စုန်းမ

ဘယ်လိုမှ
ခေါ်လို့ မရတော့ဘဲ သေပါရောလား”
“ဟင် ဒါဆို တကယ်ပဲပေါ့”
‘သြော် ဒီကောင်လေးနှယ် ကျားကိုက်ပါတယ်ဆို၊
အပေါက်ကလေးနဲ့လား လုပ်နေရသေး။
နင်နဲ့ ဘိုးခင်သောင်းနဲ့ သိတာပဲ ။ နင် မယုံရင်
ဘိုးခင်သောင်းကို ချော့မေးကြည့်ပေါ့ ။
ဒါပေမဲ့ ခင်သောင်းက ဒီအကြောင်း ဘယ်သူ့ကိုမှ
မပြောဘူးဟဲ့ ”
“ဘာဖြစ်လို့လဲဗျ”
“သြော် မယ်ခကို ကြောက်လို့ပေါ့ဟဲ့ ။
မပြောရဲလို့ပေါ့”
“ဒါဆို ကျုပ်ကို သူ ဘယ်ပြောလိမ့်မတုံး အမေရ
ကျုပ်က အရီးမယ်ခကို ပြန်ပြောမှာပဲလို့ သူတွေးမှာပေါ့”
“အေး ဒါတော့ မသိဘူးဟဲ့”
“နေပါဦး အမေရဲ့။ အရီးမယ်ခက တခြားသူတွေကိုရော
ဘာလုပ်ဖူးသေးတုံး”
“တခြားသူတွေကိုတော့ မယ်ခ ဘာမှမလုပ်ဖူးပါဘူး”
“ဒါနဲ့များဗျာ အရီးမယ်ခကို လူတွေက ဘာဖြစ်လို့
ဒီလောက် ကြောက်နေကြတာလဲ”
“သြော် နောက်တစ်ခါ ရှိသေးတယ်ဟဲ့”
“ဟင် ဘယ်လိုတုံး အမေရ၊ ကျုပ်ကို ပြောပြစမ်းပါဦး”
“အေး အေး ဟုတ်တယ် ။ ဆရာတစ်ယောက်ဟဲ့၊
ဘယ်က ရောက်လာတယ်တော့ မသိဘူး။
သျှောင်ထုံးကြီးနဲ့ပဲ။အောင်ထိန်တို့ သေပြီး
လေးငါးနှစ်လောက်မှာ ရောက်လာတာ။
ရွာထဲဝင်ကတည်းက မယ်ခအိမ် ဘယ်မှာတုံးလို့မေးပြီး
မယ်ခဝိုင်းကို တန်းသွားတာ”
“အို ဟုတ်လားဗျ၊ ဟိုရောက်တော့ ဘာတွေ ဖြစ်ကုန်လဲ”
“ဝိုင်းရှေ့ကနေ အဲဒီဆရာက အော်ပြောသတဲ့။
ဟဲ့ စုန်းမ နင် အခု ထွက်ခဲ့စမ်း ၊ နင့်ပညာတွေ သိမ်းဖို့
ငါလာတာ။ ငါ ဘာလဲ ဆိုတာ နင် ထွက်ကြည့်စမ်းဆိုပြီး
အော်ပြောသတဲ့။ ရွာထဲက လူတချို့ကတော့
သွားကြည့်ကြတယ်”
“အမေရော သွားကြည့်သေးလား”
“မကြည့်ပေါင်တော်၊ ကျုပ်က ဒါမျိုး
စပ်စပ်စုစုလုပ်တဲ့သူ မဟုတ်ဘူး”
“အမေ ကြောက်လို့မသွားတာနေမှာပေါ့ဗျ”
ကျုပ်က အမေ့ကို စတယ်။ အမေက ကျုပ်ကို
မျက်စောင်းထိုးပြီး …
“အောင်မယ်တော် ကျုပ်က ဘာကြောက်စရာရှိလို့တုံး။
ကျုပ်နဲ့ မယ်ခက စကားတောင် ကောင်းကောင်းပြောဖူးတာ
မဟုတ်ဘူး”
“ကဲ ထားပါတော့ဗျာ ။ အဲဒီဆရာနဲ့ အရီးမယ်ခနဲ့
ဘာတွေ ဖြစ်ကြတုံးဗျ”
“သူတို့ ပြန်ပြောတာကတော့ မယ်ခက ထွက်မလာဘူးတဲ့၊
အဲဒီဆရာကလည်း ဝိုင်းအဝမှာထိုင်ပြီး စိပ်ပုတီးကြီး
ထုပ်စိပ်နေရောတဲ့ ။လူတွေကလည်း စောင့်ကြည့်နေကြတာ။
သူတို့ပြောတာတွေ မယ်ခကလည်း အိမ်ထဲမှာ သူ့ပညာကို
နှိုးနေတာတဲ့ဟဲ့၊ ညမိုးချုပ်တော့မှ မယ်ခက ဝိုင်းထဲ
ထွက်လာတယ်တဲ့၊ သူ့ကို စောင့်နေတဲ့ ဆရာနဲ့
မျက်နှာချင်းဆိုင် တွေ့တော့တာပဲတဲ့”
“ဟဲ့ စုန်းမ နင့်ပညာတွေ ငါ့ကို အကုန်လှူမလား။
မလှူဘူးလား တစ်ခွန်းပဲပြော”
“ဟဲ့ ဆရာကောင်၊ ငါတို့ပညာသည်တွေမှာ
စည်းကမ်းရှိတယ်။ နင့်ကို နစ်နာအောင် ငါဘာမှ
မလုပ်ဘူး။ တခြားသူတွေကိုလည်း ငါ ဘာမှမလုပ်ခဲ့ဘူး။
အေး ငါ့လာပြီး ရန်ရှာရင်တော့ သွေးပွက်ပွက်အန်သွားမယ်
မှတ်ပေတော့”
“ဟား ဟား ဟား နင်အဆင့်က ဘယ်လောက်များ
မြင့်နေလို့တုံး၊ အေး နင် မှတ်ထား၊ မိုးပေါ်မှာ သိကြား၊
မြေပြင်မှာ ငထွားတဲ့ ၊ ငါ့နာမည် ဆရာထွားတဲ့ဟေ့။
နင်တို့လို စုန်းမတွေကို လိုက်ရှာပြီး သတ်ပစ်နေတာဟဲ့
သိရဲ့လား။ နင်တို့လို စုန်းမ တစ်ယောက်သတ်ပြီးတိုင်း
ငါ ပညာတစ်ဆင့်တိုးသဟဲ့ စုန်းမရဲ့။ငထွားရဲ့
ပညာတွေ နင် မြည်းစမ်းကြည့်ပေတော့ ။
ကဲ ပြောနေကြာတယ် ။ ရော့ဟေ့ ဒီမှာ
ကဝေအစွယ်ချိုးအင်းတဲ့”
ပြောပြောဆိုဆိုနဲ့ အဲဒီဆရာက မယ်ခကို
အင်းတစ်ချပ်နဲ့ လှမ်းပေါက်လိုက်သတဲ့”
“ဟာ အရီးမယ်ခ ဘာဖြစ်သွားတုံး”
“မယ်ခက သူ့လက်ဝါးနှစ်ဖက်ကို လိမ်ပြီး လှည့်လာ
လက်ဝါးထဲနေ အလင်းရောင်တွေ ဝင်းဝင်း ဝင်းဝင်းနဲ့
ထွက်သွားပြီး ဆရာပစ်တဲ့ အင်းနဲ့ သွားထိတာ ဝုန်းဆိုပြီး
မီးတောက်ကြီး ထသွားတယ်တဲ့ ”
“ဟာ ကြောက်စရာကြီးပါလားဗျ”
“အေးလေ ညကလည်း မိုးချုပ်နေပြီဆိုတော့
မီးရောင်တွေ ဝင်းခနဲ ဝင်းခနဲ ဖြစ်နေတာတဲ့ဟဲ့”
“အင်း ပြောပါဦး အမေရဲ့ ”
“ဆရာက နောက်တစ်ခါ အင်းတစ်ချပ်နဲ့ ထပစ်၊
မယ်ခကလည်း သူ့လက်ဝါးကထွက်တဲ့ မီးတောက်နဲ့ပစ်တဲ့။
