မြိုင်သာချန်ပီယမ်ရှစ်

ကျုပ်တို့ကိုလွှတ်ချင်ပုံမရဘူးဗျ။

“လုပ်ပါသူကြီးရယ်၊ ဒီတစ်ခါတော့ ရွာအတွက်မို့ သူကြီးကိုပြောရတာပါ၊ မနှစ်က တန်းမြင့်ရွာနဲ့ လေးသင်းအဆင့်မှာ ရှုံးခဲ့တဲ့ရှုံးကြွေးကိုပြန်ဆပ်ချင်လို့ပါဗျ၊ ပြီးတော့ ဒီနှစ်တော့ ဖလားရအောင် ယူပြမယ်ဗျာ၊ အဲဒါသူကြီးသားတို့ကို လွှတ်ပေးပါဗျာ၊ သူကြီးမကျေနပ်ရင် ဘောလုံးပွဲပြီးတော့ ပြန်ချုပ်ပေါ့၊ မဟုတ်ဘူးလား”

နောက်ဆုံးတော့ အဖေက ခေါင်းကိုတဖြည်းဖြည်းချင်းညိတ်လိုက်တယ်ဗျ၊ ကျုပ်တို့ညီအကိုဆိုရင် ဝမ်းသာလို့ လက်ခုပ်လက်ဝါးတွေထတီးမိတယ်ဗျ၊ အဖေက ထိပ်တုံးကိုခတ်ထားတဲ့ သော့တွဲယူလာပြီးတော့ ကျုပ်တို့အရှေ့မှာလာရပ်ရင်း

“ဟိုနှစ်ကောင်၊ မင်းတို့ကို ငါသိပ်ပြီးလွတ်ချင်လို့တော့မဟုတ်ဘူး၊ ဒါပေမယ့် မြိုင်သာဖလားက တို့ရွာအတွက် ဂုဏ်ကိုဆောင်နိုင်မှာမို့လို့သာ လွတ်ပေးလိုက်ရတာ၊ မင်းတို့မှာ ချုပ်ရက်လေးရက်ကျန်သေးတယ်၊ ဘောလုံးပြိုင်ပွဲပြီးရင် ဒီချုပ်ရက်တွေ ပြန်ခံရမယ်၊ ကြားလား”

ကျုပ်တို့လည်း ခေါင်းကိုဆတ်ခနဲညိတ်လိုက်တာပေါ့ဗျာ၊ အဖေက ထိပ်တုံးကိုဖြုတ်ပေးတော့ ကျုပ်တို့လည်း ဝမ်းသာအားရနဲ့မတ်တပ်ထရပ်လိုက်ကြတယ်။ အကိုကြီးက ပုဆိုးပြင်ဝတ်ရင်း

“ငါကတော့ ဒီအခွင့်အရေးကိုစောင့်နေတာကြာပြီဟေ့၊ မနှစ်က ငါတို့ရှုံးတော့ တန်းမြင့်ရွာကကောင်တွေလုပ်ပြသွားတဲ့အခွက်တွေကို ခင်ဗျားမှတ်မိတယ်မဟုတ်လား ကိုမြင့်”

“သိပ်မှတ်မိတာပေါ့ကွာ၊ အဲဒီတုန်းက မိုးသာမရွာရင် ငါတို့နိုင်တယ်ကွ၊ ခုနှစ်တော့ ငါတို့တွေ ဒီကောင်တွေကို ရှုံးကြွေးပြန်ဆပ်ကြမယ်၊ ဒါ့အပြင် မြိုင်သာဖလားကို ငါတို့ရွာက ရအောင်ပြန်ယူပြမယ်ကွ”

ကျုပ်လည်းအဖေ့ကိုကြည့်ရင်း

“ဟုတ်တယ်၊ အဖေ့လက်ထက်မှာတော့ မြိုင်သာဖလားကို ကျုပ်တို့ရွာကိုသယ်လာနိုင်အောင် ကြိုးစားမယ်အဖေရာ”

အဖေလည်း စိတ်တက်ကြွသွားတယ်ထင်ပါတယ်ဗျာ။

“အေး၊ လုပ်ကြစမ်းကွာ၊ ဖလားသာရလို့ကတော့ မင်းတို့ညီအကိုကို ထိပ်တုံးဒဏ်ကနေလွတ်ပေးမယ့်အပြင် ဆုကြေးလည်းချမယ်ကွ”

ကျုပ်လည်းအဖေ့ကိုသေချာကြည့်လိုက်ပြီး

“တကယ်လားအဖေ၊ ကတိနော်”

“အောင်မာ မင်းတို့ကောင်တွေသာ မြိုင်သာဖလားကို ရွာကိုရောက်အောင်သယ်လာခဲ့၊ ဒီရောက်ရင် မင်းတို့စိတ်တိုင်းကျ ဖြစ်စေရမကွ”

ကိုမြင့်က ကျုပ်တို့ကိုကြည့်ပြီး

“ကဲ၊ ဟေ့ကောင်တွေ ပြိုင်ပွဲက ရှေ့တစ်ပတ်ဆိုတော့ ငါတို့လေ့ကျင့်ဖို့လိုသကွ၊ တန်းမြင့်ရွာက ကောင်တွေဆို ပြီးခဲ့တဲ့ လကတည်းက ကြိတ်ပြီးလေ့ကျင့််နေတယ်ဆိုပဲ”

ကိုမြင့်ပြောပြီးတာနဲ့ ကျုပ်တို့တွေအားလုံး ကိုမြင့်အနောက်ကို လိုက်ခဲ့ကြတာပေါ့ဗျာ။

(၂)

ဘောလုံးပွဲဆိုတာက အဲဒီခေတ်ကတော့ ကျုပ်တို့နဲ့မစိမ်းတော့ဘူးဗျ၊ ကျုပ်တို့ငယ်ငယ်တုန်းကဆိုရင် ဘောလုံးကစားနည်းက နိုင်ငံဂုဏ်ဆောင် ကစားနည်းတစ်ခုပဲလေဗျာ၊ အဲဒီတုန်းက မြန်မာ့လက်ရွှေးစင်အသင်းက အာရှမှာနာမည်ကြီးပဲမဟုတ်လား။ ၁၉၆၆၊ ၁၉၇၀ အာရှအားကစားပြိုင်ပွဲတွေမှာလည်း ဘောလုံးကစားနည်းနဲ့ ရွှေတံဆိပ်ရတယ်မဟုတ်လား၊ ဒါတင်မကသေးဘူး၊ အခုနောက်ပိုင်း ဆီးဂိမ်းလို့ခေါ်ကြတဲ့ ကျွန်းဆွယ်အားကစားပြိုင်ပွဲတွေမှာလည်း ၁၉၆၅၊ ၆၇၊ ၆၉၊ ၇၁၊ ၇၃ ခုနှစ်တွေမှာ ဘောလုံးအားကစားနဲ့ ရွှေတံဆိပ်ချည်း ငါးနှစ်ဆက်တိုက်ရခဲ့တာကိုးဗျ၊ ဒါ့အပြင် ကိုရီးယားဖလားပြိုင်ပွဲမှာလည်း ၁၉၇၁၊ ၇၂၊ ၇၃ ခုနှစ် သုံးနှစ်ဆက်တိုက် ဖလားရပြန်တာပဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေဘာတွေတောင် အောင်သေးတယ်ဗျ၊ ၁၉၇၂ ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာလည်း အသန့်ရှင်းဆုံးအသင်းဆု ရထားတယ်မဟုတ်လား၊ တခြားနှစ်တွေမှာလည်း ချန်ပီယံ ရွှေတံဆိပ်မရရင်တောင်မှ ဒုတိယဆု၊ တတိယဆုတွေရတတ်လို့ အဲဒီခေတ်ကို မြန်မာ့ဘောလုံးလောကရဲ့ ရွှေခတ်လို့ တင်စားကြတယ်မဟုတ်လားဗျာ။

ဒီလိုခေတ်မှာ ဘောလုံးကစားနည်းက ရေပန်းစားတာတော့ ပြောမနေပါနဲ့တော့ဗျာ၊ နိုင်ငံတစ်ဝှမ်းလည်း အစိုးရက ကမကထ လုပ်တဲ့ ဒိုင်းလုပွဲ၊ ဘောလုံးပြိုင်ပွဲတွေ၊ နောက်ပြီးတော့ ကျေးရွာ၊ ရပ်ကွက်၊ မြို့တွေအဆင့် ကိုယ်ထူကိုယ်ထလုပ်တဲ့ ဘောလုံးပြိုင်ပွဲတွေလည်း အတော်များများရှိခဲ့တာပေါ့ဗျာ။ ဒီပြိုင်ပွဲတွေထဲ ကျုပ်တို့နယ်ဘက်မှာ ယှဉ်ပြိုင်မှုအမြင့်မားဆုံးပွဲကိုပြောပါဆိုရင်တော့ မြိုင်သာဖလားပြိုင်ပွဲပဲဗျ။

မြိုင်သာဖလားဆိုတာကတော့ မြိုင်သာမြို့အနီးက ကျေးရွာတွေအားလုံးက ကိုယ်စားပြုဘောလုံးအသင်းတွေဖွဲ့ပြီးတော့ ကန်ကြတဲ့ပွဲပေါ့ဗျာ၊ မြိုင်သာမြို့ပေါ်က မြို့မိမြို့ဖတွေနဲ့ ဘောလုံးဝါသနာရှင်တွေ စုပေါင်းပြီးတော့ ဖလားဖြစ်မြောက်ရေးအတွက် တစ်နှစ်ပတ်လုံး အလှူခံကြ၊ ရန်ပုံငွေရှာကြတာပေါ့ဗျာ၊ ပြီးရင်တော့ ဘောလုံးတွေဝယ်ကြတယ်၊ ကျန်တဲ့ငွေတွေကိုတော့ ငွေဖလားကြီးတစ်လုံးထဲမှာ အပြည့်ထည့်ပြီးတော့ ဆုကြေးအဖြစ်ပေးတာပေါ့ဗျာ၊ ဖလားရတဲ့ရွာတွေကတော့ ဆုကြေးလဲရသလို မြိုင်သာဖလားရတယ်ဆိုပြီး ဂုဏ်ယူကြတာပေါ့၊ ဒီဖလားရဖို့လည်း လွယ်မှမလွယ်တာပဲဗျာ၊ မြိုင်သာမြို့ပတ်ဝန်းကျင်မှာ ရွာပေါင်းက သုံးဆယ်လောက်ရှိတာကိုးဗျ၊ ဒီအထဲမှာ ပြိုင်ပွဲဝင်မပြိုင်တဲ့ ရွာငယ်ကလေးတွေကိုဖယ်လိုက်ရင် အနည်းဆုံးတော့ ရွာပေါင်းနှစ်ဆယ်၊ ဆယ့်ခြောက်ရွာလောက်က ဝင်ပြိုင်ကြတာမဟုတ်လားဗျာ၊ ရွာတွေအားလုံးကလည်း ကိုယ့်ရွာဖလားရဖို့အတွက် ရေကုန်ရေခမ်းကြိုးစားယှဉ်ပြိုင်ကြတာဆိုတော့ အကြိတ်အနယ်ပေါ့ဗျာ။

ဒါကြောင့် ဖလားရတဲ့ရွာကတော့ သိပ်ပြီးဂုဏ်တက်တာပေါ့ဗျာ၊ ဘောလုံးပြိုင်ပွဲနိုင်ပြီး ဖလားရတဲ့အထိမ်းအမှတ်အနေနဲ့ အလှူတွေလုပ်ကြ၊ စတုဒိသာတွေကျွေးကြနဲ့ တစ်ချို့ရွာဆိုရင် ပွဲတွေဘာတွေခင်းလိုက်သေးသဗျာ။ မြိုင်သာဖလားကျင်းပခဲ့တဲ့ ငါးနှစ်သက်တမ်းတစ်လျှောက်မှာ ကျုပ်တို့ရွာက တစ်ခါမှဖလားမရခဲ့ဘူးဗျ၊ အဲ . . ဒါပေမယ့် မနှစ်ကတော့ ဆီမီးဖိုင်နယ်လို့ခေါ်တဲ့ လေးသင်းအဆင့်အထိရောက်ခဲ့သဗျာ၊ လေးသင်းပြိုင်ပွဲမှာ တန်းမြင့်ရွာက ဘောလုံးအသင်းနဲ့ဆုံတွေ့ခဲ့ကြတာပေါ့၊ ဖြစ်ချင်တော့ အဲဒီနေ့က မိုးတွေတအားကြီးပြီး ဘောလုံးက ကန်တဲ့နေရာကိုမရောက်တဲ့အချိန်မှာ တန်းမြင့်ရွာက ကျုပ်တို့ရွာကို ဂိုးပြတ်နဲ့အနိုင်ယူခဲ့တာပါပဲဗျာ၊ ဂိုးပြတ်တာတောင်မှ လေးဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်ခဲ့တာဆိုတော့ တန်းမြင့်ရွာကကောင်တွေ သိပ်ကိုဝံ့ကြွားခဲ့တာကို တွေးရင်း ကျုပ်တို့ဖြင့် ရင်ထဲမခံချင်ဖြစ်လာမိတယ်ဗျ။

ရွာထဲက ကာလသားတွေစုစည်းပြီးတော့ အသင်းဖွဲ့ကြတာပေါ့ဗျာ၊ ဘောလုံးအသင်းက ဆယ့်တစ်ယောက်ဆိုပေမယ့် အရံလူအနေနဲ့ နောက်ထပ်လေးငါးယောက်ထပ်ခေါ်ပြီး ဆယ့်ခြောက်ယောက်နီးပါးလောက် ဖွဲ့ရတာပေါ့၊ အဲဒီခေတ်တုန်းကတော့ အသက်အရွယ်အကန့်အသတ်မထားပါဘူးဗျာ၊ ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် သက်လုံကောင်းပြီး အမောခံနိုင်တယ်၊ ပြေးနိုင်တယ်ဆိုရင်တော့ ဘောလုံးအသင်းထဲကို ပါရတာပါပဲ၊ ဒီအထဲ ကျုပ်က ထိပ်ဆုံးကပေါ့ဗျ၊ ကျုပ်အပြေးဘယ်လောက်မြန်တယ်ဆိုတာ ခင်ဗျားတို့လည်း သိမှာပေါ့ဗျာ၊ ဟဲ . . ဟဲ။

