သရဲ၃ကောင်နဲ့မဖဲဝါ

ယောင်္ကျား၊
မိန်းမငါးယောက် ဒဏ်ရာရ ကျိုးပဲ့ကုန်သော်လည်း
အသက်မသေခဲ့။

ဒါပေမဲ့ ယောင်္ကျားနှစ်ယောက်၊ အမျိုးသမီး
တစ်ယောက်တို့က ထိုနေရာမှာပင် ပွဲချင်းပြီး
သေဆုံးသွားကြသည်။ ယောင်္ကျားတစ်ယောက်က
ခြံစည်းရုံးဝါးခြမ်းပြား လည်ပင်းရှပြီး လည်းပင်း
ပြတ်ထွက်သွားသည်။ ယောင်္ကျားတစ်ယောက်က
ထော်လာဂျီပိပြီး ပွတ်ဆွဲသွား၍ ခန္ဓာကိုယ်
ပြားချပ်သွားသည်။

အမျိုးသမီးတစ်ယောက်ကတော့
ခြံစည်းရိုးငုတ်က ဗိုက်ကို ဖောက်ထွက်
သွား၍ အူများ အခွေလိုက် ထွက်ကျနေသည်။

ပွဲကြည့်ရန်လာသူများ အပျော်နှင့် အဆုံးမသတ်ဘဲ
နာကျင်ကြေကွဲမှုတို့ဖြင့်သာ အဆုံးသတ်သွားကြသည်။
လူသေမှုဖြစ်ပြီးနောက်ပိုင်း ထိုရွာလေးမှာ ယခင်က
ကဲ့သို့ အေးချမ်းမှု မရှိခဲ့တော့။

မကျွတ်မလွတ်သော သရဲသုံးကောင်က
ရွာသူရွာသားများကို ခြောက်လှန့်နေသည်။
ရွာအစွန်မှာ ညောင်ပင်ခပ်သေးသေးနှင့်
ကုက္ကိုပင်ကြီးတစ်ပင် ပူးကပ်ပေါက်နေသည်။
ကားမှောက်ခဲ့သည့် နေရာက ထိုသစ်ပင်ကြီးနှင့်
ခြံနှစ်ခြံသာ အကွာအဝေးရှိသည်။

ထိုကုက္ကိုပင်ကြီးမှာ သေလွန်သွားသော
လူသုံးယောက်တို့၏ မကျွတ်မလွတ်သော
ဝိညာဉ်သရဲသုံးကောင်က ကပ်တွယ်ခိုနား
နေလေတော့သည်။

XXXX

မနက်လေးနာရီခွဲခန့်အရောက် မုဆိုးမဒေါ်တင့်နှင့်
သမီးအေးခင်တို့ သားအမိနှစ်ယောက် တောင်းတစ်
လုံးစီရွက်၍ ရေပုံး၊ ဆွဲခြင်းတို့နှင့် ကုက္ကိုပင်ကြီးအောက်
ရောက်လာကြသည်။ ကုက္ကိုပင်အောက်မှာ အသေ
အချာဆောက်ထားသော အကြော်တဲ ရှိသည်။
အကြော်စားမည့်သူတို့ ထိုင်ရန် ဝါးလုံးများနှင့်
စားပွဲထိုင်ခုံတန်းလျားရှည်များ လုပ်ထားသည်။

တစ်ဖက်ကို ငါးယောက်ခန့် ထိုင်စား၍ ရသည်။

အကြော်တဲရောက်သည်နှင့် ပစ္စည်းများ
နေရာကျအောင် ချသည်။ အေးခင်က
အကြော်,ကြော်ရန် မီးစတင်မွှေးနေသည်။
မီးမွှေးပြီး မီးဖိုပေါ် ဒယ်အိုးတင်ကာ ဆီ
လောင်းထည့်လိုက်သည်။ ဆယ့်ငါးမိနစ်ခန့်
ကြာတော့ ဆီဆူလာသည်။ ဒယ်အိုးထဲ
ဘူးသီးစတင်ထည့်ပြီး ကြော်သည်။

ဒယ်အိုးက အကြော်ဆယ့်ငါးခုခန့်သာ
ထည့်၍ရသည်။ ဘူးသီးကြော်နှစ်ဒယ်ကြော်ပြီး
ပုဇွန်ဆိတ်ကလေးများ မုန့်နှစ်ထဲ စိမ်ပြီး ပုဇွန်
ကြော်သည်။ ရွာနှင့်မနီးမဝေးမှာရှိသော
ချောင်းမှ ပုဇွန်ထောင်သမားများရောင်း၍
ပုဇွန်ဆိတ်ကလေးများ အမြဲရသည်။
သို့ကြောင့် ပုဇွန်ကြော်ကို ကြော်နေသည်။

အကြော်မထွက်ရသည်မှာ ငါးရက်ရှိခဲ့ပြီ။
တစ်ခြံကျော်မှာ ကားမှောက်ပြီး လူသေထား
သဖြင့် မနက်စောစော အကြော်မထွက်ဝံ့၍
ရပ်ထားခဲ့သည်။ ယခု အေးအေးချမ်းချမ်း
ဖြစ်ပြီဖြစ်၍ အကြော်ဆိုင် ပြန်ထွက်ခြင်းဖြစ်
သည်။ ပုဇွန်ကြော်နှစ်ဒယ်ချပြီးနောက်
ဘယာကြော် ကြော်ရန် ပြုလုပ်ထားသော
ပဲထည့်ထားသည့် ပန်းကန်ကို ယူလိုက်သည်။

ညကတည်းက ကုလားပဲကိုစိမ်၍ မညက်တညက်
ထောင်းထားပြီ။ ထို့နောက် ဘယာကြော်ကို
ဆက်၍ ကြော်နေသည်။ မကြာခင်မှာပင်
ဝယ်မည့်သူများ စားမည့်သူများ ရောက်လာ
ကြတော့သည်။ ရွာထဲမှာ အဝယ်စားဆုံးက
ဘူးသီးကြော်၊ ဘယာကြော် ဖြစ်သည်။
ဒေါ်တင့်က ဘူးသီးများကို အတုံးလေးတွေ
ဖြစ်အောင် လှီးပေးနေသည်။ ထိုအချိန်
အကြော်တဲအပေါ်ရှိ ကုက္ကိုပင်ထက်မှ
အသံများ ကြားလိုက်ရသည်

“ဝရော …ဝုန်း”

“ဝေါ…ဝုန်း…ဝုန်း…”

“ဟဲ့ …ဟဲ့ …ဘာသံတွေလဲ ၊ ဘာဖြစ်တာလဲ”

“အပေါ်မှာ သစ်ကိုင်းခြောက်ရှိရင် ကျိုးကျမှ
ဟုတ်ပေ့ဖြစ်နေမယ်”

“နေ့ခင်း လင်းလင်းထင်းထင်းကျရင်
ကြည့်ထားပါဦးအမေ၊ တော်ကြာ
သစ်ကိုင်းကျိုးကြပြီးပိလို့ ကျော်မကောင်း
ကြားမကောင်း ဖြစ်နေဦးမယ်”

“ဝေါ…ဝေါ…ဝုန်း”

အပေါ်မှ သစ်ကိုင်းလေတိုးသည်လား…
အကောင်တက်၍ လှုပ်လေသည်လားမသိ အသံတွေ
ကြားရသည်။ ဒေါ်တင့်က တံစက်မြိတ်အပြင်
ခေါင်းထွက်ပြီး ကြည့်လိုက်သည်။ မှောင်နေ၍
ဘာမှမမြင်ရ။

“ဝေါ …ဝေါ …ဝေါ …”

“သေချာအောင် ငါထွက်ကြည့်လိုက်ဦးမယ်”

ဒေါ်တင့်က ဘူးသီးလှီးနေရာမှ အပြင်ထွက်ကြည့်ရန်
ပြင်လိုက်သည်။ ဒေါ်တင့် အကြော်တဲ တံစက်မြိတ်
အပြင်ထွက်ပြီး ရပ်ကြည့်သည်။

“သစ်ကိုင်းတော့ လှုပ်နေတာတွေ့တယ်၊
ဘာကောင်မှတော့ မတွေ့ပါဘူး”

“ကဲ…အမေ…ဘာမှမထူးရင် အထဲလာခဲ့ပါတော့”

“ဘာလုပ်မလို့လဲ”

“အမေလှီးထားတဲ့ ဘူးသီးစိတ်တွေ သမီးကို
ကမ်းပေးဦး သမီးမမှီလို့ ”

“အေး …အေး…လာပြီ”

ဒေါ်တင့် အထဲဝင်လာပြီး …ဘူးသီးစိတ်များကို
ယူပြီး ကမ်းပေးသည်။ ထိုအချိန် လူနှစ်ယောက်
ဆိုင်ထဲဝင်လာသည်။ အမျိုးသမီးတစ်ယောက်နှင့်
အမျိုးသားတစ်ယောက်ဖြစ်သည်။

“အကြော်ရပြီလား”

“ရပြီ ဘာစားမလဲ”

“ပုစွန်ကြော်ရရင် စားချင်တယ် ”

“ပုစွန်ကြော်လား ရတာပေါ့ …အိမ်ယူသွားမှာလား
ထိုင်စားသွားမှာလား”

“ဒီမှာပဲ စားသွားမယ်”

“ဒါဆို တစ်ပွဲထည့်ပေးမယ်”

