မြေဖုတ်ဘီလူး

ကျွန်တော့် မျက်စေ့နှင့်ကို မြင်ခဲ့ရပါတယ် ခင်ဗျာ”

ရှား။ ။”ဘယ်အနားမှာလဲ”
ထိုသူ။ ။”ဟောဟို သင်္ချိုင်းကုန်း ဒီဘက်နားတင်ပါ ခင်ဗျာ၊ အစားခံရတဲ့လူက ဘယ်သူဘယ်ဝါတော့ မဆိုနိုင်ဘူး၊
ပက်လက်ကြီးကို လန်လို့၊ ဦးပေါ်သိုင်း က သူ့အပေါ်က လေးဘက်ကြီးကို ထောက်လို့ ခင်ဗျ”

ရှား။ ။”ကိုင်း ဒါဖြင့် လာ၊ ကျုပ်တို့ကို လိုက်ပြစမ်း”
ထိုသူ။ ။(ဆတ်ဆတ်တုန်လာပြန်၍) “မလုပ်တော်မူပါနှင့် ခင်ဗျာ၊ တောင်းပန်ပါရစေ”

ရှား။ ။”ကျုပ်တို့နှင့်ကပဲ ၊ ဘာကြောက်စရာ ရှိသလဲ”
ထို သူ။ ။”မလိုက်ပါရစေနှင့် ခင်ဗျာ၊ ခင်ဗျားတို့လဲ မသွားကြပါနှင့်”

ရှား။ ။”ကိုင်း ဒါဖြင့် နေရစ်၊ တစ်ယောက်ထဲ နေရစ်လျှင် လာပြီးစားမှာ မကြောက်ဘူးလား”
ထိုသူ။ ။”အမလေး မလုပ်ပါနှင့်၊ လိုက်ပါတော့မယ် ခင်ဗျာ”

ထို့နောက် ကျွန်တော်တို့သည် အလွန်တရာ ကြောက်ရွံ့တုန်လှုပ်လျက်ရှိသော ထိုသူကို အလယ်မှထားပြီးလျှင် မြင်ခဲ့သည်
ဆိုသောနေရာသို့ သုံးယောက်သား သွားရောက်ခဲ့ကြ၏။

ငါးမိနစ်ခန့် သွားမိခဲ့ကြလေလျှင် ထိုသူသည် သစ်ပင်တစ်ပင်၏
အရိပ်ကို လက်ညှိုးညွှန်၍ ပြလေရာ ကျွန်တော်တို့သည် ညွှန်ပြရာ အရပ်သို့ ကြည့်လိုက်သည်တွင် လူတစ်ယောက်သည်
မြေပေါ်တွင် ပက်လက်လှန်လျက် ခြေတစ်ပိုင်းသည် အရိပ်တွင်း ကျနေသဖြင့် တစ်ပိုင်းသာလျှင် လရောင်၌ မြင်ကြရလေ၏။

အနီးအပါး၌ကား အခြားသူ တစ်ယောက်မျှ မတွေ့မမြင်ရချေ။ မောင်စံရှားသည် ထိုသူက အနီးသို့ မသွားရန်
ဆွဲငင်ထားသည်ကို ဖယ်ရုန်းပြီးလျှင် အနီးသို့ ချဉ်းကပ်ကြည့်ရှုရာ ထိုသူ၏ လည်ပင်းမှာ ပြတ်လုမတတ်ရှိအောင်
ဒဏ်ရာကြီးတစ်ခုနှင့် သေဆုံးလျက်ရှိကြောင်း တွေ့ရှိရလေ၏။

သေဆုံးသည်မှာလည်း မကြာသေးသည် ဖြစ်၍ သွေးတို့မှာ
ယိုစီးထွက်လျက်ပင် ရှိသေး၏။
ရှား။ ။”ဟေ့လူ၊ ဒီရွာ ဘာရွာ ခေါ် သလဲ”

ထိုသူ။ ။”ကျွန်းတောကုန်း ခေါ်ပါတယ်”

ရှား။ ။”သေသူဟာ ဒီရွာသားလား၊ မျက်နှာကို ကြည့်စမ်း”

ထိုသူ။ ။ (မရဲတရဲ ကြည့်လျက်) “ မြင်တော့ မြင်ဖူးသလိုလိုပဲ၊ ဒီရွာသားတော့ မဟုတ်ဘူး ခင်ဗျ”

ရှား။ ။”ခင်ဗျား နာမည် ဘယ့်နှယ်ခေါ် သလဲ”
ထိုသူ။ ။”မောင်ပေါက်စ ပါတဲ့ ခင်ဗျာ”
ရှား။ ။”ဒီရွာသားပဲ ဟုတ်စ”
ထိုသူ။ ။”မှန်ပါတယ် ခင်ဗျာ”
ရှား။ ။”ကိုင်း ဒါဖြင့်၊ အလောင်းကို ကျုပ်တို့ စောင့်နေမယ်၊ ရွာသူကြီးနှင့် ရွာသား လေးငါးယောက်လောက် သွားပြီး
ခေါ်ချေပေတော့”

ထိုသူ။ ။”ကျွန်တော် တစ်ယောက်တည်းဖြင့် မသွားဝံ့ပါဘူး ခင်ဗျာ၊ သင်္ချိုင်းကုန်း လွန်အောင်ဖြစ်ဖြစ် လိုက်ပို့ကြပါဦး ခင်ဗျာ”
၎င်းနောက် ကျွန်တော်နှင့် မောင်စံရှားတို့သည် ထိုသူကို လိုက်ပို့ကြရာ နှစ်ဖာလုံမျှ သွားမိလျှင် သုသာန်သို့
ရောက်ကြလေ၏။

၎င်းကို ကျော်လွန်မိ၍ မောင်စံရှားက ထိုသူအား တစ်ယောက်တည်းသွားရန် ပြောသောအခါ
မောင်ပေါက်စက မှော်ဆရာကြီး ဦးပေါ်သိုင်း သည် ရွာတွင်း၌ မနေထိုင်ဘဲ သင်္ချိုင်းကုန်းနှင့် တစ်ဖာလုံကွာလောက်တွင်
တစ်ယောက်တည်းနေထိုင်ကြောင်း၊ ယခုမှာ ၎င်း၏ အိမ်၌ လူသူတစ်ဦးတစ်ယောက်မျှ နေထိုင်ခြင်းမရှိသည် ဖြစ်၍
၎င်းအိမ်ရှေ့မှ ဖြတ်သန်း၍ မသွားဝံ့ကြောင်း၊ သို့ဖြစ်၍ ၎င်းအိမ်ကို ကျော်လွန်သည့် တိုင်အောင် လိုက်ပို့ကြပါရန်
တောင်းပန်ပြန်သည်တွင် ကျွန်တော်တို့သည် လိုက်ပို့ကြရပြန်လေ၏။

တစ်ဖာလုံခရီးမျှ လျှောက်မိကြသောအခါ
ကျားလျှာခြုံများ ကာရံလျက်ရှိသော အိမ်အိုကြီးတစ်ဆောင်ကို တွေ့ရှိကြလေရာ မောင်ပေါက်စက ၎င်းအိမ်ကြီးသည် ဦးပေါ်
သိုင်း ၏ အိမ်ဖြစ်ကြောင်း၊ ဦးပေါ်သိုင်း မှာ အောက်လမ်းဆရာ တစ်ယောက်ဖြစ်သည့် အတိုင်း သရဲသဘက်များကို
မွေးမြူသည်ဖြစ်၍ ရွာအတွင်း၌ မနေထိုင်ဘဲ သုသာန်နှင့် နီးနီးနေထိုင်ကြောင်းများကို ပြောဆိုပြီးလျှင် ကျွန်တော်တို့အား
၎င်းအိမ်ရှေ့မှ စောင့်ဆိုင်း၍နေလျှင် မိမိတစ်ယောက်တည်း သွားဝံ့ပြီဖြစ်ကြောင်းနှင့် ပြောဆိုလေ၏။

ရှား။ ။”နေပါဦး ကိုယ့်လူ၊ သည်လောက် ကြောက်တတ်ရင် တစ်ယောက်ထဲ ရွာထဲက ဘာကိစနှင့် ထွက်လာခဲ့သလဲ “္စ

စ။ ။”ဦးကျော်ငြိမ်းရဲ့ ထန်းတောမှာ ထန်းရည်သောက်နေတာနှင့် မိုးချုပ်သွားလို့ပါ ခင်ဗျာ၊ ထန်းရည်သောက်ပြီး ဖဲဝိုင်းမှာ
ညဉ့်နက်မှန်းမသိ ညဉ့်နက်သွားပါတယ် ခင်ဗျာ”

