သရဲဘဝဖြစ်ခဲ့လေသော်

ယုံချင်တော့ပေ။

စောစောက တွေ့နေပါလျက်နဲ့ အနားရောက်လာတဲ့အခါ ပျောက်သွားတာဆိုတော့ ရုတ်တရက် လန့်လည်းလန့်သွားမိသည်။ ဘာရယ်မဟုတ်ပဲ ကြက်သီး မွေးညှင်းလေးတွေတောင် အနည်းငယ် ထလာခဲ့လေသည်။ အမူးတွေလည်း ပြေသွားသလိုပင် ဖြစ်သွားမိသည်။

“ဟေ့ကောင် ဘယ်… ဘယ်ရောက်… သွားတာလည်း… ဟ”

“အေး ဟ… ချက်ချင်းပျောက်သွားတာ”

“ဒါ… ဒါ သ… သရဲခြောက်တာလားမသိဘူး… နော်”

သူတို့နှစ်ယောက်စလုံးလည်း စိတ်ထဲမှာ အနည်းငယ် ကြောက်လာမိလေသည်။ ထိုစဉ်မှာပင် လေမတိုက်ပါပဲ သစ်ပင်ပေါ်တွင် ရှိ သည့် အကိုင်း အခက်တွေက တဝုန်းဝုန်းဖြင့် လှုပ်ခတ် လာလေတော့သည်။

“ဟင်… ဟို… ဟိုမှာ လေ… လေမတိုက်ပဲ… သစ်ခက်တွေ လှုပ်… လှုပ်… နေတယ်ကွ”

အပင်ပေါ်ရှိ အကိုင်းအခက်တွေက လေမတိုက်ပါပဲ တဝုန်းဝုန်းနဲ့ လှုပ်လာခဲ့လေသည်။ ထို့နောက် ‘ဝုန်း…’ ဆိုတဲ့ အသံကြီးနှင့်အတူ အပင်ပေါ်မှ တစ်စုံတစ်ခုက ပြုတ်ကြလာခဲ့လေသည်။ သူတို့လည်း ကြောက်လန့်တကြား ဖြစ်သွားရင်း ဘာတွေများ ကျလာတာလည်း မသိဘူးဆိုကာ ကြည့်လိုက်မိလေတော့ အမူးတွေပင် ပြေသွားပြီး ကြောက်လန့် သွားခဲ့ရတော့၏။

မည်းမည်း အကောင်ကြီး တစ်ကောင်နှင့် ဖြူဖြူသဏ္ဍာန် တစ်ကောင်က လုံးထွေးကာ ပြုတ်ကျလာခြင်းပင် ဖြစ်လေသည်။ တစ်ကောင်က တော်တော် ကြောက်စရာကောင်းလေသည်။ ခန္ဓာကိုယ်မှာ အမွေးအမြှင်တွေနှင့် လူတစ်ယောက်ထက်လည်း ပိုပြီးကြီးလေသည်။ မျက်နှာကလည်း မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲနှင့်။ နှားရွက်ကြီးတွေကလည်း အကြီးကြီးတွေကို တွေ့နေရသည်။

လက်ကြီးတွေကလည်း အရှည်ကြီးတွေပင် ဖြစ်သည်။ ကျန်တစ်ကောင်ကတော့ ဖြူဖြူသဏ္ဍာန် တစ်ခုပင်။ မြူခိုးလိုလို ဘာလိုလိုနဲ့ အကောင်အထည်တော့ သိပ်မမြင်ရပေ။ နှစ်ကောင်သား လုံးထွေး ပြီး အပင်ပေါ်က ပြုတ်ကြလာခြင်း ဖြစ်တော့သည်။ သူတို့လည်း ထိုအခါ မှာတော့…

“အမယ်လေး… ဘာ…ဘာကြီးတွေလည်းဟ… ကြောက် ကြောက်စရာကြီးတွေ”

“ဟာ ဟေ့ကောင် အဲ့ဒါ သ… သ… သရဲ ခြောက်တာဟ ပြေးပြေး”

ဟု ကြောက်လန့်တကြား အော်ကာ ထွက်ပြေးကြတော့လေသည်။

*** ***

လမ်းလေးတစ်ခုကို တွေ့လိုက်ရတဲ့အခါ သူလည်း ဝမ်းသာအားရ ဖြစ်သွားပြီး ထိုလမ်းထဲသို့ လျှောက်လာမိခဲ့သည်။ ဟုတ်သည်လေ ဘာမှန်း မသိပဲ ဒီအတိုင်းတော့ ထိုင်မနေချင်ခဲ့ပေ။ ထို့ကြောင့် ထိုလမ်းထဲသို့ ဝင်လာခဲ့လေတော့ ရုတ်ချည်းပင် အမှောင်ကျသွားလေတော့သည်။

“ဟင်…စောစောက လင်းနေပြီးတော့… ဟာ လင်းနေ လင်းနေ ဟုတ်တယ် ငါ့နာမည် လင်းနေပဲ… ကြည့်စမ်း ဒါကို ငါမေ့နေတာ”

သူပြောလိုက်သည်က စောစောက လင်းနေပြီးတော့ အခု မှောင်သွားတယ်လို့ ပြောလိုက်ခြင်းပါ။ သို့ပေမဲ့ သူ့နာမည်ကို ရုတ်တရက် မှတ်မိသွားခြင်းပင်။ သူ့နာမည်က လင်းနေပဲ ဖြစ်လေသည်။ ဒီတော့ လင်းနေလည်း တော်တော်လေး အံ့ဩနေမိသည်။ နာမည်လည်းမေ့။ သူဘယ်ရောက် နေလည်းဆိုတာပါ မသိခြင်းပင်။

ဒါပေမဲ့ အခု နာမည်ကို သိသွားပြီ ဆိုတော့လည်း တစ်ခုတော့ စိတ်သက်သာရပြီ။ သို့ပေမဲ့ သူဘာလို့ ဒီနေရာကိုရောက်နေလည်း ပြီးတော့ ဒီနေရာက ဘယ်နေရာလည်း။ ဘယ်လို ရောက်နေရတာလည်း ဆိုတာတော့ တွေးမရခဲ့ပေ။ ထို့ကြောင့်ပင် သူ့အနေနဲ့ ကျန်တာ မတွေးတော့ပဲ လမ်းလေး အတိုင်းသာ လျောက်လာမိခဲ့ လေတော့သည်။

