ကဝေသိုက်

ကျုပ်အကြောင်း သိပြီးသား
ပဲဗျာ။ ကျုပ်ဆရာကြီးဘိုးလူပေ ရောက်တယ်
ဆိုကတည်းက တနေရာကို ခရီးထွက်တော့
မယ်ဆိုတာ တွက်ပြီးသားပေါ့ဗျာ။

ကိုစံအေးက ကြာကြာမနေနိုင်ဘူးဗျ။ ဖင်တကြွ
ကြွဖြစ်နေတာဗျို့။ ကြာရင်လည်း အိမ်ပြန်ရောက်
ရင် အငေါက်ခံရဦးမှာလေဗျာ။ ကျုပ်လည်း ချက်
ချင်း ထပြီး လိုက်လာခဲ့တယ်။

နှင်းတောထဲမှာပဲ တိုးပြီးသွားရတာပေါ့ဗျာ။ ဘိုး
စံမောင်တို့ အိမ်ကြီးပေါ်ကို တက်လိုက်တော့
ဘုရားစင်ရှေ့မှာ ဘိုးလူပေက ပုတီးစိပ်နေ
တယ်ဗျ။ သျှောင်တစောင်းလေး ထုံးထားတဲ့
ဘိုးလူပေကတော့ ဒီအရွယ်အတိုင်းပဲဗျ။ ခဏ
ကြာတော့ ဘိုးလူပေက ပုတီးစိပ်တာ ပြီး
သွားပြီ။

“ဟာ မောင်တာတေ ရောက်နေပါပြီလားကွဲ့”

ကျုပ်က ဘိုးလူပေကို ကန်တော့လိုက်တယ်။

“အားလုံး နေထိုင်ကောင်းကြရဲ့လား”

“ဟုတ်ကဲ့ ကောင်းကြပါတယ် ဆရာကြီး”

“ကျုပ်တောင် ဒီဘက်မရောက်တာ အတော်လေး ကြာသွားပြီနော် မောင်တာတေ”

“ဟုတ်ပါတယ် ဆရာကြီး”

“အေး…အေး..အကြောင်းက ရှိလာပြီ ဆိုတော့
လည်း ရောက်လာရတာပေါ့ကွယ်။ ကျုပ်တို့ခရီး
ထွက်ကြရမယ် မောင်တာတေရေ”

“ဟုတ်ကဲ့ပါ ဆရာကြီး။ ကျုပ်ဘက်ကတော့ အ
ဆင်သင့်ပါပဲ”

“သာဓု သာဓု ကဲ မောင်တာတေရေ…ကောက်ညှင်း
ပေါင်းနဲ့ ငါးခြောက်ကြော်လေးတွေ စားလိုက်ဦးကွဲ့”

“ဆရာကြီး သုံးဆောင်ပါ။ ကျုပ် စားခဲ့ပြီးပါပြီ”

“ဟာ တာတေကလည်းကွာ မဟုတ်တာဘဲ ထပ်
စားစမ်းပါကွ”

ဘိုးစံမောင်က ကျုပ်ကို ကောက်ညှင်းပေါင်းတွေ
ထည့်ပြီး အတင်း ကျွေးတော့တာဗျို့။

“ခရီးကတော့ နည်းနည်းကြမ်းမယ်ကွဲ့။ လှည်း
တတန် လှေတတန်သွားရမှာပဲ။ မသွားလို့က
လည်း မဖြစ်ဘူးကွဲ့။ ခုနှစ်ရွာစား ကျီတော်က
ဝေမဆိုတာ တော်တော်ကို သောင်းကျန်းနေ
တာကွဲ့”

“နေပါဦးဆရာကြီးရဲ့ ဒီကဝေမကို ဘာဖြစ်လို့
ခုနှစ်ရွာစားလို့ ခေါ်တာတုံးဗျ”

ကျုပ်က ဘိုးလူပေပြောတဲ့ ခုနှစ်ရွာစား ကျီတော်
ကဝေမဆိုတာကို တော်တော်လေး စိတ်ဝင်စား
သွားတာဗျို့။

“ခုနှစ်ရွာစားလို့ ခေါ်တာက ဒီလိုကွဲ့။ အဲ့ဒီနေရာမှာ
ကျီတော်၊ ဆင်မ၊ လက်ပံတန်း၊ ယာကြီးကုန်း၊ ကြုံ
ရွာ၊ မြခိုး၊ ဓါတ်တော်ဆိုပြီး ရွာခုနှစ်ရွာ ရှိတယ်ကွဲ့။
တစ်ရွာနဲ့ တစ်ရွာက မလှမ်းမကမ်းတွေပဲ။ ဒီကဝေ
မ ကျီတော်မှာ ကဝေသိုက်ကြီး ဖွဲ့ပြီးနေတာတဲ့ကွဲ့”

“ဗျာ ကဝေသိုက်ဆိုတာ ဘယ်လိုဟာတုံး ဆရာ
ကြီးရဲ့”

“ရွာတစ်ရွာရဲ့ သုံးပုံတစ်ပုံလောက်ကို ဝိုင်းကြီး
ကာပြီး ဝိုင်းထဲမှာ အိမ်တွေ အဆောင်ကြီးတွေ
ဆောက်ပြီး တထီးတနန်း လုပ်ပြီးနေတာတဲ့ကွဲ့။
အဲဒီထဲမှာပဲ တပည့်တပန်းတွေ လက်ခံပြီး စုန်း
ပညာ ကဝေပညာတွေ သင်ပေးတယ်။ ပညာအ
ဆင့်တွေ တက်ပေးတယ်။ လပြည့်လကွယ် ည
တွေဆိုရင် ကျီတော်ကဝေမရဲ့ တပည့်စုန်းမ
တွေက တောက်စားကြတယ်”

တောက်စားတယ်ဆိုတာ သူတို့ ပညာတွေကို နှိုး
ပြီး ပညာစက်တွေ ထုတ်ကြတာပေါ့ဗျာ။ တချို့
လည်း မီးလုံးကြီးတွေ ဖြစ်ပြီး ကောင်းကင်မှာ
ပျံကြ သွားကြတာပေါ့။

“ဒါဆိုရင် ကျီတော်ကဝေမက ကျီတော်ရွာထဲမှာပဲ နေတာပေါ့ ဆရာကြီး”

“မဟုတ်ဘူး မောင်တာတေရဲ့၊ ရွာနဲ့ မလှမ်းမ
ကမ်းမှာ နေတာ ရွာကသတ်သတ် သူတို့က
သတ်သတ်ကွဲ့”

“ဒါဆိုရင် ခုနှစ်ရွာစားလို့ ခေါ်တာကကော
ဆရာကြီး”

“အေး ..စောစောက ကျုပ်ပြောတဲ့ ဆင်မတို့ လက်
ပံကုန်းတို့ ယာကြီးကုန်းတို့ဆိုတဲ့ ရွာခုနှစ်ရွာကနေ
ပြီး ဒီကဝေမကို အခွန်ဆက်သလို ဆက်နေရတာ
တဲ့ကွယ်။ အဲဒီ့ ခုနှစ်ရွာက ဆက်တဲ့ အခွန်တွေနဲ့
ဒီကဝေမက ဘုရင်မလို လုပ်နေတာဆိုပဲ။ သူ့ကို
အချိန်မှန်မှန် မဆက်တဲ့ ရွာဆိုရင် သူတို့တတ်တဲ့
ပညာတွေနဲ့ အမျိုးမျိုး ဒုက္ခပေးကြတာဆိုပဲ။ အဲဒီ့
ခုနှစ်ရွာလုံးက ကျီတော်ကဝေမကိုရော။ သူတ
ပည့်ကဝေကြီးတွေ။ မောက်ကိုင်၊ မောက်ပြားကြီး
တွေ စက်ကြီး နင်းနိုင်တဲ့ ကဝေမတွေ အားလုံးကို
တုန်နေအောင် ကြောက်ကြရတာတဲ့ မောင်တာ
တေရဲ့”

