ခမောင်းပင်ပေါ်ကတေစ္ဆလင်မယား

တစ္ဆေလင်မယားသည် အေးဆောင်အား အဘယ်ကြောင့် ယခုကဲ့သို့ လိပ်ပြာစဉ်မတတ် ခြောက် လှန့်လိုက်ပါလိမ့်။

ကျွန်တော်တို့၏ တောင်ယာရွာကြားနှင့် ကွင်းကြီးရွာကြားတွင် ခမောင်းပင်ကြီးတစ်ပင်ကို အစွဲပြုကာ “ခမောင်းချောင်း´ဟုခေါ်သော ချောင်းငယ်တစ်ချောင်းရှိပါသည်။ ထိုချောင်းငယ်မှာ နွေနှင့်ဆောင်းတွင် ရေခန်းခြောက်နေပြီး မိုးတွင်းဆိုလျှင် ရေရှိသည်။

ကျွန်တော်တို့ ယာတောင်ရွာနှင့် ကွင်းကြီးရွာကို သွားလျှင် ထိုချောင်းကိုဖြတ်သွားရသည်။ ဖြတ်သွားရသော လမ်းပေါ်တွင် ခမောင်း ပင်ကြီးတစ်ပင်ရှိသည်။

ထိုခမောင်းပင်ကြီးကို အစွဲပြု၍လည်း ခမောင်းချောင်းဟု ခေါ်ကြ ခြင်းဖြစ်၏။

ထိုခမောင်းချောင်း၏ ခမောင်းပင်ကြီးပေါ်တွင် တစ္ဆေလင်မယား နှစ်ကောင်ရှိသည်ဟု ယုံကြည်ထားကြသည်။ လမိုက်ညများတွင် ထိုလမ်းမှ ဖြတ်သွားသူတိုင်း တစ္ဆေလင်မယား စကားတီးတိုးပြောနေကြသံ၊ သီချင်း ဆိုနေကြသံ၊ ရယ်မောပျော်ရွှင်နေကြသံ၊ တစ်ဦးနှင့်တစ်ဦး အော်ခေါ်နေ ကြသံ၊ ရန်ဖြစ်ငိုယိုနေကြသံ စသည်တို့ကိုလည်း ကြားကြရသည်ဟု ဆိုသည်။

ထိုတစ္ဆေလင်မယားမှာ လွန်ခဲ့သော ကျွန်တော်တို့ အဖီးလက်ထက်လောက်က ကျွန်တော်တို့ ယာတောင်ရွာသား မောင်လှဦးဆိုသူနှင့် ကွင်းကြီးရွာသူမညိုတို့ ဖြစ်ကြသည်။ သူတို့ သမီးရည်းစားနှစ်ဦးသည် နှစ်ဘက်မိဘများ သဘောမတူကြသဖြင့် ထိုချောင်းနားရှိ ခမောင်းပင်ကြီး ပေါ်မှ ပြိုင်တူဇွဲကြိုးချကာ သေပွဲဝင်သွားကြသော တစ္ဆေလင်မယားဖြစ် သည်ဟုဆိုသည်။

ယခု ထိုတစ္ဆေလင်မယားက ကွင်းကြီးရွာကို လူပျိုလှည့်သွားသော အေးဆောင်၏ကိုယ်ပေါ်ကို လင်မယားနှစ်ယောက်စလုံး ပြိုင်တူခုန်ချပြီး ခြောက်လှန့်လိုက်သည်ဟု ဆိုသောအခါ လူတွေမှာ ပို၍တုန်လှုပ်သွား ကြသည်။

ယခင်က အသံနှင့်သာခြောက်သော တစ္ဆေလင်မယားသည် ယခု အေးဆောင်၏ကိုယ်ပေါ်ကို ခုန်ချပြီးခြောက်ခြင်းမှာ အေးဆောင်၏ လိပ်ပြာကိုနှုတ်ယူချင်၍ ဖြစ်မည်ဟုလည်း တီးတိုးတီးတိုး ဝေဖန်တိကပြု ကြပြန်သည်။ ထိုအခါ ကွင်းကြီးရွာ၌ ချစ်သူရှိနေသူ ကာယကံရှင်အေး ဆောင်မှာ ကယောင်ချောက်ချားဖြစ်ပြီး စကားမေးပင် ဖြောင့်ဖြောင့်မရ ဖြစ်နေရှာသည်။

ဤသည်ကိုပင် မိန်းမသူတချို့ကလည်း ဝင်ပူးနေပြီး အေးဆောင် ၏လိပ်ပြာကို နှုတ်ယူသွားလျှင် ကွင်းကြီးရွာရှိ အေးဆောင်၏ ရည်းစား နှင်းရီကော လွယ်မလားနှင့် တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက် လိုက်ကြရာ ကျွန်တော်တို့အိမ်နားမှာ အေးဆောင်၏ အစ်မ ညီမများ ငိုသံကပါ ပွက်ပွက်ညံလာသည်။

