သေရွာပြန် ပျိုဖြူ နှင့် သိုက်နန်းရှင်ညီနောင်

ယောင်္ကျားကြီးတစ်ဦးတို့
ထွက်ပေါ်လာသည်။

သူတို့၏ အိမ်ကြီးရှင်များ ဖြစ်ကြသော ဦးသန်းလှိုင်နှင့်
ဒေါ်ဝိုင်းတို့ပင် ဖြစ်လေသည်။

“ဘာဖြစ်နေကြတာလဲ …မောင်ဘမြင့်”

လှေကားရင်း ရောက်သည့်နှင့် ဦးသန်းလှိုင်က
မေးလိုက်လေ၏။

“ဘာဖြစ်သလဲတော့ မပြောတတ်ဘူး။
အစ်ကို့သ္မီးကိုသာ မေးကြည့်ပေတော့ ။
ကျုပ်ကတော့ စိတ်သိပ်ရှည်ချင်တာ မဟုတ်ဘူး”

ကိုဘမြင့်က ပြောရင်း အိမ်ပေါ်သို့ တက်သွားသည်။
ဦးသန်းလှိုင်မှာ အနီးတွင်ရှိသော ဇနီးဖြစ်သူအား
လှမ်း၍…

“မယ်ဝိုင်း…မင်းသမီးကို မေးစမ်းပါဦး ဘယ်လိုဖြစ်တာလဲ”

ဟူ၍ တစ်ဆင့် ပြောသလိုက်သဖြင့် ဒေါ်ဝိုင်းမှာ
သမီးဖြစ်သူ မတင်ရီကို မသင်္ကသလိုနှင့်
အကဲခတ်၍ ကြည့်လိုက်ပြီး…

“ကဲ…ပြောစမ်းပါဦး မိတင်ရီ ။
အချိန်မတော် ညကြီးမင်းကြီးမှာ
ညည်းက ဘာဆင်းလုပ်နေတာလဲ”

“ကျမ …ကျမ အခင်းသွားတာပါ”

သမီးဖြစ်သူ မတင်ရီက မရဲတရဲ နှင့် ဖြေလိုက်လေသည်။

“အံမယ် …ဒီကောင်မ တော်ရိလျော်ရိ ပြောတော့မယ်
မှန်မှန်ပြောစမ်း”

ဒေါ်ဝိုင်းအသံမှာ ဒေါသသံပါနေ၍ တုန်တုန်ရီရီ ဖြစ်နေသည်။

“တိုးတိုးသက်သာ ပြောစမ်းပါ …မဝိုင်းရယ်
သမီးလေးက မဟုတ်တာ မမှန်တာ မပြောတတ်ပါဘူး
မဟုတ်တရုတ်တွေ ပြောမနေစမ်းပါနဲ့”

တစ်ချိန်လုံးတွင် ဘာမျှဝင်မပြောသော
ဦးသန်းလှိုင်က ဝင်၍ ပြောလိုက်လေ၏။

“တော်…အသာနေစမ်းပါရှင့်။
ဘာနားလည်လို့လဲ။
ညနေကတည်းက ရွာဖျားက ကောင်ကလေး
အိမ်ရှေ့မှာ ရစ်ဝဲ ရစ်ဝဲလုပ်နေကတည်းက
ကျုပ် မသင်္ကာဖြစ်နေတာ”

“ဒါကတော့ကွာ အညှီရှိရာ ယင်အုံဆိုသလိုပေါ့။
အပျိုရှိတဲ့အိမ် ယောင်္ကျားလေးတွေ လမ်းသလားတာ
မဆန်းပါဘူး ။တို့ငယ်ငယ်တုန်းကလည်း ဒီလိုပဲဆိုတာ
မင်းသိသားပဲ”

“ခေါင်းဖြူစွယ်ကျိုးဖြစ်နေမှ ကလေးကလားစကားတွေ
ပြောမနေစမ်းပါနဲ့ ။ တက်ပါ အိမ်ပေါ်ကို”

ဒေါ်ဝိုင်းဆိုသည့် မိန်းမကြီးမှာ ဒေါပွပွနှင့် ဦးသန်းလှိုင်ဆိုသူ
သူ့ယောင်္ကျားကြီးကို ပြန်ပြောလိုက်ပြီး …

“ဟဲ့ကောင်မ …လာခဲ့။အိမ်ပေါ်ရောက်လို့မှ ငါ့ကို
မှန်မှန်ဖွင့်မပြောရင်တော့။သေမဲ့သာ ပြင်ပေတော့”

