စျေးဟောင်းမှာရှိကြတယ်

ကာ ဦးခေါင်းက ညာဘက်သို့ စောင်းနေသည့်ပုံဖြစ်သည်။
ဆွဲရင်းဆွဲရင်းဖြင့် ပုံက ပြီးလုနီးပါးဖြစ်လာသည်။
ထိုအခိုက်တွင်
‘တီ..’
နေ့လည်ဆယ့်နှစ်နာရီထမင်းစားနားချိန်ဘဲလ်တီးသံထွက်ပေါ်လာသည်မို့ အချို့သောနေ့စားဝန်ထမ်းတွေလည်း စားဖိုဆောင်သို့အသီးသီးထွက်သွားကြသည်။
ပန်းချီဆရာကမူ သူ၏အလုပ်တွင်သာစျာန်ဝင်နေသည်မို့ ဆက်လက်ရေးဆွဲနေလေသည်။
ထိုအခိုက်တွင် သူ၏အနောက်တွင် တစ်စုံတစ်ယောက် ရောက်နေသည်ဟု မသိစိတ်တို့က အချက်ပြနေလေရာ သူလည်းအနောက်သို့လှည့်ကြည့်လိုက်သည်။
“အမလေး”
ပန်းချီဆရာသွေးပျက်သွားပြီး စုတ်တံကိုပစ်ချ၍ထွက်ပြေးခဲ့ရာ သရဲရထားအဆောက်အဦးအပြင်ဘက်သို့
တမုဟုတ်ချင်းရောက်ရှိသွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမြင်လိုက်ရသည်မှာ ပြောင်နေသည့် ဦးခေါင်းကိုညာဘက်သို့စောင်းပြီး သူ့အားမျက်လုံးကြီးပြူးကာကြည့်နေသည့် သရဲကိုအနီးကပ်မြင်တွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။
ဆိုရလျှင်ထိုသရဲ၏ပုံစံနှင့်အမူအယာသည်
လက်ရှိပန်းချီဆရာ​ရေးဆွဲနေသည့်သရဲပုံနှင့်တစ်ပုံစံတည်းဖြစ်နေခြင်းရယ်ပင်။
အဆောက်အဦးအပြင်ဘက်သို့ရောက်တော့ ဝန်ထမ်းတွေကိုပြန်ပြောပြလေရာ ဝန်ထမ်းတွေကလည်း ပြန်လည်မတွေ့နိုင်တော့မှန်းသိပေမင့် စိတ်ဝင်စားကာ ဝင်ကြည့်ကြသည်။
ထင်သည့်အတိုင်းပင်။ထိုသရဲကိုမတွေ့ရတော့ပေ။
သို့သော် နောက်ပိုင်းတွင်တော့
ပန်းချီဆရာ၏အဖြစ်ကိုပြန်ပြောင်းပြောတိုင်း တဝါးဝါးနှင့်ပွဲကျနေလေတော့သည်။
အဘယ်ကြောင့်ဆိုသော် သရဲရထားအဆောက်အဦးဆိုတာအကွေ့အကောက်များလှသလို၊ အနူမြူမီးချောင်းတွေကိုသာအချိန်ပြည့်ဖွင်ထားလေ့ရှိသည်မို့ အလင်းရောင်က ထင်သလောက်မရှိချေ။(မီးချောင်းဖြူတွေရှိပေမင့်အလုပ်သိမ်းချိန်သန့်ရှင်းရေးဝင်လုပ်မှဖွင့်ကြသည်။)
ဒုတိယအချက်မှာ ရထားလမ်းနှင့်တွဲထားသည့်ကန့်လန့်ဖြတ်သံချောင်းတွေကလည်းနေရာအနှံ့တွင်ရှိနေသည်။
ပြီး အနှီသံချောင်းတွေက သမံတလင်းနှင့်ကပ်ထားသည်မဟုတ်ဘဲ လက်လေးလုံးခန့်မြှင့်ထားသည်မို့ သတိထားပြီးမလျှောက်လျှင် ခလုတ်တိုက်ပြီးပစ်လဲကျသွားနိုင်သည်။