ထိုအခါ အပင်ကြီး တစ်ပင်အောက်ကို ရောက်တဲ့ အခါမှာတော့ ခပ်လှမ်းလှမ်းမှာ လူနှစ်ယောက် လာနေတာကို လှမ်းတွေ့လိုက်မိလေသည်။ ထိုအခါ လင်းနေလည်း ပျော်သွားမိတော့သည်။ သူမေးရမည်လေ။ သူဘယ်နေရာ ရောက်နေတာလည်း ဆိုတာ သိမှဖြစ်မည်။

သူတွေ့နေရတဲ့ လူနှစ်ယောက်က အမူးသမားနှစ်ယောက် ဖြစ်ဖို့ များပါသည်။ ဒယိမ်းဒယိုင်နဲ့ လမ်းလျှောက်လာတာကို တွေ့တဲ့အခါ အမူးသမားတွေလို့တော့ ထင်လိုက်မိသည်။ သို့ပေမဲ့ မူးမူး မမူးမူး မေးရဖို့ အရေးကြီးနေသည် မဟုတ်ပါလား။ သို့ဖြင့် အနားနီးလာတဲ့အခါ…

“ဗျို့… အစ်ကိုကြီးတို့… အစ်ကိုကြီးတို့”

ဆိုကာ လက်ဝှေ့ယမ်းပြလျှက် လမ်းခေါ်လေသည်။ သူအော်ခေါ်နေပေမဲ့ ထိုနှစ်ယောက်က မကြား၍ပဲလား မကြားချင်ယောင် ဆောင်လာပဲလားတော့ မသိခဲ့။ ကြည့်တောင် မကြည့်ကြပေ။ ထို့ကြောင့် လက်ကို သူတို့မြင်အောင် ဝှေ့ယမ်းပြလိုက်တဲ့အခါ သူ့ကိုတွေ့သွားသည့်ပုံစံဖြင့် အချင်းချင်း တီးတိုးစကားပြောနေတာကိုလည်း တွေ့လိုက်ရသည်။ ပြီးတော့ ထိုနှစ်ယောက်က သူရှိရာသို့ လျှောက်လာတာကိုလည်း မြင်လိုက်ရလေတော့ လင်းနေလည်း ၀မ်းသာသွားမိ တော့သည်။

သူလည်း ထိုနှစ်ယောက်ဆီကို လျှောက်သွားဖို့ ခြေလှမ်းပြင်လိုက်စဉ်မှာပဲ ရုတ်တရက် အပင်ပေါ်ကနေ တစ်ယောက်ယောက်က ဆွဲလိုက်သလို ဖြစ်သွားခဲ့ပြီး အပင်ပေါ်ကို ရောက်သွားပါတော့သည်။ အပင်အောက်မှာတော့ ဘယ်ရောက်သွားတာလဲ ချက်ချင်းပျောက်သွားတယ် ဆိုပြီး စသဖြင့် ပြောနေသံတွေကိုတော့ ကြားနေရသေးသည်။ သူလည်း သူ့ကို ဘယ်သူ ဆွဲလိုက်တာလည်း ဆိုပြီး ဒေါသထွက်ထွက်နဲ့ ကြည့်လိုက်တဲ့အခါမှာတော့ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်သွားမိတော့သည်။

မြင်လိုက်ရသည့် ပုံသဏ္ဌာန်ကတော့ လူပုံစံမျိုးပါပဲ။ သို့ပေမဲ့ လူတစ်ယောက်ထက် ပိုကြီးပြီး နားရွက်ကြီး တွေကလည်း အကြီးကြီးတွေပါ။ မျက်လုံး နှစ်လုံးကလည်း ပြူးနေလျက် ပါးစပ်ကလည်း ပြဲပြဲကြီး ဖြစ်နေတာကို ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ရလေတော့သည်။ လက်နှစ်ဖက်ကလည်း အရှည်ကြီးပါ။

လင်းနေလည်း ထိုသို့ ကြောက်စရာ ပုံပန်းသဏ္ဌာန်နဲ့ အကောင် ကြီးကို တွေ့လိုက်တဲ့အခါမှာတော့ ကြောက်သွားမိပေမဲ့ ထူးဆန်းလှစွာပဲ ကြက်သီးကတော့ မထဖြစ်ခဲ့ပေ။ ဒီတော့ သူလည်း သူ့ကိုယ်သူ အံ့သြနေခဲ့ရသည်။ သူဘာလို့ ကြက်သီးမထဖြစ်လည်း ဆိုတာတော့ သူမသိခဲ့ပေ။ အရင်ကဆို ကြောက်လန့်စာ တစ်ခုခုကို တွေ့လိုက်ရင်ပဲ ကြက်သီး မွှေးညှင်းလေးတွေက ထလာခဲ့ပေမဲ အခုတော့ လုံးဝမဖြစ်ခဲ့။

ထို့နောက် အကောင်ကြီးက သူ့ကို ဒေါသထွက်ထွက်နှင့် စကား ပြောလိုက်တဲ့ အခါ အသံကြီးကလည်း ခပ်ဩဩကြီး ဖြစ်နေမှန်း သိလိုက်ရသည်။

“ဟေ့ကောင် ဘာလို့ ငါနေတဲ့အပင်အောက်မှာ မင်းရောက်နေတာလည်းကွ ပြောစမ်း”

“ဗျာ… ကျနော် ဟိုလူနှစ်ယောက်ကို မေးမလို့ပါဗျာ”

“မလိုချင်ဘူး ဒါငါ့နေရာပဲ မင်းထွက်သွား”

ဒီတော့ သူလည်း စိတ်တိုလာကာ…

“ဗျာ… ခင်ဗျားပိုင်လို့လား ဒီအပင်က”

ထိုအခါ ထိုအကောင်ကြီးက တဟားဟားနဲ့ ထရယ်လိုက်သည်။

“ဟင် ခင်ဗျား ဘာရယ်တာလည်းဗျ ကျနော်က စောစောက လူနှစ်ယောက်ကို မေးမလို့”

“မင်းက တော်တော်ရယ်စရာ ကောင်းပါလားကွ.. ငါက ဒီအပင်မှာနေတဲ့ သဘက်ကြီးပဲ”

“ဗျာ…”

ဆိုပြီး သူလည်း အံဩသွားမိလေတော့သည်။

“ခင်ဗျားက သဘက်ကြီးဟုတ်လား”

“အေးဟုတ်တယ်”

“ဒါဆို ဘာလို့ ကျနော်နဲ့ စကားပြောလို့ ရတာလည်း”

“ဟား… ဟား… ဟား…”

