ဒီတစ္ဆေကိုအမြန်နှင်မှရမယ် မဟုတ်ရင် သူက လူတွေကိုသတ်လိမ့်မယ်… ဟေ့ကောင် ငါပြောတာကြားလား။”
“ဟုတ်..ဟုတ် ကြားပါတယ် ..အစ်ကိုလေး… ကျုပ်..သွားတော့မယ်နော်။”
ထိုအခိုက် အေးစက်နေသောလက်ကြီးတစ်ဖက်က သူ၏ခြေထောက်ကို လာကိုင်သောကြောင့် သာရတစ်ယောက် ဝုန်းခနဲထ၍ အမေရေတနေ၏။
“ဟေ့ကောင် သာရ.. မင်းအဖေငါဟ။”
“ဟာဗျာ အဘကလည်း… လူကိုလန့်သွားတာပဲ… လက်ကလည်းအေးစက်စက်နဲ့။”
“ငါရေလာချိုးတာ.. .. ရေချိုးပြီးလို့ အိမ်ပေါ်တက်မလို့လုပ်တုန်း… မင်းကယောင်ကတန်းနဲ့ ပြောနေတာတွေ့တာနဲ့ လာနှိုးတာဟ။”
“ကျုပ် အိပ်မက်မက်နေတာအဘရ… ကျုပ်အိပ်မက်ထဲမှာလေ… အစ်ကိုလေးမင်းနိုင်က ဟေ့ကောင်သာရတဲ့ ငါပြောတာသေချာနားထောင်ပြီး ရွာကလူတွေကိုပြန်ပြောနော်တဲ့ သေချာမှာနေတာ။”
“ဟာ ဟုတ်လား… ဘာတွေမှာတာလဲသူက။”
“အဲ…..ဟို…ဟို…ရွာကလူတွေသေလိမ့်မယ်တဲ့။”
“အေး ပြီးတော့ရော။”
“ပြီးတော့…ပြီးတော့…. ဟို… ဟို.. ကျုပ်မေ့သွားပြီအဘရ။”
“ဟာ ဒီကောင်သေချာလည်းမှတ်မထားဘူး..။”
“အိပ်မက်ထဲမှာ ကျုပ်ကသူ့ကိုကြောက်ပြီး သေချာနားမထောင်မိဘူးဗျ။”
“အင်း… ရွာကလူတွေသေလိမ့်မယ်တဲ့.. အကြောင်းမဲ့တော့ ဟုတ်မယ်မထင်ဘူး.. ငါအဘလှကိုပြောထားရမယ်။”
သာရအဖေ ဒိုးနောက်သည် အိမ်အပေါ်ကိုတက်၍ အဝတ်အစားလဲကာ အသုဘအိမ်ကိုပြန်လာပြီး လိုအပ်တာများ ဝိုင်းဝန်းလုပ်ပေးနေလေ၏။ ထိုစဉ် သူ၏မိန်းမဖြစ်သူကအနားရောက်လာကာ..
“ကိုဒိုးနောက် ကျုပ်ပြန်အုံးမယ်… နေလည်းဆောင်းလုပြီ… အိမ်မှာလည်းသားက တစ်ယောက်တည်းရယ်… ရှင်ပြန်လာအုံးမှာလား။”
“ငါပြန်မလာတော့ဘူးလေ.. ဒီမှာပဲဝိုင်းကူပေးလိုက်အုံးမယ်။”
“ဒါဆိုလည်းပြီးရော.. ဪ… ဖဲရိုက်တာကအပျော်လောက်ပဲရိုက်နော်…. အရက်တွေလည်း ကျုပ်မရှိဘူးဆိုပြီး အလွန်အကျွံသောက်မနေနဲ့။”
“ဟုတ်ပါပြီ မိုးမိုးရယ် ငါသိပါတယ်။ နင်သာ အိမ်မှာ သားအမိနှစ်ယောက်တည်း ဂရုစိုက်ဟုတ်ပြီလား။”
“ရှင့်အကြောင်းသိလို့မှာနေရတာ…. သွားပြီတော်ရေ။”
ဒိုးနောက်လည်း မိန်းမဖြစ်သူပြန်သွားတာနှင့် လုပ်လက်စအလုပ်ကိုဆက်လုပ်နေကာ နေဝင်သွားတာကိုပင်သတိမမူမိသေး၊ ဖဲဝိုင်းစနေသံကြားမှ မှောင်မှန်းသိကာ ရွာထဲကတုတ်ပေါဆိုင်ဘက် ထွက်လာခဲ့လိုက်၏။ တုတ်ပေါဆိုင်၌ ခွက်ပုန်းလေးကစ်နေသောသူတွေနှင့် အရက်သမားဂျိုးများက ဝိုင်းဖွဲ့စားသောက်နေကြလေ၏။
“ဟေ့တုတ်ပေါ အရက်တစ်လုံးပါဆယ်ပေးကွာ။”
“အေးအေး ဒိုးနောက် … ရော့ဟေ့ကောင်… ဒါနဲ့ မင်းတူမင်းနိုင်ဘယ်လိုဖြစ်တုန်းကွာ…. မနေ့ညကတောင် ငါ့့ဆီသောက်နေတာအကောင်းကြီးပါ။”
“အေးကွာ… ရွာဦးဘုန်းကြီးပြောသလို ကွေးသောလက်မဆန့်မီ၊ ဆန့်သောလက်မကွေးမီပဲပေါ့.. ဒါပေမဲ့ ဒီကောင်မင်းနိုင်သေတာက ထူးဆန်းတယ်ကွ။”
ဒိုးနောက်စကားကြောင့် အရက်ဆိုင်အတွင်းက အရက်သောက်နေသူတွေ စိတ်ဝင်စားသွားကာ နားထောင်နေကြလေ၏။ ဒိုးနောက်စကားကို အရက်ဆိုင်ပိုင်ရှင်တုတ်ပေါက ဝင်ထောက်လိုက်၏။
