မျောက်ဖစ်သွားသောခလေးများ

ဆဲခံရတာကလား၊ စာရေးဆရာကိုလည်း ကျုပ်တို့ရွာကိုဖိတ်ချင်တယ်၊ ရွာကလူတွေနဲ့တော့ သိပ်ပြီးမခင်စေနဲ့ပေါ့ဗျာ ဟဲ ဟဲ၊ ခင်သွားရင်တော့ နောက်တစ်ခါရွာကိုလာရင် အကုန်လုံးက ဆဲပြီးနှုတ်ဆက်ကြမှာဗျ၊ ဟား၊ ဟား။

အဲဒီလို အဆဲက ဓလေ့ဖြစ်နေတဲ့ ကျုပ်တို့ရွာမှာ ရွာဦးကျောင်းဘုန်းတော်ကြီးက စပြီးတော့ ဟိုးဘောင်းဘီမပါတဲ့ကလေးအထိ ဆဲတတ်တယ်၊ စကားပြောရင်လည်း အဆဲကလေးနဲ့ပြောတတ်ကျတယ်လေ၊ ဒါပေမယ့် ဦးဘသာကြီးကတော့ ဆဲခဲတယ်ဗျ၊ တစ်ခါတစ်လေတော့ ဆဲတာပေါ့ဗျာ။ ကျုပ်တို့ရွာသားပဲကိုးဗျ။
ကျုပ်အိမ်မှာ အဖေကတော့ သိပ်ပြီးဆဲလေ့မရှိပေမယ့် အဆဲသန်တာကတော့ အမေဗျ။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ ကျုပ်တို့အိမ်ဝိုင်းထဲမှာ အမေ့ဆဲသံက ညံနေရောပဲ။ ဆဲလဲဆဲချင်စရာပဲဗျို့၊ ကျုပ်မှာက မွေးချင်း ရှစ်ယောက်ရှိတာ ခုနှစ်ယောက်က ယောက်ျားလေးတွေချည်းဘဲလေ၊ ကျုပ်အောက်မှာ အငယ်ဆုံးကတော့ မိန်းကလေးပါ၊ သူက ကျုပ်နဲ့ ငါးနှစ်လောက်ကွာပါတယ်၊ ကျုပ်အပါအဝင် အပေါ်က ကလေးတွေအားလုံးက ယောက်ျားလေးတွေချည်းဘဲဗျ၊ ပြီးတော့ အမေက တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်၊ နှစ်နှစ်လောက်ပဲကွာတာမို့လို့ အားလုံးက အသက်မတိမ်းမယိမ်းတွေချည်းဘဲ၊ ကျုပ်အသက်ဆယ်နှစ်လောက်မှာ ကျုပ်အကိုအကြီးဆုံးက အသက်နှစ်ဆယ်ကျော် အိမ်ထောင်ကျနေပြီ၊ ဒုတိယအကိုကလည်း ဆယ့်ရှစ်နှစ်လောက်ဆိုတော့ လူပျိုပေါ့၊ ကျန်တဲ့ညီအကိုငါးယောက်ကတော့ ကလေးသာသာတွေဆိုတော့ ဆော့လိုက်တာ ဗြောင်းဆန်လို့ပေါ့ဗျာ၊ အမေက လိုက်မဆွဲနိုင်တော့ ကျွန်တော်တို့ကို ကလော်ပြီးတော့ကို ဆဲတော့တာပေါ့။

ကျုပ်တို့ကလည်း ကျုပ်တို့ပဲဗျ၊ အဲဒီအချိန်က တော်တော်ကဲခဲ့တာ၊ အိမ်မှာဘာအပင်မှမနေရဘူး၊ မာလကာပင်ဆိုရင်လည်း ကျုပ်တို့က အသီးကင်းတောင်စောင့်ပြီးခူးစားကြတာဆိုတော့ မာလကာပင်ခမြာလည်း မသေရုံတမယ်ပဲ၊ မန်ကျည်းပင်ဆိုရင်လည်း ထိုနည်းလည်းကောင်းပဲ၊ သရက်ပင်ကြီးကျတော့ အသီးမရှိတဲ့အချိန်ဆို အနားရပေမယ့် အသီးသီးတဲ့အချိန်ဆိုရင်တော့ သူလည်းကျုပ်တို့ဒဏ်ခံရတာပဲ။

