သရဲခြောက်တဲ့အိမ်ကြီး

သေချာသွားပါတော့တယ်။ ထိုစဉ်မှာပဲ ထိုလူငယ်က စကားတစ်ခွန်း ထပ်ပြောလာခဲ့ပါတယ်။

“ဒါနဲ့.. ဦးကြီးက သရဲ ကြောက်တတ်သလားဗျ”

ဒီလိုကြီး မေးလာလေတော့ ဦးသာမြတ်လည်း အံ့ဩသွားမိပြီး..

“ဘာဖြစ်လို့လည်း မောင်ရင်ရဲ့”

“ဒီလိုပါခင်ဗျာ ကျနော်လည်း ထိန်ချန် မထားချင်လို့ပါ.. ဒီအိမ်က သရဲ ခြောက်တယ်ဆိုပြီး အရင် ငှားတဲ့ သူတွေက မနေရဲကြပဲ ဆင်းသွားတာ ခဏခဏပါပဲဗျာ”

ဒီလို အိမ်သန့်ရှင်းရေး လုပ်နေတဲ့ လူငယ်ကတော့ မငှားစေချင်တဲ့အတွက် ပြောပြလိုက်တာပါ။ ဒါ့ကြောင့်လည်း ဒီအိမ်ကြီးရဲ့ အကြောင်းကို အသေချာပင် ပြောပြနေရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးသာမြတ်ကတော့ သရဲဆိုတာကို ယုံကြည်ပေမဲ့ မကြောက်တတ်လေတော့ ငှားဖို့ကိုပဲ ဆုံးဖြတ်ပြီးသားပါ။

“ဒီလို မောင်ရင်ရဲ့ သရဲခြောက်တယ်ဆိုတာကို ဦးက မယုံလိုမဟုတ်ဘူး.. ဒါပေမဲ့ ဦးက ကြုံမှမကြုံဖူးတာ.. ဒါ့ကြောင့် တွေးပြီး မကြောက်တော့ဘူးလေ ငှားဖို့လည်း တွေးထားပြီးသားပါ”

ပြောပြောဆိုဆိုဖြင့် ဦးသာမြတ်ကတော့ ငှားဖို့ပြောနေလေတော့ ထိုလူငယ်လေးလည်း ဘာမှ မပြောသာတော့ပဲ ဆိတ်ဆိတ်သာ နေလိုက်ပါတော့။ ထို့နောက် အိမ်ငှားခကို တစ်လစာ ပေးချေလိုက်ပြီး ကားဆီကို ပြန်လာကာ ပစ္စည်းတွေ ရွှေ့ပြောင်းဖို့အတွက် တပည့်လင်မယားကိုပဲ တာဝန်ပေးလိုက်တော့တယ်။

*****

ဒီလိုနဲ့ အချိန်မဆိုင်းပဲ ပစ္စည်းတွေကို ရွှေ့ကြ ပြောင်းကြနဲ့ အိမ်ပေါ်မှာလည်း နေရာတကျ ပြင်ဆင်ခဲ့ရင်း ညနေလောက် အရောက်မှာတော့ အကုန်လုံး ပြီးစီးသွားခဲ့ပါတယ်။ အဲ့ဒီနောက် ဦးသာမြတ်က..

“ကဲ ငါကတော့ အပေါ်ထပ်မှာ မနေချင်ဘူးကွာ အောက်ထပ်မှာပဲ နေတော့မယ် မင်းတို့တွေလည်း အောက်ထပ်မှာပဲ နေကြတော့”

“ဟုတ်ကဲ့ ဆရာကြီး… ဒါ့ထက် ဒီည ထမင်းချက်ရမလားဗျ”

“အခုချိန်မှတော့ ချက်မနေပါတော့နဲ့ကွာ.. ဝယ်ရခြမ်းရမှာနဲ့ အဆင်ပြေမှာ မဟုတ်ဘူး.. မနက်ဖြန်ကျမှ စျေးကိုသွားကြမယ်.. အခုတော့ အပြင်မှာပဲ ထွက်စားကြမယ်”

“ဟုတ်ကဲ့ ဆရာကြီး.. ဒါဆိုရင်လည်း အဆင်ပြေပါတယ်”

