ကျက်ရွာရောက်ခဲ့သောကိုရီမြင့်

သန့်နေတယ် ။ ဘာဆိုဘာမှ မတွေ့ရဘူး။
မရှိဘူး ။ ဒါပေမဲ့ မတုတ်ရဲ့ ခြေဖမိုးမှာတော့ မြေစွယ်ရာလို့
အပေါက်လေးနှစ်ပေါက် တွေ့ရတယ်။

သွေးလေးတွေလည်း စို့နေတယ်။ ကျနော် သိလိုက်ပြီ။
ဒါ နတ်မြွေ ။ နတ်မကြိုက်လို့လုပ်တာ။

ပြီးခဲ့တဲ့ တစ်ပတ်လောက်က မတုတ်အိပ်မက်တစ်ခုမက်တယ်။
အိပ်မက်ထဲမှာ နတ်က ပြောတယ်တဲ့။

“ငါ့ပန်းအိုးမကောင်းတာတောင် လဲမပေးဘူး။
နင်တို့တော့ ဒုက္ခရောက်တော့မယ်…”

ဟုတ်တော့ဟုတ်ပါတယ်။ အိမ်တွင်းပန်းအိုး နှုတ်ခမ်းပဲ့နေတာ
ကြာပြီ။ ပန်းအိုးလဲဖို့ စိတ်ကူးရှိပေမယ့် ကျနော်နေတဲ့ မလွှကုန်း
ရွာမှာက ပန်းအိုးရောင်းသူမရှိဘူးလေ။ ဒါကြောင့် မလဲဖြစ်တာ။
နတ်က အိပ်မက်လာပေးရတဲ့ အထိပေါ့။အိပ်မက်ပေးလို့
လဲသလားဆိုတော့လည်း မလဲဖြစ်ဘူး ။
ပေါ့ပေါဆဆနေမိခဲ့တယ်။

ဒါကြောင့် စိတ်ဆိုးပြီး နတ်မြွေလွှတ်ပြီး ကိုက်ခိုင်းတာပါ။
စဉ်းစာကြည့်လေ ။ ရိုးရိုးမြွေဆိုရင် ဘယ်လောက်မြန်အောင်
ပြေးပြေး မြွေတွေ့ကို တွေ့ရမယ်။ မလိုတဲ့သူက
အောက်လမ်းဆရာနဲ့ လုပ်တဲ့ တိုက်မြွေဆိုရင်လည်း
အကိုက်ခံရတဲ့နေရာမှာ တုတ်ချောင်းဖြစ်ဖြစ်
ကြိုးအပိုင်းအစဖြစ်ဖြစ် ကျန်ကို ကျန်ရတယ်။

နတ်မြွေမို့လို့ ဘာမှမတွေ့လိုက်ရတာပါ။
နောက်ပြီး ထူးဆန်းတာရှိသေးတယ်။
ပွင့်ဖြူဆေးရုံမှာ တက်နေတုန်း မတုတ်က…

“ကိုရီမြင့် ကျမအိမ်ကိုပဲ ပြန်ချင်တယ်။သေရင်လည်း
အိမ်မှာပဲ သေချင်တယ်။ နေရရင်လည်း အိမ်မှာပဲ နေချင်တယ်”

ဆိုလို့ သူစိတ်ချမ်းသာအောင် ရွှေဘိုရွာက
သူ့အမေအိမ်ကို ပြန်ခေါ်ခဲ့တယ်။ မတုတ်အခြေအနေက
တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာတယ်။
အိပ်ရာပေါ်မှ ပက်လက်နေရင်း အသက်ကို
မျှင်းမျှင်းကလေးပဲ ရှူနေရတယ်။

ခန္ဓာချုပ်တော့မယ် ။ သူ့ဘဝ ဇာတ်သိမ်းတော့မယ်ဆိုတာ
ကျနော်တို့အားလုံး သိနေကြတယ်။ ဒါပေမယ့် ဘာမှ
မတတ်နိုင်တော့ဘူးလေ။ အသက်မြော့မြော့လေးပဲ
ကျန်တော့တဲ့ သူ့ဘေးမှာ ဝိုင်းကြည့်ရင်း မတုတ်သေဆုံးမယ့်
အချိန်ကို စောင့်နေကြရတယ်။

အဲဒီအချိန်တုန်းမှာပဲ အသက်မြော့မြော့ ကျန်တော့တဲ့
လူမမာဟာ မမြင်ရတဲ့ တစ်ယောက်ယောက်က ရုတ်တရက်
ဆွဲထူလိုက်သလို…ငေါက်ခနဲ ထထိုင်တယ်…

အသံကျယ်ကျယ်ကြီးနဲ့ အူလှိုက်သည်းလှိုက်
ဟားတိုက်ရယ်တယ်။ မတုတ်ရယ်တဲ့ပုံက
နှစ်ယောက်ပြိုင်တဲ့ပွဲမှာ အနိုင်ရတဲ့သူက ကျေကျေနပ်နပ်ကြီး
ရယ်တဲ့ပုံမျိုး ပြီးတော့ ကျနော့်ကို လက်ညှိုးငေါက်ငေါက်
ထိုးပြီး ရန်တွေ့တယ် …

