ကုန်သည်။ မနက်ခင်း ချက်ချိန် ပြုတ်ချိန်
စျေးဝယ်ချိန်ကိုက်ပြီး ရွာထဲ ဝင်လာသည်။
ရောင်း၍ ရသမျှပိုက်ဆံနှင့် အိမ်အတွက်
လိုအပ်သော ဆန်ဆီဆား ဝယ်သည်။
ပိုက်ဆံ ပိုပိုသာသာ ရပါက …နှစ်ရက်
သုံးရက်စာလောက်အောင် ဝယ်ခြမ်းသွားလေ့ရှိသည်။
သည်နေ့ မှတ်ကြီး ရွာထဲဝင်လာတော့ ငါးတစ်ပိဿာ
ကျော်ကျော်ပါလာသည်။ ငါးဆယ်သားခန့် ငါးပတ်
တစ်ကောင်ပါသည်။ မည်သည့်အိမ်မှ မဝင်သေးဘဲ
ဒေါ်မြရီအိမ်သို့ အရင်ဝင်လိုက်သည်။
“ဒေါ်လေးမြ …ဒေါ်လေးမြ”
ဒေါ်မြရီ၏ အရိပ်အယောင် မမြင်သဖြင့် အိမ်ထဲလှမ်း၍
အသံပြုလိုက်သည်။
“ဟော …မှတ်ကြီး၊ ငါးလာရောင်းတာလား …
အမေ ပြန်မလာသေးဘူး”
“ငါ …ချောင်းထဲဆင်းတော့ ဒေါ်လေးမြနဲ့ တွေ့တယ်၊
အပြန် …ဟင်းစာဝင်ရောင်းဦးဆိုတာနဲ့ …ဘယ်မှာ
မဝင်ဘဲ ဒီကို အရင်ဝင်လာခဲ့တာ”
“အမေ မရှိလည်း …ငါ ဝယ်လို့ရတာပဲ။ ဘာတွေ
ရတာလဲ”
“ရတာတော့ …အစုံပဲ…ငါးခူ လေးငါးကောင်ပါတယ်၊
ငါးပတ်တစ်ကောင်လည်း ပါတယ် ”
“ဟာ …ငါးပတ်ဆို အတော်ပဲ၊ အိမ်မှာ မျှစ်ချဉ်ရှိတယ်
ငါးပတ်နဲ့ မျှစ်ချဉ် ချက်စားရမယ် …နင့် ငါးပတ်ကို
ထုတ်လိုက်”
မှတ်ကြီးက ပလိုင်းထဲမှ ငါးပတ်ကို ဆွဲထုတ်လိုက်ပြီး
ငြိမ်းငြိမ်းအား ဆွဲမြှောက်ပြလိုက်သည်။
“ငါ့အထင် …ငါးဆယ်သားကျော်ကျော် ရှိမယ်”
“ဟုတ်တယ်…ငါးဆယ်သားပဲ ငါမှန်းထားတယ်
ဘယ်စျေးလဲ”
“ငါးခူဝယ်တဲ့စျေးပဲပေါ့…ငါ…ပိုမလိုချင်ပါဘူး”
“သောက်သောက်…နင်စျေးတင်လည်း ငါ
ပေးမယ် မထင်နဲ့ ”
“နင့်စိတ်က …ဒေါ်လေးမြတစ်ဝက်လောက်
ကောင်းရင် ဆက်ဆံရ ပြောဆိုရ အဆင်ပြေမှာ…
ကဲ …ရော့ငါး၊ ပိုက်ဆံ သွားယူခဲ့”
“ငါ့မှာ …မရှိဘူး။ အမေလာမှ ယူ”
“မရဘူး …ငါးဖိုးမရရင် ငါ…မပြန်ဘူး”
“တကယ်ပြောတာ…ငါ့မှာမရှိဘူး”
“အေးလေ…ငါ…ဒေါ်လေးမြ လာတဲ့အထိ
ထိုင်စောင့်ရတော့မှာပေါ့ ”
“ဟဲ့အကောင်…နောက်တစ်ခေါက် ထပ်လာခဲ့၊
နင် ထိုင်နေရင် ငါ အိမ်ရှေ့မှာ ငါးညှီနံတွေ စွဲကုန်ဦးမယ်”
“ငါးညှီနံ့ နံရအောင် ငါးစိမ်းတန်းရောင်းနေတာမှ
မဟုတ်ဘဲ …ကြည့်…ပလိုင်းသပ်သပ်
လူသပ်သပ် နင့်ထက်တောင် သန့်သေး”
“ကဲ …ကိုယ်တော်၊ ပိုက်ဆံမရရင် တကယ်
ထိုင်နေမှာပဲ၊ ငါမုန့်ဖိုး ပိုက်ဆံ ပေးလိုက်မယ် ”
“နင့်မှာ…ရှိမှန်းသိလို့ ပိုက်ဆံထွက်အောင် လုပ်တာ၊
ငါလည်း ပိုက်ဆံရမှာ အိမ်ကို ဆန်ဝယ်သွားရမှာ”
ငြိမ်းငြိမ်းလည်း ငါးပတ်ကြီးကိုင်ပြီး အိမ်ထဲ ဝင်သးသည်။
ခဏကြာတော့ ပြန်ထွက်လာသည်။ ငြိမ်းငြိမ်းထွန်းနှင့်
မှတ်ကြီးတို့က မူလတန်းကျောင်းမှာ ကျောင်းနေဖက်
ဖြစ်သည်။ မှတ်ကြီးက လေးတန်းအောင်ပြီး…အလယ်
တန်း ဆက်မတက်တော့။ ငြိမ်းငြိမ်းက အလယ်တန်း
အထိ တက်ပြီး…အထက်တန်းကျောင်းက အနီးဝန်း
ကျင်ရွာများမှာ မရှိသဖြင့် ကျောင်းတက်ချင်သော်လည်း
အဆင်မပြေသဖြင့် ရှစ်တန်းအောင်ပြီး ကျောင်းထွက်
လိုက်ရသည်။ မိဘများက ရွာမှာ လယ်ဧကများစွာ
ပိုင်သဖြင့် ရွာမှာ ပိုက်ဆံရှိ လူတန်းစား စာရင်းဝင်
သူများဖြစ်သည်။
ငြိမ်းငြိမ်းထွန်း၏ ဖခင်နှင့် အစ်ကိုများက အိမ်မှာ
မရှိသည်က များသည်။ လယ်ကွင်းထဲမှာသာ
လယ်ကိုင်းလုပ်ရင်း နေထိုင်ကြသည်။ ရွာမှာ
ငြိမ်းငြိမ်းထွန်း၏ အဘိုးအဘွားနှင့် မိခင်ဒေါ်မြရီ
တို့သာ ရှိကြသည်။
“ကဲ…ငါ သွားမယ်၊ ဦးစိန်တို့ အိမ်နဲ့ အဘွားလေး
တင်တို့အိမ်ကို ကျန်တဲ့ငါး ဝင်ရောင်းလိုက်ဦးမယ် ”
“သေချင်ဆိုး …ငါ့ပိုက်ဆံမှ မရရင် ဆန်မဝယ်ရလို့
ငတ်တော့မှာ…ကျနေတာပဲ နောက်တစ်ခါကျ
တွေ့မယ် ”
“နင့်ပိုက်ဆံ ငါမသုံးပါဘူး၊ ငါ…သိမ်းထားမလို့ ”
“သောက်ကောင် ”
ဒေါ်လေးမြရီ သဘောကောင်းမှုကြောင့် ငယ်စဉ်
ကတည်းက ခင်မင်ခဲ့သည့်အတိုင်း မှတ်ကြီးနှင့်
ငြိမ်းငြိမ်းထွန်းတို့က ပြောမနာ ဆိုမနာ ရင်းရင်းနှီးနှီး
ရှိကြသည်။ ဒေါ်လေးမြအိမ်မှာ မနိုင်မနင်း လုပ်စရာ
မျိုးရှိလျှင် အကူအညီ တောင်းလိုက်သည်နှင့်
ပြီးဆုံးသည့်တိုင် ကူညီပေးလေ့ရှိသည်။
“ဟေ့ကောင် …မှတ်ကြီး၊ မင်း…ငြိမ်းငြိမ်းတို့
အိမ်က ထွက်လာတာ မဟုတ်လား”
“ငါ…ငါးဝင်ရောင်းတာလေကွာ၊ ဒေါ်လေးမြက
တစ်ရက်ခြား နှစ်ရက်ခြား ဆိုသလို ငါ့ငါးတွေကို
ဝယ်နေကျ ”
“မင်းကို …ငါ သတိပေးပေါင်းများပြီ၊ မင်းဟာမင်း
ငါးဘယ်နှစ်ကြိမ်ပဲ ဝင်ရောင်းဝင်ရောင်း…ငါ
မှန်းထားတဲ့ ငြိမ်းငြိမ်းနဲ့ အရောတဝင် မနေနဲ့၊
မကြာခင် …ငါတို့ နှစ်ယောက် လက်ထပ်တော့မှာ”
“မင်းဟာမင်း …ပိုက်ဆံအပုံလိုက် တင်တောင်းပြီး
လက်ထပ်လက်ထပ် …သူ လက်ခံရင် ပြီးတာပဲ
မဟုတ်လား၊ ငါနဲ့ ဘာမှ မဆိုင်ဘူး…ငါအလုပ်
ငါလုပ်တာ …”
“မင်းအလုပ်…မင်းလုပ်တာ အကြောင်းမဟုတ်ဘူး
အခု …မင်း ငြိမ်းငြိမ်းနဲ့ စကားတွေ ပြောနေတာ
ငါ…မြင်လိုက်တယ် ‘
“ငါ …ငါးဝင်ရောင်းတယ် ။ ဒေါ်လေးမြ မရှိလို့၊
သူ ဝယ်တယ်…သူနဲ့ ငါနဲ့က သူငယ်ချင်းတွေပဲ
စကားပြောတာ ရိုးရိုးပဲ ”
“တောက် …မင်းလို အဆင့်နဲ့ စကား တစ်ခွန်းနှစ်ခွန်းတောင်
မပြောသင့်ဘူး၊ မင်း…မြဲမြဲမှတ်ထား ”
“ငါ …သွားမယ်၊ ငါ…ငါးရောင်းစရာ ရှိသေးတယ် ”
“သွား …မင်းလို တံငါကောင်နား ရပ်စကား
ပြောရတာ ငါးညှီနံ နံတယ် ”
မှတ်ကြီးက ဘာမှ ပြန်မပြောဘဲ ထွက်လာခဲ့သည်။
သူနှင့် အခြေအတင် ပြောနေသူမှာ သိန်းထွဋ်ဆိုသူ
