မကျည်းတောရွာမှငရဲည

နိုင်အောင် ဆုတောင်းနေကြ၏။ ဘမော်က ကွမ်းဝါးရင်း တင်ပလွှဲထိုင်သလို၊ ဖိုးတုတ်ကလည်း ဆေးလိပ်တုတ်ကြီးကိုဖွာရင်း တင်ပလွှဲထိုင်နေ၏။ ထို့နောက် ဖိုးတုတ်ကစလေ၏။

“မန်ကျည်းတောသားတွေ ဇရှိချက်က တောလည်ရင်း ကျားနဲ့ပက်ပင်းတိုးတာတောင် ခဲနဲ့လိုက်ထုခဲ့တာကွ။ ဘမော် မင်းတို့တစ်ပင်တိုင်သားတွေကတော့ ဟိုတနေ့က တို့ရွာက နီမ(ခွေး)လိုက်ဆွဲလို့ ပြေးကြရသေးဆိုကွ ဟေ။”

“ဟားဟားဟား။”

“မန်ကျည်းတောသား ကိုဖိုးတုတ်တဲ့ကွ။”

“ဟေးးးး။”

“ဖျောင်း!! ဖျောင်းဖျောင်းဖျောင်း!!!”

ဖိုးတုတ်၏ သာသာနှင့်နာနာနှပ်လိုက်သော စကားကြောင့် မန်ကျည်းတောရွာသူ၊ ရွာသားတွေက လက်ခုပ်တီးအားပေးကြကာ၊ တစ်ပင်တိုင်ရွာက တကယ်ခွေးလိုက်ဆွဲလို့ ထွက်‌ပြေးခဲ့ရသည့် ကာလသားတစ်စု ‌ဇာတ်ပုသွားကြလေ၏။ ဘမော်က ကွမ်းတစ်ချက်ထွေးပြီး…

“အေးကွာ မင်းတို့ရွာသားတွေ ဇရှိမရှိတော့ငါလည်းမသိဘူးကွ။ ဒါနဲ့ မင်းရွာကဘုရားဒကာကြီး ဟိုတလောက မိန်းမက ငရုတ်ကျည်ပွေ့နဲ့ထုလိုက်လို့ မြို့ထိဆေးတက်ကုရဆိုကွ ဟေ။”

“ဟေးးးးး။”

“တစ်ပင်တိုင်သား ကိုဘ‌မော်တဲ့ကွ။”

“ဖျောင်းဖျောင်းဖျောင်း။”

ဘမော်၏ ပြန်လည်ချေပသော‌စကားကြောင့် တစ်ပင်တိုင်ရွာသူ၊ ရွာသား‌တွေက အားပေးကြသလို၊ မိန်းမကငရုတ်ကျည်ပွေ့နဲ့ထုလိုက်လို့ မြို့ထိတကယ်ဆေးတက်ကုရသော ဘုရားဒကာကြီးခမျှ မျက်နှာကို ရှက်လွန်း၍အုပ်လိုက်လေ၏။ ဖိုးတုတ်က ဆေးလိပ်ကိုပြာခါချလိုက်ပြီး…

“အေးကွာ ဘုရားဒကာကြီးမြို့ဆေးတက်ကုရတယ်ဆိုကာမှ မင်းရွာကဘကြီးဘယ်သူဆိုလား ဝါးလုံးခေါင်းထဲ ဖွားဖက်တော်ကြီး ညပ်နေလို့ဆို အသက်ကြီးမှ‌တယ်ဆော့တာကို မင်းတို့ကမတားကြဘူးလားကွ ဟေ။”

“ဟားဟားဟားဟား။”

“ရွှီ !! ရွှီ။”

ဖိုးတုတ်၏ ပြန်ပစ်လိုက်သောစကားကြောင့် မန်ကျည်းတောရွာသူ၊ ရွာသားတွေ ခွက်ထိုးခွက်လန်ရယ်ကုန်ကြ၏။ ဘမော်ကလည်း ကွမ်းကို နောက်တစ်ယာထုတ်ဝါးကာ…

“အေးကွ ဆော့တယ်လို့ပြောခါမှ မင်းရွာကကြီးတော်ဘယ်သူဆိုလား ၁၈နှစ်ကောင်လေးနဲ့ လိုက်ပြေးလို့ဆို အသက်ကြီးမှတယ်ဆော့တာကို မင်းတို့ကမတားကြဘူးလားဟ။”

“ဟေးးးးးးး.။”

“ဖျောင်း‌ဖျောင်းဖျောင်း။”

ဘမော်၏ စကားကြောင့် တစ်ပင်တိုင်ရွာသားများ ခွက်ထိုးခွက်လန်ရန်ကြပြန်၏။

” ဒါနဲ့ မင်းတို့ရွာကနွားကျောင်းသားက နွားတွေကိုပြန်ခိုးလို့ဆို ဟား မင်းတို့ရွာပိုင်ပါ့ကွ သူခိုးတောင်အမွဲမခံကြဘူး။”

“နွားဆိုကာမှ မင်းတို့ရွာသားတစ်ယောက် ကလေးသုံးယောက်အမေကြီးနဲ့ လိုက်ပြေးလို့ဆို ပိုင်ပါ့ကွာ မင်းတို့ရွာသားပခုံးကောင်းလိုက်ပုံများ။”

ဖိုးတုတ်နှင့် ဘမော်တို့၏ စကားရည်လုပွဲက အရှိန်မြင့်တက်လာခဲ့၏။ တဖက်ကပြောသောစကားကို တဖက်ကပြန်ချေပနိုင်တာကြောင့် အနိုင်အရှုံးက သန်းခေါင်ကျော်သည်အထိ မပေါ်ကြ‌သေးပေ။ သို့သော် စကားရည်လုပွဲကြည့်နေသူများကတော့ ပြန်ဖို့ပင်မဆိုထား ယုတ်ဆွအဆုံး အပေါ့ပင်ထမပေါက်ကြ။ စိတ်ဝင်တစား ကြည့်နေကြ၏။

“ဖိုးတုတ်ရေ ငါမသိလို့မေးပါအုံးမယ်ဟ။ မင်းကုသလိုရုပ်ခံနဲ့ စပါးကုန်သည်ကြီးကို မင်းတို့ရွာကကွမ်းတောင်ကိုင်ရဲ့မိဘတွေ ရွှေနားဖောက်တာ ဟိုက အကြောက်ကန်မယူနိုင်ဘူးဆိုကွ ဟေ။ ဘာလို့တဲ့တုန်းဟ။”

ဘမော်၏ စကားကြောင့် မန်းကျည်းတောရွာက ကွမ်းတောင်ကိုင်လေးခမျှ အလွန်ရှက်သွားလေ၏။ ဖိုးတုတ်ကလည်း ခတ်မဲ့မဲ့ကလေးပြုံး၍…

“ပြောမပြောချင်ပါဘူးကိုယ့်လူရယ်.. မင်းတို့ရွာကအပျိုကြီးက အဲဒီကုန်သည်ကိုမှမရရင် အဆိပ်သောက်သေမယ်လုပ်နေလို့တဲ့ကွ။ ငါ့ရွာသူက သူ့မိဘတွေအတင်းလုပ်တာ သူ့ဆန္ဒမပါဘူး။ မင်းတို့ရွာကအပျိုကြီးက တော်တော်ဖြစ်နေပုံရတယ်ကွ နော်။” ဟု ပြန်လည်လှောင်ပြောင်သောကြောင့် တစ်ပင်တိုင်ရွာသူအပျိုကြီးခမျှ အလွန်ရှက်သွားလေ၏။

“အဲဒါတော့ငါမသိဘူးကိုယ့်လူရေ မင်းတို့ရွာကစပါးတွေ အထွက်တိုးချက်က နို့ဆီခွက်နဲ့တောင် အပြည့်ရဆိုကွ ဟေ။”

ဖိုးတုတ်ကလည်းမခံ ပြန်ပြော၏။

“အေးကွာ တို့ရွာစပါးအထွက်နည်းလိုက်ပုံများ မင်းတို့ရွာသားတွေ နွားခိုးရောင်းသလောက်တောင် မရပါဘူးကွာ။”

ဖိုးတုတ်၏ စကားက တည့်တည့်ကိုထိသွားပုံရ၏။ ဘမော်သည် တွေဝေသွား၏။ ခဏကြာမှ..

