တစ္ဆေတေလာတဲ့ည

ငှက်ပျောဖက်တွေ အသေအချာ
ခင်းပြီး ထမင်းပုံ၊ ဟင်းပုံပြီး အကျအနကို
ကျွေးတာဗျ ။ ပြောင်းရှည်ဆိုတဲ့ကောင်က
လူက အရပ်ရှည်ရှည်၊ ကလန်ကလားကြီးနဲ့ဗျ။

ထမင်းတောင်းကြီး ခါးစောင်းတင်ပြီး ကျွေးနေလိုက်တာများ
တကယ့်အလှူအိမ်ကြီးကျနေတာဗျ။ ကျုပ်လည်း
ပြောသာပြောတာပါဗျာ။ မီးလောင်ကုန်းက
အကျွတ်အလွတ်ပွဲကို မရောက်တာကြာပါပြီ။
ဟိုတုန်းကသာ တစ်ခေါက်၊ နှစ်ခေါက် ရောက်တာ။
ဒီနောက်ပိုင်းတော့ မသွားဖြစ်ဘူးဗျ။

ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲက
ပြီးရုံရှိသေးတော့ လူတွေလည်း ပန်းနေကြတာမို့လားဗျာ
ဒီအချိန်မှာ ဘယ်မှကို သွားချင်ကြတာ မဟုတ်ဘူးဗျ။

“ကိုကြီးတာတေ၊ ဒီနှစ် မီးလောင်ကုန်းက
အကျွတ်အလွတ်ပွဲကို သွားကြည့်ရအောင်ဗျာ ”

ကျောက်ခဲဗျ၊ ဒီကောင်က ကျုပ်ငယ်ငယ်က အတိုင်းပါဗျာ
ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကျောက်ခဲမရောက်တဲ့နေရာကို
မရှိပါဘူးဗျာ။ ကျုပ်က အင်တင်တင်လုပ်နေတာဗျ။
ရွှေတောင်ဦးဘုရား ပွဲမပြီးခင်း သုံးရက်လောက်
အလိုကတည်းက ကျောက်ခဲက တဖွဖွပြောနေတာ။
သံမဏိကလည်း ကျောက်ခဲပူဆာတာကို သူပါ
သေဘာတူပုံပဲဗ်။

ဒီကောင်တွေ ပူဆာတော့မှာပဲ ကျုပ်လည်း
တွေးမိတာဗျို့။ အဲဒီအကျွတ်အလွတ်ပွဲကို
ကျုပ်မျက်ကွင်းဆေးကွင်းပြီး တစ်ခါမှ
မသွားခဲ့ဘူးဗျ။ ကျုပ်ဆိုတဲ့ကောင်ကလည်း
ကျောက်ခဲတို့ စပ်စုတယ်ဆိုတာ
ကျုပ်အိပ်နေသလောက်ပဲ ရှိတာလေဗျာ။

ဒီတစ်ခါတော့ ကြုံပြီပေါ့ဗျာ။
ဟိုကောင် ကျောက်ခဲပူဆာတာဟာ
ကျုပ်စိတ်ကို ဆွပေးသလို ဖြစ်သွားတာဗျို့၊

“အေး …သွားကြမယ်လေကွာ ”

ကျုပ်က တက်တက်ကြွကြွ ပြောလိုက်တော့
ဒီကောင်နှစ်ကောင် ပျော်သွားသဗျ။
ရွှေတောင်ဦးဘုရားပွဲပြီးလို့ နှစ်ရက်အကြာမှာ
ကျုပ်လည်း ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်က
သစ်သားကွပ်ပျစ်ပေါ်မှာ ခြေပစ်လက်ပစ်ကို
အိပ်ပျော်သွားရောဗျို့။

“တာတေရေ…တာတေ”

ဝိုင်းဝက ကျုပ်နာမည်ခေါ်သံကြားလို့သာ
လန့်နိုးသွားတာဗျို့၊ နို့ မဟုတ်ရင် ဘယ်လောက်များ
အိပ်ပျော်နေမလဲ မသိဘူး၊ အဘနဲ့ အမေကလည်း
ဘုရားပွဲမှာ ကျုပ်ပင်ပန်းထားမှန်းသိလို့
မနှိုးကြဘူးဗျ။ ကျုပ်နိုးတော့ ညနေတောင်
စောင်းနေပြီလေဗျာ။ ကျုပ်ခေါင်းထောင်ပြီး
ဝိုင်းဝကို လှမ်းကြည့်တယ်

ဟင်…မီးလောင်ကုန်းက ပြောင်းရှည်နဲ့ စံမြပါလား။

“ဟေ့ကောင်တွေ…လာလေကွာ။ ဝိုင်းဝမယ်
မတ်တတ်ကြီးရပ်လို့ ”

“အေး …လာဖို့ပဲ။ မင်းအိပ်နေတာမြင်လို့
ရပ်နေတာကွ ”

ပြောပြောဆိုဆို ဒီကောင်တွေ ကျုပ်ဆီကို
တန်းလျှောက်လာကြတာဗျ။ ပြောင်းရှည်တွေ၊
စံမြရော ကျုပ်နဲ့ ရွယ်တူတွေလေဗျာ။

“လာ …ထိုင်ကြကွာ။ ငါလည်း ဘုရားပွဲ
အပြီးမှာ ပန်းပြီး အိပ်ပျော်သွားတာဟေ့၊
ထမင်းစားပြီးကတည်းက အိပ်လိုက်တာ
ခုမှ နိုးတာသာ ကြည့်ပေတော့ကွာ၊ ဒါတောင်
ပြောင်းရှည်ခေါ်သံကြားလိုက်လို့ဟေ့၊
နို့ မဟုတ်ရင် ညအထိတောင် ဆက်
အိပ်နေမလားပဲကွ ”

ကျုပ်က ပြောပြောဆိုဆိုနဲ့ နဂါးဆေးပေါ့လိပ်ကလေးတွေ
တစ်ယောက်တစ်လိပ် တည်လိုက်တယ်ဗျ။ပြီးတော့
ကျုပ်ရဲ့လက်သုံးတော် ဓနုဖြူမီးခတ်ကြီးကို
ကမ်းပေးလိုက်တယ်၊ ဒီကောင်နှစ်ကောင် မီးခတ်ပြီး
ဆေးပေါ့လိပ်တွေ ညှိကြတာပေါ့ဗျာ။

ကျုပ်လည်း မအိပ်ခင်ချထားခဲ့ ဆေးပေါ့လိပ်တို
ကလေးကို ညှိပြီးဖွာလိုက်ရောဗျို့။

“ပြောင်းရှည်…မင်းတို့နှစ်ယောက် ဘယ်က
လာတာတုံး ”

“ဘိုးရုံထောင်တို့နဲ့ လာတာကွာ၊ တို့ရွာ အကျွတ်အလွတ်ပွဲက
လပြည့်ကျော် ၆ ရက်လေကွာ၊ အဲဒါ ဘိုးရုံထောင်တို့
ဘုန်းကြီးလာပင့်တာကွ၊ ငါနဲ့ စံမြက ဘိုးရုံထောင်တို့ကို
လှည်းမောင်းပြီး လိုက်ပို့ကြတာ တာတေရ၊
ဘုန်းကြီးကျောင်းမှာ လှည်းထားခဲ့ပြီး မင်းဆီကို
လာခဲ့တာ ”

“သြော် …ဒီကိစ္စလား။ ငါတောင် ဒီနှစ် မင်းတို့ရွာက
အကျွတ်အလွတ်ပွဲကို လာမလားလို့ကွ …စံမြရ ”