ဒီအခါမှာလည်း သဘက်ကြီးက ထပ်ပြီး ရယ်နေပြန်သည်။ သူပြောတာ ရယ်စရာမှ မပါတာပဲ။ ဘာလို့ ရယ်ရတာလည်း ဆိုတာ တွေးမိလိုက်၏။ ထိုအခါ သဘက်ကြီးက…

“မင်းလည်း သေပြီလေကွာ.. ​ဪ… ကိုယ့်ကိုယ်ကို သေလို့ သေမှန်းတောင် မသိပါလား… အေးလေ ဒါကလည်းဖြစ်တတ်ပါတယ်”

ဒီတော့ သူလည်း ထိတ်လန့်သွားမိသည်။ မဟုတ်နိုင်ပါဘူး ဆိုပြီး တွေးထင်မိတာကြောင့်…

“ကျနော်က သေပြီဟုတ်လား မဖြစ်နိုင်တာဗျာ… ကျနော်ခေါ်လို့တောင် စောစောက လူနှစ်ယောက် ရောက်လာတာမဟုတ်လား”

“မင်းခေါ်တာကို ကြားတာ မဟုတ်ဘူးကွ မင်းစိတ်ထဲမှာ သူတို့နှစ်ယောက်ကို တွေ့ချင်တဲ့ ဆန္ဒက ပြင်းပြနေတော့ သူ့တို့က မင်းပုံရိပ်ကို မြင်သွားတာပဲ… အေးလေ ဒါတွေကို နောက်တော့မင်းသိမှာပါ”

ထိုအခါ သူလည်း ဘာဆက်ပြောရမှန်း မသိတော့ပေ။ သူသေပြီတဲ့။ ဘယ်လို သေတာလဲ။ ဘယ်မှာ သေတာလဲ။ အခု သူကရော ဘယ်ရောက် နေတာလဲ။ ဒါတွေကို လုံးဝ စဉ်းစားမရပေ။ သူလည်း တွေးနေတုန်း သဘက်ကြီးက…

“ကဲ မင်းသွားတော့ ဒါ… ငါ့နေရာ”

ဆိုပြီး ပြောလာခဲ့သည်။ ထိုကြောင့် သူလည်း ဘယ်သွားရမလည်း မသိဖြစ်နေစဥ် ဒီမှာပဲ ခနဖြစ်ဖြစ် နေမည်ဟု တွေးလိုက်ကာ…

“ဗျာ… ကျနော်က ဘယ်သွားရမှာလည်းဗျ ဒီမှာပဲနေမယ်”

“ဟေ့ကောင် နေလို့မရဘူးကွ”

“ဟာ… မရဘူးဗျာ နေမှာပဲ”

ထိုသို့ ပြောလိုက်တဲ့အခါ သဘက်ကြီးက ဒေါသတွေထွက်လာပြီး သူ့ကို တွန်းချ လိုက်လေတော့သည်။ သူကလည်း သတိထားမိ လိုက်တာကြောင့် သဘက်ကြီးကို ဖက်ထားလိုက်မိပြီး သစ်ပင် အောက်သို့ လုံးထွေးကာ ဝုန်းခနဲ ပြုတ်ကြလာခဲ့လေတော့သည်။ ထိုအခါ သစ်ပင်အောက်က လူနှစ်ယောက် က သရဲ.. သရဲ.. ဟု အော်ဟစ်ကာ ထွက်ပြေးသွားကြတာကိုလည်း တွေ့လိုက်ရသည်။

ဒီအချိန်မှာ သူလည်း သတိထားမိ လိုက်သည်က အပင်ပေါ်က ပြုတ်ကြပေမဲ့ မနာကျင်ခြင်းပင် ဖြစ်သည်။ ဒီအပင် အမြင့်ကနေ ဆို ခြေကျိုးလက်ကျိုးဖြစ်မှာက ကျိန်းသေပင်။ ဒါပေမဲ့ ဘာမှမဖြစ် လေသောကြောင့် အံ့သြနေမိတော့သည်။

“မင်းကွာ ဘယ်လိုလုပ်လိုက်တာလည်း ငါ့ကိုပါ ဆွဲချရသလားဟ”

“ကျနော် ဘယ်သွားရမှန်း မသိလို့ပါဗျာ ဒီမှာနေလို့ မရဘူးလား”

“ဒီမှာ ငါပြောပြမယ် ငါတို့လို့ သရဲသဘက် နာနာဘာဝတွေ ဆိုတာ နေချင်တဲ့နေရာ နေလို့မရဘူးကွ ခွင့်တောင်းရတယ်”

“ခွင့်တောင်းရတယ် ဟုတ်လား… ဘယ်မှာတောင်းရတာလည်း”

“ဒီလိုကွာ ဟိုရှေ့က ရွာထဲမှာ နတ်ကွန်းရှိတယ်… အဲ့ဒီမှာ ရုက္ခစိုး ဘိုးဘိုးကြီးရှိတယ် သူ့ဆီသွားပြော… ဒါပေမဲ့ ဘယ်သူ့ အိမ်ထဲမှ လျောက်မဝင်နဲ့နော် မင်းကို နှင်ထုတ်လိမ့်မယ်”

“ဗျာ… ဘာဖြစ်လို့လည်းဗျ.. ဘယ်သူကနှင်ထုတ်မှာလည်း… ဟို.. ဟို.. ဆွဲအုန်း”

“ဟာ… ဒီကောင်ကတော့.. ငါပြောတာက အိမ်ပေါ်တက်တာနဲ့ အိမ်စောင့်နတ်က ကြိမ်နဲ့ရိုက်တာ ခံရမှာစိုးလို့ သတိပေးနေတာ ဒါပေမဲ့ အိမ်စောင့်နတ် တစ်နေရာရာကို သွားနေတဲ့ အခါနဲ့ ကြုံရင်တော့ အိမ်ပေါ်တက်လို့ ရတာပေါ့ကွာ… ဒါပါပဲ”

ထိုအခါ သူလည်းသဘောပေါက်သွားကာ ရွာဘက်သို့ ထွက်လာခဲ့ လိုက်ပါတော့သည်။

*** ***

ရွာနာမည်လေးက စမ်းသာရွာ ဖြစ်လေသည်။ နယ်ရွာလေး တစ်ရွာ ဖြစ်တာကြောင့် အများစုကတော့ တောအလုပ်ပဲ လုပ်ကိုင်ကြသည်။ အိမ်ခြေကတော့ ရှိလှမှ ကိုးဆယ် တစ်ရာ လောက်ပင်။ ရွာထိပ်အိမ်မှာတော့ ဦးအေးနှင့် ဒေါ်မိစိုးတို့ လင်မယား နှစ်ယောက် နေထိုင်ကြလျက် ဦးအေးက ထင်းခွေထင်းပေါက်လုပ်ကာ ဒေါ်မိစိုးကတော့ ဝိုင်းကူပေးရုံပင်။

