အနောက်ရိုးမတောကြီးထဲက
ကျောက်တောင်ကြီးပေါ်မှာရှိတယ်။
အဲဒီတောင်ကြီးရဲ့ ထိပ်မရောက်ခင် ပေသုံးထောင်ကျော်
အမြင့်လောက်မှာ လူလေးဖက်ကျော်လောက်ရှိတဲ့
တောင်ပျဉ်းကတိုးပင်ကြီးတစ်ပင် ထီးထီးကြီးရှိတယ်။
အဲဒီအပင်ကြီးကို မိုးကြိုးပစ်လိုက်လို့ အပင်ကြီးရဲ့
ပင်စည်မှာ မိုးကြိုးသွား ကျန်ရစ်ခဲ့တယ်။
အဲဒီမိုးကြိုးသွားကို နွားနောက်တွေမွေးတဲ့
ဦးဂျပန်ကြီးဆိုသူလည်း သိထားတယ်လို့ သိရတယ်
အဲဒီတုန်းက ငါက ၁၄ နှစ်သားဆိုတော့
ငါရှေ့မှာ မင်းအဖိုးကို ပြောတာ ကြားလိုက်ရတယ်
မင်းအဖိုးဟာ ဒီသတင်းကို ကြားကြားချင်းပဲ
အမေနဲ့ ငါ့ကို ထားပစ်ခဲ့ပြီး ၂ ရက်အတွင်း
ခရီးထွက်သွားတယ်။ ကွင်းကောက်ဘက်ကနေ
တောင်ခြေကို လှည်းနဲ့ သွားပြီး တောင်ပေါ်ကို
တက်တယ်။ အဲဒီမှာ ကျားတွေ တောဆင်ရိုင်းတွေနဲ့
ပေါင်လုံးလောက်ရှိတဲ့ မြွေကြီးတွေ ပေါတယ်ဆိုပဲ။
အထူးသဖြင့် ဆတ်တွေ ပြောင်တွေနဲ့ ဆင်စွယ်တွေကို
ခိုးဖြတ်တဲ့ ဆင်ပစ်မုဆိုးတွေလည်း ရှိတယ်။
အဖေမရှိတော့ အမေက ငါ့ကို တစ်ရွာဝင် တစ်ရွာထွက်
စျေးတောင်းခေါင်းရွက်ပြီး ရှာကျွေးတယ်။
အဖေ့ရဲ့ သတင်းဟာ ကျားပဲဆွဲသွားသလို။
သူပုန်တွေကပဲ သတ်လိုက်သလိုနဲ့ ခြောက်လလောက်ကြာမှ
ငှက်ဖျားကို ရင်ဝယ်ပိုက်ပြီး အဖေပြန်ရောက်လာတယ်။
လူက စုတ်ပြတ်ပိန်ချုံးပြီး မမှတ်မိလောက်အောင်ပဲ”
ဟု ဦးမြသန်းက ပြောလေ၏။
“အဲဒီ မိုးကြိုးသွား ရလားသလား”
“မိုးကြိုးသွားကို ရခဲ့ပေမယ့်…တစ်ခါတည်းပါမလာဘူး
တစ်နေရာမှာ ဖွတ်ထားခဲ့ရတယ်။ သူ့ဆီက မိုးကြိုးသွားကို
လူဆိုးတွေက လိုက်လုနေလို့ ။ အဲဒီခေတ်ကလည်း
မိုးကြိုးသွားက သိန်း ၁၀ လောက် တန်တယ်”
ဟု ပြောလေ၏။
“အဖိုးက သွားယူသေးလား ”
“ယူဖို့ နေနေသာသာ …သူ ရန်သူတွေကို လှည့်ပတ်ပုန်းရင်း
ငှက်ဖျားဒဏ် ။ ပင်ပန်းမှုဒဏ်နဲ့ပဲ …အိမ်ရောက်ပြီး
၂ ပတ်လောက်မှာပဲ ဆုံးသွားတယ် ။ နောက် ငါလည်း
အိမ်ထောင်ရက်သားကျပြီး လယ်တွေကို ဦးစီး
လုပ်ကိုင်နေရလို့ …မသွားဖြစ်ဘူး…။
မင်းအဖိုး မသေခင်ကတော့ …ငါ့ကို မိုးကြိုးသွား
မြှုပ်ထားတဲ့ နေရာကို ပြောခဲ့တယ် အခု ငါလည်း
ကျန်းမားအရ မသွားမလာ နိုင်ပြန်တော့
မင်းဆန္ဒ မင်းသဘောပဲ။ ဒါပေမဲ့ အခက်အခဲတွေ
ဘယ်လောက်တောင် ရှိသလဲဆိုတော့ ငါ့နောက်မှပဲ
မင်းအဖိုးအကြောင်း ပြောပြမယ် ။ ကဲ …
ထမင်းစားဖို့ လုပ်ဦး” ဟု ဦးမြသန်းက
ပြောလိုက်လေ၏။
XXXXX
မင်းခေါင်သည် ကျောပိုးအိတ်လေး တစ်လုံးထဲတွင်
ရိက္ခာခြောက် ဆေးဝါး ကြိုးနှင့် တောဆောင်ဓါးတို့ကိုထည့်ပြီး
တောင်ပေါ်တက်လာရာ တောင်ကြောပေါ်၌ အမဲလိုက်သည့်
အဖွဲ့နှင့်သိခဲ့ရပြီး သူတို့ (၃)ဦးနှင့်အတူ တောင်ပေါ်သို့
