ရှင်ပြုခိုင်းတဲ့ဝညာဥ်

မြှုပ်လိုက်ကြရသည်။
ထိုအချိန် ထိုထွန်းခင် အသက်က (၃၅)နှစ်
မမြအေးက အသက် (၃၃)နှစ်သာ ရှိသေးသည်။
သူတို့တွင် (၁၃)နှစ်အရွယ် အကြီးဆုံးသား ။
(၁၀)နှစ်အရွယ်သား။ (၈)နှစ်အရွယ် သမီး။
(၆)နှစ်အရွယ် အငယ်ဆုံးသား အားလုံး
သားသမီး လေးယောက် ကျန်ခဲ့သည်။
သူတို့ လင်မယား အိမ်ထောင်မကျခင်ကတည်းက
နှစ်ဖက်မိဘများ လူ့လောကတွင် မရှိတော့။
မမြအေးမိခင်၏ညီမဖြစ်သူ ဒေါ်လေးဒေါ်ထွေးစိန်၏
အုပ်ထိန်းမှု အောက်မှာနေရင်း အိမ်ထောင်ကျခဲ့သည်။
သို့အတွက်ကြောင့် အိမ်ထောင်ကျ၍ အိုးအိမ်ခွဲ
နေထိုင်ကြသည့်အခါ ဒေါ်ထွေးစိန်၏ ခြံတွင်းအတွင်းမှာပင်
အိမ်တစ်လုံး ဆောက်၍ နေထိုင်ခဲ့ကြပါသည်။
ယခု မိဘနှစ်ဦးလုံး သေဆုံးသွားသည့်အတွက်
မိဘမဲ့သွားသော ကလေး လေးယောက်ကို
ဒေါ်ထွန်းစိန်အိမ်ပေါ် ခေါ်တင်ထားရတော့သည်။
ဒေါ်ထွေးစိန်က မုဆိုးမဖြစ်ပေမယ့် သားနှင့်သမီး
အသက်သုံးဆယ်ကျော် အပျိုကြီး ။လူပျိုကြီး
မောင်နှမက လယ်ယာအလုပ်ကို ဦးစီးလုပ်ကိုင်ပေးနေခြင်းကြောင့်
စားဝတ်နေရေး ပြေပြေလည်လည် ရှိခဲ့သည်။
အပျိုကြီးနှင့် လူပျိုကြီးတို့က မိဘမဲ့ တူလေး
တူမလေးတို့အား မိဘများ ရှိစဉ်ကကဲ့သို့
အငယ်နှစ်ယောက်ကို ကျောင်းဆက်ထားပေးခဲ့သည်။
အကြီးဆုံးနှင့် အလတ်ကောင်တို့လည်း
စတုတ္ထတန်းအောင်ပြီးကတည်းက
ကျောင်းမှထွက်ပြီး မိဘအလုပ်များကို
နိုင်သမျှ ဝင်လုပ်ပေးကြသည်။
(၈)နှစ်အရွယ် သမီးလေးက စတုတ္ထတန်းမှာ တက်နေသည်။
အငယ်ဆုံးသားကတော့ ပထမတန်းမှာပင် ရှိသေးသည်။
စတုတ္ထတန်းအောင်ပြီး ပဉ္စမတန်းတက်မည်ဆိုလျှင်
ရွာနှင့်ငါးမိုင်မျှ ဝေးသော တာဆုံကြီးရွာကြီးမှ
သွားတက်ရပေမည်။
အလယ်တန်းကျောင်းက ရွာနှင့်မနီးသဖြင့်
လေးတန်းအောင်ပြီးသည်နှင့်
အလယ်တန်းသို့ တက်သူ ရှားပါးလှသည်။
ကိုထွန်းခင်နှင့် မမြအေးတို့ ဆုံးပါးသွားခဲ့သည်မှာ
တစ်လပြည့်သွားခဲ့ပြီ။သို့ကြောင့် လပတ်ဆွမ်းကို
ဘုန်းတော်ကြီးကျောင်းသို့ သွားပို့ရန် ဒေါ်ထွေးစိန်တို့
သားအမိ ဆွမ်းဟင်း သုံးမျိုးခန့် ချက်ပြုတ်နေကြသည်။
အချိန်က နံနက်လေးနာရီခန့်ကျော်ပြီ။
ဒုန်း
ဝေရာ
ဒေါက် …ဒေါက်
“ဟဲ့ …ဟဲ့ ။ ခဲလုံးတွေ အိမ်ထဲဝင်လာပါလား”
“ဘယ်ကများ ပေါက်ပေါက်ရှာရှာ ။ ခဲလုံးတွေနဲ့
