တိုက်နွား

သုံးတောင့်ထိုးဓါတ်မီးကို
ဆွဲပြီး ဝိုင်းထဲ ဆင်းလာခဲ့တယ်။
“ဟေ့ကောင် ကျောက်ခဲ၊ လာ…လာ
ဝင်ခဲ့၊ ဘာတွေ ဖြစ်တာတုံးကွ”
ကျောက်ခဲနောက်မှာ သံမဏိပါ
ပါလာတာဗျ။ ဒီကောင်နှစ်ကောင်
လည်း ချမ်းလို့ လက်ကလေးတွေ
ပိုက်ပြီး ကုတ်ကုတ်ကလေးတွေ
ကို ဖြစ်နေတာဗျ။
“ကိုကြီးတာတေ၊ ကိုလူကျော်
သေသွားပြီဗျ”
“ဘာ…လူကျော် သေပြီဟုတ်လား၊
ငါ့သူငယ်ချင်း လူကျော်လေ”
“ဟုတ်တယ်ဗျ”
“ဟေ …ဘာဖြစ်လို့ သေတာတုံး၊
ညနေကတောင် ငါနဲ့ တွေ့သေးတာ
ပဲ၊ အကောင်းကြီးပါ”
“ကိုကြီးတာတေ၊ စောစောက
နွားတွန်သံကြီး မကြားဘူးလားဗျ”
“အေး …ကြားတယ်လေ၊ ဘယ်သူ့နွား
လွတ်နေတာတုံး”
“အဲဒီနွားဝှေ့လို့ ကိုလူကျော် ပွဲချင်းပြီး
သေသွားတာဗျ”
“ဟေ …ဟုတ်လားကွ၊
ဒါ ဘယ်သူ့နွားတုံး”
“ဘယ်သူ့နွားမှ မဟုတ်ဘူး ကိုကြီး
တာတေ၊ နွားကို မြင်ကို မမြင်ရတာဗျ”
“ဘယ်လိုကွ ကျောက်ခဲရ၊ နွားကို
မမြင်ရဘူး ဟုတ်လား၊ နွားက လူ
ကို ဝှေ့ပစ်ပြီး ထွက်ပြေးသွားလို့လား”
“မဟုတ်ဘူးဗျ ကိုကြီးတာတေရ၊
နွားက အသံပဲ ကြားနေရတာ၊
မြင်ကို မြင်ကို မမြင်ရဘူး”
“ဟာ…ဟုတ်လား၊ အေး ငါ့အဘ
လည်း ပြောတယ်ကွ၊ စောစောက
သူထကြည့်တာ နွားမတွေ့ဘူးတဲ့”
“ဟုတ်တယ်ဗျ၊ နွားက ကိုကြီးတာတေ
တို့ဘက်ကနေ တောင်ပိုင်းကို ရောက်
လာတာ။ကိုလူကျော်တို့ဝိုင်းရှေ့ရောက်
တော့ ဝိုင်းတံခါးက ဟနေတာတဲ့ဗျ။ဝိုင်း
ထဲက ခွေးတွေက ထွက်လာပြီးဟောင်
တော့ နွားက ခွေးနောက်ကို ပြေးလိုက်
ရင်း ဝိုင်းထဲရောက်လာတာပဲဗျ။ဝိုင်းထဲ
ရောက်တော့ နွားထားတဲ့ တင်းကုတ်
ဘက်ကို သွားလို့ နွားတွေကလည်း
နှာတွေမှုတ်၊ ရုန်းကန်လုပ်၊ ခွေးတွေ
ကလည်း ဝင်ဆွဲကြတော့ အဲဒီနွားက
ကိုလူကျော်တို့ခွေးညိုကြီးကို ဆောင့်
ကန်လိုက်တာ ခွေးလည်း ဆန့်ငင်
ဆန့်ငင်နဲ့ တစ်ခါတည်းကို သေခဲ့
တာတဲ့”