” မထင်နဲ့ကိုယ့်လူရေ တို့ရွာနွားခိုးရောင်းတာက မင်းတို့ရွာသူကြီး လမ်းပြင်မယ်ဆိုပြီး အလှူခံတဲ့ငွေနဲ့ သူ့မိန်းမရွှေဆင်သလောက်ရတာမဟုတ်ဘူးဟေ့။”

ဖိုးတုတ်သည် အနည်းငယ်ဒေါသထွက်သွားသောကြောင့် ပြန်ထိန်းလိုက်၏။

“တို့ရွာသူကြီးရွှေဝယ်တာကလည်းကွာ မင်းတို့ရွာက ဓားမြတိုက်လို့ရလာတဲ့ရွှေလောက် မကောင်းပါဘူး ရွှေရည်ရွှေသွေး တယ်ညံ့သကိုးကွ ဟေ။”

ဘမော်သည် လုံးဝသည်းမခံနိုင်တော့ ဖိုးတုတ်၏အင်္ကျီကို ထပြီးဆွဲဆုပ်လိုက်သောကြောင့် နှစ်ရွာလုံးက ပရိတ်သတ်တွေ အကုန်ထလာကြ၏။

“ဟေ့ကောင်ဖိုးတုတ် မင်းမိုက်ရိုင်းလှချည်လား ငါ့ရွာကိုမင်းက သူခိုးဓားမြရွာလို့ပြောတာလား။”

“ဘမော် မင်းငါ့အင်္ကျီစကိုလွှတ်လိုက်‌ မင်းငါ့ကိုစကားပြန်မချေပနိုင်ပဲ ရန်လုပ်ကတည်းက မင်းတို့ရွာရှုံးပြီ။ ဖယ်စမ်း။”

ဖိုးတုတ်က ဘမော်၏လက်ကို ဖြတ်ရိုက်လိုက်၏။ ဘမော်က ပြေးထိုးမည်အလုပ် သူ၏တစ်ပင်တိုင်ရွာသားများက ပြေးဆွဲကြကာ”လာပါကိုဘမော်ရယ် သူပြောသလို ကျုပ်တို့ရှုံးသွားပြီဗျ။ ပြန်ရအောင်ပါဗျာနော်။”ဟု ဆွဲ၍ ခေါ်သွားကြ၏။ ဘမော်က ဖိုးတုတ်ကိုလက်ညိုးထိုး၍ စိုက်ကြည့်ကာ ပါသွားခဲ့၏။ တစ်ပင်တိုင်ရွာသူ၊ ရွာသားတွေထွက်သွားကြချိန်၌ မန်ကျည်းတောရွာက လူတွေသည် ဖိုးတုတ်ကို ဂုဏ်ပြုချီးမွမ်းနေကြ၏။ ထိုအချိန်မှစ၍ ဖိုးတုတ်ဆိုလျှင် မန်ကျန်းတောရွာသူတွေက သည်းသည်းလှုပ်၊ ကျွေးမည့်မွေးမည့်အိမ်ဆိုတာလည်း ဖိုးတုတ်ကိုမြင်ရင် အတင်းခေါ်ကျွးကြ၏။

တစ်ပင်တိုင်ရွာအား သူတို့နိုင်လိုက်ခြင်းက ရွှေပုံကြီးရတာထက် ပျော်နေကြ၏။ တဖက်က တစ်ပင်တိုင်ရွာကတော့ ကြိတ်မနိုင်ခဲမရတွေ ဖြစ်ကုန်ကြ၏။ ဘမော်အား အပြစ်မတင်ကြသော်လည်း အရင်လောက်လေးစားမှုမရှိကြတော့တာကို ဘမော်သိ၏။ သူကိုယ်၌လည်း ဒေါသတွေထွက်ကာ ဖိုးတုတ်အပေါ်တွင် အငြိုးကြီးငြိုးနေတော့၏။

ဖိုးတုတ်သည် လူမိုက်ဆိုသော်ငြားလည်း ကြီးနိုင်ငယ်ညှင်းလုပ်တတ်သူမဟုတ်သလို မူးလာလျှင်လည်း မည်သူ့ကိုမှ ရန်ရှာသူမဟုတ်ပေ။ လူမိုက်ဖိုးတုတ်ဘွဲ့ကိုရလာရခြင်းကလည်း သူ၏အမိနှင့်နှမ သေဆုံး၍ စိတ်များထွေနေသည့်အချိန် တစ်ပင်တိုင်ရွာသားငါးယောက်နှင့် ‌ဆုံမိကြပြီး သူသေကိုယ်သေဆိုကာ စိတ်ရိုင်းဝင်၍ ချလိုက်ရာ၌ ဖိုးတုတ်က ထိုငါး‌ယောက်လုံးကိုအမှောက်သိပ်နိုင်ခဲ့ခြင်းကြောင့် လူမိုက်ဘွဲ့ရရှိခဲ့ခြင်းဖြစ်၏။ နောင်များအခါ၌လည်း မဟုတ်တာကို လက်ပိုက်မကြည့်တတ်သူပေမို့ ရန်ပွဲများစပ်လာခဲ့ကာ တပည့်ခံသူများရလာခြင်းကြောင့် ဖိုးတုတ်ဆိုလျှင်ဖြင့် တစ်ရွာလုံးက အနည်းနှင့်အများ လန့်ကုန်ကြ၏။

တစ်နေ့သ၌ဖိုးတုတ်သည် အိမ်ရှေ့ကွပ်ပျစ်ပေါ် အရက်သောက်၍ ထိုင်နေစဉ် သူ၏အဘက ရွာဦးကျောင်းကိုဆွမ်းပို့၍ ပြန်လာခဲ့သည်။ သူ၏အဘ ဦးဖိုးသန်းသည် ခြံထဲကိုဝင်ဝင်ခြင်း ကွပ်ပျစ်၌ အရက်သောက်နေသော သားဖြစ်သူကိုကြည့်၍ သက်မတစ်ချက်ချကာ ဖိုးတုတ်ထိုင်သည့်ကွပ်ပျစ်ပေါ် ဝင်ထိုင်လိုက်လေ၏။

“သားဖိုးတုတ် မင်းမလည်းကွာ မနက်မိုးလင်းလာရင် ဒီအရက်နဲ့ပဲနှစ်ပါးသွားနေတော့တာ။ ‌လယ်ထဲလည်းပြန်ဆင်းပါအုံးဟ။”

