မောင်ရူပ

ပြန်လည် ကျေးဇူးဆပ် ရှာဖွေကျွေးခဲ့ပါသည်။

“…သားလေး…မိုးကလဲရွာတယ်…သားရယ်… ဒီနေ့သစ်ခုတ် မသွားပါနဲ့လား…အမေစိတ်မချလို့ပါကွယ်…”

သစ်ခုတ်သွားဖို့ ပြင်ဆင်နေသော သားဖြစ်သူ မောင်ရူပကို မိခင်ဒေါ်နန်းအေး စိတ်မချနိုင်သဖြင့် တားနေခြင်းပင်ဖြစ်၏။

“ရပါတယ်…အမေရဲ့…သားမှာ…မိုးကာပါပါတယ်…နောက်ပြီးတော့…ဒီတောဒီတောင်ကလဲ.. သားကျင်လည်ရင်းနဲ့…ကြီးပြင်းခဲ့တဲ့…နေရာမို့.. အမေစိတ်ချပါနော်…”

မပြည့်စုံတဲ့ဘဝမို့ မလုပ်ရင်လဲ စားဝတ်နေရေးက အဆင်ပြေမည်မဟုတ် ထို့ကြောင့်ပဲ ဒေါ်နန်းအေး သားဖြစ်သူကို ရင်နာနာနဲ့ လွှတ်ခဲ့ရသည်။

“..တောင်စခန်းမှာလ…မောင်လှမ်းလို့…အရောက်နှင်…ရောက်ဖို့ရယ်..ချိန်ခါနီးမှ…ရွှေမိုးကညို့တယ်ပေါ့လေ…”

သီချင်းလေး တကြော်ကြော်နှင့် သစ်များခုတ်နေသော မောင်ရူပမှာ အသက်၂၆နှစ်ထဲ ရောက်နေပေမဲ့ ချစ်သူရည်းစားမရှိ ရုပ်ရည်က တည်ကြည်ခန့်ငြားပြီး ငါးပါးသီလအား တစ်ပါးသူထက် ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံအောင် နေခြင်းက သူ့အတွက် ဘယ်သွားသွား အန္တရာယ် ကင်းနေခြင်းပင် ဖြစ်ပေလိမ့်မည်။ သည်တော သည်တောင်သည် တော်ရုံလူများ သစ်မခုတ်ရဲကြပေ နတ်ဖမ်းစားတာ လိုလို တောခြောက်တာလိုလို ခံကြရ၍ တော်ရုံဖြင့် မလာရဲကြ “မောင်ရူပ”ကတော့ နေ့စဥ် သစ်လာခုတ်မြဲပါပဲ။

“…..ရွှီး…….ရွှီး…..ရွှီး….”

မောင်ရူပ သစ်ခုတ်နေစဥ် သူအနီးအနားရှိ ဝါးရုံများကြားမှ မြွေတစ်ကောင်၏ စူးရှသော အသံအား သူကြားလိုက်ရသည်။ ခုတ်လက်စ သစ်ပင်ကို ထားခဲ့ကာ ထိုအသံကြားရာဆီသို့ သူသွားကြည့်လိုက်တဲ့အခါ…”

“….ဘုရား….ဘုရား….”

ဝါးပင်နှစ်ပင်ကြား ညှပ်နေသော တောကြီး မြွေဟောက်ကြီးမှာ ဒေါသဖြစ်၍ ပါးပြင်းများ ထောင်ထ​နေ​ပြီး တစ်ရွှီးရှီးနှင့် မှုတ်ထုတ်နေပါတော့သည်။

“…ဟဲ့…မြွေဟောက်ကြီး…ငါနင့်ကို…ဘယ်လိုကယ်ရမလဲ…ငါဒီအတိုင်းထွက်သွားရင်လဲ… နင်အစားပြတ်ရေငတ်နဲ့…သေလိမ့်မယ်…. ငါက…နင့်ကို….ရအောင်ဆွဲထုတ်ရင်လဲ….နင်ကငါ့ကို…. ကိုက်ဦးမယ်…ငါဘယ်လိုလုပ်ရပါ့မလဲ…”

တစ်ယောက်ထဲ ထိုသို့ပြောရင်း မောင်ရူပ အတော်ကြာကြာ စဥ်းစားနေပါသည်။ နောက်ဆုံးတော့ သူ့ကို ကိုက်လိုကလဲ ကိုက်ပါစေတော့ဆိုပြီး ကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

“….ရွှီး….ရွှီး….”