ဟု ပြောပြောဆိုဆိုနှင့် မတင်ရီ၏လက်ကို ဆွဲ၍
အိမ်ပေါ်သို့ ခေါ်သွားခဲ့လေသည်။

အပျိုဖြန်းမလေး မတင်ရီမှာ မျက်ရည်လေး
တလည်လည် ။ ကြောက်ကြောက်ရွံ့ရွံ့နှင့်
ဒေါ်ဝိုင်းဆွဲခေါ်သွားရာသို့ လိုက်ပါသွားရှာလေ၏။

XXXX

“သမီး ဘယ်တုန်းကမှ လိမ်မပြောခဲ့ပါဘူး မေမေရယ်
ဟိုနေ့ညက အခင်းသွားချင်လို့ အိမ်အောက်ကို
ဆင်းမိတာပါ။ထွေထွေထူးထူးကိစ္စ မဟုတ်ရရိုး အမှန်ပါ”

မတင်ရီလေးမှာ မိခင်ဖြစ်သူအား အမှန်အတိုင်းပင်
ဖွင့်ဟ ဝန်ခံနေသည့်တိုင်အောင် ဒေါ်ဝိုင်းမှာ
မယုံကြည်နိုင်ဘဲ နေ့စဉ်နှင့် အမျှ ရိုက်နှက်ပြီး
ကြိမ်းမောင်းဆူပူလျက်ရှိရုံမျှမက
အခန်းလှောင်ထားသည်အထိ ဖြစ်လာရသည်။

မတင်ရီခမျာ မဟုတ်တန်းတရား အထင်လွဲခံရရုံမျှမက
မိခင်ဖြစ်သူ၏ အညှင်းဆဲခံနေရသဖြင့် ယူကျုံးမရဖြစ်ကာ
ဝမ်းအနည်းကြီး နည်းမိလေ၏။

ထိုမျှမကသေး ဖခင်ဖြစ်သူနှင့် မောင်ဘွားများ
ဦးလေးသားချင်းများကိုလည်း မကြည့်ဝံ့အောင်ပင်
အရှက်ကြီးရှက်လျက် ရှိနေတော့၏။

ထိုနေ့အဖို့ရာမှာလည်း အခါတိုင်းကဲ့သို့ပင် မိခင်ဖြစ်သူ
ဒေါ်ဝိုင်းက ဆူပူကြိမ်းမောင်းစစ်ဆေးနေပြန်သဖြင့်
သမီးလေးဖြစ်သော မတင်ရီက သူမ ပြောဆိုနေကြအတိုင်း
အမေတို့ ထင်ထားသလို မဟုတ်ရပါကြောင်းကို
အရိုးခံအတိုင်း ပြန်လည်ပြောဆိုလျက် ရှိနေလေ၏။

ဒေါ်ဝိုင်းအဖို့လည်း သမီးတစ်ယောက်တည်းမို့
မတင်ရီကို အချစ်ကြီးချစ်နေငြားသော်လည်း
မတင်ရီ အိမ်ထောင်ပြု သွားမှာကို အစိုးရိမ်ကြီး
စိုးရိမ်လှသူ ဖြစ်သည့်အတိုင်း မျက်ခြည်မပြတ်စေဘဲ
ထိန်းသိမ်းလာခဲ့သည်။

ဤသို့ မျက်ခြည်မပြတ်နေရာမှ ယခုကဲ့သို့
မသင်္ကာဖွယ်ရာအခင်းကို တွေ့ရှိလိုက်ရ၍
မယုံကြည်နိုင်အောင် ဖြစ်ပြီး သမီးဖြစ်သူ မတင်ရီအား
ဂရုဏဒေါသော ပြောဆိုဆုံးမနေခြင်း ဖြစ်လေ၏။

ဒေါ်ဝိုင်းမှာ သမီးဖြစ်သူကို အားရအောင် ဆူပူကြိမ်းမောင်းပြီး
ရွာခိုင်ကြီး အရှေ့ဘက်ရှိ ကိုးစီးရွာဘက်ဆီရှိ ကိုခြုံတင်
မကြီးတို့ဠ အိမ်ဘက်ဆီသို့ ထွက်လာခဲ့လေသည်။

ဦးသန်းလှိုင်မှာလည်း အိမ်ရှေ့ခန်းတွင် အေးဆေးစွာနှင့်
လက်ဖက်ရည်ကြမ်းသောက်လျက်ရှိနေသဖြင့်
မတင်ရီအဖို့ ခါတိုင်းရက်များထက် အနည်းငယ်
လွတ်လပ်လျက်ရှိနေသည်။

ထို့ကြောင့် မတင်ရီမှာ ရရှိသောအချိန်ကို မဖြုန်းဘဲနှင့်
အိမ်ခန်းအတွင်းမှ အသံမကြားအောင် ခြေဖော့၍
တိတ်တဆိတ် ထွက်လာလိုက်သည်။