ဖြစ်သည်။ ရွာထဲမှာ ငြိမ်းငြိမ်းတို့ကဲ့သို့ပင် လယ်ဧက
များစွာ ပိုင်ပြီး ငွေတိုးပေးစာကာ ငွေဂုဏ်မောက်နေသူ
များ ဖြစ်သည်။ မိဘ ပိုက်ဆံရှိ၍ အလုပ်လက်ကျောတင်း
အောင် မလုပ်ဘဲ ရပ်တကာလှည့်ပြီး အချိန်ဖြန်းနေသူ
ဖြစ်သည်။
ငြိမ်းငြိမ်းက သိန်းထွဋ်ကို ကြည့်မရ၊ စကားကောင်းကောင်း
မပြော…သိန်းထွဋ်ကတော့ ငြိမ်းငြိမ်း အချစ် ရရှိအောင်
နည်းမျိုးစုံနှင့် ချည်းကပ်နေသူဖြစ်သည်။ မိဘများကိုပင်
ငြိမ်းငြိမ်းကို တောင်းရမ်းပေးပါရန် ပြောဆိုထားပြီး
ဖြစ်သည်။ မိဘများက အနေအထိုင်ဆင်ခြင်မှ
ပြောပေးမည်ဟု ကတိတောင်းထားသည်။
သိန်းထွဋ်က အကျင့်စရိုက်မဖျောက်။ ကြက်ဝိုင်း၊
ဖဲဝိုင်း အရက်ဝိုင်း တစ်နေရာမဟုတ် တစ်နေရာ
ရောက်နေတတ်သည်။
ရန်ပွဲဆိုလျှင် သိန်းထွဋ်က ပါစမြဲ။ လူကြီးအိမ်ရောက်ရသည်
မှာလည်း ခဏ ခဏ။ သို့ကြောင့် မိဘများက
အပျော်အပါး မလုပ်ပါမှ တောင်းရမ်းပြောဆိုပေးမည်ဟု
အကြပ်ကိုင်ထားသည်။ သိန်းထွဋ်က မိဘများကို
ကတိပေးပြီး သူ …လုပ်ချင်ရာ လုပ်မြဲသာ လုပ်နေသည်
XXXXX
“မှတ်ကြီး …ငါးတော်တော် ရနေပြီလား”
“ဒီနေ့ ထင်သလောက် မရဘူး၊ ကိုကျော်ဝင်းရော
အခြေအနေကောင်းလား”
“ငါက …နေ့ခင်းကတည်းက ချောင်းထဲ ရောက်နေတာ
မင်းထက် နှစ်နာရီလောက်စောတယ်၊ အခြေအနေ
မဆိုးဘူး …ခေါ်ရမှာပေါ့ ”
“ကျတော်တော့ အလာနောက်ကျလို့ မှောင်မှာပဲ
ပြန်တော့မယ် ”
ကိုကျော်ဝင်းက …မှတ်ကြီးလှေဘေးမှာ
ဖြတ်လှော်ရင်း အခြေအနေမေးသည်။
ချောင်းထဲမှာ တစ်နေ့တစ်နေ့ ငါးရှာလှေ
နှစ်ဦးသုံးဦး ပုံမှန်ရှိသည်။ မြှုံးထောင် ကိုင်းထောင်သူက
ကျန် ငါးရှာသူများက ကွန်တစ်လက်နှင့်သာ
ငါးရှာကြသည်။ မှတ်ကြီးက မနက် မြှုံးဖော်ရင်း
တစ်ကြိမ်၊ ညစာ စားပြီး နောက်ပိုင်း တစ်ကြိမ်၊
တစ်နေ့ နှစ်ကြိမ်ထွက်သည်။
သည်နေ့တော့ ညစာ မစားသေးဘဲ ညနေ
လေးနာရီလောက် ထွက်လာခဲ့သည်။
မှောင်သည်နှင့်ပြန်ရန် စိတ်ကူးထားသည်။
ညဘက်ရသည့်ငါးများကို…အိမ်နီးနားချင်း ဒေါ်ရီကို
ဖောက်သည်ပေးသည်။ သူက မနက်စောစော
အုန်းပင်စု၊ သဲကွင်း ရွာများကို လှည့်လည်ရောင်းသည်။
ဒေါ်ရီက ညဘက် ငါးရှာသူ သုံးလေးယောက်ထံမှ
ရသမျှ ငါး အကုန်ယူသည်။ ပြန်လာမှ ငွေရှင်းသည်။
ကိုကျော်ဝင်းထံမှလည်း ဒေါ်ရီက ငါးပါသမျှ
အကုန်ယူသည်။ သုံးလေးယောက်ထံမှ
ငါးများ စုလိုက်လျှင် သူ့အတွက် ရွာစဉ်လှည့်ပြီး
ရောင်းရန် အလုံအလောက် ရရှိသွားတော့သည်။
သည်ည ချောင်းထဲ ငါးရှာရန် ထွက်လာစဉ် ရွာပြင်မှာ
ကြက်ဝိုင်းတစ်ဝိုင်းနှင့် တိုးလိုက်သည်။ ကြက်ဝိုင်းကို
ဦးဆောင်သူက သိန်းထွဋ်နှင့် ဖိုးတာတို့ နှစ်ယောက်
ဖြစ်သည်။
“တံငါမှတ်ကြီး …ငါးရှာသွားပြီလား”
မြင်ဖြစ်အောင် မြင်သွားသော သိန်းထွဋ်က နှိပ်သလိုလို
နှုတ်ဆက်သလို စကားကြောင့် ပြန်မပြောဘဲ သူတို့
ဘေးက ဖြတ်ထွက်ခဲ့သည် ။
“အဲဒီမှတ်ကြီးနဲ့ မင်း …မှန်းထားတဲ့ ကောင်မလေး
ဘာလိုလို ဆိုလားပဲ…မင်းမသိဘူးလား”
“ဒီကောင် …အစွမ်းမရှိပါဘူး၊ ဒီကောင့် အခြေအနေနဲ့
ဟိုက …စိတ်တောင် မကူးဘူး …မကြာခင် ငါ့ရင်ခွင်ထဲ
ရောက်တော့မှာ”
“ဟေ…သိန်းထွဋ်၊ ခင်ဗျားကောင်မလေးရဲ့ မိဘတွေ၊
အစ်ကိုတွေက ပိုက်ဆံရှိပေမဲ့ သဘောကောင်းတာ
တစ်ရွာလုံးအသိ…ဟိုတံငါကောင်ကလည်း
အလုပ်ရှိရင် သွားလုပ်နေကျ…လယ်ကွင်းထဲမှာ
လုပ်နိုင်ကိုင်နိုင်တဲ့လူဆိုပြီး ခင်ဗျားကောင်မလေးနဲ့
ပေးစာလိုက်မှဖြင့် ကျော်တော် လှေသူကြီး
ညားတော့လှေထိုးသားဆိုသလို ဖြစ်နေလိမ့်မယ်”
ဖိုးတာက ငြိမ်းငြိမ်းထွန်း မိဘများနှင့် မှတ်ကြီးတို့
ဆက်ဆံရေးကို သတိပေးသလိုလို ပြောလိုက်သဖြင့်
သိန်းထွဋ်စိတ်ထဲ စိုးရိမ်မှု ပိုသွားတော့သည်။
“ဟုတ်တယ်…ဒီတံငါကောင်၊ အဲဒီအကွက်ထဲ
ဝင်သွားနိုင်တယ်၊ မှတ်လောက်သားလောက်အောင်
ဆုံးမထားရမယ် ”
“ကဲ…ကိုသိန်းထွဋ် ကိုဖိုးတာ နောက်တစ်ပွဲစဖို့
ကြေးတင်ကြတော့ ”
ကြက်ဝိုင်း စတော့မည်ဖြစ်၍ မှတ်ကြီးအကြောင်း
ပြောနေရာက စကား ပြတ်သွားသည်။
မှတ်ကြီးလည်း ချောင်းထဲရောက်သည်နှင့်
မြှုံးထောင် ကိုင်းထောင်ပြီး ကွန်ပစ်ရန် လှေလှော်၍
ထွက်ခဲ့သည်။
XXX
“ဒေါ်လေးမြ …ငါးယူဦးမလား”
“အေး …ယူမယ် ။ဘာ ငါးတွေပါလဲ ပြစမ်းပါဦး”
ဒေါ်လေးမြရှေ့သို့ ပလိုင်းချပေးလိုက်သည်။
“ဟ…ဒီနေ့ မဆိုးဘူးဟ”
‘ငါးခူနဲ့ ငါးကျည်းပါတာ အကုန်ယူလိုက်မယ်…
ငါးကြော်နှပ်ချက်ပြီး ဆွမ်းချိုင့်ပို့မလို့ …
ငါးစင်ရိုင်းနဲ့ ပုစွန်လည်း ရွေးထည့်ပေး၊
ချဉ်ပေါင်ရွက်နဲ့ ချဉ်ပေါင်ဟင်းတစ်ခွက်ချက်မယ်”
ငါးခူ ငါးကျည်းများကို ပလိုင်းထဲ မထည့်ခင်ကတည်းက
သတ်လိုက်သည်။ ဝယ်သူတော်တော်များများက
အရှင်ဆို မလိုချင်ကြ၊ မှတ်ကြီးလည်း ငါးရှာနေမှတော့
ငါးသတ်ရမှာကို စိုးရွံ့မနေနိုင်၊ သို့ကြောင့် တစ်ခါတည်း
အပြီးရှင်းလာခဲ့သည်။ ဒေါ်မြလိုချင်တာ ပလိုင်းထဲမှ
ဇလုံကြီးထဲ သွန်ထည့်ပြီး ရွေးထည့်ပေးလိုက်သည်။
“မောင်မှတ်ကြီး…အိမ်ပြန်ရောက်ပြီး အလုပ်မရှိရင်
ခဏလောက် လာခဲ့ဦး၊ အဒေါ်တို့ခြံ ခေါင်းရင်းဘက်
ခြံစည်းရိုး နွားနှစ်ကောင် တိုးဝင်တာနဲ့ ကျိုးကုန်ပြီ
အသစ်ပြန်ရိုက်ရမယ် ”
