ပစံဒဏ်ခံရပပြီး

အငွေ့တန်းတွေက မြွေတစ်ကောင်လိုရစ်ပတ်ထားလေ၏။

  “တွေ့ပါတယ် ဘာလို့လဲ။”

  “သူ့နာမည်က စိန်မြတဲ့…. ဒီနယ်တကြောမှာတော့ သူလည်းနာမည်ကြီးပဲ။ မွေးတည်းက ဂန္ဓဗ္ဗဘီလူးအစောင့်နဲ့မွေးလာတာ။ ဘယ်လိုပညာသည်မျိုးကမှ သူ့ကိုထိခိုက်အောက်မလုပ်နိုင်ဘူး။”

  “အတော်ထူးဆန်းတဲ့လူပဲ… သူကဘယ်လိုနာမည်ကြီးလို့လဲ။”

  “ဒီလူက အခုလိုသီတင်းကျွတ်လမှာ တစ်လလုံးတရားထိုင်ပုတီးစိပ်တယ်.. ဒါပေမဲ့ ကျန်တဲ့လမှန်သမျှမှာ မူးရူးရမ်းကားနေတာဗျ။ သူ့ရွာမှာတော့လူမိုက်ပဲ.. .. သူ့ကိုသတ်ဖို့ဆိုပြီး အောက်လမ်းပညာနဲ့တိုက်သတ်တာ… သွားသတ်တဲ့သဘက်တွေက ပြန်ပြေးလာပြီး အောက်လမ်းဆရာကို ပြန်သတ်သွားတာဗျို့။ ဒီအကြောင်းတွေကျုပ်ဘယ်လိုသိလဲဆို အောက်လမ်းဆရာရဲ့ကျွန်ဖြစ်ဖူးတဲ့ သရဲတစ်ကောင်ကို ကျုပ်ကမွေးထားလို့ သူ့ဆီကတဆင့်သိရတာဗျ။”

  “ဪ အင်း သူ့ကိုသူရော ဘီလူးအစောင့်ရှိတာ သိလား ကိုသက်ပြင်း။”

“သိတာမှ ငယ်ငယ်လေးတည်းကထင်တယ်။ ဒီလူ့ရွာသားတစ်ယောက်က ကျုပ်ကိုပြောပြဖူးတယ်။ စိန်မြဟာ ငယ်ငယ်တုန်းက သူ့ကိုစောင့်ရှောက်တဲ့သူရှိတယ်ဆိုပြီး အော်ဟစ်ပြေးလွှားဖူးတယ်တဲ့ဗျ။ ဪ ပြောလက်စနဲ့ စိန်မြမွေးတုန်းက အမိသေပြီး အဖဆုံးတာမကြာဘူးဆိုပဲဗျ.. တစ်ရွာလုံးက ဂြိုလ်ဆိုးကောင်ဆိုပြီး ပစ်ထားတာတောင် ခုနှစ်ရက်တိတိမသေလို့ အရက်သမားတစ်ယောက်က သနားပြီး ကျွေးမွေးပြုစုခဲ့တာတဲ့.. သူ့အသက်၁၂နှစ်ကြတော့ အဲဒီအရက်သမားသေတယ်လေ.. အဲဒီအရက်သမားဆီကနေ လယ်ဧကကျဉ်းကျဉ်းလေးတစ်ခုနဲ့လုပ်စားနေတာ အခုဆိုသူဌေးတောင်ဖြစ်နေပြီလို့ကြားတာပဲဗျ။”

  “အင်းပေါ့ သူ့အစောင့်ကလည်း သူ့ကိုကူညီမှာပေါ့…. ထားပါလေ ကျွန်တော်နဲ့မှမဆိုင်တာ မသိချင်တော့ပါဘူး။ နက္ခတ်မိတုန်းမှာ အရဟံရွတ်ရင်း အဓိဌာန်ဝင်အုံးမှာမလို့ အားနာပါတယ်ကိုသက်ပြင်းရာ သွားခွင့်ပြုပါအုံး။”

“ရပါတယ်ဗျာ.. ကျုပ်လည်း အဓိဌာန်ပြန်ဝင်တော့မှာပါ။”

  သူရလည်း ကိုသက်ပြင်းအနားကထလာခဲ့ကာ ဘုရားစေတီတော်ခြေရင်း၌ အရဟံဂုဏ်တော်ကိုရွတ်ရင်း တင်ပုလ္လင်ခွေထိုင်လိုက်လေ၏။ သူရသည် ဤကဲ့သို့ အရဟံရွတ်ရင်း ထိုင်နေချိန်၌ နားထဲတွင် ကူပါကယ်ပါတစာစာအော်သံများကို ကြားလိုက်ရလေ၏။ အဖျက်အမှောင့်ပေလားဟု စိတ်ကပိုင်းဖြတ်ချလိုက်‌သောအခါ ပျောက်သွားလေ၏။ သူရဖြစ်ပြီးမကြာ ပိတ်ဖြူစင်ကြယ်နှင့် တရားထိုင်နေသော ခွန်းသ၏နားထဲတွင်လည်း ကယ်ဖို့ကို အော်ဟစ်တောင်းပန် ငိုယိုနေသံ ကြားလိုက်ရ၏။

  စောသကတော့ ပုတီးစိပ်နေရင်း အမြင်အာရုံထဲ၌ ရွာတစ်ရွာသည် မီးလောင်နေလေ၏။ မ‌ီးလောင်နေသော အိမ်များထဲက ကလေးလူကြီးများက အော်ဟစ်ငိုယိုနေကြ၏။ ထိုစဉ် ဘီလူးတစ်ကောင်က ပြေးလာပြီး စောသကိုဝင်တိုက်သွားသည့်အခါမှာတော့ စောသလည်း အမြင်အာရုံပြန်ပျောက်သွား‌ခဲ့လေ၏။ နံနက်မိုးသောက်ရောင်နီပျိုးချိန်၌ စောသနှင့်ခွန်းသလည်း မေတ္တာပို့အမျှဝေကာ အညောင်းညာပြေလမ်းလျှောက်လိုက်ကြ၏။

  ထိုအခါ ဘုရားပေါ်ကိုတက်လာသော အမျိုးသမီးလေးယောက်က စောသနှင့်ခွန်းသတို့ထံ ‌လျှောက်လာခဲ့ကာ သူတို့အရှေ့အရောက်၌ ထိုင်ကန်တော့လေတော့၏။ အဖိုးကြီးရုပ်ဖြစ်နေပေမဲ့ အသက်က ထိုမိန်းမကြီးများနှင့် သားအမိရွယ်ဖြစ်နေတာကို ထိုင်ရှိခိုးတာကြောင့် စောသနှင့်ခွန်း ခေါင်းကိုမြွေပေါက်သလို တုန်ခါသွားကြ၏။

  “ဘာ.. ဘာလုပ်ကြတာလဲ… မရှိခိုးကြနဲ့လေဗျာ။”

ထိုအခါ မိန်းမကြီးတစ်ယောက်က ထိုင်လျှက်ကနေ လက်အုပ်ချီ၍..

