မင်းအောင်နှင့်ကဝေတစ်ကောင်ချည်တဲ့ကြိုး

တည်းခိုနေသည်မှာ သုံးရက်တာပင် ကုန်လွန်ခဲ့လေသည်။

ကျွန်တော်တို့လည်း ဘုန်းကြီးကျောင်းမှာတည်းခိုနေစဉ်အတောအတွင်း

အမှိုက်လှဲခြင်း၊ထင်းခွဲခြင်း၊ရေခပ်ခြင်း အစရှိသော သာသန့ာဝေယျာဝစ္စများအား ကူညိလုပ်ကိုင်ပေးလျက်နေလေသည်။

 

” အောက်.. အီး.. အီး ..အွတ် ”

 

” အောက် .. အီး.. အီး.. အွတ် ”

 

ဟူသောလင်းကြက်တွန်သံနှင့်အတူ ကျွန်တော်တို့ဆရာတပည်နှစ်ယောက်လည်း အိပ်ရာမှထလိုက်ပြီး ဘုန်းကြီးကျောင်းပေါ်ရှိ ဆရာတော်များအတွက် အာရုဏ်ဆွမ်းများအား ဝိုင်း၍ပြင်ပေးလိုက်လေသည်။ ပြီးသည်နှင့် တံမြက်စီးတစ်ယောက်တစ်ချောင်းယူကာ ကျောင်းဝင်းအတွင်းရှိ စေတီငယ်လေးဆီသို့ သန့်ရှင်းရေးလုပ်ရန် ထွက်လာခဲ့လိုက်သည်။ စေတီငယ်လေး၏ရင်ပြင်ပေါ်ရှိ သစ်ရွက်ခြောက်အမှိုက်များအားလှဲကျင်း၍ သန့်ရှင်းရေးများပြုလုပ်ပြီးစီးသောအချိန်၌ သူရိယနေမင်းကြီးသည် တောင်တန်းများအထက်မှထွက်လာ၍ အလင်းရောင်တို့သည်ကား တောင်တန်းများပေါ်သို့ ဖြာကျလျက် လင်းလက်တောက်ပနေလေသည်။ တောင်တန်းများပေါ်မှ ဖြတ်ကျော်၍တိုက်ခက်လာသော လေနုလေးများသည်လည်း ကျွန်တော်တို့ထံသို့ အအေးဓာတ်ကလေးများအား ယူဆောင်လာ၏။ ထို့နောက်ကျွန်တော်နှင့်ပြည့်ဖြိုးလည်း နေမင်းကြီး၏ အလင်းရောင်ခြည်အား ထိတွေ့ခံစားလိုက်ရသောအခါ ရင်ထဲ၌ပင် နွေးထွေးလာလေသည်။

 

ကျွန်တော်လည်း နေရောင်ခြည်များဖြာကျ၍ရှိသော ရှမ်းတောင်တန်းများ၏အလှအပများအား ခံစားကြည့်ရှုနေရင်း ကျွန်တော်၏ရင်တွင်း၌ အတိတ်ကအလွမ်းပုံရိပ်လေးတစ်ခုအား တမ်းတ၍လွမ်းမိလာနေစဉ်အခိုက်

 

” ဆရာ ဘာတွေတွေးနေတာတုံးဗျ ”

 

” ဘာရယ်မဟုတ်ဘူး ပြည့်ဖြိုးရာ ”

 

ပြည့်ဖြိုးလည်း ဆရာဖြစ်သူမင်းအောင်၏ မျက်နှာလေး ငြိုးငယ်နေသည်ကို ရိပ်စားမိ၍

 

” ဆရာ မမဝတီကိုသတိရနေတာလား ”

 

” ဆိုပါတော့ကွာ ငါတို့ကအရိယာသူတော်စင်တွေမှ မဖြစ်သေးတာ…ပုတုဇဉ်လူသားတွေ အဆင့်ပဲရှိသေးတာဆိုတော့ ချစ်ခြင်း၊မုန်းခြင်း၊တွေ့ဆုံခြင်း၊ခွဲခွာခြင်းအစရှိတဲ့ ကာမဂုဏ်အာရုံဝဲဂယက်ထဲကနေ အပြီးအပိုင် ဘယ်လိုရုံးထွက်နိုင်ပါအုံးမလဲကွာ ငါတစ်ခါလေကြရင် တို့မြတ်စွာဘုရားကို သိပ်ကျေးဇူးတင်တယ် ”

 

” ဘာဖြစ်လို့လည်း ဆရာ ”

 

” မင်း စဉ်းစားကြည့်လေပြည့်ဖြိုးရဲ့

တွေ့ဆုံကြုံကွဲ ဝမ်းနည်းခြင်းသည်သာ ဓမ္မတာ ဆိုတဲ့လောကဓံတရားတွေနဲ့ ကြုံလာခဲ့ရင် ဘယ်လိုအရာမျိုးတွေနဲ့ ဖြေသိမ့်နိုင်မှာလဲ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားခဲ့တဲ့ အနတ္တဆိုသည့် အစိုးမရတဲ့ ပျက်စီးခြင်းတရားတွေကြောင့်သာ အရာရာဟာ ဖြစ်ပြီးရင်ပျက်ပါလားဆိုပြီး ဖြေသိမ့်နိုင်တာပေါ့ကွာ အဲဒါကြောင့်အနတ္တတရားကိုဟောကြားပေးခဲ့တဲ့ မြတ်စွာဘုရားကို သိပ်ကျေးဇူးတင်တယ်လို့… ပြောတာပေါ့ကွ ”

 

” ဆရာပြောတာလည်း ဟုတ်တာပဲနော် ”

 

ကျွန်တော်နှင့်ပြည့်ဖြိုး စကားပြောနေစ၌်အခိုက်

 

” ဒကာလေးရေ …ဒကာလေး ”

 

ဟုအော်ခေါ်ပြီး ကျွန်တော်တို့ထံသို့

ဦးဇင်းငယ်တစ်ပါး ရောက်လာသည်။

 

“တင်ပါ့ဘုရား တပည့်တော်တို့ကိုခေါ်တာဘာကိစ္စများရှိလို့ပါလည်းဘုရား ”

 