ယခု မနက်မှာလည်း ရွာထဲရှိ အိမ်တစ်အိမ်ကို ထင်းပေါက်ခြမ်းတွေ ပေးရမည်ဖြစ်၍ မနက်လေးနာရီလောက်မှာ အိပ်ရာကစော စောထပြီး အိမ်ရှေ့ရှိ ထင်းပုံများဆီသွား၍ ထင်းပေါက်ဖို့ကို ပြင်ဆင် နေလိုက်ပါသည်။ ဒေါ်မိစိုးကလည်း အိပ်ရာက စောစော ထလျက် ရေနွေးကျိုကာ ဝိုင်းကူလုပ်ပေးဖို့အတွက် ပြင်ဆင်နေလိုက်တော့ သည်။

သည်နေ့က ဒီလို စောစောထမှ ဖြစ်မည်လေ။ မနက် လင်းတာနဲ့ ရွာလယ်ပိုင်းမှာ အသုဘ ဆွမ်းသွပ်သွားရအုန်းမည် ဖြစ်လေ၏။ သေဆုံးသူကတော့ ရွာက ကောင်လေးတစ်ယောက်ပင်။ အသက် ကလည်း ငယ်ငယ်လေးပါ။ ဒေါ်မိစိုးလည်း စိတ်မကောင်းတော့ဖြစ်မိသည်။ အသက်က ရှိမှ ၂၄ /၂၅ နှစ်ပေါ့။ လွန်ခဲ့တဲ့တစ်ပတ်က ရွာထိပ်ရေကန်ထဲမှာ ရေသွားကူးရင်း ရေနစ်ပြီး သေဆုံးခဲ့တာပဲ ဖြစ်လေသည်။ ရေကူးတာကလည်း တစ်ယောက်ထဲဆိုတော့ အကူညီပေးမည့် သူကမရှိ။

“​ဪ.. မောင်လင်းနေ မောင်လင်းနေ.. မင်းလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ သေရတာပါလား”

ထိုသို့ ငြီးတွားလျက် လုပ်စရာရှိတာတွေကိုလုပ်ဖို့ ပြင်လိုက်ပါတော့ သည်။ ဦးအေးက ထင်းပေါက်ပြီး ဒေါ်မိစိုးကတော့ ပေါက်ပြီးသား ထင်းစည်းတွေကို စည်းကာ အလုပ်ရှုပ်နေလျက် ရှိနေလေသည်။

မှောင်နေပေမဲ့ ဘယ်ထရီ မီးချောင်းလေး ရှိတာကြောင့် အလုပ် ဖြစ်သည်ပေါ့။ ထိုစဉ်မှာပင် နှာခေါင်းထဲသို့ အပုတ်နံ့တစ်ခု ရလိုက် ပါတော့သည်။ ဒီတော့ ဦးအေးလည်း နှာခေါင်း တရှုံရှုံလုပ်လျက် အနံ့ခံ ကြည့်လိုက်ပြီး ဒေါ်မိစိုးကို လှမ်းပြောလိုက်လေသည်။

“မိစိုးရေ.. အပုတ်နံ့ရတယ်ဟ ဘာကောင်သေနေလည်း မသိဘူး”

ဒီတော့ ဒေါ်မိစိုးလည်း အနံ့ခံကြည့်လိုက်ကာ …

“ဟုတ်ပတော် ဘာကောင် သေနေလည်းမသိပါဘူး.. တဖြေးဖြေးနဲ့ နံလာတာတော့်”

ဆိုကာ နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပြောလိုက်ပါသည်။ ဒီတော့ ဦးအေးကလည်း…

“အေးဟာ မနက်စောစာစီးစီး… မီးယူခဲ့ စမ်းပါဟာ လိုက်ရှာကြည့်အုန်းမယ်”

ဒေါ်မိစိုးလည်း မီးချောင်းနဲ့ ဘယ်ထရီအိုးအသေးလေးကို ထယူလိုက်ကာ ဦးအေးကို ပေးလိုက်လေသည်။ ဒီတော့ ဦးအေးက မီးချောင်းလေးကို ကိုင်ကာ ဟိုဟိုဒီဒီ လိုက်ကြည့် မိလေသည်။

ထိုအခါ ဦးအေး စိတ်ထဲမှာက သူ့ကို တစ်ယောက်ယောက်က ကြည့်နေသလိုပင် ခံစားမိ လိုက်တာကြောင့် စိတ်ထဲမှာလည်း မလုံမလဲဖြစ်ကာ နောက်ကျောမလုံသလိုလည်း ဖြစ်လာမိခဲ့သည်။ ထို့ကြောင့် ရုတ်တရက် ခြံရှေ့သို့ ထွက်ကာ မီးရောင်နှင့် ကြည့်မိ လိုက်တဲ့ အခါမှာတော့…

“ဟင်… ဘယ်သူလည်းဟ ဒီအချိန်ကြီးမှ”

ဦးအေးတို့ခြံနဲ့ ခပ်လှမ်းလှမ်းမှာ ဖြူဖြူပုံရိပ်တစ်ခုက မတ်တပ်ရပ်ကာ သူ့ကို လှမ်းကြည့်နေတာကိုလည်း တွေ့လိုက်ရ လေသည်။ ထိုအခါမှာ ရုတ်တရက် ဘာဖြစ်မှန်းမသိ ကြက်သီးမွေးညှင်းလေးတွေတောင် ထလာမိခဲ့တော့သည်။

“ဟေ့… ဘယ်သူလည်းကွ ဘာလုပ်နေတာလည်း”

ဦးအေးလည်း ဒီလိုအော်မေးလိုက်ပေမဲ့ ထိုဖြူဖြူသဏ္ဌာန် ဆီက ဘာအသံမှတော့ ထွက်မလာခဲ့ပေ။ ရပ်မြဲအတိုင်း ရပ်နေတာကိုပဲ တွေ့နေရ လေသည်။ ထို့ကြောင့် ဦးအေးလည်း စိတ်မရှည်တော့ပဲ မီးချောင်းလေးကို ကိုင်ကာ သွားကြည့် လိုက်တော့သည်။ အနီးရောက်လာတဲ့ အခါ မီးရောင်ဖြင့် ကြည့်လိုက်မိတဲ့ အခါမှာတော့…