  “အဘဘယ်ကကြွလာတာလဲ.. သမီးတော်ကြီးကို ကယ်တင်ပါအုံးအဘရယ်။”ဟု ခွန်းသကိုကြည့်၍ ပြောလေ၏။ ခွန်းသကတော့ ဘာပြောရမှန်းမသိဖြစ်နေပေမဲ့ စောသကတော့ တစ်ဖက်လှည့်ကာခိုးရယ်နေလေ၏။ ခွန်းသက အိုဇာတာဆေးအခပ်ခံထား၍ အဖိုးကြီးရုပ်ဖြစ်သည်ကတစ်ကြောင်း၊ ဆရာသခင်သူရ၏ အမိန့်ကြောင့် ပိတ်ဖြူစင်ကြယ်နှင့် အဓိဌာန်ဝင်နေတာဆိုတော့ မိန်းမများစွမ်းသည်ဟုထင်မှတ်ထားသည့် ဘိုးတော်ကြီးများကဲ့သို့ ရုပ်ပေါက်နေလေ၏။

  “မဟုတ်သေးဘူးထင်တယ်.. ကျုပ်ကခင်ဗျားတို့ကိုဘာကယ်တင်ရမှာလဲ။”

“အဘရယ် ကျွန်မအိပ်မက်မှန်နေပါပြီ။ အိပ်မက်ထဲမှာ ဒီတောင်ပေါ်ကိုရောက်နေတဲ့ ဝတ်ဖြူစင်ကြယ်နဲ့ဘိုးတော်တစ်ပါးက ကျွန်မတို့ကို ကယ်တင်ပေးတာတဲ့.. အိပ်မက်ကိုယုံပြီး အခုလာကြည့်တာ ဟော အဘကိုတွေ့ပြီ ကျွန်မအိပ်မက်မှန်နေပြီ။”

  ခွန်းသဘာပြောရမှန်းမသိတော့ပေ။ ခေါင်းကိုသာတဗျင်းဗျင်းကုတ်နေလေ၏။ သူ့အိပ်မက်ကလည်း တိုက်ဆိုင်လွန်းပေစွဟု စိတ်ထဲကငြီးငြူမိလေ၏။ ထိုအခါ ခွန်းသနားထဲ၌ ဆရာသခင်သူရ၏ ကူညီပေးလိုက်ပါ၊ သူတို့တကယ်ဒုက္ခရောက်နေကြတယ်ဟုပြောသံကြားလိုက်ရ၏။ ခွန်းသလည်း အမိုးအောက်သို့သွားထိုင်သောအခါ ထိုမိန်းမများကပါ လိုက်လာကြ၏။ ခွန်းသအရှေ့၌ တရိုတသေထိုင်၍ လက်အုပ်လေးချီထားကြလေ၏။ စောသကတော့ ရယ်ချင်စိတ်ကိုမအောင့်နိုင်၍ပဲလား၊ လုပ်စရာရှိလို့လားမသိ တစ်ဖက်ကိုထွက်သွားခဲ့လေ၏။

“ကဲပြောစမ်းပါအုံး ကျုပ်ဘယ်လိုကူညီပေးရမလဲ။”

ထိုအခါ ခွန်းသ၏ဘယ်ဘက်အစွန်ဆုံးက အမျိုးသမီးဆီက အသံထွက်လာ၏။

   “‌ကျွန်မတို့က အိုးစင်ခမ်း‌ရွာကပါအဘ။ ဖြစ်ပုံကတော့ ကျွန်မယောက်ျားက တစ်နယ်တစ်ကျေးအလုပ်သွားလုပ်တာ အခုနှစ်ပေါက်အောင်ထိ ပြန်မလာသေးလို့ အဘကူညီပါအုံး။”

ခွန်းသသည် မွေးဇာတာတောင်းယူ၍ လာမေးသည့်အချိန်နှင့် နက္ခတ်ကိုတွက်ယူကာ စစ်လိုက်လေ၏။

  “အဒေါ်.အဲလေ.. ဒီကအစ်မကြီး…ဟာမဟုတ်သေးပါဘူး။”

  ခွန်းသသည် သူတို့ထက်ငယ်နေပေမဲ့ သူတို့အမြင်မှာကြ အဘိုးကြီးဖြစ်နေသောကြောင့် ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေ၏။ မထူးတော့ဘူး ခင်ဗျားဟုသာပြောရန် ဆုံးဖြတ်လိုက်၏။

“ခင်ဗျားရဲ့ ယောက်ျားက နဂါးခေါင်းလှည့်ချိန်မှာ စနေထောင့်အရပ်ကိုသွားတာမို့လို့ ကျန်းမာရေးထိခိုက်အန္တရာယ်ဖြစ်နိုင်ခြေတွေ့ရတယ်။ အသက်အန္တရာယ်မထိခိုက်ပေမဲ့ အချိန်တော်ကြာကုနေရတယ်။ ၁ရက်၁လအတွင်းမှာ ပြန်လာပါလိမ့်မယ်။”

  “ဟုတ်ကဲ့ပါအဘ ကျွန်မ ဘယ်လိုယတြာချေရအုံးမလဲ။”

“အထွေ‌ထူးတော့ ယတြာချေစရာမလိုပါဘူး.. ‌ဘုရားမှာပန်းရေချမ်းကပ်လှူပြီး မေတ္တာသုတ်ကိုပဲရွတ်ပါ။”

“ဟုတ်ဟုတ်အဘ ကျွန်မသေချာလုပ်ပါ့မယ်။”

  “ကဲနောက်တစ်ယောက်ကရော။”

   စောစောကမိန်းမကြီး၏ဘေးက အမျိုးသမီးကနေ အစဉ်လိုက်မေးလေ‌၏။

“ကျွန်မစီးပွားရေးအလုပ်ကိုင်တွေ အဆင်မပြေလို့ စစ်ပေးပါအုံးအဘ။”

   ခွန်းသက ထိုအမျိုးသမီး၏ လက္ခဏာနှင့် ရုပ်အင်္ဂါရပ်ကိုဖတ်ရှူ့ပြီး လေသံကိုထောက်၍..

  “ခင်ဗျားရဲ့စီးပွားရေးတွေ အဆင်မပြေတာကတော့ ခင်ဗျားရဲ့နှုတ်ကြောင့်ပဲ.. လက္ခဏာအရကတော့ စီးပွားရေးလမ်းကြောင်းက အသင့်အတင့်ရှိပါတယ်။ နှုတ်ကြမ်းရင် လူရောနတ်ရောမုန်းပါတယ်။”

  “မှန်လိုက်တာအဘရယ်.. ကျွန်မက နှုတ်ကြမ်းလျှာကြမ်းပါ… ပြင်လို့မရပဲ ဝသီလိုကိုဖြစ်နေလို့ပါ။”

  “ပြင်လို့မရဘူးဆိုတာတော့ မရှိပါဘူး။ နှုတ်ကြမ်းတာ စိတ်ကြမ်းနေလို့ပါ.. ဘုရားတရားများများလုပ်ပြီး မေတ္တာသုတ်ကို အားရင်အားသလိုရွတ်နေပါ.. ယတြာအနေနဲ့ကတော့ ခွေးတွေကို အစာကျွေးလိုက်ပါ။”

  “ဟုတ်ကဲ့ပါအဘ။”

ထို့နောက် အစဉ်လိုက်တိုင်းအမျိုးသမီးက ဆက်ပြောပါ၏။

  “ကျွန်မနာမည် ‌ဒေါ်အေးလဲ့ပါအဘ.. အခုတလော ကျွန်မအိမ်မှာ ထူးဆန်းတာတွေဖြစ်နေပါတယ်။”

  “ဘာတွေထူးဆန်းလို့လဲ။”