အပင်တွေချည်းဘဲလားဆိုတော့ မဟုတ်သေးဘူးဗျ၊ ကျုပ်တို့က အိမ်ကပစည်းတွေလည်း အကုန်ယူဆော့တာ၊ ထမင်းအိုး၊ ဟင်းအိုး၊ ယောက်မက အစ အမေမသိအောင်ခိုးယူပြီးဆော့ကြတာ၊ ဆော့ပြီးရင်လည်း ဆော့ပြီးတဲ့နေရာပစ်ထားခဲ့ကြတာပဲ၊ ညနေအမေထမင်းချက်တော့မှ ယောက်မ မတွေ့ဘူးဆိုရင် ကျုပ်တို့ကိုကလော်ဆဲတော့တာ။

အမေက အဆဲတင်မဟုတ်ဘူး လက်သံလည်းသိပ်ပြောင်တာ၊ အနားရှိလို့ကတော့ ခေါင်းခေါက်ခံရမယ်၊ ဗိုက်ကြော၊ ပေါင်တွင်းကြောလိမ်ဆွဲခံရမယ်၊ နသန်မွှေးဆွဲခံရမယ်၊ လက်ထဲယောက်မရှိရင် ယောက်နဲ့ရိုက်တယ်၊ ဒန်အိုးဖုံးရှိရင် ဒန်အိုးဖုံးနဲ့ထုတယ် အဲဒီလိုကို လက်သိပ်မြန်တာဗျ၊ ကျုပ်တို့လည်း အမေ့အနားသိပ်မကပ်ရဲကြဘူးပေါ့ဗျာ။
မျောက်ဖြစ်အတဲ့အကြောင်းပြောရရင်တော့ တစ်နေ့ကျတော့ ကျုပ်တို့အိမ်မှာ အလှူတစ်ခုလုပ်တယ်ဗျ။ ကျုပ်လဲ အဲဒီတုန်းက ဆယ်နှစ်တောင်မပြည့်သေးဘူး၊ ခုနစ်နှစ်ရှစ်နှစ်လောက်ဖြစ်မှာပေါ့၊ ဘာအလှူလဲတော့ ကျုပ်မမှတ်မိဘူးဗျ၊ ဒီအကြောင်းတွေလဲ ကျုပ်မမှတ်မိဘူး၊ အမေတို့က နောက်ပိုင်းပြောပြောနေလို့သာ သိရတာဗျ။
အလှူလုပ်တော့ သူကြီးအလှူဆိုတော့ အလှူပိန်ကလေးဖြစ်နေပါစေ၊ တစ်ရွာလုံးက လာစားကြတာပေါ့ဗျာ၊ ဟင်းကတော့ အသားဟင်းမဟုတ်ပါဘူး၊ ငရုတ်သီးစပ်စပ်နဲ့ကြော်ထားတဲ့ ငါးခြောက်ကြော်၊ ကြက်သွန်နီခတ်ထားတဲ့ မှန်ရောင်ဟင်းရည်နဲ့ အချဉ်အတွက်ကတော့ သရက်ချဉ်ကို ဂေါ်ဖီများများနဲ့သုပ်ထားတာပေါ့ဗျာ၊ ဒါလည်း စားတဲ့သူတွေက ကြိုက်တာပဲ၊ အားရပါးရ စားကြတာပေါ့ဗျာ၊ အဲဒီမှာ ဦးဘသာကြီးကလည်း ရောက်လာတယ်ဗျ၊ သူက လူနည်းနည်းပါးသွားပြီး အေးအေးဆေးဆေးဖြစ်သွားတဲ့အချိန်မှ ရောက်လာတာ၊ မနက်တုန်းကလောက်တော့ လူသိပ်မစည်တော့ပေမယ့် လူတော့ရှိနေကျတာပါပဲ၊ ထမင်းစားတဲ့သူကစား၊ ဆေးလိပ်ဖွာရင်း၊ လက်ဖက်စားရင်း စကားပြောတဲ့သူက ပြောနေတာပေါ့။

