မှန်ထဲကသရဲမ

အမောပြေ ဆေးပေါ့လိပ်တွေ
ဖွာကြတာပေါ့ဗျာ။

ဆေးလိပ်ဖွာရင်း အိမ်နဲ့ဝိုင်းကို အကဲခတ်ကြည့်နေကြတယ်။

“နို့ ဘယ်ကလှည့်ဝင်လာကြတာတုံး”

ကျုပ်က မေးလိုက်တော့ သူတို့နှစ်ယောက် မျက်နှာကို ပြင်လိုက်ကြတယ်။

“ဘယ်ကမှ လှည့်ဝင်တာ မဟုတ်ဘူးဟေ့
မင်းဆီကိုပဲ တည့်တည့်လာခဲ့တာကွ တာတေရ”

ဘာကိစ္စများရှိလိုပါလိမ့်လို့ ကျုပ် တွေးလိုက်မိတယ်

“ဟုတ်လား ပြောပါဦး ကိုကြီးကျောက်နီရဲ့ ဘာကိစ္စများတုံး”

ကိုကျောက်နီက မျက်မှောက်ကြီးကြုတ်လိုက်တယ် ကိုပေါ်လာကတော့ ခေါင်းတညိတ်ညိတ် လုပ်နေတယ်ဗျ။

“ဒီလို တာတေရေ။
ငါတို့ရွာမှာ ထူးထူးဆန်းဆန်းကလေးတွေ ဖြစ်နေတယ်ကွ”

“ဟင် ဟုတ်လား ။

ဘာတွေဖြစ်လို့တုန်းဗျ။ကိုကြီးကျောက်နီရ။

ပြောပါဗျာ ကျုပ်ကလည်း ထူးထူးဆန်းဆန်းဆို လွှတ်စိတ်ဝင်စားတာဗျ”

ကျုပ်က အဲဒီလို ပြောလိုက်တော့ ကိုကြီးကျောက်နီက ပြောဖို့ ချိန်နေတယ်ဗျ။ ဘယ်က စပြောရမလဲလို့ တွေးနေတာ ထင်ပါရဲ့ဗျာ။

“တို့ရွာမှာ ဆရာကြီးတစ်ယောက် ရောက်နေတယ်ကွ”

“ဟင် ဟုတ်လားဗျ။ဆေးဆရာကြီးလား”

“A ဆေးဆရာလို့ပဲ ပြောရမှာပေါ့ကွာ
ပယောဂလည်း နိုင်တယ်ကွ”

“ဟင် အဲဒါကောင်းတာပေါ့ ကိုကြီးကျောက်နီရ”

“အေး အပေါ်ယံကြည့်ရင်တော့ ကောင်းတာပေါ့ကွာ ဒါပေမဲ့ အဲဒီဆရာကြီးရောက်တာ တစ်လတောင် မရှိသေးဘူးကွ။တို့ရွာမှာ ဖျားကြ နာကြ ဗိုက်အောင့်ကြ ပိုးထိကြနဲ့ တစ်ရွာလုံးမှာ
လူမမာတွေ ဖြစ်ကုန်ကြတယ်ကွ”

“သြော် ဒီလိုလား ။ နို့ ဆရာပုံကတော့ ဘယ်လိုတုံးဗျ”

“အသက်က ငါးဆယ်လောက်ရှိပြီကွ အသားညိုညို ဥပဓိရုပ်ကောင်းကောင်း နှုတ်ခမ်းမွေးကြီးနဲ့ကွ။အဝတ်ကလည်း
အပေါ်ဖြူ အောက်ကဖြူပဲ အမြဲဝတ်တာ လည်ပင်းမှာလည်း စိပ်ပုတီးတစ်ကုံးက အမြဲဆွဲထားတယ်။အချိန်ရရင် ပုတီးဖြုတ်ပြီး
စိပ်နေတော့တာ”

“နို့ နာမည်က ဘယ်လိုခေါ်တုံး”

“ဦးမှုံတဲ့ကွ။ ဆရာမှုံလို့ ခေါ်ကြတယ်။ဆေးကတော့ အလိုက်သားကွ။

သူကုရင် ပျောက်တာချည်းပဲ”

“ဒါဆိုရင် ကိုကြီးကျောက်နီတို့က ဘာကို သံသယဖြစ်တာတုံးဗျ”

“သူ ရောက်လာမှ ရွာမှာ အနာရောဂါတွေ ထူပြောလာတာရယ်။နောက်ပြီးတော့ ဆရာမှုံက အမြဲသက်သက်လွတ်စားတာကွ။

ဒါပေမဲ့ တချို့ဖျားနာတဲ့လူတွေက ညဘက် ကယောင်ကတမ်းတွေ ပြောတာတို့ယောင်ရမ်းအော်တာတို့ ဖြစ်ကြတော့ ဆရာမှုံက ရွာသူ မကျေနပ်ဘူးဟေ့။

အမဲသား ဟင်း ချက်ကြစမ်းဆိုပြီး ညဘက်ထမင်းတွေ။ဟင်းတွေယူပြီး
ရွာပြင်ကို ထွက်ထွက်သွားတတ်တယ်ကွ။

သူကတော့ ရွာသူမြှောက်တာတို့ ပြောတာပဲကွ။

ပြီးတော့ ရွာထဲက ဖိုးထောင်တို့က ပြောတာကတော့ ဆရာမှုံကတဲ့
မှန်ရှေ့မှာရပ်ပြီး တစ်ယောက်တည်း စကားပြောနေတတ်တယ်တဲ့ကွ”

“ဟင် ဟုတ်လား။မှန်ထဲမှာ ပေါ်နေတဲ့သူ့ပုံကိုကြည့်ပြီး ပြောတာလား”

“မဟုတ်ဘူးကွ တခြားတစ်ယောက်နဲ့ပြောနေတဲ့ပုံတဲ့ တာတေရ။

ဖိုးထောင်တို့ ပြောတာကတော့ မိန်းမတစ်ယောက်နဲ့ပြောနေတဲ့ ပုံပဲကွ။

တိုးတိုး တိုးတိုး ပြောတာပဲတဲ့။ဒါပေမဲ့ ဖိုးထောင်တို့က ချောင်းနားထောင်လို့ သိတာတဲ့ကွ”

“ခင်ဗျားတို့ ဆရာမှုံက စိတ်ရောမှန်ရဲ့လားဗျာ”

ကျုပ်က မေးလိုက်တော့ ကိုပေါ်လာက ဝင်ဖြေတယ်ဗျ။

“ဟာ စိတ်တော့မှန်ပါတယ် တာတေရ။
ဆေးတွေ ဘာတွေ ကုနေတာ ဘာအမှားအယွင်းမှ မရှိပါဘူးကွ”

“ဒါနဲ့ အဲဒီဆရာက ဘယ်မှာတည်းတာတုံးဗျ”

“မင်းခနောက်က ကိုဘိုဆန်းကို သိတယ်မို့လား”

“ဟာ သိတာပေါ့ ကိုကြီးကျောက်နီရဲ”

“အေး ကိုဘိုဆန်းတို့အိမ်မှာ တည်းတာကွ ကိုဘိုဆန်းတို့ မနှစ်ကနွေကမှ ဘုရားဖူးကြတယ်လေ အဲဒီမှာ သိလာတာလို့ ပြောတာပဲကွ”

“ဘုရားဖူးသွားရင် ခင်မင်သွားတော့ ရွာကိုလာပါ ။ ဆေးလာကုပါ။
ဘာညာ ပြောခဲ့မှာပေါ့ တာတေရာ”

ကိုပေါ်လာကြီးက သူ့အထင်ကို ပြောပြတာဗျ။

“အဲဒါ ကျုပ်က ဘာလုပ်ပေးရမှာတုံး ကိုကြီးကျောက်နီ”

“ဒီလိုကွာ တာတေရာ။မင်းက အတွေ့အကြုံတွေရှိလို့ ငါတို့က မင်းကို အားကိုးတာကွ။မင်း ငါတို့ရွာကို တစ်ခေါက်လောက်လာပြီး အနေအထားကို နည်းနည်းလောက် အကဲခတ်ကြည့်စေချင်လို့ကွ”

“သြော် ဒီလိုလား ။ အင်း လာမှာပေါ့ဗျာ။

ကျုပ်လည်း ဘယ်မှမသွားဖြစ်တာ ကြာပြီဗျ။

ဒီလိုလုပ်ဗျာ။အခု ကိုကြီးကျောက်နီတို့ ပြန်တော့ အဲဒီဆရာရဲ့ အခြေအနေကို သေသေချာချာ အကဲခတ်ထား
ကျုပ် သဘက်ခါကျတော့ ဆက်ဆက်လာခဲ့မယ်။

မနက်ဖြန်ကျတော့ အဘက မြို့သွားဦးမှာဆိုတော့
ကျုပ်က အိမ်မှာရှိဦးမှ ဖြစ်မှာဗျ။

သဘက်ခါကျတော့ အဘပြန်ရောက်တာနဲ့
ကျုပ် ထွက်လာခဲ့မယ်”

“အေး ကောင်းသားပဲကွ ။ ငါတို့စောင့်နေမယ်။
မင်းသာ ဆက်ဆက်လာခဲ့ပေတော့”

“ဟာ စိတ်ချပါ ကိုကြီးကျောက်နီရာ
တာတေဆိုတဲ့ကောင်က ဒီလိုကိစ္စမျိုးတွေဆိုရင်
လွှတ်စိတ်ဝင်စားတဲ့ ကောင်ပါဗျာ။

ကိုကြီးကျောက်နီလည်း သိသားပဲဟာ။

ကဲ စောင့်သာနေ ။ သန်ဘက်ခါ
ကျုပ်ရောက်အောင် လာမယ်”

အဲဒီနေ့က ကိုကြီးကျောက်နီနဲ့ ကိုပေါ်လာကြီးဒို့နှစ်ယောက်

ကျုပ်တို့ရွာက ဘုရားပွဲအကြောင်း။ ဒိုးပတ်ပြိုင်ပွဲအကြောင်း
ရောက်တတ်ရာရာတွေ ထိုင်ပြောလိုက်ကြတာ
ညနေကို စောင်းရောဗျာ။

