သစ်ကွက်တွေက ငှားရင်း ကျွန်တော်ဦးစီးပြီး အလုပ်လုပ်ကြရပါတယ်။
အဖေက ဆေးကုပြီး ဝင်ငွေရှာသလို ကျွန်တော်နဲ့ ကောက်ရကလည်း သစ်ဆွဲရင်း ဝင်ငွေရှာပေးပါတယ်။ ဒါကြောင့် ကျွန်တော်တို့မိသားစု ချောင်ချောင်လည်လည် ရှိကြပါတယ်ဆရာ”
“တယ်ဟုတ်ပါလားကွ၊ ဒါနဲ့ မင်းက ဘာမှုဖြစ်တာ”
“ဘိန်းမှုပါ ဆရာ။ ကျွန်တော်တို့ဘက်မှာတော့ ဘိန်းဆိုတာ စွယ်စုံဆင် အရွယ်ရောက်တော့ မုန်ကျလာရင် ဘိန်းကျွေးပြီး ထိန်းသိမ်းမှ လွယ်ကူတယ်ဆရာ။ ချွန်းတွေ၊ ဓားမြှောင်၊ လှံတွေထက် အသုံးဝင်ပါ တယ်။
မိတ်လိုက်ရာသီ ဆင်တွေ မုန်ကျပြီဆိုရင် သိပ်ကြောက်ဖို့ကောင်းတယ်ဆရာ။ နားရွက်အောက် မုန်တွင်းက မုန်ရည်တွေ ပြည့်လျှံပြီး ပါးစပ်ထဲဝင်လို့ မုန်သောက်ပြီဆိုရင် စိတ်ရိုင်းတွေဝင်ပြီး မိမိဦးစီးကို တောင် အသက်အန္တရာယ်ရှာတော့တာပဲ။ အဲဒီလို အချိန်မျိုးမှာ စိတ်ငြိမ်အောင် ဘိန်းကျွေးရတယ် ဆရာ။ အဲဒါကြောင့် ကျွန်တော့်လွယ်အိတ်ထဲမှာ အမြဲတမ်း ဘိန်းဆာင်ထားရတယ်။
အဲဒါနဲ့ တစ်နေ့ ခန္တီးမြို့ကို ဧည့်သည်လိုက်ပို့ရင်း အပြန်မှာ ရဲနဲ့တိုးပြီး ဘိန်းမိတာနဲ့ ကျွန်တော် ထောင်(၆)နှစ်ကျတာ ဆရာ။ ကျွန်တော်က ဘိန်းစားမဟုတ်ပါဘူး၊ တစ်ကောင်ကြွက်ပါဆရာ။ အဖေအမေလည်း မရှိတော့ပါဘူး။ ကျွန်တော့်ဆင်ကိုလည်း ရဲက သိမ်းသွားတယ်ဆရာ”
“ဒါဆို မင်း ထောင်ကလွတ်ရင် ဘာလုပ်စားမလဲ”
“ကျွန်တော် ပြောခဲ့သလို ကျွန်တော်က ဆေးဆရာ မုဆိုးပါ ဆရာ။ အမဲလိုက်မယ်၊ ဆေးမြစ်ရှာမယ်၊ ဆေးကုမယ်ပေါ့။ တစ်ဝမ်းတစ်ခါး မငတ်ပါဘူး ဆရာရယ်။ ချမ်းသာချင်ရင်တော့ ကျောက်စိမ်း ရှာရမယ်။ ကျွန်တော်က တောကျွမ်းတယ်။ ကျွန်တော်တို့ ခန္တီးဒေသက ကျောက်စိမ်းလည်း ပေါတယ်ဆရာ”
“ဟုတ်ပါပြီ၊ မင်းက စေတနာလည်း ကောင်းတယ်၊ စိတ်ထားလည်း ဖြူစင်တယ်။ မိတ်ဆွေလည်း ပေါမှာပါ။ ဒါနဲ့ အိမ်ထောင်မရှိသေးဘူးလား။ မင်းလည်း အရွယ်ရောက်နေပြီပဲ”
“အိမ်ထောင်တော့ မရှိသေးဘူး ဆရာ၊ ရည်းစားတော့ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်က အထက်လမ်းဆရာ၊ သူက အောက်လမ်းသမားဆိုတော့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပြီး လွဲကြတာပေါ့ ဆရာရယ်”