အမေတို့လည်း ဧည့်သည်တွေကို ဧည့်ခံရင်း စကားပြောနေတယ်၊ ကျုပ်တို့ကလေးတွေကတော့ သိတဲ့အတိုင်းပေါ့၊ အလှူမဏ္ဍပ်ထဲပြေးဆော့လိုက်၊ ဝါးနဲ့ယာယီလုပ်ထားတဲ့ မဏ္ဍပ်တိုင်တွေကို ဖက်တက်လိုက်နဲ့ ပြေးလွှားနေကြတာပေါ့ဗျာ။
အမေကတော့ ကျုပ်တို့ကိုကြည့်ရင်း အမြင်ကပ်လာတာပေါ့ဗျာ။

“ဟဲ့ သေချင်းဆိုးသေနာကလေးတွေ မျောက်လောင်းတွေ၊ အဲဒါ ဟင်းရည်အိုးအပူကြီးဟဲ့ သွားမထိနဲ့”

“ဟဲ့ မျောက်တွေရဲ့ မဏ္ဍပ်တိုင်ကို ချောတိုင်မှတ်ပြီးဖက်တက်မနေကြနဲ့၊ မဏ္ဍပ်ပြိုလို့ မဏ္ဍပ်ထဲက မအေလိုးကြီးတွေအကုန် ပိပြီး မသာပေါ်ကုန်မယ်”

အမေ့ဆဲသံကိုကြားပြီးတော့ ဦးဘသာကြီးက ထမင်းစားရင်းနဲ့ အမေ့ကို စိုက်ကြည့်လိုက်တယ်တဲ့ဗျ။

“ဟေ့၊ သူကြီးကတော်၊ ညည်းလဲဝတ်ကောင်းစားလှကြီးဝတ်ထားပြီး အလှူ့အမကြီးဖြစ်နေတာကို အော်ဆဲနေရသလား”

အမေကလည်း သိပ်မကျေနပ်ဘူးလေ။

“အို ဘာဖြစ်လည်း၊ ဒီမျောက်တွေကို ဒီလောက်ဆဲမှ တော်ကာကျတာ ဦးဘသာကြီးရဲ့”

“ညည်းအေ၊ ကိုယ့်သားသမီးကိုယ် မျောက်တွေလို့ မပြောပါနဲ့ဟ၊ သူတို့က ယောက်ျားလေးတွေပဲဟာ ဒီလောက်တော့ဆော့မှာပေါ့”

ဟုတ်တော့ဟုတ်တယ်၊ အမေက ကျုပ်တို့ကိုအမြဲတမ်း မျောက်တွေ၊ မျောင်လောင်းတွေလို့ အမြဲခေါ်တယ်ဗျ။ အမေဆဲနေတာကိုကြည့်ပြီး ဦးဘသာကြီးကလဲ ကြာတော့ နားကြားပျင်းကပ်လာတယ်ထင်ပါတယ်ဗျာ။

“ဟဲ့ မသန်း၊ နင့်သားတွေကို ဒီလောက်တောင် မျောက်ဖြစ်စေချင်သလားဟဲ့”