“ကဲ…ငါကို ပမာမခန့် လုပ်တဲ့ဟာတွေ ငါ့အကြောင်းကို
သိပြီလားဟဲ့ …ကြက်ဥနဲ့ ခဲနဲ့ဆောင့်ရင် ဘယ်သူနာသလဲ
ဆိုတာ သိကြပြီလား…”

ရန်တွေ့ရင်း ဟားတိုက်ရယ်မောရင်းကနေ…
အိပ်ယာပေါ်ထိုင်နေတဲ့ မတုတ်ကို အားပြင်းပြင်းနဲ့
ရင်ဝ ဆောင့်တွန်းလိုက်သလို ဗုန်းခနဲ
နောက်လန်လဲကျသွားတယ်…

မကြာလိုက်ပါဘူး ။ မတုတ်တစ်ယောက်
အသက်ပျောက်သွားရရှာပါတယ်။
ကျနော် အရမ်းခံစားရပါတယ်။

အသဲပေါက်မတတ် ဆို့နစ်ခံစားရလွန်းလို့
သတိလစ်ပြီး မေ့လဲကျတဲ့အထိပါပဲ။
ကျနော်သတိပြန်ရတဲ့အခါမှတော့ ကျနော်ရင်ထဲမှာ
အမုန်းတရားတွေ ပြည့်သိပ်လို့ပေါ့။

ကျနော့်မိန်းမ သေရတာ ဘယ်သူ့ကြောင်လဲ။
ကျနော်မိန်းမကို ဘယ်သူသတ်တာလဲ…
ဒီမေးခွန်းတွေက မီးတောက်ကြီးတွေလို ကျနော်
တစ်ကိုယ်လုံးကို လောင်မြိုက်နေတယ်…

နောက်ဆုံးတော့ …
ကျနော် ငှက်ကြီးတောင်ဓါးကို ပြေးဆွဲတယ်…
စိတ်လွယ် ကိုယ်လွတ် အရူးတစ်ယောက်လို ပုံစံနဲ့
အိမ်တွင်းစင်ကို ဓါးနဲ့ ခုတ်ချနေတော့တာပါဆရာ…

“မတုတ်ရေ ငါရွာသွားမလို့ ငါနဲ့လိုက်ခဲ့ဦးဟေ့ …”

မိန်းမသေတဲ့စိတ်နဲ့ ကျနော်အရူးတစ်ပိုင်း ဖြစ်သွားခဲ့တယ်…
အိမ်မှာနေတော့လည်း ကျနော့်မိန်းမ အိမ်ထဲမှာပဲ
ရှိတယ်လို့ ထင်နေတယ်…ကျနော် ဟိုဟိုသည်သည်
သွားရင်လည်း စက်ဘီးကယ်ရီယာခုံပေါ်မှာ
မိန်းမလိုက်လာနေတယ်လို့ပဲ ထင်နေတယ်…

ဒါကြောင့် ကျနော်အပြင်ထွက်တိုင်း မိန်းမကို
အော်ခေါ်ပြီးမှ သွားတယ် ။ ပြီးတော့ ကျနော်မှာ နေ့
ညဆိုတာ မရှိတော့ဘူး။ ဆာတဲ့အချိန် ထစားတယ်။
အိပ်ချင်စိတ်ဖြစ်လာရင် အလိုလို အိပ်သွားတယ်။
သွားချင်စိတ်ပေါ်လာရင်လည်း စက်ဘီးဆွဲပြီး
ထသွားလိုက်တာပါပဲ။

သမီးလေးက အခါလည်းပဲရှိသေးလို့ ရွှေဘိုက
ယောက္ခမက ခေါ်ထားတယ်။ ကျနော်တစ်ယောက်တည်း
မလွှကုန်းက အိမ်မှာ အရူးကြီး ဖြစ်ကျန်ရစ်တယ်…

ညဥ့်နက်သန်းခေါင်းနိုးလာတဲ့အချိန်မှာ သမီးလေးကို
သတိရတယ်။ စက်ဘီးဆွဲပြီး သမီးလေးရှိတဲ့ ရွှေဘိုကို
ထွက်လာခဲ့တယ်။ ခရီးက လေးမိုင်ခွဲ။ ငါးမိုင်လောက်သာ
ဝေးပေမယ့် မညီမညာမြေသားလမ်းမှာ ကြယ်ရောင်
လရောင်ပဲ အားကိုးသွားရတဲ့ခရီး။ မလွှကုန်းကနေ
လေးမိုင်လောက်သွားမိမှ မကျီးကုန်းတို့ ရှောက်တောတို့
ဆိုတဲ့ ရွာတွေတွေ့တယ်။

အဲဒီကနေ ဆည်ရေပေးတဲ့ ငါးနံပတ်မြောင်းဘောင်အတိုင်းသွားရင်
ရွှေဘိုရွာကိုရောက်တယ်။ညမှောင်မှောင်မှာ သုဿန်ဖြတ်ရ။
မြေဆိုးကုန်းဖြတ်ရတာမို့အသည်းငယ်သူတစ်ယောက်ထဲ
သွားဖို့ မလွယ်ဘူး။ ကျနော်ကတော့ အရူးတစ်ပိုင်း
ဖြစ်နေတဲ့သူဆိုတော့ ကြောက်စိတ်လဲမရှိဘူး။