“အဲဒီ ဇာတ်လမ်းလေး ပြေပြပါဦးကွာ”
“ဇာတ်လမ်းက ရှင်းရှင်လေးပါ ဆရာ။ ကျွန်တော်နဲ့သူ ရည်းစားဖြစ်ကြတာတော့ ကြာပါပြီ။ ကျွန်တော်က တောထဲတောင်ထဲမှာ အနေများတော့ တစ်လတစ်ကြိမ်လောက်ပဲ သူနဲ့ ဆုံကြရပါတယ်။ ဒါကြောင့် သူ ပညာသည်မှန်းလည်း ကျွန်တော် မသိခဲ့ပါဘူး။ သူ့မိဘတွေကလည်း လယ်သမား၊ ယာသမားတွေဆိုတော့ ရိုးသားပြီး အေးဆေးကြပါတယ်။
တစ်ညပေါ့ ဆရာရယ်၊ ကျွန်တော် တောထဲက ပြန်လာပြီး မိုးချုပ်စမှာ ဆင်ကို ရေချိုးပေးပြီး ဆင်ကို အစာကျွေး၊ ကျွန်တော်လည်း ကိုယ်လက်သုတ်သင်၊ ညစာစား၊ အမိအဘနဲ့ စကားစမြည် ပြောဆိုကြပြီး မိဘများ အိပ်ရာဝင်ချိန် ညဉ့်သန်းခေါင်လောက်မှာ သူတို့အိမ်ကို သွားလည်တယ်ပေါ့ ဆရာရယ်။
သူတို့အိမ်ကလည်း ရွာအနောက်ဖျား တောစပ်မှာ၊ ကျွန်တော် သူတို့အိမ်နားက ချောင်းကူးတံတားအရောက်မှာပဲ မိုးပေါ်က တရှီးရှီးပျံလာတဲ့ မီးလုံးကြီးကိုမြင်တာနဲ့ အမှောင်ရိပ်ကို ဝင်ခိုလိုက်တယ်။ အဲဒီမီးလုံးကြီးက သူတို့အိမ်ရှေ့ကျပြီး သူမကို အိမ်ထဲဝင်သွားတာ တွေ့လိုက်ရတယ်။ အဲဒီကတည်းက ကျွန်တော်လည်း လှည့်ပြန်ပြီး အဆက်ဖြတ်လိုက်တာပါပဲ ဆရာ”
“သူက ပြန်မဆက်ဘူးလား”
“သူ့ဘာသာ သိသွားပုံရတယ် ဆရာ၊ ပြန်မဆက်တော့ဘူး”
“သူနဲ့ မင်း မေတ္တာမျှခဲ့တာ ဘယ်လောက် ကြာခဲ့သလဲ”
“နှစ်နှစ်လောက်ကြာတယ် ဆရာ၊ သုံးနှစ်ပြည့်ရင် ကျွန်တော်တို့ ရွာထုံးစံအတိုင်း ယူကြမှာပါ။ သူက ကပြား ဆရာ။ အတော်ချောပါတယ်။ ကျွန်တော့်ကိုလည်း အလွန်ချစ်ပါတယ်။ ဒီပညာကို ဘယ်လိုတတ်တယ် မဆိုနိုင်ပါဘူး”
“သူ့မိဘတွေကရော မသိကြဘူးလား
“သိတော့သိကြမှာပေါ့ ဆရာရယ်”
“မင်းမိဘတွေကကော ဘာရောဂါနဲ့ ဆုံးကြတာလဲ”
“အမေက ဝမ်းရောဂါနဲ့ပါ။ ကျွန်တော်နဲ့ အဖေ တောထဲ ဆေးမြစ်ရှာသွားနေတုန်း ရုတ်တရက် ဆုံးတာ။ အဖေကတော့ ဆေးမြစ်ရှာသွားရင်း တောထဲမှာ ကျားလိုက်လို့ ဆုံးတာပါ”
“ဆေးမြစ် တူးရင်းလား၊ မင်း ပါမသွားဘူးလား”
“အဲဒီအခေါက်က ကျွန်တော် ပါမသွားဘူး ဆရာ။ ကျွန်တော် သစ်ကွင်းထဲမှာ ကောက်ရနဲ့ အလုပ်လုပ်နေတုန်း အရေးပေါ် ဆေးမြစ်ရှာဖို့ အဖေတစ်ယောက်တည်း တောထဲသွားတာ။ အဲဒီမှာ ကျားနဲ့တိုးပြီး အဖေ ကျားကိုက်ခံရတာ။ သူက မုဆိုးမဟုတ်တော့ ကျားကို မနိုင်ဘူးလေ”