“ဘယ်လိုထူးဆန်းတာလဲ ဒိုးနောက်ရ။”
“မင်းနိုင်က မနေ့ညက သူ့အိမ်ပြန်ရောက်တော့ သန်းခေါင်ကျော်ပြီလေကွာ.. သာအုံးပြောပုံအရဆို ဒိုးနောက်အိပ်ရာမဝင်ခင် “အမေရ ကျုပ်ကိုလာမနှိုးတော့နဲ့နော်.. ကျုပ်ကမနိုးသောအိပ်စက်ခြင်းနဲ့အိပ်မှာ”လို့ပြောတယ်တဲ့ကွ… ဒီကောင်ကမူးလာရင် ပြောင်ချော်ချော်ပြောနေကြဆိုတော့ သူ့အမေသာအုံးကတောင် ဒီကောင်လေးပေါက်ကရ မပြောရဘူးဆိုပြီးငေါက်လိုက်သေးဆိုပဲ… ငါ့အထင် ဒီကောင်နှုတ်စီးပြီးသေတာထင်တယ်။”
“အေးကွ… မင်းပြောတာဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် တစ်ရွာတည်းသားခြင်း ကောက်ကာငင်ကာသေသွားတာ စိတ်တော့မကောင်းဘူးကွာ…. သောက်နေကြတဲ့ကောင်တွေလည်း ပါးစပ်စည်းကမ်းရှိနော် တော်ကြာသေနေမယ်။”
တုတ်ပေါ၏စကားကြောင့် ထရံနားကဝိုင်း၌ထိုင်နေသော သန်းဦးက…
“ဟာဗျာ ကိုတုတ်ပေါက မဦးမချွတ်ဗျာ… ဖွဲ့ဟဲ့လွဲပါစေပယ်ပါစေ။”
“ငါက မင်းတို့ကို စိုးရိမ်လို့သတိပေးတာပါဟ။”
“ဟားဟား မင်းတို့အရက်သမားနဲ့အရက်ဆိုင်ပိုင်ရှင်ကတော့ လိုက်လည်းလိုက်ပါကွာ.. ကဲ ငါပြန်အုံးမယ်တုတ်ပေါ။”
“အေးအေးဒိုးနောက်။”
ဒိုးနောက်လည်း အရက်ပုလင်းလက်ကဆွဲကာ အသုဘအိမ်ကို ပြန်လျှောက်လာခဲ့ချိန် ကြက်သီးမွေးညှင်းများ ထသွားကာ ကျောရိုးတလျှောက် အေးစိမ့်တက်သွားပြီး အနောက်၌ လူတစ်ယောက်လာရပ်နေသလို ခံစားရသောကြောင့် သူလှည့်ကြည့်မိတော့ အမှောင်ထုကလွဲ၍ ဘာမျှရှိမနေ။ သူများစိတ်ထင်တာလားဆိုကာ အသုဘအိမ်ကိုအရောက်၌ အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နေကြသော လူကြီးဝိုင်းကိုအရင်ထိုင်လိုက်လေ၏။
“ဟာဟေ့ကောင်ဒိုးနောက်… မင်းငါတို့နားတော့ လာမသောက်နဲ့နော်။”
“မသောက်ပါဘူးအဘလှရဲ့… ဘာလို့လဲ။”
“အေး .. မသောက်ရင်လည်းပြီးရော… မင်းသောက်ရင် ငါပါဝင်သောက်မိမှာစိုးလို့။”
“ဟာဗျာ အဘလှက နောက်တော့မယ်… အဘလှကိုကျုပ်ပြောစရာရှိလို့ဗျ။”
“အေး ပြောလေကွာ။”
“ကျုပ်သား သာရကို သူ့အစ်ကိုလေးမင်းနိုင်က နေ့လယ်က အိပ်မက်ေပးပြီးမှာတယ်တဲ့ဗျ။”
“ဟုတ်လား ဒိုးနောက်.. ဘာမှာတာတဲ့လဲ ငါ့သားလေးမင်းနိုင်က။”
ဒိုးနောက်စကားကြောင့် ကွယ်လွန်သူမင်းနိုင်၏အမေဖြစ်သူက လက်ပုတ်၍ အတင်းမေးလေတော့၏။ ဒိုးနောက်လည်း …
“နေပါအုံး သာအုံးရယ်… ငါပြောပါ့မယ်ဟ.. ဒါပေမဲ့ ဟိုလိုလုံးစေ့ပတ်စေ့တော့ ကျုပ်လည်းမသိဘူး… မင်းနိုင်မှာတာကို သာရမှတ်မိသေလာက် ပြန်ပြောတာကတော့.. ရွာကလူတွေသေလိမ့်မယ်တဲ့..။”
“ဟေ.. ဒီလောက်ပဲပြောတာလား။”
“သာရပြောတာတော့ ဒါပဲမှတ်မိတာတဲ့ဗျ… သူလည်းကြောက်ပြီး သေချာမမှတ်မိဘူးတဲ့။”
“အေးကွာ သေချာမှတ်မိရင်ကောင်းသား… မင်းနိုင်ကတော့ အကြောင်းမရှိပဲ မမှာနိုင်ဘူး တို့ရွာအန္တရာယ်တစ်ခုခုကြုံနိုင်မလားမသိဘူး… …..ဟေ့ကောင်သူကြီး။”
အဘလှက သူ၏သူငယ်ချင်းဖြစ်သူ သူကြီးဘက်ကိုလှည့်၍ ခေါ်လိုက်သောအခါ သူကြီးက ပြုံးစစမျက်နှာပေးနှင့်..