ဘောလုံးသမားတွေ စုပြီဆိုတာ ကြားလိုက်တော့ ရွာထဲက လူတွေအကုန်လုံး ဝိုင်းအုံလာကြတော့တာပဲဗျာ၊ ဘောလုံးအသင်းထဲ ပါရတဲ့လူဆိုတာ တကယ့်ကိုအားကောင်းမောင်းသန် ယောက်ျားတွေမဟုတ်လားဗျ၊ အရင်ဆုံးရွာကလူတွေက ဘောလုံးအသင်းထဲက လူတွေကိုကြည့်ပြီး ပါသင့်မပါသင့် ဆုံးဖြတ်ကြတယ်။

“ဟဲ့ မောင်ပိန်က ပိန်ညှောင်ရိုးနေတာပဲဟယ်၊ ပြီးတော့ သူ့မှာပန်းနာရင်ကြပ်လည်းရှိသေးတယ်ဆိုတော့ ပြေးနိုင်ပါ့မလားဟ၊ မောင်ပိန်ကိုမခေါ်နဲ့”

“ဟုတ်ပ၊ ဟိုဘက်က ဗိုက်ပူကလည်း ဝလိုက်တာအေ၊ သူ့မှာပြေးဖို့မပြောနဲ့ လမ်းလျှောက်ရင်းတောင် မောနေတာဆိုတော့ ဘယ်လိုလုပ်ကန်နိုင်မှာလဲ”

ဒီလိုနဲ့ရွာကလူတွေ တစ်ယောက်တစ်ပေါက်နဲ့ ဟိုလူရွေး၊ ဒီလူရွေးလုပ်ပြီး နေ့တစ်ပိုင်းလောက်အချိန်ကုန်သွားတော့ ရွာရဲ့ဘောလုံးအဖွဲ့က တစ်ရွာလုံးက လက်ခံတဲ့လူတွေနဲ့ ဖွဲ့ပြီးပြီပေါ့ဗျာ၊ ကျုပ်တို့ရွာက တခြားအချိန်သာ မစည်းလုံးရင်နေမယ်၊ ဒီလိုအချိန်ကတော့ စည်းလုံးသဗျ၊ ရွာကလူတွှေအကုန်လုံး ရွာပြင်ကိုထွက်ပြီးတော့ ချောင်းရိုးထဲက သဲတွေကို ပုံးတွေ၊ တောင်းတွေနဲ့ တိုက်သယ်ကြသဗျ၊ ပြီးတော့ ယာခင်းထဲက မြေညီတဲ့အကွက်တစ်ကွက်ကို အဲဒီသဲတွေနဲ့ဖို့ပါရောဗျာ၊ ဒီအချိန် ယာခင်းထဲမှာ ပဲတွေလည်းဖော်ပြီးပြီဆိုတော့ ယာတွေကအားနေပြီမဟုတ်လား၊ သဲဖုံးခံရတဲ့ ယာခင်းပိုင်ရှင်ကလည်း အပြုံးမပျက်ပါဘူးဗျ၊ သူ့ယာခင်းစိုက်လို့ရတာ မရတာအသာထား၊ အရေးကြီးတာက ရွာကဖလားရဖို့ပဲမဟုတ်လား၊ မသကာ မိုးတွင်းရောက်မှ သဲတွေဖောက်ချမယ်ဆိုပြီးတော့ သူကိုယ်တိုင်တောင် သဲတွေဝင်တိုက်နေသေးတာ။

ပြီးတော့ သဲတွေကိုရေထမ်းပုံးတွေနဲ့ ထမ်းပြီးတော့ ရေလောင်းကြပါရောဗျာ၊ ညနေစောင်းလောက်ဆိုရင်တော့ ကျုပ်တို့ဘောလုံးလေ့ကျင့်မယ့် သဲကွင်းကလေးက အသင့်ဖြစ်သွားပြီပေါ့၊ ဝါးလုံးနဲ့ ဂိုးတိုင်လုပ်ပြီးတော့ ဟိုဘက်ဒီဘက်မှာ ဂိုးတိုင်ထောင်လိုက်ရင်တော့ ပြီးပြီပေါ့ဗျာ၊ ခင်ဗျားတို့က ရွာဘောလုံးကွင်းဆိုပြီး အထင်တော့မသေးနဲ့ဗျို့၊ ထောင့်ကန်ဘောကန်ဖို့ အလံတွေဘာတွေတောင်လုပ်ပြီး ထောင်ထားသေးတာဗျ။

အားလုံးပြီးပြီဆိုတော့ ဘောလုံးလိုပြီပေါ့ဗျာ၊ ဘောလုံးဆိုတာက အဲဒီခေတ်က ရွှေထက်ရှားသဗျ၊ မြို့ကြီးတွေပေါ်မှာပဲရောင်းတာ၊ မြိုင်သာမြို့ပေါ်မှာတောင်မှ ဘောလုံးဝယ်မရဘူး၊ တချို့တွေကတော့ ဘောလုံးဝယ်မရလို့ ဥသျှစ်သီးကန်တဲ့လူနဲ့၊ အုန်းသီးခြောက်ကန်တဲ့လူနဲ့ပေါ့ဗျာ၊ ကိုမြင့်က ဘောလုံးတစ်လုံးကိုင်ပြီးတော့ ကွင်းထဲကိုဝင်လာသဗျ။

“ဟာ ကိုမြင့်၊ ဘောလုံးဘယ်လိုရလာတာလဲဗျ”

“ဘယ်လိုရမလဲကွ၊ မနှစ်က ဘောလုံးပြိုင်ပွဲမှာ ကွဲသွားတဲ့ဘောလုံးအကွဲကြီးကို အစိတ်နဲ့ပေးဝယ်ခဲ့ပြီးတော့ အထဲကို အဝတ်စတွေထည့်ပြီး အပ်ချည်နဲ့ပြန်ချုပ်ထားတာပေါ့ကွာ”

ဘောလုံးက ရာဘာသားရေနဲ့လုပ်ထားတာဆိုတော့ ချုပ်လို့ရသဗျ၊ ကိုမြင့်ပေးတဲ့ဘောလုံးကလည်း မဆိုးပါဘူးဗျာ၊ အဝတ်စတွေထည့်ထားလို့ သာမန်ဘောလုံးထက် လေးနေတာထက်စာရင်တော့ ကန်လို့ပြုလို့ကောင်းပါတယ်။

“ဒါနဲ့ကိုမြင့်၊ ကိုမြင့်ရဲ့ဘောလုံးက အလေးကြီးဗျ”

“အိုကွာ၊ လေးတာကပိုကောင်းတာပေါ့ကွ၊ လေးတာကိုအားစိုက်ကန်တာအကျင့်ဖြစ်သွားတော့မှ ဘောလုံးအပေါ့ကိုကန်တော့ အားပိုရှိမယ်မဟုတ်လားကွ”

ကျုပ်တို့လည်း ဟုတ်ဟုတ် မဟုတ်ဟုတ် ကိုမြင့်စကားကိုခေါင်းညိတ်လိုက်ကြတော့တယ်။ မဟုတ်ရင်လည်း ဘောလုံးက ဒီတစ်လုံးတည်းရှိတာကိုးဗျ။ ကျုပ်တို့ဘောလုံးစကန်ပြီဆိုတာနဲ့ ကွင်းဘေးကို ရွာထဲက ကလေးလူကြီးနဲ့ မိန်းမတွေပါမကျန် အကုန်ရောက်ချလာပြီး အားပေးတာပဲဗျာ၊ လူရွေးတုန်းကလည်း တစ်ရွာလုံးပါသလို၊ နည်းပြကလည်း တစ်ရွာလုံးပဲဗျ၊ ကျုပ်တို့ဘောလုံးကန်နေတာကို ဘေးကနေဝိုင်းကြည့်ပြီး ဟိုလိုဖြစ်တယ်၊ ဒီလိုဖြစ်တယ်၊ ဟိုလိုကန်၊ ဒီလိုကန်နဲ့ နည်းဝိုင်းပြကြတာပေါ့ဗျာ၊

ညနေလေ့ကျင့်ပြီး ပြန်လာတာ့ အကိုကြီးက သူ့မိန်းမအိမ်ဘက်ကို သွားကြည့်သေးသဗျ၊ ပြီးတော့ မျက်နှာကြီးဖြီးပြီးတော့ ပြန်လာတယ်။

“အကိုကြီး၊ ခုနတုန်းကတော့ သေမလိုရုပ်နဲ့ အခုတော့ ပြုံးဖြီးဖြီးနဲ့ပါလားဗျ”

“ထွေးညိုက ငါ့ကိုပြောလိုက်တယ်ကွ၊ တကယ်လို့ ဘောလုံးပွဲမှာ ဖလားရလာခဲ့ရင် ငါနဲ့ပြန်ပေါင်းမယ်တဲ့ကွာ”

ကျုပ်လည်း အကိုကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်မိတော့တယ်၊ ဘာပဲပြောပြော ဒီနှစ်ဘောလုံးပြိုင်ပွဲက တခြားနှစ်တွေထက် ပိုပြီးကြိုးစားရမယ့်ပွဲပေါ့ဗျာ။

(၃)

တစ်နေ့တော့ ကျုပ်တို့လေ့ကျင့်ပြီးလို့ အမောဖြေရေသောက်နေတုန်း တန်းမြင့်ရွာက ကိုကျော်ဟိုးရောက်လာသဗျ၊ ကိုကျော်ဟိုးက ကျုပ်တို့ရွာသားဆိုပေမယ့် တန်းမြင့်ရွာသူနဲ့အိမ်ထောင်ကျပြီး တန်းမြင့်ရွာသားတစ်ပိုင်းဖြစ်နေတဲ့လူပေါ့ဗျာ၊ ကိုကျော်ဟိုးက ကျုပ်တို့အဖွဲ့နားကိုကပ်လာတယ်။ ကိုမြင့်က ကြည့်ပြီး

“ဘာလဲ ကိုကျော်ဟိုး၊ ကျုပ်တို့ဘာတွေလေ့ကျင့်နေတယ်ဆိုတာကို ခင်ဗျားကိုစပိုင်လုပ်ဖို့ လွှတ်လိုက်တာလားဗျ”

“မဟုတ်ပါဘူးကွာ၊ ငါက တန်းမြင့်ရွာသူနဲ့ညားပေမယ့် ဒီရွာသားပါကွ၊ ရွာကိုသစ္စာဖောက်ပါ့မလား၊ အခုလည်း မင်းတို့ကိုတစ်ခုသတင်းပေးချင်လို့ လာတာပဲကွ”

ကျုပ်တို့လည်း ကိုကျော်ဟိုးအနားမှာ စုထိုင်လိုက်ကြတယ်၊

“မနှစ်က တန်းမြင့်ရွာကဖလားရတာ ရိုးရိုးတန်းတန်းရတာမဟုတ်ဘူးတဲ့ကွ”

“ဟာဗျာ၊ ရိုးရိုးတန်းတန်းမရလို့ ဖင်ပူးတောင်းထောင်ပြီး ရတာလား”

ကိုကျော်ဟိုးက မျက်နှာကိုရှုံ့မဲ့ပြီးတော့

“မင်းတို့ကွာ ငါပြောတာဆုံးအောင်နားထောင်ကြစမ်းပါအုံးကွ၊ တန်းမြင့်ရွာက ရိုးရိုးတန်းတန်းနိုင်တာမဟုတ်ဘဲနဲ့ မကောင်းတဲ့အောက်လမ်းပညာနဲ့လုပ်ပြီး နိုင်တာတဲ့ကွ”

ကျုပ်တို့လည်း အံ့သြသွားကြတယ်။

“ခင်ဗျားတကယ်ပြောတာလား ကိုကျော်ဟိုး”

“ငါက မင်းတို့ကိုလိမ်ပါ့မလားကွာ၊ ငါ့မိန်းမနဲ့ ရပ်ရွာထဲက မိန်းမတွေ အတင်းတုပ်ကြရင်းနဲ့ သူတို့ပြောတာကိုပြန်ကြားတာကွ၊ အရင်နှစ်တုန်းက တန်းမြင့်ရွာက နည်းပြဆိုတဲ့ အသားမည်းမည်းနဲ့ ထွန်းတင်က တန်းမြင့်ရွာက အောက်လမ်းဆရာကြီးဆီမှာ တိုး လို့ခေါ်တဲ့ အောက်လမ်းသရဲရုပ်ငှားသွားသတဲ့ကွာ၊ အဲဒါအောက်လမ်းနဲ့လုပ်ထားလို့ သူတို့က ငါတို့ကိုနိုင်တဲ့အပြင် မြို့ခံ မြိုင်သာဘောလုံးအသင်းကိုတောင် အနိုင်ရပြီး ဖလားရသွားတယ်မဟုတ်လားကွ”

ကျုပ်တို့လည်းပြန်စဉ်းစားမိတယ်ဗျ၊ ကိုမြင့်က တောက်တခေါက်ခေါက်နဲ့

“အင်း၊ ခင်ဗျားပြောတာဖြစ်နိုင်တယ် ကိုကျော်ဟိုးရ၊ ဟိုနှစ်ကအကြောင်းတွေ ပြန်တွေးလိုက်ရင် ကျုပ်တော့ရင်နာမိသဗျာ၊ ကျုပ်တို့နဲ့ပွဲတုန်းကလည်း အမှတ်မထင် မိုးတွေရွာချလာပြီးတော့ ကျုပ်တို့ကန်တဲ့ဘောလုံးက အရှေ့မရောက်ဘဲ ကျုပ်တို့ဘက်ကိုပဲ လေတိုက်ပြီး ပြန်ပြန်လွင့်လာတာမဟုတ်လား”