(ဟိုးယခင်နည်းပညာတွေမမြင့်ခင်တုန်းက ရထားရောက်လာသည်နှင့်တပြိုင်နက် ထိုအနီးတွင်ရှိနေသည့်သရဲအရုပ်ကအချိန်ကိုက်လှုပ်ရှားဖို့ရာ ထိုနည်းကိုသာသုံးခဲ့ရသည်။
ယခုနောက်ပိုင်းတွင်တော့ နည်းပညာတွေလည်းမြင့်မားလာပြီမို့ ထိုနည်းကိုအသုံးမပြုတော့ပါ။)
ဤကဲ့သို့အကွေ့အကောက်ခပ်များများ၊အလင်းရောင်မှိန်မှိန်နှင့်၊များပြားလှသည့်ခလုတ်တွေကြားထဲ တစ်ချက်ကလေးမှပင်
ခလုတ်မတိုက်ဘဲ အဆောက်အဦးအပြင်သို့ချက်ချင်းရောက်အောင်ပြေးနိုင်ခဲ့သည့်အနှီပန်းချီဆရာ၏လျင်မြန်မှုကလည်း
လက်ဖျားခါစရာပင်။
ကြောက်စိတ်ကြောင့်ဟုသာဆိုရပါတော့မည်။
အဘယ်ကြောင့်ဆိုသော် နောက်တစ်နေ့တွင် အနှီပန်းချီဆရာနှစ်ရက်တိတိဖျားပါလေတော့သည်။
++++++++++++++++++++++++
မှန်ဝင်္ကပါထဲမှ ထဘီရင်လျားမိန်းကလေး..။
ကစားကွင်းသည် စနေ တနင်္ဂနွေနှင့် နေ့ကြီးအခါကြီးများတွင်လူစည်ကားလေ့ရှိသော်လည်း ကြားရက်များဆိုလျှင်တော့ လူနည်းပါးလေ့ရှိသည်။
တစ်နေ့သောကြားရက်တွင် လူနည်းပါးသဖြင့်သရဲအိမ်တွင် ဝန်ထမ်းမိန်းကလေးတစ်ယောက်သာရှိနေလေသည်။
ထိုအခိုက်တွင် ဧည့်သည်အမျိုးသမီးနှစ်ယောက်ရောက်လာပြီး လက်မှတ်ဖြတ်ကာ သရဲအိမ်ထဲသို့ဝင်သွားကြသည်။
ဝန်ထမ်းမိန်းကလေးလည်း သရဲအိမ်အပေါက်ဝတွင်သန့်ရှင်းရေးလုပ်နေလိုက်သည်။
မိနစ်နှစ်ဆယ်ခန့်အကြာ၌ ဧည့်သည်အမျိုးသမီးနှစ်ယောက်ပြန်ထွက်လာသည်။
ပြီးနောက် တာဝန်ကျဝန်ထမ်းမိန်းကလေးကိုပြောသည်။
“ညီမရယ်။အစ်မတို့နှစ်ယောက် ဒီသရဲအိမ်ထဲက မှန်ဝင်္ကပါထမ်းမှာလမ်းပျောက်ပြီး တဝဲလည်လည်ဖြစ်နေတာ။တော်သေးတာပေါ့။အဲဒီအချိန်မှာ ထဘီရင်လျားနဲ့မိန်းကလေးတစ်ယောက်ရောက်လာပြီး အစ်မတို့ကိုလမ်းပြပေးလို့ အခုလိုပြန်ထွက်နိုင်တာ”
ထိုစကားကြောင့် ဝန်ထမ်းမိန်းကလေးလည်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် ယနေ့ဧည့်သည်နည်းပါးသည်မို့ဤသရဲအိမ်တွင်တာဝန်ကျသည်မှာ သူမတစ်ယောက်တည်းသာဖြစ်သည်။
အခြားမည်သည့်ဝန်ထမ်းမှမရှိချေ။
သို့ဆိုလျှင် လမ်းပျောက်သည့်ဤဧည့်သည်နှစ်ယောက်ကိုလိုက်ပို့သည့်ထဘီရင်လျားနှင့်မိန်းကလေးသည်မည်သူနည်း။
တွေးရင်းဖြင့်တာဝန်ကျဝန်ထမ်း
မိန်းကလေးလည်း ကြက်သီးတွေပင်တဖျန်းဖျန်းထသွားမိသည်။