မောင်ရူပ ဝါးပင်များကြား ညှပ်နေသော ထိုမြွေကြီးအား အမြီးမှအပေါ်သို့ မတင်ကာ ဆွဲထုတ်လိုက်တဲ့အခါ မြွေဟောက်ကြီးလဲ လွတ်ထွက်သွားပြီး နာကျင်မှု့ကြောင့် မောင်ရူပအား လှမ်းခဲဖို့ ဟန်ပြင်လိုက်ပေမဲ့ သူ့အား ကယ်သူဆိုတာတာ သိဟန်ရှိပါရဲ့ မကိုက်ပဲ မာန်လျှော့ကာ တောထဲသို့ တိုးဝင်ပျောက်ကွယ် သွားပါတော့သည်။

~~~~~

      အချိန်များသည် တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ မိုးကုန်လို့ ဆောင်းသို့ ရောက်ခဲ့ပါတော့သည်။ တစ်ခုသောမနက်ခင်းဝယ် မောင်ရူပ သစ်ခုတ်သွားဖို့ ခါတိုင်းလို ရွာနောက်ဘက်မှ မသွားပဲ ရွာ၏ အရှေ့ဘက်မှ သွားရန်ဆုံးဖြတ်လိုက်သည်။ မသွားတာကြာပြီဖြစ်တဲ့ ရွာအရှေ့ဘက် တံတားငယ်မှာ ကျိုးပဲ့ပျက်စီးလျှက် ပြုပြင်မည့်သူ မရှိပေ ရဟန်းသံဃာများ ဆွမ်းခံကြွလာတာနဲ့ ဆုံတော့ အသာရှောင်ပေးလိုက်ရင်း တံတားကိုကြည့်ကာ သူပြုပြင်ပေးရန် ဆုံးဖြတ်လိုက်ပါတော့သည်။

“ဒေါက်…ဒေါက်…ဒေါက်…”

“ဟေ့…မောင်ရူပ…ဘာတွေလုပ်နေတုန်းကွ….”

မောင်ရူပ တံတားပြုပြင်နေတုန်းမှာ ယောဂီဝတ်နှင့် အဖိုးကြီးတစ်ယောက် သူ့အား မေးလာသောကြောင့် အံသြနေမိသည် အဘယ်ကြောင့်ဆိုသော ဒီအဖိုးကြီးကို သူတစ်ကြိမ်မျှ မမြင်ဖူးပါပဲ သူ့နာမည်အား သိနေခြင်းကြောင့်ပင် ဖြစ်၏။

“…တံတားပြင်နေတာပါ…အဖိုး…”

အဖိုးကြီးက ပြုံးလျှက်။

“ပြင်မနေပါနဲ့ကွာ…မင်းသစ်ခုတ်ရမှာ မဟုတ်လား…ငါဟိုဘက်တောင်ခြေမှာ…သစ်ကောင်းတွေ…တွေ့ခဲ့တယ်ကွ…ပြင်နေလဲ…အချိန်ကုန်မှာပေါ့…သွားခုတ်တော့လေ…”

သစ်ကောင်းများရှိသည် ဆိုသော အသံကြားသည်နှင့် မောင်ရူပ အနည်းငယ် တွေဝေသွားပြီး ခေတ္တမျှ ကြာတဲ့အခါ။

“နေပါစေတော့…အဖိုးရယ်…မနက်ဖြန်မှပဲ…သွားခုတ်ပါတော့မယ်…တံတားက…ကြုံတုန်းလေးပြင်ရတာ…ကျေးဇူးတင်ပါတယ်..အဖိုး…”

အဖိုးကြီး တစ်ခုခုကို သဘောကြသည့်ဟန်ဖြင့်ရယ်မောနေသည်။

“….ဟား….ဟား….ဟား…ဒါမှ…”မောင်ရူပ”ပေါ့ကွ…”

မောင်ရူပ နားမလည်နိုင်သေးပေ။

“ကဲ….လူလေး…အဖိုးမင်းကိုပြောမယ်…သေချာနားထောင်…”

“ဟုတ်….ဟုတ်ကဲ့ပါ…အဖိုး…”

အဖိုးကြီးက အဝေးတစ်နေရာသို့ လက်ညိုးထိုးကာ။

“…ဟိုးမှာမြင်နေရတဲ့…တောင်ကြီးကိုတွေ့လား…”

မောင်ရူပ သေခြာကြည့်ပြီးတဲ့နောက်။

“…ဟုတ်ကဲ့…တွေ့ပါတယ်..အဖိုး…”

“…ဟုတ်ပြီ…မနက်ဖြန်လပြည့်နေ့…မနက်ပိုင်းကို…မင်းအဲ့ဒီတောင်ပေါ်က…အင်ကြင်းပင်အောက်ကို…. ဆက်ဆက်လာခဲ့…အဖိုးမင်းကို…ခိုင်းစရာရှိတယ်ကွ…”

မောင်ရူပ တစ်ကြိမ်မှ မမြင်ဘူးသော ထိုအဖိုးကြီးအား ​သေခြာကြည့်လျှက် ခေါင်းညိတ်လိုက်မိပါသည်။

“ဟုတ်…ဟုတ်ကဲ့ပါ….အဖိုး…”

အဖိုးထွက်သွားပြီနောက် မောင်ရူပ စဥ်းစားမိသည်က အဲ့ဒီဘက်ကို သူ မကြာခဏ ရောက်ဖူးပါသော်လဲ အင်ကြင်းပင်ဆိုတာ သူတစ်ပင်မျှ မမြင်ခဲ့ရပေ ထိုကြောင့် အတော်တော့ ထူးဆန်းနေ၏။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်တော့ သွားကြည့်ဖို့ သူဆုံးဖြတ်ခါ ပြင်လက်စ တံတားကို ပြီးဆုံးအောင် ပြုပြင်ပြီး အိမ်သို့ ပြန်ခဲ့ပါတော့သည်။

~~~~~~~

      မောင်ရူပတစ်ယောက် မနက်ထဲကတည်းက တောင်ပေါ်တတ်လာခဲ့တာ အင်ကြင်းပင် တစ်ပင်မျှတောင် မတွေ့သေးပေ အဖိုးကြီးများ စနောက်ခဲ့သလား သံသယစိတ်ဖြင့် ဆက်ပြီး တတ်လာခဲ့သည် တစ်နေရာ အရောက်မှာတော့။

“…ရွှီး…”

​သူအနားမှ မြွေသံကြောင့် လန့်ဖျန့်ကာ နောက်သို့ လဲကြသွား၏ သေခြာကြည့်လိုက်တဲ့အခါ။

“မြတ်စွာဘုရား…​မြွေ….မြွေကြီး…”