ကိုမြင့်ပြောတာကို အားလုံးကခေါင်းညိတ်ပြီးထောက်ခံလိုက်ကြတယ်။

“ဒါတင်မကသေးဘူး၊ ဗိုလ်လုပွဲကျတော့လည်း မြိုင်သာက ရှေ့တန်းတိုက်စစ်မှူးတွေက ဂိုးကိုမသွင်းနိုင်ဘူးမဟုတ်လားဗျာ၊ နောက်ဆုံး ပင်နယ်တီကန်တော့လည်း ဘာထူးသေးလဲဗျာ၊ ဒီလောက်ဂိုးပေါက်အကျယ်ကြီးကိုတောင် တစ်ယောက်မှ ဝင်အောင်မကန်နိုင်တာ ထူးဆန်းစရာပဲဗျာ၊ ခင်ဗျားပြောမှ ကျုပ်တောင်စဉ်းစားနေမိပြီဗျို့”

ကိုကျော်ဟိုးက အားရဝမ်းသာနဲ့

“ဟုတ်ပါတယ်ဆိုဗျာ၊ ခင်ဗျားကလည်း ကျုပ်တောင်မှ အဲဒီသတင်းကြားပြီး တော်တော်တုန်လှှုပ်သွားတာမဟုတ်လား၊ ဒါကြောင့် ခင်ဗျားတို့ကိုလာသတင်းပေးတာပဲ”

“နေစမ်းပါအုံး ကိုကျော်ဟိုးရဲ့ ကိုထွန်းတင်က တန်းမြင့်ရွာသူကြီးရဲ့သားမဟုတ်လား၊ သူက ဒီလိုအောက်တန်းကျတဲ့နည်းကိုသုံးတာ သူ့အဖေက မသိဘူးတဲ့လား”

ကိုကျော်ဟိုးက အကိုကြီးကိုမျက်မှောင်ကြုတ်ကြည့်ရင်း

“တားမလားကွ ဟေ့ကောင်ရ၊ ဘယ်လိုနည်းနဲ့နိုင်နိုင်ဖလားရဖို့က အဓိကမဟုတ်လားကွ၊ ငါ့အထင်တော့ ဒီအကြံအစည်မှာ တန်းမြင့်ရွာသူကြီးကိုယ်တိုင်တောင်မှ ပါချင်ပါနေမှာကွ”

“ဟာဗျာ၊ ဒါဆိုဒီကောင်တွေတော်တော်မတရားတာပဲဗျ”

ဘောလုံးအသင်းထဲကလူတွေက မခံချင်ဘူးပေါ့ဗျာ။

“အေးလေ၊ ငါတို့က ရိုးရိုးသားသားပြိုင်ပေမယ့် ဒီကောင်တွေက မရိုးသားပါလားကွ”

“အဲဒါပြောတာပေါ့ကွာ၊ အခုငါလာရတာလည်း တန်းမြင့်ရွာသားတွေက တစ်ခါအနိုင်ရဖူးတော့ နိုင်တဲ့အရသာကိုသိနေပြီကွ၊ အခုလည်း သူတို့အချင်းချင်းခေါင်းချင်းဆိုင်ပြီးတိုင်ပင်နေကြတယ်၊ ငါ့အထင်တော့ ဒီကောင်တွေ အောက်လမ်းနည်းတွေမသုံးဘူးလို့ မပြောနိုင်ဘူးဟေ့၊ အဲဒါ မင်းတို့လည်း သတိထားရအောင်ပြောထားတာ”

“ကျေးဇူးတင်ပါတယ် ကိုကျော်ဟိုးရာ၊ ဒီသတင်းကြားပြီး ကျုပ်တို့ဖြင့် လေ့တောင်မလေ့ကျင့်ချင်တော့ဘူးဗျာ”

ကျုပ်တို့အကုန်စိတ်ဓါတ်ကျသွားကြတာပေါ့၊ ဒါပေမယ့် ဒီအချိန်ကျုပ်ခေါင်းထဲ အကြံတစ်ခုရလိုက်တယ်ဗျ။

“ဟာ၊ ဟေ့လူတွေ ကျုပ်မှာအကြံတစ်ခုရှိတယ်ဗျ”

တစ်သင်းစလုံးက ကျုပ်ကိုဝိုင်းကြည့်တယ်။

“ဒီကောင်တွေ ညစ်ပတ်တာကိုသိပြီဆိုတော့ ဒီအတိုင်းငြိမ်ခံနေစရာအကြောင်းမရှိဘူးဗျာ၊ ဒီတော့ ကျုပ်တို့လည်း ဦးဘသာကြီးကို ခေါ်သွားရင်မကောင်းဘူးလား”

ကာလသားတွေအကုန်လုံးက ဦးဘသာနဲ့ခင်တယ်ဆိုတော့ ဒီအကြံကိုထောက်ခံကြတယ်။

“ဒါပေမယ့် အလတ်ကောင်ရ ဦးဘသာက ငါတို့နဲ့လိုက်ပါ့မလားကွ”

“ကျုပ်ခေါ်ရင်ရပါတယ်ဗျာ၊ မပူနဲ့ ကျုပ်ရအောင်ခေါ်ခဲ့မယ်”

ကျုပ်လည်း လက်မထောင်ပြီးတော့ ကိုယ့်ရင်ဘတ်ကို ပြန်ထိုးပြလိုက်တာပေါ့ဗျာ။

(၃)

“ဟာ၊ အလတ်ကောင်၊ မင်းကတော့လုပ်တော့မယ်ကွာ၊ အားကစားနည်းပဲကွ၊ ရိုးရိုးသားသားပြိုင်ကြပေါ့”

ဦးဘသာကိုကျုပ်ပြောလိုက်တော့ ဦးဘသာက အကြောက်အကန်ငြင်းတယ်ဗျ၊ ဦးဘသာငြင်းမယ်ဆိုတာကိုလည်း ကျုပ်တွေးထားပြီးသားပါ။ ဒါနဲ့သူ့အနားကပ်ပြီးတော့

“လုပ်ပါ ဦးဘသာရာ၊ ဒီပွဲက သိပ်အရေးကြီးတဲ့ပွဲမို့ပါ”

“မင်းတို့ဖာသာဘာပွဲဖြစ်ဖြစ်လေကွာ၊ အားကစားက အားကစားလို ကစားပေါ့ကွ၊ မကောင်းတဲ့နည်းလမ်းတွေနဲ့ ကလိမ်ကကျစ်ကျပြီး အနိုင်မယူချင်စမ်းပါနဲ့ကွာ”

“အိုဗျာ၊ ကျုပ်ကလည်း ဦးဘသာကို ကလိမ်ကကျစ်လုပ်ခိုင်းတာမဟုတ်ပါဘူးဗျ၊ တကယ်လို့ တစ်ဖက်ပြိုင်ဘက်က ကလိမ်ကကျစ်လုပ်လာခဲ့ရင် ဦးဘသာက နည်းနည်းတားပေးဆီးပေးဖို့ပြောတာပါ၊ မနှစ်ကလည်း တန်းမြင့်ရွာကလူတွေက တိုးဆိုလား ခေါ်တဲ့ သရဲရုပ်စီရင်ပြီးတော့ အောက်လမ်းနည်းနဲ့ ဘောပွဲနိုင်အောင်လုပ်တယ်ဆိုသဗျ”

ဦးဘသာက နည်းနည်းတော့စဉ်းစားသွားတယ်ဗျ၊ ဒီလိုဖြစ်နေရင် ဦးဘသာတစ်ယောက် ကျုပ်ပြောတာကိုလက်ခံဖို့ ရာခိုင်နှုန်းများနေပြီမှန်း ကျုပ်သိပါတယ်၊ ဒါနဲ့အနားထပ်ကပ်ပြီးတော့

“လုပ်စမ်းပါဦးဘသာရာ၊ ပြိုင်တာက ကျုပ်တို့ဖာသာ အားသွန်ခွန်စိုက်ပြိုင်ပါ့မယ်၊ ဒါပေမယ့် ကလိမ်ကျတာကိုတော့ လက်မခံနိုင်လို့ပါ၊ ပြီးတော့ ရွာအတွက်ပဲဦးဘသာရာ၊ ဖလားရတော့ ကျုပ်တို့ရွာလည်း ဂုဏ်တက်တယ်မဟုတ်လား”

“အေးပါ၊ ငါလိုက်ခဲ့ပါ့မယ်၊ ဒါပေမယ့် ငါကအသက်ကြီးနေပြီ မင်းတို့အသင်းထဲကို ဘယ်လိုလိုက်ရမှာလဲကွ”

“ကျုပ် ကိုမြင့်နဲ့ပြောပြီးသားပါဗျ၊ ကိုမြင့်က ဦးဘသာကို နည်းပြခန့်မယ်တဲ့ဗျ၊ ဒါမှ ဦးဘသာလည်း ကွင်းထဲလိုက်လို့ရမယ်မဟုတ်လား”

“ကြည့်လည်းလုပ်အုံးနော်အလတ်ကောင်ရ၊ ငါက ဘောလုံးကိုကောင်းကောင်းကန်တတ်တာမဟုတ်ဘူး၊ ဘယ်လိုလုပ်နည်းပြလုပ်ရမလဲ”

“ကျုပ်တို့ကန်တတ်ပြီးသားပါဗျာ၊ ဦးဘသာက ကွင်းဘေးကနေ ဟိုကြည့်ဒီကြည့် လုပ်ပေးရုံပါပဲ”

နောက်ဆုံးတော့ ဦးဘသာက ခေါင်းညိတ်သွားတယ်ဗျ။ ကျုပ်လည်းပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ ဘောလုံးပွဲအတွက် မနက်ဖြန် မြို့ကိုတက်ရတော့မယ်ဆိုတော့ ဘောလုံးကန်တဲ့အသင်းသားတွေကို ရွာထိပ်က ဦးတရုတ်ကြီးက သူ့အရက်ဆိုင်မှာ အကြိုဂုဏ်ပြုပြီး ဧည့်ခံသဗျ၊ ကျုပ်တို့လည်း သွားစားရတာပေါ့ဗျာ။ ဝက်သားတွေ၊ အမဲသားတွေနဲ့ ရှယ်ချက်ကျွေးတာဗျ။

“ဦးတရုတ်ကြီးဟင်းတွေက စားကောင်းပါတယ်၊ ဒါပေမယ့် အသောက်လေးပါတော့ ပိုကောင်းတာပေါ့ဗျ”

“တော်စမ်း၊ ဘောလုံးတောင်မကန်ရသေးဘူး သောက်ချင်နေသေးတယ်၊ မင်းတို့အခုအချိန်သောက်ပြီး အရက်နာကျလို့ မနက်ဖြန်ခြေစမ်းပွဲမှာ မပြေးနိုင်ဘဲဖြစ်နေပါအုံးမယ်ကွာ၊ ကဲ၊ ကောင်းကောင်းစားကြသောက်ကြကွာ၊ ပြီးရင်တော့ အဲဒီမြိုင်သာဖလားကို တို့ရွာကိုသာ သယ်ခဲ့ကြစမ်းပါကွ”

“မပူပါနဲ့ ဦးတရုတ်ကြီးရာ၊ ကျုပ်တို့သယ်ခဲ့ရင်သာ ဦးတရုတ်ကြီး ဆုချဖို့ပြင်ထား”

“မင်းတို့သာဖလားပါလာလို့ကတော့ အဲဒီည ငါကိုယ်တိုင် ဝက်ကောင်လုံးကင် ကင်ကျွေးပြီးတော့ အရက်လည်း အကြိုက်သောက်၊ အမူးအပြဲသောက်ကြစမ်းကွာ”

ကျုပ်တို့လည်း ရယ်မောပြီးတော့ ဦးတရုတ်ကြီးကျွေးတဲ့ထမင်းတွေကို မြိန်ၤရည်ရှက်ရည်နဲ့ စားခဲ့ကြတာပေါ့ဗျာ။ မနက်ဖြန် မနက်စောစော မြိုင်သာကိုတက်ပြီးတော့ ညနေသုံးနာရီလောက်ကျတော့ ပထမဆုံးပွဲစဉ်အဖြစ် ထောက်ရှာရွာနဲ့ ကျုပ်တို့ရွာနဲ့ ကန်ရမှာမဟုတ်လားဗျာ၊ စားသောက်ပြီးပြန်လာတော့ အမေက ကြက်ဥပြုတ်ပန်းကန်ကြီးနဲ့ အိမ်ကနေစောင့်နေသဗျာ။

“အမေ၊ ကြက်ဥတွေဘာလုပ်တာလဲဗျ”

“နင်တို့စားဖို့လေ”

“ဟာဗျာ၊ ဦးတရုတ်ကြီးဆီမှာ စားလာခဲ့ပြီးပြီ၊ မစားနိုင်တော့ပါဘူးဗျာ”

“ဟဲ့အလတ်ကောင်၊ လျှာမရှည်နဲ့၊ ရော့ နင်တို့နှစ်ယောက် တစ်ယောက်ကိုကြက်ဥပြုတ်ခုနစ်လုံးစီ တစ်ထိုင်တည်းကုန်အောင်စားကြစမ်း”

အကိုကြီးလည်း မျက်လုံးပြူးသွားတယ်။

“ဗျာ၊ ခုနစ်လုံးတောင်လား အမေရ”

“အေးလေ၊ ငါကတန်းမြင့်ရွာက ငါ့အမျိုးကိုမေးကြည့်တော့ သူ့သားဘောလုံးသမားကို ဘောလုံးမကန်ခင်ညမှာ ကြက်ဥပြုတ်ခုနစ်လုံးကျွေးထားတယ်ပြောတယ်၊ အဲဒီလိုစားရင် အမောခံနိုင်ပြီး သက်လုံကောင်းတယ်ဆိုလားပဲ၊ နင်တို့ငြင်းမနေကြနဲ့တော့ ကိုယ့်ရွာအတွက်လို့စဉ်းစားပြီးတော့ ဟောဒီကြက်ဥတွေကုန်အောင်စားစမ်း”