ဦးသာမြတ်လည်း ညနေစာကို အချိန်မရတော့တဲ့အတွက် အပြင်မှာ ဝယ်စားဖို့ပဲ စီစဉ်လိုက်ပါတော့တယ်။

ထို့နောက် သုံးဦးသား အပြင်ထွက်လာကြပြီး အိမ်ကြီးရဲ့ တစ်ခြံကျော်မှာရှိသည့် အိမ်တစ်အိမ်ကို ဝင်ပြီး စုံစမ်းလိုက်တဲ့အခါ ခပ်လှမ်းလှမ်းမှာပဲ ထမင်းဆိုင်တစ်ဆိုင် ရှိတယ်ဆိုတော့ သူတို့အတွက် အဆင်ပြေသွားခဲ့ပါပြီ။

ဒီလိုနဲ့ စားသောက်ပြီး ပြန်လာတဲ့အခါ မိုးပင် ချုပ်နေပါပြီ။ သူတို့တွေလည်း ခရီးပန်းလာ ကြသည်မို့ အိပ်ဖို့ကိုပဲ ပြင်လိုက်တော့တယ်။ ဦးသာမြတ်ကတော့ ထုံးစံအတိုင်းပဲ ဘုရားရှိခိုး ပုတီးစိတ် စသဖြင့် ပြုလုပ်ပါတယ်။ ဒါကလည်း အရင်ထဲကပါ။ ဘုရာရှိခိုး ပုတီးစိတ်ပြီးမှ အိပ်တတ်တဲ့ သူ့အကျင့်ပါပဲ။ အိမ်ကြီးက နှစ်ထပ်အိမ်ကြီး ဆိုပေမဲ့ သူတို့တွေကတော့ အောက်ထပ်မှာပဲ နေခဲ့ကြပါတယ်။ အပေါ်ထပ်မှာဆိုရင် တက်လိုက်ဆင်းလိုက်နဲ့ အဆင်မပြေတာကြောင့် အောက်ထပ်မှာပဲ နေတာပါ။ ဦးသာမြတ်က တစ်ခန်း။ တပည့်လင်မယားက တစ်ခန်းပါ။

***** *****

ညကား တဖြေးဖြေးနဲ့ နက်လာလေသည်မို့ ကားသံ လူသံ ဆူညံမှုတွေက တိတ်ဆိတ်လာခဲ့ပါတယ်။ အချိန်က တဖြေးဖြေးနဲ့ ညနက်ပိုင်းသို့ပင် ကူးပြောင်းလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ညသန်းခေါင်လောက်မှာတော့ ဦးသာမြတ်ရဲ့ နားထဲမှာ အိမ်ကြီးရဲ့ အပေါ်ထပ်ကနေ တဒုန်းဒုန်းနဲ့ ဆင်းချလာတဲ့ ခြေသံကြီးကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဒီတော့ ဦးသာမြတ်က အအိပ်ဆတ်တဲ့သူ ဖြစ်တဲ့အတွက် ဖျပ်ခနဲ့ နိုးလာခဲ့ပါတယ်။ ထိုအခါ ဘာအသံများလည်း ဆိုပြီး နားစွင့်နေခဲ့တော့ ခြေသံက လှေကားပေါ်ကနေ အောက်ထပ်ကို ဆင်းချလာတဲ့ အသံပါ။ ခဏလောက်မှာတော ထိုတဒုန်းဒုန်းနဲ့ အသံက ပျောက်သွားပြီး တရှပ်ရှပ်နဲ့ အသံတွေကို ထပ်မံ ကြားလိုက်ရပြန်ပါတော့တယ်။

ဦးသာမြတ်လည်း ထူးထူးဆန်းဆန်း အသံတွေကြာင့် ဒီအိမ်ကြီးမှာ တစ်ခုခု ထူးခြားနေပြီဆိုတာကို တန်းသိလိုက်ပါတယ်။ အပေါ်ထပ်ကနေ လှေကားအတိုင်း အောက်ထပ်ကို ဆင်းလာတဲ့ ခြေသံတွေကို အတိုင်းသားပင် ကြားနေခဲ့ရတာပေါ့။ ဒီလောက်နဲ့တော့ ဦးသာမြတ်က မကြောက်မိသေးပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာကတော့ ဘုရားစာကို မပြတ်သာ ရွတ်ဆိုနေခဲ့တာပါ။ ထိုအခါ ခြေသံကြီးက သူ့ရဲ့ အခန်းနားကို မရောက်မီမှာတော့ ဆက်မကြားရတော့ပဲ အပေါ်ထပ်ကို တဒုန်းဒုန်းနဲ့ ခြေသံပြင်းပြင်းဖြင့် နင်းသွားသံကိုပါ ဆက်တိုက် ကြားလိုက်ရပါတော့တယ်။