သို့သာ် ဧည့်သည်မိန်းကလေးနှစ်ယောက်ကိုတော့ သရဲသရုပ်အက်တာပြုလုပ်သည့်မိန်းကလေးက ဒီလိုလမ်းပျောက်လျှင်လိုက်ပို့ပေးလေ့ရှိသည်'”ဟုပြန်ပြောလိုက်ရသည်။
သို့ဖြင့် ညဘက်အလုပ်သိမ်းခါနီး သရဲအိမ်ကွန်ထရိုးအခန်းထဲမှမိန်းတွေကိုတစ်ယောက်တည်းဝင်မပိတ်ရဲတော့သဖြင့် အခြားဝန်ထမ်းတစ်ယောက်ကိုအဖော်ခေါ်ရသည်ဟူ၏။
++++++++++++++++++++++++
ဖူဆယ်ကွင်းထဲမှ ခေါင်းပြတ်သရဲ
စျေးအပေါ်ရှိအနှီကစားကွင်းကြီးသည် ဧည့်သည်တွေအတွက်ပျော်ရွှင်ဖွယ်ကမ္ဘာဖြစ်သလို၊များပြားလှသောဝန်ထမ်းတွေနှင့်၎င်းတို့၏မိသားစုတွေအတွက်လည်း စားဝတ်နေရေးအတွက်မှီခိုအားထားရာလုပ်ငန်းကြီးတစ်ခုဖြစ်သည်။
သို့သော် ဦးသိန်းစိန်အစိုးရဆင်းခါနီး၌ ပြည်သူပိုင်အဆောက်အဦးများကိုရောင်းချသွားရာ၌ အနှီသီရိမင်္ဂလာစျေးကြီးလည်းပါသွားသည်။
စျေးအပေါ်ထပ်ရှိ ပုဂ္ဂလိကကုမ္ပဏီတွေကတော့ နှစ်ရှည်စာချုပ်ချုပ်ထားခဲ့သည်မို့ ရောင်းစားခဲ့သည့်အထဲမပါဝင်ခဲ့ချေ။
သို့သော် ကစားကွင်းသည် စျေးသို့လာသည့်ဧည့်သည်အများစုကဝင်ရောက်ဆော့ကစားကြသည်မို့ အောင်မြင်ခဲ့သော်လည်း ယခုစျေးမရှိတော့ လာရောက်လည်ပတ်သူတွေနည်းပါးလာသည်။
ပို၍ဆိုးသည်မှာ အချို့ဧည့်သည်တွေကလာရောက်ဆော့ကစားလိုသော်လည်း စျေး၏မြေညီထပ်နှင့်ပထမထပ်မှာ လူသူမရှိ၊ခြောက်သွေ့တိတ်ဆိတ်နေသည်မို့ ကစားကွင်းရှိရာ ဒုတိယထပ်သို့တက်မလာဝံ့ကြတော့ချေ။
သည်တော့ အဆုံးသတ်ရလဒ်က ကစားကွင်းကိုပိတ်လိုက်ရသည်။
တာဝန်ထမ်းဆောင်နေသည့်ဝန်ထမ်းတွေကို အမှတ်၁ကစားကွင်းသိူ့ပြောင်းရွေ့တာဝန်ထမ်းဆောင်စေသည်။
အချို့ကတော့ အလုပ်ထွက်သွားကြကုန်သည်။
အချို့ကလည်း တတိယထပ်ရှိပရိဘောဂကုမ္ပဏီသို့ပြောင်းရွေ့လုပ်ကိုင်ကြသည်။
ကစားကွင်းကိုပိတ်လိုက်ပေမင့် ငှားရမ်းသည့်စာချုပ်ကနှစ်ရှည်စာချုပ်ဖြစ်သည်မို့ ထိုကစားကွင်းတွင် ဝန်ထမ်းအိမ်ထောင်သည်လိုင်းခန်းနှင့် ဝန်ထမ်းမိန်းကလေးအဆောင်ကိုတော့ဆက်လက်ထားရှိစေလေသည်။
တစ်ရက်တွင်တော့ အခြားသူဌေးတစ်ယောက်သည် ကစားကွင်း၏လွတ်နေသောနေရာတစ်ခုတွင် ဖူဆယ်ကွင်းဆောက်လိုကြောင်း၊ကုန်ကျသမျှကိုမိမိတို့ကပဲခံမည်ဖြစ်ကြောင်း၊နေရာအတွက် ရရှိလာသည့်အကျိုးအမြတ်ကိုနှစ်ဦးနှစ်ဘက်ခွဲယူမည်ဖြစ်ကြောင်းလာရောက်ညှိနှိုင်းတောင်းဆိုလေရာ ကစားကွင်းဘက်ကလည်းသဘောတူလိုက်သည်။