“ငလှရယ် ဟေ့ကောင်ဆိုလည်းဟေ့ကောင်… သူကြီးဆိုလည်းသူကြီးခေါ်ပါဟ.. ဟေ့ကောင်သူကြီးဆိုတော့ ကြားရတာတစ်မျိုးကြီးပဲ ငါလခွမ်း။”
” မင်းက ငါ့သူငယ်ချင်းလေ… အဲဒါကြောင့်ဟေ့ကောင်ခေါ်တာ.. ပြီးတော့မင်းကသူကြီး ငါကသူကြီးလို့မခေါ်ရင် ရွာကလူတွေ မင်းကိုမလေးစားမှာစိုးလို့.. ဟေ့ကောင်သူကြီးလို့ခေါ်တာ။”
“တောက်စ် ငလှရယ် မင်းမျက်နှာပိုးက အခုအသက်ေြခာက်ဆယ်ခုနှစ်ဆယ်နားကပ်နေတာတောင် မပျောက်ဘူး… လိုရင်းသာပြော.. မင်းခေါ်ချင်သလိုသာခေါ်။”
“အေး.. ငါတို့ရွာပရိတ်ရွတ်ပြီး မြေသန့်ထားရင် ကောင်းမလားမေးမလို့ကွ…. မင်းနိုင်မှာတာက မဖြစ်ဘူးမပြောနိုင်ဘူး။”
“မင်းပြောသလိုငါလည်းစဉ်းစားမိတယ်.. မနက်ဖြန်ကြမှ ရပ်မိရပ်ဖတွေခေါ်ပြီး သေချာတိုင်ပင်ကြည့်တာပေါ့ကွာ။”
ထို့နောက်တွင်တော့ အာလာပသလာပများပြန်ပြောကြသောကြောင့် ဒိုးနောက်လည်း အရက်ပုလင်းကိုယူ၍ အိမ်အတွင်းသို့ဝင်သွားပြီး ဖဲဝိုင်း၌ထိုင်ကာ ဖဲရိုက်လေတော့၏။ ဖဲဝိုင်း၌ ဒိုင်ကိုင်နေသော စိုးသူသည် အနိုင်ရနေသောကြောင့် အပျော်ကြီးပျော်ကာ အရက်ကလေးေမာ့လိုက် ဖဲလေးရိုက်လိုက်နှင့် ဇိမ်ကျနေခဲ့လေ၏။ သို့သော်လည်း သန်းခေါင်ကျော်တာနှင့် ပြန်ပါသွားလိုက် ပြန်ရလိုက်နှင့် ဖဲကအတော်ကို ကစား၍ကောင်းလာကြလေ၏။ ထိုစဉ် အသုဘဝိုင်းအပြင်ဘက်ကနေ..
“ဟေ့!! ဒိုးနောက်ရေ!!”ဟု အော်ခေါ်သည့်အသံ ကြားလိုက်ရ၏။ဒိုးနောက်သည် ဖဲရှုံးသွားသောကြောင့် ဖဲဝိုင်းဘေးမှာထိုင်ရင်း အရက်သောက်နေတာ ကြာပြီဖြစ်၍ ချက်ချင်းထလာကာ အိမ်အပြင်ကိုထွက်ပြီး ဝိုင်းဝ၊ ဝိုင်းအပြင်ကိုကြည့်ပါသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှတင်မက ခွေးတောင်ဖြတ်မသွားတာကိုမြင်လိုက်ရ၏။ သူသည် အထဲကို ခေါင်းကုတ်၍ ပြန်ဝင်လာချိန် ဖဲဝိုင်းဘေး၌ ထိုင်ကြည့်နေသော ကိုပုက..
“ဟေ့ကောင်ဒိုးနောက် ဘယ်ထသွားတာလဲဟ။”
“ကျုပ်နာမည်ကို အော်ခေါ်သံကြားလို့ ထွက်ကြည့်တာ… ဘယ်သူ့မှလည်းမတွေ့ပါဘူးဗျာ။”
“ဟေ!! မင်းနဲ့ငါတူတူထိုင်နေတာပါဟ…. ငါလည်းမကြားပါ့လား။”
“တကယ်မကြားတာလားကိုပု.. အသံက အကျယ်ကြီးပဲနော်။”
“တကယ်မကြားတာဟ။”
ထိုအချိန် ဝိုင်းဝဆီကနေ…
“ဒိုးနောက်ရေ!! ဒိုးနောက်!!” ဟုအော်ခေါ်သံကြားလိုက်ရပြန်၏။
“ဟော… ကြားလားကြားလား.. ကျုပ်ကိုခေါ်နေတာ။”
“ဟေ့ကောင်ဒိုးနောက်… မင်းရူးနေလား… ဘယ်သူမှမင်းကိုမခေါ်ဘူးဟ။”
“ဟာဗျာ… ကျုပ်တကယ်ကြားရတာကိုပုရ။”
” ဒီကောင်ကွာ မဟုတ်ကဟုတ်ကတွေလာပြောနေတယ်.. တော်ပြီဟေ့ရောင်… မင်းကြားကြားမကြားကြားစိတ်မဝင်စားဘူး။”
ဤသို့ဖြင့် ကြက်ဦးတွန်ချိန်(နံနက်၃နာရီခွဲ)တွင် ကိုပုတစ်ယောက် အိမ်ပြန်တော့မည်ဆိုကာ ထသွားသောအခါ ကိုဒိုးနောက်သည် ကိုပုထိုင်သည့်နေရာက ပိုက်ဆံကျန်ခဲ့တာကိုတွေ့၍ ကောက်လိုက်ကာ အနောက်ကနေ လိုက်အော်ခေါ်လေ၏။
“ကိုပု… ကိုပု..ဗျို့ကိုပု။”
ကိုပုက ဒိုးနောက်ခေါ်သံကြောင့် သွားနေရာက ရပ်လိုက်ကာ အနောက်ကို ပြန်လှည့်ကြည့်လေ၏။
“ဘာတုန်းဟ ဒိုးနောက်ရ။”
“ကိုပုပိုက်ဆံကျန်ခဲ့လို့ဗျ။”
“ဪအေး… ကျေးဇူးပဲကွာ သွားပြီ။”
ကိုပုက ဒိုးနောက်ဆီက ပိုက်ဆံကိုယူ၍ အိတ်ကပ်ထဲထည့်ကာ နှုတ်ဆက်ပြီး သူ၏အိမ်ကို ပြန်လျှောက်လှမ်းလာနေသည့်အချိန် အနောက်ကနေ တစ်ဦးတစ်ယောက် လိုက်လာသလို ခံစားရ၍ လှည့်ကြည့်မိတော့ မည်သည့်သက်ရှိမျှရှိမနေ။ ကိုပုက မင်းနိုင်သရဲများချောက်သလားဟုတွေးကာ အိမ်ကိုခတ်မြန်မြန်လျှောက်၍ ပြန်လာခဲ့လေ၏။ ဝိုင်းထဲကိုဝင်၍ အိမ်တံခါးကိုဖွင့်ကာ အထဲကိုရောက်သည့်အချိန်….