အဲဒီလိုပြောပြီးတော့ စားလက်စပန်းကန်ကြီးကို စားပွဲပေါ်ဆောင့်ချပြီး လက်တောင်မဆေးဘဲနဲ့ မဏ္ဍပ်ထဲက ခြေလှမ်းကျဲကြီးနဲ့ထွက်သွားပါရော၊ မဏ္ဍပ်ရှေ့မှာ ဆော့နေတဲ့ကျုပ်တို့ကိုတစ်ချက်ကြည့်ပြီးတော့ ခြံဝိုင်းထဲကထွက်သွားတာပေါ့။

(၃)

နောက်တော့မှ မဏ္ဍပ်ထဲထိုင်နေတဲ့ အရီးဝိုင်းက အမေ့ကိုလှမ်းပြောတယ်တဲ့။

“ဟဲ့ မသန်းရေ၊ ညည်းကလေးတွေကို ကြည့်စမ်းပါအုံးအေ”

ကျုပ်အမေလည်း ကစားနေတဲ့ကျုပ်တို့ကို လှမ်းကြည့်လိုက်တော့ အရမ်းထိတ်လန့်သွားတယ်တဲ့။ ထိတ်လန့်မှာပေါ့ မဏ္ဍပ်ရှေ့နားမှာ ထိုင်ဆော့နေတဲ့ကျုပ်တို့ကလေးတစ်သိုက်က မျောက်ကလေးတွေဖြစ်သွားကြတာကိုး။ အင်္ကျီအဝတ်အစားတော့ ဝတ်ထားပေမယ့် ဘောင်းဘီကြားကနေ အမြီးကောက်ကောက်လေးတွေ ထွက်နေပြီးတော့ လက်တွေ၊ ခြေတွေကလည်း မျောက်လက်တွေအဖြစ်ပြောင်းသွားတယ်၊ အမွှေးတွေလည်း ညိုညိုလေးတွေ တစ်ကိုယ်လုံးကို အုပ်နေတာပဲတဲ့ဗျာ၊ အမေတို့လည်း ငိုကြတော့တာပေါ့။ အဖေက သိသွားတော့ အိမ်ထဲကထွက်လာတယ်၊ အမေတို့ကို နင်တို့ဘာတွေလုပ်လို့လည်းလို့ မေးတာပေါ့၊ အမေက အဲဒီတော့မှ

“ခုနက ဦးဘသာကြီးရှေ့မှာ ကလေးတွေကိုမျောက်တွေလို့ဆဲတော့၊ ဦးဘသာကြီးက မဆဲပါနဲ့ဆိုပြီးတော့ ပြောသေးတာပဲရှင်၊ သူများလုပ်သွားတာလား မသိပါဘူးနော်”

အဖေက အမေ့ကိုဖိဆူပြီးတော့ ကျုပ်တို့ကိုခေါ်ပြီး ဦးဘသာကြီးအိမ်ကို လိုက်ခဲ့ကြတယ်တဲ့၊ ကျုပ်တို့ကလည်း မျောက်ဖြစ်သွားတော့ ပိုဆော့ကြတာပေါ့ဗျာ၊ ကျုပ်ဆိုရင် ကျွမ်းတွေချည်းပတ်ထိုးနေတယ်ဆိုပဲ၊ ဦးဘသာကြီးခြံထဲဝင်လိုက်တော့ ဦးဘသာကြီးက အိမ်ပေါ်တက်တဲ့လှေကားထစ်မှာထိုင်ရင်း ပြုံးပြီးကြည့်နေတယ်ဆိုသဘဲဗျ။
အမေတို့ကလည်း ပြန်တောင်းပန်တာပေါ့၊ ဦးဘသာကြီးက ခါးထောက်ပြီးတော့

“ဒါငါလုပ်တာမဟုတ်ဘူး၊ ညည်းလုပ်တာလေ၊ ညည်းပဲ မျောက်ကလေးတွေကို သားအဖြစ်လိုချင်တယ်မဟုတ်လား”