ဒေါ်တင့်က ပန်းကန်တစ်ချပ်ယူ၍ ပုစွန်ကြော်
ဆယ်ခုထည့်ကာ လှမ်းပေးလိုက်သည်။ အချဉ်
ရည်ထည့်ထားသော ပန်းကန်ကို တန်းလျား
စားပွဲပေါ်သွားချပေးလိုက်သည်။ ဒေါ်တင့်
အချိုရည် သွားချပေးသော ပန်းကန်ထဲမှာ
အကြော်သုံးခုသာ ကျန်တော့သည်ကို
တွေ့လိုက်သည်။

ညက ထမင်းမှ စားကြရဲ့လားဟု
စိတ်ထဲက တွေးထင်လိုက်သည်။
အမျိုးသမီးနှင့် အမျိုးသားက အသက်တော့
ကွာပုံရသည်။ အမျိုးသားအသက်က လေးဆယ်
ကျော်ခန့်ရှိမည် ။ အမျိုးသမီးက အလွန်ဆုံးရှိလှ
အသက်သုံးဆယ်ဟု ဒေါ်တင့် မှန်းမိသည်။
သားအဖတော့ မဖြစ်နိုင် ဦးလေးနှင့်တူမ။
အစ်ကိုနှင့် ညီမ တစ်ခုခုဖြစ်ချင်ဖြစ် မဖြစ်လျှင်
လင်မယားလည်း ဖြစ်နိုင်သည်။

ပြီးတော့ သူတို့ရွာသားမဟုတ်မှန်း သိသည်။
ဤအကြော်တဲက ရွာပေါင်းစုံမှ လူများ ဖြတ်သွား
ဖြတ်လာရာ တာလမ်းဘေးမှာ ရှိသဖြင့် အခြား
ရွာများမှ ခရီးသွားများလည်း ဖြစ်နိုင်သည်။

“အဒေါ် ပုစွန်ကြော်တစ်ပွဲ ပေးပါဦး”

ဒေါ်တင့်က ပန်းကန်အလွတ်တချပ်ထဲသို့
ပုစွန်ကြော်ဆယ်ခု ထည့်ပြီး ကမ်းပေးလိုက်သည်။
အချိန်က ငါးနာရီသာသာ အလင်းရောင်လာစ
ပြုပေမယ့် အမှောင်အားက ကောင်းတုန်း
ရှိသေးသည်။ တာလမ်းပေါ်မှ တစ်ယောက်စ၊
နှစ်ယောက်စ ဖြတ်သွားသည်ကို တွေ့လိုက်သည်။
အကြော်ဝယ်မည့်သူများတော့ ရောက်မလာကြသေး။
ဒေါ်တင့်က အကြော်ကမ်းပေးပြီး စပ်စုလိုက်သည်။

“တူမတို့က ခရီးသွားတွေလား ဒီရွာမှာ မမြင်မိလို့ ”

“ဟုတ်ပါတယ်၊ ထိန်ပေါက်ကလာခဲ့ကြတာပါ၊
ဟိုရှေ့က မန်ကျည်းတောရွာကို သွားကြမှာပါ။
ကျမနဲ့ ဒီကဦးကြီးက ဘာမှမတော်ပါဘူး၊ ခရီး
သွားဖော် တစ်ရွာတည်းသာ မိတ်ဆွေတွေပါ။
ဟိုဘက်ရွာအလှူမှာ ပွဲကြည့်မလို့ ထွက်လာခဲ့
ကြတာ”

“မန်ကျည်းတောရွာ အလှူပွဲ ဟုတ်လား
အခုရက်ပိုင်း အလှူရှိတယ်လို့ မကြားမိပါဘူး”

“အို…အမေကလည်း အမေက ဘယ်သွားလို့လဲ
အခု ရက်ပိုင်း ဆိုင်ပိတ်ထားတာ မဟုတ်လား”

” ဟဲ့ …အခုလို ပွဲတွေ၊ ဆိုင်းတွေ သွင်းမယ့်
အလှူဆို ရွာစဉ်အနှံ့ သတင်းက ပျံ့ပြီးသား
မဟုတ်လား၊ ငါတော့ မကြားမိပါဘူး။ ဒါနဲ့
တူမတို့သွားမယ့် အလှူရှင် နာမည်သိလား”

“သိတာပေါ့ …ဟို လယ်ပိုင်ရှင် ဦးကျော်အုံးဆိုလားပဲ”

“ဟင်…အဲဒါ့လွန်ခဲ့တဲ့ ငါးရက်ကတည်းက ပြီးသွားပြီ”

“အငြိမ့်က ‘ဆန်းညွန်စီ’တဲ့ ညဘက်ဧည့်ခံပြီး
နေ့ဘက်ကျတော့’အောင်ဝင်းဗိုလ်’ဆိုင်းနဲ့
ဧည့်ခံမှာတဲ့ ဆိုင်းနောက်ထပေါ်လေးဆိုတာ
အရမ်းနာမည်ကြီးတာ”

“ငါတူမတို့ …ရက်မှားပြီး လာခဲ့ကြတာ”

“ရက်မမှားပါဘူး ဒေါ်ကြီးရဲ့ ထော်လာဂျီစီးပြီး
ပျော်ပျော်ပါးပါး လာခဲ့ကြတာ၊ ထော်လာဂျီ
မှောက်သွားလို့ ခြေလျင်လျှောက်သွားကြမှာ”

ထိုကဲ့သို့ ပြောပြီး အမျိုးသမီးက ထိုင်ရာမှ
ထလိုက်သည်။ ဒေါ်တင့် အေးခင်တို့ ထို
အမျိုးသမီးစကားကြောင့် အံ့သြစိတ်နှင့်
လှည့်ကြည့်လိုက်စဉ် …

“ဟင်”

“ဟာ…အ…အမယ်လေးတော့ ”

“ဝုန်း” “ခွမ်း”

ဒေါ်တင်နှင့် အေးခင်းတို့ ထိုင်ရာမှ ကြောက်ကြောက်
လန့်လန့်နှင့် ကုန်းထစဉ် အနီးမှာ ရှိသောအိုးခွက်
ပန်းကန်များ အပြိုပြိုအလဲလဲ ဖြစ်ကုန်သည်။

“အမယ်လေး …သရဲတွေတော့”

“ဟာ …သ…သရဲ …သရဲ”

အမျိုးသ္မီးနှင့် အမျိုးသားကြီးတို့ ထိုင်ရာက
ထလိုက်ကြစဉ်၊ အမျိုးသမီးဗိုက်က အူများ
အထွေးလိုက်ထွက်ကျနေသလို အမျိုးသား
ကြီး၏ ခန္ဓာကိုယ်က ပြားချပ်နေသည်။
မျက်လုံးနှစ်လုံးကလည်း ပြူးထွက်နေသည်။
ထို့နောက် မျက်စိအောက်မှာပင် လှစ်ခနဲ
ပျောက်သွားသည်။ ထိုစဉ် အကြော်တဲသို့
လယ်ကွင်းထဲသွားရန် ထွက်လာသော
ကျော်စိုးနှင့် ဝင်းဖေတို့နှစ်ယောက်
ဝင်လာကြသည်။

“ဟာ …အကြော်သည် သားအမိ၊ အလဲလဲ
အပြိုပြိုနဲ့ ဘာဖြစ်နေကြတာလဲ သားအမိ
နှစ်ယောက် နပန်းလုံးနေကြတာလား”

ဒေါ်မြင့်က အကြော်တဲအတွင်း နောက်ပြန်လဲလျက်က
ဖုတ်ဖက်ခါပြီး ထလာသည်။

“ငါတို့ အခုလေးတင် သရဲအခြောက်ခံလိုက်ရလို့
လန့်ပြီး အော်လိုက်တာ ရေပုံးကို နောက်ပြန်
ခလုတ်တိုက်ပြီး ဖင်ထိုင်လဲကျသွားတာ”

“ဘယ်ကသရဲ လာခြောက်တာလဲ ”

“မကျင်မြတို့အိမ် ဝင်တိုက်ပြီး မှောက်သွားတဲ့
ထော်လာဂျီပိလို့ သေတဲ့လူနဲ့ ဗိုက်ကိုငုတ်ထိုးပြီး
သေတဲ့အမျိုးသမီး သရဲနှစ်ကောင် လာခြောက်တာ”

“ဟုတ်လို့လားဗျာ”

ထိုအခါ အေးခင်က ဝင်ပြောသည်။

“ဟုတ်လား မဟုတ်လားတော့ မသိဘူး၊
ငါးနာရီလောက် အကြော်လာဝယ်စားတယ်။
လာတုန်းကတော့ လူအစစ်ပါ၊ ပုဇွန်ကြော်
တစ်ပွဲပြီးတစ်ပွဲ စားတယ်။ အမေက စပ်စုပြီး
ဘယ်သွားမလို့လဲ မေးလိုက်တာ ဦးကျော်အုံးရဲ့
အလှူကို ထော်လာဂျီနဲ့ လာခဲ့ကြတာ ထော်လာဂျီ
မှောက်သွားလို့ ခြေကျင်လျှောက်သွားမှာတဲ့။
အဲဒီလိုပြောပြီး မတ်တတ်လည်းရပ်လိုက်ရော
အမယ်လေး …ပြောရင်း ကြက်သီး ထလာပြီ”

“မအေးခင်ကလည်း ကောင်းတုန်း စကား
မရပ်လိုက်နဲ့လေဗျာ”