“ကိုပုရေ!! ကိုပု!!”ဟု အော်ခေါ်သည့်အသံကြောင့် “ဟေ! ဘာလဲကွာ”ဟု ထူးပြီးမှ ပြန်ထွက်ကြည့်သောအခါ မည်သူ့ကိုမှမတွေ့ရပေ။
“ဘယ်သူမှလည်းမရှိပါ့လား… ငါပဲနားကြားမှားတာလား… တောက်စ်!! အိပ်ရေးကပျက်ရတဲ့အထဲ ဘယ်နှမပေးတွေ လာပြောင်နေလဲမသိဘူး… ဘယ်ကောင်ခေါ်ခေါ်မထူးဘူးကွာ အိပ်ပြီ။”
ကိုပုက တံခါးကိုဆွဲပိတ်ပြီး သူ့ကိုတစ်ဦးတစ်ယောက်စသည်ထင်၍ စိတ်ဆိုးကာ အိပ်စက်လိုက်လေတော့၏။ သူမမြင်လိုက်သည်ကတော့ သူ၏အိမ်ဝိုင်းရှေ့၌ မဲမဲအရိပ်ကြီးတစ်ခုက အစွယ်အဖွေးသားပေါ်အောင် ပြုံးလိုက်ခြင်းဖြစ်ပေတည်း။
∆အခန်း(၂)
°°°°°°°°°°°°°°
“အမလေးကိုပုရဲ့…. ကျုပ်ကိုထားခဲ့ပြီလားတော့်… ရှင်မရှိပဲ ကျုပ်ဘယ်လိုနေရမှာလဲကိုပုရဲ့… ရှင့်ရဲ့မယားကျုပ်ခေါ်နေတယ်လေ… ထကြည့်ပါအုံး.. ကျုပ်ဘယ်လိုဖြေသိမ့်ရမလဲတော်… ရှိတာမှ ဒီလင်နဲ့ဒီမယား နှစ်ယောက်တည်းရှိတာ… ရှင်ကြီးကကျုပ်ကို တစ်ယောက်တည်းထားရစ်ခဲ့ရသလားကိုပုရဲ့ အီးဟီးဟီး။”
ကိုပု၏ မိန်းမဖြစ်သူ ဒေါ်ရင်ရွှေတစ်ယောက် ကာလသားများထမ်းထားသော ကိုပုအခေါင်းကိုကြည့်ကာ အနောက်ကနေ လိုက်သွားရင်း ရင်ထုမနာ ငိုကြွေးနေခြင်းဖြစ်ပေ၏။ ကိုပုဆုံးသည်မှာလည်း ညကအကောင်း၊ နံနက်နိုးမလာတော့မှ သေဆုံးနေတာဖြစ်ကြောင်း သိရှိရတာကြောင့် မင်းနိုင်နှင့်သေပုံသေနည်းတူ၍ ရွာကလူများ စိုးရွံ့ထိတ်လန့်လာကြ၏။ သူကြီးအိမ်ဝိုင်းထဲ၌ ရပ်မိရပ်ဖများစုံစုံလင်လင်ထိုင်၍ ဆွေးနွေးကြလေတော့သည်။
“မနေ့မနက်ကမှ မင်းနိုင်သေလို့မြေချပြီး… ဒိီနေ့မနက်ကိုပုအလောင်းမြေချရပြန်ပြီ… ဒါက သွေးရိုးသားရိုးမှ ဟုတ်ပါ့မလားသူကြီး။”
“ကျုပ်လည်းအဲဒါပဲစဉ်းစားနေတာ ကိုသန်းလှိုင်… သေသွားတဲ့နှစ်ယောက်ကလည်း သန်သန်မာမာတွေ.. ညအိပ်ရာဝင်သည်အထိအကောင်းကို မနက်ရောက်မှ သေနေမှန်းသိရတာ။”
အဘလှကဝင်၍…
“ငါ့အထင်တော့ မကောင်းတဲ့ပညာရပ်နဲ့များ ပြုစားခံရသလားမပြောတတ်ဘူး။”
“မင်းပြောသလို ငါတို့ရွာမှာ မကောင်းတဲ့ပညာတတ်သူမှမရှိပဲ။”
“ဒီလိုတော့ပြောလို့မရဘူးသူငယ်ချင်းရ.. တချို့က သူတို့ပညာတတ်မှန်းမသိအောင်… သိုသိုသိပ်သိပ်နေတတ်ကြတယ်။”
“ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းနဲ့ မနေ့ညကပြောသလို ဆရာတော်ကိုလျှောက်ပြီး ပရိတ်ရွတ်စေချင်တယ်။”
“သူကြီးပြောတာကျုပ်လည်းထောက်ခံတယ်.. ဘုရားရှင်ရဲ့ပရိတ်ဒေသနာတော်တွေဆိုတော့ ကျုပ်တို့ရွာမြေသန့်တာပေါ့ဗျာ။”
ဤသို့ဖြင့် သူကြီးတို့ရပ်မိရပ်ဖများတိုင်ပင်ပြီး ရွာသူရွာသားများကိုပြောပြသောအခါ လက်ခံကြသောကြောင့် ဆရာတော်ကြီးကို သူကြီးကိုယ်တိုင်ဦးတိုက်လျှောက်ထား၍ ပရိတ်ရွတ်ဖတ်ရန် တောင်းပန်လျှောက်ထားအပ်လေ၏။ ဆရာတော်ကြီးကလည်း လက်ခံတော်မူပြီးသည့်နောက် နံနက်ဖြန်ခါ ပရိတ်ရွတ်ဖတ်ဖို့ စီစဉ်စရာရှိတာစီစဉ်ကြရလေ၏။ ကာလသားများကလည်း လိုအပ်တာများ နေ့အခါ၌ အားတက်သရော ကူညီလုပ်ကိုင်ပေးကြပြီး မှောင်ရီပျိုးတာနှင့် အရက်ပုလင်းခါးကြားထိုး၍ မသာအိမ်နှစ်အိမ်ကို ကူးခါသန်းချည် လှည့်နေကြလေ၏။
ကိုတုတ်ပေါ်ဆိုင်၌ ထိုင်နေကြသော ဝင်းအောင်၊ အတွတ်နှင့် လှိုင်စိုးတို့က အရက်ကလေးထွေလာသောအခါ ရွာက အပျိုများအေြကာင်းကို အားရပါးရပြောနေကြလေ၏။
“ဝင်းအောင် မင်းညနေက မလိုက်လို့နော်… ရေခပ်ဆင်းလာတဲ့ လုံးတင်မက ရေအိုးကလေးရွက်ပြီးသွားတာ ကြည့်ရတာများကွာ နာမည်နဲ့လိုက်ပါ့… လုံးတင်နေတာပဲ။”