“ဘယ်စားနိုင်မှာလဲအမေရာ၊ ထားလိုက်ပါ မနက်ဖြန်ပွဲမစခင် စားလိုက်မယ်ဗျာ”

“မနက်ဖြန်အတွက် ခုနစ်လုံးစီပြုတ်ထားပြီးသား၊ ဒါကဒီနေ့စာ၊ စားကြစမ်း၊ နင်တို့မစားရင်ငါနဲ့တွေ့မယ်”

ကျုပ်နဲ့အကိုကြီးလည်း ကြက်ဥပြုတ်ခုနစ်လုံးကို ဆားနဲ့တိုးပြီး စားကြတာပေါ့ဗျာ၊ ခုနကလည်း ဦးတရုတ်ကြီးဆိုင်မှာ ဗိုက်အပြည့်စားခဲ့တာဆိုတော့ ဘယ်စားနိုင်မှာလဲဗျ၊ ဒါပေမယ့် အမေ့ကြောက်လို့ ပါးစပ်ထဲကို ထိုးထိုးထည့်ရတာ၊ တော်သေးတာက ကြက်ဥတွေက အိမ်ကြက်ဥတွေဆိုတော့ သိပ်အလုံးမကြီးဘဲ သေးသေးလေးမို့ တော်သေးသဗျာ၊ ခုနစ်လုံးစလုံးကုန်သွားလို့ အမေမီးဖိုချောင်ထဲဝင်သွားတာနဲ့ ကျုပ်တို့ညီအကို အိမ်ခြေရင်းကိုပြေးဆင်းခဲ့ပြီးတော့ ပါးစပ်ထဲက ကြက်ဥတွေကို ထိုးအန်ကြရတယ်၊ ပြီးတော့မှ ခပ်တည်တည်နဲ့အိမ်ထဲပြန်ဝင်လာခဲ့တယ်။

“မင်းတို့ ဦးဘသာကြီးကို နည်းပြခန့်တယ်ဆိုကွ”

အဖေက ကျုပ်တို့ကိုမေးတယ်၊ အဖေဆိုလိုချင်တဲ့စကားကို ကျုပ်နားလည်ပါတယ်ဗျာ၊ ဦးဘသာက စုန်းမဟုတ်လားဗျ၊ ဘောလုံးအကြောင်း နကန်းတစ်လုံးမှ မသိတဲ့လူကို နည်းပြခန့်တယ်ဆိုကတည်းက ကျုပ်တို့မဟုတ်တာတစ်ခုခုကြံနေပြီလို့ သိပုံရတယ်ဗျ၊ ကျုပ်တို့ဖြင့် လန့်သွားတာပဲဗျာ၊ အဖေကတော့ ခေါင်းတညိတ်ညိတ်နဲ့

“အင်းလေ၊ မင်းတို့ကောင်းမယ်ထင်လို့ လုပ်ကြတာပဲ၊ ငါဝင်မစွက်ဖက်ပါဘူး”

အဖေ့စကားအရတော့ အဖေက ဖလားရရေးသာ အဓိကဆိုပြီး ဆိုလိုတဲ့ပုံပါပဲဗျာ၊ ကျုပ်တို့လည်း အဲဒီညက အိပ်ရာစောစောဝင်ခဲ့ပြီး အိပ်ခဲ့ကြတာပေါ့။

(၄)

မနက်လင်းတော့ လှည်းတွေအသင့်ဖြစ်နေပြီဗျ၊ လှည်းငါးစီးနဲ့ ဘောလုံးအသင်းကိုတင်ခေါ်သွားမှာ၊ အဖေနဲ့ ရွာကလူကြီးတစ်ချို့လည်း လိုက်ခဲ့တာပေါ့ဗျာ၊ ဒါတောင်မှရွာလုံးကျွတ်လိုက်ချင်သေးတာဗျ၊ အခုပွဲတွေက သိပ်အရေးမကြီးတဲ့ပွဲမို့ အလုပ်ပျက်ခံပြီး မလိုက်ကြတာ။ ကျုပ်တို့တွေ ရွာထဲကနေ လှည်းနဲ့ထွက်တော့ ရွာသားတွေက လမ်းဘေးကနေ ကျုပ်တို့ကိုလက်ပြနှုတ်ဆက်ကြတယ်ဗျ။ ဒီအချိန်က ကျုပ်တို့အတွက် မျက်နှာပန်းအလှဆုံးအချိန်ပေါ့ဗျာ၊ ဖလားရမလားဆိုပြီးတော့ ရွာခံတွေက အားကိုးတကြီးနဲ့ ကျုပ်တို့ကိုကြည့်ကြတဲ့အချိန်ပေါ့ဗျာ၊ ကျုပ်တို့လည်း ခါးမတ် ရင်ကော့ပြီးတော့ မျက်နှာထားတည်တည်နဲ့ မသိရင် စစ်ထွက်သူရဲကောင်းကြီးတွေလို မျက်နှာပေးနဲ့ ထွက်ခဲ့ကြတာပေါ့။

တိုတိုပြောရရင်တော့ အဲဒီနေ့က ကျုပ်တို့နိုင်ခဲ့ပါတယ်ဗျာ၊ ဦးဘသာတောင် ဘာမှမလုပ်ပေးရပါဘူး၊ ထောက်ရှာရွာအသင်းကို ငါးဂိုး၊ တစ်ဂိုးနဲ့ နိုင်ခဲ့တော့ ပွဲဦးထွက်လှတယ်ပေါ့ဗျာ၊ မြိုင်သာက အဖေနဲ့သိတဲ့လူတွေအိမ်မှာ အုပ်စုလိုက်ကြီးတည်းခိုကြတာပေါ့၊ တည်းတဲ့အိမ်တွေမလောက်လို့ သုံးလေးအိမ်လောက် ခွဲပြီးတည်းကြရတယ်။ အုပ်စုအဆင့်နိုင်တယ်ဆိုပေမယ့်လည်း အဖေနဲ့ရွာလူကြီးတွေကတော့ မျက်နှာတွေပြုံးလို့ပေါ့ဗျာ။

ပြိုင်ပွဲဝင်ဆယ့်ခြောက်သင်းက တစ်ရက်ကို မနက်တစ်ပွဲ ညနေတစ်ပွဲကန်တာဆိုတော့ လေးရက်လောက်နေတော့ ဆယ့်ခြောက်သင်းအုပ်စုအဆင့်ပြီးသွားပါရောဗျာ၊ မြိုင်သာမြို့ပေါ်မှာလည်း လူတွေစည်ကားလို့ဗျ၊ ရွာတွေရွာတွေက ကိုယ့်အသင်းကိုယ်အားပေးဖို့ ရောက်လာကြတဲ့လူတွေတင်မနည်းပါဘူးဗျာ၊ တစ်ချို့အသင်းတွေက ရှုံးသွားလို့ပြန်သွားကြပေမယ့် တစ်ချို့အသင်းကတော့ ရှုံးသွားပေမယ့်လည်း နောက်ပွဲတွေဆက်အားပေးဖို့ နေခဲ့တာဆိုတော့ လူက တစ်ဖြည်းဖြည်းများသထက်များလို့လာသဗျ။

ကျန်တဲ့ရှစ်သင်းကို နှစ်သင်းဆီ ဆိုင်းတွဲတွေ တွဲပေးပြီးကန်တယ်ဗျ၊ အဲဒီရှစ်သင်းထဲကမှ လေးသင်းပဲကျန်ခဲ့တာပေါ့ဗျာ၊ အဲဒီလေးသင်းကတော့ မြို့ခံမြိုင်သာအသင်းရယ်၊ တန်းမြင့်ရွာအသင်း၊ ကျုပ်တို့ ဇီးကုန်းရွာအသင်းနဲ့ နိဗ္ဗာန်ရွာအသင်း လေးသင်းပဲကျန်ခဲ့တော့တယ်၊ ကျန်တဲ့လေးသင်းကတော့ ဆီမီးဖိုင်နယ် ပြိုင်ရမှာပေါ့ဗျာ၊ အဲဒီထဲကမှ နိုင်တဲ့နှစ်သင်းကတော့ နောက်ဆုံးဗိုလ်လုပွဲ ကန်ရမှာပေါ့၊ ကန်ရမယ့် အသင်းတွေကို မဲနှိုက်ရွေးချယ်တော့ ကျုပ်တို့ရွာနဲ့ နိဗ္ဗာန်ရွာအသင်းနဲ့ တစ်ပွဲကျသဗျ၊ တန်းမြင့်ရွာနဲ့ မြို့ခံ မြိုင်သာအသင်းနဲ့က တစ်ပွဲပေါ့ဗျာ။

ဒီလိုနဲ့ အစဉ်အလာရှိတဲ့ ကျုပ်တို့အသင်းက နိဗ္ဗာန်ရွာအသင်းနဲ့ တွေ့ပြီပေါ့ဗျာ၊ ရွာကလူတွေကလည်း မြိုင်သာကိုလှည်းတွေနဲ့လာကြည့်တာဆိုတော့ ပွဲကမြိုင်တာပေါ့ဗျာ၊ နိဗ္ဗာန်ရွာအသင်းမှာတော့ ချိုတူးတို့ကိုတောင် မတွေ့ပါဘူးဗျာ၊ အဲဒီနေ့က ကျုပ်တို့တွေ တွန်းတွန်းတိုက်တိုက်ကန်ပေမယ့် ပထမပိုင်းပြီးတဲ့အထိ ဂိုးမသွင်းနိုင်ဘဲဖြစ်နေတယ်ဗျ၊ နိဗ္ဗာန်ရွာအသင်းကတော့ ကျုပ်တို့ကို နှစ်ဂိုးတောင်သွင်းထားတာဆိုတော့ ကျုပ်တို့လည်း တော်တော်စိတ်ဓါတ်ကျနေပြီပေါ့ဗျာ၊ စိတ်ဓါတ်ကျရင်လည်း ကျချင်စရာပဲဗျ၊ ဒီနေ့ကျမှ ကျုပ်တို့အသင်း ဘယ်လိုဖြစ်တယ်မသိဘူးဗျာ၊ အချိန်အဆက်တွေလည်း ပြတ်နေတယ်၊ အလယ်တန်းကလူက အရှေ့တန်းမှာ လူရှိတယ်ထင်ပြီး ကန်တင်ပေးလိုက်ခါမှ ဂိုးသမားဆီတည့်တည့် ရောက်သွားတယ်ဗျ။

“ဟာ၊ ကိုမြင့် ခင်ဗျားဘာဖြစ်လို့ အရှေ့ကိုကန်ထည့်လိုက်ရတာလဲဗျ”

“အေးကွာ၊ ငါလည်း အရှေ့ကိုလှမ်းကြည့်လိုက်တော့ မင်းအကိုကြီးတွေ့တာနဲ့ ကန်တင်ပေးလိုက်တာကွ၊ နောက်ပြန်ကြည့်တော့ မင်းအကိုကြီးကိုမတွေ့တော့ဘူး”

“ဟာဗျာ၊ အကိုကြီးက ကွင်းလယ်နားမှာလေဗျာ”

ပြီးတော့တစ်ချီကျတော့ ကျုပ်လည်း အလယ်တန်းကနေ ဘောလုံးကိုဆွဲယူလာပြီး အကိုကြီးကိုလှမ်းပေးလိုက်တယ်၊ အကိုကြီးက အတင်းပြေးဆွဲသွားတော့ နိဗ္ဗာန်ရွာအသင်းရဲ့ နောက်တန်းပေါက်သွားတယ်ဗျ၊ အကိုကြီးကဆွဲပြေးရင် ပင်နယ်တီဧရိယာထဲရောက်တော့ ဂိုးသမားနဲ့နှစ်ယောက်တည်းတွေ့တာဗျ၊ ဂိုးသမားကလည်း ဖမ်းချင်ဇောနဲ့ပြေးလိုက်တော့ ချော်လဲသွားသဗျာ၊ ဂိုးပေါက်ကြီးက တကယ်ကိုအလွတ်ကြီးဖြစ်သွားတော့တာဗျ။

“အကိုကြီး၊ ကန်လိုက်တော့ သွင်းလိုက်တော့”

အကိုကြီးလည်း ဘောလုံးကို အားနဲ့ကျုံးပြီးကန်ထည့်လိုက်တာပဲဗျာ၊ ဒါပေမယ့် ဖြစ်ချင်တော့ ဘောလုံးက ရှေ့တည့်တည့်မထွက်ဘဲ ဘေးနားကိုချော်ထွက်သွားပြီးတော့ ဂိုးတိုင်ဘေးကနေဖြတ်ပြီး ဂိုးလွန်ဘောဖြစ်သွားပါရော၊ ကျုပ်တို့လည်း အကိုကြီးကို ဝိုင်းအပြစ်တင်တာပေါ့။ အကိုကြီးက ခေါင်းတခါခါနဲ့

“မဟုတ်ဘူးကွ၊ ငါကန်တော့ကန်လိုက်တာပဲ၊ ဘောလုံးက လိုရာမရောက်ဘဲ ချော်ထွက်သွားတာကွ”

ကျုပ်တို့ ဂိုးပေးလိုက်ရတာကိုလည်း ကြည့်အုံးဗျာ၊ နိဗ္ဗာန်ရွာက ကန်ရင်း ဂိုးလွန်ဘောဖြစ်သွားတော့ ကျုပ်တို့ဂိုးသမားက ဖမ်းပြီး နောက်တန်းလူဆီကိုလှမ်းပေးပါရောဗျာ၊ ဖြစ်ချင်တော့ ဂိုးသမားပေးလိုက်တဲ့လူက တစ်ဖက်အသင်းက ရှေ့တန်းကစားသမားဖြစ်နေတယ်ဗျာ၊ ဟိုလူက ဂိုးသမားသတိမမူမိခင် ဒိုင်းခနဲပြေးလာပြီးကန်ထည့်လိုက်တော့ ဂိုးထဲကိုတန်းဝင်သွားပါရော၊ ဂိုးသမားလည်း ယူကျုံးမကြဖြစ်နေတယ်ဗျာ၊ သူပြောတာကတော့ အဲဒီလူကို ကျုပ်တို့အသင်းကလူလို့မြင်လို့ ကန်ပေးလိုက်တာဆိုပဲ။