“ဟဲ့အကောင်တွေ …နင်တို့သာ ငါတို့မြင်သလို
မြင်လိုက်ရင်…ထိုင်ရာမှာ သေးဖျန်းဖျန်းထွက်သွားမယ်”

‘ဒေါ်ကြီးတို့ သားအမိရော ထွက်ကျသေးလား”

“ငါတို့က အသံကုန်ဟစ်နေလို့ ထွက်ချိန်မရလိုက်ဘူး”

“ကဲ…မြင်လိုက်တာကို ဆက်ပြောပါဦး”

“အမျိုးသမီးက ထိုင်ရာကထလိုက်ရော
အူတွေ အခွေလိုက်ကျနေတယ်၊ အမျိုး
သားကြီးက တစ်ကိုယ်လုံး ပြားချပ်နေတယ်၊
တကယ်အသည်းယားစရာ ကြောက်စရာ
မြင်ကွင်းပဲ”

“ငါတို့သားအမိ မျက်လုံးစုံမှိတ်ပြီး အသံကုန်
အော်နေတုန်း ပျောက်သွားတာ ထင်ပါရဲ့၊
မျက်လုံးလည်း ဖွင့်ရော ဘယ်သူမှ မရှိတော့ဘူး”

“ဒါဆို အကြော်နှစ်ပွဲဖိုး ဆုံးသွားတာပေါ့ ”

“နှစ်ပွဲပဲ စားသွားလို့ တော်သေးတာပေါ့ဟယ်”

“ဒီပန်းကန်တွေယူပြီး ဆေးလိုက်ပါဦး”

ဒေါ်တင့်လည်း သရဲစားသွားသော အကြော်
ပန်းကန်နှင့်အချဉ်ရည်ထည့်သော ပန်းကန်တို့ကို
သွားယူပြီး ဆေးလိုက်သည်။

“သရဲတွေ ဘယ်ထွက်သွားမယ်ထင်လဲ”

“ဘယ်မှာ ထွက်မသွားဘူး၊ ဒီနားမှာပဲ ပျောက်သွားတာ”

“ဟို ခေါင်းပြတ်သရဲ မပါဘူးလား”

“ဟ ဝင်းဖေကလည်း ခေါင်းပြတ်နေမှာတော့
ဘယ်ပါးစပ်နဲ့ စားမှာလဲ”

“မင်းကွာ …ဝိညာဉ်သရဲဖြစ်မှတော့ ပုံစံအမျိုးမျိုး
ဖန်ဆင်းနိုင်တာပေါ့ ”

“အခုကြည့်ပါလား၊ အကြော်လာစားတော့
လူလိုဖန်ဆင်းလာတယ်…စားပြီးလို့ ပိုက်ဆံလည်း
ရှင်းရမယ်ဆိုရော သူတို့ သေဆုံးသွားစဉ်က
ပုံအတိုင်း ပြတာ မဟုတ်လား”

“ဒါဆို ပိုက်ဆံပေးရမှာ စိုးလို့ပေါ့ ”

“ဖြစ်နိုင်တယ် ”

“တို့လည်း မနက်ဖြန် ပိုက်ဆံမပေးရအောင်
စီစဉ်ရမယ်”

“နင်တို့ ပုံစံတွေ ခွေးချီသွားလည်း သိတယ်
ငါ့ကို နင်တို့ လာခြောက်လို့ကတော့ မီးစနဲ့
ပစ်ပြီမှတ်”

” အလကားစတာပါ ဒေါ်လေးတင့်ရာ”

“မနက် အကြော်ထွက်ဦးမလား”

“အကြော်ကတော့ နေ့တိုင်းထွက်ရမှာပဲ၊
နေ့တိုင်း ခြောက်မယ် မထင်ပါဘူး”

“မထင်နဲ့ ဒေါ်တင့်ရဲ့ အကြော်ကို ခံတွင်း
တွေ့ချင်တွေ့သွားမှာ ဒီသစ်ပင်ကြီးပေါ်မှာများ
နေလား မသိဘူး”

“ဒီသေနာလေး…ကြောက်ပါတယ်ဆိုမှ ကြောက်အောင်
လျှောက်ပြောနေတယ်။ နင်တို့ စားပြီးပြီမဟုတ်လား။
ပိုက်ဆံရှင်းပြီး သွားကြတော့ ”

“ရှင်းမှာပါ …စိတ်မပူပါနဲ့ ဘယ်လောက်ကျလဲ”

“နေဦး ဒီကလေးကို အကြော်ထည့်ပေးလိုက်ဦးဝယ်
…နင်တို့စားတာ နင်တို့ မသိဘူးလား”

ဒေါ်တင့်က ရွာထဲမှ အကြော်လာဝယ်သော
ကလေးနှစ်ယောက်ကို အကြော်ရွေးပေးလိုက်သည်။
ကျော်စိုးနှင့် ဝင်းဖေတို့လည်း ပိုက်ဆံရှင်းပြီး
ထွက်သွားတော့သည်။ ထိုနေ့က မနက်ကိုးနာရီခန့်
အကြော်အားလုံးကုန်သွားသဖြင့် သားအမိ
နှစ်ယောက် ဆိုင်သိမ်းပြီး အိမ်ပြန်လာခဲ့
ကြတော့သည်။

XXXXX

မနက်လေးနာရီခွဲသည်နှင့် ဒေါ်တင့်တို့
သားအမိနှစ်ယောက် အကြော်လာထွက်ကြသည်။
သရဲကြောက်ပေမဲ့ စောစောမထွက်၍လည်း မဖြစ်။
မနက်ငါးနာရီနောက်ပိုင်းဆိုလျှင် ခရီးသွားများရော
ရွာထဲမှ ကလေးလူကြီးများ အစာပြေစားရန်
ဆက်တိုက်လာဝယ်ကြသည်။ သွားရင်းလာရင်း
ဝင်၍လည်း စားကြသည်။

ထိုအချိန်ကို အမှီရောင်းနိုင်မှ အကြော်ရောင်းကောင်းသည်။
ကြော်ထားသမျှ ကုန်သည်။အကြော်နောက်ကျလျှင်
ရောင်းမကုန် ကျန်နေတတ်သည်။ သရဲက နေ့တိုင်းတော့
လာမခြောက်နိုင်ဟု သားအမိနှစ်ယောက် တစ်ယောက်
ကိုတစ်ယောက် အားပေးရင်း မဝံ့မရဲနှင့် ဆိုင်လာဖွင့်ခြင်း
ဖြစ်သည်။ အကြော်အိုး မီးဖိုပေါ်တင်ပြီး၍ အကြော်
စတင်ကြော်နေပြီး ဘူးသီးကြော်နှစ်ဒယ်ပြီးတော့
ပုစွန်ကြော်စကြော်သည်။

ပုစွန်ကြော်များကျက်တော့ ဘယကြော် ကြော်ရန်
ပြင်နေသည်။ ထိုစဉ် ဝင်းဖေနှင့်ကျော်စိုးတို့
ဆိုင်ရောက်လာသည် ။ ကျော်စိုးက သူ၏
ဇနီးခင်မြကို အကြော်ဆိုင်ကို ခေါ်လာသည်။

“ဒေါ်တင့် ပုစွန်ကြော်ကျက်ပြီမဟုတ်လား တစ်ပွဲချ”

“အေး ကျက်ပြီ၊ စားနေကျ ဘူးသီးကြော်
မစားတော့ဘူးလား”

“ဒီနေ့တော့ ပုစွန်ကြော်ပြောင်းပြီး စားမယ် နှစ်ပွဲသာချ”

ဒေါ်တင့်လည်း ပန်းကန်နှစ်ချပ်ထဲ ပုစွန်ကြော်များ
ထည့်ပြီး သွားချပေးလိုက်သည်။ အချဉ်ပန်းကန်ကို
သွားချပေးသည်။ နှစ်ပန်းကန် ချက်ချင်းကုန်သွားသည်။

“ဟဲ့ …သွက်လှချည်လား”

“ဒေါ်တင့်ရဲ့အကြော်က ကောင်းလို့ပေါ့
ပုစွန်ကြော်ပဲ ထည့်ပေးပါ”

“ဘယ်နှစ်ပွဲလဲ”

“နှစ်ပွဲသာ ထပ်ထည့်လိုက်”

ဒေါ်တင့်က ပုစွန်ကြော်နှစ်ပွဲထည့်ပြီး သွားချပေးလိုက်သည်။
ထိုအချိန် ရွာထဲမှ လူငယ်နှစ်ယောက် ထွက်လာပြီး
အကြော်လာဝယ်သည်။

“ကိုကျော်စိုး ခင်ဗျားက …မခင်မြကို ဘယ်တုန်းက
အကြော်ဆိုင်ခေါ်ခဲ့ဖူးလို့လဲ”

“အကြော်စားချင်တယ်ဆိုလို့ ခေါ်ခဲ့တာ”

လူငယ်နှစ်ယောက်က စကားမဆက်တော့ဘဲ
အကြော်ဖိုးရှင်းကာ ထွက်သွားတော့သည်။

“ကဲ …ဒေါ်တင့်အကြော်ဖိုး ဘယ်လောက်ကျလဲ”

“အံ့မယ် အထူအဆန်းလုပ်ပြီး မေးနေရသေးတယ်”

“တစ်ခုတစ်ဆယ်၊ စျေးမတက်သေးပါဘူး၊
လေးပွဲလေးရာပေါ့ ”