“အေး …ငါတို့ အခုလာတာကလည်း
ဒီကိစ္စပဲ တာတေရ၊ ဒီနှစ် တို့ရွာက အကျွတ်အလွတ်ပွဲအတွက်
အစည်းအဝေးလုပ်တော့ ဘိုးရုံထောင်တို့ လူကြီးပိုင်းက
ပြောတယ်ကွ။ အကျွတ်အလွတ်ပွဲ အစဉ်အလာကို
ငါတို့လူငယ်တွေ ဆက်ပြီး ထိန်းသိမ်းထားကြဖို့ပေါ့ကွာ
အဲဒီလို လူငယ်တွေအနေနဲ့ ဒီပွဲကို ဆက်ပြီး
လုပ်ကြတဲ့အခါမှာ ထနောင်းကုန်းက တာတေကိုပါ
ထည့်ပြီး အဖွဲ့ဖွဲ့ဖို့၊ ဒီကိစ္စဆောင်ရွက်တိုင်း တာတေကို
ဖိတ်ခေါ်ကြဖို့မှာတယ်ကွ၊ ဒါကြောင့် ငါနဲ့ စံမြ
မင်းကို လာဖို့ ဖိတ်တာ ။အဲဒီနေ့မှာ မင်းဆက်ဆက်
ကြွခဲ့ဖို့ပေါ့ကွာ ”

“ဟား ဟား ဟား ပြောင်းရှည်ရာ မင်းကလည်း
ဘယ့်နှယ်ကြွပါလာတုံးကွ ။တာတေ မင်းလာဖြစ်အောင်
လာခဲ့လို့ ပြောစမ်းပါကွာ ”

“ဟာ …မဟုတ်ဘူးလေကွာ ။ လူကြီးတွေကိုက
မင်းကို ဖိတ်ခိုင်းတာကွ၊ ဒါကြောင့် ဖိတ်ရတာလေကွာ”

“ဟာ …မဟုတ်ဘူးလေကွာ။ လူကြီးတွေကိုက
မင်းကို ဖိတ်ခိုင်းတာကွ၊ ဒါကြောင့် ဖိတ်ရတာလေကွာ ”

“အေးပါကွာ ပြောင်းရှည် ။ငါလာခဲ့မယ်…စိတ်ချ။
ကျောက်ခဲနှင့် သံမဏိကလည်း သွားချင်လို့ ပြောနေတာ”

“ကျောက်ခဲဆိုတာ ဘယ်သူတုံး”

“ကိုကြီးမောင်ညိုရဲ့ သားလေကွာ။ ဟိုကောင်
သံမဏိက ကိုကြီးအောင်ငြိမ်းရဲ့သားကွ ”

“သြော် …ကိုမောင်ညိုတို့၊ ကိုအောင်ငြိမ်းတို့ သားတွေကိုး ”

“ဟာ …ဒီကောင်နှစ်ကောင် ငါ့ကို လွှတ်ခင်တာကွ
ပြောင်းရှည်ရ၊ အားလည်းကိုးရတယ်ဟေ့ ”

“ဒီကောင်တွေပါ ခေါ်ခဲ့လေကွာ၊ ဘုန်းကြီးတွေကို
နေ့ဆွမ်းကပ်မှာကွ၊ မင်းတို့အတွက် ဘုန်းကြီးပွဲကျ
ငါသိမ်းထားမယ် ”

“စံမြက ပြောတာဗျ၊ စံမြက လူအေး၊ လူရိုးဗျ
စကားကလည်း အနည်းသား။

“ဟာ…မလုပ်ပါနဲ့ စံမြရာ၊ တာဝန်ပိုပါတယ်ကွာ၊
ငါတို့ ထမင်းစားပြီးမှ လာကြမှာပါ ၊ ညနေစာတော့
အဆင်ပြေသလိုပေါ့ကွာ၊ မီးလောင်ကုန်းတစ်ရွာလုံး
တာတေ့စားအိမ်တွေချည်းပါကွာ ”

“ဟာ …ဒါတော့ ဟုတ်ပါတယ်ကွာ ။ ဒါပေမဲ့ ငါတို့က
မင်းကို ဧည့်ဝတ်ပြုချင်လို့ပါကွာ ”

“နို့ …နေပါဦးကွ ပြောင်းရှည်ရ၊ ဟိုကောင်
အာဗွဲမပါလာဘူးလား ”

ကျုပ်က အာဗြဲကို သတိရပြီး မေးလိုက်တာဗျ

“ဟာ …ဒီရက်တွေဆို အာဗြဲမအားတော့ဘူးလေကွာ၊
သင်္ချိုင်းကုန်းတွေလှည့်ပြီး ဗျို့ဟစ်နေရပြီကွ၊
ဒီအနီးတစ်ဝိုက်က သရဲတွေကလည်း အာဗြဲအသံကို
မှတ်မိနေလောက်ပါပြီကွာ ”

ဒီကောင်နှစ်ကောင် ဆေးလိပ်ကလေးဖွာရင်း
ကျုပ်နဲ့ စကားကောင်းနေကြတာဗျို့
တော်တော်ကြာမှ…

“ကဲ…တာတေရေ၊ စကားကတော့
ပြောလို့ကောင်းတယ်ဟေ့ ။ ငါတို့ သွားမှဖြစ်မယ်
ဘိုးရုံထောင်တို့က မျှော်နေရင် မကောင်းဘူးဟေ့ ”

ပြောင်းရှည်က ကျုပ်ကို နှုတ်ဆက်ပြီး ပြန်သွားကြရောဗျို့။
ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးပင့်နေတဲ့ ဘိုးရုံထောင်တို့ကို
ဝင်ခေါ်ပြီး မီးလောင်ကုန်းကို လှည်းပြန်မောင်းရမှာလေဗျာ။

လပြည့်ကျော် ၆ ရက် ရက်ရောက်တော့ ကျုပ်ရယ်
ကောင်လေးနှစ်ကောင်ရယ် ထမင်းစားပြီးမှ ရွာက
ထွက်ခဲ့ကြတယ်။ကျုပ်က ယူနေကျ မျက်ကွင်းဆေးကို
အိတ်ရှုံ့လေးနဲ့ လည်ပင်းမှာ ဆွဲလို့ပေါ့ဗျာ
ဒါပေမဲ့ အင်္ကျီထဲမှာ ထည့်ထားတာဆိုတော့
လူတွေ အမြင်ဘူးဗျ

မီးလောင်ကုန်းရောက်တော့ အကျွတ်အလွတ်ပွဲ
လုပ်ဖို့ ပြင်ထားတဲ့ ဘိုးရုံထောင်ရဲ့ ယာခင်းကို
ကျုပ်တို့ တန်းသွားကြတာဗျ။

မဏ္ဍပ်ကြီးမှဗျာ ဟီးနေအောင် ထိုးထားတာဗျို့။
မီးလောင်ကုန်း အကျွတ်အလွတ်ပွဲဆိုတာ
တကယ့်ကို ကြီးကျယ်ပေတာပဲလို့ ကျုပ်စိတ်က
တွေးလိုက်မိတယ်။ သံဃာစင်ကလည်း
ကျကျနနကို ဆောက်ထားတာဗျ။
စေတနာပါပါနဲ့ကို လုပ်ထားကြတာပါဗျာ။

“ဟာ …တာတေတို့ လာကြပြီဟေ့ ”

ဘိုးရုံထောင်ဗျ၊ မဏ္ဍပ်ထဲမှာ ထိုင်နေတဲ့
လူကြီးဝိုင်းကနေ လှမ်းအော်ပြောတာဗျို့။

“ဟာ …တာတေ ရောက်ပြီလား၊ မင်းတို့ကို
ထမင်းကျွေးဖို့ ငါမျှော်နေတာကွ ”

စံမြကြီးကား သံဃာစင်နောက်က ထွက်လာပြီး
ကျုပ်ကို ဝမ်းသားအားရ ကြိုဆိုတယ်ဗျ။

“ဟာ …ငါတို့ စားပြီးမှ လာတာကွ စံမြရ။
ဒါနဲ့ …အာဗြဲတို့ ၊ ပြောင်းရှည်တို့ရော ”

