သွားနေကြသည်။ ကျောင်းဆင်းပြီးချိန်မို့ ကလေးငယ်နှစ်ဦးထဲ တောထဲကျန်ရစ်ခဲ့မည်ကို မွန်း ရုတ်တရက် စိုးရိမ်မိသွားသည်။
” ဟေ့…ဟေ့ ကလေးတွေ”
မွန်း၏ အော်သံကို ကလေးတွေက မကြားသည့်အလား၊ လှည့်၍ပင်မကြည့်ကြ။ ဝါးရုံတောဆီကိုသာ သွားမြဲသွားနေကြ၏။
ထိုအချင်းအရာကြောင့် မွန်း၏ စိုးရိမ်စိတ်တို့က ငယ်ထိပ်ဆီဆောင့်တက်သွားရသည်။ မဖြစ်ချေတော့ပြီမို့ ကလေးများအနောက်ကို ပြေးလိုက်မိ၏။
ကလေးနှစ်ဦးကား ဝါးရုံတောဆီကို ၀င်ရောက်သွားလေပြီ။ မိုးသက်လေ၏ တိုက်ခိုက်မှုကြောင့် ဝါးရွက်များ၏ လှုပ်ခတ်သံက တရှဲရှဲ။ မွန်းမှာ ကလေးများထံကို ဇောကပ်နေရသည်မို့ ဝါးရုံတောဆီကို ရောက်မှန်းမသိရောက်လာရသည်။
” ဟင်…”
ဝါးရုံတောကြီး၏ အထဲဆီတွင် တစ်စွန်းတစ်စထွက်ပေါ်နေသော ရှည်မျောမျော အဆောက်အအုံအပျက်တစ်ခု။ မည်းညစ်နေသော နံရံများကြောင့် မီးလောင်ခံထားရသော ကျောင်းဆောင်အပျက်တစ်ခုဖြစ်မည်။ ကလေးငယ်နှစ်ဦးကား ထိုအထဲဆီကို ၀င်ရောက်သွားလေသည်။
” ဒီကလေးတွေ ဒီအထဲကို ဘာလာလုပ်ကြတာပါလိမ့်”
မွန်း စိတ်ထဲ ထိုကလေးနှစ်ယောက်ကို မသင်္ကာတော့။ လူမှဟုတ်ပါစဟုလည်း ရေးရေးတွေးမိရ၏။
မွန်း လှည့်ပြန်ဖို့ စဉ်းစားကြည့်သည်။ အကယ်၍သာ သရဲတစ္ဆေမဟုတ်ပါဘဲ ကျောင်းက ကလေးငယ်နှစ်ယောက်သာ ဖြစ်နေပါရင်ဆိုသည့်အတွေးက ၀င်ရောက်လာရသည်။
” အို…အချိန်က အစောကြီးရှိသေးတာပဲ သွားကြည့်တာ မမှားပါဘူး”
မွန်း ကိုယ့်ဘာသာရေရွတ်ရင်း စိတ်ကိုတင်းလို့ အဆောင်ဆီကို ခြေလှမ်းလိုက်သည်။
ထိုအခိုက်…။
တိုက်ခတ်နေသော မိုးသက်လေသည် ရုတ်ခြည်း ငြိမ်သက်သွား၏။ လေငြိမ်သွားသည့်အတွက် ပတ်၀န်းကျင်တစ်ခုလုံးက လေဟာနယ်ကြီးပမာ။
ထိုအတွက် စိတ်လှုပ်ရှားနေသော မွန်းတစ်ယောက် အသက်ရှူကျပ်သလို ခံစားရပြီး ဇောချွေးများပင် ပျံလာရသလိုပင်။