“ဟာ တော်တော်ကို ဗိုလ်ကျတဲ့ ကျီတော်
ကဝေမပဲဗျာ”

“ဗိုက်ကျတာတော့ မပြောနဲ့တော့ မောင်တာတေ
ရေ…ကျီတော်ကဝေမက သူလိုချင်တယ်လို့ ပြော
တာနဲ့ ချက်ချင်းအရောက် ပို့ပေးကြရတာဆိုပဲ။
နည်းနည်းပါးပါး လွဲချော်သွားလို့ကတော့ ကျီ
တော်ကဝေမရဲ့ အမျက်တော်သင့်ရင် တရွာလုံး
ဗိုက်တွေအောင့် ခေါင်းတွေမူးပြီး အော်ဟစ်နေ
ကြရတာဆိုပဲ။ ဒီအထဲမှာ သူတို့ကို ကလန်က
ဆန်လုပ်တဲ့ လူဆိုရင်တော့ အသေဆိုးနဲ့ သေ
အောင် လုပ်ကြတာတဲ့ကွယ်”

“ဟာ တော်တော့်ကို ဆိုးနေတာပါလား ဆရာကြီး
ရယ်”

“အေး …ဒါကြောင့် အထက်ပထမံ ပုဂ္ဂိုလ်ကြီးတွေ
က အဲဒီရွာခုနှစ်ရွာကို ကယ်တင်ဖို့ ကျုပ်ကို တာ
ဝန်ပေးလိုက်တာပေါ့ မောင်တာတေရယ်”

“သူတို့ကို ဘယ်လိုကယ်ရမှာတုံး ဆရာကြီး”

“ကျီတော်ကဝေမရဲ့ ကဝေသိုက်ကို ဖြိုပစ်ရမှာ
ပေါ့ကွယ်။ ပြီးရင် အဲဒီ့ခုနှစ်ရွာထဲမှာ သူတို့ဆီက
ပညာယူထားတဲ့သူတွေကို ပညာစွန့်ခိုင်းရမှာပေါ့”

“သိပ်တော့ မလွယ်ဘူးထင်တယ် ဆရာကြီးရဲ့”

“မောင်တာတေ ပြောတာ ဟုတ်တယ်ကွဲ့။ လွယ်
တော့ လွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အထက်က
ပေးတဲ့ တာဝန်ဆိုတော့ ကျုပ်အနေနဲ့ လွယ်တာ
ခက်တာတွေ အသာထားပြီး ကိစ္စပြီးမြောက်
အောင် လုပ်ရတော့မှာပေါ့ကွယ် အဓိကတော့
လက်ဦးမှု ရဖို့ပဲကွဲ့”

နောက်တစ်နေ့မှာပဲ အဘနဲ့ အမေကို ခွင့်တောင်းပြီး ကျုပ်ဆရာကြီး ဘိုးလူပေနဲ့ ခရီးထွက်ခဲ့တယ်။ ဆရာ
ကြီးပြောတဲ့အတိုင်းပဲဗျို့။ ခြေကျင်တစ်မျိုး၊ ကားနဲ့တ
မျိုး၊ လှည်းနဲ့တမျိုး သွားရင်းနဲ့ နောက်ဆုံးကြတော့
ယာကြီးကုန်းဆိုတဲ့ ရွာကို ကျုပ်တို့ဆရာတပည့်
ရောက်ခဲ့တယ်။

ယာကြီးကုန်းက အိမ်ခြေခုနှစ်ရာလောက် ရှိတဲ့ရွာ
ဗျ။ ရေခံမြေခံကလည်း ကောင်းချက်ဗျာ။ တစ်ရွာ
လုံး သစ်ပင်ကြီးတွေ စိမ်းစိုပြီး ညှို့မှိုင်းနေတာဗျ။
ကျီတော်ကဝေမ အပိုင်းစားနေတဲ့ ရွာခုနှစ်ရွာမှာ
ကျီတော်နဲ့ အဝေးဆုံး ရွာပဲဗျ။ ဒီရွာမှာ ဘိုးလူပေ
ရဲ့ အသိတစ်ယောက် ရှိတယ်တဲ့ဗျ။

ရွာထဲရောက်တာနဲ့ ဘိုးလူပေက သူ့အသိအိမ်ကို ရှာ
တယ်။ လိုက်ပို့တဲ့လူက သေသေချာချာပို့တယ်။ ရွာ
တောင်ပိုင်းမှာဗျ။ နာမည်က ဦးထွန်းတဲ့။ ကျုပ်တို့ကို
လိုက်ပို့တဲ့လူက ကိုဆင်ပေါက်တဲ့။

“ဘိုးထွန်း ဗျို့ ဘိုးထွန်း ဒီမှာ ဧည့်သည်တွေ
လာလို့ဗျ”

ကိုဆင်ပေါက်က အော်လိုက်တော့ နှစ်ဆောင်မြိုင်
အိမ်ကြီးရဲ့အပေါ်ထပ် ပြူတင်းပေါက်ကနေ အ
သက်ခြောက်ဆယ်လောက်ရှိတဲ့ ဘိုးတော်ကြီးတစ်
ယောက် ခေါင်းပြူကြည့်တယ်ဗျ

“ဟ ဆင်ပေါက်ပါလား၊ အိမ်ပေါ်ကို ခေါ်ခဲ့လေကွာ”

ကျုပ်တို့ ခြေတံရှည်အိမ်ကြီးပေါ်ကို တက်ခဲ့ကြတယ်

“ဘိုးထွန်း အိမ်ကို လိုက်ရှာနေလို့ ကျုပ်ခေါ်
လာခဲ့တာဗ်”

ဘိုးထွန်းဆိုတဲ့ ဘိုးတော်ကြီးကလည်း ဘိုးလူပေလိုပဲ
သျှောင်တစောင်းထုံးလို့ဗျ။ ဘိုးလူပေကို မျက်မှောင်
ကျုတ်ပြီး သေသေချာချာ ကြည့်တယ်။

“အကိုထွန်း ကျုပ်ကို မမှတ်မိဘူးလား။ ကျုပ် လူပေ
လေ”

“ဟာ ကိုလူပေ၊ ဝမ်းသာလိုက်တာ ကိုလူပေရာ။
ဗြုန်းစားကြီးဆိုတော့ ကျုပ်က မမှတ်မိဘူးကွဲ့။
မျက်စေ့တွေလည်း မှုံလာပြီ ကိုလူပေရေ”

“အကိုထွန်း အသက်ဘယ်လောက် ရှိပြီတုံး”

“ခြောက်ဆယ်နဲ့ ရှစ်နှစ်ရှိပြီ ကိုလူပေရဲ့၊ ကိုလူပေ
ကတော့ အရွယ်တင်ပါ့ဗျာ၊ နို့ အသက်ဘယ်လောက်
ရှိပြီတုံး”

“ကျုပ်လည်း ငါးဆယ်ကျော်ပြီ အကိုထွန်းရဲ့”

“အော် ကိုလူပေ့အဘ ကျုပ်တို့ဆရာကြီးပထမံ
ဦးပွားမရှိတော့ကတည်းက မဆုံဖြစ်ကြတော့ဘူး
မို့လား ဟိုတုန်းကတော့ တစ်နှစ်တစ်ခေါက်တော့
ဆရာကိုကန်တော့ဖို့ရောက်နေကြလေရော။ ဆ
ရာမရှိတဲ့နောက်တော့ မရောက်ဖြစ်တော့ဘူးပေါ့
ကိုလူပေရယ်”

