ကြောက်မက်ဖွယ်ရာထိုတစ်ည

ဆက်ပြီး ပြင်နေလိုက်ကြပါတယ်။

*****

မင်းဝေလည်း အောင်သူတို့ နေတဲ့ရွာကို မသိသည် မဟုတ်ပေ။ ဒါပေမဲ့ အခု တောလမ်းကိုတော့ သူလည်းလုံးဝမသိခဲ့ပါဘူး။ အရင်ကဆိုရင် အောင်သူတို့အိမ်ကို သွားလည်ခဲ့ပေမဲ့ ကားလမ်းအတိုင်း သာ သွားခဲ့တာပါ။ အခု ဒီလမ်းကတော့ သူလည်း တစ်ခါမှတော့ မသွားဖူးပါဘူး။ ဘာပဲဖြစ်ဖြစ် နေကဝင်တော့မှာဆိုတော့လည်း အမြန်သွားဖို့ အရေးကြီးနေသည် မဟုတ်ပါလား။ ဒီတော့လည်း ခြေလှမ်းတွေကို မြှင့်တင်ပြီး လျောက်ခဲ့လိုက်ပါတော့တယ်။

ဒီလိုနဲ့ မြေနီလမ်းလေးအတိုင်း တစ်ယောက်ထဲ လျောက်လာခဲ့ရင်း ဟိုဟိုဒီဒီ ကြည့်မိလေတော့ လမ်းဘေး တစ်ဖက်တစ်ချက်မှာ လူနေ အိမ်ခြေဆို၍ ဘာကိုမှ မတွေ့ရခဲ့ပေ။ တောခြံတွေနဲ့ သစ်ပင်ဝါးပင်တွေသာ အုတ်အုတ်ဆိုင်းဆိုင်း ဖြစ်နေပြီး တောတန်းလေးကသာ ကြီးစိုးလို့နေပါတယ်။ မကြာခင် နေရောင်ပျောက်တော့မှာ ဖြစ်တဲ့အတွက် စိတ်ထဲမှာ စိုးရွံ့မှုတော့ ဖြစ်နေမိပါတယ်။ ဒါကလည်း လူ့သဘာဝပါ။ ဘယ်လောက်ပဲ မကြောက်ဘူးပြောပြော ခုလိုလူသူမရှိတဲ့ တောကြီးထဲရောက်နေမိရင် နေ့ခင်းကြောင်တောင်မှ စိတ်က ခြောက်ခြားမိတတ်ကြပါတယ်။

မင်းဝေလည်း ကြောက်စိတ်ကိုဖျောက်ကာ သူငယ်ချင်းထံရောက်ဖို့အတွက် ရှေ့ဆက် သွားနေခဲ့ပါတယ်။ ခနနေတော့ တဖြေးဖြေးနဲ့ နေရောင်ပျောက်လာခဲ့ပါတော့တယ်။ အမှောင်ထုကြီးစိုးလာတာနဲ့အမျှ မြင်မြင်သမျှဟာလည်း စိတ်ခြောက်ခြားဖွယ်ရာပင် ဖြစ်လာခဲ့ပါတယ်။ ဓတ်မီးကလည်းမပါလာလေတော့ ဖုန်းမီးလေးဖွင့်ကာ ဆက်လျောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေရာ အရောက်မှာတော့…

လမ်းဘေးတစ်နေရာမှာ ရပ်နေတဲ့ ကလေးလိုလို ပုံစံလေးတွေကိုခပ်လှမ်းလှမ်းမှာ မြင်တွေ့လိုက်ပါတယ်။ ဒါနဲ့ပဲ ဘာလည်းဟ ဆိုပြီး သေသေချာချာနဲ့ ကြည့်လိုက်တော့ ကလေးလေးနှစ်ယောက်ကို တွေ့လိုက်ရပါတယ်။ ဒီအခါမှာသူလည်း ဒါဟာအနီးအနား တဲတစ်တဲက ကောင်လေးတွေဖြစ်မှာပဲ မီးရောင်တွေ့လိုက်လို့ ထွက်ကြည့်နေကြတာဖြစ်ရမယ်ဆိုပြီး စိတ်ထဲကနေတွေးလိုက်မိပါတယ်။ ဒီလိုဖြေတွေးလိုက်တဲ့အခါ ကြောက်စိတ်တော့ပြေသွားမိပါတယ်။ မင်းဝေလည်း ထိုကလေးနှစ်ယောက်အနားကို ရောက်လာတဲ့အခါ သူလည်းစကားစမိ လိုက်ပါတယ်။

