသာကြီးက လယ်ကွင်းထဲမှာ နွားတွေကျောင်းနေပြီလေ၊ ကျုပ်လိုက်မယ်လို့ပြောတော့ ဦးဘသာကြီးက ဝမ်းသာသွားတယ်။

“အေးပေါ့ကွာ၊ မင်းပါတော့ ငါလည်းအားရှိတာပေါ့ကွ”

“ဒါနဲ့ကျုပ်တစ်ယောက်တည်းမဟုတ်ဘူး၊ ကျုပ်ညီ အငယ်ကောင်လည်း ပါမှာဗျ”

“ရပါတယ်ကွာ၊ ဒါပေမယ့် ငါတို့သွားတဲ့အကြောင်းကိုတော့ နှုတ်လုံရမယ်နော်၊ ဘယ်သူ့ကိုမှ ပြောလို့မဖြစ်ဘူးနော်ကွ”

ကျုပ်လည်းခေါင်းညိတ်ပြလိုက်တယ်။

“ဒါဆိုရင် မနက်ဖြန်ကျရင် မနက်စောစောထသွားကြမယ်ကွာ၊ ငါက မနက်မိုးမလင်းခင်ကတည်းက ရွာကနေထွက်ပြီး ဇရပ်ပျက်နားမှာစောင့်နေမယ်၊ မင်းတို့နှစ်ယောက် မိုးလင်းတော့ အဲဒီကိုလာခဲ့ကြပေါ့ကွာ”

(၃)

နောက်တစ်နေ့တော့ ကျုပ်တို့ညီအကိုတွေ လွယ်အိတ်တစ်ယောက်တစ်လုံးလွယ်ပြီး ရွာကထွက်လာတာပေါ့ဗျာ၊ လှည်းတွေဘာတွေလည်း မယူခဲ့ပါဘူး၊ မြို့ကိုတက်မယ်ဆိုရင်တော့ ကျုပ်တို့ရွာနဲ့ ရှစ်မိုင်ဝေးတဲ့ တန်းမြင့်ရွာကိုသွားရမှာဗျ၊ ရှစ်မိုင်ဆိုတာ ကျုပ်တို့တောသားတွေခြေလှမ်းနဲ့ဆို အလွန်ဆုံးလျှောက်ရရင် သုံးနာရီလောက်တောင်မကြာပါဘူးဗျာ၊ အဲဒီခေတ်ကလည်း လူတွေတော်တော်များများက လမ်းပဲလျှောက်ကြတာဗျ၊ ခုခေတ်သာ ဆိုင်ကယ်တွေပေါလို့ တစ်အိမ်ကျော်လောက်ကိုတောင် လမ်းမလျှောက်ဘဲ ဆိုင်ကယ်တွေနဲ့ သွားကြတာမဟုတ်လား။

ဇရပ်ပျက်ဆိုတာကတော့ တန်းမြင့်ရွာကိုသွားတဲ့ လမ်းခုလတ်တစ်နေရာမှာရှိတာပါ။ လမ်းဘေးမှာ ဇရပ်ပျက်ကြီး သုံးဆောင်ရှိတယ်၊ ရှေးတုန်းကတော့ ခရီးသွားတွေ တည်းခိုတယ်ဆိုပေမယ့် အခုတော့ ဘယ်သူမှမတည်းကြတော့ပါဘူးဗျာ၊ ဇရပ်ပျက်နားရောက်တော့ ဦးဘသာကြီးက ဇရပ်ပေါ်ထိုင်ရင်း စောင့်နေတယ်ဗျ၊ ကျုပ်တို့နဲ့တွေ့တော့ ဇရပ်ပျက်ပေါ်က ဆင်းလာတယ်၊ ဦးဘသာကြီးက သဘက်ကြီးတစ်ထည်ကို ခေါင်းပေါင်းထားပြီးတော့ လွယ်အိတ်အနွမ်းကြီးကိုလည်း လွယ်ထားသေးတယ်၊ လက်ထဲမှာလည်း ဒန်နဲ့လုပ်ထားတဲ့ ကွမ်းအစ်ကြီးကိုင်လို့ဗျ။

ကျုပ်ကိုမြင်တော့ သူ့ကွမ်းအစ်ကြီးလှမ်းပေးတယ်၊ ကျုပ်လည်း သူ့ကွမ်းအစ်ကို ကိုင်ဖို့ခပ်လန့်လန့်ပဲမဟုတ်လား။

“ဘာမှမဖြစ်ပါဘူး၊ ကိုင်စမ်းပါကွ”

ကျုပ်လည်း ကွမ်းအစ်ကိုပိုက်လာတာပေါ့ဗျာ၊ ရှေးကကွမ်းစားတတ်တဲ့လူတွေက ခုခေတ်လို ကွမ်းယာကို ပလတ်စတစ်အိတ်တွေ၊ ဘူးတွေနဲ့ သယ်တာမဟုတ်ဘူးဗျို့၊ ကွမ်းအစ်ကို သွားလေရာသယ်သွားတတ်ကြတာမဟုတ်လား။ အဲဒီမှာ အငယ်ကောင်က စတော့တာပဲဗျာ။

“ဟာ အကိုလတ်၊ ဦးဘသာကြီးနဲ့ မပေါင်းနဲ့လို့ အမေကပြောထားတယ်မဟုတ်လား၊ သူက ဘယ်လိုလုပ်ပြီး ရောက်လာတာတုန်း”

“မင်းအသာနေစမ်းပါကွ၊ ဒီတစ်ခါသွားမယ့်ခရီးက ဦးဘသာကြီးရဲ့ခရီးကွ”

“ဟာဗျာ၊ ကျုပ်တော့မလိုက်ရဲပါဘူးဗျာ၊ အမေသိရင် ကျုပ်ကိုဆော်မှာဗျ”

“ဒါဆိုရင်လည်း ပြန်ကွာ၊ မင်းက တော်တော်သရဲဘောကြောင်တဲ့အကောင်ပဲ”

ကျုပ်ညီလည်း လှည့်ပြန်တယ်ဗျာ၊ ကျုပ်ဖြင့်အံ့ဩနေတာပေါ့၊ ဦးဘသာကြီးကတော့ ကျုပ်ကိုပြုံးပြီးကြည့်နေတယ်။

“သွားပါစေကွာ၊ ငါတို့ပဲသွားကြတာပေါ့”

“ဒီကောင်ပြန်သွားတာက အကြောင်းမဟုတ်ဘူး၊ ကျုပ်နဲ့ ဦးဘသာနဲ့အတူတူသွားတယ်ဆိုတာ အမေ့ကိုသွားပြောရင် ကျုပ်အိမ်ကို ဘယ်လိုမျက်နှာနဲ့ ပြန်တက်ရမလဲဗျ”

“မင်းကလည်းကွာ၊ သူ့ဟာနဲ့သူ ဖြစ်သွားမှာပါ၊ လာစမ်းပါကွ”

ဦးဘသာကြီးက ကျုပ်လွယ်အိတ်ကြိုးကိုဆွဲပြီး အတင်းခေါ်တာနဲ့ ကျုပ်လည်းသူ့အနောက်ကနေ ယက်ကန်ယက်ကန်နဲ့ ပါသွားတာပေါ့ဗျာ။

မြိုင်သာကိုတက်ဖို့က ကားလမ်းဖြတ်သွားတဲ့ တန်းမြင့်ရွာကို အရင်သွားရတယ်၊ တန်းမြင့်ရွာထိပ်က ကားလမ်းဘေးမှာ မြို့ကိုသွားတဲ့ ကားတွေကို စောင့်စီးရတာပေါ့ဗျာ၊ ကားက အချိန်တိုင်းမလာဘူးဗျ၊ တစ်နာရီကိုတစ်စီးလောက်ပဲလာတာ၊  ညနေသုံးနာရီနောက်ပိုင်းဆို လိုင်းကားမလာတော့ဘူး။ ကျုပ်တို့ တန်းမြင့်ရွာရောက်တော့ သိပ်မစောင့်လိုက်ရဘူး ကားကြီးတစ်စီးလာပါလေရောဗျာ၊ အဲဒီကားကြီးအပေါ်တက်ပြီး လိုက်ခဲ့ရတာပေါ့။