သူတွေလိုက်ရသည်က တောကြီးမြွေဟောက် တစ်ကောင်ပင်ဖြစ်သည်။ ထို၍ထူးခြားသည်က သူကယ်တင်ပေးခဲ့သော မြွေကြီးပင် ဖြစ်လေသည် ခါးမှာ ဝါးညှပ်ထားတဲ့ ဒါဏ်ရာတွေက ပျောက်ခါစပင် ရှိသေး၏။ မြွေကြီးသည် သူ့အား ငြို့ယူခေါ်ဆောင်နေသည့်နှယ် သူလဲနေရာမှထကာ မြွေကြီးသွားသော အနောက်မှ လိုက်ခဲ့လေသည် တစ်ဖြေးဖြေးနဲ့ တောင်ထိပ်ပေါ် ရောက်ခါနီးမှ ရုတ်တရက် အင်ကြင်းပင်ကြီးကို သူဘွားခနဲ မြင်လိုက်ရ၍ အံ့သြမိသည် မြွေကြီးကိုလဲ ရှာမတွေ့တော့ပေ။

“အဖိုးရေ…အဖိုး…ကျွန်တော်ရောက်ပြီဗျ…”

မောင်ရူပ အင်ကြင်းပင်အောက်မှ အဖိုးကြီးအား ထိုသို့ခေါ်ကာ ရှာဖွေနေစဥ်။

“…အဖိုးရှိပါတယ်..လူလေး…”

မောင်ရူပ လန့်သွားပြီး အနောက်သို့ လှည့်ကြည့်တော့ အဖိုးကြီး ဘယ်အချိန်ကတည်းက ဘယ်လိုရောက်နေမှန်း မသိပေ။

“…ကဲ…လူလေး…အချိန်မရှိဘူးကွ…ဟော့ဒီနေရာကို…မြန်မြန်တူးပေတော့…”

အဖိုးကြီး အင်ကြင်းပင်ကြီးအောက် တစ်နေရာသို့ ပြကာ တူးခိုင်းတဲ့အခါ မောင်ရူပလဲ ဘာမှ မမေးနေတော့ပဲ ပါလာသောဓါးဖြင့် တူးပါတော့သည်။

“…ဒုတ်…ဒုတ်…ဒုတ်…”

မောင်ရူပ သိပ်မတူးလိုက်ရပါ တစ်တောင်ခန့် တူးလိုက်တဲ့အခါမှာ မာကြောတဲ့အရာတစ်ခုကို သူဓားနှင့် ထောက်မိနေပါတော့သည်။

“အဖိုး…အောက်မှာ…တစ်ခုခုရှိနေတယ်ဗျ…”

အဖိုးကြီးက ပြုံးလျှက်ဖြင့်။

“အေး…အဲ့ဒီဟာကို..ဆွဲထုတ်လိုက်…လူလေး…”

မောင်ရူပ အဖိုးပြောသည့်အတိုင်း ထိုအရာကို ဓားဖြင့်ကလော်ပြီး ဆွဲထုတ်လိုက်တဲ့အခါ ယွန်းထည်ဖြင့် ပြုလုပ်ထားသော သေတ္တာလေး တစ်လုံးပင်ဖြစ်နေသည်။

“…ကဲ….လူလေး..အချိိန်မရှိတော့ဘူး…ဖွင့်ကြည့်လိုက်ပါ”

မောင်ရူပ သေတ္တာကို ဖွင့်ကြည့်လိုက်တဲ့အခါ။

“ဟင်…ဘုရား…ဘုရား…”

သေတ္တာငယ်လေးထဲမှာ ရွှေများနဲ့ ရတနာပစ္စည်းများ အပြည့်ထည့်ထားတာကို မောင်ရူပ မြင်လိုက်ရခြင်းပင် ဖြစ်၏။

“…ကဲ…မင်းနဲ့ထိုက်လို့ရတာကွ…ဒီပစ္စည်းတွေ… သုံးပုံ…ပုံလိုက်ပါ… တစ်ပုံကို… လူလေးတို့… သားအမိယူပါ…ကျန်နှစ်ပုံကို…ဒီတောင်ပေါ်မှာရှိတဲ့….ဘုရားကုန်းက…အပြိုအပျက်တွေကို…မွန်းမံပြင်ဆင်ပြီး…သာသနာပြုပေးပါ….လူလေး…”

မောင်ရူပ အဖိုးကြီးအရှေ့မှာ ရိုသေစွာ ထိုင်လိုက်ပြီးနောက်။

“ဒီပစ္စည်းတွေက…ဘယ်သူအပိုင်တွေဖြစ်ပြီး… ဘယ်လိုလုပ်ရမလဲ…ကျွန်တော်မသိတဲ့.. အတွက်…လက်မခံရဲပါဘူး…အဖိုးရယ်…”

အဖိုးကြီးက သက်ပြင်းချကာ မောင်ရူပရဲ့ ဦးခေါင်းအား လက်ဖြင့်သပ်ရင်း။

“စိတ်ချပါလူလေး…ဒီပစ္စည်းတွေက…အဖိုးတို့ရဲ့ ပစ္စည်းတွေပါ…နောက်ပြီးတော့… ဒီသာသနာပြုတဲ့အလုပ်မှာ…ရှေ့ဆောင်လမ်းပြအဖြစ်နဲ့… လမ်းညွှန်းပေးမဲ့သူက..ဟိုးအရှေ့အရပ်မှာရှိတဲ့…လက်ပံကုန်းရွာမှာနေတဲ့.. ဦးသက္ကဆိုတဲ့…ဆရာကြီးပဲ…လူလေး…မင်းသူ့ဆီသွားပြီး…ဘာဆက်လုပ်ရမလဲ…တိုင်ပင်ပါ.. သူပြောသမျှကိုနာခံပါ…”