ဒီတော့မှ ပြန်သွားကြတာ ညရောက်တော့ သူတို့ပြောတဲ့ ဆရာမှုံအကြောင်းကို ကျုပ်လည်း တွေးနေတော့တာပါဗျာ။

နောက်တစ်နေ့ရောက်တော့ အဘက မြို့ကို သွားတယ်။
စျေးဝယ်ပါပဲ။အမေကလည်း သူပါ လိုက်ချင်လို့ ဆိုတော့
အဘက ခေါ်သွားတယ်။

ကျုပ်တို့ရွာက ကားက တစ်ရက်ကျော်ထွက်တာလေဗျာ။

ကားထွက်တဲ့နေ့ လိုက်ကြရတာပေါ့။

မြို့က ပွဲရုံမှာပဲ တစ်ညတည်းကြမှာပေါ့။

နောက်နေ့စောစော ကားပြန်စီးပြီး ရွာကိုဆွမ်းခံဝင်ချိန်
ပြန်ရောက်မှာပေါ့ဗျာ။

အဘတို့ အမေတို့ မြို့က ပြန်ရောက်တဲ့နေ့ပဲ
ကျုပ်သံခနောက်ကို ထွက်လာခဲ့တယ်။

သံခနောက်က ငွေယားကုန်း အရှေ့ဘက်ကျတယ်။

ငွေယားကုန်းကိုတော့ မဝင်တော့ဘူး။

ငွေယားကုန်းဝင်မိရင် သံခနောက်ကို ရောက်မှ
မဟုတ်တော့ဘူးဗျ။

ငွေယားကုန်းက သူငယ်ချင်းတွေက ဆွဲထားကြမှာ။

ဒါကြောင့် ရွာပြင်ကပဲ ပတ်သွားခဲ့ရတယ်။

သံခနောက်ကိုရောက်တော့ ကိုကြီးကျောက်နီတို့အိမ်ကိုသွားရတယ်။

သံခနောက်ကို အရောက်အပေါက်နည်းတော့ ကျုပ်ကို
သိပ်မသိကြပါဘူး။

ကိုကျောက်နီတို့အိမ်က ရွာလယ်လမ်းမှာပဲဗျ။

သူတို့ဝိုင်းထဲမှာ မန်ကျည်းပင် နှစ်ပင် သုံးပင် ရှိတယ်။

ကျုပ် ရွာလယ်လမ်းအတိုင်း လျှောက်လာတယ်။

ဟော တွေ့ပြီ။ ဒါ ကိုကြီးကျောက်နီတို့ ဝိုင်းပဲဗျ။

“ဟာ တာတေ လာဟေ့။ငါတို့ မင်းကို မျှော်နေတာ”

အိမ်အောက်ထပ်မှာ ထိုင်နေတဲ့ ကျောက်နီနဲ့ကိုပေါ်လာက
လှမ်းခေါ်ကြတယ်။သူတို့နဲ့အတူတူသံခနောက်သားနှစ်ယောက်လည်း ထိုင်နေတယ်ဗျ။

ကျုပ်ပါ ဝင်ထိုင်လိုက်တော့ ငါးယောက်ပေါ့ဗျာ။

“ဟား ဟား ငါတို့က မင်းလာနိုင်ပါ့မလားလို့
ပူနေကြတာကွ တာတေရ”

ကိုပေါ်လာကြီးက ရယ်ပြီးပြောတယ်ဗျ။

လွှတ်ပွင့်လင်းတဲ့ လူတွေပါဗျာ။
ကျုပ်တို့တောသူတောင်သားတွေဆိုတာက အသိကလည်းနည်း
အရောက်အပေါက်ကလည်း နည်းတော့ ဗဟုသုတကလည်း သိပ်မရှိကြဘူးပေါ့ဗျာ။

အဲဒီလို လယ်လုပ် ယာလုပ်နဲ့ တစ်နေ့ကုန် ပင်ပန်းကြတဲ့ အရိုး အ,အကြီးတွေကို လာပြီး လူလည်လုပ်တဲ့ သူတွေ။

အ,တာကို အခွင့်ကောင်းယူချင်တဲ့သူတွေကလည်း
တစ်ခါတစ်ခါ ပေါ်လာတတ်သေးတာဗျ။

“ဘာများ ထူးသေးတုံး”

ကျုပ်က ကိုကျောက်နီ ငှဲ့ပေးတဲ့ အကြမ်းတစ်ခွက်ကို
မော့သောက်လိုက်ရင်း မေးကြည့်လိုက်တယ်။

“အေး အဲဒါကို ပြောချင်တာကွ။

မင်းက ငါနဲ့ ပေါ်လာကို မှာလိုက်တယ်လေ
ဆရာမှုံကို သေသေချာချာ စောင့်ကြည့်ဖို့”

“ဟုတ်တယ်လေဗျာ”

“အဲဒါ ငါတို့လည်း ရွာကကောင်လေးနှစ်ယောက်သုံးယောက်ကို တာဝန်ပေးပြီး မသိမသာ စောင့်ကြည့်ခိုင်းထားတာကွ။

မနေ့ကတော့ ပေါက်စဆိုတဲ့ကောင်လေးက ဆရာမှုံ ဆေးသွားကုတဲ့ အိမ်ကို မယောင်မလည်နဲ့လိုက်သွားပြီး စောင့်ကြည့်တာကွ။

ဆရာမှုံက အဲဒီအိမ်က ကိုတောက်ထိန်ရဲ့မိန်းမ ဗိုက်အောင့်ပြီး အော်ဟစ်နေရတာ ကွင်းကိုင်တာလို့ပြောပြီး အမဲသားတစ်ပိဿာကို
အတုံးကြီး,ကြီးတုံးပြီး ချက်ခိုင်းထားသတဲ့။

အဲဒီဟင်းတွေကို ဇလုံကြီးထဲ အကုန်ထည့်ပြီး ကိုတောက်ထိန်တို့အိမ်က မှန်တင်ခုံပေါ်မှာတင်ပြီး ပါးစပ်က တိုးတိုး တိုးတိုးနဲ့ ပြောတာတဲ့။

ပေါက်စက ဘေးနားမှာ မသိမသာ ကပ်ပြီးနားထောင်တော့
ကြားရတာတဲ့ဟေ့။

မရှင် စား စား။

မင်းစားဖို့ ငါ ချက်ခိုင်းထားတာ စား စားလို့ပြောတာတဲ့ကွ”

“ဟင် ဟုတ်လား။ သူပြောတာ မိန်းမတစ်ယောက်ပေါ့

ဟုတ်လား ။ကိုကြီးကျောက်နီ”

“အေး ဟုတ်တယ် ။ မိန်းမတစ်ယောက်ကို ကျွေးတာကွ”

“ပေါက်စက မသိမသာနဲ့ တိုင်နောက်ကနေ ကပ်ပြီးကြည့်နေတာတဲ့ကွ။

အမဲသားဟင်းတုံးကြီးတွေက လျော့လျော့သွားတယ်ဆိုပဲ။

တစ်ချက်တော့ ပေါက်စ ဘာတွေ့လိုက်တယ် ထင်တုန်းကွ”

“ဟင် မသိဘူးလေဗျာ”

“မှန်ထဲက လက်ကြီးတစ်ဘက်ထွက်လာပြီး
အမဲသားတုံးကြီးကို ယူသွားတာတဲ့ဟေ့”

“ဟာ ကြောက်စရာကြီးပါလားဗျာ
တခြားလူတွေကရော အဲဒါကို မတွေ့လိုက်ကြဘူးလား”

“မတွေ့ဘူးကွ ဆရာမှုံက သူတို့ကို အာရုံလွှဲထားပုံရတယ်ကွ။တခြားစကားတွေ ပြောနေတော့ မှန်တင်ခုံကို ဒီလူတွေ
အာရုံမရောက်ဘူးပေါ့ကွာ”

“အင်း…လွယ်တော့ မလွယ်ဘူး ထင်တယ်ဗျ။

ကိုကြီးကျောက်နီရ။မပိုင်ဘဲ သွားလုပ်ရင်တော့
ဒုက္ခရောက်သွားနိုင်တယ်”

“အေး အဲဒါကြောင့် မင်းကို ခေါ်ပြီးတိုင်ပင်ကြရတာပေါ့ တာတေရ။

မင်းက အတွေ့အကြုံတွေရှိတယ်ဆိုတာကို
ငါတို့အားလုံး သိထားကြတာပဲကွ”

“နေပါဦးဗျ။ကိုကြီးကျောက်နီရ။

နောက်တော့ အဲဒီကောင်လေး ဘယ်သူ”

“ပေါက်စ ပေါက်စ”

“အင်း …ဟုတ်ပြီ ပေါက်စ ပေါက်စ အဲဒီကောင်လေး
ဘာထပ်မြင်သေးတုံး”

“မမြင်တော့ဘူးကွ ။ မှန်ထဲကို ကြည့်တော့လည်း
ဘာမှမတွေ့တော့ဘူးလို့ပဲ ပြောတယ်”

“အင်း ကိုကြီးကျောက်နီရေ ကျုပ် တွေးကြည့်လို့ရသမျှကို
ပြောပြရရင်တော့ ဒီဆရာမှုံဆိုတာ ဆေးဝါးအင်မတန် ကျွမ်းကျင်တဲ့
အထက်လမ်းဆရာကြီးတစ်ယောက် မဖြစ်နိုင်ဘူးဗျ။

အထက်လမ်းဆရာတစ်ယောက်ဟန်ဆောင်ထားတဲ့
အောက်လမ်းဆရာပဲ ဖြစ်မယ်။

အင်း…ဒါဆိုရင်တော့ လွယ်လွယ်နဲ့
လုပ်လို့ရမယ် မထင်ဘူးဗျို့”

ကျုပ်ကပြောတော့ သူတို့တွေ မျက်နှာပျက်သွားကြတယ်။

“နေပါဦး တာတေရ။ငါတွေးမိတာ တစ်ခုရှိတယ်ကွ။
ငါတို့ အထက်လမ်းဆရာ ခပ်ထက်ထက်တစ်ယောက်ရှာပြီး
ဒီအောက်လမ်းဆရာကို မောင်းထုတ်ခိုင်းရင်
ကောင်းမလား”