ရှား။ ။”ကိုင်း ကိုင်း ရှိစေ၊ မြန်မြန် ပြန်လာခဲ့နော်၊ အလောင်းနားက ကျုပ်တို့ စောင့်နေမယ်”

မောင်ပေါက်စ ထွက်သွားလျှင်
ရှား။ ။”ကျုပ်မှာ လက်နှိပ်ဓာတ်မီး မေ့လာခဲ့ပြီဗျို့ ကိုသိန်းမောင်၊ ခင်ဗျားမှာ ပါသေးသလား”
ကျွန်တော်။ ။”ပါ ပါသေးတယ်”

မောင်စံရှားသည် ကျွန်တော်၏ထံမှ လက်နှိပ်ဓာတ်မီးကို ယူပြီးလျှင် မှော်ဆရာကြီး ဦးပေါ်သိုင်းနေဖူးသော အိမ်ကြီးသို့
ထိုးကြည့်ရာ အိမ်ရှေ့တံခါးမှာ မစေ့တစေ့ ပိတ်ထားသည်ကို တွေ့မြင်ရသည်တွင်
ရှား။ ။”ကိုသိန်းမောင်၊ သည်အိမ်ကြီးထဲကို ကျုပ်ဝင်ပြီး ကြည့်ချင်တယ်ဗျာ၊ ခင်ဗျား လိုက်ဝံ့ရဲ့ မဟုတ်လား”

ကျွန်တော်။ ။(ခပ်ကြောက်ကြောက်ဖြစ်သော်လည်း ရဲချင်ပြု၍) “ကျွန်တော့်ကို မောင်ပေါက်စ မှတ်နေသလား၊ ကြည့်ချင်လို့
လိုက်တာပေါ့ဗျာ၊ ဘာကိစ္စလဲ”

ရှား။ ။”ဘီလူးဖြစ်နေတယ်ဆိုတာ ဟုတ်လေသလား အောက်မေ့လို့တော့ မဟုတ်ဘူး၊ သို့သော် ဟိုမှာ အလောင်းတွေ့တဲ့
အတွက် စုံထောက်ချင်လို့ပါဗျာ၊ ကိုင်း လာ ဝင်ကြမယ်”

ကျွန်တော်တို့သည် ဝင်းအတွင်းသို့ ဝင်ကြပြီးလျှင် အိမ်ရှေ့လှေကားမှ အိမ်ပေါ် သို့ တက်သွား၍ တံခါးကို တွန်းကြည့်ရာ
တံခါးသည် အလွယ်တကူပင် ပွင့်သွားလေ၏။

မောင်စံရှားသည် တံခါးဝမှ ရပ်လျက် လက်နှိပ်ဓာတ်မီးကို အတွင်းသို့
ထိုး၍ကြည့်ရာ အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းနှင့် မီးဖိုဆောင်ကလေးအတွက် တစ်ခန်း၊ ပေါင်း သုံးခန်းမျှသာ ရှိကြောင်း
တွေ့မြင်ရလေရာ အိမ်ထောင်မှုပစ္စည်း ဟူ၍လည်း များစွာ မရှိဘဲ ဧည့်ခန်း၌ ဖျာကလေးနှစ်ချပ် ၊ သင်ဖြူးလိပ်ကလေးတစ်ခု ၊
တိုင်တစ်တိုင်၌ လွယ်အိတ်ကလေး တစ်ခုချိတ်လျက် ၊ အခန်း၏ အလယ်၌ သုံးကျောင်းထောက် ခုံကလေး တစ်ခု မျှသာလျှင်
ရှိသည်ကို တွေ့မြင်ကြရလေ၏။

၎င်းနောက် မောင်စံရှားသည် အိမ်တွင်းသို့ ဝင်သွားသဖြင့် ကျွန်တော်လည်း ၎င်း၏နောက်မှ လိုက်သွားခဲ့ရာ မောင်စံရှားသည်
ဓာတ်မီးရောင်ကို တစ်အိမ်လုံးအနှံ့အပြား လှည့်ပတ်ကာ ထိုး၍ ကြည့်ပြီးနောက် သုံးချောင်းထောက် ခုံအနီးသို့ သွားပြီးလျှင်
“အလို ဒါက ဘာတွေလဲဗျို့” ဟု ပြော၍ ဖျာပေါ်သို့ ညွှန်ပြလေရာ သူရိယသတင်းစာ ငါးစောင်မျှတို့ကို ကျွန်တော်
မြင်ရလေသည်။

သတင်းစာတို့မှာ ပတ်ထားသော စက္ကူများကို ဖွင့်၍ ဖတ်ပြီးဖြစ်ဟန် လက္ခဏာရှိလေရာ မောင်စံရှားသည်
ရက်စွဲများကို သေချာစွာ ကြည့်ရှုပြီးနောက်

ရှား။ ။”လူမနေဘူးသာ ဆိုတယ်၊ ထူးဆန်းလှပါကလား ကိုသိန်းမောင်”
ကျွန်တော်။ ။”သတင်းစာတွေက လူသေပြီးတဲ့နောက်မှ ရောက်တဲ့ သတင်းစာ မို့လို့လား၊
ဖတ်တဲ့လူဖြစ်တော့ လူသေပေမယ့် ရက်မစေ့မချင်း သတင်းစာတိုက်က ဆက်ပြီး ပို့နေမှာပေါ့ဗျလပိုင်းနှင့်မှာပြီး”
ရှား။ ။”ခင်ဗျား ပြောပုံတော့ သတင်းစာပို့တဲ့ ကုလားက အိမ်ထဲဝင်ပြီး သတင်းစာတွေကို ဖောက်ဖောက်ပြီးမှ
ချထားတယ်ပေါ့လေ”

ကျွန်တော်။ ။”ဟုတ်တယ်ဗျို့၊ ဒါတော့လဲ ထူးဆန်းတယ်”
ရှား။ ။”ဒါဖြင့် သည်ဟာတွေကို ဘယ်သူဖောက်ကြည့်သလဲ”

ကျွန်တော်။ ။(နောက်ဆုံးရက်စွဲကို ကြည့်ပြီးနောက်) “တစ်ယောက်ယောက်တော့
အမှန်ဝင်တယ်ဗျို့၊ ဝင်ပြီး သတင်းစာတွေ တွေ့တာနှင့် ဖောက်ကြည့်ဟန် ရှိတယ်”

ရှား။ ။”သည်ကနေ့ တစ်နေ့တည်း မကဘူးဗျ၊ နေ့တိုင်း ဝင်ပြီး ကြည့်ဟန်ရှိတယ်”

ကျွန်တော်။ ။”ဘယ့်နှယ်ကြောင့်လဲဗျာ”

ရှား။ ။”သည်တစ်နေ့တည်း ဝင်ပြီး ကြည့်ရင် သတင်းစာတွေဟာ ဖောက်မိဖောက်ရာ ဖောက်ဖတ်လို့ ရောနှောပြီး နေရမယ်ဗျ၊
အခုတော့ သူ့ရက်စွဲ နှင့် သူ ကြမ်းပေါ်မှာ အစဉ်လိုက် ထပ်ပြီး ထားတာ တွေ့ရတယ်၊ နေ့တိုင်း ဖတ်ဟန် သဏ္ဌာန်တူတယ်၊
သို့သော် နေဦး” ဟု ပြော၍ မောင်စံရှားသည် မိမိဆောင်မြဲဖြစ်သော မှန်ဘီလူးကို ထုတ်ပြီးနောက် သတင်းစာ တစ်စောင်စီ
သေချာစွာ ကြည့်ရှုပြီးလျှင်

ရှား။ ။”ကျုပ်ထင်တဲ့ အတိုင်းပဲ ကိုသိန်းမောင်၊ သတင်းစာ အဖုံးတိုင်းမှာ မြူကလေးတွေ တင်ပြီးနေတယ်၊ တစ်စောင်ဖတ်ပြီး
ချထားရင် မြူတင်နေရင် တစ်ရက်ပဲ ၊ အားလုံးဖောက်ပြီး ဖတ်ရင် အပေါ်ဆုံး သတင်းစာမှာသာ မြူတင်ရမယ်
မဟုတ်ဘူးလားဗျာ”

