ရွာတော်စောင့်သရဲ

နဂါးဆေးပေါ့လိပ်ကလေးကို ဆက်တိုက်ဖွာလိုက်သေးတယ်။ပြီးတော့မှ………
“ဒီလိုကွ တာတေရ၊ငါတို့ရွာမှာ မကောင်းဆိုးရွားကြီး
တစ်ကောင် ဝင်နေလို့ကွ”
“ဟေ………ဟုတ်လား၊ဘာတွေ လုပ်လို့တုံး”
“ပထမတော့ ရွာထဲကလူတွေ ဟင်းချက်ထားရင် ဟင်းတွေ ပျောက် ပျောက်သွားတာကွ”
“ဟေ………ဘယ်လိုကွ စံဘော်ရ”
“ဒီလိုကွာ၊ဘုန်းကြီးကျောင်းဆွမ်းလှည့်ကျလို့ ဆွမ်းဟင်းအတွက် ဝက်သားတို့ ဘာတို့ နှစ်ပိဿာလောက် ချက်ထားတာမျိုးဆိုရင် ဟင်းတစ်တုံးမှ မကျန်အောင် စားသွားတာကွ”
“ဟေ…………ဟုတ်လား၊ဒါဆိုရင် ဒီအကောင်က အိမ်ထဲဝင်နိုင်လို့ပေါ့ကွ”
“အား……ဝင်နိုင်တယ်၊ဝင်နိုင်တယ်၊မီးဖိုချောင်ထဲမှာကို
ဝင်စားတာကွ””အဲဒီလိုဟင်းတွေ ဝင်စားနေတာ မကောင်းဆိုးရွားကြီး
မှန်း မင်းတို့ ဘယ်လိုလုပ်သိတုံး စံဘော်”
ကျုပ်မေးလိုက်တော့ စံဘော်က ခေါင်းညိတ်ပြီး………
“ဒီလိုဟေ့၊ငါတို့ရွာမှာ အရီးမြတင်ဆိုတာ ရှိတယ်၊
ရွာမြောက်ပိုင်းမှာ နေတာကွ၊တစ်ရက်ကျတော့ အရီးမြတင် ဆွမ်းကျရောဟေ့၊ဒီမှာတင် အရီးမြတင်က
ဝက်သားနှစ်ပိဿာဆွမ်းဟင်းချက်တယ်၊ညဘက်ရောက်တော့၊
ဝက်သားဟင်းအိုးကိုမီးဖိုပေါ်မှာဘဲ တင်ထားပြီး မီးဖိုခန်းကို တံခါးလုံအောင်ပိတ်တယ်၊မီးဖိုခန်းရှေ့မှာ သေသေချာချာ အိပ်ပြီးတော့ကို စောင့်တာတဲ့ဟေ့၊ညသန်းခေါင်ကျော်လောက်ရောက်တော့ မီးဖိုခန်းထဲက အိုးသံခွက်သံတွေကြား
လို့ တံခါးဖွင့်ကြည့်လိုက်တယ်တဲ့ဟေ့”
“ဟင်……ဘာမြင်လို့တုံးကွ စံဘော်ရ” “အကောင်ကြီးတဲ့ကွာ၊နဲတာကြီးမဟုတ်ဘူးဆိုပဲ၊
အရီးမြတင် ပြောတာကတော့ ဆင်ကြီးတစ်ကောင်
မတ်တပ်ရပ်နေသလိုပဲတဲ့ဟေ့၊တစ်ကိုယ်လုံး
အမွှေးအမျှင်တွေ ဖုံးနေတာတဲ့ကွ၊လက်သည်းခြေသည်းတွေက သံကောက်ကြီးတွေတပ်ထားသလိုကို ဖြစ်နေတာတဲ့
ဟေ့၊မျက်လုံးကြီးတွေဆိုတာ ရဲတောက်နေတာဆိုပဲ၊
ပါးစပ်ကြီးဖြဲပြီး ဝက်သားတုံးတွေကို လက်ခုပ်ကြီးနဲ့ ကျုံးကျုံးပြီး ထည့်နေတာတဲ့ကွ”
“ဟေ………အရီးမြတင်က ဘာလုပ်လိုက်တုံး”
“ဟာ တာတေရာ၊အရီးမြတင်က လုပ်ဖို့နေနေသာကွာ၊အောင်မယ်လေး သရဲကြီးတော့လို့ ငယ်သံပါအောင် အော်ပြီး
လဲကျသွားလိုက်တာ သတိကို မရတော့တာဟေ့ သူ့အိမ်သားတွေလည်း အိပ်ရာက နိုးလာပြီး အပြေးအလွှားရောက်လာကြတာပေါ့ကွာ။သူတို့ အိမ်သားတွေတင်မကဘူး၊
တောင်ဘက်ဝိုင်း၊မြောက်ဘက်ဝိုင်းက လူတွေပါ အရီးမြတင်ရဲ့အသံကိုကြားပြီး ပြေးလာကြတာကွ။ဒီရောက်တော့ဘာမှ မတွေ့တော့ဘူးကွ၊ဒါပေမယ့် ဝက်သားဟင်းအိုးထဲကဆီတွေက ကြမ်းပြင်မှာ မှောက်လို့ဟေ့၊အဲဒီဆီကို တက်နင်း
