။
ပြီးနောက်…
“သူ….ဘယ်လိုနေလဲသီရိ……”
ဟုမေးလေရာ…သီရိမှာ မျက်နှာညှိးငယ်စွာဖြင့်…
“မဇာရီအသက်မရှိတော့ဘူးအစ်မ….
သူ့သေပြီ…………”
“ဟင်……..”
လွန်းနီနီ ခြေထောက်များအားအင်ပျော့သွားသည့်အလား
ခုံအထက်သို့ယိုင်လဲကျသွား၏။
“အစ်မ..အဆင်ပြေရဲ့လား…..”
“သူ…သူ့….မျက်နှာကဘယ်လိုဖြစ်နေလဲ သီရိ……”
“မျက်နှာကြီး ပြာနှမ်းနေတယ်အစ်မ…….”
“ဟင်း…….ဒါဆိုရင်တော့
တို့ရွာမှာဘေးအန္တရာယ်နီးလာပြန်ပြီ….”
“မကောင်းဆိုးဝါး လွတ်ဖို့နီးပြီလို့ပြောတာလားအစ်မ…..”
“အင်း….မကောင်းဆိုးဝါးလွတ်တော့မယ်သီရိ……….”
“ကျုပ်တို့ဘယ်လိုလုပ်ကြမလဲအစ်မ…
ရွာကလူအင်အားကလည်းအတော်နည်းနေပြီ”
“အစ်မလည်း ဒီကိစ္စကို ဟိုးအရင်ကတည်းက
ဘယ်လိုအဆုံးသတ်ရမလဲဆိုပြီး စဥ်းစားနေခဲ့တာ…
ခက်တာက
အခုချိန်ထိအဖြေမပေါ်ဘူး သီရိရယ်….”
လွန်းနီနီ စိတ်အားငယ်စွာပြောလေတော့ သီရိမှာလည်း
သက်ပြင်းတချက်ချလိုက်ပြီး…
“အင်းးး….အစ်မက ဒီရွာရဲ့ခေါင်းဆောင်ပဲအစ်မ…
ဒါမို့တစ်ခုခုဆိုစိတ်မပျော့လိုက်ပါနဲ့…
မဟုတ်ရင်ကျန်လူတွေလည်း
ဘယ်စိတ်ကောင်းကျမလဲ…….”
“အင်းပါ သီရိရယ်…ကဲပါလေ…
မဇာရီအလောင်းဆီသွားကြတာပေါ့”
“ဟုတ်ကဲ့အစ်မ….”
လွန်းနီနီနှင့်သီရိတို့ချောင်းစပ်သို့ထွက်လာခဲ့ကြသည်။
မဇာရီ၏အလောင်းအနီး၌ ရွာသူတို့စုဝေးနေကြ၏။
“အစ်မလာပြီ…ဖယ်ကြ”
ဟု…သီရိမှသတိပေးလေသောအခါ
အားလုံးဘေးသို့ဖယ်ရှားကြသည်။
ဗန်ဒါစိမ်းရွာရှိမိန်းမပျိုငယ်များ၏ကိုယ်၌
ဓားတစ်လက်စီ ရှိနေခဲ့သည်။
လွန်းနီနီ မဇာရီ၏အလောင်းအားကြည့်လေသည်။
မဇာရီသည် အသားညိုပြီး အလှမှာ
ရွက်ကြမ်းရေကျိုသာဖြစ်၏။
ယခုတော့ဖြင့်မဇာရီ၏မျက်နှာကြီးတစ်ခုလုံးပြာနှမ်းနေခဲ့ပြီး
ပါးစပ်ကြီးဟလျှက်၊မျက်လုံးကြီးအပြူးသားဖြင့်
သေဆုံးနေလေသည်။
မဇာရီ၌ မိဘများမရှိ…
မောင်လေးတစ်ယောက်သာရှိ၏။
“မဇာရီအလောင်းကိုမီးရှို့ဖို့ပြင်ကြ…
မောင်လေးငယ်ကို အလောင်းနဲ့ခပ်ဝေးဝေးကပြလိုက်…
လူငယ်ဆိုတော့ သူ့အစ်မကိုမြင်ရင် ကြောက်လိမ့်မယ်….”
“ဟုတ်ကဲ့ပါအစ်မ…….”
သီရိတို့မိန်းမပျိုငယ်များသည် လွန်းနီနီ၏စကားကိုနာခံကြ၏။
လွန်းနီနီ နောက်သို့ပြန်ရန်အလှည့်…..
“မမလေး……”
နောက်ပါးမှအော်သံကြောင့် လွန်းနီနီထိတ်လန့်သွားရသည်။
ထိုသူက…
“ဘွားစန်း……”
“ဟောတော်…ဘွားစန်းတစ်ယောက်ကတော့
လျှောက်သွားနေပြန်ပြီ……”
“နေကြနေကြ…အစ်မပဲ ဘွားစန်းကိုခေါ်သွားလိုက်မယ်…
ညီမတို့က မဇာရီကို
ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးလိုက်ကြ”
“ဟုတ်ကဲ့အစ်မ…..”
လွန်းနီနီ ဘွားစန်း၏လက်များကို ဆုပ်ကိုင်၍…
“ဘွားစန်း…သမီးအိမ်လိုက်ပို့မယ်….ပြန်ကြရအောင်နော်….”
ဟုပြောသောအခါ…ဘွားစန်းသည် သူ၏သွားနက်ကြီးများပေါ်သည်အထိ ပြုံးရယ်ကာ
ခေါင်းအားတဆတ်ဆတ်ညိတ်လေသည်။
ဘွားစန်းနှင့်သူ၏သမီးနေသော အိမ်ဆီသို့ရောက်သောအခါ အိမ်၌ မည်သူမျှမရှိ။
“မမလေး….ရေ…ရေချိုးပေး”
ဘွားစန်းမှ ပြောလေသည်။
“ဘွားစန်းရေချိုးချင်လို့လား…
ဒါဖြင့် သမီးချိုးပေးပါ့မယ်……”
လွန်းနီနီသည် ဘွားစန်းအားရေချိုးခေါင်းလျော်ပေးလေသည်။
လွန်းနီနီလုပ်ကိုင်ပေးသည်များကို ဘွားစန်းမှာသဘောကျနေ၏။
ခေါင်းလျော်ပြီးနောက်အဝတ်အစားများလဲပေးကာ
ရေများစိုစွတ်နေသော ဘွားစန်း၏ဆံပင်များအား
ရေပြောင်အား သုတ်ပေးနေရပြန်သည်။
ဆံပင်များသုတ်ပေးနေစဥ်…
“မမလေး…ဟိုကောင်ကြီးလွတ်တော့မယ်နော်….”
“ဘွားစန်း”
လွန်းနီနီ…ဘွားစန်းကိုဟန့်တားသယောင်ပြောလိုက်သည်။
ဘွားစန်းမှာဆက်၍…
“ဒီရွာက…ဒီရွာကလူတွေ…လူတွေကိုအလွတ်မပေးဘူးတဲ့”
ဟုထပ်မံ၍ ပြောပြန်သည်။
ဘွားစန်းစကားကြောင့် လွန်းနီနီသက်ပြင်းချလိုက်ပြီး…
“သမီးအလှည့်မှာဘာတွေဆက်ပြီးဖြစ်လာမလဲဆိုတာ…
မသိတော့ဘူးဘွားစန်းရယ်…သမီးဒီကောင်ကြီးကိုနိုင်ပါ့မလား”
ဟု…ပြောရင်း လွန်းနီနီမျက်ရည်များကျဆင်းလာခဲ့၏။
“ကိုယ့်ကိုကိုယ်ထက် ကျန်တဲ့လူတွေကိုစိတ်ပူမိတယ်
ဘွားစန်း…သူတို့တွေကို
ဒီရွာလေးမှာအေးအေးချမ်းချမ်းနေစေချင်တယ်…
အဘိုးတွေ…အဖေတွေတုန်းကလို…
ဒီကောင်ကြီးကိုရင်ဆိုင်နေရတဲ့အချိန်ကာလတွေ
မရှိစေချင်တော့ဘူး………”
ဘွားစန်းမှာလွန်းနီနီစကားများကို
သိသယောင်ဖြင့်နားထောင်နေ၏။
လွန်းနီနီ၏ပါးပြင်အထက်မှမျက်ရည်များကို
သုတ်ဖယ်ပေးပြီး…
“ရွာပြင်ကညောင်ပင်ကြီးလေ…အဲ့ညောင်ပင်က
အဘိုးကြီးကပြောတယ်…ဒီရွာကိုကယ်တင်နိုင်မယ့်သူရှာတဲ့”
ဟူသော အဆက်စပ်မရှိပြောလေရာ လွန်းနီနီ အံ့သြသွားသည်။
“ဘယ်သူကပြောတာလဲဘွားစန်း…..”
“ဖြူဖြူကြီးပဲ…အဲ့အဘိုးကြီးကို အမြဲတွေ့တယ်…
သူပြောတာတော့…ဘွားမယ်စ်ိန်ကိုရှာတဲ့ဆိုပဲ…………..”
“ဘွားမယ်စိန်….ဘွားမယ်စိန်ဆိုတာ…ဘယ်သူလဲ”
“ဗိုက်ဆာပြီ…ထမင်းကျွေး…ထမင်းကျွေး……….”
လွန်းနီနီ၏အမေးအားဘွားစန်းမဖြေတော့ဘဲ
ထမင်းကျွေးဖို့ရန်အော်ဟစ်နေတော့သည်။
ထိုအချိန် ဘွားစန်း၏သမီးပြန်ရောက်လာခဲ့တော့၏။
“မမလေးရောက်နေတာပဲ…
ကျုပ်ကအမေပျောက်သွားလို့လိုက်ရှာနေတာ…”
“ရပါတယ်အစ်မမြင့် …ဒါဖြင့် ကျုပ်သွားဦးမယ်…
ဘွားစန်းကိုထမင်းကျွေးလိုက်ဦး”
“ဟုတ်ကဲ့မမလေး……”
လွန်းနီနီ ဘွားစန်းတို့အိမ်မှထွက်လာခဲ့သော်လည်း
နားအတွင်း၌ ဘွားစန်းပြောလိုက်သောစကားများ
ပဲ့တင်ထပ်နေခဲ့၏။
စိတ်များကလည်းအစိုးမရ….
“ဘွားမယ်စိန်ဆိုတာ ဘယ်သူလဲ”
ဟု…နှုတ်မှရေရွတ်နေမိခဲ့သည်။
ညနေပိုင်း၌သီရိတို့မိန်းမပျိုများအား သတိနဲ့နေထိုင်စေဖို့မှာကြားရပြန်သည်။
“အခုဆို…အားလုံးသိကြတဲ့အတိုင်းပဲ…ဒီရွာမှာ
ယောကျ်ားသားအင်အားကလည်းအတော်နည်းတယ်…
ဒါကြောင့်မို့ တို့မိန်းမသားတွေကိုယ်တိုင်
ကိုယ့်ကိုကိုယ်ကာကွယ်နိုင်ဖို့လိုတယ်…
ကျုပ်မသိဘဲလည်း ဘယ်မှမသွားကြပါနဲ့…
တစ်ခုခုဆိုလည်း အချင်းချင်းသတိပေးပြီးမှသွားလာကြပါ”
“ဟုတ်ကဲ့…..”
လွန်းနီနီ၏သတိပေးစကားကို အားလုံးနားထောင်ကြသည်။
ဗန်ဒါစိမ်းရွာရှိလူတိုင်းမှာ ညအချိန်သို့ရောက်လေလေ
သတိပို၍ထားကြရလေဖြစ်သည်။
ထိုသို့နေရခြင်းမှာလည်း အကြောင်းရှိ၏။
ထိုအကြောင်းကိုလည်း
ဗန်ဒါစိမ်းရွာရှိလူများသာသိရှိထားပေသည်။
ဗန်ဒါစိမ်းရွာသည် အနီးနားရှိရွာများနှင့်အဆက်စပ်မလုပ်…
အခြားရွာမှလူများ ဗန်ဒါစိမ်းရွာသို့ရောက်လာလျှင်လည်း
တစုတစည်းထဲမောင်းထုတ်တတ်ကြလေသည်။
ထို့ကြောင့် ကျန်ရွာများမှာ
ဗန်ဒါစိမ်းရွာကိုဖယ်ကျဥ်ထားကြတော့၏။
ဗန်ဒါစိမ်းရွာမှာလည်း တရွာထဲသီးသန့်သာနေထိုင်လေသည်။
*******************************
မှောင်မှည်းနေသောပတ်ဝန်းကျင်၌ အစိမ်းရောင်မျက်လုံးကြီးနှစ်လုံးသည်အရောင်တဝင်းဝင်းဖြင့် ဟိုသည်ရွေ့လျားနေ၏။
ထိုအရာကြီး အမှောင်ထုအတွင်းသွားလာနေသည်ကိုတောင်ဝှေးတချောင်းမြေသို့ထောက်၍ကြည့်ရှု့နေသူကလည်း
ရှိပေသည်။
ထိုသူ၏အမည်မှာ ဘွားမယ်စိန်ဖြစ်၏။
ဘွားမယ်စိန်သည် ထိုအစိမ်းရောင်မျက်လုံးကြီးများကို
စိုက်ကြည့်၍…
“ဟဲ့….ဘယ်သူလဲ…….”
ဟု…မေးလေသောအခါ…ဖျက်ခနဲဆိုသလို ထိုအစိမ်းရောင်မျက်လုံးပိုင်ရှင်သည် ပျောက်ကွယ်၍သွားတော့၏။
ဘွားမယ်စိန်သည်လည်းပျောက်ကွယ်သွားသော
ထိုအရာကြီးကိုမကျေမနပ်စိတ်ဖြင့်ကျန်ရစ်ခဲ့ရသည်။
******************************
“ဟော…အမေ…အစောကြီးနိုးနေတာပါလား…..”
