ကို ပုတ်လိုက်ရာ အော်၍ လက်ဖျံကို ကိုက်ခြင်း အမှုမပြုတော့ပေ။ထိုအခါမှ ဦးအုန်းသည်
“ကဲနောင်ကြီး ဒီကောင်မ အတော်ဆိုးနေပြီ။ကျုပ်ကို ခြေဆေးအိုးထဲက ရေခပ်ခဲ့ပေးပါ “
“ဟုတ်ကဲ့ ရပါတယ် ဆရာကြီး “
ဦးအုန်းသည် ခြေဆေးရေခပ်ခိုင်းနေစဉ် သူ၏ လွယ်အိတ်ထဲမှ ကွမ်းအစ်ကို ထုတ်ပြီး ကွမ်းယာကာ ပါးစပ်ထဲထည့်၍ ဝါးနေလိုက်သည်။မကြာသောအချိန်တွင် အိမ်ရှင်လူကြီးသည် အုန်းမှုတ်ခွက်ဖြင့် ခြေဆေးရေခပ်လာလေသည်။ ဦးအုန်းသည် ထိုရေခွက်ကိုယူကာ သူ၏ ဝါးထားသော ကွမ်းတံတွေးတို့အား ထွေးထည့်ပြီး အော်ဟစ်နေသော မိန်းကလေးအား အားနှင့်ပက် ခိုက်ရာ အော်ဟစ်ခြင်းအမှုမပြုတော့ပဲ ငြိမ်သက်သွားပြီးနောက် ဦးအုန်းသည်
“ကဲ ကဲ ကလေးမလေးကို အဝတ်အစားလဲပေးလိုက်ကြပါ ဘာအနှောက်အယှက်မှ မရှိတော့ပါဘူး “
“ကျေးဇူးတင်လိုက်တာ ဆရာကြီးရယ် ကျမမြေးလေး ဒီလို ဖြစ်နေတာ အတော်ကြာပြီ။တခြားဆရာတွေပင့်လည်း မပျောက်ဘူး ငွေပဲ ကုန်သွားတာ အခုမှပဲ ကျမမြေးလေးရဲ့ မျက်နှာက ပုံမှန်ဖြစ်တော့တယ် ကိုသိန်းထွန်း ဆရာကြီးကို ငွေ ကန်တော့ လိက်အုံးလေ “
မိန်းကလေး၏ ဘေးတွင်ထိုင်နေသောမိန်းမကြီးသည် ဦးအုန်း အား ကျေးဇူးတင်စကားဆိုကာ တဆက်တည်း အနားရှိကွမ်းကျိုးတက်သွားနှင့်လူကြီးအား သတိပေးလိုက်ရာ ဦးသိန်းထွန်းဟု အမည်ရသော ထိုလူကြီးသည် အိမ်ထောင့်ရှိ ကျွန်းသေတ္တာလေးအနားသွားကာ သေတ္တာလေးအား ဖွင့်နေလေသည်။ထိုအခါ ဦးအုန်းသည်
“နေ နေ နောင်ကြီး ထုတ်မနေနဲ့ ကျုပ်ကို ပေးစရာမလိုဘူး ထမင်းသာကျွေးပါ “
“မဟုတ်တာ ဆရာကြီးရယ် ဒီတောင်ပေါ်အထိအပင်ပန်းခံ တက်လာပြီး ငွေမယူရင် ဆရာကြီး နစ်နာတာပေါ့ “
“ထမင်းသာကျွေးပါ အတင်းအကြပ်ပေးနေမယ်ဆိုရင် ကျုပ် ကို နောက်တခါ လာပင့်ရင် မလိုက်တော့ဘူးဗျာ “
“ဟာ မလုပ်ပါနဲ့ ဆရာကြီးရယ် ကျုပ် ထမင်းပြင်ပေးပါ့မယ် “
ဦးသိန်းထွန်းသည် ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး သေတ္တာ လေးကို မဖွင့်တော့ပဲ သူ၏ တူဖြစ်သူ လူငယ်လေး အနားကို လာကာ
“မောင်နု မင်းကြက်တကောင်လောက် မင်းအိမ်က လုပ်ခဲ့ကွာ ဒီမှာ ဟင်းတော့ရှိတယ်ဆိုပေမဲ့ ဆရာကြီးကို လတ်လတ် ဆတ်ဆတ်လေး ချက်ကျွေးချင်လို့ “
“ရတယ် အိမ်က လုပ်ခဲ့လိုက်မယ် “
မောင်နုဟု အမည်ရသော လူငယ်လေးသည် လျင်လျင်မြန်မြန်အိမ်အောက်သို့ဆင်းကာ ရွာထဲသို့ ထွက်သွားလေသည်။ဦးသိန်းထွန်းသည် ဦးအုန်းအား ရေနွေးကြမ်းနှင့် ဧည့်ခံနေချိန် မိန်းကလေးငယ် နှင့် သူ၏ ဖွားအေဖြစ်သူမှာ အိမ်အောက်သို့ ဆင်းသွားပါလေတော့သည် ။
◾အခန်း (၃)