“ဟေ …ဒါကြောင့် ခွေးတစ်ကောင်
မချိမဆံ့အော်တဲ့ အသံမျိုး ကြားရ
တာကိုး”
“ဒီတော့ ကိုလူကျော်ရော၊ သူ့အဘ
ရော ဝိုင်းထဲပြေးဆင်းလာကြတာပေါ့
ဗျာ။ အဲဒီမှာတင် ဝပ်…ထရိန်း…ဝပ်
ထရိန်းဆိုတဲ့ အသံကြီး နှစ်ချက်ဆင့်
တွန်လိုက်ပြီး ကိုလူကျော်ကု ပြေးဝှေ့
တာတဲ့ဗျာ၊ ကိုလူကျော် အပေါ်ကို
ငါးပေလောက် မြောက်တက်သွား
ပြီးမှ မြေကြီးပေါ်ကို ခြေပစ်လက်
ပစ် ပြုတ်ကျတာ လှုပ်ကို မလှုပ်
တော့ဘူးတဲ့ဗျာ”
“ဟာ…ပွဲချင်းပြီး သေရောလား”
“သေဆို ရင်ဘတ်မှာ ပေါက်နေတဲ့
နွားချိုရာကြီးက နှစ်လက်မလောက်
ကို ရှိတာဗျ။ သွေးတွေမှ အိုင်ထွန်း
နေလိုက်တာ မြင်လို့ကို မကောင်း
ပါဘူးဗျာ”
လူကျော်ဆိုတာ ကျုပ်သူငယ်ချင်း
ပဲလေ၊ ကျုပ် ဘက်မှာ စိတ်ကောင်းနိုင်
မတုံးဗျာ၊ ကျောက်ခဲတို့ သံမဏိတို့နဲ့
ကျုပ် ချက်ချင်းလိုက်လာခဲ့တယ်။လူ
ကျော်တို့ဝိုင်းထဲမှာ လူကို အုံနေတာ
ဗျို့။ ကျုပ်တို့ ထနောင်းကုန်းသူကြီး
နဲ့ ဆယ်ခေါင်းတွေလည်း ရောက်နေ
ကြပြီဗျ။ ဝိုင်းထဲမှာ အောက်လမ်းဓါတ်
မီး တစ်လုံး ထွန်းထားတယ်။
လူကျော့်အလောင်းက ပက်လက်
ဆန့်ဆန့်ကြီးဗျ။ ဟုတ်ပါ့ဗျာ၊ ရင်အုံ
မှာ နွားချိုရာကြီးဗျို့။လုံးပတ်က နှစ်
လက်မလောက်ရှိမယ်။ သွေးတွေက
အခုထိ စီးထွက်နေတုန်းဗျ။ ဟာ…
ဇောင်းလျားပင်အောက်က လူကျော်
ခွေးညိုကြီးဗျ၊ ဆန့်ဆန့်ကြီး သေနေ
တာ။ ကျုပ်တို့ရွာထဲက လူတွေက
ညိုကြီးကို လက်နဲ့စမ်းကြည့်နေကြ
တယ်။
“နံရိုးတွေ အကုန်လုံး ကျိုးနေတာကွ၊
တော်တော်ကို ပြင်းတဲ့ ကန်ချက်ပဲ”
ညိုကြီးကို မမြင်ရတဲ့နွား ကန်သွား
တာလေဗျာ။ လူကျော့်ကိုလည်း မမြင်
ရတဲ့နွားကပဲ ဝှေ့သတ်သွားတာပေါ့ဗျာ။
ကျုပ်တို့ ရွာမှာ ဖြစ်လိုက်ရင် အဆန်း
ကြီးပဲဗျ။
“ဝုတ်…ဝုတ်…ဝုတ်…ဝပ်..ထရိန်း
ဝပ်…ထရိန်း”
“ဟာ…အရှေ့ပိုင်းကို ရောက်သွားပြီ