ထိုဖြူဖြူသဏ္ဌာန်မှာ လူတစ်ယောက် ဖြစ်နေတာကို တွေ့လိုက်ရ ၏။ လူငယ်တစ်ယောက်ပါ။ ရေတွေစိုနေကာ ခန္ဓာကိုယ်နဲ့ ဦးခေါင်း မှာလည်း ရေတွေ တစက်စက်နဲ့ ကျနေလေသည်။ ဒီလူ ဒီမှာ ဘာလုပ်နေတာလည်းလို့ စိတ်ထဲကလည်း တွေးလိုက်မိပြီး အတွေးထဲမှာ ပေါ်လာသည်က…

“အင်း ဒီကောင်လေးကို ငါမြင်ဖူးသလိုပဲ… နေပါအုန်း ဘယ်သူပါလိမ့်”

ဆိုပြီး စိတ်ထဲကနေ တွေးနေမိသည်။ ရေတွေလည်း စိုရွဲနေတော့ စဉ်းစားရ ကျပ်နေခဲ့သည်။ ထို့နောက်မှာတော့ ကြည့်နေရင်းနဲ့ တစ်စုံတစ်ခုကို သတိရလိုက်မိကာ…

“ဟာ… လင်းနေ လင်းနေ ပါလားဟ.. ဒါဆို သရဲ သရဲ ခြောက်တာပဲ… မိစိုးရေ သရဲ ဟေ့… လင်းနေ သရဲခြောက်တယ်”

ဟု အော်ဟစ်ကာ ခြံထဲကိုပင် ပြန်ပြေးချ လာပါတော့သည်။ အစကတော့ ဇဝေဇဝါ ဖြစ်နေခဲ့ပြီး ကြည့်နေရင်းနဲ့ လွန်ခဲတဲ့ တစ်ပတ်လောက်က ရေနစ်သေသွားတဲ့ လင်းနေ ဆိုတာကို ရုတ်တရက် သိလိုက်တဲ့အခါ ခေါင်းတွေကြီးလာသလို ဖြစ်ပြီး ကြက်သီးမွှေးညှင်း ထလျက် အော်ဟစ်ကာ ပြေးလာခဲ့ခြင်းပင်။

ဦးအေးလည်း ခြံထဲကို အော်ပြေးလာခဲ့လေတော့ ဒေါ်မိစိုးကလည်း စိုးရိမ်ကာ ဘာဖြစ်တာလည်းဟု အတင်းမေးပါတော့သည်။ ဦးအေးလည်း သရဲ သရဲ ဟုသာ ပြောပြီး မောဟိုက်နေပါပြီ။

“လာ.. လာ.. ကိုအေး အိမ်ပေါ်တက် ပရိတ်ရေသောက်လိုက်”

ဒေါ်မိစိုးလည်း ဦးအေးကို အိမ်ပေါ်ခေါ်ကာ ပရိတ်ရေတိုက်ပြီး ဆက်မေးလိုက်သည်။

“ဘာဖြစ်တာလည်းရှင် အလန့်တကြား”

“ရေနစ်သေတဲ့ ကောင်လေးလေဟာ… လင်းနေလေ အဲ့ဒါ အိမ်ရှေ့မှာ တွေ့လိုက်လို့ဟ”

“ရှင်…”

ထို’ရှင်’ဆိုတဲ့အသံကတော့ ဒေါ်မိစိုးတစ်ယောက် ထိတ်လန့်အံ့သြကာ ရေရွတ်မိလိုက်ခြင်းပါ။ သေပြီးထဲက ခုချိန်ထိ ခြောက်တာလန့်တာ တစ်ခါမှမရှိခဲ့ဖူးပဲ ရက်လည် ဆွမ်းကျွေးလုပ်မဲ့ မနက်ပိုင်း ကျမှသာ ခြောက်သည်ဆိုတော့ အံ့သြမိလိုက်လေ၏။

“ဟုတ်လိုလားတော်”

“ဟ.. ငါက မဟုတ်ပဲပြောမလား ဟို…ဟို အိမ်ရှေ့နားမှာ တွေ့တာ”

ဒီတော့ ဒေါ်မိစိုးလည်း ထိတ်ထိတ် လန့်လန့်ဖြင့် အိမ်ရှေ့ကို လှမ်းကြည့်မိ လိုက်တဲ့အခါ ဖြူဖြူ သဏ္ဍာန် ပုံရိပ်တစ်ခု ဖြတ်သွားတာကိုတော့ ဝိုးတဝါး ဆိုသလို မြင်လိုက်ရလေသည်။

“ကိုအေး ဟို.. ဟိုမှာ ဖြူဖြူကြီး ဖြတ်သွားပါလား”

ဦးအေးလည်း လှမ်းကြည့်လိုက်ကာ ..

“အေး ဟုတ်တယ် ဟုတ်တယ် ငါတွေ့တာလည်း အဲ့ဒီဖြူဖြူကြီးပဲ တော်သေးတာပေါ့ဟာ အိမ်ထဲကို ဝင်မလာလို့”

သူတို့ တွေ့နေရသည့် ဖြူဖြူ သဏ္ဍာန် တစ်ခုက အိမ်ထဲကိုတော့ ဝင်မလာပဲ အိမ်ရှေ့ကနေ ခပ်ဖြေးဖြေးနဲ့ ထွက်သွားသည်ကို တွေ့လိုက်တဲ့အခါ ဦးအေးနဲ့ ဒေါ်မိစိုးလည်း ယခုမှသာ စိတ်သက်သာရာ ရခဲ့မိသည်။

ထိုစဉ်မှာပဲ ရွာထဲမှာ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတွေကို ကြားလိုက်ရပြီး တစ်ဆက်ထဲမှာပဲ ရွာထဲမှာ ခွေးအူသံတွေ ဆူညံ သွားခဲ့လေသည်။ ဦးအေးနဲ့ ဒေါ်မိစိုးလည်း ယခုမှပင် ဘုရားစာတွေရွတ်ကာ အိမ်အောက်ကိုတောင် မဆင်းကြတော့ပေ။