ဦးသိန်းထွန်းသည် သူ၏ တူတော်မောင်ယူလာသော ကြက်အား ချက်ရန် ပြင်ဆင်နေသလို မောင်နုသည်လည်း ဦးလေးဖြစ်သူအား ကူလုပ်ပေးနေ၏။ဦးအုန်းသည် အိမ်ပေါ်တွင် ဧည့်သည် အဖြစ် အကြမ်းရေနွေးသောက်ရင်း အေးဆေးစွာထိုင်နေသည်။ထိုစဉ် အိမ်ဝိုင်းထဲသို့ လူငါးယောက်ခန့် ရောက်လာကြသည်။သူတို့ထဲတွင် အမျိုးသမီးကြီးနှစ်ဦးမှာ ငိုယိုနေလေသည်။ကျန်သော အမျိုးသားများသည် အိမ်ပေါ်သို့ မတက်မှီ
“ဦးသိန်းထွန်း ဗျို့ ဦးသိန်းထွန်း “
“အေး ဘယ်သူတွေလဲကွ ငါမီးဖိုထဲမှာ ဟင်းချက်နေတာ “
“ကျုပ် တိုးဝင်းပါ ဦးသိန်းထွန်းအိမ်မှာ ဆရာကြီး ရောက်နေတယ်ဆိုလို့ “
“အေးဟုတ်တယ်လေ အပေါ် မှာ ဘာဖြစ်လို့လဲကွ “
“မခွေးမသမီး ကြာညို တောထဲဝင်ပြေးသွားလို့ လိုက်ရှာတာ လည်း နှံ့နေပြီ ရွာထဲကမောင်လှ ပြောတာတော့ လူကြီးတယောက် ပါးစပ်ကနေ ဂါထာလိုမျိူး တတွတ်တွတ်ရွတ်နေပြီး ကြာညိုလည်းအနားရောက်လာရော ခေါ်သွားတာလို့ ပြောတယ်”
“ဟုတ်လား အဲ့တာဆို အိမ်ပေါ်တက် ဆရာကြီးကို အကျိုး အကြောင်း ပြောကြဟေ့ “
ဦးသိန်းထွန်းမှ အိမ်ပေါ်တက်ခိုင်းလိုက်သောအခါ ရွာသားများသည် အိမ်ပေါ်တက်လိုက်ကြပြီး ဦးအုန်း၏အနားတွင် ထိုင်ကာ အကျိုးအကြောင်း ပြောပြလေသည်။ဦးအုန်းသည် ရွာသားများပြောပြလာသော အကြောင်းကို ခေါင်းတညိတ် ညိတ်နှင့်နားထောင်ရင်း
” ပျောက်သွားတဲ့ မိန်းကလေးပုံစံက ဘယ်လိုရှိလဲ “
“ကြာညိုက ရွာထဲမှတော့ အလှဆုံးပဲ ဆရာကြီး “
” အင်း သဘောပေါက်ပြီ ပညာရှင်တယောက်က သူပညာနဲ့ ပြုစားသွားတာ ဖြစ်မယ် အချိန်မနှောင်းခင် လိုက်ရမယ် ကျုပ်ကို ပျောက်သွားတဲ့ ကလေးမလေးရဲ့ အဝတ်အစားတချို့ ယူခဲ့ ပေး ကျုပ် အရင်လိုက်သွားမယ် ခင်ဗျားတို့က နောက်ကလိုက်ခဲ့ပေတော့ “
ရွာသားများသည် ဦးအုန်း၏စကားအတိုင်း ကြာညို၏ အဝတ်အစားကို ယူပေးလိုက်သည်။ထို့နောက် ဦးအုန်းသည် ကြာညို၏ အဝတ်အစားကို ပိတ်စတခုအဖြစ် ဖြဲလိုက်ပြီး လက်မှ ဆုပ်ကိုင်သွားကာ ကြာညိုထွက်သွားသောဘက်သို့ လိုက်သွားလေသည်။ရွာသားများမှာ လူစုနေတုန်းပင်ဖြစ်သည်။ ဦးအုန်းသည် ကြာညို၏အင်္ကျီစလေးအားကိုင်ပြီး မန္တန်တခုကို ရွတ်လိုက်သောအခါ ပိတ်စလေးသည် မီးများလင်းကာ လေပေါ် ပျံဝဲ၍ ဦးအုန်း၏ ရှေ့မှ သွားနေလေရာ ဦးအုန်းသည် နောက်မှ လိုက်၍ သွားပါလေတော့သည်။
ဦးအုန်းသည် ပညာသည်ဖြစ်သည့်အလျောက် သူ၏ လှုပ်ရှား မှုမှာလည်း အရိပ်တခုပမာ မြန်ဆန်နေပေသည်။သူ၏ ပညာရပ်များကို အသုံးပြု၍သွားရမည် ဖြစ်သောကြောင့် ရွာသားများနင့် အတူတူ မသွားခြင်းဖြစ်၏။ယခု ကြာညို၏ ပိတ်စလေးသည် အလျင်အမြန် တောအုပ်ထဲသို့သွားနေချိန် ဦးအုန်းသည်လည်း အရိပ်ပမာ အမှီလိုက်နေသည်။ ဤသို့ဖြင့် မနက်အာရုံတက် ချိန်သို့ ရောက်သောအခါ တဲအိမ်တလုံးကို