“ရှိတယ် ရှိတယ်။ ငှက်ပျောဖက်ခုတ်တာ
နည်းနေလို့ သွားပြီး ခုတ်နေကြတယ်ကွ။
လာမှာ …လာမှာ၊ မကြာဘူး။ ကဲ မင်းတို့
ရွာထဲ ဝင်ကြဦးလေကွာ ”

ကျုပ်တို့လည်း စံမြခေါ်တဲ့နောက် လိုက်ခဲ့ရတာပေါ့ဗျာ။
ရွာထဲရောက်တော့ ဟိုလူက နှုတ်ဆက်၊ ဒီလူက
နှုတ်ဆက်နဲ့ ပျော်စရာတော့ ကောင်းသားဗျ။

“ဟာ …တာတေတို့ ရောက်ပြီလားကွ။ လာဟေ့
စံမြတို့အိမ်မှာ ငါတို့ ကာလသားတွေ ဝိုင်းဖွဲ့နေလေရဲ့
မင်းကို မျှော်နေကြတာကွ ”

ကိုစံပေါဆိုတဲ့လူဗျ။ ကိုစံပေါကြီးက ကျုပ်ကို
လွှတ်ခင်တာဗျို့။ တွေ့တာနဲ့ ဝမ်းသာအားရ
ခေါ်တော့တာဗျ။ မီးလောင်ကုန်းသားတွေက
လွှတ်ခင်ဖို့ ကောင်းတာပါဗျာ။ ကျုပ်တို့
စံမြတို့အိမ်ရောက်တော့ ဝိုင်းထဲမှာ စားပွဲ
သုံးလုံးဆက်ပြီး ခုံတန်းတွေချလို့ဗျ။
လက်ဖက်ပွဲတွေမှ ဆီကိုအိနေတာဗျာ။
ကျုပ်အကြိုက် နဂါးဆေးပေါ့လိပ်တွေလည်း
အစည်းလိုက်ချလို့ဗျာ။ ရွာထဲက ကာလသားတွေ
လူစုတဲ့နေရာ ထင်တယ်ဗျ။ ဒီကမှ
အကျွတ်အလွတ်ကို သွားကြမယ့်ပုံပဲ။

“လာဟေ့ …တာတေ၊ ထိုင်ကွာ ”

ဂျပုလို့ ခေါ်တဲ့ မောင်စိန်က ခရီးဦးကြိုပြုသဗျ၊
ညိုထွန်း၊ တင်မောင်၊ ပန်းစုံ၊ ခွေးညို၊ တင်ညွှန့်
အားလုံး ကျုပ်နဲ့ လူခင်တွေချည်းပဲဗျ။
ကျုပ်က ကျောက်ခဲနဲ့ သံမဏိကို ထိုင်ခိုင်းတယ်။
ပြီးမှ ခွေးညိုဘေးမှာ ကျုပ်ဝင်ထိုင်လိုက်တယ်။

“တာတေတို့များ ပျောက်ချက်သားကောင်းပါ့ကွာ၊
ငတို့မီးလောင်ကုန်းဘက်ကို ခြေဦးတောင်မလှည့်တာ
ကြာပေါ့ ”

ပန်းစုံက ကျုပ်ကို စကားနာလေးထိုးလို့ပေါ့ဗျာ

“ဘာရယ်မဟုတ်ပါဘူး ပန်းစုံရာ၊ အိမ်အလုပ်နဲ့
ရပ်ရေးရွာရေးနဲ့ကို တစ်နေကုန်,ကုန်သွားတာဟေ့၊
လူသာ မရောက်ရှိတာပါကွာ၊ စိတ်ကတော့
မင်းတို့ဆီ ရောက်ပြီးသားပါကွာ ”

“တာတေတို့ကတော့ တွေ့ပြီဆိုရင် လွမ်းရောဗျာ”

ဂျပုကလည်း စကားလေးနဲ့ ဝင်ဖို့ ပေးလိုက်သေးဗျ။

“တကယ်ပါကွ ဂျပုရ၊ တာတေဆိုတဲ့ကောင်က
စကားနဲ့ လွမ်းတတ်တဲ့ကောင် မဟုတ်မှန်း မင်းသိပါတယ် ”

သူငယ်ချင်းတွေ မတွေ့တာကြာတော့လည်း
တစ်ယောက်ကို တစ်ယောက် စကြတာပေါ့ဗျာ

“ရော့ …တာတေ၊ အမောပြေ ဒါလေး ဖွာလိုက်ဦး၊
မင်းကြိုက်တဲ့ နဂါးကွ ”

ခွေးညိုက ကြေးမီးခတ်ကြီး ခတ်ပြီး နဂါးဆေးပေါ့လိပ်
ကလေးတစ်လိပ် မီးညှိတယ်။ ပြီးတော့ ကျုပ်ကို
ကမ်းပေးတယ်ဗျ။ ကျုပ်လည်း နဂါးဆေးပေါ့လိပ်ကို
နှစ်ဖွာ၊ သုံးဖွာ ဆက်ဖွာလိုက်တယ်

“နို့ …အကျွတ်အလွတ်ပွဲက ဘယ်အချိန်စမှာတုံး ဂျပုရဲ့ ”

“ထုံးစံအတိုင်းပေါ့ တာတေရာ၊ နွားရိုင်းသွင်းချိန်ပေါ့ကွာ”

“ဟ …နေပါဦးကွ၊ ဗျို့ဟစ်တဲ့ အာဗြဲကြီး မမြင်ပါလား ”

“အာဗြဲလား…ရှိတယ်ကွ၊ ထမင်းဟင်းတွေချက်တဲ့
နေရာမှာကွ။ ကူပြီးချက်ပေးနေတယ်
စောစောကတောင် ရွာထဲ ပြန်ဝင်လာသေးတယ် ”

ဂျပုက ကျုပ်မေးတာကို ဖြေတယ်

“မင်းကိုတောင် အာဗြဲက မေးနေသေးတာ။
တာတေ လာမယ်ဆို၊ မရောက်သေးဘူးလားတဲ့ ”

တင်ညွန့်က ဝင်ပြောတာဗျ၊ ကျုပ်လည်း
လက်ဖက်စားလိုက်၊ ဆတ်သားခြောက်ဝါးလိုက်၊
ရေနွေးကြမ်းလေးသောက်လိုက်၊ ရေနွေးကြမ်းသောက်လိုက်၊
ဆေးလိပ်ကလေး ဖွာလိုက်နဲ့ပေါ့ဗျာ။ စကားဝိုင်းကလည်း
မြိုင်သားဗျ။ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောနဲ့၊
စံမြတို့ဝိုင်းထဲမှာ စည်လို့ဗျ။

လက်ဖက်ပွဲနဲ့ အကြမ်းအိုးကလည်း မပြတ်ပါဘူးဗျာ
ကျုပ်အကောင်တွေ ကျောက်ခဲတို့၊ သံမဏိတို့တောင်
ပျော်လို့ဗျ။ ငယ်ငယ်က အကြောင်းတွေ ပြောကြ၊
ရယ်ကြပေါ့ဗျာ။ တချို့ကလည်း ကျုပ်ဆရာကြီးတွေ
အကြောင်း မေးကြသဗျ။ ဆရာကြီးဦးမင်းအောင်တို့၊
ဆရာနွံဖတို့ပေါ့ဗျာ။ကျုပ်ကလည်း
ကျုပ်လျှောက်လိုက်ခဲ့ဖူးတဲ့ ကျုပ်ဆရာကြီးတွေရဲ့
သီလ၊ သမာဓိရှိကြပုံတွေလို့ ပြောပြရတာပေါ့ဗျာ။