ဒါနဲ့ ပထမပိုင်းနားတော့ ဦးဘသာက ကျုပ်ကိုရေလာတိုက်ရင်း

“နိဗ္ဗာန်ရွာကတော့ ထုံးစံအတိုင်းပဲဟေ့”

“ဘာလဲဗျ၊ မဟုတ်မှလွဲရော စုန်းပညာတွေသုံးထားလို့လား”

“သိပ်သေချာတာပေါ့ကွာ၊ သူတို့ကစားသမားတွေရဲ့ လက်ကောက်ဝတ်မှာ အဆောင်တွေဝတ်ထားတယ်ကွ၊ အဲဒီအဆောင်တွေကြောင့် သူတို့တွေက သာမန်ထက်ပိုပြီး အမောခံ သက်လုံကောင်းနေတာ”

“ဟာဗျာ၊ ဒါဆို ဦးဘသာ တစ်ခုခုလုပ်ပေးလို့မရဘူးလား”

ဦးဘသာက သူ့ကွမ်းအစ်ကိုယူလိုက်ပြီးတော့ ကွမ်းသီးတွေကို ဆယ်စိတ်၊ ဆယ့်ငါးစိတ်လောက်ယူလိုက်ပြီးတော့ ပါးစပ်နားကပ်ပြီး မန်းမှုတ်လိုက်တယ်ဗျ၊ ပြီးတော့ ကျုပ်ကို ကွမ်းသီးစိတ်တွေပေးပြီးတော့

“ရော့၊ အဲဒီကွမ်းသီးစိတ်တွေ တစ်ယောက်တစ်စိတ်ငုံပြီးတော့သာ ကန်စမ်းကွာ၊ ဒီကောင်တွေအဆောင်က အစောင့်အကြပ်တွေပြေးအောင် ငါလုပ်ပေးထားတယ်”

ကျုပ်လည်း ဦးဘသာပြောတဲ့အတိုင်း ကွမ်းသီးစိတ်တွေကို ပါးစပ်ထဲငုံပြီးတော့ ကွင်းထဲပြန်ဝင်လာခဲ့ကြတယ်ဗျ၊ ဒုတိယပိုင်းမှာတော့ ကျုပ်တို့လုပ်ရကိုင်ရကောင်းလာတယ်ဗျ၊ ဒုတိယပိုင်းမှာတင်ပဲ ကျုပ်တို့အသင်း လေးဂိုးသွင်းနိုင်ခဲ့ပြီးတော့ နိဗ္ဗာန်ရွာအသင်းကို အနိုင်ရခဲ့ပါရောဗျာ၊ နိဗ္ဗာန်ရွာအသင်းက ကစားသမားတွေတောင်မှ ကျုပ်တို့ကိုမကျေနပ်ဘူးဗျ၊ သူတို့အနိုင်ရပြီလို့ အပြိုင်တွက်ထားတဲ့ပုံပဲ၊ ကျုပ်တို့လည်း ပျော်လိုက်တာမှ လွန်ပါရောဗျာ၊ ဒီအတိုင်းဆိုရင် ဖိုင်နယ် ဗိုလ်လုပွဲကို ကျုပ်တို့တက်ခွင့်ရပြီလေဗျာ။

ပွဲပြီးလို့ ဒိုင်လူကြီးက ခရာမှုတ်လိုက်တာနဲ့ ကျုပ်တို့လည်း ရွာကလာအားပေးတဲ့သူအုပ်ထဲကိုပြေးပြီးတော့ ခုန်ပေါက်ကြတာပေါ့ဗျာ၊ အမေဆိုရင်လည်း ပျော်လို့ဗျ၊ အဖေ့မျက်နှာကြီးက ဖြီးနေတာတော့ ပြောမနေပါနဲ့ဗျာ၊ ပါးစပ်က နားရွက်တက်ချိတ်ထားသလား မှတ်ရတယ်တယ်ဗျ၊ အမယ် ကျုပ်မရီးကလေး သူ့သမီးနဲ့လာအားပေးသဗျ၊ အကိုကြီးက သူ့အနားရောက်တော့ သံပရာရည်တွေဘာတွေတိုက်ပြီး နဖူးကချွေးတွေကိုတောင် သုတ်ပေးနေလေရဲ့၊ ဘာပဲပြောပြော အကိုကြီးတို့လင်မယား အဆင်ပြေနေတာမြင်တော့ ကျုပ်ဝမ်းသာမိပါတယ်၊

“အဖေရေ၊ ဗိုလ်လုပွဲရောက်ပြီဗျ၊ ဗိုလ်လုပွဲနိုင်ရင် ဟောဟိုက ဆုဖလားကြီးကို ကျုပ်တို့ရပြီ”

“အေး၊ ရအောင်သာယူခဲ့စမ်းကွာ၊ ဖလားရလို့ကတော့ နိုင်တဲ့အထိမ်းအမှတ်အနေနဲ့ ရွာမှာအလှူလုပ်ပစ်မယ်ကွ”

အဖေက ကြွေးကြော်နေသေးတယ်ဗျာ၊ ကျုပ်တို့ကန်ပြီး ညနေမှာပဲ တန်းမြင့်ရွာနဲ့ မြိုင်သာမြို့ခံအသင်းနဲ့ ကန်ကြပါရောဗျာ၊ အဲဒီပွဲကလည်း သိပ်ပြီးကြည့်လို့ကောင်းတာဗျ၊ မြိုင်သာအသင်းရဲ့ နည်းပြက အရင်တုန်းက တိုင်းနဲ့ပြည်နယ်အဆင့်အထိကန်ခဲ့ဖူးတဲ့ ဘောလုံးသမားဟောင်းဆိုပဲဗျ၊ လက်ရှိပြိုင်ပွဲတစ်လျှောက်လည်း မြိုင်သာအသင်းက ကစားပုံ ကစားနည်းအတော်ဆုံးပဲဗျ၊ အချိတ်အဆက်ဆိုရင်လည်း သူတို့အကောင်းဆုံးပဲ၊ သူတို့နဲ့ယှဉ်ပြိုင်ကစားတဲ့အသင်းတွေဆိုရင် သူတို့က အရူးလုပ်ထားနိုင်တာဗျ၊ ဘောလုံးက သူတို့အသင်းသားတွေခြေထောာက်ထဲမှာချည်းပဲဗျာ။

ကျုပ်တို့လည်း ရေမိုးချိုး ထမင်းစားပြီးတော့ မြိုင်သာပွဲကြည့်ဖို့ ဘောလုံးကွင်းကိုလာခဲ့တာပေါ့ဗျာ၊ အဲဒီနေ့က ဘောလုံးကွင်းက ထူးထူးဆန်းဆန်း ပွဲကြည့်ပရိသတ်တွေနဲ့ လူပြည့်နေသဗျ၊ ဘောလုံးကွင်းပတ်လည်မှာလည်း ဈေးဆိုင်တန်းတွေ၊ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေနဲ့ စည်ကားနေတာပဲ၊ မြိုင်သာတစ်မြို့လုံးက မြို့လုံးကျွတ်လာအားပေးတယ်လို့တောင် ထင်ရသဗျာ၊ ကျုပ်တို့လည်းကွင်းထဲဝင်မယ်ပြင်တော့ ကိုကျော်ဟိုးက ကျုပ်ဘေးနားကိုရောက်လာသဗျ၊ ပြီးတော့ ဟိုဟိုဒီဒီကြည့်ရင်း

“အလတ်ကောင်၊ မင်းနဲ့စကားခဏပြောချင်တယ်”

ကိုကျော်ဟိုးရုပ်က တစ်ခုခုကိုသိထားတဲ့ရုပ်ဆိုတော့ ကျုပ်လည်း သူခေါ်ရာအနောက်ကိုလိုက်လာခဲ့ရတယ်၊ ကွင်းနဲ့ခပ်လှမ်းလှမ်းက အကြော်တဲကလေးတစ်ခုထဲဝင်ထိုင်လိုက်ကြပြီးတော့ ကိုကျော်ဟိုးက ဘေးဘီကိုကြည့်နေသဗျ။

“စိတ်ချပါ ကိုကျော်ဟိုးရဲ့၊ တန်းမြင့်ရွာပရိသတ်တွေ အခုအချိန်လောက်ဆိုရင် ကွင်းထဲရောက်နေလောက်ကြပါပြီ”

“အေးကွာ၊ ငါလည်းပြောမလို့ကို ရင်တမမပဲကွ”

“ဘာထူးလို့လဲဗျ”

“ထူးတယ်ကွ၊ တန်းမြင့်ရွာက အသင်းနည်းပြက သူတို့ရွာကမဟုတ်ဘူးကွ၊ သူများပြောတာကတော့ တောင်ညိုရွာဘက်က ပညာသည်အဘိုးကြီးတဲ့ကွ”

“ဗျာ”

“အေး၊ ဒါတင်ဘယ်ကမလဲ၊ အခုပွဲလည်း သူတို့နိုင်မှာပဲတဲ့ကွာ၊ နောက်ပြီးတော့ သူတို့ကလည်း အစီအရင်တွေလုပ်ဖို့ ကြံထားကြတယ်၊ တကယ်လို့ တန်းမြင့်ရွာသာနိုင်ရင် တို့ရွာနဲ့ ဗိုလ်လုပွဲမှာ တွေ့ပြီမဟုတ်လား”

“ဘယ်လိုအစီအရင်လုပ်ထားတာလဲဗျ”

“ဒီလိုကွ၊ ဟိုနေ့က လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဒီကောင်တွေပြောတာကတော့ တို့ရွာနဲ့မပြိုင်ခင်၊ ဗိုလ်လုပွဲမစခင်ညမှာ သူတို့က ဘောလုံးကွင်းစောင့်ကို လဘ်ထိုးပြီးတော့ ကွင်းထဲကိုညဘက်ဝင်မတဲ့ကွ”

ကျုပ်လည်း မျက်မှောင်ကြုတ်လိုက်မိတယ်။

“ကွင်းထဲဝင်ပြီးတော့ ဘာလုပ်မလို့လဲဗျ”

“ဟာကွာ၊ ဘာလုပ်ရမှာလဲကွ၊ မကောင်းတဲ့အစီအရင်တွေကို မြှုပ်ဖို့ စီရင်ဖို့ပေါ့ကွာ၊ ပြီးတော့ အရင်နှစ်ကလို တိုးရုပ်ကြီးလည်း ယူလာသေးသကွ၊ အရုပ်ကြီးက မည်းတူးနေတာပဲကွာ၊ လက်သည်းရှည်တွေနဲ့ အစွယ်ကြီးတွေနဲ့ကွ၊ မနက်ခင်းမြင်တာနဲ့တင် တော်တော်ကြောက်ဖို့ကောင်းတယ်လို့ ငါ့ကိုပြောတယ်ကွ”

“ခင်ဗျားဒါကို ဘယ်လိုသိတာလဲ”

“ဘယ်လိုသိရမှာလဲဟ၊ ခုဘောလုံးအသင်းထဲမှာ ငါ့မိန်းမရဲ့ မောင်အရင်း၊ ငါ့ယောက်ဖအငယ်ဆုံးတစ်ယောက်ပါတယ်လေကွာ၊ သူတို့အချင်းချင်းတိုင်ပင်နေတာကို ငါကြားတာနဲ့ မင်းကိုပြောမယ်ဆိုပြီး စောင့်နေတာပဲဟေ့၊ အဲဒါမင်းတို့လည်း တစ်ခုခုလုပ်ထားနော်၊ ကဲ ငါသွားပြီ၊ ငါအကြာကြီးပျောက်နေတာကို လူတွေသတိထားမိသွားရင် မကောင်းဘူးကွ”

ကိုကျော်ဟိုးက အကြော်တောင်မစားနိုင်ဘဲနဲ့ ဆိုင်ထဲကနေ ထလစ်သွားပါရောဗျာ၊ ကျုပ်လည်း အကြော်မယူတော့ဘဲ ဆိုင်ထဲကနေပြန်ထွက်ခဲ့တယ်၊ ဒီအကြောင်းတွေကို ဦးဘသာကို သွားပြောမှဖြစ်မှာဗျ၊ ဒါနဲ့ကွင်းထဲကိုဝင်ပြီး ဦးဘသာကိုရှာရတာပေါ့ဗျာ။ ကျုပ်တို့လို ဘောလုံးကစားသမားတွေက အထူးအခွင့်အရေးရတယ်ဗျ၊ အဲဒါကတော့သစ်သားနဲ့ဆောက်ထားတဲ့ ပွဲကြည့်စင်ကြီးအပေါ်ကနေ ကြည့်လို့ရတာပါပဲ၊ ကျန်တဲ့လူတွေကတော့ ဘောလုံးကွင်းဘေးကနေပဲ မတ်တပ်ရပ်ပြီးအားပေးရတာပေါ့ဗျာ၊ ပွဲကြည့်စင်ပေါ်ကိုတက်ပြီး ဦးဘသာကိုလိုက်ရှာပေမယ့် လုံးဝမတွေ့ဘူးဗျာ၊ ကွင်းထဲလည်း လူတွေပြည့်နေတာဆိုတော့ ဦးဘသာတစ်ယောက် ဘယ်ရောက်နေမှန်းမသိပါဘူး။