“အဘရယ် ကျုပ်လည်းလယ်ထဲကိုပြန်ဆင်းချင်တာပေါ့ သူများကိုအငှားချထားတာက ကျုပ်တို့ဖို့စားနိုင်သောက်နိုင်ရုံဆိုတာ ကျုပ်သိပါတယ်။ ဒါပေမဲ့ဗျာ ကျုပ်လယ်ထဲဆင်းတိုင်း အမြဲပေါင်းနှုတ်လိုက်တတ်တဲ့ညီမလေးနဲ့ ထမင်းအမြဲလာပို့တဲ့အမေ့ကို သတိရတယ်ဗျာ။ သတိရရင် ကျုပ်ကငိုမိရောဗျ။”

“သားရယ်…. သမီးငယ်နဲ့မတုတ်လည်း ဆုံးသွားတာ ကြာပြီပဲကွယ်။ အဖေလည်း သမီးနဲ့ဇနီးတစ်ယောက်လုံးဆုံးသွားတော့ ကမ္ဘာကြီးပျက်မတတ်ကို ခံစားခဲ့ရတာပေါ့ကွာ။ ဒါပေမဲ့ တို့ဂေါတမဘုရားရှင် ဟောကြားခဲ့သလို တွေ့ဆုံကြုံကွဲ ဘယ်အရာမှမတည်မြဲချင်ပဲ၊ ဖြစ်ပြီးပျက်မယ်၊ ပျက်ပြီးရင်ပြန်ဖြစ်မယ် ဒီသံသရာကြီးက လည်နေတာပါသားရာ။ တရားနဲ့သာဖြေပါကွယ်၊ မင်းရဲ့ဒီဘုရားမကြိုက်၊ မိဘမကြိုက်တဲ့ အရက်ကိုသောက်ပြီးတော့တော့ မဖြေပါနဲ့ကွာ။ ငါ့သားအတွက်အဖေက ပြောပြတာပါ။”

ဦးဖိုးသန်းသည် ဖိုးတုတ်အားဆုံးမပြီး အိမ်ထဲကိုဝင်သွားခဲ့လေ၏။ ဖိုးတုတ်က အရက်ကိုဆက်သောက်ရင်း ဖခင်၏ဆုံးမစကားကို ပြန်လည်တွေးတောရင်း ညိမ်နေခဲ့လေ၏။ တစ်နေ့သ၌ဖိုးတုတ်သည် သူ၏လယ်များသို့မရောက်တာကြာပြီဖြစ်၍ ထွက်လာခဲ့လေ၏။ သူ၏လယ်များ၌ အငှားချထားသူတို့က ‌ဆောင်းနှမ်းများစိုက်ထားကြလေ၏။ ဖိုးတုတ်သည် လယ်များကိုကြည့်ရှူ့ရင်းရပ်နေချိန်၌ သူ၏လက်ကိုတစ်စုံတစ်ယောက်က ဆွဲလိုက်သောကြောင့် ကြည့်လိုက်ရာ၌ ရွာထဲကသူ၏သူငယ်ချင်းသား လပြည့်ကလေးဖြစ်နေ၏။

“ဟာ လပြည့် ဘယ့်နှယ့်လုပ် ရွာအပြင်ထွက်လာတာလဲကွ။”

“ဦးဦးဖိုးတုတ်ကို မေရီးတုတ်က ဒီရက်ပိုင်းထဲ ရွာကနေထွက်သွားပါတဲ့၊ ရွာကိုသရဲကြီးတွေက ဖျက်ဆီးတော့မယ်လို့ပြောခိုင်းလိုက်လို့ သားကလာပြောတာဗျ။”

ဖိုးတုတ်တစ်ယောက် မျက်လုံးမျက်ဆန်ပြူးသွားခဲ့ရ၏။ လပြည့်ကလေးသည် သူ၏အမေအား မေရီးတုတ်ဟု အမြဲခေါ်ဝေါ်ခြင်းကြောင်း ယခုသူ၏အမေက သူ့ကိုစကားအမှာတော်ပါးလိုက်ခြင်းဖြစ်၏။ ဖိုးတုတ်သည် ထိုင်ချလိုက်ကာ လပြည့်လေး၏ လက်မောင်းနှစ်ဖက်ကို ကိုင်လိုက်လေ၏။

“သားလပြည့် မေရီးတုတ်က မရှိတော့ဘူးလေကွာ။ မင်းသုံးနှစ်တည်းကဆုံးသွားတာကွ။”

“ဟာ ဦးဦးဖိုးတုတ်ကလည်းဗျာ၊ သားသားကတကယ်တွေ့ခဲ့တာဗျ။ မေရီးတုတ်ကလေ အခုတော်တော်လှနေတယ်, သားကဘုရားမှာဆော့နေတုန်း ဦးဦးဖိုးတုတ်ကို သူပြောတာ သွားပြောချည် ငှက်ပျောသီးကျွေးမယ်ဆိုလို့ လာပြောတာ၊ ဒီမှာကြည့်ပါ့လား မေရီးတုတ်ကျွေးတဲ့ငှက်ပျောသီး။”

လပြည့်လေးက သူတကယ်တွေ့ခဲ့ကြောင်း သက်သေနှင့်ပြနေ၏။ ဖိုးတုတ်တစ်ယောက် ငှက်ပျောသီးများကိုယူကြည့်လိုက်သောအခါ သာမန်ငှက်ပျောသီးများ၌ အဝါရောင်တောက်သော်လည်း ထိုငှက်ပျောသီးသည် ရွှေအိုရောင်ဘက်ကိုသန်းနေ၏။ ဖိုးတုတ်လည်း လပြည့်ကလေးအားခေါ်၍ ရွာထဲပြန်ဝင်လာခဲ့ကာ ဆေးဆရာကြီး ဦးဘိုးမြိုင်အိမ်သို့ ‌သွားလိုက်လေ၏။ ဦးဘိုးမြိုင်က ဖိုးတုတ်ပြောတာကို အသေအချာနားထောင်ကာ ခေါင်းတညိမ့်ညိမ့်လုပ်နေ၏။

“အေးကွ ဒီလိုဆိုမင်းအမေက မင်းကိုသတိပေးတာထင်တယ်။ ဒီအတိုင်းတော့နေလို့မရဘူး ငါတို့တစ်ခုခုလုပ်မှရမယ်ထင်တယ်။”

“ကျုပ်ကတော့ ကိုယ်လွတ်ရုန်းပြီး ထွက်မသွားနိုင်ဘူးဆရာကြီးရာ။ ကျုပ်ရွာကိုကယ်ဖို့ဆို ကျုပ်အသက်ပဲပေးရပေးရ ဘာမဆိုလုပ်ပြစ်မယ်။”

“မင်းမှာဒီလိုစိတ်ဓာတ်ရှိတာငါ‌ဝမ်းသာတယ်ကွာ။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ငါတို့အနေနဲ့ကြိုတင်ကာကွယ်ထားမှ တော်ကာကြမယ်။”

“ဒါဆိုဆရာကြီး ကျုပ်တို့သူကြီးကိုသွားပြောပြီး တစ်ရွာလုံးကိုကြေညာလိုက်ရမလား။”