တက်လာခဲ့လေ၏။
မိုးကုန်၍ ဆောင်းဥတုရောက်လာသည့်တိုင်
တောင်ပေါ်၌ မိုးများရွာပြီးမျှော့လောက်
နီးပါးရှိသည့် တောင်ကျွတ်များ၏ အန္တရာယ်ကြောင့်
ကျောက်ဂူများထဲဝင်၍ မီးဖိုကာ စတည်းချရလေ၏။
မုဆိုးအဖွဲ့က သူကို အကဲခတ်၍ သူတောင်ပေါ်သို့
လာရသည့်အကြောင်းကို မေးရာ ဆေးမြစ်နှင့်
သစ်ခွပန်းများ လာရှာသည်ဟု မင်းခေါင်က
ပြောထားလေ၏။ မုဆိုးများက ယုံကြည်မှုမရှိ။
သူ့နောက်သို့လိုက်ရန် တိုင်ပင်နေကြလေ၏။
မင်းခေါင်သည် မုဆိုးများနှင့် လမ်းခွဲပြီးနောက်
တောင်မကြီးပေါ်သို့ ဆက်တက်ခဲ့ရာ တောင်ထွတ်တစ်ခုပေါ်တွင်
တစ်ပင်တည်း ထီးထီးရှိနေသည့် တောင်ပျဉ်းကတိုးပင်ကြီးကို
တွေ့လိုက်ရသဖြင့် ဝမ်းသာသွားလေ၏။
နီတွတ်ပြောသည်ကိုလည်း ကြားယောင်မိ၏။
“မင်းခေါင် …အဲဒီသစ်ပင်ကြီးရှိတဲ့ တောင်မှာ
ငှက်ကြီးတွေလာလေ့ရှိတယ် ။ အဲဒီငှက်ကြီးတွေက
ငှက်ကြီးဝန်ပိုတို့။ ငှက်ကုလားအုတ်တို့လို
အကြီးကြီးပဲ။ နွားနောက်တွေကိုတောင် ချီသွားနိုင်တယ်။
လက်သည်းခြေသည်းတွေက လှံတွေကျနေတာပဲ။
မင်းကြားဖူးတယ် မဟုတ်လား မယ်ထွေးလေးကို
ငှက်ကြီးဝန်ချီသွားတာ…အသိုက်ထဲထားတို့
အဲဒီငှက်တွေကို သတိသာထားဟေ့”
မင်းခေါင်က သစ်ပင်ကြီးဆီသို့ ချောက်ကမ်းပါးကနေ
တွက်တက်၍ ကုတ်ကပ်သွားရာ နာရီဝက်ကျော်ကျော်ကြာမှ
သစ်ပင်ကြီးနားသို့ရောက်လေ၏။
သစ်ပင်ကြီးမှာ ပေ ၅၀ ခန့်မြင့်ရာ ပေ ၂၀ လောက်တွင်
သစ်စေးများ ဖြာထွက်ပြီး မီးကျွမ်းနေကာ
လက်နှိုက်၍ရလောက်အောင် အပေါက်ကြီးဖြစ်နေ၏။
နွားအော်သံများကြားနေရ၍ ရှေ့တောင်ကြောတွင်
ဦးဂျပန်ရှိမည်ဟု ထင်ရ၏။မင်းခေါင်က သစ်ပင်ကြီးပေါ်တက်ရန်
ကြိုးကို ခဲဆွဲ၍ ပစ်တင်ပြီး ကြိုးဖြင့် တက်သွားရာ
မိုးကြိုးပစ်ထားသည့် အခေါင်းပေါက်ကို တွေ့လေ၏။
အပေါက်ထဲသို့ လက်နှိုက်စမ်းကြည့်ရာ ၂ လက်မခန့်
အပြင်သို့ ထွက်နေသဖြင့် တောဆောင်ဓါးဖြင့်
ထိုးထုတ်၍ ယူလိုက်ရာ မိုးကြိုးသွားပါလာလေ၏။
မိုးကြိုးသွားမှာ ၆ လက်မခန့်ရှည်ပြီး အပြားက
လက်နှစ်လုံးခန့်ရှိလေ၏။ ကြေးနီနှင့် စိမ်းပြာရောင်ရှိကာ
အသွားပေါ်၌ ကြက်ဟင်းခါးသီးကဲ့သို့ အဖုအထစ်များပါကာ
လက်ထဲ၌ အေးစက်နေလေ၏။
မင်းခေါင်ပြန်ဆင်းလာပြီး မိုးကြိုးသွားအား
အိတ်ထဲသို့ ထည့်ကာ အရှေ့တောင်ကြောသို့ လာခဲ့ရာ
နွားနောက် ၃၀ ခန့်ကို ကျောင်းနေသော အသက် ၅၀ ခန့်။
ဆံပင်ရှည်ရှည်။ နှုတ်ခမ်းမွေးတို့ဖြင့် ဦးဂျပန်အား
နှုတ်ဆက်ပြီး ဦးဂျပန်ကြီး၏ အိမ်သို့ လိုက်လာခဲ့လေ၏။
ဦးဂျပန်ကြီး၏ အိမ်မှာ တောင်ကြားရှိ လျှိုထဲ၌
ကိုင်းများဖြာထွက်နေသော ညောင်ပင်ကြီး၏