လာပေါက်နေရတာလဲ”
လူပျိုကြီး ကိုမျိုးဇော်လည်း အနီးသို့ ကျလာသော
ခဲတစ်လုံးကို ကောက်ယူပြီး ကြည့်လိုက်သည်။
“ဟင် အမေနဲ့နုတင် ။ဒီခဲလုံးတွေကိုကြည့်ပါဦး
တစ်ရွာလုံး ရေတွေ ဖုံးနေတာ ခဲလုံးတွေက အခြောက်တွေ
ခြောက်သမှလက်နဲ့ ချေလိုက်ရင် သဲတွေလို ကြေသွားတယ်”
“ဒေါက် ဒေါက် ”
“ဟော ကျလာပြန်ပြီ။ ဖိနပ်ချွတ် အမိုးနဲ့ အိမ်မကြီး
တံစက်မြိတ်ကြား လွတ်နေတဲ့နေရာက ခဲတွေ ဝင်လာတာ”
“ဘယ်သူကများ ရှာရှာဖွေဖွေ ခဲတွေ ရှာလာပြီး
ပေါက်နေတာလဲ မသိဘူး”
ဒေါက် …ဒေါက်
ခဲလုံးများက ကျမြဲကျနေသည်။
“ဟဲ့ …မျိုးဇော် အိမ်ထဲကပဲ ဝေဖန်မနေနဲ့။
တံခါးဖွင့်ပြီး အိမ်ရှေ့သွားကြည့်ကြပါဦး”
ကိုမျိုးဇော်လည်း တံခါးဖွင့်၍ အပြင်သို့ ကြည့်ရာ
မနက်လေးနာရီခွဲခန့်လည်း ဖြစ် ။ မိုးသားမိုးရိပ်တို့
ရှိနေခြင်းကြောင့် မှောင်မှောင်မည်းမည်းသာ မြင်ရသည်။
“အပြင်မှာ မှောင်နေသေးတယ် အမေရဲ့။ တကယ်ပစ်တဲ့
လူဟာ လှေစီးပြီး လာပစ်မှရမယ် ။ သရဲခြောက်နေတာပဲ ဖြစ်မယ်”
“နင့်စကားကလည်း မဟုတ်သေးပါဘူး ။ ဘယ်က
သရဲလာပေါက်ရမှာလဲ”
ကိုမျိုးဇော်က တံခါးကို ပြန်စေ့ခဲ့ပြီး မီးဖိုအတွင်းသို့
ဝင်လာသည်။
“အမေပဲ စဉ်းစာကြည့်လေ။ ဘယ်သူက တံစက်မြိတ်ကြီးက
အိမ်ထဲဝင်အောင် ပေါက်နိုင်မှာလဲ ။ အခု တော်သတင်းလဆန်း
မိုးကောင်းတုန်း တစ်ရွာလုံး ရေလွှမ်းနေတာ ။ ဒီလို ခဲမျိုးနဲ့
ပေါက်ချင်ရင် အညာ မိုးခေါင်ဒေသက ခဲတွေကို လှေနဲ့
သယ်လာပြီး ပေါက်မှရမယ် ။ ဟို ခဲလုံးတွေ ကြည့်ပါလား
ကြမ်းပြင်နဲ့ ထိတာနဲ့ ကြေမွသွားတာ ။ ရွှံ့ကို လုံးပြီး
အခြောက်ခံထားတဲ့ ခဲ မဟုတ်ဘူး။ ထူဆန်းလို့
သရဲခြောက်ခံတာလို့ ပြောတာ ”
ဒေါက် ဒေါက်
ခဲက ကျမြဲ ကျနေသည်။
လူကိုတော့ တစ်လုံးမှမထိ။
“ဒါဆို လှခင်နဲ့ မြအေးတို့ နှစ်ယောက် ။ လပတ်ဆွမ်းအတွက်
ဆွမ်းဟင်း ။ ထမင်းချက်နေတာ သိတဲ့အကြောင်း ခဲပေါက်ပြီး
အသိပေးနေတာများလား”
“တို့ ဆွမ်းချက်တာသိလို့ အချက်ပေးတာ ဆိုရင်လည်း
ဆွမ်းပို့ပြီး တရားနာရင် ဝင်နာလို့ရလည်း ဝင်နာ။
ဒါမှမဟုတ် သာဓုခေါ်ချင်လို့ ဆိုရင်လည်း အမျှဝေတဲ့အခါ
စောင့်ပြီး သာဓုခေါ်ပေါ့”
မနက်မိုးလင်းတော့ ခဲများ ခဲအကြေများကို ကောက်သ်ိမ်းရာ
ဇကောတစ်ဝက်နီးပါးရသည်။