“ဒီမှာ ပိုက်ဆံလေးရာ၊ ပန်းကန်အောက်ထည့်ထားခဲ့မယ်”

ဒေါ်တင့်လည်း ပဲကပ်ကြော်,ကြော်ရန် မုန့်နှစ်နယ်
ဖတ်နေသဖြင့် ပိုက်ဆံထမယူနိုင်သေး။ ထိုစဉ်မှာပဲ
ကျော်စိုးနှင့် ဝင်းဖေတို့ ဆိုင်ထဲဝင်လာသည်။

“ဒေါ်တင့် ဘူးသီးကြော်တစ်ပွဲ အမြန်ချဗျာ…”

ထိုအခါ ခေါင်းငုံ့ပြီး မုန့်နှစ်နယ်နေသော ဒေါ်တင့်
ခေါင်းမော့ ကြည့်လိုက်ပြီး …

“ဟဲ့ …ကျော်စိုး အစားကြီးလှချည့်လား
အခုပဲ သုံးယောက်သား ပုစွန်ကြော်
ပန်းကန်စားသွားကြပြီးပြီ၊ ဘူးသီးကြော်
ထပ်စားကြဦးမလို့လား”

“ဟာ အခုမှ ဝင်းဖေကို ဝင်ခေါ်ပြီး ထွက်လာခဲ့တာ၊
လယ်ထဲသွားနေကျအချိန်ထက် နောက်ကျနေလို့
အမြန်ထည့်ခိုင်းနေတာ”

“ဟဲ့ စောစောကပဲ နင်ရယ်၊ ဝင်းဖေရယ်၊ နင့်မိန်းမ
ခင်မြရယ်၊ ပုစွန်ကြော်လေးပွဲ လာစားသွားတာ၊
ပန်းကန်လေးချပ်တောင် မသိမ်းရသေးဘူး
ပန်းကန်အောက်မှာ ပိုက်ဆံလေးရာ ထားသွားတယ်”

“ဟာ မဟုတ်သေးပါဘူး ခင်မြက အိပ်ရာကတောင် မထသေးဘူး”

“နင်တို့ မနေ့ကသရဲ လူယောင်ဆောင်
သွားတယ်ဆိုလို့ ငါ့ကို လာနောက်နေကြတာလား၊
ဟဲ့ ဒီမှာ နင်တို့ စားထားတဲ့ အကြော်ပန်းကန်
လေးချပ်၊ ပိုက်ဆံတောင် မသိမ်းရသေးဘူး”

ဝင်းဖေက ပန်းကန်တွေကို မကြည့်လိုက်သည်။

ဒေါ်တင့်ကလည်း ကြည့်နေသည်။

“ဒီမှာ ပိုက်ဆံတစ်ပြားမှ မတွေ့ပါဘူး၊
ကျုပ်တို့ တရားခံ ဖြစ်နေပါ့မယ်”

ကျော်စိုးကလည်း …

“တကယ်ပြောတာ ဒေါ်တင့် ပိုက်ဆံမတွေ့ဘူး”

ကျော်စိုးကပါ ဝင်ပြောသဖြင့် ဒေါ်တင့် ထိုင်ရာက
ထလိုက်သည်။

“ဒီမှာ စာရွက်လေးရွက်တွေ့တယ်”

ညီညီညာညာရှိနေသော ဗလာစာရွက်အပိုင်းလေးရွက်ကို
ကိုင်ပြီး ပြလိုက်သည်။

“ဟင် …ငါ့ကို ပိုက်ဆံလေးရာပြပြီး ဒီမှာထားခဲ့မယ်
ပြောပြီး ထွက်သွားကြတယ် ”

“ဒါဆို ကျုပ်တို့ အယောင်ဆောင်ပြီး သရဲဝင်စား
သွားတာပဲဖြစ်မယ် ”

“ဒီအတိုင်းဆို ငါ အရင်းပြုတ်တော့မယ် ”

“ဒေါ်တင်တို့ကို သရဲပုံ မပြသွားဘူးလား”

“နင်တို့လာနေတာသိလို့ …ထသွားတာဖြစ်နိုင်တယ်”

“ဒီအတိုင်းဆိုရင် …သရဲတွေ ဒီဝန်းကျင်မှာပဲ
ရှိနိုင်တယ်၊ နောက်နေ့တွေလည်း သတိထားပေါ့”

“ခက်တာက လူမျိုးစုံရဲ့ ပုံသဏ္ဌာန်မျိုးစုံ
ဖန်ဆင်းပြီး သွားလာနေတော့၊ ဘယ်ဟာသရဲမှန်း
သိပါ့မလဲ၊ အခုလည်း နင်တို့လာမှ သရဲမှန်းသိတာ။
ဒီနေ့ နင်တို့သာ လာမစားဘူးဆိုရင် သရဲမှန်း
ဘယ်သိပါ့မလဲ”

“အမကလည်း သရဲဟုတ်ချင်မှဟုတ်မှာ
ကိုကျော်စိုးကြီးတို့ အလကားစားချင်လို့
သရဲနဲ့ ပုံမှားရိုက်တာ ဖြစ်မှာပေါ့ ”

“ဟာ ဒီကောင်မလေး အေးခင် …မဟုတ်က ဟုတ်က
ပြောတော့မယ် ”

“ကဲပါ နောက်နေ့ အစောကြီး လာပြီး စကားလာ
ထိုင်ပြောနေမယ်၊ ဟုတ်လား သရဲလာတော့လည်း
စောင့်ဖမ်းရတာပေါ့ ”

“အေး…စောစောနိုးလို့ လာနိုင်ရင် လာခဲ့ကြပါ။
အကြော်တစ်ပန်းကန် အလကားကျွေးမယ် ”

“ဟာ ဒါဆို ကြိမ်းသေလာပြီလို့ မှတ်လိုက် ”

သို့ဖြင့် သရဲလား၊ လူလား မသိဘဲ ဒေါ်တင့်
မုန်းလေးပွဲ အလကား ပေးလိုက်ရပြန်သည်။
ကိုးနာရီကျော်ကျော် ဆိုင်သိမ်းပြီး သားအမိ
နှစ်ယောက် အိမ်သို့ ပြန်ခဲ့သည်။

XXXXX

ထုံးစံအတိုင်း လေးနာရီကျော်ကျော်ခန့်တွင်
ဒေါ်တင်တို့ သားအမိ ဆိုင်လာဖွင့်ကြသည်။
မီးမွှေးပြီး အကြော်အိုးတင်ကာ ဘူးသီးကြော်
စ၍ ကြော်တော့သည်။ ဘူးသီးကြော်ပြီးသည်
နှင့် ပုဇွန်ကြော် စ၍ ကြော်သည်။ ပုဇွန်တစ်
ဒယ်ဆယ်လိုက်သည်။ ထိုအချိန်မှာပဲ…

” ဝုန်း …ဝုန်း… ဝုန်း…ဝရော…ဝုန်း”

“ဟဲ့ …သောက်ပလုတ်တုတ်…ဘာတွေဖြစ်တာလဲ”

“အမေ …ကုက္ကိုပင်အကိုင်းပေါ်မှာ ဘာကောင်
တက်ခုန်နေလဲ ကြည့်ပါဦး”

ထိုအချိန်မှာပဲ…အပေါ်မှ ရှည်လျားသောလက်ကြီး
အောက်သို့ တွဲလောင်းကျလာသည်။ လက်ဝါးကို
ဆုပ်လိုက် ဖြန့်လိုက်နှင့် တစ်ခုခုကို တောင်းနေသလိုပင်။

” အမေ …အမေ …သရဲလက်ကြီး”

ဒေါ်တင့်က သရဲလက်ကြီးနှင့်နီးသလို
အကြော်ထည့်ထားသော ဗန်းနှင့်လည်းနီးသဖြင့်
ကြောက်ကြောက်လန့်လန့်နှင့် ဘူးသီးကြော်
လေးခုခန့် ထည့်ပေးလိုက်သည်။

“ဝှစ် …ဝှစ် …ဝှစ် …”

“အမေ …အကြော်တွေ ပြန်ပစ်ချလိုက်ပြီ”

လက်က ပြန်ကျလာပြီး လက်ကို ဆုတ်လိုက်
ဖြန့်လိုက် လုပ်ပြနေသည်။

“အမေ…ပုဇွန်ကြော်ထည့်ပေးလိုက်”

ဒေါ်တင့်က ပုဇွန်ကြော်သုံးခု ထည့်ပေးလိုက်သည်။
လက်ကြီး အပေါ်တက်သွားသည်။

“ဘယ်လိုလုပ်ကြမလဲ အမေ”

“နေပါဦး ခဏစောင့်ကြည့်ပါဦး”

နောက်ထပ် လက်…ထပ်ကျလာသည်။ လက်က
တစ်ချောင်းမဟုတ် သုံးချောင်းဖြစ်နေသည်။

“ဟာ လက်တွေက များလာပြီ သုံးချောင်းတောင်”

ထိုအချိန်မှာ ကျော်စိုးနှင့် ဝင်းဖေတို့ အကြော်ဆိုင်သို့
ရောက်လာကြသည်။

“ဟာ…”

“ဟာ…ဒေါ်တင့် …ဒေါ်တင့် …ဒေါ်တင့်တို့ဆိုင်
အပေါ်မှာ တွဲလောင်းကြီးတွေ”