“ညီလေးတို့ မင်းတို့ကဘယ်ကလည်းကွ.. ဒီမှာဘာလုပ်နေကြတာလည်း”

ဒီလိုမေးလိုက်တော့ ကလေးတွေက မျက်နှာငယ်လေးတွေနှင့် ပြန် ပြောလိုက်ပုံမှာတော့ ..

“ကျနော်တို့က ဒီနားမှာနေတာပါ မီးရောင်တွေ့လို့ထွက်လာကြတာ ပြီးတော့ ဗိုက်အရမ်းဆာတာနဲ့ စားစရာ ဘာများ ပါမလည်းဆိုပြီး မေးချင်လို့ စောင့်နေကြတာပါဗျာ”

ဒီအခါမှာတော့ သူလည်းသနားသွားမိပါတယ်။ ဒါပေမဲ့ သူ့ဆီမှာကလည်း စားစရာဆိုလို့ဘာမှမပါလာဘူးလေ။ ဒီတော့…

“အေးကွာ…ငါ့မှာလည်းဘာမှပါလာဘူး စိတ်တော့မကောင်းပါဘူးကွာ”

“မရဘူးဗျာ ဗိုက်အရမ်းဆာတယ် တစ်ခုခုကျွေး”

“ငါ့မှာတကယ်မပါလို့ပါကွာ တကယ်ပါ”

“မရဘူး ဗိုက်ဆာတယ် …ဗိုက်ဆာတယ်”

လို့ပြောနေရင်းနဲ့ ကလေးတွေရဲ့အသံက တမျိုးကြီး ဖြစ်လာတာကိုလည်း သတိထားလိုက်မိပါတယ်။ အသံကြီးတွေက အာလုပ်သံလိုလို ဝမ်းခေါင်းသံလိုလို တမျိုးဖြစ်လာတာပါ။ ဒီတော့ ဒါဟာ တစ်ခုခုတော့ တစ်ခုပဲဟုတွေးကာ ထိုကလေးနှစ်ယောက် မျက်နှာကို ဖုန်းမီးနဲ့သေသေချာချာထပ်ထိုးကြည့်လိုက်တဲ့အခါမှာတော့……

“အား…အမယ်လေး ဘာ ဘာကြီးတွေလည်း…လူတွေမှ ဟုတ်ရဲ့ လား”

ဆိုပြီး အထိတ်တလန့်နဲ့ အော်လိုက်မိပါတော့တယ်။ ခေါင်းတွေလည်း အဆမတန်ကြီးလာသလို ခံစားလိုက်ရပါတော့တယ်။

သူမြင်လိုက်ရတာကတော့… ကြောက်စရာ မျက်နှာကြီးတွေပါ။ မျက်လုံးနှစ်လုံးက ပြူးထွက်နေပြီး နှာခေါင်း ဆိုတာကလည်း အဆမတန် ကြီးလို့နေပါတယ်။ ဆံပင်တွေကလည်း ကျိုးတို့ကျဲတဲ။ ပြီးတော့ ပါးစပ်ကြီးတွေကလည်း ပြဲနေပြီး အထဲက သွားတွေကိုတောင် အတိုင်းသားမြင်နေရပါတယ်။ အစွယ်နှစ်ချောင်းကလည်းငေါထွက်ကာ ပုံဆိုးပန်းဆိုး မျက်နှာကြီးတွေနဲ့ပါ။

ထိုအခါ မင်းဝေလည်း စိတ်ထဲမှာ တွေးမိလိုက်တာက မှင်စာလေးတွေပဲဆိုပြီး ကြောက်လန့်တကြား ထွက်ပြေးပါတော့တယ်။ မင်းဝေလည်း ထိုသို့ ထွက်ပြေးပြေးခြင်းမှာပဲ ထို အကောင်လေးနှစ်ကောင်ဆီမှ ဝမ်းခေါင်းသံကြီးတွေနဲ့ အော်ပြောလိုက်တာက..