တွေ့လိုက်ရ၍ အခြေ အနေကို လေ့လာရန် သစ်ပင်တပင်တွင် ကွယ်၍ နေလိုက်လေသည်။မကြာခင်မှာအချိန်မှာပင် သူနှင့် သက်တူရွယ်တူ ယောကျာ်းတယောက်သည် တဲအိမ်အပြင်ဘက်တွင် ထွက်ထိုင်နေလေသည်။ထိုသူသည် သာမာန်လူမဟုတ်ဘဲ မျက်လုံး နှင့် ကိုယ်နေဟန်ထားတို့အရ ပညာရှင်သာ ဖြစ်မည်ဟု အတပ်သိလိုက်၏။ထို့ကြောင့် ထိပ်တိုက်ရင်မဆိုင်သေးဘဲ ပုန်းကွယ်ကာ တဲအိမ်လေး အနောက်သို့ကပ်သွားလိုက်လေသည်။တဲအိမ်ထရံ ပေါက်မှအတွင်းကို ချောင်းကြည့်လိုက်သောအခါ တဲထဲတွင် မိန်းမပျိုသုံးဦးကိုတွေ့ရပြီး ရီဝေမိန်းမောစွာဖြင့် လဲလျောင်း နေသည်ကို တွေ့ ရ၏။ထိုမိန်းကလေးများ၏ ပုံစံမှာ အညှို့ခံထားရသူများပမာ အသိစိတ်မဲ့နေပုံလည်း ပေါ်၏။ဦးအုန်း သည် ထွေထွေထူးထူး စဉ်းစားမနေတော့ပဲ မန္တန်တပုဒ်ကို ရွတ် ဆိုလိုက်ရာ မိန်းကလေးများသည် အသိစိတ်ဝင်လာပြီး ပတ်၀န်းကျင်ကိုကြည့်ကာ ကြောက်လန့်နေလေ၏။ထိုအခါမှ ဦးအုန်းသည် ထရံပေါက်မှနေ၍ အသံခပ်အုပ်အုပ်ဖြင့်
“ကလေးမလေးတွေ နင်တို့ဒီထရံကို တွန်းပြီး ဒီဘက်ကို လာ ငါ့ကို မကြောက်ကြနဲ့ ငါက ကြာညိုဆိုတဲ့ မိန်းကလေးကို လာကယ် တာ”
ဦးအုန်းသည် ကြာညို၏ မိဘများနာမည်နှင့် ရွာအမည်ကိုပြောပြသောအခါ ကြာညိုဖြစ်ဟန်တူသော မိန်းကလေးသည် တခြားမိန်းကလေးများအား
“အမတို့ ဟုတ်တယ် အပြင်က ဦးကြီးပြောတာ အမှန်ပဲ လာ ကျမတို့ရွာကိုသာ အရင်လိုက်ခဲ့ကြပါ နောက်မှကျန်တာ စဉ်းစားကြတာပေါ့ “
ကြာညိုသည် ရှေ့မှ ဦးဆောင်ပြီး တဲထရံကို ညင်သာစွာ တွန်းလိုက်ရာ ထရံသည် လူတစ်ကိုယ်စာ ထွက်သာရုံ ပွင့်သွားလေသည်။ပြီးနောက် တဲထဲမှ ထွက်လိုက်ပြီး ဦးအုန်းအားကြည့်ကာ
“ဦးကြီး ကျမတို့ ဘယ်လို ဆက်လုပ်ရမလဲ “
“ကလေးမတို့ ဒီပိတ်စလေး နောက်ကိုသာ လိုက်သွားပေတော့ ကျန်တာ ငါရှင်းထားမယ် “
ဦးအုန်းသည် သူ၏လွယ်အိတ်ထဲမှ အနီရောင်ပိတ်စလေးအား မန္တန်ဖြင့် မန်းမှုတ်ပြီး လေပေါ် ပစ်တင်လိုက်ရာ ပိတ်စလေးသည် အပေါ်သို့ တဖြည်းဖြည်းနှင့်တက်သွားပြီး လူးလွန့် နေလေသည်။ထိုအခါ ဦးအုန်းသည်
“ကလေးမတို့ မြန်မြန်သာ အဲ့ဒီပိတ်စနောက် လိုက်သွားပေတော့”
မိန်းကလေးများသည် ပိတ်စနောက် လိုက်သွားချိန်
“ဟေ့ ဟေ့ ငါ ဇနီးလောင်းတွေ ဘယ်ပြေးသွားတာလဲ “
“တဏှာရုး မင်းက မင်းတတ်ထားတဲ့ ပညာတွေနဲ့ ယုတ်မာနေတာမဟုတ်လား”
“ငါ့ဇနီးတွေကို လွှတ်ပေးလိုက်တာ မင်းလား မင်းက ငါ့လို မန္တန်ဝိဇ္ဇာကိုတောင် အာခံရဲတာလား “