“ဟာ အဲဒီလိုလုပ်မရဘူးကွ။ ငါတို့ဒီတိုင်းလိုက်ပြောရင်ဘယ်သူကယုံမှာလဲဟ။ မင်းနဲ့ငါနဲ့ ရွာခြံစည်းရိုးတိုင်တွေမှာ အကာရံအင်းတွေလိုက်မြှုပ့်မယ်၊ တော်ရုံတန်ရုံအကောင်ကတော့ ရွာထဲဝင်နိုင်မှာမဟုတ်ဘူး။”

“ဒါဆိုလည်းခုလုပ်ဗျာ ‌ကြာတယ်။”

“အခုလုပ်မရသေးဘူး။ ညကြမှ မင်းငါ့ဆီလာခဲ့။”

“ကောင်းပြီဗျာ။”

ဤသို့ဖြင့် ညရောက်လေသောအခါ ဖိုးတုတ်နှင့် ဆေးဆရာဦးဘိုးမြိုင်တို့ အကာရံအင်းများကို ရွာခြံစည်းရိုးတိုင်ခြေများ၌ လိုက်လံမြှုပ့်ကြလေ၏။ ဤသို့အင်းတွေလိုက်မြှုပ့်ပြီး သုံးရက်အကြာ ညသန်းခေါင်၌ ကလေးသူငယ်များ အကြောင်းမဲ့ထငိုကုန်၏။ ကလေးများက မည်သို့ပင်ချော့ချော့ အငိုမတိတ်ကြ။ အနည်းငယ်ကြီးနေသောကလေးများက “သ.ရဲကြီး.. ကြောက်တယ်.. အမေရေ…အဖေရေ။”ဟု အော်ဟစ်ငိုကြလေ၏။ အစပထမည၌ ကလေးတွေအော်ငိုခြင်းအား သာမန်ဟုထင်ခဲ့သော်လည်း ညတိုင်းနီးပါးဖြစ်လာခဲ့၏။ ပို၍ထူးဆန်းတာက ရွာထဲ၌ရှိသော ခွေးလေခွေးလွင့်များက နေဝင်ပြီဆိုတာနဲ့ ရွာထဲ‌ကနေ တအီအီအသံပြု၍ ထွက်သွားကြ၏။ နေ့စဉ်ရက်ဆက်ကလေးတွေကငိုနေသလို၊ ခွေးတွေကလည်း‌ နေဝင်တာနဲ့ ရွာထဲ၌မနေကြတော့ပေ။

ဤသို့ဖြင့် တစ်ညသောအခါ၌ မန်ကျည်းတောရွာက ဦးတင်မောင်ဝင်းသည် ခြံထဲ၌ထိုင်နေရင်း သူ၏အိမ်ရှေ့ကဖြတ်သွားသော လူအုပ်ကြီးကိုမြင်လိုက်ရ၏။ ရွာ၌အကြောင်းတစ်ခုခုထူးတာနဲ့တူတယ်လို့ ထင်သွားကာ အပြေးကလေးထလာပြီး အပြင်သို့အထွက် မည်သည့်လူတစ်ယောက်ကိုမျှမမြင်ရတော့ပေ။ ရွာလမ်းမကြီးဟာ ဟိုဘက်ထိပ် ဒီဘက်ထိပ် မြင်နေရတာကြောင့် ပျောက်စရာအကြောင်းမရှိ။ လမ်းအဖြောင့်လည်းဖြစ်တာကြောင့် ချိုးဝင်စရာလမ်းလည်းမရှိ။ ခေါင်းကိုကုတ်ကာ ခြံအတွင်းပြန်ဝင်၍ သူများအမြင်မှားသလားဟုထင်နေမိပြန်သည်။ နောင်ရက်များ၌ ရွာထဲကနေ ညညကြ လူအုပ်ကြီးက သွားလာနေတာကို မြင်လိုက်ရသူတွေ များလာခဲ့၏။

‌ဤသို့လူအုပ်ကြီးများကိုမြင်၍ တစ်ပတ်ခန့်အကြာမှာတော့ ညသန်းခေါင်ကျော် အော်သံကြီးတွေကြားလိုက်ကြရ၏။ ကာလသားတွေက မီးတုတ်ဆွဲ၍ အော်သံကြားသောအိမ်ကို ပြေးထွက်လာကြ၏။ ထိုအထဲမှာ ဖိုးတုတ်က ရှေ့ဆုံးဆိုတာ ပြောရန်ပင်မလိုပေ။

“ဗျို့အရီးရေ အရီးလေးစန်းရီ ဘာဖြစ်ကြတာလဲဗျ။”

အိမ်ထဲကနေ အရီးလေးမစန်းရီဆိုသူနှင့် သူ၏မြေး၊ သမက်၊ ချွေးမတို့ ပြေးထွက်လာကြ၏။

“ကယ်ကြပါအုံး… သ….သရဲကြီး ငါ့မြေးလေးကို ဆွဲနေတာ။ ”

“ဗျာ… သရဲဟုတ်လား။”

အရီး‌စန်းရီ၏ သမက်က ..

“ဟုတ်ပါတယ်‌ဗျာ ကျုပ်တစ်သက်နဲ့တစ်ကိုယ်ဒီတစ်ခါပဲသရဲကိုမြင်ဖူးသေးတယ်။ တစ်ကိုယ်လုံးအမွှေးမည်းကြီးတွေနဲ့ဗျာ ခန္ဓာကိုယ်ကြီးကလည်း မျောက်ဝံကြီးကျနေ‌တာပဲ။ မျက်နှာကြီးဆိုတာ လောက်တွေတဖွားဖွားနဲ့ဗျာ။”

“သေချာရဲ့လားဗျာ။”

ထိုအခါ အရီးစန်းရီ၏ သမီးက…

“သေချာပါတယ်တော်… ကျုပ်ကသားလေးကိုထမင်းကျွေးနေတုန်း အိမ်ပေါက်ကနေ အဲဒီမည်းမည်းအကောင်ကြီးတက်လာပြီး သားလေးကိုဆွဲပြေးတာ ကျွန်မတို့လန့်အော်လိုက်တော့မှ သူ့ကိုလွှတ်ပြီး ထွက်ပြေးသွားတာ။”

ထိုစဉ် အော်သံကြီးတွေကိုကြားလိုက်ကြရပြန်၏။ ကာလသားတွေလည်း အော်သံကြားတဲ့ဘက်ကိုပြေး၍ ထိုအိမ်ရှေ့‌ကနေအော်ကြပြန်၏။

“‌ဗျို့ ကိုဟန်မြင့်။”

ကိုဟန်မြင့်ဆိုသူက လက်မှာလည်းသွေးတွေကျလျှက် သူ့မိန်းမကိုဆွဲ၍ပြေးထွက်လာ၏။

“ငါ့…ငါ့ကို သ….သရဲကိုက်သွားတာ လုပ်ကြပါအုံးကွာ။”

“ဟာ .. သရဲကိုက်သွားတာ။”