အလယ် ပေ ၂၀ ကျော်မြင့်သော ခွဆုံတွင်
တဲထိုးနေသည့် ပျဉ်ကာအိမ်လေးဖြစ်၏။
ဦးဂျပန်ကြီးသည် ဂျပန်ခေတ်တွင် လူသတ်မှုဖြင့်
ထောင်ကျခဲ့သော ထောင်ပြေးတစ်ယောက်ဖြစ်ပြီး
ချင်းလူမျိုးဖြစ်၏။ တောင်ပေါ်တွင် နွားနောက်မွေးပြီး
မြို့ကလာဝယ်သည့် အဖွဲ့ကို ရောင်းချကာ
အေးဆေးစွာ နေလေ၏။
လူသွားလူလာမရှိသဖြင့် နွားနောက်များမှာ
တောထဲ၌ ပေါက်ဖွာနေပြီး မည်သည့် ပြဿနာမှ မရှိပေ။
လွတ်လပ်ရေး ရပြီးသော်လည်း ဦးဂျပန်ကြီးသည်
ရွာသို့ ၂နှစ် ၃ နှစ် မှ တစ်ကြိမ်သာ ပြန်လေ၏။
သူက ခွေးများကို မွေးထားသော်လည်း ငှက်ကြီးများက
သတ်ဖြတ်ပြီး ချီသွားကြသဖြင့် မရှိတော့ကြောင်း
နွားနောက်များကိုပင် အသာလေးချီသွားပြီး
အနောက်ဘက်တောင်တန်းများသို့ ပျံသွား၍
ကျောင်တောင်တန်းများတွင် နေကြကြောင်း
ပြီးခဲ့သည့် နှစ်ပတ်ခန့်က နွားနောက်ပေါက်တစ်ကောင်ကို
ချီသွားကြောင်း ဦးဂျပန်ကြီးက ပြောပြလေ၏။
ဤတောထဲတွင် ဆင်ရိုင်းများနှင့် ပြောင်များကို
ပစ်နေသည့်မုဆိုးများက မသင်္ကာသူကို
စပိုင်ဆိုပြီး ကွန်မြူနစ်သူပုန်များကို သတင်းပေးကြသဖြင့်
အသွားတုန်းကလမ်းကို အသုံးမပြုဘဲ
အခြားလမ်းများကတစ်ဆင့် မြေပြန့်သို့
ပြန်သင့်ကြောင်းကိုလည်း ပြောပြလေ၏။
မင်းခေါင်က ဦးဂျပန်ကြီးအား မိုးကြိုးသွားကို
လာယူကြောင်း ပြောပြလေ၏။
မင်းခေါင်တို့ စကားပြောနေစဉ် နွားနောက်အော်သံကြား၍
သူတို့နှစ်ဦး တောင်ကြောပေါ်သို့ ပြေးသွားရာ
(၁၀)ကောင်ခန့်ရှိသော ငှက်ကြီးများ ပျံလာသဖြင့်
သူတို့က ခဲ/ကျောက်တို့ဖြင့်
ပစ်ခတ်ခြောက်လှန့်လွှတ်လိုက်လေ၏။
နွားနောက်ပေါက်တစ်ကောင်မှာ ငှက်ကြီး၏
ခြေသည်းများဖြင့် လည်ပင်းအား ကုတ်မိသဖြင့်
လည်ပင်းသွေးကြောပေါက်ကာ သေလေတော့၏။
ဦးဂျပန်ကြီးက အကြံရသဖြင့် မင်းခေါင်အား
သူ့ကျောပိုးအိတ်ကိုပြန်ယူစေကာ သူက
နွားနောက်ဝမ်းကိုခွဲ၍ အထဲမှာ ကလီစာများကို
ထုတ်ကာ ရေတံခွန်မှ ရေများနှင့် အတွင်းကို
စင်အောင်ဆေးလေ၏။
မင်းခေါင်ပြန်လာသည့်အခါ နွားနောက် အသေကောင်၏
ဝမ်းထဲသို့ မင်းခေါင်အား ဝင်စေလျက် နွားဝမ်းပိုက်အား
နွယ်ကြိုးဖြင့် ချုပ်လေ၏။ မင်းခေါင်အား …
“မင်းလက်ထဲက ဓါးအသင့်ထား ငှက်တွေ
နောက်တစ်ခေါက်ပြန်လာလို့ မင်းကို နွားနောက်ထင်ပြီး
ချီသွားရင် မင်းပါသွားလိမ့်မယ်။ သူတို့နေတဲ့တောင်ကနေ
မြေပြန့်ကိုဆင်းသွားရင် မုဆိုးတွေ သူပုန်တွေ
လက်ကနေ လွတ်ပြီ”
ဟု ဦးဂျပန်ကြီးကပြောရာ ဦးဂျပန်ကြီးအား
နှုတ်ဆက်၍ နွားနောက်ဝမ်းဗိုက်အတွင်း၌
ငှက်ကြီးများအား စောင့်နေလေ၏။
မကြာခင် ငှက်အုပ်ပြန်လှည့်လာပြီး
နွားနောက်အသေအား အစာမှတ်၍ ခြေသည်းများဖြင့်