ဦးအုန်းသည် မန္တန်ဝိဇ္ဇာမှ မန္တန်ရွတ်ပြီး သူ့အား တိုက်ခိုက်ရန်ပြင်နေသဖြင့် ထွေထွေထူးထူး မစဉ်းစားတော့ပဲ မန္တန်ဝိဇ္ဇာအား ပြေး၍ လုံးထွေးလိုက်လေသည်။မန္တန်ဝိဇ္ဇာသည် သူ့အား ပညာနှင့်သာ ခုခံမည်ဟုထင်ထားမိ၍ သတိမမူပဲ ရှိနေချိန် မထင်မှတ်ပဲ လူကိုယ်တိုင် လာရောက်လုံးထွေးသောကြောင့် အငိုက်မိကာ ခံလိုက်ရပေသည်။ဦးအုန်းသည် မန္တန်ဝိဇ္ဇာ၏ လည်ပင်းကို အနောက်မှ ချုပ်ပြီး အသံမထွက်နိုင်အောင် ညှစ်ထားလေသည်။ဤသို့ဖြင့် ဦးအုန်းနှင့် မန္တန်ဝိဇ္ဇာ လုံးထွေးနေသည်မှာ အချိန်အတော်ကြာနေပြီးနောက်တွင် မန္တန်ဝိဇ္ဇာသည် ဥံ ဟု တလုံးမျှ အသံကျယ်ကျယ် အော်လိုက်သည့်အခါတွင် ဦးအုန်းအား တယောက်ယောက်မှ ရိုက်ပုတ်နေသကဲ့သို့ ခံစားလာရပြီး နာကျင်လာသည်။သို့ပေမဲ့ လက်မလွှတ်ဘဲ ချုပ်မြဲတိုင်း ချုပ် ထားလေ၏။မန္တန်ဝိဇ္ဇာသည်လည်း ဥုံ ဆိုသည့် စကားသာ ရွတ် ဆိုနိုင်ပြီး တခြားသောမန္တန်စကားလုံးများအား မရွတ်ဆိုနိုင်ဖြစ်နေ၏ ။သို့ပေမဲ့ ဥုံ တလုံးထဲ ရွတ်သည်ကိုပင် ဦးအုန်း အတော် နာကျင် ခံစားနေရသည်။အချိန်ကြာလာသောအခါ ဦးအုန်းသည် မန္တန်ဝိဇ္ဇာအား ချုပ်နိုင်စွမ်းမရှိတော့ပဲ လက်လျှော့ အရှုံးပေးလိုက်ရတော့သည်။လဲကျနေသော ဦးအုန်းအား မန္တန် ဝိဇ္ဇာသည် သူ၏ လည်ပင်းကို ပွတ်သပ်ပြီး စူးစိုက်ကြည့်ကာ
“မင်းကြောင့် ငါ့ဇနီးလောင်းတွေ လွတ်ကုန်ပြီ အဲ့အတွက် မင်းကို ငါအပြစ်ပေးရလိမ့်မယ် မင်းကို သတ်ရင် မင်း ခဏလေးနဲ့သေသွားမှာ အဲ့ဒီတော့ “
မန္တန်ဝိဇ္ဇာသည် ဦးအုန်းအား ကြည့်ကာ မန္တန်တပုဒ်ကို ကျယ် လောင်စွာရွတ်ဖတ်လိုက်ပြီး ရယ်မောနေပါလေတော့သည်။သူရွတ်သောမန္တန်မှာ ကျိန်စာသာဖြစ်ပြီး ဦးအုန်းအနားသို့ ချစ်သူခင်သူများကပ်လာပါက တဖြည်းဖြည်းနူနာရောဂါ ဖြစ်စေသော မန္တန်သာ ဖြစ်လေသည် ။
◾အခန်း (၄)
ဦးအုန်းသည် မြေပြင်တွင် လဲကျနေသည်။သူသတိရလာချိန်တွင် မန္တန်ဝိဇ္ဇာသည်လည်း ရှိမနေတော့ပဲ တောင်ပေါ်ရွာသားများသာ ရှိနေလေသည်။ဦးအုန်းမျက်လုံး ဖွင့်လာသည်နှင့် တုတ်ဓား လက်နက်များကိုင်ဆောင်ထားသော တောင်ပေါ်ရွာသားများအနက် ဦးသိန်းထွန်းမှာ စိုးရိမ်သော မျက်နှာဖြင့်
“ဆ ဆရာကြီး သတိရပြီလား ကျုပ်တို့ရောက်တော့ လူတယောက် ဆရာကြီးအနားမှာ ရပ်နေတာ တွေ့တယ် ကျုပ်တို့ကို မြင်လို့ ထွက်ပြေးသွားပြီ “
“အား ကျုပ် တကိုယ်လုံးကိုက်ခဲနေတာပဲဗျာ “
“ဆရာကြီး ဒဏ်ရာတွေ ရထားတာ ထင်တယ် “
“ရတယ် ရတယ် ကလေးမတွေ အန္တရာယ်ကင်းရဲ့လား “
“ကောင်မလေးတွေ အန္တရာယ်ကင်းပါပြီ ဆရာကြီး “
“ ဟုတ်လား အဲ့ဒါဆို ကျုပ် ပြန်တော့မယ် “
“ဆရာကြီး ကျုပ်တို့ လိုက်ပို့ပါ့မယ် “
“ရတယ် ရတယ် မလိုဘူး “
ဦးအုန်းသည် ဒယိမ်းဒယိုင်ဖြင့် တောထဲမှ ထွက်သွားလေတော့သည်။ရွာသားများသည် ဦးအုန်းအား နားမလည်နိုင်ဖြစ်ပြီး ငေးကြည့်လို့သာ နေကြပါလေတော့သည် ။
◾အခန်း (၅)