ကျွန်တော်။ ။”ဟုတ်ပါပေတယ်ဗျာ”
ရှား။ ။”သို့သော် ဘာသတင်းများ တွေ့ချင်လို့ နေ့တိုင်းမှန်မှန်လာပြီး ဖတ်သလဲ ကြည့်စမ်းရအောင်ဗျာ” ဟု ပြော၍
မောင်စံရှားသည် သတင်းစာများကို တစ်ခုစီ လှန်လှော ကြည့်ရှုပြီးလျှင်

၁၅၆
သည်ကနေ့
သည်အိမ်ထဲကို

ရှား။ ။”အလို ကြည့်စမ်းဗျို့ ကိုသိန်းမောင်၊ ဟောဒါက ဦးပေါ်သိုင်း အနိစ္စရောက်ကြောင်းကို ဓာတ်ပုံနှင့်တကွ
ထည့်ထားပါကလား” ဟု ပြောပြီးနောက် သတင်းစာကို ကျွန်တော့်အား လှမ်း၍ ပေးသဖြင့် ကြည့်ရှုသည်တွင် ဦးပေါ်သိုင်း ၏
ဓာတ်ပုံတစ်ခြမ်းနှင့် တကွ အနိစ္စရောက်သည့် အကြောင်းကို အကျဉ်းချုပ် ရေးသားထားရှိကြောင်း တွေ့ရ၏။

ဓာတ်ပုံတွင်
တွေ့ရှိရသည့် အတိုင်း ထောက်ချင့်ရသော် ဦးပေါ်သိုင်း သည် နှာခေါင်းချွန်ချွန် မျက်ခုံးတုတ်တုတ် နားရွက်ကားကား
ပါးစပ်ပြဲပြဲ ရှိ၏။

အတော်အတန် ခက်ထန်သည့် လက္ခဏာလည်း ရှိ၏။

ကျွန်တော်သည် ဓာတ်ပုံကို ကြည့်ပြီးနောက်
သင်္ခါရသဘောတရားကို မလွန်ဆန်နိုင်သည့် အကြောင်း တွေးတောလျက် ရှိစဉ် လှေကားမှ လျှို့ဝှက်စွာ ဆင်းသွားသော
ခြေသံများကို ကြားရသလိုလို ရှိ၏။

ဦးခေါင်းများ ကြီးပြီး ကြက်သီးများထလျက် မောင်စံရှား၏ မျက်နှာကို ကြည့်လိုက်ရာ
မောင်စံရှားလည်း ကျွန်တော်ကဲ့သို့ ကြားရဟန်ရှိ၍ နားစိုက်ကာ ရှိနေလေ၏။

နောက်တစ်ခဏ၌ မောင်စံရှားလည်း ထိုင်ရာမှ ရုတ်တရက် ထ၍ တံခါးရှိရာသို့ ပြေးသွားလေရာ ကျွန်တော်လည်း
ကြောက်အားလန့်အားနှင့် နောက်မှ ကပ်၍ လိုက်ပါသွားလေ၏။

တံခါးကို တွန်းပြီးနောက် အပြင်သို့ မျှော်ကြည့်သောအခါ
ကုတ်ကုတ် ကုတ်ကုတ်နှင့် ဝင်းအပြင်သို့ ထွက်သွားသော လူတစ်ယောက်၏ သဏ္ဌာန်ကို ရိပ်ခနဲ မြင်လိုက်ရလေ၏။

ထိုအခါ
မောင်စံရှားလည်း လှေကားကို တစ်ကြိမ်လျှင် နှစ်ထစ်သုံးထစ်မျှ ကျော်ဆင်း၍ လူရိပ်မြင်ရာသို့ လိုက်ပြန်လေရာ
ကျွန်တော်လည်း ထပ်ကြပ်လိုက်ပါသွားရလေ၏။

ဝင်းပြင်သို့ ရောက်သောအခါ ကျွန်တော်တို့နှင့် ပေ ၅၀ လောက်တွင် လျင်မြန်စွာ လျှောက်သွားနေသော လူတစ်ယောက်ကို
မြင်ကြရသဖြင့် ပြေးလွှား၍ လိုက်ကြလေရာ ထိုသူသည် ကျွန်တော်တို့ ရှိရာသို့ တစ်ကြိမ်မျှ လှည့်မကြည့်ဘဲ
သုသာန်ရှိရာသို့ စိုက်စိုက် စိုက်စိုက်နှင့် သွားလေ၏။

ထိုအချိန်၌ကား လမင်းသည် ဝင်လုဆဲဆဲ ရှိပြီဖြစ်လေရာ
ကျွန်တော်တို့မှာ လမ်းကို ကောင်းစွာ မမြင်နိုင်သည် ဖြစ်၍ ရော်ရမ်းကာ လိုက်ကြရသောကြောင့် ရုတ်တရက် မမီနိုင်ဘဲ
တဖြည်းဖြည်းသာလျှင် သုသာန်နှင့် နီး၍ နီး၍ လာခဲ့လေ၏။

ထိုသူသည် သုသာန်သို့ ရောက်ပြီးနောက် ဦးပေါ်သိုင်း ၏ အရိုးအိုး အနီးသို့ ချဉ်းကပ်မိလေလျှင် ကျွန်တော်တို့နှင့် ၁၅
ပေခန့်မျှသာ ကွာလေသည်ဖြစ်ရာ တိမ်များ ဖုံးအုပ်လျက်ရှိသော လမင်းသည် ဝင်တော့မည့်ဆဲဆဲတွင်မှ နှုတ်ဆက်ဘိ
သကဲ့သို့သော အနေဖြင့် ရုတ်တရက် တိမ်ကြားမှ ထွက်ပေါ်ခိုက်နှင့် ထိုသူသည် ကျွန်တော်တို့ ရှိရာသို့ လှမ်းကြည့်ခိုက်နှင့်
ကြုံကြိုက်လေရကား ၎င်း၏မျက်နှာကို ထင်ရှားစွာ မြင်လိုက်ရသည် ဖြစ်၍ ကျွန်တော်တို့နှစ်ယောက်စလုံးသည်
တစ်ယောက်လက်ကို တစ်ယောက်ကိုင်ဆွဲကာ ကြက်သေသေလျက် ရှိနေကြလေ၏။

ထိုသူမှာ မျက်ခုံးတုတ်တုတ်
နားရွက်ကားကားနှင့် ရှိနေရကား ကျွန်တော်တို့ မြင်တွေ့ရသော ဓာတ်ပုံအတိုင်း တသဝေမတိမ်း တူညီသည်
ဖြစ်သောကြောင့် ဦးပေါ်သိုင်း ပါတကားဟု မှတ်ထင်မိကြသောကြောင့် ပေတည်း။

ထိုသူသည် ယင်းကဲ့သို့ တစ်ခဏမျှ လှည့်ကြည့်ပြီးနောက် အရိုးအိုး၏ အခြားဘက်သို့ လျှောက်သွားသဖြင့် ကွယ်ပျောက်၍
သွားလေရာ မောင်စံရှားသည် အတော်အတန်ပင် တုန်လှုပ်လျက်ရှိရာမှ စိတ်ကိုတင်း၍ ထပ်မံလိုက်သွားပြန်လေ၏။

အရိုးအိုး၏ အခြားဘက်သို့ ရောက်သောအခါ၌ကား ထိုသူမှာ အစအနပင် မမြင်လိုက်ရတော့ချေ။

မြေမျို၍ သွားဘိသကဲ့သို့
အလျင်းပျောက်၍ သွားလေ၏။ ထိုအခါ ကျွန်တော်တို့သည် အရပ်လေးမျက်နှာကို မျှော်၍ကြည့်ပါသော်လည်း ထိုသူကို
မမြင်သဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်ပြီးလျှင်

ကျွန်တော်။ ။”ဘယ့်နှယ်ထင်သလဲ ကိုစံရှား၊ နာနာဘာဝတွေ ရှိတယ်လို့သာ ကြားဖူးတယ်၊ သည်တစ်ခါဖြင့် လက်တွေ့
ဖြစ်နေပြီ ထင်တယ်”
ရှား။ ။”သည်တစ်ခါတော့ဖြင့် မပြောတတ်အောင် ဖြစ်နေပြီဗျို့၊ တယ်ကြပ်ပါကလား ကိုသိန်းမောင်”

ထိုအခါ၌ လူသံများ ကြားသဖြင့် မျှော်ကြည့်ရာ ရွာသားတို့သည် မီးစည်းများနှင့် လာနေကြသည်ကို အဝေးက
မြင်ကြရလေ၏။