“ဟုတ်ကဲ့ …လာခဲ့ပါမယ်။ ဒါနဲ့ ငြိမ်းငြိမ်းရော
မမြင်ပါလား”
“သူ့အဘိုးအဘွားနဲ့ …ရွာထဲက အလှူဖိတ်ထားလို့
သွားကြတယ်၊ အခုလောက်ဆို ပြန်လာလောက်ပြီ”
“ကျတော်…ကျန်တာလေးတွေ လိုက်ရောင်းလိုက်ဦးမယ်”
“ဟဲ့ …နေဦးလေ၊ အဒေါ် …ချိန်ခွင် ဝင်ယူပြီး
ငါးတွေ ချိန်ဦးမှပေါ့ …ပိုက်ဆံလည်း တစ်ခါတည်းရှင်းသွား”
“တအောင့်လောက်နေ …ကျတော့် ပြန်လာမှာပဲ၊
အဒေါ် ချိန်းလိုက်လေ …ပြီးမှ ပိုက်ဆံပေးပေါ့ ”
“အေး…အေး ၊ အခုများ ပိုက်ဆံလိုသေးလားလို့ ”
“မလိုသေးဘူး ဒေါ်လေး၊ မနေ့က ကျတော်
ပိုက်ဆံပိုရတာနဲ့ သုံးလေးရက်စာ အိမ်မှာ
ဝယ်ထားလိုက်တယ်”
“အေး အေး ၊ ဒါဆိုလည်း သွားတော့ ”
မှတ်ကြီးလည်း အိမ်ထဲက ထွက်လာခဲ့သည်။
XXXXXX
မှတ်ကြီးလည်း ဒေါ်မြရီ ခြံထဲရောက်နေပြီး ပျက်စီး
သွားကာ ခြံစည်းရိုးကို သစ်သားချောင်းအဟောင်းများနှင့်
ခိုင်ခန့်အောင် ကာရံပေးနေသည်။ သူ့အနားမှာ
ဒေါ်မြရီနှင့် ငြိမ်းငြိမ်းထွန်းတို့ သားအမိလည်း
ရှိနေသည်။ လိုအပ်တာ ဝိုင်းဝန်းကိုင်တွယ်ပေးရင်း
စကားမျိုးစုံ ပြောဖြစ်ကြသည်။
“ကဲ …အဒေါ်သွားမယ်။ ပစ္စည်းတွေ သိမ်းပြီး
လာခဲ့၊ ထမင်းစားကြမယ် ”
“အမေ …သွားနှင့်၊ သမီးလည်း ဝိုင်းကူသိမ်းပေးလိုက်ဦးမယ်
“နင် လိုက်သွားပါ၊ ငါ…သိမ်းလိုက်မယ်
ဘာမှလည်း ရှိတော့တာ မဟုတ်ဘူး”
“ငါပါ …ဝိုင်းသိမ်းတော့ ၊ မြန်မြန်ပြီးတာပေါ့ ”
“မောင်တစ်ထမ်း မယ်တစ်ရွက် …ဆိုပါတော့ ”
“သေနာ…လူကြီးလစ်တာနဲ့ ပါးစပ်က အထိန်းအကွပ်
မရှိဘူး”
ဒေါ်မြရီ အိမ်အနီး ရောက်သွားသဖြင့် မှတ်ကြီးက
ငြိမ်းငြိမ်းထွန်းအား စနောက်လိုက်သည်။
“နေဦး…နင့်ကို ငါ…မေးစရာ ရှိသေးတယ်”
“ဘာ …မေးမှာလဲ”
“ဟိုတစ်ရက်က ငါးပတ်ဖိုး ငါပေးလိုက်တုန်း
နင်ပြောသွားတဲ့စကားကို မရှင်းလို့ ”
“မရှင်းစရာ မရှိပါဘူး၊ နင့်မုန့်ဖိုးပိုက်ဆံကို
ငါ…မသုံးဘဲ အမှတ်တရ သိမ်းထားမယ်လို့
ပြောတာ၊ ငါ သိမ်းထားတယ်၊ နင့်ဆီက မှတ်မှတ်ရရ
ဘာမှ ရမထားလို့…ရတာလေး သိမ်းထားရတာ”
“ပိုက်ဆံကို ဘာသိမ်းစရာ လိုလို့လဲ”
“ငါ့အတွက်တော့ …လိုတယ် ”
“အဲဒါ …ဘာအဓိပ်ပာယျလဲ”
“ငါ …မြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ဆီကမို့လို့ ”
“သေနာ ငါကို ရိသဲ့သဲ့ ပြောနေတာပေါ့ ဟုတ်လား”
“ရိသဲ့သဲ့ မဟုတ်ပါဘူး။ ဒဲ့ပြောနေတာ ငါ…နင့်ကို
ချစ်နေတာ ကြာပြီ”
“အံမာ …ငါ…နင့်ကို မစဉ်းစားပေါင်”
“ငါ့စကားကြားတော့ နင် စိတ်မဆိုးဘူးမို့လား”
“စိတ်မဆိုးပါဘူး …ဒါပေမဲ့ မစဉ်းစားဘူး”
“အဲဒါဆို …ဒေါ်လေးကို ဖွင့်ပြောပြီး တောင်းယူမယ်”
“တောင်းလေ …လယ်ဧကနှစ်ဆယ်၊ နွားကနှစ်ကောင်၊
လှည်းက တစ်ရှဉ်း၊ ရွှေက တစ်ဆင်စာ၊ မင်္ဂလာဆောင်
စရိတ်ပါ တောင်းလိမ့်မယ်…သူတို့နဲ့ ညှိနှိုင်းလို့
အဆင်ပြေရင် နင့်ကို ငါ …ယူမယ်လေ”
“နင်…သက်သက်ညစ်တာ”
“နင်က ငါ့အမေဆီက မုန့်ဖိုးတောင်းသလို
စားစရာ တောင်းသလို ငါ့ကို တောင်းမလို့လား၊
ရမယ်အားကြီးကြီး”
“ဟဲ့ …မပြီးသေးဘူးလား၊ မောင်မှတ်ကြီး
ရေလဲ ပုဆိုးယူပြီး ရေသွားချိုးတော့ ”
အိမ်အပေါ် ပြတင်ပေါက်မှ ဒေါ်မြရီ လှမ်းအော်လိုက်
သဖြင့် စကားစ ပြတ်သွားရသည်။
“ငါကတော့ နင့်ကိုချစ်တာပဲ သိတယ်၊
ကျန်တာတွေ ငါ တွေးမထားဘူး၊ ပြီးတော့
ငါ့အချစ်ကို နင်သိဖို့ပဲ အရေးကြီးတယ် ”
မှတ်ကြီးက ပြောပြီး …ရေချိုးရန် ထွက်သွားသည်။
ငြိမ်းငြိမ်းထွန်းက တူနှင့် ဓါးကို လက်တစ်ဖက်စီကိုင်ပြီး
အိမ်ဘက်သို့ ပြန်လာခဲ့သည်။
XXXXX
ညခုနှစ်နာရီရှိပြီ …ညနေ ငါးနာရီထိုးခန့် ကတည်းက
လှေတစ်စီးနှင့် ကွန်ပစ်ထွက်လာခဲ့သည်။ လှေထဲမှာ
ငါလည်း အသင့်အတင့် ရပြီ၊ ပြန်ရန် ဆုံးဖြတ်ပြီး
လှေကို နောက်ကြောင်း ပြန်လှည့်လိုက်သည်။
ထိုစဉ် သူ့လှေဘက်သို့ လာနေသော လှေတစ်စီးကို
မြင်လိုက်သည်။ လှေပေါ်မှာ လူသုံးယောက်ပါသည်။
ငါးရှာသော လှေမဟုတ်မှန်း သိလိုက်သည်။
ခဏနေတော့ မျက်နှာချင်းဆိုင်လှေနှင့်
မှတ်ကြီးလှေ ထိပ်ချင်းဆိုင်မိသည်။ လှေပေါ်မှာ
သိန်းထွဋ်တို့ လူမိုက်အုပ်စုကို တွေ့လိုက်သည်။
“ဟေ့ကောင် …မှတ်ကြီး၊ ငါတို့ မင်းကို တွေ့ချင်လို့
လာခဲ့တာ”
“ဘာကိစ္စနဲ့ …တွေ့မှာလဲ”
“မင်းကို သတ်မလို့ပေါ့ကွ”
ပြောပြောဆိုဆို လှေနှစ်စီး ကပ်သွားပြီး လှေပေါ်မှ
လူမိုက်တစ်ယောက်က မှတ်ကြီးအား လှော်တက်နှင့်
ရိုက်ထည့်လိုက်သည်။
“ခွပ် ” “အား”
မှတ်ကြီးလည်း …သိန်းထွဋ်ကို သတိထားနေရာမှ
သူ့အနီးကလူလက်ထဲမှ လှော်နှင့်ရိုက်ခြင်းကို
ခံလိုက်ရသည်။ တက်စောင်းနှင့် ခုတ်လိုက်သဖြင့်
ခေါင်းကွဲသွားကာ လှေဝမ်းထဲ လဲကျသွားသည်။
လှေအလယ်မှာ ထိုင်နေသူက သတိမေ့လဲနေသော
မှတ်ကြီးနှင့်အတူ လှေဝမ်းကို မလိုက်ပြီး တစ်ဘက်သို့
စောင်းလိုက်ရာ လှေမှောက်ပြီး မှတ်ကြီး ရေထဲ
ကျသွားတော့သည်။
လှော်တက်နှင့် ရိုက်ချက်ပြင်းသဖြင့်
သတိမေ့နေသော မှတ်ကြီးလည်း
ရေနှင့်ထိပြီး သတိပြန်လည် မရတော့ဘဲ
ရေအောက်သို့ တဖြည်းဖြည်း မြုပ်ဆင်းသွားသည်။
ဆယ်မိနစ်ခန့် အခြေအနေ စောင့်ကြည့်နေသော
သိန်းထွဋ်တို့လည်း ရေထဲမှ မှတ်ကြီးပေါ်မလာတာ
သေချာသည်နှင့် လှေကို လှော်ပြီး အိမ်ပြန်ခဲ့ကြသည်။