” ဒီလိုဒကာလေးရေ ဒကာလေးတို့ကို ရွာထဲမှာနေတဲ့ ဒကာမလေးတစ်ယောက်က တွေ့ချင်တယ်ဆိုလို့ဦးဇင်းက လာခေါ်ပေးတာ ”

 

” တင်ပါ့ဘုရား ဦးဇင်းရှေ့ကကြွပါဘုရား တပည့်တော်တို့ နောက်ကနေလိုက်ခဲ့ပါမယ်ဘုရား ”

 

ကျွန်တော်နဲ့ပြည့်ဖြိုးလည်း ဦးဇင်းလေးရဲ့ နောက်ကနေလိုက်လာရာ ခနအကြာတွင် ဘုန်းကြီးကျောင်း၏ကျောင်းအဝသို့ပင်ရောက်လာခဲ့လေသည်။ ထိုကျောင်းအဝ၌ အနက်ရောင်ပအိုဝ်းဝတ်စုံလေးအား ဝတ်ဆင်ထားပြီး ဦးခေါင်း၌ပအို့ခေါင်းပေါင်းအား ပေါင်းထားသော မိန်းမငယ်လေးတစ်ဦးအား တွေ့လိုက်ရလေသည်။ထိုမိန်းမငယ်လေးမှ

 

” ဆရာလေးတို့က တိုင်းရင်းဆေးဆရာတွေဆို ”

 

” ဟုတ်ပါတယ်ညီမ ဒါနဲ့အစ်ကိုတို့ကို တိုင်းရင်းဆေးဆရာမှန်း ဘယ်လိုသိတာလည်း ”

 

” သြော်.. ဒါလား ညီမကိုတိုင်းရင်းဆေးဆရာလေးတွေ တောင်ပေါ်ကဘုန်းကြီးကျောင်းမှာ ရောက်နေတယ်လို့

နန်းဟွမ်လွီးနဲ့နန်းမွိ့စီကပြောလိုက်တာပါ ”

 

” သြော်…ဟိုနှစ်ယောက်ကို ”

 

ဟု ပြည့်ဖြိုးမှ တီးတိုးပြောလိုက်လေသည်။ ထိုနှစ်ယောက်သည်ကား မင်းအောင်နှင့်ပြည့်ဖြိုးအား ဘုန်းကြီးကျောင်းသို့သွားရန် လမ်းညွှန့်လိုက်သော ပအိုဝ်းမလေးနှစ်ယောက်ပင်ဖြစ်လေသည်။ မထူးတော့သည်မို့ ကျွန်တော်လည်း

 

” ညီမ အစ်ကိုတို့ဆီလာတာ ဘာကိစ္စများရှိလို့လဲ ”

 

” ဟုတ်ကဲ့ဆရာလေးရေ ဆရာလေးတို့ကိုဆေးကုဖို့လာပင့်တာပါ ”

 

” သြော်..ဆေးကုဖို့လာပင့်တာလား… ဒါနဲ့အစ်ကိုတို့ကဘယ်သူ့ကို ဆေးကုပေးရမှာလဲညီမ ”

 

ကျွန်တော်က ထိုသို့မေးလိုက်ရာ

 

” ဒီလိုပါဆရာလေး ညီမနာမည်ကနန်းခမ်းလော့ပါ ညီမအမျိုးသားနာမည်က ခွန်တဖေလို့ခေါ်ပါတယ်… ဆရာလေးတို့ဆေးကုပေးရမှာက ညီမအမျိုးသားခွန်တဖေကိုပါ ”

 

” လူနာက ဘာဖြစ်တာလဲညီမ ”

 

” ညီမအမျိုးသားက ချော်လဲပြီးထဲက လမ်းမလျှောက်နိုင်တော့တာပါ အခုနောက်ပိုင်းဆို အိပ်ယာထဲကနေတောင် မထနိုင်တော့ပါဘူးဆရာလေးရယ် ကယ်နိုင်ရင်ကယ်ပေးပါအုံးနော် ”

 

ဟုပြောကာ ထိုမိန်းမငယ်လေးရဲ့ မျက်ဝန်းအိမ်မှ မျက်ရည်စကလေးများသည် အပြင်သို့ပင်လျှံ၍ထွက်လာကာ ပါးပြင်ထက်သို့ပင် စီးကျလာလေသည်။

 

အဘယ့်ကြောင့်ဆိုသော် လင်ယောက်ျားနေမကောင်းသော မိန်းမတစ်ယောက်သည် မည်သို့မျှစိတ်မချမ်းသာနိုင်ချေ။ သားကိုသခင် လင်ကိုဘုရားအဖြစ်သတ်မှတ်ထားသောမိန်းမများအဖို့ လင်ယောက်ျားဖြစ်သူနေမကောင်းလျှင် သူတို့နေရာ၌အစားဝင်ကာ မိမိသာနေမကောင်းဖြစ်လိုက်ချင်သောစိတ်က အစဉ်မြဲရှိနေ၏။

(စာရေးသူ မှတ်ချက် = ဤနေရာတွင် မိန်းကလေးများ၏ချစ်တတ်မှုများအား ဖော်ကျုးထားသည့်စာပိုဒ်လေးအား ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ အခွန်းစာမူမှယူ၍ ကောက်နှုတ်ဖော်ပြလိုက်လေသည် )

 

” ဒါနဲ့.. ညီမအမျိုးသားက အခုလိုဖြစ်တာ ကြာပြီလား ”

 

ဟုကျွန်တော်က မေးလိုက်ရာ

 

” သုံးလလောက်တော့ရှိပြီ ဆရာလေးရေ ”

 

” ကောင်းပါပြီ အစ်ကိုတို့ညီမအမျိုးသားကို နေပြန်ကောင်းလာအောင် ဆေးကုပေးပါ့မယ် ”

 

ထိုစကားကြားလိုက်ရာနန်းခမ်းလော့ အမည်ရသောပအိုဝ်းသူလေးမှာ သွားတက်ကလေးများပေါ်အောင်ပင် ပြုံးရယ်လိုက်ပြီး ဝမ်းသာအားရဖြစ်ကာ

 