မနက်စောစောထလာသည့်ဒေါ်ဝင်းသည် ခြံဝိုင်းထဲ၌
ပုတီးစိပ်ရင်း လမ်းလျှောက်နေသော
ဘွားမယ်စိန်ကိုတွေ့သွား၍
မေးလေသောအခါ ဘွားမယ်စိန်သည် ခေါင်းညိတ်ပြပြီး
ဆက်လက်လမ်းလျှောက်နေခဲ့တော့၏။
ဒေါ်ဝင်းမှာလည်း မနက်အစောစာပြင်ဆင်ဖို့အတွက်
မျက်နှာကိုအရင်သစ်သည်။
မျက်နှာသစ်ပြီးချိန်၌ ဒေါ်ဝင်းမီးဖိုအတွင်းသို့
ဝင်သွားတော့လေသည်။
ထိုအချိန်အထိ ဘွားမယ်စိန်မှာ ပုတီးစိပ်နေစဲဖြစ်၏။
မနက်အစောစာအတွက်ညကကျန်သော ထမင်းကို
ဆနွင်းလေးဖြူး၍ကြော်သည်။
ပြီးနောက် မြေပဲဆန်အနည်းငယ်ကြော်ကာ…
ငရုပ်သီးဆားထောင်းထားလေသည်။
ဒေါ်ဝင်း၏ထမင်းကြော်၊မြေပဲဆံကြော်…
ငရုတ်သီးဆားထောင်းတို့
ထမင်းစားပွဲဝိုင်းပေါ်သို့ရောက်သည်အထိဘွားမယ်စိန်
ရောက်မလာသေးပေ။
ထိုအခါ ဒေါဝင်းမှာ အိပ်ပျော်နေသော သမီးဖြစ်သူ
နန်းကြိုင်လေးကိုနိုးပြီးမျက်နှာသစ်စေ၏။
နန်းကြိုင်လေးမျက်နှာသစ်ပြီးထမင်းဝိုင်းသို့ရောက်ချ်ိန်၌…
“အမေ…မနက်စာစားကြမယ်လေ…….”
ဟု…ဒေါ်ဝင်းမှအော်ခေါ်တော့သည်။
ထိုအခါမှ ဘွားမယ်စိန် ပုတီးစိပ်ခြင်းကိုအဆုံးသတ်၍
မီးဖိုခန်းအတွင်းရှိထမင်းစားပွဲဆီသို့ရောက်လာခဲ့တော့၏။
ဒေါ်ဝင်းကလည်း ရေနွေးကြမ်းများအသင့်ငှဲ့ပေးထားရှာသည်။
ဘွားမယ်စိန်တို့သုံးဦး မနက်စာစားသောက်ကြစဥ် ဒေါ်ဝင်းမှ…
“အမေ…စားမကောင်းလို့လား…
ကျုပ်အကြော်သွားဝယ်ပေးရမလား”
ဟု..မေးလေသောအခါ ဘွားမယ်စ်ိန်
ရေနွေးကြမ်းသောက်ရင်း…
“စားကောင်းပါတယ်အေ…
နေပါစေ”
ဟုတားလေသည်။
“အမေ့ကြည့်ရတာ…ဘာတွေတွေးနေတယ်မသိဘူး…
ဘာများထူးခြားလို့လဲအမေ”
“မသိပါဘူးအေ…အမေ့စိတ်ထဲဘာကိုအလိုမကျဖြစ်နေတယ်ဆိုတာ…အခုထိလည်းစဥ်းစားလို့အဖြေမပေါ်သေးဘူး”
ဟု…ပြောလိုက်လေတော့သည်။
“အစ်မ…ထမင်းစားကြမယ်လေ…..”
လွန်းနီနီစားပွဲ၌ထိုင်ရင်း အတွေးများနစ်မြုပ်နေခဲ့သည်။
သီရိမှထမင်းစားဖို့ရန်လာခေါ်လေသောအခါမှ
အတွေးများကပျက်ပြယ်၍သွားတော့၏။
လွန်းနီနီ…သူမသည် မိသားစုမရှိသော
တကောင်ကြွက်ပင်ဖြစ်သည်။
ဘိုးဘွားများလက်ထပ်ကတည်းက ပိုင်ဆိုင်သော
ရွာ၏အကြီးအကဲနေရာအား သူမဆက်ခံရ၏။
နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တကြိမ်ကြုံတွေ့ရသော
အဖြစ်ဆိုးကြောင့်သူမတို့ရွာ၌
လူများ သေကျေခဲ့ရသည်။
မိဘများမရှိတော့သောအချိန်၌သူမအား
အဘိုးဖြစ်သူမှစောင့်ရှောက်လာခဲ့သည်။
သို့သော် အဘိုးဖြစ်သူဆုံးပါးသွားသည်မှာလည်း
နှစ်အတန်ကြာလေပြီ….။
ယခုအချိန်၌သူမအတွက်မိသားစုဆိုသည်မှာ
သူမ၏ရွာသူ၊ရွာသားများဟုသာ သတ်မှတ်ထားသူပင်။
သို့သော် သူမနှင့်အတူ သီရိဆိုသော
မိန်းမပျိုသည်အတူနေထိုင်၏။
သီရိသည်လည်း သူမနည်းတူတကောင်ကြွက်မလေးဖြစ်ရှာသည်။
“အစ်မ… ဘာတွေတွေးနေပြန်တာလဲ…ထမင်းစားကြမယ်လေ”
သီရိကိုကြည့်ရင်းအတွေးဝင်သွားပြန်သော
လွန်းနီနီကို သီရိ ထပ်မံခေါ်ယူပြန်သည်။
ထိုအခါမှ…
“သြော်…အင်း…သီရိ…”
“အစ်မရယ်..ဟိုမှာထမင်း၊ဟင်းတွေပြင်ဆင်ထားပြီ…
လာပါ…သွားကြစို့”
ဟုခေါ်လေတော့ လွန်းနီနီ တစ်ယောက်
သီရိ၏နောက်မှလိုက်ပါသွားလေတော့သည်။
ဗန်ဒါစိမ်းရွာသည် တိတ်ဆိတ်လွန်း၏ ။
ယုတ်စွအဆုံး
ကလေးသူငယ်များ၏အသံပင်မကြားရပေ။
လောလောလတ်လတ် သေဆုံးသွားသော မဇာရီ၏
သေဆုံးမှုကြောင့် ရွာရှိမိန်းမပျိုငယ်များမှာထိတ်လန့်
နေကြရသည်။
ယခုလည်း မိနိးမပျိုတို့သည်
လွန်းနီနီ၏အိမ်၌စုဝေးနေကြလေသည်။
“ကျုပ်တို့မိဘတွေလက်ထပ်က ကျုပ်တို့ကို
အသက်ပေးပြီးကာကွယ်သွားခဲ့ကြတာ…
အခုကျုပ်တို့အလှည့်ရောက်ရင်တော့…
အမယ်လေး….ကြောက်လိုက်တာ……”
မိန်းမပျိုတစ်ယောက်ကပြောလေသောအခါ…
ကျန်သောမိန်းမပျိုများမှာ မျက်ရည်များဝဲနေကြရှာ၏။
“ကျုပ်တို့ဒီရွာက ထွက်ပြေးကြရင်ကော…
ဒါမှမဟုတ် ဘေးရွာတွေဆီက အကူအညီယူကြရင်
မကောင်းဘူးလား”
ဟု…မိန်းမပျိုတစ်ယောက်မှ ပြောလေသောအခါ…
ကုလားထိုင်၌ ထိုင်နေသော လွန်းနီနီသည်…
“မကောင်းဘူး…တို့ရဲ့ဘိုးဘွားတွေ…
တို့ရဲ့မိဘတွေတုန်းက ရွာနာမည်အပျက်မခံခဲ့တာ…
လက်ထပ်ကြမှ…
ဒီလိုနာမည်ပျက်ခံရိုးလား…ညည်းတို့သွားချင်ရင်သွားကြ…
ကျုပ်ကတော့ ကျုပ်ဘိုးဘွားမိဘတွေအတွက်
ဒီကောင်ကြီးကိုရင်ဆိုင်ဖို့အသင့်ပဲ”
ဟု…အားမာန်အပြည်ဖြင့်ပြောလေသည်။
ကျန်မိန်းမပျိုများသည်လည်း စိတ်အားတက်လာကြသယောင်ဖြင့်ခေါင်းညိတ်ထောက်ခံကြ၏။
သီရိကလည်း…
“ဟုတ်တယ်…ဒီကောင်ကြီးကနှစ်ပေါင်း နှစ်ဆယ်ငါးနှစ်တစ်ခါ
တို့ရွာကို ဒုက္ခပေးနေတာ…ဒီတစ်ခါတော့ တို့တွေအလှည့်ပဲ
ဒင်းကိုရအောင်အနိုင်တိုက်မယ်……”
“ဟုတ်တယ်…ဒင်းကိုရအောင်သတ်မယ်……”
မိန်းမပျိုတို့မှဟစ်ကြွေးကြတော့သည်။
လွန်းနီနီမှ…
“ဒီကောင်ကနောက်ဆယ်ရက်ပြည့်ရင်
သူ့အချုပ်အနှောင်က
လွတ်လာလိမ့်မယ်…အဲ့သည်အချိန်မတိုင်ခင်အထိ…
တို့လူတွေကိုအသံနဲ့ညှိ့ခေါ်လိမ့်မယ်…
ဒါကိုတော့သတိထားကြ…
အချင်းချင်းစုပြီးနေထိုင်ကြ…တအိမ်ဆီခွဲမနေကြနဲ့….”
“ဟုတ်ကဲ့အစ်မ……”
ဗန်ဒါစိမ်းရွာ၌ လွန်းနီနီအပါအဝင်
မိန်းမပျိုဦးရေဆယ်ငါးယောက်…
ယောကျာ်းသားဦးရေ ငါးယောက်…လူကြီးများမှာက သုံးယောက်…စုစုပေါင်းနှစ်ဆယ့်သုံးဦးသာရှိပေသည်။
ဟိုးယခင်က စည်ကားခဲ့သော ထိုရွာကြီးသည်
ယခုတော့ ရွာသူ၊ရွာသားအနည်းငယ်သာကျန်ရှိတော့၏။
ထူးဆန်းလှသောဗန်ဒါစိမ်းရွာ၌ ဘုရားပျက်ကြီးတစ်ခုရှိလေသည်။
ထိုဘုရားပျက်နေရာ၌ ခြုံများ…နွယ်ပင်များဖြင့်
ရှုပ်ထွေးနေပေသည်။
မည်သူကမှလည်း ထိုနေရာအားပြုပြင်ခြင်းရှိဟန်မတူ….။
ထိုနေရာသို့ လွန်းနီနီရောက်ရှိနေခဲ့သည်။
သူမ၏နောက်ပါး၌ သီရိပါရှိ၏။
ဘုရားပျက်ထံသို့ဆွေးမြေ့မြေ့ မျက်လုံးအစုံဖြင့် လွန်းနီနီငေးမောနေရှာသည်။
သီရိမှာလည်း သူမနည်းတူ ထိုမြင်ကွင်းကိုကြည့်၍…
သက်ပြင်းလေးများချနေခဲ့လေသည်။
“သီရိ……….”
“ရှင်အစ်မ……”
“ဘွားစန်းကပြောတယ်…တို့ရွာကိုကယ်တင်နိုင်မယ့်
သူကိုရှာပါတဲ့လေ…”
“ရှင်…ဘွားစန်းကအဲ့သည်လိုပြောသလား အစ်မ…….”
သီရိ၏အမေးကို လွန်းနီနီ ခေါင်းညိတ်ပြလိုက်သည်။
“ဘွားစန်းက စိတ်လွတ်နေတာဆိုတော့……
သူပြောတာဟုတ်ပါ့မလားအစ်မရယ်….”
“အဲ့တာကိုပဲအစ်မလည်းစဥ်းစားနေတာ…
ဒီမကောင်းဆိုးဝါးက ဒီတကြိမ်မှာအစ်မတို့တရွာလုံးကို
အဆုံးသတ်မယ်ထင်တယ်…
ရွာလည်း လူသိပ်မရှိတော့ဘူးလေ”
“သီရိကတော့ဒင်းကိုကြောက်ဖို့ထက်…
ဒီရွာပျက်စီးသွားမှာပဲ
ပိုစိတ်ပူတယ်အစ်မ…”
“တို့လည်းအတူတူပါပဲ သီရိ…
ဗန်ဒါစိမ်းရွာပျက်စီးသွားမှာ၊ မရှိတော့မှာကို
စိတ်ပူမိတယ်……….”
လွန်းနီနီနဲ့သီရိတို့ဘုရားပျက်ဆီသို့ငေးမောရင်း
ပြောနေကြခြင်းဖြစ်သည်။
“ဘွားစန်းပြောတဲ့ဒီရွာကိုကယ်တင်နိုင်မယ့်သူသာ
တကယ်ရှိရင်သိပ်ကောင်းမှာပဲအစ်မရယ်………”
“အင်း…ဘွားစန်းကတော့ပြောတယ် သူ့နာမည်ကို………”
“ဘယ်သူတဲ့လဲအစ်မ…”
“ဘွားမယ်စိန်တဲ့……….”
“ဘွားမယ်စိန်…”
“အွန်း …ဘွားမယ်စိန်”
လွန်းနီနီနဲ့ သီရိတို့ ဘွားမယ်စိန်ဆိုသော
နာမည်ကိုရေရွတ်နေကြတော့သည်။
လွန်းနီနီ၏စိတ်အတွင်းမှလည်း…
“ဘွားမယ်စိန်…သင်သာအပြင်မှာတကယ်ရှိရင်
ကျုပ်တို့ရွာကိုကယ်ဆယ်ပေးပါ………”
************************
ဘွားမယ်စိန် ညနေပိုင်းအချိန်တွင် ဘုရားခန်း၌
တရားထိုင် ပုတီးစိပ်နေခဲ့၏။
ထိုအချိန်သူ၏အာရုံသည်
တနေရာဆီသို့ဆွဲခေါ်သွားသည့်အလားရုတ်တရက်
ဖြစ်ပျက်သွားလေသည်။
ထိုသည်က ဘုရားပျက်တစ်ခု၏အနီး…..။
ထိုဘုရားပျက်အနီး၌ စကားပြောနေကြသော မိနိးမပျိုနှစ်ဦး။
ထိုသူတို့အားဘွားမယ်စိန်မမြင်ဖူးပေ။
မိန်းမငယ်နှစ်ဦးအနက်တစ်ဦးမှာအရပ်ရှည်ပြီး ကျန်တစ်ဦးမှာ
အရပ်အနည်းငယ်ပု၏။
အရပ်ရှည်သောမိန်းမပျိုသည် မျက်နှာသွယ်ပြီး
မျက်ခုံး၊မျက်လုံးကောင်းသည်။
အသွင်အပြင်မှာ နှစ်လိုဖွယ်ကောင်းလှသော်လည်း
သူမ၏မျက်ဝန်းများသည်က စူးရှလွန်းလှ၏။
ကျန်တစ်ဦးမှာလည်း ချောမောသော်လည်း
အရပ်ရှည်သော မိန်းမပျို၏အလှကိုမမှီရှာပေ။
ထိုသူတို့သည် ဆွေးမြေ့သော
မျက်ဝန်းများဖြင့်
ဘုရားပျက်ဟုထင်ရသောနေရာဆီသို့ငေးမောနေကြပေသည်။
ထိုမိန်းမပျိုများသည် ဘွားမယ်စိန်အားမြင်ဟန်မတူ။
မိန်းမပျိုများပြောဆိုနေသော စကားများကိုနားထောင်နေစဥ်
မိမိ၏အမည်ကိုကြားလိုက်ရသည်မို့
ဘွားမယ်စိန်အံသြသင့်သွားရသည်။
ပြီးနောက်ထိုနေရာဆီသို့ ထပ်မံ
ရောက်လာခဲ့ သူတစ်ဦးကိုလည်း တွေ့လိုက်ရပြန်သည်။
ထိုသူမှာအခြားမဟုတ်…
ဘွားမယ်စိန်၏မကောင်းသောပညာများကို
လမ်းမှန်သို့ရောက်စေရန်
ညွှန်ကြားပေးခဲ့သည့် ဆရာသခင်ပင်ဖြစ်ပေသည်။
ဆရာသခင်သည် …
“ချစ်သမီး…….”
