သားပျောက်ရှာသောသရဲမ

မင်းကလည်း
အဓိပ္ပါယ်မရှိလိုက်တာ ”
“ဖြစ်နိုင်တယ် ငပေရ…တို့နှစ်ယောက်က ဘွားနဲ့အမြဲလိုက်နေကြတော့ ဒီကိစ္စတွေဆိုတာ တို့အတွက်ရိုးအီလို့နေပြီမောင်”
“မင်းတို့ကလည်းကွာ…ငါသရဲကြောက်လို့များ
ပိုပိုသာသာပြောနေကြတာများလား”
လူချင်းသာ မိုက်ရဲ…သတ်ရဲသော ငပေသည် သရဲအား အလွန်ကြောက်ရှာသည်။
ယခုလည်း မောင်တိုးနှင့်မောင်အုန်း၏စကားများကြောင့်
သူခမျာ မျက်နှာထက်၌ ချွေးများပင်စို့ချင်ချင်ဖြစ်နေလေပြီ။
ငပေ၏အသွင်ကြောင့် မောင်တိုးနှင့်မောင်အုန်းတို့
ရီမောကြတော့လေသည်။
ခဏကြာလေတော့ ခွေးအူသံတို့သည် တိတ်ဆိတ်သွား၏။
ထိုအသံတို့တိတ်ဆိတ်သွားသောအခါ…
“ငါအပေါ့သွားဦးမယ်ကွာ မင်းတို့ခဏနေခဲ့ကြဦး”
ဟု..ငပေ က ပြောရင်း ကင်းတဲနှင့် ခပ်လှမ်းလှမ်းရှိ မန်ကျည်းပင်ကြီးဆီသို့ထွက်သွားတော့သည်။
ငပေထွက်သွားသည်ကို မောင်အုန်းတို့ လှမ်းကြည့်ပြီးနောက် အချင်းချင်းစကားပြောနေခဲ့ကြလေသည်။
“အားးးး…..အမလေးးးး…..သ…သရဲ…သရဲ…သရဲ……”
ရုတ်တရက်ဆိုသလို
ငပေ၏ကြောက်လန့်တကြားအော်ဟစ်သံကြီးထွက်ပေါ်လာခဲ့သည်။
“ဟာ…ကိုငပေဘာဖြစ်တာလဲ”
“ငပေ…”
မောင်တိုးတို့နှစ်ယောက် ငပေရှိသော မန်ကျည်းပင်နားသို့အပြေးသွားကြလေသည်။
သူတို့ရောက်ချိန်၌ ငပေသည် မန်ကျည်းပင်ခြေရင်း၌
သတိလစ်နေခဲ့ပြီဖြစ်သည်။
“သံချောင်းခေါက်…သံချောင်းခေါက်ကွာ”
“ဟုတ်ကဲ့…ဟုတ်ကဲ့…ကိုကြီးအုန်း”
ငပေကြောင့် မောင်တိုးတို့ပြာယာခက်ကုန်ကြသည်။
“ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…ဒေါင်…”
သံချောင်းခေါက်သံများဆူညံစွာထွက်ပေါ်လာတော့သည်။
ရွာရှေ့ကင်းတဲဆီမှသံချောင်းခေါက်သံကြောင့်
ကျန်ကင်းတဲများကလည်း သံချောင်းပြိုင်တူ
ခေါက်ကုန်ကြတော့သည်။
ရွာသူကြီးနှင့်ရွာသားများသည်လည်း သံချောင်းစခေါက်ရာ
မောင်အုန်းတို့၏ရွာရှေ့ပိုင်းကင်းတဲဆီသို့ အပြေးတပိုင်းဖြင့်လာကြကုန်၏။
“ဘာဖြစ်တာလဲကွ…ဒီနေ့ကင်းတဲစောင့်ကျတာ
ဘယ်သူတွေတုန်း”
“ဘာဖြစ်တာလဲ”
သူကြီးတို့၏မေးမြန်းသံတွေကြောင့် မောင်တိုးက…
“ဒီနေ့ကင်းတဲကျတာ ကျုပ်ရယ် ကိုကြီးအုန်းရယ်…ငပေရယ်ဗျ…အခုဟိုမှာ မန်ကျည်းပင်နားမှာ