ကျော်စိုးက သရဲများကို မြင်လိုက်သဖြင့်
ထိတ်ထိတ်ပျာပျာနှင့် လှမ်းအော်လိုက်သည်။
ကျော်စိုးအော်သံကြောင့် သစ်ပင်ပေါ်က
သရဲများ ရိပ်ခနဲ ပျောက်သွားသည်။

“ဒေါ်တင့်ပြောတဲ့ သရဲသုံးကောင် ဒီကုက္ကိုပင်ပေါ်
ခိုကပ်နေတာလား မသိဘူး”

“ဟုတ်ပါတယ် …သရဲဆိုတာ အညှီအဟောက်
ကြိုက်တယ်မို့လား ရိုးရိုးအကြော်ကို မစားဘူး၊
ပုစွန်ကြော်ကိုမှ စားတာ”

“ဒါဆို ဒီသရဲတွေ ဘယ်မှမသွားဘဲ၊ ဒီညောင်ပင်နဲ့
ကုက္ကိုပင်မှာ ခိုကပ်နေတာဖြစ်မယ် ”

“အေး ဒီအတိုင်းဆိုရင် ငါတို့ နောက်နေ့
အကြော်လာ မဖွင့်ရဲတော့ဘူး”

“နင်တို့နှစ်ယောက် လင်းတဲ့အထိ နေပေးပါ။
နောက်နာရီဝက်လောက်ဆိုရင် လင်းထိန်နေပါပြီ”

“ရပါတယ် စောင့်ပေးပါ့မယ်”

“အကြော်ဆိုင်မှာ စကားပြောသံများ အဆက်မပြတ်
သဖြင့် သစ်ပင်ပေါ်က သရဲများ လှုပ်ရှားသံမကြားရ။

“ဟင်…ဟင်…အေးခင် …ကုန်ပါပြီတော်”

“အမေ …ဘာဖြစ်လို့လဲ ”

“ဒေါ်တင့် …ဘာဖြစ်လို့လဲ”

“ငါတို့ စကားများနေကြတုန်း အကြော်ဗန်းထဲက
ပုဇွန်ကြော်တွေ ယူသွားပြီ၊ ဗန်းထဲမှာ တစ်ခုမှ မရှိတော့ဘူး”

“ဘယ်လိုယူသွားတာလဲ”

“အဲ့ဒါတော့ ငါလည်း ဘယ်ပြောတတ်မလဲ။
ဒီမှာ အခု သုံးဆယ်လောက်ရှိတာ၊ ပုဇွန်ကြော်
ဆိုလို့ တစ်ခုမှ မရှိတော့ဘူး”

“အမေတို့ ရိပ်တိတ်လေးတောင် မမြင်လိုက်ဘူးလား”

“အေးခင်ကလည်း နာနာဘာဝတွေ၊ သရဲတွေဆိုတာ
ကမ္မဇိဒ္ဓိတန်ခိုးအစွမ်း ရှိကြတယ်၊
သူတို့က မမြင်စေချင်ရင် ဘယ်သူမှ မမြင်ရဘူး”

ပုစွန်ကြော်ရှိသမျှ အကုန်ယူစားသွားသဖြင့်
သရဲများ ဤနေ့အတွက် ဗိုက်ပြည့်သွားပုံရသည်။
သစ်ပင်ပေါ်က လှုပ်ရှားသံဟူ၍ မကြားရတော့။
ဒေါ်တင့်တို့သားအမိနှစ်ယောက်လည်း ကြောက်
ကြောက်လန့်လန့်နှင့်ပင် အကြော်များ ကုန်အောင်
ရောင်းပြီးမှသာ ဆိုင်ပိတ်ပြန်ခဲ့ကြသည်။

ဒေါ်အေးညွှန့်နှင့် ဒေါ်လုံးတို့နှစ်ယောက် လယ်ကွင်း
ထဲမှာ နေကြသော တဲတန်းတစ်လျှောက်၊ ကုန်စိမ်း
ကုန်ခြောက် လည်ပတ်ရောင်းနေသူများဖြစ်သည်။
ညနေ ငါးနာရီခွဲခန့် အရောင်းသိမ်းပြီး ရွာသို့
ပြန်ဝင်ခဲ့ကြသည်။ အောက်စုရွာအဝင် ကုက္ကိုပင်
အောက်သို့ အရောက် ခေါင်းပေါ်မှာ ရွက်လာသော
တောင်းနှစ်တောင်းကို အပေါ်သို့ ဆွဲယူလိုက်သည့်
အတွက် မော့ကြည့်လိုက်မိကြသည်။

“ဟင် …ငါ့တောင်းကို သရဲဆွဲယူသွားပြီ”

“ငါ့တောင်းလည်း …ပါသွားပြီ”

“အမယ်လေး လာကြပါဦးတော့…သရဲ သရဲ”

အကောင်ကို မမြင်ရဘဲ တောင်းများ သစ်ပင်ကြီး
ပေါ်သို့ ယူသွားသည်ကို အတိုင်းသား မြင်ရသည်။
ဒေါ်အေးညွှန့်နှင့် ဒေါ်လုံးတို့၏ အသံစူးစူးရှရှ
အော်လိုက်သော အသံကြောင့် ရွာတွင်းနီးစပ်ရာမှ
လူတော်တော်များများ အပြင်သို့ ထွက်လာကြသည်။
အချိန်က ခြောက်နာရီနေဝင်ကာစပင် ရှိသေးသည်။

“ဝုန်း …ဘုန်း…”

“အမယ်လေးတော့ …ကုန်ပါပြီ”

သစ်ပင်ကြီးအောက်သို့ တောင်းနှစ်လုံး ပြန်ကျ
လာသည်။ ဒေါ်လုံးနှင့် ဒေါ်အေးညွန့်တို့နှစ်ယောက်
လိမ့်ထွက်သွားသော တောင်းကို လိုက်ဖမ်းကြသည်။

“ကုန်ပါပြီတော် ပါသွားပြီ”

“ဒေါ်လုံးတို့ တောင်းတွေထဲမှာ ကုန်ခြောက်အပြင်
ဘာတွေ ပါလို့လဲ”

“ကညင်စုရွာမှာ အမဲပေါ်လို့ တစ်ယောက်ကို
ငါးဆယ်သား တစ်တွဲစီဝယ်ပြီး ပြန်ခဲ့တာ”

“မအေးညွှန့်က သူ့အမေအတွက် အပိုတစ်တွဲ
ဝယ်ခဲ့သေးတယ်”

တောင်းနှင့်အတူ ကုန်စိမ်း၊ ကုန်ခြောက် လက်ကျန်များ
ပြန်ကျလာသော်လည်း အမဲသားတွဲများ ပါမလာတော့။

“ဒီသရဲတွေ ဒေါ်တင့်အကြော်တွေ အလကားစားနေလို့
ဒေါ်တင့်လည်း ဆိုင်မထွက်ရဲတော့ဘူး …အခုလည်း
လမ်းသွားလမ်းလာတွေရဲ့ စားစရာတွေပါ လုစားနေပြီတဲ့”

XXXX

တစ်ရက် သရဲအကြောင်း သိမထားသော နွားကျောင်းသား
လေး လယ်ကွင်းထဲမှအပြန် ကုက္ကိုပင်နား အပေါ့
သွားမိသည်။ ထိုစဉ် နွားကျောင်းသားလေးနောက်သို့
သရဲကြီးတစ်ကောင် ခုန်ဆင်းလာပြီး ကျောကိုပုတ်ကာ
မျက်လုံးကြီး ပြူးပြီး လျှာထုတ်ပြသည်။ သူ့ရှေ့မှာပင်
ခေါင်းကြီးပျောက်သွားပြီး ခေါင်းမပါသော ခန္ဓာကိုယ်
ကြီးက သစ်ပင်ပေါ်သို့ ကုတ်တက်သွားသည်ကို
တွေ့လိုက်ရသည်။

နွားကျောင်သားလေးလည်း သရဲကြီးကိုမြင်ပြီး
အကြောက်လွန်ကာ ထိုနေရာမှာပင် မေ့လဲနေ
တော့သည်။ လယ်ကွင်းထဲမှ ပြန်လာသူများ
တွေ့သဖြင့် ကောင်လေး၏ အိမ်သို့ ခေါ်လာ
ပေးကြသည်။ အိမ်ရောက်၍ ပြုစုသော်လည်း
တစ်ညလုံး သတိပြန်မလည်လာခဲ့။

နောက်နေ့ရောက်၍ သတိပြန်ရသော်လည်း
စကားမေး မရ။ ကြောင်စီစီ ဖြစ်နေတော့သည်။

သို့ကြောင့် လူကြီးတွေစုပြီး ထိုသရဲကိစ္စကို တိုင်ပင်ကြသည်

“ဒီသရဲကိစ္စ ဘယ်လိုလုပ်ရင်ကောင်းမလဲ၊
ဦးမောင်ဖြူက ရှေ့မီနောက်မီဆိုတော့
ဗဟုသုတလေးများရှိရင် ဝေမျှစမ်းပါဦး”

“ဒီကိစ္စကို ငါလည်း ဘာမှမတတ်နိုင်ဘူး သိန်းဇံရ။
သရဲနိုင်တဲ့ ဆရာခေါ်ပြီး နှင်ချင်နှင်။ ဒါမှမဟုတ်
ရွာဦးကျောင်းဆရာတော်ကိုပင့်ပြီး အန္တရာယ်ကင်း
ပရိတ် ရွတ်ချင်ရွတ် ဒီလောက်ပဲ အကြံပေးနိုင်တယ်”