ထို့နောက် အိမ်နောက်ဖေးလှေကားမှ အိမ်အောက်သို့
အသာကလေး ဆင်းလာခဲ့သည်။

အမှတ်မထင် ခြေဦးတည့်ရာသို့ နေအိမ်မှ တိတ်တဆိတ်
ထွက်လာခဲ့သော မတင်ရီသည် ပန်းလောင်မြစ်ကမ်းနဖူးသို့
ရောက်ရှိလာခဲ့လေသည်။

ထိုပန်းလောင်မြစ်ရေတို့မှာ နေရောင်ခြည်အောက်ဝယ်
ငွေရောင်တံလျှပ်တို့ထလျက် စီးဆင်းလှုပ်ရှားနေသည်။

တစ်ချက်တစ်ချက် လှိုင်းဂယက်ဝဲလေးများ ထလျက်
ဂဏမငြိမ် ဖြစ်နေသကဲ့သို့ မတင်ရီ၏ စိတ်မှာလည်း
ဂဏမငြိမ်အောင် ဖြစ်လျက် ရှိနေရရှာလေသည်။

နောက်ဆုံးတွင် မိမိက ရိုးသားစွာ နေထိုင်ပါလျက်နှင့်
မိခင်ဖြစ်သူ ဒေါ်ဝိုင်းက သင်္ကာမကင်းဖြစ်ကာ
မဖွယ်မရာ စွပ်စွဲနေသည့်အချက်ကို အရှက်ကြီး
ရှက်နေမိတော့သည်။

ထိုကြောင့် “အသက်နှင့် လူမလုပ် ။ အရှက်နှင့် လူလုပ်မည်”
ဆိုသော စကားအတိုင်းပင် အရှက်ကို အသက်နှင့်လဲ၍
ကာကွယ်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သို့ဖြစ်၍ မတင်ရီလေးသည် ဘုရား တရား သံဃာ
ရတနာသုံးပါးနှင့်တကွ ဆရာသမား မိဘများကို
ကန်တော့ပြီးနောက် တသွင်သွင် စီးဆင်းနေသော
ပန်းလောင်မြစ်အတွင်းသို့ မျက်စိမှိတ်ကာ
ခုန်ချလိုက်လေတော့သည်။

ရင်ထဲတွင် အေးခနဲ နွေးခနဲ ဖြစ်သွားပြီးနောက်
မတင်ရီမှာ ရေအောက်သို့ ရောက်သွားမှန်းသိရပြီး
ရေမွန်းကာ အသက်ရှု၍ မရတော့သော ဝေဒနာကို
ခေတ္တမျှ ခံစားလိုက်ရပြီး လုံးဝသတိမေ့သွားလေ၏။

ဤကဲ့သို့ မတင်ရီလေးမှာ အရှက်ကို အသက်နှင့်လဲကာ
လူ့လောကကြီးမှ ထွက်ခွာသွားသည့်အဖြစ်ကို
ဦးသန်းလှိုင်နှင့် ဒေါ်ဝိုင်းတို့မှာ တပ်အပ်မရှိကြသေးသော်လည်း
မတင်ရီနေအိမ်မှ ပျောက်ဆုံးသွားကြောင်းကို
ကိုးစီးရွာထဲမှ ဒေါ်ဝိုင်း ပြန်လာသောအချိန်တွင်
သိရှိရသဖြင့် တစ်အိမ်လုံးမှာ ဆူပွက်သွားလေတော့၏။

“တော် အိမ်မှာနေပြီး ဘာမှမသိဘူးဆိုတာ
ကျမဖြင့် အံ့သြလို့ မဆုံးတော့ဘူး”

ဒေါ်ဝိုင်းမှာ သမီးဖြစ်သူ ပျောက်နေသဖြင့် ခင်ပွန်းသည်ဖြစ်သူ
ဦးသန်းလှိုင်အား ကြိမ်းမောင်းကာ အပြစ်တင်စကား
ပြောလိုက်၏။

“အင်း…မင်းပြောရင် ခံရမှာပဲ မဝိုင်း။
ဒီလိုတော့ အိမ်က ထွက်မပြေးတန်ဘူး။
အောက်မေ့လို့ အိမ်ရှေ့မှာ စိတ်ချလက်ချနှင့်
လက်ဖက်ရည်ကြမ်း ထိုင်သောက်နေမိတာပေါ့ကွ”