” ကျေဇူးတင်လိုက်တာ ဆရာလေးတို့ရယ် အခုလိုညီမအမျိုးသားကို ဆေးကုပေးမယ်ပြောတာနဲ့တင် ကျေးဇူးအတော်တင်နေပါပြီ ”

 

” ဒါနဲ့ ညီမအိမ်ကရော ဘယ်နေရာမှာလဲ ဝေးလား ”

 

” မဝေးဘူးဆရာလေး ဒီတောင်ခြေနားလေးတင်ပဲ ”

 

ထို့နောက် ကျွန်တော်လည်းပြည့်ဖြိုးအား ကျောင်းပေါ်ရှိ ဆေးလွယ်အိတ်များအား သွားယူစေပြီးနောက် နန်းခမ်းလော့ဟူသော ပအိုဝ်းမလေးနှင့်အတူ ၎င်းအိမ်ရှိရာဘက်သို့ထွက်လာခဲ့လိုက်သည်။ သိပ်၍ပင်မသွားလိုက် ခနအကြာတွင်

 

” ဆရာလေးတို့ ဒါညီမအိမ်ပဲ အိမ်ထဲကိုကြွကြပါ ”

 

နန်းခမ်းလော့ဟူသော ပအိုဝ်းမလေးက ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်အား ၎င်းအိမ်ထဲသို့ဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။ ပအိုဝ်းမလေး၏အိမ်သည်ကား ဝါးများဖြင့် သေသပ်စွာ ဆောက်လုပ်ထားသော အိမ်ငယ်လေးတစ်လုံးပင်ဖြစ်လေသည်။ ကျွန်တော်တို့နှစ်ယောက်လည်း ၎င်းအိမ်လေးပေါ်သို့တက်လာရာ အိမ်လေး၏အရှေ့ခန်းတွင် အသက်၂၅ဝန်းကျင်ခန့်ရှိ လဲလျောင်းနေသော အမျိုးသားတစ်ဦးအား တွေ့လိုက်ရလေသည်။ ၎င်း အမျိုးသည် ခန္ဓာကိုယ်တစ်ခုလုံး ပိန်လှီနေကာ မျက်တွင်းများမှာ အနက်ရောင်ဘက်သို့ပင် ကူးသန်းနေသည်ကို ထူးဆန်းစွာထပ်မံတွေ့လိုက်ရလေသည်။ ထို့နောက် ကျွန်တော်မှ

 

” ဒါ..ညီမအမျိုးသားလား ”

 

” ဟုတ်ပါတယ်ဆရာလေး ဒါကညီမအမျိုးသားခွန်တဖေပါ သူကအခုမှိန်းနေတာပါ ညညဆို သူ့မှာမအိပ်နိုင်ရှာပါဘူးဆရာလေးရယ် တစ်ကိုယ်လုံးကိုက်တယ်နာတယ်ဆိုပြီး အော်ဟစ်နေရှာတာ… ”

 

ဟုပြောကာ နန်းခမ်းလော့တစ်ယောက်သည် မျက်နှာလေးမှာ ညိုးငယ်သွားရှာလေသည်။

 

ကျွန်တော်လည်း ထိုလဲလျောင်းနေသောအမျိုးသားအား အာရုံစူးစိုက်၍ကြည့်လိုက်ရာ

 

” အို….ကျွတ်.. ကျွတ် ”

 

ကျွန်တော့်နှုတ်မှ အာမေဋိတ်အသံများပင် ထွက်လာလေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအမျိုးသား၏ ခြေထောက်မှစ၍ ဦးခေါင်းအထိကို သေးငယ်သော အနက်ရောင်ကြိုးချည်မျှင်များဖြင့် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ထိုအနက်ရောင်ကြိုးများအား သာမန်လူတွေ မမြင်နိုင်ချေ။

ကျွန်တော်လည်း ထိုအမျိုးသားအား စိုက်ကြည့်နေခိုက်..

 

” ဆရာလေးဘာဖြစ်လို့လည်း ထိုင်ပါအုံး ”

 

ဟုပြောကာ နန်းခမ်းလော့တစ်ယောက်သည် ကျွန်တော်တို့အားထိုင်ရန် ဖျာများခင်းပေးလေသည်။ ကျွန်တော်တို့လည်း ၎င်းခင်းပေးထားသော ဖျာပေါ်၌ထိုင်လိုက်ပြီး

 

” ညီမအမျိုးသား အခုလိုမဖြစ်ခင်က ဘယ်သူတွေနဲ့စကားများရန်ဖြစ်ဖူးသေးလည်း”

 

” ဘာဖြစ်လို့လဲ ဆရာလေး ”

 

” ဒီလိုညီမရ… ညီမအမျိုးသားအခုလို ခံစားနေရတဲ့ဝေဒနာက သာမန်ဝေဒနာမျိုးမဟုတ်ဘူး ကဝေပညာသည်တစ်ယောက်ရဲ့ ပြုစားခြင်းခံထားရတာပဲ ”

 

” ရှင်…..ဆရာလေးဒါဆိုရင် ဘယ်လိုလုပ်ကြမလည်း ”

 

” စိတ်မပူပါနဲ့ညီမ အစ်ကိုတို့ကအထက်လမ်းပညာလည်း မတောက်တခေါက်တတ်ပါတယ်…အဲဒီတော့ညီမအမျိုးသားကို ကယ်တင်ကုသပေးပါ့မယ် ”

 

” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာလေးရယ် ဒါနဲ့ညီမအမျိုးသားက ဘယ်လိုမျိုးအပြုစားခံထားရတာလည်း ”

 

” ဒီလို..ညီမရဲ့.. ညီမအမျိုးသားကို ပြုစားထားတာက ကဝေတွေရဲ့အတတ်ပညာဖြစ်တဲ့ စက်ကြိုးတွေနဲ့ချည်နှောင်ပြီး ပြုစားထားတာပဲ ”

 

” ရှင်…ရက်စက်လိုက်ကြတာ လုပ်ရက်လိုက်ကြတာ. ဟီး…ဟီး..ဟီး ”

 

ဟုပြောပြီးနန်းခမ်းလော့တစ်ယောက်လည်း ငိုကြွေးလေသည်။

 