“ကြံကြံဖန်ဖန် ဒီလောက်ခဲတွေ ဘယ်ကများ ကောက်လာပြီး
ပစ်နေတာလဲ မသိဘူး”
မနက် ရှစ်နာရီခန့် နေ့ဆွမ်းအတွက် ဆွမ်းချိုင့် နှစ်ချိုင့်ကို
ဒေါ်ထွေးစိန်နှင့် မနုတင်တို့ တစ်ချိုင့်စီဆွဲပြီး ဘုန်းတော်ကြီး
ကျောင်းသို့ သွားပို့ကြသည်။
အငယ်လေးနှစ်ယောက်က ကျောင်းသွားရန် ပြင်ဆင်နေသည်။
အကြီးဆုံးကောင်လေးက လှေဖြင့် ကျောင်းပို့ရန်
လှေဝမ်းအတွင်းမှ ရေကို ခပ်ထုတ်ပြီး အသင့်စောင့်နေသည်။
ထိုကဲ့သို့ ဒေါ်ထွေးစိန်အိမ် ခဲပေါက်ခံရသော နေ့၏
နောက်တစ်ရက်တွင် လက်ပံလှရွာ ဦးပု ဒေါ်လှထွေးတို့အိမ်မှာလည်း
တစ်ညလုံး နီးပါး ခဲလုံးအခြောက်တွေ အဆက်မပြတ်
ကျခဲ့သည်။ တစ်ရွာနှင့် တစ်ရွာ ဆယ်မိုင်ခန့် ဝေးသည်။
ဒေါ်လှထွေးက သေသူ မမြအေး၏အစ်မရင်း
ဖြစ်သည်။ ဦးပုနှင့် အိမ်ထောင်ကျပြီး
ဦးပုတို့ရွာ လက်ပံလှမှာ လိုက်နေခြင်း ဖြစ်သည်။
အကြောင်းကိစ္စမရှိလျှင် ဆီးဖြူသောင်ရွာသို့
တစ်နှစ်တစ်ခေါက်ပင် မရောက်တတ်။
အသက် နှစ်ဆယ် သမီးတစ်ယောက်နှင့် အသက် (၁၈)နှစ် ရှိ
သားတစ်ယောက်သာ ရှိပြီး လယ်ယာအလုပ်နှင့်
အသက်မွေးမြူကြသည်။
ထိုကဲ့သို့ လက်ပံလှရွာမှာ ခဲကျသကဲ့သို့ ဂျို့မြောင်ရွာ
ဦးလှသန်း ။ ဒေါ်စောမောအိမ်မှာလည်း ခဲလုံးအခြောက်များ
တစ်ညလုံး နီးပါး ကျရောက်ခဲ့သည်။
ဦးလှသန်းက ကိုထွန်းခင်၏ အစ်ကို အကြီးဆုံး ဖြစ်သည်။
အသုဘ ရက်မလည်ခင် အဝေးရွာများမှာ ရှိကြသော
မိသားစုများ အသုဘအိမ်သို့ ညအိပ် ညနေ ရောက်လာကြသည်။
ရက်လည်ပြီးနောက် ကိုယ့်ရွာကိုယ် ပြန်ကုန်ကြသည်။
သေဆုံးသူဇနီးမောင်နှံ၏ ဆွေမျိုးသားချင်းများ
တစ်ရွာနှင့် တစ်ရွာ မနီးပါဘဲ ကိုလှခင်တို့ လင်မယား
သေဆုံး၍ တစ်လပြည့်ပြီးနောက်မှ ခဲများ ကျရသည့်
အကြောင်းရင်းမှာ ဆွေမျိုးများအား လာနှုတ်ဆက်ခြင်းဟု
အားလုံး မှတ်ယူကြသည်။
ခဲများဖြင့် ပေါက်ခြင်းက တစ်ရက်တည်းနှင့်
ပြီးသွားမည်ထင်ပေမယ့် ပြီးမသွား။ နှစ်ရက်ခြား
သုံးရက်ခြား ခဲများဖြင့် အပေါက်ခံနေရသည်။
တစ်ရက် …လက်ပံလှရွာမှာ ထူးခြားမှု ကြုံကြရသည်။
ထိုနေ့က အိမ်မှာ ဦးပုမရှိ။ လယ်ကွင်းထဲ ရောက်နေသည်။
ညဦးပိုင်းက ခဲကျသည့်အကြောင်းကို သားအမိနှစ်ယောက်
ပြောဆိုနေကြသည်။ စကားပြောနေရင်းက သမီးဖြစ်သူ
တင်တင်ရီ တုန်တုန်ရီရီ ဖြစ်လာကာ ထိုင်နေရင်းက