“တော်စမ်းပါ ရှင်ဟာ ဘယ်နေရာမှ စိုးရိမ်ကြောင့်ကြမှုရှိတာ
မဟုတ်ဘူး။ကျမသမီးလေးတော့ ဒုက္ခတွေ့တော့မှာပဲ။
ယောင်္ကျားနောက်ပဲ လိုက်သွားသလား။
စိတ်ညစ်ညစ်နဲ့ ထင်ရာမြင်ရာပဲ လျှောက်သွားပြီလား။
လုပ်ကြစမ်းပါဦး။ကျမသမီးလေးကို ရှာစမ်းပါဦး။
ငါ့သမီးကို မေမေက မုန်းလို့မဟုတ်ပါဘူး သမီးရယ်
ချစ်လွန်းလို့ အခုလို ဆူပူကြိမ်းမောင်းပြီး ရိုက်မိတာပါ”

ဒေါ်ဝိုင်းမှာ ပြောရင်းပြောရင်း ငိုနေသဖြင့်
ဦးသန်းလှိုင်မှာ အမြင်ကတ်လာဟန်နှင့်…

“တော်စမ်းပါကွာ ။
ငိုမနေစမ်းပါနဲ့ ။အစတုန်းကတော့ မိထွေးကျနေတာပဲ။
သားသ္မီးဆိုတာ ဆူနေပူနေလို့ချည်း ဖြစ်တာ မဟုတ်ဘူး။
ချော့တန်လည်း ချော့ရ မော့ရသေးတယ်။
မင်းဥစ္စာက တဆူတည်းဆူ တကြိမ်းတည်း
ကြိမ်းနေတော့ သူလည်း စိတ်ညစ်ပြီး အိမ်ကထွက်သွားတာပေါ့”

“ကိုသန်းလှိုင်ရယ် ရှင်ပြောလည်း ခံရမှာပါပဲ။
ကျမသ္မီးကလေးကိုသာ တွေ့အောင်ပြန်ရှာပေးပါ”

ဒေါ်ဝိုင်းမှာ ပြောပြောဆိုဆိုနှင့် ငိုနေသဖြင့် ဦးသန်းလှိုင်က
ညီဖြစ်သူ ကိုဘမြင့်ကိုခေါ်၍ သမီးဖြစ်သူ မတင်ရီကို
ရှာဖွေရအောင် နေအိမ်မှ ထွက်လာခဲ့ကြရလေသည်။

ဤကဲ့သို့ မတင်ရီလေးတစ်ယောက် နေအိမ်မှာ
ပျောက်သွားကြောင်းကိုလည်း ရွာခိုင်ကြီးတစ်ရွာလုံးလိုလို
သိရှိသွားကြသဖြင့် ဝိုင်းဝန်းရှာသူက ရှာကြ
သတင်းမေးသူက မေးကြနှင့် တစ်ရွာလုံး
ဗျာများသွားကြရလေတော့သတည်း။

XXXXXXX

မိနစ်မှ နာရီ

နာရီမှ ရက်သို့ ကူးပြောင်းခဲ့ရာ မတင်ရီ ပျောက်ဆုံးသွားသည်မှ
(၂)ရက်မျှကြာရှိသွားပြီဖြစ်၍ လက်လျော့သူများ လက်လျော့
ကုန်ကြရလေတော့သည်။

အချို့ကလည်း ပြန်ပေးဆွဲသွားသလော။
အချို့ကလည်း လင်နောက်လိုက်သွားသလောဟူ၍
အမျိုးမျိုးတွေးတော နေကြလေသည်။

မတင်ရီ၏ မိဘနှစ်ပါးမှာမူ မည်သို့မျှ မတွေးတောဝံ့ပဲ
ရှိနေကြပြီ။မိခင် ဒေါ်ဝိုင်းအဖို့မှာမူ မိမိ၏ မလိမ္မာမှုကြောင့်
ချစ်သမီးခမျာ သေသည်/ရှင်သည်ဟု မသိရဘဲ
ပျောက်ဆုံးနေသည့်အတွက် ယူကျုံးမရဖြစ်ကာ
အပူလုံးကြွလျက်ရှိနေရလေ၏။

“ကြီးဒေါ်ဝိုင်း ကြီးဒေါ်ဝိုင်း”

ဟူ၍ တစာစာနှင့် ခေါ်လိုက်သော အသံနှင့်အတူ
လူတစ်စုခြံတွင်းသို့ ဝင်လာကြသည်နှင့် ဒေါ်ဝိုင်းမှာ
ကပျာကယာ အိမ်ဝသို့ ထွက်ကြည့်ရာတွင် မိမိတို့
စာရင်းငှားဖြစ်သူ မောင်တာတီးက မတင်ရီလေးကို
ပွေ့ပိုက်ပြီး အဖော်နှစ်ဦး သုံးဦးနှင့် အိမ်ထဲသို့
ဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ရသည်။