” စိတ်မပူပါနဲ့ ညီမအမျိုးသားအခုလိုခံစားနေရတာကို အစ်ကိုတို့ကပျောက်ကင်းအောင်ကုသပေးမှာပါ ဒါနဲ့ညီမအမျိုးသားအခုလိုမဖြစ်ခင် တစ်စုံတစ်ယောက်နဲ့စကားများရန်ဖြစ်ခဲ့သေးလား ”

 

ဟု ကျွန်တော်လည်းထပ်မံမေးလိုက်ရာ

 

နန်းခမ်းလော့ ဟူဟောပအိုဝ်းမလေးသည် မျက်မှောင်တစ်ချက်ကြုတ်ကာ စဉ်းစားလိုက်ပြီး

 

” ရန်ဖြစ်ခဲ့ဖူးတယ်ဆရာလေးရဲ့ ဖြစ်ပုံကဒီလို…”

 

“.နှောင်း .. နှောင်း…နှောင်း.. နှောင်းဗေထုံ ”

မောင်းသံများ၊ အိုးစည်သံများ၊ ဗုံတိုဗုံရှည်သံများဖြင့် စီကားသိုက်မြိုက်နေသော လုံးဟီးရွာလေး၏အလှူ၌ အနက်ရောင်ချည်မျှင်များဖြင့်ယက်လုပ်ထားသော ပအိုဝ်းရိုးရာဝတ်စုံလေးအား ဝတ်ဆင်ထားကာ အနက်နှင့်အနီစပ်ဖောက်ထားသော ခေါင်းပေါင်းလေးအား ပေါင်းထားသော နန်းခမ်းလော့၏အလှသည် လုံးဟီးရွာလေး၏မိန်းမပျိုများထဲ၌ ထင်ပေါ်နေလေ၏။ နန်းခမ်းလော့တစ်ယောက်သည် မိမိရွာတွင်ပြုလုပ်သောအလှူ၌ ကျွေးမွေးရန်အတွက် ဝက်သားဟင်းများအား ပြင်ဆင်နေခိုက်

 

” ဟေ့ ကောင်မလေး ကိုကြီးကိုဝက်သားဟင်းလေးထည့်ပေးပါအုံး ”

 

ဟူသောအသံနှင့်အတူ လူစိမ်းတစ်ယောက်သည် နန်းခမ်းလော့အား ရိသက်သက်နိုင်သောအမူယာဖြင့် လာပြော၏။ ထိုလူသည် နန်းခမ့်လော့တို့ရွာသားမဟုတ်သည့်မျက်နှာစိမ်း တခြားရွာသားပင်ဖြစ်လေသည်။

ထို့နောက် နန်းခမ်းလော့သည်လည်း ဝက်သားဟင်းများအား ထိုလူ၏ရှေ့ရှိဟင်းပန်ကန်ထဲသို့ ထည့်ပေးလိုက်သောအခါ ထိုလူမှ

 

” ဒီအလှူကိုလာရတာတန်သွားပြီကွာ ဒီလိုလှပတဲ့ကောင်မလေးရဲ့လက်နဲ့ ထည့်ပေးတဲ့ဟင်းကိုစားလိုက်ရလို့..ကွ ”

 

” ဟား ဟား ဟား”

 

ထိုလူစိမ်းနှင့်ပါလာသော လူများကပါ ဝိုင်း၍ရယ်လေသည်။ သို့ဖြစ်ပါသောကြောင့်နန်းခမ်းလာလည်း ရှက်၍နောက်သို့လှည့်အထွက်

 

” နေပါအုံးညီမလေးရယ် ကိုကြီးကချစ်လို့စတာပါ ”

 

ဟုပြောကာ နန်းခမ်းလော့၏လက်အား လှမ်းဆွဲထားလေရာ

 

” ဝှစ်…ခွက်…အား ”

 

အသံနဲ့အတူ ထိုလူစိမ်းသည်စားပွဲပေါ်သို့ လဲကြသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် ဘယ်တုန်းက ရောက်နေမှန်းမသိသော နန်းခမ်းလော့၏အမျိုးသားခွန်တဖေမှ ထိုလူစိမ်း၏မျက်နှာအား ထိုးလိုက်သောကြောင့်ပင်ဖြစ်လေသည်။ ထိုအချင်းအရာများဖြစ်သွားသောကြောင့် အလှူမဏ္ဍပ်အတွင်း၌ ရုတ်ရုတ်သဲသဲဖြစ်သွားကာ လဲကျနေသောလူစိမ်းမှလည်း လူပုံအလယ်တွင်အရှက်ခွဲခံလိုက်ရသဖြင့်

 

” တောက်! မင်းတို့ရွာဆိုတော့ မင်းတို့လုပ်ထားအုံးပေါ့ တစ်နေ့ငါ့အကြောင်းကောင်းကောင်းသိစေရမယ် ”

 

ဟုပြောကာ လဲကျနေရမှထ၍ သူ၏အပေါင်းအပါများနဲ့အတူ ၎င်းအလှူမဏ္ဍပ်လေးအတွင်းမှထွက်ကာ လုံးဟီးရွာအပြင်ဘက်သို့ပင် ထွက်ခါသွားလေသည်။

 

“အဲဒါပါပဲ ဆရာလေးရယ် ”

 

ဟုနန်းခမ်းလော့တစ်ယောက်လည်း မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ရှည်လျားစွာရှင်းပြလိုက်လေသည်။

 

” သြော်..ဒါနဲ့ညီမ အဲဒီလူစိမ်းတွေကရွာကိုပြန်လာသေးလား ”

 

” မလာတော့ဘူးဆရာလေးရေ .နောက်တော့ အဲဒီလူတွေက တကဲ့တိုင်းရင်သားရွာသားတွေလို့ သိလိုက်ရတယ် …အဲဒီလိုရန်ဖြစ်ပြီးသုံးရက်လောက်ကြာတော့ ညီမရဲ့အမျိုးသားခွန်တဖေလည်း အိမ်ရှေ့မှာသစ်ငုတ်ကိုခလုတ်တိုက်ပြီး ချော်လဲတော့တာပဲ ချော်လဲပြီးနောက်ပိုင်းတဖြည်းဖြည်းနဲ့ အခုလိုအိပ်ယာထဲလှဲတော့တာပါပဲ ဆရာလေးရယ် ”