ကိုဟန်မြင့်၏လက်၌ အစွယ်ရာကြီးတွေနဲ့ကိုက်ခံထားရတာကိုအကုန်လုံးမြင်လိုက်ကြရ၏။

“တကယ်ကိုက်သွားတာ။ ငါကပြတင်းပေါက်ထပိတ်တာ အဲဒီမှာကွာ သရဲကငါ့လက်ကိုလှမ်းဆွဲပြီး ကိုက်ပြစ်လိုက်တာပဲ။ ငါလည်းကြောက်အားလန့်အားနဲ့ အော်ပစ်လိုက်တာ။ မင်းတို့ပြေးလာတော့ သရဲက ဟိုခြံစည်းရိုးခုန်ကျော်ပြီး ပြေးသွားပြီကွ။”

“တို့ရွာတော့ ဘာတွေဖြစ်နေတာလဲကွာ။”

ထိုစဉ် အော်သံတွေဆက်လက်ထွက်ပေါ်လာပြန်၏။ သရဲကိုက်သွားသူနှင့် သရဲဆွဲချခံရသူ၊ သရဲကသတ်သွားသူများ၊ သရဲကပါးရိုက်သွားသူများ၊ သရဲကလည်မျိုကိုနင်းခံရသူများ အမျိုးမျိုးသောချောက်လန့်ခံကြရလေ၏။ တစ်ရွာလုံးလည်း ကိုယ့်အိမ်ကိုယ့်ယာမှ မနေရဲကြတော့ပဲ ရွာဦးဘုန်းကြီးကျောင်းထဲ ထိုညကဝင်နေကြ၏။ တချို့ရွာသူ၊ရွာသားတွေက ဘုရားပေါ်သို့ တက်နေကြ၏။ ရွာထဲ၌ လူတစ်‌ဦးတစ်ယောက်မျှမရှိသော်လည်း အိမ်တိုင်း‌လိုလို အသံဗလံတွေ၊ အရိပ်မည်းကြီးတွေက သွားလာလှုပ်ရှားနေကြလေ၏။ နံနက်မိုးလင်းသောအခါ ကိုယ့်အိမ်ကိုယ်ပြန်ကြချိန်၌ တစ်အိမ်လုံးရှုပ်ပွနေတာတွေ၊ ဟင်းတွေထမင်းတွေထည့်ထားသည့် အိုးတွေပန်းကန်တွေက ဆေးကြောထားသည့်အတိုင်းပြောင်နေတာတွေ၊ ပစ္စည်းများဖျက်ဆီးခံရတာတွေကို မြင်လိုက်ကြရ၏။

တချို့ရွာသူရွာသားများသည် ချက်ချင်းလှည်းကောက်၍ သူတို့အမျိုးများရှိရာရွာကို ပြောင်းပြေးကြလေ၏။ တချို့ကြ သူကြီးကိုအားကိုး၍ ‌ဆက်လက်နေနေကြ၏။ ဖိုးတုတ်နှင့် ဆေးဆရာကြီးဦးဘိုးမြိုင်တို့ သူကြီးအိမ်အား ‌ရောက်လာခဲ့ကြကာ သူတို့သိထားသောအရာမှန်သမျှ မချွန်းမချန်ပြောလိုက်လေ၏။

“တောက်!! မင်းတို့ကွာ အစောတည်းကသိနေရင်လည်း ငါ့ကိုလာပြောကြပါ့လား။ အခုတော့ရွာမှာ မဖြစ်သင့်တာဖြစ်ကုန်ပြီ။”

“ကျုပ်တို့ဒီတိုင်းလာပြောရင် ဘယ်သူကယုံမှာလည်းသူကြီး ခင်ဗျားသေချာစဉ်းစားပြီးမှအပြစ်တင်… အခုကျုပ်တို့ဘာဆက်လုပ်ကြမလဲ။”

“ငါတော့ အထက်လမ်းဆရာတစ်ယောက်ကို ရှာပြီး ရွာမှာရှိတဲ့သရဲတွေကိုမောင်းထုတ်လိုက်ချင်တယ်။ အထက်လမ်းဆရာကောင်းကောင်း ဘယ်မှာရှိလဲ မင်းတို့သိလား။”

ဖိုးတုတ်က ဆေးဆရာကြီးကိုကြည့်၍..

“ဆရာကြီး ခင်ဗျားရော မောင်းမထုတ်နိုင်ဘူးလား။” ဟု မေးလိုက်လေ၏။

“ငါတို့ကာထားတဲ့အကာရံတောင် ချိုးဝင်လာကြတဲ့ကောင်တွေလေကွာ ငါဘယ်နှယ့်‌လုပ်နိုင်မတုန်းဟ ဖိုးတုတ်ရ။”

“ဟုတ်သားပဲနော်။”

“ငါသိပြီ။ ဖိုးတုတ် မင်း မောင်းတထောင်းရွာကိုသွား ဖိုးသူတော်ကြီးဦးလူလှကို အကျိုးကြောင်းပြောပြပြီး ခေါ်ခဲ့ကွာ။ ”

“သူကြီးရာ မောင်းတထောင်းရွာကနီးနီးလေးကျနေတာပဲ။ လှည်းကို‌ရိုင်ဖယ်ကျည်ဆံလို အမြန်နှုန်းနဲ့မောင်းရင်တောင် ဟိုကိုချက်ချင်းမရောက်ဘူးဗျ။”

“ဟေ့ကောင် မင်းစကားတတ်တိုင်း ငါ့ကိုပြန်ခံမပြောနဲ့ မောင်းတထောင်းရွာကိုအခုသွား… မင်းပြောတဲ့ရိုင်ဖယ်ကျည်ဆံထက် မြန်အောင်မောင်း.. ပြီးရင် ဖိုးသူတော်ကြီးကိုခေါ်လာခဲ့ သွားကွာ။”

ဖိုးတုတ်လည်း သူကြီးကိုပြန်ခံမပြောချင်တော့တာနှင့် သူ၏လှည်းကိုအိမ်၌ဝင်ယူ၍ မောင်းတထောင်းရွာကိုထွက်လာခဲ့၏။ မောင်းတထောင်းရွာသည် အလွန်ဝေးသောကြောင့် နေ့ချင်းပြန်ဖို့ဆိုတာမဖြစ်နိုင်ပေ။ အတက်အဆင်းလမ်းတွေရှိသောကြောင့် အနည်းဆုံးတစ်ညအိပ်၍ ပြန်လာရင်တောင် နေ့လယ်လောက်မှ ရွာကိုပြန်ရောက်မည်ဖြစ်၏။ ဖိုးတုတ်တစ်ယောက် မောင်းတထောင်းရွာကိုထွက်သွားချိန်၌ သူကြီးက ဖိုးတုတ်ပြန်လာမည့်အချိန်ကို သိနေသောကြောင့် ညရေးညတာ သတိရှိရှိအိပ်ကြဖို့မှာကြားကာ ပရိတ်ရေ၊ ပရိတ်ကြိုးများကို အိမ်တိုင်းစေ့ပေးထားခဲ့၏။ တချို့များက ပရိတ်ကြိုးကိုဖြတ်၍ လည်ပင်း၌ဆွဲကြသလို၊ တချို့က လက်ကောက်ဝတ်၌ ပတ်ထားကြ၏။

