ရွှေဂူရှင်မ

သာသာလေး ရှိတာလေဗျာ။

ရှောက်ရည် တစ်ပုလင်းနဲ့ ထန်းလျက်အရက် ။ ခေါက်ရေ
သန့်သန့်တစ်ပုလင်း ရောရသဗျ။ ထန်းလျက်အရက်ဆိုတာ
တောအရက်ကို ပြောတာဗျာ။ အဲဒီနှစ်ပုလင်းစာကို
ကြေရည်သုတ်ဇလုံထဲမှာ ထည့်ရတယ်။

တစ်ခါတလေတော့လည်း မြေအိုးနဲ့ ကျိုရသဗျ
အဲဒီနှစ်ပုလင်းစာကို တစ်ပုလင်းစာကျန်အောင်
ကျိုရတယ် ။ တစ်ပုလင်းစာ ကျန်ပြီဆိုတော့မှ
အဆင်သင့်ဝယ်ထားတဲ့ ငါးလင်ဗန်းသည်းခြေ
အစိုဖြစ်ဖြစ် ။ အခြောက်ဖြစ်ဖြစ် လေးခု ငါးခုလောက်
ထည့်ကျိုရတယ်။ ငါးလင်ဗန်းသည်းခြေ
ထည့်လိုက်တော့ အရည်ကို ဝါညိုညိုကြီး ဖြစ်လာရောဗျ။

ပြီးရင် ကုလားအော်သီးလို့ ခေါ်တဲ့ အာဝါသီးရဲ့အလယ်က
အူတိုင်သုံးခု ထုတ်ပြီး ထည့်ကျိုရတယ်။ ငရုတ်သီးရဲ့
အူတိုင်မှာက ငရုတ်စေ့လေးတွေ ပါတာပေါ့ဗျာ။

အဲဒီအရည်ကို အအေးခံပြီး ငှက်ပျောဖူး ပုလင်းနဲ့
ထည့်ထားရတယ်။ တစ်ယောက်ယောက် လေဖြတ်လို့
ဘကြီးကို လာခေါ်ရင် ဘယ်အချိန်ဖြစ်ဖြစ်
သူ့ဆေးပုလင်းကြီးကို ဆွဲပြီး လိုက်တော့တာပဲဗျ။

ဘကြီးက တဖြည်းဖြည်း နွေးလာပြီး အိပ်ပျော်သွားတယ်ဗျ။

ကျုပ်ကတော့ ပြန်မအိပ်တော့ဘဲ ဘကြီးကို
စောင့်နေတာပေါ့ဗျာ ။ နောက်နေ့မနက်ရောက်တော့
ဆရာဝန်နဲ့တော့ ပြရတာပေါ့ဗျာ။ ရွာကို လူကြုံနဲ့
အကြောင်းကြားတော့ အမေနဲ့ အဘလည်း
လိုက်ချလာကြတာပေါ့။

ဒါနဲ့ပဲ ကျုပ်လည်း မြို့မှာ သောင်တင်နေတော့တာဗျ။
ဘကြီး တော်တော်လေး ကောင်းလာတော့ ကျုပ်လည်း
ပျင်းပျင်းရှိတာနဲ့ မြို့ထဲက ကျောင်းနေဘက်
သူငယ်ချင်းတွေဆီ လျှောက်လည်ရတာပေါ့ဗျာ။

“ဟေ့ တပည့် ။ အဲဒီရွှေမန်းကျည်းတောင့်တွေကို
မထိနဲ့ မကိုင်နဲ့ ကြားလား ။ လျှောက် လျှောက်
တည့်တည့်လျှောက် ။ ငါနောက်က သိပ်မခွာနဲ့။
ကပ်လျှောက် တပည့် ။ ကပ်လျှောက် ။
ဟေ့ကောင် တပည့် မင်း ဘာမှ မကြောက်နဲ့
ဘီလူးကောင်ကြီး လာနေပြီ ။ လာနေပြီ။
ငါ လုပ်လိုက်မယ် မကြောက်နဲ့။ တပည့်
မကြောက်နဲ့ ။ ငါ့ဆေးတောင်ဝှေးနဲ့ ရမ်းလိုက်မယ်”

အသံပြာပြာကြီးနဲ့ အော်ပြောတာဗျ။ လူတွေလည်း
အုံလို့။ ကျုပ် ချက်ချင်းသွားပြီး ကြည့်လိုက်တယ်
ရသေ့ကြီးတစ်ပါးဗျ။ ဆံပင်ကြီး ဖားလျားချလို့။
သင်္ကန်းညိုညိုကြီးကလည်း စုတ်ပြက်သတ်လို့ဗျာ။
လက်ထဲမှာ သစ်ကိုင်းခြောက်တစ်ချောင်း ကိုင်ထားတယ်။

“ဟာ …ရသေ့ အရူးကြီးကွ”

ကလေးနှစ်ယောက်က ကျုပ်ကို တိုးပြီး လူအုပ်ထဲကို
ဝင်သွားတယ်။ ဝိုင်းအုံကြည့်နေတဲ့ လူတွေရဲ့ မျက်နှာကို
ကျုပ် အကဲခတ်ကြည့်လိုက်တယ်။ လူ့စိတ်ဆိုတာ
မျက်နှာမှာ ပေါ်နေတာပဲလေဗျာ။

တချို့ကတော့ ရသေ့အရူးကြီးကို သနားတဲ့စိတ်နဲ့
ကြည့်နေတာဗျ။ တချို့ကျတော့လည်း မျက်နှာက
ပြုံးစေ့စေ့နဲ့ ။ ရယ်စရာလို့ သဘောထားတာပေါ့ဗျာ။

“ဟား ဟား ဟား ရသေ့ကြီး သိုက်တူးနေတာကွ”

“အေး ဟုတ်မယ်ကွ။ လက်ထဲက ကိုင်ထားတဲ့
သစ်ကိုင်းခြောက်ကို ဆေးတောင်ဝှေးလို့
သေဘာထားပုံရသကြ”

“ဟုတ်တယ်လေ ကိုစရဲ့။အဲဒီဆေးတောင်ဝှေးနဲ့
သိုက်ထဲက ဥစ္စာစောင့် ဘီလူးတွေ။ သရဲတွေကို
ရမ်းပစ်လိုက် ။ ထိုးပစ်လိုက် ။ ရိုက်လိုက် လုပ်နေတာလေဗျာ။
အတော်လေးတော့ ရယ်စရာကောင်းသားဗျ။
ဟား ဟား ဟား ”

ပြောရင်းနဲ့ ဒီလူ ရယ်ရောဗျ။

“ဟေ့ကောင် ဘမှိန်။ မရယ်နဲ့ကွ။ မင်း ဝဋ်လိုက်နေဦးမယ်။
ဒါ ရယ်စရာမဟုတ်ဘူးကွ ။ သနားဖို့ကောင်းတာ”

” ဟဲ့ တပည့် မတီးနဲ့ ။ မတီးနဲ့။ အဲဒီမောင်းကို မတီးနဲ့။
ဟာ ဒီကောင် ပြောနေတဲ့ကြားက မောင်းကို တီးလိုက်ပြီ။
ဟာ ရေတွေ ရေတွေ ဂူနံရံက ရေလုံးကြီးတွေ ပန်းထွက်လာပြီဟ။
ကူးဟေ့ ကူး ကူး မသေချင်ရင် လွတ်အောင်ကူးကွ”

ရသေ့အရူးကြီးက ပြောပြောဆိုဆိုနဲ့ ဝမ်းလျားမှောက်ချလိုက်ပြီး
သဲထဲမှာ ရေကူးသလို ကူးနေရောဗျာ။

“ဟား ဟား ဟား ဟား ဟား ”

ကြည့်နေတဲ့ လူအုပ်ကြီးက ရယ်တော့တာပေါ့ဗျာ။
ဒါပေမဲ့ ရသေ့ကြီးက သူ့ကို လူတွေ အုံ့ကြည့်နေတာကို
နည်းနည်းမှ သတိထားမိပုံမရဘူးဗျ။ သဲတောထဲမှာ
ရေကူးနေတော့တာပါပဲဗျာ။

ကျုပ်လည်း ဆက်မကြည့်ရက်တော့တာနဲ့ လှည့်ထွက်လာခဲ့တယ်
ဘယ်ကိုမှလည်း သွားချင်စိတ် မရှိတော့ပါဘူးဗျာ။ဘကြီး
အိမ်ကိုပဲ ကျုပ် ပြန်လာခဲ့တယ်။
ကျုပ်စိတ်မကောင်းဘူးဗျာ။
ရသေ့ကြီး ဦးဘောကို ကျုပ် မတွေ့တာ
တစ်နှစ်ကျော်ပြီဗျ။ ကျုပ်စိတ်ထဲမှာ သတိတောင်
သိပ်မရတော့ပါဘူး ။ အခုလို ဗြုန်းကနဲ ပြန်တွေ့လိုက်တော့
ကျုပ် အံ့သြသွားတာပေါ့ဗျာ။

ပြီးတော့ တွေ့ရပုံ တွေ့ရနည်းကလည်း အရူးကြီးအနေနဲ့
တွေ့ရတာဆိုတော့ ကျုပ်စိတ်ထဲမှာ တော်တော်ကို
မကောင်းတာဗျာ။ ရသေ့အရူးကြီး ဦးဘောဂကို
ဝိုင်းကြည့်ပြီး တဟားဟားနဲ့ ရယ်နေတဲ့ လူတွေကတော့
ဘယ်သိကြမတုံးဗျာ။