“ဟုတ်….ဟုတ်ကဲ့ပါ…အဖိုး…”

“…အင်း…မင်းနဲ့အဖိုးက…ပဌာန်းဆက်ရှိတယ်ကွဲ့…တစ်ချိန်ကမင်းဟာ…အဖိုးရဲ့ဖခင်…ဖြစ်ခဲ့ဘူးတယ်…ဒါကြောင့်…ဒီကျေးဇူးကိုလဲ… ဆပ်ရာရောက်တာပေါ့ကွယ်…”

မောင်ရူပ နားမလည်နိုင်သော လောကုတ္တရာ ရေးရာများကို စဥ်းစားနေရင်း အဖိုးက သူ့အား နှုတ်ဆက်ကာ ထွက်သွားပါတော့သည်။

~~~~~~

“အဖြစ်အပျက်ကတော့….အဲ့ဒါပါပဲ…ဆရာကြီးရေ…”

ဆရာကြီး ကွမ်းလေး တစ်မြုံမြုံဝါးရင်း အတွေးနယ်ချဲ့ကာ ငြိမ်နေသောကြောင့်။

“ဆရာကြီး…ကျွန်တော်တို့….ဘယ်လိုလုပ်ကြမလဲ…”

ကျွန်တော် မေးလိုက်တော့မှ ဆရာကြီး သက်ပြင်းချကာ။

“​..သြော်..သာသနာပြုဖို့ကိစ္စပဲလေ…အစွမ်းကုန်. ကူညီရမှာပေါ့…”

ထိုနောက် ကိုရူပအား ကြည့်လိုက်ပြီ။

“ကဲ…မောင်ရူပရေ…မနက်ဖြန်…သာသနာပြုခရီး…စထွက်ကြတာပေါ့ကွာ…ဒီညတော့…မင်းငါ့အိမ်မှာပဲ…အိပ်ပေတော့..”

“ဟုတ်ကဲ့ပါ…ဆရာကြီး…အဖိုးက…ဆရာကြီးစိတ်တိုင်းကြဖြစ်အောင်…လုပ်ပေးဖို့…မှာလိုက်ပါတယ်…”

“အေး…အေး…ကောင်းပါပြီကွယ်…”

ထိုနေ့ည ကိုရူပနှင့်ကျွန်တော် ဆရာကြီးအိမ်မှာ ညဥ့်နက်သည်အထိ မအိပ်ကြပဲ စကားတွေ ဖောင်ဖွဲပြောဖြစ်ခဲ့ကြသည်။

      မနက်ခင်း လင်းကြက်တွန်တာနဲ့ ကျွန်တော် အမေ့ကိုကန်တော့ပြီး ယူစရာရှိသည်များ ယူဆောင်ကာ ဆေးပေါ့လိပ်လေးခဲလျှက် ဆရာကြီးအိမ်သို့ ထွက်ခဲ့တော့သည်။

“ဆရာကြီး…အသင့်ဖြစ်ပြီလား…”

အိမ်ထဲမှ ကိုရူပထွက်လာပြီး။

“ကိုစောဟိန်းရေ…ဆရာကြီး…ဖျားနေပြီဗျ… ညကတည်းက…ကိုယ်ပူပြီး…ဖျားနေတော့တာ… တစ်ညလုံးပါပဲဗျာ…ကျွန်တော်လဲ… မအိပ်ဖြစ်သေးပါဘူး…ဆရာကြီးကို…ပြုစုပေးနေတာ… အထဲကို…ဝင်ကြည့်ပါဦးဗျာ…”

ကျွန်တော် ထင်ပါတယ် ခါတိုင်းဆို ဝရိယရှိတဲ့ ဆရာကြီး ထွက်မလာသေးကတည်းက တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ။ကျွန်တော် အထဲကို ဝင်ကြည့်တော့ ဆရာကြီးမှာ ကုတင်ပေါ် စောင်းလျှက်ဖြင့် အနားယူနေ၏။

“ဆရာကြီး…သက်သာရဲ့လား…”

ကျွန်တော် တိုးတိုးမေးလိုက်ပေမဲ့ ဆရာကြီး ကြားပါတယ် ကျွန်​ော်ဘက်သို့ လှည့်လာပြီး။

“နည်းနည်းတော့..သက်သာပါတယ်…လူလေး..”

ဆရာကြီးက အသက်လဲ ကြီးနေပြီမို့ တော်ရုံ အရာရာမှာ မသွတ်လတ်နိုင်တော့ ပင်ပင်ပန်းပန်း ခရီတွေလဲ သိပ်မထွက်နိုင်တော့ပါ ကျွန်တော် ဘာလုပ်ပေးရမှန်း မသိတော့ပါဘူး။

“လူလေး…မောင်စောဟိန်း..”

ဆရာကြီး ခေါ်လာသောကြောင့် ကျွန်တော် အနားကိုကပ်ခါ ထူးလိုက်ပါသည်။

“လောကမှာ..ခန္ဓာရရင်…သေကြရမယ်… ဖြစ်ပြီးရင်လဲ..ပျက်ကြရမှာ..မလွဲမသွေပဲကွ….”

“ဟုတ်ကဲ့…ဆရာကြီး…”

ဆရာကြီး အသက်ကိုပြင်းပြင်းရှူလိုက်ပြီးနောက်။

“အေး…ငါကတော့…ခန္ဓာရထားပြီမို့..အို၊နာ၊သေ ရေးကို…ဖြတ်ပြေးနေရပြီ…လူလေး… အသက်ကြီးလာတော့..ဇရာကထောင်းလာပြီကွ..”

ဆရာကြီး ဘာကိုပြောချင်မှန်း ကျွန်တော် မသိသေးပါဘူး။

“လူလေးရေ…မင်းလဲ…ငါနဲ့အတူ…အမြဲရှိခဲ့တဲ့အတွက်…ပညာတွေလဲ…အတော်အတန်… တတ်မြောက်ပြီးဖြစ်တယ်..ဒါပေမဲ့.. ငါသက်ရှိထင်ရှား…နေတုန်းမှာ.. မင်းကို…စိတ်ချယုံကြည်တဲ့အတွက်… (၇)ရက် သားသမီးတွေကို ကယ်ပြီးတော့ လောကအတွက် ကောင်းကျိုးကို ဆောင်မဲ့ ပညာတွေ အကုန်သင်ပေးခဲ့ချင်တယ်…လူလေး..”

ကျွန်တော် ဆရာကြီးအနား ဒူးထောက် ထိုင်ချလျှက် အုပ်အုပ်ချီကာ။

“ဆရာကြီး…ဖြစ်စေချင်တဲ့အတိုင်း…ဖြစ်အောင်..ကြိုးစားပါ့မယ်..ဆရာကြီး…”

“ဒီလိုမှပေါ့ကွ…သာသနာပြုခရီးကို..ခေတ္တဆိုင်းငံ့ထားဦး…ငါသက်သာတာနဲ့…. မင်းကိုကျန်ရှိနေတဲ့…ပညာတွေအကုန်…သင်ပေးမယ်ကွ…ငါတပည့်…သေသေခြာခြာ…ပြင်ဆင်ထားပေတော့…”