ဟု…ဘွားမယ်စိန်ကိုခေါ်လေသည်။
ဘွားမယ်စိန်လည်း…
“ဆရာသခင်……..”
“ဟောဒါက…ဗန်ဒါစိမ်းရွာလို့ခေါ်တယ်…
ချစ်သမီးနေထိုင်တဲ့အရပ်နဲ့အတော်အလှမ်းဝေးတဲ့
ရွာပဲချစ်သမီး…”
ဟု…ပြောပြန်လေသည်။
ဆက်ပြီးလည်း…
“ဒီဗန်ဒါစိမ်းရွာမှာ လောဘဇောတိုက်ပြီးသေတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရှိတယ်…
ဒင်းက ဒီရွာကိုနှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်တကြိမ်ထွက်ပြီး
ဒုက္ခပေးနေတာ…
အခုဆိုရင် ဒီရွာရဲ့နောက်ဆုံးအချိန်လို့ပြောရတော့မယ်….။
အဲ့တာကြောင့်လည်း ဒီရွာကို ကူညီကယ်ဆယ်ပေးဖို့
ချစ်သမီးကိုအဘ သွားစေချင်တယ်………”
“တပည့်…ဆရာသခင်ရဲ့စကားကိုနာခံပါ့မယ်…
ဒါပေမယ့် ဒီရွာရဲ့အကြောင်းကို ဆရာသခင်ပြောပြပေးပါ…”
“အင်း…အဘ ပြောပြပါ့မယ်………”
**********************
လွန်းနီနီ၏ အဘေးလက်ထပ်ကဖြစ်၏။
ထိုစဥ်အချိန်က ဗန်ဒါစိမ်းရွာသည်
စည်ကားလှသောရွာကြီးတစ်ရွာဖြစ်ခဲ့ဖူးသည်။
ရွာသူကြီး၏အမည်မှာ ဦးမော်ထူးဖြစ်သည်။
ဦးမော်ထူး၌ သားနှစ်ယောက်ရှိသည်။
သားအကြီး၏ အမည်မှာက မောင်အောင်မော်ဖြစ်၏။
မောင်အောင်မော်သည် ဖခင်ကြီး၏ပုံစံအတိုင်းအရပ်ရှည်ရှည်ဗလတောင့်တောင့် ပုံစံကိုပိုင်ဆိုင်ထားပြီး
ရွာသူ၊ရွာသားများအပေါ်၌ဆက်ဆံရေးကောင်းမွန်ပေရာ
အားလုံးမှချစ်ခင်ကြလေသည်။
သားအငယ်မှာက မောင်အောင်သစ်ဖြစ်၏။
အောင်သစ်မှာက အောင်မော်နှင့်လားလားမျှမတူ။
အောင်မော်တစ်ယောက်ရွာအကျိုးဝိုင်းဝန်းကူညီနေချိန်၌
အောင်သစ်မှာက အပေါင်းအဖော်များနှင့်
ဖဲရိုက်…ကြက်တိုက်လုပ်နေပေသည်။
ဖခင်ဦးမော်ထူး၏အဆူအဆဲအခံရဆုံးမှာလည်း
အောင်သစ်ဖြစ်၏။
“အဖေတို့က သားနှစ်ယောက်ရှိတာကို…အစ်ကိုကြီးကျ
အရမ်းချစ်နေကြတာ…ကျုပ်မကျေနပ်ဘူးဗျာ…..”
ဟု…အောင်သစ်မှပြောလေသောအခါ…
“ဟ…မင်းကသူနဲ့တခြားဆီလေ…
သူ့လိုအချစ်ခံစေချင်ရင်သူ့လိုနေမှပေါ့”
ဟု…ဦးမော်ထူးမှပြောလေသည်။
ထိုအခါ…အောင်သစ်မှာအစ်ကိုဖြစ်သူအပေါ်၌
မကျေနပ်စိတ်များပိုမိုကိန်းအောင်းလာခဲ့တော့၏။
တစ်နေ့သ၌…
“အဖေ…ကျုပ်တို့ရွာမှာ စေတီမရှိသေးတော့…
ကျုပ်တို့တရွာလုံးစုပေါင်းပြီး စေတီလေးတဆူ တည်ထားကိုးကွယ်ကြရအောင်ဗျာ…..”
ဟု…အောင်မော်မှအကြံပေးလေသောအခါ
ဦးမော်ထူးမှာသဘောအလွန်ကျပြီး…
“အေး…ငါ့သားကြီးပြောတာမှန်တယ်…
အဖေတို့ရွာမှာဘုရားစေတီမရှိသေးဘူး…
ဒီတော့အလှူကြီးပေးပြီး…စေတီတည်ကြတာပေါ့ကွာ…..”
“ဟုတ်ကဲ့အဖေ…ကျုပ်…ရွာသားတွေကိုလည်း
ပြောပြထားလိုက်မယ်….”
“အေးကွာ…မြန်မြန်အကောင်အထည်ဖော်ကြတာပေါ့”
ထိုသို့ဖြင့် ဗန်ဒါစိမ်းရွာ၌ ဘုရားတည်ဖို့ရန်
ရွာသူ၊ရွာသားများအားလုံးစုပေါင်းလုပ်ဆောင်ကြတော့၏။
တရွာလုံးမှာလည်းပျော်မဆုံးဖြစ်နေကြရှာသည်။
သူကြီးဦးမော်ထူးနှင့်အောင်မော်တို့မှာ
စေတီတည်ထားစဥ် အလှူအဖြစ် ထမင်း၊ဟင်းများ
တရွာလုံးမီးခိုးတိတ်ကျွေးဖို့ရန် စီစဥ်ကြလေသည်။
ဘုရားဌာပနာ အဖြစ်ထားရှိဖို့ ရွှေဆွဲကြိုး…ရွှေလက်ကောက်
အစရှိသည့် လက်ဝတ်ရတနာများကိုလည်း
ရွာသူ၊ရွာသားများမှလှူဒါန်းထားကြသည်။
ထိုရတနာများအား ဌာပနာပွဲမလုပ်ခင် သူကြီး
ဦးမော်ထူးထံ၌ အပ်နှံထားကြလေသည်။
ဖခင်ဖြစ်သူနှင့်အစ်ကိုဖြစ်သူတို့လုပ်ဆောင်နေသည်များကို
အောင်သစ်မှာ အလိုမကျ….။
သူ့အားဖယ်ကျဥ်ထားကြသော ထိုသားအဖအား
လွန်စွာမုန်းတီးနေလေသည်။
တညမှာတော့…
“ဟေ့ကောင်…အောင်သစ်…မင်းဒါဘာလုပ်တာလဲ”
“ဟင်…အဖေ……..”
ဦးမော်ထူးသည် မိမိအခန်းအတွင်းရှိ သေတ္တာမှာပွင့်လျက်သား
ဖြစ်နေသည်ကိုတွေ့လိုက်ရပြီး…
သားဖြစ်သူအောင်သစ်၏လက်အတွင်း၌ ရွာသူ၊ရွာသားတို့
အပ်နှံထားသော ရွှေ၊ငွေ၊ရတနာများကိုမြင်လိုက်ရချိန်၌…
“ခွေးမသား……..”
“ခွပ်…ခွပ်……”
“အ…….အဖေ……”
ဦးမော်ထူးသည် အောင်သစ်ကြမ်းပြင်ပေါ်သို့လဲကျသွားသည်အထိ လက်သီးဖြင့်အဆက်မပြတ်ထိုးလေတော့သည်။
အောင်သစ်မှာလည်း ဦးမော်ထူး၏လက်သီးချက်များကြောင့်
နှာခေါင်းနှင့်နားထင်တွင်သွေးများထွက်နေခဲ့၏။
သူ့လက်အတွင်းမှ ရတနာများမှာလည်း
ကြမ်းပြင်ပေါ်သို့ကျကုန်လေသည်။
“ဟင်…….အဖေ….အဖေ…လက်လွန်မယ်……”
ထိုအချိန် အောင်မော်ရောက်လာခဲ့ပြီး
ဦးမော်ထူးအား တားဆီးလေသည်။
“လွှတ်စမ်း…သားကြီး…။
ဒီကောင့်ကိုအဖေသတ်မယ်…
ခွေးကောင်အယုတ်တမာကောင်……….”
“အဖေ…တော်ပါတော့အဖေရယ်……….”
ဦးမော်ထူးမှာ ဒေါသတကြီးဖြင့် အောင်သစ်ကို
ထိုးနှက်ချင်နေသေးသည်။
အောင်မော်သည်လည်း ဖခင်ဖြစ်သူကို အတင်းဆွဲထားရ၏။
အောင်သစ်မှာ သူ၏သွေးများကိုလက်ဖြင့် သုတ်ဖယ်ရင်း
ဖခင်ဖြစ်သူကိုစိုက်ကြည့်နေလေသည်။
“တွေ့လား….ဒီကောင့်အကြည့်ကိုငါ့သားမြင်လား….
ဖယ်စမ်း…အဖေ ဒီကောင့်ကိုသတ်မယ်……….”
“အောင်သစ်.. မင်းသွားတော့…သွား….
မဟုတ်ရင်အဖေမင်းကိုသတ်လိမ့်မယ်…သွား….ဟေ့ကောင်”
အောင်မော်မှာ ညီဖြစ်သူအောင်သစ်ကိုမောင်းထုတ်လိုက်တော့သည်။
အောင်သစ်သည်လည်း ကြမ်းပြင်၌ အသံများမြည်အောင်
ခြေကိုဆောင့်နင်း၍ ထွက်သွားတော့လေသည်။
အောင်သစ်ထွက်သွားလေမှ…
“အဖေ…ထိုင်ပါဦးအဖေရယ်…မောနေပါလိမ့်မယ်ဗျာ….”
အောင်မော်မှာဖခင်ဖြစ်သူအတွက်ရေအပြေးခပ်ပေးလေသည်။
အောင်မော်ခပ်ပေးသောရေးကို ဦးမော်ထူးသောက်အပြီး…
“ငါ့သား….မင်းညီကို ဂရုစိုက်…ဒီကောင်က
လူဆိုးလူမိုက်ဖြစ်နေပြီ…
ငါ့သားအပေါ်လည်းရန်ပြုနိုင်တယ်….ဂရုစိုက်ကွာ………”
“ဟုတ်ကဲ့ပါအဖေ……”
အောင်မော်ခမျာ ညီဖြစ်သူအောင်သစ်အတွက်
သက်ပြင်းသာချမိတော့၏။
အောင်သစ်မှာတော့ အပေါင်းအသင်းများရှိရာ
ထန်းတော၌ရောက်နေလေပြီ။
ဒေါသတကြီးဖြင့် ထန်းရည်အိုးများကို
မြေပေါ်သို့ပေါက်ခွဲပစ်လေသည်။
“ဟားးးးး………..ငါမကှနပဘွေူးးးးးးးး”
“ခွမ်းးး……..”
“အစ်ကိုလေး…ဘာလုပ်ချင်လဲ…ပြောသာပြော…
ကျုပ်တို့ကူညီမယ်ဗျာ……”
လူမိုက်သံခဲနှင့် လူမိုက်စံတင်တို့မှာ အောင်သစ်၏
အပေါင်းအသင်းများပင်။
“ငါ…ဒင်းတို့အကုန်လုံးကိုသတ်ပစ်ချင်တယ်…
တရွာလုံးက်ိုမီးရှို့ပစ်ချင်တယ်……”
ဟု…အောင်သစ်မှ ဒေါသတကြီးပြော၏။
ထိုအခါ သံခဲမှ…
“ဒါများအစ်ကိုလေးရယ်…သဘက်ခါဆို ဌာပနာပွဲလုပ်ပြီ…
အဲ့သည်နေ့မှာအစ်ကိုလေးအဖေတို့က တရွာလုံးမီးခိုးတိတ်
ထမင်းကျွေးကြလိမ့်မှာလေ……..”
“ဟ…ငါက အဲ့တာကို ထိုင်ကြည့်နေရမှာလား သံခဲရ”
သံခဲ၏စကားကို အောင်သစ်မှာမကျေမနပ်ပြောလေသည်။
သံခဲမှ ပြုံးစစ မျက်နှာဘေးဖြင့်…
“အစ်ကိုလေးကလည်းဗျာ…ကျုပ်ပြောတာ ဒီလိုဗျ…….”
ဟုပြောရင်း အောင်သစ်၏နားအနီးသို့
တိုးကပ်စွာပြောလေသည်။
သံခဲ၏စကားဆုံးလေတော့ အောင်သစ်မျက်နှာကြီး
ပြုံးရွှင်လာခဲ့လေသည်။
ပြီးနောက်…
“အေး….အခုတော့ တို့တွေပျော်ပျော်နေကြတာပေါ့…
ဟေ့….ထန်းရည်ချ…ကြက်တစ်ကောင်ပါကြော်ခဲ့…….”