“မင်းကကော ကျားကိုနိုင်လို့လား”
“ကျွန်တော်က မုဆိုး။ ဒူးလေးရှိတယ်၊ တစ်ဆွေ့ခုန်၊ နှစ်ဆွေ့ခုန် ဆိပ်လူးမြားတွေရှိတယ်။ ကျွန်တော် ကျားကို မကြောက်ဘူး ဆရာ”
“မင်းကျားရဖူးလား@
“ကျွန်တော် သုံးကောင်တိတိ ရဖူးတယ် ဆရာ။ ကိုးတောင်ကျားတွေချည်းပဲ။ ပြောင်၊ သမင်၊ ဝက်လည်း မကြာခဏ ရဖူးတယ်”
“ဆိပ်လူးမြားနဲ့ ပစ်တာပဲလား”
“ဟုတ်ပါတယ် ဆရာ။ ဒါနဲ့ ဆရာ မြားဆိပ်ပင်ကို မြင်ဖူးသလား”
“အေး မြင်ဖူးတယ်ကွ။ တောင်ငူမြို့ကနေ သံတောင်မြို့သစ်ကို အသွား လမ်းဘေးမှာ ပေါက်နေတာ။ အဲဒါ တပည့်တစ်ယောက် ပြတာနဲ့ မြင်ခဲ့တာ။ ကညင်ပင်နဲ့တူပေမယ့် သူက တစ်ဖြောင့်တည်း မဟုတ်ဘူး။ ပေ(၅၀)လောက်မှာ ကိုင်းတက်တွေ ဝေနေအောင် ထွက်နေတယ်။ လုံးပတ်က လူနှစ်ဖက်စာလောက်ရှိမယ်”
“ဟုတ်တယ် ဆရာ၊ အဲဒီအပင်တွေက အပင်ကြီးမျိုးတွေ။ တောနက်ထဲမှာဆိုရင် ပိုပြီး ကြီးတယ်။ လူကြီးသုံးလေးဖက်စာ ရှိတယ်။ မြားဆိပ်ပင် နှစ်မျိုးရှိတယ် ဆရာ။ ကျွန်တော်တို့ ရှမ်းလိုတော့ ကောင်နီနဲ့ ကောင်နက်လို့ ခေါ်တယ်”
“နှစ်မျိုးစလုံး အစွမ်းထက်သလား”
“ထက်သပေါ့ ဆရာရယ်။ ကောင်နီ အဆိပ်ပင်က အစေးကို မြားတံထိပ်မှာ သုတ်လိမ်းပြီးပစ်ရင် မှန်တဲ့သတ္တဝါဟာ အကောင်သေးရင် တစ်ဆွေ့ခုန်၊ အကောင်ကြီးရင် နှစ်ဆွေ့ခုန်ပြီး သေတာပဲ။ ကောင်နက်ကြတော့ ခုန်ကို မခုန်နိုင်တော့ဘူး။ မြားမှန်တာနဲ့ တစ်ခါတည်း တန်းသေတာပဲ”
“ဟေ့ အဲဒါဆိုရင် ကောင်နက်အဆိပ်က ပိုစွမ်းတာပေါ့နော်”
“ကောင်နက်ပင်အစေးက အဲသလို စွမ်းရုံတင်မကဘူး ဆရာရေ၊ အပင်ကို တွေ့ရဖို့လည်း မလွယ်ဘူး။ ကောင်နက်ပင်ရဲ့ အစေးက ရွှေလုပ်လို့ရတယ် ဆရာ”
“အေး ပြောပါဦးကွာ၊ စိတ်ဝင်စားစရာ ကောင်းလှချည်လား”
“ကောင်နက်အစေးနဲ့ ကြေးဝါရောပြီး ဖိုထိုးရင် အကောင်းစားရွှေ ဖြစ်တယ်ဆရာ။ ကောင်နက်ပင် တစ်ပင်ကို ဓားနဲ့ခုတ်ပြီး အဆိပ်ထုတ်ရင် ပိဿာနဲ့ချီပြီး အစေးရနိုင်ပါတယ်။ ဒါပေမယ့် အန္တရာယ် အလွန်ကြီးတယ်။ အစေး မျက်စိထဲဝင်ရင် ကန်းပြီး သေနိုင်တယ်။ ။ အနာပေါ်ထိရင်လည်း သေတာပဲ”