မိခင် ဒေါ်ဝိုင်းမှာ အားရဝမ်းသာနှင့်…

“ကိုသန်းလှိုင်ရေ…သမီးကို တွေ့လာကြပြီ
သမီးကို တွေ့လာကြပြီ”

ဟု ပြောရင်း မောင်တာတီး၏ရင်ခွင်ဝယ်
သတိမေ့မြောပြီး လူသေကောင်ပမာ ဖြစ်နေသော
မတင်ရီအနားသို့ ချဉ်းကပ်သွားလေ၏။

ဦးသန်းလှိုင်မှာလည်း ဒေါ်ဝိုင်းအသံကြောင့်
ဝမ်းသာအားရနှင့် အိမ်ရှေ့သို့ ထွက်လာပြီး
မောင်တာတီးလက်တွင်းမှ တစ်ဆင့် ပွေ့ထူကာ
မတင်ရီ၏အခန်းတွင်းရှိ မွေ့ယာပေါ်သို့
အသာအယာ သွားရောက်ချထားလိုက်လေ၏။

“ဘယ်လိုတွေ့လာကြတာလဲ မောင်တာတီးရယ်
ကြီးဒေါ်တို့ကို ပြောစမ်းပါဦး”

မိခင်ကြီးဒေါ်ဝိုင်းမှာ မတင်ရီအား ပွေ့ချီလာရသဖြင့်
မောပန်းနေဟန်တူသော မောင်တာတီးကို အလောသုံးဆယ်
မေးလိုက်လေ၏။

မောင်တာတီးဆိုသူမှာ နဖူးမှချွေးများကို တဘက်တစ်ထည်နှင့်
သုတ်လိုက်ပြီးမှ …

“ကျနော်နဲ့ ကိုပုတ်ကြီးတို့နှစ်ယောက် ဦးချစ်တီးတို့
လယ်ထဲက ပြန်လာရင်း ဘောင်ကြီးထိပ်က
ကုက္ကိုပင်ကြီးအောက်မှာ
လူတစ်ယောက်လဲနေတာ တွေ့ရတာပဲ။

ကျနော်နဲ့ပုတ်ကြီးလည်း ဦးချစ်တီနား ကပ်သောက်လာတဲ့
အရက်တစ်ပိုင်းတောင် အလိုလိုပြယ်သွားအောင်
ကြောက်လန့်သွားသေးတယ်။မတင်ရီဆိုတဲ့
ကောင်မလေးကပဲ သေရွာကနေပြီး
သရဲဘဝနဲ့ ခြောက်လန့်နေတယ် အောက်မေ့လို့
ကျနော်ရော ကိုပုတ်ကြီးရော အနားမကပ်ဝံ့ကြဘူး။

နောက်ဆုံးမှ အရဲစွန့်ပြီး ကပ်သွားမှ မတင်ရီဟာ
အသက်မသေဘဲ သတိမေ့နေမှန်း သိလို့ အခုလို
ပွေ့ချီပြီး ယူလာခဲ့တာပဲ ဒေါ်ဝိုင်း”

မောင်တာတီးနှင့် ကိုပုတ်ကြီးတို့လည်း မတင်ရီကို
တွေ့ခဲ့ရပုံ အကြောင်းစုံပြန်ပြောင်း၍ ပြောလိုက်လေ၏။

မတင်ရီတစ်ယောက် ရွာထိပ်က ကုက္ကိုပင်ကြီးအောက်မှာ
သတိမေ့ပြီး လဲနေတာကို မောင်တာတီးနှင့်
ကိုတုတ်ကြီးက သူ့မိဘတွေအိမ်ဆီ ပွေ့ခေါ်လာကြသည်ဟူသော
သတင်းမှာ ရွာခိုင်ကြီး တောင်ရွာမြောက်ရွာပါမကျန်
ကိုးစီးရွာ ကွက်သစ် မကျည်းတောက် အရပ်ထိတိုင်အောင်
တစ်မုဟုတ်ချင်း ပြန်နှံ့သွားလေတော့သည်။

ထိုကြောင့် ဦးသန်းလှိုင် +ဒေါ် ဝိုင်းတို့အိမ်သို့ နီးစပ်ရာ
ခင်မင်ရာပုဂ္ဂိုလ်များ သတင်းမေးလာရောက်ကြသည်မှာ
အတော်ပင် စည်ကားလျက်ရှိနေလေ၏။

ဦးသန်းလှိုင်နှင့် ဒေါ်ဝိုင်းတို့အိမ်သို့ နီးစပ်ရာ
ခင်မင်ရာပုဂ္ဂိုလ်များ သတင်းမေးလာရောက်ကြသည်မှာ
အတော်ပင် စည်ကားလျက်ရှိနေလေ၏။