*** ***

လင်းနေလည်း သဘက်ကြီး ပြောသလိုပင် ရွာဘက်ကို လျှောက်လာခဲ့လိုက်ပါသည်။ လျှောက်လာရင်း ရွာထိပ် ရေကန်ကြီးဆီကို အရောက်မှာတော့… ဘာရယ်မဟုတ်ပါပဲ စိတ်ထဲမှာ ဝမ်းနည်းလာခဲ့ မိသည်။ ပြီးတော့ သူ့ရဲ့ မြင်ကွင်းထဲ ခပ်ရေးရေး ပေါ်နေရာကနေ ထင်ထင်ရှာရှားကို သိလာရ တော့သည်။ ထိုအရာကတော့…

နေ့လည်ခင်း တစ်နေ့မှာ လင်းနေတစ်ယောက် ပူအိုက်လွန်းတဲ့အတွက် ဘာလုပ်ရမှန်း မသိအောင် ဖြစ်ခဲ့မိလေသည်။ ပူလိုက်တာကလည်း အသားတွေကို မီးကင်နေသလိုပါပဲ။ ထို့ကြောင့် ခေါင်းထဲမှာ အတွေးတစ်ခု ဝင်လာကာ ရွာထိပ်က ရေကန်ကြီးဆီကို လျှောက်လာခဲ့လိုက်သည်။

သည်ရေကန်ကြီးက ရွာသူရွာသားတွေ ရေချိုးဖို့ ရေကူးဖို့အတွက်ပင်။ သုံးသည့်ရေ သောက်သည့်ရေ မဟုတ်သည့်အတွက် ညနေခင်း ဆိုရင် ရေလာချိုးသူတွေ ရေကူးသူတွေပါ အမြဲ ရှိနေကြလေသည်။ ဒီလိုနေ့လည်ခင်းမှာတော့ ရေကူးသူ မရှိတတ်ပေ။ လင်းနေလည်း ရွာထိပ်သို့ ထွက်လာရင်း ရွာထိပ်က ဦးအေးနှင့် ဒေါ်မိစိုးတို့ကို တွေ့တော့ လှမ်း၍ နှုတ်ဆက်လိုက်ပါသေးသည်။

ဒီလိုနဲ့ လျောက်လာရင် ရွာထိပ် ရေကန်ကြီး ဆီကို ရောက်လာခဲ့တော့သည်။ ဒီအချိန် နေ့လည်ပိုင်း ဆိုတော့လည်း ရေချိုးသူ ရေကူးသူ ဟူ၍ မတွေ့ရပေ။ သူ့စိတ်ထဲမှာတော့ ဒီနေ့ ပူအိုက်လွန်းလို့သာ ထွက်လာခဲ့ရသည်။ စိတ်ထဲမှာတော့ သိပ်မကောင်းပေ။ ရေကန်ကြီးကို ကြည့်နေရင်း စိတ်ထဲမှာ ဘာဖြစ်မှန်းတော့ မသိ ဝမ်းနည်းသလိုလို တမျိုးကြီးပင် ခံစား နေရလေသည်။

ထို့ကြောင့်လည်း ရေမကူးတော့ဘူးလို့ ဆုံးဖြတ်လိုက်ကာ အိမ်ကို ပြန်ဖို့ပဲ ပြင်လိုက်တော့သည်။ သို့ပေမဲ့ မသိစိတ်တစ်ခုက တွန်းပို့နေသလိုပင်။ ရေကန်ကြီးကို ကြည့်နေရင်း ရေဆော့ချင်စိတ် တွေက ထူးထူးခြားခြားပင် ဖြစ်ပေါ်လာခဲ့တော့သည်။ ထို့ကြောင့်လည်း ထွေထွေထူးထူး ဆက်တွေး မနေတော့ပဲ အဝတ်အစားတွေ ချွတ်ကာ ရေထဲဆင်းဖို့ ပြင်လိုက်တော့လေသည်။

ရေထဲကို ဆင်းလိုက်တဲ့ အခါမှာတော့ အပူဒဏ်က တော်တော်လေးတော့ လျော့သွားလေသည်။ ဒီလိုနဲ့ သူလည်း ရေကူးကောင်း ကောင်းနဲ့ ဆက်ကူး နေလိုက်တဲ့အခါမှာတော့ ခြေထောက် ကြွက်တတ် လာခဲ့လေသည်။ ခြေထောက်ထဲမှာ မခံမရပ်နိုင်အောင် နာကျင်လာလေတော့ ရေကူးလို့ မရတော့ပေ။

သူများတွေတော့ မသိပေမယ့် သူက ခြေထောက်ကြွက်တဲ့အခါ လှုပ်မရအောင် နာကျင်လှလေသည်။ ဘယ်လိုလုပ်ရမှန်းလည်း မသိပေ။ ကူးနေတာကလည်း ရေလယ်ခေါင်နား ရောက်နေပြီ ဆိုတော့ ကမ်းစပ်ကို ကြိုးစားကာ ကူးပေမဲ့ အရမ်းနာနေတာ ဖြစ်တဲ့အတွက် ကူးလို့ကလည်း မရ။

ဒီတော့ ကယ်ကြပါဦး ဆိုကာ အော်ခေါ်နေပေမဲ့ ရေကန်နဲ့ အိမ်ရှိရာ နေရာနဲ့ကလည်း ဝေးလွန်း လှတာမို့ ဘယ်သူမှ ကြားနိုင်မည် မဟုတ်ပေ။ သူလည်း ကြိုးစားကူးပေမဲ့လည်း ဘယ်လိုမှ မရတော့ပေ။ ရေမွန်းဒဏ်ကို အသေအလဲ ခံရင်းဖြင့် အသိစိတ်တို့က တဖြေးဖြေးနှင့် အမှောင်ကျသွား ခဲ့တော့လေသည်။

***

လင်းနေလည်း ယခုမှပင် သူ့ကိုယ်သူ ဘာဖြစ်ခဲ့လည်း ဆိုတာကို မှတ်မိလာခဲ့လေသည်။ သည်ရွာက သူနေတဲ့ရွာ။ ဒါဆို သူကသေပြီပေါ့။ တွေးရင်းနဲ့ ဝမ်းနည်းလာခဲ့ပေမဲ့ မျက်ရည်ကတော့ မထွက်ခဲ့ပေ။

ထိုစဉ် ပတ်ဝန်းကျင်၌ အသံတွေ ကြားလိုက်ရလေသည်။ သူအံ့သြနေမိတာက သူထွက်လာက ညပိုင်း။ ယခု မနက်ဝေသီ ဝေလင်းအချိန်တောင် ရောက်လာခဲ့ခြင်းပင်။ အချိန်ကုန်တာကလည်း မြန်လိုက်တာပဲလို့ ညည်းတွားလိုက်မိသေးသည်။ သူလည်း ဟိုဟို ဒီဒီ လိုက်ကြည့်မိလေတော့…