ကျုပ်ပြောပြတဲ့အထဲမှာ ဒီကောင်တွေ
စိတ်အဝင်စားဆုံးကတော့ ‘ကန်တော် ကဝေမ’
အကြောင်းပဲဗျ၊ ကျောက်မိကျောင်းကြီး
အသက်ဝင်လာတာလေဗျာ။ ငွေသနွပ်ကြီးရဲ့
ကျုပ်ကန်ထဲ ဆင်းပြီး မိကျောင်းကြီးနဲ့
တိုက်ခဲ့ရတာလေဗျာ။ ဒီအကြောင်းကို
‘ကဝေဆယ့်နှစ်ကြိုး’စာအုပ်ထဲမှာ
‘ကန်တော်ကဝေမ’ဆိုတဲ့ ခေါင်းစဉ်နဲ့
ကျုပ်ရေးခဲ့ပါတယ်

စကားကောင်းနေလိုက်ကြတာ နေညိုသွားတာတောင်
သတိမထားမိကြဘူးဗျ။ ဝိုင်းထဲကို မီးလောင်ကုန်းက
ကာလသားတွေ တဖွဲဖွဲရောက်လာလိုက်ကြတာ
စံမြတို့ဝိုင်းတောင် ပြည့်ခါနီးရောဗျို့။

“ဟာ …တာတေ၊ မင်း ဘယ်အချိန်ထဲက
ရောက်နေတာတုံးကွ ”

အာဗြဲကြီးဗျ။ သရဲတွေကို ဗျို့လိုက်ဟစ်တဲ့ကောင်လေ။

“ငါ နေ့လယ်ကတည်းက ရောက်နေတာကွာ အာဗြဲရ”

“စိတ်မရှိနဲ့ တာတေရာ။ ငါအလုပ်များနေလို့
မင်းကို ဧည့်မခံနိုင်တာပါ သူငယ်ချင်းရာ ”

“ဟာ …ငါသိတယ်လေ အာဗြဲရာ၊ ဒီမှာ လိုလေးသေးကို
မရှိဘူးကွာ ”

ကျုပ်က အာဗြဲကို ဧည့်ဝတ်ကျေကြောင်း
ပြောရတာပေါ့ဗျာ။

“ကဲ …ဒါဆိုရင် တို့ ရွာပြင်ထွက်ကြစို့ကွာ။
ကဲ …အားလုံးပဲ ကိုယ့်ကိုပေးထားတဲ့ တာဝန်တွေအတိုင်း
လုပ်ကြရမယ်နော်၊ အဓိက,ကတော့ မင်းတို့ကို
ငါမှာထားတဲ့အတိုင်းပဲ သတိရှိရှိလုပ်ကြမယ်
ပြီးတော့ အရေးကြီးဆုံးက ပါးစပ်ပါပဲ။
မင်းတို့ ပါးစပ်က ပေါက်တတ်ကရတွေ
မပြောကြနဲ့ ၊ နောက်တစ်ခုက တစ်ယောက်နဲ့
တစ်ယောက် နာမည်မခေါ်မိစေနဲ့၊ ကိုယ်ယူထားတဲ့
တာဝန်ကို ကိုယ့်ဘာသာလုပ်ပေကြပေတော့။
ကဲ …သွားကြစို့ ”

ကျုပ်က လျင်ပြီးသားပါဗျာ။
စောစောကကတင် ခွေးညိုကို လက်ကုတ်ပြီး
ဝိုင်းပြင်ထွက်ခဲ့တယ်။ ခွေးညိုတို့ အိမ်ကို သွားပြီး
မျက်ကွင်းဆေး သွေးကွင်းလိုက်တယ်။ဒီကိစ္စက
အတတ်နိုင်ဆုံး လျှို့ဝှက်ရတာဗျ။ မီးလောင်ကုန်းက
ကာလသားတွေကို အာဗြဲကြီး ဦးဆောင်ပြီး
ရွာပြင်ထွက်ခဲ့ကြရောဗျို့။

ကျုပ်တို့လည်း ရောပြီး လိုက်ခဲ့ကြတယ်
ရွာပြင်ရောက်တော့ အနီးအနားရွာတွေက
ကျောင်းထိုင်ဆရာတော်ကြီး ဆယ့်တစ်ပါးက
သံဃာစင်ပေါ်မှာ ကြွနေကြပြီဗျ။တရားနာ
မဏ္ဍပ်ထဲမှာ ဝါးကြောဖျာကြမ်းတွေ အပြည့်
ခင်းထားတယ်။ လူဆိုရင်တော့ နှစ်ရာလောက်
ထိုင်ပြီး တရားနိုင်တာပေါ့ဗျာ။

တရားနာတဲ့ မဏ္ဍပ်နဲ့ ခပ်ဝေးဝေးမှာ ထမင်းကျွေးဖို့
ပြင်ထားတာဗျ။ တိုင်တွေ စိုက်ပြီး အောက်လင်း
ဓါတ်မီးတွေ ထွန်းဖို့ အဆင်သင့်ပြင်ထားတယ်ဗျ
တဖြည်းဖြည်းနဲ့ နေဝင်သွားပြီ။ အမှောင်ရိပ်က
တဖြည်းဖြည်း လွှမ်းလာပြီပေါ့ဗျာ။
လူတွေ တစ်ယောက်နဲ့တစ်ယောက်
စကားကျယ်ကျယ် မပြောကြဘူးဗျ။
လက်ဟန်ခြေဟန်နဲ့ပဲ ပြပြီး ပြောကြတာ။
တာဝန်တွေက ခွဲပြီးသားလေဗျာ။

ဟော …အောက်လင်းဓါတ်မီးထွန်းရမယ့်
သူတွေက အောက်လင်းဓါတ်မီးတွေ လိုက်ပြီး
ထွန်းနေကြပြီဗျို့။ ပြောင်းရှည်ကို ကျုပ်ခုမှ
တွေ့ရတယ်ဗျာ။ ဒီကောင်က ကျွေးမွေးတဲ့
အဖွဲ့ကို ခေါင်းဆောင်ရတာကိုး။ ဟော …
ပြောင်းရှည်တို့အဖွဲ့ ကွင်းထဲမှာ
ငှက်ပျောဖက်ကြီးတွေလိုက်ပြီး
ခင်းနေကြပြီဗျို့။

ရှေ့က ငှက်ပျောဖက်ခင်းတဲ့သူက ခင်း၊
နောက်က ထမင်းတောင်းနဲ့ ထမင်းပုံတဲ့သူကပုံလို့ဗျ။
ယာခင်းထဲမှာ ဝါးကြောဖျာကြမ်းကြီးတွေ ခင်းထားတာ
ဆိုတော့ ပျော်ဖို့ ကောင်းကောင်းသေးရဲ့ဗျာ။
ဟော …ထမင်းပုံပေါ်မှာ ဟင်းထည့်တဲ့သူက
ဟင်းတွေ အပုံလိုက်ထည့်သဗျ။ မှောင်လည်း
မှောင်လာပြီလေ။ ဟာ …လာကြပြီဗျို့။

လာကြပြီ။ တစ္ဆေတွေ လာကြပြီ။ ယာတောတွေကို
ဖြတ်ပြီး လာနေတာဗျ။ ကျုပ်လည်း ဒီတစ်ခါပဲ
မျက်ကွင်းဆေးနဲ့ ကြည့်ဖူးတာ။ အောင်မယ်…
ခပ်မှန်မှန်ပဲ လျှောက်လာကြတာဗျ။ ပြေးလွှားလာတာ
မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ နီးလာပြီဗျို့။
ဟာ …ရှေ့ဆုံးက လာတဲ့ အကောင်ကြီးက
နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျာ။

အရပ်ဆယ်ပေလောက်ရှိမှာဗျာ၊ တစ်ကိုယ်လုံး
အမွေးရှည်ကြီးတွေ ဖုံးလို့ဗျို့။

ဟာ…ဒီကောင်ကြီးရဲ့ နားရွက်ကြီးတွေက
အကြီး,ကြီးပါပဲလား ။ ဘေးကို ကားထွက်နေတာဗျ။
ဆင်နားရွက်ကြီးတွေလိုပဲဗျို့။ ဒါပေမဲ့ ဒီတစ္ဆေကြီးရဲ့
နားရွက်တွေက မြေကြီးကို တိုက်နေတာဗျ။
ဒီနားကားကြီးက ရှေ့ဆုံးက ရောက်လာတာဗျို့။