ဖိုးတုတ်သည် မောင်းတထောင်းရွာသို့ နေဝင်မိုးချုပ်မှရောက်လာခဲ့၏။ ရွာဦးကျောင်းကိုသွား၍ ဆရာတော်အားအကျိုးကြောင်းလျှောက်တင်သောအခါ ဆရာတော်ကြီးက ဖိုးသူတော်ကြီး၏ ဆန္ဒကိုမေးလေ၏။ ဖိုးသူတော်ကြီးသည် သူမနိုင်ဘူးဟုဆိုလေ၏။ မနိုင်တာကို သွားရောက်စမ်းမိလျှင် ပို၍ဆိုးကုန်‌မည်ဖြစ်ကြောင်း ရှင်းပြ၏။ ထို့နောက် ဖိုးသူတော်ကြီးက…

“ငါကမနိုင်ပေမဲ့… ကျောင်းရောက်နေတဲ့ဆရာတွေက နိုင်မယ်ထင်တယ်။ မင်းမေးမြန်းကြည့်ပေါ့ဖိုးတုတ်ရာ။” ဟုဆိုသောကြောင့် ဖိုးတုတ်လည်း ယောဂီဝတ်နှင့် လူငယ်သုံးဦးထံသွား၍ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်သောအခါ ခေါင်းပေါင်းနှင့် တည်ကြည်ခန့်ငြားလှသော လူငယ်က ဤသို့ပြောလေ၏။

“ကိုဖိုးတုတ်ပြောပုံအရဆို အဲဒါသင်္ချိုင်းမြေနဲ့စုန်းကတိုက်တာဗျ။”

“ဘယ်လိုမျိုးများလဲဆရာလေးရယ်။”

“ဒီလိုဗျ ကိုဖိုးတုတ်တို့ရွာက သင်္ချိုင်းမြေကို စုန်းတစ်ယောက်ကယူပြီးတော့ ရွာထဲမှာ ကျဲချခဲ့မယ်။ ပြီးရင် ရွာထဲကနေနောက်ပြန်ထွက်ပြီးတော့ သင်္ချိုင်းထဲက ပ‌ရလောကသားတွေကို ဒီရွာကနင်တို့နေရမဲ့ တကယ့်နေရာလို့ပြောပြီး တိုက်တာဗျ။ ရွာတော်ရှင်တို့ တခြားအစောင့်တွေကို အဲဒီစုန်းကရွာကနေနှင်ထုတ်ပေးထားတာပဲ။ ဒီအစီရင်က ရွာပျက်အောင်တိုက်နည်းပဲ… ပရလောကစည်းဖျက်တိုက်နည်းလို့ တချို့ကခေါ်သလို ရွာပျက်တိုက်နည်းလို့လည်းခေါ်တယ်။”

“ကယ်ပါအုံးဆရာရယ် ကျုပ်ရွာတော့ မနေ့ညက ငရဲလိုပါပဲဗျာ။ အော်သံ‌ဟစ်သံတွေဆူညံနေတာပဲ။ သေသွားတဲ့လူကလည်းငါးယောက်လောက်ရှိမယ်ဗျ။ တချို့ဆိုသရဲ‌အကိုက်ခံရ‌သူတွေရောပဲ။”

“ဟာ ဒါဆိုဘယ်ဖြစ်မလဲ အခြေအနေအရမ်းဆိုးနေပြီ။ အခုပဲသွားကြစို့။”

“ဆရာ မှောင်နေပြီဆရာ။”

“လာစမ်းပါဗျာ လှည်းကောက်လိုက်။ ခင်ဗျားရွာကို ညတွင်းခြင်းရောက်ပါလိမ့်မယ်။”

ဖိုးတုတ်ကငြင်းသော်လည်း ထိုဆရာက ဇွတ်ပြောနေသောကြောင့် လှည်းကောက်၍ မောင်းတထောင်းကျေးရွာကနေ ထွက်လာတာ ကွမ်းတစ်ယာညပ်ခန့်‌ အကြာ၌ သူ၏ရွာထိပ်ကို ချက်ချင်းဆိုသလို ရောက်ရှိသွား၏။ ဖိုးတုတ်ခမျှ ရွာမောက်ပြီဟုထင်သော်လည်း အမှန်တကယ်သူ၏ရွာဖြစ်နေ၏။ ရွာထဲကိုမောင်းလာခဲ့ချိန်၌ အရပ်မည်းကြီးများက ထွက်ပြေးကြတာကို အတိုင်းသားမြင်နေရ၏။ အိမ်တစ်အိမ်ရှေ့အရောက်၌ သူကြီးကိုတွေ့၍ လှည်းကိုရပ်ကာ အကျိုးသင့်အကြောင်းသင့်ရှင်းပြလိုက်၏။ သူကြီးက ထိုဆရာသုံးဦးထံကိုသွား၍ …

“အားကိုးပါတယ်ဆရာလေးတို့ရယ်… အခုလည်းဒီအိမ်အပေါ်မှာ အမျိုးသမီးတစ်ယောက်ကိုသရဲဝင်ပူးနေလို့ပါ။” ဟုပြောသောအခါ ခေါင်းပေါင်းနှင့်လူငယ်က သူကြီးကိုစိတ်အေးအေးထားဖို့မှာကြားကာ အိမ်အပေါ်ထပ်ကိုတက်သွားသောကြောင့် သူတို့လည်းနောက်ကလိုက်တက်လာခဲ့လေ၏။ ထိုဆရာသည် အုပ်ထိန်းသူများထံက ခွင့်ပြုချက်တောင်းပြီး ဘုရားကျောင်းဆောင်ကိုရှိခိုး၍ တင်ပုလ္လင်ခွေထိုင်လျှက် ပြန်လှည့်လာ၏။

“ကဲပြောစမ်း အသင်ဒီလူ့ခန္ဓာထဲ ဘာလို့ဝင်ရောက်ပူးကပ်နှောက်ယှက်နေရတာလဲ။”

လူနာအမျိုးသမီးက မျက်လုံးပြူးကြည့်ကာ…

“ဒါငါတို့နေရာ ငါတို့နေရာ… နင်တို့တွေ အခုထွက်သွားကြစမ်း။”

“တယ် ငါလုပ်လိုက်ရမ‌ကောင်းရှိတော့မယ်။ ဒါကသင်တို့နေရာအစစ်မဟုတ်ဘူး။ သင်တို့ထဲက အကြီးဆုံးပုဂ္ဂိုလ်နဲ့ သက်တမ်းရင့်ဆုံးပုဂ္ဂိုလ်ကို ခေါ်ခဲ့စမ်း။”

ထိုဆရာက ဤသို့ပြောလိုက်သောအခါ လူနာအမျိုးသမီးက ပဆစ်တုတ်ထိုင်ရာ‌က‌နေ အနောက်လန်ကျသွားပြီး ဆတ်ခနဲပြန်ထလာကာ တင်ပလွှဲချိတ်ထိုင်၍ တဟင်းဟင်းနှင့် သူ၏ရှေ့ကဆရာကိုကြည့်နေ၏။

“သင်က သူတို့အားလုံးရဲ့ခေါင်းဆောင်လား။”

“ဟုတ်တယ်။ မင်းကဘာဖြစ်ချင်လို့လဲ။ ငါတို့ကို ဒီနေရာကထွက်သွားဖို့တော့ အမိန့်လာမပေးနဲ့နော် မင်းကိုရိုက်သတ်ပစ်မယ်။”

“သင့်လို နိမ့်ကျတဲ့ပရလောကသားက ငါ့ကိုသတ်နိုင်မတဲ့လားဟဲ့။ သင်တို့အားလုံး ဒီရွာကနေထွက်သွားပါ။ ကိုယ့်နေရာကိုယ်ပြန်နေကြဖို့ ပြောချင်တယ်။”