ငပေသတိလစ်နေလို့ သံချောင်းခေါက်လိုက်တာ”
“ဟာ…လာကြ သွားကြည့်ကြမယ်ကွာ”
“ဒီကောင်အရက်တွေများမူးပြီးလဲသလားမသိတာ”
“အရက်မူးပြီးလဲလို့သံချောင်းခေါက်ပါ့မလားဗျ”
ရွာသားတို့၏တစ်ယောက်တစ်ပေါက်အသံများသည် ဆူညံလို့နေခဲ့သည်။
ရွာသူကြီးဦးနောင်ချိုတို့ မန်ကျည်းပင်အနီးသို့ရောက်သောအခါ
မောင်အုန်း၏လက်အတွင်း၌ သတိမေ့မြောနေသော ငပေအား တွေ့လိုက်ကြလေသည်။
“ဘယ်လိုဖြစ်တာတုန်းကွ”
“ဘယ်လိုဖြစ်တယ်နောက်မှမေး သူကြီးရာ… ။
ကျုပ်တို့ဒီကောင့်ကို ကင်းတဲဆီခေါ်သွားပေးကြရအောင်”
“အေး…ဒါဆိုလည်း ဝိုင်းမ ကြကွာ”
ငပေ အား ကင်းတဲဆီသို့ မချီသွားကြတော့သည်။
ငပေ ဖြစ်စဉ်ကို မောင်အုန်းက
သူသိသမျှပြောပြလိုက်သောအခါ
ရွာသူကြီးက မောင်တိုးအား
ဘွားမယ်စိန်ကို သွားရောက်ခေါ်ယူစေသည်။
*******************
“အမေ…သံချောင်းခေါက်သံတွေအတော်ဆူတယ်နော်…
ရွာကို လူစိမ်းများကပ်သလားမသိဘူး”
“အခြေအနေခဏစောင့်ကြည့်ကြတာပေါ့အေ…”
ဘွားမယ်စိန်တို့သည် သံချောင်းခေါက်သံများကြောင့်
ကွပ်ပျစ်ခင်း၌ ထိုင်ကာ အခြေအနေအားနားစွင့်နေခဲ့ကြသည်။
ကွပ်ပျစ်ထက်၌ ဆီမီးခွက်ထွန်းထားပြီး
ဘွားမယ်စိန်သည်က
ပြောင်းဖူးဖက်ဆေးလိပ်ကြီးအား ဖွာရှိုက်လို့နေခဲ့သည်။
“ဘွား…ဗျို့…ကျုပ်ပါမောင်တိုး…”
မောင်တိုး ခြံဝိုင်းအပြင်မှအော်ခေါ်နေသည်။
“လာပြီမောင်တိုးရေ…လာပြီ”
ဒေါ်ဝင်း ခြံဝိုင်းတံခါးအား သွားဖွင့်ပေးလေသည်။
ခြံဝိုင်းထဲဝင်လာခဲ့သောမောင်တိုးသည် ကွပ်ပျစ်ခင်း၌ ထိုင်နေသော ဘွားမယ်စိန်အား မြင်သောအခါ…
“ဘွား…ကျုပ်နဲ့လိုက်ခဲ့ဦးဗျ…။ကိုငပေ သတိလစ်နေလို့”
“သြော်…ဒါဆိုအစောက ကင်းတဲတွေသံချောင်းခေါက်တာ
ငပေကြောင့်လား”
ဒေါ်ဝင်းက မေးသောအခါ မောင်တိုးက ခေါင်းညိတ်ပြပြီး…
“ဟုတ်တယ်ဗျ…သူနဲ့ကျုပ်တို့အတူတူ ကင်းတဲစောင့်ကျတာ ။
သူအပေါ့သွားစွန့်ရင်း သရဲ….သရဲ
အော်ပြီးသတိလစ်သွားတာပဲအရီးဝင်းရာ…။
အဲ့တာနဲ့ ကျုပ်တို့လည်းဘာဆက်လုပ်ရမယ်မသိလို့
သံချောင်းခေါက်လိုက်ရတာပဲ”
“နင်တို့ကဟယ်…ငပေဆိုတာ အရက်သမား ဖဲသမား
မူးရူးပြီးဖြစ်တာနေမှာပေါ့”
“အာ…အရီးဝင်းရဲ့…ငပေက သောက်မထားပါဘူးဗျ”
“နေကြစမ်းပါဦးကွယ်…ညဦးပိုင်းက
ခွေးတွေလည်းအတော်အူတယ်…။