   “ကျွန်မတို့မနေ့ညက အိပ်နေတုန်းမှာ ‌ခေါင်မိုးပေါ်ကို ဒုန်းခနဲခုန်ချသံကြားလိုက်ရတယ်…ပြီးတော့ အိမ်နံရံကိုလာခေါက်ပါတယ်။ ထွက်ကြည့်ပေမဲ့ ဘာမှမတွေ့ရပါဘူးအဘ.. နောက်ပြီးတော့ ညကကျန်တဲ့ ဟင်းတွေကလည်း မနက်ဆို ပွစံကျဲပြီး သူ့နေရာနဲ့သူမရှိပါဘူး… အဆိုးဆုံးကတော့ ကျွန်မတို့လင်မယားအခန်းထဲက နံရံမှာ လက်ငါးချောင်းရာအမည်းကြီးပေါ်လာတာပါပဲ။”

“အတိုက်ခိုက်အနှောက်ယှက်ဆိုတာ ‌မသေချာသေးဘူးဗျ.။ ဒီလိုလုပ် ကျုပ်အင်းတစ်ချပ်ပေးလိုက်မယ်… အိမ်ရဲ့အလယ်တိုင်မှာကပ်ထားလိုက်… အတိုက်ခိုက်မှန်ရင် ရွာထဲမှာ တစ်ခုခုထူးခြားလိမ့်မယ်… ဘာမှမထူးခြားဘူးဆိုရင်တော့ ဘာအတိုက်ခိုက်မှမရှိပါဘူး.. ပိုသေချာသွားအောင် ဒီရေမန်းဘူးယူသွားပါ.. တစ်အိမ်လုံးအနှံ့ ရေနဲ့ပွားပြီးပတ်ဖြန်းလိုက် မြင်အပ်မမြင်အပ်တွေရှိနေရင်.. မနေနိုင်ပါဘူး။ “

  “ဟုတ်ကဲ့အဘ သောက်လို့ရောရလားအဘ။”

“ရပါတယ်… ရေမန်းအနည်းငယ်လောက်ကို ရေအိုးထဲထည့်သောက်ရင် ပယောဂအနှောက်ယှက်ရှင်းပါတယ်။”

“ဟုတ် ကျေးဇူးပါပဲအဘ။”

  ထိုအခါ နောက်ဆုံးအမျိုးသမီးက မေးမည်အပြု ခွန်းသသည် ထိုအမျိုးသမီးအားကြည့်၍ ခေါင်းတွေမူးဝေသွားပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းလိုက်လေ၏။

“ခင်.. ခင်ဗျား..ခင်ဗျားအိမ်မှာအတော်ကြမ်းတဲ့ကောင်ရောက်နေတာပဲ။”

  “ရှင်!!”

   ခွန်းသသည် မျက်လုံးကိုမှိတ်၍ အာရုံခံလိုက်သောအခါ အိမ်တစ်အိမ်ထဲတွင် ထင်တိုင်းကျဲ သောင်းကျန်းနေသော ဘီလူးတစ်ကောင်ကို တွေ့လိုက်ရလေ၏။ ဘီလူးသည် လူတစ်ယောက်၏ ဂုတ်ကိုကိုက်ခဲကာ သွေးတွေကိုစုပ်နေလေ၏။ ခွန်းသသည် မျက်လုံးကိုပြန်ဖွင့်ကာ..

  “ခင်ဗျားမိသားစုဝင်ထဲမှာ မကြာခင်က သေတဲ့သူရှိလား။”

  “ဟုတ်..ဟုတ်ရှိပါတယ်အဘ။”

“အဲဒါဘီလူးကိုက်တာဗျ။”

“ရှင်!!… ကယ်..ကယ်ပါအုံးအဘရယ်… ကျွန်မအိမ်မှာလွန်ခဲ့တဲ့ရက်ပိုင်းကစပြီး မမြင်ရတဲ့အကောင်တစ်ကောင်သောင်းကျန်းနေပါတယ်။ ပထမစဖြစ်တဲ့ညက အိမ်ကြီးကို ရိမ်းယိုင်သွားတာပဲ.. ပြီးတော့ ကြမ်းပြင်ကိုတဒုန်းဒုန်းနဲ့ စောင့်နင်းသံတွေ.. ပစ္စည်းတွေဆိုတာလည်း ရစရာကိုမရှိဘူး.. သူ့အလိုလိုလေထဲမှာမြောက်တက်ပြီး လွင့်လွင့်သွားတာ.. ကျွန်မသားအငယ်ဆို လေပေါ်ကိုမြောက်တက်သွားပြီး ပြန်အကျမှာ အသက်ထွက်သွားတယ်အဘရယ်… ကျွန်မတို့မှာ မိသားစုလေးယောက်ရှိတာပါ သားငယ်ဆုံးတော့… သုံးယောက်ကျန်ပါတယ်… သားငယ်လေးအလောင်းမြေချအပြီးမှာ ပရိတ်ရွတ်ဖို့တိုင်ပင်နေတုန်း … တစ်အိမ်လုံးဗျောင်းဆန်အောင်သောင်းကျန်းတော့တာပဲအဘရယ်.. နာရေးလာတဲ့သူတွေရော ကျွန်မတို့သားမိတွေရော ထွက်ပြေးခဲ့ရတယ်။ အခုဆို အိမ်ပြန်မအိပ်နိုင်တာ ငါးရက်ရှိပါပြီအဘ… အထက်ဆရာတွေခေါ်နှင်ပေမဲ့ အကုန်လုံးပြေးကြတာပါပဲ။ ကျွန်မတို့ကိုကယ်ပါအုံးအဘရယ်။”

ခွန်းသတစ်ယောက် ခက်တော့ချေပြီဟု တွေးမိ၏။ ထိုအမျိုးသမီး‌ဒုက္ခရောက်နေတာကို ကူညီကယ်တင်ချင်သော်လည်း အဓိဌာန်တစ်ဖက်နှင့်ဖြစ်လေ၏။ ဆေးတို့အင်းတို့ ပေးလိုက်ချင်ပေမဲ့ ထိုအမျိုးသမီးအိမ်၌ရှိနေသောအကောင်က နယ်နယ်ရရမဟုတ် အသေချာကိုင်တွယ်ဖြေရှင်းမှရလိမ့်မည်ကို သိလေ၏။

“ခက်တော့နေပြီဗျာ.. ကျုပ်ကလည်းအဓိဌာန်တစ်ဖက်နဲ့ဖြစ်နေတယ် လိုက်မကုပေးနိုင်ဘူး.. ဆေးတွေအင်းတွေပေးချင်ပေမဲ့ နိုင်မယ်ဆိုတာလည်း မသေချာပြန်ဘူး။”

  ထိုအခါ သူရတစ်ယောက် ခွန်းသဘက်ကို လက်နောက်ပစ်ရင်းလျှောက်လာလေ၏။ သူရသည် ခွန်းသကို မနောခြင်းဆက်သွယ်ကာ “ငါအဓိဌာန်ပြီးပြီခွန်းသ.. ငါပဲလိုက်သွားလိုက်မယ်.. မင်းရယ်စောသရယ် အဓိဌာန်ကိုပဲသေချာအာရုံစိုက်ပါ။ ဒီအဓိဌာန်အောင်ရင် မင်းတို့ပညာတဆင့်ထပ်တိုးလိမ့်မယ်။”ဟုပြောပြီး ပြုံးပြလေ၏။ ခွန်းသလည်း ဟုတ်ကဲ့ပါဆရာဟုဆို၍ ခါးကိုကိုင်းလိုက်၏။