“အင်း.. ငါ ဘုရားစာပဲ ရွတ်လိုက်လို့ အခန်းထဲမလာတာလား မသိဘူး.. ဘာပဲဖြစ်ဖြစ် ဒီအိမ်က သရဲခြောက်တယ်ဆိုတာကို မယုံလို့ မရတော့ဘူး”

စသဖြင့် တွေးနေမိပါတယ်။ တပည့်လင်မယားကတော့ ဒီအချိန်ဆိုရင် ဆင်းအော်တာတောင် နိုးမည်မဟုတ်။ ဒီလို တွေးနေတုန်းမှာပဲ အိမ်ကြီးရဲ့ အပေါ်ထပ်ကနေ ပစ္စည်းတွေကို လွှတ်ပစ်နေတဲ့ အသံတွေ တဝုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ဆူဆူညံညံပင် ကြားလိုက်ရပါတော့တယ်။ ဦးသာမြတ်လည်း ဘာပဲဖြစ်ဖြစ် ဘုရားစာ ရွတ်နေတာပဲ ကောင်းတယ်ဆိုပြီး တွေးကာ ကျန်တာကို မစဉ်းစားတော့ပဲ ဘုရားစာရွတ်ရင်းကနေ ပြန်အိပ်ပျော်သွားခဲ့တာ မနက်လင်းမှ ပြန်နိုးလာခဲ့ပါတော့တယ်။

***** *****

မနက်လင်းလာခဲ့တော့ ညက အကြောင်းကို သတိရသွားမိပြီး တပည့် လင်မယားနှစ်ယောက်ကို ခေါ်ယူကာ အကျိုးအကြောင်းကို မေးမြန်းကြည့်လိုက်ပါတယ်။

“မောင်တူးတို့.. မင်းတို့နှစ်ယောက် ညတုန်းက အိမ်ထဲမှာ ခြေသံတွေ ကြားသေးလား”

“ဗျာ ဆရာကြီး ဘာခြေသံလည်းဗျ”

“ဒီလိုလေကွာ ညတုန်းက ငါအိပ်နေတုန်းကွာ.. သန်းခေါင်းလောက်မှာ အပေါ်ထပ်မှာရော အောက်ထပ်မှာရော တဒုန်းဒုန်းနဲ့ ခြေသံတွေကို ကြားလို့.. အဲ့ဒါ မင်းတို့ရော ကြားလားလို့ မေးတာ”

ဒီတော့မှ မောင်တူးနဲ့ မချစ်လည်း သဘောပေါက်သွားပြီး ဟိုကြည့်ဒီကြည့်ဖြင့် ကြည့်လိုက်ကာ မဝံ့မရဲဖြင့် ပြောလိုက်ပါတယ်။

“ညက ကျနော်တို့လည်း ကြားတယ် ဆရာကြီးရဲ့.. ကျနော်တို့တောင်မှ အဲ့ဒါ ဆရာကြီးထင်လို့”

ဒီလို တပည့်ဖြစ်သူရဲ့ စကားကြောင့် ဦးသာမြတ်လည်း အံ့ဩသွားခဲ့ပြီး..

“ဟာ.. ငါမဟုတ်ဘူးကွ ညက ငါလည်းကြားလို့ မင်းတို့များ ကြားလားဆိုပြီးမေးကြည့်တာ”

ဒီတော့ မောင်တူးက ကြောက်ကြောက် လန့်လန့်ဖြင့် ..