ကုတ်ကာ ချီသွားလေ၏။ မင်းခေါင်လည်း
လေယာဉ်ပျံစီးရသကဲ့သို့ ပါသွားလေ၏။
၁၀မိနစ်ကျော်လောက်တွင် ‘ဘုတ်ကနဲ”ပစ်ချခံရပြီး
ငှက်ကြီးများမှ တစ်ခေါက်ပြန်ထွက်သွားကြလေ၏။
မင်းခေါင်က နွယ်ကြိုးများကို ဓါးဖြင့်
ဖြတ်၍ သွေးသံရဲရဲဖြင့်ထွက်လာကာ ပတ်ဝန်းကျင်ကို
ကြည့်လိုက်ရာ ကျောက်တောင်အပြန့်ကြီးပေါ်တွင်
ရောက်နေပြီး သားကောင်အသေများ
အရိုးစုများမှ အပုပ်နံ့များလှိုင်နေသဖြင့်
နွယ်ကြိုးများကို ဆွဲ၍ အမြန်တွယ်ပြီး
လျှောချရင်း ချောက်ထဲသို့ ရောက်သွား၏။
ချောက်ကြီးမှာ ပေတစ်ရာကျော်နက်ပြီး
ဆူးချုံများ သစ်ပင်များ ဝါးပင်များကို
တိုးဝှေ့ပြီး ဝေးနိုင်သမျှ ဝေးအောင် သွားနေရာ
မိုးချုပ်သွားသဖြင့် လျှိုထဲမှာပင် ၅ပေခန့်ကျယ်သည့်
လုံခြုံသောဂူလေးတစ်ခု၌ ဝင်ပြီး နားနေရင်း
ပင်ပန်းလှသဖြင့် မှေးကနဲ အိပ်ပျော်သွားလေ၏။
လျှိုထဲ၌ မြွေတွန်သံများ ။ မျောက်အော်သံများ
ကျားသစ်တစ်သံများကို ကြားရသဖြင့် မင်းခေါင်မှာ
ပြန်နိုးလာခဲ့လေ၏။
မိုးမလင်းသေး၍ ဂူထဲမှာပင် ရှေ့ဆက်ရမည့်ခရီးကို
စဉ်းစားရင်း တစ်နာရီခန့်အကြာ ပြန်အိပ်ပျော်သွားပြန်လေ၏။
အလင်းရောင်များနှင့်အတူ ဂူအပေါ်ကမ်းပါးမှ
တရှဲရှဲအသံကြီးကြားရပြီး ပေါင်လုံးလောက်ရှိသည့်
မြွေကြီးတစ်ကောင်က လျှောဆင်းလာရာ မင်းခေါင်က
မလှုပ်ရဲဘဲ ကြည့်နေစဉ် မြွေကြီးမှာ သူ့ဘက်သို့
ခေါင်းပြူး၍ နှာခေါင်းမှ နှာမှုတ်နေပြီး လျှာကြီးကလည်း
တစ်လစ်တစ်လစ်ဖြင့် လုပ်နေသဖြင့် အသည်းယားပြီး
မင်းခေါင်မှာ လန့်နေ၏။
ချောက်ထဲမှ မျောက်များ၏ “ကွကွကွစ်ကွစ်”
အော်သံများကို ကြားရသဖြင့် မြွေကြီးက အော်သံဘက်ဆီသို့
ထိုးဆင်းသွားပြီး ထွက်သွားလေရာ ၁၅ ပေခန့် ရှည်လိမ့်မည်ဟု
ထင်မိ၏။
မင်းခေါင်က မြွေကြီးဆင်းသွားသည့် ဆန့်ကျင်ဘက်သို့
လျှိုအတိုင်း ထွက်လာခဲ့ရာ တစ်နာရီခန့်ကြာလျှင်
တောင်ကြောပေါ်တက်သည့် လမ်းကို တွေ့ရပြီး
စကားပြောသံကြားရသဖြင့် ချုံထဲသို့ ဝင်ပုန်းနေလေ၏။
သူပုန်နှစ်ယောက်မှာ သေနတ်များ လွယ်၍ စမ်းချောင်းတွင်းသို့
ရေခပ်ဆင်းလာသည်ကို တွေ့ရပြီး
ရေထည့်သည့် ဝါးဆစ်ဘူးများနှင့်
ပြန်တက်သွားချိန်တွင် မင်းခေါင်သည် ချုံထဲမှ ထွက်လာကာ
လမ်းခွဲအတိုင်း လျှိုထဲပြန်ဆင်း၍ သတိကြီးစွာဖြင့်
သွားနေလေ၏။
မင်းခေါင်သည် စမ်းရေသောက်လိုက် ။
တောစာသီးများစားလိုက် ။ တောငှက်ပျောသီးများ
စားလိုက်သဖြင့် ဖျားလာပြီး ချမ်းတုန်လာ၍
ချုံအတွင်းသို့ တိုးဝင်အိပ်ရလေ၏။
၂ ရက်ခန့်တောတောင်များကို ဖြတ်သန်းပြီးနောက်
အဝေးဆီမှာ ယာတဲတစ်ခုကို တွေ့ရာ
တဲပိုင်ရှင်အား အကျိုးအကြောင်း ပြောပြ၍