“မသွားဘူး ငါတို့အားလုံးမသွားနိုင်ဘူး။ မင်းစကားကိုလုံးဝနားမထောင်ဘူး။”

“ဪ ငါ့စကားကိုနားမထောင်ဘူးပေါ့။ ရတယ်လေ သင်တို့ နားထောင်ရမဲ့သူကို ငါခေါ်ပြမယ်။”

ထိုဆရာက မျက်လုံးကိုမှိတ်ပြီး တစ်စုံတစ်ခုပြောလိုက်ပြီးခဏအကြာမှာ ခွေးအူသံကြီးကိုကြားလိုက်ကြရ၏။ မကြာပါ အိမ်ရှေ့၌ ခွေးအူသံကြီးရပ်သွားလေ၏။ လူတွေထွက်ကြည့်ကြသော်လည်း မည်သည့်ခွေးကိုမျှ မမြင်ရပေ။ ထိုစဉ်လူနာအမျိုးသမီးက ကြောက်လန့်တကြားဖြစ်သွား၏။

“အရှင်မ… လာပါပြီအရှင်မရယ်.. ကျွန်တော်မျိုးမှားပါတယ်။ ‌ဟော့ဒီကဆရာကိုလည်းတောင်းပန်ပါတယ်။ ကျုပ်တို့အကုန်လုံးထွက်သွားပါ့မယ်။”ဟု ပြော၍ လူနာရှင်အမျိုးသမီးက မေ့လဲကျသွားလေ၏။ ထိုစဉ်ခွေးအူသံကြီးပြန်ကြားရကာ အဝေးကိုတဖြည်းဖြည်းရောက်သွားသလို မည်းမည်းအရိပ်ကြီးများကလည်း ရွာလမ်းမပေါ်ကနေ သွားနေကြတာကို အတိုင်းသားမြင်လိုက်ကြရ၏။ ခေါင်းပေါင်းနှင့်ဆရာက လူနာအမျိုးသမီး သတိပြန်ရလာချိန်၌ ရေတစ်ခွက်တိုက်၍ ခဏအမောဖြေခိုင်းထားလေ၏။ မန်ကျည်းတောရွာသူကြီးက ထိုဆရာအနားကို တိုးသွားလိုက်၏။

“ဆရာ ရွာမှာရှိတဲ့ အမှောင့်ပယောဂတွေရှင်းသွားပြီလား။”

“ဟုတ်ကဲ့ အားလုံးရှင်းသွားပါပြီသူကြီး၊ ဒါပေမဲ့ ဒီလိုယုတ်မာတဲ့အစီရင်နဲ့တိုက်တဲ့သူကိုတော့ ကျွန်တော်ခေါ်ယူပြီး ဆုံးမရပါအုံးမယ်။”

“ဟုတ်ကဲ့ဆရာလုပ်ပါ။ ဒါနဲ့ ခုဏက‌သရဲဝင်ပူးပြီးပြောသွားတာ အရှင်မဆိုတာဘယ်သူလဲဆရာ။ ”

“ဪဒါလား ကျွန်တော့်စကားကိုနားမထောင်ဘူးပြောနေတော့ သူတို့နားထောင်ကိုထောင်ရမဲ့၊ သူတို့ပရလောကသားတွေရဲ့အချုပ်၊ သင်္ချိုင်းတွေအပိုင်စားရတဲ့ အစ်မမဖဲဝါကို ခေါ်လိုက်တာပါ။”

“‌ဗျာ။”

သူကြီးခမျှ ဗျာတစ်လုံးသာ ထွက်နိုင်ပြီး ကြက်သီးမွှေးညင်းများထ၍ အံ့ဩထိတ်လန့်သွားသလို ထိုဆရာ၏အစွမ်းကိုလည်း ချီးမွမ်းမိလေ၏။ ထိုဆရာသည်သရဲအကိုက်ခံရသော သူများကိုခေါ်ယူ၍ အမှောင့်ဓာတ်များထုတ်ပေးကာ သူ့၌ပါသော ဆေးနှင့်လိမ်းပေးလိုက်လေ၏။ ထို့နောက် နာရီဝက်ခန့်အကြာ၌ စောစောကအမျိုးသမီးကို သူ၏အရှေ့၌ထိုင်စေ၍ ရွာပျက်တိုက်နည်းစီရင်သူအား‌ ခေါ်ယူလိုက်၏။

“အရပ်လေးမျက်နှာ၌ ရှိကြကုန်သော နတ်ကောင်းနတ်မြတ်များက ဤမန်ကျည်းတောရွာအား အမှောင့်ပယောဂနဲ့ တိုက်တဲ့ပညာသည်ကို ကျွန်ုပ်၏ရှေ့မောက်က လူထံ ဆွဲသွင်းပေးကြပါ။ ခေါင်းမာ၍အတိုက်ခံပြုပါက အထက်နတ်များနှင့် ဂိုဏ်းတော်စောင့်ပုဂ္ဂိုလ်များက ရိုက်နှပ်ခေါ်ဆောင်လာကြစေ ကျွန်ုပ်အမိန့်။”

ထိုဆရာ၏ အာဏာစက်သံအဆုံး၌ သူ၏ရှေ့က လူနာမိန်းကလေးက ရှေ့နောက်ယိမ်းထိုးလာ၏။ တဟင်းဟင်းနှင့်အသံထွက်ကာ လက်သီးကိုဆုပ်၍ အံကိုကြိတ်ပြီး စိမ်းစိမ်းကြီးထိုဆရာကို စိုက်ကြည့်နေ၏။

“ပညာသည်ရောက်ပြီဆို ဘုရားကိုဦးတိုက်စမ်းဟေ့။”

လူနာအမျိုးသမီးကမလှုပ်၊ စိုက်ကြည့်နေ၏။

“ဘုရားကိုဦးတိုက်လို့ပြောနေတယ်လေ၊ ခေါင်းမမာစမ်းပါနဲ့။”

ထိုအခါလည်း မလှုပ်၊ ‌အံတွေကြိတ်ကာ စိုက်ကြည့်စမြဲပင်။

“ငါဆရာအမိန့်ပေးနေတယ် ဘုရားကိုဦးတိုက်စမ်း။”

ညိမျမွဲညိမျစဲ။

“သင်က ခေါင်းမာတယ်ပေါ့လေ။ ဟဲ့သိကြားမင်းရဲ့စီးတော်ယဉ်ဆင်ဖြူမင်းက ဦးခေါင်းကိုကြမ်းပြင်နဲ့ထိအောင် တက်နင်းလိုက်စမ်း မသေစေနဲ့။”

လူနာအမျိုးသမီးက ကြမ်းပြင်နှင့်ခေါင်း ချက်ချင်းစပ်သွားကာ နာနာကျင်ကျင်အော်လေ၏။

“အားးး… ငါ့ခေါင်း… ငါ့ခေါင်းကွဲပါတော့မယ်…. အမလေး… လွှတ်ပါတော့…. နာလှပါပြီ.. ဘုရားဦးတိုက်ပါ့မယ်။”

“သိကြားမင်း၏စီးတော်ယဉ်ဆင်ဖြူမင်း ရပ်လို့ရပါပြီ။ ကဲ ဘုရားဦးတိုက်စမ်း။”