ပြီး ထွက်သွားတော့ ကြမ်းပြင်မှာ ခြေရာကြီးတွေ ကျန်ခဲ့တာအလျားနှစ်တောင်လောက်ရှိပြီး ဗျက်က တစ်တောင်လောက်ရှိတယ်ကွ”
“ဟာ နဲတဲ့ အကောင်ကြီးမှ မဟုတ်တာကွာ”
“အေး—–အေး—–နေဦးတာတေ မင်းကို ဆုံးအောင်ဆက်ပြောရဦးမယ်၊ဟင်းအိုးထဲမှာ ဝက်သားနှစ်တုံး သုံးတုံးကျန်
နေခဲ့တယ်တဲ့ကွ၊အဲဒါကို အရီးမြတင်ရဲ့သား ကိုဘိုတိုးကသူတို့အိမ်က ခွေးနှစ်ကောင်ကို ကျွေးလိုက်တာ ဝက်သားလည်းစားပြီးရော ခွေးနှစ်ကောင်သေပါလားတာတေရာ”
“ဟေ……ဟုတ်လား၊ဒါဆိုရင်တော့ မလွယ်ဘူးကွ စံဘော်ရဒီကောင်ကြီးက သက်တမ်းရာကျော်နေပြီ ထင်တယ်ကွ””ပြီးခဲ့တဲ့ညကရော ဘယ်သူ့အိမ်ကိုတက်စားသေးလဲ””နေဦးတာတေ၊ငါမင်းကို ပြောပြဖို့ ကျန်နေသေးတယ်
အဲဒီလိုဖြစ်တော့ ငါတို့ရွာသားတွေ ဆွမ်းလှည့်မချက်တော့ဘဲဘုန်းကြီးကျောင်းကို အလှူငွေပဲ ထည့်ကြတယ်။ဒီမှာတင်
ဒီအကောင်ကြီးက ဟင်းမချက်ကောင်းလားဆိုပြီး တို့ရွာကမွေးကင်းစ ကလေးတစ်ယောက်ကို အူတွေအသည်းတွေနှုတ်ပြီး စားရောဟေ့၊သေတဲ့ကလေးက သုံးလသားလောက်ပဲ
ရှိသေးတာ၊သေတော့ ဗိုက်ကလေးက ပြားချပ်နေတာနဲ့ ရွာထဲကလူကြီးတွေက ဗိုက်ကို ခွဲကြည့်ကြတော့ ကလေးမှာ
အူတွေ၊အသည်းတွေ မရှိတော့ဘူးကွ”
“နေပါဦးကွ စံဘော်ရ၊ကလေးက ဘာဖြစ်လို့ သေတာတဲ့တုံး””ဘာမှ မဖြစ်ဘူးကွ၊အကောင်းကြီးကနေ အိပ်နေတုန်း
လန့်အော်ပြီး သေသွားတာကွ၊ဒါနဲ့ ငါတို့ရွာက လူကြီးတွေကမဖြစ်တော့ဘူးဆိုပြီး ဝက်သားတစ်နေ့သုံးပိဿာချက် ချက်
ပြီး အိုးကြီးနဲ့ကို သွားသွားချကျွေးနေရတာ”
“ဟေ ဟုတ်လား၊ဘယ်နားမှာ သွားပြီး ကျွေးရတာတုံးကွ””ငါတို့ ရွာထိပ်မှာ အသက်ဘယ်လောက်ရှိနေမှန်း မသိတဲ့
တမာပင်လေးတစ်ပင် ရှိတယ်ကွ၊အပင်အမြင့်က လူခါးစောင်းလောက်ပဲရှိတယ်၊ဒါပေမယ့် သက်ရင့်တမာပင်ကြီးတွေလိုပဲ
အကိုင်းအခက်နဲ့၊အပင်တွေ အကိုင်းတွေကလည်း သက်ရင့်ပင်ကြီးတွေလိုပဲ၊အပွေးတွေတက်၊ကြီးပေါင်းတွေတက်နဲ့ကွ၊
လူကြီးတွေ ပြောတာကတော့ ငါတို့နေတဲ့ ရွာတော်ကြီးကိုတည်တဲ့ သူကြီးဦးမာ ဆိုတဲ့လူကြီးက အဓိဋ္ဌာန်ပြီးစိုက်ခဲ့တာလို့ပြောတာပဲကွ။ဘာတွေအဓိဋ္ဌာန်ခဲ့တယ် ဆိုတာတော့ ဘယ်သူမှ မသိပါဘူးကွာ။လူကြီးတွေ ပြောတာကတော့
ဒီတမာပင်က ဘုရင်တွေ ရှိတဲ့အခါကတည်းက စိုက်ထားတာလို့ပြောကြတာပဲ၊အဲဒီတမာပင်လေးကို ခြံနဲ့ဝိုင်းထားတာကွတို့ရွာသားတွေက တင်ဖို့ မြှောက်ဖို့ ကိစ္စဆိုရင် အဲဒီရွာထိပ်ကတမာပင်ပုလေးမှာပဲ သွားပြီး လုပ်ကြတာကွ တာတေရ”