အစားအစာ တောင်းစားလေ၏။
မင်းခေါင်ဖျားနေကြောင်း တဲရှင်ဘကြီးကသိ၍
ရွာထဲသို့ ဆေးသွားယူလေ၏။ အပြန်၌ လူသုံးလေးဦး၏
အသံကို ကြားရ၍ ခြံနောက်ရှိ အမှိုက်ကျင်းထဲ
ဝင်ပုန်းပြီး ချောင်းကြည့်လိုက်ရာ သူနှင့် လမ်းခွဲခဲ့သည့်
မုဆိုးအဖွဲ့ကို တွေ့ရသဖြင့် တစ်ဟုန်ထိုး
ထွက်ပြေးလေတော့သည်။
မင်းခေါင်သည် ချောင်းလေးအတိုင်း စွတ်ပြေးနေရာ
ကိုက် ၂၀၀ ကျော်လောက် ပြေးမိလျှင် ထွက်တော့မည့်
ငါးဖမ်းလှေတစင်းကို တွေ့၍ လိုက်ပါခွင့်တောင်းပြီး
လိုက်ပါသွားရာ ရခိုင်ကမ်းရိုးတန်းဘက်ဆီသို့
ဖျားရင်းတန်းလန်းဖြင့်ပါသွားပြီး ငါးဖမ်းသည့်အိမ်၌
တစ်လခန့် ဖျားနေသဖြင့် နေရလေ၏။
ငှက်ဖျားဒဏ်ကြောင့် အဖျားမပြတ်ဘဲ
ပို၍ဆိုးလာရာ ထိုမိသားစုတားနေသည့် ကြားမှပင်
တောင်ကုတ်ဘက်ဆီသို့ ကားကြုံဖြင့် လိုက်ခဲ့ပြန်၏။
ချမ်းလွန်းသဖြင့် နေပူရသည့် ကားခေါင်မိုးတွင်
လိုက်လာခဲ့လေ၏။ တစ်လမ်းလုံးဖျား၍
ကယောင်ကတမ်းဖြင့် တောင်ကုတ်မှတစ်ဆင့်
ခရီးဆက်ကာ အိမ်သို့ ရောက်ခဲ့လေ၏။
မင်းခေါင် အိမ်ရောက်သည့်အခါ၌ မရှိမဲ့
ရှိမဲ့ငွေကလေးဖြင့် မြသန်းတို့သားအမိက
ကုသပေးသော်လည်း နှစ်ပတ်အတွင်း
သေဆုံးခဲ့သည်။
XXXXX
စိုးအောင်က ဖခင်ပြောသည့် အဖိုးအကြောင်းကို
သိရှိပြီးနောက် အဖိုးမြှုပ်ခဲ့သည့် နေရာအား
စိတ်ထဲတွင် အလွတ်မှတ်ထားခဲ့ပြီး ရခိုင်ပြည်နယ်
ကျိန်တလီချောင်းဖျားရှိ သင်္ချိုင်းကုန်းကြီးဆီသို့
ခရီးထွက်ခဲ့လေ၏။
ခရီးထွက်မည့်ညတွင် စိုးအောင်ဖခင် ဦးမြသန်းက
သူဘုန်းကြီးကျောင်းဘဝက ကပ္ပကြီးနှင့် ရင်းနှီးခဲ့ပြီး
ကပ္ပိကြီး ဇရပ်၌ အဂ္ဂိရတ်ထိုးနေစဉ် သူ့အနေဖြင့်
ကူညီပေးသည့်အပြင် ကပ္ပိကြီး အခက်အခဲဖြစ်နေသည့်
အဂ္ဂိရတ်ပစ္စည်းများ ဝယ်ခြမ်းရန် လယ်နှစ်ဧကရောင်းပြီး
ဝယ်ပေးသည့်ကျေးဇူးကြောင့် ကပ္ပိယကြီး
မဟာမြိုင်တောကြီးထဲသို့ မသွားခင် ပရုပ်လုံး
အသေးစားခန့်ရှိသည့် အဝါရောင် ကျောက်ကလေးကို
သူ့အား ပေးလေ၏။
ထိုကျောက်ကလေးမှာ လက်နက် ။ ခဲ ယမ်း ။
အမြောက် ။ မီးပေါက်လွဲသည့် ‘ကျောက်အမြုတေ’
လေးဖြစ်ကြောင်းပြောသဖြင့် စိုးအောင်အား
အကာအကွယ်အဖြစ် ပေးလိုက်လေ၏။
စိုးအောင်က လက်ဖွဲ့ထဲတွင် ထည့်လိပ်ပြီး
ဘယ်ဘက်လက်မောင်း၌ စွတ်ထားလေ၏။
စိုးအောင်သည် တောင်ကုတ်မှတစ်ဆင့် ကျိန်တလီချောင်းဖျားသို့
ခရီးထွက်နေစဉ်မှာပင် ရခိုင်ရိုးမနှင့် အနောက်ရိုးမမှတစ်ဆင့်
ဧရာဝတီတိုင်းထဲသို့ ဝင်ထွက်ပြီး လှုပ်ရှားနေသော ဗကပ
အဖွဲ့သည်လည်းကောင်း ။ ကရင်ပြည်နယ်
သံတောင်ဘက်ဆီသို့သွားရန် စီစဉ်နေပြီး
လူသူစုဆောင်းနေသော ကေအင်ဒီအိုအဖွဲ့သည်လည်းကောင်း။