ဟု ငြိုးးငယ်စွာဖြင့် ပြောလေသည်။

 

” အစ်ကိုတို့အနေနဲ့ အဲဒီလောက်သိရရင် လုံလောက်ပါပြီ ညီမအမျိုးသားကို ကုဖို့အတွက် ကန်တော့ပွဲပြင်ရမယ် ကန်တော့ပွဲအတွက်လိုအပ်တာတွေကို ညီမအနေနဲ့ရှာပေးနိုင်မလား ”

 

” ဟုတ်ကဲ့ရပါတယ် ဆရာလေးတို့အနေနဲ့သာ လိုအပ်တာတာပြောပါ ညီမရှာပေးပါ့မယ် ”

 

” လိုအပ်ဒါကတော့ အုန်းသီးတစ်လုံး၊ငှက်ပျောသီးသုံးဖီး၊ဖယောင်းတိုင်၈တိုင် ၊ပိတ်ဖြူငါးတောင်၊ပိတ်နီငါးတောင် ၊ပန်းကိုးခက်ရယ် အမွှေးနံသာရယ်ဆိုရင်ရပါပြီ ”

 

ကျွန်တော်လည်း နန်းခမ်းလော့အား ကုပွဲအတွက်လိုအပ်သည်များအား ပြောကြားလိုက်ရာ

 

” ဆရာလေးမှာတဲ့ထဲက ပိတ်ဖြူပိတ်နီကလွဲလို့ ကျန်တဲ့ဟာအကုန် ဒီရွာမှာရှာလို့ရပါတယ် ”

 

” ဆရာ ကျွန်တော်လွယ်အိတ်ထဲမှာ ပိတ်ဖြူနဲ့ပိတ်နီပါတယ် ”

 

ကျွန်တော်နဲ့နန်းခမ်းလော့ ပြောနေစဉ်အခိုက် ပြည့်ဖြိုးမှ ဝင်ပြောလိုက်ခြင်းပင်။

 

” ဒါဆို ဟန်ကျတာပေါ့….ပြည့်ဖြိုးရာ ဒီတော့ကာ ပိတ်ဖြူပိတ်နီကအကိုတို့ဆီမှာပါတယ်ဆိုတော့ ညီမကကျန်တာတွေပဲရှာလိုက်ပေါ့ ”

 

” ဟုတ်ကဲ့ပါဆရာလေးတို့ …ဒါဆိုဒီမှာခနစောင့်ကြပါအုံး ညီမရွာထဲမှာလိုအပ်တာတွေသွားရှာလိုက်အုံးမယ် ”

 

ဟုပြောပြီး နန်ခမ်းလော့တစ်ယောက်လည်း အိမ်ပေါ်ကနေဆင်းကာ ရွာထဲသို့ထွက်သွားလေသည်။ ထမင်းအိုးနှစ်လုံးကျက်ခန့်လောက် ကြာချိန်ရောက်သောအခါ နန်းခမ်းလော့တစ်ယောက် အုန်းသီးနှင့်ငှက်ပျောသီးများပိုက်ကာ ပြန်ရောက်လာ၏။

ထို့နောက် ကျွန်တော်တို့လည်း လိုအပ်သည့်စ္စည်းများရသဖြင့် ဆေးပွဲအားဆင်လိုက်လေသည်။

( ဆေးပွဲဆိုသည်မှာ ပရောဂါကုသရန် ပြင်ဆင်ထားသောပွဲကို ဆိုလိုသည်။ ကန်တော့ပွဲများမှာ အမျိုးအစားသုံးမျိုးရှိလေသည် ထိုကန်တော့ပွဲအမျိုးအစားများအား နောက်ဝတ္ထုများတွင် အခါသင့်ရင် ရှင်းလင်းဖော်ပြသွားပါမည် )

ဆေးပွဲများဆင်ပြီးသောအခါ ကဝေပြုစားခံရသူ ခွန်တဖေအစား နန်းခမ်းလော့အား တည်၍စတင်ကုသ၏။

 

” ပြည့်ဖြိုးရေ မင်းပဲဆက်ကုလိုက် ငါဘေးကနေ ကြည့်နေပေးမယ် ”

 

” ဟုတ်ကဲ့ဆရာ ”

 

ပြည့်ဖြိုးလည်း ဆရာဖြစ်သူမင်းအောင်၏ ခွင့်ပြုချက်ရသဖြင့် နန်းခန်းလော့အား ဆေးပွဲရှေ့တွင် တင်ပလ္လင်လွှဲထိုင်စေပြီး လက်အုပ်အုပ်ချီခိုင်းလိုက်လေသည်။ ထို့နောက် နန်းခမ်းလော့၏ လက်ယာစည်း၊လက်ဝဲစည်း အနောက်စည်းဟု၍ စည်းသုံးစည်းနေရာ၌ မီးစက်သုံးခုအား ချလိုက်ပြီးနောက် ပြည့်ဖြိုးလည်း မျက်စိစုံမှိတ်ကာ

 

” ပဋ္ဌမံဂိုဏ်းမှ လက်ယာကိုးသိန်း လက်ဝဲကိုသိန်း အဘဆရာသခင်များသည်လည်း သားတော်လူဆရာ ကြာသပတေးသား၏ ဦးခေါင်းထက်သော်၌လည်းကောင်း၊လက်ယာလက်ဝဲ ပခုံးများထက်သော်

လည်းကောင်း နာရီမဆိုင်းမိနစ်မဆိုင်း စုံလင်စွာကြွရောက်ပြီးတည်ရှိပါစေသား …. အဘဆရာများကိုယ်တိုင် ကြွရောက်ပြီးပါက အဘဆရာများထံသို့ အပြုစားခံထားရသော ခွန်တဖေ၏အသက်နဲ့ခန္ဓာအားလည်း အဘဆရာများထံသို့ အပ်နှံလှူဒါန်းပါ၏ …ခွန်တဖေအား ပြုစားနှောက်ယှက်ထားသော ပုဂ္ဂိုလ်သည်လည်း မီးစက်အတွင်းသို့ရောက်ရှိနေသော နန်းခမ်းလော့၏ခန္ဓာကိုယ်၌ ဝင်ရောက်ပူးကပ်ပါစေသား ”