ဟေ့၊ ခွေးသံတွေရော နွားသံကြီးရော
ကြားတယ်ကွ”
ကိုဘမောင်ဆိုတဲ့လူက ထပြောလိုက်
တာဗျ။ ကျုပ် ဘာလုပ်ရမယ်ဆိုတာ
တွေးမိသွားပြီဗျို့။ ကျုပ် ချက်ချင်းအိမ်
ပြန်လာတယ်။ကျောက်ခဲတို့နှစ်ယောက်
ကလည်း ကျုပ်နဲ့ ထပ်ချပ်မကွာပဲဗျ။
အိမ်ရောက်တော့ အဘတို့ အမေတို့
ကို အကျိုးအကြောင်း ပြောပြလိုက်
တယ်။
“ဟာ…ဖြစ်မှဖြစ်ရလေဟယ်၊ လူကျော်
သေပါပေါ့လား”
လို့ အမေကပြောပြီး မျက်ရည်သုတ်
တယ်။ အဘတို့ အမေတို့က ကျုပ်သူ
ငယ်ချင်းတွေကိုဆိုရင် လွှတ်ခင်တာဗျ။
ကျုပ်လည်း ဆေးလွယ်အိတ်ကို
ယူပြီး မျက်ကွင်းဆေးကွင်းလိုက်တယ်။
လွယ်အိတ်ထဲက ခြေမန်းကွင်းကိုရှာပြီး
အပေါ်ဆုံးမှာ တင်ထားလိုက်တယ်။ယူ
လို့ လွယ်အောင်ပေါ့ဗျာ။ ကျုပ်က ဆေး
လွယ်အိတ်ကို စလွယ်သိုင်းထားလိုက်
တယ်။

 

 

“ကဲ…ကျောက်ခဲနဲ့ သံမဏိ၊ ရွာအရှေ့
ပိုင်းကို သွားကြစို့ကွာ”
ကျုပ်က ရှေ့ကထွက်၊ ဒီကောင်နှစ်
ကောင်က နောက်က ကပ်ပါလာရောဗျ။
“တာတေ…နင် သတိ ဝီရိယလည်း
ထားဦးနော်”
အမေက ကျုပ်ကို လှမ်းအော်ပြောတာ
ဗျ။ ကျုပ်တို့သုံးယောက် ရွာအရှေ့ပိုင်း
ကိုရောက်တော့ …
“ဘုန်း၊ ဘုန်း၊ ဘုန်း…ဗြင်း…ဗြင်း”
“ဘုန်း…ဘုန်း”ဆိုတာက အိမ်ဝိုင်း
ထောင့်မှာ စိုက်ထားတဲ့ ငှက်ပျော
ပင်တွေကို ဝှေ့နေတာဗျ။’ဗြင်း ဗြင်း’
ဆိုတာက ငှက်ပျောပင်တွေနားက
မန်ကျည်းပင်ကြီးကို ကိုယ်လုံးနဲ့
ပွတ်တဲ့အသံဗျ
ဟာ …တွေ့ပြီဗျို့၊ တွေ့ပြီ
နည်းတဲ့အကောင်ကြီးမှ မဟုတ်တာဗျ၊
နွားနက်ကြီးဗျ။ အရပ်က ကျုပ်တစ်ရပ်
ထက်တောင်မြင့်သေးတယ်ဗျို့။ခေါင်း
ကြီးက ခွဲတောင်းတစ်လုံးလောက်ရှိ
တယ်။ ချိုကြီးတွေက နှစ်လက်မရေ
ပိုက်လောက် ရှိတာဗျို့။ဒီချိုနဲ့ ကျုပ်
သူငယ်ချင်းလူကျော်ကို ပွဲချင်းပြီး
အောင် ဝှေ့သတ်ခဲ့တာပေါ့ဗျာ။
ကျုပ်သေသေချာချာ သိသွားပြီ။
ကျုပ် ဆရာကြီးတွေနဲ့ လိုက်တုန်းက