အင်း…
ရွာထဲမှာတော့ တစ်ခုခုဖြစ်နေပြီထင်တယ်”
“ဗျာ…”
“ဟင်…”
ဘွားမယ်စိန်၏ခပ်လေးလေး စကားကြောင့်
မောင်တိုးနှင့်ဒေါ်ဝင်းတို့အံ့သြကုန်ကြသည်။
“ရွာထဲဘာဖြစ်တယ်လို့ဘွားကထင်တာလဲ”
“ရွာထဲတစ်ယောက်ယောက်ဝင်လာတာလို့ပဲဘွားထင်တယ်…။
ကဲပါလေ…လာ…လာ…ငပေဆီကိုသာ
ဘွားတို့အရင်သွားကြတာပေါ့”
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးအားယူဆောင်၏။
ပြီးနောက် ဒေါ်ဝင်းအား ခြံတံခါးသေချာပိတ်ပြီးအိမ်၌
နေခဲ့စေသည်။
ဘွားမယ်စိန်တို့ရွာရှေ့ကင်းတဲဆီသို့ရောက်ချိန်၌
ရွာသားများက မီးတုတ်များကိုင်ဆောင်ကာ စောင့်ဆိုင်းနေကြသည်ကိုတွေ့ကြရလေသည်။
“လူအုပ်ကအများသားပါလား”
“များတယ်လည်းမဟုတ်ပါဘူးဘွားရယ်…။ကျုပ်တို့ရွာများ
တစ်ခုခုဖြစ်နေပြီလားလို့ အဲ့သည်ဇောနဲ့ရောက်လာကြတာပါ”
ဦးဘစီက ဘွားမယ်စိန်စကားအားဖြေကြာလေသည်။
ပြီးနောက်လူအုပ်ကိုဘေးသို့ဖယ်စေပြီး ဘွားမယ်စိန်အား ငပေရှိရာသို့ ခေါ်သွားလေ၏။
ငပေသည်က ကင်းတဲ၏ကြမ်းခင်း အထက်၌
မေ့မြောနေရှာသည်။
ငပေ အား ဘွားမယ်စိန်ကြည့်ရှု့လေသည်။
ငပေ၏ နံဘေး၌ ဝင်ထိုင်လိုက်ပြီး ငပေ၏ခေါင်းအား
ဘွားမယ်စိန်သူ၏လက်များဖြင့် ပွတ်သပ်ပေးလိုက်သည်။
ဘွားမယ်စိန်၏အပြုအမူများအား ရွာသားများအားလုံးက
စိတ်ဝင်တစားဖြင့်ကြည့်ကြ၏။
ထိုသူတို့ကြည့်နေစဉ်မှာပင် ဘွားမယ်စိန်သည်သူ၏ မျက်လုံးများအား မှိတ်ချလိုက်သည်။
သို့သော် သူ၏လက်သည် ငပေ၏ခေါင်းအထက်၌ရှိနေဆဲ ဖြစ်၏။
တခဏကြာလေတော့ ဘွားမယ်စိန်၏မျက်လုံးများက
ပြန်ဖွင့်လာခဲ့လေသည်။
ဘွားမယ်စိန်မျက်လုံးများဖွင့်လာလာခြင်းမှာပင်
ဘွားမယ်စိန်သည် ရွာသားများရှိရာသို့
ဝေ့ဝိုက်ကာကြည့်ပြန်၏။
ဘွားမယ်စိန်၏အကြည့်များကြောင့်ရွာသားများ ရှိုးတိုးရှန့်တန့်
ဖြစ်ကုန်ကြလေသည်။
“ဟဲ့…နင်ဘယ်သူလဲ…လာခဲ့ ဝင်ခဲ့…”
ဟု…ဘွားမယ်စိန်သည် လေသံမာမာဖြင့်ပြောလိုက်လေသည်။
ဘွားမယ်စိန်၏စကားအဆုံး၌ မေ့မြောနေသော ငပေသည်
လှဲလျောင်းနေရာမှ ထလာလေတော့သည်။
ငပေအားမြင်ကြသောရွာသားများသည်လည်း
ထိတ်လန့်ကုန်ကြ၏။
“ဟ…ဘာကြီးလဲ”
“ငပေ ပါဟ…မင်းကလည်း”
“ငပေ မှန်းတော့သိတာပေါ့…။
ဟိုမှာကြည့်