သူ့နောက်က တန်းစီးပြီးပါလာတဲ့ တစ္ဆေတွေကတော့
ပုံစံအစုံပဲဗျာ။ဆံပင်ဖားလျားကြီးတွေရော၊
ထဘီပေါင်လောက်ဝတ်ထားတဲ့ သရဲမကြီးတွေရော၊
တစ်ကိုယ်လုံး အမွေးတွေ ဖုံးနေတဲ့ သရဲကြီးတွေရော…။
ကျုပ်စိတ်ထင်တော့ အကောင်ငါးဆယ်။
ခြောက်ဆယ်လောက် ရှိမယ်ထင်တယ်ဗျ။

သြော် …လက်စသတ်တော့ နားကားကြီးက
အုပ်ချုပ်တာကိုးဗျ။ ရှေ့က နားကားကြီး
ရပ်လိုက်တယ်ဆိုရင် နောက်က အကောင်တွေလည်း
တုံ့ခနဲ ရပ်သွားတယ်ဗျ။ မျက်လုံးနီနီကြီးတွေ
ပြူးပြီး ထမင်းတွေ၊ ဟင်းတွေကို ကြည့်နေကြတယ်ဗျို့။
တစ်ကောင်မှတော့ ဝင်မစားရဲကြဘူး။

ဟော …ဟော …ထဘီပေါင်လယ်လောက်
ဝတ်ထားတဲ့ ဆံပင်ဖားလျားနဲ့ သရဲမကြီးက
နားကားကြီးကို ကျော်ပြီး ရှေ့ကို ထွက်လာတယ်ဗျ

“အီး …ဟီး…ဟီး …”

ဟာ …မြန်လိုက်တဲ့ နားကားကြီးဗျာ။ သရဲမကြီးရဲ့
ဆံပင်ဖားလျားကြီးကို ဆတ်ခနဲ ဆောင့်ဆွဲလိုက်တာ
သရဲမကြီး ငယ်သံပါအောင် အော်တော့တာပါပဲဗျာ။
ဒါတွေကို ကျုပ်ပဲမြင်နေ၊ ကြားနေရတာဗျ။

ကျုပ်က မျက်ကွင်းဆေးကွင်းထားတာလေဗျာ။
တခြားသူတွေကတော့ တစ္ဆေတွေရောက်နေတာကို
သိပုံမပေါ်ဘူးဗျ။ အားလုံးပြင်ဆင်လို့ ပြီးသွားတော့
အာဗြဲက ရှေ့ထွက်လာပြီး အော်ရောဗျို့။

“အကျွတ်အလွတ်ပွဲကို ကြွရောက်လာတဲ့
သရဲတစ္ဆေ၊ ဖုတ်၊ ပြိတ္တာအပေါင်းတို့၊ အခုအချိန်က
စပြီး အားရပါးရ စားနိုင်ကြပါပြီ ”

အာဗြဲရဲ့အသံကြီးကို ကြားတော့မှ နားကားကြီးက
စားကြဖို့ လက်ဟန်၊ ခြေဟန်ပြလိုက်တယ်။
ဒီတော့မှ တစ္ဆေတွေက ဝါးဖျာကြီးတွေပေါ်ကို
တက်လာပြီး ထမင်းပွဲတွေမှာ ဝင်ထိုင်ကြတယ်
ပြောင်းရှည်တို့ပြင်ထားတဲ့ ထမင်းပွဲတွေကလည်း
တစ်ပွဲနှင့်တစ်ပွဲ ခပ်ခွာခွာပြင်ထားတာဗျ။

သူတို့အစီအစဉ်က တော်တော်တော့ မှန်တယ်ဗျို့
ဘာဖြစ်လို့တုံးဆိုတော့ တချို့အကောင်တွေက
အကြီးကြီးတွေဗျ။ ခုလို ထမင်းပွဲတွေကို
ခပ်ခွာခွာ ပြင်ထားတော့ ထိုင်ရ၊ စားရတာ
မကျပ်ဘူးပေါ့ဗျာ။ စားတာ၊ သောက်တာကတော့
ပုံစံအမျိုးမျိုးပဲဗျ။ တချို့အကောင်တွေက
တော်တော်ကြမ်းတာပဲ။ ပြူးပြဲပြီး ဒူးကြီးတွေထောင်၊
ပေါင်ကြီးတွေကားပြီး စားကြတာ။

တချို့ကတော့ ခပ်ငြိမ်ငြိမ်ပဲ စားကြတာ။
အောင်မယ် …နားကားကြီးက မစားဘူးဗျ။

ဘေးက ပတ်ပြီး လျှောက်နေတယ်။
သူ့အကောင်တွေကို လိုက်ပြီး ထိန်းနေတာပေါ့ဗျာ
ကျုပ်တွေးမိတာက ဒီအနီးအနားရွာမှာရှိတဲ့
တစ္ဆေတွေဟာ ဒါအကုန်ပဲလား။
ဒါမှမဟုတ်ရင် အကျွတ်အလွတ်ပွဲကို
ဒါလောက်ပဲ လာခွင့်ရှိလို့လား။
နားကားကြီးက ဒီတစ္ဆေတွေရဲ့ အုပ်ချုပ်တဲ့
သူလား။ ကျုပ်ဘာသာတွေးတာပါဗျာ။

စားလိုက်ကြတာဗျာ။ တော်တော်ကို
ဆာလောင်နေကြတဲ့ ပုံပဲဗျ။ စားရင်းနဲ့
လူတွေကို မျက်လုံးနီနီကြီးတွေနဲ့ လိုက်ကြည့်
နေကြတယ်ဗျို့။ အာဗြဲတို့ ပြောင်းရှည်တို့သာ
ဒီအကောင်တွေကို ကျုပ်မြင်သလိုမြင်ရရင်
ထွက်ပြေးမလားလို့ ကျုပ်တွေးမိတယ်

နာရီဝက်လောက်ကြာတော့ အားလုံး
စားလို့ သောက်လို့ ပြီးကြရောဗျို့။
နားကားသရဲကြီးက လက်ပြလိုက်တယ်

ဟာ …တချို့အကောင်တွေ ထပြီး ပြန်သွားကြပြီဗျို့
သြော် …ဒီလိုကိုး။ ကျုပ်ခုမှ သဘောပေါက်တယ်ဗျ။
စောစောက အမွေးအမျှင်ကြီးတွေနဲ့ ကြမ်းကြမ်း
တမ်းတမ်း အကောင်ကြီးတွေ ထပြန်ကုန်ကြတာဗျ။
ခပ်ငြိမ်ငြိမ်နဲ့ စားသောက်နေတဲ့ တစ္ဆေတွေ
ကျန်ရစ်ခဲ့တယ်။ နားကားကြီးက ကျန်နေတဲ့
တစ္ဆေတွေကို တစ်ပတ်,ပတ်ပြီး သေသေ
ချာချာ ကြည့်နေတယ်။

ဟာ …နားကားကြီးပါ လှည့်ထွက်သွားပြီဗျို့။
တစ္ဆေတွေကို ထားခဲ့တာဗျ

“အားလုံးပဲ စားသောက်ပြီးကြရင် တရားနာဖို့
တရားနာ မဏ္ဍပ်ထဲကို ကြွကြပါ ”

အာဗြဲက အသံပြဲကြီးနဲ့ အော်လိုက်တယ်။
ဟော …ထမင်းဝိုင်းက ထပြီး တရားနာတဲ့
မဏ္ဍပ်ထဲကို ဝင်သွားကြပြီဗျို့။
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်။
ကျုပ်လိုက်ရေကြည့်တယ်။ အားလုံးပေါင်း
အကောင်နှစ်ဆယ်ဗျ။ သြော်…တရားနာနိုင်တဲ့
အဆင့်ရှိတာ ဒီနှစ်ဆယ်လောက်ပဲ ရှိတာကိုး။

