ကဝေပုရပိုက်

ထမင်းကြမ်းစားပြီး
သွားလေရဲ့၊ ညနေ နေချိုမှ ပြန်ခဲ့မယ် ပြောတာပဲ”

“ဟင် အဘိုးသစ်က ဘာဖြစ်လို့တုံး ”

“ဗိုက်အောင့်အောင့်နေတာဆိုပဲဟဲ့၊
ဆေးထိုးဆရာခေါ်ပြီး ဆေးထိုးနေရတာ
ကြာပြီဟဲ့၊ လူလည်း အတော်ပိန်နေပြီတဲ့ ”

“မြို့သွားပြီး ဆရာဝန်တွေ ဘာတွေနဲ့
သေသေချာချာပြဖို့ ကောင်းတယ် အမေရ”

“သွားတယ်ပြောတာပဲ၊ အဲဒီက ဆရာဝန်ရဲ့
ဆေးစာအတိုင်း ဒီက ဆေးထိုးဆရာက
ဆက်ပြီးကုနေတာတဲ့ ”

ကျုပ်စိတ်ထင် ဒီနေ့ ပိုပြီး ပူပုံရတယ်ဗျ။
ကျုပ်အမေက ဝက်သားချက် လွှတ်ကောင်းတာဗျို့။
ဘုန်းကြီးကျောင်းကို ဝက်သားဟင်းနဲ့ ဆွမ်းချိုင့်
ပို့ရင် ဆရာတော်က ဆွမ်းကို အားရပါးရ
ဘုဉ်းတာဆိုပဲဗျ။ ကျုပ်လည်း အမေချက်တဲ့
ဝက်သားနဲ့ ထမင်း သုံးပန်ကန်လောက်
စားပစ်လိုက်တာ ဗိုက်ကိုတင်းသွားရောဗျို့။

ဗိုက်ကလေးလည်း တင်းလာရော မျက်စိကလေးကလည်း
စဉ်းလာရောဗျို့။ ပုဆိုးဟောင်းကလေးတစ်ထည်
ပခုံးပေါ်တင်ပြီး ဝိုင်းထဲက မန်ကျည်းပင်အောက်
ရောက်လာရောဗျို့။ သစ်သားကွပ်ပျစ်ကို
ပုဆိုးဟောင်းကလေးနဲ့ ဖုန်ခါပစ်လိုက်တယ်။
ပြီးတော့ ဝါးဘိုးခြမ်းခေါင်းအုံးကလေးပေါ်မှာ
ပုဆိုးကလေးခေါက်ပြီး တင်လိုက်တယ်။

ပြီးတော့မှ အိတ်ကပ်ထဲမှာ ထည့်ပြီးယူလာတဲ့
နဂါးဆေးပေါ့လိပ်ကလေးကို ထုတ်ပြီး ဓနုဖြူ
မီးခတ်ကလေး ခြစ်ပြီး မီးညှိလိုက်တယ်။
မီးခတ်ထဲမှာတော့ ဓနုဖြူ မီးခတ်က အကောင်းဆုံးဗျ။
အထဲမှာ မီးခတ်ကျောက်နဲ့ ဂွမ်းစကလေးစိုအောင်
ဓါတ်ဆီရှိနေလို့ကတော့ မြို့က စျေးတွေမှာ
မီးခတ်ရောင်းတဲ့လူတွေ ပြောသလိုပေါ့ဗျာ။

“ဝမ်ခြစ် ဝမ်းတောက် ” ပဲဗျို့။

နဂါးဆေးပေါ့လိပ်ကလေးကို နှစ်ဖွာ သုံးဖွာ
မှာလိုက်ပြီးတော့ ပြာခံခွက်ကလေးထဲမှာ
ဆေးလိပ်ကို ချထားလိုက်တယ်။

ပြီးတော့ ဝါးပိုးခြမ်းကလေးပေါ်ကို
ခေါင်းချလိုက်တယ်၊ ဘယ်က ဝင်လာမှန်း
မသိတဲ့ လေအေးလေးက တန်ဖိုးရှိလိုက်တာဗျာ၊
ကျုပ်ဖြင့် မျက်လုံးကို စဉ်းသွားတော့ပဲဗျို့။

ဗိုက်တင်းတင်းနဲ့ အိပ်လိုက်တာ ဘယ်လောက်တောင်
ကြာသွားတယ် မသိပါဘူးဗျာ။

“တာတေ၊ တယ်လည်း ဇိမ်ကျနေပါလားကွ ”

ကျုပ်နားထဲကို ဝင်လာတဲ့ အသံကြောင့်
ကျုပ် လန့်သွားတယ်။ ကျုပ်မျက်စိဖွင့်ကြည့်လိုက်တော့
ကျုပ်အိပ်နေတဲ့ ကွပ်ပျစ်ဘေးမှာ ရပ်နေတဲ့
ခြေထောက်နှစ်ချောင်းကို တွေ့လိုက်တယ်
ဟာထဲစီးတဲ့ တာယာဖိနပ်ကို စီးလို့ဗျ။

ပုဆိုးအပြာကွက်နဲ့၊ ခြေထောက်ကြည့်ရုံနဲ့
ဘယ်သူမှန်း ကျုပ်မသိဘူး။ ကျုပ်မျက်လုံးတွေကို
မနည်းဖွင့်ပြီး မျက်နှာကို မော့ကြည့်လိုက်တယ်။

“ဟာ ကိုဗလပါလား ”

ကျုပ် ပျာပျာသလဲ ထလိုက်တယ်၊ ဆရာမနိုင်က
ကိုဗလလေဗျာ။ ဆရာမနိုင်ဆိုတာ ကျုပ်တို့
ရွာမြောက်ဘက်က ရွာပေါ့၊ နီးတော့ မနီးလှဘူးဗျ။
ခရီးလေးတိုင်လောက်တော့ ခြားတာ။
လေးတိုင်ဆိုတာ မိုင်နဲ့ဆိုရင် ရှစ်မိုင်ပေါ့ဗျာ။

“ဟဲ ဟဲ ငါ့ကောင် တာတေ၊ ဇိမ်ပျက်သွားပြီး
ထင်တယ် ”

“ဟာ မပျက်ပါဘူး ကိုဗလရဲ့၊ လာလေ၊ ထိုင်လေဗျာ ”

ကိုဗလက ကွပ်ပျစ်မှာ ဝင်ထိုင်တယ်၊
ကျုပ်က အိမ်ပေါ်ကို ကပျာကယာတက်ပြီး
ဆေးလိပ်ခွက်နဲ့ အကြမ်းအိုး အကြမ်းပန်ကန်တွေ
ယူလာတယ်၊ အမေ့ကိုလည်း လက်ဖက်ကလေး
သုတ်ပေးဖို့ ပြောခဲ့ရတယ်ဗျ။ ကိုဗလက
ကျုပ်ဆီကို တစ်ခါမှ လာဖူးတာ မဟုတ်ဘူး၊
ရွာချင်းကလည်း လှမ်းတယ်လေဗျာ။
ရောက်တုန်းမှာ ကျုပ်က ဧည့်ဝတ်ကျေချင်တာပါ။
ကျုပ်က နဂါးဆေးပေါ့လိပ်တစ်လိပ်ကို
မီးညှိပြီး ကိုဗလကို ကမ်းပေးလိုက်တယ်။

“ကဲ ကိုဗလ အမောပြေ ဖွာလိုက်ဦးဗျ”

ဆေးလိပ်ကမ်းပြီးတော့ ကျုပ် အကြမ်းတစ်ခွက်
ငှဲ့တယ်။ ကျုပ်တို့အညာမှာက နေပူကလာတဲ့သူကို
ရေနွေးပဲ တိုက်ကြတာဗျ။ ဒါမှ ချွေးကလေး
တစိုစိုနဲ့နေတာ၊ ဗြုန်းကနဲ ရေအေးသောက်လိုက်ရင်
အပူငုတ်သွားမှာ ကြောက်လို့ဗျို့။ အမေကလည်း
လက်ဖက်ပွဲယူလာပြီး ချပေးတယ်။

“အမေ ဒါ ဆရာမနိုင်က ကိုဗလကြီးလေဗျာ၊
ငွေတွင်းကုန်းက အရီးစိန်မတို့ အလှူသွားတုန်းက
လှည်းလမ်းမှာ မှိုကျင်းတွေ့လို့ ဆိုပြီး မှိုတွေ
နှုတ်လာပြီး အမေ့ကို ပေးလိုက်တဲ့ ကိုဗလလေ၊
အဲဒီတုန်းက သူတို့လည်း အရီးစိန်မတို့
အလှူကို လာကြတာဗျ”

“သြော် …မှတ်မိပြီ၊ ဗလရေ၊ မတွေ့တာကြာတော့
ဗြုန်းစားကြီး မမှတ်မိလို့ဟေ့၊ ဘယ်လိုမှတော့
မအောက်မေ့နဲ့ကွယ်။ ကဲ လက်ဖက်စား
အကြမ်းသောက်ပြီး ညီအစ်ကို နှစ်ယောက်
စကားပြောလိုက်ကြဦး၊ နို့ မင်းအဖေ အမေ
များကကော ကျန်းမာကြရဲ့လားကွဲ့ ”

“ဟုတ်ကဲ့ အရီး၊ ကျန်းမာကြပါတယ် ”

“အေး အေး ပြောကြဦး ”

အမေ အိမ်ပေါ်ကို ပြန်တက်သွားတော့မှ
ကိုဗလက လက်ဖက်ကို နှစ်ဇွန်းဆက်တိုက်
ခပ်စားလိုက်တယ်၊ ရေနွေးပူပူ တစ်ပန်းကန်ကိုလည်း
ဖူးကနဲ၊ ဖူးကနဲ မှုတ်ပြီး ရှလူး ရှလူးနဲ့ သောက်ချလိုက်တယ်။