ပစ်လဲသွားသည်။
“ဟဲ …ဟဲ …တင်တင်ရီ ဘာဖြစ်တာလဲ”
“အမေ …အစ်မ ဘာဖြစ်သွားတာလဲ”
“မသိဘူး …အမေနဲ့ စကားပြောနေရင်းက
ငိုငိုရီရီဖြစ်ပြီး လဲသွားတာပဲ”
“ခေါင်းရင်းအိမ်က ဒေါ်လေးတင်မြကို သွားခေါ်ခဲ့စမ်း”
“ဟုတ်ကဲ့ အမေ”
မကြာခင် ဒေါ်တင်မြလည်း မောင်လှဝင်းနှင့်အတူ ပါလာသည်။
“ဟဲ့ …လှထွေး ။ ညည်းသမီး ဘာဖြစ်တာလဲ”
“လာကြည့်ပါဦး …ဒေါ်လေးတူမ ဘာဖြစ်မှန်း မသိဘူး”
ဒေါ်တင်မြက လဲနေသော တင်တင်ရီ၏ ဘေးမှာ
ဝင်ထိုင်လိုက်ပြီး အခြေအနေကို အကဲခတ်ကြည့်နေသည်။
“ဒါ ပုံမှန် မဟုတ်ဘူး ။ တစ်ခုခု ဝင်ပူးကပ်နေတာပဲ
ကဲ …ကဲ။ ကလေးမဆီမှာ ဝင်ပူးကပ်ထားတဲ့ သက်ဆိုင်သူ
ဘာဖြစ်ချင်တာလဲ …ဘာပြောချင်တာလဲ …ထပြီးပြောပြပါ”
ထိုသို့ မေးလိုက်မှ …တုန်တုန်ရီရီ ဖြစ်နေသော တင်တင်ရီလည်း
လဲနေရာမှ ထိုင်လိုက်သည်။
ထိုင်ပြီးသည်နှင့် တဟီးဟီး ဟီးတိုက် ငိုနေပါတော့သည်။
“ကဲ …ငိုနေမယ့်အစား ပြောစရာရှိတာ ပြောပါ။
နင် ဘယ်သူဆိုတာလဲ သိပါရစေ”
“ကျမ ဆီးဖြူသောင်ရွာက မြအေးပါ”
“ဟင်…မြအေး…နင့်အစ်မကို ဘာပြောစရာရှိလို့လဲ”
“ကျမရဲ့ ကလေးတွေကို စိတ်မချလို့ ”
ထိုအခါ အစ်မကြီးဖြစ်သော ဒေါ်လှထွေးက ဝင်ပြောသည်။
“ဘာဖြစ်လို့ စိတ်မချရတာလဲ …ဟိုမှာ ညီမရဲ့ ဒေါ်လေး
တစ်ယောက်လုံး ရှိနေတာပဲ …အပျိုကြီး ။ လူပျိုကြီး
မောင်နှမနှစ်ယောက်ကလည်း ကလေးတွေကို ချစ်ကြတာပဲ
မဟုတ်လား”
“ဟုတ်တော့ …ဟုတ်ပါတယ်”
“ဒါဖြင့် ဘာကြောင့် စိတ်မချဖြစ်နေရတာလဲ”
“ကလေးတွေကို ရှင်ပြုမပေးရသေးလို့ပါ။
ကိုကြီးပုနဲ့ အစ်မကြီးတို့က ကလေးတွေ ရှင်ပြုပေးနိုင်အောင်
ပြောပေးဖို့ပါ”
“ပြောပေးပါ့မယ် …ဒီနှစ် ကိုင်းသိမ်းလို့ ရောင်းချပြီး
ငွေပေါ်တာနဲ့ ရှင်ပြုပေးနိုင်အောင် ပြောပေးပါ့မယ်။
တို့ကလည်း နိုင်သမျှ ဝိုင်းဝန်း ထောက်ပံ့ပေးမှာပေါ့
နင်တို့ လင်မယားလည်း ကလေးတွေကို စိတ်စွဲမနေနဲ့။
ကိုယ်သွားရမယ်လမ်းကို ဖြောင့်ဖြောင့်သွား ။
ကလေးတွေ ကိစ္စမှန်သမျှ ငါတို့ တာဝန်ထား”
“ကျမတို့ကတော့ ကလေးတွေကို ရှင်ပြုမပေးမချင်း
ပေါက်နေမှာပဲ။ ဘယ်မှလည်း သွားမှ မဟုတ်ဘူး”
“အခုတော့ မဖြစ်နိုင်သေးဘူး ။ လယ်သမားတွေက
ကိုင်းသိမ်းပြီးမှ ပိုက်ဆံပေါ်တာ ။ နင်တို့လည်း အသိသားပဲ