ဒီရသေ့ကြီးက ဘာဖြစ်လို့ ရူးသွားတယ်ဆိုတာလည်း
ဘယ်သိကြမှာတုံး။ ကျုပ်ကတော့ သိတာပေါ့ဗျာ။
ကျုပ်က ဦးဘောဂနဲ့ အတူတူပါသွားခဲ့တဲ့ ကောင်လေဗျာ။

ခင်ဗျားကိုတော့ ဒီအကြောင်း ပြောပြရမှာပေါ့ဗျာ။
ဘာဖြစ်လို့တုံးဆိုတော့ ခင်ဗျားက
ကျုပ်ရဲ့စာဖတ်ပရိတ်သတ်ကိုဗျ။

ကျုပ် သေသေချာချာကို မှတ်မိနေတဲ့ အကြောင်းပါဗျာ
ဒီတစ်သက်တော့ ကျုပ် ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး
ပြာသိုလကြီးဗျ။ ကျုပ်တို့အညာမှာ လွှတ်အေးနေတဲ့
အချိန်ပေါ့ဗျာ။ အဘနဲ့ ကျုပ်နဲ့က ဆောင်းမြေပဲတွေ
နှုတ်ပြီး သိမ်းဆည်းပြီးလို့ အားနေကြတာ
တစ်ပတ်လောက် ရှိပြီဗျ။

နေ့ခင်းဘက်ဆိုရင် ဝိုင်းထဲမှာ ပဲလှမ်းရတာလောက်ပဲ
အလုပ်ရှိတာပေါ့ဗျာ။ ပြာသိုညတွေဆိုတာ ကျုပ်တို့အညာမှာ
ကောင်းကောင်း အိပ်လို့ ရကြတာမှ မဟုတ်တာဗျာ။
စောင်ခြုံပြီးတော့သာ ကွေးနေရတာ။

မှေးကနဲ ပျော်သွားလိုက် နိုးလာလိုက် ကွေးလိုက်နဲ့
မိုးကိုလင်းရော ကောင်းကောင်းအိပ်ပျော်တာ
မဟုတ်ဘူးဗျ။ မနက်ကျတော့လည်း အလုပ်ရှိတော့
ထကြရပြန်တာပါပဲဗျာ။ ကျုပ်တို့ အညာသားတွေနဲ့
အညာနွားတွေကတော့ ဒီလိုပါပဲ။

နွားနဲ့ဖက်ပြီး ကြီးလာတဲ့ ကောင်တွေဆိုတာ
ကျုပ်တို့မှ အစစ်ဗျ။ ဒီနွားတွေနဲ့ ကျုပ်တို့နဲ့ အတူတူ
ယာထွန်လိုက်ကြ။ အတူတူ ရေစည်တိုက်လိုက်ကြ။
အတူတူသွားပြီး ထင်းခုတ်လိုက်ကြ။အတူတူ နှမ်းအိတ်။
ပဲအိတ် တိုက်လိုက်ကြ။ ဟိုရွာ ဒီရွာကို လှည်းနဲ့
အတူတူ သွားလိုက်ကြလေဗျာ။ခုရက်ကလေးတော့
နည်းနည်းအားတာနဲ့ ကျုပ်က မနက်အစောကြီး
မထဘူးဗျ။ အိပ်ရာထဲမှာ ဇိမ်လုပ်ပြီး ကွေးနေတာဗျို့

“တာတေရေ တာတေ နိုးပြီလားဟေ့”

အို …ဘယ်သူများတုံးဗျာ ။ ဝိုင်းဝကနေ အာပြဲကြီးနဲ့
ကုန်းအော်နေတာ။ ကျုပ်လည်း ခြုံထားတဲ့ စောင်တွေကို
ခွာချပြီး အိမ်ရှေ့ကို ထွက်ကြည့်လိုက်တယ်။
လှည်းနဲ့ လာတာဗျ။ ဝိုင်းဝမှာ လှည်းရပ်လို့
ကျုပ်ကို လှမ်းအော်နေတာ။

သေသေချာချာ ကြည့်လိုက်တော့မှ ဒါ ဆပ်သမြှောင်က
ကိုအောင်ပွားဗျ။ လက်နှစ်ဖက်လုံးမှာ လက်မလေးတွေ
ပွားနေတာ ။ ဒီလူ ကျုပ်ဆီကို တစ်ခါမှ လာဖူးတာ
မဟုတ်ဘူး။ ရွာတွေမှာ အလှူအတန်းရှိမှ
ဆုံတတ်တာဗျ။ ဆပ်သမြှောင်ဆိုတာက
ကျုပ်တို့ရွာ ထနောင်းကုန်းနဲ့ ဆိုရင် တော်တော်လေး
လှမ်းသေးတယ်။ ကြားမှာ မီးလောင်ကုန်းတို့
ငွေတွင်းကုန်းတို့ ကျော်သွားရသေးတာ။
အဲဒီနှစ်ရွာ ကျော်ပြီးမှ ဆပ်သမြှောင်ကို
ရောက်တာဗျ။

“ကိုအောင်ပွား လာလေဗျာ။ လှည်းကို ဝိုင်းထဲအထိ
မောင်းဝင်လိုက်”

ကျုပ်က ပြောပြောဆိုဆိုနဲ့ ဝိုင်းထဲကို ပြေးဆင်းခဲ့တယ်
ကိုအောင်ပွားကလည်း နွားဖြူကြီးနှစ်ကောင်ဆွဲတဲ့
သူ့လှည်းကို ဝိုင်းထဲမောင်းဝင်လိုက်တယ်
ကိုအောင်ပွားရဲ့ နွားကြီးတွေက တော်တော်ချောတာဗျ။
အလုံးရော ဒေါက်ရော ဘာမှကို ပြောစရာ မရှိတဲ့
နွားချောကြီးတွေဗျ။

“လာဗျာ ကိုအောင်ပွား”

ကိုအောင်ပွားက နွားနှစ်ကောင်ကို လှည်းကနေ ဖြုတ်လိုက်တယ်
နွားတင်းကုတ် ဒီဘက်ထိပ်မှာ နွားတွေ ချလိုက်တယ်
ကျုပ်က နွားစာခွက်ထဲကို စဉ်းပြီးသား ပြောင်းရိုးထည့်ပြီး
ရေပါထည့်ပေးလိုက်တယ်။ ကျုပ်တို့အညာမှာက
လူကိုတင် ဧည့်ခံကြတာ မဟုတ်ဘူးဗျ။

နွားပါရင် နွားကိုပါ ဧည့်ခံကြရတာဗျို့။ ကိုအောင်ပွားကို
အမောပြေဖွာဖို့ နဂါးဆေးပေါ့လိပ်ကလေး မီးညှိပြီး
တည်လိုက်တယ်။ အမေက လက်ဖက်သုတ်နဲ့
ရေနွေးကြမ်း ချပေးတယ်။ ကိုအောင်ပွားက
အဘနဲ့ အမေ့ကို နှုတ်ဆက်တယ်။

“အောင်ပွား မင်းအဘ ကိုဘိုးရင်နဲ့ မင်းအမေ မစွာတို့
နေကောင်းကြရဲ့လားကွ။ မတွေ့တာ အတော်ကို
ကြာနေပြီဟေ့”

“နေကောင်းကြပါတယ် ဘိုးဥာဏ်။ ဘိုးဥာဏ်တို့
အရီးတို့ရော နေကောင်းကြရဲ့လား ”

“အေး ကောင်းပါတယ်ကွ နို့ ထနောင်းကုန်းကို
အလည်လာတာလား ။ ကိစ္စရှိလို့လား”

“တာတေ့ဆီကို လာတာ ဘိုးဥာဏ်။ ကိစ္စတစ်ခု
ရှိလို့ဗျ”

“သြော် …အေး အေး ။ ကဲ ဒါဆို မင်းတို့ညီအစ်ကိုက
နှစ်ယောက် ပြောကြ ဆိုကြ ။ဘိုးဥာဏ်နဲ့ မင်းအရီးက
တောင်ပိုင်းက ကိုညိုတို့အိမ်ကို ခဏသွားလိုက်ဦးမယ်
ကိုညိုတို့အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ရှိလို့ ဖိတ်ထားတာ။
မသွားလို့ မကောင်းဘူးဟေ့”

အဘနဲ့ အမေ ဝိုင်းက ထွက်သွားကြတယ်။
ကျုပ်လည်း ကိုအောင်ပွားကို မေးလိုက်မိတယ်။

“ကိုအောင်ပွား ကျုပ်ဆီကို လာတာ ဘာကိစ္စရှိလို့တုံးဗျ”

ကိုအောင်ပွာ ဆိုတဲ့လူက ကျုပ်ထက် ဆယ်နှစ် ။
ကိုးနှစ်လောက် ကြီးလိမ့်မယ် ထင်တယ်။
လူပုံက ပိန်ပိန်ရှည်ရှည်ကြီးဗျ။ လက်မနှစ်ဖက်စလုံးမှာ
လက်ပွားလေးတွေနဲ့ဗျ။ ဒီလူက လွှတ်သဘောကောင်းတာဗျာ။
ဆပ်သမြှောင်က သာရေး နာရေးဆိုရင် ကိုအောင်ပွား
မပါလို့ ပြီးတာ မဟုတ်ဘူးဗျ။

“ဒီလို တာတေရေ။ ငါတို့ဆပ်သမြှောင် တောင်ကျောင်းက
ဆရာတော် ဦးဥတ္တမကို မင်းသိတယ်မို့လား”

“ဟာ သိတာပေါ့ ကိုအောင်ပွားရဲ့”

“အေး ဆရာတော် လွှတ်လို့ ငါလာတာကွ။ဆရာတော့်
ကျောင်းမှာ ရသေ့နှစ်ပါး ရောက်နေတယ်”