မန္တန်ဝိဇ္ဇာ ပြောပြသော အကြောင်းများကို နားထောင်ရင်း မောင်ဘိုးထင်တို့သည် တောက်တချက်ကို ပြင်းစွာခေါက်ပြီး
“ခင်ဗျားက ပညာရပ်တခုကို အသုံးချပြီး တဏှာရူးနေတာ ကိုး ကဲ အခုတော့ ခင်ဗျားအတတ် နဲ့ ခင်ဗျား စူးနေပြီ မဟုတ်လား “
“မင်းတို့က ငါ့ကို နိုင်တဲ့ မန္တန်ကို ဘယ်လိုလုပ်ရလာတာလဲ “
“အဲ့တာ အရေးမကြီးဘူး ကျုပ် အဘကို ခင်ဗျားပညာနဲ့ လုပ်ထားတာ ပြန်ပျောက်အောင်လုပ်ပေး “
“လုပ်ပေးပါမယ်ကွာ ဒါပေမဲ့ မင်းတို့ လက်က မန္တန်ကိုဖျက်ပေးပါလား “
“ဟားးးဟားး ခင်ဗျားက လူလည်ကျချင်နေတာလား အခု ချက်ခြင်း ကျုပ်အဘ ဝေဒနာတွေကို ပျောက်အောင် လုပ်ပေးစမ်း “
“အေး အေး လုပ်ပေးပါ့မယ်ကွာ “
“အဲ့တာနဲ့တင် မရသေးဘူး ခင်ဗျား မဟုတ်တာတွေ လုပ်ရင် ခင်ဗျားရဲ့ပညာရပ်တွေ ပျက်စီးပါစေဆိုပြီး သစ္စာဆိုပြီးကျိန်ရမယ် “
“အဲ့ အဲ့တာတော့ “
“ဘာလဲ မလုပ်ဘူးလား ကျုပ်ရဲ့ မန္တန်က နောက်မှရွတ်မှာနော် ခင်ဗျားဘေးက ကိုဖိုးထွေး နဲ့ ကိုသာရ ရဲ့ ဓားအစွမ်းကို ဘာများထင်နေလဲ “
မောင်ဘိုးထင်သည် ဓားနှင့် ချိန်ရွယ်ထားသော ဖိုးထွေး နှင့် သာရအား ကြည့်၍ မန္တန်ဝိဇ္ဇာကို စကားဆိုလိုက်ရာ မန္တန်ဝိဇ္ဇာသည် သူ၏ဘေးတွင်ရှိသော ခက်ထန်မာကြောသည့်ရုပ်သွင် နှင့် သူ့အား ဓားမိုးထားသော ဖိုးထွေး နှင့် သာရအား ကြောက်ကြောက်လန့်လန့်နှင့် ကြည့်ကာ
“အေး အေးပါကွာ ငါ့ အစွမ်းတွေကိုလည်း မင်းမန္တန်နဲ့ ချုပ်နိုင်တော့ ဘေးက နှစ်ယောက် ဓားနဲ့ ခုတ်ရင်လည်း ငါခံရမှာပါ အဲ့ဒီတော့ မင်းပြောစကားကို နားထောင်ပါ့မယ်။ငါ အခု မင်းအဘကို တိုက်ထားတဲ့ ကျိန်စာကို ဖယ်ပေးပါ့မယ် “
မန္တန်ဝိဇ္ဇာသည် ပြောပြောဆိုဆို မန္တန်တပုဒ်အား မျက်လုံး မှိတ်ပြီး ရွတ်နေသည်။သူထိုသို့ ရွတ်သည့်အခါ မောင်ဘိုးထင် သည် သူ၏ လက်ဖဝါးမှ မန္တန်အား စူးစိုက်ကြည့်ပြီး မန္တန်ဝိဇ္ဇာ မဟုတ်တာလုပ်လာလျှင် ကာကွယ်နိုင်ရန် အသင့်ပြင်ထားလေသည်။ မန္တန်ဝိဇ္ဇာမှ မန္တန်အားအတန်ကြာအောင် ရွတ်ပြီးသော အခါ မောင်ဘိုးထင်ကို ကြည့်ပြီး
“မင်းအဘ ကျိန်စာတွေ ပြေပြီကောင်လေး “
“ကျုပ်က ဘယ်လိုယုံရမှာလဲ “
“မင်းလည်း ပညာသည်ပဲ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မင်းသိပါတယ် “
“ကောင်းပြီ ကျုပ်အဘကို ကျုပ် ဆက်သွယ်လိုက်မယ် “
မောင်ဘိုးထင်သည် ဦးအုန်းထံသို့ စိတ်ဖြင့်ဆက်သွယ်လိုက်လေသည်။ထိုအခါ သူ၏ နားထဲတွင် ဦးအုန်း၏ စကားသံကို ကြားလိုက်ရသည် ။
“ကောင်လေး ငါ့လက်က အဖုတွေ ပြန်ပျောက်သွားပြီ ယားလည်း မရတော့ဘူး သာမာန်လူလို ပြန်ဖြစ်ပြီကွ ငါ့ကျိန်စာတွေ ပျယ်ပြီ မင်းကို ကျေးဇူးတင်တယ် ကောင်လေး ရွာကို မြန်မြန် ပြန်လာတော့ “