  “ကျုပ်တော့ အဓိဌာန်နဲ့ဆိုတော့ မလိုက်နိုင်ဘူး။ ဟိုမှာယောဂီဝမ်းဆက်နဲ့ဆရာက လိုက်ကုပေးလိမ့်မယ်။”

  ထိုအခါ ထိုမိန်းမကြီးများသည် သူရကိုလှည့်ကြည့်၍ ခြေအစခေါင်းဆုံးကြည့်ကာ မအီမသာမျက်နှင့် ခွန်းသဘက်ကို ပြန်လှည့်လာကြလေ၏။

“ဖြစ်ပါ့မလားအဘရယ်… ကောင်လေးကအတော်ငယ်သေးပုံပဲနော်။”

  “ဖြစ်ပါတယ်ဗျာ.. ကျုပ်ထက်တောင်အများကြီးစွမ်းတယ် .. ခင်ဗျားသာ ဖြစ်ကြောင်းကုန်စင်အောင် ရှင်းပြလိုက်။ “

“ဟုတ်ကဲ့အဘ။”

“အဘ ဒါကသမီးတို့ အဘကို ကန်တော့တာပါ။”

ခွန်းသသည် လက်ကိုကာပြကာ “ကျုပ်ငွေမလိုဘူး.. ခင်ဗျားတို့လှူချင်ရင် ဘုရားမှာပြုပြင်တာပြုပြင်ရအောင် ဘုရားလူကြီးများဆီမှာသာလှူခဲ့”ဟု ‌ဆိုလိုက်လေ၏။ မိန်းမကြီးသုံးဦးကထ၍ ဘုရားလူကြီးများထံ ငွေအချို့သွားရောက်လှူဒါန်းပြီး ပြန်လာကြကာ သူရနှင့်အတူ ငါးဦးလုံး ရင်ပြင်တော်ပေါ်ကဆင်းသွားကြလေ၏။ ခွန်းသသည် စိတ်ထဲကနေ “ဪ သူတို့ပြဿနာပြေလည်သွားတော့လည်း ဘုရားတောင်မကန်တော့သွားပါ့လား။ လူတွေများ ခလုတ်ထိမှအမိတတတ်ကြတယ်။”ဟု တွေးမိသွားလေ၏။

သူရသည် ထိုမိန်းမကြီးများနှင့်အတူ ဇင်းကျိုက်ဆံတော်ရှင်စေတီပေါ်ကနေ ဆင်းလာခဲ့ကာ ထိုမိန်းမကြီးများစီးလာသည့်လှည်းပေါ်တက်၍ လိုက်ပါလာခဲ့၏။ ထိုအခါ မိန်းမများပီပီ စကားတွေဖောင်ဖွဲ့၍ သူရကို မေးကြမြန်းကြ၏။

  “ဆရာလေးနာမည်ကဘယ်လိုခေါ်လဲ။”

  “ကျွန်တော့်နာမည်သူရပါဒေါ်‌ဒေါ်”

  “နာမည်လေးက လှလိုက်တာ။ ဆရာလေးကအခု ကျွန်မအိမ်က‌အကောင်ကို နှင်ထုတ်နိုင်ပါ့မလား.. မယုံလို့မေးတာမဟုတ်ဘူးနော်ဆရာလေး။”

“ဟုတ်ကဲ့ဒေါ်ဒေါ် ကျွန်တော်နိုင်ပါတယ်။ ဒီလိုဖြစ်စဉ်မျိုး ဒေါ်ဒေါ်တို့ရွာမှာ အလားတူဖြစ်နေကြမဟုတ်လား။”

“ရှင်!! ဆရာလေးကဘယ်လိုသိတာလဲ… ဟုတ်ပါတယ်။ အခုလိုသီတင်းကျွတ်လရောက်တိုင်း‌ လေးငါးအိမ်လောက် ဒီလိုဖြစ်ပါတယ်။ မမြင်ရတဲ့အကောင်တစ်ကောင်က အိမ်ပေါ်ကိုတက်လာပြီး အမြဲတစေသောင်းကျန်းပါတယ်။ လူမနေရဲအောင်ထိ ချောက်လန့်တဲ့အပြင် အိမ်သားတစ်ယောက်ကိုလည်း အမြဲသတ်သွားတတ်ပါတယ်။ တစ်ပတ်တိတိအဲဒီအိမ်မှာ လူမနေရဲပါဘူး။ တခြားအိမ်တစ်အိမ်မှာ အခုလိုဆက်ဖြစ်တယ်ဆိုမှ ပထမအိမ်ကလူတွေက ကို့အိမ်ကိုပြန်ရဲတာပါ။ ဒီအကောင်က ရွာကိုဒုက္ခပေးနေတာကြာလှပါပြီ။”

“အထက်ဆရာနဲ့ ပရိတ်ပဌာန်းကမ္မဝါရော မရွတ်ဖတ်ကြဘူးလား။”

“နှစ်တိုင်း ဘယ်အိမ်မှာဖြစ်ဖြစ် ဆရာပင့်ပြီးနှင်သလို သံဃာတော်တွေနဲ့လည်း ပရိတ်ရွတ်ပါတယ်။ ဒါပေမဲ့ နှင်မရတဲ့အပြင် ပိုတောင်သောင်းကျန်းတတ်ပါတယ်ဆရာလေး.. အထက်ဆရာဆို ရွာသင်္ချိုင်းမှာပဲမြှုပ့်ရတာ အယောက်၂၀ကျော်ပါပြီ။”

“အင်း… အဲဒါဘီလူးဗျ… ရိုးရိုးဘီလူးတောင်မဟုတ်ပဲ ဂန္ဓဗ္ဗနတ်ဘီလူးအနွယ်ပဲ… ဒေါသလည်းကြီးသလို အတော်လည်းကြမ်းတမ်းတယ်.. ရွာတော်ရှင်တောင်မနိုင်တဲ့ ဘီလူးမျိုးပေါ့ဗျာ။ ဒီလိုဘီလူးမျိုးက သာမန်သူတွေနေတဲ့နေရာမှာ မနေတတ်ပါဘူး.. ဘယ်လိုဖြစ်ပါလိမ့်။”

  သူရသည် တွေးတောနေရင်း ဘေးဘီက သစ်ရိပ်ဝါးရိပ်များကိုကြည့်ကာ လိုက်ပါလာခဲ့၏။ နေထန်းတဖျားမကျော်မီ အိုးစင်ခမ်းကျေးတော်ရွာသို့ဆိုသည့် ဆိုင်းဘုတ်လေးကတဆင့် ရွာအတွင်းသို့ လှည်းမောင်း၍ ဝင်လာခဲ့လေ၏။ သူရသည် မနောကိုဖြန့်ကျက်ကြည့်သောအခါ သူတွေးထားသလိုပင် ရွာတော်ရှင်ကိုမတွေ့ရပေ။ ရွာအဝင်ဝမှာတင် သူရကလှည်းရပ်ခိုင်းပြီး ဆင်းလိုက်လေ၏။

  “ဒေါ်ဒေါ်တို့သွားနှင့်ကြပါ ကျွန်တော်လိုက်ခဲ့ပါ့မယ်။ လုပ်စရာလေးတစ်ခုရှိလို့။”