“ဟလား.. တောက်စ် _မကြည့်ရတာနာလိုက်တာကွာ။”
“ဟုတ်တယ်ဝင်းအောင်… ဖြူဖွေးဆိုတာကလည်း ဒီနေ့ရင်လျားကလေးနဲ့ နာမည်နဲ့လူ သူလည်းလိုက်တယ်ဟေ့… တစ်ကိုယ်လုံးဖြူဖွေးနေတာပဲဟီးဟီး။”
“မဲတဲ့နေရာတော့ မဲမှာပါကွ။”
“ဟာဟေ့ကောင်ဝင်းအောင်… မင်းအဲဒါကြ တော်တော်ကိုမိုက်ရိုင်းသွားပြီ။”
“ဟုတ်တယ် ငါတို့က မျက်စိပသာဒဖြစ်ရုံဆိုပဲ ဘူးတာ… မင်းဒီလောက်ထိမပြောသင့်ဘူး။”
“ဟာ မင်းတို့ထင်ရာစွတ်ပြောမနေနဲ့လခွီးတဲ့မှ.. ငါပြောတာ ဒူးခေါင်တို့၊ တံတောင်တို့၊ ချိုင်း(ဂျိုင်း)ကြားတို့ပြောတာဟ.. ကိုကြိုက်တာဆွဲတွေးမနေနဲ့။”
“ထွီ!! ဘာလို့ကိုကြိုက်တာဆွဲတွေးရမှာလဲဟ… ကဲကဲမြန်မြန်သောက်ကွာ။ ကိုတုတ်ပေါကြီးက ငါတို့လာတာမကြိုက်ဘူးထင်တယ်… မျက်စောင်းတခဲခဲနဲ့ကွ။”
ဆိုင်ရှင်ကိုတုတ်ပေါက အတွတ်၏ပြောစကားကိုကြားကာ…
“ငါ့ဆိုင်ကိုဖောက်သည်လာတာ ငါကြိုက်တာပေါ့အတွတ်ရယ်… အေးဒါပေမဲ့ မင်းတို့ကောင်တွေက အရက်မူးတာကနည်းနည်း ရွာကအပျိုတွေကို နှမခြင်းမစာမနာ ပါးစပ်အရသာခံပြစ်မှားနေတာကြ လွန်တာပေါ့ကွာ။”
“ဪ ကိုတုတ်ပေါရာ.. ကျုပ်တို့က ကာလသားလူပျိုတွေပဲ ဒီလောက်ကတော့ ရှိမှာပဲ။”
“ယောက်ျားခြင်း ငါနားလည်ပါတယ်… အေး ဒါပေမဲ့ မင်းတို့သုံးကောင်က တဏှာကိုရူးလွန်းလို့ပြောတာဟေ့။”
“ဟာဗျာ… အဲဒီလောက်ကြီးတော့ပြောဖို့မသင့်ပါဘူး…. ပြန်ရအောင်ကွာ… လေလုံးနဲ့တိုက်ခိုက်တဲ့စကားတွေ ငါမခံနိုင်တော့ဘူး။”
“ငါရောပဲအတွတ်ရေ.. ကိုတုတ်ပေါ ပိုက်ဆံထားခဲ့ပြီဗျို့။”
ဝင်းအောင်တို့သူငယ်ချင်းသုံးဦးသည် ဒယီဒယိုင်ခြေလှမ်းများဖြင့် ပခုံးဖက်ထားကြကာ ဘယ်ရောက် ညာရောက်ရွာလမ်းမတလျှောက် အပြည့်လျှောက်၍ လာနေကြလေ၏။ ဝင်းအောင်သည် လျှောက်နေရင်း အနောက်ကနေ တစ်ယောက်ယောက်လိုက်လာသံလိုလိုကြားလိုက်ရ၏။ ခေါင်းကိုလှည့်ကြည့်သောအခါ လူအရိပ်တစ်ခုက ရပ်နေလေ၏။
“နောက်ကဘယ်ကောင်တုန်းမသိဘူး လိုက်လာတယ်ကွ။”
“ဟုတ်လား.. ဘယ်သူမှမရှိပါဘူးဝင်းအောင်ရ။”
“အေးလေ ငါလည်းကြည့်နေတာပဲ.. မရှိပါဘူး ဝင်းအောင်ရဲ့။”
“စောစောကရှိတယ်… အခုဘယ်ရောက်သွားလဲမသိဘူး။”
“ဟားဟားဟား ဝင်းအောင် မင်းအရမ်းမူးနေပြီမလား။”
“မမူးသေးပါဘူးကွ။ ငါတကယ်မြင်လိုက်တာ။”
” အဲဒါအသာထားအုံး… အခုငါနဲ့အတွတ်က ကိုပုအသုဘအိမ်သွားမလို့ မင်းလိုက်အုံးမလား။”
“မလိုက်တော့ဘူး ငါ့အမေမျှော်နေလိမ့်မယ်… အိမ်ပဲပြန်တော့မယ်။”
“အေးအေးဟုတ်ပြီ။”
ဤသို့ဖြင့် ဝင်းအောင်နှင့် အတွတ်တို့သည် လမ်းခွဲကာ ဝင်းအောင်တစ်ဦးတည်း လျှောက်၍လာနေချိန် အနောက်ကနေ တဖတ်ဖတ်လမ်းလျှောက်လာသံကို ကြားလိုက်ရတာကြောင့် ခေါင်းလှည့်ကြည့်သည့်အခါ သဲသဲကွဲကွဲမမြင်ရသော်လည်း လူတစ်ယောက် လမ်းလျှောက်လာတာကိုတွေ့လိုက်ရ၏။ သူလည်း အဖော်ရှိတာပဲဆိုကာ သီချင်းလေးဆိုရင်း လျှောက်လာခဲ့ကာ အိမ်ဝိုင်းထဲကိုဝင်လိုက်တာနှင့်…
“ဟဲ့ဝင်းအောင်.. ဘယ်အချိန်ရှိနေပြီလဲ တစ်နေကုန်အလေလိုက်ပြီး ညဆိုမူးရူးပြီးမှပြန်လာတယ်။”
“အမေကလည်းဗျာ… အိမ်ပြန်ရောက်ရင် အမြဲဆူနေတာပဲ။”
“ဆူရမှာပေါ့ဟဲ့… နင်လုပ်နေတာတွေကဟုတ်မှမဟုတ်တာ အိမ်အလုပ်လည်းဝိုင်းမကူတဲ့အပြင် မိဘဆီကလက်ဖြန့်တောင်းပြီး အရက်ဆိုင်သွားဖို့လောက်သိတာ။”
ဝင်းအောင်က ခုံ၌ထိုင်၍ သူ့အားဆူနေသော အမေဖြစ်သူကို မသိကျိုးကျွံပြုကာ လှေတံခါး၌ ဖိနပ်ချွတ်နေစဉ် …