ခဏနေတော့ ကျုပ်တို့ကို လိုက်ပို့တဲ့ ကိုဆင်ပေါက်
ပြန်သွားတယ်ဗျ။

” အကိုထွန်း အိမ်သူရော မမြင်ပါလား”

“မရှိတော့ဘူး ကိုလူပေရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကပဲ
ဆုံးသွားပြီ။ ကျုပ်က သားနှစ်ယောက်နဲ့အတူတူ
နေတာ။ အကြီးကောင်ရော အငယ်ကောင်ရော
အိမ်ထောင်တွေကျပေမဲ့ သားသမီးက တစ်
ယောက်မှ မထွန်းကားကြဘူးဗျ။ အခုတော့ ယာ
ထဲ ဆင်းသွားကြတယ်။ ညနေမှ ပြန်ရောက်မှာ။
နို့ ကိုလူပေတို့ ထမင်းရော စားပြီးပြီလား”

“ဟာ စားခဲ့ပြီးပြီ အကိုထွန်းရဲ့”

“ဟဲ့ လုံးတင် …အဲဒီ နှမ်းတွေ ထားခဲ့ပြီးတော့ ယာ
ထဲကို လိုက်သွားစမ်း။ အိမ်မှာ ကျုပ်ဆရာကြီးရဲ့
သား ဧည့်သည်ရောက်နေတယ်လို့ စောစောပြန်
ခဲ့ကြလို့ သွားပြောလိုက်။ ချက်ဖို့ ပြုတ်ဖို့ တစ်ခါ
တည်း ပြင်ဆင်ခဲ့လို့ ကြားလား လုံးတင်”

“ဟုတ်ကဲ့ ဟုတ်ကဲ့ ဘိုးရေ…။ ကျုပ် ခုပဲ သွား
လိုက်မယ်”

ကျုပ်တို့ ဝင်လာတုန်းက ဝိုင်းထဲမှာ နှမ်းပြာနေတဲ့
မိန်းမကို ဘိုးထွန်းက လှမ်းပြောတာဗျ။ ဘိုးလူပေ
ကို ခေါင်းရင်းမှာ နေရာထိုင်ခင်းပေးထားပြီး ရေ
နွေးကြမ်းတို့ လက်ဘက်ရည်တို့ကို သူကိုယ်တိုင်
ထပြီး လုပ်ပေးတာဗျ။ ကျုပ်ကတော့ လွယ်အိတ်
ထဲက နဂါးဆေးပေါ့လိပ်ကလေး တစ်လိပ်ထုပ်
ပြီး ကျုပ်ရဲ့လက်စွဲတော် ဓနုဖြူ ဒေါ်ရီမီးခတ်နဲ့
မီးညှိလိုက်တယ်။

နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက် လက်ဖက်က
လေး စားလိုက် ရေနွေးကြမ်းလေး သောက်လိုက်
နဲ့ အမောဖြေနေရတာပေါ့ဗျာ။ ကျုပ်ဆရာကြီး ဘိုး
လူပေကတော့ ဘာမှကို ဖြစ်ပုံမရတာဗျ။ မောပုံ
ပန်းပုံလည်း မရဘူးဗျ။ ကျုပ်နဲ့တွေ့စတုန်းကမှ
ဆေးတံလေးသောက်တာ တွေ့သေးတယ်။
နောက်ပိုင်းတော့ ဆေးတံတောင် မသောက်
တော့ဘူးဗျ။

“ဆရာကြီး ဆေးတံမသောက်တော့ဘူးလား”

လို့ ကျုပ်က မေးတော့ ဆရာကြီးက ခေါင်းခါပြ
ပြီး ပြောတယ်။

“အပိုဒုက္ခတွေ ဘာမှ မလုပ်တော့ပါဘူး မောင်
တာတေရယ်။ ဒီခန္ဓာဝန်ကြီးထမ်းရတာတင်
လေးလှပါပြီကွယ်”

လို့ ပြန်ပြောဖူးတယ်ဗျ။

အိမ်မှာ လူရှင်းနေတုံးဆိုတော့ ဆရာကြီးက ဘိုး
ထွန်းကို ကျီတော်ကဝေမ အကြောင်း မေးလိုက်
တယ်။

“ကိုလူပေရေ ဒီကဝေမ အကြောင်းတော့ မပြော
ပါနဲ့တော့ကွယ်၊ ဒီအနီးအနားက ရွာခုနှစ်ရွာကို
မလှုပ်ရဲအောင် ခြိမ်းခြောက်ထားပြီး အခွန်သဏ္ဍာ
ကောက်စားနေပါပေါ့လား။ ဘယ်သူမှလည်း သူ့
ကို မတော်လှန်ရဲဘူး။ ပုံမှန်အခွန်ဆက်သလို ဆက်
နေရတော့တာပါပဲကွယ်။

နေတာကတော့ ကျီတော်ကနေ ခွေးတဟောင်
လောက်ဝေးတဲ့ နေရာမှာ အဝန်းအဝိုင်းကြီး
တည်ဆောက်ပြီး နေတာကွဲ့။ လပြည့်လကွယ်
ညတွေဆိုရင် ကျီတော်ကဝေမရဲ့တပည့်တပန်း
စုန်းမတွေ တဝင်းဝင်းနဲ့ တောက်စားကြတာလို့
ဓါတ်တော်တို့ လက်ပံကုန်းတို့ကတောင် မြင်ကြ
ရတာကွဲ့။

တစ်ခါတစ်ခါဆိုရင် မီးလုံးကြီးတွေ ပျံနေတာတောင်
မြင်ကြရတာတဲ့။ ဒီခုနှစ်ရွာထဲက သူတို့မကျေနပ်တဲ့
ရွာဆိုရင် စုန်းမကြီးတွေက ဠင်းတကြီးတွေလုပ်ပြီး
ရွာပေါ်မှာ ဝဲတော့တာပါပဲ ကိုလူပေရယ်။ ဒါဆိုရင်
ရွာက လူတွေလည်း ကြောက်လန့်ပြီး ကျီတော်ကို
လူလွှတ် ဘာများ မကျေနပ်လို့ပါလဲ ဆိုတာကို
သွားမြန်းပြီး သူတို့အလိုရှိတာကို လုပ်ပေးကြရ
တော့တာကွဲ့”

“တော်တော်ကို လူပါးဝတဲ့ ကဝေမပဲ အစ်ကိုထွန်းရဲ့”

“သိပ်ဟုတ်တာပေါ့ ကိုလူပေရယ်။ ကျုပ်ဖြင့် ကျုပ်
ဆရာကြီးကို သတိရလိုက်ပါ။ ဆရာကြီးသာ ရှိရင်
ကျုပ်ကိုယ်တိုင် လာပင့်ပြီး ဒီကဝေသိုက်ကို ရှင်း
ဖို့ လျှောက်ထားပါရဲ့ကွယ်။ အခုတော့ ဆရာကြီး
ကလည်း မရှိတော့ ကျုပ်ကလည်း ဆရာကြီးက
ပညာကို ဟုတ်ဟုတ်ညားညား ယူထားတာ မ
ဟုတ်ဘူးလေ။ ဒီတော့ ကဝေမကို အခွန်ဆက်
ရတဲ့ အထဲမှာ ကျုပ်ပါ ပါနေတော့တာပေါ့ကွယ်”