လန့်စိတ်လဲ မရှိဘူး။ သေသွားတဲ့မိန်းမကို အဖော်ခေါ်ပြီး
သွားနေတာပါပဲ။တစ်နေ့မှာတော့ ကျနော်မိန်းမနဲ့
ပတ်သတ်ပြီး စိတ်ထိခိုက်စရာ တစ်ခုကြုံရတယ်။
ကျနော့်မိန်းမက သူ့အမေကို ဝင်ပူးတယ်။

“ကိုရီမြင့်ရယ် ရှင်ကတော့ ကျမကို ချစ်လို့ ဘယ်သွားသွား။
မတုတ်ရေ ငါနဲ့ လိုက်ခဲ့ဟေ့လို့ အမြဲခေါ်ခေါ်နေတာပေါ့နော်။
ဒါပေမယ့် ကျမ ကိုရီမြင့်နား ကပ်လို့ မရဘူး။
စက်ဘီးပေါ်လဲ တက်လို့မရဘူး။ နောက်ကပဲ
ပြေးပြေးလိုက်နေရတယ်။သိပ်မောတာပဲ ကိုရီမြင့်ရယ်…”တဲ့။

ကျနော်စိတ်မကောင်းဖြစ်လိုက်ရတာ ဆရာရယ်…
ကျနော် ခေါ်ပြီးသွားတိုင်း နေ့နေ့ညည ကျနော်မိန်းမက
ပြေးပြီးလိုက်နေရတယ်တဲ့။ကျနော် မတုတ်ကို
သနားလို့ မဆုံးဘူး။အဲဒီနေ့က စပြီးလည်း ကျနော်
ဘယ်သွားသွား သူ့ကို မခေါ်ရက်တော့ပါဘူး။

မတုတ်ကတော့ ကျနော့်ကိုရော သမီးလေးကိုရော
စိတ်ချလက်ချနဲ့ ဘဝကူးသွားပုံမရပါဘူး။
အမြဲစောင့်ကြည့်နေပုံရပါတယ်။

တစ်နေ့မှာတော့ ကျနော်အပြင်းဖျားတယ် အရူးတစ်ယောက်လို
နေ့မသိ ညမသိ နေပူမှန်းမသိ မိုးရွာမှန်းမသိ သွားခဲ့လာခဲ့တဲ့
ဒဏ်တွေ စားချိန်အိပ်ချိန်မမှန်တဲ့ဒဏ်တွေ စုခံရတာပေါ့လေ။

ဖုတ်သက်ပဲရှိတော့တဲ့ အသေကောင်လို အိပ်ရာထဲမှာ
လဲလျောင်းနေရတယ်…

မျက်နှာပေါ်မှာ ကိုယ်ပေါ်မှာ ပရွတ်ဆိတ်တက်ရင်
ခြင်နားရင်တောင် ယူပစ်ဖို့ လှုပ်ယမ်းခြောက်ထုတ်ဖို့
လက်ကို မမြှောက်နိုင်တဲ့ဘဝ ရောက်သွားတယ်…

ခန္ဓာကိုယ်ကလည်း မျက်တွင်းဟောက်ပက်နဲ့
အရိုးစုသာသာပဲ။ အားလုံးက ကျနော်ကို
မတုတ်နောက် လိုက်ရတော့မယ်လို့ပဲ ထင်နေကြတယ်
ကျနော်ကိုယ်တိုင်လည်း ဒီလိုပါပဲ။

သေဆုံးခြင်းက ကျနော်နဲ့ အနီးကပ်ဆုံးနေရာမှာ
ရောက်နေပြီ…

အဲဒီအချိန်မှာပဲ ကျနော်မြောသွားတယ်။

သတိရလို့ ကြည့်လိုက်တော့ ကျတော့်ဘေးမှာ
မိန်းမကြီးနှစ်ယောက် ရပ်နေတယ်။

“ငါ့သား မင်းကို လာခေါ်တာ ။အမေတို့နဲ့လိုက်ခဲ့…”

လို့ ခေါ်တယ်။ ကျနော်လည်း မိန်းမကြီးနှစ်ယောက်ခေါ်တဲ့
နောက်ကို လိုက်သွားမိတယ်။

ဒီလိုနဲ့ ရွှေဘိုရွာရဲ့ အစွန်က သင်္ချိုင်းကုန်းအဝင်ဝနား
ရောက်လာတယ်…”သင်္ချိုင်းကုန်းကြီးပဲ “လို့ ကျနော်
ပြောနေတုန်း ကျနော်မိန်းမ မတုတ်ပြေးလာတာတွေ့တယ်။

မတုတ်က မိန်းမနှစ်ယောက်ကို တောင်းပန်တယ်…

“ကိုရီမြင့်ကို မခေါ်ပါနဲ့ဦး ကျမသေပြီးတာတောင်
မကြာသေးပါဘူး သမီးလေ ရှိပါတယ် သမီးလေးဒုက္ခရောက်မှ
စိုးလို့ပါ “

