ပေါရိသာရမောင်ဖိုးလှ

၃၇ကြိမ်မြောက်တာနဲ့ မင်းအရှေ့မှာရှိနေတဲ့ ဟောဒီသစ်ရွက်ထဲက အသားတုံးတွေကိုမကုန်မချင်းစားရမယ်ကြားလား…..”

 

” ဟုတ်ကဲ့…..”

 

ဖယောင်းတိုင်မီးရောင်ကြောင့် သူ့အရှေ့၌ရှိသော သစ်ရွက်ထဲရှိသွေးစိမ်းရှင်ရှင်ထွက်နေသောအသားတုံးများကိုအတိုင်းသားမြင်နေရ၏။ လက်ညိုးထိပ်သာသာအသားတုံးတို့မှာ သူ့အမြင်၌မသတီစရာပင်။

 

ခဏ၌ဦးလုံးက သူနားမလည်သောဂါထာကိုဥုံခံပြီး မတိုးမကျယ်ရွတ်နေ၏။ သူလည်း ဦးလုံးရွတ်သမျှကိုနားမလည်သော်လည်း နားစိုက်ထောင်နေလိုက်၏။ တအောင့်အကြာ၌ဦးလုံးသည် တထေရာတည်းတူသည့် ဂါထာကိုထပ်ခါတလဲလဲရွတ်နေ၏။

သူလည်းထိုထပ်ခါတလဲလဲရွတ်နေသည့်ဂါထာစာသားကိုအရေအတွက်စမှတ်လိုက်၏။ ၃၇ကြိမ်မြောက်သည်နှင့် သူလည်း အရှေ့ရှိအသားတုံးကိုမရဲတရဲလှမ်းကောက်လိုက်ပြီး စားမည်အလုပ် ဇရပ်ဝန်းကျင်မှ ပုံသဏ္ဍာန်အစုံရှိသော သရဲတစ္ဆေတို့သည် ထိုအသားအားလုယူရန်ရောက်ရှိလာ၏။

ဖိုးလှလည်း ထိုအသားတုံးများကိုသရဲတစ္ဆေလက်ထဲအပါမခံနိူင်သဖြင့် ပါးစပ်ထဲသို့ တစ်ခုပြီးတစ်ခုကောက်ထဲ့လိုက်မိ၏။ နောက်ဆုံး၌အသားစများအားလုံးကုန်စင်သွားပြီး

သူမြင်နေရသောသရဲတစ္ဆေတို့မှာသူ့ဆီကပ်လာပြီး ပျောက်ကွယ်သွားကြကုန်၏။

 

” ဟားဟားဟား…..ဟားဟားဟား…..အောင်ပြီကွ….အောင်ပြီ….အောင်ပြီ….”

 

” ဂီး….ဂိး……ဂီး….”

 

” ဖလပ်….ဖလပ်…..ဖလပ်…..”

 

” အူဝူး……..ဝုး……….ဝူး…….”

 

ဦးလုံး၏ရယ်သံကြောင့် ငှက်ဆိုးတအုပ်အသံပြုကာထပျံသွားသကဲ့သို့ ခွေးလေခွေးလွှင့်တို့ကလည်း အူသံရှည်ကြီးပြုကာ ဆွဲဆွဲငငင်ငင်အူနေကြ၏။

 

” အား….ပူတယ်ဗျာ….ကျုပ်ဝမ်းထဲအရမ်းပူနေပြီဗျ….”

 

ဇရပ်ထက်၌ကား ဖိုးလှတစ်ယောက်ချွေးစေးပျံကာ လူးလွန့်နေ၏။ ထိုအခါဦးလုံးက

 

“မင်း ပထမအကြိမ်လူသားစားတာမလို့ခုလိုဖြစ်တာကောင်လေး…..ခဏနေရင်မင်းသက်သာသွားလိမ့်မယ်…မင်းအခုကသာမန်လူမဟုတ်တော့ဘူး ပေါရိသာရမှော်အောင်ထားတဲ့လူတစ်ယောက်ဖြစ်သွားပြီကွ….ဟားးဟားဟား….”

 

” ဗျာ! စောစောကကျုပ်စားတာလူသားဟုတ်လား…..”

 

လူသားဟူသောစကားကြောင့် ဖိုးလှမှာအန်ချင်သွားတော့၏။

 

” ဟားဟားဟား….မင်းမအန်ချင်ပါနဲ့ကောင်လေး နောက်ဆိုရင်မင်းမအသွေးအသားကဒီလူသားကိုဘဲတောင်းတနေလိမ့်မယ်….ခုကစပြီးမင်းဟာခွန်အားဗလတွေပြည့်စုံသွားပြီ….မင်းတစ်ခါခုန်ရင် ဟောဟိုသစ်ပင်ရဲ့ထိပ်ဖျားကိုတောင်ကျော်သွားလိမ့်မယ်….ဒါပထမအစမ်းနော်….နောက်၁လပြည့်လို့ နောက်တစ်ခါလူသားထပ်စားရင် မင်းရဲ့အစွမ်းတွေဟာဒီ့်ထက်မကကြီးလာမှာကွ….”

 

ဦးလုံးကထိုစကားကိုအားရစွာဆို၏။ တအောင့်၌ဖိုးလှလည်း ဝမ်းပူနေသည့်ဝေဒနာပျောက်ကင်းသွားပြီး အားအင်များပြည့်ဖြိုးလာသလိုခံစားလိုက်ရ၏။ ခန္ဓာကိုယ်လည်းပေါ့ပါးနေသလိုခံစားလိုက်ရ၏။

 

” ဆရာ….ကျုပ်ခန္ဓာတစ်ခုလုံးအားအင်တွေပြည့်ဝပြီးပေါ့ပါးနေသလို ခံစားရတယ်….”

 

” ကဲ.. ဒါဆိုရင်ဇရပ်ပေါ်ကဆင်းပြီး ခုန်ကြည့်စမ်းကွာ….”