 

ဟု ပြည့်ဖြိုးလည်းပြောလိုက်ရာ ခနအကြာတွင် မီးစက်အတွင်းရှိ နန်းခမ်းလော့တစ်ယောက် တုန်ရီလာကာ လက်နှစ်ဖက်အား ငှက်များအတောင်ခက်သလိုခက်လာပြီး

 

” ဟား..ဟား..ဟား ငါ့ကိုခေါ်နိုင်လို့ ဘယ်လိုဆရာမျိုးလည်းအောက်မေ့တယ် ဆရာပေါက်စ လက်တောက်လောက်လေးကို ဟား ဟား ”

 

ဟုအော်ရီကာ တင်ပလ္လင်ခွေ ထချိတ်လေရာ ကျွန်တော်လည်း အခြေနေကိုရိပ်စားမိ၍

 

” ပြည့်ဖြိုး အဲဒီကဝေကောင်ကို ဆရာကြီးတွေနဲ့အပ်ပြီး နင်းချခိုင်းထား ”

 

” ဟုတ်ကဲ့ဆရာ ”

 

ပြည့်ဖြိုးလည်း ဆရာဖြစ်သူပြောသည့်အတိုင်း ၎င်းကဝေကောင်အား

 

” မီးစက်မီးတောက်ဆရာကြီးများ အဲဒီကဝေကောင်ကို မီးစက်မီးတောက်များအခိုင်အမာချထားပြီး ချုပ်နှောင်ထားပေးပါ ”

 

ထိုသို့ပြောလိုက်ရာ ကဝေကောင်ဝင်အပူးခံနေရသော နန်းခမ်းလော့၏ လက်များသည် ကြိုးများနဲ့အတုပ်ခံထားရသကဲ့သို့ ပူးကပ်သွားလေသည်။ ပြည့်ဖြိုးလည်း

 

” ကဲခဗျားအခုတော့ ဘာတတ်နိုင်သေးလဲ…ကျုပ်တို့ကမေတ္တာနဲ့ပြောရင် ခဗျားဘက်ကလည်းမေတ္တာနဲ့ ပြန်တုန့်ပြန်ပေးပါ ဒီက ခွန်တဖေကိုပြုစားထာတဲ့ ခဗျားရဲ့ခြေရာလက်ရာတွေကို အကုန်ပြန်ယူသွားပါ ”

 

ပြည့်ဖြိုးက ထိုသို့ပြောလိုက်ရာ နန်းခမ်းလော့အား ဝင်ရောက်ပူးကပ်နေသော ကဝေကောင်မှ

 

” မယူနိုင်ဘူးကွာ လုံးဝမယူနိုင်ဘူး ဒီကောင်ကို ငါသေအောင်သတ်မှာ တစ်မြေ့မြေ့ခံစားရပြီး သေအောင်လို့လုပ်ထားတာ…. ဟား ဟား ”

 

ထိုအခါ ပြည့်ဖြိုးလည်း

 

” ကျုပ်တို့ကမေတ္တာနဲ့ပြောတာကို ခဗျားကလက်မခံတော့လည်း ပဋ္ဌမံဂိုဏ်းတော်ကြီးအား စောင့်ကြပ်ပါသော လက်ယာလက်ဝဲ နတ်ဂုမ္ဘာန်ကြီးများ အဲဒီကဝေကောင်ကို မာန်မကျမချင်း နင်းချထားပေးပါ ခန္ဓာရှင်နန်းခမ်းလော့၏အသက်နှင့်ခန္ဓာအား ထိခိုက်ခြင်းမရှိစေရ ”

 

ဟုပြောလိုက်ရာ ကဝေကောင်၏ဦးခေါင်းသည်ကြမ်းပြင်ပေါ်သို့ ကျလာလေသည်။

ထိုအခါ ပြည့်ဖြိုးမှ

 

” ကဲ ..ခဗျားကိုကျုပ်ပြောမယ် ခဗျားဒီမိသားစုကိုပြုစားထားတာတွေ အကုန်လုံးပြန်ယူသွားပါ ခဗျားခေါင်းမမာပါနဲ့ ခေါင်းမာလို့ခဗျားအတွက်အကျိုးမရှိဘူး ”

 

ထိုသို့ပြောလိုက်ရာ ကဝေကောင် ဝင်ပူးခံနေရသောနန်းခမ်းလော့မှ

 

” မယူနိုင်ဘူးကွာ ဒီကောင်ကိုငါအသေသတ်မှာ မင်းတို့ပိုင်နက်ထဲရောက်တော့ ငါ့ကိုနှိပ်စက်ထားပေါ့ကွာ ”

 

” မင်းဘက်က အဲဒီလောက်တောင်ခေါင်းမာနေမှတော့ ငါကလည်းလုပ်သင့်တာလုပ်ရတော့မှာပေါ့ ”

 

ဟုပြောပြီး ပြည့်ဖြိုးလည်း နန်းခမ်းလော့အိမ်အတွင်းမှ ကျောက်ပြင်တစ်ချပ်အားယူလိုက်ပြီး ကဝေကောင်၏အရှေ့သို့ချလိုက်ကာ

 

” လက်ဝဲလက်ယာ ဂုမ္ဘာန်ကြီးများ

ဒီလောက်တောင်ခေါင်းမာတဲ့ ကဝေကောင်ကို သူ့ခြေရာလက်ရာပြန်မယူမခြင်း ကျောက်ပြင်အား နဖူးဖြင့်ခပ်ပြင်းပြင်းတိုက်ပေးပါ ခန္ဓာရှင်အား ထိခိုက်ခြင်းမရှိစေရ ”

 

ဟုပြောလိုက်ရာ ကဝေကောင်ဝင်ပူးခံနေရသော နန်းခမ်းလော့သည် နဖူးနှင့်ကျောက်ပြင်အား

 

” တ..ဒုန်း..ဒုန်း ”

 

တိုက်လေသည်။ ( ဆေးကုသရာ၌ တစ်ခြားအထက်လမ်းဂိုဏ်းများလို့ အမိန့်အာဏာမသုံးပါဘူး အထက်ဆရာသခင်များအား တိုင်တယ်၍သာ ကုသသောဂိုဏ်းဖြစ်သည်။ )