“ဝင်းအောင်ရေ!! ဝင်းအောင်!!” ဟု အော်ခေါ်သည့်အသံကိုကြားလိုက်ရ၍ အနောက်ကိုလှည့်ကာ “ဟေ!! ဘာတုန်း!!”ဟု ပြန်ထူးလိုက်လေ၏။
“ဟဲ့ဝင်းအောင် နင့်ကိုဘယ်သူခေါ်လို့တုန်း။”
“အမေမကြားလိုက်ဘူးလား… ကျုပ်ကိုအော်ခေါ်နေတာလေ။”
“ဟဲ့ နင့်ကိုဘယ်သူမှမခေါ်ဘူး… သွားသွားအထဲဝင်… ဒီကောင်လေးကတော့ ညကြီးမိုးချုပ် နာမည်ခေါ်တိုင်းလျှောက်ထူးနေတယ်။ နင်တော့နာတော့မယ်။”
ဝင်းအောင်လည်း ခြံဝကိုလှမ်းကြည့်ပေမဲ့ မည်သည့်လူကိုမှ မတွေ့ရသောကြောင့် အိမ်ထဲဝင်၍ ထမင်းစားသောက်ပြီး အိပ်ရာဝင်ခဲ့လေ၏။ နံနက်မိုးလင်း ကြက်တွန်ချိန်၌ ဒေါ်ဝက်မတစ်ယောက် သားဖြစ်သူဝင်းအောင်အလောင်းကိုကြည့်ကာ အော်ဟစ်ငိုကြွေး၍ နေလေသတည်း။ ရွာရှိလူများလည်း ရောက်လာကြကာ သုံးရက်ဆက်တိုက် လူသေနေတာကြောင့် အတော်ကို ထိတ်လန့်တုန်လှုပ်လာခဲ့ကြလေ၏။
သူကြီးဖြစ်သူလည်း သူ၏သူငယ်ချင်းဘလှနှင့်အတူ အိမ်ရှေ့က ကုလားထိုင်မှာထိုင်ရင်း တွေးတောနေကြ၏။
“ဒါ သွေးရိုးသားရိုး လုံးဝမဟုတ်တော့ဘူးငလှရာ… မင်းပြောသလို ငါ့ရွာပြုစားခံနေရတာများလား။”
“ငါတို့တတ်သိနားလည်မဲ့ ဆရာတွေခေါ်ပြရင် မကောင်းဘူးလားသူငယ်ချင်း… ဒီအတိုင်းဆို တစ်နေ့တစ်ယောက်နှုန်းနဲ့ တစ်ရွာလုံးသေကုန်တော့မယ်။”
“တတ်သိနားလည်တဲ့ဆရာဆိုတာကလည်း ရှားတယ်ကွ… ဒီခေတ်ထဲ လူလိမ်တွေကလည်းပေါပါဘိနဲ့… အချိန်ကုန်ငွေကုန်ဖြစ်မှာစိုးရတာ။”
သူကြီးနှင့်အဘလှတို့ စကားပြောနေခိုက် ဝိုင်းဝတွင် ယောဂီဝမ်းဆက်နှင့် လူငယ်နှစ်ဦး လာရပ်တာကိုတွေ့လိုက်ကြရ၏။ ထိုလူငယ်နှစ်ဦးက သူတို့ကိုလှမ်းကြည့်၍..
“အဘတို့ ဒါ သူကြီးအိမ်လားခမျ။”
“အေးဟုတ်တယ်လေကွာ..ဝင်ခဲ့။”
ထိုလူငယ်နှစ်ဦးက သူတို့၏ လွယ်အိတ်များကို လက်တစ်ဖက်နှင့်ထိန်းရင်း ဝိုင်းထဲကိုဝင်လာခဲ့ကြလေ၏။ သူကြီးနှင့်အဘလှတို့က ထိုလူငယ်နှစ်ဦးကို ခြေဆုံးခေါင်းဆုံးကြည့်၍ တစ်ဦးမျက်နှာတစ်ဦးပြန်ကြည့်လိုက်ကြ၏။
“ဘာကိစ္စရှိလို့လဲ။”
“ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်က နယ်လှည့်ကုသနေတဲ့ ဆေးဆရာတွေပါ… အဲဒါဒီရွာမှာ တစ်ရက်လောက်တည်းခိုချင်လို့ သူကြီးဆီအရင်ဆုံးလာခွင့်တောင်းတာ။”
“တည်းချင်တာကတော့ရပါတယ်… ဒါထက် သူငယ်တို့က ဆေးဆရာဆိုတော့ ဘယ်လိုဆေးဆရာမျိုးလဲ။”
“တတ်သည့်ပညာမနေသာဆိုတဲ့အတိုင်း ကျွန်တော်တို့အနေနဲ့ ဘယ်ရောဂါမျိုးကိုမဆိုပျောက်အောင်ကုသပေးပါတယ်… ခေါင်းကိုက်လို့ဖျားနာတာကအစ… စုန်းတိုက်၊ နတ်တိုက်၊ ပယောဂတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။”
“ဪ ဒီလိုလား.. ထိုင်ကြပါအုံး.. ကျုပ်လည်း မောင်ရင်တို့ကိုပြောစရာရှိလို့ပါ။”
ထိုလူငယ်နှစ်ဦးကလည်း သူကြီးတို့နှင့် မျက်နှာခြင်းဆိုင်က တန်းလျားခုံ၌ ဝင်ထိုင်လိုက်ကြလေ၏။ ထိုအခါသူကြီးသည် သူ၏ရွာ၌ တစ်ရက်ကိုတစ်ယောက်နှုန်းနှင့် သုံးရက်တိတိ သုံးယောက်သေ၍ နံနက်တိုင်း အသုဘချနေရတာကို ပြောပြလိုက်၏။ ထိုလူငယ်နှစ်ဦးက ခေါင်းတွင်တွင်ညိမ့်၍ နားထောင်နေကြလေ၏။
“အဘပြောပုံအရဆို ဒါက သွေးရိုးသားရိုးတော့မဟုတ်ဘူး… ပညာနဲ့အတိုက်ခံရသလားဆိုတာလည်း တပ်အပ်မပြောနိုင်သေးတော့ … ဒီနေ့ည ကျွန်တော်တို့ အဖြေရှာကြည့်ပါ့မယ်။”
“မောင်ရင်တို့ ကူညီနိုင်ရင်တော့ကောင်းတာပေါ့ကွယ်.. အဲဒီအတွက်လည်း အဖိုးအခကမနည်းစေရပါဘူး။”
ထိုလူငယ်နှစ်ဦးက သူကြီးကိုကြည့်၍ သွားများပေါ်သည်အထိပြုံးရယ်ကာ..