ထိုအခါ အေးဆောင့်ကို ခြောက်လိုက်သော တစ္ဆေလင်မယား၏ ပြဿနာသည် တောင်ပေါ်ရွာမှ ဆေးမြစ်ရောင်းရန် ရောက်နေသော ကျွန်တော်တို့အဘိုးလေးဆီ ရောက်လာသည်။

အဘိုးလေးမှာ တောင်ပေါ်ရွာ၌နေပြီး မုဆိုးအလုပ်ကိုလုပ်သလို ဆေးပင်ဆေးမြစ်လည်းကိုင်သည်။ နွယ်ချို ဂမုန်း၊ သစ်ကြံပိုး၊ တောရှောက် မြစ် စသည်များကိုလည်း ရွာစဉ်လည်ရောင်းချသူဖြစ်သည်။

ထို့ကြောင့် အေးဆောင်တို့မိဘနှစ်ပါးက အဘိုးလေးကို တက်နိုင် လျှင်လုပ်ပါဦး၊ ကျွန်တော် ကျွန်တော်မတို့မှာ ဒီသားလေးတစ်ယောက်ပဲ အားကိုးအားထားရှိပါတယ်၊ တစ္ဆေလင်မယားက ကျွန်မသားလေးကို လိပ်ပြာမနှုတ်သွားနိုင်အောင် လက်ဖွဲ့မန္တန်တွေနဲ့ လုပ်ပေးပါဦးဟုလည်း ရှိခိုးဦးတင်တောင်းပန်ကြသည်။

အဘိုးလေးက
“အဲဒီနေရာကို ကျုပ်လိုက်ကြည့်ပါရစေ”
ဟုပြောပြီး အဖေ့အား
“ဘအောင် မီးတုတ်ထွန်းစမ်းကွ၊ အဲဒီနေရာကို ကြည့်မယ်”
ဟုဆိုသည်။

“အဘိုးလေး ကျွန်တော်လဲ လိုက်မယ်ဗျ”

“ဟေ့, ဒါ ကလေးအရာလား ခွေးတိရစ္ဆာန်၊ လူကြီးတွေအလုပ် နင်က ဘာဝင်ရှုပ်ဦးမလို့လဲ”

​ကျွန်တော့်ကို အမေကဆူသည်။

အဘိုးလေးကမူ
“ငါ့မြေးက အဘိုးလေးခြေရာ နင်းမယ့်လူပဲ လိုက် ပါစေ၊ လာ.. လာ မြေးလိုက်ခဲ့” ဟုခေါ်၏။

အစ်မကမူ တချို့လူကြီးများပင် မလိုက်ဝံ့ဝံ့ လိုက်ဝံ့ဝံ့လုပ်နေကြရာထဲ ဝင်ပါရမလားဟု ကျွန်တော့်ကို ဆဲဆိုကြိမ်းမောင်း၍ ကျန်နေခဲ့၏။

တစ္ဆေလင်မယား အခြောက်ခံရသော အေးဆောင်ကိုမူ နေရာပြ ရန်အတွက် လူကြီးသုံးလေးယောက် ဝိုင်းဆွဲချုပ်ကိုင်၍ ခေါ်လာကြသည်။

“တစ္ဆေလင်မယား ခုန်ချတာ .. ဒီနေရာပဲ အဘိုးလေး”
ဟု အေးဆောင်က တုန်တုန်ယင်ယင်နှင့် လက်ညှိုးထိုးပြ၏။

အဖေက မီးတုတ်ကိုမြှောက်ပြသည်။ အဘိုးလေးက ထိုနေရာကို သေသေချာချာကြည့်၏။

အဘိုးလေးအနား ကပ်ပါနေသော ကျွန်တော်နှင့် ရွာလူကြီး သုံးလေးယောက်လည်း ဝိုင်းကြည့်ကြသည်။

အေးဆောင်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

ခမောင်းပင်အောက်ရှိ သဲစုလမ်းဖုန်ဖုန်တွင် ဒယ်အိုးဖင်နေရာ ထက်ပင်ကြီးသော နေရာအခွက်နှစ်ခုကို တွေ့ရသည်။ “နွေလဖြစ်သဖြင့် ခမောင်းရွက်ကြွေများလည်း ကျိုးတိုးကျဲတဲရှိနေရာ တစ္ဆေလင်မယားခုန်ချ ထားသဖြင့် ခမောင်းရွက်ခြောက်များ ကြေမွကျိုးပဲ့နေသည်ကိုလည်း တွေ့ ရသည်။ ဘေးနားရှိ ခမောင်းရွက်ခြောက်များပေါ်တွင် ခါချဉ်ကောင်များ ကိုလည်း မြင်နေရသည်။ အဘိုးလေးသည် ခမောင်းပင်ပေါ် မှော့်ကြည့်၏။

ခမောင်းပင်ကြီးမှာ နှစ်ပေါင်းတစ်ရာနီးပါး သက်ဆိုးရှည်နေသော သစ်ပင်ကြီးဖြစ်သဖြင့် အကိုင်းအခက်တွေမှာ လူတစ်ယောက်ဖက်နီးပါး ခန့်ရှိသည်။ မိုးရေတွေတိုက်စား၍ ကမ်းပါးပြိုကာ ခမောင်းပင်ကြီးမှာ လမ်းဘက်သို့လည်း ကိုင်းနေလေသည်။