“သြော်…ဒါဆိုရင် ဟိုအကောင်ကြီးကို ဝက်သားကျွေးတာလည်း အဲဒီနေရာမှာပဲပေါ့”
“အေး…………ဟုတ်တယ်ကွ” ကျုပ်လည်း စံဘော်ပြောတာကိုတွေးကြည့်နေတာပေါ့ဗျာ။
“မောင်တာတေရေ..ဘိုးထော်တို့ အခုလာတာ မောင်တာတေကို ခေါ်ဖို့ပဲကွ၊ဒီကိစ္စကို မောင်တာတေလိုက်လာပြီးအကဲခတ်ပေးပါ ပြီးတော့ရှင်းနိုင်ရင်လည်း ရှင်းပေးပါ
မောင်တာတေ ဘိုးထော်တို့နဲ့ တော့ တခါတည်းလိုက်ခဲ့ပါ”ဘိုးထော်က ကျုပ်ကို အရအမိကို ခေါ်တော့တာပေါ့ဗျာ။ကျုပ်ကလည်း ဘယ်လိုလုပ် ငြင်းလို့ကောင်းမှာတုံးဗျာ။စံဘော်
ဆိုတာက လွှတ်ခင်ကြတဲ့ ငယ်သူချင်းလေဗျာ။
နောက်ဆုံးတော့ ယူစရာရှိတာတွေယူပြီး စံဘော်တို့ သားအဖလှည်းနဲ့ ကျုပ်ရွာတော်ကြီးကို လိုက်ခဲ့ရတော့တာပေါ့ဗျာ။”ဟ……ဘယ်လိုတုံး၊ဟ ငနီကြီး၊တောက် ဘာလို့ တွန်းနေတာတုံးဟ၊အဖြောင့်ဆွဲလေ””ဟ ဒီနွား၊အေး အဲဒီလို သွားလေ”
စံဘော်အဘ ဘိုးထော်က လှည်းမောင်းတာဗျ။
ကျုပ်နဲ့စံဘော်ကတော့ ဘချစ်အကြောင်းကို ပြောလာကြတာ။ဘချစ်ဘယ်ရောက်နေမှန်း ကျုပ်ရော၊စံဘော်ရော မသိကြဘူးဗျ။ကျုပ်တို့နှစ်ယောက်လုံး ဘချစ်ကို သတိရနေကြတာ။
သုဿာန်ကျောင်းဘုန်းကြီးမွေးစားထားတဲ့ အကောင်လေဗျာ။ဘချစ်က စကားပြောရင် အ,ထစ် အ,ထစ်နဲ့ ပြောတဲ့ကောင်စကားသာ ထစ်တာ လွှတ်ခင်ဖို့ကောင်းတဲ့ကောင်ဗျ။ဘိုးထော် လှည်းမောင်းတဲ့အသံကို နားထောင်ရင်း စံဘော်
နဲ့ ကျုပ် စကားကောင်းလာလိုက်တာ ညနေစောင်းသွားတာတောင်သတိမမထားမိလိုက်ဘူးဗျို့။”မောင်တာတေ ဟိုရှေ့ကဟာဘိုးထော်တို့ရွာပဲကွ
ရောက်ပြီ”လို့ ပြောတော့မှ ကျုပ်ကလှမ်းကြည့်မိလိုက်တာ။
“ဟ စံဘော်ရွာတော်ကြီးဆိုလို့ ငါ့စိတ်ထဲမှာ ရွာကြီး အကြီးကြီး ထင်နေတာကွ၊ခုသေသေချာချာ ကြည့်တော့မှ မင်းတို့ရွာက သိပ်မကြီးဘဲကိုး”
“ဟာ မဟုတ်ဘူးကွ မောင်တာတေရဲ့၊ဒီရွာကြီးကို ဘုရင်တွေ လက်ထက်တွေကတည်းက တည်ခဲ့တာဘုရင်တိုက်ရိုက် အုပ်ချုပ်တဲ့ရွာလို့ ပြောတယ်၊ဘုရင်ရဲ့ စစ်ကဲကြီး ဦးမာ
ဆိုတာက သူကြီးလုပ်ရတာကွ၊သူပဲ ရွာတည်ခဲ့တယ်လို့ ပြောတယ်။တကယ်က ရိုးရိုးသူကြီး မဟုတ်ဘူးကွ၊ဘုရင်ဘဏ္ဍာ
တိုက်ထဲကို သွင်းရတာတဲ့ကွ၊ဒီတုန်းက အိမ်ခြေတစ်ထောင်ကျော် လောက်ရှိတယ်ဆ်ုပဲ။နှစ်တွေကြာလာတော့ရွာကတဖြည်းဖြည်းသောင်လာတာပေါ့ကွာ။ခုဆိုရင် အိမ်ခြေတရာ
ကျော်လောက်ပဲ ရှိတော့တာ မောင်တာတေရဲ့”