“မေတ္တာစေတနာထားပြီး ကျွန်တော်တို့ဝါသနာနဲ့တာဝန်အရ ကူညီတာဖြစ်လို့ အဘပေးမဲ့အဖိုးအခမယူပါဘူး။”
“ကျွန်တော်တို့ညီအစ်ကိုက အခကြေးငွေရမှ ကုပေးတဲ့ ဆရာတွေမဟုတ်ပါဘူး။”
“ကျုပ်စကားမှားသွားတာဆိုရင် တောင်းပန်ပါတယ်ကွယ်… ကျုပ်ဘက်က ငွေကြေးပြန်မကူညီရဘူးဆိုရင်လည်း.. ကျုပ်တစ်ခုခုကူညီနိုင်တာများရှိမလား။”
“ကျွန်တော်တို့ နေဖို့ထိုင်ဖို့နဲ့ စားဖို့သောက်ဖို့အတွက် အဘစီစဉ်ပေးနိုင်ရင် ကျွန်တော်တို့တကယ်ကျေးဇူးတင်မှာပါ။”
“ဒါများဗျာ ကျုပ်အိမ်မှာပဲနေ ကျုပ်အိမ်မှာပဲစားလည်းရပါတယ်ဗျ။ ဒါနဲ့ မောင်ရင်တို့နာမည်က။”
“ကျွန်တော့်နာမည်စောသပါ။”
“ကျွန်တော့်နာမည်ကခွန်းသပါ။”
စောသနှင့်ခွန်းသတို့သည် သူကြီးအိမ်၌တည်းခို၍ သမထအားထုတ်ကြလေတော့၏။ စောသသည် ပုတီးကိုစိပ်၍ တရားထိုင်နေချိန် အမြင်အာရုံထဲ၌ စိမ်းလမ်းစိုပြည်နေသော တောအုပ်ဘေးတွင် တောင်တစ်လုံးက ခံ့ညားထည်ဝါစွာရှိနေတာကို မြင်လိုက်ရ၏။ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပသီတို့ဟာလည်း ထိုတောအုပ်အတွင်းကနေ တောင်ပေါ်ကိုတက်သွားကြသလို၊ တချို့ဝိဇ္ဇာများဟာလည်း တောင်ပေါ်ကဆင်း၍ ပျောက်သွားကြလေ၏။
ခွန်းသကတော့ သမထအားထုတ်နေချိန် သူ၏နားထဲ၌ အလွန်တရာမှ ဩဇာအာဏာသံပါပြီး အေးမြတည်ကြည် ဂီတသံပမာ နားထောင်ကောင်းလှသည့် လူပုဂ္ဂိုတစ်ဦး၏ မန္တာန်တစ်ပုဒ်ရွတ်ဆိုသံကို ကြားနေရလေ၏။ ညနေနေဝင်ရီတရော်ချိန်ထိ ဤကဲ့သို့ စောသအမြင်အာရုံက ပျောက်မသွားသလို၊ ခွန်းသ၏အကြားအာရုံ၌လည်း ကြားနေရစမြဲပင်ဖြစ်လေ၏။
ထို့နောက်တွင်တော့ စောသနှင့်ခွန်းသတို့ မေတ္တာပို့အမျှဝေကာ တရားထိုင်ဖြုတ်လိုက်ကြပြီး ညီအစ်ကိုနှစ်ဦးသား အိမ်အောက်ကိုဆင်း၍ ကုလားထိုင်များ၌ ထိုင်လိုက်ကြ၏။ သူကြီးတို့ကတော့ ရွာအတွက် ပရိတ်ပဌာန်းရွတ်ဆိုရာ၌ သွားရောက်နေကြသောကြောင့် အိမ်တွင် သူတို့ညီအစ်ကိုနှစ်ဦးသာ ကျန်ခဲ့လေ၏။
“အမြင်အာရုံထဲမှာတော့ တောင်တစ်လုံးနဲ့တောအုပ်ကိုမြင်လိုက်ရတယ်… ဝိဇ္ဇာတွေကိုလည်းတွေ့ရတော့ ငါထင်တာမမှားရင် အဲဒါပုပ္ပါးတောင်ဖြစ်မယ်ထင်တယ်။”
“ဟုတ်လား.. ငါလည်း ပုဂ္ဂိုလ်တစ်ယောက်ရဲ့ မန္တာန်ရွတ်သံကို စဉ်ဆက်မပြတ်ကြားလိုက်ရတယ်… အသံက ငါတော်တော်ကိုရင်းနီးတဲ့အသံမျိုး.. ဆရာ့အသံများလားမသိဘူး။”
“အေး ဒီနေ့က၂နှစ်ပြည့်တဲ့နေ့ပဲကွ… ကြည့်ရတာ ငါတို့ဆရာပစ်ဒဏ်ကလွတ်ပြီထင်တယ်။”
“ငါတော့ ဆရာနဲ့တွေ့ချင်လှပြီအစ်ကိုရာ… တော်တော်လွမ်းနေပြီ။”
“အချိန်တန်ရင် ဆရာငါတို့ကိုခေါ်မှာပေါ့ မင်းကလည်း.. တွေ့ရမှာပါ။”
ဤသို့ဖြင့် နေရောင်လုံးလုံးကွယ်ပျောက်သွားသောအခါ စောသနှင့်ခွန်းသတို့သည် ရွာထဲကိုလျှောက်လာခဲ့ကြပြီး ခတ်လှမ်းလှမ်း၌ လူနှစ်ယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရ၏။ မည်သူမည်ဝါမှန်းမသိသော်လည်း တစ်ယောက်က အိမ်ဝိုင်းတစ်ခုထဲဝင်သွားပြီး တစ်ယောက်က ခြံအပြင်၌ မတ်တပ်ရပ်၍ လှမ်းကြည့်နေလေ၏။ ခဏအကြာတော့ အပြင်ကရပ်နေသူက အထဲကိုအော်ခေါ်သံနှင့် အိမ်ထဲကပြန်ထူးသံကိုကြားလိုက်ရ၏။