*****
” ဟင်…”
အဆောင်ပျက်သည် အမိုးများ ပေါက်ပြဲဆွေးမြေ့နေ၏။ အချို့နေရာတို့ဆီ၀ယ် သစ်တိုသစ်စ အမှိုက်သရိုက်များကလည်း ရှုပ်ပွတနေသည်။ အထဲတွင် မွန်းထင်ထားသည့်အတိုင်း ကလေးငယ်နှစ်ဦးရှိမနေ။ သည်အတွက် မွန်း တအံ့တသြရေရွတ်မိလိုက်သည်။
” သူတို့ ဘယ်ရောက်သွားကြပါလိမ့်”
မျက်စိရှေ့တွင် အထဲ၀င်သွားသည်ကို မြင်နေရပါလျက်နှင့်က ပျောက်သွားသော ကလေးနှစ်ယောက်ကြောင့် မွန်းစိတ်ထဲ အလိုမကျဖြစ်သွားရသည်။
မွန်း စိတ်ကို အရဲကိုးကာ ရှေ့ဆက်တိုးခဲ့သည်။ အခန်းဆောင်ရှည်ကြီးတစ်လျှောက်ကို တရွေ့ရွေ့တိုးကာ လျှောက်ကြည့်လိုက်သည်။
တဖြေးဖြေး အဆောင်၏ ထောင့်အခန်းဆီရောက်လာ၏။ တစ်ဆောင်လုံးတွင် သက်ရှိဟူ၍ သူတစ်ယောက်ထဲရယ်သာရှိနေသည်။
” ဪ…တွေ့ပြီ မင်းတို့က ဒီမှာကိုး”
ထောင့်တစ်နေရာဆီတွင် တစ်ချိန်က စတိုခန်းဟု ယူဆရသည့် အခန်းပျက်ဆီတွင် ကလေးနှစ်ယောက်ကို မွန်းလှမ်းတွေ့လိုက်ရသည်။
ကလေးနှစ်ယောက်သည် အခန်းပျက်၏ အတွင်းဘက်တွင်ရှိနေပြီး အပေါက်ဘက် မွန်းရှိရာကို မျက်နှာမူထားသည်။ သို့သော် သူတို့မျက်လုံးများကတော့ အပြင်ဘက်ကို ကြည့်မနေ။
အပေါက်၀၏ နံဘေးထောင့် အထက်ဘက်ကျကျဆီကို အနည်းငယ် မော်၍ ကြည့်နေကြသည်။ သူတို့၏ မျက်လုံးများသည်က တစ်စုံတစ်ရာကြောက်ရွံ့စရာကို တွေ့နေရသည်အသွင် ပြူးကြောင်ကြောင်ဖြင့် ရှိနေသည်။
သူတို့ကို ကြည့်ပြီး မွန်းပင်လျင် ကျောထဲ စိမ့်ခနဲ ဖြစ်သွားရသည်။ ကလေးနှစ်ယောက်အတွက်လည်း.စိုးရိမ်သွားမိ၏။
” က ကလေးတို့…”
အခန်း၀ဆီက ရပ်ကာ မွန်းခေါ်မိသည်။ သို့သော် လေးနှစ်ယောက်က သူ၏ အသံကို မကြားသည့်အလား။
မွန်း စိတ်ဇောကြောင့် သတိမမူမိချိန်မှာပင် အခန်းထဲဆီပြေး၀င်ပြီး ကလေးတို့ကို ဆွဲထုတ်ရန်ကြိုးစားမိလိုက်သည်။ ဆွဲရင်းဖြင့် ကလေးတွေကြည့်နေရာဆီကို ရုတ်တရက် လှည့်ကြည့်မိသည်အခိုက်…။