ဟိုဆရာရဲ့ အင်းတွေက မယ်ခဆီကို တစ်ခုမှ မရောက်ဘဲ
လမ်းမှာတင် မီးထထတောက်သွားတာတဲ့ဟေ့။
ဟိုဆရာလည်း သူပညာ အကုန်သုံးပေမယ့်
မယ်ခက ဖြုံတောင် မဖြုံတော့ လန့်လာပြီး
နောက်လှည့်ပြေးရောတဲ့ဟေ့”
“ဟာ ပြေးတယ် ဟုတ်လား”
“ဟဲ့ မပြေးလို့ ဘယ်လိုလုပ်မတုံး၊
သူ့ပညာကုန်ပြီပဲ ၊ ပြေးရတော့မှာပေါ့”
“အရီးမယ်ခကလည်း လွှတ်ပေးလိုက်ရောလား”
“လွှတ်မလား တာတေရဲ့၊ စုန်းမပါဆိုနေမှ
နင် ဒီလိုပြေးတိုင်း လွတ်မလားဟဲ့ဆိုပြီး သူ့ပါးစပ်ကို
အကျယ်ကြီးဟပြီး စိမ်းပြာပြာ မီးလုံးကြီး ထုတ်လိုက်ရောတဲ့။
အဲဒီမီးလုံးကြီးက မယ်ခပါးစပ်ထဲက ထွက်လာပြီး
ထွက်ပြေးတဲ့ ဆရာနောက်ကို လိုက်ရောတဲ့ဟေ့့။
ရွာသားတွေကလည်း နောက်ကပြေးလိုက်ပြီး
ကြည့်ကြတာ။ ရွာပြင်က အဘစိန်တို့ နှမ်းခင်း
အစပ်ရောက်တော့ ပြေးနေတဲ့ သျှောင်ထုံးနဲ့
ဆရာကြီးကို မီသွားတယ်ဆိုပဲ။ အဲဒီစိမ်းပြာပြာ
မီးလုံးကြီးက အဲဒီဆရာကိုယ်ထဲကို ဝင်သွားရောတဲ့။
အဲဒီမှာတင် ဆရာလုပ်တဲ့သူလည်း နှမ်းခင်းအစပ်မှာ
ဒူးထောက်ကျသွားပြီး သွေးတွေ တဝေါဝေါ
အန်တော့တာတဲ့။ မျက်ဖြူကြီး လန်သွားတယ် ဆိုပဲ”
“ဟင် မျက်ဖြူကြီး လန်သွားတော့ ဘာဖြစ်တုံးဗျ”
“ဟဲ့ တာတေ ၊ မျက်ဖြူလန်တယ်ဆိုတာ သေတာပေါ့ဟဲ့”
“သြော် အသေကို သတ်ကြတာပါလား”
“အေး အဲဒါကြောင့် ပြောတာ၊ နင်မယ်ခအိမ်ကို
ကျပ်ကျပ်သာသွား၊ ရွာထဲက လူတွေက နင့်ကိုပါ
စုန်းထီးလို့ ထင်ကြလိမ့်မယ်”
“ဘာ ကျုပ် စုန်းထီး ဟုတ်လား”
“အေးလေ၊ မယ်ခက စုန်းမဆိုရင် နင်က စုန်းထီးပေါ့ဟဲ့”
“ဟား ဟား ဟား ဟား အမေကလည်းဗျာ။
တော်တော်ကို ပေါက်ပေါက်ရှာရှာ ပြောတာပဲ”
ကျုပ်ကတော့ ဘယ်သူဘာပြောပြောပါဗျာ။
အရီးမယ်ခကို ခင်နေတော့ သွားလာဝင်ထွက်နေတာပါပဲ။
အရီးမယ်ခကလည်း ပြောတယ်ဗျ။
“တာတေ နင် ငါ့ဆီ လာလာလည်တယ်၊ ပြီးတော့
ငါ့အိမ်မှာ လိုတာပြုတာတွေ့ရင် ငါ မပြောရဘူး။
နင့်စေတနာနဲ့ နင် လုပ်ကိုင်ပေးသွားတယ်။ပြီးတော့
ငါ ဘာပဲကျွေးကျွေး နင်စားတာပဲ၊ နင် ငါ့ကို
မကြောက်ဘူးလား”
လို့ တစ်ခါ တစ်ခါ ကျုပ်ကို မေးတယ်။
“ဟာ အရီးကလည်း ကျုပ်က အရီးကို ခင်တာပါဗျ။
အရီးက ကျုပ်ကို ဘာမှမလုပ်ဘူးဆိုတာ ကျုပ်က
ယုံပြီးသားပါဗျာ။ ပြီးတော့ လူတွေကို ပြုစားတာတို့
ဘာတို့ ဆိုတာ ကျုပ်က တယ်ပြီး မယုံပါဘူးဗျာ”
“ဟဲ့ တာတေ ၊ နင်က မကြုံဘူးသေးလို့
မယုံတာပါ ။ ကဲ ကဲ နင်ကို ငါလုပ်ပြမယ်”
လို့ အရီးမယ်ခက ပြောပြီး ကျောက်စရစ်ခဲလေးတွေ
ကျုပ်ကို ကောက်ခိုင်းတယ်။ ကျုပ်က အရီးမယ်ခရဲ့
ဝိုင်းထဲ ဆင်းပြီး ကျောက်စရစ်ကလေး ငါးခဲလောက်
ပေးလိုက်တယ် ။
အရီးမယ်ခက ကျောက်စရစ်လေး ငါးခဲကို
သူ့လက်ဝါးထဲမှာ ဆုပ်ထားတယ်။ ပြီးတော့
ဝါးနက်ဝါးလုံးပိုင်းတစ်ခုဗျာ၊ နှစ်တောင်လောက်
ရှိမယ်။ အဲဒါကို ထောင်ပြီး ကျုပ်လက်နဲ့
ကိုင်ခိုင်းထားတယ်။ ပြီးတော့ ကျောက်ခဲတွေကို
လက်ထဲမှာ ဂျောက်ဂျောက် ဂျောက် ဂျောက် နဲ့လုပ်ပြီး
ပါးစပ်က ပွစိ ပွစိနဲ့ ရွတ်နေတယ်ဗျ။
ခဏနေတော့ သူ့လက်ဝါးနှစ်ဖက်ကို ဖြန့်ပြတယ်။
ကျောက်စရစ်လေးတွေ မရှိတော့ဘူး။
“ဟာ ကျောက်ခဲတွေရောဗျ”
“အဲဒါ အပင်းသွင်းတာလေဟယ် ၊ နင့်လက်ထဲက
ဝါးလုံးရဲ့ အလယ်က အဆစ်ထဲကို ရောက်သွားပြီလေ”
“ဟာ ဟုတ်လား”
ဆိုပြီး ကျုပ်က ဝါးလုံးပိုင်းကို လှုပ်ကြည့်တယ်
ဟုတ်ပါဗျာ။ အလယ်က အဆစ်ထဲမှာ ကျောက်ခဲတွေ
ရောက်နေတယ်ဗျို့။ ဂျောက် ဂျောက် ဂျောက်ဂျောက်နဲ့။
“ကဲ မီးဖိုထဲမှာ ဓါးမ သွားယူ့ပြီး ခွဲကြည့်လိုက်လေ”
ကျုပ်က မီးဖိုထဲက ဓါးယူပြီး ဝါးလုံးကို ခွဲချလိုက်တယ်။
“ဟာ ဟုတ်တယ်ဗျို့။ ကျုပ်ကောက်လာတဲ့ ကျောက်စရစ်ခဲ
ငါးခဲဗျာ။ ဝါးလုံးအလယ် အဆစ်ထဲကို ဘယ်လိုများ
ရောက်သွားတယ် မသိဘူးဗျ”
“အဲဒါ လူကို အပင်းသွားတာပဲဟဲ့ တာတေရဲ့”
ကျုပ်လည်း ဒီတော့မှ ကြက်သီးတွေ ဘာတွေ ထသွားတာဗျို့။
“တော်သေးတာပေါ့ အရီးရာ၊ စောစောက အရီး
လုပ်လိုက်တာ လက်လွန်သွားပြီး ကျုပ်ဗိုက်ထဲ