ထို့နောက် အနှီသူဌေးသည် ဖူဆယ်ကွင်းအတွက် မြက်ခင်းတုတွေခင်း၊အကာအရံတွေပြုလုပ်၊ကွင်းအပြင်ဘက်တွင် ညဘက်လည်းကန်နိုင်ရန် မီးလုံးတွေဆင်စသည်တို့ကိုပြုလုပ်ပြီး ကြော်ငြာသည်။
တစ်ဖန်။ဖူဆယ်ကွင်းအတွက် အစောင့်နှစ်ယောက်ကိုလစာပေးပြီးခေါ်ထားသည်။
ထိုအစောင့်နှစ်ယောက်သည်လည်း အနှီဖူဆယ်ကွင်းဘေးရှိအဆောင်တွင်အိပ်ကြသည်။
ထမင်းဟင်းကိုလည်း ကိုယ်တိုင်ချက်ပြုတ်စားကြသည်။
သူတို့၏အလုပ်ကလည်း သိပ်များများစားစားမရှိလှပါ။
လာရောက်ကစားသူတွေဆီက ပိုက်ဆံကောက်၊ကွင်းသန့်ရှင်းရေးလုပ်၊ဒါပဲဖြစ်သည်။
တစ်ည။ပူလောင်အိုက်စပ်လွန်းလှသည်မို့ အစောင့်နှစ်ယောက်သည် အဆောင်ထဲတွင်မအိပ်ဘဲ ဖူဆယ်ကွင်းအပြင်ဘက်ရှိ ကုတင်ပေါ်တွင် အိပ်စက်ကြသည်။
သို့ဖြင့် နံနက်သုံးနာရီထိုးချိန်၌ အမျိုးသမီးတစ်ယောက်၏သီချင်းဆိုသံကိုကြားလိုက်ရသည်မို့ အလွန်အအိပ်ဆတ်သည့် အစောင့်တစ်ယောက်က လန့်နိုးလာပြီး ကြည့်လိုက်ရာ ဖူဆယ်ကွင်းထဲတွင် အမျိုးသမီးတစ်ယောက်မတ်တပ်ရပ်နေသည်ကိုတွေ့ရသည်။
ထိုအစောင့်ကြောင်တောင်တောင်ဖြစ်သွားသည်။
“ဟင် ဒီကောင်မလေး ကွင်းထဲကိုဘယ်လိုလုပ်ရောက်နေပါလိမ့်။ဝင်ပေါက်ကိုသာသော့ခတ်ထားတာပါဟ”
ယင်းသို့တွေးနေခိုက်မှာပင် မတ်တပ်ရပ်နေသည့်အမျိုးသမီး၏ဦးခေါင်းသည် မြက်ခင်းတုပေါ်သို့ ‘ဘုတ်’ခနဲပြုတ်ကျသွားသည်။
“အမလေး သရဲ”
ထိုအစောင့်လည်း ထိုသို့အော်ပြီး အဆောင်ပေါ်သို့ပြန်ပြေးတက်ကာ အဝတ်အစားတွေကိုကျောပိုးအိတ်ထဲခပ်သွက်သွက်ထည့်ပြီး အနှီကျောပိုးအိတ်ကိုပိုက်၍အောက်သို့ပြန်ဆင်းပြေးလာသည်။
တစ်ဖန်။ကုတင်ပေါ်မှစောင်နှင့်ခေါင်းအုံးကိုလည်းလုံးထွေးပွေ့ကာ စျေးအောက်သို့ဆင်းပြေးလာခဲ့တော့သည်။
သြော် ။ကြောက်တတ်သည်ဆိုပေမင့် သူ့အဝတ်အစားတွေကိုတော့အကုန်ပါအောင်သယ်နိုင်သေးသည်တကား။
ထိုနေ့မှစပြီး ထိုအစောင့်လည်း ဖူဆယ်ကွင်းသို့ရောက်လာခြင်းမရှိတော့ပါ။
လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးလုပ်နေသည်ဟု သိရသည်။
+++++++++++++++++++++++
ဘယ်သူနဲ့နေရမလဲ
အဆောင်မှမိန်းကလေးတွေနှင့်အိမ်ထောင်သည်လိုင်းခန်းမှ ဝန်ထမ်းများသည် အမှတ်(၁)ကစားကွင်းသို့ သွားရောက်အလုပ်ဆင်းရသည်ဆိုပေမင့် ဖယ်ရီကားစီစဥ်ပေးထားသည်မို့အားလုံးအတွက်အဆင်ပြေကြသည်။