ကိုပေါ်လာက သူတွေးမိတာကို ပြောတယ်ဗျ။

ကျုပ် သူပြောတာကို တွေးကြည့်လိုက်တယ်။အထက်လမ်းနဲ့
အောက်လမ်းတိုက်ပွဲတွေကို သူတို့မတွေ့ဖူးသေးလို့ ပြောတာဗျ။

လွယ်တဲ့ကိစ္စမဟုတ်ဘူး။သူသေကိုယ်သေ တိုက်ကြ ခိုက်ကြရင် ကြားထဲကရွာကြေသွားမှာ ရွာအရမ်းနာသွားလိမ့်မယ်။

“အဲဒီလိုလည်း မဖြစ်ဘူးဗျ။
ခင်ဗျားတို့ရွာ နာကျန်ရစ်ခဲ့လိမ့်မယ်။

ကျုပ် စဉ်းစားကြည့်ပါဦးမယ်ဗျာ။

ဒီကိစ္စ မပြီးမချင်း ကျုပ် ရွာကို
မပြန်ပါဘူး။ခင်ဗျားတို့နဲ့ပဲ နေမှာပါ”

“ဟာ နေရာကျပြီပေါ့ကွာ ။

မင်းလုပ်သင့်တယ်ထင်တာကို ပြောကွ။
ငါတို့အားလုံးဖြစ်အောင် လုပ်ပေးမယ်”

“ကိုကြီးကျောက်နီ ကိုကြီးကျောက်နီ
ဟိုလူကြီး ဒီဘက်ကို လာနေပြီဗျ။

သူ့ကို လှည်းနဲ့ လာပင့်တာ။

ရွာနောက်ပိုင်းက ဦးမန်ကျည်းမိန်းမကြီး ဗိုက်အောင့်လို့တဲ့ဗျို့။

လူးလှိမ့်ပြီး အော်နေရတယ်တဲ့”

အသက်ဆယ်နှစ်လောက်ရှိတဲ့ ကောင်လေးတစ်ယောက်ဗျ။

“အဲဒါ ပေါက်စလေ တာတေ ငါတို့စောင့်ကြည့်ခိုင်းထားတာ သူလေကွာ

မင်း…လိုက်မသွားဘူးလားကွ ပေါက်စ”

“ဟာ ကျုပ် မလိုက်ဘူးဗျ။

ကိုကြီးကျောက်နီရ။ကျုပ်က ဟို့နေ့က
လိုက်ပြီးပြီလေဗျ။တော်တော်ကြာ ဒီလူကြီးက
ကျုပ်ကို ရိပ်မိသွားလိမ့်မယ်။

အခု မျက်ပြူးသွားပြီ။ဦးမန်ကျည်းသီးတို့အိမ်ကို
ဖြတ်လမ်းကနေ မျက်ပြူး သွားပြီဗျ”

“သြော် အေး အေး ဒါဆိုရင်
မင်းအသာရှောင်နေ ။ လှည်းက ဘယ်နားကို
ရောက်နေပြီလဲ”

“ဘိုးမင်းဒင်တို့ဝိုင်းနား ရောက်နေပြီဗျ”

“ကဲ…တာတေ မင်း ဟိုခြံစည်းရိုးနားကထွက်ပြီး
အကဲခတ်ပေတော့ကွာ။ဆရာမှုံဆိုတာ
လှည်းပေါ်မှာ ပါလာလိမ့်မယ်”

“ကျွိ ကျွိ ကျွိ ကျွိ”

ကျုပ် ခြံစည်းရိုးနားရောက်ပြီးလို့ သိပ်မကြာလိုက်ဘူးဗျ။

နွားလှည်းက ကိုကျောက်နီတို့ဝိုင်းရှေ့ ရောက်လာတာ။

လှည်းပေါ်မှာ အခန့်သား ထိုင်လိုက်သွားတဲ့ လူကို
ကျုပ်သေသေချာချာ ကြည့်မိတယ်။

ဝတ်ဖြူစင်ကြယ်နဲ့ဗျ။ခေါင်းပေါင်းတောင်
အဖြူပေါင်းထားတာ။

လည်ပင်းမှာလည်း ပုတီးကြီးတစ်ကုံး ဆွဲလို့ဗျ။

အသက်ကတော့ ငါးဆယ်လောက်ပါပဲ။ ဥပဓိရုပ်လည်း ကောင်းသားဗျ။

နှုတ်ခမ်းမွေးကားကားနဲ့ ။

ဒါပေမဲ့ တင်ပလ္လင်ချိတ် ထိုင်နေတော့
ခြေဖဝါးတစ်ဖက် ပေါ်နေတာပေါ့။

အဲဒီခြေဖဝါးမှာ မှင်ကြောင်နဲ့ ထိုးထားတဲ့ အရုပ်ဗျ။

ကျုပ် သေသေချာချာ ကြည့်လိုက်မိတာပေါ့ဗျ။

ကျုပ်ဆိုတာ တော်တော်ကို လန့်သွားတာဗျ။

ကိုကျောက်နီတို့ကတော့ လှည်းကို မကြည့်ဘူးဗျ။

မသိချင်ယောင် ဆောင်ပြီး ရေနွေးသောက်နေကြတာ။
ကျုပ် သူတို့ဆီကို ပြန်ထိုင်တော့မှ…

“အဲဒါ ဆရာမှုံပဲ တာတေ ။
မင်းသေသေချာချာ အကဲခတ်လိုက်တယ်မို့လား”

“အင်း…သေသေချာချာကို မြင်လိုက်ရတာပါဗျာ”

“ဟေ မင်း ဘာကိုမြင်လိုက်တာတုံး တာတေရ”

“တင်ပလ္လင်ခွေထိုင်နေတဲ့ ဆရာမှုံရဲ့ ခြေဖဝါးမှာ
ဘုရားရုပ်ထိုးထားတယ်ဗျို့”

“ဟေ ဟုတ်လားကွ ။ဒါဆိုရင် အောက်လမ်းဆရာဆိုတာ
သေချာတာပေါ့”

“သေချာရုံတင် ဘယ်ကမလဲ ကိုကြီးကျောက်နီရ။
အောက်လမ်းမှာမှ သေးသေးကွေးကွေး မဟုတ်ဘူးဗျို့။
မဟာအဝီစိ ငရဲအထိ ဆင်းမယ်လို့ ကျိန်ထားတဲ့
လူတွေဗျ”

“ဟာ ဟုတ်လား တာတေ။အောင်မယ်လေးဗျ။
ငါတို့ရွာတော့ ဒုက္ခရောက်ပါပေါ့။ငါတို့ကို
ကူညီပါ တာတေရာ”

“ဘာမှမပူနဲ့ ဒီတစ်ရက် နှစ်ရက်အတွင်း
ကျုပ်တို့ လုပ်ကြတာပေါ့ဗျာ”

“ဒီနေ့တော့ ခင်ဗျားကောင်လေးတွေ ဘယ်သူ။
အဲ ပေါက်စတို့ မျက်ပြူးတို့ကို သေသေချာချာ
စောင့်ကြည့်ခိုင်းထားဗျာ။ထူးတာနဲ့ ချက်ချင်းလာပြောခိုင်း
ကျုပ်တို့ ကြံစည်နေတာကိုလည်း လုံးဝမပေါက်ကြားစေနဲ့ဗျ”

“စိတ်ချ တာတေ စိတ်ချ”

အဲဒီညက ကျုပ်က ကိုကျောက်နီတို့မှာ အိပ်တယ်။

ကိုပေါ်လာလည်း ကျုပ်တို့နဲ့ လာအိပ်တယ်ဗျ။

ညတော်တော်နက်တဲ့အထိ ကျုပ်တို့ တိုင်ပင်ကြတယ်။

ကိုကျောက်နီတို့မိဘတွေကတော့ အိမ်ကြီးအပေါ်မှာပေါ့ဗျာ။

ကျုပ်တို့သုံးယောက်က အောက်ထပ်မှာ အိပ်ကြတယ်။

ကျုပ်လည်း ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးပါဘူးဗျာ။

ဒါပေမဲ့ နတ်ကောင်းနတ်မြတ်တွေကပဲ နှိုးဆော်သလား မပြောတတ်တော့ပါဘူးဗျာ။ တစ်ရေးနိုးတဲ့အချိန် ကျုပ်ခေါင်းထဲမှာ အကြံတစ်ခုပေါ်လာတယ်ဗျ။

ကျုပ် ချက်ချင်းထထိုင်ပြီး ဆေးလိပ်ခွက်ကို ယူလိုက်တယ်။

ပြီးတော့ ဆေးပေါ့လိပ်ကို မီးညှိပြီး ဖွာလိုက်တယ်။

ကျုပ်ခေါင်းထဲပေါ်လာတဲ့ အတွေးကို ချက်ချင်းအသေးစိတ်
စဉ်းစားတယ်။ တခြား ဆရာပင့်ပြီး ဒီအောက်လမ်းဆရာကို
ရွာက နှင်ထုတ်ခိုင်းဖို့ဆိုတာထက် ကျုပ်အတွေ့အကြုံအတိုင်း
လုပ်ရရင် ကောင်းလိမ့်မယ်လို့ တွေးမိတယ်ဗျ။

ဒီတုန်းမှာပဲ ကိုကြီးကျောက်နီ လှုပ်လာပြီး…

“ဟင် တာတေ မအိပ်ဘဲ ဘာတွေစဉ်းစားနေတာတုံးကွ”

“ကျုပ် အကြံရပြီ ကိုကြီးကျောက်နီရေ”

“ဟာ ဟုတ်လားကွ ဘယ်လိုလုပ်မှာတုံး”

“မနက်ဖြန် မနက်စောစော မြို့ကို လူလွှတ်ပြီး
အမဲသားတစ်ပိဿာ ဝယ်ဗျာ”

“ဟေ ဘာလုပ်မလို့တုံး ။ဆရာမှုံကို ပေးဖို့လား”