“ရသေ့ ဟုတ်လား။ ဘယ်က ရသေ့တွေတုံးဗျ”

“ဘယ်က ရသေ့တွေလဲ ငါလည်း မသိဘူးကွ။
ဆရာတော် ဦးဥတ္တမနဲ့တော့ တော်တော်ရင်းနှီးပုံပဲ။
ရသေ့ကြီးရဲ့ ဘွဲ့က ဦးဘောဂတဲ့ကွ။ ရသေ့ငယ်လေးရဲ့ဘွဲ့က
ကိုသောမတဲ့။ ရသေ့ကြီးက အသက်ငါးဆယ်ကျော်လောက်
ရှိမယ်။ ရသေ့လေးသောမက အသက်နှစ်ဆယ်ကျော်လောက်ပဲ
ရှိမယ်ကွ တာတေရေ”

“သူတို့ ခင်ဗျားတို့ ဆပ်သမြှောင်ကို ဘာလာလုပ်တာတုံးဗျ”

“သိုက်တူးမလို့တဲ့ကွ တာတေရ”

“ဘာဗျ ။ သိုက်တူးမလို့ဟုတ်လား ။ ဘယ်ကသိုက်တုံး”

“့ပြဒါးပြာသိုက်လို့ ပြောတာပဲကွ ။ ဘယ်မှာရှိတာတုံးတော့
ငါလည်း မသိဘူး။ဒီသိုက်ကို ဖွင့်ဖို့အတွက်တော့ စနေသား
တစ်ယောက် လိုနေတယ်တဲ့ကွ”

“ဗျာ ။ စနေသားလိုနေတယ် ဟုတ်လား ကိုအောင်ပွား။
ခင်ဗျားတို့ ဆပ်သမြှောင်မှာ စနေသားတွေ အများကြီးပါဗျာ။
တင်ကြွေတို့ တင်ငွေတို့ ညီအစ်ကိုလည်း စနေသားတွေပဲဗျ”

” ဟာ မဟုတ်ဘူးကွ။ လူတိုင်းခေါ်လို့ မရဘူးတဲ့
တာတေရ။ လွှတ်သတ္တိရှိပြီး လွှတ်သစ္စာရှိရမှာဆိုပဲကွ။
ဆရာတော်က မင်းအကြောင်း ပြောပြလိုက်တော့
ရသေ့ကြီး ဦးဘောဂက ချက်ချင်းခေါ်ပေးပါလို့
ပြောတာနဲ့ ငါလာခေါ်တာကွ”

ဒါမျိုးတွေက ကျုပ် ကြုံခဲဖူးပါတယ်။ အဘနဲ့အမေ
ပြန်လာတော့ အကျိုးအကြောင်းပြောပြီး ကိုအောင်ပွားရဲ့
လှည်းနဲ့ ဆပ်သမြှောင်ကို ကျုပ် လိုက်ခဲ့တယ်။

ရသေ့ကြီး ဦးဘောဂရဲ့ ဥပဓိရုပ်ကို မြင်တော့ ကျုပ်
သဘောပေါက်တယ်ဗျ။ ရသေ့ကြီးဟာ တစ်ခုခုကို
လုပ်တော့မယ် ဆိုရင် မဆုတ်မနစ် လုပ်မယ့်ရုပ်မျိုးဗျ။
ဒါပေမဲ့ မျက်လုံးတွေက နည်းနည်းပြူးနေတယ်။
ဒါဟာ အလိုလောဘကြီးတဲ့သဘောကို ပြတာဗျ။

သူ့တပည့် ရသေ့သောမကတော့ ငယ်လည်း ငယ်တယ်
အသိဥာဏ်လည်း နည်းမယ့်ပုံပဲဗျ။

“ဒကာလေး တာတေ။ ကျုပ်ကို ကူညီပါ”

ရသေ့ကြီး ဦးဘောဂက ကျုပ်ကို အကူအညီတောင်းတာဗျ။
ဆရာတော် ဦးဥတ္တမကလည်း ကျုပ်ကို ကူညီဖို့ ပြောတယ်ဗျ။

“နေပါဦး ဘရသေ့ကြီးရဲ့။ အခု တူးမယ့်သိုက်က
ဘာသိုက်တုံး ။ ဘရသေ့က ဘာကို လိုချင်လို့ တူးမှာတုံး”

ကျုပ်က တည့်ပဲ မေးလိုးက်တယ်ဗျ။

“ဘရသေ့ အခုတူးမယ့်သိုက်က ပြဒါးပြာသိုက်ကွဲ့။
ဘရသေ့က ရွှေ ။ ငွေ ။ ကျောက်သံပတ္တမြား ဘာမှ
မမက်မောဘူးကွဲ့။ ပြဒါးပြာပဲ လိုချင်တာ။ အဲဒီ ပြာဒါးပြာ
ရရင် ရွှေလိုချင်ရွှေ ။ ငွေလိုချင်ငွေ ဖြစ်မယ်။
ပြီးတော့ ဘရသေ့ ထွက်ရပ်ကြွလို့ရမယ်။
ဒကာလေး တာတေ”

ကျုပ် လိုက်ခဲ့ပါမယ်လို့ ကတိပေးလိုက်တယ်
အဲဒီည ဆပ်သမြှောင် တောင်ကျောင်းမှာ တစ်ညအိပ်ပြီး
မနက်စောစော ခရီးထွက်ခဲ့တယ်။ အလယ်ရိုးမပေါ်ကို
ကျုပ်တို့ရောက်တော့ ဘရသေ့ကြီးက သူရဲ့
ဆေးတောင်ဝှေးကြီးကို ထောက်ရင်း ထောက်ရင်းနဲ့
ရှေ့က ကြွတယ်။ သူ့နောက်က ကျုပ်က လိုက်ရတယ်။

ကျုပ်နောက်ကမှ ရသေ့လေး သောမက လိုက်လာတယ်
တောထဲရောက်ကတည်းက ရသေ့သောမက
ဘုရားဂုဏ်တော်ကို မပြတ်ရွက်တော့တာပဲဗျ။
ညရောက်တော့ ညောင်ပင်အကြီးကြီးနှစ်ပင်
ပေါက်နေတဲ့ကြားက ကျောက်ဖျာပေါ်မှာ
ကျုပ်တို့ အိပ်ကြတယ်

ကျုပ်တို့ ဆိုတာက ကျုပ်နဲ့ ရသေ့သောမရယ်ပေါ့ဗျာ။
ဘရသေ့ကြီး ဦးဘောဂကတော့ တစ်ညလုံး ပုတီးထိုင်စိပ်နေတာဗျ။
လက်လည်း တစ်တောလုံး ။ တစ်တောင်လုံး လင်းနေအောင်ကို
သာနေတာဗျ။ မနက်မိုးလင်းတော့ ရသေ့ကြီးက
ကျုပ်နဲ့ ရသေ့သောမကို နှိုးပြီး ကောက်ညှင်းပေါင်း
အဆာပြေ ကျွေးတယ်။

“မောင်တာတေ ။ ကျုပ်တို့တော့ လာရှာတဲ့နေရာကို
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီကွဲ့”

“ဟာ ဟုတ်လား ဘရသေ့ ။ ဒါဆိုရင် ရှေ့ဆက်သွားဖို့
မလိုပါဘူးပေါ့”

“ဟုတ်တယ်ကွဲ့။ ဒီညောင်ပင်ကြီး နှစ်ပင်အောက်က
မောင်တာတေတို့ တစ်ညလုံး တက်အိပ်နေတဲ့
ကျောက်ဖျာကြီးဟာ ပြဒါးပြာသိုက်ကြီးရဲ့
ဝင်ပေါက်ကြီးပဲကွဲ့။ ကဲ အပေါ်က သစ်ရွက်ခြောက်တွေ
ဖယ်ပြီး ကျောက်ဖျာကြီးကို နည်းနည်းလောက်
ပွတ်တိုက်ကြည့်စမ်းကွယ်”

ရသေ့သောမနဲ့ ကျုပ်က တောင်ထန်းလက်အခြောက်
တစ်ခုစီ ကောက်ယူပြီး ကျောက်ဖျာကြီးပေါ်က
သစ်ရွက်ခြောက်တွေကို လှည်းထုတ်ပစ်လိုက်တယ်။
ပြီးတော့မှ ကျောက်ဖျာကြီးပေါ်မှာ သေသေချာချာ
လိုက်ကြည့်တော့မှ ထောင့်လေးထောင့်မှာ
ဘီလူးရုပ်တွေ တွေ့တော့တာဗျို့။

“ကဲ သေချာပြီ မောင်တာတေရေ။ သောမနဲ့ မောင်တာတေ
နောက်ဆုတ်ကြ ။ နောက်ဆုတ်ကြ ။ ကျုပ် သိုက်တံခါး
ဖွင့်တော့မယ်”

ရသေ့သောမနဲ့ ကျုပ်နဲ့က ညောင်ပင်ကြီး နှစ်ပင်ရဲ့
ပင်စည်ကို ရောက်သွားတဲ့အထိ ဆုတ်လိုက်ကြတယ်
ရသေ့ကြီးက ပါးစပ်ကနေ မန္တန်တွေ မပြတ်ရွတ်ပြီး
လက်ထဲက ဆေးတောင်ဝှေးကြီးနဲ့ ကျောက်ဖျာကို
လွှဲရိုက်လိုက်တယ်။

“ဝုန်း”

ဟာ ကျုပ်တို့ ရပ်နေတဲ့ မြေကြီးဆိုတာ ဆတ်ဆတ်ခါအောင်
တုန်လှုပ်သွားလိုက်တာ ရသေ့သောမခမျာ ဖင်ထိုင်ရက်တောင်
လဲကျသွားရောဗျာ။