မောင်ဘိုးထင်သည် သူ၏ နားထဲတွင် ဦးအုန်း၏ ဝမ်းပန်းတ သာပြောလာသောစကားကို ကြားရ၍ အတော်ကို စိတ်ချမ်းသာသွားသည်။ထို့နောက် သူ၏ အပေါင်းအသင်းများအား
“ကိုဖိုးထွေး နဲ့ ကိုသာရ သာအေးနဲ့ ပေတူး အဘ နေကောင်းးသွားပြီတဲ့”
“တကယ်လား ဘိုးထင် ဘကြီးအုန်း နေကောင်းသွားပြီလား “
“အေး ငါ့ကို အခု လှမ်းပြောတယ် “
“ဒီလူကြီးကို တို့တတွေ ဘယ်လို လုပ်ကြမလဲ ဘိုးထင် “
“သူ့ဘက်က ကတိတည်တယ်ဆိုတော့ ကျုပ်တို့လည်း ကတိတည်ရမှာပေါ့ “
မောင်ဘိုးထင်သည် ထိုသို့ပြောပြီး မန္တန်ဝိဇ္ဇာကို ကြည့်ကာ
“ကဲ ဟေ့လူ ခင်ဗျားကို ကျုပ်ရဲ့ မိုးကြိုးစက်တောင်ဝှေးကို တိုင်တည်ပြီး သစ္စာဆိုရမယ် ကြားလား “
“ငါက ဘယ်လို ဆိုရမှာလဲ “
“ကျုပ် တိုင်ပေးမယ် “
မောင်ဘိုးထင်သည် သူ၏ မိုးကြိုးစက်တောင်ဝှေးကို မြေပြင်မှ ကောက်ယူပြီး လက်နှစ်ဖက်ဖြင့် ကိုင်လိုက်ကာ
“ကဲ လိုက်ဆို ကျုပ် မန္တန်ဝိဇ္ဇာသည် “
“ကျုပ် မန္တန်ဝိဇ္ဇာသည် “
“မည်သူတဦး တယောက်ကိုမှ တတ်မြောက်ထားသော ပညာရပ်များဖြင့် ဒုက္ခမပေးတော့ပါ “
“မည်သူတဦး တယောက်ကိုမှ တတ်မြောက်ထားသော ပညာရပ်များဖြင့် ဒုက္ခမပေးတော့ပါ “
“ဒုက္ခပေးပါက သွေးအန်ပါစေ မိုးကြိုးပစ်ပါစေ”
မန္တန်ဝိဇ္ဇာသည် ထိုစကားကို လိုက်ဆိုရန် တွန့်နေ၍ ဓားမိုးထားသော ဖိုးထွေး နှင့် သာရမှ မိုးထားသော ဓားကို လှုပ် လိုက်သာအခါမှသာ လိုက်ဆိုလေသည် ။
“ဒုက္ခပေးပါက သွေးအန်ပါစေ မိုးကြိုးပစ်ပါစေ”
ပေတူးသည် မောင်ဘိုးထင်ပြောသော ကျိန်စာကို သဘော ကျဟန်မရှိပေ။ထို့ကြောင့် မောင်ဘိုးထင်အား
“ဟေ့ ဘိုးထင် မင်း ကျိန်စာက ပေါ့လွန်းတယ် “
“ဘာလို့လဲ ကွ “
“သွေးအန် မိုးကြိုးပစ်က နည်းလွန်းတယ်ကွ ငါပြောတာမှတ်ထား မြွေကိုက် လှည်းမှောက် သစ်ပင်ပိ အိမ်သာကျင်းထဲကျ ရွာလူကြီးထိတ်တုံးခတ် ရေနစ် ခြေပြတ် လက်ပြတ် ပြီးတော့ ဖဲရိုက် ဖဲရှုံး ကြက်တိုက် ကြက်ရှုံး ကွမ်းစား ကွမ်းသီး အရက်သောက် အန်ဖတ်ဆို့ လို့ ကျိန်ကွာ “
မန္တန်ဝိဇ္ဇာသည် မျက်နှာငယ်လေး နှင့် ပေတူးအား ကြည့်နေလေသည်။ထိုအခါ မောင်ဘိုးထင်သည် ပေတူးအား
“မင်း ပြောတာ တော်တော်စုံတော့ ငါလည်း မမှတ်နိုင်ဘူး သွေးအန် မိုးကြိုးပစ်က လုံလောက်ပါပြီကွာ “
“ကောင်လေး မင်းပြောတာ မှန်တယ် အဲ့ဒီနှစ်ခုတင်ပဲ ငါသေပါတယ်ကွာ ဟိုကောင်လေးရဲ့ကျိန်စာက တော်တော်များတယ် “
“ခင်ဗျား သစ္စာရှိပါ ဒီ မိုးကြိုးစက်တောင်ဝှေးကို တိုင်တည်ပြီး သစ္စာဆိုထားတာနော် တကယ်လို့ ခင်ဗျား ကတိသစ္စာဖျက်ခဲ့ရင် တကယ်ကို ခံရလိမ့်မယ် “