အနီးသို့ရောက်လာကြသော အခါ မောင်ပေါက်စနှင့်တကွ ရွာသူကြီးပါ ရွာသားခြောက်ယောက်တို့သည်
ထမ်းစင်တစ်ခုနှင့် လာကြကြောင်း သိကြရလေရာ ကျွန်တော်တို့သည် အလောင်းကို ထမ်းစင်ပေါ် သို့ ကူညီ၍
တင်ကြပြီးနောက် ရွာသားများနှင့် အတူ ရွာသို့ လိုက်ကြရလေ၏။

လမ်းခရီးတွင်
သူကြီး။ ။”ခင်ဗျားတို့ ဘယ်ကလဲ”
ရှား။ ။”ရန်ကုန် ကပဲ”
သူကြီး။ ။”နာမည် ဘယ်လို ခေါ် သလဲ”
ရှား။ ။”မောင်စံရှား ခေါ်ပါတယ်”
သူကြီး။ ။”မဂ္ဂဇင်းတွေမှာ ဖတ်ဖူးတဲ့ ဦးစံရှား ဆိုတာများလား”
ရှား။ ။”မှန်ပါတယ်”
သူကြီး။ ။”ဒါဖြင့် သည်က ကိုသိန်းမောင်ပေါ့”
ကျွန်တော်။ ။”ဟုတ်ပါတယ်”
သူကြီး။ ။”အခန့်သင့်လိုက်လေ ခင်ဗျာ၊ အလောင်းကိုတွေ့တာလဲ ခင်ဗျားတို့ပဲ တွေ့တယ်၊ ခင်ဗျားတို့ လူသတ်မှုကို
ခင်ဗျားတို့ပဲ ပြီးစီးအောင် စုံထောက်ပေးခဲ့ပါတော့ ခင်ဗျာ”

မောင်စံရှားမှာလည်း ထူးဆန်းသောအမှုကို ဆုံးခန်းတိုင်ရောက်အောင် စုံထောက်ရန် ဆုံးဖြတ်ပြီး ဖြစ်လေရကား ကျွန်တော်တို့
သည် ရွာသူကြီး အိမ်၌ တည်းခိုရန် လိုက်ပါသွားကြလေ၏။

နံနက်လင်း၍ အိပ်ရာမှ ထကြသည်နှင့် တပြိုင်နက် မောင်စံရှားက ကျွန်တော်အား လမ်းလျှောက်ရန် ခေါ်သွားပြီးလျှင်
လမ်းခရီး၌ ယမန်နေ့ညက ၎င်းကိုယ်တိုင် အတော်အတန် တုန်လှုပ်ခဲ့သည် ဖြစ်၍ ထိုသူ၏ ခြေရာကို ကြည့်ဖို့ရာ
သတိမေ့လျော့သွားကြောင်း၊ ထိုသူသည် တွေးထင်သည့်အတိုင်း နာနာဘာဝ ဖြစ်ခဲ့လျှင် မြေပေါ်၌ ခြေရာထင်မည်
မဟုတ်ကြောင်း၊ သို့ဖြစ်၍ မြေပေါ်၌ ခြေရာ ထင်မထင် သွားရောက်စုံစမ်း ကြည့်ရှုလိုသည် ဖြစ်ကြောင်းနှင့် ပြောဆို၍
သုသာန်ရှိရာသို့ ကျွန်တော်အား ခေါ် သွားလေ၏။

ကျွန်တော်တို့သည် ရှေးဦးစွာ မှော်ဆရာကြီး ဦးပေါ်သိုင်း နေအိမ်သို့ ရောက်ကြသောအခါ လှေကားအဆင်းမှ စ၍
ခြေရာများကို ကြည့်ရှုကြသော်လည်း မြက်ပင်များ ထူထပ်လျက် ရှိသည်ဖြစ်သောကြောင့် ကျွန်တော်တို့၏ ခြေရာများကိုလဲ
မမြင်နိုင်၊ အခြားသူ တစ်ဦးတစ်ယောက်၏ ခြေရာကိုလည်း မတွေ့ရှိဘဲ ရှိနေခဲ့ကြလေ၏။

၎င်းနေရာမှ တစ်ဖန် သုသာန်သို့
လိုက်သွားကြပြန်ရာ လမ်းခရီး၌လည်း ခြေရာများမတွေ့နိုင်ကြချေ။

အကြောင်းကို ဆိုသော် ထိုသူသည် လမ်းရိုးမှ မသွားဘဲ
မြက်ခင်းပင်များ ထူထပ်သော ကွင်းပြင်တို့မှ ဖြတ်သန်း၍သုသာန်သို့ တည့်တည့်လျှောက်သွားခြင်း ဖြစ်သောကြောင့်
ကျွန်တော်တို့၏ ခြေရာလည်း မထင်နိုင်၊ ထိုသူ၏ ခြေရာလည်း မထင်နိုင်အောင် ရှိနေခြင်း ဖြစ်လေသည်။

သုသာန်သို့ ရောက်ကြ၍ ဦးပေါ်သိုင်း၏ အရိုးအိုးအနီးသို့ ရောက်ကြသော အခါ၌ကား ကျွန်တော်တို့မှာ မြက်ပင်များ
ရှင်းလင်းလျက် ရှိသော မြေကွက်တစ်ခုပေါ်၌ ထူးဆန်းလှသော အခြင်းအရာတစ်ခုကို တွေ့ကြရသဖြင့် တစ်ယောက်မျက်နှာကို
တစ်ယောက်ကြည့်ကာ ငေးလျက်ရှိနေကြလေ၏။

အကြောင်းသော်ကား မြက်ပင်တွင် ခြေရာတစ်ခု ထင်လျက်ရှိရာ အလျား
တစ်တောင်နှင့် လက်လေးသစ်၊ ဗျက်မှာ တစ်မိုက်ခန့် ရှိသည်ကို တွေ့ကြရသောကြောင့်တည်း။

အံ့ဩခြင်း
ပြေပျောက်သောအခါ
ကျွန်တော်။ ။”ဘယ့်နှယ်လဲ ကိုစံရှား၊ လူသားစင်စစ် ဆိုရင် ခြေထောက်ခြေရာ သည်လောက်တောင် ကြီးနိုင်ပါ့မလား”
ရှား။ ။”မှန်တယ်၊ ဒီခြေရာလောက်ကြီးတဲ့ လူဟာ အနည်းဆုံး အမြင့် ၁၅ ပေလောက် ရှိရမယ်၊ ကျုပ်တို့ မြင်တဲ့လူဟာလဲ
သာမည အရပ်အမောင်းပဲ ဖြစ်မယ်”

ကျွန်တော်။ ။”ဒါဖြင့် နာနာဘာဝ ပေါ့”
ရှား။ ။”နာနာဘာဝ ဆိုရင်လဲ ခြေရာထင်ဖို့ မကောင်းဘူးဗျ”
ကျွန်တော်။ ။”ချောက်ခြား ချင်တဲ့ အတွက် ခြေရာကို တမင် ထင်အောင် လုပ်ထားချင် ထားနိုင်တာပေါ့ဗျာ”

ရှား။ ။”မှန်တယ်၊ ချောက်ခြားလိုတဲ့ အတွက် ခြေရာလုပ်ထားခဲ့တယ် ဆိုတာ ကျုပ် သဘောတူတယ်” ဟု ပြောပြီးနောက်
မောင်စံရှားသည် မျက်နှာတစ်မျိုးနှင့် ရှိနေရာ ကျွန်တော်မှာ မည်သည့်အတွက်ကြောင့် ထိုသို့သော မျက်နှာထားမျိုး
ရှိနေသည်ကို ထိုအခါမတွေးတောတတ်ဘဲ ရှိနေခဲ့လေ၏။

၎င်းနောက် ကျွန်တော်တို့သည် ရွာသူကြီးအိမ်သို့ ပြန်လာခဲ့ရာ လမ်းခရီး၌ မောင်စံရှားသည် ကျွန်တော်အား စကား
တစ်ခွန်းမျှ မပြောဘဲ ၎င်း၏ ထုံးစံအတိုင်း ဆေးတံကို ပြင်းထန်စွာ ရှူရှိုက်ကာ စဉ်းစားစိတ်ကူးလျက် လိုက်ပါလာခဲ့လေ၏။