“သြော်………ဒီလိုလား ဘိုးထော်ရဲ့”
ကျုပ်တို့ရွာထဲဝင်တော့ နေဝင်ကာနီးနေပြီဗျ။စံဘော်တို့ဝိုင်းက ကျယ်ပါတယ်။
“စံဘော် ဒီညဝက်သားသွားကျွေးရင် ငါလိုက်မယ်”
ကျုပ်က လှည်းပေါ်က ဆင်းတာနဲ့ တန်းပြောလိုက်တာ။
“ဟ……ဒါဆိုရင် တောင်ဘက်ဝိုင်းက ဘိုးဆင်ကို
အကျိုးအကြောင်းသွားပြောလိုက် စံဘော်ရေ”
“ဟုတ်ကဲ့အဘ” အဲဒီညက ကျုပ်ထမင်းစားပြီးတာနဲ့ နဂါးဆေးပေါ့လိပ်ကလေးဖွာတယ်။စကားလေး ဘာလေး ခဏတစ်ဖြုတ်ပြောပြီး
မျက်ကွင်းဆေး ကွင်းထားလိုက်တယ်။
“စံဘော်ရေ မင်းသူငယ်ချင်းကို ခေါ်ကွာ၊သွားကြရအောင်ဟေ့”
“ဟော………ဘိုးဆင် ခေါ်နေပြီဟေ့၊သွားစို့”
ကျုပ်က ဆေးလွယ်အိတ်ကို စလွယ်သိုင်းပြီး ထလိုက်တယ်စံဘော် ပြောတဲ့အတိုင်းပါပဲဗျာ။ရွာထိပ်က တမာပင်လေးကပုပုလေးဗျ။မြို့မှာ ပန်းအိုးနဲ့ ထည့်ရောင်းတဲ့ ဘွန်ဇိုင်းလို့ခေါ်
တဲ့ သက်ကြီးပုပင်မျိုး ဖြစ်နေတာဗျ။
ဘိုးဆင်က ဝက်သားဟင်းအိုးကြီးကို အဖုံးဖွင့်ပြီး ပါးစပ်ကပြောတယ်။”သင် ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်ဖြစ် ဒီဝက်သားဟင်းကိုစားပါ။
ကျုပ်တို့ ရွာတော်ကြီးသားတွေ ကျွေးမွေးတာပါ။ကျုပ်တို့ရွာကို မနှောင့်ယှက်ပါန၊ဲ့စောင့်ရှောက်ပါဗျာ၊စားပါ စားပါ”ဘိုးဆင်က ပြောပြီး ခပ်သုတ်သုတ် ထွက်သွားတယ်။ကျုပ်နဲ့ စံဘော်က ရောက်ကတည်းက မလှမ်းမကမ်းက မကျည်းပင်
ကြီး နောက်မှာ ကွယ်ပြီး နေကြတာဗျ။
ဘိုးဆင် ပြန်သွားတော့ ကျုပ်တို့နှစ်ယောက် ကျန်ခဲ့တာပေါ့ဗျာ။စံဘော်က မြို့ကျောင်းမှာ တက်ကတည်းက ဘချစ်နောက်ကို ကျုပ်နဲ့ အတူတူလိုက်နေကြလေဗျာ။အခုလည်း စံဘော်က ကျုပ်နဲ့ လိုက်ခဲ့ရတာကိုပျော်နေတာဗျ။ “ဝေါ ၊ ဖလပ်၊ ဖလပ်”ဟာ လေအေးကြီး တိုက်လိုက်တာဗျို့။သစ်ပင်တွေဆိုတာယိမ်းထိုးပြီး သစ်ရွက်ခတ်သံတွေ မြည်နေတာဗျ။”အာ အာ ၊ အာ ၊ အာ”
ဟော ကျီးကန်းတွေတောင် လန့်ပြီးအော်နေပြီဗျို့။
“ဟိုမှာ ၊ ဟိုမှာ တာတေ၊တမာပင်ပုလေးကိုကြည့်”
ဟုတ်တယ်ဗျ။တမာပင်ပုလေးက လေတိုက်သလို ယိမ်းနေတာဗျ။ဟာ ဘာကြီးတုံးဗျ။တမာပင်ကလေးထဲက ထွက်လာတာ။မဲမဲအတန်းကြီးဗျ။မီးခိုးလိုလို ဘာလိုလိုနဲ့။မဲမဲ အခိုးလုံးက ကြီးကြီးလာတာဗျို့တမာပင်ပုလေးကို ကာထားတဲ့ခြံစည်းရိုးကို ကျော်ပြီး ထွက်လာပြီဗျို့။
ဟာ သရဲကြီးဗျာ၊နည်းတဲ့ အကောင်ကြီးမှ မဟုတ်တာ။ဟုတ်ပါ့ဗျာ။အရီးမြတင် ပြောတဲ့အတိုင်းပဲဗျ။ဆင်ကြီးတစ်
ကောင် မတ်တပ်ရပ်နေသလိုကို ထင်ရတာဗျ။နည်းတဲ့ ကိုယ်လုံးကြီး မဟုတ်ပါဘူးဗျာ။အမွှေးကြီးတွေမှ