 

ဖိုးလှလည်း ဇရပ်ပေါ်မှဆင်းပြီး မြေခပ်ပြန့်ပြန့်နေရာ၌ ခါးတောင်းကျိုက်ကာရပ်လိုက်၏။ ပြီးသည်နှင့် အပေါ်သို့မော့ကြည့်ကာ အားယူပြီးခုန်လိုက်ရာ သုဿာန်ထဲရှိ အမြင့်ဆုံးသစ်ပင်ထက်၅ပေခန့်ကျော်တက်သွား၏။

ခဏ၌ညင်သာစွာပြန်ကျလာပြီး

 

” ကျုပ်ဒီသုဿာန်မှာရှိတဲ့ အမြင့်ဆုံးသစ်ပင်ထက်တောင် ကျော်ပြီးခုန်နိင်ပြီဗျ……”

 

” ဟားဟားဟား…..ဟားဟားဟား….ဒါအစဘဲရှိသေးတယ်ကောင်လေး….မင်းမှတ်ထား အခုညကနေစရေလို့နောက်ရက်ပေါင်း ၃၀တိတိမှာ မင်းဟာဒုတိယမြောက်တနင်္လာလူသားရဲ့ အသားကိုစားရမယ်ကောင်လေး…..”

 

” ဒါဆို ကျုပ်ဒီညစားတာက….”

 

” ဟုတ်တယ်ကောင်လေး…. ဒီညစားတာကတနင်္ဂနွေနေ့နံရဲ့အသားဘဲ….ဒီအတိုင်းဘဲ နေ့နံအစဉ်လိုက် ခုနှစ်နေ့နံရောက်သွားရင်မင်းဟာ ဘယ်သူမှမနိူင်တော့တဲ့ လူတစ်ယောက်ဖြစ်သွားပြီကောင်လေး….”

 

” ဒါဆိုရင် ကျုပ်ဟိုနှစ်ကောင်ကို ပညာပေးလို့ရပြီလား…..”

 

” အဲနှစ်ကောင်မကဘူး…. ကြိုက်တဲ့လူကိုကြိုက်သလိုလုပ်လို့ရသွားပြီကောင်လေး…..ဟားဟားဟား…..”

 

” ဒါပေမဲ့တစ်ခုတော့မှတ်ထား….သတ်မှတ်ထားတဲ့ရက်တွေမှာလူသားမစားခဲ့ရရင်တော့ မင်းဟာဘယ်သူမှမကယ်နိူင်တဲ့သေဆုံးခြင်းကိုရောက်လိမ့်မယ်…..”

 

” ကျုပ်အဲလို့တော့အဖြစ်မခံနိူင်ဘူးဗျာ….”

 

” ဝူး…..ဂီး……ဂါး……”

 

” ဂီး..ဂါးဂရား…..”

 

ထိုစဉ်သုဿာန်ထဲမှ ခွေးမာန်ဖီသံကြားလိုက်ရသည်။ ဦးလုံးတို့လည်း အသံလာရာသို့ ကြည့်လိုက်ရာ နွားမတန်းလောက်ရှိသည့် ခွေးနက်ကြီးနှစ်ကောင်နှင့် အရပ်ရှည်ပြီးအရုပ်ဆိုးအကျဉ်းတန်လှသည့် သရဲမကြီးကိုတွေ့လိုက်ရ၏။

 

” မ…..မဖဲဝါ…..”

 

” ငမိုက်သား….ဒင်းကရာရာစစငါပိုင်တဲ့သုဿာန်မြေမှာ အစီအရင်လာလုပ်ရဲတယ်ပေါ့….မဲကြီးဒီနှစ်ကောင်ကို တစ်စစီဆွဲဖဲ့လိုက်စမ်းဟဲ့…..”

 

” ဂီး….ဂါး……ဂရား…..”

 

ခွေးနက်ကြီးပြေးအလာ ဖိုးလှက ညာလက်ဖြင့်ဆီးရိုက်လိုက်ရာ ခွေးနက်ကြီးမှာအနောက်သို့လွှင့်ထွက်သွား၏။

 

” အီး….ဝူး…..”

 

သူ့ခွေးနက်ကြီးလွှင့်ထွက်သွားသဖြင့် မဖဲဝါကြီးစိတ်ဆိုးသွားပြီး လက်အရှည်ကြီးကိုဆန့်ထုတ်ကာရိုက်ပစ်လိုက်၏။ ဦးလုံးကလှမ်းပြီးကာထားသော်လည်း မမှီတော့ဘဲ အင့်ခနဲနေအောက်ရိုက်ခံလိုက်ရတော့သည်။ သို့သော်ဖိုးလှကအရှောင်အတိမ်းကောင်းပြီး မိုးပေါ်ခုန်တက်လိုက်ရာ ရိုက်ခံရသူမှာ ဦးလုံးပင်ဖြစ်တော့သည်။

” အား……..”

 

ဦးလုံးမှာအားဟူသောအသံနက်ကြီးသာပြုနိူင်ပြီး မြေပုံမို့မို့များကြား၌ငြိမ်သက်သွားတော့သည်။

 

မဖဲဝါလည်း ဦးလုံးကိုသေချာစိုက်ကြည့်လိုက်ပြီး

 

” ဟားဟားဟား… ငါပိုင်တဲ့နေရာမှာ ယုတ်ညံ့တဲ့အစီအရင်တွေလာလုပ်တဲ့သူတွေ ဒီသေချင်းနဲ့ဘဲထိုက်တန်တယ်….”

 

” ဂီး…..”

 

” ငနက်ကြီးထလာစမ်း….”