“အားလုံးပဲ စားသောက်ပြီးကြရင် တရားနာဖို့
တရားနာမဏ္ဍပ်ထဲကို ကြွကြပါ ”

အာဗြဲက အသံပြဲကြီးနဲ့ အော်လိုက်တယ်။
ဟော…ထမင်းဝိုင်းက ထပြီး တရားနာတဲ့
မဏ္ဍပ်ထဲကို ဝင်သွားကြပြီဗျို့။

တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်။ ကျုပ်
လိုက်ရေကြည့်တယ်။ အားလုံးပေါင်း
အကောင်နှစ်ဆယ်ဗျ။ သြော် …တရားနာနိုင်တဲ့
အဆင့်ရှိတာ ဒီနှစ်ဆယ်လောက်ပဲ ရှိတာကိုး။
ပြန်သွားတဲ့ တစ္ဆေတွေက နားကားကြီး ကိုယ်တိုင်လည်း
ပြန်သွားတာပဲလေဗျာ။ သူလည်း ကျွတ်ဖို့
လိုသေးလို့ပေါ့ ။

တရားပွဲစပြီ။ ဒီတစ်ခါ တရားဟောတာက
ကျုပ်ဆရာတော် ‘ဦးဂုဏ’ဗျ ။ တရားပွဲရဲ့
ရှေ့ဆုံးမှာက ဘိုးရုံထောင်တို့ လူကြီးဝိုင်းတွေဗျ။
သူတို့နောက်မှာက အနီးအနားက ရွာသူရွာသားတွေဗျ။
အသက်ငါးဆယ်၊ ခြောက်ဆယ်ကျော်တွေပေါ့ဗျာ
အဲဒီနောက် ခပ်ခွာခွာမှာက တစ္ဆေတွေက
ထိုင်နေကြတာ။ တရားတော့ သေသေချာချာ
နာနေကြသားဗျ။ ပြောင်းရှည်တို့ အဖွဲ့တွေက
တစ္ဆေတွေ စားသွားတဲ့ ထမင်းတွေကို
သိမ်းဖို့ တောင်းကြီးတွေနဲ့ ရောက်လာကြတယ်

ဟာ …အံ့သြစရာဗျာ ။ စောစောက တစ္ဆေတွေ
ထမင်းတွေ၊ ဟင်းတွေကို အားရပါးရကို
စားနေတာ ကျုပ်ကိုယ်တိုင် မြင်သားပဲလေဗျာ
အခုကြည့်လိုက်တော့ ထမင်းတွေက လက်ရာတောင်
မယွင်းဘူးဗျ။ နဂိုပုံထားတဲ့အတိုင်းပဲ။
ကျုပ်ဖြင့် တော်တော်ကို အံ့သြသွားတာဗျ။

တစ္ဆေတွေလည်း စားသွားရဲ့သားနဲ့ ထမင်းတွေ
မလျော့တာကို ကျုပ်စဉ်းစားလို့ကို မရပါဘူးဗျာ။
ဟော …ရေစက်ချတော့မယ်ဗျို့။ ဟာ…တစ္ဆေတွေ
လျော့နေပါလား ။ စောစောက ကျုပ်သေသေချာချာ
ရေထားတာ တစ္ဆေနှစ်ဆယ်အတိပါ။ အခုရေကြည့်တော့
ဆယ်ကောင်ပဲရှိတော့တယ်ဗျို့။ တစ္ဆေဆယ်ကောင်
ဘယ်ရောက်သွားတုံး။ တရားနာရင်း ကျွတ်လွတ်
သွားလို့လား။ ဟော …ကျုပ်ဆရာတော်ဦးဂုဏ
ရေစက်ချတာဗျို့။

“သာဓု …သာဓု…သာဓု …နောင်ဝေဝေ…ဝေ”

ဟာ …သာဓုခေါ်ကြပြီဗျို့။

ကျုပ်သေသေချာချာကြည့်တယ်။
ကျန်နေတဲ့ တစ္ဆေဆယ်ကောင်က သာဓု
လိုက်ခေါ်တယ်ဗျ။ ဟော …ပျောက်သွားပြီ၊
ပျောက်သွားပြီ၊ အားလုံးပျောက်သွားပြီ၊
အားလုံးပျောက်သွားတာဗျို့။ ဆယ်ကောင်လုံး
ပျောက်သွားတာ။ ဒီတစ္ဆေတွေ ကျွတ်သွားပြီ
ထင်တယ်ဗျ။ ကျုပ်ဖြင့် သူတို့အစား
ဝမ်းသာလိုက်တာဗျာ။

ဒီရွာက လူတွေသာ ကျုပ်လိုမြင်ကြရင်
သူတို့တွေ ဘယ်လောက် ဝမ်းသာအားရ
ရှိကြမလဲလို့ ကျုပ်တွေးကြည့်မိတယ်

ဒါပေမဲ့ ကျုပ်နားမလည်တာက တရားနာရင်း
တန်းလန်းပျောက်သွားတဲ့ တစ္ဆေဆယ်ကောင်က
ဘယ်လိုဖြစ်သွားတာတုံး။ ကျွတ်သွားတာလား။
ဒါမှမဟုတ် ပြန်သွားကြတာလား။ ကျုပ်လည်း
မသိတော့ ဒီအတိုင်းပဲ ထားလိုက်ရတာပေါ့ဗျာ။

အဲဒီညက ၈ နာရီလောက်မှာပဲ အားလုံးပြီးသွားတာပါ
ကျုပ်လည်း ကျောက်ခဲနဲ့ သံမဏိကို ခေါ်ပြီး
ထနောင်းကုန်းကို ပြန်ခဲ့ကြတယ်။

ဆရာတော်တွေကတော့ မီးလောင်ကုန်းကျောင်းမှာပဲ
ကျိန်းကြမှာပါ။ နောက်နေ့မှ ပြန်ကြွကြမှာ။ မီးလောင်ကုန်း
အကျွတ်အလွတ်ပွဲပြီးလို့ သုံးရက်မြောက်နေ့မှာ
အာဗြဲနဲ့ ပြောင်းရှည် ကျုပ်ဆီရောက်လာကြတယ်။

“ဟာ …လာကြကွာ အာဗြဲနဲ့ ပြောင်းရှည်။
ဘာတုံး မင်းတို့နှစ်ယောက် မကျွတ်သေးတဲ့
တစ္ဆေတွေကို စာရင်းလိုက်ကောက်နေတာလားကွ ”

ကျုပ်က ဝိုင်းထဲကို ပျာပျာ ပျာပျာနဲ့ ဝင်လာတဲ့
ဒီကောင်နှစ်ကောင်ကို ဆီးပြီးနောက်လိုက်တယ်။
ဒါပေမဲ့ ဒီကောင်တွေက မရယ်ဘူး။ ရုပ်တည်ကြီးတွေနဲ့
ကျုပ်ထိုင်နေတဲ့ ကွပ်ပျစ်မှာ ဝင်ထိုင်ကြတယ်
အာဗြဲက ဆေးလိပ်ခွက်ထဲမှာ ထည့်ထားတဲ့
နဂါးဆေးပေါ့လိပ်ကို ဆတ်ခနဲ ကောက်ယူပြီး
မီးညှိဖွာတယ်ဗျ။

“မင်းတို့ နှစ်ယောက် ဘယ်ကလှည့်လာတာတုံး ”

ပြောင်းရှည်က သူဆောင်လာတဲ့ ဝါးဖတ်ဦးထုပ်ကို
ချွတ်ပြီး ယပ်ခပ်နေတယ်

“မင်းဆီကိုပဲ လာကြတာကွ တာတေရ ”