ဟု…အော်ပြောလိုက်တော့လေသည်။
ဗန်ဒါစိမ်းရွာ၏နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။
ထိုနေ့သည် ဘုရားဌာပနာများထည့်သွင်းခြင်းနှင့်အတူ
စေတီတည်ပွဲလေးပြီးဆုံးမည့်နေ့ဖြစ်၏။
သူကြီးဦးမော်ထူးနှင့် သားဖြစ်သူအောင်မော်တို့လူစု
မှာ ရွာသူ၊ရွာသားများအတွက် ထမင်း၊ဟင်းများပြင်ဆင်ချက်ပြုတ်နေကြ၏။
ထိုထဲ၌ အောင်သစ်လည်းပါဝင်ပေသည်။
အောင်သစ်နှင့် သူ၏အပေါင်းအဖော်ဖြစ်သည့် သံခဲနှင့်စံဖေတို့မှာ ဟင်းအိုး မီးထိုး…ထမင်းအိုးမီးထိုးဖြင့်…
ယောင်လည်လည်လုပ်ကိုင်ကြလေသည်။
“သူကြီး ရှယ်ပဲလားဗျ…….”
“ရှယ်ပါပဲဦးမြသာရေ…
ဝက်သားနီချက်…သရက်ချဥ်သုတ်…
ငရုတ်သီးကြော် အားလုံးအကြိုက်စားကြဗျာ……”
“သူကြီးဟင်းချိုကျန်သေးတယ်လေဗျာ……”
“အေး…ဟုတ်သား…ငါလည်းပြောချင်
ဇောကြီးသွားတယ်ဟေ့…ဟား….ဟား…ဟား….”
သူကြီးတို့အဖွဲ့မှာရယ်ရယ်မောမောဖြင့်
ပျော်ရွင်နေကြလေသည်။
ဘုရားဌာပနထည့်သွင်းပြီးနောက်
ထမင်း…ဟင်းများကိုစတင်ကျွေးမွေးကြတော့၏။
တရွာလုံးမီးခိုးတိတ်ကျွေးမွေးခြင်းဖြစ်သည့်အတွက်
လူများတရုန်းရုန်းဖြစ်နေပေသည်။
“ထည့်စားကြဟေ့…တို့ရွာရဲ့နေ့ထူးနေ့မြတ်ပဲ…
စားကွ…စားကွ”
ဧည်ခံကျွေးမွေးကြသူများကလည်းတပြုံးပြုံးဖြစ်သလို…
စားသောက်ကြသူများမှာလည်းအားပါးတရ ရှိကြ၏။
ထိုသို့ဖြင့်…
“အောင်မော်…အောင်မော်……….”
လူသုံးဦး မှာအော်ဟစ်၍
အောင်မော်ရေခပ်နေသောနေရာဆီသို့
အပြေးလာကြလေသည်။
“ဘာဖြစ်ကြတာလဲ…….”
ဟု…အောင်မော်လည်းမေးလိုက်သောအခါ…
“အားလုံး…အားလုံး….သွေးတွေအန်နေကြတယ်…….”
“ဟင်…သွေးအန်တယ်…ဘယ်လိုဖြစ်တာလဲ…
ငါ့ကိုသေချာပြောပြစမ်းပါ ငကျော်ရာ……..”
“တို့တွေ ကျွေးတဲ့အလှူထမင်း၊ဟင်းစားတဲ့လူတွေအကုန်
သွေးတွေအန်နေကြတယ် အောင်မော်…..”
“ဘာ…….ဟာ….မဖြစ်နိုင်တာကွာ……..”
“ငါတို့တကယ်ပြောတာအောင်မော်…
ငါတို့မိဘတွေကောအကုန်….အကုန်ပါတယ်ကွ”
ငကျော်သည် ငိုသံကြီးဖြင့်ပြောလေတော့သည်။
ထိုအခါ အောင်မော်တစ်ယောက် ထမင်းကျွေးသော
နေရာဆီသို့ အပြေးသွားတော့၏။
ထိုနေရာသို့ရောက်လေသောအခါ…
ထမင်းဝိုင်းများကြား လူများလဲကျနေကြသည်။
တချို့မှာအသက်လေးရှုယုံဖြင့်အသက်မျှင်းနေကြ၏။
တချို့မှာစားပွဲထက်သို့ခေါင်းမှောက်လျက်သားငြိမ်သက်နေကြသည်။
အကျည်းတန်လှသော ထိုမြင်ကွင်းကြီးကြောင့်
အောင်မော်တစ်ယောက် သူ၏ခေါင်းမှဆံပင်များကို
လက်ဖြင့် ဖွလိုက်ပြီး…
“အဖေ……….အဖေ……….”
ဖခင်ရှိသော ထမင်းဝိုင်းဆီသို့အပြေးသွားလေသည်။
ထိုထမင်းဝိုင်း၌ ရွာသူကြီးနှင့်ရွာရှိလူကြီးများမှာ
သွေးများအန်၍ မျက်လုံးအပြူးသားဖြင့်
သေဆုံးနေကြလေပြီ။
အောင်မော် ဖခင်ကြီးကို ပွေ့ထူ၍…
“အဖေ…အဖေ…အဖေ ထပါဦးအဖေရယ်……အဖေ……
ဟားးးးးးးးးး……..ဘာတွေဖြစ်ကြတာလဲ………….”
အောင်မော် ငိုကြွေးလေသည်။
ငကျော်တို့သုံးဦးမှာလည်း သူတို့၏ဆွေမျိုးမိဘများ၏
မြင်ကွင်းကိုကြည့်၍ ငိုရှိုက်နေကြ၏။
“ကိုကြီးအောင်မော်…ကိုကြီးအောင်မော်ရဲ့ညီ…
ကိုကြီးအောင်သစ်တို့ ဘုရားဌာပနာတွေ
ပြန်ဖောက်နေကြတယ်….”
ဘုန်းကြီးကျောင်းသားလေးမှ အမောတကောလာပြောလေသည်။
“ဖိုးထူး…မင်း…မင်းဘာမှမဖြစ်ဘူးနော်…….”
ငကျော်မှမေးလေသည်။
“ကျုပ်ဘဘုန်း ဆွမ်းစားပြီးမှစားဖို့စောင့်နေတာ…
ဒါမို့မစားရသေးဘူး”
“ဟာ…ဒါဆို ကျောင်းထိုင်ဆရာတော်ကြီး……….”
ဖိုးထူးဆိုသော ကျောင်းသားလေးမှာမျက်ရည်များဝိုင်း၍…
“ဆရာတော်ကော… ကိုရင်ကြီးတွေနဲ့…ကိုရင်ငယ်တွေလည်း
အသက်မရှိကြတော့ဘူးဗျ…
အဟငျ့…အဟငျ့….အီးးးးဟီးးးးးးးးး”
ဖိုးထူး၏စကားကြောင့်အောင်မော်တို့မှာပို၍ မျက်ရည်များကျလာကြ၏။
“ဖိုးထူး…မင်းအစောကပြောတာ…ငါ့ညီက
ဘုရားဌာပနာပြန်ဖော်နေတယ်…ဟုတ်လား…..”
“ဟုတ်တယ်ကိုကြီးအောင်မော်……
သူနဲ့ဟို ကိုသံခံတို့ ကိုစံဖေတို့ပါတယ်ဗျ……..”
“တောက်…….ငကျော် ဓားသွားယူကြ…
ဒီကောင်တွေလက်ချက်ပဲ….
ဒီကောင်တွေလူယုတ်မာတွေ…ဒင်းတို့ကိုအရှင်မထားဘူး…
အရှင်မထားဘူးကွ…………….”
အောင်မော်တို့မှာ ဒေါသများတဟုန်းဟုန်းတောက်လောင်
နေကြလေပြီ။
မျက်စိရှေ့၌သေဆုံးနေသောလူများအားလုံးကိုကြည့်၍…
“ကျုပ်အားလုံးအတွက် ဒင်းကိုလက်စားချေပေးမယ်……..”
အောင်မော်နှင့်ငကျော်တို့သုံးယောက် ဓားရှည်များကိုယ်စီဖြင့်
ဘုရားတည်ထားသောနေရာသို့ရောက်လာခဲ့ကြသည်။
ဘုရားဌာပနာများကိုလောဘဇောတိုက်နေကြသည့်
အောင်သစ်တို့နှင့်ထိပ်တိုက်တွေ့ကြ၏။
“ဟေ့ကောင်အောင်သစ်…မင်းအခုလာခဲ့…..
လူမိုက် လူရမ်းကား…အဖေပြောတာမှန်တယ်…
ငါမင်းကိုကာကွယ်မပေးခဲ့သင့်ဘူး……..”
အောင်မော်၏အသံကြောင့် အောင်သစ်တို့မှာ ချက်ချင်းဓားများကိုင်၍ ထွက်လာခဲ့ကြ၏။
“မင်းတို့မသေကြသေးဘူးလား”
ဟု…အောင်သစ်မှမျက်နှာရွင်ရွင်ဖြင့်မေး၏။
“ခွေးကောင်……မင်းကြောင့်ငါ့အဖေတင်မကဘူး
တရွာလုံးအသက်ဆုံးရှုံးရတာ…ဒါတွေမင်းလက်ချက်ပေါ့လေ”
“ဟားး…ဟားး…ဟားး…ဟားး….
ငါ့အပေါ်ကျအမြဲတမ်းဖယ်ကျဥ်ထားတဲ့လူ…
သေလည်းအေးတာပဲ…ဒင်းတို့သေဖို့ ငါတို့က ဟောသည်
အဆိပ်မှုန့်လေးတွေထမင်းအိုးထဲ…ဟင်းအိုးထဲ…
အကုန်ရောသမမွှေပေးလိုက်တာ…မကောင်းဘူးလား…
ခုဆို ငါတို့အေးရာအေးကြောင်းနေလို့ရပြီလေ……..”
“ဘာကွ………”
“ကျား…….”
“ချွမ်…..ချွမ်….”
“ဘုန်း….”
“အင့်……”
အောင်မော်မှာ အောင်သစ်၏စကားများကိုကြားရသောအခါ၌
ဒေါသများထွက်လာခဲ့ပြီး အောင်သစ်အား
ဓားဖြင့်ဝင်ခုတ်တော့၏။
အောင်သစ်မှာလည်းအသင့်ပါလာသောဓားဖြင့်
ပြန်လည်ခုခံသည်။
ညီအစ်ကိုနှစ်ယောက်ဓားချင်းယှဥ်ခုတ်နေကြရင်း
အောင်မော်မှ အောင်သစ်၏အလစ်၌ ဝမ်းဗိုက်နေရာသို့ခြေဖြင့်ဆောင့်ကန်ပစ်လိုက်လေရာ ဓားမှာလက်မှလွှတ်၍
အဝေးသို့လွှင့်စင်သွားခဲ့ပြီး
အောင်သစ်မှာလည်းမြေပေါ်သို့လဲကျသွားလေသည်။
ငကျော်တို့သုံးဦးမှာလည်း သံခဲနှင့်စံဖေတို့ကို
ဝိုင်းဝန်းတိုက်ခိုက်ကြတော့၏။
လူမိုက်သံခဲနှင့်လူမိုက်စံဖေတို့မှာ
ငကျော်တို့ကိုပြန်လည်ခုခံတိုက်ခိုက်ကြသည်။
သို့သော် ဒေါသများဆူပွက်နေသော ငကျော်တို့အား
မယှဥ်နိုင်ဘဲဖြစ်နေကြ၏။
နောက်ဆုံး၌ ငကျော်တို့၏ဓားများ သံခဲနှင့်စံဖေတို့၏
လည်ပင်းသို့ချိန်ရွယ်ထားလိုက်နိုင်ကြသည်။
အောင်သစ်မှာလည်းအစ်ကိုဖြစ်သူအောင်မော်၏
လက်ချက်ကြောင့် မျက်နှာထက်၌ လက်သီးရာများ
ဖူးယောင်နေလေပြီ။
“ဒီသုံးကောင်ကိုကြိုးတုပ်ပြီးခေါ်ခဲ့ကြ”
အောင်မော်ကပြောလေသည်။
အောင်သစ်ထံမှရသော အဆိပ်မှုန့်များကို
အောင်မော်ယူလာခဲ့၏။
ငကျော်တို့မှာ အောင်သစ်တို့အားဖမ်းခေါ်လာကြပြီး
အောင်မော်သွားရာသို့လိုက်ပါလာကြသည်။
အောင်မော်သည် စေတီနှင့်မလှမ်းမကမ်းရှိ ထနောင်းပင်သို့
လျှောက်လာခဲ့သည်။
ထနောင်းပင်၏အောက်သို့ရောက်လေတော့…
“ဒီအပင်မှာ ဒီကောင်တွေကိုကြိုးတုပ်လိုက်………”
အောင်သစ်တို့ကို ထနောင်းပင်၏ပင်စည်လုံး၌ မတ်တပ်အနေအထားဖြင့် တုပ်နှောင်ထားကြတော့၏။
“မင်းတို့က တရွာလုံးကိစ္စတုံးအောင် ကြံတယ်ပေါ့…
အေးပေါ့…အခုလည်းမင်းတို့ကြံတာအောင်မြင်ခဲ့ပါတယ်…။
ဟားး….ဟားး…ဟားး……ဟားး…ဟားးး…
အောင်သစ်…အောင်သစ်….မင်းကြောင့်ငါ့အဖေတင်မကဘူး…
တရွာလုံးပျက်စီးသွားခဲ့ရတာ…ဒီတော့…ဒီအဆိပ်မှုန့်ကို
မင်းတို့ကိုပြန်ကျွေးမယ်…အေး…အဆိပ်တက်နေရင်းနဲ့လည်း
မင်းတို့ကို မီးနဲ့ထပ်တိုက်ရှို့ပေးမယ်ကွာ………….”
ဟု…နာနာကျည်းကျည်းပြောလိုက်သော အောင်မော်၏စကားကြောင့် အောင်သစ်တို့ကြောက်လန့်သွားကြသည်။
“မ…မလုပ်ပါနဲ့ဗျာ…ကျူပ်တို့ကိုချမ်းသာပေးပါ”
“ဟုတ်ပါတယ်အစ်ကိုရာ…ကျုပ်တို့က ညီအစ်ကိုတွေပဲဗျာ…
ကျုပ်ကိုမသတ်ပါနဲ့အစ်ကိုရာ………”
လူမိုက်သံခဲတို့မှာတောင်းပန်ကြ၏။
အောင်သစ်၏မျက်နှာမှာလည်း
ပြိုတော့မည့်မိုးကဲ့သို့ ဖြစ်နေပြီး အစ်ကိုဖြစ်သူအားတောင်းပန်နေရှာသည်။
“ကောက်ရိုးတွေပုံလ်ိုက်ကြ……..”
ငကျော်တို့ကောက်ရိုးစည်းများသွားယူကာ
အောင်သစ်တို့၏ ပတ်ပတ်လည်၌စုပုံထားကြသည်။
“ရော့…ဒင်းတို့ပါးစပ်ထဲ ရအောင်လောင်းထည့်…
ဒါမှ ငါတို့လူတွေခံစားခဲ့ရတဲ့ ဝေဒနာတွေကိုဒင်းတို့သိမှာ…..”