ရောက်သွားမှဖြင့်ဗျာ”
လို့ အရီးက ပြောတယ်ဗျ။
“ကျောက်ခဲထည့်သလိုပဲ တခြားဘာထည့်ချင်
ထည့်ချင်ထည့်လို့ရတယ်”
“တခြားဟာတွေလည်း ရှိဦးမှာပေါ့နော် အရီး”
လို့ ကျုပ်က စပ်စုကြည့်တယ် ။ တာတေဆိုတဲ့
ကောင်က လွှတ်စပ်တတ်တာ ၊ ခင်ဗျားလည်း သိသားပဲဗျာ။
“ကဲ နင်ကြည့်ချင်သေးရင် ဟိုတိုင်က သံငုတ်မှာ
ချိတ်ထားတဲ့ နဖာကြိုး ယူလိုက်”
အရီးက ယာတွေ ၊ နွားတွေ ရှိတယ်ဗျ ။
ဒါပေမဲ့ သူ့ဝိုင်းထဲမှာတော့ နွားတွေ မထားဘူး။
သူ့ယာလုပ်တဲ့ ကိုမောင်ပုတို့ ဝိုင်းထဲမှာပဲထားတာ။
ကျုပ်က တိုင်မှာ ချိတ်ထားတဲ့ နဖာကြိုးကို
ဖြုတ်လိုက်တယ်။
အရီးက ကျုပ်ပေးတဲ့ နဖားကြိုးခွေကို ဖြည်လိုက်ပြီး
သူ့လက်မှာ ရစ်ပတ်လိုက်တယ် ။ ပြီးတော့မှ
အခွေလိုက် ဖြုတ်ပြီး လက်ဝါးပေါ်မှာ တင်ထားတယ်။
ပြီးတော့ အိမ်ပေါက်ဝကို သွားပြီး …
“တာတေ နင်အောက်မဆင်းနဲ့ ၊ အိမ်ပေါ်ကပဲ
ကြည့်နေ”
လို့ ပြောပြီး ဝိုင်းထဲ ဆင်းသွားတယ် ။ သြဇာပင်ကလေး
အောက်ကို သွားပြီး နဖားကြိုးခွေကို ပါးစပ်မှာတေ့ပြီး
မန်းမှုတ်နေတယ်ဗျ။ ခဏနေတော့ နဖားကြိုးခွေကို
မြေကြီးပေါ်ကို ပစ်ပေါက်လိုက်တယ်။
“အောင်မယ်လေး မြွေကြီးဗျ၊ မြွေဟောက်ကြီး”
ကျုပ်ပါးစပ်က လန့်အော်လိုက်တယ် ။ အရီးမယ်ခက
ကျုပ်ကို တစ်ချက် လှမ်းကြည့်ပြီး ပါးစပ်ကို
လက်နဲ့ ပိတ်ပြတယ်။
ဟာ မြွေကြီးက ပါးပြင်းကြီးခွက်ပြီး …
“ခြီး ခြီး”
နဲ့ အသံပေးနေတယ်ဗျ ။ မြွေဟောက်ကြီးမှ နည်းတဲ့
အကောင်ကြီး မဟုတ်ပါဘူးဗျာ။ အရီးမယ်ခက ခြံထောင့်က
ထန်းပင်အောက်မှာ ပြုတ်ကျနေတဲ့ ထန်းလက်ခြောက်ကို
လက်ညှိုးထိုးပြလိုက်တယ် ။ မြွေဟောက်ကြီးက
ပါးပြင်းကြီး ခွက်ပြီး ပြေးသွားတယ်ဗျ။ ပြီးတော့ …
‘ခွီး’ ဆို တစ်ချက်အော်ပြီး ထန်းလက်ခြောက်ကို
ပေါက်ချလိုက်တယ်ဗျ။ ကျုပ်ဆိုတာ ကြက်သီးတွေတောင်
တဖျန်းဖျန်းထသွားတယ်ဗျာ။ ထန်းလက်တစ်ခုလုံး
မီးကျွမ်းသလိုကို မည်းသွားတာဗျို့။ခဏနေတော့
မြွေဟောက်ကြီးက အရီးမယ်ခနားကို သွားပြီး
ခွေနေတယ်။ အရီးမယ်ခက လက်နဲ့သတ်သလို
လုပ်လိုက်တာ နဖာကြိုးခွေ ပြန်ဖြစ်သွားရောဗျို့။
ဒီတော့မှ အရီးက ကြိုးခွေကို ကောက်ယူပြီး
အိမ်ပေါ်တက်လာတယ်။
“ကဲ တာတေ နင် မြင်ပြီမို့လား၊ အဲဒါ တိုက်မြွေလို့
ခေါ်တယ်၊ တိုက်မြွေကိုက်ရင် ကုဖို့ ဆေးမရှိဘူးဟဲ့၊
ဒါပေမဲ့ အရီး ဒီပညာတွေနဲ့ ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဘူး။
အရီး တစ်သက်လုံး လူတွေနဲ့ ကင်းကင်းနေတယ်”
ကျုပ်တွေပြီး အရီးကို ကြည့်နေတယ်။
အရီးမယ်ခက ရယ်ပြီး …
“တာတေ လန့်သွားပြီထင်တယ် ၊ ကဲ ကဲ ဒါဆို
အရီး တစ်ခု လုပ်ပြဦးမယ် ၊ သွား ဟိုတံစက်မြိတ်က
သက်ကယ်စလေးတွေ ဖြတ်လိုက်”
ကျုပ်က အရီးမယ်ခပြောတဲ့အတိုင်း တံစက်မြိတ်ကို
သွားပြီး သက်ကယ်ရွက် အစလေးတွေကို ဖြတ်လိုက်တယ်။
“ရော့ အရီး”
လို့ အရီးမယ်ခကို ပေးလိုက်တာဗျ။ အရီးမယ်ခက
သက်ကယ်ရွက်ကလေးတွေကို ခွဲပြီး ဖြတ်တောက်ပစ်လိုက်တယ်။
ပြီးတော့ မီးဖိုထဲကို ဝင်သွားပြီး ဆန်ကောယူလာတယ်။
ဒီတစ်ခါတော့ ကျုပ်ကို မခိုင်းတော့ဘူးဗျ။
စောစောက ချိုးဖဲ့ထားတဲ့ သက်ကယ်ရွက်ကလေးတွေကို
ဆန်ကောထဲထည့်ပြီး ဆန်ပြာသလို ပြာလိုက်တယ်ဗျ။
အရီးက ပါးစပ်ကလည်း မန်းမှုတ်နေတယ်ဗျို့။
ဆန်ကောကို ထိုင်မပြောဘဲ မတ်တတ်ရပ်ပြီး
ပြာနေတာဆိုတော့ ကျုပ်လည်း ဘာမှမတွေ့ရဘူးပေါ့ဗျာ။
ခဏနေမှ အရီးက ကျုပ်ကို သူ့လက်ထဲက
ဆန်ကောကို ထိုးပြတယ်။
“ဟာ ပုဇွန်တွေပါလား အရီး”
ကျုပ် အလန့်တကြား အော်လိုက်တယ်။ဟုတ်ပါ့ဗျာ။
ဆန်ကောထဲမှာ ပုစွန်တွေဗျ။ သိပ်အကြီးကြီးတော့
မဟုတ်ဘူးပေါ့ဗျာ။ ဆယ်ထုပ်အရွက်တွေ။
အောင်မလေး ဆန်ကောထဲမှာ
ခြေထောက်ကားကားကြီးတွေနဲ့
လျှောက်သွားနေတာဗျို့။
အားလုံး အရှင်ကြီးတွေဗျ။
“ဟား ဟား ဟား ဟား ”
ကျုပ် သဘောကျပြီး အော်ရယ်မိတယ်။
အရီးမယ်ခက ကျုပ်ကို အလန့်ပြေအောင် လုပ်ပြတယ်ဗျ။