“ဟာ …တောက်တီးတောက်တဲ့ဗျာ။

ဆရာမှုံကို ပေးမလား။ကိုကြီးကျောက်နီရာ
ကျုပ်မှာ တခြားအစီအစဉ် ရှိလို့ပါဗျာ”

“သြော် …ဟုတ်ပြီ ဟုတ်ပြီ ငါရအောင် ဝယ်ပေးပါ့မယ်
စိတ်သာချပါကွာ”

ကျုပ်နဲ့ ကိုကျောက်နီ စကားပြောသံကို ကိုပေါ်လာကြီးကြားပြီး နိုးလာတယ်ဗျ။

“ဟေ့ကောင် ကျောက်နီ အမဲသားဝယ်ဖို့တခြားလူကို လွှတ်မနေနဲ့။

သတင်းပေါက်ကြားသွားဦးမယ် ငါကိုယ်တိုင် မြို့သွားဝယ်မယ်”

“ဟင် မင်းသွားမလား ပေါ်လာ။ ဒါဆိုရင် ပိုစိတ်ချရတာပေါ့ကွ။

ငွေယားကုန်းက စံဝတို့ကား မနက်ဖြန် ထွက်မှာကွ။

မင်းစောစောထပြီး ငွေယားကုန်းကို ကားမီအောင် သွားစီးကွာ”

“အေးပါ ငါသိပါတယ်”လို့ပြောပြီး ကိုပေါ်လာကြီးက ပြန်အိပ်ပျော်သွားတယ်ဗျ။

“ကိုကြီးကျောက်နီ ခင်ဗျားတို့ရွာမှာ နတ်ဝင်သည် ရှိလားဗျ”

“ဟာ နတ်ဝင်သည်တော့ မရှိဘူးကွ။

ဟိုဘက်က ကျားဟုန်းရွာမှတော့
မိန်းမကြီးတစ်ယောက်ရှိတယ်
နေပါဦးကွာ သူ့နာမည်က ဘာပါလိမ့်”

ကိုကျောက်နီက နတ်ဝင်သည်ရဲ့နာမည်ကို
စဉ်းစားမရ ဖြစ်နေတုန်းမှာ ကိုပေါ်လာကြီး နိုးသွားပြီး…

“ဒေါ်ရှမ်းပါကွာ ။ကျောက်နီရာ”လို့ ဝင်ပြောသဗျ။

ပြီးတော့ တရှူးရှူးနဲ့ပြန်အိပ်ပျော်သွားပြန်ရောဗျို့။

“အေး အေး ဟုတ်တယ်။

ဒေါ်ရှမ်း ဒေါ်ရှမ်း အေး အဲဒါ

မင်း ဘာလုပ်ချင်လို့လဲ တာတေရ”

“မနက်ဖြန် အဲဒီမိန်းမကြီးကို ရအောင်ခေါ်ဗျာ”

“ဟာ ရပါတယ်ကွ ။ ငါနဲ့ တော်တော်လေး မျက်မှန်းတန်းမိပါတယ်။

ငါသွားခေါ်ပါ့မယ်။ကျားဟုန်းက ဒီနားလေးတင်ကပ်နေတဲ့ဥစ္စာ ။

အသွားအပြန်မှ တစ်နာရီပေါ့ကွာ”

“ဟုတ်ပြီ မနက်ဖြန် ကိုကြီးကျောက်နီ သွားတော့ကျုပ်ပါ လိုက်ခဲ့မယ်။

အပြန်မှာ ခင်ဗျားတို့ရွာသင်္ချိုင်းကို ပြစမ်းဗျာ။ကျုပ် ကြည့်ချင်လို့”

“သြော် ရတယ်လေ။

ထူးထူးခြားခြား လိုက်ပြဖို့ မလိုပါဘူးကွ။

ကျဟုန်းကိုသွားရင်း သံခနောက်သင်္ချိုင်းကိုဖြတ်သွားရမှာပဲဟာ ။

မင်းစိတ်တိုင်းကျ ကြည့်လိုရပါတယ်”

ကျုပ်တို့နှစ်ယောက်လည်း တစ်အောင့်လောက် စကားပြောပြီး ပြန်အိပ်ကြတာပေါ့ဗျာ။

မနက်နေတော်တော်မြင့်မှ ကိုကြီးကျောက်နီရဲ့အမေ
ဒေါ်မယ်ဖော့ကြီး လာနှိုးမှ နိုးတာဗျ။

ကျုပ်တို့ နိုးတော့ ကိုပေါ်လာကြီးကို မတွေ့တော့ဘူး။

“ဟဲ့ ကျောက်နီ ပေါ်လာတော့ အစောကြီးထပြီး
ငွေယားကုန်းကိုသွားတယ်။ငွေယားကုန်ကားနဲ့မြို့လိုက်မလို့ဆိုပဲ။

နင်ခိုင်းထားတာ သွားလုပ်ရမှာလို့ ပြောသွားတယ်”

“ဟုတ်တယ် အမေရေ ပေါ်လာကို ကျုပ်လွှတ်လိုက်တာ
သူထသွားတာတောင် ကျုပ်တို့မသိလိုက်ဘူးဗျ”

“အေး…ဟုတ်တယ်။သူကလည်း နင်တို့မနိုးအောင်
အသာတိတ်တိတ်သွားတာ။နင်တို့နှစ်ယောက်ညက တော်တော်နဲ့ မအိပ်ကြဘူးလို့ပြောတယ်။

ထားလိုက် အရီး နေမြင့်မှသာ နှိုးလိုက်လို့
ပြောသွားလို့ အခုမှ ငါလာနှိုးတာ”

“သြော် ကဲ တာတေရေ ။ ရွာမြောက်ဘက်က ယင်းချောင်းထဲ ရေချိုးစို့ကွာ။ငါရေစည်လှည်းလည်း တိုက်ရဦးမှာကွ။ရေစည်လှည်းနဲ့ တစ်ခါတည်း သွားလိုက်ကြရအောင်”

“သွားလေဗျာ”

သံခနောက် မြောက်ဘက်မှာ ယင်းချောင်းရှိတယ်ဗျ။

ဆင်ခေါင်းတို့ သာယာကုန်းတို့ကိုဖြတ်ပြီး စီးလာတဲ့ချောင်းပေါ့ဗျာ။

နွေရာသီတောင် ရေမခမ်းတဲ့ ယင်းဗျ။

ကျုပ်တို့နှစ်ယောက် ရေစည်တိုက်ပြီး ရေတစ်ခါတည်း
ချိုးခဲ့ကြတာပေါ့ဗျာ။

ရွာပြန်ရောက်တော့ ထမင်းစားချိန်တောင် ရောက်ပြီဗျ။

ကိုကျောက်နီအမေ ပြင်ကျွေးတဲ့ ထမင်းပွဲကို
ကျုပ်တို့နှစ်ယောက် စားသောက်ပြီးတာနဲ့ …

“ကဲ…တာတေရေ တို့ကျားဟုန်းသွားကြစို့ဟေ့ ဒေါ်ရှမ်းကြီးကို သွားခေါ်ကြရအောင် သြော် အမေရေ ပေါ်လာ ပြန်ရောက်လာရင် အမဲသား ချက်ခိုင်းထားဗျာ။ဘယ်သူမှ နှိုက်ပြုမစားစေနဲ့လို့လည်း
မှာထားဦး အမေရေ ။

ကျုပ်တို့ အသုံးရှိလို့ချက်ထားတာဗျ”

“အေးပါ ငါ သိပါတယ် ကျောက်နီရာ။မပူနဲ့။သွားမှာသာ သွား။ ငါကိုယ်တိုင် ချက်ပေးမယ်။

ပြီးတော့ ဟင်းအိုးလည်း ငါသိမ်းထားလိုက်မယ်”

ကျုပ်နဲ့ကျောက်နီ ကျားဟုန်းကို ထွက်လာခဲ့ကြတယ်။

ဟုတ်သားပဲဗျ။သံခနောက်သင်္ချိုင်းကို ဖြတ်သွားရတာဗျ။

သံခနောက်သင်္ချိုင်းက သစ်ပင်ကြီးတွေနဲ့ ညို့မှိုင်းနေတာဗျို့။

မန်ကျည်းပင် ထနောင်းပင် ကုက္ကိုပင်တွေနဲ့
ညို့နေတာဗျ။အုတ်ဂူတွေလည်း ရှိတယ်ဗျ။

ဇရပ်ကလေးတစ်ဆောင်ကလည်း တော်တော်ကောင်းသားပဲ။

ကျုပ်တို့ ကျားဟုန်းကိုရောက်တော့ နတ်ဝင်သည်
ဒေါ်ရှမ်းကို အခန့်သင့်ပင် တွေ့ပါတယ်။

“ကဲ ပြော ဒေါ်ရှမ်း ဘာလုပ်ပေးရမလဲ”

“ဒီလို ဒေါ်ရှမ်းရာ သံခနောက်မှာ အောက်လမ်းဆရာကြီး
တစ်ယောက် ရောက်နေတယ်။

ပြီးတော့ မကောင်းဆိုးဝါးနဲ့ပေါင်းပြီး
ရွာထဲမှာ လူတွေ နေမကောင်းအောင်လုပ်တယ်။

ပြီးတော့ အဲဒီဆရာက ကုပေးတယ်။ပြီးရင် ရွာသူမြှောက်ရမယ်။
ကွင်းတင်ရမယ်။ကွင်းကိုင်တာလို့ပြောပြီးအမဲသား ချက်ချင်းပြီး အဲဒီမကောင်းဆိုးဝါးကိုကျွေးတာဗျ”

“ဟောတော် ငါတို့ကြားထားတာက အထက်လမ်းဆရာကြီးဆို
ဆေးကုတာ အားကြီးစွမ်းတာပဲလို့ ပြောကြလို့ ငါတို့ရွာကတောင် အဲဒီဆရာကြီးကိုသွားပင့်ဖို့ ပြောနေကြတာ ကျောက်နီရဲ့”

“အောင်မယ်လေး ဒေါ်ရှမ်းရေ ခင်ဗျားတို့ရွာကို ပင့်လို့ကတော့ တစ်ရွာလုံး ကြေသွားမယ်သာ မှတ်ပေတော့ဗျို့”