“ငါတို့ဗိုက်တော်တော်ဆာနေပြီ… စားစရာမရှိရင် ခင်ဗျားကိုပဲစားမယ်”

ဆိုပြီး အနောက်ကနေ တဖုန်းဖုန်းနဲ့ ပြေးလိုက်လာပါတော့တယ်။ ထိုအခါ မင်းဝေလည်း အသားကုန်ပင် အသက်လုပြီး ပြေးခဲ့ရပါတယ်။ ဒီလိုနဲ့ ရေစီးနေတဲ့ စမ်းချောင်းငယ်လေးတစ်ခုကို ကျော်သွားတဲ့အခါမှာတော့ ဆက်ပြီးမလိုက်ကြတော့ဘူး။ အနောက်ကနေသာမကျေမနပ်ဖြစ်ပြီး တောက်တခေါက်ခေါက်နဲ့ ကျန်ခဲ့တာကို ထိတ်လန့်ဖွယ်ရာတွေ့နေရပါတယ်။

မင်းဝေခဗျာ အခုမှပဲ အသက်ဝဝရှူ နိုင်ပါတော့တယ်။ တော်သေးတာပေါ့ ဒီစမ်းချောင်းလေး ကယ်ပေလို့သာပဲ။ မဟုတ်ရင်တော့မလွယ်ဘူး။ ဘာများဖြစ်သွားမလည်းဆိုတာ တွေးတောင်မတွေးခဲ့ပါဘူး။