ထိုသို့ပြောကာ ဆရာကြီး တစ်ဖက်လှည့်၍ ပုတီးစိပ်ခါ တရားမှတ်နေပါတော့သည်။

“..ကိုရူပ…”

“ခင်မျာ”

“ဆရာကြီး…ပြောသွားတာတွေကို…ကိုရူပလဲ..ကြားမယ်ထင်ပါတယ်…”

“ဟုတ်ကဲ့…ကြားပါတယ်..ကိုစောဟိန်း…”

“ကျွန်တော်တို့ကို…စောင့်ပေးနိုင်မလား…သို့မဟုတ်…ကိုရူပ..ပြန်နှင့်မလား..”

ကိုရူပ ခေတ္တမျှ စဥ်းစားလိုက်ပြီနောက်။

“ရပါတယ်….ကိုစောဟိန်း…ကျွန်တော်လဲ… အလုပ်မှရှိတာပဲ… စောင့်ပါ့မယ်…”

“…ကောင်းပါပြီဗျာ….”

ထိုနေ့က ဆရာကြီးအား ပြုစုပေးရင်း အိမ်မပြန်ပဲ ဆရာကြီးတို့အိမ်မှာပဲ ယာယီနေဖြစ်ပါတော့တယ်။ ဆရာကြီး သက်သာလာသည်အထိ ပြုစုပေးရန်နှင့် ပညာအမွေများ သင်ယူရန် ဆရာကြီးနှင့် အတူနေမှသာ အဆင်ပြေလိမ့်မည် မဟုတ်ပေလော။

     လေးငါးရက်လောက် ကြာတဲ့အခါ ဆရာကြီး ပြန်လည်သက်သာလာပြီး အရင်လို သွားနိုင်လာနိုင် အခြေအနေအား ရောက်လာခဲ့လေပြီ။ ထို့နေကစပြီး ကျွန်တော်အား သူသိထားသော လောကီနှင့် လောကုတ္တရာ ပညာရပ်များအား မနားနေ သင်ကြားပို့ချပါတော့သည်။

“…ကိုစောဟိန်း…”

မှတ်သားစရာရှိသည်များ ရေးမှတ်နေတုန်း ကိုရူပ ခေါ်လာတာနဲ့ ကျွန်နော် ထူးလိုက်ပါသည်။

“…ကျုပ်တွေ့ဖူးသမျှ…လူတွေထဲမှာ…ခင်များက အတော်ကို…သင်လွယ်တတ်လွယ်တဲ့လူပဲဗျ..”

ကျွန်တော်အား ချီးကျူးစကားဆို၍ ကျွန်တော် ပြုံးလျှက်ဖြင့်။

“အဲ့ဒီလောက်လဲ…မဟုတ်သေးပါဘူး…ကိုရူပ… ကျွန်တော်က…ဆရာကြီးနဲ့…အတူနေပါများတော့…ဒီပညာတွေနဲ့….ရင်နှီးပြီးသား..ဖြစ်နေလို့ပါ…”

“ကိုစောဟိန်းရဲ့….ကြိုးစားအားထုတ်မှု့တွေကြောင့်လဲ…ပါပါတယ်ဗျ…”

“..ကဲ…ဟုတ်ပါပြီဗျာ…”

ဆရာကြီးထံမှ ကျန်ရှိသည့် ပညာများ (၇)ရက် တိုင်တိုင် သင်ကြားပို့ချခဲ့ပြီနောက်။

“ကဲ…ငါ့တပည့်…မင်းဒီနေ့ကစပြီး…ဆရာဘွဲ့ခံနိုင်ပြီကွ…ဆရာတစ်ယောက်ရဲ့…တတ်အပ်တဲ့ပညာတွေနဲ့…မင်းရဲ့ပါရမီနဲ့ဆို…သေခြာပါတယ်. တစ်နေ့မှာ…မင်းဟာ…အကျော်အမော်ဖြစ်လိမ့်မယ်…ငါတပည့်ရေ…ဒါပေမဲ့…မင်းသစ္စာဆိုရ
လိမ့်မယ်”

ကျွန်တော် ဆရာကြီး၏ ဆုံးမစကားများကို သေခြာနားထောင်လျှက်။

“ဟုတ်ကဲ့ပါ…ဆရာကြီး…”

ထိုနောက် ဆရာကြီးက ဘုရားကျောင်းဆောင် အရှေ့နား ဝတ်ပြုကာ သစ္စာအဓိဌာန်ပြုပြီး ကျွန်တော်အား သစ္စာ ဆိုစေခဲ့သည်။ ထိုသစ္စာမှာတော့။

ယခု တတ်မြောက်ထားသော ပညာများနဲ့ သူတော်ကောင်းတို့အား ထိခိုက်ပျက်စီးအောင် မပြုလုပ်ဖို့ တတ်နိုင်သမျှ သည်းခံပြီး ရန်ကိုရန်ခြင်း မတုန့်နှင်းဖို့နဲ့ ဒုက္ခရောက်သူ အပေါင်းအား အခကြေးငွေ သတ်တောင်းရမ်းခြင်းမရှိပဲ သဒ္ဒါသရွေ့ ပေးတာယူ ကျွေးတာစားပါ့မယ် ဆိုတာပါပဲ။ အကယ်၍ ဒီအချက်တွေကို ဖောက်ဖျက်မိရင် တတ်သိပညာ အကုန်လုံး မစွမ်းသာပဲ အလိုလို ပျောက်ကွယ်ပါစေဆိုပြီး သစ္စာပြုပြီး သစ္စာရေ သောက်ခဲ့ရပါတော့သည်။

“…ကဲ…ငါ့တပည့်…မင်းတို့…သာသနာပြုခရီး… ထွက်ကြပေတော့…”

ကျွန်တော် ဆရာကြီး စကားကြောင့် အံ့သြမိသည်။

“ဆရာကြီးက…မလိုက်တော့ဘူးလား..”

ဆရာကြီး သက်ပြင်းချကာ ကွမ်းတမြုံ့မြုံ့ဝါးရင်း။

“ငါက…အသက်ကြီးပြီကွ…ခရီးဝေးတွေ…မလှမ်းနိုင်တော့ဘူး…ဒါကြောင့်…ဒီပွဲဟာ…ငါတပည့်…မင်းဦးဆောင်ရမဲ့…ပွဲဦးထွက်ပဲကွ…ဘုရားတည်​ကျောင်းဆောက်ဆိုရင်…အယုတ်အညံ့တွေက… ဖျက်လိုဖျက်ဆီး..လုပ်တတ်ကြတယ်…သတိနဲ့သာ…ဆောင်ရွက်ပေတော့..”

ကျွန်တော် ဆရာကြီးအား ဦးချကာ ဆေးလွယ်အိတ်လေး လွယ်ပြီး ကိုရူပနှင့်အတူ သာသနာပြုခရီး ဆက်ခဲ့ကြပါတော့သည်။