ကားဆိုလို့ အခုခေတ်လို မှန်လုံကားတွေ၊ ဘတ်စ်ကားတွေမဟုတ်ဘူးဗျ၊ အရင်ခေတ်က ဒေါ့ဂျစ်ကြီးတွေကို သစ်သားတွေနဲ့ ကားအိမ်ပြန်ရိုက်ထားတာ၊ ကားအိမ်က ခပ်နိမ့်နိမ့်ပါ၊ အထဲမှာတော့ လူထိုင်တဲ့ခုံတန်းတွေရှိတယ်၊ ဒါပေမယ့် အဲဒီခုံတွေမှာ မိန်းကလေးတွေလောက်ပဲထိုင်ကြတာ၊ ယောက်ျားတွေနဲ့ ကုန်တွေကတော့ ကားခေါင်မိုးပေါ်ကိုတင်ကြတာပဲ၊ ကျုပ်တို့ဆိုအမြဲတမ်း ကားခေါင်မိုးပေါ်က လိုက်စီးရတယ်၊ ကားခေါင်မိုးပေါ်မှာ နေရာမရှိရင်တော့ ကားအနောက်ကတွယ်စီးရတယ်၊ တစ်ခါတစ်လေဆို ကားဘေးနားက တန်းမှာ တွယ်ကပ်ပြီးစီးရတာဗျ၊ ကားက တစ်နာရီမှ တစ်စီးလာတာဆိုတော့ အမြဲတမ်းလူတွေ၊ ကုန်တွေအပြည့်နဲ့ပေါ့ဗျာ။

ဒီကားတစ်စီးကတော့ နည်းနည်းချောင်တယ်လို့ပြောရမယ်၊ ဒါနဲ့ ဦးဘသာကြီးနဲ့ကျုပ်လည်း ကားခေါင်မိုးပေါ်မှာ ထိုင်စီးရင်း စကားပြောလာခဲ့ကြတာပေါ့ဗျာ။

“အခုသွားမယ့်လူက အောက်လမ်းဆိုတော့ ဦးဘသာကြီးတို့လိုပဲလား”

ဦးဘသာကြီးက ခေါင်းခါတယ်ဗျ။

“မဟုတ်ဘူးကွ၊ အောက်လမ်းနဲ့ စုန်းနဲ့မတူဘူး၊ စုန်းဆိုတာ မိရိုးဖလာ လက်ဆင့်ကမ်းခဲ့တဲ့ အသိပညာ အတတ်ပညာတစ်ခုကွ၊ အောက်လမ်းဆိုတာကတော့ အတတ်ပညာသီးသန့်ပဲ၊ စုန်းတိုင်း အောက်လမ်းမတတ်သလို၊ အောက်လမ်းတိုင်းလည်း စုန်းပညာတွေမတတ်ကြဘူးကွ”

ဦးဘသာပြောမှ ကျုပ်လည်းနားရှုပ်သွားတယ်လေ။

“အောက်လမ်းအစ ယတြာကတဲ့၊ တကယ်တော့အောက်လမ်းဆိုတာ လူတစ်ယောက်မကောင်းတာဖြစ်သွားအောင်လို့လုပ်တဲ့ နည်းလမ်းတွေကိုဆိုလိုတာပဲ၊ ယတြာဆိုတာလည်း လူတစ်ယောက်ကို ကောင်းအောင်လုပ်ပေးလို့ရသလို ဆိုးကျိုးဖြစ်သွားအောင်လည်း လုပ်ပေးလို့ရတယ်၊ ယတြာတို့ ဓါတ်ရိုက်ဓါတ်ဆင်တို့ဆိုတာလည်း အောက်လမ်းနည်းတစ်ခုပေါ့ကွာ”

“ဒါထက်မြင့်သွားရင်တော့ အင်းတွေ၊ စမတွေ၊ ဆေးတွေပေါ့ကွာ၊ ကောင်းတဲ့အင်း၊ ကောင်းတဲ့ဆေးကိုသုံးရင်တော့ အထက်လမ်းပေါ့၊ မကောင်းတဲ့ဆေးတွေ၊ မကောင်းတဲ့အင်းတွေသုံးရင်တော့ အောက်လမ်းပေါ့ကွာ”

“ဒီထက်အဆင့်မြင့်သွားရင်တော့ အတိုက်အခိုက်နည်းလမ်းတွေသုံးတယ်၊ များသောအားဖြင့် အတိုက်အခိုက်တွေဆိုတာ သရဲတွေမွေးထားပြီး ခိုင်းစားတာပဲကွ၊ နောက်ပြီး လူတွေ၊ အိမ်တွေ၊ ခြံတွေမှာ အစောင့်တွေ မမြင်ရတဲ့လူတွေရှိတတ်တယ်၊ အဲဒီမမြင်ရတဲ့ အရာတွေကိုအသုံးချပြီး ပြန်ခိုင်းစားတဲ့သဘောပဲကွ၊ နားလည်ပြီလား”

“နားလည်ပါပြီ ဦးဘသာ၊ ဒါနဲ့ အခုအောက်လမ်းဆရာကို ဦးဘသာကြီးက ဘယ်လိုသိတာလဲ”

“အောက်လမ်းမှာလည်း သုံးတဲ့သူအပေါ်မူတည်ပြီးတော့ ခြေရာလက်ရာတွေ ကျန်ခဲ့တယ်ကွ၊ အဲဒီခြေရာလက်ရာတွေကြည့်ပြီးတော့ သိတာပေါ့ကွာ”

ကျုပ်လည်းဦးဘသာကြီးအနားကိုကပ်လိုက်တယ်ဗျ၊ ဘေးဘီကိုကြည့်လိုက်တော့ တခြားခရီးသည်တွေက သူတို့စိတ်ကူးနဲ့သူတို့ ကားစီးနေကြတယ်။

“အဲဒီလူဘယ်သူလဲဆိုတာ ဦးဘသာကြီးသိသလား”

“သိတာပေါ့ကွ၊ ဒီကောင့်နာမည် ဘသော်တဲ့၊ အောက်လမ်းဘသော်ပေါ့ကွာ”

“သူက ဘာလို့ ဦးဘသာကြီးကို အငြိုးအတေးထားတာလဲ”

ဦးဘသာကြီးက ကွမ်းတံတွေးတစ်ချက်ကို ကားပေါ်ကနေလှမ်းထွေးချလိုက်တယ်ဗျ။

“မင်းမှတ်မိလား၊ တစ်ခါတုန်းက တို့ရွာကို ဓါးပြတိုက်တော့ ငါတို့မောင်းထုတ်ခဲ့တာလေ”

ကျုပ်လည်းပြန်စဉ်းစားပြီးတော့ ခေါင်းညိတ်လိုက်တယ်၊ ကျုပ်တို့လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက ရွာကိုတိုက်တဲ့ဓါးပြတွေကို ဦးဘသာကြီးက မောင်းထုတ်ခဲ့တယ်လေဗျာ။ (ထိုအကြောင်းကို စုန်းထီးကြီးဦးဘသာနှင့် ဓါးပြကျော်ဘမော်တွင် ဖတ်ရှုနိုင်ပါသည်။)

“ကျုပ်သိပြီဦးဘသာ၊ သူ့နာမည်က ဘမော်ဆိုလားပဲလေ၊ နောက်တော့ ရဲတွေဖမ်းမိသွားတယ်မဟုတ်လား”

“အေးကွ၊ အဲဒီဘမော်က ဓါးပြတိုက်တဲ့အခါ အောက်လမ်းနည်းနဲ့ လူတွေကိုအိပ်မွှေ့ချတယ်၊ နောက်ပြီးတော့ သူ့ကိုယ်သူလည်း အောက်လမ်းနည်းတွေနဲ့ ကာကွယ်ထားတယ်မဟုတ်လား၊ အေး၊ အဲဒီအောက်လမ်းနည်းတွေကို ဒိုင်ခံလုပ်ပေးနေတဲ့သူက အခုပြောတဲ့ အောက်လမ်းဘသော်ပဲကွ၊ အောက်လမ်းဘသော်က ဓါးပြ ဘမော်ရဲ့ အကိုပေါ့ကွာ”