“သြော် ဒီလိုလား ။ဒါဆို ငါက ဘာလုပ်ပေးရမလဲပြော”

“ကဲ…တာတေ ဒေါ်ရှမ်းကို မင်းပဲ ပြောပြလိုက်ပါကွာ”

“ကျုပ်တို့ ဒီအောက်လမ်းဆရာကို နှင်ထုတ်မယ်ဗျဒေါ်ရှမ်းရဲ့။

ဒါပေမဲ့ အထက်လမ်းဆရာတွေ ဘာတွေ ပင့်ရလည်း ဆရာနှစ်ယောက် တိုက်တာနဲ့ ရွာနာလိမ့်မယ်”

“အေး ဒါတော့ ဟုတ်တယ်ဟဲ့”

“ဒီတော့ ကျုပ်တို့နည်း ။ကျုပ်တို့ဟန်နဲ့ပဲ
ဒီကိစ္စကို ရှင်းကြမလို့ဗျ”

“အေး ဟုတ်ပြီ ။ ဘယ်လိုရှင်းမှာတုံး”

“မဖဲဝါကြီးကို အကူအညီတောင်းရမှာပဲဗျာ”

“သြော် ဒီလိုလား ။ မင်းက မဖဲဝါကို နိုင်လို့လား။

သူ့ကို ခေါ်ခိုင်းတယ်ဆိုတာ သူ့ကိုနိုင်မှ ဖြစ်တာနော်။

အဲဒီလို မဟုတ်ရင် နင်တို့ သံခနောက်ရွာ ပိုဆိုးသွားလိမ့်မယ်”

“မဖဲဝါကို နိုင်ဖို့ မလိုဘူး။

မဖဲဝါနဲ့ အဆင်ပြေဖို့ပဲ လိုတာပါ ဒေါ်ရှမ်းရာ။
အဲဒါ ကျုပ်တာဝန်ထားပါဗျာ”

“အေး ဒါဆိုလည်း ပြီးတာပဲ ။ငါက ဘာလုပ်ပေးရမှာတုံး”

“ဒေါ်ရှမ်းက မဖဲဝါ ဝင်ပေးဖို့ပါ”

“သြော် ဒါတော့ ရပါတယ်။

ငါ လုပ်ပေးမှာပေါ့။ဒါ့ထက် မဖဲဝါကို လာရောက်အောင်ခေါ်နိုင်ပါ့မလား”

“ရပါတယ်ဗျာ။အဲဒါ ကျုပ် လုပ်နိုင်ပါတယ်”

“သြော် မင်းက ဆရာလား”

“မဟုတ်ဘူး ဒေါ်ရှမ်းရဲ့။

ဒါ ကျုပ်နဲ့ သိပ်ခင်တဲ့ ထနောင်းကုန်းက တာတေပါ”

ကိုကျောက်နီက ဝင်ပြောတော့ ဒေါ်ရှမ်းက မျက်လုံးကြီးပြူးပြီး
ကျုပ်ကို တအံ့တသြ ကြည့်နေတယ်ဗျ။

“တာတေဆိုတာ မင်းကိုး။မင်းနာမည်တော့
ငါ့ ကြားဖူးနေတာ ကြာပါပြီ။လူသာ ခုမှတွေ့ဖူးတာပါ။

မောင်တာတေက ဆရာသမားတွေ တော်တော်များများနဲ့
ကြုံဖူး ။ ဆုံဖူးထားတာပဲ ဖြစ်မှာပါ။

ကဲ…သံခနောက်ကို ဘယ်တော့ သွားမှာတုံး”

“ဒေါ်ရှမ်း ဒီမှာ ဘာကိစ္စရှိသေးတုံး။ဒေါ်ရှမ်းကိစ္စရှိတာ
လုပ်ပါ။ကျုပ်ဒို့ကတော့ တခြားဘာကိစ္စမှ မရှိဘူး။

ဒေါ်ရှမ်းကို လာခေါ်ရုံသက်သက်ပဲ”

“အေး…ဒါဆိုရင်တော့ ခဏစောင့်ကြဦး။
ဒေါ်ရှမ်းနောက်ပိုင်းကို ခဏသွားစရာရှိသေးတယ်။
မကြာဘူး။ပြန်လာခဲ့မယ်”

ညနေလေးနာရီလောက်မှာ ဒေါ်ရှမ်းကိုခေါ်ပြီး
သံခနောက်ကို ပြန်ခဲ့ကြတယ်။သံခနောက်ကို
ရောက်တော့ ညနေ ငါးနာရီလောက် ရှိပြီပေ့ါဗျာ။

ကိုကျောက်နီတို့အိမ်မှာ ကိုပေါ်လာကြီးက
စောင့်နေတာဗျ။

“ဘယ်လိုလဲကွ ပေါ်လာ အဆင်ပြေရဲ့လား”

ကိုကြီးကျောက်နီက ကိုပေါ်လာကို မေးတယ်ဗျ။

“ပြေတာပေါ့ ကျောက်နီရ။
ဟင်းတောင်ကျက်လို့ အရီးဖော့ ဟင်းအိုး သိမ်းထားတယ်။
တစ်ယောက်ယောက် နှိုက်စားမိမှာစိုးလို့တဲ့”

“ကဲ ကိုကျောက်နီရေ။ ညမိုးချုပ်တာနဲ့
ကျုပ်တို့ သင်္ချိုင်းကို သွားကြမယ်။နေဦးဗျ။

ငှက်ပျောဖက် နှစ်ရွက်လောက် ခုတ်ထားဗျာ”

“ငှက်ပျောဖက်လား။ရတယ် ။ရတယ်။

ငါ အခုသွားခုတ်လိုက်မယ်။ဘကြီးပျော့တို့ဝိုင်းထဲမှာ
ငှက်ပျောပင် ရှိတယ်လေ ကျောက်နီရာ”

ပြောပြောဆိုဆို ကိုပေါ်လာက ဆေးပေါ့လိပ်ကလေး
နှုတ်ခမ်းချိတ်ပြီး ထွက်သွားတယ်ဗျ။ခဏကြာတော့
ငှက်ပျောဖက်နှစ်ရွက် ပါလာတယ်။

“အရီးဖော့ ထမင်းရော ပိုချက်ထားရဲ့လား
မသိဘူး ကိုကျောက်နီ”

“ဟေ ချက်ထားပါတော်။
တစ်အိုးကြီးပဲ မောင်တာတေရေ”

ကျုပ်ပြောတာကို အိမ်ပေါ်က အရီးဖော့က
ကြားသွားပြီး လှမ်းအော်တယ်ဗျ။

ညရှစ်နာရီလောက်ရှိတော့ တစ်ရွာလုံးတိတ်သွားပြီ။ကျုပ်က ထမင်းထုပ်ကို သေသေချာချာ ထုပ်လိုက်တယ်။

ကိုကြီးကျောက်နီရယ် ကိုပေါ်လာရယ် ဒေါ်ရှမ်းရယ်
ကျုပ်ရယ် သံခနောက်သင်္ချိုင်းကုန်းကို ထွက်ခဲ့ကြတယ်ဗျ။

မှောင်ရိပ်ခိုပြီး ထွက်လာလိုက်တာ ဘယ်သူမှတောင်တွေ့ပုံမပေါ်ဘူး။

သင်္ချိုင်းထဲကိုရောက်တော့ ကျုပ်က နေရာကောင်းကောင်းက
အုတ်ဂူကြီးတစ်လုံး လိုက်ရှာတယ်ဗျ။

ဟော တွေ့ပြီဗျို့။ဦးဘကြီး အသက်၉၉နှစ်တဲ့။ဟုတ်ပြီဗျို့။

ပါလာတဲ့ ထမင်းထုပ်ကို ဂူအမိုးပေါ်မှာ ဖြည်ချလိုက်တယ်။

အို မွှေးလိုက်တဲ့ဟင်းဗျာ။ကိုကြီးကျောက်နီအမေက ဟင်းချက် လွှတ်ကောင်းတာကိုး။မဖဲဝါတော့ မသိဘူး။

ကျုပ်တော့ တော်တော်ဆာသွားတယ်ဗျို့။

“ကဲ…ဒေါ်ရှမ်း အဆင်သင်လုပ်ဗျာ။
ကျုပ် မဖဲဝါ ခေါ်တော့မယ်”

ကျုပ်က ကျုပ်တို့ရွာက ဘုန်းကြီးမယ်တော်ကြီး
ဖုတ်ထုတ်တုန်းက ဆရာကျော် လုပ်တာကို မှတ်ထားတာဗျ။

ကျုပ်လည်း ပြောလိုက်ရော ဒေါ်ရှမ်းက ဆံပင်တွေကိုဖြည်ပြီး
ဖားလျားကြီး ချလိုက်တယ်ဗျ။ပြီးတော့ ဂူရှေ့က
မြက်တောကလေးထဲမှာ အသာကလေး ကြုံကြုံ
ထိုင်ချလိုက်တယ်။

ပြီးတော့ လက်အုပ်ချီထားတယ်ဗျ။

ကျုပ်ကလည်း ကောင်းကင်ကို မော့ကြည့်လိုက်ပြီး
ဟိုတုန်းက ဆရာကျော် ပြောသလို ပြောရတာပေါ့ဗျာ။

“သင်္ချိုင်းတစ်ရာ မဖဲဝါလို့ အမည်သတင်းကျော်ကြားပါတဲ့
သင်္ချိုင်းစောင့်ကြီးဗျာ…ကျုပ် တာတေက ဟောဒီ
သံခနောက်သင်္ချိုင်းကနေ အကြောင်းပြုပြီး ပင့်ဖိတ်ပါတယ်။
မြန်မကြာ လှမ်းကြွခဲ့ပါ မဖဲဝါ။

ကျုပ် တာတေက အထက်ပုဂ္ဂိုလ်များ ဖြစ်ကြတဲ့ ဝိဇ္ဇာရှစ်သောင်း ဆရာအပေါင်းနဲ့ ပထမံဆရာသူမြတ်တို့ကို ဦးထိပ်မှာထားလို့
အမိန့်ပြန်တမ်း ထုတ်လိုက်သည်။