တစ်တောင်လောက်ကို ရှည်တာဗျို့။မျက်လုံးနီနီကြီးတွေနဲ့ပါးစပ်ပြဲပြဲကြီးထဲမှာအစွယ်ဖွေးဖွေးကြီးတွေက တစ်ထွာလောက်ကို ရှည်မယ်ထင်တယ်။ဝက်သားဟင်းတွေကို
လက်ခုပ်ကြီးတွေနဲ့ကျုံံးကျုံးပြီး ပါးစပ်ကြီးထဲကို ထည့်နေလိုက်တာဗျာ။ဒီကောင်ကြီးကိုကြည့်ရင်း ကျုပ်တောင် ဝက်သားစားချင်လာရောဗျို့။အမေချက်တဲ့ဝက်သားနီချက်ကိုသတိရလိုက်တာမပြောပါနဲ့တော့ဗျာ။ ဝက်သားဟင်းကို တစ်အိုးလုံး ကုန်အောင်စားပြီးတော့တမာပင်ပုလေးကို ဝိုင်းထားတဲ့ ခြံဝင်းထဲကို လှမ်းကျော်ပြီး
ဝင်လိုက်တယ်။ဟာ…………ပျောက်သွားပြီဗျို့၊အကောင်ကြီးပျောက်သွားပြီ။ကျုပ်တောင် ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့တာဗျ။
ကျုပ်ကို ကြည့်ပြီး အကဲခတ်နေတဲ့ စံဘော်က ကျုပ်ကို လေသံလေးနဲ့ မေးတယ်။
“တာတေ မင်း ဘာမြင်လို့တုံး”
“စံဘော် ငါက ဆရာကြီးတွေ ချီးမြှင့်ထားတဲ့ မျက်ကွင်းဆေးကွင်းထားတာကွဒီလိုဟာတွေကိုမြင်ရတယ်၊မင်းတို့ရွာက အရီးမြတင် ပြောတဲ့အတိုင်းပဲကွ၊နည်းတဲ့အကောင်ကြီး မဟုတ်ဘူးကွ၊ဒါကြီးကိုနှင်ထုတ်ဖို့ဆိုတာ တော်ရုံတန်ရုံ
ဆရာ လုပ်နိုင်မယ် မထင်ဘူးကွ”ဒါဆိုရင် အစွမ်းထက်တဲ့ ဆရာတွေ ဘာတွေ မင်းသိတာ
ရှိသလား။မင်းနဲ့ငါသွားခေါ်မယ်ကွာ”
“နေပါဦး စံဘော်ရဲ့၊ငါလုပ်ကြည့်ပါဦးမယ်”
“မင်းက ဘယ်လိုလုပ်မှာတုံး တာတေ”
“ငါမဖဲဝါကို အကူအညီတောင်းကြည့်ပါဦးမယ်ကွာ”
“ဟာ မဖဲဝါ ဟုတ်လား|သင်္ချိုင်းစောင့် မဖဲဝါဆိုတာလား””အေး……………ဟုတ်တယ်လေ”
“မဖဲဝါဆီက အကူအညီတောင်းမယ်ဆိုတော့ မင်းကမဖဲဝါကို သိလို့လား””အေး ပေါ့ကွ စံဘော်ရ”
“ဟေ………ဟုတ်လား”
ကျုပ် အဲဒီညက စံဘော်တို့အိမ်မှာ အိပ်တယ်။မဖဲဝါရဲ့ ကိုယ်ပွားရုပ်ကလေးကို ထုတ်ယူပြီး မဖဲဝါကို ပင့်လိုက်တယ်။”သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ကျုပ်က ရွာတော်ကြီးမှာ ရောက်နေတာပါ၊ရွာတော်ကြီးမှာ သရဲကြီးတစ်ကောင်ကို ရွာသားတွေက
တစ်ရက်မပျက်ဝက်သားဟင်းချက်ပြီးကျွေးနေရပါတယ်။အဲဒီလိုမကျွေးရင် ဒီသရဲကြီးက ရွာထဲက ကလေးတစ်ယောက်ကို သတ်ပြီး အူအသည်းတွေကို နှုတ်ပြီးစားပစ်တယ်ဗျ မဖဲဝါရဲ့၊အဲဒီကိစ္စကို ဘာဆက်လုပ်ရမလဲဆိုတာ ပြောပြပါ။
သင်္ချိုင်းရှင်မကြီးဗျာ”မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို ခေါင်းအုံးအောက်မှာထားပြီး ကျုပ်အိပ်လိုက်တယ်။