“ကိုဗလကြီး ဘာနဲ့လာတာတုံး ”

“လှည်းနဲ့ လာတာကွ၊ လှည်းကို ငါတို့ရွာသား
တစ်ယောက် မောင်းတာ၊ ရွာမြောက်ပိုင်းမှာ
သူ့ဒွေးလေးရှိတော့ လှည်းကို အဲဒီဝိုင်းထဲမှာ
ဖြုတ်ထားတယ် ”

“ဟာ ကိုဗလကြီးကလည်း သူ့ကိုပါ ခေါ်ခဲ့ပြီးရော
အားနာစရာရှိတာမှ မဟုတ်တာ ”

ကျုပ်ကပြောတော့ ကိုဗလက ရေနွေးသောက်ရင်းကနေ
ကျုပ်ကို လက်ကာပြတယ် ။

“အားနာလို့ မဟုတ်ဘူး တာတေရ၊ ငါက
ကိစ္စတစ်ခုရှိလို့ မင်းဆီကိုလာတာ၊ မင်းနဲ့ငါပြောတဲ့
စကားကို တခြားသူ မသိချင်လို့ ခေါ်မလာတာကွ ”

ကိုဗလက ခပ်တိုးတိုးပြောတယ်၊ ပြီးတော့
နဂါးဆေးပေါ့လိပ်ကို ဖွာနေပြန်တယ်ဗျ။

“ဟင် ဟုတ်လား၊ ကိုဗလ၊ ဘာကိစ္စများတုံး ”

ကျုပ်က တည့်ပဲမေးလိုက်တော့တယ်၊ ကိုဗလ
ပုံစံကြည့်ရတာ တော်တော်အရေးကြီးတဲ့ ကိစ္စကို
ပြောတော့မယ့်ပုံဗျ။ ဒါမျိုးဆိုရင် ကျုပ်ကလည်း
ချက်ချင်းကို သိချင်တယ်။ သိပ်အောင့်နိုင်တာ
မဟုတ်ဘူး၊ ကိုဗလက ဆေးလိပ်မီးခိုးတွေကို
မှုတ်ထုတ်ရင်း ကျုပ်ကို ပြောဖို့စကားစ
ရှာနေတယ်ဗျို့။

“ဒီလိုကွ၊ တာတေရ၊ ငါတို့ရွာကို ထူးဆန်းတဲ့
လူတစ်ယောက် ရောက်လာတယ်ကွ ”

“ဟင်၊ ဘယ်လိုများ ထူးဆန်းတာတုံး ကိုဗလရဲ့ ”

“ဒီလူက ဆရာကွ တာတေရ၊ အသက်ကတော့
ငါးဆယ်လောက်ရှိပြီ၊ လူပုံက ခပ်သန့်သန့်ပါ။
လူကတော့ အရပ်သိပ်မရှည်ဘူး၊ လူကိုင်းတော့
တောင့်တောင့်ပဲကွ၊ နှုတ်ခမ်းမွေးလေးစစနဲ့ ”

ကိုဗလ ပြောတာကို ကျုပ် တော်တော်စိတ်ဝင်စားသွားတယ်။

“နို့ နေပါဦး ကိုဗလရဲ့၊ ဒီဆရာက အောက်လမ်းလား၊
အထက်လမ်းလား ”

ကျုပ်က ဆေးလိပ်ကိုဖွာရင်း မေးလိုက်တယ်
ကိုဗလကတော့ ရေနွေးတစ်ခွက် ငှဲ့နေရင်းကနေ
ဖြေတယ်။

“ငါ မေးကြည့်ပြီးပြီကွ၊ ဒီဆရာက အောက်လမ်းလည်း
မဟုတ်ဘူး၊ အထက်လမ်းလည်း မဟုတ်ဘူး၊
ခွတ်လပ်လို့ ပြောတယ်ကွ ”

“ဗျာ၊ ခင်ဗျားဆရာက တစ်မျိုးပါလား ကိုဗလရဲ့ ”

“ကျုပ်ကြားဖူးတာတော့ အောက်လမ်းတို့
အထက်လမ်းတို့ပဲ ကြားဖူးတာပါ၊ အခုဟာက
ခွတ်လပ်ဆိုတော့ အောက်လမ်းနဲ့ အထက်လမ်းရဲ့ကြား
အလတ်လမ်းပေါ့ ”

“ဟုတ်ပါ့ဗျာ၊ အဲဒီဆရာက ပြောတယ်ကွ၊
ဒီပညာရပ်တွေမှာ သုံးမျိုးရှိတယ်တဲ့၊ မဟာဂန္ဓာရီ
လို့ခေါ်တဲ့ အထက်လမ်းပညာ စူဠဂန္ဓာရီလို့ ခေါ်လို့
အလယ်အလတ်လမ်းပညာ၊ ဂနပဒဂန္ဓာရီလို့
ခေါ်တဲ့ အောက်လမ်းပညာတဲ့ကွ၊ ဒီဆရာက
စူဠဂန္ဓာရီလို့ခေါ်တဲ့ အလယ်အလတ်လမ်းကို
လိုက္တာတဲ့ကြ ”

“သြော် …ဒီလိုလား၊ နို့ နေပါဦး ကိုဗလရဲ့၊
ဒီဆရာရဲ့ နာမည်က ဘယ်သူတဲ့တုံး ”

“ဆရာ သာလာယတဲ့ကွ၊ လူကတော့
တည်တည်တံတံပါပဲ၊ ရွာကိုတော့ ကိုစစ်နိုင်နဲ့
ပါလာတာကွ၊ ကိုစစ်နိုင် မြို့ကို သွားတုန်းက
သိပြီး ခင်လာတာတဲ့၊ ဒီဆရာ တို့ရွာကို
ရောက်နေတာ တစ်ပတ်ကျော်ပြီကွာ၊
အခုထိတော့ ဘယ်သူ့ကိုမှ ဘာပြဿနာမှ
မရှာပါဘူး၊ တို့ရွာဦးက ကိုးတောင်ပြည့်
စေတီကလေးမှာ သွားပြီး ပုတီးစိပ်နေတာပဲကွ၊
မနေ့ကတော့ ကိုးရက်အဓိဋ္ဌာန်
ပြည့်သွားတယ်လို့ ပြောတယ် ”

“နို့ နေပါဦးဗျ၊ ဒီဆရာနဲ့ ကိုဗလနဲ့က ရင်းနှီးလို့လား ”

“ဟာ တာတေကလည်း မင်းသိရဲ့သားနဲ့၊
ကိုစစ်နိုင်ဆိုတာ ငါ့ယောက်ဖလေကွာ၊ ငါ့အစ်မ
ဝိုင်းကြည်ရဲ့ ယောင်္ကျားလေ”

“ဟာ ဒါဆိုရင် ဒီဆရာက ခင်ဗျားယောက်ဖ
ကိုစစ်နိုင်ကြီးရဲ့ အိမ်မှာပေါ့ ဟုတ်လား ကိုဗလ”

“အေး ဟုတ်တယ်၊ ဒီတော့ ငါနဲ့လည်း သိနေတာပေါ့ကွာ ”

“သြော် …ဒီလိုကိုး၊ အင်း အင်း ပြောပါဦး ကိုဗလရဲ့ ”

“မနေ့က ဒီဆရာက ပြောတယ်၊ သူ ဆရာမနိုင်ကိုလာတာ
ကိစ္စရှိလို့တဲ့ကွ၊ ပြီးတော့ ငါတို့ရွာကို ဘာဖြစ်လို့
ဆရာမနိုင်လို့ ခေါ်တာလည်း သိလားလို့ မေးတယ် ”

“အင်း ဟုတ်သားပဲ၊ အဲဒါ ဘာဖြစ်လို့ ခေါ်တာလဲဗျ”

“ဟာ ဘယ်သိမှာတုံး တာတေရ၊ ငါတို့လည်း
မသိဘူးလို့ ပြောရတာပေါ့ကွ၊ ဒီတော့မှ ဆရာ
သလာယက ပြောတယ်၊ ငါတို့ ရွာမှာ
‘ဂန္ဓာရီပညာသိုက်ကြီး’ရှိတယ်တဲ့ကွ၊ အစွမ်းထက်တဲ့
ဆရာတွေက အဲဒီသိုက်ကို လာတူးပြီး
ပညာတွေ ရဖို့ ကြိုးစားကြတယ်တဲ့။
ဒါပေမဲ့ ဆရာတွေ ပြေးရတာချည်းပါပဲတဲ့၊
ဒါကြောင့် တို့ရွာကို ဆရာမနိုင်လို့
ခေါ်ကြတာတဲ့ကွ ”

“သြော် ဒီလိုလားဗျ”

“အေးကွ တာတေရ၊ ဒါနဲ့ ငါက ဆရာသာလာယကို
မေးကြည့်တယ်၊ အဲဒီဂန္ဓာရီသိုက်ကြီးက
ဘယ်နေရာမှာတုံးလို့ ”

“အင်း ဟုတ်ပြီ၊ ဒီတော့ ဘာပြောတုံးဗျ”

“သူ သိတယ်တဲ့၊ သူ ဒီကိုလာတာ ဒီကိစ္စလာတာတဲ့ဟေ့”

“ဗျာ …ဘယ်လိုဗျ၊ ကိုဗလ ”

“ဆရာသာလာယက အဲဒီဂန္ဓာရီပညာသိုက်ကြီးကို
တူးမလို့ လာတာတဲ့ကွ ”