ကျုပ်လည်း အဲဒီတော့မှ သဘောပေါက်သွားတော့တယ်၊ ဘမော်က ကျုပ်တို့ရွာကို ဓါးပြတိုက်မရတော့၊ ဦးဘသာကြီးအကြောင်းကို သူ့အကို အောက်လမ်းဘသော်ကို ပြောလိုက်တာနေမှာပေါ့ဗျာ။ ဒီမှာ အောက်လမ်းဘသော်က ဦးဘသာကြီးကို ရန်ငြိုးဖွဲ့တာပေါ့။

တစ်နာရီသာသာလောက် ကားစီးပြီးတော့ မြိုင်သာမြို့ထဲကို ရောက်ခဲ့ပါရောဗျာ၊ ကျုပ်တို့လည်း ကားဂိတ်ဆုံးတဲ့ မြိုင်သာဈေးကြီးအရှေ့အထိ လိုက်စီးခဲ့တာပေါ့၊ နေမွန်းတည့်တော့မယ်ဆိုပေမယ့် ဈေးကြီးက စည်ကားနေတုန်းပဲဗျာ၊ ကျုပ်တို့လည်း ဗိုက်ဆာတာနဲ့ ဈေးကြီးအရှေ့က ဆိုင်တန်းတွေမှာ မုန့်လက်သုပ်ဝင်စားတာပေါ့ဗျာ၊ မုန့်လက်သုပ်ဆိုတာက ထမင်းကို ငရုတ်ဆီဆမ်းပြီး ကြာဇံ၊ အာလူးပြုတ်၊ ဂေါ်ဖီနဲ့ ခရမ်းချဉ်သီးပါးပါးလှီးထားတာထည့်ပြီး ဆီရွှဲရွဲလေးဆမ်းပြီး သုပ်ပေးတဲ့ ထမင်းသုပ်တစ်မျိုးပေါ့ဗျာ၊ ပန်းကန်ထဲကို ပုံထည့်ပြီးတော့ အပေါ်က ကြက်သွန်ဆီချက်ကလေးဆမ်းပြီ၊ မြေပဲဆံကြော်ကလေးဖြူးလိုက်ရင် သိပ်မွှေးပြီး စားလို့သိပ်ကောင်းတာပေါ့၊ ပြောရင်းနဲ့ သွားရည်တောင်ကျပါတယ်ဗျာ။

မုန့်လက်သုပ်ကို တစ်ယောက်နှစ်ပွဲစီစားလိုက်ကြတယ်ဗျ၊ ဘူးသီးဟင်းခါးလေးကလည်း သောက်လို့ကောင်းမှကောင်းပဲဗျာ၊ ပြီးတော့ ကျုပ်ကငွေရှင်းမလို့လုပ်တော့ ဦးဘသာက သူရှင်းပေးပါတယ်၊ ဒါ့အပြင် မုန့်လက်သုပ်ဆိုင်မှာပဲ အာလူးသုပ်တစ်ပွဲ ပါဆယ်ဝယ်တယ်၊ အာလူးသုပ်ဆိုတာကတော့ ပြုတ်ထားတဲ့အာလူးကို ငရုတ်ဆီ၊ ဆီချက်၊ ပဲမှုန့်နဲ့ စေးစေးလေးသုပ်ထားတာကိုခေါ်တာပါ။

“ဦးဘသာကြီးက အာလူးသုပ်ဝယ်ရအောင် ဗိုက်မဝဘူးလားဗျ”

ကျုပ်မေးတော့ ဦးဘသာကြီးက အသုပ်သည်ထုပ်ပေးလိုက်တဲ့ အာလူးသုပ်ဖက်ထုပ်ကလေးကို မြှောက်ပြရင်း

“ငါတို့ဖို့မဟုတ်ဘူး၊ ဟိုကောင့်ဖို့ကွ”

ကျုပ်လည်း နားမလည်တော့ဘူးလေ၊ နောက်တော့ ဈေးထဲကိုဝင်ပြီးတော့ ရေအိုးသေးသေးကလေးတစ်လုံးဝယ်တယ်၊ သောက်ရေအိုးသေးသေးကလေးပါ၊ နောက်တော့ မြိုင်သာမြို့လယ်နားက မင်္ဂလာကန်ကြီးထဲကနေ ကျုပ်ကိုသောက်ရေအိုးကလေးထဲကို ရေခပ်ခိုင်းတယ်ဗျ၊ ရေခပ်လို့ပြီးပြီဆိုရင်ဘဲ ကျုပ်တို့ ဈေးကြီးတစ်ဖက်နားက ညောင်ပင်ကြီးအနားကို လာခဲ့တာပေါ့ဗျာ၊ ညောင်ပင်ကြီးအနားမှာတော့ ကွင်းကြီးတစ်ခုရှိတယ်၊ ကွင်းဆိုပေမယ့် သိပ်အကြီးကြီးတော့မဟုတ်ပါဘူးဗျာ၊ ဘောလုံးကွင်းလောက်ရှိတာပါ၊ မြိုင်သာမှ ဘောလုံးပြိုင်ပွဲတွေ၊ အားကစားပွဲတွေလုပ်ရင် အဲဒီကွင်းမှာပဲ လုပ်ကြတာ၊ ဘုရားပွဲလုပ်ရင်တော့ အဲဒီကွင်းထဲမှာ ဇာတ်ရုံတွေထိုးတာပေါ့ဗျာ။ အဲဒီနားမှာလည်း တန်ခိုးကြီးတဲ့ဘုရားတစ်ဆူရှိတယ်ဗျ။ အဲဒီကွင်းကြီးကတော့ အနီးအပါးရွာကလူတွေ မြိုင်သာကိုလာတဲ့အခါ လှည်းဝိုင်းတွေ ရပ်ထားလေ့ရှိတဲ့ကွင်းပေါ့ဗျာ၊ ကွင်းကြီးပတ်ပတ်လည်မှာ အရိပ်ရခရေပင်တို့၊ မန်ကျည်းပင်၊ တမာပင်တွေနဲ့ အုပ်ဆိုင်းနေတာဗျ၊ ကွင်းတစ်ဖက်မှာတော့ ရွှေရောင်ဝင်းဝင်းနဲ့ဘုရားကိုမြင်ရတယ်။ ကျုပ်လည်း ဘုရားကိုလက်အုပ်ချီပြီး စိတ်ထဲကနေ ကန်တော့လိုက်တာပေါ့ဗျာ၊ နောက်တော့ ဦးဘသာကြီးနဲ့အတူတူ ညောင်ပင်ကြီးအနားကိုလျှောက်ခဲ့တာပေါ့။

ညောင်ပင်ကြီးက အတော်ကြီးတဲ့အပင်ကြီးဗျ၊ ညောင်ပင်အောက်မှာလည်း အုတ်ဘောင်နဲ့ခွေထားတာဆိုတော့ ခရီးသွားတဲ့သူတွေ နားကြတဲ့နေရာပေါ့ဗျာ၊ ကျုပ်တို့ညောင်ပင်အောက်ရောက်တော့ ဦးဘသာကြီးက တစ်ခုခုကိုရှာနေတာဗျ။

“ဦးဘသာကြီး ဘာတွေရှာနေတာလဲ”

“ငါ ငဗျိုင်းကိုရှာနေတာဟ၊ ဒီကောင်က ဒီနားမှာနေတယ်လို့ပြောလို့လေ”

ဒီတော့မှ ကျုပ်လည်းသိလိုက်တာဗျ၊ အမမိဝေရဲ့ ယောက်ျားဖြစ်ခဲ့ဖူးတဲ့ ကိုဗျိုင်းက ရူးနေတာလေဗျာ၊ ဒါနဲ့ ကျုပ်လည်းလိုက်ရှာတယ်၊ အရူးဖြစ်နေတဲ့ ကိုဗျိုင်းကိုမတွေ့ပါဘူးဗျာ၊ ဒါနဲ့အနားက လူတွေကိုသိမလားဆိုပြီးမေးကြည့်တော့ ညောင်ပင်ကြီးနားမှာ ကွမ်းယာရောင်းတဲ့အဒေါ်ကြီးက သိတယ်တဲ့ဗျ။

“အဲဒီအရူးက ဒီလိုနေပူချိန်ဆိုရင် ဘုရားအနောက်ဘက်စောင်းတန်းထဲမှာ သွားအိပ်နေတတ်တာ၊ သူ့နာမည် ငဗျိုင်းတဲ့လား၊ ငါတို့ကတော့ အရူးလောရှည်လို့ ခေါ်ကြတာ”