စောစောက မြွေဟောက်ကြီးကို ကျုပ်တော်တော်လန့်သွားတာ။
“အရီး ဒီပုဇွန်တွေ ကျုပ် ကြော်စားလို့ ရလား”
လို့ ကျုပ်က မေးကြည့်လိုက်တယ်။ အရီးက
ပြုံးပြီး ကျုပ်ကို ပြန်မေးတယ်။

“စားရင် ရတာပေါ့ဟဲ့၊ ဒါထက် နင် စားရဲပါ့မလား”
ဒီတော့မှ ကျုပ် လန့်သွားတယ် ။ဗိုက်ထဲမှာ သက်ကယ်ရွက်တွေ
ပြန်ဖြစ်သွားရင် ဘယ့်နှယ့်လုပ်မတုံး…
“မစားရဲပါဘူးဗျာ”
လို့ပဲ ကျုပ် ဖြေလိုက်ရတာပေါ့ဗျာ။
“အရီး ဒီပညာတွေကို ဘယ်အရွယ်မှာ တတ်ခဲ့တာတုံး”
“အရီး ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်,နှစ်မှာ တတ်ခဲ့တာ”
“အရီး ဘာဖြစ်လို့ ဒီပညာကို သင်တာတုံးဗျ”
“အင်း …ဒီလိုတာတေရဲ့ ၊ အရီးတို့မှာ ညီအစ်မသုံးယောက်
ရှိတာ။ အရီးက မယ်ခ ၊ အရီးညီမက မယ်မြ၊ အရီးတို့
အစ်မကြီးက မယ်လှတဲ့ ။ မမယ်လှက နာမည်နဲ့လိုက်အောင်
ရုပ်ချောတယ်။ မမယ်လှ အပျိုဖြစ်တဲ့ အချိန်မှာ
တစ်ရွာလုံးက ကာလသားမှန်သမျှ ကြိုက်ကြတာပေါ့ကွယ်။
တစ်ရက်တော့ တို့ရွာကို ဆရာတစ်ယောက် ရောက်လာပြီး
ဆေးကုတယ်။ မမယ်လှကိုတွေ့တော့ ဆေးနဲ့တို့လိုက်တာ
ဘယ်သူမှ မသိလိုက်ဘူး။ အဲဒီမှာတင် မမယ်လှက
ဒီလူကို တန်းတန်းစွဲဖြစ်တော့တာပေါ့။ အမေတို့
အဘတို့ကလည်း လုံးဝ မပေးစားဘဲ မမယ်လှကို
အခန်းထဲထည့်ပြီး သော့ပိတ်ထားကြတာ
နောက်ဆုံး မမယ်လှ ရူးပြီး သေသွားတယ်”
“ဟာ ဖြစ်မှဖြစ်ရလေဗျာ”
အဲဒီထဲက အရီးလည်း ဆရာဆိုတဲ့ ကောင်တွေကို
စိတ်နာပြီး ဒီပညာကို သင်လိုက်တာ၊ အရီးညီမ၊
မယ်မြကိုလည်း အတူတူသင်ဖို့ အဖော်စပ်ပေမယ့်
မယ်မြက မသင်ဘူး။ အရီးတစ်ယောက်တည်း
သင်ခဲ့တာ”
“အရီး သင်တော့ တော်တော်ခက်ခက်ခဲခဲ
သင်ခဲ့ရတာလား”
“ဘယ်ခက်ရမှာတုံး တာတေရယ် ၊ ငါ့ကို သင်ပေးတဲ့
ပညာသယ်မကြီးက နည်းနည်းနောနောတတ်တာ
မဟုတ်ဘူးဟဲ့ ၊ မောက်ပြားထက် သုံးဆင့်မြင့်တယ်။
သူတောက်စားတဲ့အချိန်မှာ ကွမ်းတစ်ယာ ဝါးထားတယ်”
“ဗျာ တောက်စားတယ်ဆိုတာ ဘာတုံး အရီးရဲ့ ”
“အဲဒီပညာသည်ရဲ့ ပါးစပ်ထဲက မီးတောက်တွေ
ထွက်တာကို ပြောတာ တာတေရဲ့”
“သြော်”
“အဲဒီအချိန်မှာ သူ့ပါးစပ်ကနေ အရောင်တွေ
တောက်နေတဲ့ သွားရည်တွေ ကျလာတယ်။
အဲဒီသွားရည်တွေ ပေနေတဲ့ ကွမ်းဝါးဖတ်ကို
ငါ့ပါးစပ်ထဲ ထည့်ပေးတယ်။ မဝါးဘဲ မျိုချရတယ်။
ငါက သူ့ထက် တစ်ဆင့်နိမ့်တဲ့ မောက်ပြားအထက်
နှစ်ဆင့်မြင့်တဲ့ ပညာသည် ဖြစ်လာတယ်။
ငါက သာမန်စုန်းတွေထက် အများကြီး
အဆင့်မြင်တယ် တာတေ”
“သြော် လွယ်သားပဲဗျ ”
“အေး လွယ်တယ်လို့တော့ ပြောလို့မရဘူးဟဲ့၊
အဲဒီပညာဗူးသွင်းတဲ့ အချိန်မှာ မတည့်မတ်ရင်
အသက်ဆုံးတတ်တယ် အသက်စွန့်ပြီး လုပ်ရတာ”
” ဟင် ဟုတ်လား အရီး၊ တော်သေးတာပေါ့ဗျာ၊
အရီးက အဆင်ပြေသွားပေလို့ပေါ့”
“အေး ဟုတ်တယ် ၊ တာတေ ၊ အရီးရဲ့ ဆရာ
ပညာသည် သေတဲ့အချိန်မှာ အရီးက သူ့အဆင့်ကို
အလိုလို ရလာတယ်”
“ဟင် ဒါဆိုရင် အရီးက မောက်ပြားအထက်သုံးဆင့်ပေါ့”
“အေး ဟုတ်တယ် ၊ ဒါပေမဲ့ အခုအချိန်အထိတော့
ပညာကို နှစ်ဆင့်ပညာအထိပဲ သုံးဖူးတာပါ။
ဒါတောင် မခံနိုင်ကြပါဘူးလေ”
ကျုပ်က အရီးပြောတာတွေကို ငြိမ်ပြီး တွေးနေမိတယ်။
အရီးက ကျုပ်ကို ဆက်ပြီး ပြောတယ်
“ဒီပညာနဲ့ အရီး ဘယ်လူတစ်ဦးတစ်ယောက်ကိုမှ
ဒုက္ခမပေးဖူးပါဘူး ။ သစ္စာတရားမရှိတဲ့ ဆရာယောင်တွေ၊
ကိုယ့်ကို လာပြီး အန္တရာယ်ပြုရင်တော့ အပြီးတိုင်အောင်
လုပ်ခဲ့တယ်။ ပြီးတော့ အရီးမွေးဖွားလာတဲ့ ဒီရွာကိုလည်း
အရီးစောင့်ရှောက်တယ် ။ မဟုတ်မဟက် ဆရာတွေ
ဝင်လာရင် အမြဲမောင်းထုတ်ပေးခဲ့တယ်။ ဒါပေမဲ့
ဒါတွေကို ရွာကလူတွေ ဘယ်သိမလဲ တာတေ”
“သြော် ဒီလိုကိုး”
ကျုပ်က ဒီကနေ့ အရီးလုပ်ပြခဲ့တာတွေကို ကျုပ်
ဘယ်သူ့ကိုမှ မပြောဘူးလို့ ဆုံးဖြတ်လိုက်တယ်။
တကယ်လည်း မပြောခဲ့ပါဘူး။ အိမ်က အဘနဲ့
အမေကိုတောင် ကျုပ် ဒါတွေပြောမပြခဲ့ဘူးဗျ။
အရီးမယ်ခနဲ့ ပတ်သက်ပြီး ကျုပ် သိသမျှတွေကို
ကျုပ် ရင်ထဲမှာပဲ ထားခဲ့တာဗျ။ ဒီလိုနဲ့ပဲ ကျုပ်နဲ့
အရီးမယ်ခတို့ ခါတိုင်းလိုပဲ ခင်ခင်မင်မင်