“ဟင် ဒီဆရာက နိုင်လို့လားဗျ”

“ဒါနဲ့ နေပါဦးဗျ၊ သိုက်တူးမယ်ဆိုတော့
ပေါက်တူးတွေ၊ တူရွင်းတွေ လိုမှာပေါ့၊လူရော၊
တော်တော်လိုမှာလား ”

“ဟား ဟား ဟား ဟား တာတေရာ၊
မင်းမလည်း လယ်ပုံလယ်ပန်းနဲ့ တော်တော်ကို
အ,သေးတာကိုး ”

“ဘာတုံးဗျ၊ ကိုဗလရဲ့ ”

“ဟ သိုက်တူးတယ်ဆိုတာ တူရွင်းတွေ၊ပေါက်ပြားတွေနဲ့
တူးရတာ မဟုတ်ဘူးကွ၊ သူတို့ပညာနဲ့ လုပ်လိုက်ရင်
အဲဒီသိုက်က ပေါ်လာတာကွ ”

“ဟင် ဟုတ်လား၊ သိပါဘူးဗျာ၊ သိုက်တူးတယ်ဆိုတာ
ကျုပ်စိတ်ထဲမှာ မြေကြီးထဲကနေ တူးရမယ်
မှတ်နေတာဗျ”

“အေး အဲဒီဆရာသာလာယက ပြောတယ် တာတေရ၊
ဒီဂန္ဓာရီသိုက်ကို သူဖွင့်နိုင်တယ်တဲ့ကွ၊ ဒါပေမဲ့
သတ္တိကောင်းတဲ့ လူငယ်တစ်ယောက် လိုတယ်တဲ့ ”

“ဟင် ဘာလုပ်ဖို့တုံးဗျ”

“ဒီလိုကွ၊ သူက ဒီသိုက်ထဲက ပညာသိုက်စောင့်တဲ့
နာနာဘာဝတွေကို ထိန်းချုပ်ထားတဲ့ အချိန်မှာ
‘ကဝေပုရပိုက်’ကို ဝင်ယူပေးရမှာတဲ့ကွ ”

“ဗျာ ”

“မဗျာနဲ့ တာတေ၊ ဒီလူပြောပုံအရ သူလိုချင်တဲ့
သူဟာ မင်းကလွဲရင် ဒီနယ်တကြောမှာ ဘယ်သူမှ
မရှိဘူးကွ၊ အေး ပြီးတော့ ပြောသေးတယ် တာတေရ၊
သူ့ကို ကူညီတဲ့သူကို တန်ဖိုးမဖြတ်နိုင်အောင်
အစွမ်းထက်တဲ့ ရုပ်ထုကလေးတစ်ခု လက်ဆောင်
ပေးမယ်တဲ့ကွ ”

“ဟင် ဘာရုပ်တုတုံးဗျ”

“ပီယဘက်မှာ အတော်စွမ်း ဆိုပဲကွ၊
ငါ့ကိုတော့ ထုတ်ပြဖူးတယ်၊ အနီရောင်
ကတ္တီပါရှုံ့အိတ်ကလေးနဲ့ ထည့်ထားတာကွ ”

“ဘာရုပ်ကလေးတုံးဗျ”

“အဝတ်အစား မပါတဲ့ ယောင်္ကျားပျိုတစ်ယောက်နဲ့
မိန်းမပျိုတစ်ယောက် မတ်တတ်ရပ်ပြီး ဖက်ထားတဲ့
ပုံကွ၊ တော်တော်ကို လက်ရာမြောက်တဲ့ ပုံကလေးတွေ
တာတေရ၊ လက်ညှိုးလုံးလောက် ကလေးရှိတာ၊
ပြီးတော့ ရွှေချထားတာဟေ့ ”

“ဟင် ဟုတ်လား၊ ဆေးစီရင်ထားတာ ထင်တယ်ဗျ”

“ဟာ သေချာတာပေါ့ကွာ၊ တနင်္ဂနွေဆန်းတဲ့လလည်း
ဖြစ်ရမယ်၊ တနင်္ဂနွေနေ့လည်း ဖြစ်ရမယ်၊ တနင်္ဂနွေသမီး
အပျိုစင်လည်း ဖြစ်ရမယ်၊ မမျှော်လင့်ဘဲ
ဥပစ္ဆေဒကကံနဲ့ သေသွားတာမျိုး ကြုံခဲ့ရင်
အဲဒီအလောင်းကို မီးသင်္ဂြိုဟ်တဲ့အခါမှာသုံးတဲ့
တစူးဝါးကို အရယူပြီး အဲဒီရုပ်ထုကို ထုရတာတဲ့ကွ၊
ရုပ်ထု ထုရတဲ့ အချိန်အခါတွေတော့ ရှိသေးတယ်ကွ။
ရုပ်ထု ထုရင်း ရွတ်ရ ဖတ်ရတဲ့ ဂါထာတွေလည်း
ရှိတယ်တဲ့ကွ၊ အဲဒီအစီအရင် အောင်သွားရင်တော့
ပီယ ဘက်မှာ ငါ ဆရာလို့ ပြောရမယ့်အတိုင်း
ဆိုပဲကွ၊ စွမ်းချက်ကတော့ ကမ်းကုန်တယ်ဆိုပဲကွ၊
မိန်းမ၊ ငွေကြေး၊ စီးပွားရေး ဘာမှပြောစရာ
မလိုဘူးဆိုပဲ။ ပြောသမျှ မအောင်တာ
မရှိစေရဘူးဆိုပဲ တာတေရ ”

ကိုဗလက နဂါးဆေးပေါ့လိပ်ကလေးကို
ဖွာနေပြန်ရောဗျို့၊ ကျုပ်က သူပြောတာတွေကို
နားထောင်ပြီးမှ …

“ကျုပ် အဲဒီပီယတို့ အရုပ်တို့ ဆိုတာတွေကို
စိတ်မဝင်စားပါဘူးဗျာ၊ ကျုပ် စိတ်ဝင်စားတာက
ဒီဆရာ သိုက်တူးမယ့်ကိစ္စကိုပါ၊ ကျုပ် သူ့ဆီက
ဘာကိုမှ မလိုချင်ပါဘူးဗျာ၊ သူ သိုက်တားတာကို
တွေ့ချင် မြင်ချင်တာပဲ ရှိတာပါ ”

“အေး မင်းအကြောင်းကို ငါ သိပြီးသားပါကွာ
တာတေရာ၊ မင်းက စူးစမ်းချင်တာကလွဲရင်
ဘာကိုမှ မက်မက်မောမော မရှိဘူးဆိုတာ
ငါသိပါတယ် ”

ဒီကိစ္စကို ကျုပ်တော်တော်စိတ်ဝင်စားသွားတာဗျ။
သိုက်တူးတယ် ဆိုတာကို ကြားသာ ကြားဖူးတာ။
တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး၊ ပြီးတော့ ဆရာ
သာလာယ ဆိုတဲ့လူ အခုတူးမယ့်သိုက်က
ဂန္ဓာရီပညာသိုက်ဆိုပဲ ။ ကျုပ်က ‘ကဝေပုရပိုက်’ကြီးကို
ဝင်ယူပေးရမှာဆိုပဲ၊ ဒီတစ်ပွဲတော့ တာတေနဲ့
တွေ့ကြပြီပေါ့ဗျ၊ ကျုပ် ချက်ချင်း ဆုံးဖြတ်လိုက်တယ်၊

ကဝေပုရပိုက်ကြီးကို ကျုပ် ရအောင် ဝင်ယူပေးမယ်၊
တာတေပဲဗျာ၊ ဒီလိုပွဲကြီးပွဲကောင်းမျိုးကို
ဘယ်မှာလက်လွတ်ခံပါ့မလဲဗျာ။

“ကဲ ကိုဗလ ပြောဗျာ၊ ကျုပ် ဘယ်နေ့ လာခဲ့ရမှာတုံး ”

ကျုပ်က ရုတ်တရက် မေးလိုက်တော့ ကိုဗလတောင်
အံ့အားသင့်သွားပုံပဲဗျ၊ ပါးစပ်မှာ တေ့ပြီး ဖွာတော့မလို
လုပ်နေတဲ့ ဆေးပေါ့လိပ်ကလေးတောင် ပြန်ခွာလိုက်တယ်ဗျ။

“ဟာ တာတေ၊ မင်း လာမယ်ပေါ့ ဟုတ်လား၊
လာရမယ့်နေ့က လပြည့်နေ့ကွ၊ ငါလည်း လိုက်မှာပါကွ
တာတေရ”

“ဗျာ ကိုဗလပါ လိုက်မှာလား ”

ကျုပ်က ကိုဗလကို အကဲခတ်သလို
ကြည့်ပြီး မေးလိုက်တယ်ဗျ၊

“အေးကွ၊ ဒါပေမဲ့ ငါက မင်းလိုတော့ သိုက်ထဲကို
မဝင်ရဲဘူးကွ၊ ဆရာသာလာယက ငါ့ကို အပြင်စောင့်အနေနဲ့
ခေါ်ထားတာ၊ မင်းနဲ့ ဆရာသာလာယက သိုက်ထဲ
ဝင်ရင် ငါက အပြင်စောင့်ပေါ့ကွာ ဟား ဟား ဟား ”

ကိုဗလက ကျုပ် လိုက်မယ်လို့ ပြောလိုက်တော့
ဝမ်းသာသွားပုံပဲဗျ၊ ပျော်ပြီ တဟားဟား ရယ်နေတာဗျို့။
ကျုပ်က အညာသူ အညာသားတွေက ဟန်ဆောင်
ပန်ဆောင် မလုပ်တတ်ကြဘူးလေဗျာ။