ပြီး ထမင်းဆိုလည်း စားဖိုဆောင်တွင်အဆင်သင့်ခူးခပ်စားရုံပင်။
ယင်းသို့အဆင်ပြေလာသည့်တစ်လျှောက် မထင်မှတ်ဘဲ အပြောင်းအလဲက စတင်ကြုံလာသည်။
ယင်းမှာ နိုင်ငံအာဏာသိမ်းမှုဖြစ်ပွားပြီး တစ်နှစ်ကျော်အကြာ၌ အနှီစျေးဟောင်းရှိ ကုမ္ပဏီများအားလုံး သုံးလအတွင်းဖယ်ပေးရမည်ဟု အမိန့်ကျလာခြင်းဖြစ်သည်။
ထိုအခါ အိမ်ထောင်သည်လိုင်းခန်းမှဝန်ထမ်းတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နှင့်ကိုယ် အပြင်တွင်အိမ်ငှားကြသည်။
အဆင်မပြေသူတွေကတော့ ရုံးတွင်ချေးငွေတင်သူကတင် စသည်ဖြင့် အိမ်ငှားနိုင်ဖို့အရေးကြိုးစားကြရသည်။
အိမ်ထောင်သည်တွေတရွေ့ရွေ့ဖြင့် ရွှေ့
ပြောင်းပြီးသည့်နောက် အင်အား၅၀ခန့်ရှိညအိပ်(ကုမ္ပဏီတွင်သာနေ၊ကုမ္ပဏီတွင်သာစား)
ဝန်ထမ်းမိန်းကလေးတွေအတွက် အဆောင်ငှားဖို့ရာ မန်နေဂျာတွေလည်းအစွမ်းကုန်ကြိုးစားကြရပြန်သည်။
ယင်းသို့ကြိုးစားရာ၌ အတန်အသင့်ကျယ်ဝန်းပြီး စျေး၊ကားမှတ်တိုင်တို့နှင်နီးကပ်သည့်တိုက်ခန်းကိုရလိုက်သည်။
ထို့နောက် ထိုတိုက်ခန်းကိုမီးတွေပြန်ဆင်၊ဆေးတွေပြန်သုတ် စသည်ဖြင့် ပြင်ဆင်ခဲ့ရာ ရက်အနည်းငယ်အတွင်းမှာပင် ပြောင်းရွေ့နိုင်ရန်အဆင်သင့်ဖြစ်လာခဲ့သည်။
တစ်နေ့သောမနက်တွင်တော့ ဝန်ထမ်းမိန်းကလေးတစ်ယောက်အော်ငိုနေလေသည်။
ထိူအခါ ကျန်သည့်မိန်းကလေးတွေပါလန့်သွားကြသည်။
“ဟဲ့ မိဖြူ နင်ဘာဖြစ်တာလဲ”
ယင်းသိူ့မေးတော့ မိဖြူဆိုသည့်မိန်းကလေးက
“ငါမိဖြူမဟုတ်ဘူး။ဒီမှာရှိနေတဲ့တစ်ယောက်”
ထိုစကားကြောင့် အားလုံးလည်းကြောင်
တောင်တောင်ဖြစ်သွားကြသည်။
ထိုအခိုက်တွင် အနည်းငယ် လည်လည်ဝယ်ဝယ်ရှိသည့်မိန်းကလေးတစ်ယောက်က
” မိဖြူ ကသရဲဝင်ပူးနေတာဟဲ့”
“ဟင်”
“အမလေး”
အကုန်လုံးလန့်သွားကြသည်။
ထို့နောက် အမှတ်(၁)မှမန်နေဂျာကိုဖုန်းဆက်ခေါ်ရာ မန်နေဂျာလည်း အလုပ်ခွင်မှ
လုံခြုံရေးကိုပြန်လည်ခိုင်းစေရပြန်သည်။
ထိုလုံခြုံရေးသည် ပယောဂလည်းကုတတ်သည့်ရွှေရင်ကျော်တစ်ယောက်ဖြစ်သည်။
ထို့နောက် အနှီလုံခြုံရေးကို ကားဖြင့်လွှတ်လိုက်ရာ ချက်ချင်းရောက်လာသည်။