ဒီအချိန် ကွင်းထဲကိုကျုပ်လှမ်းကြည့်လိုက်မိတယ်၊ အပေါ်က စပို့ရှပ်ဝတ်ထားပြီးတော့ အောက်က ဘောင်းဘီရှည်ဝတ်ထားတဲ့လူကြီးတစ်ယောက်က ကွင်းဘေးနားကကြည့်ပြီး လက်ညှိုးတထိုးထိုးနဲ့ အော်ဟစ်အမိန့်ပေးနေသဗျ။ ဒီလူကြီးကိုကျုပ်မမြင်ဖူးပါဘူးဗျာ၊ သေချာတာကတော့ ကိုကျော်ဟိုးပြောတဲ့ အောက်လမ်းဆရာကြီးဆိုတာပဲ ဖြစ်မှာဗျ။ သူလက်ညှိုးထိုးနေတာကိုကြည့်ပြီး ဘာရယ်မဟုတ်ပဲနဲ့ ကျုပ်တောင်မှကြက်သီးတွေထလာသဗျာ။

ပွဲကစားပြီး နာရီဝက်လောက်ရှိတဲ့အခါ မြိုင်သာအသင်းက တော်တော်ခြေပျက်လာတယ်ဗျ၊ လုပ်ချင်သလိုလုပ်၊ ကန်ချင်သလိုကန်တွေဖြစ်နေတာပဲဗျာ၊ ပထမပိုင်း ပွဲမပြီးခင်မှာပဲ မြိုင်သာအသင်းရဲ့နောက်ခံလူတစ်ယောက်က ကိုယ့်ဂိုးကိုယ် ခေါင်းတိုက်ပြီးသွင်းလိုက်ရောဗျာ၊ မြိုင်သာပရိသတ်တွေဆိုရင် ဆဲလိုက်ကြတာ ပြောမနေပါနဲ့တော့။ နောက်တော့ ဒုတိယပိုင်းဆက်ကန်တော့လည်း တော်တော်ခြေပျက်လာသဗျ၊ အဆိုးဆုံးကတော့ မြိုင်သာအသင်းက ဘောလုံးပိုင်ဆိုင်မှုများတယ်၊ ဂိုးသွင်းခွင့်တွေ အများကြီးရတယ်ဆိုပေမယ့် ဂိုးမသွင်းနိုင်ပဲ ဂိုးပေါက်ပျောက်နေတာပဲဗျာ။ တန်းမြင့်ရွာကစားသမားတွေကတော့ တစ်ခုခုသိတယ်ထင်ပါရဲ့ဗျာ အေးအေးလူလူကိုဆော့နေတာပါပဲ၊

နောက်တော့ မြိုင်သာအသင်းက လူစားလဲတယ်ဗျ၊ အဲဒီမှာ အသားဖြူဖြူနဲ့လူတစ်ယောက် ဝင်ကန်တော့တာပဲ၊ ဒီလူဝင်ပြီး မကြာပါဘူးဗျာ၊ မြိုင်သာအသင်းက တန်းမြင့်အသင်းကို တစ်ဂိုးပြန်သွင်းလိုက်ရောဗျို့၊ မြို့ခံတွေဆို အော်ဟစ်ပြီးတော့ အားပေးလိုက်ကြရတာဗျာ၊ တန်းမြင့်ရွာက ကစားသမားတွေတော့ မျက်နှာတွေပျက်နေသဗျ။ နောက်ဆယ်မိနစ်လောက်ကြာတော့ ဒီလူကပဲ နောက်တစ်ဂိုးထပ်သွင်းသဗျ၊ ဒီအတိုင်းဆိုရင်တော့ မြိုင်သာအသင်းနိုင်လောက်တယ်၊ ဒါပေမယ့် တန်းမြင့်ရွာကငှားထားတဲ့ အောက်လမ်းဆရာကြီးကိုလည်း ကြောက်ရသေးတယ်၊ ကျုပ်ဖြင့် ဘောလုံးပွဲသာကြည့်ရတယ် စိတ်တထင့်ထင့်ပါပဲဗျာ။

ဒီလူက ဂိုးသွင်းပြီးလို့ အောင်ပွဲခံပြီး ကွင်းလယ်ကိုပြန်ပြေးအလာမှာ သူ့အလိုလိုခြေခေါက်လဲတာပါပဲဗျာ၊ ခြေခေါက်လဲတာကလည်း တော်တော်ဆိုးသဗျ၊ ဘယ်ဖက်ခြေထောက်တစ်ခုလုံးက လည်ထွက်သွားတာဗျာ၊ ဆေးအဖွဲ့တွေဝင်လာပြီးတော့ ဒီလူကိုသယ်သွားကြရတယ်၊ သူ့ခြေထောက်က ပြေးဖို့မပြောနဲ့လမ်းတောင်မလျှောက်နိုင်တော့ဘဲ နာလွန်းလို့ ခြေထောက်ကိုင်ပြီး တအားအားနဲ့အော်နေပါရောဗျာ၊ သူ့အလိုလိုဖြစ်တယ်ဆိုတော့လည်း ဘယ်သူ့ကိုမှ စွပ်စွဲလို့မရဘူးမဟုတ်လား၊ ဒါပေမယ့် ကျုပ်က တန်းမြင့်ရွာက နည်းပြကိုလှမ်းကြည့်တော့ ဒီလူကြီးက ခပ်ပြုံးပြုံးနဲ့ဗျ၊ သူ့အပြုံးက ကြောက်စရာကြီးဗျာ။

ဒုတိယပိုင်း ပြီးခါနီးကျတော့မှ တန်းမြင့်ရွာက ဂိုးနှစ်လုံးဆက်တိုက်သွင်းပြီးတော့ နောက်ဆုံး မြိုင်သာအသင်းကိုနိုင်သွားပါလေရော၊ မြိုင်သာအသင်းပရိသတ်တွေဆို တော်တော်ပွဲဆူကုန်လို့ မြို့ခံတွေက ထိန်းထားကြရသဗျာ၊ ပွဲစဉ်တစ်လျှောက်လုံး ကစားပုံအကောင်းဆုံးနဲ့ နိုင်လာတဲ့အသင်းက အခုမှထွက်ရတယ်ဆိုတော့ နှမြောဖို့တော့ ကောင်းတာပေါ့ဗျာ၊ တစ်ဖက်က တန်းမြင့်ရွာအသင်းကိုကြည့်လိုက်တော့လည်း နိုင်မယ်မှန်းသိလို့နေမယ်ဗျ၊ သိပ်ပြီး တွန်းတွန်းတိုက်တိုက်မကစားကြဘူး၊ ကျုပ်တို့အသင်းလောက်တောင်မှ ခြေရည်မရှိဘူးဆိုတာ ကျုပ်သိလိုက်ပါတယ်။ ဒါနဲ့ ပွဲပြီးတော့ ကျုပ်တို့တည်းတဲ့အိမ်ကိုပြန်လာခဲ့တာပေါ့ဗျာ၊ ဦးဘသာကတော့ အိမ်ရှေ့မှာထိုင်ရင်း ကွမ်းမြုံ့နေသဗျ။

“သြော်၊ ဦးဘသာက ဒီရောက်နေတာကိုး၊ ကျုပ်ဖြင့် ရှာလိုက်ရတာ”

“ဘာဖြစ်လို့လဲကွ”

ကျုပ်လည်း ဦးဘသာဘေးကိုဝင်ထိုင်ရင်း ဘေးဘီကိုကြည့်လိုက်တယ်၊ ကျုပ်တို့တည်းတဲ့အိမ်ကလူတွေ အိမ်အပြင်ကိုသွားနေပုံရတယ်၊ ကျန်တဲ့လူတွေကလည်း ဘောလုံးပွဲကြည့်ပြီး အိမ်အပြန်မှာ တစ်နေရာရာဝင်ပြီး စားသောက်နေတဲ့ပုံပဲဗျ။

“ဦးဘသာ တိုးရုပ်ဆိုတာ ဘယ်လိုအရုပ်ကိုခေါ်တာလဲဗျ”

ဦးဘသာက ကျုပ်ကိုတောင်လှည့်မကြည့်ဘဲ

“အောက်လမ်းဆရာတွေ၊ စုန်းတွေက သရဲတွေမွေးလေ့ရှိတယ်မဟုတ်လား၊ အဲဒီအထဲက တိုးဆိုတဲ့သရဲကတော့ ရိုးရိုးသရဲတွေနဲ့မတူဘဲ သူက စုန်းပညာတတ်တဲ့ ကဝေတစ်ကောင်ရဲ့သရဲခိုအောင်းနေတဲ့အရုပ်ပေါ့ကွာ၊ နေပါအုံး မင်းက ဘယ်ကကြားလာပြန်တာလဲ”

“ဒါဆို အဲဒီတိုးရုပ်က တော်တော်စွမ်းတာပေါ့နော်”

“အေးပေါ့ကွ၊ တိုးမွေးတဲ့ပညာသည်ကလည်း တော်ရုံပညာတတ်ရုံနဲ့မရဘူးကွ၊ မွေးတဲ့လူ ပညာနိမ့်ရင် တိုးရုပ်က မွေးတဲ့သူကိုပြန်ပြုစားတတ်တယ်ကွ၊ ပြီးတော့ မွေးတယ်ဆိုတဲ့အတိုင်းပဲ ထမင်းချိန်တန်ထမင်း၊ ဟင်းချိန်တန်ဟင်း ကြွေးမွေးပြီးတော့ သက်ရှိလူတစ်ယောက်လို မွေးရတယ်ဆိုပဲ၊ စွမ်းတာကတော့ ကိုယ်မွေးထားတဲ့ တိုးက ပညာထက်ရင် ထက်သလောက် စွမ်းတာပေါ့”

“ဒါဆိုရင်တော့ ဒီနှစ်ကျုပ်တို့ဖလားရနိုင်တော့မယ်မထင်ဘူးဗျ”

ကျုပ်ပြောတော့မှ ဦးဘသာကျုပ်ကိုလှည့်ကြည့်ပြီး

“အဲဒီတိုးနဲ့ ဖလားနဲ့ဘာဆိုင်လို့လဲကွ”

“ဆိုင်တာပေါ့ဗျာ၊ အခုတန်းမြင့်ရွာက တိုးရုပ်သယ်လာတယ်ပြောတယ်၊ ကျုပ်တို့နဲ့မကစားခင်ညမှ ဒီကွင်းထဲကိုဝင်ပြီးတော့ တိုးကောင်မြှုပ်မယ်လို့ သတင်းရထားတယ်”

ဦးဘသာ နည်းနည်းတော့ ထိတ်လန့်သွားတဲ့ပုံပဲဗျ။

“နေပါအုံး၊ မင်းသတင်းက သေချာလို့လားကွ”

“ဟုတ်ပါတယ်ဆိုမှဗျာ၊ ကိုကျော်ဟိုးကိုယ်တိုင်လာပြောတာဗျ၊ ကိုကျော်ဟိုးယောက်ဖအငယ်ဆုံးက အခုဘောလုံးအသင်းထဲပါတယ်ဆိုပဲ၊ သူ့ဆီကနေ ဒီသတင်းရတာ၊ နောက်ပြီးတော့ သူပြောပုံအရ မနှစ်ကလည်း ကျုပ်တို့အသင်းရှုံးအောင်လို့ တိုးကောင်နဲ့လုပ်တယ်လို့ပြောတာပဲ”

ဦးဘသာက မုတ်ဆိတ်မွှေးတွေ ကျိုးတိုးကျဲတဲပေါက်နေတဲ့ သူ့မေးစေ့ကိုပွတ်သပ်နေရင်း

“ဒါဆိုရင်တော့ ငါတို့တားမှဖြစ်မယ်ကွ”

“လုပ်မှဗျို့၊ အခုပွဲမှာလည်း သူတို့မဟုတ်တာလုပ်ထားတယ် ဦးဘသာ၊ မြိုင်သာအသင်းက တန်းမြင့်ရွာအသင်းထက် ဆယ်ဆလောက်ပိုပြီး ခြေသာတာဗျ၊ အခုတော့ ရှုံးတာပဲမဟုတ်လား၊ ဒီပွဲကို ဦးဘသာကိုလိုက်ကြည့်စေချင်တယ်ဗျာ”

“နေပါအုံးကွ၊ တောင်ညိုရွာက ပညာသည်ဆိုတော့ ဘယ်သူများလဲ”

“ကျုပ်လည်း မသိပါဘူးဗျာ၊ ဗိုက်ပူပူ၊ အသားမည်းမည်းနဲ့ အသက်ငါးဆယ်လောက်တော့ ရှိမယ်ထင်တာပဲ”

ဦးဘသာက ခေါင်းညိတ်ရင်း

“ငါသိပြီ၊ ဒီကောင့်နာမည် ခင်ကြိုင်တဲ့ကွ၊ တောင်ညိုရွာသား ပညာသည်ပေါ့ကွ”

“အဲဒီလူကို အခုတန်းမြင့်ရွာက နည်းပြခန့်ထားသဗျ”

“ဗိုလ်လုပွဲစခင်ဆိုတော့ မနက်ဖြန်ညပေါ့ကွ၊ ဗိုလ်လုပွဲမတိုင်ခင် တစ်ရက်နားတယ်မဟုတ်လား”

“ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲဦးဘသာ”

“ဘယ်လိုလုပ်ရမလဲကွ၊ သူတို့ကွင်းထဲမရောက်ခင် ငါတို့ရအောင်တားရမှာပေါ့၊ မနက်ဖြန်ညတော့ အားအောင်လုပ်ထားအလတ်ကောင်ရေ”

ကျုပ်လည်း ခေါင်းညိတ်လိုက်တော့တယ်ဗျာ။

(၅)

“ဒီနှစ်လည်း တန်းမြင့်ရွာပဲရမှာပဲအေ”

“ဟုတ်ပါ့၊ ကျုပ်တို့မြို့ခံအသင်းကိုတောင်နိုင်တယ်ဆိုတာ နည်းသလားတော့”