ဦးသန်းလှိုင်နှင့် ဒေါ်ဝိုင်းတို့မှာ သမီးဖြစ်သူ မတင်ရီလေး
ပြန်လည်သတိရရှိအောင် တတ်ကျွမ်းနားလည်သူ
ဆေးဆရာကို ရအောင်ကို ခေါ်ငင်၍ ကုသစေသော်လည်း
အကြောင်းမထူးသေး။

မတင်ရီလေးမှာ အသေကောင်ကြီးပမာ
မတုန်မလှုပ်နှင့် သတိမေ့မြဲပင် ရှိနေသဖြင့်
စိတ်မချမ်းမသာ ဖြစ်နေကြရပြန်သည်။

လာရောက် သတင်းမေးကြသူများမှာလည်း
မိမိတို့ သန်ရာသန်ရာကို ပြောဆိုနေကြသဖြင့်
ထိုနေ့အဖို့ရာတွင် နတ်မေးလိုမေး ဗေဒင်မေးလို့မေးနှင့်
ကောင်းနိုးရာရာ လုပ်နေကြသော်လည်း
မတင်ရီမှာ ပြန်လည်သတိမရဘဲ ဖြစ်နေဆဲရှိသည်။

ထို့ကြောင့် အားလုံးလိုလိုပင် လက်လျော့ကာ
စိတ်ပျက်ကုန်ကြရလေသည်။

“ကြံကြစမ်းပါဦးရှင်။
ကျမသမီးလေး ပြန်လည်သတိရဖို့ ဘယ်ဆရာနဲ့
ဘယ်လိုကုရပါ့မလဲ”

ဟူ၍ မျက်ရည်စက်လက်နှင့် ဒေါ်ဝိုင်းမှာ တညံညံတစာစာ
ဖြစ်နေပြန်သဖြင့် တွေ့မြင်ရသူများမှာ မသနားဘဲ
မနေနိုင်အောင် ဖြစ်နေကြရပြန်လေသည်။

ထိုအခိုက်ဝယ် လာရောက်သတင်းမေးသူများအထဲမှ
ကျေးရွာလူကြီးတစ်ဦးဖြစ်သော ဦးနိုင်သူ။ ဦးအေးကျော်
ဦးခြုံတင် ။ဦးညွှန့်ရွှေတို့
ရပ်ရွာအကျိုးဆောင်အဖွဲ့ဝင်များကလည်း

“ဒေါ်ဝိုင်းတို့ သဘောတူမယ်ဆိုရင်တော့ ပြက္ခရွှေတောင်ပေါ်က
ဗုဒ္ဓဝိဇ္ဇာဂိုဏ်းဝင် ဆရာကြီးတစ်ဦးဖြစ်တဲ့
‘ပဉ္စရူပံ ဆရာခ’ ဆိုသူကို သွားပင့်ပေးမယ်။
ကလေးမနဲ့ ကံစပ်ရင်တော့ ပျောက်ကင်းပါလိမ့်မယ်”

ဟု ပြောလာကြပြန်သဖြင့် ဒေါ်ဝိုင်းနှင့် ဦးသန်းလှိုင်တို့မှာ
ဝမ်းသာအားရနှင့် ကျေနပ်စွာပင်
ရွာလူကြီး ဦးမင်းနိုင်သူတို့အဖွဲ့ကို
ဆရာပင့်ပေးရန် သဘောတူပါကြောင်း ပြောလိုက်သဖြင့်
ရပ်ရွာအကျိုးဆောင် အဖွဲ့သားများလည်း
ဆရာပင့်ရန် ထွက်ခွါသွားကြလေတော့၏။

XXXXX

အုန်းသီး ငှက်ပျော ကွမ်း လက်ဖက်တို့ဖြင့် ပြင်ဆင်ထားသော
ဘုရားအတွက် ရည်စူးပြီး ထားရှိသည့် ကန်တော့ပွဲ
ရှေ့တွင် ဖယောင်းတိုင်များ ထွန်းညှိထားသည်မှာ
ဦးသန်းလှိုင်+ဒေါ်ဝိုင်းတို့ အိမ်ဦးခန်းဝယ်
အလင်းရောင်များ ထိန်လင်းလျက် ရှိနေလေသည်။

ကန်တော့ပွဲ၏ အရှေ့ဘက်တွင်မူ ဝတ်ဖြူစင်ကြယ်
ဝတ်ထားသော အသက်(၄၀)ခန့်ရှိသူတစ်ဦး ခန့်ညားစွာ
ထိုင်လျက်ရှိနေလေ၏။