ရွာသူကြီးအိမ်သို့ ရောက်ကြသောအခါ ကျောင်းဆရာမကဲ့သို့ သပ်ရပ်စွာ ဝတ်ဆင်၍ထားသော မိန်းမတစ်ယောက်သည်
စောင့်ဆိုင်းလျက်ရှိရာ ရွာသူကြီးက ၎င်းသူငယ်မမှာ သေလွန်သူ ဦးပေါ်သိုင်း ၏ အမွေစား အမွေခံ ဖြစ်ကြောင်း၊
ရန်ကုန်မြို့က မိန်းကလေးကျောင်း၌ ဆရာမအလုပ်ကို လုပ်ကိုင်၍ အမည်မှာ မကြီးရွှေဖြစ်ကြောင်းနှင့် အသိအကျွမ်းဖွဲ့၍
ပေးလေသည်။

ရွှေ။ ။”သည်ကနေ့ ကျောင်းပိတ်တာနှင့် မော်တော်ကားနှင့် ရောက်လာခဲ့ပါတယ်ရှင့်၊ ဦးစံရှား ရောက်နေတယ် ကြားလို့
ကျွန်မမှာ ဝမ်းသာမိပါတယ်ရှင်၊ အလကားပါရှင်၊ တောသားတွေဟာ ထင်မိထင်ရာ လျှောက်လျှောက်ပြီး ပြောတတ်
ကြပါတယ်၊ ကျွန်မတို့ ဦးလေးကို အောက်လမ်းဆရာဆိုပြီး သရဲဖြစ်သလေး၊ သဘက်ဖြစ်သလေးနှင့် သွားပုတ်လေလွင့်
ပြောနေကြတာ ပပျောက်အောင် တဆိတ် လုပ်ပေးခဲ့ပါရှင်”

ရှား။ ။(သူငယ်မ၏ မျက်နှာကဲ ကို ခတ်လျက်)” ဦးပေါ်သိုင်း ဟာ အသက်အာမခံများ ထားသလား”

ရွှေ။ ။”၅၀ဝဝိ ထားတယ်လို့ ပြောပါတယ်ရှင်၊ ကျွန်မကိုပဲ အမွေခံ အမွေစား အဖြစ်နှင့် အာမခံ ကုမ္ပဏီမှာ
အမည်သွင်းပြီးထားခဲ့ပါတယ်၊ အခုတော့ ခက်နေတာက သူလဲ သေရော ကုမ္ပဏီစာချုပ်တွေကလဲ ဘယ်မှာထားခဲ့မှန်း မသိလို့
အခုထက်ထိ ငွေမထုတ်ရသေးအောင် ရှိနေပါတယ်ရှင်၊ ဒါကြောင့် အိမ်ထဲမှာ တစ်ခါထပ်ပြီး ရှာမယ်လို့ ကျွန်မ လာခဲ့ခြင်း
ဖြစ်ပါတယ်”

ရှား။ ။”ဦးပေါ်သိုင်း သေဆုံးစဉ် အခါက မိန်းကလေး လာသေးသလား”
ရွှေ။ ။”ကျွန်မက ခေါင်းသွင်းပြီးမှ ရောက်ပါတယ်ရှင်”
ရှား။ ။”ဘာရောဂါနှင့် အနိစ္စရောက်သလဲ”
ရွှေ။ ။”လေသင်တုန်းမိလို့ ရုတ်တရက်ဆုံးတယ်လို့ ပြောကြပါတယ်ရှင်၊ ရွာသားတွေက ဦးပေါ်သိုင်း ဆိုရင် ဘယ်လောက်
မကြောက်တတ်တယ်၊ ကြောက်တတ်တယ် မပြောနှင့်တော့၊ သေတာတောင် အိမ်ပေါ်ကို မတက်ကြဘူး၊ သုဘရာဇာ
လက်အပ်ပြီး ခေါင်းသွင်းခိုင်းကြပါတယ်ရှင်”

ရှား။ ။”ဒါဖြင့် အလောင်းကို ဆရာမလဲ မမြင်၊ ရွာသားထဲကလည်း ဘယ်သူမှ မမြင်လိုက်ကြရဘူးလား”
ရွှေ။ ။”မှန်ပါတယ်”
ရှား။ ။”သင်္ဂြိုဟ်ပြီးနောက် စာချုပ်တွေ ရှာရော ဆိုပါတော့”
ရွှေ။ ။”မှန်ပါတယ်၊ အသက်ပေါင်ထားတယ် ဆိုလို့ စာချုပ်ကို ရှာလိုက်တာ၊ တစ်အိမ်လုံးနှံ့နေပါရောရှင်၊ ဘယ်မှာမှ
မတွေ့ဘူး၊ ဒါကြောင့် စိတ်မကျေနပ်သေးလို့ ယခုအခါ ထပ်ပြီး ရှာဖို့ လာခဲ့ပါတယ်”

ရှား။ ။”အလောင်းကို မီးသင်္ဂြိုဟ်ပြီးမှ ဂူသွင်းသလား၊ သည်အတိုင်း သွင်းသလား”

ရွှေ။ ။သည်အတိုင်းပဲ ကျွန်မ ဂူသွင်းထားပါတယ်ရှင်၊ ကိုင်း ဦးစံရှားနှင့် စကားပြောနေရတာတော့ ကောင်းပါရဲ့၊ သို့သော်
ကျွန်မကိစ္စလေး ပြီးစီးအောင် အချိန်ရှိခိုက် သွားပြီး ရှာစမ်းပါရစေဦးရှင်”
ဟု ပြောပြီးနောက် မကြီးရွှေသည် ရွာသား သုံးလေးယောက်တို့နှင့် ဦးပေါ်သိုင်း၏ နေအိမ်သို့ သွားလေ၏။

ရွာလူကြီးလည်း
ယမန်နေ့ညက အလောင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရန်ရှိသော ကိစ္စများကို ဆောင်ရွက်လျက်ရှိရာ
ကျွန်တော်။ ။”ဘယ့်နှယ်လဲ ကိုစံရှား၊ ဘယ်လိုထင်သလဲ”

ရှား။ ။”ကျွန်တော်တော့ ဦးပေါ် သိုင်း သေတယ် မထင်ဘူး”
ကျွန်တော်။ ။”အသက်အာမခံ ကုမ္ပဏီကို လိမ်လည်ပြီး ငွေထုတ်ဖို့ ကြံစည်ကြတယ် ထင်သပေါ့လေ”
ရှား။ ။”အစစ်ပဲ”
ကျွန်တော်။ ။”ဒါဖြင့် ငွေထုတ်ရင် ဦးပေါ်သိုင်း ထုတ်မှာပေါ့”
ရှား။ ။”သူမထုတ်ရင် ဘယ်သူထုတ်မလဲ၊ ဒါကြောင့် စာချုပ်တွေ မတွေ့ဘဲ ဖြစ်နေတာပေါ့”
ကျွန်တော်။ ။”ဒါဖြင့် အသက်အာမခံ ကုမ္ပဏီကို အကြောင်းကြားဖို့ မလိုဘူးလားဗျာ”
ရှား။ ။”ဘာဆိုင်သလဲ၊ ကျုပ်တို့ကို အသက်အာမခံ ကုမ္ပဏီက ငှားထားတာမှ မဟုတ်ဘဲ၊ သို့သော်လည်း ယခု လူသတ်မှုမှာ
လက်သယ်ဟာ ဘယ်သူဘယ်ဝါ ဖြစ်တယ်၊ ဦးပေါ်သိုင်း၏ အလောင်းထင်မှတ်ပြီး ဂူသွင်းထားတဲ့သူဟာ ဘယ်သူဖြစ်တယ်
ဆိုတာကိုတော့ ကျုပ်တို့ စုံထောက်ကြရလိမ့်မယ်”

ကျွန်တော်။ ။ရုတ်တရက် အကြံရ၍ “ဪ တန်တော့ဗျို့၊ ခေါင်းထဲမှာ အလောင်း ပါတယ် မပါဘူး ဆိုတာ ဘယ်သူမှ
အမှန်မပြောနိုင်ဘဲ၊ တကယ်လို့ ခပ်လေးလေးရှိအောင် တစ်ခုခု ထည့်ပြီးထားရင်လဲ ရွာသားတွေ ယုံကြည်ရမယ်
မဟုတ်လားဗျာ”