“ကဲ ကိုဗလ စိတ်ချလက်ချသာ ပြန်ပေတော့၊
လပြည့်နေ့ ရောက်ရင် မနက်စောစောထပြီး
ကျုပ် လာခဲ့မယ် ”

“ဟာ ကုန်းကြောင်း မလာပါနဲ့ကွာ၊
ငါ လှည်းလွှတ်ပြီး ခေါ်ခိုင်းလိုက်ပါ့မယ် ”

ကိုဗလက ကျုပ်ကို အားနာပြီး ပြောတာဗျ။

“မလိုပါဘူး ကိုဗလရာ။ ကျုပ် မိုးမလင်းခင်ထပြီး
လျှောက်လာခဲ့ပါမယ်၊ ခင်ဗျားတို့ ဆရာမနိုင်ကို
နှစ်နာရီလျှောက်ရင် ရောက်ပါတယ်ဗျာ၊
လှည်းလွှတ်မနေပါနဲ့ ”

အဲဒီနေ့က ကိုဗလက ကျုပ်နဲ့ စကားပြောဆိုပြီး
ညနေ သုံးနာရီလောက် ထပြန်သွားတယ်ဗျ။
ကိုဗလ ပြန်သွားပြီးမှ အမေက ကျုပ်ကိုမေးတယ်။

“တာတေ၊ နင့်ဆီကို ဗလ ဘာလာလုပ်တာတုံး ”

“သူတို့ရွာမှာ ဆရာတစ်ယောက် ရောက်နေတာကို
လာပြောတာ အမေရ ”

“ဟဲ့ ဘာဆရာတုံး ”

“သိုက်ဆရာလို့ ပြောတယ် အမေရ ”

“ဘာ သိုက်ဆရာ ဟုတ်လား၊ တာတေနော်၊
ပေါက်ကရာတွေ လိုက်လုပ်မနေနဲ့ ”

အမေက ကျုပ်အကြောင်းကို သိပြီးသားဆိုတော့
စိတ်ပူပြီး ဟန့်တာပေါ့ဗျာ။

“ဟာ မလုပ်ပါဘူး အမေရ၊ လိုက်ကြည့်ရုံပေါ့ဗျာ ”

ကျုပ်က အမေစိတ်အေးအောင် ပြောလိုက်ပေမယ့်
အမေကတော့ သိပြီးသားပါဗျာ၊ ကျုပ် ဘယ်လောက်
စပ်စုတဲ့အကောင်လည်းဆိုတာ အမေ သိပြီးသားပေါ့။

XXXXXXX

လပြည့်နေ့ ရောက်တော့ မနက်ဝေလီဝေလင်းထပြီး
ကျုပ် ထွက်လာခဲ့တယ်။ ကျုပ်က အညာသား
ဆိုပေမယ့် နေပူ အားကြီးကြောက်တဲ့ကောင်ဗျ။
နေမပူခင် ဆရာမနိုင်ကို ရောက်အောင်လာခဲ့တာ။
ဆရာမနိုင်ရောက်တော့ ရွာတောင်ပိုင်းမှာနေတဲ့
ကိုဗလတို့အိမ်ကို တန်းပြီးလာခဲ့တယ်။

ဒီရွာမှာက ကျုပ်နဲ့ ရင်းနှီးတဲ့သူ နည်းတယ်ဗျ။

လူငယ်ပိုင်းလောက်ပဲ သိတာ။ လူကြီးပိုင်းနဲ့
သိပ်မသိဘူးဗျ။ ခေါင်နှစ်လုံးနဲ့ ဆောက်ထားတဲ့
ကျွန်းအိမ်ကြီး မော့ကြည့်နေတုန်းမှာပဲ …

“ဟေ့ကောင် တာတေ လာကွ၊ ငါ မင်းကို
မျှော်နေတာ ”

ဝိုင်းဝမှာ ဘွားကနဲ ပေါ်လာတဲ့ ကိုဗလက ကျုပ်ကို
ခေါ်တယ်ဗျ။ ကျုပ်ဝိုင်းထဲ ဝင်ခဲ့တယ်၊ ကိုဗလတို့
အိမ်ကြီးက တော်တော်ကို ကောင်းတာဗျ၊
ရေနံကလည်း သုတ်ထားလိုက်တာ ၊ မည်းနက်
နေတာဗျို့၊ ကိုဗလက အိမ်ထောင်မရှိဘူးဗျ။
အသက်သုံးဆယ်ကျော်လောက် ရှိပါပြီ။
ကျန်တဲ့ ညီအစ်ကိုမောင်နှမတွေက အိမ်ထောင်
ကျပြီး အိမ်ခွဲကုန်ကြတော့ သူပဲ အိမ်မှာ ကျန်နေတာ။

ကျုပ်ရောက်တဲ့အချိန်မှာ ကိုဗလတစ်ယောက်တည်းဗျ။
သူတို့ရွာက အကြော်တွေ ဝယ်ထားတာရော၊
ဆတ်သားခြောက်မီးဖုတ်ရော၊ ရေနွေးကြမ်းနဲ့
ဧည့်ခံပါတယ်၊ ကျုပ်တို့ရွာဓလေ့ပေါ့ဗျာ။
ကျုပ်လည်း အမောပြေ ရေနွေးကြမ်းသောက်ပြီး
အပန်းဖြေရတာပေါ့ဗျာ။

“ညက ကိုစစ်နိုင်တို့အိမ်ကို ရောက်တော့တောင်
ဆရာသာလာယက ငါ့ကို မေးနေတယ်ကွ၊ မောင်
တာတေ လာမှာ သေချာရဲ့လားတဲ့ကွ၊ မင်း
မလာမှာကို သူစိုးရိမ်နေတာကွ တာတေရ ”

ကျုပ်က ကိုဗလစကားကို ကြားတော့ ပြုံးရုံပဲ
ပြုံးပြလိုက်တယ်။ စိတ်ထဲမှာတော့ …

“ဒီလိုပွဲကြီးပွဲကောင်းမျိုးကို တာတေဆိုတဲ့ ကျုပ်က
လက်လွတ်ခံပါမလားဗျာ ”

လို့ ပြောလိုက်မိတာပါ။

အိမ်ကြီးက ကျုပ်တို့အညာဓလေ့အတိုင်း ဆောက်ထားတဲ့
ခြေတံရှည်အိမ်ကြီးဗျ။ အောက်ထပ်ကိုပါ ဆင့်စီပြီး
ပျဉ်ခင်းထားတာ၊ ဒါပေမဲ့ အိမ်ခေါင်းရင်းမှာသာ
ဧည့်သည်စောင်သည်လာရင် ဧည့်ခံဖို့ သင်ဖြူးဖျာ
ကလေးတွေ ခင်းလို့ဗျ။ ကျန်တဲ့ နေရာတွေမှာတော့
ကြက်သွန်နီတွေအပြည့် ဖုံးထားတာ။ ကြက်သွန်နီကြီးတွေ
ဆိုတာ တင်းပြောင်နေတာဗျို့။ အရွယ်ကလည်း
ညီပါ့ဗျာ၊ လှချက်တော့ ပြောမနေပါနဲ့တော့ဗျာ။

“ကိုဗလတို့ ကြက်သွန်တွေ ကောင်းချက်ဗျာ”

“အေးကွ တာတေရ၊ ဒီနှစ် ငါတို့ရွာက ကြက်သွန်တွေ
အောင်ကြသားကွ၊ စိုက်တယ် ပျိုးတယ် ဆိုတာကလည်း
ဝီရိယချည်း အားကိုးလို့ရတာ မဟုတ်ဘူးလေကွာ၊
ကံကလည်း လိုက်ဦးမှ တာတေရ၊ ရာသီဥတုကလည်း
သီးနှံကြိုက် ရာသီဥတုဖြစ်ဦးမှ၊ သီးနှံက
အထွက်တိုးပြီး အောင်အောင်မြင်မြင် ဖြစ်တာမို့လား ”

“ဟုတ်ပါ့ဗျာ၊ မနှစ်ကတုန်းက အဘနဲ့ ကျုပ်နဲ့
လုပ်လိုက်ကြရတာ ဖတ်ဖတ်ကိုမောလို့၊
အချိန်တန်တော့ နှမ်းကလေး ဘယ်နှတင်းရလို့တုံးဗျာ။
ဒီနှစ်တော့ ထွက်လိုက်တဲ့ နှမ်းဗျာ၊ မပြောပါနဲ့တော့
ကိုဗလရာ ”

“အေးလေ အဲဒါကို ငါပြောတာကွ၊ ကဲ လာဟေ့
တာတေ၊ ထိုင် အကြမ်းလေးသောက်လိုက်ဦး ”

“ဆတ်သားခြောက်မီးဖုတ်ကလေး မွှေးလို့ဗျာ”

“ရွာမြောက်ပိုင်းက ဦးဘိုးထော်ကြီး တောထဲမှာ
ဘိထောင်တာ ဆတ်ကြီးတစ်ကောင် မိတာကွ၊
အဲဒီဆတ်ကြီးကို တစ်ကောင်လုံး အသားဆုတ်ပြီး
အခြောက်လှန်းတာ ငါလည်း နည်းနည်းဆုံလာခဲ့တာကွ၊
စားကွာ၊ နို့ ထမင်းကြမ်း စားဦးမလား ”

“ဟာ စားခဲ့ပြီဗျ ကိုဗလရဲ့၊ မနေ့က ကြက်သား
ဟင်းကျန်နဲ့ စောစောထပြီး စားလာခဲ့တာ၊
တော်ပြီ၊ အကြမ်းလေးပဲ သောက်တော့မယ်၊
နို့ ကိုဗလ အမေတို့ အဘတို့ရော ”