မြို့ခံလူတွေကြားထဲမှာ ဒီသတင်းက ရေပန်းစားနေတာပေါ့ဗျာ၊ မနှစ်ကလည်း တန်းမြင့်ရွာပဲ ရထားတာဆိုတော့ ဒီနစ်လည်းရပြီလို့ထင်ကြေးပေးကြတာပေါ့၊ တန်းမြင့်ရွာသားတွေကတော့ ဆောင့်ကြွားကြွားနဲ့ မြေနဲ့ခြေနဲ့တောင် မထိဘူးထင်ပါတယ်ဗျာ၊ ကျုပ်တို့တည်းခိုတဲ့အိမ်ရှင်က ကျုပ်တို့ကိုဧည့်ခံချင်လို့ဆိုပြီးတော့ မြို့လယ်က တရုတ်စားသောက်ဆိုင်မှာလိုက်ကျွေးသဗျ၊ ကျုပ်တို့တစ်သင်းလုံးလည်း ပျော်ရွှင်ပြီးလာခဲ့တာပေါ့ဗျာ၊ မထင်မှတ်ဘဲ ဆိုင်အဝင်ဝရောက်တော့ တန်းမြင့်ရွာက ဘောလုံးသမားတွေနဲ့ သွားတွေ့သဗျ၊ ကျုပ်တို့ဆိုင်ထဲဝင်လာတော့ သူတို့က ဆိုင်ထဲမှာထိုင်တောင်ထိုင်နေပြီဗျ။

ကျုပ်တို့ဝင်လာတာတွေ့တော့ တန်းမြင့်ရွာအသင်းခေါင်းဆောင်က ထိုင်ခုံကနေဆတ်ခနဲထပြီးတော့

“တော်ပြီဟေ့၊ အရှုံးသမားတွေလာပြီ၊ ငါတို့က အရှုံးသမားတွေနဲ့အတူတူတော့ ထိုင်မစားနိုင်ဘူး”

ကျုပ်လည်း လက်သီးဆုပ်လိုက်တယ်၊ သူတို့လူတစ်သိုက်ထွက်သွားဖို့လုပ်တော့ အကိုကြီးက သူတို့အရှေ့မှာပိတ်ရပ်ပြီးတော့

“ဟေ့ကောင် မင်းကဘာစကားပြောတာလဲကွ”

“အရှုံးသမားတွေမို့လို့ အရှုံးသမားလို့ခေါ်တာလေကွာ၊ ဘာလဲမင်းကမကျေနပ်ဘူးလား”

ကိုမြင့်ကထွက်လာပြီး အကိုကြီးရင်ဘတ်ကိုလက်နဲ့ထိမ်းတယ်ဗျ၊ ဒါကို တန်းမြင့်ရွာသားတွေ သူတို့အသာရပြီဆိုပြီးတော့

“မင်းတို့ဇီးကုန်းရွာသားတွေ ငါတို့ရွာကိုဘယ်တုန်းက နိုင်ခဲ့ဖူးလို့လဲကွ၊ မနှစ်ကလည်း အရှုံးကြီးရှုံးခဲ့တာပဲမဟုတ်လား၊ အခုလည်း ဗိုလ်လုပွဲကို ပင်ပင်ပန်းပန်း ကန်မနေစမ်းပါနဲ့ကွာ၊ အချိန်တန်ရင် မင်းတို့ရှုံးမှာပဲကွ၊ ဒီဖလားက ငါတို့အတွက်ပဲ ဟား၊ ဟား”

အသင်းခေါင်းဆောင်ရယ်တော့ တစ်သင်းလုံးက လိုက်ရယ်ကြတယ်ဗျ၊ ကျုပ်တို့လည်း ဒေါသတွေထွက်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊

“ဟေ့၊ မင်းတို့အရှုံးသမားတွေ ဆိုင်ထဲက မြန်မြန်ထွက်သွားကြစမ်းကွာ၊ ဒီလိုဆိုင်က မင်းတို့လိုအရှုံးသမားတွေနဲ့တန်လို့လားကွာ၊ ကိုယ့်အဆင့်ကိုယ်သိပြီး လမ်းဘေးသစ်ပင်အောက်က ဆိုင်မှာသွားစားစမ်းပါ”

ကျုပ်ပြောတော့ အသင်းခေါင်းဆောင်က ရှှုးရှှုးရှဲရှဲဖြစ်သွားတယ်။

“ခွေးကောင် မင်းဘာပြောတာလဲ”

“ဟုတ်တယ်လေဗျာ၊ ရှုံးတဲ့လူက ထွက်ရတာထုံးစံပဲ၊ အခုလည်း ခင်ဗျားတို့ထွက်တော့မယ်ဆိုတော့ ခင်ဗျားတို့ရှုံးပြီပေါ့မဟုတ်ဘူးလား၊ ပြီးတော့လည်း ပြောလိုက်ပါအုံးမယ်ဗျာ၊ ဆယ်နှစ်ဆက်တိုက် ကျင်းပလာတဲ့ပြိုင်ပွဲမှာ ခင်ဗျားတို့ရွာက ဖလားတစ်ခါပဲရဖူးသေးတာပါဗျ၊ တစ်နှစ်လောက်ရဖူးတာနဲ့ နှစ်တိုင်းရမယ်လို့ထင်နေရင် မှားမှာပေ့ါ”

အသင်းခေါင်းဆောင်က ဒေါသထွက်ထွက်နဲ့

“အေး၊ အဲဒီဖလားကိုတောင် မင်းတို့တစ်နှစ်လောက်ရဖူးလို့လားကွ”

“ရတော့မှာပါဗျာ၊ စောင့်ကြည့်လိုက်စမ်းပါ၊ ဒီနှစ်တော့ မြိုင်သာဖလားကို ကျုပ်တို့ရွာအရောက် သယ်သွားမှာပါဗျ”

“အေးပါ၊ ငါတို့စောင့်ကြည့်နေပါ့မယ်ကွ၊ ဟင်း၊ ဟင်း”

အသင်းခေါင်းဆောင်က သူတို့မှာဝှက်ဖဲရှိတဲ့ပုံစံမျိုးနဲ့ ကျုပ်တို့ကိုမခန့်လေးစားလုပ်ပြီး ထွက်သွားပါရောဗျာ။ ကိုမြင့်က ကျုပ်အနားကပ်လာပြီးတော့

“ဒီကောင်တွေက သိပ်သေချာနေပါလားကွ၊ ဒီအတိုင်းဆိုရင် မနှစ်ကလို ကလိမ်ကကျစ်ကျပြီး အောက်လမ်းနည်းနဲ့လုပ်ရင် ဘယ်လိုလုပ်ကြမလဲ”

“မပူပါနဲ့ဗျာ၊ ကျုပ်တို့ဘက်မှာ ဦးဘသာရှိပါတယ်ဗျ၊ ခင်ဗျားတို့ စိတ်မပူပါနဲ့”

ဒီလိုနဲ့ ညဘက်ကိုရောက်လာခဲ့တာပေါ့ဗျာ၊ ညနေစောင်းပြီးမကြာခင်မှာပဲ ဦးဘသာက ကျုပ်ကိုခေါ်တယ်။

“အလတ်ကောင်ရေ၊ ခြောက်နာရီထိုးပြီဆိုတော့ သွားကြစို့ဟေ့”

“မစောလွန်းဘူးလားဗျ၊ ကျုပ်အထင် ဒီလူတွေ ညသန်းခေါင်လောက်မှ သွားမယ်ထင်တာပဲ”

ဦးဘသာက ခေါင်းခါရင်း

“မဟုတ်ဘူးကွ၊ တိုးရုပ်ဆိုတာက ညခုနစ်နာရီမှာ မြှုပ်နှံပြီးစီရင်ရသကွ၊ အခုခြောက်နာရီထိုးပြီဆိုတော့ ငါတို့လမ်းလျှောက်မှာနဲ့ဘာနဲ့ဆိုရင် ခြောက်နာရီဆယ့်ငါးလောက်ဆိုရင် ကွင်းနားရောက်ပြီ၊၊ ဒီကောင်တွေလာမယ့်အချိန်ကို အသာစောင့်တာပေါ့ကွာ”

ဒါနဲ့ ကျုပ်နဲ့ဦးဘသာလည်း အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ထွက်ခဲ့ကြပါရောဗျာ၊ ဘောလုံးကွင်းအနားမှာတော့ လူကရှင်းနေပြီဗျ၊ ဘောလုံးကွင်းက မြို့စွန်နားမှာ ရှိတာကိုးဗျာ၊ တောမြို့ကကွင်းဆိုတော့လည်း ခြံစည်းရိုးတွေဘာတွေမခတ်ထားပါဘူး၊ သံဆူးကြိုးတွေ ပတ်လည်ကာရုံကာထားတာပါ၊ ကျုပ်နဲ့ဦးဘသာလည်းး ကွင်းဘေးမြက်တောထဲကနေ ပုန်းအောင်းလာရင်း အခြေအနေကိုြ်ကည့်နေတယ်၊ ဘောလုံးကွင်းဘေးနားမှာ တစ်ထပ်အိမ်ကလေးတစ်လုံးရှိပြီးတော့ အဲဒီမှာ ဘောလုံးကွင်းစောင့်မိသားစုတွေ နေထိုင်ကြတယ်ဗျ၊

ဦးဘသာက သံဆူးကြိုးကိုအသာဟပေးတော့ ကျုပ်လည်းတိုးခဲ့ရတာပေါ့ဗျာ၊ ကွင်းထဲရောက်တော့ ပွဲကြည့်စင်ကြီးအနောက်နားမှာ ပုန်းအောင်းနေလိုက်ကြတာပေါ့ဗျာ၊ ခုနစ်နာရီတောင်မထိုးသေးပေမယ့် အမှောင်ထုက ဖုံးလာပြီဗျ၊ နောက်တော့ ဘောလုံးကွင်းတံခါးအနားမှာ မီးရောင်ကလေး တလက်လက်တွေ့တာနဲ့ ကျုပ်တို့လည်းပုန်းအောင်းနေလိုက်တာပေါ့ဗျာ၊ ထင်တဲ့အတိုင်းပါပဲဗျာ၊ ဘောလုံးကွင်းစောင့်က အရှေ့ကဝင်လာပြီးတော့ အနောက်ကနေ တန်းမြင့််ရွာက အသင်းခေါင်းဆောင် ထွန်းတင်ရယ်၊ နောက်ပြီးတော့ ခင်ကြိုင်ဆိုတဲ့ အောက်လမ်းဆရာကြိးရယ် ရောက်လာပါရော၊ သူတို့လက်ထဲမှာလည်း ဂုန်နီအိတ်တစ်လုံးကို ကိုင်ထားသဗျ၊ ထွန်းတင်က အိတ်ထဲက ပိုက်ဆံတွေထုတ်ပေးလိုက်တော့ ကွင်းစောင့်က ပြန်ထွက်သွားပါရောဗျာ၊ သူတို့နှစ်ယောက်လည်း ကွင်းအလယ်လောက်ကိုလျှောက်လာကြတယ်၊ ကျုပ်နဲ့ဦးဘသာက ပွဲကြည့်စင်ပေါ်ကဆိုတော့ ဒီလူတွေလုပ်သမျှကို အတိုင်းသားမြင်တွေ့နေရတာပေါ့ဗျာ။

ကွင်းလယ်ရောက်တော့ ထွန်းတင်က ဂုန်နီအိတ်ထဲက ပေါက်ပြားအတိုကလေးတစ်လက်ကိုထုတ်လိုက်သဗျ၊ ပြီးတာနဲ့ ကွင်းလယ်ခေါင်ကို တူးတော့တာပဲဗျာ၊ တူးလို့တော်တော်ရောက်တော့ ဦးဘသာက ကျုပ်ကိုလက်ကုပ်ပြီး ကွင်းထဲဆင်းသွားတာနဲ့ သူ့အနောက်ကလိုက်ခဲ့ပါရော၊ ဟိုလူနှစ်ယောက်က သူ့အာရုံနဲ့သူဆိုတော့ ကျုပ်တို့လာတာကို သတိထားမိပုံမရဘူးဗျ။

“တော်ပြီဟေ့ထွန်းတင်”

ဦးခင်ကြိုင်က ပြောဆိုပြီးတော့ ဂုန်နီအိတ်ထဲက တိုးရုပ်ကိုဆွဲထုတ်သဗျ၊ တိုးရုပ်က နှစ်တောင်လောက်ရှိတယ်ဗျ၊ ကိုကျော်ဟိုးပြောတဲ့အတိုင်း လက်သည်းရှည်ရှည်ကြီးတွေနဲ့ မီးသွေးတုံးကြီးလို မည်းတူးနေတာပါပဲဗျာ၊ မျက်လုံးနှစ်လုံးကတော့ ဖြူဖြူကြီးနဲက အပြူးသားဗျ။

“ဟေ့လူတွေ၊ ခင်ဗျားတို့ ဘာတွေတူးနေကြတာလဲ၊ ရွှေတွေငွေတွေက ဒီဘောလုံးကွင်းထဲရှိမလားဗျ”

ဦးဘသာက အော်ရင်း အရှေ့တိုးသွားတော့ ဒီလူနှစ်ယောက်က ဦးဘသာနဲ့ကျုပ်နဲ့ကို တအံ့တသြနဲ့ကြည့်နေကြပါရောဗျာ။

“ခင်၊ ခင်ဗျားတို့ ဘာလာလုပ်တာလဲ”

“အောင်မာ အဲဒီမေးခွန်းကို ငါတို့ကမေးရမှာကွ၊ မင်းတို့နှစ်ယောက် ကွင်းလယ်ခေါင်ထဲ ဘာလုပ်နေကြတာတုန်းကွ”

သူတို့ဘာမှမပြောနိုင်တော့ဘူးပေါ့ဗျာ၊ ဦးခင်ကြိုင်က သူ့လက်ထဲကိုင်ထားတဲ့ တိုးရုပ်ရဲ့ကျောကို လက်နဲ့တဘုန်းဘုန်းပုတ်ပြီးတော့

“တိုးကောင်ရေ၊ ဒီလူနှစ်ယောက်ကိုရှင်းဟေ့၊ ပြီးရင် တခါတည်း အစဖျောက်လိုက်စမ်းကွာ”