“မပူပါနဲ့ အကိုထွန်းရယ်။ ဆရာပွားကြီး မရှိတော့
ပေမဲ့ ဆရာပွားကြီးရဲ့သား လူပေရှိပါတယ်ဗျာ။
ဒီကိစ္စကို အမြစ်ပြတါ ရှင်းပစ်ဖို့ အထက်ပုဂ္ဂိုလ်
ကြီးတွေက ကျုပ်ကို တာဝန်ပေးလိုက်လို့ ကျုပ်
လာခဲ့တာ အကိုထွန်းရဲ့”

“ဟာ ဟုတ်လား ကိုလူပေ၊ ကျုပ်ဖြင့် ကြားရတာ
ဝမ်းသာလိုက်တာကွယ်။ ကိုလူပေရဲ့အစွမ်းတွေ
ကို ကျုပ်လည်း သတင်းသဲ့သဲ့တော့ ကြားပါတယ်
ကျုပ်တို့ ခုနှစ်ရွာကို ကယ်ပါဦး ကိုလူပေရယ် နို့
ဒီသူငယ်က…”

“ဒီသူငယ်ရဲ့နာမည်က မောင်တာတေတဲ့။ လူငယ်
လောက် အင်မတန်သတ္တိကောင်းတဲ့ သူငယ်ပဲ အ
ကိုထွန်းရဲ့”

“ဟင် ဒီလို သူသေကိုယ်သေ လုပ်ရမဲ့ကိစ္စမျိုးမှာ
ဒီသူငယ်က ငယ်လွန်းများနေသလားလို့ပါ ကိုလူ
ပေရယ်”

ဘိုးလူပေက ဘိုးထွန်းကို ပြုံးကြည့်ပြီး ပြောတယ်ဗျ။

“ဒီအတွက်တော့ မပူနဲ့ အကိုထွန်း။ မောင်တာတေ
က ကျုပ်နဲ့တွေ့ပြီး ပွဲတော်တော် တွေ့ခဲ့ဖူးပြီ။ ပြီး
တော့ အကိုထွန်း သိတယ်မို့လား အကို စိုင်းနွံဖ
ကိုလေ”

“ဟား ဆရာနွံဖကို သိပါပြီလား ကိုလူပေရယ်။ ဆ
ရာဦးပွားရဲ့အားကိုးရတဲ့ ညာလက်ရုံးတပည့်ကြီးလေ”

“ဟုတ်ပါတယ် အကိုထွန်း၊ မောင်တာတေက
ဆရာနွံဖနဲ့လည်း တွဲပြီး အတွေ့အကြုံတွေ
ရှိခဲ့ဖူးတယ်ဗျ”

“ဟေ…ဟုတ်လား။ ဒီသူငယ်က လူသာငယ်တယ်
ဇက တယ်မသေးပါလား ကိုလူပေရဲ့၊ နာမည်က
မောင်တာတေတဲ့လား။ အင်း နေတက်ရေတက်
မွေးတဲ့ စနေသားလေး ထင်ပါရဲ့”

လို့ ကျုပ်ကို စိုက်ကြည့်ပြီး ဘိုးထွန်းက ပြောတယ်ဗျ

“အင်း တွေးမိရင် စိတ်မကောင်းဖြစ်ရတယ် ကို
လူပေရယ်”

ဘိုးထွန်း ကောက်ကာငင်ကာ ပြောလိုက်တဲ့ စကား
ကို ကြားတော့ ဘိုးလူပေက အံ့သြသွားပြီး…

“ဟင် ..ဘာများတုံး အစ်ကိုထွန်းရဲ့”

“ဒီလိုပါ ကိုလူပေရယ်၊ ကိုလူပေရဲ့ဖခင် ပထမံဆရာ
ပွားကြီးရှိစဉ်တုံးက ကျုပ်ကို မကြာမကြာပြောတာကွဲ့
‘ဟဲ့..ငထွန်း နင်ငါ့ဆီကပညာကို ဘာဖြစ်လို့ ထိထိ
ရောက်ရောက် မယူတာတုံး တနေ့ကြရင် နင်မှားမှန်း
သိလိမ့်မယ်နော် ငထွန်း’လို့ ပြောခဲ့တာကို ကျုပ်နား
ထဲမှာ ပြန်ပြီး ကြားကြားနေလို့ပါကွယ်”

ဘိုးထွန်းပြောတဲ့ စကားကိုကြားတော့ ဘိုးလူပေက
ဘာမှ ပြန်မပြောဘဲ ခေါင်းညိမ့်ပြီး ပြုံးရုံပြုံးနေတယ်
ဗျ။ ကျုပ်လည်း ကျုပ်ဆရာကြီးဘိုးလူပေကို သေ
သေချာချာ သတိထားမိတယ်ဗျ။ ဘိုးလူပေက ကျုပ်
စပြီး တွေ့တုံးကလိုပဲဗျ။

ဒီအရွယ်အတိုင်း မပြောင်းဘူး။ သျှောင်တစောင်း
လေး ထုံးလို့ပဲဗျ။ နှုတ်ခမ်းမွှေးလေးသဲ့သဲ့နဲ့ အသား
က လတ်လတ် အမြဲတမ်း ပုတီးစိပ်တရားထိုင်လုပ်
နေလို့လားတော့ မသိဘူးဗျ။ အသားအရေက စို
ပြေပြီး မျက်လုံးတွေကလည်း ကြည်လင်နေတာ
ဗျို့။ မျက်နှာမှာ လောဘ ဒေါသ အရိပ်တွေ ကင်း
နေတော့ ပိုပြီး ကြည်လင်နေတော့တာပေါ့ဗျာ။

ခဏနေတော့ ဆရာကြီးက ဘိုးထွန်းကို ကျီတော်
ကဝေမ အကြောင်းထပ်မေးတယ်။

“နေဦး ကိုလူပေ၊ ကျုပ်က ကျီတော်အကြောင်းကို
အကြမ်းဖျင်းလောက်ပဲသိတာ။ အသေးစိတ်သိတဲ့
လူတစ်ယောက်ရှိတယ်။ ဒီကောင့်နာမည်က ပိုကာ
လို့ခေါ်တယ်။ ကျုပ်တို့ ယာကြီးကုန်းက ပေးဖို့ တာ
ဝန်ကျတဲ့ ဆီတို့ ဆန်တို့ ငပိငခြောက်တို့ ငွေကြေး
တို့ကို ပိုကာက သွားသွားပို့ရတာကွဲ့၊ တစ်ရွာကို
တစ်ယောက်ပဲလာရတာ။ သူတို့ကဝေသိုက်ထဲကို
လူစိမ်းလုံးဝအဝင်ခံတာ မဟုတ်ဘူး။ သူတို့သတ်
မှတ်ထားတဲ့ လူနဲ့ လှည်းပဲ ဝင်ရတာ ဝင်ပြီးရင်
ပေးစရာရှိတာ ပေးပြီး ချက်ချင်းပြန်ထွက်ရတာ
နဲ့ ကို့လူပေရဲ့”

“ဒီရွာခုနှစ်ရွာက ပုံမှန်ပို့နေတဲ့ အခွန်အခတွေနဲ့တင်
ဒီကဝေသိုက်က ဟာမတွေ စားလို့ ဘယ်ကုန်မှာတုံး
အကိုထွန်းရဲ့”

“ဟာ…ဘယ်ကုန်လိမ့်မတုံး ကိုလူပေရယ် ဒါကြောင့်
ကျီတော်ကဝေမဆိုတဲ့ကောင်မက သူ့ကိုယ်သူ မြို့
စားမကြီးလိုလို ဘုရင်မလိုလို ထင်နေတာဖြစ်မှာ
ပေါ့ကွယ်”