သူလည်း မောနေတဲ့အတွက် ခနနားမယ်လုပ်ပြီးမှ မဖြစ်ပါဘူးလေ… ဆက်သွားမှပါ တော်ကြာ ထပ်ဖြစ်နေရင် ဒုက္ခဆိုပြီး မနားနိုင်သေးပဲ ရှေ့ကို ဆက်လျောက်လာခဲ့ပါတယ်။

~~~~~

ဒီလိုနဲ့ ဆက်လျောက်လာရင်း တောတွင်းတစ်နေရာကို အရောက်မှာတော့…

“ဟင်…ဟိုးရှေ့က လူလားဟ…”

ဆိုပြီး သူ့နှုတ်က လွှတ်ခနဲ ရေရွတ်လိုက်မိပါတော့တယ်။

သူ့ရဲ့ ဖုန်းမီးရောင်နဲ့ လူတစ်ယောက်ပုံစံ သဲ့သဲ့ကို မြင်လိုက်ရပါတယ်။ အထင်ရှားတော့ မတွေ့ရသေးပေမဲ့ လူပုံသဏ္ဌာန်မျိုးနဲ့ ဟိုးအရှေ့ကနေ သွားနေတာကို တွေ့လိုက်ခြင်းပါ။ ဒါပေမဲ့ မင်းဝေလည်း လှမ်းမခေါ်ရဲတော့ပါဘူး။ စောစောကတောင် ကြောက်လန့်စရာ ကြုံထားတာဆိုတော့ သူ့ခမြာ ရင်ထိတ်နေမိပါတယ်။

“အင်း…ပုံစံကြည့်ရတာတော့ လူတစ်ယောက်ထင်တယ်။ ငါ့လို ခရီးသွားများလား… ဒါပေမယ့် ဖြစ်နိုင်ပါ့မလား ဒီအချိန်ကြီးမှာ”

ဆိုကာ ဇဝေဇဝါနဲ့ တွေးနေတုန်းမှာပဲ အရှေ့ကနေ လမ်းလျောက်နေတဲ့ ထိုသူက သူ့ဘက်လှည့်ကာ လှမ်းအော်လိုက်သံကို ကြားလိုက်ပါတယ်။

“ဟေး… အဲ့ဒီက မီးထွန်းလာတာ ခရီးသွားလားဗျို့… ကျနော်လည်း ခရီးသွားပါဗျာ။ ဟိုးရှေ့က ရွာကိုသွားမလို့ ညနက်သွားလို့ဗျ”

မင်းဝေ လှမ်းတွေ့နေတဲ့သူက ဒီလို လှမ်းအော်ပြောတာကို ကြား လိုက်ရတဲ့အခါ သူလည်း ဝမ်းသာသွားမိပါတယ်။ ဒါဆို ခရီးသွားပဲ တော်သေးတာပေါ့ ငါအဖော်ရတာပဲ ဆိုပြီး တွေးလိုက်ကာ ထိုသူကို လှမ်းအော်လိုက်ပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ ကျနော်လည်း လမ်းမှာ ကားပျက်လို့ အခုလို လမ်းလျှောက်လာတာပါ ခနစောင့်ပါအုန်း”

ဆိုပြီး မင်းဝေလည်း လှမ်းအော်ပြောလိုက်တဲ့အခါ ရှေ့ကသွားတဲ့သူကလည်းနောက်လှည့်ပြီး သူ့ကိုစောင့်နေပါတယ်။ အနားရောက်လာတော့ ထိုသူက မင်းဝေကို မေးလိုက်ပါတယ်။

“ဒီက ငါ့ညီက ဘယ်သွားမလို့လည်း”

“ကျနော်က ဟိုးအရှေ့ကရွာကိုပါ.. ကျနော့် သူငယ်ချင်းအိမ်ကို လာတာဗျ”

“သြော်… အခုလို ညကြီးမိုးချုပ်မှာ တစ်ယောက်ထဲသွားနေတာ မကြောက်ဘူးလား”

ထိုသူက ဒီလိုမေးလိုက်တော့ မင်းဝေလည်း သက်ပြင်းချလျက်..

“ကြောက်တော့ ကြောက်တာပေါ့ဗျာ… ဒါပေမဲ့ အရေးကြီးလို့ လာရတာဗျို့… လမ်းမှာကားပျက်နေတော့လည်း မတတ်နိုင်တော့ဘူးလေဗျာ.. ဒါနဲ့ အစ်ကိုကရော ဘယ်သွားမလို့လည်း”

“အစ်ကိုလည်း ဟိုးအရှေ့ရွာ ဘကြီးတစ်ယောက်ဆီကိုပါ.. သွားရင်းနဲ့ မှောင်သွားတာ.. အခုတော့ အဖော်ရတာပေါ့ကွာ”

“ဟုတ်လား တော်သေးတာပေါ့ဗျာ.. အဖော်ရပေလို့”

“အေးပေါ့ကွာ ဒီလမ်းခရီးမျိုးမှာက ညဘက်သွားလို့လာလို့ မကောင်းဘူးလေ”