နေခဲ့ကြတာပေါ့ဗျာ။
အရီး လိုတာပြုတာ ကျုပ်က လုပ်ပေးနေခဲ့တာဗျ။
ဒါပေမဲ့ ဒီလောကကြီးက ကိုယ်ဘယ်လောက်ကောင်းအောင်
နေနေ လူယုတ်မာတွေရဲ့ ဒုက္ခပေးတာ ကြုံရတတ်တယ်။
ဒါကြောင့်လည်း ကျုပ်တို့ ဝိုင်းတောင်ဘက်ကပ်လျက်ဝိုင်းက
ဘွားတော် ဒေါ်သိန်းမြကြီး ဘုရားရှိခိုးတိုင်း ကျုပ်ကြားနေရတဲ့
သူတောင်မဟုတ် သူယုတ်မာနဲ့ မတွေ့ရပါစေနဲ့ ဆိုသလိုပေါ့ဗျာ။
တစ်ရက်တော့ ကျုပ်တို့ရွာကို ဆရာတစ်ယောက်
ရောက်လာတယ် ။ ရွာရှေ့ပိုင်းက သောင်းတင်ဆိုတဲ့ကောင်
ခေါ်လာတာ။ အညိုဝတ်နဲ့ စိပ်ပုတီးတစ်ကုံး အမြဲဆွဲထားတဲ့
ဆရာဗျ။ အသက်က လေးဆယ်ကျော်လောက်ပဲ ရှိသေးတာ။
ရွာရောက်ကတည်းက ရှိခိုးလိုက်တဲ့ ဘုရားဗျာ။
နေ့ ,ရှိခိုး ည ,ရှိခိုးနဲ့ နေတာဗျ။ သက်သက်လွတ်ကလည်း
အမြဲစားဆိုပဲ။ ဗေဒင်ဟောရင် အလွန်မှန်တယ် ဆိုပဲဗျ။
လူတွေကို ယတြာချေပေး ပြုပေးပေါ့ဗျာ။
သောင်းတင်တို့ အိမ်မှာ စတည်းချပြီး ဗေဒင်ဟောနေတာဗျ။
တစ်ရွာလုံး မှန်လိုက်တာ မှန်လိုက်တာနဲ့ နာမည်ကို
ကျော်လို့ဗျ။ ဆရာနာမည်က ဘာတဲ့။ အဲ ဆရာတောက်တဲ့။
ဆရာတောက်၊ ဆရာတောက်။
ဘန့်ဘွေးကုန်းကလည်း လှည်းနဲ့ လာပင့်တဲ့အခါ ပင့်တယ်ဗျ။
ငွေယားကုန်းတို့၊ ငွေတွင်းကုန်းတို့ကလည်း လာပင့်ကြတာဗျ။
သောင်းတင်တို့ မိသားစုလည်း မျက်နှာပွင့်တာပေါ့ဗျာ။
ကျုပ်အမေကတောင် ကျုပ်ကို ပြောသေးဗျာ။
“ဟဲ့ တာတေ၊ နင့်မလည်း ဒီမန်ကျည်းပင်အောက်မှာပဲ
မှောက်လိုက် လှန်လိုက်နဲ့ ၊ ဆရာတောက်ဆီသွားပြီး
ဇာတာလေး ဘာလေး စစ်ကြည့်ပါလားဟဲ့ ၊
ဟောတာ ပြောတာ လွှတ်မှန်တယ် ဆိုပါလား”
“မစစ်ချင်ပါဘူး အမေရာ၊ ကျုပ်က ဘာကိုသိချင်ရမှာတုံး၊
ကျုပ်မှာ ဘာအကြောင်းမှ မရှိတာဗျာ”
“မစစ်ချင်လည်း နေပေါ့တော်”
အမေက အဘပုဆိုးလေးတစ်ထည် ခေါင်းပေါ်တင်ပြီး
ရွာထဲ ထွက်သွားရောဗျို့။ ကျုပ်လည်း ခါတိုင်းလိုပေါ့ဗျာ။
နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး မန်ကျည်းပင်အောက်မှာ
တွေးနေတာဗျ။ ပြီးတော့မှ ဆေးပေါ့လိပ်ကလေး အသာချပြီး
ဝါးပိုးခြမ်း ခေါင်းအုံးပေါ် အသာကလေး လှဲချလိုက်တယ်။
“ကိုကြီးတာတေ ၊ အိပ်တော့မလို့လားဗျ”
ကျုပ်လည်း အသံကြားတဲ့ ဝိုင်းဝကို ကြည့်လိုက်တော့
ဆင်ပေါက်နဲ့ ဝက်သိုးဗျ ။ သူတို့မှာ ကျောင်းနာမည်တွေတော့
ရှိမှာပေါ့ဗျာ။ ကျုပ်တို့ကတော့ သူတို့ရဲ့ နာမည်ပြောင်တွေပဲ
မှတ်မိနေတာလေ။
“ဟေ့ကောင်တွေ လာလေ၊ ဘယ်သွားကြမလို့တုံး၊
နေကပူရတဲ့ကြားထဲမှာ”
“ကိုကြီးတာတေဆီကိုပဲ လာတာဗျ။ ပြောစရာရှိလို့ ”
“သြော် လာလေ၊ ထိုင်ကြ၊ ဝက်သိုးက ဒီဘက်မှာထိုင်၊
ကဲ ပြောပါဦး ကိစ္စကို”
ဒီကောင်တွေက ထနောင်းကုန်းမှာ နောက်လာမယ့်ကောင်တွေဗျ
အသက်ကတော့ ဆယ်ကျော်သက်အရွယ်တွေပေါ့ဗျာ။
“ဒီလိုဗျ၊ ကိုကြီးတာတေ၊ ဆရာတောက်ဆီကို ဗေဒင်သွား
မမေးဘူးလားဗျ”
“ဟာ မမေးပါဘူးကွာ၊ အဲဒါတွေ ငါက ဝါသနာမပါဘူးကွ”
“အဲဒီဆရာတောက်ဆိုတဲ့ လူကြီးက လူလိမ်ကြီးဗျ”
“ဟေ ဟုတ်ရဲ့လားကွ”
“သိပ်ဟုတ်တာပေါ့ ကိုကြီးတာတေရ၊ ဒီလူကြီးက
ဘုရားတွေ ဟန်ပြရှိခိုးနေတာဗျ၊ တကယ်ကတော့
အောက်လမ်းဆရာဗျ”
“ဟာ ဟုတ်ရဲ့လား ၊ ဝက်သိုးရဲ့ ”
“ဟို တစ်နေ့က ပုဗ္ဗာရုံကျောင်းက ရေတွင်းမှာ ကျုပ်တို့
ရေချိုးနေတုန်း ကိုသောင်းတင် ဒီဆရာနဲ့ ရေလာချိုးတယ်ဗျ။
ကျုပ်က တစေ့တစောင်း ကြည့်နေတုံး သူ့ခါးက ပုဆိုးက
ရေလောင်းတဲ့ အချိန်မှာ အောက်ကို လျောသွားတယ်။
ကျုပ် ဘာမြင်တယ် ထင်တုံး၊ သူ့ခါးမှာ ဘုရားပုံတွေ
ဇောက်ထိုး ထိုးထားတယ်ဗျ”
“ဟေ မှင်ကြောင်နဲ့ ထိုးထားတာလား။
မင်းသေသေချာချာ တွေ့လို့လား ဝက်သိုး”
“တွေ့ပါဗျာ၊ ကျုပ်က ဆပ်ပြာတုံး ပြုတ်ကျချင်ယောင်
ဆောင်ပြီး အနီးကပ်ကို ကြည့်လာတာဗျ၊
တခြားဘယ်နေရာတွေမှာ ရှိသေးလည်းတော့
ကျုပ် မသိဘူး”
ကျုပ် တော်တော်အံ့သြသွားတယ်။
လူတွေ တယ်လည်း ယုတ်မာကြပါလား။
“နေဦး ကိုကြီးတာတေ၊ အခုလာတာ ဒီကိစ္စလောက်တင်
မဟုတ်ဘူးဗျ”