ထိုသူမှာကား ရွာလူကြီးဦးမင်းနိုင်သူနှင့် ဦးကျော်သန်းတို့
သွားရောက်ပင့်ခေါ်လာခဲ့သော ပြက္ခရွှေတောင်မှ
ဗုဒ္ဓဝိဇ္ဇာဂိုဏ်းဝင် ပဉ္စရူပံဆရာခပင် ဖြစလေ၏။

ပဉ္စရူပံဆရာခ၏ ရှေ့တွင်မူ သတိမေ့မြောနေသော
မတင်ရီကို ပက်လက်ကလေးတွေ့မြင်နေရလေ၏။

ပဉ္စရူပံဆရာခမှာ လူနာကို အကဲခတ်ကြည့်ရှုပြီး
ကန်တော့ပွဲပြင်ထားသော စားပွဲပေါ်မှ အမွှေးနံ့သာရည်များနှင့်
အနည်းငယ် ‘တောက်’လိုက်ပြီး ဂါထာမန္တန်တစ်ခုကို
ပါးစပ်မှ ရေရွတ်လျက်ရှိလေသည်။

ပဉ္စရူပံဆရာခ မန်းမှုတ်ပြီးနေသည့်ကြားမှာပင်
မတင်ရီမှာ အနည်းငယ်လူးလွန့်သဖြင့် မတင်ရီ၏
မိဘများနှင့် လာရောက်ကြည့်ရှုသူများမှာ
အားတက်သွားပြီး လှုပ်လှုပ်ရွရွ ဖြစ်သွားကြလေ၏

“ကဲ…ကဲ …ဆရာအနေနဲ့ မေတ္တာရပ်ခံပါတယ်
စွဲရင်းအတိုင်း ပုဂ္ဂိုလ်များဝင်ရောက်လာပြီး
ဒီ ကာယကံရှင် သူငယ်မကလေးရဲ့ အဖြစ်သနစ်အကြောင်း
ဇာစ်မြစ်ကို ရှင်းလင်းပေးစေလိုပါတယ်”

ဤကဲ့သို့ ပဉ္စရူပံဆရာခမှ မေတ္တာရပ်ခံကာ
မိန့်ဆိုလိုက်သည်နှင့် မတင်ရီလေးမှာ
လဲလျောင်းနေရာမှ ပုဆစ်တုပ်၍
ထိုင်လိုက်ပြီး ကန်တော့ပွဲနှင့်တကွ ဆရာကို
ဦးစိုက်ကန်တော့ကာ အရိုအသေပြုလိုက်လေ၏။

ထို့နောက်တွင်မူ မတင်ရီလေး၏ ပြောနေ ဆိုနေသော
အသံမျိုးမဟုတ်ဘဲ ယောင်္ကျားသံနှင့် အောက်ပါအတိုင်း
ပြောပြလာလေ၏။

“ကျတော့်နာမည်က မောင်မောင်ကြီးလို့ ခေါ်ပါတယ်။
ကျနော်တို့ဟာ ပန်းလောင်မြစ်အနီး မတောင့်တတောင်
သိုက်နန်းမှ သိုက်စောင့်ဖြစ်ပါတယ်။ယခု ညီမလေး
မတင်ရီကို တမင်သက်သက် နှောင့်ယှက်ရခြင်း မဟုတ်ပါ။

ညီမလေး ရေထဲခုန်ဆင်းတာကို တွေ့မြင်ရတာနဲ့
ဖြစ်ခဲလှတဲ့ လူ့အသက်တစ်ချောင်းကို မသေစေလိုတဲ့သဘောနဲ့
ကျနော်ညီ မောင်လေးနဲ့ ပန်းလောင်မြစ်ထဲက
ဆယ်ယူပြီး သိုက်နန်းအတွင်းမှာ ပြုစုစောင့်ရှောက်ထားပါတယ်။

ဒါပေမဲ့ ညီမလေး မတင်ရီဟာ သိုက်နန်းမှာ
မပျော်ပိုက်ဘဲ သူ့ရဲ့နေရပ်ဆီကို ပြန်ပို့ပေးပါလို့
အတန်တန်ပြောဆိုတာနဲ့ ကျနော်တို့ညီအစ်ကိုနှစ်ဦးစလုံး
မတင်ရီတို့ ရွာထိပ်က ကုက္ကိုပင်ကြီးအောက်
အရောက်လိုက်ပို့ပါတယ်။မောင်တာတီးနဲ့
ကိုပုတ်ကြီးတို့ကိုလည်း မတင်ရီလေးနဲ့ တွေ့အောင်
ကျနော်တို့ပဲ ဆွဲဆောင်လိုက်ခြင်း ဖြစ်ပါတယ်။

အခု ညီမလေး သတိမေ့နေရတာကလည်း ကျနော်တို့
တမင်သက်သက်လုပ်ထားခြင်း မဟုတ်ပါ။
ကျနော်တို့နဲ့ တွေ့ခဲ့ရတဲ့ အဖြစ်တွေ မေ့ပျောက်သွားအောင်
ခေတ္တမျှသာ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