ထိုညတစ်ညလုံး မှတ်ကြီး အိမ်ပြန်မရောက်လာ
သဖြင့် မှတ်ကြီးအမေ ဒေါ်အေးညွှန့်လည်း
နီးစပ်ရာ စုံစမ်းသော်လည်း ဘယ်မှာမှ စုံစမ်း၍ မရ။
နောက်နေ့မနက် မြှုံးသွားဖော်သူ ကိုထွန်းကြိုင်က
ရေပေါ်မှာ ပေါ်နေသော မှတ်ကြီးအလောင်းကို
တွေ့သဖြင့် မိခင် ဖြစ်သူအား သွားအသိပေးလိုက်သည်
မှတ်ကြီး သေဆုံးရသည့် ကိစ္စသည် …ဟိုလူ ထင်ကြေး
ပြောလိုက်၊ သည်လူ ထင်ကြေးပြောလိုက်ဖြင့်
တရားခံ လက်သည် မပေါ်ဘဲ ပြီးဆုံးသွားသည်။
မှတ်ကြီးမရှိတော့သဖြင့် ရက်လည်ဆွမ်းကျွေးပြီး
နောက်ပိုင်း ကွင်းဆိပ်ရွာမှ သမီးဖြစ်သူက
မိခင်ဖြစ်သူကို ခေါ်သွားတော့သည်။
မှတ်ကြီးသေဆုံးသဖြင့် တစ်ရွာလုံးနီးပါး စိတ်မကောင်း
ဖြစ်ကြသည်။ ထိုအထဲ မှတ်ကြီးအပေါ် ရင်ခုန်စပြု
နေပြီ ဖြစ်သည့် ငြိမ်းငြိမ်းထွန်းလည်း အိပ်ရာထဲ
ဝင်ပြီး သုံးလေးခါမျှ ငိုပစ်လိုက်သည်။ ငြိမ်းငြိမ်းထွန်း၏
မိခင်ဖြစ်သူကလည်း …မှတ်ကြီးအပေါ်
သံယောဇဉ်ရှိသဖြင့် စိတ်မကောင်း၊ သမီးနှင့်
မှတ်ကြီးတို့၏ ဆက်ဆံမှုအပေါ် မိခင်တစ်ယောက်နဲ့
ကြိုတွေးမိထားပြီဖြစ်သည်။
သမီးတစ်ယောက် ကြိတ်ပြီး မျက်ရည်ကျ ငိုနေသည်ကို
တွေ့သော်လည်း မသိချင်ယောင်ဆောင်ထားလိုက်သည်
ဒေါ်မြရီရော ငြိမ်းငြိမ်းထွန်းကပါ သိန်းထွဋ်ကို
မသင်္ကာ ဖြစ်မိကြသည်။
ထို့နောက် မှတ်ကြီးဆုံး၍ လေးငါးလပင် မကြာ
သိန်းထွဋ်က မိဘများကို အပူကပ်လွန်းသဖြင့်
ငြိမ်းငြိမ်းထွန်း၏ မိဘများထံ လာရောက်
တောင်းရမ်းသည်။ လယ်ကွင်းထဲ ရောက်နေသော
ဒေါ်မြရီ၏ ယောင်္ကျားဦးထွန်းဇော်က သိန်းထွဋ်
အကြောင်း ဘာမှ မသိထားသော်လည်း ဇနီးဖြစ်သူ
ဒေါ်မြရီက ကြိုတင်ပြောထားသဖြင့် သိန်းထွဋ်မိဘ
များကို သမီးနှင့် သဘောမတူနိုင်ကြောင်း
ခါးခါးသီးသီး ငြင်းလိုက်ကြသည်။
သမီးရှင်များ ကျေနပ်စေရန် ပစ္စည်းများကို
ပုံအောပြီး တင်တောင်းသော်လည်း သားဆိုး
တစ်ယောက်ကို သမီးရှင်များဘက်မှ လက်မခံကြောင်း
ငြင်းဆိုလိုက်သည့်အတွက် အရှက်ရပြီး ပြန်သွားသလို
အပြောခံရလောက်အောင် မိုက်မဲသော
သားဖြစ်သူကိုလည်း မိဘများက ဆူပူ
ကြိမ်းမောင်းတော့သည်။
သိန်းထွဋ်လည်း ငြိမ်းငြိမ်းထွန်းတို့က ငြင်းပယ်ခံရ၍
ရှက်သလို မိဘများက ဆူပူကြိမ်းမောင်းသည့်အတွက်
ဒေါသတွေ ဖြစ်နေသည်။ သို့ကြောင့် ငြိမ်းငြိမ်းထွန်းကို
တောင်းရမ်းမှု မပြုတော့ဘဲ အတင်းခိုးယူပေါင်းသင်းရန်
တိုင်ပင်တော့သည်။ ဒါပေမဲ့ အိမ်ထဲက အိမ်ပြင်
မထွက်သော ငြိမ်းငြိမ်းထွန်းကို အတင်းဆွဲပြီး
ခေါ်ပြေးရန်ကိစ္စကလည်း အပြောသာရှိသည်။
အလုပ်က မလွယ်။ သို့ကြောင့် ငြိမ်းငြိမ်းထွန်းတို့
တစ်အိမ်ကျော်မှာ ရှိသော ထောက်လှန်းခိုင်းထားခဲ့သည်။
ငြိမ်းငြိမ်းထွန်း အပြင်ထွက်တာနဲ့ လာအကြောင်းကြားရန်
မှာထားခြင်းဖြစ်သည်။ သိန်းထွဋ်ကလည်း ငြိမ်းငြိမ်းထွန်း
သာ အိမ်က ထွက်ပါက အနုနည်းနဲ့ရရ အကြမ်းနည်း
သုံး၍ပဲရရ…အပါခေါ်မည်ဟု ကြံစည်ထားခဲ့သည်။
XXXXX
မှတ်ကြီးတစ်ယောက် အသတ်ခံရပြီး ဝိညာဉ်ဘဝနှင့်
သေကတည်းက ငြိမ်းငြိမ်းထွန်းတို့ ခြံထဲ ရောက်လာခဲ့သည်။
သူ့စိတ်က ငြိမ်းငြိမ်းထံမှာ ရောက်နေတော့
သေသည်ဆိုသည်နှင့် ရောက်လာခဲ့တာပေါ့။
ရက်လည်သည့်နေ့ကလည်း မိခင်နှင့် ဆွေမျိုးများက
တရားနာရန် ဖိတ်ခေါ်သော်လည်း သူမသွားခဲ့ပေ။
ငြိမ်းငြိမ်းထွန်းတို့ ခြံထဲ ရောက်လာတော သစ်ပင်
တစ်ပင်ပေါ်မှာ နေထိုင်ရန် အကျအန နေရာ
ဝင်ယူခဲ့သည်။
ရောက်စတုန်းက သူ့နေသော သစ်ပင်မှာ ဘယ်သူမှ
မရှိ၊ ညလည်းရောက်ရော သစ်ပင်မှာ အရင်ကတည်းက
လာရောက်နေထိုင်သည့် ပိုင်ရှင်သရဲကြီး ရောက်လာသည်။
“ဟေ့ …မင်း ဘယ်သူလဲ၊ ဘာကြောင့်
ငါ့နေရာမှာ လာနေတာလဲ ”
“ကျတော်က မနေ့ညက သေသွားလို့ ဝိညာဉ်သရဲ
ဖြစ်ပြီး ဒီကို ရောက်လာခဲ့တာပါ၊ ဒီအိမ်က မိန်းကလေးကို
ချစ်လို့ သူ့ကို ကာကွယ်စောင့်ရှောက်ချင်လို့
ရောက်လာခဲ့တာပါ”
“မင်းက …သေတာ တစ်ရက်တောင်
မပြည့်သေးတာ မင်းချစ်တဲ့ ကောင်မလေးကို ဘယ်လို
ကာကွယ်မှာလဲ”
“သူ့ကို …အနိုင်အထက် လာပြုတဲ့လူကို
သေအောင် သတ်ပစ်မှာပေါ့ ”
“ဟား ဟား ဟား ဟား ”
သရဲမှတ်ကြီးစကားကို နားထောင်ပြီး သရဲကြီးက
အားရပါးရ ရယ်တော့သည်။
“ခင်ဗျားက …ကျုပ်စကားကြားပြီး ဘာလို့ ရယ်တာလဲ”
“မင်းစကားက ရယ်စရာကိုး၊ မင်းက လူကို
သတ်မယ် ဟုတ်လား …ဘယ်လိုသတ်မှာလဲ”
“ဂုတ်ချိုး သတ်မယ်ဗျာ…သူ့ခြေထောက်နှစ်ချောင်း
ဆွဲပြီး ကိုင်ပေါက်မယ်ဗျာဒါမှမဟုတ် တုတ်တွေ
ခဲတွေနဲ့ ထုရိုက်သတ်မယ်ဗျာ”
“ကဲ …မင်း သတ်နိုင်လား၊ မသတ်နိုင်လား
မင်းအစွမ်းကို ငါ ကြည့်မယ်၊ ကဲ…အခု သစ်ပင်ပေါ်က
ဆင်းလိုက် ”
သရဲကြီးစကားကြောင့် သရဲမှတ်ကြီး သစ်ပင်ပေါ်က
ဆင်းလိုက်သည်။
“ဟိုခြံရှေ့မှာ လူတစ်ယောက် လာနေတယ်
အဲဒီလူ ပစ်လဲအောင် မင်း …ဝင်လိုက် ၊ပြီးရင်
ခြေထောက်နှစ်ချောင်း ဖမ်းပြီး ကိုင်ရိုက် …
သွားစမ်း မြန်မြန်”
သရဲကြီးက ခိုင်းသဖြင့် သစ်ပင်ပေါ်မှ ဆင်းကာ
ငြိမ်းငြိမ်းတို့ ခြံရှေ့မှာ လမ်းလျှောက်လာနေသူထံ
ရောက်သွားပြီး လူကို ဝင်တိုက်လိုက်သည်။
ထိုလူ ခန္ဓာကိုယ်ကိုဖြတ်ပြီး သူ့ဝိညာဉ်က
တစ်ဘက်သို့ ရောက်သွားသည်။ လူကို