“ငါထင်တာ ဟုတ်ပါပြီ”
ဟု အဘိုးလေးကပြော၏။

“တစ္ဆေလင်မယားလား အဘိုးလေး”
ဟူသော ကျွန်တော်၏အမေး ကို အဖေက “ဟေ့ကောင် မင်းပါးစပ်ပိတ်ထားစမ်း၊ လူကြီးတွေပြောဖို့မရဘူး နေရာတကာပါတယ်”
ဟု ဟန့်လိုက်သည်။

“တစ္ဆေလင်မယား မဟုတ်ပါဘူးကွာ သင်းခွေချပ် လင်မယားပါ၊ ခု လမိုက်ညဆိုတော့ ဒီကောင်တွေ ခမောင်းပင်ပေါ်က ခါချဉ်ထုပ်တွေ ကို လာစားကြတာဖြစ်ရမယ်၊ သူတို့ ခါချဉ်လာစားနေတုန်း လူက သစ်ပင် အောက်ရောက်လာတော့ သူတို့လဲ လူကိုကြောက်တာနဲ့ သစ်ပင်ပေါ်က ပြိုင်တူခုန်ချပြီး လူကိုခြောက်ကြတာ၊ သင်းခွေချပ်တွေဟာ လူရယ်လို့ မဟုတ်ပါဘူး ဘယ်အကောင်ကိုဖြစ်ဖြစ် မြင်တာနဲ့ သူတို့ကို တစ်စုံတစ်ခု ရန်သတ္တရုပြုဖို့ လာပြီအထင်နဲ့ သူတို့ကိုယ်ကို ကရွတ်ခွေလို ခွေပစ်တတ် တော့ သစ်ပင်ပေါ်ပြန်တက်သွားတဲ့ ခြေရာတွေ့ရတယ်၊ လူသံတွေ မီးရောင်တွေ မြင်ရတော့ ကြောက်ပြီး ဒီခမောင်းပင်ပေါ်က သစ်ခေါင်း တစ်ခေါင်းခေါင်းထဲ ဝင်ပုန်းနေကြတာ ဖြစ်ရမယ်၊ မယုံရင် မင်းတို့ မိုးလင်း တော့ ဒီသစ်ပင်ပေါ်က သစ်ခေါင်းတွေမှာ တက်ရှာကြ၊ သင်းခွေချပ် လင်မယားကို တွေ့ကြရလိမ့်မယ်၊ သင်းခွေချပ်ဆိုတဲ့အကောင်တွေဟာ လူတွေကို အသံနဲ့လဲကြောက်တတ်ကြတယ်၊ အသံမျိုးစုံလဲ မြည်တတ်ကြ တယ်၊ တချို့တော့ ကြက်တွန်သံကြားလို့ တောကြက်ကို လိုက်ရှာတတ် ကြတယ်၊ တောကြက်တွန်သံကြားရပြီး သစ်ပင်ပေါ်မှာ တောကြက်ကို မတွေ့တော့ တစ္ဆေခြောက်တယ်ဆိုပြီး ပြန်ပြေးလာကြရတာဟာလဲ သင်း ခွေချပ်တွေပဲ၊ လူက ကြက်တွန်သံကြားပေမယ့် သူတို့က သစ်ခေါင်းထဲ နေတာဆိုတော့ ဘယ်မြင်ရမလဲ၊ ခုလဲ မောင်အေးဆောင်က ခမောင်းပင် ကြီးအောက် ရောက်လာတော့ လန့်ပြီးခုန်ချကြတာဖြစ်မယ်၊ ဘာတစ္ဆေ လင်မယားမှမဟုတ်ဘူး၊ ငါ့စကား မင်းတို့မယုံရင် မိုးလင်းတော့ ခမောင်း ပင်ပေါ်တက်ရှာကြ၊ သစ်ခေါင်းတစ်ခေါင်းခေါင်းမှာ မင်းတို့ပြောတဲ့ တစ္ဆေ လင်မယားကို တွေ့ပါလိမ့်မယ်”

– အဘိုးလေး ပြောသည်မှာ အမှန်ပင်ဖြစ်သည်။

မိုးလင်း၍ ရွာသားကြီးများ ခမောင်းပင်ပေါ် တက်ရှာကြရာ သစ်ခေါင်းထဲတွင် သင်းခွေချပ် အထီးအမနှစ်ကောင်ကို တွေ့ကြရသည်။

အဘိုးလေး၏ ပြောပြချက်အရ လမိုက်ညများတွင် တောင်ခြေမှ သင်းခွေချပ်များသည် ခါချဉ်ထုပ်များရှိသော ခမောင်းပင်ပေါ်လာပြီး ခါချဉ် စားကြသည်ဟူ၏။

(၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ စစ်ပြန်မဂ္ဂဇင်း)

စာစီ – မီးမီး