“ဝုန်း ။ ဂျုန်း ။ ဂျုန်း”

ဟာ ပွင့်သွားပြီဗျို့။ ကျောက်ဖျာကြီး အလယ်က ကွဲပြီး
ရွှေ့သွားပြီဗျာ ။ ဟာ ကျောက်ဖျာအောက်မှာ
အောက်ကိုဆင်းတဲ့ ကျောက်လှေကားကြီးဗျ။
ကျုပ်ငုံ့ကြည့်လိုက်တော့ ကျောက်လှေကားကြီးအဆုံးမှာ
ကျောက်ဘီလူးရုပ်ကြီး တစ်ရုပ်ဗျ။

အစွယ်ပြူးပြူးနဲ့ မျက်လုံးကြီးတွေ ရဲရဲတောက်နေတာဗျ။
လက်က လေးဖက်။ လက်တိုင်းမှာ ဓါးတစ်လက်စီ
ကိုင်ထားတာဗျို့။

ဘာမှမပြောမဆိုတော့ဘဲ ရသေ့ကြီးက ဘောက်ဆတ်
ဘောက်ဆတ်နဲ့ ရှေ့က ဆင်းသွားတယ်။ ကျုပ်နဲ့
ရသေ့သောမလည်း ကျောက်လှေကားထစ်တွေအတိုင်း
နင်းပြီး ရသေ့ကြီး ဦးဘောဂရဲ့နောက်က
လိုက်ကြရတော့တာပေါ့ဗျာ။

ကျောက်လှေကားထစ် ဆယ့်တစ်ထစ် ဆင်းပြီးတာနဲ့
ဆင်စွယ်ရောင်လို ဖွေးနေတဲ့ ကျောက်သားကြမ်းပြင်ကြီးကို
ခြေထောက်နဲ့ နင်းမိရောဗျ။ ကျုပ်တို့အားလုံး
ကျောက်သားကြမ်းပြင်ကြီးကို ရောက်တာနဲ့
တစ်ပြိုင်နက်တည်းမှာပဲ လက်လေးဖက်နဲ့
ကျောက်ဘီလူးရုပ်ကြီးက အသက်ဝင်လာတော့တာပဲဗျို့။

“ဝီး ဝီး ဝီး ဝီး”

လက်လေးဖက်မှာ ကိုင်ထားတဲ့ ဓါးတွေဟာ ဝင်းကနဲ
ဝင်းကနဲ အကွက်ကျကျကို လှည့်နေတော့တာဗျာ။

ကျုပ်တို့ လူတွေမှာ လက်နှစ်ဖက်နဲ့ ဓါးနှစ်လက်သိုင်းကိုတောင်
မနည်း လှည့်နေရတာဗျ။ ဒီဘီလူးရုပ်ကြီးက အသက်ဝင်လာပြီး
လက်လေးဖက်နဲ့ ဓါးလေးချောင်းကို လှည့်နေလိုက်တာများဗျာ
ဝီကနဲ ဝီကနဲကို ဖြစ်နေတာဗျို့။

ကျုပ်ရော ရသေ့သောမရော ကြောက်လိုက်ကြတာ
မပြောပါနဲ့တော့ဗျာ။ ရသေ့ကြီးနောက်မှာ
ကပ်နေကြရတော့တာဗျ။ ရသေ့ကြီး ဦးဘောဂကတော့
အေးအေးဆေးဆေးပဲဗျ။

သူ့လက်ထဲက ဆေးတောင်ဝှေးနဲ့ အသက်ဝင်နေတဲ့
ဘီလူးရုပ်ကြီးကို ထိုးမလို လုပ်လိုက်တာဗျ။
ဘီလူးရုပ်ကြီး ချက်ချင်းငြိမ်ကျသွားပြီး
နဂိုအတိုင်း ကျောက်ရုပ်ကြီး ပြန်ဖြစ်နေရောဗျ။
ပညာတော်တော်ထက်တဲ့ ရသေ့ကြီးပဲလို့
ကျုပ် တွေးလိုက်မိတယ်။

ရသေ့ကြီးက ရှေ့ဆက်သွားတယ်။
အခန်းကျယ်ကြီးထဲကို ကျုပ်တို့ ဖြတ်ဝင်လိုက်တော့…

“ဟေး ခုတ်ကြဟေ့ ခုတ်ကြ တစ်ယောက်မကျန်
ခုတ်ဟေ့”

လို့ ညာသံပေးပြီး ပြေးထွက်လာတဲ့ ဓါးသမားတွေ
ဆယ်ယောက်ကျော်ကျော်လောက် ရှိတယ်ဗျ
ဓါးသမားတွေ အားလုံးဟာ အရပ်ထောင်ထောင်
မောင်းမောင်းတွေဗျ။

သျှောင်တစောင်းတွေနဲ့ ပုဝါအနီးတွေ ပေါင်းလို့။
လက်ထဲမှာ ကျစ်ကျစ်ပါအောင် ကိုင်ထားတဲ့
ဓါးရှည်တွေက အရောင်တလက်လက်ကို
ဖြစ်နေတာဗျ။

“ဟိတ်”

ရသေ့ကြီးက သူ့လက်ထဲက ဆေးတောင်ဝှေးကို
ဝှေ့ရင်း “ဟိတ်”လို့အော်လိုက်တာ ပြေးထွက်လာတဲ့
ဓါးသမားတွေဟာ ပြေးလာတဲ့ ပုံစံအတိုင်း ငြိမ်ကျသွားပြီး
ကျောက်ရုပ်ကြီးကို ဖြစ်ကုန်ရောဗျို့။

ဒီတော့မှ ကျုပ်လည်း အခန်းကျယ်ကြီးကို
လှည့်ပတ်ကြည့်လိုက်မိတာဗျ။
ကျောက်သားနံရံကြီးတွေက ဖြူဖွေးပြီး
ချောမွေ့နေတာဗျ။ ဒီဂူကြီးဟာ
အလယ်ရိုးမတောကြီးထဲမှာ ရှိနေတာဆိုတာတောင်
ယုံဖို့ ခက်နေတာဗျ။ နန်းတော်တစ်ခုထဲကို
ရောက်နေသလို ခံစားမိတယ်။

ဘရသေ့က ကျောက်ရုပ်ဓါးသမားတွေ ကြားကနေ
ဖြတ်ပြီး ရှေ့ဆက်သွားတယ်။ ကျုပ်နဲ့ ရသေ့သောမလည်း
ဘရသေ့ကြီးနောက်က ကပ်ပြီး လိုက်ကြရတာပေါ့ဗျာ

တော်တော်လေး သွားမိတော့ ပိတ်ထားတဲ့ နံရံကြီးနဲ့
ကျောက်တံခါးကြီးတစ်ခုကို တွေ့ရောဗျ။
ဘရသေ့က အချိန် မဆိုင်းဘဲ သူ့ရဲ့ ဆေးတောင်ဝှေးနဲ့
ကျောက်တံခါးကြီးကို နှစ်ချက်ဆင့် ထိုးလိုက်တယ်

“ဒေါက် ။ ဒေါက် ။ ကျွိ။ ဝုန်း ။ ဝုန်း”

ဟာ ကျောက်တံခါးကြီးက အတွင်းဘက်ကိုလည်ပြီး
ပွင့်သွားပြီဗျို့။

ဘရသေ့က ပွင့်သွားတဲ့ တံခါးပေါက်ကနေ
တန်းဝင်သွားတာဗျ။ကျုပ်တို့လည်း လိုက်ရတာပေါ့ဗျာ။
ဒီအခန်းက ပထမအခန်းနဲ့ အကျယ်အဝန်း အတူတူလောက်ပဲဗျ။
ဒါပေမဲ့ နံရံတွေရော ကြမ်းခင်းရောက ငွေရောင်ဗျ။

ကျောက်သားတော့ ကျောက်သားပဲ။
ငွေရောင်ကျောက်သားဗျ။ နံရံမှာ
ကျောက်ဖယောင်းတိုင်ကြီးတွေ ထွန်းထားတော့
လင်းထိန်နေတာဗျ။ ပထမဖြတ်ခဲ့တဲ့ ဆင်စွယ်ရောင်
အခန်းမှာလည်း ဒီလို ကျောက်ဖယောင်းတိုင်တွေ
နံရံမှာကပ်ပြီး ထွန်းထားတာပဲဗျ

ဟော ထွက်လာပြီဗျို့။ ထွက်လာပြီ ။
အစိမ်းရောင် အဝါရောင် ။ ပိုးသားထမီ။
အင်္ကျီတွေ ဝတ်ထားတဲ့ နတ်မိမယ်လေးဗျ။
တရွေ့ရွေ့နဲ့ ထွက်လာကြတာ။

သူတို့ ထွက်လာတာနဲ့ ငွေရောင်အခန်းကြီးထဲမှာ
မွှေးကြိုင်သွားတာဗျို့။ နတ်မိမယ်လေးတွေ
နှစ်ဆယ်လောက် ရှိမယ်။ အားလုံးက
လက်အုပ်ကလေးတွေ ချီပြီး ထွက်လာကြတာဗျ။

“မောင်တာတေနဲ့ သောမ သတိထား။ဒါတွေဟာ
သိုက်နန်းရှင်ရဲ့ မာယာတွေပဲ ဘာပဲပြောပြော
စကားတစ်ခွန်းမှ ပြန်မပြောကြနဲ့ ကြားလား
ငါ့အနောက်မှာ ကပ်နေနော် သောမ။
မောင်တာတေက အတွေ့အကြုံ
ရှိခဲ့တော့ စိတ်မပူဘူး”