အောင်မော်သည် အောင်သစ်တို့အားမည်သည့်စကားမှမပြောတော့ဘဲ ပြုံးပြုံးကြီးကြည့်နေလေသည်။
သို့သော်သူ၏မျက်လုံး၌ မျက်ရည်များကအဝဲသားဖြစ်နေ၏။
“သွား…..ငါတို့ကိုမထိနဲ့….မစားဘူး….မင်းတို့ပေးတဲ့
အဆိပ်တွေမစားဘူး”
“အင့်….”
“အု့……”
ငကျော်တို့ကအဆိပ်မှုန့်များအောင်သစ်တို့၏ပါးစပ်အတွင်းသို့အတင်းထိုးထည့်ကြလေရာ ပါးစပ်အားခပ်တင်းတင်းစေ့၍
ငြင်းဆန်ကြလေသည်။
သို့သော် ငကျော်တို့ကလည်းပါးစပ်အတွင်းသို့အဆိပ်များရောက်အောင်အတင်းထိုးထည့်ကြတော့၏။
နောက်ဆုံးအဆိပ်များမှာအောင်သစ်တို့၏
ပါးစပ်ထဲသို့ရောက်သွားတော့သည်။
“မီးရှို့လိုက်တော့……..”
ကောက်ရိုးများအားမီးရှို့စေတော့သည်။
မီးများကြောင့် အောင်သစ်တို့မှာအလူးအလဲခံစားနေကြရ၏။
အဆိပ်ဒဏ်ကြောင့်…
သွေးများအန်ကြရပြီး…မီးဒဏ်ကြောင့်လည်း
သေလုမြောပါဖြစ်နေကြလေပြီ။
ထိုစဥျ…
“ငါ……..ငါ….မကျေနပ်ဘူး……ဒီ…ဒီရွာကို….
ရအောင်ဖျက်…
ဖျက်ဆီးမယ်….အ…….”
အောင်သစ်၏နောက်ဆုံးစကားပင်။
အဆိပ်ဒဏ်ကြောင့်အရင်သေဆုံးသွားကြရပြီး…
သူတို့၏ရုပ်အလောင်းများကိုတော့
မီးတောက်မှဝါးမြိုသွားတော့၏။
ထိုသို့ဖြင့် အောင်မော်တို့မှာ သေဆုံးသွားကြသော
ရွာသူ၊ရွာသားများ၏ရုပ်အလောင်းကိုသဂြိုလ်ပေးကြရှာသည်။
ဗန်ဒါစိမ်းရွာ၌ အလှူထမင်းမစားလိုက်ရသော ရွာသူအချို့၊ရွာသားအချို့နှင့်သက်ကြီးရွယ်အိုများသာကျန်ရစ်ခဲ့တော့သည်။
ထိုလူများအပြင် ခရီးသွားလာနေကြသော သူများနှင့်သာ
ရွာကိုပြန်တည်ဆောက်ကြရ၏။
*********************
“အီးးးးးးးး….ဟီးးးးးးးးးးးဟီးးးးးးးးးးးးးးးး”
ညစဥ်ဆိုသလို ငိုသံကျယ်ကြီးကိုကြားကြရလေသည်။
ထိုငိုသံကြီးသည် အောင်သစ်တို့သေဆုံးခဲ့သော
မီးကျွမ်းနေသည့် ထနောင်းပင်ငုတ်တိုကြီးမှဖြစ်၏။
ထိုငိုသံကြီးကြောင့် အောင်မော်တို့မှာ
ညဘက်ဆိုလျှင်ကောင်းစွာမအိပ်ကြရ။
ရွာသို့အသစ်ရောက်လာသော
ကျောင်းထိုင်ဆရာတော်၏အကြံပေးမှုကြောင့်
တရွာလုံးကို ပရိတ်ရည်များ…ပရိတ်သဲများပတ်ဖြန်းကြ၏။
တနေ့သ၌…
“ဟားးးး………ဟားးးးးးးးး……ဟားးးးးးးးးးးးးးးးးးး”
“ဟင်…”
အောင်မော်အိပ်နေစဥ်…ကြားလိုက်ရသော
ရယ်မောသံကြီးကြောင့်
ကုတင်ထက်၌ငုတ်တုတ်ထထိုင်လိုက်သည်။
အသံကြီးကိုကြားရသော်လည်း လူအားမမြင်ရ။
“အောင်မော်…..ငါမင်းတို့ကိုမကျေနပ်ဘူးးးးးးးး”
ဟု….ခြောက်ကပ်ကပ်အသံကြီးဖြင့်ပြောပြန်သည်။
“မင်း…အောင်သစ်မလား….မင်းမကျေနပ်တာ
ငါကဘာလုပ်ရမှာလဲ…ငါ့အဖေမင်းကြောင့်သေရတာ…..”
အောင်မော် အော်ပြောလေသည်။
“ဟားးးးး….ဟားးးး…..ဟားးးးးးးး……ဟားးးးးးး….
ငါ့အပြစ်တွေကြောင့်အခု ငါအပြစ်ပေးခံနေရတယ်…
အေး…..နှစ်ဆယ့်ငါးနှစ်ပြည့်ရင်တစ်ရက်တော့ငါ့ဒုက္ခက
လွတ်မယ်…အဲ့သည်လွှတ်တဲ့ရက်မှာ…
တရွာလုံးသေစေရမယ်….
သစေရေမယျ…………..ဟားးးးးး….ဟားးးးး….ဟားးးးး…”
“တော်တော်မိုက်လုံးကြီးတဲ့အကောင်…သွားသေလိုက်…
သွားသေလိုက်… ခွေးမသား………”
အောင်သစ်၏စကားကြောင့်အောင်မော်မှာ
ဒေါသတကြီးအော်ဟစ်တော့သည်။
ထိုဒေါသတကြီးအော်ဟစ်ရင်း
အောင်မော်တစ်ယောက် အိမ်မက်မှလန့်နိုးလာခဲ့တော့၏။
***************************
ဆရာသခင်ပြောပြသော ဗန်ဒါစိမ်းရွာ၏အကြောင်းကို
ဘွားမယ်စိန်သိရှိသွားလေသည်။
“ဆရာသခင်…ဒါဆိုရင်လေ အောင်သစ်ရဲ့
ဝိညာဥ်ကနှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ပြည့်တဲ့အချိန်မှာ
ဗန်ဒါစိမ်းရွာကိုသူ ဘယ်လိုများဒုက္ခပေးသလဲဆိုတာ
တပည့်မ သိချင်ပါသေးတယ်…….”
ဟု….ဘွားမယ်စိန်မေးသောအခါ၌…
“ချစ်သမီး…နှစ်ပေါင်းနှစ်ဆယ့်ငါးနှစ်ပြည့်တဲ့ရက်မှာ
သူ့ရဲ့တပည့်တွေနဲ့သူဟာ…ဗန်ဒါစိမ်းရွာကိုဝင်ရောက်တော့တာပဲ…အဲ့သည်နေ့မှာရွာကလူတွေရဲ့ကိုယ်ထဲကို
မကောင်းတဲ့ဝိညာဥ်တွေပူးကပ်ကြတော့
အချင်းချင်းသတ်ကြ…ဖြတ်ကြနဲ့ တကယ့်ကို
အကျည်းတန်တဲ့အဖြစ်အပျက်ကြီးပဲ…
အဲ့သည်အောင်သစ်ဆိုတဲ့ကောင်က
ငရဲကိုမရောက်သေးတာကွဲ့…
အင်း….သူ့ကိုငရဲဆီပို့ဖို့ကိုလည်းအဘက ချစ်သမီးကို
တာဝန်ပေးချင်တာပဲကွယ်……..”
ဟု…ဆရာသခင်ကပြောလေသောအခါ…
“စိတ်ချပါဆရာသခင်…တပည့်မကို
ဒင်းကိုရှင်းလင်းနိုင်မယ့်
နည်းလမ်းကိုသာပြသပေးပါ…တပည့်မ လိုက်နာပါ့မယ်…..”
“ကောင်းပြီချစ်သမီး…ဗန်ဒါစိမ်းရွာကိုရောက်ဖို့ ချစ်သမီးတို့
နှစ်ညအိပ်ခရီးနှင်ရလိမ့်မယ်….
ချစ်သမီးတို့ရွာရဲ့အနောက်စူးစူးကိုသွားရမယ်…
မုန်ရိုးရွာ….ကစွန်ရွာဆိုပြီးမေးသွား…အဲ့သည်ရွာတွေကျော်ရင်
ဗန်ဒါစိမ်းရွာကိုရောက်မှာပဲချစ်သမီး……”
“ဟုတ်ကဲ့ပါဆရာသခင်…..”
“အင်း…အဲ့သည်နောက်…ဗန်ဒါစိမ်းရွာကိုရောက်ခဲ့ရင်…
အောင်သစ်တို့သေတဲ့မီးကျွမ်းထားတဲ့ ထနောင်းပင်ငုတ်တိုကိုရှာ…အဲ့အပင်ကိုတွေ့ရင် အဲ့သည်ည သန်းခေါင်ရောက်တာနဲ့
အပင်ကို အဘစီရင်ပေးတဲ့ဟောသည် ပရိတ်ကြိုးကိုပတ်…
ပြီးရင် ငါ့သမီးတတ်မြောက်ထားတဲ့အတတ်နဲ့
မိစ္ဆာကို ဂါထာရွတ်ပြီး ရှင်းလင်းပေတော့…
အဆုံးသတ်မှာအဲ့သည်အပင်မီးထပ်လောင်ပြီးပျောက်ကွယ်သွားရင်တော့ဖြင့် ဒီအကောင်ငရဲလားပြီ……….”
ဆရာသခင်ပြောပြသည်များကိုဘွားမယ်စိန်မှတ်သားထားသလို ဆရာသခင်ပေးသော ပရိတ်ကြိုးများကိုလည်းရိုသေစွာကမ်းယူထားလေသည်။
ထို့နောက်နံဘေးတွင်ရှိသော မိန်းမပျိုလေးနှစ်ဦးကိုငေးမောရင်း
မြင်ကွင်းများမှာဝေဝါးလာလေတော့သည်။
ဘွားမယ်စိန်သည် ဗန်ဒါစိမ်းရွာဆီသို့
သွားဖို့ရန်ဆုံးဖြတ်ထားလေသည်။
ထို့ကြောင့် မောင်တိုး…မောင်အုန်းတို့အား ခေါ်ယူပြီး
ခရီးထွက်ကြမည့်အကြောင်းများပြောပြလေသောအခါ
မောင်တိုးတို့သည်လည်း အလျှင်အမြန်ပြင်ဆင်ကြတော့၏။
လမ်းခရီး၌ ဗန်ဒါစိမ်းရွာ၏ဖြစ်စဥ်များကို
မောင်တိုးတို့အား ပြောပြလေသောအခါ မောင်တိုးတို့မှာ
လွန်စွာစိတ်ဝင်စားနေခဲ့ကြသည်။
လမ်းခရီး၌ မောင်တိုးမောင်နှင်သော နွားလှည်းဖြင့်
အသောနှင်လာခဲ့ကြရသည်။
တစ်ညတာကိုကျော်လွန်ပြီးသောအခါ
ရွာတစ်ရွာသို့ရောက်ရှိလာကြတော့၏။
ထိုရွာထဲသို့ဝင်ရောက်လာသောအခါ၌…
“တိတ်ဆိတ်လှပါလား ရွာက……”
“အေးကွ…အိမ်တွေလည်းရှိရဲ့သားနဲ့
ဘာလို့ဒီလောက်တိတ်ဆိတ်နေရတာလဲ”
နံနက်ခင်းသို့ရောက်နေသော်လည်း ရွာသည်က
အသက်မဝင်လှသေး။
တိတ်ဆိတ်ငြိမ်သက်လွန်းနေ၏။
“ကဲမောင်ရင်တို့…ဒီရွာမှာ မူမမှန်တာတစ်ခုခုတော့ရှိနေတယ်…
ဒီတော့ ဘွားတို့ ရွာခံလူတစ်ယောက်ယောက်ကို
မေးမှရတော့မယ်”
“ဒါဖြင့် ဘွားတို့ဒီလှည်းနဲ့ခဏစောင့်နေခဲ့ကြဗျာ…
ကျုပ် လူတွေ့လို့တွေ့ငြား ရှာကြည့်လိုက်မယ်…”
မောင်တိုးသည် နွားလှည်းအထက်မှဆင်းသွားတော့၏။
ရွာထဲရှိအိမ်များကို စူးစမ်းရှာဖွေရင်း…
“ဗျို့…ဒီရွာမှာ လူမရှိဘူးလားဗျ…
ဗျို့…ဟေ့လူတို့………..”
ဟု…အော်ခေါ်ပါသော်လည်း ဖြေသူမရှိခဲ့။
လူတစ်ဦးတစ်ယောက်မျှမတွေ့သည့်အဆုံး၌
မောင်တိုးတစ်ယောက်လာရာလမ်းဆီသို့
ပြန်လှည့်လာခဲ့ရတော့၏။
ဘွားမယ်စိန်တို့ကျန်နေရစ်ခဲ့သော
နေရာဆီသို့ရောက်လေသောအခါ
ဘွားမယ်စိန်တို့သာမက…မျက်နှာစိမ်း လူတစ်စုသည်လည်း
ရောက်ရှိနေတာကိုမောင်တိုးတွေ့ရှိသွားသည်။
ထိုလူစုသည်ကလေးများ…၊လူကြီး…၊လူငယ်များစုံလင်လှ၏။
“ဘွား…ဒီရွာမှာလူမနေကြဘူးထင်တယ်…
ကျုပ်ရှာတာတစ်ယောက်မှမတွေ့ခဲ့ဘူးဗျ……”
မောင်တိုးပြောလေတော့ လူစုထဲမှ
အသက်ကြီးကြီးအဘိုးကြီးတစ်ဦးမှ…
“အဘက…ဒီရွာရဲ့သူကြီး ဦးစိန်ပွားပါ…”
“ဗျာ…ဒါဆိုရင် အဘတို့က ဒီရွာကလူတွေပေါ့…
ဒါဖြင့် အဘတို့ကဘယ်ရောက်နေကြတာလဲဗျ…
ကျုပ်ဖြင့် အော်ခေါ်နေတာတစ်ယောက်မှမဖြေကြဘူး”
ဟု…မောင်တိုးမှမေးလေသည်။
ရွာသူကြီးမှာလည်း…
“အဘတို့က တစ်ဖက်ရွာမှာညတိုင်းသွားအိပ်ကြရတာကွဲ့…
ဒါမို့မောင်ရင်တို့လူမတွေ့ကြတာလေ…..”