 

ထိုသို့ဖြင့် ခနကြာသောအခါ

 

” ရပ်ပါတော့ဗျာ ကျုပ်ခြေရာလက်ရာတွေ အကုန်ပြန်ယူပါ့မယ် …ကျုပ်ခဗျားတို့ကိုမနိုင်ပါဘူး ကျုပ်အရှုံးပေးပါတယ် ကျုပ်ခေါင်းတွေနာလှပါပြီ ”

 

နန်းခမ်းလော့အားဝင်ပူးနေသော ကဝေကောင်မှ ထိုသို့ပြောရာ

 

” မင်းနောက်နောင် ဒီမိသားစုကို ဒုက္ခမပေးတော့ပါဘူးဆိုတဲ့ သစ္စာရေပါသောက်ရမယ် ဘယ်လိုလည်း ”

 

ကျွန်တော်က ထိုသို့ဝင်ပြောလိုက်ရာ

 

” သောက်ပါ့မယ်ဗျာ ကျုပ်နောက်နောင် ဒီမိသားစုကို မပြုစားတော့ပါဘူး ”

 

” ကဲ..ဒါဆိုရင်ပြည့်ဖြိုးရေ အဲဒီကဝေကောင်ကို သူ့ရဲ့ခြေယာလက်ရာတွေ အကုန်ပြန်ယူခိုင်းပြီး သစ္စာရေကိုငါ့စမချပ်ထည့်ပြီး မန်းတိုက်လိုက်ကွာ..ရော့ ”

 

ကျွန်တော်လည်းပြည့်ဖြိုးအား ကျွန်တော်လွယ်အိတ်လေးထဲကနေ စမချပ်လေးတစ်ချပ်အားထုတ်၍ ပေးလိုက်လေသည်။ ပြည့်ဖြိုးလည်း ကဝေကောင်အား စမထည့်၍မန်းထားသော သစ္စာရေအားတိုက်လိုက်ရာ ၎င်းကဝေကောင်သည်လည်း သစ္စာရေမန်းများအား သောက်ပြီးသောအခါ နန်းခမ်းလော့၏ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။ ကဝေကောင်မှ ဝင်ရောက်ပူးကပ်နေသည်မှာ ကြာသွားသည်ဖြစ်၍ ပင်ပမ်းကာသတိလစ်သွားသည်ဖြစ်ရာ ကျွန်တော်လည်းနန်းခမ်းလော့၏လက်မောင်းအရင်းနားရှိ ကျဉ်ကျောအား အသာလေးနှိပ်လိုက်ရာ

 

” ကျွတ်.. ကျွတ် ”

 

ဟူသောစုတ်သပ်သံနှင့်အတူ သတိရလာလေသည်။ ထို့နောက် နန်းခမ်းလော့အား

 

” ညီမ နဖူးတွေ နာနေသေးလား ”

 

ဟုမေးလိုက်ရာ

 

” မနာဘူးဆရာလေးရယ် ဒါနဲ့ညီမတို့ကို အခုလိုလုပ်တာ ဘယ်သူလည်းဟင် ”

 

” ဘယ်သူလည်းဆိုတာတော့ အစ်ကိုတို့မှာပြောခွင့်မရှိလို့ မပြောတော့ဘူး…. ရော့..ညီမဒီစမရေမန်းကို ညီမအမျိုးသားကိုတိုက်လိုက် ”

 

နန်းခမ်းလော့လည်း မင်းအောင်ပေးသော ရေမန်းခွက်အားယူလိုက်ပြီး လဲလျောင်းနေသောခွန်တဖေအား တိုက်လိုက်လေသည်။

 

” အဟွန်း…ဟွတ်..ဟွတ် ”

 

ရေမန်းသောက်ပြီးသည်နှင့်ချောင်းဆိုးသံနှင့်အတူ ခွန်တဖေတစ်ယောက် ငုတ်တုတ်ပင် ထထိုင်နိူင်သည်။ မိမိအမျိုးသား ဤကဲ့သို့ ပြန်ကောင်းလာသည်ကို နန်းခမ်းလော့တစ်ယောက် မြင်လိုက်ရသောအခါ ဝမ်းသာအားရဖြစ်ကာ ခွန်တဖေအားဖက်ကာ ငိုကြွေးလေသည်။ မိမိချစ်ရပါသောလူတစ်ယောက် ရုတ်တရက်နာမကျန်းဖြစ်ပြီး ရုတ်တရက်ပြန်ကောင်းလာသည်ကို တွေ့ကြုံလိုက်ရသောကြောင့် ပတ်ဝန်းကျင်အားမေ့ကာ အားပါးတရဖက်ကာ ငိုကြွေးနေခြင်းသာဖြစ်လေသည်။ကျွန်တော်လည်း နန်းခမ်းလော့တို့မိသားစုအတွက် ရည်ရွယ်ကာ စမဖယောင်းတိုင်တစ်တိုင်အား ရေးဆွဲပြီး

 

” ညီမရေ ဒီမှာစမဖယောင်းတိုင် …ညကြရင်ညီမဘုရားစင်မှာ ဒီဖယောင်းတိုင်ကိုမီးထွန်းပြီး ဘုရားကိုမီးပူဇော်လိုက် ”

 

ဟု ပြောလိုက်တော့မှ နန်းခမ်းလော့တစ်ယောက်လည်း ပတ်ဝန်းကျင်ကိုသတိရကာ ခွန်တဖေကိုဖက်ထားသည့်သူမ၏လက်များအားဖယ်လိုက်ပြီးရှက်ဟန်မျက်နှာပေးဖြင့်

 

” ဆရာလေး ကန်တော့နော် ”

 

ဟုပြောပြီး ဖယောင်းတိုင်အား လှမ်းယူလေသည်။ ကျွန်တော်လည်း ခွန်တဖေအား

 

” အစ်ကို နေလို့ထိုင်လို့ကောင်းရဲ့လား ”

 

” ဟုတ်ကဲ့ ကောင်းပါတယ်ဆရာလေး ဒါပေမဲ့အကျောတွေ တင်းနေသလိုခံစားရတယ် ”