“ဟင်… ဘာတွေလည်းဟ အကောင်တွေ အများကြီးပါလား”

ဟု ရေရွတ်လိုက်မိသည်။ တွေ့လိုက်သည်က သစ်ပင်ပေါ်တွေရယ် ရေကန် အစပ်နားမှာတွေရယ်။ အကောင် ဗလောင်တွေက အများကြီးပင်။

“ဒါ ဒါ ဘာတွေလည်း သရဲတွေလား နာနာဘာဝ တွေလား”

သစ်ပင်ပေါ် နဲ့ သစ်ကိုင်းပေါ်တွေမှာ ပုံစံအစုံနဲ့ သတ္တဝါ တွေကိုလည်း မြင်ရသည်။ မျိုးစုံပင်။ ခေါင်းကြီးကြီး ကိုယ်သေးသေး ပုံစံ။ ဗိုက်ပူပူ အကောင်ကြီးကြီး ပါးစပ်ပေါက် သေးသေးနဲ့ ပုံစံတွေ။ အဝတ်အစားမပါပဲ ခန္ဓာကိုယ်မှာလည်း အမွေးမြှင် စုတ်ဖွားနဲ့ ပုံစံတွေ အများကြီးကို သူတွေ့နေရ လေသည်။

ကလေးအရွယ်တွေ လူကြီးအရွယ်တွေနှင့် အစုံအလင်ပင်။ သူလည်း ဒါမျိုး မတွေ့ဖူး၍ ကြည့်နေမိလေသည်။ စိတ်ထဲမှာလည်း ကြောက်ရွံ့မှု မဖြစ်မိပေ။ မိမိ ကိုယ်ကိုယ်တောင် အံ့သြနေမိသည်။ သြော်… ငါလည်း သေပြီးပြီ ဆိုတော့ ဘာကို ကြောက်တော့မှာလည်း။ ဘဝတူတွေမို့လို့ နေမှာပဲ ဆိုပြီး တွေးလိုက်မိလေသည်။

ဒါနဲ့ လင်းနေလည်း မဖြစ်ချေဘူး ငါ့အိမ်သွားကြည့်အုန်းမယ်။ အဖေနဲ့ အမေ ဘယ်လို နေကြမလည်း ဆိုတာ သိချင်နေမိလေသည်။ တစ်ဦးတည်းသော သားဆိုတော့ အမေနဲ့ အဖေလည်း တော်တော်လေး စိတ်မကောင်း ဖြစ်နေမှာပဲလို့ တွေးမိလိုက်လေသည်။ ထို့ကြောင့်ရွာထဲ ဝင်လိုက်တဲ့ အခါမှာတော့…

“အား… ပူလိုက်တာ ဘယ်သူလည်းဟ ငါ့ကို ဘာလုပ်လိုက်တာလည်း…”

လင်းနေလည်း ရွာထဲ ဝင်လိုက်တဲ့အခါ တစ်ကိုယ်လုံး ပူကျစ်သွားမိတော့သည်။ ထို့ကြောင့် ဘာလည်းဟုတွေးပြီး ကြည့်လိုက်တဲ့ အခါမှာတော့ အဝတ်အစား ပြောင်ပြောင်လက်လက်နှင့် လူကြီးတစ်ဦးကို ရုတ်တရက် တွေ့လိုက်ရသည်။ ကြည့်ရတာ ခန့်ခန့်ညားညား ပုံသဏ္ဌာန်မျိုး ဖြစ်လေသည်။

ကိုယ်ရောင်ကိုယ်ဝါက တောက်ပနေတာကိုလည်း မြင်နေရသည်။ လက်ထဲမှာလည်း ကြိမ်လုံးလိုလို တောက်ပနေတဲ့ အရာတစ်ခုကိုလည်း ကိုင်လျက်သား တွေ့နေရသည်။ ထိုကြိမ်လုံးနှင့် သူ့ကို ရိုက်လိုက်တာလားတော့ မသိပေ။ ထို့နောက်မှာတော့ ထိုလူကြီးက …

“ဟိတ် နာနာဘာဝကောင် ရပ်စမ်း”

ဆိုသည့် အသံတစ်သံကို ကြားလိုက်တော့သည်။ ထိုလူကြီးရဲ့ အသံကိုက သြဇာသံ အပြည့်နဲ့ပါ။ ထို့ကြောင့် သူလည်း…

“ကျနော့် အိမ်ကို သွားမလို့ပါခင်ဗျာ ရွာထဲဝင်ချင်လို့ပါ”

လင်းနေစိတ်ထဲမှာ ဘာလည်း မသိတာကြောင့် လူကြီး တစ်ဦးလို့ ထင်နေမိခဲ့ခြင်းပါ။ ထိုအခါ ထိုလူကြီးက သူ့ကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး…

“အေး မင်းကို စောင့်နေတာကြာပြီ… သွားမြန်မြန်… မင်းမိဘတွေ အမျှဝေကြတော့မှာ ဒီနေ့က မင်းရက်လည် ဆွမ်းသွပ်ရှိတယ်.. သာဓုခေါ်ရင် ကောင်းရာမွန်ရာ ဘဝကို မင်းရလိမ့်မယ်…”

ဒီလို ကြားလိုက်ရတော့ သူလည်း အလွန်ကို အံ့သြသွားမိတော့ သည်။ ဒါဆို သူသေတာ တစ်ပတ်တောင် ရှိနေပြီပေါ့။ အချိန်ကလည်း ခနလေးလိုပဲဟု တွေးလိုက်မိကာ ..