တရွေ့ရွေ့နဲ့ လျှောက်လာတဲ့ နတ်မိမယ်လေးတွေက
နှစ်စုခွဲလိုက်ကြတယ်ဗျ။ တစ်စုက ကျုပ်တို့ရဲ့
လက်ယာဘက် ။တစ်စုက ကျုပ်တို့ရဲ့ လက်ဝဲဘက်ကို
ကပ်လာတယ်။ အစိမ်းရောင် နတ်မိမယ်လေးတွေက
တစ်စု ။ အဝါရောင် နတ်မိမယ်လေးတွေက တစ်စုဗျ။

ဒီတော့မှ ကျုပ် သေသေချာချာ ကြည့်မိတာ။
ဝတ်ထားတဲ့ အဝတ်စတွေက ပါးပါးလွှာလွှာလေးတွေဗျ။
အတွင်းက နတ်မိမယ်တွေရဲ့ အလှအပကို အထင်းသား
မြင်နေရတာဗျို့။

ကျုပ် ရသေ့သောမကို လှည့်ကြည့်လိုက်တော့
ရသေ့သောမက မျက်လုံးကြီးတွေ ပြူးပြီး
နတ်မိမယ်လေးတွေကို လိုက်ကြည့်နေရောဗျ။

ရသေ့သောမရဲ့ အသားတွေလည်း တဆတ်ဆတ်
တုန်နေတာဗျို့။နတ်မိမယ်လေးတွေက သူတို့ရဲ့
ဖွေးနုနေတဲ့ လက်သွယ်သွယ်လေးတွေကို ထိုးပေးပြီး…

“နှမတော်ကို ချစ်ကျွမ်းဝင်တယ်ဆိုရင် လက်ကလေးကို
ကိုင်လိုက်ပါ မောင်တော် ။ ချက်ချင်းပဲ မောင်တော်နဲ့
နှမတော် ပန်းမွေ့ယာပေါ်ကို ရောက်သွားမှာပါ
မောင်တော် စိတ်တိုင်းကျ ပျော်မွေ့နိုင်မှာပါ မောင်တော်။
နှမတော်ရဲ့ လက်ကိုသာ ကိုင်လိုက်ပါ”

ရသေ့ကြီးက မန္တန်တစ်ပုဒ်ကို ရွတ်လိုက်ပြီး…

“ဟိတ် ။ ဖျန်း”

‘ဟိတ်’ကနဲ အော်ပြီး ငွေရောင်ကြမ်းပြင်ကို ဖနောင့်နဲ့
‘ဖျန်း’ကနဲ မြည်အောင် ပေါက်လိုက်တာ။

ဟာ ။ ပျောက်သွားပြီဗျို့။နတ်မိမယ်လေးတွေ
ပျောက်သွားပြီ။ ဒီတော့မှ ရသေ့သောမလည်း
အတုန်အရီတွေ ရပ်သွားသဗျို့။

ရသေ့ကြီးက ခပ်သုတ်သုတ်ပဲ ရှေ့ဆက်သွားတယ်
ရှေ့မှာ ကျောက်တံခါးကြီးတစ်ချပ် ပိတ်နေရောဗျာ။

“တောက် ”

ရသေ့ကြီးက တောက်တစ်ချက် ခေါက်လိုက်ပြီးတော့
ကျောက်တံခါးကြီးကို ဆေးတောင်ဝှေးနဲ့ နှစ်ချက်ဆင့်
ထိုးလိုက်တယ်။

“ဒေါက် ။ ဒေါက်”

မပွင့်ဘူးဗျ။ တံခါး ပွင့်ဖို့နေနေသာ လှုပ်တောင်
မလှုပ်ဘူး။ ရသေ့ကြီးက မန္တန်တစ်ခု ရွတ်တယ်
ပြီးတော့ သူ့ရဲ့ ဆေးတောင်ဝှေးနဲ့ ကျောက်တံခါးကြီးကို
ရိုက်လိုက်တယ်။

“ဒုန်း ဝုန်း ဝုန်း ဝုန်း ကျွီ ကျွီ”

ဟော ပွင့်ပြီဗျို့။ ကျောက်တံခါးကြီး ပွင့်သွားပြီ။
ဟာ…ရွှေရောင်တွေ ဝင်းနေပါလား။

“မောင်တာတေနဲ့ သောမ သတိထားကြ။
ဒါ နောက်ဆုံးစမ်းသပ်တဲ့အခန်းပဲ။
ဒီအခန်းကျော်သွားရင် ကျုပ်လိုချင်တဲ့
ပြဒါးပြာ တွေ့လိမ့်မကွဲ့။ ဒီအခန်းထဲက
ပစ္စည်းတွေကို ယူဖို့ မပြောနဲ့ ထိတောင် မထိနဲ့
ကြားလား။ စကားတစ်ခွန်းမှ မပြောနဲ့။
ဘာပစ္စည်းကိုမှ မထိနဲ့။ ကြားကြလား။
ကဲ လာ ဝင်မယ်”

ရသေ့ကြီးက သူ့ရဲ့ဆေးတောင်ဝှေးကြီးကို
တဒေါက်ဒေါက်ထောက်ပြီး ရှေ့က ဝင်သွားတယ်

ကျုပ်တို့က သူ့နောက်က လိုက်ရတာပေါ့ဗျာ။

အို …များလိုက်တဲ့ ရတနာတွေဗျာ။ အခန်းကြီးတစ်ခုလုံးက
ရွှေရောင်ဗျ။ နံရံတွေရော။ ကြမ်းခင်းရော ရွှေရောင်ဗျ။
နံရံမှာ ထွန်းထားတဲ့ ကျောက်ဖယောင်းတိုင်ကြီးတွေ
အားလုံးလည်း ရွှေရောင်ပဲဗျာ။

မီးရောင်အောက်မှာ ဟောင်းလောင်းပွင်နေတဲ့
ရတနာသေတ္တာတွေဟာ ဘယ်နှလုံးဆိုတာ
ရေတောင် မရေနိုင်ပါဘူးဗျာ။

ရွှေရောင်ကြမ်းပြင်ပေါ်မှာ ပုံထားတဲ့ ရတနာတွေ
ရွှေမန်းကျည်းတောင်တွေ ။ ရွှေဒင်္ဂါးပြားတွေ
ရွှေရုပ်တုတွေ ။ ရွှေပုတီး။ ရွှေဆွဲကြိုး။
ရွှေလက်ကောက် ။ ရွှေခြေကျင်း ။ပတ္တမြား။
မြ။ နီလာ ။ စိန် ။ သန္တာ။ ဂေါ်မုတ်။ ပုလဲ
ရတနာမျိုးစုံက မီးရောင်အောက်မှာ တလက်လက်
တဖိတ်ဖိတ်နဲ့ လူတစ်ယောက်ရဲ့ လောဘကို
ဖိတ်ခေါ်နေတာပေါ့ဗျာ။

ရတနာပုံကြီးကို ကျော်ဖြတ်ပြီးသွားတော့
ရွှေတံခါးကြီး ပိတ်လို့ဗျ။ ရွှေသားအစစ်နဲ့
လုပ်ထားတဲ့ တံခါးဗျ။ ရသေ့ကြီးက မန္တန်သုံးလေးပုဒ်
ရွတ်ပြီး သူရဲ့ ဆေးတောင်ဝှေးနဲ့ ရိုက်လိုက်တယ်

“ဒုန်း ဝုန်း ဝုန်း ”

ဟော ရွှေတံခါးကြီး ပွင့်သွားပြီဗျို့။ ဟာ ပတ္တမြား
အရောင်ပါလား။ အခန်းကြီးတစ်ခုလုံး ပတ္တမြားအရောင်
တောက် နေပြီး ရဲရဲနီနေတဲ့ အခန်းကြီးဗျ။
နံရံလည်း ပတ္တမြား ကြမ်းခင်းလည်း ပတ္တမြား
မျက်နှာကျက်လည်း ပတ္တမြား။ဟာ သိုက်နန်းရှင်ပါလား။

အနီရောင်ထမီနဲ့ ခါးတောင်းအင်္ကျီ ဝတ်ထားတဲ့
အမျိုးသမီးတစ်ယောက် မတ်တတ်စုံရပ်ပြီး
ရသေ့ကြီးကို လက်အုပ်ချီထားတယ်။
လှလိုက်တဲ့ မိန်းမဗျာ။ ကျုပ်တစ်သက်
မြင်ဖူးသမျှ မိန်းမတွေနဲ့ ဘယ်လိုမှကို မယှဉ်သာအောင်
လှတဲ့ မိန်းမဗျာ။ငွေရောင်အခန်းမှာ တွေ့ခဲ့တဲ့
နတ်မိမယ်တွေ လှတယ်လို့ ထင်ခဲ့တဲ့အတွေးဟာ
ဘယ်ပျောက်သွားမှန်းကို မသိတော့တာပေါ့ဗျာ။

ဆင်စွယ်ကို ထုထားတဲ့ ပန်းပုရုပ်ကလေးများလာလို့တောင်
ထင်မိရဲ့ဗျာ။ ပြေပြစ်လှတဲ့ နဖူးပြင်ရဲ့အောက်မှာ
နက်မှောင်နေတဲ့ မျက်ခုံးနှစ်ခုက ဇင်ယောင်တောင်လို
ကော့ကော့လေးဗျ။

ဝိုင်းစက်နေတဲ့ မျက်လုံးနှစ်လုံးက မဟူရာလို
နက်မှောင်ပြီး ကြယ်ပွင့်လေးတွေလို တလက်လက်
တောက်ပနေတယ်။ မျက်ခုံးနှစ်ခုကြားက
ဖြောင့်စင်းတဲ့ နှာတံလေးက လေးကိုင်းသဖွယ်
နှုတ်ခမ်းကလေးရဲ့ အပေါ်မှာ အဆုံးသတ်ပြီး
နီစွေးစွေး နှုတ်ခမ်းနှစ်မွှာက မပြုံးပေမဲ့
ပြုံးနေသယောင်ယောင်လေးဗျ။