 

ခပ်ဝေးဝေးသို့လွှင့်ထွက်သွားသောငနက်ကြီးကိုခေါ်လိုက်ပြီး လက်ဖြင့်ခေါင်းကိုပွတ်ပေးလိုက်ရာငနက်ကြီးမှာပြန်၍သက်သာလာ၏။ ထို့နောက် အမှောင်ထုထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့၏။

 

ကုန်းစုကျေးရွာဟုအမည်ရသည့် ရွာတန်းရှည်သည်ကား ကုန်သည်ပွဲစားတို့ဖြင့် အမြဲစည်ကားသည့်ရွာကြီးတစ်ရွာဖြစ်၏။ ဦးခင်မောင်တို့လင်မယားလည်း မကြာသေးခင်မှဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တို့ကြောင့် သမီးငယ်ကိုအစိုးရအလုပ်မှထွက်စေကာ အိမ်သို့ပြန်ခေါ်ထားလိုက်သည်။

 

နှင်းယုဖြူမှာ မိမိကြောင့်ဖြစ်ပျက်ခဲ့သည့် အဖြစ်ကြောင့်အပြစ်ရှိသလိုခံစားနေရသည်။ ကိုတက်ထွန်းကဲ့သို့အခွင့်အရေးမယူတတ်ခဲ့သော ယောကျာ်းကောင်းကိုလည်း သူမမလေးစားဘဲမနေနိူင်ချေ။

 

” အဘ….သမီးကိုမနက်ကျရင် ချောင်းရှည်ရွာကိုလိုက်ပို့ပေးပါလား…..”

 

” ဟေ….သမီးလေးအဲဒီကိုဘာသွားလုပ်မှာလဲကွဲ့….”

 

” ရွာသူရွာသားတွေနဲ့ကိုတက်ထွန်းကို တောင်းပန်ချင်လို့ပါ…..”

 

” ဘာဆိုင်လို့ တောင်းပန်ရမှာလဲသမီးရဲ့…..ခုဖြစ်သွားတဲ့ပြသနာကသမီးနဲ့လည်းမဆိုင်သလို ဟိုကလေးနဲ့လည်းမဆိုင်ပါဘူး…..မနာလိုဝန်တိုစိတ်နဲ့ကိုယ့်သူငယ်ချင်းအပေါ် အကြံယုတ်မာခဲ့တဲ့ ဟိုကောင်နဲ့ဘဲသက်ဆိုင်တာပါ….ဒါကြောင့်မို့ သမီးဘယ်မှသွားစရာမလိုဘူး…..”

 

” ဟုတ်တယ်သမီးလေး……ဖြစ်ပျက်ခဲ့သမျှ ဝဋ်ကြွေးဆပ်တယ်လို့ဘဲမှတ်ပါကွယ်…….”

 

သုဿန်မှထွက်လာပြီးနောက် ခြေဦးတည်ရာလျှောက်သွားသည်။ အဆင့်တက်ချိန်ရောက်တိုင်း လိုအပ်သည့်လူသားကိုတစ်နေရာမဟုတ်တစ်နေရာ၌ရအောင်ရှာယူသည်။ ဖိုးလှ၏အစွမ်းမှာလည်း တစ်ဆင့်တက်ပြီးတိုင်း ပိုပို၍ တိုးလာသည်။ ယခုမူသူ့အစွမ်းမှာ သာမာန်ဆရာများမနိုင်နင်းနိုင်တော့ချေ။

တစ်ခုသောည၌ ချောင်းရှည်ရွာသို့တိတ်တဆိတ်ပြန်လာခဲ့သည်။ အရာရာတိုင်းသည်အရင်က ကဲ့သို့ရှိနေသေးသော်လည်း ဆရာမလေးကား ရွာတွင်မရှိတော့ချေ။ ထို့အတူသူ၏ငယ်ပေါင်းဖော်တက်ထွန်းမှာလည်း ရွာဥူးကျောင်း၌ ရာသက်ပန်သာသနာ့ဘောင်ဝင်သွားချေပြီ။ သူ့ကိစ္စ၌ဝင်ရှုပ်ခဲ့သောဆရာနှစ်ယောက်ကလည်း ဘယ်ရောက်၍ဘယ်ပေါက်ပြီမှန်းမသိတော့။

 

” ဆရာမလေးက ဘယ်ရောက်သွားပြီလဲ….ဟိုငနဲလည်းသာသနာ့ဘောင်ဝင်သွားပြီဆိုတော့ ဆရာမလေးထားခဲ့လို့ ရူးသွားတာဘဲနေမယ်….ဆရာမလေးကိုတွေ့အောင်ရှာရမယ်…..”

 

ရက်၃၀ပြည့်တိုင်း လူသားစားလိုက်အဆင့်တက်လိုက်ဖြင့် ဖိုးလှမှာလူတစ်ပိုင်းဘီလူးတစ်ပိုင်းဖြစ်နေသည်။ ယခုညလည်း အဆင့်တက်ရမည်ဖြစ်ရာ အသုံးဝင်မည့်သားကောင်ကိုရှာနေသည် ။

 

တစ်ခုသောနေ့တွင် ဖိုးလှသည် တောင်ခြေတကြောရှိရွာများကိုလှည့်လည်လာရင်း အသုဘပို့သည့် လူတစ်စုနဲ့ဆုံလေသည်။

 

” အမလေးငါ့သားရယ် ငယ်ငယ်ရွယ်ရွယ်နဲ့အဖြစ်ဆိုးလှချည်လားကွဲ့….အမေဘယ်လိုဖြေရမလဲ…အီးဟီးဟီး…..”

 

အသုဘနောက်မှအမျိုးသမီးတစ်ဦးကရင်ဘတ်စည်တီးကာ ဝမ်းပန်းတနည်းငိုကြွေးနေသည်။ ဖိုးလှကထိုလူစု၏အနောက်ခပ်လှမ်းလှမ်းမှလိုက်လာရင်း အခြေအနေ ကိုစောင့်ကြည့်နေသည်။ တအောင့်အကြာ၌ အသုဘပို့သည့်လူတစ်စုလည်း အသုဘကိုမြေချပြီး အလျှိုလျှုိုပြန်သွားခဲ့ကြသည်။

တိုင်း၍ယက်တဲ့ပက္ကလာမိုးရွာသည်နဲ့အခန့်သင့်ဆိုသကဲ့သို့ ဖိုးလှလည်းမိမိလိုအပ်သည့်လူ၏အသားကိုအဆင်သင့်ရလိုက်သဖြင့် ပျော်ရွှင်မြူးထူးနေ၏။

 

လူရိပ်လူခြေပြတ်သွားသည်နှင့် ညရောက်သည်အထိမစောင့်တော့ဘဲ သုဿာန်ထဲဝင်ကာ အလောင်းကိုဖော်တော့သည်။ အလောင်း၏မြေပုံမှတ်တိုင်တွင်ကား