 

” အေးပေါ့လေ အစ်ကိုက လနဲ့ချီပြီးလဲလျောင်းနေရတာဆိုတော့ အကြောတွေဆိုင်းပြီးတင်းတောင့်ကုန်ပြီပေါ့ ”

 

” ဟုတ်မယ်ထင်တယ် ဆရာလေးရေ ကျွန်တော့ကို အခုလိုကယ်တင်ပေးတာကို ကျေးဇူးတင်ပါတယ်ဗျာ ”

 

ဟုပြောပြီး လက်အုပ်ချီ၍ ကန်တော့လေသည်။

 

ကျွန်တော်လည်း

 

” ပြည့်ဖြိုးရေ မင်းလွယ်အိတ်ထဲက တိုင်းရင်းအမှတ်၂၉ ဆေးကိုထုတ်ပြီး ဒီကအကိုလူးဖို့အတွက် ပေးထားခဲ့လိုက်အုံး ”

 

” ဟုတ်ကဲ့ဆရာ ”

 

ပြည့်ဖြိုးလည်း မိမိလွယ်အိတ်ထဲကဆေးထုပ်အားယူ၍ ခွန်တဖေအား လိမ်းပေးရန်အတွက် နန်းခမ်းလော့ လက်ထဲသို့ထည့်ပေးလိုက်လေသည်။ ထိုအခါ နန်းခမ်းလော့မှ

 

” ဆရာလေး ဒီဆေးကဘာနဲ့လိမ်းပေးရမှာလည်း ”

 

ဟု မေးလိုက်ရာ

 

” ဒီဆေးက အကြောလိမ်းဆေးပဲညီမရဲ့ နှမ်းဆီသို့မဟုတ်အုန်းဆီနဲ့ရောစပ်ပြီး လူးပေးလိုက်ပါ ညီမအမျိုးသား ရက်ပိုင်းအတွင်း လူကောင်းပကတိအတိုင်း ပြန်ဖြစ်လာမှာပါ ”

 

နန်းခမ်းလော့တို့လင်မယားနှစ်ယောက်လည်း မိမိတို့စုဆောင်းထားသော ငွေကြေးအသပြာများဖြင့် မင်းအောင်တို့ဆရာတပည့်နှစ်ယောက်အား ကန်တော့လေသည်။ မင်းအောင်တို့လည်း ထိုကန်တော့ငွေများအား လက်မခံပဲ မိမိတို့တည်းခိုရာ ဘုန်ကြီးကျောင်းသို့ပင်ပြန်လာခဲ့လေသည်။ ပြုဖွယ်ကိစ္စအဝဝပြီးသွားသည်နှင့် ဆရာတော်ဘုရားကိုနူတ်ဆက်ကဆရာတပည့်နှစ်ယောက်သည်လည်း လုံးဟီးရွာလေးမှပင် ထွက်လာခဲ့လေသည်။

 

ကျွန်တော်နှင့်ပြည့်ဖြိုးလည်း လုံးဟီးရွာလေးက ထွက်လာပြီးနောက် တကဲ့တိုင်းရင်းသားကျေးရွာသို့ရောက်သောအခါ ရွာလယ်လမ်းမကြီးထက်၌

 

” ငါသာရှင်ဘုရင် ဖြစ်လိုက်ချင်တယ်

ချစ်တဲ့သူကို တောင်ယာထားလို့

ပျော်ပျော်ပါးပါး စံမြန်းဖို့ရည်ရွယ်တယ်

.တေ့… ဗေတိုးဂျီ…ဗေတိုးဂျီ..ဗေ.. ဗေ..ဂျီ ..ဗြောင်း ”

မြန်မာသီချင်းအား ပအိုဝ်းသံဝဲဝဲဖြင့်ဆိုနေသော အသက်၃၀ ဝန်းကျင်ခန့်ရှိ အရူးတစ်ယောက်အား တွေ့လိုက်ရလေသည်။

 

” ဆရာ ဒီအရူးက ”

 

” ဟုတ်တယ်ပြည့်ဖြိုး အဲဒီအရူးကနန်းခမ်းလော့တို့ကိုဒုက္ခပေးတဲ့ ကဝေကောင်ပဲ ”

 

” ဆရာ ဒီကဝေကောင်ကဘာဖြစ်လို့ ရူးသွားတာလည်း ”

 

” ဒီကဝေကောင်က ကတိသစ္စာမတည်ပဲ နန်းခမ်းလော့တို့ကို ဒုက္ခပေးဖို့ ကြံစည်လို့ပေါ့ကွာ… ဒီလိုကဝေကောင်တွေက ကတိသစ္စာတွေကို တန်ဖိုးထားတတ်တဲ့ကောင်မျိုးတွေ မဟုတ်ဘူး အဲဒါကြောင့် သူသောက်မဲ့သစ္စာရေခွက်ထဲကို သစ္စာဖောက်ရင်ပညာပျောက် ဆိုတဲ့စမကို ထည့်ခဲ့တာပေါ့ကွာ ”

 

” သြော်..အဲဒီလိုကိုး… ဒါနဲ့ဆရာ နန်းခမ်းလော့တို့ကို ပေးခဲ့တဲ့စမဖယောင်းတိုင်က နောက်နောင် နန်းခမ်းလော့တို့ကို

ဘယ်သူမှဒုက္ခမပေးနိုင်အောင် ကာကွယ်ပေးတဲ့ တန်ပြန်စမဖယေမင်းအောင်ာင်းတိုင် မဟုတ်လား ”

 

” ဟုတ်တာပေါ့ကွာ ငါ့တပည့်ပြည့်ဖြိုးကြီးလည်း တော်လာပြီပဲ ”

 

” ဟဲ ဟဲ ဆရာကောင်းတပည့် ပန်းကောင်းပန်လေ ဆရာရ ”

 

ထို့နောက် မင်းအောင်နှင့်ပြည့်ဖြိုးလည်း နေရာတစ်ခုစီသို့ ဦးတည်၍ ထွက်လာခဲ့လိုက်သည်။

 

# ပြီး # စာရေးသူ = ပိုင်လေး (မအူပင်မြေ )

 

 

 

စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏🙏