မျောက်တစ်ရာရွာ

နဲ့ အသံတွေ ထွက်ပေါ်လာတဲ့ဆီကို ချဉ်းကပ်သွားတယ်။ မြင်ကွင်းကို တွေ့ပါပြီ။

” ဟာ…”

မောင်မှတ် အလန့်တကြားအော်လိုက်မိတယ်။

သူမြင်လိုက်ရတာက မျောက်အုပ်ကြီးတစ်အုပ်။ မျောက်အုပ်ရဲ့ အလယ်မှာတော့ စပါးကြီးမြွေကြီးတစ်ကောင်။ လုံးပတ်က ပေါင်လုံးလောက်ရှိမယ်။

မြွေကြီးက မျောက်ငယ်တစ်ကောင်ကို ရစ်ပတ်လုံးထွေးထားတယ်။ ဒါကို ကျန်တဲ့ မျောက်တွေက အဖမ်းခံထားရတဲ့ မျောက်ငယ်လွတ်မြောက်ဖို့ နံဘေးကနေ အသည်းအသန် ခုန်ပေါက်ပြေးလွှားပြေးလွှားနေပြီး မြွေကြီးကို မထိရဲ ထိရဲနဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်။

မြွေကြီးကတော့ မျောက်တွေ ဘယ်လောက်ပဲ လုပ်လုပ်သူ့အစာကိုသာ မဲနေတယ်။

အခြေအနေအရ မောင်မှတ် မနေသာတော့။ မုဆိုးအချင်းချင်း သားကောင်လိုက်ရာမှာ မနှောက်ယှက်သင့်ဘူးဆိုတဲ့ မုဆိုးစည်းကမ်းရှိတယ် ဆိုပေမယ့် မြွေမျိုခံရတော့မယ့် မျောက်ငယ်နဲ့ နံဘေးက စိုးရိမ်နေကြတဲ့ မျောက်အုပ်ကြီးကို သနားမိတဲ့အတွက် မောင်မှတ် ၀င်ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။

ကူညီရာမှာလည်း မြွေမသေ၊ တုတ်မကျိုးဖြစ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို မောင်မှတ် စဉ်းစားလိုက်တယ်။ မကြာဘူး သူနည်းလမ်းရခဲ့တယ်။

သူ့လွယ်အိတ်ထဲက မီးခြစ်ကို ထုတ်လိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းပဲ အနီးအနားက သစ်ရွက်ခြောက်တို့ကို လိုက်လံ စုဝေးပြီး မီးရှို့လိုက်တယ်။

မီးရှို့ရာက ထွက်လာတဲ့ မီးခိုးတို့ကို မြွေကြီးရှိရာဘက်ဆီကို ရောက်အောင် မောင်မှတ်က သူ၀တ်ထားတဲ့ ပုဆိုးကို ချွတ်ပြီး ခတ်လွှတ်တယ်။

” ဖွီး…ရှီး…ရှီး…”

မြွေကြီးက မီးခိုးငွေ့ဒဏ်ကို မခံနိုင်ဘဲ လှုပ်ရှားလာတယ်။ ရစ်ပတ်ထားတဲ့ မျောက်ငယ်ကို တဖြေးဖြေး ဖြေလျော့လွှတ်တယ်။

မြွေကြီးရဲ့ အခြေအနေကြောင့် မောင်မှတ် ၀မ်းသာအားရနဲ့ မီးတွေ ထပ်ရှို့ပြီး ခြောက်လွှတ်တယ်။

မြွေကြီးက နံဘေးက တောဆီကို တိုး၀င်သွားတယ်။ မျောက်ကလေးကတော့ ပျော့ခွေပြီး လျော့လျော့လေးလှုပ်ရှားနေတယ်။

မောင်မှတ်လည်း မျောက်ကလေးကို ပွေ့လိုက်ပြီး သူ့မှာပါလာတဲ့ သောက်ရေဘူးထဲက ရေကို တိုက်လိုက်တယ်။ အခြားမျောက်တွေကတော့ မောင်မှတ် လုပ်သမျှကို နံဘေးကနေ ကြည့်နေတယ်။ မောင်မှတ်က သူတို့ကို အန္တရာယ်မပေးဘူးဆိုတာကိုလည်း သိနေတဲ့ပုံပဲ။

မကြာဘူး။ မျောက်ကလေး လူးလွန့်လာတယ်။ ကျန်တဲ့ မျောက်တွေက ၀မ်းသာအားရ ထအော်ကြတယ်။

မောင်မှတ်လည်း ကျေနပ်သွားရတယ်။ အစာလွတ်သွားရတဲ့ မြွေကြီးအတွက်တော့ မောင်မှတ် စိတ်မကောင်းဖြစ်မိတယ်။ မုဆိုးစည်းကို သူဖောက်ဖျက်မိပေမယ့် မုဆိုးအချင်းချင်း အသက်အန္တရာယ်ကို ရန်မပြုမိခဲ့တဲ့အတွက် မောင်မှတ် သူ့လုပ်ရပ်ကိုသူ့ဘာသာ ကျေနပ်မိနေတယ်။

အဲ့ဒီ့အချိန်မှာ ဒဏ်ရာရထားတဲ့ မျောက်ကလေးက မျက်လုံးလေးကလယ်လယ်နဲ့ ပတ်၀န်းကျင်ကို လိုက်ကြည့်နေတယ်။ မောင်မှတ်က မျောက်ကလေးရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်အနှံ့ကို ရေနဲ့ ပွတ်သပ်ဆုပ်နယ်ပြီး လန်းဆန်းအောင်လုပ်ပေးနေတယ်။

သတိရပေမယ့် ပျော့ခွေနေတဲ့ မျောက်ကလေးကို မောင်မှတ်က ကလေးငယ်တစ်ယောက်ကို ချီသလိုချီပြီး မျောက်အုပ်ကြီးဆီ ကမ်းပေးလိုက်တယ်။

” ကဲ…ရော့…မင်းတို့ရဲ့ သူငယ်ချင်း မကြာခင် သက်သာလာလိမ့်မယ်…”

မျောက်အုပ်ထဲက မျောက်ကြီးတစ်ကောင်က မောင်မှတ်ဆီကို မရဲတရဲလှမ်းလာပြီး မျောက်ငယ်ကလေးကို လက်လွှဲယူတယ်။ ပြီးတော့ ရင်ခွင်ပိုက်ချီပြီး အနောက်ကို ခုန်ဆုတ်သွားတယ်။

မောင်မှတ်ကတော့ မျောက်ကြီးနဲ့ မျောက်ငယ်ကို သဘောကျပြီး ရယ်မိတယ်။ ပြီးတော့…

” ကဲ…ကဲ… မင်းတို့ သွားကြတော့။ ငါလည်း…အိမ်ပြန်ရဦးမယ်…”

အချိန်က နေညိုကာနီးပြီမို့ မောင်မှတ်က ပြောပြီးတော့ လှည့်ထွက်လိုက်တယ်။

အတော်အတန်လှမ်းပြီးတော့ အနောက်ကို ပြန်လှည့်ကြည့်တော့ မျောက်အုပ်ကြီးက သူ့ကို ကြည့်နေတုန်းပဲ။

ဘာရယ်မဟုတ်ပါပဲ မျောက်တွေကို လူတွေလိုထင်မှတ်ပြီး မောင်မှတ် လက်ပြနှုတ်ဆက်လိုက်မိတယ်။

*****

” ဘုတ်ဘုတ်…ဘုတ်ဘုတ်…”

သန်းခေါင်ယံအချိန် မောင်မှတ်တို့ အိမ်ထရံကို တစ်စုံတစ်ရာက ပုတ်ခတ်တဲ့အသံ။

မောင်မှတ် မုဆိုးပီပီ နားပါးလွန်စွာနဲ့ပဲ အိမ်အပြင်က အသံကို ကြားကြားချင်း လန့်နိုးခဲ့တယ်။

” ချွတ်…ရှပ်…ရှပ်…”

အိမ်နံဘေး လျှောက်သွားနေတဲ့ ခြေသံကိုလည်း မောင်မှတ်ကြားရတယ်။

“သူခိုးတော့ မဖြစ်နိုင်ဘူး…ဒါလူပဲနေမှာ…”

မောင်မှတ် ရေရွတ်မိတယ်။ သူ့အိမ်က ဆင်းရဲချို့တဲ့ တဲ့အတွက် သူခိုးတော့ လာမခိုးနိုင်။ ထို့အတွက် အရွယ်ရှိဆဲ မိခင်ကို လာရောက်၍ အချောင်ကြံသူသာ ဖြစ်နိုင်တယ်လို့ မောင်မှတ်တွေးမိသွားတယ်။

သူ၏ မိခင်ဖြစ်သူက ယခုမှ အသက်လေးဆယ်စွန်းစွန်း။ ပြည့်ပြည့်၀၀၊ ဖွင့်ဖွင့်ထွားထွားရှိနေတုန်း။

” တောက်…တွေ့ကြသေးတာပေါ့ကွာ…”

အမေကို အချစ်သည်းပြီး စိုးရိမ်လွန်းတဲ့မောင်မှတ်၊ စိတ်ထဲကနေ တောက်တစ်ချက်ခေါက်လိုက်တယ်။ ပြီးတော့ လက်က အိပ်ရာနံဘေးက သာကိုင်နေကျ တောလိုက်ဓားမြှောင်ကို စမ်းပြီး ကိုင်လိုက်တယ်။

ခြေကို အသာဖွနင်းပြီး အိမ်အောက်ကို ဆင်းဖို့ မောင်မှတ်ထွက်ခဲ့တယ်။ မိခင်ဖြစ်သူအခန်းအနားက ဖြတ်ခိုက် အထဲကို လှမ်းကြည့်မိတော့ မိခင်က အိပ်မောကျနေလေရဲ့။

မိခင်ဖြစ်သူအတွက် မောင်မှတ်စိတ်ချသွားတယ်။ ပြီးတော့…ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ပုန်းကွယ်လို့ အောက်ကို ဆင်းလာခဲ့တယ်။

အောက်ရောက်တော့ လူရိပ်သူရိပ်ကို သူရှာဖွေတယ်။ လရောင်ဆမ်းလို့ ရွှန်းရွှန်းစိုနေတဲ့ အိမ်ပတ်၀န်းကျင်မှာ လူရိပ်သူရိပ်ဘာမှ ရှိမနေဘူး။

” တောက်…ငါ နားကြားမှားတာတော့ မဖြစ်နိုင်ပါဘူး”

မောင်မှတ် ရေရွတ်ပြီး ကျိတ်မနိုင်ခဲမရနဲ့ သေချာအောင် ဆက်ရှာတယ်။ အဲ့ဒီ့အချိန်မှာပဲ ခြံထောင့်က လှုပ်ရှားမှုတစ်ခု ဖြစ်လာတယ်။ မောင်မှတ် လှမ်းကြည့်လိုက်တော့…။

” ဟင်…မျောက်တွေပါလား…”

ခြံထောင့်ဆီမှာ မျောက်ကြီးသုံးကောင် ရှိနေတယ်။ သူတို့က မောင်မှတ်ကို လှမ်းကြည့်နေကြရဲ့။ မောင်မှတ် အံ့သြစိတ်နဲ့ ပြန်ကြည့်နေမိတုန်း စိတ်ကို တစ်စုံတစ်ရာက ညှို့ငင်သလို ဖြစ်သွားတယ်။

” လိုက်ခဲ့…ငါတို့နဲ့ ခဏ လိုက်ခဲ့…”

မျောက်တွေက သူ့ကို စကားပြောနေတယ်။ ဒါပေမယ့် အပြင်က ထွက်လာတဲ့ စကားသံမဟုတ်ဘူး။ စိတ်ချင်းဆက်သွယ်ပြီး ပြောနေခဲ့တာ။

” လိုက္​ခဲ့ပါ…”

မောင်မှတ် အံ့အားသင့်နေချိန် ခေါ်သံက ထပ်ထွက်လာပြန်တယ်။

” ကျုပ်…ကျုပ် တကယ်လိုက်ရမှာလား”

” ဟုတ်တယ်…ငါတို့ အကြီးအကဲက မင်းကို ကျေးဇူးဆပ်ချင်လို့ ခေါ်ခိုင်းလိုက်တာ”

” ဘာအတွက်လဲ…”

” လိုက်ခဲ့ရင် သိမှာပေါ့…ကဲ…သွားကြစို့…”

မျောက်ကြီးတွေက လှည့်ထွက်သွားတယ်။ မောင်မှတ်လည်း အမှား၊ အမှန် မစဉ်းစားနိုင်ခဲ့ဘူး။ မျောက်ကြီးတွေ အနောက်က ထပ်ချပ်မခွာလိုက်မိတော့တယ်။

*****

သန်းခေါင်ယံအချိန်ခန့်ကနေ အာရုံမိုးသောက်ချိန်အထိ မောင်မှတ်တစ်ယောက် မျောက်တွေအနောက်က လိုက်နေရတယ်။

မျောက်ကြီးသုံးကောင်ကတော့ သစ်ပင်ပေါ်ကတစ်လှည့်၊ မြေပြင်တစ်ဖုံနဲ့ သူ့ကို လမ်းပြခေါ်ဆောင်ပြီးသွားနေဆဲပဲ။

ရောင်နီပျို့လာပြီးနောက် အရှေ့အရပ်က နေထွက်လုလုအချိန်မှာတော့ သူတို့တတွေ ကျောက်သားနံရံတွေနဲ့ ပြည့်နေတဲ့ ချောက်ကြီးတစ်ခုထဲကို ရောက်ခဲ့တယ်။

ကမ်းပါးယံတွေ မိုးထားတာမို့ ထွန်းသစ်စ အလင်းရောင်ကလည်း အတော်ကလေးအားနည်းသွားပြန်ရဲ့။

” ရောက်ပြီ…”

မျောက်ကြီးတစ်ကောင်ကပြောတယ်။ ကျန်မျောက်ကြီးတစ်ကောင်က ပါးစပ်က အော်သံတစ်ခုကို ပြုလုပ်လိုက်တယ်။

မျောက်ကြီးရဲ့ အော်သံ ဆုံးတယ်ဆိုရင်ပဲ ကမ်းပါးယံရဲ့ အကျိုအကြားတွေဆီက အရွယ်အမျိုးမျိုးသော မျောက်တွေ ထွက်ပေါ်လာခဲ့ပြီး မောင်မှတ်နံဘေးမှာ များပြားစွာနဲ့ စုဝေးလာကြတယ်။ ပြီးတော့ မျောက်တွေအားလုံးက မောင်မှတ်ကို အဓိပ္ပါယ်တစ်မျိုးပါတဲ့ အကြည့်မျိုးနဲ့ ကြည့်နေကြတယ်။

မကြာပါဘူး။ မောင်မှတ် ကြည့်နေတုန်းမှာပဲ မျောက်အုပ်ကြီးက နံဘေးကို ရှဲသွားကြတယ်။ မျောက်အုပ်ကြီးရဲ့ နောက်ကွယ်က လူတစ်ယောက်နီးပါး ကြီးမားလှတဲ့ မျောက်ကြီးတစ်ကောင် ထွက်ပေါ်လာတယ်။ မျောက်ကြီးရဲ့ ပခုံးပေါ်မှာတော့ မျောက်ငယ်လေးတစ်ကောင်။

” ဒါ… ငါကယ်လိုက်တဲ့ မျောက်ကလေးပဲ…”

မောင်မှတ် ပခုံးထက်က မျောက်ငယ်ကို မြင်တော့ မှတ်မိပြီး တိုးတိုးရေရွတ်မိလိုက်တယ်။ ဒါပေမယ့်…နံဘေးက သူ့ကို ခေါ်လာတဲ့ မျောက်သုံးကောင်ကတော့ သူ့အသံကို ကြားလေရဲ့။

” ဟုတ်တယ်…မင်းကယ်လိုက်တဲ့ မျောက်ကလေးက ငါတို့အကြီးအကဲရဲ့ အရိုက်အရာကို ဆက်ခံမယ့် မျိုးဆက်ပဲ။ ဒါကြောင့်…မင်းကို ကျေးဇူးဆပ်ဖို့ အကြီးအကဲက ခေါ်ခိုင်းလိုက်တာ…”

” ဟင်…”

မျောက်တွေမှာ ခေါင်းဆောင်ရှိတယ်၊ ယခုလိုမျိုး လူတွေလို စုဝေးနေထိုင်တယ်၊ အကြီးအကဲရှိတယ် ဆိုတာမျိုးကို မောင်မှတ် မကြားဖူး၊ မမြင်ဖူးခဲ့တော့ အလွန်အံ့အားသင့်သွားရတယ်။

” ကျွန်ုပ်တို့ကို ကြည့်ပြီး အံ့သြနေတယ်ထင်ရဲ့။ အင်းလေ…ထင်လည်း ထင်ချင်စရာပါပဲ။ ဒီရွာက မျောက်တစ်ရာရွာလို့ ခေါ်တယ်။ ကျုပ်တို့က သာမန်မျောက်အမျိုးအနွယ် မဟုတ်ဘူး။ ကပိပုဏ္ဏလို့ခေါ်တွင်ပြီး နောင်မှာပွင့်မယ့် ဘုရားကို လှူဖို့ ပစ္စည်းဥစ္စာတွေကို စောင့်ရှောက်ရတဲ့ မျောက် အမျိုးအနွယ်ပဲ။ ပြောရရင်တော့ ရုပ်ရှိ၊ နာမ်ရှိပြီး မျိုးရိုးအစဉ်အဆက် ဥစ္စာကိုစောင့်ကြရတာမျိုးပေါ့။ အခု သင်ကယ်လိုက်တဲ့ ကလေးက နောင်အခါမှာ ကျွန်ုပ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူပါ။ သူက သေဆုံးသွားပြီဖြစ်တဲ့ သူ့အမေကို ရှာဖွေဖို့ ကြိုးစားရင်း လမ်းမှားပြီး သင်တို့ဘက်ကို ရောက်လာခဲ့တာ။ အဲ့ဒီ့မှာ အသားစားကျူးတဲ့ မြွေမျိုးနဲ့တွေ့ပြီး သင့်ရဲ့ ကယ်တင်ပေးမှုကို ခံလိုက်ရတာပဲ။ ဒီအတွက် သင်က ကျွန်ုပ်တို့ မျိုးနွယ်စုအပေါ် သိပ်ကို ကျေးဇူးကြီးမားခဲ့တယ်။ သင့်ကို ကျေးဇူးဆပ်ပါရစေ…”

မောင်မှတ်အတွက် အံ့အားသင့်မှုတွေက အဆုံးမသတ်နိုင်သေးပါ။ မျောက်အကြီးအကဲရဲ့ တောင်းဆိုမှုကို ခေါင်းလည်းမညိတ်မိသလို၊ ခေါင်းလည်းမခါမိ။

” သူ့ကို ခေါ်သွားလိုက်ပါ။ ပြီးရင် ကျွန်ုပ်ရဲ့ ပိုင်ဆိုင်မှုဆီကနေ သူနိုင်သလောက် ရတနာတွေ ယူသွားပါစေ…”

” ကျုပ်…ကျုပ်…မယူ…”

မောင်မှတ် ငြင်းဆန်ဖို့ စကားပင် မဆုံးသေး မျောက်ကြီးက

” မငြင်းဆန်ပါနဲ့။ လိုသလောက်သာ သယ်ယူသွားပါ။ သင်ဟာ မိခင်ကို လုပ်ကျွေးနေတဲ့ သားလိမ္မာဖြစ်တယ်ဆိုတာကို ကျွန်ုပ်သိလို့ ပေးတာပါ…”

မိခင်ကြီးအကြောင်းနဲ့ ပြောလာတော့ မောင်မှတ် မငြင်းသာတော့။ သူ့နံဘေးက မျောက်ကြီး ခေါ်ဆောင်ရာဆီ ကျောက်လိုဏ်ခေါင်းပေါက် တစ်ခုဆီကို လိုက်ခဲ့မိတော့တယ်။

*****

” ဟာ…များလိုက်တဲ့ ရတနာတွေ…”

အထဲရောက်တာနဲ့ များပြားလှတဲ့ ရွှေ၊ ငွေ၊ ကျောက်သံရတနာတွေကို ကြည့်ပြီး မောင်မှတ်ရေရွတ်မိတယ်။ ရတနာတွေက တောင်ပို့ကြီးတွေအလား လိုဏ်ဂူထဲမှာ ပြည့်နေရဲ့။

” ဟိုးက အပုံက အကြီးအကဲပိုင်ဆိုင်တဲ့ဟာပါ။ အဲ့ဒီ့ကနေ သင်လိုသလောက် ယူသွားပါ…”

မျောက်ကြီးပြတဲ့ ရတနာပုံက မောင်မှတ်တစ်ရပ်စာနီးနီးလောက်ရှိတယ်။

မောင်မှတ် အံ့အားသင့်စိတ်နဲ့သာ ကြည့်နေမိပြီး ဘာကို ယူရမယ်မသိဘူး။

” မြန်မြန်ယူပါ။ သင့်ပြန်ဖို့ အခ်ျန်မလောက်ဘဲနေလိမ့်မယ်…”

ဘာကို ဆိုလိုတယ်ဆိုတာ မောင်မှတ် မသိပေမယ့် မပြန်ရတော့ရင်ဆိုတဲ့ အတွေးက ၀င်လာခဲ့တယ်။ ဒီအတွက်ကြောင့်ပဲ မောင်မှတ်လည်း ရတနာပုံကြီးဆီက အလွယ်ကူဆုံးဖြစ်တဲ့ အတာရေအိုးလောက်ရှိမယ့် ရွှေရောင်အိုးလေးကိုသာ ကောက်မ’ ယူလိုက်မိတယ်။

” သင်ယူပြီးပြီဆို ပြန်ထွက်ကြရအောင်…”

မောင်မှတ်လည်း မျောက်ကြီးနဲ့အတူ ဂူထဲကနေ ပြန်ထွက်လာခဲ့တယ်။ သူအပြင်ရောက်တယ်ဆိုတာနဲ့ အခုနက များပြားလှတဲ့ မျောက်တွေကို တစ်ကောင်တစ်မြှီးမှ မတွေ့ရတော့ဘူး။

” သူတို့ကို ရှာမနေပါနဲ့။ သင်ပြန်မယ့် လမ်းကို ကျွန်ုပ်ပြပါမယ်။ တစ်ခုရှိတာက ဒီကနေ ထွက်ပြီဆိုတာနဲ့ သင်အနောက်ကို လုံး၀လှည့်မကြည့်ပါနဲ့။ မုဒ်၀ကနေ လွတ်ပြီဆိုတာနဲ့ အရှေ့ဘက်စူးစူးကိုသာ သင်သွားပါ။ မကြာခင် သင့်အိမ်ကို ရောက်ပါလိမ့်မယ်…”

” ကျေး…ကျေးဇူးတင်ပါတယ်…”

” ရပါတယ်။ ကျွန်ုပ်တို့က ကျေးဇူးဆပ်တာမို့ သင်ကျေးဇူးတင်စရာမလိုပါဘူး။ သင် အမြန်ဆုံးသွားပါတော့။ တော်နေလို့ အချိန်လွန်သွားရင် ပြန်မရဘဲ နေပါလိမ့်မယ်…”

” ဟုတ်…ဟုတ်…သွားပါပြီဗျာ…”

မောင်မှတ်လည်း အထိတ်တလန့်ဖြစ်ပြီး မျောက်ကြီး ညွှန်ပြရာလမ်းဆီကို အပြေးလှမ်းလိုက်တယ်။

” အနောက်ကို လုံး၀လှည့်မကြည့်ပါနဲ့…”

မျောက်ကြီးရဲ့ အသံကို ကြားပေမယ့် မောင်မှတ် လှည့်မကြည့်ရဲပါ။ အိမ်မပြန်ရရင်ဆိုတဲ့ အတွေးနဲ့ပဲ အရှေ့ကိုသာ အားစိုက်ပြီး အတင်းပြေးမိတော့တယ်။

*****

လက်ထဲက အိုးလေးကို ကျစ်နေအောင်ပိုက်ပြီး အချိန်အတော်ကြာ မောင်မှတ်ပြေးနေမိခဲ့တယ်။

ခန့်မှန်းချေ တစ်နာရီသာသာခန့်မှာတော့ တောစပ်ကို ရောက်ခဲ့ပြီး သူနေထိုင်ရာ ရွာကလေးကို လှမ်းတွေရတယ်။ အချိန်က ဆွမ်းခံ၀င်ချိန်လောက်ပဲ ရှိဦးမယ်။

မောင်မှတ်လည်း ၀မ်းသာအားရနဲ့ ရွာအပြင်ကနေပတ်ပြီး အိမ်ဆီကို အားသွန်ခွန်စိုက်ဆက်ပြေးလာခဲ့တယ်။

အိမ်ဆီရောက်တော့ သူ့ခြံ၀န်းထဲမှာ များပြားလှတဲ့ လူတစ်ချို့ ၀င်ထွက်သွားလာနေတာကို မောင်မှတ်မြင်ိလုက်ရတယ်။ မိခင်များ တစ်စုံတစ်ခုဖြစ်သလားလို့ မောင်မှတ်စိုးရိမ်မိသွားတယ်။

” အမေ…အမေ…”

စိုးရိမ်တကြီးနဲ့ အော်ဟစ်ရင်း မောင်မှတ် ခြံထဲကို ပြေး၀င်လာခဲ့တယ်။ သူ့ကို မြင်တော့ ခြံ၀န်းထဲက လူတွေအားလုံး ရုတ်ရုတ်သည်းသည်းဖြစ်ကုန်တယ်။

” မောင်မှတ်…မောင်မှတ် ပြန်ရောက်လာပြီဟေ့…”

လူတချို့က ၀မ်းသာအားရနဲ့ အော်ဟစ်ကြပြီး မောင်မှတ် ဆီလှမ်းလာကြတယ်။

” အမေ…အမေကော…လူတွေအများကြီးပဲ အမေဘာဖြစ်တာလဲ…”

မောင်မှတ်က စိုးရိမ်တကြီး မေးလိုက်တယ်။ အဲ့ဒီ့အချိန်မှာပဲ အိမ်ပေါ်ဆီက သူ့အမေက မျက်ရည်စက်လက်နဲ့ ပြေးဆင်းလာတယ်။

“သား…အမေ့သားလေး။ မင်း…မင်း…မသေဘူးနော်…”

အမေဖြစ်သူက ပြောရင်းနဲ့ မောင်မှတ်ကို ပြေးဖက်လာတယ်။

” ငါ့…ငါ့သားလေး မသေဘူး။ ၀မ်းသာလိုက်တာ…၀မ်းသာလိုက်တာ……အီး…ဟီး…ဟီး…”

ပြောပြောပြီး ဖက်ကာ ငိုနေတဲ့ မိခင်ကြောင့် မောင်မှတ် ဖြစ်စဉ်ကို နားမလည်နိုင်ဖြစ်ရတယ်။

” အမေ…အမေ…ဘာဖြစ်တာလဲ ကျုပ်ကိုလည်း ရှင်းပြပါဦး…”

မောင်မှတ်ကမေးတယ်။ မိခင်ဖြစ်သူက ၀မ်းသာလုံးဆို့နေလို့ မရှင်းပြနိုင်သေးဘူး။ ဘေးက လူတွေက…

” မင်း…ရွာကနေ ရုတ်တရက်ပျောက်သွားတာ တစ်ပတ်တိတိရှိသွားပြီကွ…”

” ဗျာ…”

” ဟုတ်တယ်။ ငါတို့လည်း မင်းကို တောလိုက်သွားရင်း အန္တရာယ်ကြုံပြီထင်ပြီး နေ့တိုင်း တောနင်းရှာနေတာ။ အလောင်းမတွေ့သေးတော့ မင်းအမေကို သနားတာနဲ့ ရှာတာကို မရပ်နိုင်ဘဲ ဒီနေ့အထိ ဆက်ရှာနေကြတာပေါ့…”

” ကျုပ်…ကျုပ်သွားတဲ့ တစ်ခဏလေးက အဲ့ဒီ့လောက်တောင် ကြာသွားတာလား”

မောင်မှတ် တအံ့တသြပြန်မေးမိတယ်။ ကြားရတဲ့သူတွေကလည်း မောင်မှတ်စကားကြောင့် မင်သက်ကုန်ကြတယ်။

အသက်အရွယ်ကြီးတဲ့ အဘိုးအိုတစ်ယောက်က

” ကဲ…ကဲ…အားလုံးပဲ ကလေးကို အိမ်ထဲခေါ်ကြတော့။ စိန်ခင်…နင်ကလည်း ငိုမနေနဲ့တော့။ ဒီကလေး တစ်ခုခုထူးဆန်းတာ ကြုံလာပြီ။ သူဘာဖြစ်လာသလဲ မေးကြည့်စမ်းချေဦး…”

အကုန်လုံး သိချင်စိတ်ကြောင့် ပြာပြာသလဲ ဖြစ်ကုန်ပြီး မောင်မှတ်ကို အိမ်ဆီခေါ်ကြတယ်။ ပြီးတော့…ဖြစ်စဉ်ကို မောင်မှတ်က အစ၊ အဆုံး ပြန်ပြောပြခဲ့တယ်။

အားလုံး မောင်မှတ်ပြောတာကို နားထောင်ပြီး အံ့အားသင့်ကြတယ်။ အချို့ကတော့ မယုံသင်္ကာအနည်းငယ်ဖြစ်ကြတယ်။ ဒါပေမယ့် မောင်မှတ်လက်ထဲမှာ အိုးလေးက သက်သေအဖြစ်ပါနေခဲ့တော့ ဆက်လက်ပြီး စပ်စုဖို့အတွက် အိုးကို ဖွင့်ဖို့ တောင်းဆိုကြတယ်။

မောင်မှတ်လည်း အိုးလေးကို လူအများရှေ့မှာပဲ ဖွင့်ချပြလိုက်တယ်။

” အိုး…တကယ့်ရတနာတွေပါလား…”

” အများကြီးပဲ…”

” ဟုတ်ပါ့ အိုးအပြည့်ပဲ…”

” မောင်မှတ်တို့တော့ ချမ်းသာပြီဟေ့…”

တစ်ယောက်တစ်ပေါက် ရေရွတ်သံတွေက စီညံထွက်လာတယ်။ အိုးထဲမှာတော့ ပြည့်ကျက်သိပ်နေတဲ့ အမျိုးစုံသော အဖိုးထိုက်ရတနာများ။

*****

အဲ့ဒီ့နေ့ကနေစပြီး မောင်မှတ်တို့သားအမိ ချမ်းသာခဲ့တယ်။ ကြားထဲမှာ ထူးဆန်းတာတွေလည်းဖြစ်ခဲ့ပြန်သေးတယ်။

အဲ့ဒါကတော့…။

သူတိူ့ လူချမ်းသာဖြစ်ပြီး သိပ်မကြာခင်မှာ ရတနာတွေအထဲက တချို့ကို သူခိုးခိုးတာ ခံခဲ့ရတယ်။