ကျုပ်တို့လည်း ဘုရားစောင်းတန်းဘက်ကိုထွက်ခဲ့တာပေါ့ဗျာ။ အနောက်ဘက်စောင်းတန်းဆိုတာက လူခပ်ရှင်းရှင်းဗျ၊ စောင်းတန်းအဆင်းလမ်း တစ်လျှောက်မှာ နတ်လမ်းလို့ခေါ်တဲ့ အမိုးတပ်ထားတဲ့ စကြံလမ်းတစ်ခုရှိတယ်၊ အဲဒီလမ်းဘေးမှာလည်း အုတ်ခုံလေးတွေရှိတယ်၊ ဟော မကြာပါဘူးဗျာ၊ အရပ်ကြီးဂလန်ဂလားနဲ့ အုတ်ခုံပေါ်မှာ ခွေခွေကလေးအိပ်နေတဲ့ ကိုဗျိုင်းကိုတွေ့ပါလေရော၊ ဦးဘသာကြိးက ကိုဗျိုင်းကိုယ်လုံးကို ခြေထောက်နဲ့ကန်ပြီးနှိုးလိုက်တော့ ကိုဗျိုင်းက ထလာတယ်ဗျ၊ ခြေထောက်နဲ့မကန်လို့လဲမရဘူးလေဗျာ၊ သူက လက်တစ်ဖက်မှာ အာလူးသုပ်တစ်ထုပ်၊ နောက်လက်တစ်ဖက်ကတော့ ရေအိုးပိုက်ထားတာမဟုတ်လား။

“ဟာ သူကြီး၊ ကျုပ်မခိုးဘူးနော်၊ ကျုပ်မလုပ်ဘူး”

ဦးဘသာကိုတွေ့တာနဲ့ ကိုဗျိုင်းက ထပြီးအော်တော့တာပဲဗျာ၊ ဦးဘသာက ဘေးဘီကိုကြည့်လိုက်တယ်ဗျ၊ ဘုရားနတ်လမ်းက လူရှင်းနေတာပေါ့ဗျာ၊ ဒါနဲ့ ဦးဘသာကြီးက အံကြိတ်လိုက်ပြီး

“ဒီကောင့်ကိုချုပ်စမ်းဟေ့”

ကျုပ်လည်း ကျုပ်ကိုပြောတာမှတ်လို့ လက်ထဲက ကွမ်းအစ်ကိုချမလို့လုပ်တုန်းမှာပဲကိုဗျိုင်းတစ်ယောက် လက်ကို ကိုယ်နံဘေးကိုကပ်ထားပြီးတော့ ငြိမ်နေတာဗျာ၊ ပါးစပ်ကတော့ မဟုတ်တာတွေအော်ပြီးတော့ ရုန်းကန်နေတာပေါ့၊ သူ့ကိုတစ်ယောက်ယောက်က ဖမ်းချုပ်ထားသလိုမျိုးဖြစ်နေတာဗျ၊ လက်ကောခြေကော ဘယ်သူမှမကိုင်ထားပါပဲနဲ့ လှုပ်မရဘူးဖြစ်နေတာပေါ့။

“ဟေ့ကောင် တိတ်စမ်း”

ဦးဘသာအသံက အမိန့်အာဏာသံပါတယ်ဗျ၊ လူပြတ်နေတဲ့ နတ်လမ်းထဲမှာ သူ့အသံက ဟိန်းနေတာပေါ့။ ထူးဆန်းတယ်ဗျာ၊ သူအော်လိုက်တယ်ဆိုရင်ပဲ ကိုဗျိုင်းက အသံတိတ်သွားတော့တာ၊ ဦးဘသာကြီးက ကိုဗျိုင်းခေါင်းပေါ်ကို ရေအိုးကိုတင်လိုက်တာဗျ။ လက်တစ်ဖက်က ရေအပြည့်နဲ့အိုးကိုထိန်းထားပြီးတော့ နောက်လက်တစ်ဖက်တော့ သူ့အင်္ကျီအိတ်ကပ်ထဲကနေ အပ်ကလေးတစ်ချောင်းကိုထုတ်လိုက်တယ်၊ အပ်က အပ်ချည်အဖြူရောင်လေးတောင် တစ်ထွာလောက်ပါတယ်ဗျာ။ နောက်တော့ တစ်ခုခုကို ရေရွတ်နေပြီး အပ်ကို အပ်ချည်ကနေကိုင်ပြီးတော့ ရေအိုးထဲကို ပစ်ချလိုက်တာပေါ့ဗျာ၊ အပ်ကလေးက ရေထဲကို စိုက်ပြီးဆင်းသွားတာဗျ၊ ကျုပ်လည်းကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိတာပေါ့ဗျာ။

“ဟေ့၊ ဒီအာလူးသုပ်ကို ဖြည်လိုက်ကွာ၊ ပြီးရင် မင်းသူ့ကို အာလူးသုပ်တွေ ခွံ့ကျွေးစမ်း”

ကျုပ်လည်း လက်ထဲက ကွမ်းအစ်ကိုအောက်မှာချပြီး ဦးဘသာကြီးခြေထောက်နားက ဖက်နဲ့ထုပ်ထားတဲ့ အာလူးသုပ်ကိုဖြေလိုက်တာပေါ့ဗျာ၊ အာလူးသုပ်က ဆီချက်နံ့ကလေးဆိုတာ မွှေးနေတာပဲဗျာ၊ ကျုပ်လည်း လက်တောင်မဆေးတော့ဘူး အာလူးသုပ်ကိုလက်နဲ့တစ်လုပ်ကိုင်လိုက်ပြီးတော့ ကိုဗျိုင်းမျက်နှာအနားကို တိုးသွားတာပေါ့။

“ဟေ့ကောင် ပါးစပ်ဟစမ်း”

အရူးကိုဗျိုင်းက ပါးစပ်ကိုဟတယ်ဗျ၊ ကျုပ်လည်း လက်ထဲက အာလူးသုပ်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပေးလိုက်တာပေါ့။

“စားစမ်းကွာ၊ ကုန်အောင်စား”

အရူးကိုဗျိုင်းက အာလူးသုပ်စားတယ်၊ ကျုပ်ကလည်း နောက်တစ်လုပ်ခွံ့တာပေါ့ဗျာ၊ အာလူးသုပ်ဆိုတာ လက်တစ်ဆုပ်စာလောက်ရှိတာပါ၊ သုံးလုပ်လောက်ခွံ့ပြီးတော့ ကုန်သွားတာပါပဲ၊ ဒီအချိန်မှာ ဦးဘသာကြီးက ကျုပ်ကိုအနောက်ဆုတ်ခိုင်းတယ်ဗျ။ တစ်ခုခုမန်းမှုတ်ပြီး ရေအိုးကို လက်ညှိုးနဲ့သုံးချက်လောက်ခေါက်လိုက်တော့ ရေအိုးက ဂွမ်းခနဲကွဲပြီး ရေတွေထွက်လာပါရောဗျာ၊ အောက်မှာထိုင်နေတဲ့ ကိုဗျိုင်းတစ်ကိုယ်လုံးကို ရေတွေရွှဲစိုသွားတာပေါ့။ ကျုပ်ဖြင့်လန့်ပြီး ထအော်မိတော့မလို့ဗျာ၊ ရေအိုးအသစ်ကြီးက ဦးဘသာလက်ညှိုးနဲ့ သုံးချက်လောက်တောက်တာ ကွဲသွားရတယ်လို့ဗျာ၊ ထူးဆန်းတယ်မဟုတ်လား။