လို့လည်း အသနားခံတယ် ။ ဒါပေမဲ့ မိန်းမနှစ်ယောက်
မရဘူး ။ ကျနော် လက်ကိုတွဲပြီး အတင်းခေါ်တယ် ။

ဘယ်လိုမှ တောင်းပန်လို့မရတဲ့အဆုံး မတုတ်ကလည်း
ကျနော့်လက်တစ်ဖက် ကိုင်ပြီးဆွဲတယ်…

ကျနော်ကတော့ ဟိုဘက်သည်ဘက် ဆွဲနေတဲ့ကြားမှာ
အသေကောင်လို ဖြစ်နေတယ် ။ တစ်ချက်မှာ
မတုတ်အတင်းဆောင့်ဆွဲလိုက်တာ အဲဒီမိန်းမကြီးတွေ
လက်ထဲက ကျနော်လွတ်သွားတယ်…

အဲဒီအခိုက်အတန့်မှာပဲ ကျတော်သေဖို့ မြောသွားရာကနေ
သတိပြန်လည်လာခဲ့ရတာပါ ။ မတုတ်သာ အဲဒီမိ်န်းမကြီး
နှစ်ယောက် လက်ထဲကနေ ကျနော့်ကို မလုနိုင်ရင်
ကျနော်သေမှာ အသေအချာပါပဲ။

ဒါကြောင့် မတုတ်က ကျနော့်ပတ်ဝန်းကျင်မှာပဲ ရှိနေပြီး
ကျနော်နဲ့ သမီးလေးကို စိတ်မချစွာ စောင့်ရှောက်နေတာကို
ကျနော်ပြောတာပါ …

ကိုရီမြင့်က သူအပြင်းဖျား၍ မြောသွားစဉ် မိန်းမကြီးနှစ်ယောက်
လာခေါ်ကြောင်း ပြောပြပါတယ် ။ ဒီလိုပုံစံမျိုး ဆင်ဆင်တူတဲ့
ဇာတ်လမ်းတွေကို ကျနော်အများအပြားဖတ်ဖူးပါတယ်။

အထူးသဖြင့် ဘာသာရေး စာစောင် မဂ္ဂဇင်းများမှာပါ။
သတိမေ့မြောသွားတဲ့အခါမှာ အချို့က နတ်ပြည်ရောက်ပြီး
နတ်သား နတ်သမီးတွေနဲ့ တွေ့တယ် ။ နတ်ဘုံ နတ်နန်းတွေ
တွေ့တယ် ။ တစ်ချို့က ယမမင်းကြီးဆီ ရောက်တယ်။
ကြောက်စရာ ငရဲသားတွေ ထိတ်လန့်စရာ ခွေးနက်ကြီးတွေ
တွေ့တယ် ။ တချို့ကတော့ ပြိတ္တာ တစ္ဆေ သရဲ ဖြစ်နေတဲ့
လူ့ဘဝတုန်းက မိတ်ဆွေဖြစ်ခဲ့ဖူးသူတွေနဲ့ တွေ့ကြပါတယ်။

ဒီနေရာမှာ ကိုရီမြင့် ပြောပြတာနဲ့ စပ်လျဉ်းပြီး အကြောင်း
တိုက်ဆိုက်လို့ စာရေးသူနဲ့ ခင်တဲ့ ဒေါ်သန်းသန်း
(အမည်လွှဲထားပါတယ်)အဖြစ်ကို ပြောပြလိုပါတယ်။

သူက ကညွှတ်ကွင်းမြို့ ရွာမရပ်ထဲကပါ
သူလည်း ဖျားနာပြီး မေ့မြောသွားခဲ့ဖူးပါတယ်
သူကတော့ မရောက်ဖူးသေးတဲ့ ရွာတစ်ရွာကို
ရောက်သွားတာပါ

ရွာလေးက အိမ်ကြီးအိမ်ကောင်းတွေနဲ့
လှလှပပ သပ်သပ်ရပ်ရပ်နဲ့ပါ။

ရွာလည်လမ်းအတိုင်း လျှောက်သွားပြီး ကြည့်နေတုန်း
လမ်းတစ်နေရာအရောက်မှာ ဒေါ်နု ကို မျက်နှာချင်းဆိုင်
တွေ့လိုက်ရတယ်။ ဒေါ်နုက လွန်ခဲ့တဲ့ သုံးလလောက်ပဲ
သေဆုံးပြီးခဲ့သူပါ။

ဒေါ်သန်းသန်းလည်း ဝမ်းသာအားရနဲ့ တစ်ရပ်ကွက်ထဲနေခဲ့တဲ့
ဒေါ်နုကို နှုတ်ဆက်တယ် .…

ဒေါ်နုကလည်း ဝမ်းသာပြီး နှုတ်ဆက်တယ်။
ပြီးတော့ ပွဲလိုက်ပြတယ်။ အစားအသောက်တွေလည်း
ကျွေးမွေးတယ်တဲ့ ။ ဒေါ်သန်းသန်းက…