မင်းဝေလည်း ထိုလူနဲ့စကားပြောရင်း ဆက်ပြီး လျောက် လာခဲ့ပါတယ်။ ဒီလို လျောက်လာနေရင်း သူ့စိတ်ထဲမှာတော့ ကြက်သီးမွှေးညှင်းလေးတွေ ရုတ်တရက် ထထသွားခဲ့ပါတယ်။ တစ်ချက်တစ်ချက်မှာလည်း ချမ်းလာသလိုလို.. တုန်လာသလိုလို.. တောင် ဖြစ်နေမိပါတယ်။ ဒီလိုနဲ့ ထိုသူကို သူသရဲခြောက်ခံရပုံကို ပြောပြအုန်းမယ်ဆိုပြီး တွေးလိုက်ကာ…

“ဒါနဲ့အစ်ကိုရေ စောစောကတောင်မှ လမ်းမှာ သရဲအခြောက်ခံရသေးတယ်ဗျ”

ဒီတော့ ထိုသူက အံ့သြသွားပုံမျိုးနဲ့…

“ဟေ ဟုတ်လား.. ပြောစမ်းပါအုန်း ဘယ်လိုခြောက်တာတုန်း”

ဒီလိုပြန်မေးလိုက်တော့ သူလည်း စောစောတုန်းက သရဲခြောက်ခံခဲ့ရပုံကို ပြန်ပြောပြလိုက်ပါတယ်။ သူ့စကားဆုံးတော့ ထိုလူက ကြောက်ပုံတောင်မရပါဘူး။ မင်းဝေ စိတ်ထဲမှာတော့ ငါကသာ ကြောက်နေတာ သူက အေးဆေးပါလားဟ။ တော်တော်သတ္တိကောင်းပါလား။ သူလည်း မကြုံခဲ့ဘူးလားမသိဘူး။ မေးအုန်းမှပဲ ဆိုပြီး …

“ဒါနဲ့ အစ်ကိုကရော ဒီအချိန်ကြီး သွားလာနေတာ မကြောက်ဘူးလား'”

လို့ မေးလိုက်တော့ ထိုသူက တဟားဟားနဲ့ ရယ်လိုက်ပါတယ်။ ပြီးတော့မှသာ ပြန်ပြောလိုက်ပါတယ်။

“ကြောက်ဖို့နေနေသာသာ ငါ့ကိုမြင်ရင်တောင် ခြောက်တဲ့သရဲက ပြန်လန့်သွားလိမ့်မယ်ကွ”

အဲ့ဒီလို ရီရီမောမောနဲ့ ပြန်ပြောတော့ မင်းဝေလည်း ဇဝေဇဝါဖြစ်သွားပြီး ပြန်မေးလိုက်ပါတယ်။

“ဟင် … ဘာဖြစ်လို့လည်းဗျ”

ဆိုတော့ ထိုသူကတာ့ ရယ်ကျဲကျဲဖြင့်..

“ဒီမှာကြည့်လေ”

ဆိုပြီး သူ့လက်နှစ်ဖက်နဲ့ သူ့ရဲ့ ခေါင်းကြီးကို တဗြုတ်ဗြုတ်နဲ့ မြည်အောင် ဆွဲဖြုတ်ပြလိုက်ပါတော့တယ်။ ဒီတော့ မင်းဝေလည်း မထင် မှတ်ထားသည်မို့ လန့်သွားမိပါတော့တယ်။

“ဟင်… ခေါင်း… ခေါင်းကြီး ပြုတ်ထွက်လာပါလား.. ဘုရား ဘုရား… ဒါ… ဒါဆို သရဲပေါ့”

ဆိုကာ အထိတ်တလန့်နဲ့ ရေရွတ်လိုက်မိပါတော့တယ်။ မင်းဝေ တွေ့နေရတာကတော့ ခေါင်းကြီးကပြတ်ပြီး သွေးတွေက ဒလဟော စီးကြလာပါတော့တယ်။ ဒီတော့မှ မင်းဝေလည်း သရဲထပ်ခြောက်ပြန်ပြီဟ ဆိုကာ..

“အမယ်လေးဗျာ… ခေါင်းပြတ်သရဲကြီး ခေါင်းပြတ်သရဲကြီး”

လို့ အော်ကာ ပြေးပါတော့တယ်။ ဒီတော့ သူ့အနောက်ကနေ တဟားဟားနဲ့အော်ရီနေတဲ့ ထိုခေါင်းပြတ်ကြီးကိုကိုင်ပြီး ပြေးလိုက်လာတာကို တွေ့လိုက်တဲ့အခါ… စောစောက ခြောက်တာထက်ပိုပြီး ကြောက်လည်း ကြောက်လာမိပါတယ်။ တစ်ကိုယ်လုံးလည်း ချွေးတွေပျံကာ အသက်တောင် မနည်းရှုနေရခြင်းပါ။ ဒါပေမဲ့ သူ့မှာ မနားနိုင်ပါဘူး။ အသားကုန် သုတ်ခြေတင်ကာ ပြေးနေရတာပါ။