တိုက်၍ မဖြစ်သည့် အခါ ခြေထောက်နှစ်ချောင်းကို
ဖမ်းဆွဲလိုက်သည်။ သူ့လက်နှစ်ဖက်က
လမ်းလျှောက်နေသော လူ၏ ခြေထောက်ကို
ကျွံဝင်ကာ ကိုင်၍ မမိဘဲ ကျော်ဖြတ်သွားသည်။
လေကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ပင်။
သို့ကြောင့် သရဲကြီးထံ ပြန်ရောက်လာသည်။
“မင်းတို့ သေကာစ ဝိညာဉ်တွေဟာ စိတ်သွားတာ
ကိုယ်က လိုက်မဖြစ်ဘူးကွ၊ အဲဒီအဆင့်ရောက်အောင်
ရက်တွေ လတွေ ကြာအောင် လေ့ကျင့်ရသေးတယ်
မင်းတို့ ဖြစ်နိုင်တာက ကိုယ်ယောင်ပြတာတို့
မည်းမည်းကြီး ဖြူဖြူကြီး ဖန်ဆင်းပြီးတော့ပဲ
ပြလို့ ခြောက်လှန့်လို့ ရသေးတယ်
မင်း…သတ်ချင်တဲ့သူကို သတ်လို့ရအောင်
ငါ့ဆီမှာ တပည့်ခံဦးပေါ့ကွာ”
“ဟာ …ဒါဆို၊ တပည့်ခံပါမယ် … တစ်ခုရှိတယ်
ကျုပ်တပည့်ခံနေစဉ်အတွင်း ကျုပ် ချစ်သူကို
လာနှောင့်ယှက်တဲ့ လူရှိရင် ခင်ဗျား…ကျုပ်အစား
ကောင်းကောင်းပညာပေးနိုင်မလား ”
“ရပါတယ်ကွာ…ဒီကိစ္စက အပျော့ပါပဲ ”
“ဒါဆို …ခင်ဗျားဆီမှာ တပည့်ခံမယ်ဗျာ”
တစ်ရက် သိန်းထွဋ်နှင့်အတူ မိဘများ
ငြိမ်းငြိမ်းထွန်းကို လာရောက် တောင်းရမ်းစဉ်
နေ့လည်နေ့ခင်း ဖြစ်သဖြင့် ဘယ်လိုမှ
ခြောက်လှန့်လွှတ်ရန် မဖြစ်။ စိုးရိမ်စိတ် ပိုနေစဉ်
ငြိမ်းငြိမ်းထွန်း၏ မိဘများက လက်မခံဘဲ
ငြင်းဆိုလိုက်သည်ကို သိလိုက်သော
သရဲမှတ်ကြီးမှာ အတိုင်းမသိ ပျော်ရွှင်သွားခဲ့သည်။
လူကို ဝင်တိုက်လျှင် တစ်ဖက်လူသည် အကောင်
အထည် မမြင်ရဘဲ တိုက်မိခိုက်မိသည်ကို သိသည်နှင့်
သရဲဝင်တိုက်သည် ဆိုကာ ကြောက်လန့်ထွက်ပြေး
တော့သည်။ သရဲမှတ်ကြီးလည်း သူ့အစွမ်းများ
ထက်လာသည်ကို မြင်ပြီး ဝမ်းသာနေသည်။
“အမေ…အမေ”
“ဘာလဲ…သမီး”
“အခုတလော …ခြံထဲမှာ မှတ်ကြီးလား မသိဘူး။
ရိပ်ခနဲ ရိပ်ခနဲ မြင်နေရတယ်”
“သူသေတာပဲ…ငါးလကျော်နေပြီ၊ အခုမှ မြင်ရတာလား
သမီး စိတ်စွဲလို့ ဖြစ်ပါလိမ့်မယ်၊ သူလည်း ဝိညာဉ်
ဖြစ်ပြီး တစ်နေရာရာမှာ ရောက်နေရောပေါ့ ”
“မဟုတ်ဘူး …သူ သမီးတို့ အနီးဝန်းကျင်မှာပဲ
ရှိတယ်လို့ ထင်တယ်”
“ကဲပါ …သမီးရယ် ၊ သူရှိတယ်ပဲထား
သူက သေပြီ၊ စိတ်ထဲက ဖျောက်ပစ်လိုက်တော့၊ သူ့ဟာသူ…နေချင်နေ သမီးနဲ့ အဝေးကြီး ဖြစ်သွားပြီ”
ငြိမ်းငြိမ်းထွန်းလည်း ညဦးပိုင်း ပြတင်းပေါက် ပိတ်မည်
အပြု ခြံထဲမှာ သူ့ကို မော့ကြည့်နေသော မှတ်ကြီးပုံကို
ထင်ထင်ရှားရှား ဖြစ်လိုက်ရ၍ မိခင်ဖြစ်သူကို
ပြောပြနေခြင်း ဖြစ်သည်။ မှတ်ကြီးသေတာ
ကြာသွားပြီဖြစ်ပေမဲ့ ငြိမ်းငြိမ်းလည်း မေ့လို့မရသေး။
မနေ့တစ်နေ့ကမှ သေသွားသည်ဟု ထင်နေတုန်းပင်။
XXXX
ဟေ့ …ဖိုးတာ၊ ကျင်သောင်း ရှေ့လဆိုရင် တို့ရွာဦးကျောင်း
ကထိန်မဟုတ်လား”
“ဟုတ်တယ် …ဘာလုပ်မလို့လဲ”
“ငြိမ်းငြိမ်းထွန်းတို့ အဖေတို့ အမေတွေ ကိုးကွယ်တဲ့
ကျောင်း မဟုတ်လား။ ကျောင်းထိုင်ဘုန်းကြီးနဲ့
ဒေါ်မြရီတို့က အစ်ကိုတစ်ဝမ်းကွဲ တော်တယ်လို့
ပြောကြတယ် ”
“ဟာ …ဒါဆို မင်းကောင်မလေး ကထိန်ကို
မလာဘဲ မနေဘူး”
“ဟုတ်တယ် …ကထိန်အကြိုနေ့နဲ့ ကထိန်နေ့
တစ်ရက်,ရက် သူ့ကို အပါခေါ်မယ်ကွာ
မင်းတို့လည်း သတိမလစ်စေနဲ့ ”
“စိတ်ချ …အပြင်ရောက်တာနဲ့ ဘယ်သူတွေလဲ
စောင့်ရှောက်နေပါစေ …မင်းလက်ထဲ ရောက်အောင်
ငါတို့ ဝိုင်းခေါ်ပေးမယ် ”
” ငါလက်ထဲ ရောက်လို့ကတော့ မင်းတို့ကို
တစ်ပတ်လုံးလုံး ပြုစုမယ် ”
“ဟာ…ဒါဆို၊ တို့လုပ်အား ပြဖို့ပဲ ရှိတော့တာပေါ့”
“သို့ဖြင့် မကြာခင်မှာပင် ကထိန်ပွဲရက်သို့
ရောက်ရှိလာတော့သည်။ အလုပ်အကိုင်နေ့မှာ
ရွာတွင်းရှိ သမီးပျိုလေးများ လုပ်အားလာပေး
နေကြသည်။ ငြိမ်းငြိမ်းထွန်းလည်း ရောက်နေသည်။
ထိုသတင်းကို သိန်းထွဋ်လည်း ကြားပြီးပြီ။
ညနေပိုင်း ကတည်းက အရက်ဆိုင်မှာ
ဆိုးတူပေါင်းဖက် တစ်စု အရက်သောက်ပြီး
ရဲဆေးတင်နေကြသည်။ ရေချိန်ကိုက်တော့
ပိုက်ဆံရှင်းပြီး ကထိန်အလှူလုပ်မည့်
ဘုန်းတော်ကြီးကျောင်းသို့ ရောက်လာကြသည်။
အချိန်က ည ခြောက်နာရီခန့်ရှိပြီ။
ညနေပိုင်းကတည်းက ကြက်သွန်လှီးခြင်း၊
ငံပြာရည်ကြော်ခြင်း၊ အချိုပွဲအတွက် မုန့်ကြိုခြင်း၊
ဟာလဝါဖုတ်ခြင်း၊ ရွှေခြည်ဖုတ်ခြင်းတို့ ပြီးသလောက်
ဖြစ်သွားပြီမို့ အမျိုးသမီးအုပ်စု အတော်များများ
ပြန်ကုန်ကြပြီ။ ငြိမ်းငြိမ်းထွန်း အပါအဝင်
အမျိုးသမီး သုံးလေးယောက်နှင့် ဟင်းချက်မည့်
ဦးလေးကြီး အဒေါ်ကြီးများသာ ကျန်ရစ်သည်။
ငြိမ်းငြိမ်းထွန်း မိဘများက လူရင်းများဖြစ်သဖြင့်
ဘုန်းကြီးသီတင်းသုံးသော ကျောင်းပေါ်ရောက်နေရာ
ငြိမ်းငြိမ်းထွန်းလည်း မပြန်သေးဘဲ စောင့်နေခြင်း
ဖြစ်သည်။ ထိုအချိန် သိန်းထွဋ်တို့ လူတစ်စု
ဝင်လာသည်။ အားလုံးခြောက်ယောက် ဖြစ်သည်။
“ဟိုမှာ …မင်း ကောင်မလေး”
“အတင်းဆွဲခေါ်ကွာ”
“ဟာ …ကျောင်းခြံဝမှာ မှတ်ကြီးမဟုတ်လား”
ခြံဝနှင့် ဆွမ်းစားဆောင်က ပေနှစ်ဆယ်ခန့်သာ ဝေးသည်။
ကျောင်းခြံစည်းရိုးနှင့် ဆွမ်းစားဆောင်ကြားမှာ
အလှူမင်္ဂလာပွဲရှိလျှင် ချက်ပြုတ်ရန် အမိုး
မိုးထားသော အဆောင်ရှိသည်။
ထိုအဆောင်မှာ ဖျာကြမ်းခင်း ခုံများ ချကာ
လုပ်ကိုင်နေသော မိန်းကလေးတစ်စုက ခြံဝမှ
ချောင်းကြည့်ကာ ငြိမ်းငြိမ်းထွန်းကို ဝင်ဆွဲကြမည်ဟု