“ဟင် ဘာကိစ္စများ ရှိသေးတုံးဟ ၊ ဆင်ပေါက်ရ”
“ရွာရှေ့ပိုင်းက ဘွားတော်ဒေါ်မြရင်ရဲ့သမီး မပန်းရုံကို
ကိုကြီးတာတေ သိလား”
” ဟို ပန်းနွယ်ရဲ့ညီမမို့လား”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟိုနေ့က မပန်းရုံက
ဆရာတောက်ဆီမှာ ဗေဒင်သွားမေးတာ။
အဲဒီက ပြန်လာကတည်းက ဂနာမငြိမ် ဖြစ်နေတာတဲ့။
အဲဒါ ဆရာတောက်က မပန်းရုံတို့ ဝိုင်းရှေ့က
ဖြတ်လျှောက်ရင်း အိမ်ထဲမှာ မပန်းရုံက ထိုင်လို့
မရတော့ဘဲ လိုက်ကြည့်တာတဲ့ဗျာ။အခုတော့
သူ့မိဘတွေက ရိပ်မိပြီး အခန်းထဲမှာ ထည့်ပြီး
လူစောင့်နဲ့ ထားရတယ်တဲ့”
“ဟာ ဒါဆိုရင် ဒီကောင်မလေးတော့
ဟိုအောက်လမ်းရဲ့ တို့ဆေးထိသွားပြီ ထင်တယ်ကွ”
“ဗျာ တို့ဆေးဟုတ်လား၊ ကိုကြီးတာတေ၊ ကျုပ်တော့
ထိုးဆေးတို့ သောက်ဆေးတို့ပဲ ကြားဖူးတာပါ”
“ဟေ့ကောင် ဝက်သိုး၊ ငါတို့ငယ်ငယ်တုန်းက
ညှော်နံ့နံရင် ရှူရတဲ့ ဆေးတို့ပတ်ဆိုတာ
မင်း မကြားဖူးဘူးလားကွ”
ဆင်ပေါက်က ခပ်တည်တည်နဲ့ ဝက်သိုးကို ဟောက်လိုက်တယ်
“ဟာ ဒီကောင်တွေ ဘာတွေလျှောက်ပြောနေတာတုံး၊
ဘယ်က ဆေးတို့ပတ်ရမှာလဲကွာ၊ အောက်လမ်းဆရာတွေ
ဖော်ထားတဲ့ဆေးကွ၊ အဲဒီဆေးနဲ့ လူကို တို့လိုက်ရင်
လူတွေက သတိအမှန် မရှိတော့ဘဲ သူတို့ ခိုင်းတဲ့အတိုင်း
အကုန်ဖြစ်ရောတဲ့ကွ။ အဲဒါကို ပြောတာ”
“သြော် အဲဒီလိုဆေးကို ပြောတာလား။
ဒါဆိုရင် ဟုတ်နိုင်တာပေါ့ဗျ”
ကျုပ် ဘာလုပ်ရင်ကောင်းမလဲလို့ တွေးနေတယ်
“ဟာ ကိုကြီးတာတေရေ၊နေဦးဗျ၊
ကျုပ်တို့ ပြောဖို့မေ့နေလို့ဗျို့။
အဲဒီဆရာတောက်က ဘွားတော်ကြီး
ဒေါ်မယ်ခကိုလည်း ပြောတယ်တဲ့ဗျ”
“ဟေ အရီးမယ်ခကို ဘာပြောသတဲ့တုံး”
“ဒီစုန်းမကြီးကို ဒီရွာကနေ မောင်းထုတ်ပစ်မယ်”
လို့ ပြောသတဲ့ဗျ။ ကိုသောင်းတင်တို့ကလည်း
ဒီဆရာက ပိုက်ဆံတွေ ပေးထားလို့ ထင်တယ်ဗျ။
ဒီဆရာကို ဖူးဖူးမှုတ်ကို ထားတာဗျို့။
“ကဲ ဆင်ပေါက်နဲ့ ဝက်သိုး မင်းတို့ ငါ့ဆီလာပြောတာကို
ဘယ်သူမှ မသိစေနဲ့၊ ငါ ကြည့်စီစဉ်လိုက်မယ်၊ မင်းတို့ ပြန်တော့၊
သတင်းကို ရသလောက် နားထောင်ပြီး ထူးတာရှိရင်
ငါ့ကို လာပြောပေတော့”
“ဟုတ်ပြီ၊ ကိုကြီးတာတေ၊ ဒါဆိုရင် ကျုပ်တို့ပြန်တော့မယ်”
လို့ ပြောပြီး နှစ်ယောက်သား ပြန်သွားကြတယ်ဗျ။
ကျုပ်လည်း အရီးမယ်ခဆီကို ခပ်သုတ်သုတ် ပြေးလာခဲ့တယ်။
အရီးမယ်ခကို အကျိုးအကြောင်း အကုန်ပြောပြလိုက်တယ်။
“အောက်လမ်းဆေး သိပ်ကောင်းရင်တော့
သူ့ဆေးကိုဖျက်ဖို့ မလွယ်ဘူးဟ၊ ဒီအောက်လမ်းသေမှပဲ
ဆေးပြယ်မှာ၊ အင်း ဒီကလေးမလေးတော့
သနားပါတယ်၊ ငါ့အစ်မတုန်းကလို ဖြစ်တာပါပဲလား၊
ကြာရင် ဒီကလေးမလေး ရူးသွားမှာ တာတေ”
“ဒါဆိုရင် ဘယ်လိုလုပ်မလဲ အရီးရဲ့”
“အို သူနဲ့ အရီးနဲ့ ပညာပြိုင်ကြရုံ ရှိတာပေါ့ဟ”
“ဟင် ဟုတ်လား အရီး”
“အေး ရွာထဲမှာ ဖြစ်ရင် ရွာနာတယ်၊ ဒီအကောင်ကို
သင်္ချိုင်းရောက်အောင် ထုတ်ခဲ့၊ ဒီည ငါ သင်္ချိုင်းထဲက
စောင့်နေမယ်၊ ဒီတစ်ခါတော့ သုံးဆင့်ပညာကို
ထုတ်သုံးရတော့မှာပေါ့လေ”
“ကောင်းပြီ အရီး၊ ကျုပ် ဒီကောင်ကို ရွာပြင်ရောက်အောင်
ခေါ်ထုတ်ခဲ့မယ်”
ကျုပ် အိမ်ကို ကပျာကယာ ပြန်လာတယ်။
ဝက်သိုးနဲ့ ဆင်ပေါက်ကို ကလေးတစ်ယောက်နဲ့
လွှတ်ခေါ်ခိုင်းလိုက်တယ်။ ဆင်ပေါက်နဲ့ ဝက်သိုးလည်း
ချက်ချင်း ကျုပ်ဆီကို ရောက်လာတယ်။
ကျုပ်က ကျုပ်အစီအစဉ်တွေကို ဒီကောင်နှစ်ကောင်ကို
ပြောပြတယ်။ ဒီကောင်တွေက ကျုပ်ကို လွှတ်ခင်တဲ့
ကောင်တွေဗျ။ ပါးစပ်ကလည်း အားကြီးလုံတာ။
ဒီကောင်တွေ ညနေဘက် ဆရာတောက် ရေလာချိုးမယ့်
အချိန်ကို ပုဗ္ဗာရုံကျောင်းရေတွင်းမှာ ရေချိုးရင်း
စောင့်နေကြရမယ်။ ဆရာတောက်လာရင်
ရေတွင်းမှာ ရေငင်ရင်းနဲ့ အနားကပ်ပြီး…
“ဆရာကြီး ဒီည ရှစ်နာရီ ရွာနောက်က ညောင်ပင်ကြီး
အောက်ကို ဆက်ဆက်လာခဲ့ပါလို့ မပန်းရုံက မှာလိုက်တယ်”
လို့ ပြောရမယ် ။ ဒီကောင် နှစ်ကောင်ကို ကျုပ်ယုံတယ်။
အရီးခဆီကို ကျုပ်ပြန်သွားတယ်။ အစီအစဉ်ကို ပြောလိုက်တယ်။