အရှေ့နေထွက် အနောက်နေဝင် တောင်တံငါကွန့်
မြောက်ဓူဝံအတွင်း မဖဲဝါကို ဟန့်ထားခြင်း
နှောက်ယှက်ခြင်း မကြားအောင် ကာကွယ်ထားခြင်းမပြုစေရ။
အကယ်၍ ပြုခဲ့သည်ရှိသော် အထက်ဆရာအပေါင်းရဲ့ သိဒ္ဓိ။မဟိဒ္ဓိတို့ကြောင့်ဟန့်တားထားသော ပညာစက်များအားလုံး
ပြတ်တောက်သွားစေ အထက်ဆရာကြီးများအမိန့်။

ကဲ မဖဲဝါဗျာ။ကျုပ်တို့သံခနောက်ရွာသားများက
မဖဲဝါကို စားပွဲ သောက်ပွဲများနှင့် ပင့်ဖိတ်ပါတယ်
မြန်မကြာ ကြွပါဗျာ”

“ဟီး ဟီး ဟီး ဟီး”

ဟာ ဒေါ်ရှမ်းကို ဝင်ပူးပြီဗျို့။ကိုကျောက်နီနဲ့ကိုပေါ်လာက
နောက်ကိုတောင် ဆုတ်သွားကြတာဗျို့။

“အခု ရောက်ရှိလာတာ ဘယ်သူပါလဲဗျာ”

“ငါဟေ့ ငါ ငါ မဖဲဝါ သင်္ချိုင်းတစ်ရာ မဖဲဝါဟေ့”

“သြော် ဒါဆိုရင် ဟိုမှာ အဆင်သင့်ပြင်ထားတဲ့
စားပွဲကို မြိတ်မြိတ်ကြီး သုံးဆောင်ပါ မဖဲဝါ”

ကျုပ်က ထမင်းတွေ ပြင်ထားတဲ့ အုတ်ဂူကြီးကို
ထိုးပြလိုက်တယ်။ ဟာ ဒေါ်ရှမ်းကြီးက ထဘီကြီးကို
ဖြန့်ပြီး ရင်ခေါင်းပေါ်မှာ ပြင်စည်းလိုက်တယ်ဗျ။

ပြီးတော့ လက်ကြီးတွေ ကွေးကွေးကောက်ကောက်လုပ်ပြီး
ဟာ ခုန်တက်သွားတာဗျို့။လေထဲမှာ မြောက်တက်သွားပြီး
ဂူပေါ်ကို အသာကလေး ရောက်သွားတာဗျ။

သိပ်သေချာတာပေါ့ဗျာ။ဒါဟာ မဖဲဝါအစစ်ပဲဗျ။

ဂူပေါ်မှာ ဆောင့်ကြောင့်ကြီးထိုင်ပြီး ကျုပ်ကို
မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်တယ်ဗျ။

ပြီးတော့ ကိုကျောက်နီနဲ့ကိုပေါ်လာကို ကြည့်တယ်ဗျ။

ကိုကျောက်နီတို့နှစ်ယောက်က နောက်ကိုခြေတစ်လှမ်း
ထပ်ဆုတ်သွားကြတယ်ဗျ။

“ဟီး…ဟီး ဟီး…ဟီး”

စားပြီဗျို့။အားရပါးရကို စားတာဗျ။

ဟင်းတုံးကြီးကို ကောက်ကိုက်လိုက်။ပြီးတော့ ထမင်းတွေ လက်ကြီးနဲ့
ကြုံးပြီးစားလိုက်နဲ့ သိပ်မကြာဘူးဗျ။ထမင်းပုံကြီးက ကုန်ကာနီးလာတာ။

“မဖဲဝါ ကျုပ် မဖဲဝါကို အကူအညီလိုလို့
ဖိတ်ခေါ်ရတာပါဗျ။ကျုပ်ကို ကူညီပါ”

မဖဲဝါက စားရင်းနဲ့ ခေါင်းညိတ်တယ်ဗျ။

ဒီတော့ ကျုပ်က ဆက်ပြောတာပေါ့။

“ဒီသံခနောက်ရွာမှာ ဆရာမှုံဆိုတဲ့အောက်လမ်းဆရာတစ်ယောက်
ရောက်နေတယ် မဖဲဝါ ။သရဲမတစ်ယောက်နဲ့ပေါင်းပြီးလူတွေကို သရဲမက နေမကောင်းလုပ်လိုက်အဲဒီအောက်လမ်းဆရာက ဆေးကုလိုက်အမဲသားဟင်းချက်ပြီး သရဲမကို ကျွေးလိုက်နဲ့
တစ်ရွာလုံး နလံမထူနိုင်အောင် ဖြစ်ကုန်ကြပြီဗျ။

ဒါကြောင့် အဲဒီအောက်လမ်းဆရာနဲ့သရဲမကို
နှိမ်နင်းပေးဖို့ ခုလိုဖိတ်ခေါ်ရတာပါဗျာ”

မဖဲဝါက ရွာဘက်ကို ခေါင်းကြီးမော့ပြီး
တစ်ချက်ကြည့်တယ်ဗျ။ပြီးမှ ခေါင်းညိတ်ပြီး…

“အောက်လမ်းကောင်ရဲ့မိန်းမ။

အောက်လမ်းမ သေတာ သရဲဖြစ်ပြီး သူ့လင်နဲ့
ပေါင်းလုပ်နေတာ အဲဒါ ဒီကောင့် မိန်းမနာမည်က မရှင်။

အရမ်းအစွမ်းထက်တယ်။ဒီကောင်မက ရိုးရိုးသရဲမဟုတ်ဘူး။

အောက်လမ်းသရဲမ။မှန်ထဲမှာ အမြဲပုန်းနေနိုင်တယ်။

တစူးဝါးနဲ့ရိုက် ။မှန်ကို ရိုက်ခွဲလိုက်။ဒီကောင်မကိုအဆုံးစီရင်လိုက်တော့။

အောက်လမ်းကောင်ကို သင်္ချိုင်းထဲ လွှတ်လိုက်။ငါ စီရင်မယ်”

“ဟို…ဟိုဗျ မဖဲဝါ အဲဒီသရဲမက အခု ဘယ်မှာရှိတုံးဗျ”

ကျုပ်က ပျာပျာသလဲ မေးလိုက်ရတယ်ဗျို့။

“တောင်ပိုင်းက အောင်ဝိုင်းအိမ်။
သူ့မိန်းမကို ကိုင်တော့ မလို့။

မှန်ထဲမှာ အရိပ်မထွက်တဲ့မှန်ကို ရှာခွဲလိုက်”

ထမင်းတွေရော ဟင်းတွေရော ကုန်သွားပြီဗျို့။

ကျုပ်အဆင်သင့်ချထားတဲ့ ရေဖလားကြီးကို
မော့သောက်ပြီး လက်တောင်ဆေးလိုက်သေးသဗျ။

“အောက်လမ်းကို ငါ့ဆီလွှတ်လိုက် ”

အသံကျယ်ကြီးနဲ့အော်ပြီး ဒေါ်ရှမ်းကြီးလက်တွေ
ကွေးကောက်တွန့်လိမ်းပြီး ဂူပေါ်ကို လဲကျသွားရောဗျို့။

“ဟာ ဒေါ်ရှမ်း ဒေါ်ရှမ်း”

ကျုပ်က အပြေးအလွှားသွားပြီး ဒေါ်ရှမ်းကို
ပွေ့ထားလိုက်တယ်။ကိုကြီးကျောက်နီနဲ့ကိုပေါ်လာလည်း
ရောက်လာတယ်ဗျ။

ဒေါ်ရှမ်းကို ခြေမတွေဘာတွေ ချိုးပေးကြတယ်ဗျ။

“ဝါး”

ဒေါ်ရှမ်းက ဝါးခနဲ တစ်ချက်သမ်းလိုက်ပြီး
ခေါင်းထောင်ထတယ်။

“ဘယ်လိုလဲ မဖဲဝါလာလား”

“အိုး လာလား မလာလားတော့ မေးမနေနဲ့
အခု ဒေါ်ရှမ်း ဘယ်ပေါ်ရောက်နေတာလဲဆိုတာကြည့်”

ကိုကျောက်နီကပြောတော့ ဒေါ်ရှမ်းက ငုံ့ကြည့်တယ်ဗျ။
ဒီတော့မှ သူဂူပေါ်ရောက်နေတာကို သိသွားပြီး…

“ဟောတော့ ငါ ဘယ်လိုလုပ် ဒီဂူကြီးပေါ်
ရောက်နေတာတုံး ကျောက်နီရဲ့”

“မဖဲဝါက ခင်ဗျားကိုယ်ထဲ ဝင်ပူးပြီး ဒီပေါ်ကို
လွှားခနဲ ခုန်တက်တာလေဗျာ”

ဒေါ်ရှမ်းဆိုတာ အံ့သြတကြီး ဖြစ်နေတာဗျို့။

ကျုပ်တို့သုံးယောက် သူ့ကို ဂူပေါ်က
တွဲချပေးလိုက်ကြတယ်။

“ဒေါ်ရှမ်း ဘာဖြစ်သွားသေးတုံး”

ကျုပ်က မေးတော့ …

“ဟေအေး ငါ ဘာမှမဖြစ်ဘူး။
နင်က တော်တော်ကို စွမ်းတာပဲ တာတေရဲ့။
ငါတော့ အံ့သြရောဟယ်”

“ကဲ…ဒေါ်ရှမ်း ကျုပ်တို့ရွာပြန်ပြီး လုပ်ရကိုင်ရမှာတွေ
ရှိသေးတယ်ဗျ။ပြန်ကြစို့။သြော် ဒါထက်
မဖဲဝါပြောတဲ့ တစူးဝါးဆိုတာ ဘယ်မှာရှာလို့ ရမလဲဗျ”

“မပူပါနဲ့ တာတေရ။ငါ့ဆီမှာ ရှိပါတယ်ကွ။
တစူးဝါး အသုံးဝင်မှန်းသိလို့ ငါသိမ်းထားတာပါ”