ထိုအဖွဲ့များ၏ သတင်းကို ရရှိပြီး စစ်ဆင်ရေး
ပြုလုပ်နေသည့် တပ်မတော်စစ်ကြောင်းများသည်လည်းကောင်း။
စုံလင်လှပေရာ စိုးအောင်မှာ ပြဿနာမဖြစ်ရန်
လွန်စွာ သတိထား၍ သွားလာနေရလေ၏။
စိုးအောင်သည် ကျိန်တလီသင်္ချိုင်းရှိ ဆေးရိုးပင်ကြီးအောက်ရှိ
အရိုးအိုးဂူပျက်ကြီး၏ ခြေရင်း ကြွက်ဖောက်သည့်
အပေါက်ဘက်မှ တူး၍ တစ်တောင်ခန့် ဝါးကျည်တောက်ကို
ယူလိုက်ရာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလေ၏။
ဝါးကျည်တောက်ကို ဖွင့်လိုက်သည့်အခါ အရှည်
၆ လက်မခန့်ရှိ ကြေးနီနှင့် ငှက်ခါးရောင်တောက်နေသည့်
မိုးကြိုးသွားကို တွေ့လိုက်ရသဖြင့် ဝမ်းသာသွားပြီး
ဝါးကျည်တောက်ကို လွှင့်ပစ်လိုက်၏။
မိုးကြိုးသွားအား မျက်နှာသုတ်ပုဝါလေးဖြင့်ပတ်ပြီး
လွတ်အိတ်ထဲသို့ ထည့်ယူလာလေ၏။
ညနေ ၄ နာရီခန့်လောက်တွင် သင်္ချိုင်းမှ ထွက်၍
ရွာကိုကွေ့ရှောင်ကာ လှေဆိပ်ရှိမည့် နေရာသို့
သွားနေစဉ် ချောင်းကမ်းဘေးအတိုင်း လာနေသည့်
ဗကပ (၅)ဦးသည် စိုးအောင်ကို မြင်သွားသဖြင့်
စိုးအောင်ကနောက်သို့ ပြန်လှည့်ပြီး သစ်ပင်ကြီး
တစ်ပင်အောက်သို့ ဝင်ပုန်းနေလေ၏။
အဖွဲ့ခေါင်းဆောင်က ရန်သူ့သူလျှိုဟု သံသရာရှိသဖြင့်
ခပ်သွက်သွက်ကလေးပြေးလာပြီး စိုးအောင်အား
ဝိုင်းရာ စိုးအောင်လည်း သူ့ကို သတ်မည်ထင်၍
ထွက်ပြေးလေတော့သည်။
သူတို့အဖွဲ့က “ရပ် …ရပ် …မပြေးနဲ့ ”
ဟု အော်သော်လည်း စိုးအောင်က
ကြောက်လန့်တကြားပြေးနေသဖြင့် သူအဖွဲ့က
ဒူးထောက်၍ စတင်းဂန်း ။ ဒဿမ -၃၀၃ အမေရိကန်
ရိုင်ဖယ်တို့ဖြင့် ဝိုင်းပစ်ရာ ကျည်ဆန်များက စိုးအောင်အား
မထိချေ ။ စိုးအောင်က တည့်တည့်ကြီးလဲလိုက်။
ထပြေးလိုက်နေသော်လည်း ကျည်ဆန်များက
ဘေးမှာပင် ‘ရွှီးကနဲ …ရွှီးကနဲ’ သွားနေသော်လည်း
မထိခဲ့ပေ။
စိုးအောင်လည်း ကျည်လွဲပြီဟု သိရ၍ အားတက်သွားကာ
ရွာဘက်ဆီသို့ အားကုန်သုတ်၍ ထွက်ပြေးသဖြင့်
သူပုန်များလည်း အရမ်းမလိုက်တော့ချေ ။
စိုးအောင်သည် ဘုန်းကြီးကျောင်းပျက်ထဲသို့ဝင်ပြီး
ထုတ်တန်းပေါ်သို့ တက်လာရာ ခိုငှက်များက
လန့်ဖြန့်သွား၍ ထွက်သွားကြသဖြင့် ပြုတ်ကျနေသော
မျက်နှာကျက် အပေါက်ကြီးထဲဝင်၍
ဝမ်းလျားမှောက်နေလေ၏။
သူပုန်များက ဘုန်းကြီးကျောင်းပျက် အတွင်းသို့
ဝင်လာပြီးရှာရာ မတွေ့ကြ၍ တစ်ရွာလုံးသို့
လှည့်ပတ်ရှာကာ မတွေ့ပြန်သဖြင့် အရှေ့ရွာသို့
ထွက်သွားသည်။ စိုးအောင်လည်း အချိန်မရတော့သဖြင့်
ကျောင်းပျက်ကြီး၏ မျက်နှာကျက်နေရာကျက်နေရာမှာပင်
ယနေ့ ညတည်းခိုရန် အသင့်ဆုံးဖြစ်၍ ပင်ပင်ပန်းပန်းနှင့်
အိပ်ပျော်သွားလေ၏။
မနက် ၄ နာရီကျော် လင်းကြက်များတွန်ချိန်တွင်