မှတ်သားထားဖူးတဲ့ ဗဟုသုတ အရ
ဆိုရင် ဒါတိုက်နွားကြီးဗျ။ သူ့ကို စီ
ရင်တဲ့ဆရာ သေသွားလို့လား၊ ဒါမှ
မဟုတ်ရင် မနိုင်တော့လို့ လွတ်ကျန်
ရစ်ခဲ့တာလားတော့ မသိဘူးဗျ။
ကျုပ်လည်း ခပ်လှမ်းလှမ်းကနေပဲ
အကဲခတ်နေရတာဗျို့။ အနားကို
တော့ သိပ်မကပ်ရဲဘူးလေဗျာ၊ ခုန
ကလေးတင် ကျုပ်သူငယ်ချင်းလူ
ကျော်ကို ဝှေ့သတ်ထားတဲ့ နွားလေ
ဗျာ။ ကျုပ် ဘယ်လိုလုပ်ပြီး အနား
ကို ကပ်ရဲမှာလဲ။ ကျုပ်ဆေးလွယ်
အိတ်ထဲက ဆရာနွံဖ ပေးခဲ့တဲ့
ခြေမန်းကွင်းကို ထုတ်ယူလိုက်
တယ်။ ခြေမန်းကွင်းကို တစ်ဆင့်
ထပ်ဖြည်လိုက်တယ်။
ခြေမန်းကွင်းအကျယ်ကြီး ဖြစ်သွား
တယ်။ ဒါမှ တိုက်နွားကြီးရဲ့ခေါင်းကို
စွပ်လို့ရမှာလေဗျာ။
“ရှူး…ရှူး…ရှူး…”
တိုက်နွားကြီး နှာမှုတ်တဲ့အသံဗျ။
ခွဲတောင်းလောက်ရှိတဲ့ ခေါင်းကြီးနဲ့
နှစ်လက်မလောက်ရှိတဲ့ ချိုကားကြီး
က ဝှေ့ကာ ဝှိုက်ကာနဲ့ လှုပ်ရမ်းနေ
တာဗျို့။ မျက်လုံးနီကြီးနှစ်လုံးက
လည်း မှောင်ထဲမှာ ရဲတောက်နေ
တာဗျ။ မှောင်ထဲမှာ လိုက်ကြည့်
ပြီး သူ့ရဲ့ရန်သူကို လိုက်ရှာနေတဲ့
ပုံပဲဗျ။ ကျုပ်နဲ့ ကျောက်ခဲတို့နှစ်
ယောက် ကပ်လျက်ဝိုင်းကြီး ရှေ့
က ထနောင်းပင်ကြီးနောက်မှ
ကပ်ပြီး ကြည့်နေရတာဗျ။
“ဘုတ်…ဘုတ်…ဘုတ်…ဘုတ်
ဖူး …ဖူး…ဖူး.…”
ဟော…တိုက်နွားကြီးက ရန်သူရဲ့
အငွေ့အသက်ကို ရသွားတဲ့ပုံပဲဗျ။
မြေကြီးကို ခွာနဲ့ တဘုတ်ဘုတ်
ယက်နေတယ်။ နှာခေါင်းကလည်း
တဖူးဖူး မှုတ်နေတယ်။
“ဗြင်း…ဗြင်း…ဗြင်း…ဗြင်း”
သူ့ကိုယ်လုံးကြီးကလည်း မန်ကျည်း
ပင်ကြီးကို တဗြင်းဗြင်းနဲ့ ပွတ်နေသေး
တာဗျ။ ဒီတိုက်နွားကြီးရဲ့ ခေါင်းကို ဒီ
ခြေမန်းကွင်းနဲ့စွပ်ဖို့ ဆိုတာ မလွယ်
လောက်ဘူးလို့ ကျုပ်ထင်တယ်ဗျ။
ဒီခြေမန်းကွင်းကြီးကို သူ့ခေါင်းကို
စွပ်မချခင်မှာပဲ သူ့ချိုဖျားမှ ကျုပ်အ
သက် ပါသွားမှ သေချာတယ်။ ဒီအ