အဘိုးအို၏အဖြေကြောင့် ဘွားမယ်စိန်မှ…
“နေပါဦး ရွာသူကြီးရဲ့…တော်တို့က ဒီရွာမှာမအိပ်ဘဲ
ညတိုင်းတစ်ဖက်ရွာဆီကို
ရွာလုံးကျွတ်များသွားအိပ်ကြတာလား”
ဟုမေးပြန်သည်။
ထိုအခါ ရွာသူကြီးမှ မျက်နှာလေးခပ်နွမ်းနွမ်းဖြင့်…
“ဒါပေါ့ဗျာ…ဒါပေါ့…ကျုပ်တို့တရွာလုံး သွားကြရတာပေါ့”
“ဟင်….”
“ဗျာ…အဘတို့ရွာကဘာများဖြစ်နေလို့လဲ…
ဒီကိစ္စကြီးကအထူးအဆန်းပါလားဗျ…….”
သိလိုစိတ်ပြင်းပြလှသော မောင်တိုးမှမေးလေသည်။
ထိုအခါ ရွာသူကြီးမှ…
“ကဲ…ကျန်တဲ့လူတွေကိုယ့်အိမ်ကိုယ်ပြန်ကြတော့…
ဟောသည်က နှမနဲ့မောင်ရင်တို့ကတော့
အဘအိမ်ကိုလိုက်ခဲ့ကြပေတော့”
ရွာသူကြီးဦးစိန်ပွားခေါ်ဆောင်သောကြောင့် မောင်တိုးတို့သည်
ရွာသူကြီးအိမ်သို့ရောက်ရှိလာကြတော့၏။
“ကဲ…ထိုင်ကြ…ကျုပ်ကတစ်ယောက်ထဲနေတာ…
သမီးတွေကကျ တဖက်ရွာမှာသူ့အိမ်ထောင်နဲ့သူ
နေကြသဗျာ…”
ဘွားမယ်စိန်တို့အား အိမ်၏ဧည့်ခန်းနေရာ၌ ထိုင်ခိုင်းသည်။
ထိုမျှမက.. လက်ဖက်ပွဲ..ထန်းလျက်ပွဲများဖြင့်ဧည့်ခံပြန်သည်။
ပြီးလေမှ သူ၏ထိုင်ခုံသို့ဝင်ထိုင်လေသည်။
“ဒီရွာနာမည်က စံပယ်တန်းလို့ခေါ်တယ်ဗျ…
ကျုပ်တို့မျိုးရိုးကတော့ မျိုးရိုးစဥ်ဆက်သူကြီးပေါ့ဗျာ…
ကျုပ်လက်ထက်ရောက်မှ သားယောကျာ်းလေးမရှိတော့
သူကြီးမျိုးဆက်ပျက်တာပေါ့……..”
သူကြီးဦးစိန်ပွား၏စကားများကို ဘွားမယ်စိန်တို့
နားထောင်နေကြသည်။
သူကြီးဦးစိန်ပွားကလည်း…
“ကျုပ်တို့တရွာလုံး ညဘက်ဆို တစ်ဖက်ရွာကိုသွားသွား
အိပ်နေကြရတာ ဒီကဧည့်သည်တွေအတွက်
အထူးအဆန်းဖြစ်နေကြမယ်ထင်ပါရဲ့ဗျာ………..”
ဟုပြောပြန်လေတော့ မောင်တိုး…မောင်အုန်းတို့မှခေါင်းညိတ်ကြ၏။
“အင်း…အဲ့တာက ဒီလို…တမြန်လပိုင်းလောက်ကပေါ့…
ညဘက်ဆိုရင် ခွေးတွေအရမ်းအူတယ်ဗျ…
ဒါလည်း ကျုပ်တို့က သာမာန်ထင်ခဲ့တာ…
ဒါပေမယ့်လို့…ရွာထဲလည်း သတင်းတွေထွက်လာတာက
ညဘက်ဆို မိန်းမတစ်ယောက်
လမ်းလျှောက်နေတာမြင်ကြရတယ်ဆိုပဲ…
ကြာလာတော့လည်း
အဲ့မိန်းမကိုတွေ့သူတွေများလာတယ်လေ…ဒါမို့
ညဆို ဘယ်သူမှအိမ်ထဲကအိမ်ပြင်မထွက်ရဲကြတော့တာပဲ…..”
ရွာသူကြီးဦးစိန်ပွားစကားခဏရပ်သွားစဥ်မောင်တိုးမှ…
“နေပါဦးဗျ…အဲ့မိန်းမကဘယ်သူဘယ်ဝါဆိုတာ မသိဘဲ
ဘာလို့ကြောက်နေကြတာလဲ”
“ဟဲ့…မောင်ရင်ရ…ဒီမိန်းကို အဘကိုယ်တိုင်လည်းမြင်ဖူးတယ်… ဒီမိန်းမကာလူမဟုတ်ဘူးကွ…ဘီလူးမ..မှ…ဘီလူးမအစစ်………”
“ဗျာ…….ဘီလူးမ…….”
“ဟုတ်ပါ့ကွာ…ဘီလူးမပါ…ခန္ဓာကိုယ် ထွားထွားကြီး…
ဆံပင်ကဖျားလျားချထားသေးတယ်…ပြီးတော့ ပြူးထွက်နေတဲ့သူ့မျက်လုံးတွေကနီရဲနေတာပဲ…
ပြောရင်းနဲ့..သူ့အစွယ်ကြီးတွေမြင်မိတော့
ကြက်သီးတောင်ထပါရဲ့ကွာ…..”
ဟုပြောလေရာ မောင်တိုးတို့မှာ စိတ်အတွင်းမှ
မြင်ယောင်လာမိတော့သည်။
အသာငြိမ်၍နားထောင်နေသော ဘွားမယ်စိန်မှလည်း…
“အဲ့သည်ဘီလူးမက ဒီရွာကိုဘာတွေဘေးရန်ပေးသေးသလဲ…”
“ညဘက်ဆို ဘယ်သူမှမထွက်ရဲတော့မသိလိုက်ဘူး…
ဒါပေမယ်လို့ မနက်ဘက်ဆို ကြက်တွေသေနေတာတွေ့တယ်…
တချို့ကြက်အသေတွေဆို ကိုက်ရာကြီးတွေထင်းလို့ဗျာ”
သူကြီးဦးစိန်ပွား၏စကားကိုဘွားမယ်စိန်နားထောင်ပြီး…
“ဒီလိုတွေဖြစ်နေတော့ ရွာဘက်က ဘာမှမလုပ်ကြဘူးလား”
“အို…လုပ်တာပေါ့….ရွာထဲနတ်ဝင်သည်နဲ့မေးတော့…
ဒီရွာကသွေးကိုသောက်မယ်ဆိုပဲ…ဒါမို့ ကျုပ်တို့လည်း
ကြောက်ပြီး ညဆို ဘယ်သူမှမနေရဲတော့တာပဲ”
“တစ်ခုခုတော့မှားနေတာပဲ…ဒီဘီလူးမ မဝင်ခင်ရွာမှာ
ဘာတွေများအမှားလုပ်ကြသေးသလဲ…
ဘီလူးရုပ်ဘာညာကောက်ရတာကောရှိကြလား”
ဘွားမယ်စိန်၏အမေးကြောင့် သူကြီးဦးစိန်ပွားတွေဝေသွားသည်။
ပြီးလေမှ…
“ကျုပ်တို့သတိမမူမိတာ…ဒီကနှမပြောလေမှပဲ…
အဲ့သည်ဘီလူးရုပ်အကြောင်းတွေးမိတော့တာပဲ”
“ဘာများလဲအဘရဲ့…ပြောစမ်းပါဦး”
မောင်တိုး၏အမေးကို သူကြီးဦးစိန်ပွားမှ
ခေါင်းတချက်ညိတ်လိုက်ပြီး…
“ဒီလိုမောင်ရင်ရဲ့…အဘတို့ရွာမှာက ရှေးဟောင်းဘုရားပျက်တစ်ခုရှိတယ်…နှစ်ကာလကလည်းအတော်ကြာနေပြီဆိုတော့…
ဘယ်သူမှလည်းမသွားလာရဲကြဘူး…
တို့ဘိုးဘွားတွေလက်ထက်ကတည်းက အဲ့နေရာမှာ
သိုက်ရှိတယ်လို့ပြောကြတယ်လေ…
အခုက အဲ့နေရာမှာရှိတဲ့သိုက်ကိုတူးမယ်ဆိုပြီး
သိုက်ဆရာနှစ်ယောက်ရောက်လာကြတယ်ကွ…
ဒါမျိုးတော့အဘတို့တရွာလုံးက လက်မခံဘူးလေ…
ဘယ့်နဲ့ကွာ…သိုက်ရှိတယ်ထားပါ..
သိုက်ဆိုတာ ဘုရားအတွက်ရည်စူးထားတဲ့အရာ…
ဒါကိုတူးချင်တယ်ဆိုတော့ အဘတို့က မောင်းထုတ်လိုက်တာပေါ့…အဘအထင်ပြောရရင်အဲ့သည်
သိုက်ဆရာနှစ်ယောက်က
မကျေနပ်ကြပုံပဲ…
သူတို့ပြန်ပြီးနောက်တစ်ရက်ကြာတော့…
ရွာပြင်ဇရပ်ကနေ ဘီလူးရုပ်လေးကောက်ရတယ်ဆိုပြီး
ရွာသားတစ်ယောက်လာပေးပါကောလား…
လက်ရာလေးကလည်းကောင်းတော့ အဘလည်း
သိမ်းထားမိတာကွဲ့…
အခုဖြစ်နေတာတွေက
အဲ့သည်အရုပ်နဲ့များသက်ဆိုင်နေမလားကွယ်……..”
သူကြီးဦးစိန်ပွားပြောလေမှ မောင်တိုးတို့နားလည်သွားကြ
သည်။
ဘွားမယ်စိန်မှ….
“အဲ့သည်အရုပ်က သူကြီးဆီမှာရှိသေးလား…
ရှိရင် ကျုပ်ကိုပြပေးပါ”
ဟုပြောလိုက်လေသည်။
“ရှိတယ်…ရှိတယ်…ကျုပ်အိမ်ပေါ်မှာထားထားတာ…
ခဏစောင့်ပါ ကျုပ်သွားယူပေးပါ့မယ်…………”
သူကြီးဦးစိန်ပွားတစ်ယောက် သူ၏နေအိမ်အပေါ်ထပ်သို့
တက်သွားတော့သည်။
ဘွားမယ်စိန်တို့မှာလည်း
ရေနွေးကြမ်းသောက်နေကြလေသည်။
သူကြီးဦးစိန်ပွားအိမ်အပေါ်ထပ်မှပြန်ဆင်းလာလေတော့
သူ၏လက်အတွင်း၌ အရုပ်တစ်ခုပါလာခဲ့သည်။
ရွံစေးဖြင့်ထုလုပ်ထားသော ဘီလူးမရုပ်တစ်ခုပင်။
ထုလုပ်သူလက်ရာကောင်းခြင်းကြောင့်ပဲလားမသိ…
ဘီလူးမရုပ်သည် သက်ဝင်လှ၏။
“ဒီအရုပ်ပဲ…ဒီအရုပ်ပဲ…….”
ဟုပြောရင်း ဘွားမယ်စိန်ထံသို့ပေးသည်။
ဘွားမယ်စိန်သည် ဘီလူးမရုပ်ကို ကိုင်ကာ ကြည့်လိုက်ပြီး
ချက်ချင်း အိမ်ဝိုင်းထဲသို့ထွက်သွားတော့၏။
မောင်တိုး…မောင်အုန်းတို့မှာ တစုံတရာထူးလေပြီဆိုတဲ့အသိဖြင့် လိုက်ပါလာကြသည်။
သူကြီးဦးစိန်ပွားမှာတော့ နားမလည်သေး။
ဘွားမယ်စိန်သည်ာအိမ်မြေကွက်လပ်သို့ရောက်သည်နှင့်
ဘီလူးမရုပ်အား မြေသို့ချလိုက်၏။
ပြီးနောက် သူ၏တောင်ဝှေးကိုမာန်ပါပါထောက်ထားပြီး
ဂါထာများရွတ်ဆိုလေသည်။
ဂါထာရွတ်ဆိုမှုပြီးသောအခါ ဘီလူးမအရုပ်အပေါ်သို့
တောင်ဝှေးဖြင့် ဆောင့်ချလိုက်တော့သည်။
ထိုအခါ အရုပ်မှာလည်း တစဆီဖြစ်လို့သွားတော့၏။
တစဆီဖြစ်သွားသော ဘီလူးမရုပ်ကိုငေးကြည့်နေသော
သူကြီးဦးစိန်ပွားကို…
“ဒီအရုပ်ကြောင့် တော်တို့ရွာမှာ
ဘေးအန္တရာယ်ကြုံရတာသူကြီးရဲ့…
အခုလိုဖျက်ဆီးလိုက်မှ တော်တို့တရွာလုံး ဘေးကင်းရမှာ…
ကဲ……. အခုတော့ ဒီအရုပ်အကြွင်းအကျန်တွေကို
မြေမြုပ်ရှင်းလင်းခိုင်းလိုက်ဦး”
ဘွားမယ်စိန်အပြောကြောင့် သူကြီးဦးစိန်ပွားမှာ
အံ့သြဝမ်းသာဖြစ်သွားရသည်။
“ဒီကနှမက အထက်လမ်းဆရာလား…
ဘာကြောင့်ရယ်မဟုတ်ပါဘူး…ကျုပ်ကသိချင်လို့ပါ”
ဟုမေးပြန်လေသောအခါ မောင်တိုးမှ…
“ဒီက ဘွားက သရဲ…တစ္ဆေ…စုန်း…ကဝေ လူတွေကို
ဒုက္ခပေးတဲ့ဟာတွေကို ရှင်းလင်းပေးနိုင်သူဗျ…
အထက်လမ်းဆရာရယ်လည်းမဟုတ်ပါဘူး…
ဘွားက လူတွေကိုကူညီပေးတဲ့ ကျုပ်တို့ရွာရဲ့အရေးပါဆုံးလူပေါ့ဗျာ……..”