ညရှစ်နာရီမထိုးခင် ကျုပ်ရော အရီးခရော ရွာနောက်ဘက်က
ညောင်ပင်ကြီးအောက်ကို ရောက်နေပြီဗျ။ ကျုပ်က
မလှမ်းမကမ်းက ခြုံပုတ်ထဲမှာ ပုန်းနေတယ်။
လက်ထဲမှာ ငှက်ကြီးတောင်ဓါးကို ကျစ်ကျစ်ပါအောင်
ဆုပ်ထားတယ်။
အရီးမယ်ခကလည်း ခပ်လှမ်းလှမ်းက ထနောင်းပင်နားမှာ
အသာရပ်နေတယ်။ ဒီနေရာကနေဆိုရင် သင်္ချိုင်းနဲ့
နီးနေပြီဗျ။ အရီးမယ်ခက ဒီအောက်လမ်းကို
သူ့ဟာသူ ခေါ်သွားလိမ့်မယ် ။ ရှစ်နာရီ ထိုးပြီ။
ဟော အောက်လမ်းတောင် လာပြီဗျို့။
မနဲ့ထောင်ရင် ဘယ်သူ ခံနိုင်မှာလဲဗျာ။
ကျုပ် သေသေချာချာ ကြည့်တယ်။
ဒီလူ တစ်ယောက်တည်း လာတာဗျ။
ညောင်ပင်ကြီးအောက်ကို ရောက်တော့
အောက်လမ်းကောင်က ဟိုရှာ ဒီရှာ လုပ်နေတယ်ဗျ။
“ဟား ဟား ဟား ဟား ”
အရီးမယ်ခက တဟားဟားနဲ့ အော်ရယ်လိုက်တော့
ဒီလူကြောင်သွားတယ် ။ ခဏနေမှ
သဘောပေါက်သွားပုံ ရတယ်ဗျ။
“သြော် လက်စသတ်တော့ နင်တို့က ငါ့ကို
ထောက်ချောက်ဆင်တာကိုး။ ဟဲ့ စုန်းမ
နင့်ပညာက ဘယ်လောက်ထက်လို့တုံး”
အရီးမယ်ခက ထနောင်းပင်ရိပ်ကလေးကနေ
အပြင်ကို ထွက်လာတယ်။
“ဟဲ့ အကောင် ၊ အောက်လမ်းအယုတ်တမာ၊
နင်လိုကောင်မျိုးကို သတ်ဖို့ ငါ ဒီပညာကို
သင်ထားတာဟေ့ ၊ ကဲ စမ်းလိုက်စမ်း”
အရီးမယ်ခက အဲဒီလို ပြောလိုက်တော့ အောက်လမ်းက
သူ့လက်နှစ်ဖက်ကို ရှေ့ဘက်ကို ဆန့်ထုတ်ပြီး ပါးစပ်က
ရွတ်ဖတ်နေတယ်ဗျ။ ကျုပ်ကတော့ ဒီလူကို
ကျုပ်လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
ငှက်ကြီးတောင်ဓါးနဲ့သာ ပြေးပြီး ပိုင်းလိုက်ချင်နေတာဗျို့။
ဟော အောက်လမ်းရဲ့ လက်ထဲမှာ အရောင်တွေ
တဝင်းဝင်း လက်လာတယ်ဗျ။
ဟော သူ့လက်ဖဝါးနှစ်ခုကြားမှာ အလင်းလုံးကလေး
ဖြစ်လာပြီဗျ။ ဟော ပစ်တော့မယ်။ ပစ်ပြီ ။ အရီးမယ်ခကို
အဲဒီအလင်းစက်နဲ့ ပစ်လိုက်တာဗျို့။
ဟာ အရီးမယ်ခကလည်း ဝင်းခနဲ နေအောင်
ပြန်ပစ်လိုက်တာဗျို့။ အလင်းရောင်နှစ်ခုက
လမ်းမှာတင် တွေ့ပြီး …
“ဝုန်း…ဝုန်း…”
လို့ မြည်သွားတယ်။ ဟော အောက်လမ်းက နောက်ကို
ရွေ့သွားတယ်ဗျ။ ခြေတစ်လှမ်း နှစ်လှမ်း။
“ဟား ဟား ဟား ဟား ”
အရီးမယ်ခက အော်ရယ်ပြီး နောက်ကို ဆုတ်သွားတယ်
အောက်လမ်းက ဒေါသတွေထွက်ပြီး အရီးမယ်ခနောက်ကို
လိုက်တော့တာပဲဗျို့။
“ဟဲ့ စုန်းမ နင် ဘယ်ကို ပြေးမလို့တုံး၊ နင် ငါ့လက်က
လွတ်မယ်ထင်သလား”
လို့ ပြောပြီး ပြေးလိုက်တယ်ဗျ။ တကယ်က အရီးမယ်ခက
သူ့ကို သင်္ချိုင်းထဲရောက်အောင် ခေါ်သွားတာဗျ။
ဟော သင်္ချိုင်းမရောက်ခင် တစ်ယောက်နဲ့တစ်ယောက်
တစ်ချီတွယ်ကြသေးတယ်ဗျ။
ဒီတစ်ခါတော့ နှစ်ယောက်လုံး တောင့်ခံထားတာဗျ။
ဘယ်သူမှ နောက်ကို မရွေ့ဘူး။
ဟော ရောက်သွားပြီ။ သင်္ချိုင်းထဲကို ရောက်သွားပြီ။
ကျုပ်လည်း ခြုံတွေကွယ်ပြီး လိုက်ချသွားတာ
သင်္ချိုင်းထဲ ရောက်နေပြီဗျို့။ဒီတုန်းမှာပဲ လူသံကြားလို့
ကျုပ် လှည့်ကြည့်လိုက်တော့ ရွာသားလေးငါးယောက်
ရောက်လာတယ်။ ဝက်သိုးတို့ ပြောလိုက်တာနေမှာ။
ဟော တွယ်ကြပြန်ပြီဗျို့။ အရီးမယ်ခက
သူ့လက်ထဲက ထွက်လာတဲ့ မီးတောက်တွေနဲ့
အောက်လမ်းဆီကို လွှတ်တယ်။
အောက်လမ်းကလည်း သူ့လက်က ထွက်တဲ့
အလင်းရောင်နဲ့ ကာထားတယ်ဗျ။
ဟော အောက်လမ်းက မီးတန်းကြီးတစ်ခု လွှတ်လိုက်ပြန်ပြီဗျို့။
အရီးမယ်ခက သူ့အလင်းစက်တွေနဲ့ ကာထားလိုက်တယ်။
လိုက်လာတဲ့ ရွာသားတွေလည်း သင်္ချိုင်းထဲကို ရောက်လာပြီဗျ။
ရွာကိုအောက်လမ်းဆရာ ခေါ်လာတဲ့ သောင်းတင်လည်း
ပါလာတယ်
အရီးမယ်ခက စိမ်းပြာရောင် မီးတောက်တွေ
သူ့လက်ချောင်းတွေက ထွက်လာပြီး မီးတန်းကြီးတစ်ခုတည်း
ဖြစ်အောင် စုလိုက်တယ်။ ပြီးတော့ တလက်လက်တောက်နေတဲ့
အဲဒီမီးတောက်ကို အောက်လမ်းကောင်ဆီကို
အရီးမယ်ခက လွှတ်လိုက်တယ်ဗျ။
ဟော လာပြီ ။ အောက်လမ်းက ကာလိုက်တယ်
ဒါပေမဲ့ အရီးမယ်ခ လွှတ်တဲ့ မီးတန်းကြီးက တော်တော်ကို
ပြင်းတယ်ဗျ။
“ဖျန်း ဖျန်း ဖျန်း”
ဆို မြည်သွားပြီး အောက်လမ်းကောင် ကာထားတဲ့