~~~~~~~~~

     ကြိမ်ချောင်းရွာနှင့် ရွာနီးချုပ်စပ်မှ အလုပ်သမားများကို ခေါ်ပြီး ကျွန်တော်တို့ ရွှေ့ပေးခဲ့ရသော ဘုရားပြိုသိုက်ရှိတာသို့ ထွက်ခဲ့ပြီး ဘုရားပြိုသိုက်သို့ ရောက်တဲ့အခါ ရှိသမျှ ခြုံနွယ်များ အမှိုက်သရိုတ်များနှင့် လိုအပ်သည်များအားလုံး သန့်ရှင်းရေး လုပ်ခဲ့ကြပြီး အားလုံး နေရာထိုင်ခင်းများ စီစဥ်ကာ နေလဲဝင်ပြီမို့ နားလိုက်ကြ၏။

ညသည် တစ်ဖြေးဖြေး ညဥ့်နက်လာလေ ပို၍ တိတ်ဆိတ်လေလေ ဖြစ်လာပြီး ညနေက သန့်ရှင်းလုပ်တော့ အရိပ်လိုလို အကောင်လိုလိုများကို အလုပ်သမားတစ်ချို့ မြင်တွေ့ရသည်ဟု ပြောလာသဖြင့် ကျွန်တော် တရားထိုင်ရင်း စောင့်နေလိုက်ပါသည်။

“…ဝူး…ဝူး….ဝူး…”

သန်းခေါင်ချိန်ရောက်တဲ့အခါ တောခွေးများ အူလာကြပြီး လေပြင်းများဟာလဲ ခပ်ကြမ်းကြမ်း တိုက်ခတ်လာပါတော့သည်။ ကျွန်တော် တရားဆက်ထိုင်နေရင် ကျွန်တော်ရဲ့ အာရုံထဲ၌ တစ်ခုခုကို ခံစားမိနေသည် သို့သော် ကောင်းတဲ့ ခံစားချက်တော့ မဟုတ်ပေ။

“…ငါ့ကို…ဘာကောင်မှတ်နေလဲ…မင်းတို့အားလုံးကို…အသေဆိုးနဲ့သေအောင်…လုပ်ပစ်မယ်ကွ..”