“မရှိကြဘူး တာတေရ၊ မနေ့က မြို့သွားကြတယ်
မြို့က အမေ့ညီမက လှမ်းခေါ်လို့၊ သူတို့တွေ
မန္တလေးမှာ ပဉ္ဇင်းခံရှိလို့ လိုက်ခဲ့ပါ ဆိုတာနဲ့
လိုက်သွားကြတာ၊ အိမ်မှာ ငါတစ်ယောက်တည်းကွ
ညဘက်တော့ ရွာရှေ့ပိုင်းက ငါ့ညီဝမ်းကွဲ
နှစ်ယောက် လာအိပ်ပေးကြတယ် ”

ကျုပ်က အကြော်စားလိုက်၊ ဆတ်သားခြောက်နဲ့
ရေနွေးကြမ်းကို အားရပါးရ မြည်းလိုက်နဲ့ပေါ့ဗျာ
ကိုဗလရဲ့ ဆတ်သားခြောက်မီးဖုတ်ကလေးက
လွှတ်ကောင်းတာဗျ၊ စားသောက်ပြီးတော့ အိတ်ထဲက
နဂါးဆေးပေါ့လိပ်ကလေး ထုတ်ဖွာလိုက်တယ်၊
ကိုဗလက သူ့မီးခတ်ကလေးနဲ့ မီးခတ်ပြီး
ကျုပ်ဆေးလိပ်ကို မီးညှိပေးတယ်ဗျ။
ဆေးလေးတဝဖွာပြီးတော့ ကျုပ်က
ကိုဗလကို ပြောတယ်။

“ကဲ ကိုဗလ၊ ကိုစစ်နိုင်တို့အိမ်ကို သွားကြစို့ရဲ့ဗျာ၊
ဟိုဆရာ ဘယ်သူဗျ”

ကျုပ်က သိုက်ဆရာရဲ့ နာမည်ကို မေ့သွားလို့
မေးလိုက်တာဗျို့။

“သာလာယတဲ့ တာတေရ ”

“သြော် အေး သာလာယ၊ သာလာယ ဟုတ်ပြီ”

“အေး အေး သွားကြရအောင်ဟေ့ ”

ကျုပ်က လွတ်အိတ်ကလေး ကောက်လွယ်လိုက်တယ်
ထိုဗလက ဝိုင်းနောက်ဘက်ကို ဝင်သွားပြီးတော့ …

“ဟုတ်ကဲ့ ကိုကြီးဗလ၊ သွား၊ သွား၊ ကျုပ်
ခုပဲ ထွက်လာမှာ ”

“ငမဲဆိုတာ ဘယ်သူတုံးဗျ”

“ငမဲဆိုတာ လှည်းကောက်ကကွ၊ သူ့အဖေနဲ့
ငါနဲ့က သူငယ်ချင်းတွေပါ၊ နည်းနည်းပါးရှားကြတော့
ငါခေါ်ထားပြီး အိမ်အလုပ်ကလေး ဟိုခိုင်း ဒီခိုင်းပေါ့ကွာ၊
နွားစာစဉ်း၊ ရေစည်တိုက်၊ ပြောင်းရိုးရိတ်ပေါ့ကွာ၊
တစ်ခါတစ်လေတော့လည်း ပဲနှုတ် နှမ်းနှုတ်လိုက်တဲ့
အခါ လိုက်ပေါ့ကွာ ”

” အင်း ကောင်းတာပေါ့ ကိုဗလရာ၊
သူလည်း လုပ်တတ် ကိုင်တတ် ဖြစ်လာတာပေါ့ဗျာ ”

ကျုပ်နဲ့ ကိုဗလ ကိုစစ်နိုင်တို့ အိမ်ဝိုင်းထဲကို
ရောက်တော့ …

“ဟော လာပါပြီဗျာ၊ ပွဲတိုင်းကျော်တဲ့ ကိုတာတေပါပဲဗျာ”

ကိုစစ်နိုင် အိမ်ပေါ်ကနေ လှမ်းအော်ပြောတယ်ဗျ။
ကိုစစ်နိုင် ဆိုတဲ့လူက ပိန်ပိန်ရှည်ရှည်နဲ့၊
အသားလတ်လတ်ဗျ၊ သူ့ဆိုရင် လူချစ်လူခင်ကလည်း
ပေါ့ပါ့ဗျာ။ ကိုစစ်နိုင်တို့အိမ်ကတော့ သိပ်ကြီးကြီး
မဟုတ်ဘူးဗျ၊ ကျုပ်တို့အိမ်ပေါ်တက်လိုက်တော့
ခေါင်းရင်းမှာ အခန့်သားထိုင်နေတဲ့ လူတစ်ယောက်က
ကျုပ်ကို ပြုံးပြီး နှုတ်ဆက်တယ်။လူပုံကတော့
အခန့်သားဗျ။ နှုတ်ခမ်းမွေး စစနဲ့။

“လာပါ မောင်တာတေ၊ ကျုပ် မောင်တာတေကို
စောင့်နေတာပါ၊ မောင်ရင့်သတင်းတော့
ကျုပ် ကြားကြားပါပြီလေ။ အခုလို ကျုပ်ကို
လာပြီးကူညီတာကို ကျုပ်ဖြင့် ဝမ်းသာလှပါရဲ့ကွယ်”

“စိတ်ချပါ ဆရာ၊ ကျုပ်ကလည်း ဒီလိုကိစ္ဖမျိုးဆိုရင်
လွှတ်စိတ်ဝင်စားတာဗျ”

“ဟာ အင်မတန်ကို စိတ်ဝင်စားဖို့ ကောင်းတာကွဲ့၊
ဒီလို ပညာသိုက်ကြီးတွေက ကမ္ဘာပေါ်မှာ အားလုံးပေါင်း
ဆယ့်တစ်ခုပဲ ရှိတာ၊ တို့နိုင်ငံမှာ အထိကရသုံးခု
ရှိတာကွဲ့၊ အခု ဆရာမနိုင်က သိုက်က တစ်ခုပေါ့
မောင်တာတေ၊ ဒီသိုက်မှာ ရှိတဲ့ ကဝေပုရပိုက်က
အဆင့်မြှင့်ပညာတွေ ပါတယ်ကွဲ့၊ ဒါကြောင့်လည်း
ဂမ္ဘီရသိုက်သိုက်လို့ ရှေးဆရာကြီးတွေက
ခေါ်သွားကြတယ် ”

“သြော် …ဘယ်လိုပညာတွေများပါလိမ့် ဆရာ”

“အင်း…မောင်တာတေ နားလည်အောင်ပြောရရင်
ကိုယ်ဖျောက်တဲ့ ပညာမျိုးပေါ့ကွာ ”

“ဗျာ ကိုယ်ပျောက်တယ် ဟုတ်လား ဆရာ ”

“ဟုတ်တယ် မောင်တာတေ၊ တကယ်တော့ ကိုယ်ပျောက်တာ
မဟုတ်ဘူးကွဲ့၊ ကိုယ်ဖော့ပြီး ခုန်သွားတာပါ၊
ခုန်တာ မြန်လွန်းတော့ ကိုယ်ပျောက်သွားသလိုကို
ထင်ရတာပေါ့၊ အဝေးကြီးကို ရောက်အောင်
ခုန်နိုင်တာကွ။ အမြင့်ကြီးတွေကိုလည်း ခုန်တက်နိုင်တယ်
မျက်စိအောက်ကနေ ဖျတ်ခနဲ ဖျတ်ခနဲ
ပျောက်သွားတာဆိုတော့ ကိုယ်ပျောက်
သွားတာလို့ပဲ ထင်ရတာပေါ့လေ ”

“သြော် ဒီလိုပညာမျိုးတွေ တကယ်ရှိနေတာကိုး ”

“ရှိပါပြီလား၊ မောင်တာတေရယ်၊ အခုပြောတာက
အဲဒီ ပုရပိုက်ထဲမှာပါတဲ့ ပညာတစ်ခုပဲ ရှိသေးတာ၊
သူ့ထက်စွမ်းတဲ့ ပညာတွေလည်း ပါတယ်ကွ၊
ဥပမာ ကြေးကနေ ရွှေဖြစ်အောင်လုပ်တဲ့
ပညာမျိုးပေါ့ကွာ ”

“ဗျာ …ကြေးကနေ ရွှေဖြစ်တယ် ဟုတ်လား ဆရာ”

“ဟုတ်ပါပြီလား မောင်တာတေရယ်၊ တကယ်ကို
ဖြစ်တာကွ၊ အဲဒါကြောင့်လည်း ဒီပုရပိုက်ကို
သိုက်ကြီးနဲ့ ဝှက်ထားပြီး အစောင့်တွေနဲ့ စောင့်ကျပ်
နေတာပေါ့ကွဲ့ ”

“ဒီဆရာမနိုင်သိုက်ကို တူးဖူးတဲ့လူတွေ ရှိသလား ဆရာ”

“ဟာ ရှိတယ်ကွ၊ ရှိတယ် ။ ဒါပေမဲ့ အောင်တဲ့လူတော့
တစ်ယောက်မှ မရှိဘူး။ ရေကူးပြီး ပြန်ရတဲ့လူတွေ
များတယ် ”

“ဟင် ဟုတ်လား ဆရာ”

“အေး ဟုတ်တယ်ကွဲ့၊ ကွင်းပြင်ကြီးကို ရေပြင်ကြီး
မှတ်ပြီး ဝမ်းလျားထိုးကူးကြတာဆိုပဲ၊ မနက်မိုးလင်းလို့
နေထွက်လာတော့မှ ဒူးတွေ လက်တွေ စုတ်ပြဲကုန်လို့
ဆိုပဲကြ ”