“ကြောက်စရာပါလားကွ။ ဘယ်လိုနည်းနဲ့ အစေးထုတ်မလဲ”
“နည်းတော့ရှိတာပေါ့ ဆရာရယ်၊ ပထမ ကောင်နက်ပင် လက်လှမ်းမီတဲ့နေရာကို အဝေးကနေ မြားနဲ့ပစ်ရမယ်။ အစေးပန်း ထွက်လာတာ ခဏစောင့်ပြီးမှ ဓားနဲ့ခုတ်ရင် အစေး ပန်းမထွက်တော့ဘူး။ ဒါပေမယ့် လိုရမည်ရ အစေးထုတ်တဲ့သူက တစ်ကိုယ်လုံးကို အဝတ်နဲ့ စည်းထားရပြီး မျက်စိပေါက်ပဲ ဖော်ထားရတယ်။ အနံ့ကလည်းပြင်းတယ်၊ ရုတ်တရက် ရှုမိရင် မေ့သွားနိုင်တယ်”
“ကောင်နက်ပင်အကြောင်း မင်းသိသလောက် ပြောပြစမ်းကွာ”
“ကျွန်တော့်ရဲ့ ကိုယ်တွေ့တော့ မဟုတ်ဘူး ဆရာ။ ကျွန်တော့် အဖေ မသေခင်က ပြောသွားတာပါ။ ကောက်နက်ပင်တွေ့ပြီး ရွှေသူဌေး ဖြစ်သွားကြတဲ့ အဖေ့သူငယ်ချင်း မုဆိုးတွေရဲ့ အကြောင်းပါ။ ဒီလိုပါ ဆရာ။
နမ့်စဘိန်းချောင်းအနီးမှာ တာမခံကျေးရွာ ရှိတယ်။ ကျောက်စိမ်းထွက်တဲ့နေရာပေါ့ ဆရာ။ အဲဒီရွာမှာ မုဆိုးတင်မောင်နဲ့ အောင်ပန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက် ရှိကြတယ်။ တစ်နေ့တော့ သူငယ်ချင်း နှစ်ယောက် အမဲလည်ကြရင်း နယ်ကျွံပြီး ဖားကန့်ဒေသ ဆဒ္ဒန်အိုင်တောကို ရောက်သွားကြတယ်။ အဲဒီတောက အင်မတန်နက်တယ်။ တော်ရုံမုဆိုး မသွားရဲဘူး။ သားရဲတိရစ္ဆာန်လည်း အလွန်ပေါတယ်။ တောလည်းကြမ်းတယ်။ အစောင့်အရှောက် ကြီးတယ်။
ဆဒ္ဒန်အိုင်ဆိုတာ ဆဒ္ဒန်ဆင်မင်း ပျော်စံရာ တောအုပ်ထဲက ရေကန်ပဲ။ အဲဒီမှာ မုဆိုးငစဉ်းလဲ ပုန်းအောင်းပြီး ဆဒ္ဒန်ဆင်မင်းကို မြားနဲ့ပစ်တဲ့ဂူလည်း ရှိတယ်။ ဆဒ္ဒန်ဆင်မင်းရဲ့ သွေးကြောင်းစီးကျရာ ကျောက်ဖျာကြီးလည်း ရှိတယ်။ မုဆိုးငစဉ်းလဲရဲ့ ခြေရာကြီးတောင် ကျောက်ဖျာပေါ်မှာ ထင်ကျန်နေတာ အတိုင်းသား မြင်ရတယ်လို့ အဆိုရှိပါတယ်။
အဲဒီနေရာမှာ မုဆိုးတင်မောင်တို့ ဆတ်ဖားကြီးနဲ့ တွေ့ တယ်။ တင်မောင်ပစ်လိုက်တဲ့ ဆိပ်လူးမြားမှန်ပြီး မသေဘဲ ဆဒ္ဒန်ဂူထဲကို ဝင်ပြေးသွားတဲ့ ဆတ်ဖားကြီးနောက် လိုက်ကြရင်း သားကောင်ကို ရှာမတွေ့ဘဲ သူငယ်ချင်းနှစ်ယောက် လူကွဲသွားကြတယ်။ ဆဒ္ဒန်ဂူဆိုတာက ဆဒ္ဒန်ဆင်မင်းနဲ့ အုပ်စု နားခိုရာ ကျယ်ဝန်းလှတဲ့ ဂူကြီးပဲ။ ဝင်ထွက်လမ်းတွေကလည်း အများကြီးရှိသတဲ့ ဆရာ။