ပြီးနောက် စျေးအပေါ်ထပ်တွင်ပွဲတွေပေးပြီးမိဖြူ၏ကိုယ်ထဲတွင်ဝင်ပူးသည့်သရဲကိုမေးသည်။
“နင်ဘယ်သူလဲ။ဘာဖြစ်လို့ဝန်ထမ်းကောင်မလေးကိုနှောက်ယှက်ရတာလဲ”
ယင်းသို့မေးတော့ မိဖြူ၏ကိုယ်ထဲတွင်ဝင်ပူးသည့်သရဲက
“ငါနှောက်ယှက်တာမဟုတ်ဘူး။ဝမ်းနည်းလွန်းလို့”
“နင်က ဘာဝမ်းနည်းတာလဲ”
“ဒီကကောင်မလေးတွေက နေရာပြောင်းတော့မှာဆိုတော့ ငါက ဘယ်သူနဲ့နေရတော့မှာလဲ။ပြီးတော့ ဒီစျေးကြီးက ဖြိုချပစ်တော့မှာဆိုတော့ ငါ့မှာနေစရာမရှိတော့ဘူး”
ပြောရင်းဖြင့်ငိုနေပြန်သည်။
ထိုအခါ မူလကကြောက်နေကြသည့်ဝန်ထမ်းမိန်းကလေးတွေလည်း ထိုသရဲမ၏စကားကြောင့်စိတ်မကောင်းဖြစ်သွားကြသည်။
လုံခြုံရေးဝန်ထမ်းလည်းသက်ပြင်းချလိုက်ပြီး
“ဒါတော့ငါတို့လည်းဘယ်တက်နိုင်မလဲဟာ။ငါတို့တောင်ပြောင်းဆိုလို့ ပြောင်းရတော့မှာပဲလေ”
“ငါသိပါတယ်ဟာ။ဒါကြောင့်ဝမ်းနည်းလွန်းလို့အခုလိုပြောရတာပါ။ဒီကလေးမကိုဒုက္ခပေးဖို့မရည်ရွယ်ပါဘူး”
“အေး ဒါဆိုလည်း နင် ဒီကလေးမ ခန္ဓာကိုယ်ထဲက ထွက်တော့။ကြာရင်မကောင်းဘူး”ဟုဆိုကာ မိဖြူ၏နဖူးကို လက်ဖဝါးဖြင့်ပုတ်လိုက်သည်။
ထိုသရဲမလည်းထွက်သွားသည်။
ထိုအခါမှ ဝန်ထမ်းမိန်းကလေးတွေလည်း မိဖြူကိုတွဲပြီး အခန်းထဲသို့ပြန်ပို့လိုက်ကြရတော့သည်။
+++++++++++++++++++++++++++
မန်နေဂျာလည်းကြုံဖူးတယ်…။
အထက်ပါအဖြစ်အပျက်များသည် ကစားကွင်းမှအဖြစ်အပျက်များဖြစ်ပြီး ကျွန်တော်သိသလောက်ပြန်ရေးရခြင်းဖြစ်သည်။
ကစားကွင်း၏အထက်တွင်ပရိဘောဂကုမ္ပဏီကြီးရှိသလို၊မိုတယ်ကြီးလည်းရှိနေပါသေးသည်။
သို့သော် ထိုနေရာတွေသို့ ကျွန်တော်လည်းမရောက်ဖူးသည်မို့ ဤကဲ့သို့ပရလောကနှင့်ဆက်နွယ်သည့်အဖြစ်အပျက်တွေ ရှိမရှိဆိုတာတော့မသိရပါ။
မည်သို့ပင်ဆိုစေ။စျေးဟောင်းနှင့်ပတ်သက်၍ကျွန်တော်သိသလောက်ကိုဝတ္ထုအဖြစ်ပြန်ရေးပြီးသည့်နောက် မန်နေဂျာဆီခွင့်တောင်းလိုက်သည်။
“ဂျာကြီး ကျွန်တော်စျေးဟောင်းက အဖြစ်တွေကိုဝတ္ထုအဖြစ်ပြန်ရေးထားတယ်။ကစားကွင်းကိုတော့နာမည်မတပ်ဘူး။ဒါလိုင်းပေါ်တင်လိုက်ရမလားဗျ”
ယင်းသို့ခွင့်တောင်းတော့ မန်နေဂျာက
“တင်ပါ ရပါတယ်။ကစားနာမည်တော့မတပ်တာကောင်းပါတယ်”
ယင်းသို့ဆိုပြီးနောက် တစ်စုံတရာကိုသတိရမိသွားဟန်ဖြင့်