လူနာအမျိုးသမီးက ထိုအခါ ပုဆိန်ပေါက်သလို ဦးကုန်းချလိုက်၏။

“ကဲပြော သင်ဒီရွာကိုဘာကြောင့် တိုက်ရတာလဲ။ ဘာအငြိုးအတေးရှိလို့လဲ။”

“ဟဲ့ကောင် နင်နဲ့ဘာဆိုင်လို့လဲ။ ငါ့ဘာသာ ဘာလို့ပဲတိုက်တိုက်ပေါ့။”

“‌ကျွန်ုပ်အသာတကြည်မေးနေတုန်းကို ကောင်းကောင်းမွန်မွန်ဖြေပါ။”

“အောင်မယ် လက်တဆစ်သာသာကလေးကများ။ ကဲဟယ်!။”

လူနာအမျိုးသမီးက ဖန်ခွက်တစ်လုံးနှင့် ထိုဆရာကိုထုလေ၏။ သို့သော် ဖန်ခွက်က ထိုဆရာမျက်နှာနားအရောက်မှာ ‌အလိုလိုအောက်ပြန်ကျသွားတာကို အံ့ဩဖွယ်ရာမြင်တွေ့ရပေ၏။ ထိုဆရာကတော့ အေးအေးလူလူပင်။

“သင်က ‌အာခံတယ်ပေါ့လေ။ ဟဲ့ကြိုးပိုင်ကြိုးနဲ့တုတ်စမ်း… ကြိမ်ပိုင်က ကျော‌ပြင်ကိုအချက်တစ်ရာတိတိကြိမ်နဲ့ရိုက်စမ်း။”

ထိုဆရာ့အသံအဆုံး၌ လူနာအမျိုးသမီးက လက်နှစ်ဖက်လုံး အနောက်ကို အလိုလိုရောက်သွားကာ ‌အော်ဟစ်နေလေ၏။ ခဏအကြာ၌ လူနာအမျိုးသမီးက ချွေးတွေသံတွေနှင့် မောဟိုက်နေလေ၏။

“ကဲ ပြောစမ်း သင်ဘာကြောင့်လုပ်ရတာလဲ၊ ဒီ့ထပ်အသားမနာချင်ရင်ပြော။”

” ငါ့သားကို ဒီရွာကနိုင်သွားလို့ ငါ့သားခမျှ ရွာထဲမထွက်ရဲအောင် ရှက်သွားရှာတယ်။ ငါ့သားကို ဘယ်သူမှမလေးစားကြတော့ဘူး။ အဲဒါ‌ဒီရွာကြောင့် ငါမကျေနပ်လို့ အကုန်လုံးကိုသတ်ဖို့လုပ်တာဟယ်။”

“သင်ဒီလိုလုပ်တာက လူပေါင်းများစွာရဲ့အသက်နော်။ သားတစ်ယောက်အတွက်နဲ့ ဒီတစ်ရွာလုံးကိုသတ်ဖို့ကြံတဲ့သင်က မိခင်မေတ္တာကြီးမား‌တာကို ကျွန်ုပ်ချီးမွမ်းပါတယ်။ နောက်နောင်ဒီလိုမလုပ်ပါနဲ့တော့ သင့်ပညာတွေ ကျွန်ုပ်ကိုလှူလိုက်ပါ။”

“မလှူနိုင်ဘူး.. ငါ့ပညာတွေကိုမလှူနိုင်ဘူး။ ငါ့မိသားစုကိုထိတဲ့သူမှန်သမျှကို ငါ့ပညာနဲ့သတ်ရမှာပဲ။”

“သင်မလှူလည်း ကျွန်ုပ်ကတော့ သင့်ပညာကို အများအတွက်ဖျက်ရမှာပါပဲ။”

ထိုဆရာက အထက်ပါအတိုင်းပြောပြီးတာနှင့် သူ၏လွယ်အိတ်ထဲကနေ အင်းတစ်ချပ်ကိုထုတ်၍ မီးရှို့ကာ ရေ‌နှင့်ရောပြီး ထိုအမျိုးသမီးကိုတိုက်၏။ သို့သော် လူနာအမျိုးသမီးက ပါးစပ်ကိုစေ့၍ ခေါင်းကိုရမ်းနေ၏။ ခန္ဓာကိုယ်က ချုပ်ထားသောကြောင့်လှုပ်မရပေ။ ထိုဆရာသည် အမိန့်အာဏာစက်နှင့် ပါးစပ်ကိုဟခိုင်းလိုက်ပြီး ပါးစပ်ထဲလောင်းချလိုက်၏။

“သင့်ပညာတွေကနုပါသေးတယ်။ အကုန်ဖျက်လိုက်တဲ့အတွက် သင်ဘာမှဒုက္ခမရောက်နိုင်သေးပေမဲ့၊ သင်လုပ်ခဲ့တဲ့အကုသိုလ်ကံဝဋ်ကြွေး‌တွေက သင့်ဆီပြန်လည်လာလိမ့်အုံးမယ်။”

ထိုဆရာဤသို့ပြောအပြီးမှာ လူနာအမျိုးသမီးက မေ့လဲကျသွားလေ၏။ အမှောင့်ပယောဂများရှင်းလင်းပြီဟုဆိုကာ နံနက်မိုးလင်းတာနှင့် တစ်ရွာလုံးကို ကမ္မဝါရွတ်၍၊ ပရိတ်ရေဖြန်းကာ မြေသန့်ဖို့ မှာလေ၏။ ထို့နောက် အုန်းပွဲငှက်ပျောပွဲများကို ရွာထိပ်နတ်စင်၌ ထားခိုင်းကာ ‌ရွာတော်ရှင်ကိုပြန်လည်ခေါ်ယူခဲ့လေ၏။ ထိုဆရာသုံးဦးသည် သူကြီးအိမ်၌ တစ်ညတာတည်းခိုလိုက်ကြလေ၏။ မိုလင်းသောအခါ သူကြီးကျွေးသော ကောက်ညှင်းပေါင်းစား၍ ပြန်ကြတော့မည့်အခါ ဖိုးတုတ်က ရောက်ချလာကာ…

“ဆရာတို့နာမည်ကို မနေ့ညက ကျုပ်လည်းရွာအတွက်စိုးရိမ်နေတာနဲ့ သေချာမမှတ်မိဘူးဗျာ။ ပြန်ပြောခဲ့ကြပါအုံး။” ဟုဆိုလေ၏။ အလယ်က ခေါင်းပေါင်းနှင့်လူငယ်က ဖိုးတုတ်ကိုကြည့်၍ ပါးချိုင့်အသေးလေးများပေါ်သည်အထိ ပြုံးသွားကာ..
“ကျွန်တော့်နာမည်သူရပါ။ ဒါက စောသ၊ ‌ဒါကခွန်းသ၊ ကျွန်တော်တို့က မဟာဂန္ဓာရီခရီးသွားတွေပါ ကိုဖိုးတုတ်။”ဟု ပြောဆိုပြီးသောအခါ ရွာလမ်းမလေးအတိုင်း ပြန်လည်ထွက်ခွာသွားကြလေတော့သတည်း။

~~~~~
ပြီးပါပြီ။

စာပေချစ်သူများအားလေးစားလျှက်
မိုးထွန်း(မကွေး)