လေတွေတဝုန်းဝုန်းတိုက်နေတဲ့ကြားမှာဆယ့်နှစ်ရာသီ
ပင်ကြီးက ယိမ်းထိုးနေတာဗျ။တစ်ပင်လုံး ဝါအောင်ပွင့်နေတဲ့ဆယ့်နှစ်ရာသီပန်းတွေကတော့ တစ်ပွင့်မှကို ကြွေကျတာ မတွေ့ရဘူးဗျို့။ကျုပ်နဲ့ရွယ်တူလောက်အရွယ် ဖန်ဆင်းထားတဲ့
မဖဲဝါက ဆယ့်နှစ်ရာသီ ပင်ကြီးအောက်မှာ ရပ်လို့။လေတွေတဝုန်းဝုန်းတိုက်နေပေမယ့် မဖဲဝါရဲ့ဆံပင်တွေ အဝတ်အစားတွေက မလွင့်ဘူးဗျ။
“တာတေနင်နားထောင်နင်အခုတွေ့နေတဲ့သရဲကြီးက
ကုန်းဘောင်မင်းတွေ အင်းဝကနေ အမရပူရကိုပြောင်းပြီးနန်းစိုက်တဲ့ အချိန်ကတည်းက ရှိနေတာ၊ဒီတုန်းက ဘကြီးတော် မင်းရဲ့အမိန့်နဲ့ စစ်ကဲကြီးဦးမာက ရွာတော်ကြီးကို စနစ်
တကျ တည်ခဲ့တာ။အိမ်ခြေထောင်ကျော်ရှိတယ်၊မင်းကြီးရဲ့ကျေးလက်စံအိမ်တော်ရှိတယ်။မင်းကြီးက ကျေးလက်မှာစံချင်တဲ့အခါ အခြွေအရံ အပြည့်အစုံနဲ့ ရွာတော်ကြီးကိုကြွလေ့ရှိတယ်။ဒီတော့ ရွာတော်ကြီးကမင်းစံရွာကြီးပေါ့တာတေဒါကြောင့်လည်း ရွာတည်တဲ့ စစ်ကဲကြီး ဦးမာက
ရွာစည်းရိုးကို သစ်လုံးတွေနဲ့ ကျကျနန အခိုင်အမာ
ကာရံရတယ်။ပြီးတာနဲ့ အင်မတန်ဆိုးတဲ့ ဓါးပြဗိုလ်ကြီး ငထုံးကို သတ်ပြီး ရွာစတေးခဲ့တယ်။ခေါင်းကိုရွာအပြင်မှာမြှုပ်တယ်ကိုယ်ကိုတော့လေးဘက်လေးတန်ပေါင်ဖဲ့ပြီး ရွာထောင့်လေးရပ်မှာ မြှုပ်ပြီးမင်းမိန့်ပြန်တမ်းနဲ့ ရွာတော်ကြီးကို အစောင့်ထားတယ်။အဲဒီသရဲကြီးက ငထုံးဘဲ တာတေ။ဦးမာ သစ္စာဆိုပြီး စိုက်ခဲ့တဲ့
တမာပင်ပုလေးကိုနင်တွေ့တယ်မို့လား၊သက်တမ်းရာချီနေပြီ၊အဲဒီတမာပင်ကလွဲရင် သရဲငထုံး ဘယ်မှာမှ မနေရဘူးလို့အမိန့်ထားခဲ့တယ်၊အဲဒီတမာပင်ပုလေးက သရဲကြီး ငထုံးရဲ့
ဗိမာန်ပဲ။”အိုး……ရှေးတုန်းက ဘုရင်တွေရဲ့အမိန့်ဟာ တယ်လည်းပြင်းထန်တာပါလား”
ကျုပ်က အတွေးနဲ့ ပြောလိုက်မိတာဗျ။
“နင်ငထုံးရဲ့ အရိုးတွေကို ရှာပြီးတူးလိုက်၊ပြီးရင် မီးသင်္ဂြိုဟ်ပေးလိုက်၊ဒါဆိုရင် ငထုံး ဒီနေရာကနေ ထွက်သွားလိမ့်မယ်၊
သူလည်း ဒီနေရာက သွားချင်လှပြီပေါ့ တာတေ၊
မင်းမိန့်မို့လို့ သူ့ခမျာ ခံနေရတာပါ”
“အရိုးတွေကို စစ်ကဲကြီးဦးမာ ဘယ်နေရာတွေမှာ မြှုပ်ခဲ့တယ်ဆိုတာ ကျုပ်မှမသိတာ မဖဲဝါရဲ့”
“မနက်ဖြန်လကွယ်ည သန်းခေါင်ယံမှာ နင်တို့ရွာပြင်ထွက်ခဲ့။ငါခွေးနက်ကြီးကို လွှတ်လိုက်မယ်။ငထုံးရဲ့ ခေါင်းနဲ့ကိုယ်
မြှုပ်ထားတဲ့ နေရာတွေကို ခွေးနက်ကြီးက ပြလိမ့်မယ်””ကောင်းပါပြီ မဖဲဝါ”
နောက်နေ့ရောက်တော့ အစီအစဉ်အားလုံး လုပ်ရတာပေါ့ဗျာ။ရွာထဲက လူတွေစုပြီး ညသန်းခေါင်မတိုင်ခင်ကတည်းက