“အေး ကိုဆွေ။မင်းက စျေးဟောင်းက သရဲအကြောင်းတွေရေးတယ်ဆိုတော့ ငါလည်း စျေးဟောင်းမှာငါကြုံရတာနှစ်ခုကိုပြန်ပြောပြရဦးမယ်ကွ”
“ဟုတ် ပြောပါဗျ”
“အေး..ပထမတစ်ခုက ငါတာဝန်မှူးကျတုန်းကကွ။
ငါကလည်း ကစားကွင်းစဖွင့်ကတည်းက မန်နေဂျာရာထူးနဲ့စဝင်တာ။ဒါပေမယ့်အဲဒီတုန်းက အပြင်ကပဲလာဆင်းတာ။
တစ်ရက်တော့ ငါညဘက်တာဝန်မှူးကျတယ်။(တာဝန်မှူးဆိုသည်မှာ ညဘက်အရေးပေါ်အခြေအနေတွေတွင် ဖြစ်လာသည့်ကိစ္စတွေကိုဖြေရှင်းပေးရသည်။)
ဒါနဲ့ငါလည်း အိပ်ဖို့အတွက် စာကြည့်တိုက်ထဲဝင်လာတယ်။အဲဒီထဲမှာ တာဝန်မှူးတွေအိပ်တဲ့ကုတင်ရှိတယ်။ခြင်ထောင်၊စောင် အကုန်လုံးအဆင်သင့်ပဲ။စာကြည့်တိုက်ဆိုတာက အခုဖူဆယ်ကွင်းဘေးက အဆောင်ပေါ့။အဲဒါအရင်တုန်းက ဝန်ထမ်းတွေစာဖတ်ဖို့အတွက် စာကြည့်တိုက်လုပ်ပေးထားတာ။
ငါလည်း မအိပ်ချင်သေးတာနဲ့ ဂိတ်ကလုံခြုံရေးတွေနဲ့ ညဆယ့်နှစ်နာရီအထိစကားပြောနေခဲ့တာ။အဲဒီတုန်းက အလုပ်သိမ်းချိန်က ညကိုးနာရီကိုး။
စကားပြောပြီး ငါလည်းစာကြည့်တိုက်ထဲဝင်အိပ်တယ်။တော်တော်နဲ့အိပ်မရဘူး။တဖြည်းဖြည်းနဲ့ညနှစ်နာရီထိုးလာတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတစ်ယောက် ငါ့ကုတင်ခြေရင်း ခပ်လှမ်းလှမ်းနေရာမှာလာရပ်တယ်။သူ့ပုံစံက ဆံပင်ကိုဖားလျားချထားပြီး တဘက်ကိုလည်း ခေါင်းမှာပေါင်းထားတယ်။အင်္ကျီနဲ့ထဘီကတော့ အနက်ရောင်ပဲ။
ငါလည်းသူ့ကိုကြည့်နေရင်းနဲ့ စိတ်ထဲကနေ”သွားတော့ ငါနင့်အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးမယ်။သွားတော့”လို့ပြောနေပြီး မျက်စိကိုမှိတ်ထားလိုက်တယ်။
ခဏနေတော့ မျက်စိကို ပြန်ဖွင့်လိုက်တော့ သူက ငါ့ကုတင်ခြေရင်းအထိရောက်နေပြီ။ဒါနဲ့ငါလည်းအသံထွက်ပြီးပြောလိုက်ရတယ်။’နင့်အတွက်ငါကုသိုလ်လုပ်ပေးမယ်။သွားတော့’လို့ပြောလိုက်တော့မှ ချက်ချင်းပျောက်သွားတယ်။
ဒီတော့မှငါလည်း စာကြည့်တိုက်ထဲမအိပ်ရဲတော့တာနဲ့ လုံခြုံရေးဂိတ်မှာသွားအိပ်ရတော့တယ်။
အဲဒါပထမတစ်ခု။ဒုတိယတစ်ခုက ညအိပ်ဝန်ထမ်းကောင်လေးတစ်ယောက်။မနက်သုံးနာရီအချိန်အိမ်သာသွားတက်တာ။သူအိမ်သာထဲကပြန်ထွက်လာတော့ ပုဂ္ဂိုလ်