ထူးဆန်းတာက ခုနက ရေအိုးထဲထည့်ခဲ့တဲ့အပ်ကလေးက ကိုဗျိုင်းရဲ့ငယ်ထိပ်တည့်တည့်မှာ စိုက်နေတာပါပဲဗျာ၊ ရေအိုးကွဲတုန်း စိုက်သွားတာလား၊ အိုးမကွဲခင်ကတည်းက စိုက်နေတာလားတော့ မပြောတတ်ပါဘူး။ ဒီအချိန်မှာပဲ ကိုဗျိုင်းက တုန်တုန်ယင်ယင်ဖြစ်လာတာဗျာ၊ မသိရင် ငှက်ဖျားတတ်တာ ကျနေတာပဲ၊ နောက်တော့ ပါးစပ်က အော်ပြီး ဝေါခနဲအန်ချလိုက်တာ၊ ဘုရားနတ်လမ်းတစ်လျှောက် အန်ဖတ်တွေဖွေးနေတာပဲဗျာ၊ ကျုပ်ဖြင့်ရွံလိုက်တာ၊ ခုနက စားထားတဲ့အာလူးတွေဆိုတာလည်း အထွေးလိုက်ကြီးဗျို့။ အန်ပြီးတယ်ဆိုရင်ပဲ ကိုဗျိုင်းမျက်လုံးတွေက ကျုပ်ကိုတွေတွေကြီးကြည့်နေတယ်ဗျ၊ သူ့မျက်လုံးတွေကတော့ နည်းနည်းပုံပြောင်းသွားတယ်။

“ဟင်၊ သူကြီးသားပါလား”

နောက်တော့ အနီးပတ်ဝန်းကျင်ကိုလှည့်ကြည့်ပြီးတော့

“ငါ၊ ငါဘယ်ကိုရောက်နေတာလဲကွ”

ဦးဘသာကြီးက ဘာမှမပြောပဲ ခုနက ရေအိုးကွဲသွားတဲ့ အိုးကွဲစတွေကို စုပုံလိုက်ပြီးတော့ ကိုဗျိုင်းကိုနင်းခိုင်းတယ်၊ ကိုဗျိုင်းလည်း ရေအိုးကွဲတွေကိုနင်းတော့ အိုးခြမ်းစတွေက တဖြောက်ဖြောက်နဲ့ကျိုးကုန်တာပေါ့ဗျာ။

“ကဲရပြီ၊ မင်းတို့နှစ်ယောက် ဘုရားနတ်လမ်းကို ပြန်ရှင်းပေးခဲ့ကြကွ”

ဦးဘသာကြီးက ဘုရားနတ်လမ်းကနေဆက်ပြီးဆင်းသွားတယ်၊ ကိုဗျိုင်းကတော့ သူ့ကိုယ်သူ ငုံ့ကြည့်တယ်ဗျ၊ ပုဆိုးမလုံမလဲအောက်မှာ သူ့ဖွားဖက်တော်ကြီးကလည်း တွဲလောင်းကြီးမဟုတ်လား။

“ငါ၊ ငါဘာဖြစ်သွားတာလဲကွာ”

“ခင်ဗျားရူးနေတာဗျ၊ သုံးလလောက်တောင်ရှိတော့မယ်”

ကျုပ်လည်း တံမြက်စည်းကြမ်းရှာပြီးတော့ လှဲချရတာပေါ့ဗျာ၊ မကြာခင် ကျုပ်ကိုကူညီပေးမယ့် သူငယ်ချင်းလေးတွေရောက်လာကြပါတယ်၊ ဘုရားခွေးတွေပေါ့ဗျာ၊ အန်ဖတ်တွေကို ကျုံးကျုံးပြီးတော့ကို စားနေတာ။

“မိဝေ၊ မိဝေဘာဖြစ်သွားပြီလဲ”

“စိတ်ခိုင်ခိုင်ထားပါကိုဗျိုင်းရာ၊ အမမိဝေ ဆုံးပြီဗျ”

ကိုဗျိုင်းက တွေတွေကြီးဖြစ်သွားတယ်၊ နောက်တော့  နတ်လမ်းကနေဆင်းပြေးသွားတာပါပဲ၊ မြိုင်သာမှာ သူ့အလုပ်ရှိတယ်၊ သူ့ဆွေမျိုးသားချင်းတစ်ချို့ရှိသေးတယ်မဟုတ်လားဗျာ။ အဲဒါကိုသတိရလို့ ဆင်းသွားတာဖြစ်မှာပေါ့။ ကျုပ်ကိုတောင်နှုတ်မဆက်သွားဘူးဗျာ။

ကျုပ်လည်း နတ်လမ်းကနေဆင်းမယ်လုပ်တော့ ခွေးတွေက အန်ဖတ်တွေကိုလျှာနဲ့လျှက်နေတာဗျာ၊ အဲဒီအထဲမှာ ရွှေရောင်လက်နေတာလေး တစ်ခုတွေ့တယ်ဗျ၊ ကျုပ်လည်း ရွှေတုံးလားဆိုပြီး ကောက်လိုက်တော့ ရွှေမဟုတ်ဘဲ ကြေးပြားကလေးတစ်ခုကို လုံးထားတာမျိုးလေးဗျာ၊ တစ်ခုခုတော့ထူးပြီဆိုပြီး ကျုပ်လည်း အဲဒီအလုံးကလေးကို ကောက်ပြီးတော့ လက်ဝါးထဲထည့်ပြီး နတ်လမ်းကနေအမြန်ပြေးဆင်းလာတာပေါ့၊ ဦးဘသာကတော့ နတ်လမ်းအဆင်းနားက ထိုင်ခုံတန်းကလေးမှာထိုင်ပြီး သူ့ကွမ်းအစ်ကလေးထဲက ကွမ်းထုတ်ပြီးတော့ ကွမ်းတစ်ယာ ယာနေပါရော။

“ဗျို့ ဦးဘသာကြီး၊ ကိုဗျိုင်းအန်တဲ့အထဲကနေ ဒါလေးထွက်လာတယ်ဗျ”

ဦးဘသာက ကွမ်းရွက်ကို ထုံးသုတ်ပြီး ရှားစေးဘူးလေးပါဖွင့်ပြီး သုတ်နေတာဗျ။

“အေးလေ၊ အဲဒါ အရူးအင်းလို့ခေါ်တယ်ကွ၊ ကိုင်တဲ့လူက ရူးရောဟေ့”

ကျုပ်လည်း လန့်ပြီးမြေပေါ်ကို ပစ်ချလိုက်တာပေါ့ဗျာ၊ ကိုင်တဲ့လူက ရူးတယ်လို့ပြောတယ်မဟုတ်လား၊ ကျုပ်က ဒါကိုမသိဘဲနဲ့ နတ်လမ်းတစ်လျှောက် ကိုင်လာခဲ့တာလေဗျာ၊ ကိုယ့်ခေါင်းကို ပြန်ပြီးပုတ်ကြည့်ရသေးတယ်၊ ငါရူးများရူးသွားလားဆိုပြီးတော့ပေါ့ဗျာ။ ဦးဘသာကြီးက ကွမ်းယာရင်း ကျုပ်အဖြစ်ကိုကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်ပါရောဗျာ။ ကျုပ်လည်းလန့်သွားတာပေါ့။

“ကျုပ်၊ ကျုပ်ရူးသွားပြီလား၊ ကျုပ်ရူးသွားပြီလား ဦးဘသာကြီး”

အဲဒီတုန်းက ကျုပ်စိတ်ထဲဖြစ်နေတဲ့ ခံစားချက်ကို ခင်ဗျားတို့သိအောင် ပြောပြလို့ရရင် ပြောပြချင်တယ်ဗျာ။ ဒါပေမယ့် ပြောမပြတတ်ဘူးဗျ။ ကြောက်လည်းအရမ်းကြောက်နေတာပေါ့ဗျာ။

“ငါက မင်းကိုစတာပါကွ၊ ကိုင်ရုံနဲ့ရူးမလားဟ”

ဒီတော့မှ ကျုပ်လည်း သက်ပြင်းချနိုင်တယ်၊ ဦးဘသာကြီးကတော့ ကွမ်းယာကို ပါးစောင်ထဲထိုးထည့်ပြီး ရယ်နေတုန်းပဲဗျ။

“ဒါဆို ဘယ်လိုလုပ်ရင် ရူးတာလဲ”

“အရူးအင်းလို့ပဲ အလွယ်ခေါ်စို့ကွာ၊ အဲဒီအင်းက သည်းခြေပျက်အောင်လုပ်ထားတာကွ၊ ပါးစပ်ထဲရောက်သွားပြီး ဝမ်းတွင်းထဲကိုရောက်သွားတော့မှ ရူးတာ၊ ဒါပေမယ့် လူတိုင်းလည်းရူးတာမဟုတ်ဘူးကွ၊ ရူးအောင်လုပ်မယ့်လူရဲ့ နေ့နံနဲ့ နာမည်နဲ့ အဲဒီလိုအတိအကျစီရင်ထားရတာ၊ တခြားသူစားရင် ဘာမှမဖြစ်ဘူးပေါ့ကွာ”