ခရီးသွားရန် ကောင်းသဖြင့် ယင်းရွာမှထွက်လာပြီး
ချောင်းရိုးအတိုင်း လျှောက်လာရာ တစ်နာရီခွဲခန့်
လျှောက်မိလျှင် မိုးလင်းလုပြီ ဖြစ်၍ ခပ်ဝေးဝေးမှ
လှေတစ်စင်းကပ်လာပြီး တားထားသည့်ပိုက်များကို
ဖြုတ်နေသဖြင့် ပြန်ထွက်ရန် ပြုလုပ်နေစဉ်
လှေအားတားပြီး လိုက်လာခဲ့လေ၏။
လှေမှာ စိုးအောင် ထင်ထားသလို တောင်ကုတ်ဘက်ဆီသို့
သွားမည့်လှေဖြစ်၍ လွန်စွာဝမ်းသာသွားလေ၏။
လှေမှာ တစ်နာရီခန့်လှော်လာချိန်တွင် ကမ်းပေါ်မှ
လူသုံးယောက်က သေနတ်များချိန်၍ ထွက်တားသဖြင့်
လှေဆိုက်ပေးလိုက်ရာ ကွန်လှေပဲ့ကိုင် တံငါနှစ်ဦးအား
ဆက်လက်ထွက်ခွာခွင့်ပေးပြီး စုိးအောင်အား
လမ်းပြနှင့်ဆက်သားအဖြစ် အသုံးချရန် ခေါ်ထားလေ၏။
ကမ်းပေါ်သို့ စိုးအောင်ရောက်သွားသည့် အခါ၌
ကေအင်ဒီအို သူပုန် ၅၀ နီးပါးကို လက်နက်မျိုးစုံဖြင့်
တောစပ်တွင် တွေ့ရလေ၏။
စိုးအောင်ကို ထိပ်ဆုံးတွင် ပွိုင့်တပ်ဖွဲ့နှင့် တွဲ၍
တောင်ကြောပေါ်တက်လာကြရာ နံနက် ၇ နာရီခွဲလောက်တွင်
တောင်ကုန်းကားလမ်းကို တွေ့ရလေတော့၏။
အဝေးမှကားသံများကြားရသဖြင့် ခေါင်းဆောင်ဗိုလ်ကြီးက
မှန်ပြောင်းဖြင့် ကြည့်လိုက်ရာ တပ်မတော်ယာဉ်တန်းဖြစ်ပြီး
ကား ၅ စီးချီတက်လာ၍ စစ်သည် (၁၀၀)ခန့်ရှိမည်ဟု
ခန့်မှန်း၍ ချုံခိုတိုက်ခိုက်ရန် ဆုံးဖြတ်ကာ စိုးအောင်အားလည်း
ဆက်သားအဖြစ်သုံးရန် တပ်စုတစ်စု (လူ ၃၀ခန့်)ကိုထုတ်၍
၂လက်မ စိန်ပြောင်းတစ်လက် အပါအဝင် ဘရင်းဂန်း ၃လက်။
အင်္ဂလိပ်စတင်း ၃ လက်နှင့် ခေါင်းတို ခေါင်းရှည်
အင်္ဂလိပ်ရိုင်ဖယ်များနှင့် ကားလမ်းအနီးရှိ သစ်ပင်အုပ်များ
ပေါက်နေသော တောင်ကုန်းလေး၏ ဘယ် ။ ညာ။
အလယ် သုံးဖွဲ့ခွဲကာ ကားကို စောင့်နေ၏။
တပ်က ကားများက ကားလမ်းအတက်ကြီးကို
မောင်းတက်လာသည်ဖြစ်၍ တဖြည်းဖြည်း
တက်လာကာ ဂျမ်းတုံးခုသူခု။ လုံခြုံရေးအရ
မြေပြင်သို့ ဆင်း၍
လမ်းလျှောက်လိုက်လာသော ရဲဘော်များက
ဘေးဝဲယာကို ကြည့်၍ သတိမပြတ်ဘဲ လျှောက်လာကြလျက်
သေနတ်ကို အသင့်ကိုင်ထားကာ ကားများကို
လက်ပြ၍ တက်လာစေ၏။
“ဝုန်း …ဝုန်း ”
“ဒိုင်း …ဒိုင်း …ရွှီ …ရွှီ…ဒက် …ဒက်”
“ဂျိမ်း … ဂျိမ်း …ဒုန်း …ဒုန်း ”
စသည့် စိန်ပြောင်းဗုံးသီးပေါက်ကွဲသံနှင့်အတူ
လက်နက်ငယ်များက ဆူညံသွားပြီး စစ်ကားတစ်စီးကို
ထိမှန်ကာ ရဲဘော်နှစ်ယောက်ထိသွား၍ ကားက
ချောက်ထဲသို့ တစ်စီး ခေါင်းပိုင်းကျသွားလေ၏။
ကေအင်ဒီအိုများဘက်မှ အဆက်မပြတ်ပစ်နေသကဲ့သို့
“တက် …တက် …ပစ် …အတွဲလိုက် ပစ်”
ဟု အော်သံများနှင့်အတူ တပ်မတော်ဘက်ကလည်း
တောင်ကုန်းကို ကျားတက်ထိုးပြီး သိမ်းနေ၏။
တောစပ်တွင် ကျန်ခဲ့သည် ကေအင်ဒီအိုအဖွဲ့က