တစ်ယောက်မတ်တပ်ရပ်နေတာတွေ့ရတယ်။အဲဒီပုဂ္ဂိုလ်ရဲ့အရပ်အမောင်းက ပေနှစ်ဆယ်ကျော်တဲ့အထိမြင့်တဲ့အမိုးကိုထိနေတဲ့အပြင် မလွတ်တာမို့ ခါးကိုပါကိုင်းထားရတယ်။ပြီးတော့ တစ်ကိုယ်လုံးမည်းမှောင်နေပြီး အမွှေးအမျှင်တွေနဲ့။ဘာပြောကောင်းမလဲ။အဲဒီဝန်ထမ်းလည်း အော်ဟစ်ပြီး မျက်နှာကိုလက်နဲ့အုပ်ပြီး အဲဒီပုဂ္ဂိုလ်ရဲ့ ပေါင်ကြားထဲကပြေးထွက်လာခဲ့တာ။အဆောင်ကိုရောက်တော့ ငါတို့လည်းလန့်နိုးပြီး အကျိုးအကြောင်းမေးကြည့်မှဒီလိုအခြောက်ခံရမှန်းသိရတာ။မကြာပါဘူး။အဲဒီကောင် ကြောက်စိတ်ကြောင့်ကိုယ်တွေပူပြီး ဖျားပါလေရော။ဒါနဲ့ငါတို့လည်း သူ့ကိုအိမ်ပြန်ပို့ခိုင်းလိုက်ရတယ်။သူ့အိမ်က ကြည့်မြင်တိုင် ဟိုဘက်ကမ်းမှာဆိုတော့ နီးတယ်လေ။သမ္ဗာန်လှေနဲ့ကူးရင်ခဏပဲ။သူအိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ ဆုံးပြီတဲ့။လိပ်ပြာပဲအနှုတ်ခံလိုက်ရတာလား၊အကြောက်လွန်ပြီးဆုံးသွားတာလား မပြောတတ်ပါဘူး”ဟုဆိုသည်။
၎င်း၏စကားဆုံးတော့ ကျွန်တော်လည်း
စကားအနည်းငယ်ဆက်ပြောပြီး
စာရေးသည့်စားပွဲတွင်ပြန်ထိုင်လိုက်သည်။
ထို့နောက် မူလက ရေးထားသည့်အဖြစ်အပျက်တွေနှင့် ယခုမန်နေဂျာပြောပြသည့်အဖြစ်အပျက်တွေကို ဆက်ကာဆက်ကာ တွေးကြည့်နေမိတော့သည်။
တကယ်တော့စျေးဆိုသည်မှာ ဆိုခဲ့ပြီး
သည့်အတိုင်းလူပေါင်းစုံ၊စရိုက်ပေါင်းစုံ လာရောက် ရောင်းဝယ်ကြသည်။
အချို့အကြောင်းအမျိုးမျိုးကြောင့်သေကြသည်။
ကျွတ်လွတ်သူတွေလည်း ကျွတ်လွတ်ကြမည်။
မကျွတ်လွတ်သူတွေလည်းမကျွတ်လွတ်ဘဲ စျေးကြီးတွင်မှီခိုနေကြသည်။
ကျွန်တော်စိတ်ဝင်စားမိသည်မှာ အနှီစျေးကြီးကိုဖြိုချပြီးခဲ့လျှင် ထိုထိုသော မှီခိုကပ်၍နေထိုင်ကြသည့်မကျွတ်မလွတ်ပရလောကသားတွေကို မည်သည့်ပုဂ္ဂိုလ်က ပြန်လည်နေရာချပေးမည်နည်း။
ထိုသို့မဟုတ်ဘဲ မည်သည့်နေရာတွင် မှီခိုကပ်၍နေထိုင်ကြမည်လဲဆိုတာပဲဖြစ်သည်။
သြော်။ကိုယ်ကသာ ကိုယ်နှင့်အမျိုးလည်းမတော်သလို၊မြင်လည်းမမြင်ရသည့်ပရလောကသားတွေအတွက်တွေးပြီး စိတ်ဝင်စားနေမိသည်။
ကိုယ်ကိုယ်တိုင်ကမူ ဘာမှမဟုတ်သေး။
ပြီး ကိုယ်မှီခိုနေထိုင်သည့်အဆောက်အဦးလေးကို အကြောင်းအမျိုးမျိုးပြပြီး ဘယ်အချိန် ဘူဒိုဇာနှင့်ထိုးချဖျက်ဆီးခံရမည်လဲမသိ။
ဤခေတ်ကာလကြီးထဲတွင် လူမပြောနှင့်။သရဲပင်ဘုံပျောက်ရသည့်ခေတ်မဟုတ်လား။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)