သူလက်နဲ့ပုတ်ပြီး မကြာပါဘူးဗျာ၊ တိုးကောင်က တဖြည်းဖြည်းကြီးလာသဗျ၊ ပြီးတော့ လူတစ်ရပ်လောက်အရွယ်ဖြစ်လာတယ်၊ သူ့လက်သည်းရှည်ကြီးတွေကို တဝင့်ဝင့်နဲ့လုပ်ပြီး ဦးဘသာဆီကို ပြေးသွားပါရောဗျာ၊ ဦးဘသာက အနားရောက်တော့ တိုးကောင်ရဲ့ရင်ဝကို လက်ဝါးနဲ့ဆောင့်တွန်းထည့်လိုက်တာ တိုးကောင်က ဟိုးအနောက်ကို အတောင်နှစ်ဆယ်လောက် လွင့်ထွက်သွားပါရော၊ ထွန်းတင်က အံ့သြသွားသလို ဦးခင်ကြိုင်ကလည်း ကျုပ်တို့ကိုကြည့်ရင်း

“သြော်၊ လတ်စသတ်တော့ မင်းတို့ကလည်း ပညာသည်တွေကိုးကွ”

ဦးဘသာက ခါးထောက်ရင်း

“လောကမှာ မင်းတစ်ယောက်တည်း ဒီပညာတွေကိုတတ်တာမဟုတ်ပါဘူး ခင်ကြိုင်ရာ”

“အလိုဗျ၊ ခင်ဗျားက ကျုပ်နာမည်ကိုတောင် သိနေပါရောလား၊ တိုးကောင်ရေ လုပ်စမ်းကွ၊ ဒီလူက အလာသားပဲ၊ သူ့ကိုဖမ်းပြီးတိုးကောင်လုပ်ပစ်မယ်၊ မင်းသူ့ကိုဖမ်းပေးနိုင်ရင် မင်းကိုလွှတ်ပေးမယ်”

သရဲကြီးက လေပေါ်ကနေပျံတက်လာပါရောဗျာ၊ ပြီးတော့ ဦးဘသာအနားရောက်တော့သူ့ပါးစပ်ကြီးဟပြီးတော့ စိမ်းဖန့်ဖန့်အရောင်ရှိတဲ့ မီးလုံးတွေကို ကျဲချလိုက်ပါရော၊ စိမ်းဖန့်ဖန့်မီးလုံးတွေက လေမှာခဏဝဲနေပြီးတော့ ဦးဘသာဆီကိုပြေးဝင်လာပါရောဗျာ၊ ဦးဘသာက ဟိတ်ခနဲအော်လိုက်ပြီးတော့ သူ့ဆီပြေးဝင်လာတဲ့ စိမ်းဖန့်ဖန့်အလင်းလုံးတွေကို လက်နဲ့ဆုပ်ဆုပ်ပြီးဖမ်းတယ်ဗျ၊ လူခေါင်းလောက်ရှိတဲ့ အလင်းလုံးကြီးတွေက ဦးဘသာလက်ထဲရောက်တော့ ပိုးစုန်းကြုးလောက်အရွယ် သေးသေးကလေးတွေဖြစ်သွားတယ်။

ဦးခင်ကြိုင်ကလည်း ဖြူဖြူအပြားလေးတွေကို မြေကြီးပေါ်ကိုပစ်ချသဗျ၊ အပြားလေးတွေ မြေပေါ်ရောက်တော့ အပြာရောင်လဲ့လဲ့ကလေးလင်းလာတယ်၊

“ဟား၊ ဟား ခင်ဗျားဘယ်လောက်စွမ်းစွမ်း ကြယ်ခုနစ်လုံးအစွမ်းကို မဖောက်နိုင်ပါဘူးဗျာ”

သူပြောတာမှန်တယ်ဗျ၊ ဦးဘသာက တစ်ချက်ငြိမ်ကျသွားတယ်၊ ဒီတော့မှ ဦးခင်ကြိုင်က အိတ်ထဲက စာရွက်အနီတစ်ရွက်ကိုထုတ်လိုက်ပြီး

“ဟောဒါက တိုးဖမ်းတဲ့အင်းပဲ၊ ခင်ဗျားကြီးသေပြီး ကျုပ်ရဲ့တိုးကောင်ထဲမှာ နေရမယ်ဗျ”

အဲဒီလိုပြောပြီးတော့ ဦးဘသာဆီကိုပြေးဝင်ပြီး ဦးဘသာမျက်နှာမှာ တိုးဖမ်းအင်းကို ကပ်ထည့်လိုက်တာပဲဗျာ၊ ကျုပ်ဖြင့်တော်တော်စိတ်ပူသွားရှာတာဗျ၊ အင်းနဲ့ကပ်လိုက်တော့ ဦးဘသာက ကျောက်ရုပ်ကြီးလို တောင့်တောင့်ကြီးဖြစ်သွားတယ်၊ ဒီတော့မှ ဦးခင်ကြိုင်က သူ့ငယ်ထိပ်ပေါ်ကိုစမ်းပြီးတော့ အပ်တစ်ချောင်းကိုထုတ်လိုက်တယ်၊ အပ်က ဖျာချုပ်တဲ့အပ်လို အရှည်ကြီးပဲဗျ၊ အဲဒီအပ်ထုတ်ပြီးတော့ ဦးဘသာဆီကိုတစ်လှမ်းချင်းစီကပ်သွားပြီး ဦးဘသာရဲ့ငယ်ထိပ်ကို အပ်နဲ့ထိုးစိုက်ဖို့ပြင်လိုက်ပါရောဗျာ၊ ဒီအချိန်ပဲ ဦးဘသာက သူ့မျက်နှာမှာကပ်နေတဲ့ အင်းကိုပါးစပ်နဲ့ကိုက်ပြီး ဝါးစားလိုက်ပါရော၊ ဦးခင်ကြိုင်ခမျာ အပ်ကြီးကိုင်ပြီး ကြောင်စီစီဖြစ်နေတယ်ဗျ။

“ဘယ်လိုလဲခင်ကြိုင်ရ၊ တိုးဖမ်းတဲ့အင်းကို ဝါးစားလိုက်တော့ မင်းဖမ်းရဆီးရတာ ပိုပြီးလွယ်မသွားဘူးလားကွ”

ဦးခင်ကြိုင်အံံသြနေတဲ့အချိန်မှာပဲ ဦးဘသာက ဦးခင်ကြိုင်ရဲ့အပ်ကိုင်ထားတဲ့လက်ကို ဆုပ်ကိုင်ပြီးဖမ်းလိုက်တယ်ဗျ၊ ပြီးတော့ နောက်လက်တစ်ဖက်နဲ့ အပ်ကိုဆွဲယူလိုက်တာပါပဲ၊ ဦးခင်ကြိုင်နဖူးမှာ ဇောချွေးတွေပြန်လာတယ်ဗျ၊ ပြီးတော့

“မလုပ်ပါနဲ့ဆရာကြီး၊ အဲဒီလိုမလုပ်ပါနဲ့”

ဦးဘသာက အပ်ကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး ထောက်ခနဲချိုးလိုက်တော့ အပ်ကနှစ်ပိုင်းကျိုးသွားသဗျာ၊ ဒီတော့မှ မိုးပေါ်ပျံနေတဲ့တိုးကောင်ကြီးက အောက်ကိုပြုတ်ကျသွားတော့တယ်၊ မြေပေါ်ရောက်တော့ တဖြည်းဖြည်းသေးသွားပြီး နဂိုမူလအတိုင်း တိုးကောင်အရွယ်အစားဖြစ်သွားတော့တယ်ဗျာ၊

“မင်းက ငါ့ကိုများတိုးဖမ်းချင်သေးတယ်တဲ့လား”

ဦးခင်ကြိုင်က သူ့တိုးကောင်ရုပ်ကို နှမြောပြီးကြည့်နေရင်း

“ကုန်ပါပြီ၊ ဒီတိုးကောင်ရဖို့ ကျုပ်ဘယ်လောက်ကြိုးစားခဲ့ရတယ်ဆိုတာ ခင်ဗျားသိလား”

“မင်းလုပ်ရပ်အတွင် မင်းပြန်ခံရတာပဲခင်ကြိုင်”

“ခင်ဗျား၊ ခင်ဗျားကို ကျုပ်သတ်မယ်”

“ဟား၊ ဟား၊ မင်းမသတ်နဲ့ခင်ကြိုင်၊ မင်းရွာကိုမင်းပြန်ပြီး သာဒင်ဘယ်သူလဲဆိုတာကို မင်းအမေကို အရင်မေးကြည့်စမ်းပါကွ”

ဒီအသံကြားတော့မှ ဦးခင်ကြိုင်က မျက်လုံးကြီးပြူးပြိး ဦးဘသာကိုလက်ညှိုးထိုးကာ

“သာဒင်၊ သာဒင်ဆိုတာ ခင်ဗျားလား”

“သေချာတာပေါ့ကွာ၊ ငါ့ကို မင်းအဆင့်လောက်မပြောနဲ့၊ ဝမ်းတွင်းပါ ပညာတတ်တဲ့ မင်းအမေတောင်မှ မနိုင်ဘူးကွ”

ဦးခင်ကြိုင်က တော်တော်ထိတ်လန့်နေတယ်။

“ကဲ ငါ့ကိုလာသတ်မယ်ဆိုကွာ၊ လာစမ်းပါကွ”

ဦးခင်ကြိုင်က ခေါင်းကိုသွက်သွက်ခါအောင်ခါရမ်းပြီးတော့ လက်အုပ်ချီပြီး

“သွား၊ သွားပါတော့မယ်ဆရာကြီး၊ ကျုပ် . . . ကျုပ်မှားတာရှိရင် ခွင့်လွတ်ပါ”

ဦးဘသာက ခေါင်းညိတ်ရင်း

“အေး၊ သွားသွား၊ အားကစားဆိုတာ သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ရတယ်ကွ၊ နောက်ဆိုရင် ဒီလိုကိစ္စတွေထဲ မင်းဝင်မပါနဲ့တော့ ကြားပြီလား”

ဦးခင်ကြိုင်က ပြေးဖို့လုပ်နေတဲ့အချိန်

“နေအုံး၊ မင်းလူကိုလည်း ခေါ်သွားအုံးလေ”

ဦးခင်ကြိုင်က ကိုထွန်းတင်လက်ကိုဆွဲပြီးတော့ ကွင်းထဲက ဆွဲခေါ်ပြီး ထွက်ပြေးကြပါရောဗျာ၊ ကျုပ်နဲ့ဦးဘသာကတော့ ကွင်းထဲမှာရယ်ပြီးကျန်နေခဲ့တာပေါ့၊ သူတို့ကျကျန်ခဲ့တဲ့ တိုးရုပ်ကို ကျုပ်ကသွားကြည့်ရင်း

“ဒီအရုပ်က တော်တော်ရုပ်ဆိုးတာပဲဗျာ”

ဦးဘသာက တိုးရုပ်ကိုလက်ညှိုးထိုးလိုက်တော့ တိုးရုပ်က ဟုန်းခနဲမီးထတောက်ပြီးတော့ မျက်စိရှေ့တင်ပဲ ပြာဖြစ်သွားပါရောကွာ။ ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့

“ကဲအလတ်ကောင်၊ ငါ့တာဝန်ကတော့ ပြီးသွားပြီနော်၊ နိုင်အောင်ကန်ရမှာကတော့ မင်းတို့တာဝန်ပဲ”

ကျုပ်လည်း ခေါင်းညိတ်ရင်း

“စိတ်ချစမ်းပါဗျာ” လို့ပြန်ပြောလိုက်တော့တယ်။

ဒါနဲ့ပဲ အဲဒီနှစ်က မြိုင်သာဖလားကို ကျုပ်တို့ရွာရခဲ့တာပေါ့ဗျာ၊ မကောင်းတဲ့ပညာအားကိုးပြီး ကျိုးစားမှုမရှိတဲ့ တန်းမြင့်ရွာအသင်းကို ကျုပ်တို့ရွာက လေးဂိုး၊ ဂိုးမရှိနဲ့ နိုင်ခဲ့ပါရောဗျာ၊ ကျုပ်တို့ဖြင့်ပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ ဖလားကြီးကိုင်ပြီးတော့ လှည်းတန်းကြီးနဲ့ ရွာကိုပြန်ခဲ့တာပေါ့၊ ရွာရောက်တော့ ဖလားကို ကျုပ်တို့အိမ်ကိုသယ်လာခဲ့တယ်၊ ရွာသားတွေဆိုပျော်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ၊ အဖေဆိုရင်လည်း ပြုံးလို့ဖြီးလို့ဗျ။ ဖလားနဲ့အတူတူရောက်လာတာကတော့ ကျုပ်မရီးပါပဲ၊ ဖလားကျေးဇူးကြောင့် အကိုကြီးတို့မိသားစုလည်း ပြန်ပေါင်းဖက်နိုင်ခဲ့တယ်၊ ကျုပ်လည်း ထိပ်တုံးချုပ်ရက်ကျန်တာကနေ လွတ်ခဲ့တယ်ပေါ့ဗျာ၊ အိမ်ကိုရောက်ပြီးမကြာပါဘူး ဦးတရုတ်ကြီးက အပြေးအလွားနဲ့ရောက်ချလာတယ်။

“ကဲ တို့ရွာဖလားရအောင် စွမ်းဆောင်ပေးတဲ့ ဘောလုံးသမားတွေအတွက် ငါ့အိမ်မှာ စားပွဲသောက်ပွဲပြင်ထားတယ်၊ မင်းတို့ ဗိုက်တွေကားအောင်သာစားကွာ၊ ပြီးတော့ လူမှန်းမသိမူးအောင် သောက်ကြစမ်း၊ ဟုတ်ပြီလား”

ကျုပ်တို့လူစုလည်း ဟေးခနဲအော်လိုက်ပြီးတော့ ဦးတရုတ်ကြီးအိမ်ကိုမြန်မြန်ရောက်အောင်လို့ အပြေးတပိုင်းနဲ့ ပြေးထွက်ခဲ့ကြပါရောဗျာ။

ပြီးပါပြီ။

အဂ္ဂဇော်