“ဟာ …ဒါဆို နေရာကျတာပေါ့ဗျာ
ကဲ ရွာပြန်ကြစို့”

ကျုပ်တို့လေးယောက် ရွာထဲကို တိတ်တိတ်ဝင်လာခဲ့တယ်ဗျ။

ကိုကျောက်နီတို့အိမ်ကိုရောက်တော့ ကိုကျောက်နီက
အရီးဖော့ကို အကျိုးအကြောင်းပြောပြီး ဒေါ်ရှမ်းကို
ထားခဲ့တယ်။ပြီးတော့ ဝိုင်းထောင့်မှာ သူသိမ်းထားတဲ့
တစူးဝါးကို သွားယူပြီး ကျုပ်ကိုပေးတယ်။

တစူးဝါးက ဝါးကျစ်ဗျ။ကျုပ်အရပ်နဲ့
အညီပဲ။ကျုပ်က တစူးဝါးကို ဆကြည့်တယ်။

“အမေတို့ ဝိုင်းတံခါးရော အိမ်တံခါးရော ပိတ်ထားကြ
ဘာသံကြားကြား တံခါးဖွင့်မကြည့်နဲ့ဗျို့”

ကိုကျောက်နီက သူ့အမေကို မှာတယ်ဗျ။
ပြီးတော့မှ…

“ကဲ ပေါ်လာ မင်းက
တို့အကောင်တွေကို ကပျာကယာခေါ်ပြီး
ဦးအောင်ဝိုင်းတို့အိမ် လိုက်ခဲ့ပေတော့ မကြာနဲ့နော်”

“စိတ်ချ စိတ်ချ ကျုပ် ဒီကောင်တွေကို ချစ်ငွေတို့အိမ်မှာ
စုခိုင်းထားတယ်။ဝင်ခေါ်လိုက်ရုံပဲ ကိုကျောက်နီရ”

ကျုပ်တို့ တောင်ပိုင်းက ဦးအောင်ဝိုင်းတို့
ဝိုင်းထဲကို ဝင်လာခဲ့တယ်။ကျုပ်တို့နောက်မှာ
ကိုပေါ်လာနဲ့ ရွာထဲက လူငယ်တချို့ ပါလာကြတယ်ဗျ။

“ဦးအောင်ဝိုင်း ဦးအောင်ဝိုင်း”

“ဟေ …ဘယ်သူတွေတုံးဟ ။ မိုးကြီးချုပ်မှ”

“ကျုပ်တို့ပါဗျ။ကျောက်နီနဲ့ပေါ်လာပါ။
ရွာကိစ္စလေးရှိလို့ လာတာပါ”

“သြော် ကျောက်နီလား။အေး အေး လာပြီဟေ့”

လက်နှိပ်ဓါတ်မီးရောင် ဝင်းခနဲ ဖြစ်သွားပြီး
တံခါးဖွင့်သံကြားရတယ်။ပြီးတော့ အရပ်ပုပြတ်ပြတ်နဲ့
လူတစ်ယောက် ဝိုင်းထဲဆင်းလာတယ်ဗျ။

“ဦးအောင်ဝိုင်း ကိစ္စရှိလို့ဗျ”

ဆိုပြီး ကိုကြီးကျောက်နီက ဝိုင်းထဲဝင်သွားတယ်။
ပြီးတော့ ဦးအောင်ဝိုင်းကို တိုးတိုး တိုးတိုးနဲ့ ပြောပြနေတယ်။
တအောင့်လောက်ကြာတော့မှ ဦးအောင်ဝိုင်းနဲ့
ကိုကြီးကျောက်နီ ဝိုင်းပေါက်ဝရောက်လာပြီး
ကျုပ်တို့ကို လာခေါ်တယ်။

ကျုပ်က တစူးဝါးကိုင်ပြီး ရှေ့ဆုံးက ဝင်ခဲ့တယ်။
လူငယ်နှစ်ယောက် ကျုပ်တို့နဲ့အိမ်ပေါ်တက်တယ်။
ကျန်တဲ့လူတွေနဲ့ ကိုပေါ်လာက ဝိုင်းထဲက စောင့်နေမယ်။

လူငယ်တွေလက်ထဲမှာ တုတ်ကိုယ်စီနဲ့ဗျ။

တွေ့လို့ကတော့ တွယ်မဲ့လူတွေချည်းပဲဗျ။

“ဦးအောင်ဝိုင်းတို့အိမ်မှာ မှန်ဘယ်နှချပ် ရှိတုံးဗျ”

ကျုပ်က မေးလိုက်တော့ ဦးအောင်ဝိုင်းက စဉ်းစားပြီး
ဖြေတယ်ဗျ။

“ကိုယ်လုံးပေါ်မှန် နှစ်ချပ်ရှိတယ်။တစ်ချပ်က အိမ်လယ်တိုင်မှာ
တစ်ချပ်က အခန်းထဲမှကွ။သေးသေးလေးတွေတော့
ဘယ်နှချပ်ရှိတုံး မသိဘူးကွ”

“ဟာ သေးသေးလေးတွေထဲတော့ ဝင်မယ်မထင်ဘူးဗျ။
အဲဒီအကြီးကြီးတွေသာ ပြဗျာ”

“ဟုတ်မယ် ကျောက်နီရ။ငါ့မိန်းမ ညနေက ဗိုက်ထဲ
အောင့်သလိုဖြစ်နေတယ်လို့ ပြောတယ်ကွ။

ကဲ…ငါအိမ်ပေါ်တက်ပြီး အိမ်ပေါ်ကလူတွေ
အောက်ကို ဆင်းခိုင်းလိုက်ဦးမယ်။ဒါမှ မင်းတို့
လွတ်လွတ်လပ်လပ် လုပ်လို့ရမှာပေါ့”

ပြောပြောဆိုဆိုပဲ ဦးအောင်ဝိုင်းက
အိမ်ပေါ်တက်သွားတယ်။ခဏနေတော့
သူ့မိန်းမနဲ့ ကလေးတွေနိုးပြီး
အောက်ကိုခေါ်လာတယ်ဗျ။

ကျုပ်တို့လည်း အိမ်ပေါ်တက်ခဲ့ရောဗျို့။

ပထမဆုံး အိမ်လယ်တိုင်မှာ ကပ်ထားတဲ့ ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ကျုပ် ရပ်ပြီး ကြည့်လိုက်တယ်။

တစူးဝါးကြီးကိုင်ပြီး ခါးတောင်းမြှောက်အောင်ကြိုက်ထားတဲ့ ကျုပ်ပုံက မှန်ထဲမှာ ပေါ်နေတယ်။ကျုပ်က ကိုကျောက်နီကိုကြည့်ပြီး
ခေါင်းခါပြတယ်။

အားလုံးက ကျုပ်အနေကို ကြည့်နေကြတာဗျ။

ဦးအောင်ဝင်းက အရိပ်အကဲကို သဘောပေါက်လို့
အခန်းကို လက်ညှိုးထိုးပြတယ်။

ကျုပ်တို့ အခန်းထဲကို ဝင်လိုက်တယ်။

အခန်းထဲမှာ ရေနံဆီမှန်အိမ်တစ်လုံး ထွန်းထားတယ်ဗျ။

ကျုပ်က မှန်ရှေ့မှာရပ်ပြီး မှန်ကြည့်လိုက်တယ်။

ဟာ မပေါ်ဘူးဗျို့။ကျုပ်အရိပ် မှန်ထဲမှာ လုံးဝကို
မပေါ်တာ။ကျုပ်ဖြင့် အံ့သြလိုက်တာဗျာ။

ကျုပ်က ကိုကျောက်နီကိုကြည့်ပြီး
ခေါင်းညိတ်ပြလိုက်တယ်။အားလုံး ရှဲခနဲဆို
ဘေးဖယ်ပေးလိုက်ကြတယ်။

ကျုပ်လည်း နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး…

“ဟဲ့ အောက်လမ်းမသရဲ နင့်ရဲ့ နိဂုံးချုပ်အချိန်
ရောက်ပြီဟေ့။ကဲ…”

“ခွမ်း…ခွမ်း…ခွမ်း”

“အား အောင်မယ်လေး”

“ခွမ်း…ဒုန်း…ဒုန်း ခွမ်း”

ကျုပ်က ကြုံးဝါးလိုက်ပြီ။ကျုပ်လက်ထဲက
တစူးဝါးနဲ့ မှန်ကြီးကို ရိုက်ခွဲပစ်လိုက်တယ်။

မှန်ထဲမှာ ပုန်းနေတဲ့ သရဲမရဲ့ ငယ်သံပါအောင်
အော်လိုက်တဲ့ အသံဟာ သံခနောက်တစ်ရွာလုံးကို
လွှမ်းသွားတာဗျို့။

ကျုပ်လည်း မနားတမ်း ရိုက်ပစ်လိုက်တာ။
မှန်နောက်က သစ်သားပြားပါ။
ရိုက်ချိုးပစ်လိုက်တော့တာဗျ။

“ခွမ်း…ခွမ်း…ခွမ်း”

ကြမ်းပြင်ပေါ်ကို ကျသွားတဲ့ မှန်ကွဲတွေကိုပါ တစူးဝါးနဲ့
ထပ်ပြီးရိုက်ပစ်လိုက်တယ်။

“ဝူး…ဝူး…ဝူး…ဝူး”

ဟာ တစ်ရွာလုံးမှာရှိတဲ့ခွေးတွေ တစ်ပြိုင်တည်းကို
အူကုန်တာဗျို့။

ကျုပ်က ခေါင်းညိတ်ပြပြီး အောက်ကို ဆင်းလာခဲ့တယ်။

“ဟေ့ ဘယ်ကောင် ငါ့မိန်းမကို သတ်လိုက်တာလဲကွ”

ကျုပ်တို့အောက်ရောက်တော့ ဝိုင်းထဲကို ဆရာမှုံဆိုတဲ့
အောက်လမ်းဆရာ ဝင်လာတယ်ဗျ။လွယ်အိတ်ကြီး
တစ်လုံးလည်းစလွယ်သိုင်း လွယ်ထားတယ်ဗျို့