 

” မောင်ဆန်းမောင် အသက်(၂၀) ”

 

ဟူ၏တည်း။ ဖိုးလှလည်း သူသေ၏အလောင်းမှအင်္ဂါအစုံကိုယူကာ သုဿာန်မှထွက်သွားတော့သည်။

 

ဖိုးလှလည်းအဆင့်တက်ရင်းနောက်ဆုံး၌ စနေသမီးအလှည့်သို့ရောက်လာခဲ့သည်။ သို့သော် သူလိုအပ်သောစနေသမီးမှာအသက်အရွယ်ကအလွန်ကွာခြားနေ၏။ နောက်ထပ်လပြည့်ညမှသိပ်ပင်မလိုတော့ချေ။ သို့ကြောင့်တစ်ရွာဝင်တစ်ရွာထွက်ရင်း စနေသမီးရှာပုံတော်ထွက်ရတော့သည်။

 

နှင်းယုဖြူလည်းစျေးခြင်းတောင်းကိုမနိူင်မနင်းဆွဲပြီး မိခင်ဖြစ်သူနောက်အမှီလိုက်နေရသည်။ မိခင်ဖြစ်သူမှာတစ်ပတ်စာအတွက်စျေးသုံး၍မပြီးနိူင်တော့ချေ။

 

” အင့်……..”

 

အသားငါးတန်းသို့ဝင်သွားစဉ် လူတစ်ယောက်ကသူမ၏ပုခုံးကိုဝင်တိုက်သွားရာ ချာခနဲပင်ဖြစ်သွား၏။ သူမလည်းစျေးခြင်းတောင်းကိုချပြီး ဝင်တိုက်သွားသည့်လူကိုရန်တွေ့မည်အလုပ် လူရှုပ်သွားသဖြင့် ဘယ်သူမှန်းမသိတော့ချေ။

 

” ကန်းနေတာလားမသိဘူး…ဒီလောက်လူတစ်ယောက်လုံးလာနေတာတောင်ဝင်တိုက်သွားရတယ်လို့….”

 

နှင်းယုဖြူပြောရင်း မိခင်ဖြစ်သူ၏အနား၌သွားရပ်၏။

 

ဖိုးလှလည်းသားကောင်ရှာရင်း စျေးထဲသို့ရောက်လာခဲ့သည်။ စျေးဆိုသည့်အတိုင်း လူများရှုပ်ရှက်ခတ်နေသဖြင့် စွတ်တိုးလိုက်ရာ ကောင်မလေးတစ်ယောက်ကိုဝင်တိုင်းမိသွား၏။

 

” ဆ….ဆရာမလေး…..”

 

သူတိုက်မိသောသူမှာဆရာမလေးဖြစ်မှန်းသူ့စိတ်ကအလိုလိုသိနေသည်။

 

” ဆရာမလေးကိုငါတွေ့လိုက်တယ်….. သူဒီစျေးကိုလာသုံးတယ်ဆိုတော့အနီးအနားရွာကဘဲဖြစ်ရမယ်”

 

တစ်ချိန်လုံး ငြိမ်သက်နေသောသူ့နှလုံးသားမှာ ပြန်ပြီးလှုပ်ခတ်လာသည်။ ဖိုးလှက ဘယ်ဘက်ရင်အုံကို ဖိရင်း ပြုံးနေ၏။

 

သူနေထိုင်သည့် လယ်တောထဲရှိတဲပေါ်သို့ရောက်သည်နှင့် ဆရာမလေး၏မျက်နှာကိုပြန်မြင်ယောင်မိ၏။

 

” ဆရာမလေးရယ်…..သိပ်ချစ်တယ်ကွာ…..”

 

သူ၏မူလအစီစဉ်ကိုမေ့ပြီးဆရာမလေးကို ရှာပုံတော်ဖွင့်တော့သည်။ ရွာစဉ်အနှံ့လှည့်လည်ရင်း ရှာလိုက်ရာကုန်းစုကျေးရွာဟူသောရွာလေးသို့ရောက်လာခဲ့သည်။

ဖိုးလှလည်း ပြင်ပြင်ဆင်ဆင်ဝတ်ပြီး စီးပွားရေးသမားတစ်ယောက်အသွင်ယူကာ ရွာထဲသို့ဝင်လာခဲ့သည်။

 

” နှမလေး ဒီရွာကထွက်တဲ့ပဲတွေနှမ်းတွေလိုချင်လို့

အဲဒါဒီရွာက ဘယ်သူ့ဆီမှာရနိူင်မလဲဗျ…..”

 

” အစ်ကိုက ခုမှဒီနယ်ကိုရောက်ဖူးတဲ့ပွဲစားထင်တယ်….ဒီအချိန်က ပဲတွေနှမ်းတွေ ရွာကပွဲစားတွေ ဝယ်ပြီးသိုလှောင်ထားကုန်ပြီရှင့်….”

 

” ဪဟုတ်လား…ဒါဆိုအစ်ကိုလက်ဗလာနဲ့လှည့်ပြန်ရတော့မှာပေါ့….”

 

” ဒါပေမဲ့ အစ်ကိုအပြောကောင်းရင်တော့ ပဲနှမ်းတွေမရောင်းသေးတဲ့အိမ်တစ်အိမ်ရှိသေးတယ်….အဲအိမ်မှာသွားတောင်းဝယ်ကြည့်ပေါ့…..”

 

“ကြိုးးစားကြည့်ရတာပေါ့ဗျာ…..ဘယ်အိမ်လဲညွှန်ပါအုံး….”

 

” ဦးခင်မောင်လို့မေးပြီးသွားလိုက်ပါ….ဒီနယ်တကြောမှာဦးခင်မောင်ကိုမသိတဲ့သူမရှိသလောက်ရှားတယ်ရှင့်…သူ့အိမ်ကဒီလမ်းအတိုင်းဆက်သွား….ပြီးရင်ညာဘက်ကိုချိူးလိုက်….အဲဒီမှာနှစ်ထပ်အိမ်ကြီးကိုတွေ့လိမ့်မယ် အဲဒါဦးခင်မောင်ရဲ့အိမ်ဘဲ….”