ကဲ…ကဲ ငါတို့ နွေရောက်တာနဲ့ အသီးအနှံတွေ
ရောင်းပြီးရင် ရှင်ပြုပေးမယ် …စိတ်ချနေ ဟုတ်လား”
“ဂျို့မြောင်ရွာက အစ်ကိုကြီးတို့ လင်မယားကိုရော
ကျန်တဲ့ အမျိုးတွေပါ သတိပေးပါ”
“အေး …အေး ။ အားလုံး ဆွေမျိုးစုံအောင် အသိပေးမယ်။
အိမ်ကို ခဲနဲ့ မပေါက်နဲ့တော့ ဟုတ်လား”
တင်တင်ရီကို ဝင်ပူးနေသည့် မမြအေးဝိညာဉ်လည်း
သူပြောချင်သည့် စကားများပြောပြီးသည်နှင့်
ထွက်သွားတော့သည်။
“ကဲ ကြားတဲ့အတိုင်းပဲ ။ လူကြုံရှိရင် နင်တို့ဒေါ်လေးဆီ
သတင်းပို့ ။ ဂျို့မြောင်က လှခင်ရဲ့အစ်ကို လှသန်းတို့လင်မယားဆီ
အကြောင်းကြားလိုက်”
မမြအေး ဝိညာဉ် ဝင်ပူးကပ်ပြီး ပြောခဲ့သည် ရှင်ပြုပေးရန်
ကိစ္စကို အကြောင်းကြားလိုက်သဖြင့် ညဘက်ခဲကျရခြင်း
အကြောင်းကို အားလုံး သိကုန်တော့သည်။
ထိုသို့ အားလုံးသိခဲ့ကြပြီဆိုသော်လည်း ခဲက ရက်ခြား
ကျမြဲကျနေသည်။ ကြာတော့ စိတ်မရှည်တော့သည်
မမြအေး၏ဒေါ်လေး ဒေါ်ထွေးစိန် အိမ်ပြင်ထွက်၍
အော်တော့သည်။
“ဟဲ့ …လှခင်နဲ့ မြအေးရေ …ခဲနဲ့ ခဏ ခဏ ပစ်မနေနဲ့။
ငါတို့အားလုံး ပိုက်ဆံချမ်းသာကြတာ မဟုတ်ဘူး။
နွေရောက်လို့ ကိုင်းသိမ်းပြီးတာနဲ့ ရှင်ပြုပေးမယ်လို့
ဂတိပေးထားတယ်လေ …စိတ်ဆိုးအောင် လာလုပ်မနေနဲ့”
“ဒေါက် ”
“ဒေါက်…ဒေါက်”
ဒေါ်ထွေးစိန်ရှေ့ကပြော ခဲတွေ နောက်က ကျနေသည်။
“ပြောမနေနဲ့ အမေရ …ပြောတဲ့လူ မောရုံရှိမယ်”
လူပျိုကြီး ကိုမျိုးဇော်က လှမ်းအော်ပြောလိုက်သည်။
ခဲကတော့ ဇွဲကောင်းကောင်းနဲ့ ရက်ခြားကျနေသည်။
ခဲကျတိုင်းလည်း ရှင်ပြုပေးမယ်။ မပစ်နဲ့တော့ဟု
ထွက်ပြောသည်။ တစ်ည ဒေါ်ထွေးစိန် အိပ်ပျော်နေစဉ်
အိပ်မက်ထဲမှာ မမြအေးကို မြင်လိုက်သည်။
သူကတော့ သားတွေ ရှင်မပြုရသေးသရွေ့
အားလုံးကို အသိလိုက်ပေးနေမှာပဲ ဟု ပြောပြီး
ပျောက်သွားသည်။
အားလုံး လက်လျော့လိုက်လေတော့သည်။
ခဲကတော့ ကိုလှခင် မမြအေးတို့၏ သွေးသားရင်းရွာတိုင်း
အပေါက်မပျက်ရက်ခြား ပုံမှန် ကျနေသည်။
ထို့နောက်တော့ ခဲကျသော ဆွေမျိုးသားချင်း အရင်းများပင်
မဟုတ်ဘဲ ဝမ်းကွဲဆွေမျိုးများကပါ သေဆုံးသူလင်မယား၏
ဆန္ဒ ပြင်းပြနေသော ကလေးတွေ ရှင်ပြုပွဲကို မဖြစ်ဖြစ်အောင်
ဝိုင်းဝန်းကူညီကြမည်ဟု နှုတ်ဂတိပေးလာကြသည်။