” အမလေး…ဒါ…ဒါ…”
မွန်း အံ့သြထိတ်လန့်မှုကြောင့် ဆွံ့အသွားမိရသည်။
သူမြင်နေရသည်က နံရံဆီတွင် လည်ပင်းကို ကြိုးကွင်းစွပ်ပြီး တွဲလောင်းကြီး ဆွဲချိတ်ခံထားရသော မိန်းကလေးတစ်ယောက်။ အသက်က ၁၂ ၀န်းကျင်ခန့်သာ ရှိပေမည်။ မိန်းကလေး၏ မျက်၀န်းများက ပြုးထွက်နေပြီး လျှာကလည်း အပြင်ကို တစ်လစ် ရှည်လျားစွာ ထွက်နေသည်။
မွန်း ထွက်ပြေးရန်ဆုံးဖြတ်လိုက်ပြီး ကလေးနှစ်ယောက်ကို လှမ်းဆွဲလိုက်သည်။ ထိုစဉ်
” သူတို့ကို သမီးသတ်ထားတာ ဆရာမ…ဟီး…ဟီး…”
အခန်းအပြင်ဆီက ခြောက်ကပ်ကပ် ခပ်စူးစူးအသံနှင့်အတူ မိန်းကလေးတစ်ယောက်ထပ်မံရောက်လာသည်။
” မင်း…မင်းက…”
” သမီးက သရဲေလ…ဆရာမ ဟီး…ဟီး…ဟီး…”
မွန်းတစ်ကိုယ်လုံးရှိ အကြောအချင်များ ဆိုင်းသွားရသည့်နှယ် ခံစားလိုက်ရသည်။
ထိုမိန်းကလေး၏ မျက်၀န်းများသည် အဖြူထည်ကြီးသာ ရှိနေသည်။ တစ်ကိုယ်လုံးတွင်လည်း သွေးတို့က ရွှဲစိုနေသည်မှာ မြင်မကောင်း။ ပါးစပ်ကလည်း သွေးမည်းမည်းများစီးကျနေသေးသည်။
” ဆရာမကိုလည်း သူတို့ကို သတ်သလို သတ်ပေးမယ်နော်…”
” မ…မလုပ်ပါနဲ့…”
မွန်းကြောက်လန့်တကြား တားမြစ်တောင်းဆိုမိ၏။
ထိုမိန်းကလေးက ဦးခေါင်းကို တပတ်လည်ကာ ခါရမ်းပြ၏။
မွန်း မဖြစ်သာတော့သည့် အခြေအနေ၀ယ် ကလေးနှစ်ယောက်ကိုသာ လွတ်စေရန် ဆုံးဖြတ်လိုက်သည်။
” သား…သားတို့ မင်းတို့ ပြေးကြတော့…”
မွန်း၏ စကားအဆုံး၀ယ် အခန်း၀ဆီက မိန်းကလေးသည် ကြောက်မက်ဖွယ်ရာ ဟားတိုက်ပြီး ရယ်မော၏။
” ပြောမနေနဲ့ ဆရာမ။ အခု ဒီမှာ ရှိနေတာအားလုံးက သရဲတွေချည်းပဲ…ဟတ်…ဟတ်…”
ကြောက်စရာကောင်းသည့် မိန်းကလေးဆီက စကားသံက ခြောက်ခြားဖွယ်ရာ။
မွန်း သူ့စကားကြောင့် နံဘေးက ကလေးငယ်နှစ်ဦးနှင့် အလောင်းကို မရဲတရဲကြည့်လိုက်သည်။
” အား….”