“ဟုတ် ဟုတ် ကျေးဇူးတင်ပါတယ်ခဗျာ”

“မလိုဘူး ငါတို့ ဘုံဘဝမှာ ကျေးဇူးမလိုဘူး ကောင်းမှုကုသိုလ်ပဲ လိုတယ်”

ဒီတော့မှ တွေးမိလိုက်သည်။ ဟုတ်နေတာပဲ သူက လူမှမဟုတ်တော့တာ။ လင်းနေလည်း သူသိချင်တာကို မေးဖို့ပြင်လိုက်စဉ်မှာပင် ထိုလူကြီးမှ…

“ငါက ဒီရွာကို့ စောင့်ရှောက်တဲ့ ရွာစောင့်နတ်ပဲ နတ်ဝတ်စုံ မဝတ်ထားလို့ မင်းမသိတာပါ ကဲကဲ သွားလေတော့”

ဟု ဆိုလျက် ပျောက်သွားလေတော့သည်။ သြော် ဒါရွာစောင့်နတ်ပဲကို။ ဒါ့ကြောင့် နတ်ဝတ်စုံနဲ့ မတွေ့ရပေမဲ့လည်း ကိုယ်ရောင်ကိုယ်ဝါက တောက်ပနေတာပဲ ဟူ၍ တွေးလျက် ရွာထဲသို့ ဝင်လာခဲ့လေသည်။

ထိုစဉ်မှာပဲ ရွာထိပ်အိမ်က မီးတွေလင်းနေတာကို သူသတိထား မိလိုက်သည်။ ဦးအေးတို့ လင်မယား ထင်းပေါက်နေတာပဲ ဖြစ်မည်ဟု တွေးလိုက်မိပြီး မနက်တောင် မလင်းသေးဘူး အလုပ်တွေ ထလုပ်နေတဲ့ ဦးအေးကိုလည်း စနောက်ချင်တဲ့စိတ် ဝင်လာမိသည်။

ထို့ကြောင့် စိတ်ထဲက ကြံစည်လိုက်သည်နှင့် သူ့ရဲ့ ခန္ဓာကိုယ်မှာ ရေစက်တွေ အလိုလိုကျလာခဲ့လေသည်။ အပုတ်နံ့လည်း ခန္ဓာကိုယ်ထဲမှ အလိုလို ထွက်လာခဲ့သည်။ မကြာလိုက်ပေ။ ဦးအေးလည်း မီးချောင်းကို ကိုင်ကာ အပြင်ကိုထွက်လာတာကို တွေ့လိုက်လေသည်။ သူလည်း နေရာမှာပင် ရပ်ကာ ကြည့်နေခဲ့လိုက်သည်။ ထိုအခါ ဦးအေးလည်း ဟိုရှာ ဒီရှာဖြင့် သူ့ကိုတွေ့သွားပုံပင်။ အနားကို အသာလေး ကပ်လာပြီး သူ့ကိုတွေ့တော့ သရဲ သရဲ ဟုအော်ကာ ကြောက် လန့်တကြားဖြင့် အိမ်ထဲ ပြန်ဝင်ပြေးသွားတာကို တွေ့ရလေတော့ သူလည်း ထိုအခါမှ စိတ်မကောင်း ဖြစ်သွားမိသည်။

သူက ပျော်စေချင်လို့ စလိုက်ပေမဲ့ ဦးအေးခမြာ တော်တော်ကို ကြောက်သွားတာကိုလည်း တွေ့လိုက်ရတော့ သူလည်း ထပ်မစတော့ပေ။ သူ့အိမ်သို့သာ အမြန်သွားဖို့ တွေးလိုက်ပြီး ထွက်လာခဲ့လိုက်ပါတော့သည်။ ရွာလမ်းထဲကို ရောက်လာလေတော့ ရွာထဲက ခွေးတွေက သူ့ကိုတွေ့တာနှင့် ဝိုင်းအူကြလေတော့သည်။

ဒီတော့မှ သူလည်း သတိရပြီး စိတ်ကိုစုစည်းကာ ခွေးတွေ သူ့ကို မတွေ့အောင် စိတ်ထဲမှာ ကြိုးစားလိုက်တော့မှသာ ခွေအူသံတွေက တဖြေးဖြေးနဲ့ ရပ်သွားပါတော့သည်။

အိမ်ရောက်တဲ့ အခါမှာတော့ လူတွေရုန်းစု ရုန်းစုနဲ့ မြင်လိုက်ရပါတော့သည်။ သူ့ရက်လည်ဖြစ်လို့ ဘုန်းကြီးဆွမ်းကပ်ကာ သူ့ကိုအမျှဝေ ပေးတော့မယ် ဆိုတော့လည်း အိမ်ကလူတွေကို မနှောက်ယှက်ချင် တော့ပေ။ မိမိလည်း ဒီလို ဘဝကြီးမှာလည်း မနေချင်တော့။ အိမ်ခြံစည်းရိုးနားကို ရောက်တဲ့အခါ နတ်ဝတ်စုံနဲ့ နတ်သားတစ်ပါးက သူ့ကို ဝင်ခိုင်းနေသည့်အတွက် သူလည်းခြံထဲ ဝင်လာခဲ့လိုက်ပါတော့သည်။ ဒါ သဘက်ကြီး ပြောလိုက်တဲ့ အိမ်စောင့်နတ်ပဲ ဖြစ်ရမယ်လို့လည်း တွေးလိုက်မိပါ၏။

လူတွေကတော့ သူ့ကို မြင်ရပုံမတွေ့ရပေ။ လင်းနေလည်း သူ့ရဲ့ အနားမှာ လူတွေရှိနေတော့ တဖြေးဖြေးနဲ့ ပူလာသလို ခံစားလိုက်ရ တာကြောင့် လူတွေနဲ့ ဝေးရာမှာသာ သွား၍ ထိုင်နေလိုက်သည်။ အဖေနဲ့အမေကို လှမ်းကြည့်လိုက်မိတော့လည်း မျက်နှာမကောင်းကြပေ။ လင်းနေလည်း မိမိကို အမျှဝေမည့် အချိန်ကိုသာ စောင့်နေလိုက် မိတော့လေသည်။

***

ခဏအကြာမှာတော့ ဘုန်းကြီးငါးပါး ကြွလာပြီး တရားဟောကာ သေဆုံးသူ မောင်လင်းနေနှင့် တကွ မြင်အပ်မြင်အပ် သတ္တဝါများအားလုံးကို ရည်စူးကာ အမျှပေး သာဓု ခေါ်ခိုင်းလိုက် ပါတော့လေသည်။

အမျှဝေလို့ အပြီးမှာတော့ တရားနာကြသူ အားလုံး မွှေးပျံ့တဲ့ ရနံ့လိုလို ပန်းရနံ့လိုလို အမွှေးနံ့သာအနံ့ကို လူတွေအားလုံး ရလိုက်ကြသည်။ တရား ဟောပေးခဲ့တဲ့ ရွာဦးကျောင်း ဆရာတော်ကတော့ သိ၍ပဲလား တွေးမိ၍ပဲလားမသိ။ မောင်လင်းနေ တစ်ယောက် ကောင်းရာသုကတိ လားပါစေဟုသာ ဆုတောင်းလျက်။

*** ***
..ပြီးပါပြီ..