“ဆရာကြီး.. ဒါ.. ဒါဆို ဒီအိမ်ကြီးက တကယ်ခြောက်နေတာလား မသိဘူးနော် နေလို့ရော ဖြစ်ပါ့မလားဗျ”

“ကဲပါ.. အခုလည်း ဘာမှဖြစ်တာမှမဟုတ်တာကွာ.. စိတ်အေးအေးထား ဟုတ်ပြီလား”

“ဘာမှမဖြစ်တာတော့ ဟုတ်ပါတယ်ဆရာကြီးရယ်.. ဒါပေမဲ့ ခြောက်ခြားနေသလို ဖြစ်နေတာပါ”

“အေးပါကွာ.. ဒါနဲ့ ညတုန်းက အိမ်အပေါ်ထပ်မှာရော ပစ္စည်းကျကွဲသံတွေပါ ကြားတယ်ကွ.. ဘာတွေဖြစ်ကုန်လည်း မသိဘူး.. ငါသွားကြည့်အုန်းမယ် မင်းတို့လိုက်အုန်းမလား”

“ဟုတ် ဒါဆိုလည်း သွားကြည့်မယ် ဆရာကြီး”

ဆိုကာ သုံးယောက်သား အပေါ်ထပ်ကို အရဲစွန့်ပြီး သွားကြည့်လိုက်ကြ ပါတော့တယ်။ ဒါပေမဲ့လည်း အိမ်အပေါ်ထပ်မှာ ဘာမှ ထွေထွေထူးထူး ဖြစ်ပျက်နေတာမျိုး မတွေ့ရခဲ့ပါဘူး။ ဒါနဲ့ပဲ သူလည်း တခြား ထွေထွေထူးထူး စဥ်းစားမနေတော့ပဲ ရေမိုးချိုး အဝတ်စားလဲကာ တရားရုံးကို ထွက်လာခဲ့ပြီး လုပ်စရာရှိတာတွေကို လုပ်ကိုင်ကာ ညနေလောက်မှာတော့ အိမ်ကို ပြန်လာခဲ့တော့တယ်။

အိမ်ရောက်တော့ တပည့်တွေ ချက်ကျွေးတဲ့ ထမင်းဟင်းကို စားသောက်ကာ အပျင်းပြေ ဝတ္တုတစ်အုပ်ကို ထိုင်ဖတ် နေလိုက်ပြီး ည ၁၀ နာရီလောက်မှာတော့ မျက်လုံးတွေ မှေးစင်းလာလေတော့ ဘုရားရှိခိုးကာ အိပ်ရာ ဝင်ခဲ့ပါတော့တယ်။

သူလည်း အိပ်ရာဝင်ပြီး ခနအကြာမှာတော့ တဒုန်းဒုန်းနဲ့ လှေကားပေါ်ကနေ ဆင်းချလာတဲ့ ခြေသံကြီးကို ထပ်မံ ကြားလိုက်ရပြန်ပါတယ်။ ဒီတော့ သူလည်း ဘုရားစာကိုသာ ရွတ်နေလိုက်ပါတယ်။ ထို့နောက် ခြေသံတရှပ်ရှပ်နဲ့ အောက်ထပ်မှာ လျောက်နေတဲ့ အသံတွေက အတိုင်းသားပင် ကြားနေရပြန်ပါတယ်။ ခနအကြာမှာတော့ သူ့အခန်းကို တစ်ယောက် ယောက်ဝင်လာတဲ့ အသံမျိုးကြားတာကြောင့် မျက်လုံးကို အသာလေး မှေးစင်းကာကြည့်လိုက်တော့ စိတ်ထဲက အနည်းငယ်တော့ ထိပ်လန့်သွားမိပါတယ်။

တွေ့နေရတာက မဲမဲအကောင်ကြီး တစ်ကောင်ပါ။ လူတစ်ယောက်ထပ် အနည်းငယ်ကြီးမားပြီး အမွှေးအမြှင် ရှိနေတဲ့ အကောင် တစ်ကောင်ပုံစံကြီးကို မြင်တွေ့လိုက်ရပါတယ်။ အဲ့ဒီမဲမဲအကောင်ကြီးက တရွေ့ရွေ့နဲ့ သူအိပ်စက်နေတဲ့ ခုတင်ရှိရာကို လျှောက်လာတာပါ။ ဦးသာမြတ်လည်း မကြောက်ဘူးလို့ တွေးထားပေမဲ့ ခုလို မျက်ဝါး ထင်ထင် မြင်နေရတော့ ဘာလုပ်ရမှန်း မသိအောင်ပါပဲ။ အသားတွေလည်း တဆတ်ဆတ်နဲ့ တုန်နေပါတယ်။ ကြက်သီးတွေလည်း အနည်းငယ်ထလို့ စိတ်ကိုမကြောက်အောင် မနည်း ချုပ်ထားရပါတယ်။