၂ လက်မ စိန်ပြောင်းဖြင့် တစ်လုံးပြီးတစ်လုံး
ပစ်ကူပေးနေလေ၏။
တပ်မတော်ဘက်ကလည်း ၃ လက်မမော်တာစက်လတ်တို့ဖြင့်
“ဝုန်း …ဝုန်း …ဝုန်း …ဒက် …ဒက်”
“ကျား …တက် …ထိုး”
‘ကျား …ကျား ”
“ဒိုင်း …ဒိုင်း ”
တပ်မတော်က ပစ်ရင်း ကျားထိုး၍
ဘေးဘယ်ညာဖြန့်ပြီးတက်လာရာ နှစ်ဖက်အဖွဲ့များမှာ
အသေအကြေ တရစပ် ပစ်ခတ်နေလေ၏။
“ဝုန်း …ဝုန်း ”
တပ်မတော်က လက်ပစ်ဗုံးနှင့်ပစ်၏ ။
စိုးအောင်အနားသို့ ကျလာပြီး ကေအင်ဒီအို ၂ ဦး
ပွဲချင်းပြီးသွား၏ ။ လက်နက်ငယ်များကလည်း
တရွှီးရွှီး …တဖုတ်ဖုတ်နှင့် စိုးအောင်ဘေးသို့
ကျလာသဖြင့် စိုးအောင်က လှိမ့်ချလိုက်ရာ
မြောင်းထဲရှိ ချုံဖုတ်ပေါ် ကျသွားလေ၏။
တပ်က ကိုက် ၅၀ အကွာသို့ ရောက်နေသဖြင့်
ကရင်သူပုန်များက အပေါ်စီးမှ လှိမ့်ပစ်နေ၍
ဆက်မတက်နိုင်ဘဲ ညဘက်မှ ကာပစ်ပေးကာ
ညဘက်တောင်ကြောသို့ တပ်မတော်မှ တက်သွားလေ၏။
စိုးအောင်က မြောင်းထဲကနေ ကားလမ်းမဆီသို့
ဝပ်လိုက် ။ ပြေးလိုက်လုပ်နေရာ တောင်ကုန်းပေါ်မှ
သူပုန်များက သေနတ်ဖြင့် အတွဲလိုက် လှမ်းပစ်နေသော်လည်း
စိုးအောင်ကို မထိဘဲ လွတ်မြောက်သွားကာ စိုးအောင်မှာ
ကားလမ်းမပေါ်သို့ ရောက်ရှိသွားလေ၏။
စိုးအောင်အား ယာဉ်စောင့်တပ်ကခေါ်၍ သူတို့နောက်ရှိ
ကုန်းကမူလေးတွင် ထားပေးလေ၏။
တိုက်ပွဲများ ပြီးသွားချိန်တွင် ကေအင်ဒီအိုများ ပြန်ဆုတ်သွားရာ
အလောင်း (၅)လောင်းနှင့် သေနတ်(၅)လက် ရရှိပြီး
ဒဏ်ရာရသူများကို တွဲခေါ်သွားကြလေ၏ ။
တပ်မတော်ဘက်မှ စစ်သည်(၃)ဦး တိုက်ပွဲကျပြီး
တစ်ဦးဒဏ်ရာ ရလေ၏ ။ စိုးအောင်အားလည်း
စစ်ဆေးပြီး ပြန်လွှတ်လိုက်ရာ စိုးအောင်က
ပြည်ဘက်သို့ လိုက်ခွင့်တောင်းသဖြင့် ခွင့်ပြု၍
လိုက်ပါခဲ့ရလေ၏။
စိုးအောင်အိမ်သို့ ပြန်ရောက်ပြီး ဖခင်ဖြစ်သူအား
သူ့အတွေ့အကြုံများကို ပြောပြရာ ဖခင်ရော
မောင်မိုးပါ အံ့သြမဆုံး ဖြစ်နေ၏။
စိုးအောင်က အိမ်၌ ၂ ရက်သာနေပြီး ဝယ်လက်ရှိသည့်
မြဝတီသို့ မိုးကြိုးသွားယူ၍ သွားရောင်းရာ မဲဆောက်ဘက်မှ
လာဝယ်သည် ကုန်သည်အဖွဲ့က မိုးကြိုးသွားကို
အမျိုးမျိုးစစ်၍ မှန်ကန်သဖြင့် သိန်း (၂၂၀)ပေးလေ၏။
စိုးအောင်က စွန့်စားရကျိုးနပ်သဖြင့် မိုးကြိုးသွားကို
ရှာဖွေရယူခဲ့သည့် အဖိုးဖြစ်သူ ဦးမင်ခေါင်အား
ရည်စူး၍ ရွာထဲရှိ ရှင်မပြုရသေးသူများ ရဟန်းခံလိုသူများအား
ရှင်ပြု ။ ရဟန်းခံ ပြုလုပ်ပေးကာ ရွာလုံးကျွတ်
ကျွေးမွေးလှူဒါန်းလေ၏။
ရဟန်းခံသည် ရဟန်းလောင်း (၁၀)ပါးတွင် စိုးအောင်လည်း
ပါဝင်သည်ကို တွေ့ရလေသည် ။
မူရင်းရေးသူ ဆရာ ဘာမထီ
ပြီးပါပြီ
စာဖတ်သူများ စိတ်ရွှင်လန်းပါဇေ
Leave a Reply