မတင်ရီရဲ့မိဘများက ဆရာကို မပင့်ခိုင်းဘဲ
ဒီအတိုင်းထားရှိရင်လည်း မတင်ရီဟာ မနက်ဖြန်
သုံးရက်မြောက်တဲ့နေ့မှာ အလိုလိုပဲ သတိရလာပါလိမ့်မယ်။

ကျနော်တို့အနေဖြင့် မတင်ရီကို ညီမလေးအရင်းလို
ချစ်ခင်ပါတယ်။မည်သို့မျှ ဒုက္ခသုက္ခရောက်ရှိအောင်
နှောင့်ယှက်လိမ့်မည် မဟုတ်ပါ။

ကျနော်တို့အဖို့မှာလည်း သီလဆောက်တည်ပြီး
နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင်အား
လှူဒါန်းမယ့် ရွှေ ငွေ ပစ္စည်းကျောက်သံပတ္တမြားများကို
စောင့်ကြပ်နေရသူများ ဖြစ်ပါတယ်”

ဟုပြောဆိုပြီး ဘုရားနှင့်တကွ ပဉ္စရူပံဆရာခအား
ဦးခိုက်ကာ ဝတ်ပြုလိုက်လေ၏။

ပဉ္စရူပံဆရာခမှာ ခေါင်းတညိတ်ညိတ်နှင့်
နားထောင်လျက်ရှိနေရာမှ မိမိအား ဦးတိုက်နေသော
မတင်ရီလေးကို ဝင်ပူးပြီးပြောနေသည့်
သိုက်နန်းရှင် မောင်ကြီးအား ဆုံးမစကားပြောကာ
မိမိတို့ သိုက်နန်းသို့ ပြန်နိုင်ပြီဖြစ်ကြောင်း
ပြောလိုက်သဖြင့် မတင်ရီလေးမှာ
ငြိမ်ကျသွားလေ၏။

ဦးသန်းလှိုင်+ဒေါ်ဝိုင်းတို့နှင့်တကွ လာရောက်ကြည့်ရှုနေကြသူ
အားလုံးမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရုံမျှမက
ထူးခြားဆန်းကြယ်လှသော ဤအဖြစ်တို့ကိုလည်း
တအံ့တသြနှင့် ရှိနေကြလေ၏။

ပဉ္စမံဆရာခသည် မတင်ရီအား ရေမန်းနှင့်
အနည်းငယ် တောက်ပေးလိုက်ပြန်လေသည်။

ထိုအခါ မတင်ရီလေးမှာ အိပ်ယာမှ နိုးလာတဲ့သူ
တစ်ယောက်ပမာ ပတ်ဝန်းကျင်ဝဲယာသို့
ဟိုဟိုဒီဒီလှည့်၍ ကြည့်နေလျက်ရှိနေလေ၏။

မိခင်ဖြစ်သူ ဒေါ်ဝိုင်းမှာ သမီး မတင်ရီလေး၏အနီးသို့
ချဉ်းကပ်သွားပြီး…

“သမီး…သမီး သတိရပြီနော်။
အမေတို့ဖြင့် စိတ်ပူလိုက်ရတာကွယ်”

သို့သော် မတင်ရီလေးမှာမူ တုံဏိဘာဝေနေလျက်
ဖြစ်ပျက်ခဲ့သမျှကို သတိမရလေဟန်နှင့် …

“ကျမ ဘာဖြစ်ခဲ့လို့လဲ အမေရယ်”

“ဟင်…သမီး ဖြစ်ခဲ့တာတွေအားလုံး
မသိတော့ဘူးပေါ့ ဟုတ်လား”

“ကျမဖြင့် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်နေရာက
နိုးလာရသလိုပါပဲ အမေ”

ပဉ္စပံဆရာခမှာ သမီးဖြစ်သူနှင့် မိခင်ဒေါ်ဝိုင်းဆိုသူတို့
ရွှင်ရွှင်လန်းလန်း ပြောဆိုနေကြသည်။

ဝမ်းမြောက်စွာဖြင့် ကြည့်နေမိသလို
လာရောက်သတင်းမေးကြသူများအားလုံးမှာလည်း
ဝမ်းသားအားရ ဖြစ်နေကြလေတော့သတည်း။

ဆရာတာတေကြီးရေးသည့် မဖဲဝါနှင့် တစ္ဆေထိပ်သီး တာတေကြီး
စာအုပ်မှ စာဖတ်သူကို ကောက်နှုတ်တင်ပြပါသည်။

ပြီးပါပြီ