“ငါ့အမှားငါ သိပါပြီ ကောင်လေးတို့ ငါရဲ့ပညာရပ်တွေနဲ့ အကျိုးရှိတဲ့နေရာမှာ သုံးရမှာကို ငါက မကောင်းတဲ့ နေရာတွေမှာ သုံးခဲ့မိတယ် မင်းတို့ရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ငါရှက်ရွံ့ ပါတယ် ကောင်လေးတို့ ငါ နောက်ဆိုရင် ကောင်းကောင်းမွန်မွန် နေသွားပါ့မယ်။ကောင်းမွန်တဲ့ ပညာတွေကို တတ်ပါရဲ့နဲ့ မကောင်းတဲ့စိတ်တွေ ကြီးစိုးနေတဲ့ ငါ့ကို မင်းတို့က သင်ခန်းစာပေးခဲ့တာပါပဲ “
မန္တန်ဝိဇ္ဇာ၏ လေးနက်တည်ကြည်သော စကားကို ဆိုလာ၏။ မောင်ဘိုးထင်သည် သူ၏လက်ကို ကြည့်နေရင်းမှ လက်တွင် ပေါ်နေသော မန္တန်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားရာ အံ့ဩနေစဉ် မန္တန်ဝိဇ္ဇာမှ စကားဆိုလာလေသည် ။
“မင်းကို မန္တန်ပေးခဲ့တဲ့ သူတော်ကောင်းကြီးက ငါ့ရဲ့စိတ်ကို သိလို့ သူ့မန္တန်ကို ပြန်သိမ်းသွားတာ နေမယ် စိတ်ချပါ ငါ မကောင်းတဲ့အလုပ်တွေ မလုပ်တော့ပါဘူးကွာ ‘
မန္တန်ဝိဇ္ဇာ၏ တည်ကြည်လေးနက်သော စကားကြောင့် မောင်ဘိုးထင်သည် နောက်ထပ် မည်သည့် စကားမှ မပြောတော့ပဲ ဖိုးထွေးတို့အား လွှတ်ပေးဖို့ရန် အချက်ပြလေသည်။ထိုအခါ ဖိုးထွေး နှင့် သာရတို့မှာ သူတို့၏ ဓားများကို ချိန်ရွယ်ရာမှ ချ လိုက်ကြသည်။ထို့နောက် မောင်ဘိုးထင်ကိုကြည့်ကာ
“ဘိုးထင် ဘယ်လိုလဲ “
“ရတယ် ကိုဖိုးထွေး မန္တန်ဝိဇ္ဇာက တကယ်ကို ကတိတည်မယ် ဆိုတာ ယုံတယ် “
မန္တန်ဝိဇ္ဇာသည် မောင်ဘိုးထင်၏ စကားကြောင့် ပြုံးနေပြီး ခေါင်းကို ညိတ်ကာ
“စိတ်ချပါ ကောင်လေးတို့ ငါထပ်ပြီးမမိုက်တော့ပါဘူး ငါတတ်ထားတဲ့ ပညာရပ်တွေနဲ့ ဘယ်သူကိုမှ ဒုက္ခမပေးတော့ပါဘူး ပညာရပ်တခုကို တဖက်ကမ်းခပ်တတ်မြောက်လို့သာ ငါတို့ကို ဝိဇ္ဇဓိုရ် လို့ခေါ်ကြပေမဲ့ တကယ်တန်း သူတော်ကောင်း ဝိဇ္ဇာဓိုရ်တွေလို ကျင့်ကြံဖို့ ငါမေ့နေခဲ့တယ်။အခု ငါ မင်းတို့ရဲ့ကျေးဇူးကြောင့် ပညာအလင်းပွင့်ခဲ့ပြီး တခု မင်းတို့ကို တောင်းဆိုစရာရှိတယ် “
“ပြောပါ “
“မင်းတို့လာတဲ့လမ်းမှာ သွေးဆာနေတဲ့ လူကိုတွေ့ခဲ့လား “
မန္တန်ဝိဇ္ဇာ၏ အမေးအား ပေတူးမှ ဝင်ရောက်ဖြေလေသည်။
“တွေ့တာပေါ့ဗျာ ကျုပ်လက်မှာ ငရှဉ့်သွေးတွေ ပေနေတာကို အတင်းလိုက်ယက်နေတာ ကျုပ်ကြောက်လို့ ပြေးလာရတာ “
“ပေတူး ကင်ပွန်းချဉ်ရွက်သွားခူးတဲ့ တဲက လူကြီးလား “
“ဟုတ်တယ်လေကွာ မင်း နဲ့ငါ ပြေးရတာလေ “
“အင်း အင်း သိပြီ သိပြီ “
မောင်ဘိုးထင်သည် ပေတူးကို စကားဆိုရင်းမှ မန္တန်ဝိဇ္ဇာ ဘက်လှည့်ကာ
“ဟုတ်တယ် ပေတူးလက်က ငါးရှဉ့်သွေးတွေကို လိုက်ယက်နေတဲ့လူကြီးကို တွေ့ခဲ့တယ် “
“အင်း သူတယောက်တည်း မဟုတ်ဘူး ကောင်လေး မင်းတို့ တွေ သူ့ဆီကို ပြန်သွားပြီး ကူညီရလိမ့်မယ် “