အမေက ငိုယိုပြီးတော့

“တောင်းပန်ပါတယ် ဦးဘသာကြီးရယ်၊ ကျေးဇူးပြုပြီးတော့ ကျွန်မသားလေးတွေကို လူအဖြစ်ပြန်ပြောင်းပေးပါ၊ နောက်ဆိုရင် ကျွန်မလည်း စကားအပြောအဆိုဆင်ခြင်ပါ့မယ်”

“အေး၊ ညည်းကိုငါမကြိုက်တာကြာပြီ၊ ညည်းနှယ်အေ၊ စကားဆိုတာ ပြောတိုင်းမကောင်းဘူးဟ၊ နင်တို့သာ ပညာတွေဘာတွေတတ်ရင် နင်တို့သားသမီးတွေ အရင်ဆုံး အသေဆိုးနဲ့အရင်သေကုန်မယ်ဆိုတာ နင်တို့သဘောပေါက်ရဲ့လား”

နောက်တော့ ဦးဘသာကြီးက သူ့အိမ်ပေါ်တက်သွားတယ်၊ တိုင်မှာချိတ်ထားတဲ့ ငှက်ပျောသီးတစ်ဖီးယူလိုက်တယ်၊ ငှက်ပျောသီးကတော့ ဖီးကြမ်းငှက်ပျောသီး အလုံးသေးလေးတွေပါ၊ မှည့်တာတော့ မှည့်နေပြီ၊ သူက ငှက်ပျောသီးတွေတစ်လုံးချင်း ဖြုတ်လိုက်ပြီး ကျုပ်တို့ဆီကိုလှမ်းပစ်ပေးသတဲ့၊ ကျုပ်တို့မျောက်ကလေးတွေကလည်း ငှက်ပျောသီးတွေကို ကျွမ်းထိုးပြီးဖမ်းလိုက်၊ ခုန်ပြီးဖမ်းလိုက်နဲ့ ဖမ်းကြတာ၊ နောက်တော့ ကျုပ်တို့ငှက်ပျောသီးခွာစားပြီး သိပ်မကြာဘူး အမြီးတွေလည်းပျောက်ကုန်ပြီး အကုန်လုံးပကတိအတိုင်း ပြန်ဖြစ်သွားတယ်လေ၊ အမေတို့လည်း ဦးဘသာကြီးကို တောင်းပန်ပြီးတော့ နောက်ဆို အဆဲအဆိုဆင်ခြင်ပါ့မယ်ဆိုပြီးတော့ ကတိပေးပြီး ပြန်လာခဲ့ကြတယ်၊ ကျုပ်တို့ကတော့ ဘယ်သိမလည်း အိမ်ရောက်တော့လည်း ဆော့လို့ကောင်းတုန်းလေ။

အဲဒီနောက်ပိုင်းကစပြီး အမေကကျုပ်တို့ကို မျောက်တွေလို့ ဘယ်တော့မှမပြောတော့ဘူးတဲ့၊ ကျုပ်လည်း သိတတ်လာတဲ့အရွယ်မှာ ကျုပ်တို့ကိုမျောက်တွေ၊ မျောက်လောင်းတွေလို့ခေါ်တာ တစ်ခါမှ မကြားဖူးဘူး။ ကျုပ်တို့တကယ်မျောက်ဖြစ်သွားတော့ အမေက ကြောက်သွားတယ်ထင်ပါတယ်၊ ကျုပ်တို့ကို အိမ်နာမည်တွေပဲ ပေးပြီး အဲဒီအတိုင်းခေါ်တော့တာပေါ့ဗျာ။

ဒါကတော့ ကျုပ်တို့ငယ်ငယ်က မျောက်ဖြစ်သွားတဲ့အကြောင်းကလေးပါ၊ ဒီနေ့တော့ တော်လောက်ပြီစာရေးဆရာရေ၊ နောက်နေ့တွေကျရင် ဦးဘသာကြီးအကြောင်းထပ်ပြောပြချင်ပါသေးရဲ့ဗျာ။

ပြီးပါပြီ။
#အဂ္ဂဇော်