မွန်း ငယ်သံပါအောင် အော်ဟစ်မိတော့၏။
သူ၏ နံဘေးက ကလေးငယ်နှစ်ဦးသည် ဦးခေါင်းများမရှိတော့၊ ခန္ဓာကိုယ်ကြီးချည်းသာ ရှိနေခဲ့ပြီး အလောင်းကောင်မိန်းကလေးသည်ကလည်း ကြိုးတန်းလန်းနှင့်ကပင် သူ့အား ရယ်ပြလာသည်။ ပြီးသော် ရုတ်တရက် သူတို့၏ လက်များဖြင့် မွန်းကို လှမ်းဆွဲလိုက်ကြတော့သည်။
” ဆရာမ နင့်ကိုလည်း ငါတို့ သတ်မယ်…”
အပြင်ဘက်က မိန်းကလေးက ဦးခေါင်းကို ယိမ်းကာပြုကာ ပြောရင်း လက်ကိုဆန့်တန်းပြီး ရှေ့တိုးလာနေသည်။
မွန်း ဒူးများတဆတ်ဆတ်တုန်ခါလာရသည်။ မရိုမသေ ပြောရလျင် အပေါ့များပင် ထွက်ကျကုန်၏။ ရင်ထဲက တဆတ်ဆတ်တုန်ရင်း မောဟိုက်လာရသည်။
” မ…မလာပါနဲ့…”
မွန်း ရင်ထဲ အသက်ရှူမရတော့သလို ခံစားလာရသည်။
မိန်းကလေးသည် ရှေ့တိုးလာနေသည်။ အနားကို ရောက်သော် ဗြုန်းခနဲ မွန်း၏ လည်ပင်းဆီကို သူ၏ လက်အစုံဖြင့် ဖိကိုင်ဖျစ်ညှစ်လာလေတော့၏။
*****
” မွန်း…မွန်းလေး…”
” ဆရာမလေး…”
နားထဲဆီက အသံတို့က နီးတစ်ချက်၊ ဝေးတစ်ချက်။ သူ့ကို ခေါ်နေသည်ဆိုတာကိုတော့ မွန်းသိနေသည်။
မွန်း အားယူကာ မျက်စိကို ဖွင့်ကြည့်မိသည်။ စူးရှသည့်အလင်းရောင်ကို မြင်ရ၏။ မျက်စိကို ခဏပြန်မှိတ်ပြီး ပြန်ကြည့်မိချိန်တွင်တော့ ဖြူလွှသော မျက်နှာကျက်ပြင်ကြီးကို ဦးစွာမြင်လိုက်ရသည်။
” မွန်း…မွန်း…သတိရလာပြီ”
၀မ်းသာအားရနှင့် ပြောလာသူက ကျောင်းအုပ်ကြီး ဦးဒေါပန်။ နံဘေးတွင်တော့ ကျောင်းက ဆရာမသော်တာတို့။
” မွန်း…ကြောက်တယ်…မွန်း အိမ်ပြန်တော့မယ်…အီး…ဟီး…ဟီး…”
မွန်း ဝုန်းခနဲ ထထိုင်မိပြီး ရင်ထဲက အကြောက်တရားကို ထုတ်ဖော်ပြောမိကာ အားရပါးရ ငိုကြွေးမိလေသည်။
” မကြောက်ပါနဲ့ ဆရာမလေးရယ်။ ဆရာမလေးဖြစ်ခဲ့တာတွေကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် သူတို့ဘဝလေးတွေက သနားစရာလေးတွေပါဗျာ။ ကဲပါလေ…လောလောဆယ်တော့ ဆရာမလေး ပင်ပန်းနေသေးလို့ နားလိုက်ဦး။ ဒါတွေအကြောင်းကို ပြီးမှ ပြောပြတော့မယ်”
ထိုနေ့က မွန်း ဆေးခန်း၌ပင် အိပ်စက်ရလေ၏။
ဆရာမသော်တာနှင့်အတူ အခြားဆရာမတစ်ဦးက အဖော်ပြုပေးသည်။
*****
မွန်း နေကောင်းပြီးနောက်တွင်တော့ ဆုံးဖြတ်ချက်အရ မိမိသဘောဖြင့်သာ အိမ်ပြန်ဖို့ ပြင်မိလေသည်။
အထုပ်အပိုးများဖြင့် ကားဂိတ်ကို ဆင်းခဲ့သည်။ ကားဂိတ်အထိ သော်တာတို့က လိုက်လံပို့ဆောင်ကြ၏။
ကားစောင့်ရင်းဖြင့် သော်တာက ကျောင်းကဖြစ်စဉ်အကြောင်းကို အစဖော်ကာ နောက်ကြောင်းရာဇ၀င်လေးကို ပြန်ပြောပြခဲ့သည်။