တန်ဆောင်မုန်းလမှာ စပါးများရိတ်သိမ်းပြီးသော်လည်း
ပိုက်ဆံရအောင် မလုပ်နိုင်သေးပေ။ ရိတ်ပြီး ကောက်လှိုင်းများကို
ခြောက်အောင်လှန်း၍ တလင်းသို့ သယ်ပြီး ပုံထားသည်။
လယ်ကွင်းထံမှ ရိုးပြတ်များကို အားချင်းခုတ်၍
တစ်ရက်နေပြကာ နောက်နေ့ မီးရှို့ပြီး လယ်မြေများ
အစိုဓါတ်မကုန်ခင် အမြန် ထွန်ယက်ကြသည်။
ပဲ ပြောင်း နှမ်း ဆေးရွက်ကြီး ဖရဲ ငရုတ် မြေပဲတို့မှ
မိမိတို့ အကျိုးဖြစ်ထွန်းမည့် သီးနှံများကို ရွေးပြီး
စိုက်ကြသည်။ နေ့ဘက် ထွန်ယက်ရင်း ညဘက်စပါးနယ်
ကောက်ဆွ အလုပ်ကို အချိန်မျှ ဆက်တိုက် လုပ်ကြရသည်။
နေ့ခင်းထမင်းစားချိန် လေရူးလေးများ တိုက်သည်နှင့်
ကြုံလျှင် ထမင်းပန်ကန်ကိုပင် ပစ်ချပြီး ဂေါ်ပြားနှင့်တိုး၍
စပါး လှေ့ရသည်။
အချို့ကတော့ လင့်စင်ထိုးပြီး စပါးလှေ့ကြသည်။
စပါးသန့်စင်ပြီး ရောင်းရပြန်သည်။ ထိုစပါး ရောင်းရငွေကို
ကိုင်းလုပ်ငန်းမှာ အရင်းအနှီး ပြန်ထည့်ရသည်။
အသီးအနှံများ ဖြစ်ထွန်းရန် ရေသွင်းရန် လိုအပ်လျှင်
ရေသွင်းသည်။
ပေါင်းလိုက်သင်သည့်အကွက်များကို ပေါင်းလိုက်သည်။
တပို့တွဲ့ ။ တပေါင်းရောက်သည့်နှင့် ကိုင်းသီးနှံများ
စသိမ်းပြီ။ ထွက်သမျှ အသီးအနှံများကို ကုန်သည်ပွဲစားများရှိရာ
ပွဲရုံသို့ သွားပို့သည်။ ကုန်သည်တို့ လိုအပ်ချက်များလျှင်
စျေးကောင်းရသည်။
ဒေါ်ထွေးစိန်တို့ ကိုင်းမှထွက်သော မတ်ပဲ နှမ်း ဖရဲတို့
နိုင်ငံခြား အဝယ်လိုက်နေသဖြင့် စျေးကောင်းရလိုက်သည်။
ကိုင်းထွက်သမျှ အသီးအနှံများ ရောင်းချပြီးပြီ။
ထိုအချိန် လယ်သမား ကိုင်းသမားတို့အားလုံးလည်း
အသီးအနှံများ သိမ်းပြီး ရောင်းချ၍ ငွေပေါ်နေကြပြီ။
ဒေါ်ထွေးစိန်တို့ ဆီးဖြူသောင်ရွာ တပေါင်းလပြည့်
ရွာဘုရားပွဲ စည်ကားစွာ ကျင်းပနေသည်။
တပေါင်းပွဲကို အနီးနားရွာများမှ လှည်းများဖြင့်
ပျော်ပျော်ပါးပါး ဘုရားပွဲ လာကြသည်။
ဒေါ်ထွေးစိန်အိမ်မှာ လက်ပံလှရွာက ဦးပု ဒေါ်လှလင်မယား
ဂျို့မြောင်ရွာမှ ဦးလှသန်း ဒေါ်စောမေ လင်မယား မမြအေး၏ညီမ
မိသားစု ကိုလှခင်၏ ညီမနှင့် ညီမိသားစုတို့ စုံညီစွာ ရောက်နေသည်။
ဘုရားပွဲလာခြင်းထက် သေဆုံးသွားပြီဖြစ်သည့်
ကိုလှခင်တို့ လင်မယား၏ ကျန်ခဲ့သော သားသုံးယောက်ကို
ရှင်ပြုပေးရန် အဓိကထား တိုင်ပင်ကြရန် ဖြစ်သည်။