 

ဖိုးလှလည်း ထိုမိန်းကလေးညွှန်သည့်အတိုင်း သွားလိုက်ရာ ဦးခင်မောင်၏အိမ်ရှေ့သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့၏။

 

ဦးခင်မောင်လည်း ဖိုးလှအားကုန်သည်ပွဲစားတစ်ယောက်အဖြစ်အထင်ရောက်သွားရာ ကောင်းကောင်းမွန်မွန်ဆက်ဆံ၏။ နှင်းယုဖြူလည်း ဧည့်သည်ရောက်နေသဖြင့် ရေနွေးဗန်းကိုပြင်ဆင်ပြီးယူလာပေးစဉ် ကွပ်ပျစ်တွင်ထိုင်နေသည့်လူအားတွေ့လိုက်ရာ လက်မှကိုင်ထားသော ရေနွေးဗန်းကြီးလွတ်ကျသွားတော့၏။

 

” ခွမ်း….ဂလွမ်း….”

 

” ရှင်…..ရှင်…..ဖိုးလှ…….ရှင်ကလူယုတ်မာဖိုးလှဘဲ…..”

 

” ဟင်….ဆ……ဆရာမလေး……..”

 

မှော်ဆန်လှသောအဖြစ်အပျက်တို့ကြောင့် ဖိုးလှလည်းအံ့ဩမှင်သက်သွားတော့သည်။

 

” ရှင်…..ကျွန်မကိုဒုက္ခပေးလို့မဝသေးလို့ အိမ်ထိလိုက်လာတာလားကိုဖိုးလှ….””

 

” မ….မဟုတ်ပါဘူး ဆရာမလေး….. ”

 

” ဘာမဟုတ်တာလဲ……ရှင်ပြန်တော့…..ကျွန်မအိမ်ထဲကနေခုချက်ချင်းထွက်သွားတော့…..”

 

” သမီး…..သမီး ဒီကလေးကိုသိနေတာလား….”

 

” သူငယ်ချင်း အပေါ်ကောက်ကျစ်ယုတ်မာတဲ့အကောင်ဆိုတာသူဘဲအဖေ……”

 

” ဘာကွ!……..တောက်…..ဒီခွေးသားကတော့ငါ့အိမ်ထိလိုက်လာပြီး အနှောင့်ယှက်လာပေးရဲတာပေါ့…..ဟုတ်စ….”

 

” မ…..မဟုတ်ပါဘူး ဆရာမလေး…..””

 

” ဘာမဟုတ်တာလဲ….. မင်းကြောင့် ငါ့သမီးလေးအလုပ်ကနေထွက်ရတာ…တောက်ကွာ…..ဒီခွေးသားကတော့ကောင်းကောင်ပြောလို့မရဘူး……”

 

ဦးခင်မောင်စိတ်ဆိုးသွားပြီးအလှချိတ်ထားသည့် ငှက်ကြီး တောင်ဓားကိုဓားအိမ်မှချွတ်ယူကာ ခုတ်ရန်တကဲကဲလုပ်၏။

 

” မင်းငါ့အိမ်ကနေခုချက်ချင်းထွက်သွားစမ်းကွာ…မဟုတ်ရင်ငါလူသတ်မိလိမ့်မယ်…..”

 

အခြေနေမဟန်တော့ပြီမို့ဖိုးလှလည်း လာရာလမ်းအတိုင်းပြန်လှည့်ခဲ့ရ၏။ သို့သော် ညရောက်သည်နှင့် ဆရာမလေး ရှိရာအခန်းဆီလာပြီးတိတ်တဆိတ်လာလာချောင်းကြည့်နေသည်ကိုမည်သူမျှမသိကြ။

 

” အား….မလိုက်ဘူး…. မလိုက်ဘူး…..သွား….သွား….”

 

အမြဲသာယာနေသောဦးခင်မောင်တို့၏မိသားစုဘဝလေးကား ယခုမူကံကြမ္မာဆိုးဝင်နေချေပြီ။

နှင်းယုဖြူမှာ တစ်ပတ်အတွင်းသိသိသာသာပြောင်းလဲပြီး အော်ဟစ်နေရှာသည်။ တစ်စုံတစ်ယောက်က သူမအားအတင်းလာခေါ်သည်ဆိုကာ အိမ်ပေါ်မှထွက်ပြေးသဖြင့် လိုက်ဆွဲရသည်မှာလည်းအကြိမ်ကြိမ်ပင်။ ယခုမူကားအခြေအနေအလွန်ဆိုးနေပြီဖြစ်ရာ တိုင်တစ်လုံးတွင်ကြိုးနဲ့တုပ်ထားရသည်။ လူလည်းလုံးဝမျက်ခြည်ဖြတ်၍မရသည့်အဆင့်။ မိခင်ဖြစ်သူလည်းမျက်ရည်တစမ်းစမ်းနဲ့ပင်။

 

” လွှတ်…..ငါ့ကိုလွှတ်ပေး….ငါ့ကိုခေါ်နေပြိ……ငါသွားမှရမယ်……အား…..ပူတယ်…..ပူတယ်လို့……အား…..”

 

နှင်းယုဖြူမှာ အော်ဟစ်ရင်းရုန်းကန်နေရရှာသည်။ ဦးခင်မောင်ကားသမီးလေးကိုကြည့်ရင်း ရင်ထဲ၌တဆစ်ဆစ်နာကျင်ရသည်။

တဲပေါ်၌ဖိုးလှသည် အရိုးခေါင်းပေါ်သို့ဖယောင်းတိုင်ထွန်းပြီး ထိုအရိုးခေါင်းရှေ့၌ထိုင်ကာ အရုပ်တစ်ခုကိုမီးမြိုက်နေသည်။ ထိုအရုပ်မှာတစ်ထွာသာသာရှိပြီး နှင်းယုဖြူ၏အဝတ်အစားအသုံးအဆောင်နှင့်ချုပ်လုပ်ထားခြင်းဖြစ်သည်။

 

” ဆရာမလေး….နင်ငါ့ကိုမုန်းရင်လည်းမုန်းပါစေတော့…..နင်ငါ့ဆီမလာဘဲနေလို့မရဘူးကွ….ဟားဟားဟား…လာစမ်းကောင်မ…..နင်အခုငါ့ဆီလာခဲ့စမ်းဟေ့…..ဥုံ………..”