ရှား။ ။”မှန်တယ်”
ကျွန်တော်။ ။”ဒါဖြင့် ဂူဖောက်ပြီး ကြည့်ကြရင် မကောင်းဘူးလားဗျာ”
ရှား။ ။”ကျုပ်လဲ သည်လိုပဲ ကြံစည်နေတယ်၊ သို့သော် ဖောက်ကြည့်ဖို့ ဆိုရင် အမိန့်တွေ ဘာတွေ ခံနေကြရလိမ့်မယ်၊
အမိန့်ခံနေတယ် ဆိုရင် ကြာနေလိမ့်မယ်၊ ကျုပ်တို့လဲ မစောင့်နိုင်ဘူး”
ကျွန်တော်။ ။”ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ ဗျာ”
ရှား။ ။”သည်ကနေ့ည နှစ်ယောက်ထဲ တိတ်တိတ်ကလေး ဖွင့်ပြီး ကြည့်လိုက်ရအောင်”
ကျွန်တော်။ ။”လုပ်လေဗျာ”
______
နေ့လည်အချိန်ခန့်၌ ဆရာမ မကြီးရွှေသည် ကျွန်တော်တို့ရှိရာ သူကြီးအိမ်သို့ လာပြီးလျှင် ဦးပေါ် သိုင်း ၏ နေအိမ်၌
တစ်အိမ်လုံး အနှံ့အပြား ရှာဖွေခဲ့သော်လည်း မည်သည့်နေရာမှ စာချုပ်ကို မတွေ့ရှိကြောင်း၊ မိမိမှာလည်း ကြာရှည်စွာ
မနေနိုင်သည် ဖြစ်၍ ပြန်ရမည် ဖြစ်ကြောင်းနှင့် ပြောဆိုပြီးလျှင် ကျွန်တော်တို့အား နှုတ်ဆက်၍ မော်တော်ကားဖြင့်
ပြန်သွားလေ၏။

၎င်းညဉ့် ၁၂ နာရီကျော် အချိန်ခန့်တွင် တစ်ရွာလုံး အိပ်ပျော်လျက် ရှိကြသည် ဖြစ်ရာ ကျွန်တော်နှင့် မောင်စံရှားတို့သည်
လက်နှိပ်မီးတစ်ခုနှင့် ရွာသူကြီး၏ အိမ်မှ လျှို့ဝှက်စွာ ဆင်းလာပြီးလျှင် သုသာန်သို့ သွားကြလေ၏။

ဦးပေါ် သိုင်း ၏ ဂူသို့
ရောက်ကြသောအခါ ကျွန်တော်တို့သည် လက်နှိပ်ဓာတ်မီးနှင့် ဂူဝသို့ ထိုးကြည့်သည်တွင် ဂူမှာ သံတံခါးဖြင့် ပိတ်ထား၍
သော့ခတ်လျက်ရှိကြောင်း တွေ့ရှိရလေ၏။

ထိုအခါ မောင်စံရှားမှာ ပိတ်ထားသော သော့ခလောက်ကို ဖွင့်သည် အရာဌာန၌
သူခိုးများထက်ပင် ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လေရကား မိမိ၌ပါသော လက်နက် ကိရိယာများနှင့် စမ်းသပ်ဖွင့်လှစ်ရာ
နာရီဝက်အတွင်း သော့ပွင့်လေ၏။

ထိုအခါ ကျွန်တော်တို့သည် သံတံခါးကို ဆွဲဖွင့်၍ အတွင်းသို့ ဓာတ်မီးဖြင့် ထိုး၍ ကြည့်သည်တွင် သာမညသစ်သားဖြင့်
သင့်လျော်အောင် ပြုလုပ်ထားသော ခေါင်းတစ်ခုကို တွေ့ရှိရလေ၏။

၎င်းနောက် နှစ်ယောက်သားတို့သည် ခေါင်းကို
လက်ကိုင်မှ ကိုင်၍ ဆွဲထုတ်ကြရာ အတော်အတန်ပင် လေးလံသည်ဖြစ်၍ တစ်ခုခု ထည့်သွင်း၍ ထားကြောင်းကို
ယုံမှားဖွယ်ရာ မရှိချေ။

ခေါင်းကို မြေပေါ် သို့ ချပြီးနောက် မောင်စံရှားသည် ခေါင်းဖုံး၌ စုပ်ထားသော ဝက်အူများကို ဝက်အူလှည့်ဖြင့် လှည့်၍
ဖွင့်ရာ ဝက်အူတစ်ချောင်းကို ဖွင့်မိပင်လျှင် ပုပ်ဟောင်သော အနံ့တို့သည် ခေါင်းအတွင်းမှ ထောင်းခနဲ ထွက်လာသည် ဖြစ်၍
တစ်စုံတစ်ယောက်၏ အလောင်းပါရှိကြောင်းကို သိရှိကြရလေ၏။

ဝက်အူတစ်ချောင်းပြီး တစ်ချောင်း ဖွင့်လေလေ၊
ပုပ်စပ်သော အနံ့တို့သည် တိုး၍တိုး၍ လာလေလေ ရှိခဲ့ရာ ကျွန်တော်တို့မှာ လက်ကိုင်ပုဝါများဖြင့် နှာခေါင်းပါးစပ်တို့ကို
လုံခြုံအောင် ကြပ်တည်းစွာ စည်းကြရလေ၏။

နောက်ဆုံးဝက်အူ ဖွင့်ပြီးသောအခါ မောင်စံရှားသည် ခေါင်းကို ခေါင်းရင်းဖက်သို့ တွန်းဖယ်၍ လက်နှိပ်ဓာတ်မီးဖြင့်
ထိုးကြည့်သောအခါ နှစ်ယောက်သားတို့မှာ အံ့ဩစွာနှင့် ငေးလျက်ရှိနေကြရလေ၏။

ကျွန်တော်တို့၏ ထင်မြင်ချက်မှာ
ထိုအလောင်းသည် ဦးပေါ်သိုင်း၏ အလောင်း မဟုတ်ဟု ကောင်းကောင်းကြီး တွေးထင်ကြပြီး ဖြစ်ရာ ကျွန်တော်တို့
မြင်ကြရသော အလောင်းမှာ ဆယ်ရက်ခန့်ကြာပြီ ဖြစ်၍ ပုပ်ရိလျက် ရှိသော်လည်း နှာခေါင်းချွန်ခြင်း၊ မျက်ခုံးတုတ်ခြင်း၊
ပါးစပ်ပြဲခြင်း၊ နားရွက်ကားခြင်း အစရှိသော အခြင်းအရာတို့ကို ထင်ရှားစွာ တွေ့မြင်ရသည် ဖြစ်သောကြောင့် ဦးပေါ်သိုင်း၏
အလောင်းစစ်စစ် ဖြစ်ကြောင်း သိရှိရလေ၏။

ထိုအခါ မောင်စံရှားက “ကျုပ်တို့ သည်တစ်ချက် အတွေးချော် ပြန်ပြီဗျို့” ဟု ပြောပြီးနောက် ခေါင်းကို တစ်ဖန် ပြန်၍
ပိတ်ပြီးလျှင် ဝက်အူများကို မူလအတိုင်း ပြန်၍ စုပ်ကြရလေ၏။

ဝက်အူငါးချောင်းခန့် စုပ်မိကြလျှင် မနီးမဝေးမှ ချွတ်ခနဲ
မြည်သံ ကြားကြရလေရာ ကျွန်တော်တို့မှာ ယခင်ကမူ ဦးပေါ်သိုင်း သေသည်မဟုတ်ဟု ယုံကြည်ထားပြီး ဖြစ်ရာ
ကြောက်ရွံ့ခြင်း ကင်းလျက်ရှိရာမှ ယခုတစ်ဖန် ဦးပေါ်သိုင်း အမှန်တကယ် သေဆုံးကြောင်း သိရှိရပြီးနောက် ထိုအသံများကို
ကြားရရုံမျှနှင့် ယမန်ညဉ့်က အဖြစ်အပျက် များနှင့် တကွ တစ်တောင်ကျော် ခန့်မျှသော ခြေရာကြီးကို သတိရပြီးလျှင်
ကြက်သီးများ ထ ခေါင်းများကြီး၍ ခတ်တရော်သော ကိုယ်ရှိ၍ ဖျဉ်းခနဲ ဖြစ်သွားလေ၏။

မောင်စံရှား လက်နှိပ်ဓာတ်မီးနှင့်
အသံကြားရာကို ထိုးကြည့်ရာ မည်သည့်အရာမျှ မမြင် အရိုးအိုးဟောင်းများကို သာလျှင် တွေ့ကြရလေ၏။

ထို့နောက် ဝက်အူများကို ဆက်လက်ပိတ်ကြပြီးလျှင် ပြီးစီးသည်နှင့် တစ်ပြိုင်နက် သံတံခါးကို ဖွင့်၍ မောင်စံရှားက ခေါင်းကို
နေရာ၌ ပြန်၍ မထားသေးမီ ဂူအတွင်းသို့ လက်နှိပ်ဓာတ်မီးဖြင့် ထိုး၍ ကြည့်လိုက်ရာ “အလို တယ်နေရာကျပါကလား၊
ကြည့်လှည့်စမ်းဗျို့ ကိုသိန်းမောင်” ဟု ခေါ်ငင်သဖြင့် ကျွန်တော်လည်း ၎င်း၏ နောက်မှ တွင်းထဲသို့ ဆင်းလိုက်လေ၏။