ထို့အတူ မိမိတို့ သားများကို ရဟန်းအဖြစ်လည်းကောင်း။
သာမဏေအဖြစ် လည်းကောင်း ။ အတူထည့်ပြီး
သာသနာ့ သွင်းရန် အစီလည်းပါသည်။
ဒေါ်ထွေးစိန်၏ မတည်ငွေ ။ ဆွေမျိုးသားချင်းများ၏
ထည့်ငွေနှင့် အလှူလုပ်ရန် ရက်ကောင်းရွေး၍
သတ်မှတ်ကြသည်။
ထိုည စကားပြော မပြတ်၍ လူကြီးများ ဘုရားပွဲသို့
မသွားဖြစ်တော့ဘဲ ကလေးများကိုသာ တင်တင်ရီတို့
မောင်နှမ ဦးဆောင်ပြီး ခေါ်သွားရန် လွှတ်လိုက်သည်။
အိမ်ရှေ့ခန်းမှာ ရေနွေးသောက်ရင်း အလှူအကြောင်း
တိုင်ပင်နေကြချိန် ည ရှစ်နာရီခန့် ရောက်လာသည်။
ဒေါက် ဒေါက်
ဒေါ်ထွေးစိန်က ထိုင်ရာမှ အိမ်ကပြင်သို့ ထသွားပြီး…
“လှခင်နဲ့ မြအေးရေ …နင်တို့ ကလေးတွေကို
ရှေ့လ တန်ခူးလဆန်း (၁၄) ရက်နေ့မှာ ရှင်လောင်းလှည့်မယ်
( ၁၅)ရက်မှာ အလှူတရားနာမယ်။ ရက်သတ်မှတ်ပြီးပြီ
သာဓုခေါ်ဖို့ စောင့်နေ။ ခဲနဲ့ မပစ်ကြနဲ့တော့”
ဒေါ်ထွေးစိန်ပြောပြီး အိမ်ထဲ ပြန်ဝင်ခဲ့ပေမယ်…
ဒေါက် ဒေါက်
ဒေါက်
အိမ်ထဲသို့ ခဲနှစ်လုံး သုံးလုံးမျှ ကျသေးသည်။
“တော်တော် ဇွဲကောင်းတဲ့ လင်မယားပဲ”
သို့ဖြင့် တစ်လဟု ရက်သတ်မှတ်ခဲ့ပေမယ့်
ဆယ့်ငါးရက်လောက်ကတည်းက အလှူကိစ္စကို
စီစဉ်နေကြသည်။
အလှူပွဲနီးမှပင် ကိစ္စအားလုံးပြီးစီးသွားသည်။
အလှူရက်သို့ ရောက်ခဲ့သည်။
အားလုံး ရဟန်းလောင်းသုံးပါး ရှင်သာမဏေလောင်း
ရှစ်ပါးအားလုံး ဆယ့်တစ်ပါးဖြစ်သည်။ ဆီးဖြူသောင်
အင်းကုန်း ငှက်ပျော်တောရွာ သုံးရွာပတ်၍
ရှင်လောင်းလှည့်ကြသည်။
မြင်းများဖြင့် စည်စည်ကားကား ဖြစ်ခဲ့သည်။
ညနေ သုံးနာရီမှာ ရှင်လောင်းသွင်းသည်။
ရှင်လောင်းဘိသိတ်ဆရာ၏ ရှင်လောင်းသွင်းရှိုးလိုက်
အဆိုအပြောများက ကြည့်ရှုနားထောင်နေသူများ၏
မျက်ရည်ကို ချူထုတ်နေသည်။
ကိုရင်လောင်းများ၏ မိဘများကို သနားစိတ်နှင့်
မျက်ရည်ကျကြရသည်။
ရှင်လောင်းများ သင်္ကန်းစီးပြီးသွားပြီ။
ထိုအချိန် အလှူမှာ ဝိုင်းဝန်းကူညီပေးနေသည့်အတွက်
မတင်ညွန့်အား မမြအေး ဝိုင်ရောက်ပူးကပ်တော့သည်။
မမြအေး ဝင်ပူးကပ်မှန်းသိသည့်အတွက် ဝိုင်းဝန်းမေးကြသည်။
အလှူအတွက် ဝမ်းသာရန် ပြောကြသည်။
သားကိုရင်လေးတွေ ခြေထောက်ကို ဦးခိုက်ပြီး …
“သားလေးတွေကို ကိုရင်အဖြစ် မြင်တွေ့ရလို့