“စိတ်မရှိပါနဲ့ ဆရာ၊ ကျုပ်တစ်ခု မေးပါရစေ”

“မေးပါ၊ မောင်တာတေ၊ မေးပါ၊ မောင်တာတေက
ကျုပ်ကို အခုမှ မြင်ဖူးတာပဲ ကျုပ်ကို ယုံပြီး
အသက်စွန့်လိုက်ရမယ့်လူလေ၊ သိချင်တာကို
အားမနာဘဲ မေးနိုင်ပါတယ် မောင်တာတေ”

“ဆရာကတော့ ဒီသိုက်ကို နိုင်မယ်လို့ထင်းလား ဆရာ”

“ဟား ဟား ဟား ဟား သိပ်မေးထိုက်တဲ့
မေးခွန်းပါ မောင်တာတေ မောင်ရင့်ကို
ကျုပ်က ကြားဖူးထားတာထက်တောင်
ပိုပြီးသဘောကျသွားပြီကွဲ့”

“စိတ်မရှိပါနဲ့ ဆရာ ”

ကျုပ်က မေးသာ မေးရတာဗျ၊ စိတ်ထဲတော့
အားနာမိသားပဲ။

“ဟာ မရှိပါဘူးကွာ၊ ဒီကိစ္စအတွက် စိတ်ချပါ
မောင်တာတေ၊ ကျုပ် သိုက်စောင့်တွေ၊ နာနာဘဝတွေ
မကောင်းဆိုးဝါးတွေကို နိုင်ပါတယ် ။ ကဲ ကျုပ်
မောင်တာတေကို လက်တွေ့ပြပါ့မယ် ”

ဆရာ သာလာယက ပြောပြောဆိုဆိုပဲ တင်ပလ္လင်ခွေ
လိုက်တယ်ဗျ။ တကယ့်ကို ဟန်ပါပါနဲ့ ထိုင်လိုက်တာဗျ။
ပြီးတော့ သူ့လည်ပင်းမှာ ပတ်ထားတဲ့ ပုဝါစဖြူဖြူ
ကလေးကို ဖြုတ်ယူပြီး ကြမ်းပြင်မှာ ဖြန့်ချလိုက်တယ်။
ပြီးတော့မှ အထုပ်ကလေးလို ထုတ်လိုက်ပြီး
အထုတ်လေးကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်လိုက်တယ်။
ပြီးတော့ ပုဝါထုတ်ကလေးကို ဆုပ်ကိုင်ထားတဲ့
လက်နှစ်ဖက်ကို သူ့နဖူးပေါ်မှာ တင်ပြီးတော့
ပြောရောဗျို့။

“သံသေတ္တာချောင်းသိုက်ကိုစောင့်ရတဲ့
ညီအစ်မနှစ်ဖော်ဖြစ်တဲ့ ရွှေပွင့်နဲ့ ငွေပွင့်ခင်ဗျာ။
ဆရာသာလာယ အမိန့်ပြန်လိုက်တယ်။
သိုက်ထဲက အဖိုးတန်ရတနာ လက်တစ်ဆုပ်
စာကို ခဏငှာရမ်းပါ၊ ခဏအတွင်း ဆရာ
ပြန်ပေးပါ့မယ် ”

ဆရာသာလာယက အဲဒီလို ပြောပြီး
တိုးတိုး တိုးတိုးနဲ့ ဆက်ပြောနေသေးတယ်ဗျ။

“ကဲ ရတနာတွေ ရောက်ပြီဟေ့၊ မောင်တာတေရေ
ဟော ဒီမှာ ကြည့်ပေတော့ကွဲ့ ”

ပြောပြောဆိုဆိုနဲ့ ပုဝါဖြူကလေးကို ကြမ်းပြင်မှာ
ဖြန့်ပြတယ်။

“ဟာ လှလိုက်တဲ့ ရတနာတွေဗျာ ”

ဘေးမှာထိုင်နေတဲ့ ကိုစစ်နိုင်ကြီးက ဝင်ပြောတာဗျ။

“ကိုစစ်နိုင် ဒီရတနာတွေက တစ်လုံး တစ်လုံးကို
သိန်းချီတန်တာကွဲ့ ၊ စိတ်နဲ့တောင် မပြစ်မှားနဲ့ဟေ့၊
နောင်ဘုရားပွင့်ရင် ကျောင်းတော်ကြီးတွေ
ဆောက်ဖို့ လှူထားကြတာကွဲ့ ”

“ဆရာ အခုလို ယူလိုက်တော့လည်း ရတာပါပဲလား ”

ကျုပ်က ဆရာသာလာယကို ပြောလိုက်တော့
ဆရာက သူ့ရဲ့ နှုတ်ခမ်းမွေးစစကလေးကို
တွန့်သွားအောင် ပြုံးလိုက်ပြီး ပြောသဗျ။

“ဘယ်ကလာ ယူလို့ရမှာလဲ မောင်တာတေရယ်
အစောင့်တွေပါလာတာကွဲ့၊ မဟုတ်တာလုပ်လို့ကတော့
အသက်ဘယ်လို ထွက်သွားမှန်းတောင်
သိမှာမဟုတ်ဘူးကွဲ့ ”

“ဟင် အစောင့်တွေ ပါလာတယ် ဟုတ်လား ဆရာ”

“ဘာလဲ၊ မောင်တာတေက မယုံလို့လား၊
ကဲ နင်တို့ မောင်လေး ဇက်ကြောလေး
နည်းနည်းနှိပ်ပေးလိုက်ကြပါကွယ်
ရွှေပွင့်ရယ် ”

ဟာ တကယ်နှိပ်တာဗျို့၊ ဆရာသာလာယစကားလည်း
ဆုံးရော ကျုပ်ဇက်ကြောကို နောက်ကနေ နှိပ်တော့တာပဲဗျ၊
ဒါပေမဲ့ ခပ်ဖွဖွကလေးပါ၊ ကျုပ်သိတာပေါ့ဗျ၊
အထိအတွေ့က တော်တော်ကို နူးညံ့တာဗျို့။
မိန်းမလက်ဗျ၊ ကျုပ်ဇက်ကြောကို ခပ်ဖွဖွနှိပ်ပေးနေတာ၊
ကျုပ် မျက်စိကတော့ ပုဝါထဲက ရတနာတွေကို
ကြည့်နေတာပေါ့ဗျာ။

နီရဲနေတဲ့ ပတ္တမြားလုံးလေးတွေ ပြာလဲ့နေတဲ့
နီလာကျောက်တွေ၊ စိမ်းတောက်နေတဲ့ မြတွေ၊
ဖွေးဆွတ်နေတဲ့ စိန်တွေကို ကြည့်ရင်းနဲ့
ကျုပ်စိတ်ထဲမှာ ပတ္တမြားတစ်လုံးလောက်
ရရင်တော့ လက်စွပ်ကလေး ကွင်းဝတ်ချင်
လိုက်တာလို့ တွေးလိုက်မိတာဗျို့။

“အား အောင်မယ်လေး သေပါပြီဗျ”

ကျုပ် ယောင်ပြီး အော်ထည့်လိုက်တာဗျို့။
ကျုပ် ဇက်ကြောကို ဖွဖွကလေး နှိပ်နှိပ်ပေးနေတဲ့
လက်နုနုကလေးက သံချောင်းလို ချက်ချင်းမာ
သွားပြီး ကျုပ်ဇက်ကြောကို ညှစ်လိုက်တာဗျာ။
အကြောတွေ ပြတ်သွားသလား မှတ်ရတယ်။
ဘာပြောကောင်းမလဲ။ကျုပ်လည်း
ကုန်းအော်ပစ်လိုက်ရောဗျို့။

“ဟား ဟား ဟား မောင်တာတေရဲ့ စိတ်က
ဖောက်ပြန်သွားတာကိုကွဲ့၊ ကျုပ် ပြောသားပဲ၊
စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုတာ၊ ကဲ ကဲ
မောင်တာတေလည်း ယုံသွားပါပြီလေ၊
မရွှေပွင့်တို့ ညီအစ်မ ရတနာတွေ ယူပြီး
ပြန်နိုင်ကြပါပြီ၊ ကျေးဇူးတင်ပါတယ်ဗျာ”

ပုဝါထဲက ရတနာတွေကို ဆရာသာလာယက
အထုပ်ကလေး ပြန်ထုတ်လိုက်ပြီး ပုဝါကို
ခါပြလိုက်တယ်။ ဟောဗျာ။ စောစောက
ရတနာတွေ မရှိတော့ဘူးဗျို့။ ကျုပ်ဖြင့်
ဆရာသာလာယကို တော်တော်ကို
အထင်ကြီးသွားတာဗျို့။ လွှတ်စွမ်းတဲ့လူပဲဗျာ။
ကျုပ်လည်း ဇက်ကြောတွေ ခုထိနာနေတုံးဗျ။

XXXXX

ည ၉ နာရီကျော်တော့ ဆရာသာလာယရယ်၊
ကျုပ်ရယ် ကိုဗလရယ် ရွာပြင်ကို ထွက်လာခဲ့တယ်ဗျ၊
ကျုပ်တွေးသလို သိုက်တူးဖို့ ပေါက်တူးတွေ
ဂေါ်ပြားတွေ၊ တူရွင်းတွေ မပါဘူးဗျ။
ဆရာသာလာယက ဆေးလွယ်အိတ်ကလေး
တစ်လုံးပဲ လွယ်ထားတာ။ လကလည်း
ထိန်နေအောင် သာတာဗျ။ ဆရာသာလာယက
ရှေ့ကနေ သုတ်သုတ်သွား၊ ကျုပ်တို့ကလည်း
နောက်ကနေ သုတ်သုတ်လိုက်ရတာပေါ့ဗျာ။