ခန္ဓာကိုယ်ကလည်း မဆူ မကြုံ။
မနိမ့် မမြင့် အလွန်ကို တင့်တယ်လွန်းလှပါတယ်ဗျာ။
ရေအပြင်ထက်မှာ ငွားငွားစွင့်စွင့် ပွင့်နေတဲ့
ပဒုမ္မာကြာပန်းတစ်ပွင့်ကို ကြည့်နေရသလိုပါပဲဗျာ။

သူရပ်နေတဲ့ အနောက်မှာ ရွှေလှေကားထစ်တွေဗျ။
အားလုံးကိုးထစ်ရှိတယ်။ အဲဒီ အပေါ်မှာတော့
ရတနာမျိုးစုံ စီခြယ်ထားတဲ့ ရွှေပလ္လင်လေးဗျ။
အမြင့်က ကျုပ်ရင်စို့လောက် ရှိမယ်။

အဲဒီရွှေပလ္လင်ပေါ်မှာမှ ရွှေကြာပွင့်ကြီးတစ်ပွင့်။
ရွှေကြာပွင့်ရဲ့ အလယ်က ပန်းဝတ်ဆံနေရာမှာ
ရွှေကလပ်တစ်ခုဗျ။အဲဒီရွှေကလပ်ပေါ်မှာ
ဖန်ပေါင်းချောင်နဲ့ အုပ်ထားတဲ့ ရွှေကြုတ်ကလေးဗျ။

နှစ်လက်မလုံးလောက်ရှိပြီး အမြင့်က
ခြောက်လက်မလောက်ရှိမယ် ။
ရွှေကြုတ်ရဲ့ အပေါ်မှာ ရုပ်ကြွလေးတွေ
ဖော်ထားသေးသဗျ။

ရသေ့ကြီးရဲ့ မျက်လုံးတွေက အဲဒီရွှေကြုတ်ကို
စိုက်ကြည့်ပြီး မေးလိုက်တယ်။

“သိုက်နန်းရှင် မဟုတ်လား”

“မှန်ပါ့ဘုရား တပည့်တော်မဟာ
ဟောဒီရွှေဂူသိုက်နန်းကြီးရဲ့
သိုက်နန်းရှင်ပါဘုရား”

“အော် …အော် ။ ရွှေဂူရှင်မ နန်းကြာမုံဆိုတာ
ဒကာမလေးပေါ့”

“ဟုတ်ပါတယ်ဘုရား ။ တပည့်တော် ရွှေဂူရှင်မ
နန်းကြာမုံပါဘုရား ။ ဒီပြဒါးပြာသိုက်ကို
စောင့်ရတဲ့သူပါဘုရား”

ဘရသေ့က ခေါင်းညိတ်ပြလိုက်ပြီး ပြောတယ်ဗျ။

“ဒီမှာ ရွှေဂူရှင်မ နန်းကြာမုံ ဘရသေ့ ထွက်ရပ်လမ်းကို
မြန်းကြွဖို့ရာ ဟောဒီပြဒါးပြာရမှ ဖြစ်မှာမို့ ဟောဟိုက
ကြာကလပ်ပေါ်မှာ တင်ထားတဲ့ ပြဒါးပြားရွှေကြုတ်ကို
အလှူခံပါတယ် ဒကာမလေး”

“ဒီပြဒါးပြာဟာ လှူလို့လည်း မရ။ ပေးလို့လည်း မရတဲ့
အရာပါဘုရား ။ အထက်က ဘိုးဘိုးကြီးဘုရားတို့ရဲ့
အမိန့်အရ အသက်ပေးပြီး ကာကွယ်ရမှာပါဘုရား။
တပည့်တော်မ အနူးအညွတ် တောင်းပန်ပါတယ်။
ရွှေ ငွေ ရတနာ ကျောက်သံ ပတ္တမြားတွေကို
အရှင်ဘုရားတို့ ကြိုက်သလောက် ယူသွားပါဘုရား ။
ဒီပြဒါးပြာကိုတော့ ပေးဖို့နေနေသာသာ လက်နဲ့တောင်
အထိမခံနိုင်ပါဘူးဘုရား ။ တပည့်တော်မကို
သနားတယ်ဆိုရင် ဒီကပဲလှည့်ပြီး ပြန်တော်မူပါ
ဘရသေ့ကြီးဘုရား”

“သြော် …ဒီလိုလား ။ ဒီလိုဆိုမှဖြင့် ရအောင်
ယူရတော့မှာပေါလေ”

ဘရသေ့က သူဆေးတောင်ဝှေးကို ကြမ်းပြင်မှာ
ဒေါက်ကနဲမြည်အောင် ထောက်လိုက်တယ်ဗျ။
ဒီမှာတင် ပတ္တမြားခန်းဆောင်ရဲ့ ထောင့်လေးထောင့်မှာ
ရပ်နေတဲ့ တင်းပုတ်ကိုင် ဘီလူးရုပ်ကြီး လေးရုပ်
အသက်ဝင်လာရောဗျို့။

တင်းပုတ်ကြီးတွေကို လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး
ကျုပ်တို့ဘက်ကို လျှောက်လာရောဗျာ။
ဒီအချိန်မှာ ဘရသေ့က မျက်စိစုံမှတ်ပြီး
မန္တန်ရွတ်နေတာဗျ။

ဘရသေ့က မန္တန်ကို အရပ်လေးမျက်နှာလှည့်ပြီး
ရွတ်တာ။ သူ့လက်ထဲမှာ ကိုင်ထားတဲ့
ဆေးတောင်ဝှေးကနေအခိုးအလျှံတွေ
ထွက်လာတာဗျို့။

ကျောက်ဘီလူးရုပ်ကြီး လေးကောင်က
တရွေ့ရွေ့နဲ့ ကပ်လာကြတာ ကျုပ်တို့နဲ့
ဆယ်ပေလောက်ပဲ ကွာတော့တာဗျ။

“ဟိတ်”

ဘရသေ့ ထအော်လိုက်တော့ ဘီလူးရုပ်ကြီး
လေးရုပ်ဟာ လက်ကြီးတွေ မြှောက်ရက်သားနဲ့
ကျောက်ရုပ်ပြန်ဖြစ်သွားကြရောဗျို့။

“ဟဲ့ ဖယ်စမ်း ရွှေဂူရှင်မ”

ဘရသေ့က ပြောပြောဆိုဆိုနဲ့ သူ့တောင်ဝှေးနဲ့
ရွှေဂူရှင်မဘက်ကို ဝှေ့လိုက်တာ တောင်ဝှေးက
မီးခိုးလုံးကြီး ထွက်သွားပြီး ရွှေဂူရှင်မဟာ
နေရာမှာတင် ခွေကျသွားရောဗျို့။

ကျုပ်ဖြင့် ရွှေဂူရှင်မကို သနားလိုက်တာဗျာ။
ပြေးပြီး ပွေ့ထူပေးချင်လိုက်တာ။
စိတ်ကို မနည်းထ်ိန်းထားရတယ်။
ဘရသေ့က ရှေ့ဆက်သွားပြီ။ ကျုပ်လည်း
နောက်က ကပ်လိုက်လာတယ်။ ဘရသေ့က
ရွှေလှေကား ကိုးထစ်ကို စပြီး တက်ပြီဗျ။
တစ်ထစ်။ နှစ်ထစ် ။သုံးထစ် ။ လေးထစ် ။ ငါးထစ်။

“စည်းပေါက်သွားပြီဟေ့ ။ ဝိုင်းကြဟေ့ ။ ဝိုင်းကြ”

ဂူကြီးတစ်ခုလုံး ဟိန်းထွက်သွားတဲ့ အသံကြီးဗျ။
ကျုပ်လည်း လန့်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။

“ဟာ ”

ရသေ့သောမက ကျုပ်နောက်မှာ ပါမှမလာဘဲ။
သတိမေ့ပြီး လဲကျနေတဲ့ ရွှေဂူရှင်မကို ရသေ့သောမက
ပွေ့ထားလို့ပါလား။

‘နောင် နောင် နောင် နောင်”

ဟာ ဂူကြီးတစ်ခုလုံး မောင်းတီးသံတွေ ဆူညံပြီး
ကျောက်တုံးကြီးတွေ လိမ့်ကျလာတဲ့ အသံတွေလည်း
ကြားရတယ်ဗျာ။ လူတစ်ထောင်လောက် ညာသံပေးပြီး
ပြေးလာတဲ့ ခြေသံတွေ ကြားနေရတယ်။
ကျုပ်တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တဖျန်းဖျန်း
ထလို့ဗျာ။

“ဝုန်း ဝေါ ဝေါ”

ဟာ ကျောက်နံရံကြီးတွေမှာ အပေါက်ကြီးတွေ
ပေါ်လာပြီး ရေလုံးကြီးတွေ ပန်းထွက်လာရောဗျို့။

“ပြေး ပြေး မောင်တာတေ ပြေးတော့ တော်တော်မိုက်တဲ့
သောမ။ ဒင်းကြောင့် ဖြစ်ရတာ။ မောင်တာတေ
လွတ်အောင် ပြေးပေတော့ ”

ကျုပ်လည်း တစ်ကိုယ်လုံး ထူပူပြီး စွတ်ပြေးခဲ့ရတာပေါ့ဗျာ။
ထွက်ပေါက်ကို ရောက်ပြီဗျ။ ကျောက်လှေကားတွေပေါ်ကို
ပြေးအတက်မှာ…