ဒါပေမယ့် နောက်တစ်နေ့ နံနက်မှာပဲ သူခိုးက အဲ့ဒီ့ရတနာတွေကို ပြန်လာထားတုန်းဖမ်းမိခဲ့တယ်။ ခိုးပြီးမှ ဘာကြောင့် ပြန်လာထားရသလဲလို့ မေးကြည့်တော့ သူခိုးက…

သူ ခိုးသွားခဲ့တဲ့ ရတနာတွေအားလုံးက သူ့အိမ်ရောက်တာနဲ့မီးသွေးမှုန့်တွေ ဖြစ်သွားတယ်တဲ့။ အဲ့ဒါနဲ့ သူခိုးလည်း လန့်ဖျပ်ပြီး ပြန်လာပို့တုန်း အဖမ်းခံရတာပါတဲ့။ ဒါပေမယ့် သူခိုးလာထားတဲ့ ရတနာတွေကို မောင်မှတ်တို့ အိမ်မှာ ပြန်ဖွင့်ကြည့်တော့ နဂို အကောင်းအတိုင်းပဲ ရှိနေခဲ့တယ်။

ဒါနဲ့ မယုံတဲ့သူတွေက စမ်းသပ်ကြည့်ကြတယ်။ မောင်မှတ်က သူ့ ခွင့်ပြုချက်နဲ့ တစ်ချို့ကို ငှါးခဲ့ပြီး တချို့ကို မသိအောင်ယူဖို့ စီစဉ်ကြတယ်။

သူခိုးပြောတဲ့အတိုင်း အမှန်ပဲ။ ယူသွားတဲ့သူတွေအထဲမှာမှ မောင်မှတ်ဆီက ခွင့်ပြုချက်မရတဲ့သူတွေဆီက ပစ္စည်းတွေ အကုန်လုံးက မီးသွေးတွေ ဖြစ်ကုန်ကြတယ်။ ခွင့်ပြုချက်နဲ့ ငှါးသူတွေက ဘာမှမဖြစ်ဘူး။

ဒီဖြစ်စဉ်ကြောင့်ပဲ မောင်မှတ်တို့ရဲ့အိမ်ကို ဘယ်သူခိုး၊ ဓားပြမှ ၀င်ဖို့ မစဉ်းစားရဲကြတော့ဘူး။

*****

အချိန်တွေလည်း ကြာခဲ့ပါပြီ။ မောင်မှတ်ဟာလည်း ဦးဘိုးမှတ်ဖြစ်ခဲ့ပြီ။

ဦးဘိုးမှတ်ဟာ အသက်ငါးဆယ်အရွယ်မှာ သူသေရင် ရတနာတွေကို သုံးစွဲနိုင်သူ မရှိတော့မှာစိုးတဲ့အတွက် သုံးပုံပုံ၊ နှစ်ပုံကို ထုခွဲရောင်းချခဲ့ပြီး ရရှိတဲ့ ငွေကြေးနဲ့ ပဲခူးမြို့ပေါ်ကို အပြီးပြောင်းရွှေ့ခဲ့ပြီး တက်ပြီး သူ့ရဲ့ နောင်မျိုးတက်အတွက် နေရေးထိုင်ရေးတွေ စီစဉ်လို့ များပြားတဲ့ ရင်းနီးမြှုပ်နှံမှု လုပ်ငန်းတွေလုပ်ခဲ့တယ်။

ကျန်တဲ့ တစ်ပုံကိုတော့ မပြောင်းခင် မြယာတောရွာရဲ့ ဦးထိပ်ဆီမှာ ကိုးတောင်ပြည့်စေတီကလေးတစ်ဆူတည်ခဲ့ပြီး ဋ္ဌာပနာထည့်ခဲ့ပါတယ်။ ပြီးတော့…ဘုရားထီးတင်တဲ့ရက်မှာ ကပိပုဏ္ဏမျောက်အမျိုးအနွယ်များကို အမျှပေးဝြေပီး သာဓုအနုမောဓနာ ပေးဝေခဲ့ပါတယ်။

ဦးဘိုးမှတ်ရဲ့ နောက်ပိုင်း လူတချို့က မျောက်တစ်ရာရွာကို ရှာဖွေဖို့ ကြိုးစားခဲ့ဖူးကြပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ရွာကို တွေ့အောင် မရှာနိုင်ခဲ့ကြပါဘူး။

ထို့အပြင် ဦးဘိုးမှန်ကိုယ်တိုင် အသက်လေးဆယ်အရွယ်မှာ စမ်းသပ်တဲ့အနေနဲ့ နောက်ထပ် တစ်ကြိမ်ပြန်လည်ရှာဖွေရာတွင်လည်း တွေ့ရှိခြင်းမရှိခဲ့ရပါ။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)