ဝမ်းသာလိုက်တာ…တပည့်တော်တို့ ဆန္ဒတွေ
မပြည့်ဝပေမယ့် ဆွေမျိုးတွေက
ကိုရင်ဝတ်ပေးကြလို့ … ဆွေမျိုးတွေကိုလည်း
ကျေးဇူးတင်ပါတယ်”
ကိုရင်လေးသုံးပါးကိုခြေထောက်ကိုဖက်,ဖက်ပြီး
ရှိုက်ကြီးတငင် ငိုနေပါသည်။
ဒေါ်ဖွားချစ်နှင့် ဒေါ်ထွေးစိန်တို့က…
“ဟဲ့ …မြအေး။
နင့်သားတွေကို နင့်ဆန္ဒရှိတဲ့အတိုင်း
ရှင်ပြုပေးပြီးပြီ ။ နင်တို့ဝမ်းသာရမှာ ဘာဖြစ်လို့
ငိုနရတောလဲ”
“ကျမ မလုပ်နိုင်ခဲ့တဲ့ ဒီအလှူကြီးကို ကျမမိသားစုဝင်တွေက
လုပ်ပေးတဲ့အတွက် ဝမ်းသာလွန်းလို့ပါ”
“အေး…မနက်ဖြန် တရားပွဲပြီးလို့ အမျှဝေရင်
သာဓုခေါ်ဖို့ လာခဲ့ ဟုတ်လား”
“ကျမတို့ စောင့်ပြီး သာဓုခေါ်ပါ့မယ်
အခု အားရအောင် ရှိခိုးပါရစေ”
“ကဲ…ရှိခိုးပြီးရင် သွားတော့ ကိုရင်လေးတွေ
မျက်ရည်ကျကုန်ပြီ။ သွားကြတော့ …သင့်တော်တဲ့
နေရာကနေပြီး အလှူတရားနာဖို့ စောင့်နေကြ”
မမြအေး ဝင်ပူးကပ်ခြင်း ခံနေရသော မတင်ညွန့်လည်း
ကိုရင်သုံးပါးကို ရှိခိုးချကာ ပြန်ထွက်သွားခဲ့တော့သည်။
အနီးမှာ ရပ်ကြည့်နေသူများရော ။ ကိုရင်သုံးပါး
အားလုံး မျက်ရည်များဖြင့် ပြည့်နေတော့သည်။
ဝင်ပူးကပ်ခြင်း ခံလိုက်ရသော မတင်ညွန့်လည်း
ပြန်သတိရလာ၏။
သူ့အား ဝိုင်းကြည့်နေကြသဖြင့်…
“ကျမကို ဝင်စီးသွားတာလား”
“ဟုတ်တယ်…အခုပဲ..ပူးကပ်နေရာက ခွာသွားတာ”
XXXXX
အလှူအကျွေးအမွေးရက် ရောက်ခဲ့ပြီ။
နေ့ခင်းရောက်တော့ အလှူတရားနာကြသည်။
လှူဒါန်းသမျှ ဒါနအစုစုတို့ကို ဝေနေယျ သတ္တဝါတို့အား
ရေစက်ချ အမျှအတန်းဝေကြသည်။
ကြားကြားသမျှ အပေါင်းတို့ကလည်း
သာဓုခေါ်ကြသည်။ အလှူမှာ ရောက်ရှိနေသူအားလုံးကလည်း
တမလွန်မှာ ရောက်နေကြပြီဖြစ်သော ကိုလှခင် မမြအေးတို့ကို
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်စေချင်ကြသည်။
အားလုံးဆန္ဒရှိသည့်အတိုင်း အလှူမဏ္ဍပ်၏
အနီးအပါး ရောက်ရှိနေသော ဝိညာဉ်လင်မယားလည်း
စောင့်ပြီး လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ကြပါသည်။
သာဓုသုံးကြိမ်သုံးခါ ခေါ်ဆိုအပြီးမှာတော့
ကိုလှခင်နှင့် မမြအေးတို့ ဝိညာဉ်များလည်း
စိတ်လက်ချမ်းသာစွာနှင့် အဝေးသို့ ထွက်ခွာသွားတော့သည်။
ဆရာ ဧကန်မင်း ၏ ‘ မဖဲဝါ၏ တောက်ခေါက်သံ’ စာအုပ်မှကူးယူကောက်နှုတ်တင်ပြသည်။