“ဝုန်း”

နောက်က ပါလာတဲ့ ရေလုံးကြီးက
ကျုပ်ကို ပြေးရိုက်လိုက်တယ်
ကျုပ် ရေလုံးကြီးနဲ့ ပါသွားရောဗျို့။
ကျုပ် သတိရလာလို့ကြည့်လိုက်တော့
စမ်းချောင်းကြီးတစ်ခုဘေးက
ကျောက်တုံးကြီးတစ်ခုပေါ်မှာဗျ။

တစ်ကိုယ်လုံးလည်း နာကျင်နေတာပဲဗျာ။
ကျုပ် ဘယ်နေရာရောက်နေမှန်းလည်း မသိဘူး။
သတိမေ့နေတာ ဘယ်လောက်ကြာသွားမှန်းလည်း
မသိချင်ဘူးဗျ။

စမ်းချောင်းထဲက ရေကို လက်ခုတ်နဲ့ ခပ်သောက်ပြီး
မျက်နှာသစ်လိုက်တယ်။ ပြီးတော့မှ တောထဲကထွက်ဖို့
မှန်းပြီး လျှောက်လာတယ်။ တော်တော်လေး
လျှောက်မိတော့ ကျုပ်ရှေ့မှာ တွေ့လိုက်ရတာက
ညောင်ပင်ကြီး နှစ်ပင်ဗျ။

“ဟာ ”

ကျုပ် တစ်ကိုယ်လုံးမှာ ကြက်သီးတွေ တဖျန်းဖျန်း
ထသွားတာဗျို့။ ဒါ ရွှေဂူသိုက်ကြီးရဲ့ ဝင်ပေါက်က
ညောင်ပင်ကြီးတွေဗျ။ ကျုပ် လျှောက်ရင်းနဲ့
ရွှေဂူသိုက်ကြီးရှိတဲ့ နေရာကို ပြန်ရောက်လာတာပဲ။
ကျုပ်လည်း ဘာမှမတွေးတော့ဘဲ နောက်ကို
ချာကနဲ လှည့်ထွက်လိုက်တယ်။

“မောင်တာတေ ။ နေပါဦးကွဲ့”

ကြက်သီးတွေ ဖျန်းကနဲ ထပြီး ဆံပင်တွေပါ
ထောင်သွားတယ်လို့ ထင်လိုက်မိတယ်ဗျာ။
ကျုပ်နာမည်ကို ဘယ်သူ ခေါ်လိုက်တာတုံး။

သိုက်ထဲက ကျောက်ဘီလူးကြီးတွေများလားလို့
တွေးမိပြီး ကျုပ်နောက်ကို လှည့်ကြည့်လိုက်တော့
ညောင်ပင်ကြီး တစ်ပင်ရဲ့နောက်က ထွက်လာတဲ့
အဘိုးကြီးတစ်ယောက်ဗျ။ အပေါ်ဖြူ အောက်ဖြု။
ပုဝါဖြူ ပေါင်းလို့။ လွတ်အိတ်ကတော့ အစိမ်းရောင်ဗျ။

“ဟာ…အဘိုးပါလား”

ဟုတ်တယ်ဗျ။(မဖဲဝါ မဝင်ရ)မှာ ကျုပ်ပြောပြခဲ့ဖူးတဲ့
ကုန်းတန်းရွာဟောင်းကြီးက အဘိုးဆရာကြီးဗျ။
ကျုပ်ကို အင်းလက်ကိုင်ပုဝါစည်းပြီး ရွာဟောင်းကြီး
အဟောင်းကို ပြခဲ့တာလေဗျာ။အဖေရှင်လို့ခေါ်တဲ့
အဘိုးဆရာကြီးလေ။ (ခင်ဗျား မေ့နေရင်တော့
‘မဖဲဝါ မဝင်ရ’ကို ပြန်ပြီး ဖတ်ကြည့်ဗျာ)

“မောင်တာတေ အဘိုးကို မှတ်မိသားပဲ။
ဘယ့်နှယ်တုံးကွဲ့ မောင်တာတေရဲ့။
ရသေ့သိုက်ဆရာနဲ့ အဖော်လိုက်ခဲ့တာ
တော်တော်မှ ဗဟုသုတ ရရဲ့လား”

“ဟာ မပြောပါနဲ့တော့ အဘိုးရယ် ကျုပ်ဖြင့်
ကံကောင်းလို့ မသေတာဗျာ”

“ဟား ဟား ဟား ဟား မင်းကွာ တော်တော်စပ်စုချင်တဲ့
သူငယ်ပဲ ။ရသေ့သိုက်ဆရာကို ဘယ်လိုများတွေ့လို့
လိုက်လာတာတုံး”

ကျုပ်က အဘိုးဆရာကြီး အဖေရှင်ကို အကျိုးအကြောင်း
ပြောပြလိုက်တော့ အဘိုးက ကျုပ်ကို ခေါင်းတညိတ်ညိတ်နဲ့
ကြည့်တယ်ဗျ။

“ကဲ မောင်တာတေ ။ အဘိုးပြောတာ နားထောင်။
သိုက်ထဲမှာ ရွှေဂူရှင်မ အခုထိ သတိမရသေးဘူးကွဲ့”

“ဟာ ဟုတ်လား အဘိုး”

“အေး ဟုတ်တယ် မောင်တာတေ ။ သိုက်ဆရာ
ရသေ့ရဲ့ ပညာက တော်တော်မြင့်တာကွဲ့။
ရွှေဂူရှင်မကို ကယ်ဖို့ လူကလေး သိုက်ထဲကို
ပြန်ပြီး ဝင်မှ ဖြစ်မယ်”

“ဗျာ ။ ကျုပ် သိုက်ကြီးထဲကို ပြန်ဝင်ရမယ် ဟုတ်လား
အဘိုး ။ ကျုပ်ကို ကျောက်ဘီလူးကြီးတွေ ဝိုင်းပြီး
သတ်ကြမှာပေါ့ အဘိုးရဲ့”

“မသတ်ပါဘူး မောင်တာတေရယ် ။
ဟောဒီဆေးတောင့်ကို ယူသွား။ သိုက်ထဲရောက်တော့
ဒီဆေးတောင့်ကို သွေးပြီး မောင်တာတေကိုယ်တိုင်
သိုက်နန်းရှင်မရဲ့ မျက်နှာမှာ သနပ်ခါး လိမ်းသလို
လိမ်းပေးလိုက်ပေတော့ ။ ရွှေဂူရှင်မ
ကောင်းသွားလိမ့်မယ်ကွဲ့”

“ဖြစ်ပါ့မလား အဘိုးရယ်”

“ဟာ ဖြစ်ပါတယ်ကွဲ့ မောင်တာတေအပေါ်ကို
ဘာအန္တရာယ်မှ မကျရောက်စေရပါဘူး ။
ပြီးတော့ မောင်တာတေ လာမှာကို သူတို့
ကြိုသိလို့ စောင့်နေကြပါပြီ ။ သူတို့ သခင်မ
အတွက် သူတို့တွေမှာ မျက်ရည်နှင့် မျက်ခွက်
ဖြစ်နေကြရရှာတာပါကွယ် ။ ကိစ္စပြီးရင်သာ
ချက်ချင်းပြန်ထွက်လာခဲ့ ။ ကျုပ် ဒီ ညောင်ပင်ကြီးတွေ
အောက်ကပဲ စောင့်နေမယ်”

အဘိုး ဆရာကြီး အဖေရှင်က သူ့ခေါင်းမှာ
ပေါင်းထားတဲ့ပုဝါအဖြူလေးကို ဖြုတ်ယူပြီး
ကျုပ်ခေါင်းမှာအဘိုးကိုယ်တိုင်
ပေါင်းပေးလိုက်တယ်။
ပြီးတော့ ဆေးတောင့်အပ်တယ်။

“ဝုန်း ဝုန်း ကျွိ ကျွိ”

ဟာ သိုက်တံခါးကြီး ပွင့်သွားပြီဗျို့။
ကျောက်လှေကားကြီးတွေကို မြင်နေရပြီ။

“ကဲ မောင်တာတေ သွားပေတော့ ။
သူ့ကို သိုက်တံခါး ဖွင့်ပေးလိုက်ပြီ”

ကျုပ်လည်း ဆေးတောင့်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး
ကျောက်လှေကားအတိုင်း ဆင်းလာလိုက်တယ်
ဟိုနေ့က တွေ့တဲ့ လက်လေးဖက်ပါတဲ့ ကျောက်ဘီလူး
ရုပ်ကြီးက ဒီတစ်ခါတော့ လှုပ်တောင် မလှုပ်ဘူးဗျ။

ကျုပ်က ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်ဝင်လိုက်တယ်။
ဆင်စွယ်ရောင် အခန်းကြီးကို ဖြတ်လိုက်တယ်။
ဘယ်သူ့ကိုမှ မတွေ့ဘူးဗျ။

“ဝုန်း ဝုန်း ”

ဟာ နောက်တံခါးတစ်ချပ် ပွင့်ပြန်ပြီဗျို့။
ပတ္တမြားအရောင် ခန်းမကြီးဗျ။ ရွှေလှေကားထစ်တွေနဲ့
ရွှေပလ္လင် ။ ရွှေကြာပွင့်ကြီးပေါ်က ရွှေကြုတ်နဲ့
ထည့်ထားတဲ့ ပြဒါးပြာ။ ရသေ့ကြီး ဦးဘောဂ
သိပ်လိုချင်တဲ့ ပစ္စည်းပေါ့ဗျာ ။ ကျုပ်က
ပတ္တမြားခန်းမကြီးထဲကို လှည့်ပတ်ကြည့်လိုက်တော့
အစိမ်းရောင် တင်းတိန်းကာထားတဲ့
အခန်းတစ်ခန်းကို တွေ့လိုက်တယ်။