ဦးဘသာကြီးက အဲဒီအင်းကွက်ကို ကောက်ပြီးဖြေကြည့်လိုက်တယ်ဗျ၊ အင်းထဲမှာ စက်ဝိုင်းပုံလေးရေးထားပြိး နငယ်ပုံစံလေးတွေရေးထားတယ်၊ နောက်တော့ ဂဏန်းတွေလဲရေးထားတယ်ဗျ။ ဦးဘသာကြီးက အဲဒီအင်းကို မြေပေါ်ကိုချလိုက်ပြီးတော့ သူ့ပါးစပ်က ဝါးထားတဲ့ ကွမ်းတံတွေးနဲ့ ထွေးချလိုက်တယ်ဆိုရင်ပဲ အင်းကွက်ဟာ မြေပေါ်ကိုမြောက်တက်ပြီးတော့ တရှဲရှဲနဲ့ဖြစ်နေတာဗျာ၊ မီးကိုရေနဲ့လောင်းလိုက်တဲ့အသံမျိုးပေါ့၊ မြေပေါ်မှာ တချက်နှစ်ချက်ခုန်နေလိုက်သေးတယ်ဗျ၊ နောက်တော့မှ ငြိမ်သွားတော့တာ။

“အဲဒီအင်းကွက်ပျက်သွားပြီ၊ တခြားလူတွေဘေးမဖြစ်ရအောင် ကောက်ပြီးတော့ ပစ်လိုက်ကွာ”

ကျုပ်လည်း အင်းကွက်ကိုအသာကလေးကောက်ခဲ့ပြီးတော့ ဦးဘသာအနောက်ကိုလိုက်ခဲ့တယ်၊ ဦးဘသာက ကွမ်းအစ်ကလေးပိုက်ပြီး အရှေ့ကနေ မော့တော့မော့တော့နဲ့သွားတာပေါ့ဗျာ။ ကျုပ်လည်း လိုက်လာရင်း ဈေးအထွက်နားက ရေမြောင်းကြီးထဲကို ပစ်ချလိုက်တော့တယ်၊ အင်းတွေဘာတွေက စီးဆင်းနေတဲ့ ရေအရှင်တွေထဲကို လွှင့်ပစ်ရတယ်လို့ကြားဖူးထားတယ်မဟုတ်လားဗျာ။

ကျုပ်တို့ဘုရားပေါ်ကဆင်းလာတော့ ညနေသုံးနာရီတောင် ထိုးတော့မယ်ဗျ၊ ဦးဘသာကြီးသွားတဲ့အနောက်ကို ကျုပ်ကပြေးလိုက်ပြီးတော့။

“ဒါနဲ့ဦးဘသာ၊ မြိုင်သာရောက်နေပြီဆိုတော့ ဟိုအောက်လမ်းဆရာဆီကို မသွားဘူးလားဗျာ”

ဦးဘသာကြီးက လမ်းလျှောက်နေရင်း ခေါင်းခါပြတယ်။

“မသွားသေးပါဘူးကွာ၊ အချိန်မကောင်းတော့ဘူးကွ၊ ငါတို့ဒီညတော့ မြိုင်သာက အသိအိမ်မှာတစ်ညတည်းရမှာပဲဟေ့၊ နောက်နေ့ကျမှ ငါတို့ အဲဒီကောင်နဲ့တွေ့မယ်ကွာ”

ကျုပ်လည်းစိတ်ပျက်သွားတာပေါ့ဗျာ။

“ဦးဘသာကြီးတို့ကတော့ လုပ်ပြီဗျာ၊ ပြောတော့ ကျားဖမ်းမယ်၊ ဆင်ဖမ်းမယ်နဲ့”

ဦးဘသာကြီးက ကျုပ်ကိုစိတ်ဆိုးသွားပုံရတယ်ဗျ၊ လမ်းလျှောက်တာရပ်ပြီးတော့ ခါးတစ်ဘက်လက်ထောက်ပြီး ကျုပ်ကိုစိုက်ကြည့်နေတယ်။ ကျုပ်လည်း စကားမှားသွားပြီလားဆိုပြီး စိုးရိမ်သွားတာပေါ့ဗျာ။

“ဒီမယ်ဟေ့ကောင်၊ ငါ့နာမည် ဘသာတဲ့ကွ၊ ငါက ဘယ်တော့မှ မလုပ်နိုင်ဘဲမပြောဘူး၊ အခုမသွားသေးဘူးဆိုတာက အချိန်အခါမကောင်းတော့တာရယ်၊ နောက်ပြီး ငါက ဘယ်တော့မှ တစ်ဖက်သားကို ခိုးကြောင်ခိုးဝှက် မလုပ်တတ်ဘူးကွ”

“တောင်း၊ တောင်းပန်ပါတယ်ဦးဘသာကြီးရာ၊ ကျုပ်က ခံပြင်းလွန်းလို့ပါဗျ၊ ဒါနဲ့ နေစမ်းပါအုံး၊ ခိုးကြောင်ခိုးဝှက်မလုပ်ဘူးဆိုတော့ ပေါ်တင်လုပ်မလို့လား”

“ဒီကောင့်ကို ရှောင်တခင်တိုက်ရင် ဒီကောင်ပြင်ဆင်ချိန်ဘယ်ရမလဲကွ၊ အောက်လမ်းဆိုတာက စုန်းအတတ်ပညာသည်တွေလို စက်တွေဘာတွေ လွှတ်လို့ရတာမဟုတ်ဘူးကွ၊ မင်းကိုငါပြောခဲ့သလို အတိုက်အခိုက်တို့၊ အစီအရင်တို့ကို အားကိုးရတာမဟုတ်လား၊ ဒီတော့ ငါသူ့ကိုစိန်ခေါ်မယ်ကွာ၊ ပြီးရင် သူလည်းပြင်ဆင်စရာရှိတာ ပြင်ဆင်လာခဲ့၊ ငါတို့နှစ်ယောက် တစ်နေရာမှာချိန်းပြီးတော့ ပညာပြိုင်ကြမယ်ဟေ့”

ဦးဘသာကြီးပြောတော့ ကျုပ်ဖြင့် ကြက်သီးတွေ တဖြန်းဖြန်းတောင်ထသွားတယ်ဗျာ၊ ဦးဘသာကြီးရဲ့ စိတ်ဓါတ်ကိုလည်း လေးစားသွားတယ်၊ ကိုယ့်ရန်သူကို အလစ်မတိုက်ဘဲနဲ့ သူ့ကိုလည်း ပြင်ဆင်ချိန်ပေးပြီးတော့မှ သူတင်ကိုယ်တင် ဆော်မှာဆိုတော့ ကြည့်ကောင်းပြီပေါ့ဗျာ”

ကျုပ်လည်း ဦးဘသာကြီးအနောက်လိုက်လာခဲ့ပြီး ဦးဘသာကြီးက ဈေးပိုင်းရပ်ကွက်ထဲကို ဝင်သွားပါလေရောဗျာ၊ ကျုပ်လည်းအနောက်ကနေ လိုက်သွားတော့ မကြာခင် အိမ်တစ်အိမ်ရှေ့မှာ ဦးဘသာကြီးက ခြေစုံရပ်လိုက်တယ်ဗျ၊ အိမ်ကတော့ ခြံကြီးဝင်းကြီးနဲ့ ပါဗျာ၊ ခြံထဲမှာလည်း ကျွန်းသားတွေနဲ့ဆောက်ထားတဲ့ နှစ်ထပ်အိမ်ကြီးတစ်လုံးရှိတယ်၊ အိမ်ကြီးက ရေနံချေးဝနေတော့ မဲပြီးနက်နေတာပေါ့ဗျာ၊ ရွာမှာ ကျုပ်တို့အိမ်က အိမ်ကြီးအိမ်ကောင်းစာရင်းထဲမှာပါတယ်ဗျ၊ ဒီအိမ်ကြီးကတော့ ကျုပ်တို့အိမ်ထက် သုံးဆလောက်တော့ အနည်းဆုံးရှိတယ်၊ အိမ်ကြီးရခိုင်ဆိုတာ ဒါမျိုးဖြစ်မှာပေါ့ဗျာ။