“ဖြစ်ပါ့မလား ကျုပ်တို့ကို သွေးစုပ်နေရင် ဘယ်လို လုပ်မလဲ “
“သူတို့က လူသွေးတွေကို မသောက်ပါဘူး တိရစ္ဆာန်သွေးတွေ သောက်ကြတာ အဲ့လိုဘာကြောင့်ဖြစ်နေတယ်ဆိုတာ ငါလည်း အဖြေရှာမရသေးဘူး “
“အင်း သူတို့က ဘယ်လောက်များလို့လဲ “
“တရွာလုံးပဲ “
“ဗျာ အဲ့လောက်တောင် များတာလား”
“များတာပေါ့ မင်းတို့တွေ့ခဲ့တဲ့ တဲကလူကြီးကို သူတို့ရွာလိုက်ပြခိုင်းလိုက် ပြီးရင် မင်းတို့ ကူညီလိုက်ကြပါ “
“နေဦး ကျုပ် အပေါင်းအပါတွေကို မေးကြည့်ဦးမယ် သူတို့ ကူညီချင်မလားလို့ “
မောင်ဘိုးထင်သည် ဖိုးထွေးတို့ဘက်လှည့်ကာ မျက်စပစ် ပြ၍ စကားဆိုလိုက်လေသည် ။
“ကိုဖိုးထွေး အစောက ကျုပ်တို့ ပြောစကားကို ကြားရောပေါ့ ဘယ်လိုလဲ အဲ့လူတွေကို ကူညီကြမလား “
“ငါကတော့ မင်းသဘောပါပဲ ကျန်တဲ့ သူတွေကတော့ မပြောတတ်ဘူး”
“ဟာ ဖိုးထွေး ငါတို့က ဘယ်တုန်းက ငြင်းဘူးလို့လဲ “
“ကျုပ်ကတော့ အမှန်အတိုင်းပြောရရင် ရွာပြန်ချင်နေပြီဗျ”
“ကျုပ်လည်း အတူတူပဲ “
သာအေး နှင့် ပေတူးသည် ကျွန်းပင်ကြီးကို ငေးကာ စကားဆိုနေသောကြောင့် ဖိုးထွေးမှ သက်ပျင်းကို မသိမသာချရင်း
“အင်း ပေတူးက အမေတယောက်တည်း ကျန်ခဲ့တာဆိုတော့ အိမ်ကို လွမ်းနေရောပေါ့ သာအေးလည်း ကလေးသာသာလေး တွေဆိုတော့ အိမ်ပြန်ချင်မှာပေါ့ “
“မဟုတ်ဘူးဗျ ကျုပ် နဲ့ သာအေးက ဘိုးထင် ခြံထဲက မာကလာသီး အမှည့်တွေကို သတိရနေတာ “
“တောက် လခွမ်း မင်းမေကြီးတော် ငါကတော့ အိမ်လွမ်းလို့ ထင်နေတာ ဒင်းတို့က ငတ်ကြီးကျချင်နေတာကိုး “
ဖိုးထွေး၏ စကားကြောင့် ပေတူး နှင့် သာအေး မည်သည့် စကားမှ ပြန်မပြောပြနိုင်ဘဲ ဇက်ကို အသာပုလို့သာနေလေ၏။ ထို့နောက် မောင်ဘိုးထင်သည် မန္တန်ဝိဇ္ဇာအား
“ကဲ အဲ့ သွေးစုတ်နေတဲ့ ရွာက လူတွေ ဘာဖြစ်လို့ အဲ့လိုတွေ လုပ်နေတာလဲဆိုတာ ကျုပ်တို့ဖော်ထုတ်ပြီးမှ ရွာပြန်တော့မယ် “
“မင်းတို့ လုပ်နိုင်မယ်ဆိုတာ ငါ ယုံပါတယ် ကဲ ကောင်လေးတို့ ရေ ငါ့ကို ခွင့်ပြုဦးကွာ “
မောင်ဘိုးထင်တို့သည် ခေါင်းကို ညိတ်ကာ အသိအမှတ်ပြုလိုက်ချိန် မန္တန်ဝိဇ္ဇာသည် မန္တန် တပုဒ်ကိုရွတ်လိုက်ရာ သူ၏ ကိုယ်ခန္ဓာသည် မြူမှုန်ပါမကျန် ပျောက်ကွယ်၍ သွားတော့ သည်။ထို့နောက် မောင်ဘိုးထင်တို့သည်လည်း သူတို့၏ ပစ္စည်းပစ္စယများကို လိုက်လံသိမ်းဆည်းလိုက်ပြီး ပေတူး၏ လက်မှ ငါးရှဉ်သွေးကို လိုက်ယက်သော လူကြီးရှိရာတဲဆီသို့ သွားရန် ပြင်ဆင်လိုက်ကြပါတော့သည် ။
◾အောက်လမ်းဘိုးထင် နှင့် အကျိုးဆောင်သည်က ဤမျှသာ မကြာမီ အောက်လမ်း ဘိုးထင် နှင့် သွေးစုတ်ရွာ အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။
📝မောင်တင်ဆန်း
Leave a Reply