အရှေ့မှာ ရပ်နေတဲ့ နတ်မိမယ်လေးတွေ
အစိမ်းရောင်နဲ့ ရွှေရောင်အဝတ်နဲ့ဗျ။
ကျုပ်က သူတို့ဘက်ကို လျှောက်သွားလိုက်တယ်။
သူတို့အားလုံး ကြမ်းပြင်ပေါ်မှာ ဒူးတုပ်ထိုင်ပြီး
ကျုပ်ကို လက်အုပ်ချီ ထားကြတယ်

“ဆေးသွေးဖို့ ပေးပါ”

ကျုပ်ပြောလိုက်တာနဲ့ တင်းတိန်းကိုဖွင့်ပြီး
နတ်မိမယ်လေး တစ်ပါး ထွက်လာတယ်။
ရေထည့်ထားတဲ့ ရွှေခွက်တစ်ခုနဲ့ မြကျောက်ပြင်တစ်ချပ်
ပေးတယ်။ ကျုပ်က ပတ္တမြားကြမ်းပြင်မှာ ထိုင်ပြီး
ဆေးသွေးတယ်။ ရွှေခွက်ထဲက ရေကိုထည့်လိုက်
သွေးလိုက်နဲ့ မြကျောက်ပြင်မှာ ဆေးတော်တော်ရလာတော့
ကျုပ်က ဆေးတောင့်ကို ပြန်သိမ်းပြီး မြကျောက်ပြင်ကို
ယူတယ်။ ကျုပ်လုပ်သမျှကို မျက်တောင်မခတ်ဘဲ
ကြည့်နေတဲ့ နတ်မိမယ်လေးတွေက သူတို့ပါ
ထရပ်ပြီး အစိမ်းရောင်ပိုးသားတင်းတိန် ဟိုဘက်
ဒီဘက် ကိုင်ပြီး ဖွင့်ပေးကြတယ်

အတွင်းကို လှမ်းကြည့်လိုက်တော့ ရွှေသလွန်ပေါ်မှာ
ဆန့်ဆန့်လေး လဲနေတဲ့ ရွှေဂူရှင်မ နန်းကြာမုံကို
တွေ့လိုက်ရတယ်။တစ်ကိုယ်လုံး ပတ္တမြားရောင်
နီရဲနေတဲ့ ထိုင်မသိမ်းနဲ့ ခါးတောင်အင်္ကျီကို
ဝတ်ထားတယ်ဗျ။

အခန်းတစ်ခုလုံး မွှေးကြိုင်နေတာပဲဗျို့။
တင်းတ်ိန်ကာထားတဲ့ အခန်းထဲမှာ အစိမ်းရောင်
ဝတ်ထားတဲ့ နတ်မိမယ်လေးတွေက ရွှေယပ်တွေကိုင်ပြီး
ရွှေဂူရှင်မကို ယပ်ခတ်ပေးနေကြတယ်

ကျုပ်က ရွှေဂူရှင်မ လဲလျောင်းနေတဲ့ ရွှေသလွန်ဘေးကို
ကပ်သွားပြီး မထိရက်လောက်အောင်လှတဲ့ လူလား
နတ်လား မသိနိုင်တဲ့ ရွှေဂူရှင်မရဲ့ မျက်နှာလေးပေါ်မှာ
အဘိုးဆရာကြီးရဲ့ ဆေးတော်ကို သေသေချာချာ
လိမ်းပေးလိုက်တယ်။

ဆေးကုန်အောင် လိမ်းပြီးတာနဲ့ ကျုပ်က လက်ထဲမှာ
ကိုင်ထားတဲ့ မြကျောက်ပြင်ကို နတ်မိမယ်လေး
တစ်ယောက်ကို လှမ်းပေးလိုက်တယ်
ဒီအချိန်လေးမှာပဲ …

“ဟာ သခင်မ သတိရလာပြီ”

လို့ ရွှေယပ်ကိုင် နတ်မိမယ်လေးတစ်ပါး ပြောလိုက်တဲ့
အသံကို ကျုပ် ကြားလိုက်တယ်။ နတ်မိမယ်လေးတွေ
အားလုံး ရွှေသလွန်းဘေးမှာ ဝိုင်းအုံပြီး ကြည့်ကြတယ်

“ဝမ်းသာလိုက်တာ သခင်မရယ်”

ကျုပ်ကတော့ မလှမ်းမကမ်းမှာပဲ
ရပ်ကြည့်နေလိုက်တယ်

“သခင်မ နေကောင်းပါပြီကွယ် ကဲ ကဲ ညီမတော်တို့
ဖယ်ကြဦးကွဲ့။ သမားတော်လေးကို
ကျေးဇူးပြုရပေဦးမယ်”

ရွှေဂူရှင်မက ရွှေသလွန်ညောင်စောင်းမှာ အသာလေး
ထထိုင်လိုက်တယ်။ ကျုပ်က ရပ်နေတဲ့ နေရာမှာပဲ
ကြုံ့ကြုံ့ထိုင်လိုက်တယ်

“အဖေရှင်ရဲ့ကျေးဇူး ကြီးမားလှပါပေတယ်
ဟောဒီက မောင်ငယ် သမားတော်လေးကိုလည်း
နန်းကြာမုံ ကျေးဇူးအထူးတင်လှပါတယ်ကွယ်
ကဲ သမားတော်လေး ကြိုက်တဲ့ ရွှေငွေရတနာတွေကို
ကြိုက်သလောက် ယူသွားနိုင်ပါတယ်”

“ဟာ ကျုပ် အဲဒါတွေ ဘာကိုမှ မလိုချင်ပါဘူးဗျာ
ရွှေဂူရှင်မ ကျန်းမာသွားရင်ပဲ ကျုပ် စိတ်ချမ်းသာလှပါပြီ”

“သမားတော်လေးရဲ့ စိတ်ထား မွန်မြတ်ပါပေတယ်
ဒါဆိုရင်တော့ ဟောဒီ ရွှေကြက်ဖလေးကို
လက်ဆောင်အဖြစ် သခင်မ ပေးလိုက်ပါ့မယ်
ဒါကိုတော့ ယူပါကွယ်”

ရွှေဂူရှင်မက သူ့လက်ဝါးပေါ်မှာ ဘွားကနဲ
ပေါ်လာတဲ့ ကြက်ဥလုံးအရွယ်လောက်ရှိတဲ့
ရွှေကြက်ဖရုပ်ကလေးကို ကျုပ်ကို ပေးတယ်

“အဘိုးဆရာကြီးက ကျုပ်ကို အပြစ်တင်
နေပါဦးမယ်ဗျာ”

“ဟာ အပြစ်မတင်စေရပါဘူးကွယ် နန်းကြာမုံ
ဟောဒီကနေ အဖေရှင်ကို လှမ်းပြီး
လျှောက်ထားလိုက်ပါ့မယ် ကဲ ယူပါ
မောင်ငယ်”

ကျုပ် ရိုရိုသေသေ သွားပြီး ယူလိုက်တယ်
ပြီးတော့ ကျုပ်ပြန်ဖို့ ပြင်တယ်
အဘိုးဆရာကြီးက ကိစ္စပြီးတာနဲ့
ချက်ချင်း ပြန်ထွက်ခဲ့လို့ မှာလိုက်တယ်လေဗျာ

ပြဒါးပြာသိုက်ကြီးကနေ ကျုပ် ပြန်ထွက်လာတော့
အဘိုးဆရာကြီးက ညောင်ပင်ကြီးအောက်ကနေ
ကျုပ်ကို စောင့်နေတယ်

ကျုပ်က ခေါင်းက ပုဝါနဲ့ ဆေးတော်ကို
အဘိုးဆရာကြီးကို ပြန်အပ်လိုက်တယ်။
အဘိုးဆရာကြီးက ကျုပ်ကို ဆပ်သမြှောင်
သွားတဲ့ လမ်းအရောက် လိုက်ပို့ပေးတယ်
ခဏလေးနဲ့ ဆပ်သမြှောင်ကို ပြန်ရောက်လာတယ်။
ကျုပ်တို့ကို မျှော်နေကြတဲ့ ဆရာတော် ဦးဥတ္တမနဲ့
ကိုအောင်ပွားကို တွေ့တယ်။ ကျုပ်က ဖြစ်သမျှ
အကြောင်းတွေကို လျှောက်ထားလိုက်တယ်။

ဆရာတော်လည်း တော်တော်ကို စိတ်မကောင်း
ဖြစ်သွားတာပေါ့ဗျာ။ ကိုအောင်ပွားက ကျုပ်ကို
လှည်းနဲ့ ပြန်ပို့ပါတယ်။ ကျုပ် ခါးပိုက်ထောင်ထဲမှာ
ထည့်ထားတဲ့ ရွှေကြက်ဖလေး အကြောင်းကိုတော့
ဆရာတော် ဦးဥတ္တမကိုရော။ကိုအောင်ပွားကိုရော
ပြောမပြခဲ့ဘူးဗျ။
ထနောင်းကုန်းကို ပြန်ရောက်တော့ ရွှေဂူရှင်မ
ပေးလိုက်တဲ့ ရွှေကြက်ဖလေးကို ဘယ်သူမှ
မသိအောင် ကျုပ်ရဲ့ သံသေတ္တာထဲမှာ
အသာကလေး သိမ်းထားလိုက်တယ်။

ပြီးပါပြီခဗျာ

စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