“ဟုတ်တယ် ဦးမောင်ဖြူပြောသလို ရွာဦးဆရာတော်
ကျောင်းက ဘုန်းကြီးငါးပါးပင့်ပြီး ပရိတ်ရွတ်လိုက်ရင်
ဒီသရဲတွေ ဘယ်နေနိုင်ပါမလဲ”

“ကျုပ်တို့ဆန္ဒလည်း အတူတူပဲ။ ပရိတ်ရွတ်လိုက်စေချင်တယ်”

“ဒါဆို အချိန်မဆိုင်းမနေနဲ့၊ ဒီညနေ
ကုက္ကိုပင်ကြီးအောက်မှာ ဘုန်းကြီးငါးပါးပင့်ပြီး
ပရိတ်ရွတ်ကြတာပေါ့ ”

“မောင်စိုးသိန်းနဲ့ တင်ထွန်းတို့က ပရိတ်ရွတ်ဖို့
ဖြစ်အောင် စီစဉ်လိုက်၊ ငါနဲ့ ဦးထွန်းငွေ
ဘုန်းကြီးကျောင်းသွားပြီး ဘုန်းကြီးပင့်
ထားလိုက်မယ် ပရိတ်အိုး၊ ပရိတ်တောင်း၊
ကန်တော့ပွဲ၊ ဘုန်းကြီးတွေ အအေးကပ်ဖို့
ရွာထဲမှာ အလှူငွေလည်း လိုက်ကောက်
ထားကြဦး”

“စိတ်ချ …ဦးလေး၊ ကျနော်တို့ လိုလေးသေးမရှိ
ဖြစ်မြောက်အောင် စီစဉ်ထားမယ်၊ ဦးလေးတို့သာ
ဘုန်းကြီးပင့်ဖို့ တာဝန်ယူ ”

ညနေငါးနာရီခန့် ကုက္ကိုပင်ကြီးအောက်မှာ
ပရိတ်ရွတ်ပွဲ စီစဉ်ပြီးမြောက်ခဲ့သည်။
ကုက္ကိုပင်ကြီးပေါ်မှာရှိသော ခေါင်းပြတ်၊
ဗိုက်ပေါက်၊ ကိုယ်ပြားသရဲသုံးကောင်
ကတော့ ပရိတ်ရွတ်တော့မည်ဟု
စီစဉ်နေသည့် အချိန်ကစပြီး အောက်စု
သင်္ချိုင်းဘက်သို့ သွားပြီး ရှောင်တိမ်း
နေကြသည်။

ပြန်လာတော့ ကုက္ကိုပင်ကြီးကို ပရိတ်ချည်များ
ပရိတ်ရေများ ပက်ဖျန်းထားသဖြင့် လွတ်လွတ်
ကင်းကင်းရှိနေသော ညောင်ပင်ပေါ်သို့ တက်ပြီး
နေတော့သည်။ ကုက္ကိုပင်ပေါ်သို့ တက်၍မရတော့။
ညဘက်ရောက်တော့ သရဲသုံးကောင် ထိုအနီးနားမှာ
ရှိသေးကြောင်း ရွာသားတို့ သိလိုက်ရသည်။

တာပေါ်မှ လမ်းလျှောက်ပြန်လာသူများကို
ညောင်ကိုင်းများ လှုပ်ယမ်းပြသည်။ ခဲကောက်၍
နောက်ကျောကို ပစ်ပေါက်သည်။ ဖုန်များ၊
သဲများ ခေါင်းပေါ်သို့ လောင်းချသည်။
နည်းမျိုးစုံနှင့် ခြောက်လှန့်သည်။

ရွာသားတို့လည်း ထိုသရဲများသည် အန္တရာယ်ကင်း
ပရိတ်ရွတ်စဉ် အဝေးသို့ ရှောင်ထွက်သွားပြီး
ပရိတ်ရွတ်ပြီးမှ ပြန်လာခြင်း ဖြစ်နိုင်သည်ဟု
မှတ်ယူကြသည်။ မှောင်ရီဝိုးတဝါး ရွာသို့
ပြန်လာသူများ ၊ ဖြတ်သွားကြသူများ ညောင်ပင်
ပေါ်မှ အူတွေအခွေလိုက် ထွက်နေသော
သရဲမကြီး ဆင်းလာသည်ကို မြင်သူရှိသည်။

ခေါင်းပြတ်နေသော သရဲအခြောက်ခံရသူလည်း
ရှိသည်။ ကိုယ်ခန္ဓာပြားချပ်နေသော သရဲကြီး
အခြောက်ခံရသူလည်းရှိသည်။ ညခုနှစ်နာရီ
နောက်ပိုင်း အခြောက်ခံရသူတို့၏ ထိတ်လန့်
ချောက်ချားဖွယ် အော်ဟစ်သံများကို ရွာသား
များ မကြာမကြာ ကြားနေရသည်။

ထို့နောက် သရဲအကြောင်းသိသူများ အမှောင်
ခံ၍ ဖြတ်သွားဖြတ်လာ မလုပ်ကြတော့ချေ။

ပရိတ်ရွတ်ပြီးနောက်ပိုင်း သရဲအခြောက်ကြမ်း
လာသဖြင့် ရွာသားများလည်း အောက်စုရွာမှ
အပြင်သို့ အသွားအလာ နည်းသွားသည်။
ရပ်ကွက်လူကြီးနှင့် ဦးမောင်ဖြူတို့ ခေါင်းချင်းဆိုင်
တိုင်ပင်ကြပြန်သည်။

“ဦးလေးမောင်ဖြူ …ဦးလေးမောင်ဖြူ”

“ဟေ့ …တင်မောင်လား”

“ဟုတ်တယ် ဦးလေးရေ…အိမ်ပေါ်တက်ခဲ့မယ်”

“လာလေကွာ …ရေနွေးကြမ်း အဆင်သင့်ရှိတယ်၊
မောင်လှတို့ စံသိန်းတို့လည်း ရောက်နေတယ် ”

“ရွာထဲက သရဲသုံးကောင် …ပရိတ်ရွတ်ပြီး
နှင်တာ ထွက်မသွားဘဲ၊ ပိုသောင်းကျန်းလာလို့
ဘယ်လိုလုပ်ရင် ကောင်းမလဲ တိုင်ပင်နေကြတာ”

“ကျနော်လည်း ဒီကိစ္စ တိုင်ပင်မလို့ လာခဲ့တာ”

“ကဲ ထိုင်ကွာ…မင်းပြောနေချင်တာလည်း ပြောပေါ့”

“ဒီသုံးကောင်က လည်တဲ့ပုံပဲ ဦးလေးရ၊
ပရိတ်မရွတ်ခင်ကတည်းက ရှောင်နေပြီး
ပြီးမှ ပြန်ရောက်လာတဲ့ပုံပဲ”

“ဒေါ်တင့် …ပြောစကားအရဆို၊ သူတို့ ခိုကပ်
နေတာက ကုက္ကိုပင်မှာ၊ အခုညောင်ပင်မှာ
ပြောင်းနေကြတယ်၊ ပရိတ်ထပ်ရွတ်ပြီး ညောင်
ပင်ကိုပါ ပရိတ်ချည်နဲ့ပက် ပရိတ်ရေနဲ့ဖျန်း
ဘယ့်နှယ်လဲ”

“အဲ့ဒီအပင်တွေကို ဖျန်းရင် နောက်အပင်မှာ
ပြောင်းနေမှာပေါ့၊ တစ်ခါတည်း အပြီးထွက်သွား
စေချင်တာ”

“ဒါနဲ့ မောင်တင်မောင် …ဘာပြောချင်လို့လဲ”

“ကျနော် ညက စဉ်းစားမိလို့ ၊ ဒီလိုလုပ်ရင်
ကောင်းမလား တိုင်ပင်မလို့လာခဲ့တာ…အရှေ့
စံလှရွာမှာ…ပယောဂမျိုးစုံ ၊ စုန်း ၊ ရွာသူအစွဲ
မျိုးစုံ ကုပေးတဲ့ ဆရာကြီးတစ်ယောက်ရှိတယ်
အဲဒီဆရာကြီးက ဘုရားလည်း တရားလည်း
ကြည့်ညိုတယ်…ပယောဂကုတဲ့ ဆရာကြီး
ဆိုပြီး အဲဒီရွာမှာ နာမည်ကြီးနေတာ အခုလို
သရဲ တစ္ဆေတွေ သောင်းကျန်းနေတာကိုလည်း
ဆုံးမနိုင်မယ် ထင်တယ်”

“ဟာ …တင်မောင်ပြောမှ ကျနော်လည်း
သတိသွားရတယ်
ဟုတ်တယ်…စံလှရွာက ဆရာကြီး
အတော်စွမ်းတယ် ကျတော်မျက်မြင်ပဲ မေ့နေလို့
မပြောဖြစ်တာ”