ဒီလိုနဲ့ သူ့အခန်းထဲမှာ ထိုမဲမဲကြီးက ပတ်လျောက်နေတာ ကြာနေပါပြီ။ ခနအကြာမှာတော့ သူအိပ်နေတဲ့ ခုတင်ဆီကို ရောက်လာလေတော့ သူလည်း ဇောချွေးတွေ ပျံနေခဲ့ပါတယ်။ အဲ့ဒီအကောင်ကြီးက ခုတင်နားကို ရောက်တော့ ခြင်ထောင်အပြင်ကနေ သူ့ကို စူးစိုက်ကြည့်နေတာကို သူတွေ့နေတော့ စိတ်ထဲကလည်း ကြောက်ရွံ့နေပါပြီ။ နောက်တော့ မဲမဲကြီးက သူ့ခြင်ထောင်ကို အသာလေး ဆွဲဖွင့်လိုက်ပါတယ်။ ဒီတော့မှ သူမြင်လိုက်ရတာကတော့ မျက်လုံးပြူးပြူး လျှာရှည်ရှည်နဲ့ မျက်နှာမှာလည်း အမွှေးတွေနဲ့ ကြောက်စရာ ပုံစံကြီးကို မြင်လိုက်ရတော့ ကြက်သေသေသွားမိပါတယ်။ ခနမှင်တက်သွားမိတာပေါ့။

ဒီတော့ အဲ့ဒီမဲမဲအကောင်ကြီးက သူ့ကို ဒီလိုပြောလာပါတယ်။ အသံကြီက ဩဩကြီးနဲ့ စကားစပြောလိုက်တာပါ။

“ခင်ဗျား ဘာလို့ ဘုရားစာတွေ ရွတ်ရတာလည်း.. အပေါ်မှာ ကျုပ်တို့ နေလို့မရတော့ဘူး ကျုပ်မိန်းမဆိုရင် ဒေါသ ထွက်လွန်းလို့ ခင်ဗျားကို သတ်ဖို့ လုပ်နေတာ ကျုပ်က မနဲကို တားထားရတယ်.. ကျုပ်က ဒီလိုဘဝ ဖြစ်နေပေမဲ့ လူတွေကို ဒုက္ခမပေးတတ်ဘူး.. ကျုပ်မိန်းမကတော့ မရဘူး လူဆိုရင် မုန်းနေတာ.. ဒီတစ်ည နေဖို့တော့ ကျုပ်ပြောထားပါတယ်.. ဒီတော့ မနက်မိုးလင်းတာနဲ့ သွားဖို့ပြင်တော့.. ခင်ဗျားလက်မခံရင်တော့ ကျုပ်လည်း မတားနိုင်တော့ဘူး ဒါပဲ”

ဟုဆိုကာ ပြောပြီးတာနဲ့ ကြမ်းပြင်ကို တဒုန်းဒုန်းနင်းကာ အပေါ်ထပ်ကို ပြန်တက်သွားတော့ပါတယ်။ မကြာပါဘူး ခနနေတော့ လှေကားကနေ ဆင်းလာတဲ့ ခြေသံတွေကို ထပ်ကြားရပြန်ပါပြီ။ ဒုန်းဒုန်း ဒိုင်းဒိုင်းနဲ့ အောက်ထပ်ကို ဆင်းလာပြီး အောက်ထပ်မှာလည်း လျောက်သွားနေတဲ့ အသံတွေကို ကြောက်လန့်ဖွယ်ရာ ကြားနေရပါတယ်။ သူလည်း မအိပ်ဝံ့တာနဲ့ နားစွင့်နေတာပေါ့။ ပြီးတော့ ခြေသံတွေက တဖက်ကခန်းမှာ ရှိတဲ့ တပည့်တွေရဲ့ အခန်းနားကို ရောက်သွားလိုက် သူ့အခန်းနား ပြန်ရောက်လာလိုက်နဲ့ ဆူညံနေပါတယ်။ အဲဒီ့နောက် ထိုခြေသံကြီးက သူ့အခန်းဝနား အရောက်မှာ ရပ်သွားပါတော့တယ်။