“အင်း…ကျီတော်ကဝေသိုက်က ဟာတွေတော့
ကျုပ်နဲ့ တွေ့ကြတော့မှာပေါ့ အစ်ကိုထွန်းရာ ကျုပ်
ကလည်း အထက်ပုဂ္ဂိုလ်ကြီးတွေ အမိန့်ချလိုက်
လို့ကတော့ နည်းနည်းမှ လက်တွန့်တဲ့သူ မဟုတ်
ဘူး အစ်ကိုထွန်းရဲ့”

“ဝမ်းသာလိုက်တာကိုလူပေရယ် ကျုပ်တို့ရွာက
လူတွေလည်း ဘာမှမတတ်လို့သာ ခေါင်းငုံ့ပြီး
ခံနေကြရတာကွဲ့။ စိတ်ထဲမှာတော့ ဘယ်သူမှ
ကျေနပ်တာ မဟုတ်ဘူး ကိုလူပေရဲ့”

“နို့ နေပါဦး အစ်ကိုထွန်းရဲ့၊ ဒီကဝေသိုက်ကြီး ဒီ
နေရာကို ရောက်လာတာ ဘယ်လောက်ကြာ
ပြတုံး”

“ဟာ ခြောက်နှစ် ခုနှစ်နှစ်လောက် ရှိပြီထင်တယ်
ကွဲ့”

” ဘယ်ကနေများ ဒီကိုရောက်လာရတာတုံး အကို
ထွန်းရဲ့”

“ကျုပ်ကြားတာတော့ ဟိုတုံးက နာမည်ကြီးခဲ့
တဲ့ ဆည်တော်ကဝေမရဲ့ မျိုးဆက်တွေလို့
ပြောတယ်ကွဲ့”

“အင်း …ဖြစ်နိုင်တာပေါ့ အစ်ကိုထွန်းရဲ့ ဆည်တော်
ကဝေမရဲ့အဆက်တွေမို့လို့ ကျီတော်ကို ရွေးပြီး အ
သိုက်လာစိုက်တာ ဖြစ်မယ်ဗျ”

“ဘိုးထွန်း …ဗျို့ ဘိုးထွန်း”

“ဟေ ဘယ်သူတုံး”

ဘိုးတော်ကြီးက ပြူတင်းပေါက်ကနေ ငုံ့ကြည့်တယ်။

“ဟ..ပိုကာပါလား၊ မင်းကတော့ အသက်ရှည်ဦးမဲ့
ကောင်ပဲ။ အခုပဲ မင်းအကြောင်း ပြောနေတာကွ။
လာ လာ အိမ်ပေါ်တက်ခဲ့။ ရေငတ်တုံး ရေတွင်းထဲ
ကျဆိုသလို ဖြစ်တော့တာပဲဟေ့”

အသားညိုညို ဂင်တိုတို လူတစ်တစ်ယောက်
အိမ်ပေါ်ကိုဒတက်လာတယ်ဗျ။ဆံပင်က ဂတုံး
ဆံတောက်ညှပ်နဲ့ တော်တော်ကို သန်မာမဲ့လူပဲဗျို့။

“ဟဲ့ ပိုကာလာ ဒီကို…။ ဒါ ငါ့ ဆရာကြီး ပထမံ
ဆရာပွားကြီးရဲ့သားတပည့်ဆရာကိုလူပေတဲ့။
လာ လာ အထက်ဆရာကြီးကိုဦးခိုက်ကွဲ့”

ကိုပိုကာဆိုတဲ့လူက ဘိုးထွန်းပြောတဲ့အတိုင်းပဲဗျ။
ဆရာကြီးဘိုးလူပေရှေ့မှာ ရိုရိုသေသေထိုင်ပြီး ဆ
ရာကြီးကို ကန်တော့တယ်။

“ကဲ ပိုကာ မင်းလာရင်းကိစ္စကို အရင်ပြောစမ်း”

“တခြား ဘာကိစ္စမှ မရှိဘူး ဘိုး၊ ဘိုးအိမ်မှာ ဧည့်
သည်တွေ ရောက်နေတယ်လို့ လုံးတင်ပြောသွား
လို့ ဘာများလုပ်ကိုင်ပေးရမှာတုံးလို့ လာမေးတာ
ဘိုးရဲ့”

“အော် ဒါဆိုရင်တော့ နေရာကြပြီပေါ့ကွယ်၊ ဒီက
ဆရာကိုလူပေက ကျီတော်ကဝေသိုက် ကိစ္စလာ
တာကွဲ့။ ဆရာကြီး သိချင်တာလေးတွေကို မင်းက
သေသေချာချာ ပြောပြပေတော့”

“ဟုတ်ကဲ့ ဘိုး ကျုပ်သိတာတွေ ပြောပြပါ့မယ်”

ဒီတော့မှ ဘိုးလူပေက စပြီး မေးတော့တာဗျို့။

“မောင်ပိုကာရေ…အဲ့ဒီကျီတော်ကဝေမရဲ့ ကဝေ
သိုက်က ဘယ်နားမှာရှိတာတုံးကွဲ့”

“ကျီတော်ရဲ့တောင်ဘက် ခွေးတဟောင်လောက်
ဝေးတဲ့ နေရာမှာပါ ဆရာကြီး”

“ကျီတော်နဲ့ အဲဒီကဝေသိုက်နဲ့ကြားမှာ ယာတွေ
ရှိလား မောင်ပိုကာရဲ့”

“ဟာ မဟုတ်ဘူး ဆရာကြီး အဲဒီ့ဘက်မှာ ဘာ
ယာခင်းမှ မရှိဘူး တောတွေပဲ ရှိတာဗျ”

“အော် ဒါဆိုရင် ကဝေသိုက်က တောထဲမှာပေါ့”

“ဟုတ်တယ် ဆရာကြီး ဟိုတုံးကတော့ လက်ချိုး
ထင်းလေး ဘာလေးလိုဆိုရင် အဲဒီ့တောထဲမှာ
သွားပြီး ထင်းခွေကြာတာပဲ ဆရာကြီးရဲ့၊ ဒီနောက်
ပိုင်းကျတော့ အဲဒီ့ဘက်ကို ဘယ်သူမှ မသွားရဲ
တော့ဘူး သွားရင်လည်း မြွေလိုက်လို့ ပြေးရ
ကျားသစ်လိုက် လို့ပြေးရဆိုတော့ သွားရဲတဲ့
သူ လူကို မရှိတော့ပါဘူး ဆရာကြီးရဲ့”

“အဲဒီကဝေသိုက်ကို သွားရင် ဘယ်လိုသွားရတုံးကွဲ့”

“ဒီကနေ လက်ပံကုန်းကို အရင်သွားရတယ် ဆရာ
ကြီး၊ လက်ပံကုန်း ရောက်တော့မှ အရှေ့ထောင်
တက်လိုက်ရင် ကျီတော်ကို ရောက်ရောဗျ။ ကျီ
တော်ရောက်တော့မှ တောင်ဘက်ထွက်လိုက်ရင်
တောတွေ့တာပဲဗျ။ တောထဲမှာတော့ လှည်းလမ်း
ရှိတယ် အဲဒီ လှည်းလမ်းအတိုင်းသွားရင် ကျီတော်
ရှင်မနေတဲ့ နေရာကို ရောက်ရောဗျ”

“အထဲဝင်ဖို့ရော လွယ်ရဲ့လား မောင်ပိုကာရဲ့”