“ဟေ …ဒါဆိုရင်တော့ မင်းတို့မှာ ကိစ္စရှိတယ်
ထင်တယ် ”

“အေး …ဟုတ်တယ်။ ငါတို့ရွာမှာ တစ္ဆေတွေ
ဝင်နေလို့ တာတေရ ”

“ဟေ …ဘယ်လို …ဘယ်လိုကွ”

“ဟိုနေ့က အကျွတ်အလွတ်ပွဲ အပြီးမှာ
ရွာထဲကို တစ္ဆေတွေ ဝင်နေပုံရတယ်ကွ ။
ရွာထဲမှာ ခြောက်ဟယ် လှန့်ဟယ်တွေ
ဖြစ်နေတယ်”

ကျုပ်ချက်ချင်း သတိရသွားတယ်
ဟိုညက တရားနာနေတုန်း ပျောက်သွားတဲ့
တစ္ဆေဆယ်ကောင် ရွာထဲ ရောက်နေတာပဲ
ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဟိုညက ကျုပ်မြင်တာကို
ဒီကောင်တွေကို ပြောပြလို့တော့ မဖြစ်ဘူးဗျ။

“ဘယ်လိုတွေ ခြောက်လို့တုံး ပြောင်းရှည်ရဲ့ ”

“ဒီလိုဟေ့ …။မနေ့ကစပြီး ရွာထဲက လူတော်တော်
များများ ဖျားနေကြတယ်။ ဆေးထိုးဆရာ ကိုဘကျော်တောင်
မနားရအောင် ဖြစ်နေတာကွ။ အဲဒါ ဖျားတဲ့လူကို
ကိုဘကျော်က ဆေးထိုးဖို့ အပ်နဲ့ရွယ်ရင် နောက်ကနေ
လက်ကို ဆွဲထားတယ်ကွ ”

“ဟေ …ဒီလောက်တောင် ဖြစ်နေတာလား ”

“ဒါတင်ဘယ်ကမလဲကွ၊ ညဆိုရင် အုပ်လိုက်ကြီး
စကားတွေပြောပြီး ရွာထဲမှာလျှောက်သွားနေကြတာ
အသံတွေပဲ ကြားရတာ၊ ဘာတွေပြောမှန်းတော့
မသိဘူးကွ၊ တချို့နေရာတွေမှာကျတော့ သစ်ပင်
တွေပေါ်မှာ ငုတ်တုတ်ကြီးတွေ ထိုင်နေတာကို
တွေ့ကြတယ်ဆိုပဲ၊ မနေ့က ညကလည်း
အရီးပျော့တို့ ဝိုင်းရှေ့မှာ ရယ်သံကြီးတွေ
ကြားရတယ်တဲ့ကွ၊ အဲဒါ အရီးပျော့က
ထွက်ကြည့်တော့လည်း ဘာမှမတွေ့ရဘူးဆိုပဲ ”

“နို့ …မင်းတို့ရွာက ခွေးတွေ မဟောင်ဘူးလား ”

“အေး …ခွေးတွေက ဟောင်တော့ မဟောင်ဘူးကွ။
အူတော့ တော်တော်ကို အူတာကွ တာတေရ၊
ညည ခွေးအူတဲ့ အသံကြီးတွေ ကြားရတာ
တော်တော်ကို ကြောက်စရာကောင်းတာကွ ”

“အကျွတ်အလွတ်ပွဲတုန်းက မင်းတို့ တစ်ခု,ခု
မှားသွားတယ်ထင်တယ် ပြောင်းရှည် ”

“မင်းပြောတာ ဟုတ်လိုက်တာ တာတေရာ ”

အာဗြဲက ဝင်ပြောတာဗျ ။

“ဟေ …ဘယ်လိုမှားတာတုံးကွ ”

“ဒီလိုဟေ့ ။ အဲဒီညနေက ရွာတံခါးတွေမှာ
ကောင်လေး နှစ်ယောက်စီ အစောင့်ခိုင်းပြီး
ရွာတံခါးတွေ ပိတ်ခိုင်းထားတာကွ၊ ပြီးတော့
လူကြီးတွေက ရွာတံခါးတွေမှာ ပရိတ်ကြိုးတွေ
တားပြီး ပိတ်ထားတာ ”

“အေး …ဒါဆို လုံသားပဲ ”

“ဒီလို ဖြစ်သွားတာဟေ့။ မြောက်တံခါးမှာ
ခွေးနက်ကလေးတစ်ကောင် ရောက်လာတယ်တဲ့ကွ။
ခွေးက ကြောက်ပြီး တအီအီနဲ့ အော်နေတာတဲ့ဟေ့။
ဒီမှာတင် အဲဒီမြောက်တံခါးစောင့်တဲ့ ကောင်လေး
နှစ်ယောက်က ခွေးညိုတို့အိမ်က နက်ကျော်ဆိုတဲ့
ခွေးလို့ ထင်ပြီး တံခါးနည်းနည်းဟပေးလိုက်တာတဲ့ဟေ့၊
ခွေးနက်က တံခါးက ပြေးဝင်ပြီး ဖျက်ခနဲ ပျောက်
သွားရောတဲ့။ ဒီတော့မှ ကောင်လေးနှစ်ကောင်လည်း
လန့်သွားပြီး သူတို့မှားသွားပြီဆိုတာ သိသွားသတဲ့ဟေ့ ”

အာဗြဲပြောတဲ့ စကားလည်းဆုံးရော ပြောင်းရှည်က
ပြောပြန်ရောဗျို့။

“တို့ရွာမှာ အကျွတ်အလွတ်ပွဲလုပ်ရင် ပွဲမပြီးမချင်း
ရွာတံခါးတွေ ပိတ်ထားရတာကွ။ အထဲကလူ
အပြင်မထွက်ရသလို ၊ အပြင်က လူလည်း
အထဲကို မဝင်ရဘူးကွ။ ဒါ အကျွတ်အလွတ်ပွဲရဲ့
စည်းကမ်းကွ။ အခုဟာက ခွေးညိုတို့အိမ်က
ခွေးလေး နက်ကျော်လို့ ထင်ပြီး တံခါးလေးနည်းနည်း
ဟပေးလိုက်တာကွ။ ဒီမှာတင် စည်းပေါက်သလို
ဖြစ်သွားတာနေမှာပေါ့ကွာ။တစ္ဆေတွေ ရွာထဲ
ဝင်လာတော့တာပဲကွ ”

ပြောင်းရှည်က ကျုပ်ကိုကြည့်ပြီး ပြောတယ်

“ငါတို့မင်းကိုလာခေါ်တာကွ တာတေရ၊
ဒီကိစ္စကိုတော့ မင်းကူညီမှရမယ်ထင်လို့
မင်းဆီကို လာခဲ့တာပဲကွာ ”

ကျုပ်သေသေချာချာစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်

“အင်း …ဒီကိစ္စလောက်တော့ ငါလုပ်နိုင်မှာပါကွာ
ကဲ …ငါအခုလိုက်ခဲ့မယ်။ ဒီညပဲ လုပ်ကြတာပေါ့ကွာ ”

ကျုပ်လိုက်မယ်ဆိုတော့ အာဗြဲရော၊ပြောင်းရှည်ရော
ပျော်သွားကြတယ်ဗျ ။

ညနေစောင်းတော့ မီးလောင်ကုန်းကို
ကျုပ်တို့ရောက်ကြတယ်။ လမ်းမှာတည်းက
ကျုပ်က အာဗြဲကိုပြောပြီးသားဗျ။

တစ်ရွာလုံးကို လိုက်ပြီးဆော်သြထားဖို့လေဗျာ။
ညမိုးချုပ်တာနဲ့ အိမ်တံခါးတွေ ပိတ်ထားကြဖို့။
ပြီးတော့ လူငယ်တွေကို ကျုပ်နဲ့ အတူ
လာနေဖို့ပေါ့ဗျာ။ ည ၉ နာရီထိုးတော့
ကျုပ်အလုပ်စပြီဗျို့။