ဆရာမနိုင်ရွာရဲ့ အနောက်ဘက်မှာ တောင်ကမူလေးတွေ
ရှိတယ်ဗျ။ အဲဒီနေရာရောက်တော့ ဆရာသာလာယက
တုံ့ကနဲ ရပ်လိုက်တယ်။ ကျုပ်တို့လည်း
ရပ်လိုက်ရတာပေါ့ဗျာ။ ဆရာသာလာယက
ကိုဗလကိုပတ်ပြီး စည်းဝိုင်းတစ်ခု ဝိုင်းတယ်။
ပြီးတော့ ဂါထာလေးတွေ ရွတ်တယ်ဗျ။

“ကဲ မောင်ဗလက ဒီစည်းဝိုင်းထဲမှာ နေခဲ့၊
ဒီစည်းဝိုင်းအပြင်ကို ဘာကြောင်းရှိရှိ မထွက်နဲ့၊
ဒီစည်းဝိုင်းထဲကို ဘယ်လို သတ္တဝါမှ မဝင်နိုင်ဘူး။
ကြားလား မောင်ဗလ၊ ဘယ်သူတွေ လာပြီး
ဘယ်လောက်ခြောက်ခြောက် လှန့်လှန့်
မကြောက်နဲ့၊ဂုဏ်တော်ကိုပဲ ရွတ်နေ၊ ကြားလား ”

“ဟုတ်ကဲ့ ဆရာ၊ စိတ်ချပါ ”

“ကဲ မောင်တာတေက ကျုပ်နဲ့ လိုက်ခဲ့ပေတော့၊
ဒီကမူတွေအဆုံးမှာ သိုက်ကြီး ရှိတယ်ကွဲ့ ”

ပြောပြောဆိုဆိုနဲ့ ဆရာသာလာယက ရှေ့က
သွားတော့ ကျုပ်က ပုဆိုးကိုတိုတိုဝတ်ပြီး
နောက်က လိုက်ရတာပေါ့ဗျာ။

“ကဲ မောင်တာတေ၊ စိတ်ခိုင်ခိုင်ထားပေတော့၊
ကျုပ် သိုက်ဖွင့်တော့မယ် ”

ဆရာသာလာယက သူ့ဆေးလွယ်အိတ်ထဲက
အင်းချပ်တစ်ချပ်ကို နှိုက်ယူလိုက်တယ်။
ပြီးတော့ ပါးစပ်က ဂါထာတွေကို
တရစပ် ရွတ်တော့တာပဲဗျို့၊

“စူဠဂန္ဓာရီ ငါဆရာ သာလာယရဲ့ အမိန့်ပြန်တမ်း
ကြောင့် ဆရာမနိုင်၊ ငါသာနိုင်တယ်၊ ဂမ္ဘီရသိုက်
အခုချက်ချင်း မြေပထဝီ အထက်မှာ
အထင်အရှား ပေါ်လာစေ”

“ဝုန်း ”

ဟာ ပေါ်ပြီဗျို့၊ ဆရာသာလာယက အမိန့်ပေးပြီး
အင်းနဲ့ ပစ်လိုက်တာ ‘ဝုန်း ‘ဆိုတဲ့ အသံကြီးနဲ့
မီးခိုးတွေ အလုံးလိုက် ထလာလိုက်တာ၊
အိမ်ကြီးတစ်လုံးစာလောက် မကဘူးဗျ။
မီးခိုးတွေလည်း တဖြည်းဖြည်းစဲသွားရော
ဟာ တိုက်ဖြူဖြူကြီး တစ်လုံးဗျ။
အထင်ကရကြီးကို ပေါ်လာတာဗျ။
တံခါးအနီကြီးကတော့ ပိတ်ထားတာဗျို့။
ဆရာသာလာယ လွတ်အိတ်ထဲက
အင်းတစ်ချပ် ထပ်ထုပ်ပြီး ဂါထာတွေ
ရွတ်ပြန်ရောဗျို့။ ဂါထာတွေလည်းဆုံးရော…

“ငါဆရာ သာလာယ အမိန့်၊ ချင်းဆိုချင်း၊
နင်းဆိုနင်း၊ ရောက်ဆိုရောက်၊ ပေါက်ဆိုပေါက် ”

“ဝုန်း ဝုန်း ”

ဟာ ပစ်ပြီဗျို့၊ ပစ်ပြီ၊ အင်းနဲ့ စပစ်ထည့်လိုက်တာ၊
တံခါးနီကြီးနှစ်ချပ် ‘ဝုန်း၊ ဝုန်း ‘ဆိုမြည်ပြီး
ပွင့်သွားရောဗျို့၊ ဟင် အဆောက်အဦးက
အထဲမှာ အကျယ်ကြီးဗျ၊ မီးတိုင်တွေ ထွန်းထားတာ
လင်းထိန်နေတာဗျို့။

“ကဲ မောင်တာတေ၊ ဝင်ကြစို့ရဲ့၊ မကြောက်နဲ့နော် ”

“ဟာ မကြောက်ပါဘူး ဆရာ ”

မကြောက်ဘူးလို့သာ ပြောလိုက်ပေမယ့်
ကျုပ်ကျောထဲကတော့ စိမ့်ကနဲ စိမ့်ကနဲ
နေတာဗျို့။ ကျုပ်လည်း ပုဆိုးကို ကပျာ
ကယာ ခါးထောက်ကျိုက်လိုက်ပြီး
ဆရာသာလာယ နောက်ကနေ ကပ်လိုက်
ခဲ့တာပေါ့ဗျာ။ ဟာ အကောင်ကြီးတွေ
နည်းတာမှ မဟုတ်တာ။ ခေါင်းအကြီးကြီးတွေ၊
လျှာတစ်လစ်ကြီးတွေ၊ မျက်လုံးကြီးတွေများ
ဟင်းသောက်ပန်းကန်လောက်ကို ရှိတာဗျို့။
နီနီရဲရဲကြီးတွေဗျ။ အားလုံး အကောင်
ငါးဆယ်လောက် ရှိတယ်။ လက်ထဲမှာလည်း
တင်းပုတ်ကြီးတွေ ကိုင်လို့ဗျ။

တချို့က တင်းပုတ်ကြီးတွေကို ပခုံးမှာထမ်းပြီး
ရပ်နေတယ်။တင်းပုတ်တွေကို ကျုပ်သေသေချာချာ
ကြည့်တော့ ကျောက်တင်းပုတ်တွေဗျ။ဘုရား
ဘုရား ဒီတင်းပုတ်ကြီးတွေနဲ့သာ ဝိုင်းထုလိုက်ကတော့
အစအနတောင်ကျန်မှာ မဟုတ်ဘူးပေါ့။

ကျုပ်ဖြင့် ခါးတောင်းကျိုက်ကြီးနဲ့ ကြက်သီးတွေ
တဖြန်းဖြန်းထနေတာဗျာ။

ဟာ ဒီကောင်ကြီးတွေရဲ့ နောက်ဘက်ခပ်လှမ်းလှမ်းက
အုတ်ပလ္လင်ကြီးပေါ်မှာ ခြေထောက်ကြီးတွေ
တွဲလောင်းချပြီး ထိုင်နေတဲ့ အကောင်ကြီးက
ဘီလူးလား၊ သဘက်လားတော့ မသိဘူးဗျ။
ရှေ့က ရပ်နေတဲ့ အကောင်တွေရဲ့အရွယ်
နှစ်ဆလောက်ရှိတဲ့ အကောင်ကြီးဗျ။

လက်ထဲမှာလည်း ကျောက်တင်းပုတ်ကြီး
ကိုင်လို့ဗျ။ မျက်လုံးနီနီကြီးတွေနဲ့ ကျုပ်တို့ကို
စိုက်ကြည့်နေတာဗျို့။ သူ့ဘေးက နံရံမှာ
စိုက်ထားတဲ့ မီးတိုင်ကြီးက အလင်းရောင်
အောက်မှာ ပါးစပ်ကြီး ဟထားလိုက်တာ
အစွယ်ကြီးတွေမှ ဖွေးနေတာပဲဗျာ။

ဟာ ဆရာသာလာယ ပြောတဲ့ ကဝေပုရပိုက်
ဆိုတာ ဒါပဲ ထင်တယ်၊ ပလ္လင်ပေါ်က
သဘက်ကြီးပါးစပ်ထဲမှာ ကိုက်ထားတာပဲ။
အလို ဘုရားရေ၊ ဒီပုရပိုက်ကို ကျုပ်
ဘယ်လိုယူရမှာတုံးဗျာ။

“မောင်တာတေ သတိထားနော်၊ သိုက်ဖမ်း
အင်းတော်ကြီးကို ကျုပ် ပစ်တော့မယ်
ကျုပ် အချက်ပေးလိုက်တာနဲ့ တန်းပြေးပြီး
သဘက်ကြီးပေါင်ပေါ်ကို ခုန်တက်လိုက်၊
ပြီးရင် ပုရပိုက်ကို ယူပြီး ခုန်ချခဲ့ပေတော့
ကဲ ပစ်ပြီဟေ့ ”

စကားဆုံးတာနဲ့ ဆရာသာလာယက
တင်းပုတ်ကိုင် သရဲကြီးတွေဘက်ကို
အင်းတစ်ချက် ပစ်သွင်းလိုက်ရောဗျို့။

“ရွှီ ဝုန်း”