“ကျုပ်နာမည် တာတေတဲ့ ။
ခင်ဗျား မှတ်ထား။
ကျုပ် သတ်တာ။မဖဲဝါ ခိုင်းတဲ့အတိုင်း
သတ်တာပဲ။ခင်ဗျား မကျေနပ်ရင်
သံခနောက်သင်္ချိုင်းကို လာခဲ့ပါလို့
မဖဲဝါက မှာလိုက်တယ်။အဲဒီမှာ
ခင်ဗျားကို မဖဲဝါ စောင့်နေလေရဲ့”

ကျုပ်က ဆရာမှုံကို နည်းနည်းတွန်းပေးလိုက်တာပေါ့ဗျာ။

“သြော် ဒီလိုလား ။ငမှုံဆိုတဲ့ကောင်က စိန်ခေါ်ရင်
ဘယ်တော့မှ လက်နှေးတဲ့ကောင် မဟုတ်ဘူးဟေ့။

မဖဲဝါ မကလို့ သူ့အစ်ကိုကွင်းပိုင် ခေါ်လာတာတောင်
မမှုဘူးကွ။ငါ အခု သွားမယ်။အဲဒီကောင်မကို
လောကထဲက ဒီည ဖျောက်ပစ်လိုက်မယ်
ပြီးရင် မင်းကို သွက်သွက်လည် ရူးသွားအောင်
ငါလုပ်ပစ်ခဲ့မယ် တာတေ”

“ဟာ ကျုပ်ကလည်း အချိန်မရွေးပါပဲ။
အောက်လမ်းကြီးရာ”

ဆရာမှုံ ဝိုင်းထဲက လှည့်ထွက်ပြီး ရွာပြင်ကို
သွားတယ်ဗျ။ကျုပ်တို့လည်း ဆရာမှုံနောက်က
မလှမ်းမကမ်းက လိုက်ခဲ့ကြတာပေါ့ဗျာ။

ဆရာမှုံဆိုတဲ့ လူက သတ္တိတော့ ကောင်းသားဗျ။

သင်္ချိုင်းထဲကို တန်းဝင်သွားတာဗျို့။

“ဟဲ့ မသာမ မဖဲဝါ။အခု ထွက်ခဲ့စမ်း။

နင်က ငါ့ကို စိန်ခေါ်တယ်ဟုတ်လား။
သင်္ချိုင်းထဲကကောင်မ”

ဟာ လာပြီဗျို့။မဖဲဝါ လာပြီ။
ဂူပေါ်မှာ မားမားကြီး ပေါ်လာတာဗျို့။

အရပ်ကတော့ ဆယ်ပေအနည်းလေးပဲ။
ဆံပင် ဖားလျားကြီးနဲ့ဗျ။မျက်လုံးနီနီကြီးတွေက
ပန်းကန်လုံးလောက်ကြီးတွေဗျ။

ဆရာမှုံကို မျက်လုံးပြူးကြီးတွေနဲ့စိုက်ကြည့်နေတာဗျို့။

ဆရာမှုံကလည်းသူ့ဆေးလွယ်အိတ်ထဲက တစ်ခုခုကိုဆွဲထုတ်လိုက်တယ်ဗျို့။

“နင့် ခံနိုင်ရင် ခံပေတော့ ။ကောင်မစုတ်။
ဟောဒါ ငါရဲ့ညာလက်ရုံး ငတိုးကြီးတဲ့ဟေ့။

ကိုးသင်္ချိုင်းရွှံ့လုပ်ထားတဲ့ တိုက်နွားအစစ်ပဲ”

ပြောပြောဆိုဆို နွားရုပ်ကလေးကို မြေကြီးပေါ်
ချလိုက်ပြီး ခြေမနောင့်ကို ဆောင့်လိုက်တယ်။
ပြီးတော့ …

“တောက်”

ဆိုပြီး တောက်ခေါက်လိုက်တယ်ဗျို့။
ကျုပ်တို့ ဝိုင်းကြည့်နေတုန်းမှာပဲ…

“ဝွတ် ထရိန်း ဝွတ် ထရိန်း”

ဆိုတဲ့ အသံကြီးပေါ်လာပြီး။
နွားနက်ကြီးက ဂျိုတွေ သွေးနေလိုက်တာဗျာ။

ဟော ခွာကလည်း ယက်သေးသဗျ။

ရွှံ့ခဲတွေဆိုတာ ဖွားခနဲ ဖွားခနဲ လွင့်ထွက်ကုန်တာဗျို့။

ဟာ ပြေးဝှေ့ပြီဗျို့။ငတိုးကြီးက မဖဲဝါကို
ကြုံးဝှေ့လိုက်တာဗျို့။မဖဲဝါက လေထဲမှာ
အသာကလေး မြောက်တက်ပြီး ရှောင်လိုက်တယ်။

ဟော ငတိုးကြီးက ပြေးဝှေ့ပြန်ပြီဗျို့။

မဖဲဝါက ရှောင်လိုက်ပြန်ပြီ။သင်္ချိုင်းတစ်ခုလုံး
ငတိုးကြီးရဲ့ ခွာယက်သံ တဖြောင်းဖြောင်းက
ဆူနေတာပဲဗျ။ပြီးတော့ တဖြောင်းဖြောင်း
ပြေးလိုက်တဲ့ ခွာသံတွေ။ ငတိုးကြီး ပြေးဝှေ့တိုင်း
မဖဲဝါကတော့ အသာကလေး ရှောင်ပေးလိုက်တာပါပဲ။

“ငါ့သားကြီး ဒီကောင်မကို အသေသာဝှေ့စမ်း
ဒီသရဲမကို အရှင်မထားနဲ့ကွ”

ဆရာမှုံက သူရဲ့ တိုက်နွားကြီးကို အားပေးပြီး
ခိုင်းတယ်ဗျ။နွားနက်ကြီးကလည်း ဝှေ့ပါဗျာ။

ဟော မဖဲဝါက ဂူအောက်ကိုဆင်းပြီး ရပ်နေတယ်ဗျ။
ဟာ ငတိုးကြီး ဂျိုသွေးနေပြီဗျို့။ခွာကိုလည်း
တဖြောင်းဖြောင်း မြည်အောင် ယက်တော့တာပဲဗျ။

ဟော ငတိုးကြီး ပြေးပြီး ဝှေ့ပြီဗျို့။
ဝှေ့ပြီ။ဟာ မဖဲဝါက အပေါ်ကို မြှောက်ပြီး
တက်သွားတယ်။

“ဖြောင်း…ဒုန်း …ခွမ်း”

ဟာ အုတ်ဂူကြီး ဝင်ကြုံးတာဗျို့။ဖြောင်းခနဲပဲ။
ပြီးတော့ သူ့ခေါင်းကြီးနဲ့ဂူကို ဆောင့်မိတာဗျ။ဒုန်းခနဲမြည်သွားတာ။

ခွမ်းဆိုတာက အုတ်ဂူကြီး ပြိုကျသွားတာ။

“အုန်း”

ဟာ ရိုက်လိုက်ပြီ။မဖဲဝါ ရိုက်လိုက်ပြီဗျ။

ဟာ တိုက်နွားကြီး ဖင်ထိုင်ရက်ကျသွားပြီဗျို့။

ဟာ နွားကြီး မဟုတ်တော့ဘူးဗျ။

ရွှံခဲကြီး ဖြစ်သွားပြီ။

“ဟင်…သားကြီး ငတိုး။ဖြစ်ရလေ သားရယ်”

ဆရာမှုံ့ သတိလက်လွတ်ဖြစ်ပြီး ငတိုးကြီးကနေ ပြောင်းသွားတဲ့ ရွှံ့တုံးကြီးကို ပြေးဖက်ပြီး ငိုတော့တာပဲဗျို့။

မဖဲဝါက မျက်လုံးကြီးတွေနဲ့အောက်လမ်းဆရာ ဆရာမှုံကို စိုက်ကြည့်နေတယ်။

ဟော …ဆရာမှုံဘက်ကို မဖဲဝါ ရွေ့သွားပြီဗျို့။

ဟာ လက်ကြီးမြောက်တက်သွားပြီ။မြောက်တက်သွားပြီ။

“အုန်း အုန်း’

ဟာ ရိုက်လိုက်ပြီဗျို့။နှစ်ချက်တောင်မှဗျ။

ဟာ ကိုယ်လုံးကြီးနောက်ကို ကော့တက်သွားတယ်ဗျ။

“ဝေါ့”

ဟာ ပါးစပ်ထဲက အံလိုက်တဲ့ သွေးတွေဗျာ။

မြင်လို့တောင် မကောင်းပါဘူး။

ဟော မဖဲဝါကြီး ပျောက်သွားပြီဗျို့။

ဘုရားပုံကို ခြေဖဝါးမှာ မှင်ကြောင်ထိုးထားတဲ့
အောက်လမ်းဆရာကြီးလည်း ခေါင်းကြီးအောက်ဆိုက်ပြီး ငြိမ်သွားလေရဲ့။

သံခနောက်က လူတွေလည်း ဒုက္ခကြီးတစ်ခုကနေ
လွတ်မြောက်သွားကြပြီပေါ့ဗျာ။

အယောင်ဆောင်တတ်တဲ့ အောက်လမ်းဆရာတွေကိုတော့
သတိထားကြပေတော့ဗျာ။……….

************************

{တစ်ခုတော့ ပြောရဦးမယ်ဗျ။တစူးဝါးဆိုတာကို မသိမှာ စိုးလို့ဗျ။
ကျုပ်တို့ရွာတွေမှာ လူသေကို မီးသင်္ဂြ ိုဟ်တဲ့အခါ အကြောတွေရုံးပြီး အလောင်းကောင်ကြီးကုန်းထလာတတ်တယ်။

အဲဒီအခါ ကျရင် ဝါးလုံးနဲ့ထိုး,ထိုးပြီချရတယ်ဗျ။အဲဒီဝါးလုံးကို တစူးဝါးလို့ခေါ်တာပေါ့ဗျာ။

သရဲနိုင်တယ်ဆိုပြီး တချို့လူတွေက
တိတ်တိတ်သိမ်းထားတတ်ကြတယ်။….}

ပြီးပါပြီ