တိုင်ပင်ပြီး လှုပ်ရှားစဉ်မှာပင် ကျောင်းခြံမုခ်ဝ
အဝင်မှာ မှတ်ကြီး ရပ်နေသည်ကို တွေ့လိုက်သည်။
“ဟေ့ကောင် …မှတ်ကြီး၊ မင်း …ဒီမှာ
ဘာရပ်လုပ်တာလဲ…မင်းကို ငါတို့ သတ်လို့
သေပြီလေ…တစ်ခါသေပြီးတာ မမှတ်ရင်
နှစ်ခါသေရမယ် ”
သိန်းထွဋ်ပြောလိုက်သော စကားကို ခြံစပ်က
ထင်းပုံမှာ ထင်းသယ်နေသော ရွာသားနှစ်ယောက်က
ကြားသွားသည်။
“ဟေ့ကောင်…အဲဒါ လူမဟုတ်ဘူးကွ…သရဲ၊
မင်းတို့သာ မြင်တာ ငါလည်း မမြင်ဘူး”
“ဟုတ်တယ်၊ ငါလည်း မမြင်ဘူး၊ မှတ်ကြီးက
သေပြီလေ၊ ဘယ်ကမှတ်ကြီးက ရောက်နေတာလဲသိန်းထွဋ်
လူခြောက်ယောက်ထဲမှ မှတ်ကြီးအား လှော်တက်နှင့်
ရိုက်လိုက်သော ပေါက်စနှင့် သိန်းထွဋ်နှစ်ယောက်
မြင်ကြသည်။
“ဟေ့ကောင် …အခု ဖယ်စမ်း၊ မင်းကို…ပေါက်စ
လှော်တက်နဲ့ ရိုက်လို့သေသွားပြီ၊ မင်း…လူမဟုတ်ဘူး သွား”
ထိုစကားဆုံးတော့ မှတ်ကြီး ပျောက်သွားသည်။
“ဟေ့ကောင်တွေ…လာ…အထဲဝင်ကြမယ်၊
မြန်မြန်ကိစ္စပြီးအောင် လုပ်မယ် …ငါတို့
ရွာပြင်ကို ဆွဲခဲ့မယ်၊ လှဝင်း …လှေကို
အသေအချာ စီစဉ်ခဲ့လား”
မြအောင်နဲ့ ထွန်းချစ်တို့ စောင့်နေတယ်
အဲဒီကိုသာ ဆွဲသွား”
ထိုကဲ့သို့ ပြောလိုက်ပြီး ခြောက်ယောက်သား
ကျောင်းထဲပြေးဝင်ကာ ငြိမ်းငြိမ်းထွန်းကို ပါးစပ်ပိတ်
အတင်းပွေ့ချီပြီး ကျောင်းပြင်ပြေးထွက်သွားတော့သည်။
လူမိုက်နှစ်ယောက်က ဓါးများပြကာ…
“နောက်က လိုက်ရဲတဲ့လူရှိရင် …လိုက်ခဲ့။
ဓါးနဲ့ အသေခုတ်သတ်ပစ်မယ်”
အားလုံး မအော်ဝံ့၊ ကျောင်းထဲမှာ အမျိုးသား
အမျိုးသမီး ဆယ်ယောက်ခန့် ရှိသော်လည်း
လူမိုက်များ၏ ဓါးကို ကြောက်၍ ငြိမ်နေကြသည်။
အားလုံး ကျောင်းအပြင် ရောက်သွားမှ စောစောက
ထင်းသွားယူနေသော လူတစ်ယောက်က ထပြောသည်။
“အဲဒီကောင်တွေ …မှတ်ကြီးကို သတ်ပစ်လိုက်တာလို့
ပြောတယ် ”
“ဟုတ်တယ် …ငါလည်း ကြားတယ် ”
“ဟဲ့ …ဒီအတိုင်း ငြိမ်မနေနဲ့၊ ဒေါ်မြရီတို့ ဆရာတော်
ကျောင်းပေါ်မှာ ရှိတယ်။ သွား ပြောလိုက် …မြန်မြန်
ကျောင်းပေါ်မှာရှိတဲ့ ယောင်္ကျားမှန်သမျှပါခေါ်ခဲ့။
လူစုပြီး လိုက်ရအောင် ”
ရွာနှင့် သူတို့ လှေထားရှိရာ နေရာသို့ ဆယ်မိနစ်ခန့်
သွားရသည်။ သူတို့ ခရီးလမ်းတစ်ဝက်ကျော်ကျော်
ရောက်မှ ကျောင်းထဲက လူများ ဘယ်ထွက်သွားလဲ
သတင်းစုံစမ်းနေကြရသည်။ ငြိမ်းငြိမ်းထွန်း အော်သံ
ကြောင့် သူတို့သွားရာကို သတင်းပေးနိုင်ကြသည်။
မကြာခင် ကမ်းစပ်သို့ ရောက်သွားကြသည်။
ငြိမ်းငြိမ်းထွန်း၏ ပါးစပ်ထဲ ပိတ်စကို ထည့်လိုက်
သဖြင့် မအော်ဟစ်နိုင်တော့ ။ သိန်းထွဋ်ပခုံးပေါ်မှာ
ရုန်းကန်ရင်း ပါသွားသည် ။ လှေအနီးမှာ
စောင့်နေသော မြအောင်က လှေကို ဆွဲထိန်း
ပေးထားသည်။
“ငါနဲ့ ထွန်းချစ်၊ ပေါက်စတို့က လှေတစ်စီးနဲ့ သွားမယ်၊
ကျန်တဲ့ကောင်တွေက နောက်တစ်စီးနဲ့ လိုက်ခဲ့ …”
သို့ဖြင့် သိန်းထွဋ်တို့ လှေပေါ်မှာ ငြိမ်းငြိမ်းထွန်း
အပါအဝင် လေးယောက်နှင့် နောက်လှေမှာ
ငါးယောက် အားလုံးကိုးယောက် လှေနှစ်စီးနှင့်
ကမ်းက လှော်ထွက်ခဲ့သည်။ သူတို့ ထွက်ပြီး
မကြာခင် ငြိမ်းငြိမ်းထွန်း မိဘများနှင့် ရွာသားများ
လှေဆိပ်သို့ ရောက်လာသည်။
ကမ်းမှာ လှေတစ်စီးမှ မရှိ။ ရှိသော လှေတစ်စီးကို
ဖောက်ပြီး ရေထဲ နှစ်ထားခဲ့သည် ။ လူတစ်ရပ်မက
နက်သဖြင့် မည်သူမှ ရေထဲ မဆင်းဝံ့။ ထိုအချိန်
သိန်းထွဋ်တို့ လှေပေါ် တစ်ခုခု ခုန်ချလိုက်သလို
ငြိမ့်ခနဲ ဖြစ်ပြီး လှေလူးသွားသည်။ လှေဦးမှာ
ကြောက်စရာသရဲကြီးကို မြင်လိုက်ရသည်။
ငြိမ်းငြိမ်းကို အတင်းဖက်လှဲထားသော သိန်းထွဋ်၏
ခေါင်းကို ဆွဲကိုင်ပြီး ဆတ်ခနဲ ဆွဲလှည့်ပစ်လိုက်
သဖြင့် လည်ပင်းရိုးကျိုးကာ အသက်ပျောက်သွားသည်
“သွား…သွား…မလာနဲ့၊ မလာနဲ့ မှတ်ကြီး …မင်း
သေသွားပြီ၊ မင်းကို တက်နဲ့ ခုတ်လိုက်လို့ သေသွားပြီ”
ပေါက်စက …သွေးရူးသွေးတမ်း ထအော်ရင်း
လှော်တက်ကို ကိုင်မြှောက်ထားသည်
သူကိုင်မြှောက်ထားသော လှော်တက်ကို နောက်မှ
သရဲတစ်ကောင်က လှမ်းဆွဲလိုက်ပြီး လှော်တက်ပြားနှင့်
ဆွဲခုတ်လိုက်ရာ ဓါးနှင့်ပိုင်းလိုက်သလို လည်ပင်းမှ
ပြတ်ထွက်သွားတော့သည်။ ထိုအဖြစ်ကို မြင်ပြီး
ထွန်းချစ်လည်း လှေပေါ်မှ ခုန်ချလိုက်တော့သည်။
ထိုကဲ့သို့ဖြစ်ပြီး နောက်လှေပေါ်မှ ပါလာသူများလည်း
မည်သူက လှေကို ဆွဲမှောက်လိုက်သည် မသိ။
လှေမှောက်ပြီး အားလုံး ရေထဲ ကျကုန်တော့သည်။
အချို့က ကမ်းသို့ ကူးပြေးကြသည်။ ကမ်းနား
ရောက်စဉ် ကမ်းစပ်မှာ သရဲကြီးကို မြင်သဖြင့်
ရေထဲလပြန်ကူးပြေးရပြန်သည်။ တစ်ဘက်
ကမ်းသို့ ကူးပြေးသူများမှာလည်း သရဲကြီးကို
မြင်ပြီး နောက်ကြောင်းပြန်လှည့်ပြေးရပြန်သည်
ရှေ့လှေမှာ ငြိမ်းငြိမ်းထွန်း တစ်ယောက်တည်း
ထိုင်နေသည်။ သိန်းထွဋ်၏အသက်မဲ့ ခန္ဓာကိုယ်
ကြီးလည်း ရေထဲ ရောက်သွားသလို ပေါက်စ၏
ခေါင်းပြတ်ခန္ဓာကိုယ်ကြီးလည်း ရေထဲကျရောက်
သွား၏။ ငြိမ်းငြိမ်းထွန်း ထိုင်နေသော လှေလေးအား
မှတ်ကြီးက ကမ်းရောက်အောင် တရွေ့ရွေ့
လှော်သွားနေသည်ကို ငြိမ်းငြိမ်းထွန်းက
တွေ့နေရသည်။
ကမ်းနားရောက်တော့ မှတ်ကြီး လှေပေါ်မှာ
မရှိတော့။ကမ်းပေါ်မှလူများလည်း
ရေစပ်ဆင်းပြီး လှေကို ဆွဲယူကြသည်။