“မင်းက ဘယ်လိုမျက်မြင်လဲ ထိန်ပင်ရွာက
ကျနော့်မိတ်ဆွေသမီး …ညနေ ကန်မှာ ရေဆင်းခပ်ပြီး
အပြန် ကန်အနီးမှာရှိတယ် ညောင်ကြပ်ပင်က
သရဲကပ်ပြီး ပါလာတယ်၊ အဲဒီသရဲလည်း
ကပ်ရော အိမ်မှာ သောင်းကျန်းတာမှ လွန်ရောပဲ၊
ထမီတောင် မကပ်လို့ ကြိုးနဲ့ချည်ပေးထားရတယ်
အစားဆိုလည်း နေ့စဉ်ချက်ကျွေးရတယ်
ဆရာမျိုးစုံနဲ့ကုတာ ၊ ဆရာတွေ ပြန်ပြေးရတာပဲ၊
နောက်ဆုံး စံလှရွာက ဆရာကြီးနဲ့ ကုမှ
ဆရာကြီးအိမ်ပေါ်တက်လာကတည်းက
ငြိမ်လို့ဆိုပဲ ”

“သရဲက သူ့ကိုနိုင်မယ့်ဆရာမှန်း သိလို့ပေါ့ ”

“ဟုတ်တော့ဟုတ်တယ်…ဒါပေမဲ့ မထွက်ဘဲ
အတော်တင်းခံနေလို့ ဆရာကြီး ထကြမ်းတော့မှ
သရဲအိမ်ပေါ်ကို ခုန်ဆင်းပြေးတာ၊ သရဲထွက်
သွားရော ကောင်မလေးလည်း ပြန်ကောင်း
သွားတာ …လက်တွေ့မြင်ခဲ့တယ်”

“ဒါဆို …မင်းနဲ့တင်မောင်တို့နှစ်ယောက်
စံလှရွာသွားပြီး အဲဒီဆရာကြီးကို ပင့်ခဲ့ကြကွာ
အကျိုးအကြောင်းလည်း ပြောပြ ဟုတ်လား”

“သူမေးရင်တော့ သိသမျှ ပြောပြပါမယ် ”

“ကဲ ဒါဆို ဘယ်နေ့သွားမလဲ”

“မနက်စောစော အိမ်ကလှည်းနဲ့ သွားကြမယ်”

“ကဲ ဆရာကိစ္စ စီစဉ်ပြီးပြီဆိုတော့ ရေနွေးကြမ်း
သောက်ကြကွာ…လက်ဖက်နဲ့ ပဲကြမ်းကြော်ရှိတယ်
အေးအေး ဆေးဆေးမှပြန်ကြ”

သို့ဖြင့် ဆရာပင့်ရေး တိုင်ပင်ဆွေးနွေးကြပြီးနောက်
ရေနွေးကြမ်း ခဏမျှ ထိုင်သောက်၍ ဦးမောင်ဖြူကို
နှုတ်ဆက်ကာ အားလုံး ပြန်ခဲ့ကြသည်။

XXXXX

စံလှရွာမှ ဆရာဦးကံသာကို ပင့်ဆောင်လာကြသော
ဦးတင်မောင်နှင့် ဦးမောင်လှတို့ လှည်းမောင်းပြီး
ဦးမောင်ဖြူအိမ်သို့ ရောက်လာကြသည်။
ဆရာဦးကံသာက အသက်ခြောက်ဆယ်ခန့်သာ
ရှိသေးသည်။ အိမ်ဦးခန်းမှာ ဖျာပေါ် ဝင်ထိုင်ပြီး
လွယ်အိတ်ကို ဘေးချကာ ဘုရားကို ဦးတိုက်
ရှိခိုးလိုက်သည်။ရောက်မဆိုက်ပင် အဖြစ်အပျက်ကို
ရှင်းပြသည်။

“ကဲ ကဲ ဘာမှမစိုးရိမ်ကြနဲ့ ဆရာ ဒီကိစ္စ
ဆောင်ရွက်ပေးပါမယ်။ သရဲက တစ်ကောင်ဆို
အကြောင်းမဟုတ်ဘူး။ အခု သရဲက သုံးကောင်
ဖြစ်နေတယ် ”

“ဆရာ စိတ်မရှိပါနဲ့၊ သုံးကောင်ဆို ဆရာနှိမ်နင်းဖို့
လွယ်ပါ့မလား”

“ဆရာရဲ့ အာဏာစက်နဲ့တော့ ဒီသရဲသုံးကောင်ကို
နှင်လို့ မလွယ်ဘူး၊ သူတို့ကို နိုင်မယ်သူနဲ့ တွေ့
ပေးရသေးတာပေါ့ ။ ကိုတင်မောင်တို့ ပြောစကား
အရဆို ဒီကိစ္စအမြန်ရှင်းပေးမှ ဖြစ်မယ် အစာ
မစားရတာ ကြာရင် ရွာထဲဝင်ပြီး တိရစ္ဆာန်တွေ
ဆွဲစားရင် မဖြစ်ဘူး”

“သရဲတိုင်း ခြောက်လှန့်တာတို့ လုယက်
စားသောက်တာတို့ မလုပ်ကြပါဘူး။

“ဒီသရဲတွေကို နှိမ်နင်းပေးပါဆရာ”

“စိတ်မပူပါနဲ့ ဆရာဆောင်ရွက်ပေးပါ့မယ်”

“ကဲ…ကိုတင်မောင် …ညနေ လေးနာရီ၊
ငါးနာရီလောက်မှာ ကြက်တစ်ကောင်ရှာပြီး
တစ်ကောင်လုံး ခုတ်ထစ်ပြီးချက်၊ အပေါ့အငန်
မမြည်းနဲ့၊ နနွင်းမထည့်နဲ့ ၊ ဆန်လေးလုံးကိုလည်း
သီးသန့်ချက်။ ညရှစ်နာရီလောက် အားလုံး
ကျက်ရင် ရပြီ”

“ငါးနာရီလောက်ချက်ရင် ခြောက်နာရီ
မကျော်ပါဘူး၊ ကျက်နေပါပြီ”

“ဆရာအသုံးပြုမှာက ညရှစ်နာရီခွဲနဲ့ ကိုးနာရီကြား
ချင့်ချိန်ပြီး ချက်ပေါ့ ၊ ဒီရွာနဲ့ သင်္ချိုင်းနီးလား”

“ဟုတ်ကဲ့ …နီးပါတယ် ”

“ညကိုးနာရီအရောက် ဆရာဦးဆောင်ပြီး သင်္ချိုင်းထဲ
သွားကြမယ်၊ နတ်ဝင်သည် အမျိုးသမီးတစ်ယောက်
ခေါ်သွားရမယ်၊ မကြောက်မလန့် သတ္တိရှိတဲ့ ရွာသား
သုံးယောက်လည်း ခေါ်သွားချင်တယ်၊ ခင်ဗျားတို့
စီစဉ်ပေးကြပါ ”

“ဟုတ်ကဲ့ …ကျနော် စီစဉ်လိုက်ပါ့မယ် ဆရာကြီး”

မကြာခင်မှာပင် လိုက်မည့်သူများ စီစဉ်ပြီးကြောင်း
ဦးတင်မောင် လာအကြောင်းကြားသည်။

XXXX

ညရှစ်နာရီခွဲကျော်သည်နှင့် ဆရာဦးကံသာ
ဦးဆောင်ပြီးရှေ့ကသွားသည်။ အသက်လေးဆယ်
ခန့်ရှိသော နတ်ဝင်သည်တစ်ယောက်နှင့်
ထမင်းတောင်းထမ်းလာသော ယောင်္ကျားသုံး
ယောက်တို့ နောက်မှ ပါလာသည်။ အောက်စု
သင်္ချိုင်းက အမှောင်အောက်မှာ ငြိမ်သက်စွာ
ရှိနေသည်။ သင်္ချိုင်းအတွင်းမှ ပိုးဖလံမျိုးစုံ
အော်သံများ ကြားနေရသည်။

အဝေးဆီမှ ခွေးအူသံတစ်ချက် ထွက်လာသလို
ကောင်းကင်မှ ညဉ့်ငှက်အော်သံတစ်ချို့ကိုပါ
ကြားနေရသည်။ လူငါးယောက်က သင်္ချိုင်းနား
ရောက်သွားသည်။ သင်္ချိုင်းအတွင်း အုတ်ဂူများများ
စားစား မရှိ။ အုတ်ဂူအဟောင်း အသစ် ဆယ်
လုံးခန့်သာ ရှိသည်။ မြေဖို့ သင်္ဂြိုဟ်သူ များသဖြင့်
ဂူနည်းနည်းသာရှိခြင်း ဖြစ်သည်။

“ကဲ…ဒီရှေ့က ဂူအပေါ်ကို သစ်ရွက်အမှိုက်
ရှင်းပြီး ငှက်ပျောရွက်တွေ ဖြန့်ခင်းလိုက်
ငှက်ပျောရွက်အပေါ် ထမင်းပုံ ဟင်းတွေပါပုံလိုက်၊
ဖလားထဲကို ပုလင်းထဲကရေဖြည့်ပြီး တင်ထားလိုက်၊
ကဲ ပြင်ဆင်ပြီးရင် ဆရာကြီးနောက်မှာ ရပ်နေကြ။
တူမကြီးက ရှေ့ကိုထွက်ခဲ့။ ဆံပင်ကို ကျောပေါ်
ဖြည်ပြီး ဖြန့်ချလိုက် ပြီးရင် အဲဒီဂူဘေးမှာ
ဒူးထောက်ပြီး ထိုင်လိုက် ”