“ဟာ ဘယ်လွယ်မှာတုံးဗျ၊ ကျီတော်ရှင်မက သူ့နေ
ရာကို ရွာလေးတစ်ရွာလိုကို လုပ်ထားတာ ဆရာ
ကြီးရဲ့ တကယ်တော့ ဝိုင်းအကြီးကြီးပေါ့ဗျာ။ ဝိုင်းကြီး
လို့ရွာခရိုးတားသလိုကို ဆူးခက်တွေနဲ့ ကာထားတာ
ဗျ။လူမပြောနဲ့ တောကောင်တွေတောင် ဖောက်မဝင်
နိုင်ဘူး။ ဆူးခက်ခရိုးမှ အထူကြီးကာထားတာဗျ။ ပြီး
တော့ဝင်ပေါက် နှစ်ပေါက်ပဲ ရှိတယ်။ ဝိုင်းကြီးရဲ့အ
ရှေ့ဘက်မှာ တစ်ပေါက် အနောက်ဘက်မှာ တစ်
ပေါက်ဗျ။ ကျုပ်သွားပြီး ဆီတွေ ဆန်တွေပို့တဲ့အခါ
ဆိုရင်တော့ အရှေ့ဘက် အပေါက်ကပဲ အမြဲဝင်
တယ်။ ဆင်မတို့ဓါတ်တော်တို့ မြခိုးတို့ဘက်က လူ
တွေ ရိက္ခာလာပို့ရင်တော့ အနောက်ဘက်အပေါက်
က ဝင်ကြရတယ် ပြောတာပဲ ဆရာကြီး”

“နို့ အဲဒီ ဝင်ပေါက်တွေမှာ တံခါးတွေ ဘာတွေ
ရှိလားကွဲ့”

“ဟာ ရှိပါပြီလား ဆရာကြီးရယ်၊ တံခါးမှ အခိုင်
အမာကို လုပ်ထားတာဗျ။ သစ်သားတံခါးကြီး
တွေကိုအထဲကအမြဲတမ်း မင်းတုတ်ချပြီး ပိတ်
ထားတာ။ ကျုပ်က ဘယ်ရွာက လှည်းပါ၊ နာမည်
က ဘယ်သူပါလို့ အော်ပြောလိုက်တော့မှ တံခါး
ကို ဖွင့်ပေးတာဗျ”

“ဒါဆိုရင် ဒီအပေါက်တွေမှာ အစောင့်အမြဲချထား
ရမှာပေါ့”

“ဘာအစောင့်မှတော့ မတွေ့ဘူးဗျ။ ကျုပ်အော်လိုက်
ရင် တအောင့်လောက်ရှိတာနဲ့ တံခါးကြီးက သူ့အလို
လို ပွင့်သွားတာဗျ။ ကျုပ်လှည်းမောင်းပြီး ဝင်လိုက်
တာနဲ့ တံခါးက သူ့အလိုလို ပြန်ပိတ်သွားတာ တစ်
ယောက်ယောက်က အပိတ်အဖွင့် လုပ်ပေးနေသလို
တော့ ရှိတယ်။ ဒါပေမယ့် လူကိုမြင်ရတာ မဟုတ်ဘူး
ဆရာကြီးရဲ့။ အောင်မလေးဗျာ ပြောရင်နဲ့ ကြက်သီး
တွေတောင်ထလာပြီ ဆရာကြီးရယ် ကျုပ်ပြောပြနေ
တာကို ကျီတော်ရှင်မများ သိသွားပြီလား မသိဘူးဗျ”

“ဟား ဟား ဟား ဒီလောက်လည်း မကြောက်ပါနဲ့ မောင်ပိုကာရယ် ကျုပ်တစ်ယောက်လုံး ရှိပါတယ်
ကွဲ့။ မင်း ရှင်မလည်း မသိလောက်ပါဘူးကွယ်။ ဒါ
ထက် ဝန်းကြီးထဲမှာ အိမ်တွေရှိလားကွဲ့”

“ဟာ ရှိတာပေါ့ ဆရာကြီးရဲ့။ ကျုပ်တို့က ရိက္ခာပို့
တဲ့သူတွေဆိုတော့ ဝိုင်းကြီးတောင်ဘက်က ရိက္ခာ
ကျီထဲကို ပို့ပေးရတယ်။ ကျီသော့ကိုင်တဲ့ မိန်းမနှစ်
ယောက်က တံခါးဖွင့်ပေးတယ်။ သူတို့လည်း စုန်း
မတွေပဲ ထင်ပါတယ်ဗျာ။ အဲဒီကို သွားရင် တဲအိမ်
ငါးလုံးလောက်ကို ကျော်သွားရတယ်ဗျ။ တဲတိုင်းမှာ
မိန်းမနှစ်ယောက်၊ သုံးယောက် နေတာကို တွေ့ရ
တယ်။ ကျီတော်ရှင်မက ဝိုင်းကြီးရဲ့ အလယ်မှာ
အိမ်ကြီးတစ်လုံးနဲ့ နေတာဗျ။ သူ့အိမ်ရဲ့အရှေ့၊
အနောက်၊ တောင်၊ မြောက်မှာ တဲအိမ် ငါးလုံး
ခြောက်လုံးရှိတယ်။ စုစုပေါင်း ပညာသည်တွေ
နေတဲ့တဲက အလုံးအစိပ်လောက် ရှိမယ်ဗျ”

“ဒါဆိုရင် ကျီတော်ကဝေမရဲ့ တပည့်စုစုပေါင်း ငါး
ဆယ်ကျော်လောက် ရှိမှာပေါ့”

“ဟာ ရှိမယ် ရှိမယ် ဆရာကြီး အဲဒီလောက်ရှိနိုင်
တယ်”

“ကျီတော်မှာ မောင်ပိုကာနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ
ဘာတွေ ရှိသလားကွဲ့”

“ဟာ ရှိတာပေါ့ ဆရာကြီးရဲ့၊ ကျုပ်တို့ ခုနှစ်ရွာမှာ
က ဟိုတုံးကတည်းက ဟိုရွာ ဒီရွာ လှည့်ပတ်ပြီး
အိမ်ထောင်ချပေးကြတာ ဆိုတော့ အားလုံးဟာ
ဆွေရိပ်မကင်း၊ မျိုးရိပ်မကင်းတွေချည်းပဲဗျ။ ကျီ
တော်မှာဆိုရင် ကျုပ်အဘဘက်က အမျိုးတွေမှ
အများကြီးရှိတာ ဆရာကြီးရဲ့”

“ဟာ ဒါဆိုရင် ဟန်ကျပြီပေါ့ကွယ်၊ ကျုပ်တို့ကို
ကျီတော်က စိတ်ချရတဲ့သူနဲ့ ဆက်ပေးစမ်းပါကွယ်”

ဒီတော့မှ ဘိုးထွန်းက ဝင်ပြောတာဗျ။

“ဟာ ဒီအတွက်တော့ မပူနဲ့ကိုလူပေရဲ့၊ ကျုပ်ညီ
အရင်းရဲ့သား ကျုပ်တူအရင်း မောင်ခင်ဆိုတာ
ကျီတော်မှာ ရှိတယ်ကွဲ့။ဟိုရောက်ရင် မောင်ခင့်
အိမ်မှာတည်းပါ။ မောင်ခင်ဆိုတဲ့ကောင်က ကျုပ်
ငယ်ငယ်တုံးကလိုပဲ။ အထက်လမ်းဆရာတွေကို
အားကြီး ရိုသေလေးစားတာကွဲ့၊ ကဲ မနက်ဖြန်
မနက်စောစော မောင်ပိုကာက ကိုလူပေတို့ ဆ
ရာတပည့်ကို ကျီတော်က ကျုပ်တူ မောင်ခင့်
အိမ်ကို အရောက်ပို့ပေးလိုက်ပါကွယ်။ ပြီးတော့
ဒီကိစ္စကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နဲ့ လုပ်
ရမယ်ကွဲ့။ ကျီတော်ကဝေမက ကိုလူပေတို့
ရောက်လာတာကို ကြိုမသိလေကောင်းလေပဲ”