မုဆိုးတင်မောင်လည်း သားကောင်ရှာမတွေ့တာနဲ့ ဂူထဲက ပြန်အထွက်မှာ မျက်စိလည်ပြီး ချောင်းလေးတစ်ခုထဲ ရောက်သွားတယ်။
ရေဆာဆာနဲ့ ရေသောက်၊ မျက်နှာသစ်၊ ကိုယ်လက် သုတ်သင်ပြီး ချောင်းကမ်းပါးအပေါ် ပြန်အတက်မှာ ရှမ်းလို ကောင်နက်၊ မြန်မာလို အစေမည်းအဆိပ်ပင်ကို တွေ့တော့တာပဲ။ ယောက်ျားကြီး သုံးဖက်စာ လောက်ရှိပြီး အမြင့်က ပေတစ်ရာကျော်သတဲ့။
မုဆိုးတင်မောင်က နားလည်တယ်။ ခေတ္တအနားယူပြီးမှ လူတစ်ရပ်စာလောက် ပင်စည်ကို အဝေးကနေ မြားနဲ့ပစ်တယ်။ အစေးမည်းတွေ ပန်းထွက်လာတယ်။ ခဏစောင့်ပြီး ဝါးခုတ်၊ ဝါးကျည်တောက် တွေလုပ်တယ်။
တစ်ကိုယ်လုံးကိုလည်း ပါလာတဲ့ ပုဆိုး၊ အင်္ကျီအပိုတွေနဲ့ မျက်စိပေါက်ကလေးပဲ ချန်ထားပြီး စည်းတယ်။ ပြီးမှ မြားတံကိုနုတ်၊ ဓားနဲ့ခုတ်ပြီး ဝါးကျည်တောက်ချွန်ကတော့လုပ်ပြီး ရိုက်သွင်းတယ်။ ဝါးကျည်တောက်တွေနဲ့ အစေးခံတာ ဝါးကျည်တောက် ခြောက်လုံးရသတဲ့။ အဲဒီနောက် ဝါးထမ်းပိုးလုပ်ပြီး ရွာပြန်ခဲ့တာပေါ့။ မိုးအတော်ချုပ်မှ ရွာပြန်ရောက်တယ်။
မုဆိုးအောင်ပန်း ပြန်ပြီး ရောက်မရောက်တောင် သူ မသိတော့ဘူး။ တင်မောင့်အဖေက ပန်းပဲဆရာဆိုတော့ လုံနဲ့ ဖားဖိုနဲ့က အိမ်မှာ အဆင်သင့်ရှိတယ်။
တင်မောင် အိမ်ပြန်ရောက်ရောက်ချင်း ထမင်းမစား ဟင်းမစားနဲ့ ကောင်နက်အစေးကို ကြေးဝါရောပြီး ဖိုထိုးတော့တာပေါ့။ (၁၆)ပဲရည်အပြည့် ရွှေတွေရတယ်။
အဲဒါနဲ့ တာမခံရွာမှာ ရွှေသူဌေးတင်မောင် ဖြစ်သွားတော့တာပေါ့ ဆရာရယ်”
“အဲဒါနဲ့ နောက်ဘာဖြစ်သွားသေးလဲ”
“မုဆိုးတင်မောင် ရွာမှာအလှူကြီး အတန်းကြီးပေးတယ်။ သူငယ်ချင်း မုဆိုးအောင်ပန်းကိုလည်း ရွှေတွေပေးတယ်။ မုဆိုးလည်း မလုပ်တော့ဘူး။ ရွာဘုန်းကြီးကျောင်းကိုလည်း အသစ်ဆောက်ပေးလိုက် တယ်။ ဘုန်းကြီးကျောင်းဝင်းထဲက တောင်ကုန်းပေါ်မှာလည်း ရွှေစေတီတည်တယ်။ အလွန်သပ္ပာယ်တယ် ဆရာ။ ရွှေချထားတာ အိနေတာပဲ။ ကျွန်တော်တို့လည်း ဖူးရတယ်။
“တင်မောင့်အိမ်မှာဆိုရင် ရွှေဇွန်း၊ ရွှေပန်းကန်နဲ့ ထမင်း စားတယ်။ ရွှေခွက်နဲ့ ရေသောက်တယ်။ ဘုရားပန်းအိုးတောင် ရွှေနဲ့လုပ်ပြီး ပူဇော်တယ်။
ဓားပြလည်း အတိုက်ခံရဖူးတယ် ဆရာ။ ရွှေတုံးတွေ ပုံပေးလိုက်လို့ ဓားပြတွေလည်း ကျေနပ်ပြီး ပြန်သွား သတဲ့”