 

ဖိုးလှကအရုပ်လေးကိုကိုင်ပြီး မီးမြိုက်လိုက်၊ဥုံခံပြီး မန်းမှုတ်လိုက်ဖြင့်အလုပ်ရှုပ်နေ၏။

 

” ဆရာမလေး….မင်းကငါ့အတွက်အရမ်းအသုံးဝင်တာဘဲ…..မင်းကငါလိုအပ်နေတဲ့စနေသမီးဘဲဟ….ဒါပေမဲ့နင်ကငါချစ်ရတဲ့သူဆိုတော့ ပညာစဉ်တက်ဖို့လိုအပ်တဲ့အစိတ်အပိုင်းတွေယူပြီးရင် မင်းကိုငါပြန်ကုပေးမှာပါ…..ဟားဟားဟား……ဟားဟားဟား……..”

 

ဖိုးလှကအရူးတစ်ယောက်လိုအော်ရယ်နေ၏။

 

မောင်ရေခဲတို့ဆရာတပည့်နှစ်ယောက်လည်း အထက်အမိန့်အရကုန်းစုရွာလေသို့ရောက်လာခဲ့၏။

လူသားစားပေါရိသာရမှော်နောက်ဆုံးအဆင်သာကျန်သည့် လူတစ်ယောက်ကိုနိူင်နင်းရန်အတွက်ဖြစ်၏။

ကုန်းစုရွာထိပ်သို့ရောက်သည်နှင့် အဖိုးအိုတစ်ယောက်ရောက်လာပြီး

 

” လူလေးတို့ အဘကိုကူညီပါအုံးကွဲ့……”

 

” ဘာကူညီပေးရမလဲအဘ….”

 

” အဘကဆေးဆရာတစ်ယောက်ပါ…ဒီရွာကလူနာတစ်ယောက်ကိုဆေးလာကုပေးရင်းပြန်လာတာပါ……ဒါပေမဲ့လူနာကတစ်စုံတစ်ယောက်ရဲ့ပရောဂကြောင့်ဖြစ်တာဆိုတော့ အဘကုလို့မရဘူးဖြစ်နေတယ်….အဲဒါလူလေးတို့အထက်ဆရာရှာပြီးကုပေးလို့ရမလား…..”

 

” အဘကလည်း လူနာနဲ့ကျုပ်တိုနဲ့သိကျွမ်းတဲ့လူတွေမှမဟုတ်ကြတာဗျာ….အထက်ဆရာတွေကိုကျုပ်တို့ခေါ်လာပေးပြီထားဦး….သူတို့က လက်ခံမလားဗျ…..”

 

ထင်ပေါ်ကအဖိုးအို၏စကားကိုစောဒကတက်၏။ ထိုအခါ အဖိုးက

 

” ဆေးဆရာကြီးလွှတ်လိုက်တာလို့ပြောရင် လက်ခံပါလိမ့်မယ်…..ဒီနေ့ဘဲလူနာကိုရအောင်ကယ်မှဖြစ်မှာ ဒီညကလပြည့်ညဆိုတော့ တဖက်လူပညာစခန်းတက်ရင်ကောင်မလေးကိုစတေးလိမ့်မယ်…..”

 

မောင်ရေခဲကထိုအဖိုးအိုအား ကြည့်လိုက်ရာ ဆေးဆရာအယောင်ဆောင်ထားသည့်နတ်တစ်ပါးမှန်းသိပြီး ပြုံးလိုက်သည်။ အဖိုးအိုလည်းမောင်ရေခဲကိုကြည့်ပြီး ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ရွာအပြင်သို့ထွက်သွားလေသည်။

 

” ဆရာ. …စောစောကအဖိုးကြီးပြောသလိုလုပ်မှာလား….”

 

” အင်းလေ…..လူ့အသက်တချောင်းကယ်ကောင်းပါတယ်….”

 

” ကျွန်တော်တို့လာရင်းကိစ္စကရော….”

 

” ခုလူနာကိစ္စနဲ့ ငါတို့လာရင်းကိစ္စနဲ့လုံးဝဆက်စပ်နေတယ်ထင်ပေါ်….အချိန်မရှိဘူးအမြန်သွားကြစို့…..”

 

ဆရာတပည့်နှစ်ယောက် ရွာထဲဝင်လာရင်း လူနာ၏အိမ်ရှေ့သို့ရောက်လာခဲ့ကြသည်။

အိမ်ဘေးပတ်ဝန်းကျင်တွင်ကား သရဲတစ္ဆေအပေါင်းတို့ စောင့်ကြိုနေ၏။ မောင်ရေခဲတို့ကိုမြင်သည်နှင့် တချို့အကောင်ကအနောက်သုိ့ရှဲသွားပြီးတချို့အကောင်က ရန်လိုနေ၏။ သို့သော်တစ်ကောင်မှ မောင်ရေခဲတို့အနားကိုကပ်မလာနိူင်ချေ။ အိမ်ရှေ့ရောက်သည်နှင့် လူနာ၏အသံက မထိတ်သာမလန့်သာ။

 

” ငါ့ကိုလွှတ်……ငါ့ကိုလွှတ်….. အိမ်ရှေ့မှာ ငါ့ကိုလာခေါ်နေကြပြီ…..”

 

” သမီး….သမီးလေး….မရုန်းပါနဲ့တော့ကွယ်….မေ့သမီးလေးရဲ့လက်ကောက်ဝတ်မှာသွေးတွေ ထွက်နေပါပြီကွယ်….”