ဒီတော့သူလည်း အသာလေး ထကာ ကြည့်မိလိုက်လေတော့ ဆံပင်ရှည်ရှည်နဲ့ မဲမဲ ပုံစံကြီးကို ထိပ်လန့်ဖွယ် တွေ့လိုက်ရပါတယ်။ သူလည်း တစ်ကိုယ်လုံး အေးစက်ကာ အသားတွေလည်း တုန်နေပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေပါတယ်။ ခနနေတော့ ထိုမဲမဲကြီး ထံကနေ တဟင်းဟင်းနဲ့ ဒေါသထွက်လို့ အံကြိတ်ပြီး အော်နေတဲ့ အသံကြီးကို ကြားလိုက်ရပြီး အပေါ်ထပ်ကို ပြန်တက်သွားတဲ့ အသံတွေကိုလည်း ထပ်မံ ကြားလိုက်ရပါတယ်။ တစ်ညလုံးလိုလို အပေါ်ထပ်ကနေ တဝုန်းဝုန်း တဒုန်းဒုန်းနဲ့ ကြားနေရပါတယ်။ ဒီတော့ သူလည်း နိုးတစ်ဝက် အိပ်တစ်ဝက်နဲ့ မနက်မိုးလင်းခဲ့ရပါတော့တယ်။

ဦးသာမြတ်ရဲ့ တပည့်တွေဖြစ်တဲ့ မောင်တူးတို့လင်မယားလည်း သည်လိုပါပဲ။ အခန်းဝမှာ ခြေသံတွေကြားလိုက်။ မဲမဲကြီးတစ်ကောင်းက တဟင်းဟင်းနဲ့ ညည်းသံကြီးတွေ ပေးပြီး တစ်ခါတစ်ခါ သူတို့နှစ်ယောက်ရဲ့ အခန်းတွင်းထိအောင် ရောက်လာခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်လည်း ကြောက်လွန်းတော့ အသံတောင် မထွက်ရဲတော့ပါဘူး။ ရင်တထိတ်ထိတ်နဲ့သာ နေနေခဲ့ကြပါတယ်။ ကြက်သီးတွေလည တဖြန်းဖြန်းထနေပြီး ခြင်ထောင်ထဲကတောင် အပြင်မထွက်ရဲတော့ပါဘူး။

….. ….. ….. …..

ဒီလိုနဲ့ မနက်မိုးလင်းလာတော့ ဦးသာမြတ်တစ်ယောက် ပြန်ဖို့ ပြင်ဆင်နေပါပြီ။ ညကအဖြစ်အပျက်ကြောင့် တော်တော်လေးကို သူလည်း ကြောက်သွားခဲ့ပါတယ်။ ဒီအိမ်ကြီးမှာလည်း ဆက်ပြီး မနေဝံ့တော့ပါဘူး။ ညက သရဲအခြောက်ခံခဲ့ရတာ သူတစ်ယောက်ထဲ မဟုတ်ပဲ သူ့တပည့် လင်မယားပါ သရဲခြောက်တာခံခဲ့ရတာပါ။ ဒါ့ကြောင့်လည်း ပစ္စည်းတွေကို အမြန်သိမ်းပြီး အိမ်ကြီးကိုလည်း ပြန်အပ်ကာ လူတွေ မေးတာကိုတောင် မဖြေတော့ပဲ နောက်အိမ်တစ်အိမ် ရှာဖို့ ကားကို စက်နှိုးကာ မြို့ထဲသို့ အမြန် မောင်းလာခဲ့ကြပါတော့တယ်။

ထိုအခါ ထိုအိမ်ကြီးမှာတော့ အိမ်ငှားဖို့ဆိုင်းဘုတ်ကို ပြန်ချိတ်လျက်ဖြင့်သာ…။

**********
ပြီးပါပြီ။