တိုင်း လွှတ်ထားလို့ကတော့ မဖြစ်
ဘူးဗျ။ မနက်မိုးလင်းခင် ကျုပ်တို့
ရွာသားတွေ ဘယ်နှယောက် ထပ်
သေမယ်ဆိုတာ ဘယ်လိုမှ မပြော
တတ်ဘူးဗျ။ ကျောက်ခဲနဲ့ သံမဏိ
က ကျုပ်ကို အကဲခတ်ပြီး ကြည့်
နေတာဗျ။ သူတို့ကတော့ နွားကြီး
ကို ဘယ်မြင်မှာတုံးဗျာ၊ အသံပဲ
ကြားနေရတာပေါ့။
“ကိုကြီးတာတေ မြင်လား”
ကျောက်ခဲက ကျုပ်ကို လေသံနဲ့
မေးတာဗျ။ ကျုပ်က ခေါင်းညိတ်ပြ
လိုက်တယ်။
“အကောင်ကြီးလား”
“ငါ့အရပ်ထက်မြင့်တယ်၊ ခေါင်းက
ခွဲတောင်းလောက် ရှိတယ်”

“ဟာ …ဖြစ်ပါ့မလား ကိုကြီးတာတေ၊
မဖြစ်ရင်တော့ မလုပ်နဲ့ဗျာ၊ တော်တော်
ကြာ ကိုကြီးတာတေ အန္တရာယ်ဖြစ်နေ
ဦးမယ်”
ကျုပ်က ကျောက်ခဲကို လက်ကာပြ
လိုက်တယ်။ကျုပ် ဘာလုပ်ရင်ကောင်း
မလဲ တွေးလိုက်တယ်။ကျုပ် မဖဲဝါကို
သတိရသွားတယ်ဗျို့။ ကျုပ်လွတ်အိတ်
ထဲက ကတ္တီပါအိတ်ကလေးကိုယူလိုက်
ပြီး မဖဲဝါရဲ့ ကိုယ်ပွားအရုပ်ကလေးကို
ကျောက်ခဲတို့ မမြင်အောင် ထုတ်လိုက်
တယ်။
” ကဲ မင်းတို့နှစ်ယောက် ဟိုသရက်ပင်
ကြီး အနောက်မှာသွားနေ၊ ဖြည်းဖြည်း
လေးသွား၊ မင်းတို့ကို နွားကြီး မြင်သွား
ရင် မလွယ်ဘူး”
ဒီကောင်နှစ်ကောင် ရွေ့တယ်ဆိုရုံ
လေးရွေ့ပြီး သရက်ပင်ကြီးနောက်
ကို ကပ်နေကြတယ်။
“သင်္ချိုင်းရှင်မကြီး မဖဲဝါခင်ဗျား…
ထနောင်းကုန်းက တာတေ ပင့်
ဖိတ်ပါတယ်၊ လွှတ်အရေးကြီး
နေလို့ ခုချက်ချင်း ကြွပါဗျာ”
ကျုပ်က တိုးတိုးလေးပြောပြီး မဖဲဝါ
ကို ပင့်လိုက်တယ်။ ဟော လှုပ်လာ
ပြီ၊ လှုပ်လာပြီ။ ကျုပ်လက်ထဲမှာ
ဆုပ်ထားတဲ့ မဖဲဝါရဲ့ ကိုယ်ပွားရုပ်
ကလေး လှုပ်လာပြီဗျို့။ မဖဲဝါရဲ့
ကိုယ်ပွားရုပ်ကလေးမှာ အသက်
ဝင်လာပြီဆိုတာ ကျုပ်သိလိုက်
တယ်။
“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျား
ဒီတိုက်နွားကြီးကို ကျုပ်ခြေမန်း