ကျုပ်တို့လူစု ရွာတော်အပြင်ကို ထွက်ခဲ့တယ်။မူလရွာကြီးကဘယ်လောက်ကြီးတယ်။ဘယ်နေရာမှာ ဝင်ပေါက်တံခါးရှိတယ်။ရွာကဘယ်ဘက်လှည့်တယ် ဘယ်သူမှ မသိကြတော့ဘူးလေဗျာ။နဂို ရွာကြီးနဲ့ပက်သက်တာဆိုလို့ ရွာတော်ကြီးဆို
တဲ့နာမည်ပဲ ကျန်တော့တာဗျ။
“ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ ၊ အီ”
လကွယ်ညဆိုတော့ ကြယ်ရောင်လေးပဲ ရှိတာပေါ့ဗျာ။မဖဲဝါရဲ့ ခွေးကြီးလာနေပြီဗျို့။ဟော ဟော သွားပြီ သွားပြီ။ခွေးနက်ကြီးသွားပြီဗျို့။ကျုပ်တို့လူစုလည်း ခွေးနက်ကြီးနောက်
ကလိုက်ရတာပေါ့ဗျာ။ ဟော……တူးပြီဗျို့၊ တူးပြီ။ခွေးနက်ကြီးက နေရာတစ်နေရာကို တူးပြတယ်။ကျုပ်တို့ထဲက နှစ်ယောက်နေခဲ့ပြီး အဲဒီနေရာ
မှာတူးကြတယ်။ခွေးနက်ကြီးကဆက်သွားပြီး တစ်နေရာမှာ တူးပြန်တယ်။ကျုပ်တို့ထဲက နှစ်ယောက်နေခဲ့ပြီး တူးကျန်ရစ်တယ်။နောက်ထပ်ဆက်သွားဆက်တူးအားလုံးပေါင်းငါးနေရာဗျ။ပြီးတော့ ခွေးနက်ကြီး ပြေးထွက်ပြီး
ပျောက်သွားတယ်။
“ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ ၊ အီ”
ခွေးအူသံကြီးက တဖြန်းဖြန်း ဝေးဝေးသွားရောဗျို့။ဟာ…တွေ့ပြီဗျို့၊တွေ့ပြီ။သရဲငထုံးကြီးရဲ့ လူဘဝကခေါင်းခွံ၊လက်၊ခြေထောက်၊ကိုယ် အားလုံးဆက်လိုက်တော့ လူတစ်ယောက်
ရဲ့အရိုးစုကြီး ဖြစ်လာတာပေါ့ဗျာ။ ဒီတော့မှပဲ မူလရွာတော်ကြီးရဲ့ အကျယ်အဝန်းကို
ရွာသားတွေ တွေ့ရတော့တာဗျို့။စစ်ကဲဦးမာတည်ခဲ့တဲ့ဒီရွာကြီးက နည်းတဲ့ရွာကြီးမှ မဟုတ်တာဗျာ။ဘုရင်တောင် ကြွပြီး
ကျေးလက်စံတဲ့ရွာဆိုတော့ ရွာစည်းရိုးကို အခိုင်အမာဆောက်ထားတာတဲ့ဗျ။ပြီးတော့ ရွာစတေးပြီး အစောင့်ချထားသေးတာ။
ဓားပြကြီး ငထုံး ဒီနေရာမှာ ဘယ်မှ မသွားဘဲစောင့်
နေတာ။ခမျာကြီးလည်း တော်တော်ကို သနားဖို့ကောင်းပါတယ်ဗျာ။ နောက်တနေ့မှာဘဲ ရွာတော်ဆရာတော်ကျောင်းမှာရွာတော်သူကြီးနဲ့ ရွာထဲက လူကြီးတွေ တိုင်ပင်ကြတာပေါ့ဗျာ။
တိုင်ပင်ပြီးတာနဲ့ ချက်ချင်းဆုံးဖြတ်ကြတာဗျို့။
ယင်းချောင်းတဖက်ကမ်းက တောင်ချွန်းဆရာတော်နဲ့
ရွာတော်ဆရာတော်အပါအဝင် သံဃာဆယ်ပါးကို
ဆွမ်းကပ်မယ်။သရဲကြီးငထုံးကို ဒီည ဝက်သားကျွေးပြီးတာနဲ့ကျုပ်ကအားလုံး အကျိုးအကြောင်းပြောပြီးမနက်အာရုဏ်တက်မှာတရားနာ ဖိတ်ရမယ်။သရဲကြီး ငထုံး တရားနာနေတုံးမှာ သူ့ရဲ့အရိုးတွေကို မီးသင်္ဂြိုဟ်ကြရမယ်။