 

ကြိုးချည်ထားသောလက်ကောက်ဝတ်၌ပွန်းပဲ့ကာသွေးများစီးကျနေ၏။ မိခင်ဖြစ်သူကသမီးလေးကိုကြည့်ပြီးရင်ကွဲနာကျ၏။ နောက်ဆုံး၌ရုန်းရင်းကန်ရင်းဖြင့် ချည်ထားသောကြိုးမှာဖတ်ခနဲပြတ်သွား၏။ ကြိုးပြတ်သည်နှင့်ဆရာမလေးမှာ ဒုန်းစိုင်းပြေးဆင်းလာပြီးခြံပြင်သို့တဟုန်ထိုးပြေးထွက်လာ၏။ ခြံပြင်ရှိသရဲတစ္ဆေတို့ကား လက်ခုပ်လက်ဝါးတီးလျှက်။

 

မောင်ရေခဲလည်း ကောင်မလေးပြေးသည်ကိုမြင်လိုက်သည်နှင့် အမိန့်အာဏာပါသည့်အသံဖြင့်

 

” ရပ်လိုက်စမ်း…..ဒီအိမ်ကနေဘယ်မှသွားလို့မရဘူး….”

 

ထိုအသံကြားသည်နှင့် ပြေးနေသောခြေအစုံတို့မှာတုန့်ခနဲရပ်သွား၏။ အနောက်မှလူတစ်အုပ်ကလည်း ကောင်မလေးကိုမှီလာပြီး ဖမ်းချုပ်ထားလိုက်ကြ၏။

 

” သူ့ကိုအိမ်ပေါ်ခေါ်သွားလိုက်…..သူ့ကိုရအောင်တားရမယ်…..မဟုတ်ရင်ဒီညသူသေလိမ့််မယ်….”

 

” ခင်ဗျာ……”

 

” ရှင့်…..”

 

မောင်ရေခဲ၏စကားကြောင့် လူစုမှာအာမေဋိတ်သံပြုကြ၏။ ထို့နောက်ကောင်မလေး၏ဖခင်က သူတို့ဆရာတပည့်နှစ်ယောက်အား အိမ်ပေါ်သို့ခေါ်လာခဲ့၏။ အိမ်ပေါ်ရောက်သည်နှင့် ကောင်မလေးမှာဂဏှာမငြိမ်ဘဲထွက်ပြေးရန်ကြိုးစား၏။

 

” ဘယ်မှမသွားရဘူး…. ငြိမ်ငြိမ်လေးထိုင်နေစမ်း….သူ့ကိုကြိုးဖြည်ပေးလိုက်ကြ…. ”

 

” ကြိုးဖြည်ပေးရင်သူထွက်ပြေးသွားလိမ့်မယ်ဆရာ….”

 

” သူထွက်ပြေးလို့မရတော့ဘူး….”

 

မောင်ရေခဲက ပြောသဖြင့်ကောင်မလေးကိုချည်ထားသည့်ကြိုးအားဖြည်ပေးလိုက်ကြ၏။

 

” ငြိမ်ငြိမ်ထိုင်နေစမ်း….လူနာနဲ့တော်စပ်တဲ့သူတွေဖြေပေးပါ လူနာကဘာနေ့သမီးလဲ….”

 

” စနေသမီးပါဆရာ….”

 

” အေးဟုတ်ပြီ စနေသမီးကိုငါ့လက်အပ်သလား….”

 

” အပ်ပါတယ်ဆရာ…ကဲဟေ့စနေသမီးရဲ့အသက်ကိုဆရာသခင်တို့ကိုအပ်ပါတယ်….စနေသမီးကိုပြုစားနှောင့်ယှက်တဲ့လူ စနေသမီးကိုဇိဝိန်ချွေမည့်လူ ငါ့အရှေ့ကိုမနှေးအမြန်ရောက်လာစမ်းဟေ့…..”

 

မောင်ရေခဲအမိန့်ပြန်လိုက်သည်နှင့် တစ်အိမ်လုံးသိမ့်ခနဲတချက်တုန်သွားပြီး စနေသမီးမှာ တဆတ်ဆတ်တုန်နေ၏။

 

” ဟားဟားဟား…..ဟားဟားဟား….ကမ္ဘာကကျဉ်းကျဉ်းလေးပါဘဲလားကွ…ဟမ်….မင်းတို့နှစ်ကောင်ကိုငါရှာနေတာ….ခုတော့ငါ့ရှေ့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာနေပါရောလားကွ……ဟားဟားဟား….”

 

” လက်စသတ်တော့ငါထင်တဲ့အတိုင်းမင်းဘဲကိုးကွ….ဇာတ်တူသားစားပြီး ငရဲသွားချင်တဲ့ကောင်ဘဲ ….ဒါပေမဲ့မင်းအကြံအစည်မအောင်မြင်စေရဘူးကွ….”

 

” ဟားဟားဟား….သိပ်အပြောမကြီးစမ်းပါနဲ့ကွာ….ငါကအရင်လိုမင်းမြင်ဖူးနေတဲ့ကောင်မဟုတ်ဘူးကွ….မင်းတို့နှစ်ကောင်စလုံးကိုအစိမ်းလိုက်ဝါးစားမဲ့ကောင်ဖြစ်နေပြီကွ….ဟားဟားဟား…..”

 

” မင်းလုပ်နိူင်ရင်လုပ်လိုက်လေကွာ…. ဒီတစ်ခါတော့မင်းကိုကောင်းကောင်းဆုံးမမှရမယ်…..မင်းခေါင်းနဲ့တိုင်ကိုခပ်ပြင်းပြင်းဆောင့်စမ်းကွာ….”

 

” ဒုန်း….ဒုန်း….ဒုန်း……ဒုန်း…..”

 

မောင်ရေခဲပြောလိုက်သည်နှင့် အမျိုးသမီးမှာခေါင်းဖြင့်တိုင်ကိုတဒုန်းဒုန်းဆောင့်လေရာ သွေးချင်းချင်းနီသွားတော့၏။

 

” ငါလွှတ်မှ မင်းကိုအစိမ်းလိုက်ဝါးစားပစ်မယ်ဟေ့ကောင်….”

 

” အဲပြောတဲ့ပါးစပ်ကို ဆွဲဖြဲပြီး လျှာကိုမီးစနဲ့တို့စမ်းကွာ….ဒီလောက်တောင်စားချင်ဝါးချင်တဲ့ပါးစပ်….ဖြဲစမ်း…..”

 

” အား……ဝူး….”

 

” ဖလူး…..ဝူး….ဝါး…..”