စက်တွေ ပြတ်ထွက်သွားတယ်။ အောက်လမ်းက နောက်ကို
တစ်လံလောက် လွင့်ထွက်သွားတယ်။ ပြီးတော့ နောက်ကို
လန်ထွက်သွားတယ်။ ဟော ဖင်ထိုင်ရက်ကို လဲကျသွားတာဗျို့။
အရီးမယ်ခကိုယ်တိုင်လည်း နောက်ကို နည်းနည်းယိုင်သွားတယ်ဗျ။
ဧကန္တတော့ အရီးနဲ့ ဒီကောင်ကြီးနဲ့ ပညာအဆင့်ချင်း
တူနေပြီထင်တယ်ဗျ။
ဟော ပြန်ထလာပြီဗျို့။ ဟာ ဒီတစ်ချီကတော့
တကယ့်ပွဲကြီးပွဲကောင်းပဲထင်တယ်။ အရီးမယ်ခကလည်း
ပါးစပ်ကြီးဟပြီး စိမ်းပြာရောင် မီးတောက်တွေ ထုတ်နေတယ်။
အောက်လမ်းကောင်ကလည်း သူ့ပါးစပ်ကြီးကိုဟပြီး
လိမ္မော်ရောင် မီးတန်းကြီးကို ထုတ်နေတယ်ဗျ။
ဟော မှုတ်ပြီ၊ မီးတန်းတွေ မှုတ်ထုတ်လိုက်ကြပြီဗျို့။
မီးတန်းနှစ်ခု ပြေးပြီးတိုက်ပြီ။
“ဝုန်း”
ဟာ မီးတန်းနှစ်ခုက လိမ်ပြီး ဆက်ထွက်သွားပြီဗျို့။
ဟာ ထိပြီဗျို့။ ထိပြီ။ နှစ်ယောက်စလုံးကို ထိတာဗျို့။
နှစ်ယောက်စလုံး ဖင်ထိုင်ရက် လဲသွားကြပြီဗျို့။
“ဟာ အရီး”
ကျုပ်က အရီးမယ်ခဆီကို ပြေးမယ်အလုပ်မှာ…
“တာတေ မလာနဲ့ ”
လို့ အရီးမယ်ခက အော်လိုက်တယ်။
ကျုပ်လည်း အောက်လမ်းကောင်ကို ဓါးနဲ့ပိုင်းဖို့
ဓါးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်တယ်
အောက်လမ်းကောင်က ဒယီးဒယိုင်နဲ့ ထလာပေးတယ်ဗျ။
ဒီတုန်းမှာပဲ လုံးဝမမျှော်လင့်တာ ဖြစ်လာတယ်ဗျို့။
ဂူတွေပေါ်ကနေ ဖြူဖြူအရိပ်ကြီးတစ်ခု ဖြတ်ပြေးလာတယ်။
အရပ်ဆယ်ပေလောက်ရှိတာ။ ဆံပင်ဖားလျားကြီး
ချလို့ဗျ။ ကျုပ် ကောင်းကောင်း သိတာပေါ့ဗျာ။
ဒါ မဖဲဝါဗျာ။ မဖဲဝါ။ လေထဲမှာ လွင့်နေအောင်ကို
ပြေးလာတာဗျို့။
“ဘုန်း ဘုန်း ဘုန်း”
“အင့် အင့် အား”
ဒယီးဒယိုင် ထလာပြီး အရီးမယ်ခကို အပြတ်ရှင်းဖို့
ပြင်နေတဲ့ အောက်လမ်းကောင်ရဲ့ ကျောကုန်းကို
မဖဲဝါ ဆက်တိုက်ရိုက်ချလိုက်တာဗျို့။
‘အား’ဆို အော်လိုက်တဲ့ အသံကြီးက
အောက်လမ်းကောင်ကြီးရဲ့
နောက်ဆုံးအသက်ငင်သွားတဲ့ အသံပဲဗျ။
“ဝေါ့ ”
ဒူးထောက်ရက် ကျသွားပြီး သွေးတွေ မြင်မကောင်းအောင်
အန်လိုက်တဲ့ အောက်လမ်းဆရာ၊ ဆရာတောက်ဟာ
ရှေ့ကို ဟပ်ထိုးကြီး ထိုးကျပြီး ငြိမ်သွားတယ်ဗျို့။
မဖဲဝါကြီးလည်း ဖြတ်ခနဲ ပျောက်သွားတယ်
ကျုပ်နဲ့ ရွာသားတစ်ယောက်က အရီးမယ်ခကို
ပြေးထူတယ်။
သောင်းတင်ကလည်း အောက်လမ်းဆရာမှန်း မသိလို့
ရွာကို ခေါ်ခဲ့မိတဲ့အကြောင်း တောင်းပန်တယ်ဗျ။
ဒီအောက်လမ်းရဲ့ အလောင်းကို ရွာထဲပြန်မသယ်ဘဲ
သင်္ချိုင်းမှာပဲ မြှုပ်ပစ်ဖို့ သဘောတူကြတယ်
ကျုပ်ကတော့ အရီးမယ်ခကို သူ့အိမ် ပြန်ပို့ပေးတယ်
တစ်ရွာလုံးကလည်း အရီးမယ်ခကို နားလည်သွားကြတယ်။
အရီးမယ်ခကတော့ ဒဏ်ရာပြင်းပြင်း ရသွားပုံပဲဗျ။
သိပ်တောင် မလှုပ်နိုင်ဘူး။ ဒါပေမဲ့ သူအရမ်းကို
ကျေနပ်နေတဲ့ပုံပါဗျာ။
ပန်းရုံလည်း အောက်လမ်းသေသွားမှ မိနေတဲ့
ဆေးပြယ်သွားပြီး သတိမှန်သွားတာပေါ့။
“တာတေ ဟိုညက ရောက်လာတာ ဘယ်သူတုံး
နင် သိသလား”
လို့ အရီးမယ်ခက ကျုပ်ကို မေးတယ်
ကျုပ်က…
“သိပါတယ် အရီးရာ၊ အဲဒါ မဖဲဝါကြီးပါဗျာ”
“ဟေ နင်က ဘယ်ဆိုးလို့တုံး ၊ မဖဲဝါကိုတောင်
သိတယ် ဟုတ်လား”
လို့ အံ့သြပြီး ကျုပ်ကိုပြောတယ်။
ကျုပ်ရော ရွာထဲက လူတွေပါ။
အရီးမယ်ခကို ဂရုစိုက်ကြပါတယ်။
ဒါပေမဲ့ အောက်လမ်းနဲ့ တိုက်တုန်းက
ရခဲ့တဲဒဏ်ကြောင့် အတွင်းကြေ
ကြေသွားပုံရတယ်ဗျာ။
တစ်လလောက်အကြာမှာ အရီးမယ်ခ ဆုံးသွားတယ်။
သူမဆုံးခင် သူ့ယာတွေနဲ့ ပိုင်ဆိုင်သမျှကို တူ,တူမတွေကို
ခွဲဝေပေးခဲ့တယ်။ ကျုပ်ကိုတော့ ဘယ်သူမှ မသိအောင်
သူ့ယောင်္ကျား ဘကြီး အောင်ထိန် ဝတ်တဲ့ ပတ္တမြားလက်စွပ်
တစ်ကွင်း ပေးခဲ့တယ်။
“ရော့ တာတေ၊ ဒါ နင့်ဘကြီးအောင်ထိန် ဝတ်ခဲ့တဲ့ လက်စွပ်၊
နင်ယူလိုက်”
လို့လည်း ပြောခဲ့သေးတာဗျ။
အရီးမယ်ခဆုံးတော့ တစ်ရွာလုံး လိုက်ပို့ကြတယ်။
အားလုံး စိတ်တော်တော်ထိခိုက်သွားကြတာပါဗျာ။
ကျုပ်ကတော့ အရီးမယ်ခအတွက် တကယ်ကို
စိတ်မကောင်းခဲ့ဆုံးကောင်ပေါ့ဗျာ

ပြီးပါပြီ