ဒါဆိုရင် ရွာတော်စောင့် သရဲကြီး ကျွတ်နိုင်တယ်လို့ ယူဆကြတာပေါ့ဗျာ။ ရွာသားတွေလည်း သူတို့ဆုံးဖြတ်တဲ့အတိုင်းချက်ချင်းထပြီးလုပ်ကြကိုင်ကြတာဗျို့။တမာပင်ပုလေးနားမှာ ချက်ချင်း ကနဖျင်ထိုးပြီ အလှူအတွက်ခင်းကြတာပေါ့ဗျာ။
ကျုပ်လည်း အဲဒီညရွာတော်စောင့်ကြီးကို ဝက်သားကျွေးရင်း မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးနဲ့ပြပြီး မနက်တရားနာဖို့ ဖိတ်လိုက်တယ်။ ကျုပ်ကတော့ မျက်ကွင်းဆေးကွင်းပြီး ကြည့်နေရတာ
ပေါ့ဗျာ။မနက်လေနာရီခွဲမှာ ဆရာတော်တွေကို
ဆွမ်းကပ်ကတည်းကသရဲကြီးငထုံးကို ကျုပ်ခေါ်လိုက်တယ်ဗျ။သရဲကြီးလည်း ကျွတ်လွတ်ချင်ရှာလွန်းလို့ လာပါတယ်ဗျာ။
သူု့အတွက် ကျုပ်လုပ်ပေးထားတဲ့ နေရာမှာကြုံ့ကြုံ့ကြီးထိုင်နေတာ။တကယ်ကို ဆင်ကြီးတစ်ကောင် ထိုင်နေသလိုပါပဲဗျာ။
ဆရာတော်တွေက ဆွမ်းစားပြီးတော့ ဒါဟာ ဒကာကြီးငထုံးရဲ့အလှူဖြစ်တဲ့အကြောင်း ရရှိတဲ့ ကုသိုလ်အဖို့ဘာဂကို ငထုံးကြီး အပြည့်အဝ ရပါစေလို့ အမျှပေးဝေကြတယ်။ငထုံးကြီးက
သာဓုခေါ်တယ်။ဒီချိန်မှာပဲ ငထုံးကြီးရဲ့ အရိုးစုကို မီးသင်္ဂြိုဟ်လိုက်ကြတာပေဗျာ။တစ်ပြိုင်နက်တည်း လုပ်တာဗျ။ငထုံးကြီးလည်း သာဓုခေါ်တဲ့အချိန် သူ့အရိုးစုတွေလည်း ပြာကျတဲ့အချိန်တစ်ထပ်
တည်းဗျ ။ဟာ…..သာဓုလဲခေါ်ပြီးရော ဆင်ကြီးတစ်ကောင်လောက်ရှိတဲ့ သရဲကြီး ဖြုတ်ခနဲ ပျောက်သွားရောဗျာ။ကျုပ်က အချက်ပေးလိုက်တာနဲ့ တပြိုင်တည်း အသင့်စောင့်နေတဲ့ ရွာတော်သားတွေက တမာပင်ပုလေးရဲ့ခြံဝင်းကို
ဖျက်ကြပြီး တမာပင်ပုလေးကိုပါ ဝိုင်းခုတ်ကြ ထစ်ကြ အမြစ်တူးတဲ့လူကတူးပေါ့ဗျာ။ရွာတော်ဆရာတော်က ကျုပ်ကို ခေါ်ပြီးမေးတယ်။”ဒကာလေး မောင်တာတေ သရဲကြီးဦးထုံး ကျွတ်လွတ်
သွားတာကို မြင်ရသလားကွဲ့” “မှန်လှပါဘုရား ၊ သရဲကြီး ကျွတ်လွတ်သွားပါပြီဘုရား၊
တပည့်တော်သေသေချာချာ မြင်ပါတယ်ဘုရား”
“အင်း………ဝမ်းမြောက်ဖွယ်ကောင်းလှပါဘိတော့တယ်”
လို့ ပြုံးပြီး ဆရာတော်ကမိန့်တယ်။တောင်ချွန်းဆရာတော်ကလည်း ဝမ်းမြောက်ဝမ်းသာ ရှိတာပေါ့ဗျာ ကိစ္စပြီးတာနဲ့ ကျုပ်ထနောင်းကုန်းကို ပြန်တယ်။ဘိုးထော်နဲ့စံဘော်က ကျုပ်ကို အိမ်အရောက်ပြန်ပို့ကြပါတယ်။အဘနဲ့အမေအတွက်လဲ မြေပဲ၊မောင်မခ်ါပဲ၊ပဲကြီး၊ပုန်းရည်ကြီး၊နှမ်း၊ ပြီးတော့ ရွာတော်သူတွေ ယက်ကန်းခတ်ပြီးရက်ထားတဲ့အညာတဘက်နှစ်ထည် လက်ဆောင်ထည့်ပေးလိုက်တော့ အမေနဲ့အဘမျက်နှာက တပြုံးပြုံးနဲ့ပေါ့ဗျာ။

ပြီးပါပြီ