ဂူအတွင်း၌ တစ်စုံတစ်ယောက်သော သူက ချဲ့ထွင်ထားသည် ဖြစ်၍ အတော်ပင်ကျယ်ဝန်းလျက် ရှိရာ အောက်သို့လည်း
ဥမင်လှိုဏ်ခေါင်းသဖွယ် တူး၍ ထားလေ၏။ မောင်စံရှားလည်း ဓာတ်မီးကို ကိုင်လျက် ရှေ့မှ သွား၍
ကျွန်တော်လည်းနောက်မှ လိုက်ပြီးလျှင် လှိုဏ်ခေါင်းကို ကြည့်နေကြဆဲတွင် အပြင်မှ ချောင်းကနဲ အသံတစ်ခုကို
ကြားရပြီးနောက် သံတံခါးလည်း ပိတ်သွားလေ၏။

၎င်းနောက် သော့ခလောက်ကို အပြင်မှ ပိတ်လိုက်သည့် အသံကို
ကြားကြရလေ၏။
ကျွန်တော်မှာ တံခါးနှင့် အနီးဆုံး ရှိနေသည်ဖြစ်၍ တအားတွန်း၍ ဖွင့်ပါသော်လည်း မပွင့်ဘဲ ရှိရာ မောင်စံရှား ကိုယ်တိုင်က
ကူညီ၍ နှစ်ယောက်သား တွန်းကြပါသော်လည်း အနည်းငယ်မျှ လှုပ်ရှား ရွေ့လျားခြင်း မရှိဘဲ မြဲခိုင်စွဲမြဲစွာ ရှိနေလေ၏။

ရှား။ ။”ကိုင်း တစ်ခါဖြင့် ဂူထဲမှာ ပိတ်ပြီးသား ဖြစ်နေပြီ၊ မနက်လင်းမှ ရွာက ဖွင့်ပေးမှပဲ ထွက်ကြရတော့မှာပဲ ဗျို့”
ကျွန်တော်။ ။”လူပိတ်တာလား တစ္ဆေပိတ်တာလား”
ရှား။ ။”တစ္ဆေဆိုတာ ပိတ္တာပေါ့ဗျ”
ကျွန်တော်။ ။”မဟုတ်ဘူးဗျာ၊ လူလာပြီး ပိတ်သလား၊ တစ္ဆေ လာပြီး ပိတ်သလား မေးပါတယ်”
ရှား။ ။”လူစင်စစ်ပါ ကိုသိန်းမောင်၊ တစ္ဆေမဟုတ်ပါဘူး၊ ကိုင်း ကိုင်း မထွက်နိုင်မယ့် အတူတူ လိုဏ်ခေါင်းထဲကို
စုံစမ်းကြအုံးစို့ဗျာ”

၎င်းနောက် မောင်စံရှားသည် လက်နှိပ်ဓာတ်မီးနှင့် အောက်သို့ သွားသော အခေါင်းကို ထိုး၍ ကြည့်သည်တွင် လူတစ်ယောက်
ချောင်ချိစွာ ပုန်းအောင်း၍ နေနိုင်သော နေရာလပ်တစ်ခုကို တွေ့သည့်အပြင် ဓာတ်ပုံတစ်ခုနှင့် စာအိပ်လေးငါးလုံးကို
တွေ့ရှိရလေ၏။

မောင်စံရှားသည် ဓာတ်ပုံကို ယူ၍ကြည့်ရာ မိန်းမတစ်ယောက်သည် ကလေးနှစ်ယောက်ကို ဒူးတစ်ဘက်တစ်ချက်တွင် တင်၍
ရိုက်ထားသော ပုံဖြစ်ကြောင်း တွေ့ရှိကြရလေ၏။

မောင်စံရှားသည် ဓာတ်ပုံကို အတန်ကြာအောင် စိုက်၍ ကြည့်ပြီးနောက်
“အောင်မယ်လေး အခုမှ ရိပ်မိတော့တယ်ဗျာ “ ဟု ပြော၍ ကျွန်တော်က “ဘာများ ရိပ်မိတာလဲ ဗျာ” ဟု မေးသောအခါ
မောင်စံရှားသည် မိန်းမဓာတ်ပုံကို ဆံထုံးရော ကိုယ်ပါ လက်ဖြင့် ကွယ်ပြီးလျှင် မျက်လုံး မျက်ခုံးတို့ကိုသာ ပေါ်စေလျက်

ရှား။ ။”ကိုင်း ကြည့်စမ်း၊ ဘယ်သူနှင့် တူသလဲ”
ကျွန်တော်။ ။”ဦးပေါ်သိုင်း ဓာတ်ပုံနှင့် တူတယ်ဗျို့၊ မိန်းမလို ဝတ်ပြီး ရိုက်ထားတာလား”

ရှား။ ။”တယ်အတဲ့ လူပဲ၊ ဦးပေါ်သိုင်း မဟုတ်ဘူးဗျ၊ ဦးပေါ်သိုင်း ရဲ့ အမေပုံပဲ၊ ဟောသည် ကလေး နှစ်ယောက်က အရွယ်လဲ
တူတယ်၊ ရုပ်ရည်လဲ တူတယ်၊ အမြွှာမွေး ဖြစ်ရမယ်၊ အဲဒါကြောင့် ဦးပေါ်သိုင်း က သူ့ညီကို သတ်ပြီး အသက်အာမခံ
ကုမ္ပဏီက ငွေကို လိမ်ထုတ်တာ ဖြစ်ရမယ်”

ကျွန်တော်။ ။”ဪ ရိပ်မိပြီဗျို့၊ ဒါဖြင့် ခုနင်က အလောင်းက ဦးပေါ်သိုင်း အလောင်း အစစ်မဟုတ်၊ သူနှင့် ညီအစ်ကို
အမွှာမွေးပေါ့ဗျာ”
ရှား။ ။”အစစ်ပဲ”

ကျွန်တော်။ ။”ခုမှပဲ ရှင်းပေတော့တယ်ဗျာ၊ ဒါဖြင့် ဦးပေါ်သိုင်းကို ရှာဖို့ ရှိတော့တာပလေ”
ရှား။ ။”တံခါးကို အပြင်က ပိတ်တာ သူပေါ့ဗျာ၊ မနက်လင်းလို့ ရွာက ကျုပ်တို့ကို လိုက်ရှာရင် တော်ပါရဲ့၊ မတော်လို့များ
ဦးပေါ်သိုင်း ကို ကြောက်တာနှင့် သုသာန်ကို မလာဝံ့ဘဲ ရှိနေကြရင် ကျုပ်တို့တော့ မွတ်တာပေါ့ဗျာ”

ကျွန်တော်။ ။”ခင်ဗျားနှယ်ဗျာ၊ ကြောက်ရတဲ့ အထဲမှာ မလှန့်စမ်းပါနဲ့ဗျာ”

ရှား။ ။”ကိုင်း သင့်တော်သလို ကြည့်ပြီး တွေးကြဦးစို့ဗျာ၊ အိပ်ပျော်မယ်တော့ မဟုတ်ပါဘူး၊ ကိုသိန်းမောင် ကျုပ်
ဆေးလိပ်မသောက်ရဘူးလားဗျို့”

ကျွန်တော်။ ။”မလုပ်ပါနှင့် ဆရာကြီးရယ်၊ လေဝင်ပေါက် မရှိဘဲနှင့် မွန်းပြီး သေကြပါမယ်”
၎င်းနောက် ကျွန်တော်တို့သည် နံရံကို မှီကာ ငိုက်မျဉ်းလျက် ရှိနေကြလေ၏။

ကျွန်တော်မှာ မှေးကနဲ ဖြစ်၍ သွားစဉ်
သံတံခါးကို “ဒုံး ဒုံး ဒုံး ဒုံး” နှင့် တီးခေါက်သံ ကြားသဖြင့် မျက်စိကို ဖွင့်ကြည့်သောအခါ မောင်စံရှားသည် အပြင်က လူများ
ကြားအောင် တီးခေါက်လျက် ရှိကြောင်း သိရှိရလေ၏။