အလုပ်သမားများ အိပ်နေသည့် နေရာမှ ထွက်ပေါ်လာသော အသံကြောင့် ရှိသမျှလူများ ထိတ်လန့်ကာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။

“…ဆရာလေးရေ…လုပ်ပါဦးဗျ… ကိုလှမောင်ကို ဘာကောင်ကပ်နေလဲ…မသိဘူး…အော်ဟစ်နေလို့…”

ကိုရူပ၏ စကားသံကြားသည်နှင့် ကျွန်တော် တရားဖြုတ်ကာ ဆေးလွယ်အိတ်လေးယူပြီး ထိုလူဆီသို့ သွားလိုက်ပါသည်။

“…သြော်…မင်းရောက်လာပြီကိုး… မင်းတို့ဆရာတပည့်ကို…ပထမအခေါက်ထဲက…ငါမကျေနပ်တာ…အခုတော့…ငါနဲ့တွေ့ပြီပေါ့ကွာ…”

မျက်လုံးများ ပြုးကျယ် နီရဲနေသော ကိုလှမောင် ဆိုသောလူက သူ့အား ထိုသို့ပြောကာ ဟားတိုက် ရယ်မောပါတော့သည်။

“မင်းဘယ်သူလဲ…ငါက..ကောင်းတဲ့အလုပ်ကို… လုပ်နေတာ..ဘာကြောင့်…အနှောင့်အယှက်ပေးချင်တာလဲ..”

“ငါက..ဒီတောကို…အပိုင်စားရထားတဲ့…တောပိုင်ကြီးရဲ့..တပည့်ပဲကွ…ဒီနေရာကိုလဲ….ငါပုင်တယ်…မင်းတို့ကို..ကျူးလာတော့…ငါအကြောင်းကို…ပြရသေးတာပေါ့ကွ…”

ထိုသို့ပြောကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး တစ်ခုခုကို ရွတ်ဆိုလိုက်တဲ့အခါ ရုတ်တရက်ဆိုသလို အလွန်းကြီးမားသော ခွေးနက်ကြီးများ ကျွန်တော်နှင့် အလုပ်သမားများကို ဝိုင်းလာကြတော့သည်။ ခွေးကြီးများမှာ နွားပေါက်ခန့်ရှိပြိီး အစွယ်ကြီးများဖွေးလျှက် သရေများကြကာ ရှေ့သို့ တိုးလာကြပါတော့သည်။

“…လုပ်ပါဦ…ဆရာလေးရေ…ခွေးကြီးတွေဗျ… ကျွန်တော်တို့အားလုံး… ခွေးစာဖြစ်တော့မယ်..ထင်တယ်…”

“…ဟား…ဟား…ဟား…”

ပူးကပ်ခံနေရသော ကိုလှမောင် အားရအောင် ရယ်မောနေ၏။ ကျွန်တော်လဲ မတတ်သာတော့ပြီမို့ သူ့ကိုနိုင်ရာ ပုဂ္ဂိုလ်ကို ဆင့်ခေါ်ရပါတော့သည်။

“…ကဲ…ဤတောကို…အပိုင်စားတဲ့…တောပိုင်ကြီးခင်မျာ…သာသနာပြုမည့်…အရေးမို့…ဤ နေရာသို့…အမြန်ကြွခဲ့ပါ…”

ကျွန်တော် စကားဆုံးသည်နှင့် အရှေ့သို့ ကိုယ်ရောင်ဝါဝင်းလျှက် တောပိုင်ကြီး ရောက်လာပါတော့သည်။ အလုပ်သမားများလဲ ဤသို့သော အဖြစ်အပျက်မျိုး မကြုံဖူးသည်မို့ အံ့သြစွာ ဝိုင်းကြည့်နေကြ၏။

“…ဘယ်အရေးကြောင့်…ကျွန်ုပ်ကို..ခေါပါသလဲ..ဆရာလေး…”

တောပိုင်ကြီးအား ကျွန်တော် ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်တဲ့အခါ။

“…သယ်…မိုက်လိုက်တဲ့…”ဒီပ”..သာသနာပြုဖို့အရေး…သင်ကူညီပေးရမှာကို…အနှောင့်အယှက်ပြုဝံ့တဲ့…ငမိုက်သား…တွေ့ကြသေးတာပေါ့လေ…”

ထိုသို့ပြောကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့အခါ နီးရဲနေသော ကြိမ်လုံးသည် လက်ပေါ်မှာ ပေါ်လာလျှက် ပူးကပ်နေသော ကိုလှမောင်ကို သူ၏လက်နဲ့ တစ်ချက်ပုတ်လိုက်တဲ့အခါ ဒီပဆိုသော တောပိုင်ကြီးတပည့်သည် ကိုလှမောင်ခန္ဓာကိုယ်မှ ခွာလျှက် တောပိုင်ကြီးအရှေ့ ဝမ်းလျားမှောက်ရပါတော့သည်။

“…ကဲ…မိုကျဦးဟ…မိုကျဦးဟ…”

“…ဖြန်း…ဖြန်း…ဖြန်း…”

“..အား…ကြောက်ပါပြီဗျာ…ကြောက်ပါပြီ… အရမ်းနာလို့…မရိုတ်ပါနဲ့တော့…နောက်မလုပ်တော့ပါဘူး….”