မျက်လုံးကြီးကစိုက်ကြည့်နေတာ…”
“သရဲပူးတယ်ထင်တယ်”
“တိတ်တိတ်နေကြစမ်း…။ဘွား စီမံလိမ့်မယ်…
မင်းတို့အပေါက်တွေသာပိတ်ထားကြ”
ဆူညံဆူညံဖြစ်နေသော ရွာသားအုပ်စုအား သူကြီးဦးနောင်ချိုက ဝင်ဟောက်လိုက်တော့သည်။
ထိုအခါမှ အသံတိတ်သွားတော့၏။
ဘွားမယ်စိန်သည် သူ၏အနီး၌ ငုပ်တုပ်ထ ထိုင်နေသော ငပေအား ကြည့်နေသည်။
ငပေကလည်း ငုပ်တုပ်ကြီးထိုင်၍ ဘွားမယ်စိန်အားကြည့်နေ၏။
ထိုသို့ကြည့်နေရင်း ငပေသည်…
“အီး…ဟီးးး….ဟီးး….ဟီးး…….ဟီး……”
ဟူသောအသံကြီးဖြင့် ဝမ်းနည်းတကြီးရှိုက်ငိုတော့သည်။
“နင်ဘယ်သူလဲ…တို့ရွာထဲဘာလာလုပ်တာလဲ”
ဘွားမယ်စိန်က ငိုကြွေးနေသောငပေအား
ကြည့်ကာမေးလေတော့…
“ကျုပ်…ကျုပ်သား…ကျုပ်သားလေး လာရှာတာပါ”
“သား…ဟုတ်သလား…နင့်သားကဘယ်သွားလို့တုန်း”
“ကျုပ်အစာရှာသွားပြီးအပြန် ကျုပ်သားကိုမတွေ့တော့ဘူး…။
အဲ့တာကြောင့်ရွာထဲကိုဝင်လိုက်ရှာရတာပါ”
“ဟဲ့. .နင့်သားရွာထဲဝင်တယ်လို့ နင်ဘယ်လိုသိတာတုန်း”
“ရွာထဲက ကလေးတွေ
ကျုပ်တို့သားအမိနေတဲ့နေရာမှာ
လာဆော့ကစားကြတယ်လေ…။ဒါကြောင့်ကျုပ်သား
သူတို့နဲ့ပါသွားတယ်ထင်လို့ပါ”
ဘွားမယ်စိန်နှင့်ငပေ၏ကိုယ်အတွင်း၌ ပူးကပ်နေသော သရဲမတို့ပြောဆိုနေကြခြင်းပင်။
သရဲမ ပူးကပ်စဉ် ငပေ၏အသံသည်ပျောက်ကွယ်ကာ မိန်းမအသံပေါက်နေသည်မို့ ရွာသားများအံ့သြနေကြသည်။
သို့ကြောင့် ဘွားမယ်စိန်တို့၏စကားဝိုင်းအား ထိုသူတို့
စိတ်ဝင်စားနေကြ၏။
“ဟဲ့…နင်တို့အိမ်ကသားသမီးတွေ
ရွာပြင်ကိုထွက်ဆော့ကြသေးလား…။
ထွက်ဆော့တဲ့ကလေးတွေရှိရင်ဒီကို
ခေါ်လာပေးကြ”
ဟု…ဘွားမယ်စိန်သည်ရွာသားများကိုပြောလိုက်လေသည်။
ထိုအခါ သားသမီးရှိသောရွာသားများ
မိမိအိမ်သို့အပြေးပြန်ကြတော့သည်။
ထိုသို့ဖြင့်ကလေးများ
ခေါ်အလာအားစောင့်ဆိုင်းကြရပြန်သည်။
ထိုသို့ဖြင့်တခဏအကြာ၌ ကလေးတစ်သိုက်ရောက်လာခဲ့ကြသည်။
အိမ်ချင်မူးတူးလေးများဖြင့်
ဖခင်တို့ခေါ်ရာသို့လိုက်ပါလာကြ၏။
ရွာပြင်သို့ဆော့ကစားသောကလေးများသည်
စုစုပေါင်းလေးဦးရှိလေသည်။
မဲတူတို့ညီအစ်ကိုနှင့် ငပု၊နွေမတို့ဖြစ်လေသည်။
ထိုကလေးများအားဘွားမယ်စိန်ကြည့်လိုက်သည်။
အိမ်ချင်နေကြသောကလေးလေးယောက်နှင့်
နည်းနည်းမျှအိပ်ချင်ပုံမရသော