သော်တာ၏ ပြောပြချက်အရ…။
တစ်ချိန်က အစိုးရတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့အကြားက ပဋိပက္ခကြောင့် ကချင် ပြည်နယ်အနှံ့ စစ်ပွဲများဖြစ်ပွားခဲ့သည်။
ထိုအခါတွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် နီးစပ်သော နေရာများက မိသားစုများ စစ်ဘေးရှောင်ကြရ၏။
တိုက်ပွဲနှင့် အလှမ်းဝေးရာဒေသရှိ အထကကျောင်းကြီးကတော့ လတ်တလောတွင် အေးချမ်းနေသေးသည့်အတွက် ဖွင့်လှစ်သင်ကြားနေဆဲ။
တစ်ခုသော နေ့လည်ပိုင်းဆီတွင်တော့။
ထင်မှတ်မထားချိန် ဘယ်အဖွဲ့က ပစ်ခတ်သည်မသိလေသော လက်နက်ကြီးတစ်လုံးသည် ကျောင်း၏ အနောက်ဘက်အစွန်ဆုံးဆီက အဆောင်ဆီကို ကျရောက်ခဲ့လေသည်။
အခန်းထဲတွင်ရှိနေသော ကလေးအချို့ ပွဲချင်းပြီသေခဲ့ကြရသည်။ ဆရာမများကတော့ ကျောင်းဆောင်လှည့်စာသင်ရသည့်အတွက် ထိုအချိန်က အဆောင်တွင် ရှိမနေခဲ့။ ကလေးတွေသာ ထိခိုက်မိကုန်ရသည်။ အဆောင်သည်လည်း စိစိညက်ညက်ကြေခဲ့၏။
သည်နောက်ပိုင်းတွင်တော့ ထိုအဆောင်ကြီးကို ပြန်ပြင်ဖို့ကြိုးစားကြသည်။ သို့သော် သေဆုံးခဲ့သည့် ကလေးတို့က အခြောက်အလှန့်များပြုလာကြသည့်အတွက် နောက်ဆုံးပြင်မရတော့ဘဲ သည်အတိုင်းသာ ထားရစ်ရင်း တောဖုံးခဲ့ရသည်။
မွန်းတွေ့ခဲ့ရသော တစ္ဆေလေးများမှာ ဗုန်းဒဏ်ကြောင့် သေဆုံးခဲ့ရသော ကလေးများပင်။
နောက်ပိုင်းကာလများ၌ ထိုနေရာဆီကို လူသွားလူလာ မရှိသလောက်ကြဲသွားပြီး ခြောက်လှန့်သံများလည်း မကြားရတော့သည့်အတွက် မွန်းကို ဆရာ ဆရာမများက မှတ်မှတ်ရရ အသိမပေးမိခဲ့ကြခြင်းပင်။
တရွေ့ရွေ့ထွက်ခွာနေသော ကားကြီးထက်ဆီကနေ မွန်းသည် သော်တာတို့ကို လက်ပြခဲ့သည်။
ခြောက်လှန့်ခံသည့်အတွက် သနားစိတ် ဘယ်မျှပင် ရှိနေစေကာမူ မွန်းဆက်မနေရဲတော့ပါ။
ရင်ထဲကတော့ အဖြေရှာ၍ မဆုံးနိုင်သေးသည့် စစ်ပွဲပဋိပက္ခများကို အပြစ်တင်မိသည်။ ကြားထဲက မြေဇာပင်ဖြစ်ခဲ့ရသော ကလေးငယ်များကိုလည်း သနားမိသည်။
” ကလေးတို့ရယ်…မင်းတို့ဘ၀က သိပ်သနားစရာကောင်းပါတယ်။ နောက်နောင် ဒီလိုအဖြစ်မျိုးတွေကို အခြား ကလေးတွေ ထပ်မကြုံရဖို့ ဆရာမ ဆုတောင်းပါတယ်ကွယ်…”
မွန်း ပါးစပ်က တီးတိုးရေရွတ်မိချိန်။ တရွေ့ရွေ့သွားနေသော ခရီးသည်တင်ကား၏ ပြတင်းပေါက်ဆီက နယ်စပ်မြို့လေး၏ နှုတ်ဆက်ပါ၏ ဆိုင်းဘုတ်ကလေးကို ဖတ်မိလိုက်တော့သည်။
ပြီးပါပြီ။
လက္ခဏ(M.B)
Leave a Reply