“နင်တို့နေတဲ့ ရွာလေးက ပျော်စရာကောင်းလိုက်တာ
မနုရယ်။ ငါလည်း နေချင်လိုက်တာ”

လို့ ပြောတော့ ဒေါ်နုက …

“နေဦး သန်းသန်းရေ အခုလို မရသေးဘူး နောက်တစ်လတိတိမှ
လာခဲ့ ။ အိမ်ဆောက်ပေးထားမယ်” လို့ ပြောတယ်…။

အဲဒီအချိန်မှာပဲ မသန်းသန်းမြောရာက ပြန်လည်လာတယ်။
မိသားစုကို မြောနေတုန်းက တွေ့ကြုံရတဲ့ အဖြစ်ကို
ပြောပြတယ်…။

အားလုံးစိုးရိမ်ထိတ်လန့် သွားကြတယ်။

“နောက်လတိတိမှာလာခဲ့” ဆိုတဲ့ စကားဟာ
ဒေါ်သန်းသန်းအတွက် သေမင်းရဲ့ ရက်ချိန်းဖြစ်နေမလားလို့လည်း
တွေးပူနေကြတယ်။ ဒေါ်သန်းသန်းကလည်း အဲဒီနေ့ကစပြီး
ကျန်းမာလိုက်တာ ဒေါင်ဒေါင်မြည် ပြန်ဖြစ်သွားတယ်။

ဒီလိုနဲ့ တစ်လတိတိပြည့်တဲ့နေ့ကို ရောက်လာတယ်။
ဒေါ်သန်းသန်းအတွက် စိတ်ပူကြပေမယ့် ကျန်းမာရေး
ကောင်းနေတာကြောင့် မဖြစ်နိုင်ဘူးလို့ တွေးကြတယ်။

သွေးလေခြောက်ခြားပြီး မြင်ချင်ရာမြင်။
ပြောချင်ရာ ပြောတာ ဖြစ်မယ်လို့လည်း  ထင်ကြတယ်

ဒါပေမယ့် သေမင်းရဲ့ မရဏရက်ချိ်န်းက ဆိုက်ဆိုက်
မြိုက်မြိုက်ရောက်လာတယ်…

သန်သန်မာမာကြီးနဲ့ ကျန်းမာရေးကောင်းနေတဲ့ကြားက
ဒေါ်သန်းသန်းတစ်ယောက် ရုတ်တရက် လဲကျ
အသက်ပါသွားတယ်…

ထူးဆန်းတဲ့ တိုက်ဆိုက်မှုလား…

မရဏဇောကြောင့် လားရာဂတိနိမိတ်ထင်တာလား…
ကာယကံရှင်တွေ ကိုယ်တိုင်သာ သိနိုင်ကြမှာ ဖြစ်ပါတယ်…

ထားပါတော့ ကိုရီမြင့် ဇာတ်လမ်း ဆက်ကြပါဦးစို့

တစ်ညမှာ ကျနော် ရွှေဘိုကနေ မလွှကုန်းရွာကို
ပြန်လာခဲ့တယ်…သမီးလေးကို ထားခဲ့ရလို့
ကျနော့်ရင်တွေ နာကျင်နေတယ်…

ပျော်ရွှင်တွေ ဆိတ်သုန်းပြီး သတိရလွမ်းဆွတ်ခြင်းတွေ
အသစ်ပြန်ဖြစ်လာမယ် အိမ်ရှိရာကို သွားနေရတဲ့
အတွက်လည်း ဆိုနှင့်ကြေကွဲရတယ်…

ဘာပဲဖြစ်ဖြစ် လူမသိ သူမသိ တစ်ယောက်ထဲ
ငိုနိုင်တဲ့နေ့ရာ…

တစ်ယောက်ထဲ လွမ်းနိုင်တဲ့နေရာ…

တစ်ယောက်ထဲ စကားတွေပြောနိုင်တဲ့နေရာမို့
ကျနော် ပြန်လာခဲ့ရခြင်းပါ။အချိန်က ညဆယ်နာရီလောက်ရှိပြီ။
တစ်လောကလုံး မှောင်မဲနေပေမယ့် ကြယ်ရောင်
လရောင် အလင်းမှုံမှုံတော့ ရှိသေးတယ်…

အဲဒီအလင်းရောင် အားကိုးနဲ့ပဲ စက်ဘီးနင်းပြီး
ကျနော် ပြန်ခဲ့တယ်…

ရှောက်တောရွာ သုသာန်နား အရောက်မှာ ကျနော်နဲ့
မျက်နှာချင်းဆိုင်ဘက်က တစ်စုံတစ်ယောက် လာနေတာကို
တွေ့ရတယ်…ကျနော်စက်ဘီးပေါ်က ဆင်းပြီး လမ်းဘေး
ကပ်လိုက်တယ်…ကျနော် အံ့သြသွားတယ်…