“စိတ်ချပါဘိုး ကျုပ် မနက်စောစော လှည်းကောက်
ပြီး လာခဲ့ပါမယ်”

“အေး အေး မောင်ပိုကာရေ အစစအရာရာ စိတ်ချ
မယ်နော်”

“စိတ်ချပါ ဘိုး။ စိတ်ချပါ”

ဘိုးထွန်းရဲ့ သားတွေနဲ့ ချွေးမတွေလည်း ယာထဲက
နေ အစောကြီး ပြန်လာပြီး ကျုပ်တို့ကို ချက်ပြုတ်
ကျွေးမွေး ဧည့်ဝတ်ပြုကြတယ်ဗျ။ နောက်နေ့ရောက်
တော့ ကိုပိုကာ လိုက်ပို့လို့ ကျုပ်နဲ့ဆရာကြီး ကျီတော်
ကို ရောက်တယ်။ ဘိုးထွန်းရဲ့တူ ကိုခင်က ဘိုးလူပေ
ကို တွေ့တွေ့ချင်း ကြည်ညိုသွားရောဗျ။

ဘိုးလူပေ သိချင်တာတွေကို ကိုခင်က အကုန်ပြော
နိုင်တယ်။ ဘာဖြစ်လို့တုံးဆိုတော့ ကျီတော်ရွာက
ရိက္ခာတွေ ပို့ရတဲ့လူက ကိုခင်ဖြစ်နေတာကိုဗျ။

“ဆရာကြီး ဘာမှမပူနဲ့ ကဝေသိုက်ထဲကို ရောက်
အောင် ကျုပ်လိုက်ပို့ပေးမယ်။ အဲဒီထဲကို ဝင်တဲ့
လျှို့ဝှက်အပေါက်ကို ကျုပ်သိတယ်။ ကျုပ်လည်း
ဒီကောင်မကြီးတွေကို ဖြိုပစ်ချင်တကြာပြီဗျ”

ဘိုးလူပေကလည်း အချိန်ဆွဲတတ်တဲ့လူ မဟုတ်
ဘူးဗျို့။ ရောက်တဲ့ညပဲ ကဝေသိုက်ကိုဝင်ဖို့ ဆုံး
ဖြတ်လိုက်တယ်။ ဒါကိုလည်း ဆရာကြီးက ကျုပ်
ကို ပြောပြတယ်ဗျ။

“နောက်နေ့ဆိုရင် ကျုပ်ရောက်နေတာကို ကျီတော်
ကဝေမ သိသွားမှာ သေချာတယ်ကွဲ့၊ ဒီတော့ သူ
မသိခင် ကိုယ်ကလက်ဦးမှု ယူရမယ် မောင်တာတေ
ရဲ့။ ဒါဆိုရင် လွယ်လွယ်လေးနဲ့ ကိစ္စပြီးသွားမယ်”

ညရှစ်နုာရီလောက်မှာ ကိုခင်က ကျုပ်တို့ကို လိုက်
ပို့တယ်။ ကဝေသိုက်ကို ဝင်ဖို့ လျှို့ဝှက်အပေါက်ကို
ကိုခင်က ဖွင့်ပေးတယ်။ ကျီတော်ကဝေမ နေတဲ့အိမ်
ကိုလည်း လမ်းညွှန်လိုက်တယ်။သူကတော့ ကျီတော်
ကို ပြန်သွားတယ်။

ဘိုးလူပေက ကဝေသိုက်ထဲကို ရောက်တာနဲ့ က
ဝေမနေဲ့ စုန်းမတွေရဲ့စက်ကို သိမ်းတယ်။ အချို့ကို
တော့ စက်မသိမ်းပဲ ချုပ်ထားလိုက်တယ်။

ကိုခင် ပြောထားလို့ ကဝေမတွေကိုးကွယ်တဲ့ ကဝေ
နတ်ကြီးရုပ်ထုရှိတဲ့ နတ်ကွန်းထဲသို့ ကျုပ်နဲ့ ဘိုးလူ
ပေ အခက်အခဲ မရှိဘဲ ချက်ချင်းရောက်ခဲ့ကြတယ်။
ဘိုးလူပေက ပထမံအတတ်နဲ့ စီရင်ထားတဲ့ ဆေးဖ
ယောင်းတိုင်ကြီးတစ်တိုင်ကို ကဝေနတ်ကြီးရဲ့ရှေ့
မှာ ထွန်းပြီး အမိန့်ပြန်တယ်။

“ပထမံ ပုဂ္ဂိုလ်ကြီးတွေရဲ့အမိန့်အရ ကျွန်ပ် ဒီနေရာ
ကို ရောက်လာခဲ့တယ်။ သင်တို့အားလုံးရဲ့စက်တွေ
ကို ကျွန်ုပ်သိမ်းလိုက်ပြီ။ သင်တို့ရဲ့ပညာတွေ ထုတ်
လို့မရ၊ ပိတ်သွားစေ၊ မြုံသွားစေ၊ ဒီအမိန့်ကို အာခံတဲ့
စုန်း၊ ကဝေ၊ ကတော်၊ မောက်လုံး၊ မောက်ပြား အား
လုံး လောင်မီးကျသလို ပူလောင်ကျွမ်းမြိုက်ကြစေ၊
အထက်ဆရာအားလုံးရဲ့အမိန့် ကျွန်ပ်ဆရာ မောင်
လူပေရဲ့အမိန့်”

လို့ အမိန့်ပြန်ပြီးတာနဲ့ မြေပြင်ကို ဖနောင့်နဲ့ ပေါက်
လိုက်တယ်ဗျ။

“ဝုန်း”

ကဝေနတ်ရုပ်ကြီးရှေ့မှာ ထွန်းထားတဲ့ ဆေးဖရောင်း
တိုင်ကြီးက ဝုန်းကနဲ မီးတောက်ကြီး တက်သွားပြီး က
ဝေနတ်ကြီးရဲ့နှာခေါင်းပေါက် နားပေါက်တွေထဲကို မီး
တောက်တွေ ဝင်သွားတယ်ဗျ။ ခဏကြာတော့ ကဝေ
နတ်ရုပ်ကြီး တစ်ခုလုံး မီးဟုန်းဟုန်း ထတောက်တော့
တာပဲဗျာ။

“မောင်တာတေ ဆေးဖယောင်းတိုင် ယူလိုက်”

ကျုပ်လည်း ဆေးဖယောင်းတိုင်ကို ကပျာကယာ
ပြေးပြီး နှုတ်ယူလိုက်တယ်ဗျ။

“မီးမှုတ်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်”

“အောင်မလေးတော့၊ သေပါပြီတော့၊ ကယ်ပါဦး
ရှင်မရဲ့၊ ပူလှချည်ရဲ့တော့”

ဟာ ကဝေသိုက်ကြီး တစ်ခုလုံး၊ အော်သံဟစ်သံ
တွေနဲ့ ကျွက်ကျွက်ကို ညံသွားတော့တာပဲဗျို့။

“ဝီ” “ဝီ” “ဝီ”