ဒီလို ပြေးရင်းနဲ့အနောက်ကို လှည့်ကြည့်လိုက်တော့… ခေါင်းပြတ်ကြီးကို လက်နှစ်ဖက်နဲ့မြှောက်ပြီး သူ့နောက်ကို တဟဲဟဲ တဟဲဟဲ နဲ့ ပြေးလိုက်လာတာကို တွေ့နေရလေတော့ မင်းဝေလည်း လုံးဝမနားရဲတော့ပဲ ဖနှောင့်နဲ့တင်ပါး တစ်သားထဲ ကျအောင် ပြေးလိုက်ပါတော့တယ်။

ဒီလိုနဲ့ပြေးလာလိုက်တာ အောင်သူတို့ရွာကိုတောင် ဘယ်လိုရောက်လို့ ရောက်မှန်းတောင် မသိတော့ပါဘူး။ ရွာထဲကိုရောက်တော့ သူ့မှာ တော်တော်လေးလည်း မောဟိုက်နေပါပြီ။ အနောက်မှာတော့ ဘာကိုမှမတွေ့ရတော့ပါဘူး။ ဒီတော့မှသာ နားနိုင်ပါတော့တယ်။ ချွေးတွေလည်းပျံနေကာ ရင်ဘတ် တစ်ခုလုံးလည်း ဖားဖိုလို ဖြစ်နေပါပြီ။ ဟောဟဲ ဆိုက်ကာ အသက်ကို မနည်းရှုနေရပါတယ်။

ဒီလိုနဲ့ပဲ တွေ့တဲ့ အိမ်တစ်အိမ်ကို ဝင်ပြီး အကျိုး အကြောင်းပြောလိုက်ကာ အောင်သူတို့အိမ်ကို လိုက်ပို့ခိုင်းရပါလေတော့တယ်။ ဒီတော့မှသာ သူလည်း အောင်သူတို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်သွားပါတော့တယ်။

အောင်သူတို့အိမ်ကို ရောက်သွားတဲ့အခါ အချိန်မတော်ကြီးရောက်ချလာတဲ့ မင်းဝေကိုကြည့်ကာ အောင်သူတို့လည်း အံ့သြနေပါတယ်။ မင်းဝေလည်း ရေတစ်ခွက် တောင်းသောက်လိုက်ပြီး ခနအမောဖြေပြီးမှသာ ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်ပါတယ်။ မင်းဝေရဲ့ ပြောပြချက် အဆုံးမှာတော့ အောင်သူတို့ တစ်အိမ်သားလုံးခမြာ ရင်တထိန်ထိတ်နဲ့ ဖြစ်ကာ အံ့သြနေကြပါတယ်။ ဒီတော့ မင်းဝေလည်း အောင်သူ့ အဖေကို မေးကြည့်ရပါတယ်။

“ဦးလေး… အဲဒီ့လမ်းက ဘာလို့ သရဲခြောက်ရတာလည်း… သိရင်ပြောပြပါလားဗျာ”

ဒီတော့မှ အောင်သူ့အဖေက သက်ပြင်းတစ်ချက် ချလိုက်ကာ…

“တော်သေးတာပေါ့ တူကြီးရာ မသေကောင်းမပျောက်ကောင်းပဲ… အဲ့ဒီလမ်းက အခြောက်လှန့် တော်တော်ကြီးတာကွယ့်… ညဘက်ဆို ဘယ်သူမှ မဖြတ်ရဲကြဘူး… ခုချိန်ထိလည်း မကျွတ်လွတ်ကြဘူးပေါ့ကွာ”

အောင်သူရဲ့ဖခင် ပြောပြသည်ကတော့ ထိုနေရာမှာ လွန်ခဲ့တဲ့ ၁ နှစ်လောက်က ဓားပြတွေသတ်လို့ သားအဖသုံးယောက် သေခဲ့ရတဲ့ နေရာပင် ဖြစ်ပါတယ်။ အဲ့ဒီ အချိန်ကစလို့ ခြောက်လှန့်တဲ့နေရာမှာလည်း တော်တော်လေးကို နာမည်ကြီးလာတဲ့ နေရာတစ်ခုပါ။ ထို့ကြောင့် အဲ့ဒီ လမ်းဟောင်းကို တော်ရုံ အသွားလာ မလုပ်ကြတာပဲ ဖြစ်ပါတယ်။ အခုထိလည်း ညမှောင်ပြီဆိုတာနဲ့ ဖြတ်သွားမိသူတိုင်းကို ခြောက်လှန့်နေတုန်းပါ။

ထိုအခါမှာတော့ မင်းဝေလည်း တော်တော်လေးကို ကြောက်သွားမိပါတယ်။ နောက်ဆိုရင်တော့ ကိုယ်မသိ မရောက်ဖူးတဲ့ နေရာတွေဆိုရင် မေးမြန်းစုံစမ်းပြီးမှသာ သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အခုတောင်မှ သေလုမြောပါး ထွက်ပြေးလာခဲ့ရသည် မဟုတ်ပါလား။

**** ****
..ပြီးပါပြီ…