တောပိုင်ကြီး လက်ထဲမှ ကြိမ်လုံးဖြင့် ရိုတ်နှက်သည့်အခါ ဒီပ တစ်ယောက် အလူးအလဲပင် အော်ဟစ်နေလေတော့သည် ထိုအဖြစ်ကို မြင်တဲ့အခါ ကျွန်တော်လဲ ဂရုဏာသက်မိ၍။

“မလုပ်ပါနဲ့တော့…ဒီလောက်ဆိုရင်..သူလဲ…မလုပ်ရဲတော့လောက်ပါဘူးလေ…”

ကျွန်တော်ရဲ့ တားဆီးမှု့ကြောင့် တောပိုင်ကြီး မရိုတ်တော့ပဲ ကြိမ်ကိုရွယ်လျှက်။

“..ဟဲ့…ဒီပ..သင့်ရဲ့မိုက်ပြစ်အတွက်…ဆရာလေး ကို…အမြန်တောင်းပန်စမ်း…”

ဒီပဆိုသောသူမှာ ကျွန်တော်အား လက်အုပ်ချီကာ တောင်းပန်ပါတော့သည်။

“…ကဲ…ပြီးတာတွေလဲ…ပြီးပါစေတော့… နောက်ဆိုရင်…ဒီလိုမလုပ်ဖို့ပဲ…ကြိုးစားပါ…ဒီပ..”

“…ဟုတ်…ဟုတ်ကဲ့ပါ…ဆရာလေး…”

ကျွန်တော်တို့ ပြေလည်သွားပြီးနောက် တောပိုင်ကြီးက။

“…ဟဲ့…ဒီပ…သင့်ရဲ့မိုက်ပြစ်အတွက်… သင့်ရဲ့ခွေးတွေနဲ့အတူ…ဒီဘုရားကုန်းမှာ…သာသနာပြုတဲ့ကိစ္စ…မပြီးမခြင်း…သင်စောင့်ရှောက်ရမယ်.. တစ်ခုခုဖြစ်ရင်…သင်….လောင်မီးကြပြီသာမှတ်ပေတော့…”

ဒီပ ခေါင်းငုံ့ထားလျှက် သူ၏ ခွေးများလဲ ဘယ်ရောက်သွားကြလဲ မသိတော့ပေ။
တောပိုင်ကြီး ပြန်သွားပြီးနောက် ကျွန်တော်တို့တွေလဲ လိုအပ်သည်များ ပြုပြင်မွန်းမံကြရင်း အချိန် တစ်လနီးပါး ကြာတဲ့အခါ အောင်မြင်စွာနဲ့ အားလုံးပြီးစီးသွား၍ ကျွန်တော်ကပဲ သီလပေးလို့ ရေစက်ချ အမျှဝေခဲ့ပြီး ရွာသို့ ပြန်ခဲ့ပါတော့သည်။

~~~~~~~~

ရွာသို့ပြန်ရာလမ်းမှာ ရောက်ခါနီးမှ သပြေညိုရွာနားအနောက် ရွာထိပ်က မန်းကျည်းပင်ကြီး အောက် သောက်ရေအိုးစင်လေးမှာ ရေဝင်သောက်ရင်း အရိပ်ခိုနေသော လူတစ်စုကိုလဲ တွေ့လိုက်ရသည်။

“..ဆရာလေး…ကျွန်…ကျွန်မကို…ကယ်ပါဦး…”

အသံကြား၍ ကျွန်တော် လှည့်ကြည့်လိုက်တဲ့အခါ မျက်နှာမှာ သွေးများပေကျံရင်း အမျိုးသမီးတစ်ယောက် ငိုနေသည်ကို တွေ့လိုက်ရသည်။

“…ကဲ…ကျုပ်ဘာကူညီပေးရမလဲ…ပြောပါ…”

အရိပ်ခိုနေသော လူတစ်စုသည် ကျွန်တော်အား ထူးဆန်းစွာ ကြည့်နေကြပြီး ထပြေးတော့မည့်ပုံပင်။

“…ကျွန်မနာမည်…”လှလေးနွယ်”လို့ခေါ်ပါတယ် ကျွန်…ကျွန်မကို…လူတစ်စုက…အဓမ္မပြုကျင့်ပြီး…သတ်ခဲ့ကြလို့ပါ…”

ကျွန်တော်အတွက် ပရလောကသား ဆိုသည်မှာ  အထူးအဆန်းတော့ မဟုတ်ပါပေ။

“…သြော်…ဖြစ်မှ…ဖြစ်ရလေကွယ်…”

“ကျွန်မကို…ကူညီနိုင်မယ်ဆိုရင် ဒီည .. ဆရာလေးဆီကို……အကြောင်းစုံ လာပြောပြပါ့မယ်…”

“ကဲ…ကူညီပါ့မယ်…လာခဲ့ပါ…”

ကျွန်တော် ထိိုသို့ပြောပြီးတဲ့အခါ သူမလဲ ပျောက်သွား၏။ ဘေးနားရှိ အရိပ်ခိုနေသော လူတစ်စုမှာလဲ ကျွန်တော်တစ်ယောက်ထဲ စကားပြောနေတာကိုကြည့်ပြီး ကြောက်လန့်ကာ ဝရုန်းသုန်းကားဖြင့် ထွက်ပြေးသွားကြပါတော့သည်။

ပြီးပါပြီ

ကျွန်တော်ရဲ့ နောက်ထွက်မည့် စာမူအမည်လေးကတော့”ကျွန်တော်နှင့်မနုဿမုဆိုး”ပဲ ဖြစ်ပါတယ် စောင့်မျှော် အားပေးကြပါဦးဗျ။

#လေလွင့်လူ(တွံတေး)
စာပြီးချိန် – 16.11.2023 : 5:34pm✍️

အားပေးခဲ့ကြသော စာဖတ်သူ တစ်ယောက်ခြင်းစီတိုင်းအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။