ညမှောင်မဲမဲ လူသူပြတ်တဲ့ သုသာန်အနီးမှ မိန်းကလေး
တစ်ယောက်တည်း ဘာကြောင့် သွားနေရတာလဲ…
မိန်းကလေး ကျနော်အနီးက ကပ်ပြီး ဖြတ်ကျော်အသွားမှာတော့
ကျနော်တစ်ကိုယ်လုံး တုန်လှုပ်ချောက်ချားသွားရပါတယ်။

“မတုတ်…”

ဟုတ်တယ် ။အင်္ကျီအနီရောင် လက်ရှည် လုံချည်အနီရောင်နဲ့
မိန်းခလေးဟာ ကျနော့်မိန်းမ မတုတ်ပါ။ လွန်ခဲ့တဲ့
လအနည်းငယ်ကမှ သေဆုံးသွားတဲ့ မတုတ်အစစ်ပါ။

မတုတ်က ကျနော့်ကို လှည့်ကြည့်တယ် ။ ပြီးတော့
လိုက်လာခဲ့ပါဆိုတဲ့ အမူအယာမျိုးလုပ်ပြီး ရှေ့ကသွားတယ်။
သူသွားတဲ့ ပုံစံက လမ်းလျှောက်ပြီးသွားတဲ့ ပုံစံမျိုးမဟုတ်ဘူး…

မြေကြီးနဲ့ ခြေထောက်မထိဘဲ လေထဲမှာ လွင့်မြော
သွားနေတာလည်း မဟုတ်ဘူး ။ တစ်မျိုးဘဲ ။
သွားတော့သွားနေပဲ။

မတုတ်ကို မီဖို့ ကျနော်အပြေးလေးလိုက်တယ်…

ဒါပေမယ့် အမြဲတမ်း ကျနော်ရှေ့ဝါးတစ်ရိုက်လောက်
အကွာမှာပဲ သူလမ်းလျှောက်နေတယ်။ သူကို ကျနော်မမီဘူး။
မတုတ် ရှောက်တော သုသာန်ဝင်သွားတယ်။

လူသေမြှုပ်တဲ့ မြေပုံတွေ  အုတ်ဂူတွေကို ရှောင်ပြီး
ကွင်းပြီး သွားနေတယ်…

ကျနော်ကလည်း သူ့နောက်ဝါးတစ်ရိုက်လောက်အကွာကနေ
လိုက်နေတုန်းပဲ။ အမှန်ပြောရရင် ညည့်နက်သန်းကောင်
လူသွားလမ်းပေါ်မှာ ဘယ်လောက်ဝေးဝေး ကျနော်သွားရဲတယ်။

အလင်းရောင်မရှိ မှောင်နဲ့မည်းမည်းမှာ သုသာန်ထဲ
ဝင်ရတာကိုတော့ ကျနော်စိတ်မရဲဘူး။

ဒါပေမယ့် အဲဒီအချိန်က ဘာကြောင့်လည်း
မသိဘူး ကျနော်မှာ ကြောက်တဲ့လန့်တဲ့ စိတ်
လုံးဝရှိမနေဘူး။ တစ်နေရာရောက်တော့
လောလောလတ်လတ် လူသေကောင် မြှုပ်ထားတဲ့
မြေပုံမို့မို့ပေါ်မှာ ဆောင့်ကြောင့်ထိုင်နေတဲ့
အဖွားကြီး တစ်ယောက်ကို တွေ့တယ်။

မျက်နှာကလည်း ရုပ်ပျက်ဆင်းပျက်ကြီးနဲ့
ဆေးလိပ်သောက်နေပုံရတယ် ။ ရဲခနဲ ရဲခနဲ
ဆေးလိပ်မီးတွေ့ရတယ်။

တစ်ခါတစ်ခါ မီးပွားတွေတောင် လွင့်လို့ …

အဲဒီအဖွားကြီးနားရောက်တော့ မတုတ်ကရပ်ပြီး
ကျနော့်ကို ကြည့်တယ်…

မကြောက်ပါနဲ့ ဘာမှ မဖြစ်ဘူး ဆိုတဲ့ ပုံစံမျိုးပြောတယ်။

သူပြောတာကို ကျနော့်နားနဲ့ မကြားရဘူး။
ဒါပေမယ့် ကျနော် နားလည်တယ်။
အဖွားကြီးကို ကျော်သွားပြီး ခဏကြာတော့
ကျနော်တို့နှစ်ယောက် လူသွားလမ်းတစ်ခုပေါ်မှာ
သွားနေကြတယ်…

တစ်နေရာရောက်တော့ လမ်းရဲ့ အောက်ဘက်က
ကလေးငယ်လေးငိုသံကြားရတယ်…

တစ်ယောက်ယောက် ကလေးလာပစ်ထားတာလို့
ကျနော်စိတ်ထဲမှာ ထင်မိတယ်…

မတုတ်ကြည့်တော့လည်း တော်တော်ခပ်ဝေးဝေးကို
ရောက်နေပြီ။ ကလေးကို ဆင်းကြည့်ဖို့ ကျနော်
ဆုံးဖြတ်လိုက်တယ်။ ကလေးငိုသံကြားတဲ့ဆီ။
လမ်းပေါ်ကနေ အမှောင်ထဲ ဆင်းတယ်။