  သူရသည် ဤကဲ့သို့ပြောပြီး လူသူကင်းရှင်းသောနေရာကို သွားလိုက်လေ၏။ ထို့နောက် မနောကနေ ရွာတော်ရှင်ကိုပင့်လိုက်ရာ ပိန်ပိန်ပါးပါးနှင့် လူကြီးတစ်ယောက်ရောက်လာလေ၏။

“အဘ မျက်နှာလည်းမသာယာပါ့လား ဘာဖြစ်လို့လဲ။”

“ပြောမပြောချင်ပါဘူးဆရာလေးရယ်… ဒီရွာမှာကလေးတစ်ယောက်မွေးလာတဲ့အချိန်ကစပြီး ကျုပ်ဗိမာန်မှာကို ကျုပ်မနေရပါဘူး။”

“ကလေးတစ်ယောက်မွေးတာနဲ့ အဘကဗိမာန်မှာဘာလို့မနေရတာလဲ။”

“အဲဒီကလေးမှာ အစောင့်ကပ်ပါလာတယ် ဆရာလေးရဲ့။ အဲဒီအစောင့်ကလည်း နယ်နယ်ရရမဟုတ်ပဲ ဂန္ဓဗ္ဗနတ်ဘီလူးမျိုးနွယ်ဖြစ်နေတယ်။ ကျုပ်ကိုတောင် ကျုပ်ဗိမာန်မှာမနေခိုင်းပဲ တခြားနေရာကိုသွားနေခိုင်းထားတာ… ပြီးတော့ သူကရွာမှာထင်တိုင်းကျဲတော့တာပါပဲဗျာ။”

  “ဘယ်လိုမျိုးများ ထင်တိုင်းကျဲလို့လဲအဘရဲ့။”

“အင်း ဆရာလေးက သိချင်နေမှတော့ ကျုပ်ပြောပြပါ့မယ်လေ။”

  ရွာတော်ရှင်အဘက ရွာဘက်ကိုမျှော်ကြည့်ရင်း ဇာတ်ကြောင်းကို ပြောလေတော့၏။

“အဲဒီဂန္ဓဗ္ဗဘီလူးစောင့်နဲ့မွေးလာတဲ့ ကလေးနာမည်က စိန်မြတဲ့ဗျ။ သူကငယ်ငယ်လေးတည်းက သောင်းကျန်းလာတာ။ တစ်ခါကပေါ့ စိန်မြကို ကလေးတစ်သိုက်က အနိုင်ကျင့်လွှတ်လိုက်တယ်လေ။ ဒါကိုအဲဒီကလေးကမကျေနပ်ဘူးဗျ။ သူ့ကိုမွေးစားထားတဲ့ဖခင်လည်းဆုံးတော့ သူ့ကိုစောင့်ရှောက်မဲ့သူမရှိဘူးပေါ့ဗျာ။ အဲဒီမှာဘီလူးက ကိုယ်ထင်ပြပြီး အဲဒီကလေးမှာသူရှိကြောင်း‌ပြောတာပေါ့။ ညရောက်တော့ အဲဒီကလေးက သူ့ကိုအနိုင်ကျင့်တဲ့ကလေးတစ်သိုက်နဲ့ ဟောဒီရွာသားတွေမှတ်လောက်အောင် ဘီလူးကိုဆုံးမခိုင်းတယ်။ ဘီလူးကလည်း တဝေမတိမ်းနာခံပြီး ရွာကိုမီးရှို့တာဗျို့.. ဆယ့်ငါးအိမ်လောက်မီးလောင်နေတုန်း စိန်မြကိုအနိုင်ကျင့်တဲ့ကလေးတစ်သိုက် ဘီလူးအကိုက်ခံရလို့ သေသွားတယ်ဗျ။

  မိဘတွေဆိုတာ ဘာပြောကောင်းမလဲ ငိုကျတာဗျာ.. အိမ်မီးလောင်တဲ့အထဲ အဖေအမေပါသွားလို့ငိုသူကငို့.. ပစ္စည်းဥစ္စာကုန်လို့ငိုသူကငိုနဲ့ အဲဒီတုန်းက တစ်ရွာလုံးငိုသံကို အခုထိကျုပ်နားထဲကမထွက်ဘူး။ စိန်မြနဲ့ဘီလူးက ကြာတော့ အတော်ရင်းနီးသွားတာဗျ။ စိန်မြက ထန်းရည်‌သောက်မူးရူးပြီး ရန်ဖြစ်ရင် သူဘယ်တော့မှမခံရဘူး သူကကြီးဆော်ထည့်တာ.. စိန်မြကိုတုတ်နဲ့ရိုက်ရင်တုတ်ကျိုး.. ဓားနဲ့ထိုးရင်ဓားပါခွေတယ်… ဘာလို့လဲဆိုတော့ သူ့အစောင့်ဘီလူးက ကာပေးထားတာကိုဗျ။ အဲဒီတော့ ငယ်ငယ်ရွယ်ရွယ်နဲ့သွေးကြွနေတဲ့ စိန်မြက ဘီလူးအကူညီနဲ့ ထင်တိုင်းသောင်းကျန်းသလို ဘီလူးကလည်း သူမထင်ရင်မထင်သလို ရွာကလူတွေကိုသတ်တော့တာပဲ။

  တစ်ရွာလုံးက စိန်မြကိုသာ သိပြီး ဘီလူးကိုမသိကြဘူးလေဗျာ။ လူသေရင်ရိုးရိုးပဲထင်နေကြတာ။ ‌စိန်မြအရွယ်ကြီးတော့ ဘီလူးအကူညီနဲ့ ဓားပြပါတိုက်စားနေပြီဗျ။ အခြားရွာတွေကိုညကြီးအချိန်မတော်ဝင်ပေမဲ့ လှည့်ကင်းနဲ့တိုးလည်း သူ့ကိုဘယ်သူမှမမြင်ရဘူး ဘီလူးက ကိုယ်ရောင်ဖျောက်ပေးထားတာ။ အဲဒီတော့စိန်မြက တဖြည်းဖြည်းအတင့်ရဲလာပြီး မိန်းကလေးတွေကိုပါ မုဒိန်းကျင့်တတ်တယ်။ ဒါပေမဲ့ တစ်နေ့တော့ စိန်မြက ဘုန်းကြီးတစ်ပါးနဲ့တွေ့ပြီး အကျွတ်တရားရပေမဲ့ ဘီလူးကတော့ မရဘူးဗျ။ စိန်မြက အေးအေးဆေးဆေးနေပေမဲ့ ဘီလူးက ဒါကိုမကြိုက်ဘူး။ စိန်မြအလစ်မှာ ဝင်ဝင်ပူးပြီး ရွာကိုပြဿနာရှာ လုပ်ချင်ရာလုပ်တာ.. ဘီလူးထွက်သွားတဲ့အချိန်ဆို စိန်မြကဘာမှမသိဘူး.. သူ့လယ်သူလုပ်ပြီး အေးအေးဆေးဆေးနေတာ .. ကြာတော့ရွာကတောင် စိန်မြကိုရူးနေပြီထင်သွားတယ်။