အင်းချပ်က လေထဲမှာ ဝှီကနဲ ပျံထွက်သွားပြီး
ဝုန်းကနဲ မြည်သွားတယ်ဗျို့

ဟာ ဝင်းကနဲ ဝင်းကနဲ ဖြစ်သွားတာဗျို့။
အလို တင်းပုတ်ကိုင် သရဲကြီးတွေ နောက်ကို
ဆုတ်သွားပြီဗျို့၊ ဟာ ကြိုးနဲ့ တုပ်ထားသလို
ဖြစ်ပြီး ရုန်းနေကြတာဗျ။

“အီး၊ အီး၊ အီး၊ အီး ”

ဟာ ပါးစပ်ကြီးတွေလည်း ဖြဲပြီး အော်နေကြတာဗျို့
အို ပလ္လင်ပေါ်က သဘက်ကြီးလည်း အဲဒီအတိုင်း
ဖြစ်နေတာဗျ။ ကြိုးတုပ်ထားလို့ ရုန်းသလို
ရုန်းနေတာ၊ ဆရာသာလာယက လက်နှစ်ဖက်
ရှေ့ဆန့်ပြီး တစ်ခုခုကို ထိန်းချုပ်နေတဲ့ပုံမျိုးဗျ။

“တာတေ၊ သွားတော့ ”

ကျုပ် လှစ်ကနဲ ပြေးဝင်တယ်၊ ဘာမှတွေးမနေတော့ဘူးဗျာ။
ပလ္လင်ပေါ်မှာ ထိုင်နေတဲ့ သဘက်ကြီးနဲ့ ပေါင်ပေါ်ကို
လွှားကနဲ ကျုပ် ခုန်တက်လိုက်တယ်။ ဟာ ကျုပ်အရပ်နဲ့
အတော်ပဲဗျို့။ ပါးစပ်ကြီး ဟနေတဲ့ သဘက်ကြီးကတော့
ရုန်းနေတာဗျို့။ ကြိုးနဲ့ ထုပ်ထားလို့ ရုန်းနေတဲ့
ပုံစံဗျ။ ကျုပ်လည်း ဘာမှတွေးမနေတော့ဘဲ
ဟနေတဲ့ သူ့ပါးစပ်ထဲက ကြေးပုရပိုက်
အထပ်ကြီးကို ဆတ်ကနဲ ဆွဲယူပြီး အောက်ကို
ခုန်ချလိုက်တယ်။

ပြီးတော့ ဆရာသာလာယဆီကို တန်းပြေးတာပေါ့ဗျာ။
ဒီမှာတင် လုံးဝထင်မထားတာ ဖြစ်တော့တာဗျို့။

ဆရာသာလာယရဲ့ နောက်မှာ အစိမ်းရောင်
ဝတ်စုံ ဝတ်ထားတဲ့ မိန်းမတစ်ယောက်က
ဆရာသာလာယကို ဖက်ထားတယ်ဗျ။
တော်တော်ကို လှတဲ့ မိန်းမဗျ။ အသားကို
ဝင်းနေတာ။ ဆရာ သာလာယက ရှေ့ကို
ဆန့်ပြီး သရဲ၊ သဘက်တွေကို ထိန်းချုပ်ထားတဲ့
လက်ကြီးနှစ်ဖက်က တဆတ်ဆတ်တုန်နေရောဗျို့။

ကျုပ်ဖြင့် ပါးစပ်ဟောင်းလောင် ဖြစ်သွားတာပေါ့ဗျာ။
လက်ထဲက ကြေးပုရပိုက်ကြီးကို ဘာလုပ်ရမှန်း
မသိတော့ဘူးပေါ့ဗျာ။

ဆရာသာလာယရဲ့ မျက်လုံးတွေက တဖြည်းဖြည်း
မှိတ်သွားပြီး အရမ်းလှတဲ့မိန်းမရဲ့ အထိအတွေ့မှာ
သာယာသွားတဲ့ပုံပါပဲဗျာ။ ရှေ့ကိုဆန့်ထားတဲ့
လက်နှစ်ဖက်လည်း ပျော့ပြီး အောက်ကို
ကျလာတယ်။ သူ့ကို ဖက်ထားတဲ့ မိန်းမက
ဆရာသာလာယကို သူ့လက်ဝါးဖြူဖြူတွေနဲ့
ပွတ်သပ်နေတာဗျ။

ဟာ လွတ်ကုန်ပြီဗျို့။ သရဲတွေရော၊
ပလ္လင်ပေါ်က သဘက်ကြီးရော၊
အားလုံး လွတ်သွားပြီ။တင်းပုတ်ကြီးတွေ
ကိုင်ပြီး ကျုပ်ဆီကို တန်းလာနေကြပြီဗျို့။
ကျုပ်လည်း ဘာလုပ်ရမှန်း မသိတော့ဘဲ
ဒူးတွေ တဆတ်ဆတ်တုန်နေရောဗျို့။

“ဆရာသာလာယ၊ သတိထား ”

ကျုပ် အသံကုန်အော်လိုက်တယ်
ဒါပေမဲ့ ကျုပ်အသံက နည်းနည်းမှကို
ထွက်မလာတာဗျ။ ကျုပ် ထပ်အော်တယ်

“ဆရာ သာလာယ သတိထား”

မထွက်ဘူးဗျ၊ ကျုပ် ဘယ်လောက်ပဲအော်အော်
အသံက အပြင်ကို ထွက်ကို မလာတာဗျ။
အကောင်ကြီးတွေ ကျုပ်နဲ့ တော်တော်နီးလာပြီဗျ။

ကျုပ် ဘာမှမတတ်နိုင်တော့ဘူးလေဗျာ

“ဘုန်း ”

လက်ထဲက ကြေးပုရပိုက်ကြီးကို ကြမ်းပြင်ပေါ်
ပစ်ချလိုက်တယ်။ ပြေးပြီ။ နောက်ကို ချာကနဲ
လှည့်ပြီး ကျုပ် တစ်ချိုးတည်း ပြေးပြီ။

“အီး အီး အီး အီး အီ ”

ဟာ တင်းပုတ်ကြီးတွေ မြှောက်ပြီး
အတောင်ငါးဆယ်လောက် ကျုပ်နောက်ကို
လိုက်လာပြီဗျို့။

“အီး၊ ဝူး၊ ဝူး၊ အီး”

ဟာ ဒါ ပလ္လင်ပေါ်က သဘက်ကြီးရဲ့ အသံပဲဗျ။
ကျုပ် ပြေးရင်းနဲ့ နောက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်
ဟာ ထုချလိုက်ပြီဗျို့။ သဘက်ကြီးက
သူ့တင်းပုတ်ကြီးကို လေထဲမှာ မြှောက်ပြီး
ဆရာသာလာယရဲ့ ခေါင်းတည့်တည့်ကို ထုချ
လိုက်တာဗျာ။ ကျုပ်လည်း လေထဲမှာ
လွင့်နေအောင်ကို ပြေးရတော့တာပေါ့ဗျာ။

အဆောက်အဦးက အရှည်ကြီးဗျ။
ကျုပ် တံခါးဝကို ရောက်တော့ တံခါးကြီးနှစ်ချပ်က
ပိတ်တော့မလို ရွေ့လာနေပြီဗျ၊ ကျုပ်လည်း
တံခါးပေါက်ကို လွှားကနဲ ခုန်ကျော်လိုက်ရတာပေါ့ဗျာ။

“ကိုဗလ ပြေး ပြေး ”

ကျုပ်အော်သံကို ကြားတော့ ကျုပ်တို့ကို
စောင့်နေတဲ့ စည်းဝိုင်းထဲက ကိုဗလလည်း
ချာကနဲ လှည့်ပြီး တစ်ချိုးတည်းပြေးရောဗျို့။

“ဝုန်း၊ ဝုန်း၊ ဝုန်း ”

ကျုပ်တို့နောက်က တဝုန်းဝုန်းအသံတွေ
ကြားနေပေမယ့် ကျုပ်တို့ နောက်ကို
လှည့်မကြည့်တော့ဘဲ ရွာအရောက်
ပြေးကြရတာပေါ့ဗျာ။ ရွာထဲကို ရောက်တော့
ကိုဗလတို့အိမ်ကို တန်းလာပြီး အမောဆို့မတတ်ကို
ဖြစ်တော့တာပေါ့ဗျာ။

အဲဒီညက အမောပြေသွားတော့ ဖြစ်သမျှကို
ကျုပ်က ကိုဗလကို ပြန်ပြောပြတယ်။
တစ်ညလုံး အိပ်လို့မပျော်ပါဘူးဗျာ။
နောက်တစ်နေ့မနက်စောစောမှာ
ကိုဗလနဲ့ ကျုပ်နဲ့ ညက ဂမ္ဘီရသိုက်ကြီး
တူးတဲ့နေရာကို တစ်ခေါက်သွားကြည့်ကြတယ်။

ဒါပေမဲ့ တောင်ကမူကလေးတွေက လွဲရင်
ကွင်းပြင်ကြီးအတိုင်းပါပဲဗျာ။ ထူးခြားတာဆိုလို့
ဘာတစ်ခုမှ မတွေ့ရပါဘူး၊ ဆရာသာလာယ
ဆိုတဲ့ စူဠဂန္ဓာရီကြီးကတော့ အဲဒီညက
စပြီး လူ့လောကထဲကနေ
အပြီးပျောက်သွားတော့တာပေါ့လေ။
သြော်…ဆရာမနိုင်လို့ ခေါ်ထိုက်ပါပေရဲ့၊
အဲဒီနေ့မှာပဲ ကိုဗလက ကျုပ်ကို သူ့လှည်းနဲ့
ရွာအထိ ပြန်ပို့ပေးခဲ့ပါတယ်ဗျာ။

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