ထိုအခါ အပြင်မှ အသံ “ဘယ်သူလဲ အထဲက”
ရှား။ ။”ကျုပ်တို့ပါ”
အသံ။ ။”ကျုပ်တို့ ဆိုတာ ဘယ်သူလဲ”
ရှား။ ။”မောင်စံရှားပါ သူကြီးရဲ့၊ ရန်ကုန်က စုံထောက် မောင်စံရှားလေ”
အသံ။ ။”ကြံကြံစည်စည်ဗျာ၊ ဘယ့်နှယ် အထဲ ရောက်နေကြသလဲ”
ရှား။ ။”နောက်တော့ ပြောပါမယ်၊ ဖွင့်စမ်းပါဦးဗျ”

၎င်းနောက် လူသံများနှင့် သံတူရွင်း ကလန့်သံများကို ကြားရပြီးလျှင် ငါးမိနစ်ခန့် ကြာသောအခါ သံတံခါး ပွင့်သွားလေ၏။
ထိုအချိန်၌ကား မိုးကောင်းစွာလင်း၍ ၇ နာရီ အချိန်ခန့် ရှိပြီ ဖြစ်လေသည်။

အပြင်သို့ရောက်သောအခါ သူကြီးက ပြောပြသည်မှာ လယ်ထွန်သမားတစ်ယောက်သည် သုသာန်အနီးမှ ဖြတ်၍
သွားသောအခါ ခေါင်းကြီး အပြင်သို့ ရောက်နေသည်ကို မြင်သဖြင့် ထူးဆန်းသော အခြင်းအရာကို မိမိအား လာရောက်

တိုင်တန်းကြောင်း၊ မိမိက ရွာသားများစုဆောင်း၍ အကြောင်းမည်သို့ရှိသည်ကို စုံစမ်းခြင်း ဖြစ်ကြောင်း၊ တိုင်တန်းစဉ်
အခါကပင် မောင်စံရှားတို့ ပျောက်သွားကြောင်း သိသဖြင့် ၎င်းတို့ လက်ချက်ဖြစ်သည်ကို တွေးထင်မိကြောင်းများနှင့်
ပြန်ပြော လေ၏။

၎င်းနောက် ကျွန်တော်တို့သည် ရွာသူကြီးအိမ်သို့ ရောက်သွားကြပြီးလျှင် မောင်စံရှားသည် ယမန်ညဉ့်က ဂူတွင်းမှ
တွေ့ခဲ့သော စာများကို ဖတ်ကြည့်ရာ ၎င်းတို့မှာ ဦးပေါ်သိုင်း ထံ ၎င်း၏ ညီအစ်ကို တော်သူ ဦးသံခဲ ပေးလိုက်သော
စာများဖြစ်ကြောင်း၊

လက္ခဏာမှာ ဦးသံခဲ ဆိုသူသည် ရာဇဝတ်ပြစ်မှုဖြစ်၍ ဝါးရမ်းပြေးလျက်ရှိစဉ် ဦးပေါ်သိုင်း က စားရိတ်
ထောက်ရကြောင်း၊ ၎င်းထံသို့လည်း မကြာမကြာ လာရောက်၍ ကြေးငွေများ ညှဉ်းလေ့ရှိကြောင်း၊ ဦးပေါ်သိုင်းက မပေးနိုင်ဟု
ငြင်းဆန်သောအခါ အတင်းအဓမ္မတောင်းခံဟန် ရှိကြောင်းများကို ၎င်းစာများကို ဖတ်ခြင်းအားဖြင့် ရိပ်မိနိုင်ပေ၏။

ကျွန်တော်။ ။”နို့ နေပါဦးဗျာ ၊ ဦးပေါ်သိုင်း ကို မိအောင် ဘယ့်နှယ်ဖမ်းမလဲ”
ရှား။ ။”မခက်ပါဘူးဗျာ၊ ဘယ်မှ မပြေးပါဘူး၊ ဒီအနားတင် ရှိပါတယ်”

ကျွန်တော်။ ။”ဘယ့်နှယ်ကြောင့် ခင်ဗျား သိသလဲ”
ရှား။ ။”အသက်အာမခံ ကုမ္ပဏီမှ စာချုပ်တွေက ကျုပ်ဆီ ရောက်နေတယ်၊ သူ ဘယ်မှ မပြေးနိုင်ဘူး”

ကျွန်တော်။ ။”နို့ နေပါဦးဗျ၊ ခြေရာကြီး တစ်တောင်လောက်တွေ့ကာက ဘယ့်နှယ်လဲဗျ”

ရှား။ ။”ဦးပေါ်သိုင်း က သူ့ကို ဘီလူးဖြစ်ကြောင်း ရွာသားများက ထင်မှတ်ကြောင်း သိလေတော့ ကြောက်သည်ထက်
ကြောက်ပြီး သူ့ အရိုးအိုးနား မသွားဝံ့အောင် သစ်သားခြေထောက်ကြီး လုပ်ပြီး ခြေရာချထားတာပါဗျ”

ထမင်းစားသောက်၍ပြီးကြလျှင်
မောင်စံရှားသည်ရွာသူကြီးနှင့်တကွရွာသားလေးငါးယောက်တို့ကိုခေါ်ငင်ပြီးလျှင် ဦးပေါ်သိုင်း
၏ နေအိမ်သို့ သွားရောက်ကြလေ၏။

၎င်းနောက် မောင်စံရှားလည်း ထင်းများကို ခုတ်စေ၍ အိမ်၏ ပတ်ဝန်းကျင်
လှည့်ပတ်ကာ ဝိုင်းရံပြီးလျှင် မီးရှို့စေရာ မီးများ အတန်ငယ် ပူလာသည်နှင့် တပြိုင်နက် အိမ်မိုးပေါ်မှ လူတစ်ယောက်
ဖောက်ထွင်း၍ ပေါ်လာလေ၏။

ထိုအခါ ရွာသားတို့လည်း “တစ္ဆေချောက်တယ် တစ္ဆေချောက်တယ်” ဟု အော်ဟစ်လျက်ရှိရာ
ရှား။ ။”တစ္ဆေမဟုတ်ပါဘူး ဗျာတို့၊ ဦးပေါ်သိုင်း စင်စစ်ပါ၊ ဘယ့်နှယ်လဲ ဦးပေါ်သိုင်း အလွယ်တကူနှင့် အဖမ်းခံမလား၊
မီးရှို့ပြီး သတ်ရမလား”

သိုင်း။ ။”အဖမ်းခံပါတော့မယ်ဗျာ”

ရှား။ ။”ကိုင်း မီးတွေ ငြိမ်းကြစမ်းဗျာ”

ဦးပေါ်သိုင်း ကို ဖမ်းဆီးရမိသောအခါ
ရှား။ ။”ဦးပေါ်သိုင်း၊ မှန်မှန် အစစ်ခံမလား”
သိုင်း။ ။”ခံပါတော့မယ်ဗျာ”

ရှား။ ။”ကိုသံခဲကို သတ်တာ ခင်ဗျားတော့ မဟုတ်ဘူး ဟုတ်လား”

သိုင်း။ ။”မဟုတ်ရပါဘူးဗျာ၊ အရက်မူးပြီး သေတာပါ”

ရှား။ ။”ခင်ဗျား ဝှက်ထားတာ ဘယ်လောက်ကြာပြီလဲ”

သိုင်း။ ။”တစ်လလောက် ရှိပါပြီ”

ရှား။ ။”သူသေသွားတော့ ခင်ဗျားနှင့် ရုပ်ဆင်းတူလေတော့ အသက်အာမခံငွေကို ခင်ဗျား လိမ်လည်ဖို့ ကြံစည်တယ် ဟုတ်စ”

သိုင်း။ ။”မှန်ပါတယ်”

ရှား။ ။”ဒါလောက်နှင့်များ လူတစ်ယောက်ကို နောက်ထပ်ပြီး သတ်ပစ်ပါပေတယ်ဗျာ”

သိုင်း။ ။”သည်လူက သေချင်တော့ ကျုပ်နှင့် ပက်ပင်းပါ တွေ့ပြီး ခင်ဗျား သေတယ်ဆို ဘာလုပ်နေသလဲတဲ့ မေးတော့
ကျုပ်က ကျုပ်အမှု ပေါ်မှာ စိုးတာနှင့် လုပ်မိလုပ်ရာ လုပ်လိုက်မိပါပေတယ်”

ရှား။ ။”ကိုင်း ကိုသိန်းမောင်၊ ကျုပ်တို့ ပြန်ဖို့ ရှိတော့တယ်”
ပြီးပါပြီ။
_________