ခြံတံခါးကြီးကိုဖွင့်ထားပြီးတော့ အထဲမှာလည်း လူတွေအများကြီးကိုတွေ့လိုက်ရတယ်၊ ခြံထဲမှာ ဆိုင်းဘုတ်အကြီးကြီးထောင်ထားတယ်ဗျ၊ ဆိုင်းဘုတ်မှာရေးထားတဲ့စာတွေကို ကျုပ်လည်းလိုက်ဖတ်တာပေါ့ဗျာ။

“ဗေဒင်ဘုရင်၊ ဝေဒဝိဇ္ဖာ မန္တလေး ဆရာသိန်း ဆိုပါလား”

ဆိုင်းဘုတ်မှာတော့ ကြော်ငြာရေးထားတာ ရွှန်းရွှန်းဝေနေတာပေါ့ဗျာ၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ ရာထူး၊ အလုပ်အကိုင်၊ စာမေးပွဲကိစ္စတွေ ဓါတ်ရိုက်ဓါတ်ဆင်ပေးတယ်ဆိုပဲဗျ။ ဦးဘသာကြီးက အဲဒီခြံကြီးကိုကြည့်ပြီးတော့

“ဒီကောင်ပေါ့ကွာ၊ ငါပြောတဲ့ အောက်လမ်းဘသော်ဆိုတာ ဒီကောင်ပဲကွ”

ကျုပ်ဖြင့် ယုံတောင်မယုံနိုင်ဘူး။

“ဟုတ်ပါ့မလား ဦးဘသာရဲ့၊ ဒီလူက မန္တလေး ဆရာသိန်းဆိုဗျ”

“မင်းနှယ်ကွာ၊ အောက်လမ်းသမားတွေဆိုတာ သူတို့ကိုယ်သူတို့ အောက်လမ်းလို့ပြောပါ့မလားကွ၊ ဗေဒင်ဆရာယောင်ယောင်၊ ဗိန္ဒောဆရာယောင်ယောင်နဲ့ လူအထင်ကြီးအောင်နေတတ်ကြတာ၊ တစ်ဖက်တစ်လမ်းက ကောင်းတာတွေလုပ်နေသယောင်ယောင်နဲ့ တကယ်တော့ အောက်လမ်းပညာတွေနဲ့ အစီအရင်တွေလုပ်ပေးနေတာဟ”

“ဒီတော့ ကျုပ်တို့သူ့ကိုဘာလုပ်ကြမှာလဲ”

“ဒီနေ့တော့ ငါဘာမှမလုပ်သေးပါဘူးကွာ၊ လုပ်ရမှာက မင်းကွ”

ကျုပ်လည်းလန့်သွားတာပေါ့ဗျာ။

“ကျုပ်က ဘာလုပ်ပေးရမလဲ”

“မင်း သူ့ဟောခန်းထဲကိုဝင်သွားပြီးတော့ သူ့ကိုစိန်ခေါ်ရမယ်ကွ”

ကျုပ်ဖြင့် တစ်ကိုယ်လုံးကြက်သီးမွှေးညှင်းတွေ ထောင်ထပြီးတော့ တစ်ချက်နှစ်ချက် တုန်တက်သွားတယ်ဗျာ၊ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ၊ အောက်လမ်းဆရာတစ်ယောက်ကို ဘာမှမတတ်တဲ့ ကျုပ်က သူ့အိမ်ထဲအထိဝင်ပြီး သွားစိန်ခေါ်ရမှာမဟုတ်လားဗျ။ တော်ကြာ သူကစိတ်ဆိုးပြီး ကျုပ်ကိုအောက်လမ်းဆေးမှုန့်တို့၊ အင်းတို့နဲ့ပစ်လိုက်လို့ ကျုပ်တစ်ခုခုဖြစ်သွားရင် ဘယ့်နှယ့်လုပ်ပါ့မလဲ။ ကျုပ်တွေးကြောက်နေတာကို ဦးဘသာကြီးက သိပုံရတယ်။

“ဘာလဲ မင်းကကြောက်နေတာလား၊ မင်းကို စိန်ခေါ်ခိုင်းတာမဟုတ်ပါဘူးကွာ၊ မင်းလုပ်ရမှာက အထဲကိုဝင်သွား၊ အရေးကြီးလို့ ဆရာနဲ့တွေ့ပါရစေလို့ပြောပြီးတော့၊ ငါမှာလိုက်တဲ့စကားကို သူ့ကိုဝင်ပြောပေးရုံပဲ”

ဒီလိုဆိုတော့လည်း လွယ်သားဗျ၊ ကျုပ်လည်းခေါင်းညိတ်လိုက်တာပေါ့၊ ဦးဘသာကြီးပြောတာတွေကို ကျုပ်သေချာမှတ်ပြီးတော့ အဲဒီခြံကြီးထဲကိုဝင်သွားလိုက်တယ်၊ အိမ်ထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ အိမ်ဝမှာ ကောင်မလေးတစ်ယောက်က ကျုပ်ကိုကြိုဆိုတယ်ဗျ၊ စားပွဲလေးတစ်လုံးချထားပြီးတော့ စာအုပ်တွေ၊ ဖောင်တိန်တွေနဲ့ဆိုတော့ စာရေးမလို့ထင်တာပါပဲဗျာ။

“အကိုကြီး ဗေဒင်မေးမလို့လား”

ကောင်မလေးက ကျုပ်ထက်ငယ်ပုံတော့ရတယ်ဗျ။ ရုပ်ကလေးကတော့ ချောလိုက်တာဗျာ၊ ကျုပ်တို့ရွာက ကွမ်းတောင်ကိုင်ချောတယ်ဆိုတာ သူ့ကိုဘယ်မီပါ့မလဲ။

“မဟုတ်ဘူး၊ ဆရာကြီးနဲ့ပြောစရာရှိလို့၊ အရမ်းအရေးကြီးတယ်၊ ကျုပ်အခုပြောမှဖြစ်မယ်”

ကောင်မလေးက ကျုပ်ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီးတော့ စားပွဲခုံကထလိုက်တယ်၊ နောက်တော့ ကျုပ်ကိုသူ့နောက်လိုက်ခဲ့ဖို့ခေါ်သွားတယ်၊ အိမ်ထဲမှာ မိန်းမကြီးတွေ၊ မိန်းမငယ်တွေက စီတန်းပြီး သူတို့အလှည့်ရောက်ဖို့ စောင့်နေကြတယ်ဗျ၊ ဗေဒင်ဆိုတာမျိုးက ယောက်ျားတွေထက် မိန်းမတွေက ပိုပြီးဝါသနာပါတယ် မဟုတ်လားဗျာ၊ ဟောခန်းအရှေ့မှာ မှန်တံခါးကာထားတယ်ဗျ၊ မှန်တံခါးကိုပိတ်ထားပေမယ့် အပြင်ကအသံကို ကျုပ်တို့ကြားနေရတယ်၊ အသံက မိန်းမတစ်ယောက်ရဲ့အသံပါပဲဗျာ၊ အသက်ကတော့ ခပ်ကြီးကြီးဖြစ်လောက်တယ်။ စာရေးမလေးက အခန်းထဲမဝင်ဘဲ မတ်တပ်ရပ်နေတာနဲ့ ကျုပ်လည်းမတ်တပ်ရပ်စောင့်နေတာပေါ့ဗျာ။

“ဆရာရယ်၊ ကျွန်မယောက်ျားနဲ့ အဲဒီကောင်မလေးကို ခွဲပေးပါ၊ အိမ်က နွားက သူ့ကိုမှတမ်းတမ်းစွဲဖြစ်နေပြီးတော့ ခိုးပြေးမလို့တောင် ကြံစည်နေတယ်တဲ့၊ ကျွန်မဖြင့် သူ့စိတ်နဲ့ အိပ်မရစားမရဖြစ်တာ ကြာလှပါပြီရှင်”

မိန်းမကြီးအသံက မှန်ခန်းထဲကနေ ထွက်လာတယ်ဗျ၊ နောက်ပြီး မိန်းမကြီးက ငိုနေပုံရတယ်ဗျ။

“မပူပါနဲ့ဗျာ၊ ကျုပ် ဆရာသိန်းတစ်ယောက်လုံးရှိပါတယ်အမကြီးရ၊ အရှင်ခွဲဆို နှစ်ရာ့ငါးဆယ်၊ အသေခွဲဆိုရင် ငါးရာကျမယ်”