ကွင်းစွပ်မှ ဖြစ်မယ်၊ ဒီတိုက်နွား
ကြီးက ကျုပ်တို့ရွာသား တစ်
ယောက်ကို သတ်လိုက်တယ်ဗျာ။
လွှတ်ထားရင် နောက်ထပ်လူတွေ
ထပ်သတ်ဦးမှာ သေချာတယ် မဖဲ
ဝါ၊ ကျုပ် ဆရာကြီးတွေ လုပ်သ
လို ခြေမန်းကွင်းစွပ်ပြီး မူလပြန်
မှ ဖြစ်မယ်ဗျ”
ကျုပ်လက်တစ်ဖက်က မဖဲဝါအရုပ်
ကလေးကို ကိုင်ရင်း ခြေမန်းကွင်းကို
ကျုပ်သေသေချာချာပြင်ပြီးကိုင်လိုက်
တယ်။ ဒီတုန်းမှာပဲ ကျုပ်လက်ထဲက
မဖဲဝါရဲ့ကိုယ်ပွားရုပ်ကလေးက ဆတ်
ကနဲ လှုပ်သွားပြီး အရုပ်ကနေ ဖြူဖြူ
တန်းတစ်ခု ပြေးထွက်သွားတယ်။
ဟာ…မဖဲဝါ တိုက်နွားကြီးကို ကား
ယားကြီး ခွစီးထားတယ်။ဟာ…နွား
က ရုန်းနေပြီဗျို့။သူ့ကို ခွစီးထား
တဲ့ မဖဲဝါကြီးကို ခါချနေတယ်ဗျ။
အရပ်ဆယ်ပေလောက်ရှိတဲ့ မဖဲဝါ
ကြီးကလည်း ဆံပင်ဖားလျားကြီးချ
လို့ဗျ။
ဟော ဟော တိုက်နွားကြီးက သူ့
လည်ပင်းကိုကွေးပြီး သူကိုယ်ပေါ်
မှာ ခွစီးထားတဲ့ မဖဲဝါကို ချိုကြီးနဲ့
ဝှေ့နေတယ်ဗျ။ ကျုပ်ကတော့ ထ
နောင်းပင် ဘေးကို ထွက်ပြီး အ
ဆင်သင့် ရပ်နေလိုက်တယ်။
ဟာ …တိုက်နွားကြီးက ကျုပ်ကို
မြင်သွားပြီဗျို့။
“ဝပ်…ထရိန်း…ဝပ်…ထရိန်း…”
အသံနက်ကြီးနဲ့ နှစ်ချက်ဆင့်တွန်
လိုက်တာဗျ။
“ဘုတ်…ဘုတ်…ဘုတ်”
တိုက်နွားကြီးက မြေကြီးမှာ ခွာယက်
နေတယ်ဗျ။ ကျုပ်ဆီကို ပြေးဝင်တော့
မယ့်ပုံပဲဗျို့။ ကျုပ်လည်း ခါးကိုကုန်းပြီး
အသင့်ပြင်ထားတယ်။ နွားရဲ့အာရုံက
ကျုပ်ဘက်ကို ရောက်လာတုန်းမှာ မဖဲ
ဝါရဲ့ လက်ကြီးတစ်ဖက်က လေထဲကို
မြောက်တက်သွားပြီး…
“ဘုန်း…ဘုန်း…ဘုန်း…”
နွားကြီးရဲ့ကျောကုန်းကို သုံးချက်တိတိ
ဆက်ရိုက်ချလိုက်တယ်ဗျို့။
တိုက်နွားကြီးလည်း ကျောကုန်းကြီး
ကော့ထွက်သွားရောဗျို့။ ဒါ အခွင့်
အရေးပဲ။ ပြေးပြီ။ကျုပ် ပြေးပြီ။ကျုပ်
ခုန်လိုက်ပြီ။ စွပ်ပြီ။ ခြေမန်းကွင်းကို
မိမိရရကို စွပ်ချလိုက်ပြီဗျာ။ ကျုပ်