ဟာ မီးလုံးကြီးဗျို့။ ကျုပ်တို့ ရှေ့နားမှာ ပျံနေတာဗျ။

“သတိထား မောင်တာတေ ဒါလောင်မီးကဝေကွဲ့။
ကျုပ်ချုပ်လို့ မရလို့ ကဝေမပဲကွဲ့၊ ဒီကောင်မနဲ့ သူ့
သခင်မ နှစ်ယောက်ပဲ ကျန်မှာပါကွယ်။ ကျန်တာ
တွေကတော့ သူတို့တဲထဲမှာ လူးလှိမ့်နေကြပါပြီ”

ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ အင်းတစ်ချပ် နှိုက်
ပြီး ကျုပ်တို့ဘက်ကို တည့်တည့်ကြီး နှိမ့်ပျံလာတဲ့
မီးလုံးကြီးဆီကို လက်ထဲက အင်းနဲ့ပစ်လိုက်ရော
ဗျို့။

“ဝုန်း”

ဟာ မီးတောက်ကြီးဗျာ။ နဲနဲနောနော မဟုတ်ဘူး
ဗျို့။ ကဝေသိုက်ကြီး တစ်ခုလုံး လင်းထိန်သွားတာ
နေ့ဘက်လား မှတ်ရတယ်။ လောင်မီးကဝေမရဲ့
စက်တွေကလည်း ဖြာထွက်လာတာ။

ဘိုးလူပေက စက်တွေကို လက်နဲ့ ယမ်းပစ်လိုက်တာ စက်တွေက ကျုပ်တို့ဘက်ကို ရောက်မလာတော့ပဲ ဘေးဘက်တွေ ထွက်သွားရောဗျ။ လောင်မီးကဝေမ
ရဲ့အဖြစ်အပျက်ကိုသိသွားတဲ့ ကျီတော်ကဝေမက
ကိုယ်တိုင် ထွက်လာတော့တာပေါ့ဗျာ။

“ဟဲ့ ဘယ်ကအကောင်က ငါ့နယ်မြေကို ကျူးကျော်
လာတာတုံး၊ ကျီတော်ကဝေမအကြောင်းကို နည်း
နည်းမှ မကြားဘူးလို့ လာပြီး စမ်းတာလား။ဟိုနောက်
အကောင် ပေါက်စလေးကို ဘာလို့ခေါ်လာတာတုံး။
ကဝေနတ်ကြီးကို ယစ်ပူဇော်ဖို့လား။ ဟား ဟား
ဟား ဟား”

ကျီတော်ကဝေမက အရပ်ရှည်ရှည် ထွားထွားကျိုင်း
ကျိုင်းကြီးဗျ။

“ဟဲ့ ကျီတော်ကဝေမ နင်တို့ ကိုးကွယ်တဲ့ ကဝေနတ်
ကြီးလား မီးလောင်ပြီး ပြာတောင်ကျတော့မယ်”

“နင်က တော်တော်စွာတဲ့ အကောင်ပဲ ကဲ ရော့
ကျီတော်ကဝေမရဲ့စက်၊ နင်ခံနိုင်ရင်ခံပေတော့
မခံနိုင်ရင်တော့ မသာပေါ်ပြီသာ မှတ်ပေတော့
ဟေ့”

ဟာ ကျီတော်ကဝေမ စက်တွေ လွှတ်ပြီဗျို့။ စက်
တွေက တဝင်းဝင်းတလက်လက်နဲ့ ဘိုးလူပေဆီ
ကို ပြေးဝင်လာတာဗျ။ ဘိုးလူပေက အင်းတစ်ချပ်
ကို လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အဆင်
သင့် စောင့်နေတယ်ဗျ။

ဟော ပစ်ပြီဗျို့။ ဘိုးလူပေ အင်းပစ်လိုက်ပြီ။

“ဝုန်း၊ ဝုန်း”

ဟာ ကျီတော်ကဝေမ လွှတ်လိုက်တဲ့ စက်တွေ အ
ပိုင်းပိုင်း ပြတ်ထွက်သွားပြီဗျာ။ ကျီတော်ကဝေမ
ကိုယ်တိုင် မြေကြီးပေါ်ကို ဖင်ထိုင်လျက် လဲကျ
သွားပြီဗျို့။ ဒါပေမဲ့ ကျီတော်ကဝေမက ချက်ချင်း
ထပြီး ဆံပင်ကို ဖြေပြီး ဖားလျားချလိုက်တယ်ဗျ။

ဆရာကြီးဘိုးလူပေရဲ့အကျင့်ကို ကျုပ်က သိပြီး
သားဗျ။ ဘယ်တော့မှ အချိန်ဆွဲတဲ့ ပုဂ္ဂိုလ်မဟုတ်
ဘူး။ လုပ်စရာရှိတာ မြန်မြန်လုပ်တတ်တဲ့ပုဂ္ဂိုလ်ဗျ။
ကျီတော်ကဝေမက ကောင်းကင်ကို တစ်ချက်
မော့ကြည့်တယ်ဗျ။

“နင် ဒီလို စက်ကြိုးနင်းပြီး ထွက်ပြေးလို့ လွတ်မယ်
ထင်သလား ကဝေမရဲ့။ ရိုးသားတဲ့ တောင်သူတွေ
အပေါ်မှာ ဗိုလ်ကျပြီး အနိုင်ကျင့်တဲ့ နင့်လိုဟာမျိုး
ကို ဟောဒီလို ပွဲသိမ်းလိုက်မယ် ကဲ ဟာ”

လို့ ပြောပြီးတာနဲ့ ဘိုးလူပေက အင်းတစ်ချပ်ပစ်
သွင်းလိုက်ရောဗျို့။

“ဝုန်း”

ဆိုတဲ့အသံကြီးနဲ့ အတူတူ မီးခိုးလုံးကြီး ထွက်သွား
ရောဗျ။ အခိုးအငွေ့တွေ ငြိမ်ပြီး တဖြေးဖြေးပျောက်
သွားတော့ မြေကြီးမှာ စန့်စန့်ကြီး လဲကျနေတဲ့ ကျီ
တော်ကဝေမကို တွေ့ရတော့တာပဲဗျာ။

ဆရာကြီး ဘိုးလူပေက အချိန်ဆွဲတဲ့သူမဟုတ်ဘူး
လေ။ ကဝေသတ်ဖြတ်အင်းကြီးကို ပစ်သွင်းလိုက်
ပုံရတယ်ဗျ။ ပထမံအင်းကတော့ ပြင်းချက်များ…။
ဘိုးလူပေက လက်ဦးသွားလို့ ပွဲက ခဏလေး သိမ်း
သွားတော့တာဗျ။

ခဏကြာတော့ လူသံတွေကြားနေရတယ်ဗျ။
လက်စသတ်တော့ ကိုခင့်က ကျီတော်နဲ့ လက်ပံ
ကုန်းက လူတွေ စုပြီး ကဝေသိုက်ကို ဖျက်ဖို့ဝင်
လာတာဗျို့။ ရွာသားတွေရဲ့ညာသံပေးပြီး ဝင်လာ
တဲ့ အသံကြောင့် ဆန့်ငင်ဆန့်ငင်ဖြစ်နေတဲ့ က
ဝေမတွေနဲ့ စုန်းမတွေက ကြောက်လန့်တကြား
ဖြစ်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ကြ
ရောဗျို့။

ဆရာကြီးဘိုးလူပေက အားလုံးကို ပညာတွေ စွန့်
ခိုင်းပြီး ရွာသူကြီးတွေ လက်ထဲကိုအပ်လိုက်တယ်
ဗျ။ ကျုပ်နဲ့ ဘိုးလူပေကတော့ နောက်တစ်နေ့မှာ
ပဲ ပြန်လာခဲ့ကြတာပေါ့ဗျာ။

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး နဲ့ အားပေးသွားပါအုံးဗျာ

ပြီးပါပြီ