ကျုပ်လည်းအံ့သြသွားတာပေါ့၊ အသံကတော့ သြဇာရှိပြီး တည်တည်ကြည်ကြည်နဲ့ ပြတ်ပြတ်သားသားအသံမျိုးဗျ။ အဒေါ်ကြီးက အသံတိတ်နေတယ်ဗျ၊ နောက်တော့မှ

“လုပ်မယ့်လုပ်တော့ အရှင်းလုပ်ပေးပါဆရာရယ်၊ ကျွန်မ ငွေအကြေချေပေးသွားပါ့မယ်”

“စိတ်ချစမ်းပါဗျာ၊ ခုနစ်ရက်မကြာစေရဘူး အဲဒီမိန်းကလေး ပျောက်သွားစေရမယ်”

ကျုပ်ဖြင့် ကြက်သီးတွေပါထလာတယ်ဗျာ၊ အဲဒီမိန်းမကြီးထွက်သွားတော့ စာရေးမလေးက ကျုပ်ကိုအခန်းထဲကိုသွင်းလိုက်တယ်။

“ဆရာ၊ သူက အရေးကြီးကိစ္စရှိလို့ ဆရာနဲ့ပြောမှရမယ်တဲ့”

ကျုပ်လည်း ထိတ်လန့်နေတာပေါ့ဗျာ၊ အဲဒီဆရာက မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ မျက်ခုံးလည်းကောင်းတယ်ဗျ၊ အသားနည်းနည်းညိုတာကလွဲလို့ ရုပ်ရည်ကတော့ မင်းသားရန်အောင်လိုရုပ်မျိုးဗျ၊ ထူးဆန်းတာကတော့ သူ့မျက်လုံးပဲ၊ မျက်လုံးတွေက တော်တော်ကိုဝင်းလက်နေတာဗျ။ ကျုပ်ကို ခြေဆုံးခေါင်းဆုံးကြည့်တော့ ကျုပ်ဖြင့် မနေတတ်အောင်ပါပဲဗျာ။

“မင်းကိုငါမသိဘူး၊ မင်းဘယ်သူလဲ”

“ကျုပ်၊ ကျုပ်ကို လူတစ်ယောက်က စကားတစ်ခွန်းပါးလိုက်လို့ လာပြောတာပါခင်ဗျာ”

ကျုပ်အသံက ကျောင်းဆရာရှေ့ရောက်တဲ့ ကလေးတစ်ယောက်အသံလိုဖြစ်သွားပြီး ကျုပ်ရဲ့ကိုယ်ဟန်ကလည်း ကုပ်ကုပ်ကလေးဖြစ်သွားတယ်ဗျာ၊ သူက ကျုပ်ကိုကြည့်ရုံပဲကြည့်နေတာနဲ့ ကျုပ်လည်း ဦးဘသာကြီးမှာလိုက်တဲ့အတိုင်း ပြောလိုက်တာပေါ့ဗျာ။

“ဟေ့ကောင်ဘသော်၊ မင်းဘာကောင်လဲဆိုတာ ငါသိတယ်၊ အခုငါမင်းကို ပညာပေးဖို့ရောက်လာခဲ့ပြီကွ၊ မနက်ဖြန်ည သန်းခေါင်ကျော်ရင် မင်းနဲ့ငါ မြိုင်သာသုဿန်မှာ တွေ့ကြမယ်၊ မင်းကိုငါမကြောက်ဘူးကွာ၊ မင်းကြိုက်တဲ့အစီအရင်တွေလုပ်လာခဲ့၊ ငါမင်းကိုဆက်ဆက်စောင့်နေမယ်”

ကျုပ်လည်းပြောလိုက်ရော အဲဒီလူကြီး ဒေါသတွေထွက်လာပါလေရောဗျာ၊ မျက်နှာကြီးကနီရဲလာပြီးတော့ ကျုပ်ကိုလည်း စူးစူးစိုက်စိုက်ကြည့်နေတာဗျ။ ကျုပ်လည်း ပြောဖို့တစ်ခွန်းကျန်နေသေးတာနဲ့။

“မင်းမလာရင် ဘာဖြစ်မယ်ဆိုတာ မင်းသိပါတယ်ကွာ”

အဲဒီလိုပြောလိုက်တော့ အောက်လမ်းဆရာက ဒေါသကိုထိန်းလိုက်တယ်ဗျ၊ နောက်တော့ ခေါင်းတညိတ်ညိတ်နဲ့

“ကောင်းပြီလေ၊ ငါလာခဲ့မယ်၊ ငါဘာကောင်လဲဆိုတာ မင်းသိရတာပေါ့ကွာ”

ကျုပ်လည်း ပြောပြီးတာနဲ့ အဲဒီအခန်းထဲကနေ လှည့်ထွက်လာခဲ့တာပဲဗျာ၊ ကျုပ်အနောက်က လိုက်လာတဲ့စာရေးမလေးဆိုရင် ကျုပ်ကိုစူးစူးရဲရဲကြည့်ပြီး မျက်စောင်းတွေချည်းထိုးနေတာဗျ၊ ကျုပ်လည်း အဲဒီခြံထဲကနေ အပြေးတစ်ပိုင်းနဲ့ ပြေးထွက်လာခဲ့တာပေါ့ဗျာ။ အပြင်ရောက်တော့ လမ်းတစ်ဖက်ခြမ်းက ခရေပင်ရိပ်ကလေးမှာ ဦးဘသာကြီးက ထိုင်စောင့်နေတယ်ဗျ။

“မင်းပြောလိုက်ပြီလားကွ”

“ပြော၊ ပြောလိုက်ပါပြီ”

“ငါပြောတဲ့အတိုင်း ပြောလိုက်တယ်မဟုတ်လား”

“ပြောလိုက်ပါတယ်၊ သူကလည်း လာခဲ့မယ်လို့ပြောပါတယ်”

“အေးပါ၊ ဘယ်သူပြောခိုင်းတယ်ဆိုတာကိုရော မင်းသူ့ကိုပြောလိုက်သေးလား”

ကျုပ်ဖြင့်ထူပူသွားတာပဲဗျာ၊ ဘယ်သူပြောခိုင်းတယ်ဆိုတာကို ကျုပ်ပြောဖို့မေ့သွားတယ်၊ မသိရင် ကျုပ်ကိုယ်တိုင် စိန်ခေါ်သလိုမျိုး ပြောလိုက်မိတာဗျ။ ကျုပ်လည်း ကိုယ့်နှဖူးကိုယ် တဖတ်ဖတ်နဲ့ရိုက်နေမိတာပါပဲဗျာ။ ဦးဘသာကြီးကလည်း ကျုပ်အဖြစ်ကို သိပုံရပါတယ်၊ တခွီခွီနဲ့ရယ်နေတော့တယ်။

“မင်းက သူ့ကိုစိန်ခေါ်ခဲ့တာဆိုတော့ မနက်ဖြန်ညကျတော့ မင်းပဲသွားလိုက်ပေါ့ကွာ”

“မလုပ်ပါနဲ့ ဦးဘသာကြီးရာ၊ ကျုပ်က သူ့ကိုဘယ်လိုရင်ဆိုင်နိုင်မှာလဲဗျ”

“ငါက အလကားနောက်တာပါကွာ၊ ကဲ၊ နေလည်းစောင်းတော့မယ်ဟေ့၊ ငါ့မိတ်ဆွေအိမ်ကို သွားကြစို့ကွာ”

ဦးဘသာကြီးက အရှေ့ကနေထွက်သွားပြန်ရော၊ ကျုပ်ခြေလှမ်းတွေကတော့ နှေးနေတယ်ဗျာ၊ ခင်ဗျားတို့ပဲစဉ်းစားကြည့်လေ၊ နာမည်ကြီး ဒိတ်ဒိတ်ကြဲအောက်လမ်းဆရာကြီးကိုမှ ကျုပ်ကစိန်ခေါ်ခဲ့မိပြီမဟုတ်လားဗျာ။

ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့မှပဲ မြိုင်သာသုဿန်မှာ ကျုပ်နဲ့ အောက်လမ်းဘသော်နဲ့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို ဆက်ပြောပြတော့မယ်ဗျာ။

ပြီးပါပြီ။

#အဂ္ဂဇော်