မျက်ကွင်းဆေး ကွင်းပြီး ကျုပ်ကို မဖဲဝါကိုယ်တိုင်
အပ်ထားတဲ့ ကိုယ်ခွဲရုပ်ကလေးကို ထုတ်ယူပြီး…

“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ …ကျုပ်တာတေက
မဖဲဝါကို ပင့်ဖိတ်ပါတယ် ။ ရောက်ရာအရပ်က
ကြွခဲ့ပါဗျာ ”

“ဝူး ဝူး ဝူး ဝူး ”

ဟော …ရွာထဲကခွေးတွေ အူပြီဗျို့။
ဟာ …ရွာအရှေ့ပိုင်း ၊ အနောက်ပိုင်း ၊
တောင်ပိုင်း၊ မြောက်ပိုင်း ၊ အကုန်အူတာဗျို့။
ခွေးအူသံတွေ တစ်ရွာလုံး ညံသွားတာဗျို့။
ဟော…လှုပ်လာပြီ၊ လှုပ်လာပြီ၊ ကျုပ်လက်ထဲက
မဖဲဝါရဲ့ ကိုယ်ခွဲအရုပ်ကလေး လှုပ်လာပြီဗျို့
မဖဲဝါရဲ့ ဝိညာဉ်ကပ်လာပြီဆိုတာ ကျုပ်သိလိုက်တယ်။

“ပြောင်းရှည် …မင်းတို့ မြောက်တံခါးဖွင့်ထားလား ”

“အေး …ဖွင့်ထားတယ်။ စံမြနဲ့ ပန်းစုံ စောင့်နေတယ် ”

“ကဲ…ဟုတ်ပြီ ။ မင်းတို့မကြောက်နဲ့နော်။
ဘာမှမဖြစ်ဘူး သိလား ”

“အေးပါကွာ တာတေရာ။ မင်းရှိတာပဲ
ငါတို့က ဘာကို ကြောက်ရမှာတုံး ”

“မီးလောင်ကုန်းရွာထဲမှာ ပုန်းအောင်းနေတဲ့
တစ္ဆေအပေါင်းတို့ …သင်္ချိုင်းရှင်မကြီး မဖဲဝါရဲ့
အမိန့်ပြန်တမ်းကို အခု ချက်ချင်း နာခံကြပေတော့။
သင်တို့အားလုံး အခုချက်ချင်း သင်္ချိုင်းရှင်မကြီး
ရှေ့မှာ ဒူးတုပ်အခစားဝင်ကြစေ ”

ဟာ…ကျုပ်စကားဆုံးတာနဲ့ ရောက်လာကြတာဗျို့
ရောက်လာသမှ အပြေးအလွှားကို ရောက်လာတာဗျို့
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်၊ ဟုတ်ပြီ…ဆယ်ကောင်။
အတိအကျပါပဲဗျာ။ ဟိုညက တရားနာနေရင်း
ပျောက်သွားတဲ့ တစ္ဆေဆယ်ကောင်ပဲဗျို့။

“သင်တို့ဟာ အကျွတ်အလွတ်ပွဲမှ ဆရာတော်
တရားဟောနေတုန်း ရွာထဲမှာ ဝင်ပုန်းနေကြတဲ့
တစ္ဆေတွေပဲ။ ဟောဒီမှာ သင်္ချိုင်းရှင်မ မဖဲဝါကို
မော့ပြီး ဖူးကြစမ်း ”

ကျုပ်က ကျုပ်လက်ထဲက မဖဲဝါကိုယ်ခွဲ
အရုပ်ကလေးကို မြှောက်ပြလိုက်တယ်
ဟော …ဒူးတွေထောက်ကုန်ကြပြီဗျို့။

” ကဲ …သင်္ချိုင်းရှင်မကြီးရဲ့အမိန့်၊ အခုချက်ချင်း
ဒီရွာကနေ ထွက်ရမယ်။ ပြီးရင် ကိုယ့်ကို သတ်မှတ်
ပေးထားတဲ့နေရာကို ချက်ချင်းပြန်ပြီး နားကားကြီးရဲ့
အုပ်ချုပ်မှုအောက်မှာ နေကြရမယ်။ ကဲ …အခု
ချက်ချင်း ထကြ။ တန်းစီးပြီး ငြိမ်ငြိမ်သက်သက်
ရွာက ထွက်ပေတော့။ သင်တို့ ထွက်ဖို့ ရွာရဲ့
မြောက်ဘက်တံခါးဖွင့်ထားတယ်။
သင်္ချိုင်းရှင်မ မဖဲဝါရဲ့အမိန့် …”

ဟော …သွားပြီဗျို့။ တစ္ဆေဆယ်ကောင် တန်းစီးပြီး
ရွာမြောက်ဘက်ကို သွားကြတယ်။ ကျုပ်နဲ့
မီးလောင်ကုန်းက လူငယ်တွေက နောက်
ခပ်လှမ်းလှမ်းက လိုက်ကြည့်ကြတယ်။

“ဝူး …ဝူး …ဝူး …ဝူး …ဝူး ”

တစ်ရွာလုံးက ခွေးတွေ ပြိုင်တူအူကြရောဗျို့။

အိမ်တံခါးတွေ ပိတ်ပြီး ငြိမ်နေကြတော့
တစ်ရွာလုံး တိတ်ဆိတ်နေတာပေါ့ဗျာ။
တကယ့်ကို စိတ်ချောက်ချားစရာကြီးဗျ။

“ဝူး …ဝူး …ဝူး …ဝူး …ဝူး ”

ခွေးအူသံကြီးတွေကတော့ တစ်ရွာလုံးကို
လွှမ်းနေတာဗျို့။ဟုတ်တယ်ဗျို့။
မြောက်တံခါးက အဆင်သင့်ဖွင့်ထားတယ်
ဒီတစ္ဆေတွေ ဝင်လာခဲ့တဲ့ တံခါးလေဗျာ။
အဲဒီတံခါးကပဲ သူတို့ကို ပြန်ထုတ်ရတာဗျ။

သွားပြီဗျို့ …သွားပြီ …သွားကြပြီ။

ရွာတံခါးဝက ကျုပ်ရပ်ပြီး သေသေချာချာစောင့်ကြည့်တယ်
ဆယ်ကောင်လုံး ထွက်သွားကြတာဗျ။ ယာတောတွေကို
ဖြတ်ပြီး မှောင်ထဲကို တိုးဝင်သွားကြတယ်။ ရွာထဲက
ခွေးအူသံတွေလည်း တိတ်ဆိတ်သွားပြီ။
စံမြနဲ့ ပန်းစုံက တံခါးနဲ့ ခပ်လှမ်းလှမ်းမှာ
ရပ်နေရာကနေ ပြေးလာကြတယ်။

“စံမြနဲ့ ပန်းစုံ တံခါးပိတ်လိုက်တော့။
အားလုံးထွက်သွားကြပြီ ”

စံမြတို့ မြောက်တံခါးကို သေသေချာချာ
ပိတ်လိုက်ကြတယ်။ကိစ္စပြီးတော့ ကျုပ်တို့
ရွာထဲ ပြန်လာကြတယ်။ အဲဒီညကတော့
ကျုပ်လည်း ရွာမပြန်ဖြစ်ဘူးပေါ့ဗျာ။

ပြောင်းရှည်တို့ အိမ်မှာ လိုက်အိပ်လိုက်တယ်

နောက်နေ့ မနက်မှာ ပြောင်းရှည်အမေကျွေးတဲ့
ဆီထမင်းနဲ့ ငါးခြောက်ဖုတ်ဆီဆမ်းကလေးစားပြီး
ထနောင်းကုန်းကို ကျုပ်ပြန်လာခဲ့တယ်ဗျ။

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ

Credit