  အခုလိုသီတင်းကျွတ်လဆို စိန်မြက ဇင်းကျိုက်တောင်မှာ အဓိဌာန်သွားဝင်တယ်။ ဒါကိုဘီလူးက မကြိုက်ဘူး။ ပြီးတော့စိန်မြက ဘီလူးကိုအနေခဲ့ခိုင်းတာဗျ။ ဘီလူးလည်းလိုက်မရပါဘူး.. အမိုက်မှောင်ဖုံးပြီး အကုသိုလ်ကြီးတဲ့ဒီဘီလူးက ဇင်းကျိုက်‌ဆံတော်ရှင်ဘုရားပေါ်တက်ရပါ့မလား။ အဲဒီလိုဘီလူးက ရွာမှာသူတစ်ယောက်တည်းကျန်ခဲ့ရင် အတော်ကိုစိတ်ဆိုးပြီး တွေ့သမျှအိမ်ပေါ်တက်နေတယ်။ ပြီးရင် သူစိတ်ထင်တိုင်း သောင်းကျန်းတော့တာပါပဲဆရာလေးရာ။”

“ဒါဆိုဘီလူးက ဘယ်သူမှမခိုင်းပဲ သူ့ဘာသာလုပ်နေတာကို။ ကျေးဇူးပါပဲအဘ ကျွန်တော်သိချင်တာလည်း ဒါပါပဲ.. အဘသွားလို့ရပါပြီ။”

ရွာတော်ရှင်အဘက နှုတ်ဆက်ပြီးပျောက်သွားသည့်အခါမှာတော့ သူရလည်း တည်ညိမ်သည့်ခြေလှမ်းတွေဖြင့် ရွာထဲကိုဝင်လာခဲ့လေ၏။ သူရ၏ပုံစံက အထက်ဆရာပုံစံမှန်းသိသာနေတော့ ရွာကလူတွေက မေးငေါ့ကာ ရွာသင်္ချိုင်းမှာတစ်ယောက်တော့ထပ်မြှုပ့်ရအုံးမယ်တူတယ်ဆိုသည့် စကားများကို သူရအားမကြားတကြားလေး ပြောလေ၏။ သို‌့သော် သူရကတော့ ဂရုမပြုပေ။ သူသွားစရာရှိတာကိုသာ သွားရင်း စောစောကမိန်းမကြီးများနှင့်ပြန်တွေ့လေ၏။

  “ဆရာလေးကြာနေလို့ ကျွန်မတို့တောင် ရွာအပြင်ပြန်ထွက်တော့မလို့… လာပါဆရာလေး.. ‌ကျွန်မအိမ်မှာတည်းမရတော့ ဒီကမအေးလဲ့အိမ်မှာ ခဏလိုက်နားပါအုံး။”

“မနားတော့ဘူး ဒေါ်ဒေါ်… ဒေါ်ဒေါ့်အိမ်ကိုသာလိုက်ပြပါ။ ကျွန်တော်အခုပဲ ဒီဘီလူးကိုနှင်ပ့ါမယ်။”

“ဟုတ်ကဲ့ပါဆရာလေး… ကြွပါဆရာလေး။”

သူရလည်းဆက်လျှောက်ခဲ့ကာ လမ်းအတော်ကွေ့ဝိုက်သွားအပြီး၌ ပျဉ်အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့၏။ သူရသည် အိမ်ခြံဝိုင်းကို ရပ်နေရာကမရွေ့ပဲ လက်ညိုးထိုး၍ စည်းတားလိုက်လေ၏။

  “ဒေါ်ဒေါ်တို့ဒီနားမှာစောင့်နေကြပါ.. အထဲကိုတစ်ယောက်မှပေးမဝင်ပါနဲ့… ဘာအသံကြားကြားအိမ်ထဲကိုလာမကြည့်ကြဖို့မေတ္တာရပ်ခံပါတယ်။ “

  “ဟုတ်ကဲ့ပါဆရာလေး။”

သူရသည် ဝိုင်းထဲကို ခြေစလှမ်းလိုက်တာနှင့် လေများကတရကြမ်းတိုက်ခတ်လေ၏။ သွပ်မိုးတွေကလည်း တဗြုန်းဗြုန်းမြည်ကာ ဝုန်းဆိုသည့်အသံနှင့်အတူ တခါးရွက်တစ်ခုက ပြုတ်ထွက်ပြီး သူရဆီတည့်တည့်ဝင်လာ၏။ မိန်းမကြီးများက လန့်ပြီးအမလေး တ ကာ မျက်လုံးကိုပိတ်လိုက်ကြ၏။ ခဏအကြာ ပြန်အဖွင့်ကြည့်မှာတော့ တံခါးရွက်တစ်ခုက သူတို့ရှေ့နားထိရောက်နေပြီး သူရက အိမ်အပေါ်ကို တက်နေတာကိုတွေ့မှ သက်ပြင်းချနိုင်ကြလေ၏။ အသံဗလံများကြား၍၎င်း၊ နှစ်တိုင်းဒုက္ခပေးနေသောအကောင်အား လာနှင်သည်ဟုကြားတာက၎င်းကြောင့် ရွာသူရွာသားများ ထိုဝိုင်းအရှေ့ကို စုပြုံလာကြည့်ကြလေ၏။

  သူရသည် အိမ်ပေါ်ကိုစတက်ခဲ့တာနှင့် အိမ်ကြီးက ငလျင်လှုပ်သလို ရိမ်းယိုင်လှုပ်ခါနေလေ၏။ သူရက တောက်တစ်ချက် ခတ်ပြင်းပြင်းခေါက်လိုက်မှသာ အိမ်ကနဂိုအတိုင်းညိမ်သက်သွားခဲ့လေ၏။ သူရသည် ဘီလူးကိုရှာနေစဉ် အဝတ်တွေ၊ ပန်းကန်တွေ ဇလုံတွေက သူရတည့်တည့်ကိုဝဲပျံ၍ လွင့်လာကြ၏။ သူရက လက်ညိုးထိုး၍ ဟဲ့ရပ်စမ်းဆိုမှ အကုန်အောက်ကိုပြုတ်ကျသွားခဲ့လေ၏။

  “အသင်ရှိတယ်ဆိုတာ ကျွန်ုပ်သိတယ်ဂန္ဓဗ္ဗနတ်ဘီလူး ကျွန်ုပ်အရှေ့ကိုထွက်ခဲ့လိုက်။”

  ထိုအခါ သူရ၏အရှေ့သို့ ပြိုးပြိုးပျက်ပျက်အလင်းရောင်များနှင့် နတ်ဘီလူးက ပေါ်လာလေ၏။ သူ၏လက်ထဲ၌လည်း ရွှေရောင်အစင်းရှိသည့် သန်လျက်ကိုကိုင်ဆောင်ထားကာ ခြေဆောင့်လက်ဆောင့်၍ သူရကိုမာန်မဲလေတော့၏။

  “အို လောကီဆရာအစုတ်… သင်နှင့်မဆိုင်လျှင် ဝင်မပါခြင်းက ကောင်းမည်ထင်တယ်။ ကျွန်ုပ်၏သန်လျက်က လောကီဆရာတွေကို မခုတ်ပိုင်းရတာကြာပြီ.. အသင်သေချင်က ရှေ့ကိုတိုးလော့။”

  “ဂန္ဓဗ္ဗနတ်ဘီလူးအနွယ်ဝင်ဖြစ်လျှက်နဲ့ လူသားကိုအကာကွယ်ပြုပြီး သင်က သင့်စိတ်ရှိတိုင်း လုပ်ချင်တာလုပ်ခွင့်ရှိမတဲ့လား။ သင်၏လုပ်ရပ်ကြောင့် အခြားသောဘီလူးမျိုးနွယ်တွေ သိက္ခာကျချေပြီ။ သင်၏မိုက်ပြစ်ကို ဝန်ချတောင်းပန်ပြီး ‌နတ်ပြည်ကိုပြန်မည်လော.. ပေးတဲ့ပြစ်ဒဏ်ကိုခံမည်လော။”

  “တယ်… ရာရာစစ… ဘာမဟုတ်တဲ့လူသားစုတ်က ငါလိုနတ်ဘီလူးမျိုးနွယ်ကို ငေါက်ချည်ငန်းချည်နဲ့ သေပေတော့။”

“ဒုန်း!!”