ကျနော် အောက်ရောက်တော့ ကလေးငိုသံတိတ်သွားတယ်။
ကျနော်ရပ်ပြီး နားစွင့် နေတုန်းမှာပဲ လမ်းပေါ်ကနေ
ကလေးငိုသံ ထွက်လာတယ်…

ကျနော်လမ်းပေါ်ကို ပြေးတက်လာခဲ့တယ်။

ကျနော်လမ်းပေါ်ရောက်တော့ ကလေးငိုသံက
လမ်းရဲ့ အောက်ဘက်က ကြားရပြန်တယ်။

“ဒါ…ဒါကို သရဲခြောက်နေတာပဲ ဖြစ်မယ်” လို့
ကျနော် တွေးမိလိုက်တယ်။ အဲဒီအချိန်မှာပဲ
ခွေးနက်ကြီးတစ်ကောင် ကျနော်ရှေ့ပေါ်လာတယ်။

အစွယ်ကြီးတွေဖြဲပြီး ။ ဝမ်းခေါင်းသံကြီးနဲ့
ကျနော်ကို မာန်ဖီနေတယ်…

မကြာပါဘူး ‘ဘုတ်’ခနဲ အတူ ခွေးနက်ကြီးကို
ခဲတစ်လုံးလာမှန်တယ်။ ကျတော် ကြည့်လိုက်တော့
ခပ်လှမ်းလှမ်းမှာ မတုတ်ရပ်နေတာတွေ့တယ်။

မတုတ်ရောက်လာလို့ ထင်ပါရဲ့။ ခွေးနက်ကြီး
လမ်းအောက်ဘက်ကို ပြေးဆင်းသွားပြီး
ပျောက်ကွယ်သွားတယ်။

ဒီတော့မှ ကျနော်တို့ ဆက်လျှောက်လာကြတယ်…

တော်တော်ကြာကြာ လျှောက်သွားမိတော့
မန်ကျီးပင်ကြီးတွေ အုပ်ဆိုင်းနေတဲ့ တောအုပ်ကလေးကို
တွေ့ရတယ်…

ထုံးစံအတိုင်း မတုတ်ကပဲ ဦးဆောင်ပြီး တောအုပ်ထဲကို
ဝင်ခဲ့ကြတယ်…

တောအုပ်လေးရဲ့ အလယ်မှာ ကိုးတောင်ပြည့် စေတီလေး
တစ်ဆူကို တွေ့ရတယ်…

ရှစ်မျက်နှာဘုရားဖြစ်ပြီး ခါးလောက်အမြင့်ရှိတဲ့
အုတ်တံတိုင်းလေးဘက်လေးတန် ကာရံထားတယ်။

အုတ်တံတိုင်းအတွင်းဘက်ဝင်ပြီး ကျနော်ဘုရားကို ဖူးတယ်။
ဝတ်ပြုတယ်။ မတုတ်ကို ကြည့်လိုက်တော့ အုတ်တံတိုင်း
အပြင်ဘက်ကနေ ပုဆစ်ကျုံ့ကျုံ့ထိုင်
ဘုရားရှိခိုးနေတာ တွေ့တယ်။

ခဏနေတော့ မတုတ်က အပြင်ထွက်ခဲ့ဆိုတဲ့ ပုံစံမျိုးနဲ့
လှမ်းခေါ်လို့ ဘုရားအုတ်တံတိုင်းအပြင်ကို ထွက်ခဲ့တယ်…

စေတီလေးရဲ့ တောင်ဘက်မန်ကျီးပင်ကြီးအောက်မှာ
ရေတွင်းတစ်တွင်းကိုတွေ့ရတယ်…

ရေတွင်းထဲကို လာကြည့်ဖို့ မတုတ်ပြောလို့
ကျနော် သွားကြည့်မိတယ်…

ရေတွင်းဆိုပေမယ့် တွင်းထဲမှာ ရေမရှိဘူး။
လင်းလက်ပြီး ဝင်းမှည့်တောက်ပြောင်နေတဲ့
ရွှေထည်ပစ္စည်းတွေပဲ တွင်းနဲ့ အပြည့်တွေ့ရတယ်။

မှတ်မိသလောက်ဆိုရင် ရွှေမောင်းကြီးတွေအရွယ်စုံ
ရွှေနဲ့ လုပ်ထားတဲ့ ကြေးစည်ကြီးတွေ ရွှေလင်ဗန်းတွေ
ရွှေချောင်းတွေ ရွှေမန်ကျည်းတောင့်တွေ တွေ့ရပါတယ်။