စွပ်လိုက်တဲ့ ခြေမန်းကွင်းကြီးက
နွားကြီးရဲ့လည်ပင်းမှာ တွဲလောင်း
ကြီးဗျ။ ဟော…နွားက ခေါင်းကြီး
ငုံ့ပြီး ခါချနေတယ်ဗျို့။
“ဘုန်း…”
မဖဲဝါ နောက်တစ်ချက် ထပ်ရိုက်လိုက်
တယ်။ ဟာ…နွားကြီး ငြိမ်သွားပြီဗျို့။
နွားကြီး တဖြည်းဖြည်း သေးလာပြီဗျို့။
ဟာ နွားသိုးအရွယ် ရောက်သွားပြီ။
ဟော …နွားပေါက်ကလေး အရွယ်
ရောက်သွားပြီ။
ဟော …ပျောက်သွားပြီဗျို့။ ကျုပ်မြေ
ကြီးပေါ် ငုံ့ကြည့်လိုက်တော့ ကျုပ်စွပ်
ထားတဲ့ ခြေမန်းကွင်းကြီးအလယ်မှာ
နွားရုပ်ကလေးဗျ။
ရွှံ့နဲ့လုပ်ထားတာလား၊ သစ်သားနဲ့
လုပ်ထားတာလားတော့ ကျုပ်မသိဘူး
ဗျ။ ကျုပ်က ကျုပ်ဆရာကြီးရဲ့ ခြေမန်း
ကွင်းကို ကောက်ယူလိုက်တယ်။ ဟာ
မဖဲဝါရဲ့ လက်ကြီးတစ်ဖက်က နွားရုပ်
ကလေးကို ကောက်ယူလိုက်တယ်ဗျို့။
ဟော…ပျောက်သွားပြီ၊ မဖဲဝါ ပျောက်
သွားပြီဗျို့။ ကျုပ်က ခြေမန်းကွင်းကို
သေသေချာချာ ခွေပြီး လွယ်အိတ်ထဲ
မှာ ထည့်သိမ်းလိုက်တယ်။ ပြီးတော့
မဖဲဝါရဲ့ကိုယ်ပွားရုပ်ကိုလည်း သိမ်း
လိုက်တယ်။
ကျုပ် နောက်ကို လှည့်ထွက်လိုက်တာနဲ့
ကျောက်ခဲနဲ့ သံမဏိက ကိစ္စပြီးသွားပြီ
ဆိုတာ သဘောပေါက်ပြီး သရက်ပင်
ကြီး နောက်ကနေ ပြေးထွက်လာကြ
တယ်ဗျ။
“ကိုကြီးတာတေ နွားကြီးရော၊ နွားကြီး
ရှိသေးလားဗျ”
ကျုပ်က ခေါင်းခါပြပြီး ပြောလိုက်တယ်။
“အောက်လမ်းဆရာတစ်ယောက်
လွတ်ကျန်ခဲ့တဲ့ နွားရုပ်ကလေးပါကွာ”
“ဟင်…ဘယ်မှာတုံး”
“မဖဲဝါ သိမ်းသွားပြီကွ”
“ဗျာ …မဖဲဝါကြီး ရောက်လာတာလား
ကိုကြီးတာတေ”
” အေး …ဟုတ်တယ်၊ ငါ ပင့်လိုက်တာ၊
ငါက ဆရာမှ မဟုတ်တာ ကျောက်ခဲရာ၊
ဒီတိုက်နွားကြီးကို ငါတစ်ယောက်တည်း
ဘယ်လိုလုပ်နိုင်မှာလဲကွာ”
အဲဒီညက ကျုပ် တစ်ညလုံး မအိပ်ရ
ပါဘူး၊ ကျုပ် သူငယ်ချင်း လူကျော်ရဲ့
အသုဘမှာ မိုးလင်းသွားခဲ့တာပေါ့ဗျာ။

ပြီးပါပြီ