  နတ်ဘီလူးက သူ၏ခြေကိုဆောင့်ချလိုက်တာနှင့် သူရဆီကိုပြင်းထန်သည့်လှိုင်းတစ်ခုက ဝင်ဆောင့်လေ၏။ သို့သော်လည်းပဲ သူရ၏အကာရံက ပေါ်လာကာ ထိုအရာကိုဖျက်ဆီးပစ်ခဲ့၏။ သူရသည် လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုပစ်ချလိုက်သောအခါ ဘောင်းစည်းပုဝါများနှင့် ဂိုဏ်းစောင့်ဘီလူးတို့ဟာ ပေါ်လာခဲ့ကြပြီး နတ်ဘီလူးကိုဝင်ရောက်တိုက်ခိုက်လေ၏။

  ဂိုဏ်းစောင့်ဘီလူးတို့ကလည်း ဆူးတင်းပုတ်များဖြင့် ရိုက်နှက်ထုထောင်းကြပေမဲ့ နတ်ဘီလူး၏ကိုယ်ခန္ဓာက ကျောက်တုံးကျောက်ခဲပမာ သန်မာလှသောကြောင့် အချည်းအနှီးသာဖြစ်ချေ၏။ နတ်ဘီလူးက သန်လျက်ဖြင့် ခုတ်ပိုင်းသောအခါ ဂိုဏ်းစောင့်ဘီလူးတစ်ကောင်က ပျောက်သွားခဲ့ပြီး ‌ေြခဖြင့်စောင့်ကန်သောအခါ အလွန်ကြီးမားသောခွန်အားကြောင့် ဂိုဏ်းစောင့်ဘီလူးခမျှ လွင့်ထွက်သွားလေ၏။

  ထို့နောက် ဂိုဏ်းစောင့်ဘီလူးတို့က ‌နတ်ဘီလူး၏ ‌ခြေထောက်ကို တင်းပုတ်ဖြင့်ရိုက်သူကရိုက်၊ ကျောပြင်ကို ဝင်ရိုက်သူကရိုက်၊  ရင်ဘက်တည့်တည့်ကိုဝင်ရိုက်သူရိုက်ကြပါသော်လည်း နတ်ဘီလူးက ယိုင်သွားခြင်းပင်မရှိ။ နတ်ဘီလူးက စိတ်ဆိုးမာန်ဆိုးဖြင့် ဂိုဏ်းစောင့်ဘီလူးများကို ရိုက်ပုတ်ထုတ်လိုက်တာ အကုန်လုံးလွင့်ထွက်ပြီး ပျောက်ပျက်သွားကြလေ၏။

  သူရသည် ဂိုဏ်းစောင့်ဘီလူးများကြောင့် နတ်ဘီလူးသူ့အားသတိမမူခင်က အသက်သွင်းထားသော အချုပ်အင်းကို ဂိုဏ်းစောင့်ဘီလူးများ ပျောက်သွားတာနှင့် နတ်ဘီလူးထံကို ပစ်လွှတ်လိုက်၏။ နတ်ဘီလူးသည် သန်လျက်ကိုင်ထားသောလက်ဖြင့် ကာထားပေမဲ့ ‌အင်းပြားလေးက သူ့အရှေ့ကိုကျသွားလေ၏။ နတ်ဘီလူးက ငုံ့ကြည့်မိချိန် အင်းချပ်ပြားထဲကနေ ငွေမျှင်၊ ရွှေမျှင်ကြိုးတွေရ တစွက်စွက်ထွက်လာပြီး သူ၏လည်ပင်း၊ ရင်ဘက်၊ လက် ၊ခြေထောက်စသည့် ရစ်ပတ်ချည်နှောင်လိုက်လေ၏။

  ဘီလူးသည် ဘိုင်းခနဲလဲကျသွားသော်လည်း ဟိုလှိမ့်ဒီလှိမ့်ဖြင့် အတင်းရုန်းကန်လှုပ်ရှားနေလေ၏။ သူရသည် ဘီလူးကို မရုန်းနိုင်ဘူးထင်ထားသော်လည်း ဘီလူးက ခဏအကြာ တစ်ချက်ကျိန်းဝါးပြီး မတ်တပ်ရပ်ကာ ဂါးခနဲအော်ပြီး ခုန်ချလိုက်တာနှင့် ကြိုးတွေအကုန်ပြတ်ထွက်သွားလေ၏။ သူရသည် အံ့ဩခြင်းအမှုဖြစ်မိသွားကာ သူ၏ညာလက်သီးကိုဆုပ်လိုက်၏။ နဖူးနားကိုကပ်ကာ ဟဲ့ခနဲလက်ကိုဆန့်တန်းလိုက်ချိန်မှာတော့ သူရ၏လက်ထဲကနေ ရွှေရောင်ကြိုးအကြီးကြီးတစ်ချောင်းက နတ်ဘီလူးထံကို တည့်တည့်ဝင်သွားပြန်၏။

နတ်ဘီလူးက ဤတစ်ခါတော့ အမိမခံပဲ ကြိုးကိုသန်လျက်ဖြင့်ရိုက်ထုတ်လေ၏။ သူရ၏‌လက်ထဲက ရွှေရောင်ကြိုးကလည်း မြွေတစ်ကောင်လို ဘေးဘယ်ညာရမ်း၍ နတ်ဘီလူးထံကိုတိုးဝင်နေ၏။ တစ်ခါမှာတော့ နတ်ဘီလူးက ရွှေရောင်ကြိုးကို ရိုက်ထုတ်ပေမဲ့ ရွှေရောင်ကြိုးက သန်လျက်ကိုရစ်ပတ်လိုက်ကာ မြွေတစ်ကောင်လို တဖြည်းဖြည်း ဘီလူး၏ခန္ဓာကိုယ်ကို လျှင်မြန်စွာ ချုပ်နှောင်လိုက်၏။ ဘီလူးကလည်း ရုန်းပေမဲ့ ကြိုးကပိုပိုတင်းကျပ်လာပြီး ပူလောင်လာလေ၏။

သူရသည် အချိန်မဆိုင်းပဲ နှုတ်ကနေ “ဂန္ဓဗ္ဗနတ်ဘီလူးမျိုးနွယ်တို့ သင်တို့၏အမျိုးအနွယ်ထဲက အရိုင်းစိုင်းဘီလူးတစ်ကောင်သည် လူတို့အားဒုက္ခပေးနေပါသဖြင့် ယခုပင်လာရောက်ခေါ်ဆောင်ကြလော့.။” ဟု ခေါ်လိုက်သောအခါ ရွှေအိုရောင်အဆင်းတန်ဆာ နတ်ဘီလူးတို့သည် ရောက်ရှိလာကြကာ သူရချည်နှောင်ထားသော ဘီလူးကို နရင်းရိုက်၍တဖုံ၊ ကန်ကျောက်၍တဖုံ၊ ခေါ်ဆောင်သွားကြလေတော့၏။