ရေတွင်းနဲ့ အပြည့်မို့ လက်နဲ့ လှမ်းယူရင်တောင် မီပါတယ်

ထူးခြားတာက ကျနော့်မှာ လိုချင်တပ်မက်တဲ့
လောဘစိတ် လုံးဝမရှိတာပါပဲ။

တအံ့တသြမျိုးပုံစံနဲ့ ကျနော် ကြည့်နေမိခဲ့ခြင်းသာ
ဖြစ်ပါတယ်။

အမှန်တော့ ရေတွင်းလေးဟာ ရတနာသိုက်တစ်ခု
ဖြစ်ပါလိမ့်မယ်…

ဘုရားစေတီအနီးမှာရှိတာမို့ ဘုရားသိုက်ဖြစ်ဖို့ များပါတယ်။
ဘဝသစ်ကို ကူးပြောင်းရောက်ရှိသွားတဲ့ မတုတ်အနေနဲ့
သူနေထိုင်ရတဲ့ နေရာဌာနသစ်အကြောင်း ကျနော်သိအောင်
ပြတာလို့ ကျနော်ထင်ပါတယ်…
ကျနော် သတိရပြီး ကြည့်လိုက်တော့
မတုတ်ကို မတွေ့ရတော့ဘူး။

ကိုးတောင်ပြည့် စေတီလေးလည်း မရှိတော့ဘူး။

ရွှေထည်အပြည့်နဲ့ ရေတွင်းလေးလည်း မရှိတော့ဘူး။
အရှေ့ဘက်ကောင်းကင်မှာ ရောင်နီနဲနဲ ပျို့နေပြီ။
အာရုဏ်လာတော့မယ့်သဘော။

အမှောင်ကတော့ မထူမပါး ကျန်နေတုန်းပါပဲ။

ကျနော်ဘယ်နေရာ ရောက်နေတာလဲလို့
ပြန်စစ်ကြည့်တော့ မလွှကုန်းရွာအနီးက
မန်ကျီးပင်နှစ်ပင်အနီး ရောက်နေတာ သိရပါတယ်။

ကျနော်တွေ့ခဲ့ မြင်ခဲ့ ကြားခဲ့ သိခဲ့သမျှ အားလုံး
တစ်ခုမကျန် မှတ်မိနေပါတယ်…

ထူးခြားတာတွေက …

ကျနော်ဟာ အာစေးအထည့်ခံရတဲ့အတိုင်း
စကားတစ်ခွန်းမှ မပြောခဲ့တာနဲ့ …

မတုတ်အသံမထွက်ဘဲ ပြောတဲ့ စကားတွေကို
ကျနော်ကောင်းကောင်း နားလည်နေခြင်းပါ။

ပြီးတော့ ညအချိန်ကာလဖြစ်ပေမယ့် နေ့လည်နေ့ခင်းပမာ
ကျနော်မြင်တွေ့နေရခြင်းပါပဲ။

ကျနော်ရဲရဲဝံ့ဝံ့ သစ္စာဆိုပြီး ပြောရဲတာကတော့ …

အဲဒီညက ကျနော်ကြုံတွေ့ခဲ့တဲ့ အဖြစ်တွေဟာ …

ကျနော် ကိုယ်စိတ်နှစ်ပါး မကျန်းမမာနဲ့
သွေးလေချောက်ချားပြီး
ထင်ရာမြင်ရာ ပြောတဲ့ စကားမျိုး …

သတိလစ်မေ့မြောရာကနေ အိပ်မက် မက်သလို
မြင်တွေ့ရတဲ့ အဖြစ်မျိုးမဟုတ်ပဲ …

အသက်ရှင်နေတဲ့ လူကိုယ်တိုင် ။ ကျန်မားတဲ့
ကိုယ်စိတ်နှစ်ပါးနဲ့ မြင်ခဲ့တွေ့ခဲ့ရတာ ဆိုတဲ့အကြောင်း
သစ္စာဆိုပြီးကို ပြောရဲပါတယ်ဆရာ…

ကိုရီမြင့်ကတော့ သူစကားကို နိဂုံးချုပ်လိုက်ပြီ ဖြစ်ပါတယ်…

ကွယ်လွန်ခဲ့ပြီဖြစ်သော သူ၏ မိန်းမ မတုတ်က
ဘဝသစ်မှာ သူမနေထိုင်ရသော နေရာဌာနသစ်အကြောင်း
သူသိအောင် ပြခြင်းဟု ကိုရီမြင့် တစ်ယောက်
ထင်မြင်ယူဆလျက်ရှိပါတယ်။

ကျနော်သည်လည်း ကိုရီမြင့်နည်းတူပင် ထင်မြင်မိပါတယ်

ဒါပေမယ့် …

အဲဒီနေရာဟာ ကျတ်ပြိတ္တာတို့ နေထိုင်ရာဘုံလား…

အသူရကယ်ဘုံသားတို့၏ နေရာဌာနလား…

သို့တည်းမဟုတ်…

ဘုရားသိုက်ကို စောင့်ရှောက်ရသော ဥစ္စာစောင့်တို့၏
ဘုံဌာနလားဆိုသည်ကိုတော့ …

ကျနော် ဝေခွဲမရရှိနေဆဲပင် ဖြစ်ပါတယ် ။ ဘယ်လိုပင်ဖြစ်စေ…

ကျနော်ကတော့ ဤစာမူ၏ခေါင်းစဉ်ကို
“ကျတ်ရွာရောက်ခဲ့သော ကိုရီမြင့်” ဟု
အမည်ပေးလိုက်ပါတော့တယ်။

#မောင်မှိုင်းညို့ (ချောင်းဦး)အားလေးစားလျက်