 

” မင်းကြောက်ပြီလား…..စနေသမီးကိုနှောင့်ယှက်ဦးမှာလား….”

 

” ဝူး….ဝူး…..”

 

အမျိုးသမီးကဗလုံးဗထွေးအသံပြုပြီး ပြန်ပြော၏။ တစက်မှကြောက်သည့်ပုံမပေါ်။ မျက်လုံးအစုံမှာလည်း သွေးကျောပေါက်လုမတတ်နီရဲပြီး မောင်ရေခဲကိုစိုက်ကြည့်နေ၏။

 

” ဟ….မင်းကတော်တော်ဇရှိတဲ့ကောင်ဘဲ….ဒါ့ကြောင့်လဲဟိုကောင်ကမင်းကိုပေါရိသာရမှော်သွင်းဖို့ရွေးချယ်ခဲ့တာပေါ့….ပြောစမ်း မင်းစနေသမီးကို နှောင့်ယှက်ဦးမှာလား….”

 

” ကျစ်…..ကျစ်….ကျစ်… ”

 

အမျိုးသမီးမှာပြန်မဖြေဘဲ ပျဉ်ခင်းကိုကုတ်ခြစ်လေရာ လက်သည်းမှာ အစိမ်းသက်သက်လှန်ထွက်ကုန်၏။ ဘေးမှကြည့်နေသူတို့မှာ ဆက်ပင်မကြည့်ရဲတော့ချေ။

 

” မဖြေဘူးလား ဒါဆိုလည်းဒီကောင့်ကိုရိုက်ချလိုက်စမ်းကွာ…. မင်းကလမ်းရွေးမှားသွားတဲ့လူကောင်းတစ်ယောက်…မင်းကို ငါကယ်နိူင်သေးတယ်….မင်းပညာတွေစွန့်ရင်ငါမင်းကိုလူကောင်းအတိုင်းပြန်လုပ်ေးပမယ်…..”

 

” ထွီး…..မင်းသောက်ပါးစပ်ကဒီစကားထွက်လာရဲသေးတယ်နော်….မင်းလုပ်လို့ငါဒီဝဆိုးကြီးကိုရောက်လာတာကွ….မင်းကို ငါတသက်မကြေဘူး… ”

 

” ဘယ်သူမပြု မိမိမှုတဲ့ ငါကကောင်းတဲ့အလုပ်လုပ်နေတာ မင်းသာအတ္တစိတ်လွန်ကဲပြီး ဒီဘဝရောက်နေတာ…. ကဲအချိန်မရှိဘူး မင်းပညာစွန့်မှာလားမစွန့်ဘူးလားပြော….”

 

“မစွန့်နိူင်ဘူးကွာ….မင်းကြိုက်သလိုလုပ်….”

 

” အဲဆိုလည်းမင်းသဘောဘဲ….”

 

ဆိုကာ မောင်ရေခဲ ကထိုလူ၏နဖူးပေါ်သို့ စမတစ်ချပ်ကိုဆွဲလိုက်ပြီးအသက်သွင်းလိုက်၏။ ခဏ၌နဖူးမှာဝင်းခနဲဖြစ်သွားပြီး

 

” အား………..”

 

ဟူသောအသံနက်ကြီးနှင့်အတူ အမည်းရောင်အခိုးအငွေ့များ တလူလူထွက်လာ၏။

 

” အော့ဝေါ့……အော့…….”

 

ထို့အတူ သွေးစိမ်းရှင်ရှင်ကျနေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးကိုးတုံးကိုလည်း ပြန်အန်ထုတ်လာ၏။

 

” ကဲ….မင်းကိုယ်ထဲကသရဲတွေငါမောင်းထုတ်လိုက်ပြီ…. ခုကစပြီးမင်းကသာမန်လူတစ်ယောက်ဘဲ….မင်းသွားလိုရာသွားလို့ရပြီ…..”

 

အမျိုးသမီးမှာ မောင်ရေခဲ၏စကားကိုကြားသည်နှင့် ဘေးသို့လဲကျငြိမ်သက်သွားတော့၏။

 

” သမီး….သမီလေး….”

 

ဆရာမလေး၏အဝတ်အစားတို့မှာသွေးများပေကြံနေသော်လည်း ဒဏ်ရာမှကားတစ်ခုမှမရှိတော့ချေ။

 

” ခနကျရင် သူပြန်သတိရလာလိမ့်မယ်….ဒီအသားစတွေကိုတော့ မီးရျိူ့ပြီးပြာတွေကိုရေထဲမျောလိုက်ပါ….သူ့အတွက်ရည်စူးပြီးကောင်းမှုကုသိုလ်တွေလုပ်ပေးလိုက်ပါ…..”

 

 

လူတစ်စုလည်း ဆရာမလေးပြန်လည်နေကောင်းသွားသဖြင့်ဝမ်းသာနေကြသဖြင့် ဆရာလေးတို့နှစ်ယောက်ထွက်သွားသည်ကိုပင် မသိလိုက်ကြချေ။

ဪမခေါ်ဘဲလာသည်….မနှင်ဘဲပြန်သည့် ဧည့်သည်ပေတကား။

 

တောင်ခြေတောစပ်တွင်ရှိတဲလေးတစ်လုံးသည်ကား မီးတမြေ့မြေ့လောင်ကျွမ်းနေ၏။ ထိုတဲငယ်ထဲတွင်ကား ပိန်လှီခြောက်ကပ်သည့်လူတစ်ယောက်သည် အရုပ်ကလေးကိုင်ပြီး သေဆုံးနေသည်ကို လောင်နေသည့်မီးမှတပါးအခြားမည်သူမျှမသိနိူင်တော့ချေ။…….။

 

# ပြီး

 

# ခွန်း

 

(ဒီရက်ပိုင်းရေးဖြစ်ခဲ့တဲ့ဝတ္ထုတွေကတကယ့်ဖြစ်ရပ်မှန်တွေကိုကျောရိုးခံထားတဲ့အတွက် ဖြစ်စဉ်တူသလိုခံစားမိရင်တော့ နားလည်ပေးစေချင်ပါတယ်)