ဟုဖြေလေသောအခါ သူကြီးဦးစိန်ပွားမှ ခေါင်းညိတ်ရင်း…
“ဘာပဲဖြစ်ဖြစ်ပါကွယ်…ကျုပ်တို့ရွာကို ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…နောက်ပြီး ကျုပ်ရွာသူ၊ရွာသားတွေကိုပြောပြရအောင်လို့ နာမည်လေးပြောပါဦး”
“ကျုပ်နာမည်က ဘွားမယ်စိန်ပါ….
ကဲ…မောင်ရင်တို့ဘွားတို့ခရီးဆက်ကြရဦးမယ်…
ဗန်ဒါစိမ်းရွာကို ရောက်ဖို့ကအရေးကြီးနေသေးတယ်ကွဲ့”
ဘွားမယ်စိန်၏စကားကြောင့် သူကြီးဦးစိန်ပွားမှ ရွာတွင်ခဏတည်းခိုကြဖို့ပြောလေသည်။
သို့သော်လည်း ဘွားမယ်စိန်တို့ငြင်းဆန်ရ၏။
အကြောင်းမှာအရေးတကြီးကိစ္စကြောင့်ခရီးထွက်လာကြခြင်းဖြစ်ကြောင်း…၊အချိန်ဆွဲ၍မရကြောင်းများပြောရလေသည်။
ထိုအခါမှ သူကြီးဦးစိန်ပွာလည်း ခရီးမှပြန်လျှင် ရွာသို့ဝင်လာကြဖို့ဖိတ်ခေါ်ပြန်၏။
အပြန်ခရီး၌ ရွာကိုဝင်လာကြပါမည်ဟု ပြောပြီး
ဘွားမယ်စိန်တို့ခရီးဆက်ကြတော့သည်။
“ရှေ့ဆို မုန်ရိုးရွာရောက်ပြီဘွား………..”
လမ်းခရီး၌တရွာဝင်တရွာထွက်မေးမြန်းလာကြခဲ့ကြရာမှ
ယခုတော့ ဗန်ဒါစိမ်းရွာနှင့်နီးကပ်၍လာပေပြီ။
မောင်တိုးပြောသည့်အတိုင်း မုန်ရိုးရွာကိုကျော်လွန်ပြီး
ကန်စွန်ရွာသို့ရောက်ရှိလာကြတော့သည်။
နွားများလည်း ခဏအနားပေးသည့်အနေဖြင့် ကန်စွန်ရွာထိပ်
ရေအိုင်အနီးမှသစ်ပင်ရိပ်တွင် လှည်းနားလိုက်ကြ၏။
နွားများကိုရေတိုက်ပြီး ခဏမျှလွှတ်ထားလိုက်သည်။
ဘွားမယ်စိန်မှာတော့ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဖွာရှိုက်၍နေလေသည်။
မောင်တိုးနဲ့မောင်အုန်းတို့တတွေသည်
မလှမ်းမကမ်းရှိ ဆီးဖြူပင်မှ
ဆီးဖြူသီးများခူးယူကာ ဆားဖြင့်တို့စားနေကြသည်။
“ဘယ်သူတွေလဲဗျ………”
အပေါ်အဝတ်ဗလာဖြင့်ပေါက်တူးတစ်ချောင်းကိုင်ဆောင်ထားသော လူတစ်ဦးသည် မောင်တိုးတို့ကိုမြင်လေသောအခါ
မေးလေသည်။
“ကျုပ်တို့က ခရီးသွားတွေပါဗျ……..”
“သြော်…ဘယ်ကိုသွားကြမှာလဲ”
မောင်တိုးကဖြေလေသော် ထပ်မံမေးလေသည်။
“ဗန်ဒါစိမ်းရွာကိုပါနောင်ကြီး…….”
“ဘယ်လို…ဗန်ဒါစိမ်းရွာကို ဟုတ်လား………..”
ရွာသား၏အသွင်သည်ချက်ချင်းဆိုသလိုပြောင်းလဲသွား၏။
သူ၏မျက်နှာထက်၌ထိတ်လန့်မှုများကပေါ်လွင်နေပေသည်။
ထိုရွာသားသည် နောက်သို့ပြန်လှည့်ကာပြေးသွားလေရာ…
“ဟိတ်…နောင်ကြီး….ဟာ…ဟိတ်လူ…ဘာဖြစ်တာလဲဗျ….”
“ဒီလူဘာဖြစ်တာလဲ”
မောင်တိုးမှာ အော်ဟစ်ခေါ်ပါသော်လည်း ရွာသားမှာ နောက်သို့ပင်လှည့်မကြည့်ပေ။
မောင်အုန်းမှာလည်း ထိုလူ၏အဖြစ်အပျက်ကြောင့်
အံ့သြစွာကြည့်နေခဲ့၏။
ဘွားမယ်စိန်သည်က ငြိမ်သက်လျှက်ပင်။
ယခင်အတိုင်း မောင်တိုးနဲ့မောင်အုန်းမှာ ဆီးဖြူသီးများစားရင်း
နွားများကိုကြည့်နေခဲ့ကြတော့၏။
ထိုစဥ် အစောပိုင်းလာရောက်သွားသော ရွာသားနှင့်အတူ
လူဆယ်ဦးမျှရောက်ရှိလာကြပေသည်။
ထိုသူများမှာယောကျာ်းသားများပင်ဖြစ်၏။
“ဒီကမောင်ရင်တွေက ဗန်ဒါစိမ်းရွာကိုသွားကြမလို့ဆို
ဟုတ်သလား”
ဟု..ခေါင်း၌တဘက်စကိုပေါင်းစထားသော လူကြီးတစ်ဦးမှ
မေးလေသည်။
“ဟုတ်ပါတယ်ဦးကြီး……..”
မောင်တိုးမှဖြေသည်။
“အဲ့သည်ရွာကို မောင်ရင်တို့က
ဘာအကြောင်းရှိလို့သွားချင်ကြတာလဲ”
ဟု…ထပ်မေးလေသောအခါ…
“ဒီကဦးကြီးတို့ကရော ဘာအကြောင်းရှိလို့သိချင်ကြတာလဲ…
ကျုပ်တို့ကခရီးသွားတွေပါ…ကျုပ်တို့လိုရာအရပ်ကို
ကျုပ်တို့သွားရမှာပါ……”
မောင်တိုး၏အဖြေကို လူစုသည်မကျေနပ်သယောင်…။
“ဦးကြီးက ဒီ ကန်စွန်ရွာရဲ့သူကြီးပါ…
ဒီကမောင်ရင်တို့အတွက် စိုးရိမ်လို့အခုလိုမေးရတာပါကွာ…..”
“ဟုတ်ကဲ့ …ကျုပ်တို့ကလည်း လူကောင်းတွေပါ
သူကြီး…ကျုပ်တို့အရေးရှိလို့ ခရီးထွက်လာရတာပါ”
“အေးကွာ…မောင်ရင်တို့ဘက်ကလည်း
ပြောလို့မရရင်ထားပါလေ…တစ်ခုတော့မှာမယ်ကွဲ့…
ဗန်ဒါစိမ်းရွာက ရွာပျက်ကြီး…အဲ့သည်မှာနေတဲ့လူတွေကလည်း
အတော်ကြောက်ဖို့ကောင်းတယ်”
ဟုပြောလေရာ သူကြီး၏နောက်မှလူများကလည်း
ပြိုင်တူခေါင်းညိတ်ထောက်ခံကြလေသည်။
ထိုအခါမှ ဘွားမယ်စိန်သည်…
“ဘယ်လိုကြောင့်ပြောရတာလဲသူကြီးရဲ့…
ဘွားသိတာကတော့ အဲ့သည် ဗန်ဒါစိမ်းရွာဆိုတာ
အရင်ကအတော်ကိုစည်ကားခဲ့တဲ့ရွာကြီးပါ…”
“ဟုတ်တော့ဟုတ်ပါတယ်…ဒါပေမယ်လို့…အဲ့သည်ရွာက
အခုချိန်မှာအတော်ယိုယွင်းနေပြီလေ…
ဘယ်ရွာနဲ့မှလည်းအဆက်အဆံမလုပ်တော့သလို…
တရွာလုံးမှာလည်းပြောင်းပြေးသူကပြေး…
သေသူကသေနဲ့အတော်ဆိုးဝါးနေတာ…
ကျုပ်ကြားမိတာကတော့ တရွာလုံး
ကျိန်စာမိနေကြတယ်ဆိုလားပဲ”
ကန်စွန်ရွာသူကြီး၏စကားကိုဘွားမယ်စိန်ခေါငိးညိတ်လိုက်ပြီး
သူ၏ဆေးလိပ်ကိုဖွာရှိုက်ပြန်သည်။
ပြီးလေမှ…
“ဒီီလိုဆိုရင်…ဘွားတို့အဲ့သည်ရွာကိုသွားကြရလိမ့်မယ်..
ဘွားတို့အဲ့သည်ရွာက အပြန်မောင်ရင်တို့ဆီဝင်လာပါဦးမယ်…
ဒါမှမောင်ရင်တို့ရဲ့အမြင်တွေရှင်းလင်းသွားကြမှာ…..”
ဘွားမယ်စိန်စကားကြောင့် သူကြီးနှင့်ရွာသားများသည်
တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြ၏။
အကြောင်းမှာဘွားမယ်စိန်၏စကားကို
နားမလည်ကြသောကြောင့်ပင်ဖြစ်သည်။
“ကဲ…ခရီးဆက်ကြတာပေါ့………”
“ဟုတ်ကဲ့ဘွား…..”
မောင်တိုးတို့မှာနွားများပြန်ကောက်
(ပြန်ခေါ်)၍
လှည်း၌တပ်ဆင်ကြတော့သည်။
ပြီးလေတော့ ကန်စွန်ရွာသူကြီးတို့လူစုကို
ထားရစ်ခဲ့ကြပြီး ထိုနေရာမှထွက်ခွာလာခဲ့တော့၏။
ကန်စွန်ရွာကိုကျော်လွန်လာခဲ့ပြီးနောက်
တိတ်ဆိတ်ခြောက်ကပ်လှသော
ရွာတစ်ရွာဆီသို့ရောက်ရှိလာခဲ့ကြ၏။
ဘုရားပျက်တစ်ခုကိုဦးစွာတွေ့ရှိကြရပြီးနောက်…
အိမ်အို…အိမ်ဟောင်းများနှင့်…
ခြုံနွယ်ပိတ်ပေါင်းများထူထပ်နေသည်ကိုတွေ့ကြရပေသည်။
ထို့နောက်မှလူနေအိမ်လေးအနည်းငယ်ကို
တွေ့ရှိကြတော့သည်။
“ဘယ်သူတွေလဲ…………”
ဓားရှည်များကိုင်ဆောင်ကာရောက်ရှိလာသော မိန်းမပျိုများကြောင့် မောင်တိုးနဲ့မောင်အုန်းထိတ်လန့်သွားကြသည်။
မောင်တိုးမှာလည်းနွားလှည်းကိုချက်ချင်းရပ်တန့်လိုက်ရ၏။
“ဘယ်သူတွေလဲ…မေးနေတာဖြေလေ………”
ဟု…မိန်းမပျိုတစ်ဦးမှထပ်မံမေးပြန်သည်။
မောင်တိုးတို့မှာလည်း ဘွားမယ်စိန်ကိုသာ
အားကိုးတကြီးဖြင့်ကြည့်ကြလေသည်။
ဘွားမယ်စိန်သည် မိန်းမပျိုလေးများကိုကြည့်ရှု့ရင်းမှ…
“မင်းတို့ခေါင်းဆောင်ဘယ်မှာလဲ……….”
“ခေါင်းဆောင်…ခေါင်းဆောင်ဆိုတော့…
အစ်မကိုပြောတာထင်တယ်……..”
“ဟုတ်မယ်…အစ်မကိုသွားခေါ်လိုက်ကြ…
ငါတို့ဒီလူတွေကို ကြည့်ထားမယ်”
မိန်းမပျိုတစ်ဦးအနီးမှထွက်ခွာသွားတော့သည်။
ကျန်မိန်းမပျိူများကတော့ နေရစ်ခဲ့ကြ၏။
မောင်တိုးတို့မှာ အရောင်တလက်လက်ထနေသော
ဓားများဖြင့် ချိန်ရွယ်ခံထားကြရ၍ တံတွေးများကိုပင်
မနည်းမြိုချနေရသည်။
ဘွားမယ်စိန်သည်က သူ၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
မီးစတို့၍ ဖွာရှိုက်နေလေသည်။
တခဏမျှကြာလေတော့ ထွက်သွားသောမိန်းမပျိုနှင့်အတူ
မိန်းမပျိုနှစ်ဦးလိုက်ပါလာခဲ့ကြသည်။
ထိုမိန်းမပျိုနှစ်ဦးကို ဘွားမယ်စိန်စိုက်ကြည့်နေ၏။
“ကျုပ်ကဒီရွာရဲ့အုပ်ချုပ်သူပဲ…
ရှင်တို့ဘာအကြောင်းရှိလို့ ဒီရွာထဲကိုဝင်လာကြတာလဲ”
ဟုမေးလေသည်။
ထိုအခါ ဘွားမယ်စိန်သည်…
“ဘွားနာမည်က…ဘွားမယ်စိန်ပါ…………”
“ဟင်……..”
“ဘယ်လို…ဘွားမယ်စိန်…ဒါဆို…ဒါဆို…အစ်မ…သူက”
သီရိ အံ့သြစွာဖြင့်လွန်းနီနီကိုပြောဖို့ဟန်ပြင်လေသည်။
ဒါကိုသိသော လွန်းနီနီသည် လက်ကာပြပြီး
သီရိကိုဆက်မပြောရန်ဟန်တားလိုက်သည်။
“ဘွားမယ်စိန်က ဒီရွာကို ဘာကြောင့်ရောက်လာရတာလဲ”
လွန်းနီနီသည် ဘွားမယ်စိန်ကိုစူးစိုက်ကြည့်ပြီးမေးလေသည်။
ဘွားမယ်စိန်သည် လွန်းနီနီကို ပြုံး၍…
“ဘွားလာရတဲ့အကြောင်းက…ညည်းတို့ရွာအတွက်ဆိုတာ
ညည်းသိပါတယ်အေ…………”
ဟု ပြောလေရာ လွန်းနီနီ မျက်မှောင်ကိုကျုံ့၍…
“ဒီမှာ …ရှင်မပြောဘဲ ကျုပ်ကဘယ်လိုသိရမှာလဲ…”
ဟု…အသံကျယ်ကျယ်ဖြင့်ပြောလေသောအခါ…
ဘွားမယ်စိန်သည်တည်ငြိမ်စွာဖြင့်…
“ကောင်းပြီလေ…ညည်းတို့ရွာရဲ့ အကြောင်းကိုတော့
ဘွားပြန်မပြောပြတော့ဘူး…
နောက်ခုနှစ်ရက်ကြာရင်ကြုံရမယ့်
မိစ္ဆာဆိုးရန်ကိုတော့ ညည်းတို့နိုင်ဖို့မလွယ်ဘူးဆိုတာ
ဘွားသိတယ်…ဒီအတွက် ညည်းတို့ကိုကူညီဖို့
ဘွားရောက်လာခဲ့ရတာပဲ…”
ဟု…ဘွားမယ်စိန်ပြောသောအခါ လွန်းနီနီသည် မိန်းမပျိုများ၏
ဓားများကိုပြန်သိမ်းစေသည်။
ပြီးနောက် ဘွားမယ်စိန်ကိုကြည့်၍…
“ကျုပ်အိမ်ကိုလိုက်ခဲ့ကြပါ……..”