နတ်ဝင်သည် အမျိုးသမီးက ဆရာကြီးခိုင်းသည့်
အတိုင်း လိုက်နာဆောင်ရွက်နေသည်။

“ကဲ …မျက်လုံးမှိတ်ပြီး စိတ်ကိုလျော့ထား၊
လက်အုပ်ချီချင်လည်း ချီထား ဆရာ မဖဲဝါကို
ခေါ်ပင့်တော့မယ် တောပိုင် တောင်ပိုင်၊ ကွင်းပိုင်
အပေါင်းတို့ သင်္ချိုင်းတို့ကို စောင့်ရှောက်နေသော
ဝိညာဉ်တို့၏ အရှင် မဖဲဝါအား ရောက်ရာ
အရပ် ရောက်ရာဒေသ ရှိရာအရပ်သို့ အကြောင်း
ကြားပေးစေလိုပါသည်။ မဖဲဝါခင်ဗျား …ဤနေရာ
ဤအရပ်မှ သင့်အား ပင့်ဖိတ်ပါသည်။ အကူအညီ
တောင်းရန် ကိစ္စရှိပါ၍ ရောက်ရာအရပ်မှ
အမြန်လာရောက်၍ စားပွဲများလည်း သုံးဆောင်ပါ
မဖဲဝါခင်ဗျား ရောက်ရာအရပ်မှ အမြန်လာရောက်
စေလိုပါသည် ”

ဆရာကြီးက နှစ်ကြိမ်မျှ ပင့်ခေါ်လိုက်သည်နှင့်
သင်္ချိုင်းအတွင်း သစ်ပင်ထက်မှာ …နားခိုနေကြ
သော ငှက်တိရစ္ဆာန်များ ဆူညံသွားသလို
သစ်ပင်သစ်ကိုင်း၊ ချုံပုတ်များ လှုပ်ခတ်သွား
သည်ကိုလည်း အားလုံးမြင်ရသည်။

လေတိုးသံများကလည်း ဆူညံသလို ဖြစ်လာသည်။
ဆရာကြီးနောက်ကလူများ တစ်ယောက်နှင့်
တစ်ယောက် ပူးကပ်သွားကြသည်။ သူတို့အနီးသို့
မည်းမည်းအရိပ်ကြီးတစ်ခု ဝင်လာပြီး နတ်ကတော်
ထံ ဝင်ရောက်ပူးကပ်သွားသည်။

နတ်ကတော် အမျိုးသမီးလည်း ဆတ်ခနဲတုန်
လှုပ်သွားပြီး ခဏအတွင်း ဂူပေါ်ခုန်တက်ကာ၊
ထမင်းနှင့် ဟင်းစားကို စားနေပါတော့သည်။

ခဏအတွင်း ဆန်လေးလုံးချက်နှင့် ကြက်
တစ်ကောင်လုံး ချက်ထားသော ဟင်းများကို
အားရပါးရ စားနေပါတော့သည်။ မကြာခင်မှာပဲ
နည်းနည်းလေးသာ ကျန်တော့သည်။

မိန်းမတစ်ယောက် မဆိုထားဘိ ယောင်္ကျား
တစ်ယောက်ပင် ခဏအတွင်း ကုန်အောင်မစားနိုင်။
ကြက်ရိုးများကိုလည်း ထွေးထုတ်စွန့်ပစ်ခြင်းမရှိ၊
ပါးစပ်ထဲသွင်းသမျှ အကုန်အစင် စားပစ်မည်။

“ကဲ ပြော…ငါ့ကိုခေါ်ပြီး …ဘာသိချင်တာလဲ

“အောက်စုရွာစွန်က ကုက္ကိုပင်မှာ လာရောက်
နေထိုင်တဲ့ သရဲသုံးကောင်ဟာ လူတွေကို
ခြောက်လှန့်နေလို့ မဖဲဝါကို လာတိုင်အကြောင်း
ကြားရခြင်း ဖြစ်ပါတယ် ”

“အော်…သိပြီ…တလောက ငါ့သင်္ချိုင်းကို
ကားမှောက်ပြီး သေတဲ့ အလောင်းသုံးလောင်း
ရောက်လာတယ်။ ဒင်းတို့ သုံးကောင်ပေါင်းပြီး
အောက်စုရွာမှာ ခိုကပ်နေခဲ့တယ်ပေါ့။ ဟုတ်ပြီ
သူတို့နေတဲ့ သစ်ပင်အောက်မှာ စားစရာရနေတာကို
အခုမစားရတော့လို့ စိတ်ဆိုးပြီး ခြောက်လှန့်
နေတာပဲ စားစရာတွေ့ရင် လုစားကြတယ်
နောက်စားစရာမစားရရင် ရွာထဲဝင်ပြီး
သတ်ဖြတ်စားတော့မယ်၊ ငါ့လက်စွဲခွေး
တွေကို လွှတ်လိုက်ပြီ။ ဘာမှ စိုးရိမ်မနေနဲ့။
မကြာခင် ခေါ်လာလိမ့်မယ်။
ပြီးရင်…သူတို့ရဲ့ခန္ဓာကိုယ်တွေ မြှုပ်နှံထားတဲ့ ထိန်ပေါက်ရွာသင်္ချိုင်းကိုဆုံးမပြီး ပြန်လွှတ်လိုက်မယ်
မင်းတို့လည်း စိတ်ချလက်ချ ပြန်ကြတော့ ”

မဖဲဝါကပြောရင်း…ဖလားကို ယူလိုက်ကာ အထဲက
ရေများကို အားပါးတရ မော့သောက်ပြီး နတ်ဝင်သည်
ခန္ဓာကိုယ်မှ ထွက်ခွာသွားသဖြင့် နတ်ဝင်သည်
အမျိုးသမီးလည်း ထိုင်နေရာက ခွေကျသွားသည်။

“ကဲ …သူ့ကို အောက်ကို မ,ပြီးချပေးလိုက်ကြ”

ယောင်္ကျားသုံးယောက်လည်း နတ်ဝင်သည်ကို
ဂူဘေးသို့ မချလိုက်သည်။ ဆရာကြီးက ရေပုလင်းထဲမှ
လက်ကျန်ရေဖြင့် မျက်နှာကိုတောက်လိုက်သည်။
ခဏအတွင်း သတိပြန်လည်လာသည်။

“ကဲ…ကလေးမ တို့အားလုံး ရွာပြန်ကြစို့ ”

ဆရာကြီးနှင့် အဖွဲ့သားများကို ရွာသို့ ပြန်လာစဉ်
အောက်စုရွာ အစွန်မှထိန်ပေါက်ရွာဘက်သို့
မည်းမည်းသဏ္ဍာန်များ ပြေးလွှားသွားသည်ကို
ကောင်းကင်အလင်းရောင်ဖြင့် မြင်လိုက်ကြရသည်။

“ဝေါင်း …ဝေါင်း …ဝေါင်း …”

မည်းမည်းသဏ္ဍာန်ကြီးနောက်မှ ကျယ်လောင်သော
ခွေးဟောင်သံကြီးကို ကြားလိုက်ရပြီး ရွာနှင့် ဝေး၍
သွားသည်ကိုလည်း အားလုံးကြားနေရသည်။

“ကဲ…အဲဒါ မဖဲဝါရဲ့ လက်စွဲခွေးကြီးပဲ၊
သရဲသုံးကောင်ကို လိုက်မောင်းနေတာ မြင်ပြီ
မဟုတ်လား…နောက်နေ့ကစပြီး သရဲသုံးကောင်
အောက်စုရွာကို ပြန်လာဝံ့တော့မှ မဟုတ်ဘူး။
စိတ်ချလက်ချသာ သွားလာကြပေတော့ ”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး”

မကြာခင်မှာ ရွာသို့ ပြန်ရောက်လာကြသည်။
ဆရာကြီး တည်းခိုသော ဦးမောင်ဖြူအိမ်သို့
ရောက်လာကြသည်။ ဦးမောင်ဖြူအိမ်မှာ
လူအတော်များများ ရောက်ရှိနေကြသည်။
သင်္ချိုင်းထဲမှ အတွေ့အကြုံကိုဝိုင်း၍ မေး
မြန်းကြသည်။ သင်္ချိုင်းအတွင်း လိုက်ခဲ့
ကြသူများကလည်း သိလိုသမျှ ပြောပြ
နေကြသဖြင့် ဦးမောင်ဖြူအိမ်မှာ လူစည်ကား
နေတော့သည်။ နောက်နေ့နှင့် နောက်ညတော့
ထူးခြားမှု ရှိ မရှိ သိရှိရန် ဆရာကြီးအား
တစ်ညစောင့်ပေးပါရန် ပြောထားသဖြင့်
ဆရာကြီးလည်း ရွာသားများ ကျေနပ်စေရန်
တစ်ညဆက်၍ နေပေးခဲ့သည်။

တကယ်ပင် မဖဲဝါပြောခဲ့သည့်အတိုင်း
ဗိုက်ပေါက်၊ ကိုယ်ပြား၊ ခေါင်းပြတ်သရဲ
သုံးကောင်တို့၏ ခြောက်လှန့်ခြင်းကို
ရွာသူရွာသားတို့ မကြုံကြရတော့။
ဆရာကြီးကို စုပေါင်းကန်တော့ပြီး
စံလှရွာသို့ ပြန်ပို့လိုက်ကြသည်။

ဒေါ်တင့်လည်း အကြော်ဆိုင်ပြန်ထွက်
ပြီဖြစ်သည်။ အောက်စုရွာနှင့် အနီးဝန်းကျင်
သွားလာမပျက် ပုံမှန်အနေအထားသို့
ပြန်ရောက်ခဲ့ပြီဖြစ်သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူများ စိတ်ရွှင်လန်ပါစေ