  သူရလည်း နတ်ဘီလူးကို နှိမ်နင်းအပြီး၌ အိမ်ထဲကပြန်ထွက်လာတာ မိန်းမကြီးများကို အနှောက်ယှက်ကင်းကြောင်းပြောပြလိုက်လေ၏။ သို့သော်လည်း တစ်ညခန့်မျှ နေပေးရန်တောင်းဆိုသောကြောင့် သူရလည်းနေပေးသောအခါ အိမ်ကချောက်လန့်ခြင်းမရှိတော့တာမို့ သူရကိုကျေးဇူးတင်နေကြ၏။ ထိုရွာကလည်း သူရ၏ကျေးဇူးကြောင့် တစ်နှစ်တစ်ခါ သောင်းကျန်းသောအကောင် ပျောက်သွားတာမို့ ‌ကျေးဇူးတင်နေကြလေ၏။

  သူရက အားလုံးဖြေရှင်းပေးပြီး နောင်တစ်နံနက်စောစောမှာ ဇင်းကျိုက်တောင်ခြေကို ပြန်ရောက်လာခဲ့၏။ သူရက ဇင်းကျိုက်တောင်ပေါ်ကို တစ်ဦးတည်းတက်၍လာနေချိန် အဖြူရောင်ခေါင်းပေါင်း၊ တည်ကြည်လေးနက်သောမျက်နှာ၊ အေးချမ်းသောအပြုံးနှင့် လူတစ်ယောက်က သူ၏လက်ကိုနောက်ပြစ်၍ သူရကို စောင့်နေလေ၏။

  သူရသည် ထိုသူကိုမြင်တာနှင့် ခေါင်းကလေးငုံ့၍ အရှေ့ကိုသွားလိုက်ကာ ထိုင်ကန်‌တော့လေ၏။ ထိုသူက နှစ်လိုဖွယ်ကောင်းလှသော အပြုံးဖြင့်..

  “ငါဘာလို့ရောက်လာရတာလဲဆိုတာ မင်းသိမယ်ထင်ပါတယ်သူရ။”

  “ဟုတ်ကဲ့အဖဆရာသခင်.. ကျွန်တော့်ရဲ့ကျင့်ကြံသီလ အားလျော့မှုကြောင့် ဆရာသခင်ကိုယ်တိုင်လာရောက်အပြစ်ဒဏ်ပေးမယ်ဆိုတာ သိရှိထားပါတယ်။”

  “ကောင်းပြီ ဒါဆိုရင် ဒီနေ့ကစလို့ မင်းဟာအရူးတစ်ယောက်ဖြစ်သွားပြီ။ မင်းရဲ့ပညာကတော့ နဂိုအတိုင်းရှိနေပေမဲ့ မင်းရဲ့စိတ်ကတော့ ရူးနေရမယ်။ အရူးဘဝနဲ့ ၃နှစ်တိတိမင်းနေပေတော့။”

  သူရဟာ ကန်တော့လိုက်အပြီး၌ ပစ်ဒဏ်ကိုခံယူလိုက်လေ၏။ ထိုဝတ်ဖြူစင်ကြယ်နှင့်သူက သူရ၏ခေါင်းကို သူ၏ညာလက်နှင့် အသာအယာ ထိ‌‌လိုက်သည့်အခါမှာတော့ သူရတစ်ယောက် ခေါင်းတွေနောက်ကျီလာပြီး မူးဝေသွားကာ မေ့လဲကျသွားလေ၏။ သူရမေ့လဲသွားတာနှင့် ထိုဝတ်ဖြူစင်ကြယ်နှင့်သူဟာလည်း ပျောက်သွားလေ၏။ ထိုသူကတော့ သူရ၏ဆရာသခင်များ၏ ဆရာ ထွက်ရပ်ပေါက်ဝိဇ္ဇာမိုးထွန်းပင် ဖြစ်ပေ၏။

(မှတ်ချက်။ ယခုမိုးထွန်းက စာရေးသူ၏ ပထမဆုံးဇာတ်ကောင် အထက်လမ်းဆရာမိုးထွန်းဖြစ်ပါတယ်။ မှော်ဆရာလေးမိုးထွန်းမဟုတ်ပါခမျာ။)

  တောင်ပေါ်၌ တရားထိုင်ပုတီးစိပ်ကြသော စောသနှင့်ခွန်းသတို့သည် သူတို့၏နားထဲ၌ အထက်ဝိဇ္ဇာတစ်ပါး၏ အသံကိုကြားလိုက်ရ၏။

“စောသနဲ့ခွန်းသ မင်းတို့ဆရာသခင်သူရကို ငါကိုယ်တိုင်ပစ်ဒဏ်ပေးလိုက်ပြီ။ မင်းတို့နှစ်ယောက်က ကိုလုပ်စရာရှိတာကိုပဲ ဆက်လုပ်နေပါ။ မင်းတို့ဆရာ ပစ်ဒဏ်ကလွတ်ရင် မင်းတို့ပြန်ဆုံလိမ့်မယ်။”

  စောသနှင့်ခွန်းသသည် တရားထိုင် ပုတီးစိပ်နေရာကနေ ထလာကြကာ ထိုအသံကို ကြားကြကြောင်း တစ်ဦးကိုတစ်ဦးပြောလိုက်လေ၏။ ထိုအခါ သူတို့သည် ဆရာသခင်အတွက် စိတ်မကောင်းရုံမှတစ်ပါး အခြားမတတ်နိုင်ပဲ အဓိဌာန်ကိုသာပြန်လည်အာရုံစိုက်ရလေ၏။ တောင်‌ခြေကသူရကတော့ သတိပြန်ရလာချိန်၌ မြူးတူးခုန်ပေါက် အော်ဟစ်၍ ကခုန်ပြီး တောင်အောက်‌ကိုပြန်ဆင်းကာ ခြေဦးတည့်ရာသွားလေတော့၏။

  မကြာပါ တချို့ရွာများ၌ ဥပဓိရုပ်ချောလှသော ယောဂီရောင်အင်္ကျီပုဆိုးနှင့် သူရူးကလေးတစ်ယောက်ကို တွေ့လိုက်ကြရ၏။ ထိုသူရူးဟာ တစ်ခါတစ်ခါ ဆန်းကြယ်သောစကားများပြောခြင်းကြောင့် လူအများက ထိုသူရူးလေးကိုသဘောကျကျလေ၏။ ‌

   ရက်ပေါင်းလပေါင်းများစွာ စောသနှင့်ခွန်းသ အဓိဌာန်ဝင်၍ ပြီးဆုံးချိန်၌ သူရ၏ဆရာဖြစ်သည့် ဆရာကျော်နှင့်ဆရာတီးတို့က စောသတို့ညီအစ်ကိုကို ပညာအဆင့်တက်ပေးခဲ့လေ၏။ စောသနှင့်ခွန်းသလည်း ဇင်းကျိုက်တောင်က‌ဆင်း၍ သူတို့နှစ်ဦးတည်း ဂန္ဓာရီခရီးကို ဆက်လျှောက်ခဲ့ကြလေတော့သတည်း။

~~~~
ပြီးပါပြီ။

တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။

(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)