ကလေးတစ်ဦးကိုဘွားမယ်စိန်မြင်ရလေသည်။
ထိုအခါ လက်ညှိုးထိုး၍…
“ဟိုဟာနင့်ကလေးမလား…”
ဟု မေးလိုက်သည်။
ဘွားမယ်စိန်ညွှန်ရာသို့သရဲမသည်လည်းကြည့်လိုက်ပြီးနောက်
ဝမ်းသာအားရခေါင်းငြိမ့်လေသည်။
“သွား…ခေါ်သွား…နောက်ကိုဒီရွာထဲကိုဝင်ပြီး
အခုလိုတွေလုပ်ရင်
မယ်စိန်အဆိုးလို့မဆိုလေနဲ့…ကြားလား”
သရဲမသည် ဘွားမယ်စိန်စကားအားခေါင်းငြိမ့်ကာ နားထောင်၏။
ပြီးနောက် ငပေ၏ ကိုယ်မှခွာထွက်သွားပြီး သူ၏ကလေးအား
လက်ဆွဲကာ ထွက်သွားတော့လေသည်။
ထိုမြင်ကွင်းအား ဘွားမယ်စိန်သာ မြင်တွေ့ရပေသည်။
“ငါ့မြေးတို့နောက်ကို ရွာပြင်မှာသွားဆော့ကြမယ်ဆိုရင် သူငယ်ချင်းအချင်းချင်း နာမည်ခေါ်ပြီးမှပြန်ခဲ့ကြ…။
လာဟေ့ ပြန်ကြစို့။ တို့…ရွာထဲဝင်ကြရအောင် လာတို့ ။
မပြောမိစေနဲ့…ကြားကြရဲ့လား”
“ကြားလား ဘွားပြောတာကို”
“မှတ်ထားကြနော် မင်းတို့”
ဘွားမယ်စိန်၏စကားအားကလေးများက ခေါင်းလေးတွေငြိမ့်ပြကြ၏။
သူတို့လေးတွေသည်လည်း
ကြောက်လန့်နေကြသည်မဟုတ်ပါလား။
“ကဲ…သရဲမက သူ့ကလေးပျောက်လို့လာရှာတာ…ဟောသည်
ငပေကသူ့ကိုတွေ့သွားပြီးသတိမေ့တာ…။
ကဲ…ကဲ…ရော့ ဒါပရိတ်ရေ…ငပေကိုတိုက်လိုက်ကြ”
ဘွားမယ်စိန်ပေးသော ပရိတ်ရေအား ငပေအားတိုက်လိုက်ကြသည်။
ငပေသတိလည်လာသောအခါ
အားလုံးအားပြူးကြောင်ကြောင်အသွင်ဖြင့်ကြည့်၏။
ပြီးလေတော့…
“ဟင်…ဟို…ဟို…သရဲမကြီးရော…သရဲမကြီးရော”
“မရှိတော့ဘူး…ဒီမှာဘွားရောက်နေပြီလေ ငပေရဲ့”
“ဟာ.. ဘွား…ကျုပ်…ကျုပ်ဖြင့်ကြောက်လိုက်တာဗျာ…
သရဲမက ကျုပ်အပေါ့သွားနေတာကို နောက်ကနေ လက်နဲ့ပုတ်တယ်ဗျ…ကျုပ်လည်း မောင်တိုးတို့မှတ်ပြီးခေါင်းလှည့်ကြည့်လိုက်တာ…အမလေး… မျက်လုံးပြူးပြူး ပါးစပ်ကြီးကပြဲပြဲနဲ့ရွံစရာကြီးပါဗျာ”
“အမယ်…ငပေတို့က သရဲမကိုချောတယ်များမှတ်နေလားမသိ”
“ဟုတ်ပါ့ ငပေ ဟတ်ထိသွားတာထင်တယ်…။တစ်ခါထဲသတိလစ်သွားတာဆိုတော့”
“ဟားး…ဟားး…ဟားး…ဟားး…….”
ငပေ၏အဖြစ်အား အားလုံးက ဝိုင်းစနောက်ကျလေသည်။
သရဲမကိစ္စပြီးချိန်၌ လင်းကြက်ပင်တွန်နေလေပြီ။
ဘွားမယ်စိန်သည်လည်း အားလုံးကို နှုတ်ဆက်၍
သူ၏အိမ်သို့
ပြန်သွားတော့၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)