“အမေ…အမေ”
“သမီးလေး …ကံကောင်းလို့ ”
“သမီးကို မှတ်ကြီးနဲ့ သရဲတစ်ကောင်က
ဝင်ကယ်တာ တွေ့လိုက်တယ်…သိန်းထွဋ်နဲ့
ပေါက်စက မှတ်ကြီးကို သတ်တာတဲ့ …သူတို့ကို
သရဲကြီးက သတ်လိုက်တယ်…ကျန်တဲ့ သူ့
အပေါင်းအပါတွေ…ရေထဲမှာ သေလား၊
ရှင်လား ။ မသိဘူး…အော်ဟစ်ပြီး ကူးနေကြတယ် ”
“ကဲ …ဦးထွန်းဇော်၊ဒေါ်မြရီနဲ့ အမျိုးသမီးတွေ
ငြိမ်းငြိမ်းထွန်းကို ခေါ်ပြီး ကျောင်းပြန်သွားကြတော့။
ကျနော်တို့ ရေထဲက ကောင်တွေ တက်လာရင်
ဖမ်းပြီး ကျောင်းကို ခေါ်ခဲ့မယ် ”
ငြိမ်းငြိမ်းထွန်းအား ဖခင်ဦးထွန်းဇော်နှင့် ဒေါ်မြရီတို့က
ကျောင်းကို ခေါ်သွားကြသည်။ ချောင်းစပ်မှာ
ကျန်နေသူများလည်း ရေထဲက တက်လာမည့်
သူများကို ဖမ်းဆီးရန် စောင့်နေကြသည်။
ရေထဲက လူခြောက်ယောက်လည်း မည့်သည်
ကမ်းကိုမှ တက်၍ မရဘဲ…ပိုင်ရှင်က ဘဲအုပ်ကို
မောင်းလာသလို မှတ်ကြီးနှင့် မိတ်ဆွေ သရဲကြီးတို့က
ကမ်းပေါ်အတက်မခံဘဲ လူတွေရှိသော ကမ်းရှိရာသို့
ခြောက်လှန့်ပြီး ခေါ်ဆောင်လာသည်။
ထိုအထဲမှာ ရေကူးမကျွမ်းကျင်သော ဖိုးတာ
တစ်ယောက် ကြွက်တက်ပြီး ရေထဲနစ်ကာ
ကျန်ခဲ့သည်။ ငါးယောက်လည်း ကမ်းပေါ်သို့
အသက်လုကာ ကုတ်ဖဲ့ တွယ်တက်လာကြသည်။
“ကဲ…အားလုံးတက်ခဲ့၊ လူသတ် အားပေးတဲ့
ကောင်တွေ ကြံရာပါတွေ မနက်…အကုန်
ရဲစခန်း ပို့မယ်”
” ကျုပ်တို့ …လူမသတ်ဘူး”
“မသတ်လည်း …သတ်တဲ့လူကို အားပေးအားမြှောက်
လုပ်လို့ …ကြံရာပါပဲ၊ ဘာမှ ငြင်းဖို့ မကြိုးစားနဲ့၊
ပြီးတော့ ငါတို့ကို ဓါးနဲ့ ခြိမ်းခြောက်သေးတယ်”
ရွာလူကြီးများလည်း …ရေထဲမှာ အားကုန်လက်ပန်း
ကျနေသော လူရွယ်ငါးယောက်ကို ကျောင်းသို့
ဖမ်းခေါ်လာခဲ့ကြသည်။ ညတွင်းချင်း ရဲစခန်းကို
အကြောင်းကြားသဖြင့် …ညဆယ့်တစ်နာရီလောက်မှာ
ငါးယောက်လုံးကို ဖမ်းခေါ်သွားတော့သည်။
ငြိမ်းငြိမ်းထွန်းတို့မိသားစု ဆရာတော်၏ ကျောင်းဆောင်ပေါ်
တက်လာပြီး ဆရာတော်အား အဖြစ်အပျက် အလုံးစုံကို
ညီမတော်စပ်သူ ဒေါ်မြရီက လျှောက်တင်သည်။
မှတ်ကြီးအကြောင်းလည်း ပါသည်။ ယခုကိစ္စမှာ မှတ်ကြီးဝိညာဉ်ကိုယ်တိုင်ပေါ်လာပြီး အဓမ္မ
ခေါ်ဆောင်သူများကို တိုက်ခိုက်ခဲ့၍ လွတ်လာသည့်
အကြောင်းလည်း ပါသည်။ ဆရာတော်က
မှတ်ချက်ပေးပြီး ဖြစ်သင့်သည်တို့ကို ပြောပြသည်။
“ဒကာမကြီး လျှောက်တင်တဲ့အတိုင်းဆို
ဘုန်းကြီးရဲ့၊ တူမကို ဒီဒကာ မှတ်ကြီးက
မသေခင်ကတည်းက စွဲလန်းသွားပြီး သေတော့
ဝိညာဉ်အဖြစ် ဘာမှ့ ထွက်ခွာမသွားဘဲ အနီးကပ်
စောင့်ရှောက်နေတာ ဖြစ်နိုင်တယ် ”
“တင်ပါ့ဘုရား”
“ဘုန်းကြီး ကောင်းတဲ့အကြံဥာဏ်ပေးမယ်၊
သေသူရဲ့ ဝိညာဉ် ကောင်းရာမွန်ရာရောက်အောင်
အခု…အလှူပွဲ ကြုံကြိုက်တုန်း သူ့အတွက်
ရည်စူးပြီး ကထိန်သင်္ကန်း လှူဖြစ်အောင် လုပ်ကြ၊
သူ့အတွက် ကထိန်သင်္ကန်း လှူတဲ့အကြောင်း၊
အသိပေး၊ ကထိန်ရေစက်ချတရား လာနာဖို့လည်းဖိတ်၊
သူ့အတွက် ရည်စူးတဲ့ သင်္ကန်းကို သူ့နာမည်
ခေါ်ပြီး ဘုန်းကြီး အမျှဝေပေးမယ် …ကြားကြလား”
“တင့်ပါဘုရား…သင်္ကန်းဝယ်ပြီး အလှူထဲ
ထည့်ဝင်ပါ့မယ် ”
“အိမ်ပြန်ရောက်ရင် အိမ်ဝကနေပြီး မှတ်ကြီးနဲ့
အပေါင်းအပါတွေကို မနက် အလှူတရား
လာနာဖို့ဖိတ် …ဘုန်းကြီးရဲ့ ကျောင်းဝင်းအတွင်း
မှာလည်း ညသန်းခေါင်ရောက်ရင် မနက်ဖြန်
အလှူမှာ တရားလာနာဖို့ ဝေနေယျအပေါင်းနဲ့
၃၁-ဘုံသားအပေါင်းကို ဘုန်းကြီးဖိတ်မယ်၊
ဖိတ်ဖြစ်အောင် ဖိတ်လိုက်၊ ကဲ…အချိန်လည်း
မနည်းတော့ဘူး…ကဲ …အချိန်လည်း မနည်းတော့ဘူး
ပြန်ကြတော့ …သင်္ကန်းသွားဝယ်ဖို့ အချိန်မရရင်
ဦးဇင်းသောဘိတကို ဝတ္ထုကပ်ပြီး သင်္ကန်း
တစ်ဘူး စွန့်ပါဆိုပြီး ပြောလိုက် ”
“တင့်ပါဘုရား…ခွင့်ပြုပါဦးဘုရား”
ဆရာတော်ကို ဦးချပြီး ပြန်ရန်အပြင် ကျောင်းအောက်မှာ
စခန်းမှ ရဲများ ရောက်လာသဖြင့်
ဖမ်းထားသော လူမိုက်ငါးယောက်နှင့်
ရေထဲရောက်နေသောသိန်းထွဋ်၊ ပေါက်စနှင့် ထက်နိုင်တို့
အကြောင်း တိုက်ချက်ဖွင့်လိုက်သည်။
တရားခံငါးယောက်ကို ခေါ်သွားမှ အိမ်ပြန်ခဲ့ရသည်။
အိမ်သို့ ရောက်သည်နှင့် ငြိမ်းငြိမ်းထွန်းလည်း
အိမ်ပြင်ဝရံတာထွက်ပြီး…
“မှတ်ကြီး…ငါ …နင့်အတွက် ကောင်းမှုလုပ်ပေး
ချင်တယ်။ မနက်ဖြန် ကထိန်မှာ သင်္ကန်းတစ်စုံ
နင့်အတွက် လှူပေးမယ်၊ နင်နဲ့ အတူ ပါလာတဲ့
နင့်မိတ်ဆွေကြီပါ တရားလာနာဖို့ ခေါ်ခဲ့ပါ
ငါတို့ မိသားစုကလည်း ဖိတ်ပါတယ် ”
ငြိမ်းငြိမ်းထွန်းက စိတ်ပါလက်ပါ အသံထွက်ပြီး
တရားနာ ဖိတ်လိုက်သည်။
“ငါ…နင့်ကို သိပ်ကျေးဇူးတင်တယ် မှတ်ကြီး၊
နင်သာ မကယ်ရင် ငါ့ဘဝ တွေးတောင် မတွေးဝံ့ဘူး။
ငါ့ကို နင်က ချစ်တယ်လို့ ပြောပြီး …ငါက
အဖြေမပေးနိုင်သေးခင် နင် ငါ့အနီးက ထွက်သွားတယ်
နင်…ငါ့အနားမှာ ရှိတယ် ဆိုတာ ငါသိပါတယ်။
ဒါပေမဲ့ နင်…ငါ့အနား နေမယ့်အစား ငါတို့
နင်အတွက် ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်
အမျှပေးဝေရင်း နင်သာဓုခေါ်ပြီး မြင့်ရာ
မြတ်ရာကို သွားပါ မှတ်ကြီး၊ နင် ငါ့ကို
ချစ်ရင် သာဓုခေါ်ရမယ် …ဟီး.…ဟီး…ဟီး”
ဝရံတာအထွက် တံခါးဝမှာ ရပ်ကြည့်နေသော
မိခင်ဖြစ်သူ ဒေါ်မြရီက သမီးအနားလာပြီး