“ဟ-အဲဒီလိုဆိုတော့ ရွှေတွေက မကုန်တော့ဘူးလား”
“ကုန်တော့ ကုန်တာပေါ့ ဆရာရယ်။ ဒါပေမယ့် တင်မောင်က လယ်တွေ၊ မြေတွေ၊ ဥယျာဉ်ခြံတွေ ဝယ်ထားတော့ မဆင်းရဲဘူးပေါ့။
နောက်တစ်နှစ်လောက်နေတော့ သူငယ်ချင်း မုဆိုးအောင်ပန်း ပူဆာတာနဲ့ ဆဒ္ဒန်အိုင်တောကို သွားကြပြန်တယ်။ ဒီတစ်ခါတော့ အမဲလိုက်ဖို့မဟုတ်ဘဲ ကောင်နက်အပင်ကြီးဆီကို သွားကြတာပါ။ တင်မောင် မှတ်ထားတဲ့လမ်းအတိုင်း ဆဒ္ဒန်ဂူထဲ ဝင်ပြီး ပြန်အထွက် ချောင်းကလေးထဲ ရောက်သွားပေမယ့် ချောင်းကမ်းပါးပေါ် တက်လိုက်တော့ နဂိုနေရာမှာ ကောင်နက်ပင်ကြီးကို မတွေ့ရတော့ဘူး။
တောအနေအထား ခြေရာလက်ရာလည်း မပျက်ဘူးတဲ့။ တင်မောင် ဝါးခုတ်ပြီး ဝါးကျည်တောက်တွေလုပ်ခဲ့ တဲ့နေရာမှာလည်း ဝါးစတွေ ရှိနေတုန်းပဲတဲ့ ဆရာ”
“ဘယ်လိုဖြစ်သွားရတာလဲကွ”
“ဒီ ကောင်နက်ပင်မျိုးက အစောင့်အရှောက်ကြီးတယ် ဆရာ။ အန္တရာယ်လည်းများပြီး အဖိုးတန်တော့ နတ်ဖွက်တာနေမှာပေါ့။ သူငယ်ချင်းနှစ်ယောက် ဘယ်လိုရှာရှာ ရှာမတွေ့လို့ တောထဲမှာပဲ လင့်ထိုးပြီး ညအိပ်ကြရတယ်။ မနက်လင်းလို့ ထပ်ရှာတော့လည်း မတွေ့ရဘူးတဲ့ ဆရာ”
“မင်းကော ဆဒ္ဒန်အိုင်တောကို ရောက်ဖူးသလား။ မင်းတို့ရွာနဲ့ ဘယ်လောက်ဝေးသလဲ”
“ကျွန်တော်လည်း ရောက်ဖူးတယ် ဆရာ။ တောက အင်မတန်နက်ပြီး သားကောင်ကြီးတွေ ပေါတယ်။ ကျွန်တော်တို့. နမ့်စဘိန်းရွာနဲ့တော့ နေ့ဝက်ခရီးလောက် သွားရတယ်။ အရည်ကျောက်နဲ့ အသား ကျောက်တွေ(ကျောက်စိမ်း)အလွန်ပေါတယ် ဆရာ။ တူးစရာမလိုဘူး။ မြေပေါ်မှာကို ပေါ်နေတာ”
“မင်း ရဖူးသလား”
“ရဖူးတယ် ဆရာ၊ ကျွန်တော်ရတာ ငယ်တော့ သိန်းဂဏန်းလောက်ပဲ ရပါတယ်။ အဲဒီငွေနဲ့ ရွာမှာ ကျွန်တော် နှစ်ထပ်အိမ်ကြီး ဆောက်ထားတယ်”
“မင်းတို့ဒေသက သစ်ပေါ၊ ဝါးပေါ၊ သယံဇာတပစ္စည်းပေါနဲ့ အတော်ဟန်ကျတာပဲ။ မင်းတို့ဒေသနဲ့ မင်းပဲ လိုက်ပါတယ်ကွာ။ ကဲ အိပ်ကြရအောင် နွေးလည်း နွေးသွားပြီ။ ညဉ့်လည်း (၁၂)နာရီထိုးပြီ”
(ထောင်မှူးကြီးသိန်းဝင်း၊ သူရဇ္ဇမဂ္ဂဇင်း၊
အောက်တိုဘာလ၊ ၂၀၀၆)
– ပြီး –
စာရေးသူ – ထောင်မှူးကြီးသိန်းဝင်း
Leave a Reply