ဟု…ပြော၍ သူ၏နေအိမ်သို့ခေါ်ဆောင်သွားတော့သည်။
ထိုသို့ဖြင့်…
လွန်းနီနီ၏ ပျဥ်ထောင်နှစ်ထပ်အိမ်လေး၏
ဧည့်ခန်း၌ ဘွားမယ်စိန်တို့ရောက်ရှိနေကြတော့သည်။
ဗန်ဒါစိမ်းရွာသူမိန်းမပျိုများသည်လည်း အနီးတွင်ရှိကြ၏။
“ဒီကဘွားတို့ ဘယ်မှာနေတယ်ဆိုတာ
ကျုပ်သိချင်တယ်…”
လွန်းနီနီအမေးကို ဘွားမယ်စိန်မှ…
“ဘွားတို့က ဒီကနေအတော်အလှမ်းဝေးတဲ့
သောင်ထွန်းရွာကနေလာကြတာပါ…
ဒီရွာကိုရောက်ဖို့တောင်နှစ်ရက်ကြာတယ်ကွဲ့”
“ဟင်…ဒီလောက်ဝေးတဲ့ခရီးကိုဘာလို့လာရတာလဲ…
နောက်ပြီးကျုပ်တို့ရွာအကြောင်းကောဘယ်လိုသိတာလဲ”
လွန်းနီနီ၏အမေးများကို ဘွားမယ်စိန်ဖြေနေစဲပင်…
“ဒီလိုကွဲ့…ဘွားကလူတွေကို ဘေးဒုက္ခပေးတဲ့
သရဲ တစ္ဆေတွေကိုနှိမ်နင်းပေးတဲ့သူပါ…
အခုလည်း ဒီရွာအကြောင်းကို ဘွားရဲ့ဆရာက ပြောပြလို့သာ
ဘွားသိခဲ့ရတာ……..”
“ဘွားရဲ့ဆရာဆိုတာကဘယ်သူလဲ…သူက
ကျုပ်တို့ရွာအကြောင်းကို
သိတယ်ဆိုတော့…ဘယ်သူများလဲ”
“ဘွားရဲ့ဆရာက ဘွားထက်
အစပေါင်းများစွာမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးကွဲ့…
ဘွားရဲ့ဆရာသခင်ရဲ့နာမည်ကိုတော့ဘွားမသိဘူး…
ဘွားကတော့ သူ့ကိုကျေးဇူးရှင်ကြီးလို့ခေါ်တယ်…
ဘာကြောင့်လဲဆိုတော့ ဘွားရဲ့မှားယွင်းနေတဲ့လမ်းကို
သူကအလင်းပြပေးခဲ့တာကြောင့်ပဲ……..”
ဘွားမယ်စိန်ပြောကြားသည်များကို
လွန်းနီနီနှင့်မိန်းမပျိုများဟာ
စိတ်ဝင်တစားဖြင့်နားထောင်ကြလေသည်။
တခဏအတွင်း လွန်းနီနီတို့၏ ယုံကြည်မှုကိုဘွားမယ်စိန်ရရှိသွားခဲ့တော့သည်။
“ဒီကဘွားက ကျုပ်တို့ရွာကိုကာကွယ်ပေးမယ့်သူဆိုတာ
ကျုပ်ယုံပါတယ်…ဒါပေမယ့်……..”
လွန်းနီနီစကားမဆက်သေးဘဲ မောင်တိုးတို့ကိုစိုက်ကြည့်နေ၏။
ပြီးလေမှ…
“ဒီလူတွေကိုတော့ကျုပ်မယုံဘူး…
ကျုပ်ရဲ့ညီမတွေကိုထိပါးရင်တော့ ကျုပ်ဓားကခွင့်လွှတ်မှာမဟုတ်ဘူးဘွား……….”
ဟုပြောလေသည်။
ထိုအခါ ဘွားမယ်စိန်သည်ပြုံး၍…
“ဒီရွာရဲ့ခေါင်းဆောင်ပီသပါပေတယ်…
စိတ်ချပါ…ဘွားရဲ့သားတပည့်တွေရဲ့စိတ်ထားကို
ဘွားယုံကြည်လို့ခေါ်လာတာပါ…
မောင်တိုးနဲ့မောင်အုန်းကလည်း ကိုယ့်မောင်နှမတွေလိုသဘောထားပြီးကာကွယ်စောင့်ရှောက်ကြပါ……”
ဟု…ဘွားမယ်စိန်မှပြောသောအခါ…
“စိတ်ချပါ…ကျုပ်တို့က ဒီကနှမတို့အပေါ်ကိုယ့်နှမလေးတွေလိုပဲသဘောထားတာပါ…တကယ်လို့ကျုပ်တို့အမှားလုပ်မိတာရှိရင် နှမတို့စိတ်တိုင်းကျ စီရင်နိုင်ပါတယ်……..”
“ဟုတ်ပါတယ်…ကျုပ်တို့ကိုယုံကြည်ပေးပါ……..”
မောင်အုန်းမှစတင်ကာပြောလိုက်ပြီး မောင်တိုးကလည်းထောက်ခံလေသည်။
“သူက မောင်အုန်းလို့ခေါ်တယ်…ဘွားတို့ရွာရဲ့
ကာလသားခေါင်းဆောင်ပေါ့…
သူ့မှာလည်းလက်ထပ်ဖို့ရည်ရွယ်ထားတဲ့
နုယဥ်ဆိုတဲ့ကလေးမလေးရှိတယ်….
ဟော…ဟိုတယောက်ကတော့ မောင်တိုးတဲ့…
ရည်းစားမရှိ…ချစ်သူမရှိတဲ့ လူပျိုကြီးပေါ့…
ဘွားသားတပည့်တွေကိုတော့
စိတ်ချပါအေ…သူတို့ကဘွားရဲ့
ခရီးတိုင်းမှာအတူလိုက်ပါပြီး ကူညီတတ်ကြတဲ့…
လူငယ်တွေပါ…ဒါမို့ဘွားယုံကြည်တယ်အေ”
“ဟုတ်ကဲ့…ဘွားဘက်ကဒီလိုထောက်ခံမှတော့
ကျုပ်ယုံကြည်ပေးလိုက်ပါ့မယ်…ကဲ…သီရိ ဘွားတို့ကိုထမင်းစားဖို့ပြင်ဆင်ပေးကြ…ဘွားတို့ရေမိုးချိုးချင်ရင်
အိမ်နောက်ဖေးမှာရေတွင်းလည်းရှိတယ်……”
“အေး…အေး…ဒါဖြင့် ဘွားတို့ရေအရင်ချိုးလိုက်ဦးမယ်…
ဒါနဲ့ ညည်းနာမည်ကဘယ်လိုခေါ်သလဲအေ့”
“ကျုပ်နာမည်ကလွန်းနီနီပါ…..”
“အင်း…နာမည်က တောက်ပလိုက်တာ…
ကောင်းတယ်…ကောင်းတယ်…ဘွားကတော့
ဘွားမြေးအရွယ်မို့ လွန်းလေးလို့ပဲခေါ်မယ်ကွယ်……”
“ဟုတ်ကဲ့ဘွား…..”
ထိုသို့ဖြင့် ဘွားမယ်စိန်သည်ရေအရင်ချ်ိုးလေ၏။
လမ်းခရီး၌ပင်ပန်းသမျှသည် ရေချိုးပြီးလေတော့ လန်းဆန်း
သွားစေသည်။
ဘွားမယ်စိန်ရေချိုးပြီးသည်နှင့်မောင်တိုးတို့ရေချိုးကြတော့သည်။
ရေမိုးချိုးပြီးသောအခါ သီရိနှင့် မိန်းမပျိုလေးများ
ပြင်ဆင်ထားသော ထမင်းဝိုင်း၌ စားသောက်ကြတော့၏။
ဘွားမယ်စိန်တို့ထမင်းစားနေစဥ်
လွန်းနီနီနှင့်မိန်းမပျိုများသည်မလှမ်းမကမ်းရှိ
စားပွဲဝိုင်း၌ထိုင်ကာစကားပြောဆိုနေကြလေသည်။
ထမင်းစားသောက်ပြီးလေသောအခါ ဘွားမယ်စိန်သည်
သူ၏လွယ်အိတ်လေးကိုယူဆောင်ကာ…
“လွန်းလေ……..”
“ရှင်ဘွား…….”
“ရော့…ဒီပရိတ်ကြိုးလေးတွေကို
လက်မှာမချွတ်တမ်းဝတ်ထားကြ…
အခြားလူတွေလည်းဝတ်လို့ရအောင် ပေးလိုက်ကြဦး….”
ဘွားမယ်စိန်ပေးသော ပရိတ်ကြိုးလေးများကိုလွန်းနီနီယူထားပြီး…
“ဒါကဘာအတွက်ဝတ်ခိုင်းတာလဲဘွား……..”
“မိစ္ဆာကောင်ရဲ့ရက်ကနီးနေပြီမဟုတ်ဘူးလား….
သူ့တပည့်သရဲတွေက ညည်းတို့အနီးအနားမှာရှိနေတယ်…
ညည်းတို့ထဲက ကံနိမ့်သူရှိလာရင် သူတို့လက်ချက်မိသွားနိုင်တယ်လေ…ဒါမို့ဘွားက အကာအကွယ်ပေးထားတာ”
“သြော်…ဟုတ်ပြီဘွား……ကဲ…အားလုံးဘွားပြောတာကြားကြတယ်နော်…ကိုယ်တိုင်လည်းလက်မှာဝတ်ထားကြ..ကျန်တဲ့သူတွေကိုလည်းသေချာပြောပြီးဝတ်ခိုင်းထား…”
“ဟုတ်ကဲ့အစ်မ…………..”
လွန်းနီနီ၏လက်၌ သီရိမှဝတ်ဆင်ပေးသလို…
သီရိ၏လက်သို့လွန်းနီနီဝတ်ဆင်ပေးလိုက်သည်။
“ကဲ….ဒါဖြင့်အားလုံးပြန်ကြတော့…သတိနဲ့နေကြနော်…
အစ်မမှာတာမမေ့ကြနဲ့”
“ဟုတ်ကဲ့အစ်မ……… ”
မိန်းမပျိုလေးတသိုက်ပြန်သွားတော့သည်။
သီရိနဲ့လွန်းနီနီသာ ဘွားမယ်စိန်တို့နှင့်အတူကျန်ရှိခဲ့တော့သည်။
“သီရိ…အိမ်ရှေ့ကွပ်ပျစ်မှာ
လက်ဖက်ခွက်နဲ့အကြမ်းအိုးလေးချပေး…ဘွား…
ကျုပ်တို့ အိမ်ရှေ့မှာအေးဆေးထိုင်ကြတာပေါ့”
ဘွားမယ်စိန်နဲ့မောင်တိုးတို့သည် လွန်းနီနီနှင့်အတူ
အိမ်ရှေ့တွင် ခင်းထားသော.ကွပ်ပျစ်ခင်း၌ ထိုင်ကြလေသည်။
ခဏမျှကြာတော့သီရိသည် လက်ဖက်နှင့်အကြမ်းအိုးများချပေး၏။
“ကျုပ်တို့ရွာအကြောင်းကိုဘွားသိတယ်ဆိုတော့
ကျုပ်ပြောပြစရာတော့မရှိတော့ဘူးထင်တယ်…..”
အကြမ်းရည်ငှဲ့ပေးရင်းမှလွန်းနီနီပြောလေသည်။
ဘွားမယ်စိန်မှ…
“သိသင့်တာတော့ဘွားသိထားပါတယ်…
ဒါပေမယ့်…ဘွားသိချင်တာရှိသေးတယ်…….”
“ဟုတ်ကဲ့..ဘွားသိချင်တာက ကျုပ်သိတဲ့အရာဆိုရင်
ကျုပ်ပြောပြပါ့မယ်…မေးပါဘွား”
“ကောင်းပြီလေ……ဒီလိုပါဘွားသိချင်တာက…
ဒီမိစ္ဆာရဲ့ရန်ကို လွန်းလေးတို့ရွာမှာ နှစ်ကြိမ်ကြုံဖူးခဲ့ကြတယ်နော်…ဒါဆိုရင် အဲ့သည်နေ့ကဖြစ်ပျက်ခဲ့တာကိုလွန်းလေးမှတ်မိသေးလား……..”
ဟု…ဘွားမယ်စိန်မှမေးသောအခါ…
လွန်းနီနီသည်ဆွေးမြေ့သော မျက်ဝန်းများဖြင့်…
သက်ပြင်းကိုခပ်ဖွဖွချကာ…
“ကျုပ်အတွက်မေ့မရတဲ့နေ့ပါပဲ…
အဲ့သည်နေ့က လူတွေစိတ်ရိုင်းတွေဝင်ပြီး
တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကြတယ်…
သွေးတွေ……သွေးတွေဆိုတာ……မြင်မကောင်းအောင်ပါပဲ…
ကျုပ်ကို…ကျုပ်ကို အဘက…ဖွက်ထားပေးလို့….
ကျုပ်အသက်ရှင်ခဲ့တာ……….”
ဟု…ပြောရင်းမျက်ရည်များစီးကျလာတော့သည်။
သီရိမှလည်း…
“ကျုပ်ဆို…အဲ့သည်နေ့က မိဘတွေကိုဆုံးရှုံးခဲ့ရတာ…
အစ်မရဲ့အဘကြောင့်သာ ကျုပ်အသက်ရှင်ခဲ့ရတာ……”
ဟုပြောလေသည်။
ဘွားမယ်စိ
Leave a Reply