ထွေးပွေ့ထားသည်။
“ငိုမနေပါနဲ့ သမီးရယ် …သမီးစိတ်မကောင်းတာ
မြင်ရရင် မှတ်ကြီး ဒီအနားမှာ ရှိတယ်ဆို
စိတ်မကောင်း ဖြစ်နေမယ်၊ လာ…အိမ်ထဲဝင်တော့ ”
ငြိမ်းငြိမ်းထွန်းလည်း မိခင်ဖြစ်သူခေါ်ရာ အလိုက်သင့်
လိုက်ပါခဲ့သည်။ အိမ်ထဲမှာ ထိုင်ကြည့်နေသော
ဖခင်ဖြစ်သူက သားအမိ နှစ်ယောက်ကို ကြည့်ပြီး
ဘာမှမပြော …
“သမီး…အိပ်တော့နော်၊ အချိန်မနည်းတော့ဘူး၊
မနက်…ကျောင်းကို အရုဏ်ဆွမ်းကပ်အမှီ သွားရမယ်”
ဒေါ်မြရီက အိပ်ခန်းထဲ လိုက်ဝင်ပို့ပေးသည်။
ငြိမ်းငြိမ်းလည်း အိပ်ရာပေါ် အလိုက်သင့် လှဲလိုက်သည်။
“ခြင်ထောင် …ချပေးခဲ့ပေးမယ်နော် ”
“ချမပေးခဲ့နဲ့ …သမီး ဒီအတိုင်းပဲ အိပ်တော့မယ်”
“ဒါဆို စောင်ဆွဲခြုံပြီးမှအိပ်၊ အမေ…သွားတော့မယ် ”
ဒေါ်မြရီက အခန်းလိုက်ကာကို ဆွဲပိတ်ပြီး ကြိမ်ထိုင်ခုံမှာ
ထိုင်နေသော ခင်ပွန်းအနီးလာပြီး ထိုင်သည်။
“အိပ်တော့မလား ”
“ခဏထိုင်ချင်သေးတယ်…မျက်လုံးကြောင်သလို
ဖြစ်သွားပြီ”
“မျက်လုံးကြောင်လည်း ကြိုးစားပြီး အိပ်လိုက်ပါလား”
ဒေါ်မြရီက ကြိုးစားအိပ်ခိုင်းသဖြင့် ဦးထွန်းဇော်လည်း
ထိုင်ရာမှ အိပ်ရာထဲ ဝင်သွားတော့သည်။ ငြိမ်းငြိမ်းထွန်း
လည်း အိပ်ရန် မျက်လုံးမှိတ်ထားသော်လည်း မှတ်ကြီး
အကြောင်း စဉ်းစားမိသွားသဖြင့် မျက်လုံးကြောင်
သွားသလို ဖြစ်ကာ စောစောက ဖြစ်ပျက်ခဲ့သည့်
သည်းထိတ်ရင်ဖို ကိစ္စကြီးက အတွေးထဲ
ရောက်လာသည်။
ထိုစဉ် ငြိမ်းငြိမ်းလက်ထဲ တစ်စုံတစ်ခုကို
ထည့်လိုက်သလို အထိအတွေ့ကြောင့်
မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
“အလှူထဲ… ထည့်လိုက်ပါ ”
မျက်လုံးအဖွင့်မှာ စကားသံတစ်ခုကို ကြားလိုက်ရသည်။
ပီပီသသကို ကြားလိုက်ရသည်။ ငြိမ်းငြိမ်းထွန်း
လက်ထဲမှာ …ငါးရာတန်လေးတစ်ရွက်
တွေ့လိုက်သဖြင့် အထူးအဆန်းဖြစ်ကာ
ပိုက်ဆံစက္ကူကို ဖြန့်ကြည့်လိုက်သည်။
“ချစ်ရတဲ့ငြိမ်းငြိမ်းပေးတဲ့ အမှတ်တရ”
ပိုက်ဆံစက္ကူ၏ လွတ်နေသော ထောင့်မှာ
ဘောပင်နှင့် ရေးထားသော စာကြောင်းလေးကို
တွေ့လိုက်မှ…ငါးရာတန်အကြောင်း ပြန်သတိရလိုက်သည်။
သူ…ငါးပတ် ငါးဆယ်သား ငယ်စဉ်က
ငါ အမှတ်တရ သိမ်းထားမှာလို့ ပြောပြီး
ယူသွားသော သူ့မုန့်ဖိုးပိုက်ဆံငါးရာဖြစ်ကြောင်း
သိလိုက်သည် ။
“မှတ်ကြီးရယ် …နင့်အချစ်ကို ငါ …အစောကြီး
ကတည်းက မသိရဘူး။ အခုမှ ငါ့ပိုက်ဆံကို
နင် …အမှတ်တရ သိမ်းထားမယ်ဆိုတာ
တကယ်ပြောသွားတာပါလား …မှတ်ကြီးရယ် ”
ငြိမ်းငြိမ်းထွန်း ငိုရှိုက်ရင်းက ထထိုင်လိုက်သည်။
“အမေ …အမေ ”
“ဟဲ့ သမီး …ဘာဖြစ်လို့လဲ ”
“ဒီ…ဒီ…မြာ”
သမီးအခန်းတွင်း မိခင်ရော ဖခင်ပါ ဝင်လာသည်။
“ပိုက်ဆံငါးရာ…ဘာလုပ်မလို့လဲ ”
“မှတ်ကြီးရယ် …ပိုက်ဆံငါးရာ သမီးလက်ထဲ
ထည့်သွားတယ်”
“အော်…သူ့အတွက် ဝယ်လှူတဲ့ သင်္ကန်းထဲ
သူ့အလှူ ပါချင်လို့ ဖြစ်မှာပေါ့ ”
ငြိမ်းငြိမ်းထွန်းပြသော ပိုက်ဆံထောင့်မှ
စာကို ဖတ်ကြည့်လိုက်ကြသည်။
“ဟင်…ဒီပိုက်ဆံက သမီးပိုက်ဆံ …ဟုတ်လား”
“သူ…ငါးလာရောင်းတော့ အမေ မရှိဘူး၊
သမီးက မပေးဘူး…အမေလာမှ ယူလို့ ပြောတာ၊
ပိုက်ဆံမရရင် မပြန်ဘူးဆိုတာနဲ့ …ငါမုန့်ဖိုး
စုထားတာရှိတယ်၊ အဲဒါ …ပေးလိုက်မယ်
ဆိုပြီး …ပေးလိုက်တာ၊ သူက ငါ …ဒီပိုက်ဆံ
မသုံးဘူး၊ ရင်ထဲအသည်းထဲမှာ သိမ်းထားမယ်
ပြောလို့ သမီး …သူ့ကို ဆဲလွှတ်လိုက်သေးတယ်
အခု …သူ တကယ်သိမ်းထားပြီး…အလှူထဲ
ထည့်ရအောင် လာပေးတာဖြစ်မယ်”
“နာမည်ကြီးနဲ့ ထည့်ဝင်လို့ မကောင်းဘူး၊
အဲဒီ ငါးရာ အဖေ့ပေး …အဖေငါးရာ အစားပေးမယ်”
“သမီး…သိမ်းထားမယ်၊ သမီး အစားစိုက်ထည့်လိုက်မယ်
သူ့အိမ်မှာ သိမ်းထားတဲ့ ပိုက်ဆံကို သွားယူပြီး
လာပေးတာ”
“ကဲ …သမီး စိတ်မကောင်းဖြစ်သလို အဖေရော
အမေရော…မောင်မှတ်ကြီးအတွက် စိတ်မကောင်းပါဘူး၊
သမီး ကြိုးစားပြီး အိပ်လိုက်နော် ”
မိခင်ရော ဖခင်ပါ အခန်းအပြင် ထွက်သွားသည်။
ငြိမ်းငြိမ်းထွန်းလည်း ပိုက်ဆံလေး ကြည့်ပြီး
ငိုစရာ တိုးရပြန်ပြီဖြစ်သည်။ အတော် ညဉ့်နက်မှ
အိပ်ပျော်သွားခဲ့သည်။
XXXX
မနက်ခြောက်နာရီထိုးတော့ ဘုန်းကြီးကျောင်း
ရောက်နေပြီ…ပင့်သံဃာများကို စုပေါင်းဘုံကထိန်
အရုဏ်ဆွမ်းကပ်နေကြသည်။ ဆွမ်းကပ်ပြီးသည်နှင့်
ရှစ်နာရီမှစ၍ ရွာထဲက လာသမျှ လူအပေါင်းကို
ထမင်းဖြင့် ဧည့်ခံကျွေးမွေးကြသည်။
နေ့ဆွမ်းကပ်ပြီသည်နှင့် ကထိန်သင်္ကန်း
အလှူတရားပွဲပေးသဖြင့် ကြွရောက်လာသမျှ
ပရိတ်သတ်များနှင့် ဖိတ်ကြားထားသူ
ဝေနေယျ အပေါင်းတို့ တရားလာရောက်
နာယူကြသည်။ မှတ်ကြီးနှင့် မိတ်ဆွေသရဲကြီးလည်း
တရားလာရောက်နာယူသည်။
ဆရာတော်ကလည်း ကြွရောက်လာသူအပေါင်းကို
အမျှပေးဝေပြီးသည်နှင့် အထူးစီစဉ်အနေနှင့်
ကထိန်သင်္ကန်းအလှူရှင် ၊ ကွယ်လွန်လေပြီးသော
မောင်မှတ်ကြီးနှင့် မိတ်ဆွေ အပေါင်းအား
သြဒိဿမေတ္တာပို့ အမျှပေးဝေလိုက်သည်။
မောင်မှတ်ကြီးနှင့် တကွ တရားနာပရိတ်သတ်၏
သာဓုခေါ်သံကား…ဘဝဂ်သို့တိုင်
ဝေစီသွားလေတော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း
Credit
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
ပြီးပါပြီ
Leave a Reply