“ခွန်းသတွေ့လား… ခြံရှေ့ကောင်က လူမဖြစ်နိုင်ဘူး… သူ့ခန္ဓာကိုယ်မှာ အခိုးငွေ့လေးတွေထွက်နေတယ်။”
” ဟုတ်တယ်… ကြည့်ရတာ ဒီကောင်များလားမသိဘူး… ဒီကောင်ခေါ်တာကို အထဲကလူက ပြန်ထူးတယ်ဆိုတော့ … ဆရာပြောဖူးတဲ့ တစ္ဆေခေါ်သံလားမသိဘူး။”
“ဘာပဲဖြစ်ဖြစ် ဒီကောင့်ခေါ်မေးကြည့်ရအောင်။”
“အဲဒါကောင်းတယ်။”
စောသနှင့်ခွန်းသက လျှောက်လှမ်းလာချိန် ခြံအပြင်၌ရပ်နေသောသူက တစ်ခုခုကို သတိထားမိသွားပြီး စောသတို့ဘက် ဆတ်ခနဲလှည့်ကြည့်လေ၏။ စောသတို့ကိုတွေ့သွားသည့်အခါ၌ အနောက်ကိုဆုတ်သွားကာ ရိပ်ခနဲရိပ်ခနဲထွက်ပြေးတော့လေသည်။
“သေချာပြီ… ဒီကောင်ပဲ ရွာကလူတွေသတ်နေတာ။”
“ဟုတ်မယ်အစ်ကို… ဒီကောင့်ကိုတစ်ခါတည်းလိုက်ဆုံးမရအောင်။”
စောသက သစ်ရွက်ကိုကောက်၍ ဂါထာတစ်ပုဒ်နှင့်မန်းမှုတ်ပြီး လေပေါ်ကိုပစ်တင်လိုက်သောအခါ သစ်ရွက်ကလေးက လေမတိုက်ပဲ ပျံဝဲပြီး ထွက်သွားရာအနောက်ကို စောသနှင့်ခွန်းသလည်း လိုက်လာခဲ့ကြလေ၏။ သစ်ရွက်ကလေးက ရွာအနောက်ဘက်ကိုဦးတည်၍ ထွက်သွားကာ သင်္ချိုင်းဝအရောက်၌ မြေပြင်ပေါ်ကို ကျသွားခဲ့လေ၏။
“သခင်္ျိုင်းထဲကအကောင်ပဲထင်တယ် ခွန်းသ။”
“ဆိုင်ရာကိုခေါ်မေးကြည့်ရမယ်အစ်ကို။”
“ဒီသုဿန်စောင့်ကြပ်ရတဲ့ ပုဂ္ဂိုလ် ငါဆရာရှေ့မောက်ကို ဒူးထောက်အခစားဝင်စမ်းဟေ့။”
စောသ၏ အာဏာစက်သံအဆုံး၌ သစ်သားတင်ပုတ်နှင့် သဘက်ကြီးတစ်ကောင်က ခတ်လှမ်းလှမ်းက ညောင်ပင်ပေါ်ကနေဆင်းလာကာ ဒူးထောက်အခစားဝင်လေ၏။
“ကျွန်ုပ်ရောက်ပါပြီဆရာ။”
“မင်းက ဒီသုဿန်ကိုစောင့်ရတဲ့ပုဂ္ဂိုလ်လား။”
“မှန်ပါတယ်ဆရာ ကျွန်ုပ်နာမည်ငထွားလို့ခေါ်ပါတယ်။”
“ကဲငထွား.. မင်းရဲ့သုဿန်ထဲက တစ္ဆေတစ်ကောင်က လူတွေကို နာမည်တုပပြီးအော်ခေါ်တယ်… ပြီးရင်သူတို့အိပ်နေတုန်းမှာ ဝိဉာဉ်ကိုနှုတ်ယူပြီး လူသတ်နေတာသိလား။”
“ကျွန်ုပ်မသိကြောင်းပါ ဆရာ… ကျွန်ုပ်လက်အောက်မှာ အောက်လက်ငယ်သား ထောင်ချီရှိနေတာေြကာင့် လစ်ဟင်းသွားမှုလေးရှိသွားတာပါ… ဒီအတွက် ဆရာတို့ကိုတောင်းပန်ပါတယ်။”
“အခု အဲဒီကောင်ကိုခေါ်ပြီး မင်းငါတို့ရှေ့မှာဆုံးမစမ်း။”
“ဟုတ်ကဲ့ပါဆရာ… ကျွန်ုပ် ဆရာတို့ရှေ့မှာခေါ်ဆံုးမပြပါ့မယ်။”
သုဿန်စောင့်ငထွားသည် တင်းပုတ်ကိုပခုံးပေါ်ထမ်း၍ အနောက်ကိုလှည့်ကာ “ရွာထဲကို ငါ့ခွင့်ပြုချက်မရှိပဲဝင်ပြီး.. လူတွေကိုဝိဉာဉ်နှုတ်နေတာ ဘယ်ကောင်လဲကွ ငါ့ရှေ့အခုထွက်ခဲ့စမ်း… ထွက်မလာဘူးလား… သိတဲ့ကောင်တွေက အဲဒီခွေးသားကို ငါ့ရှေ့ချုပ်ပြီးခေါ်ခဲ့စမ်း။”ဟု အော်ပြောလိုက်ချိန်၌ လေးဘက်ကုန်းကြီးသရဲနှစ်ကောင်က မည်းမည်းအကောင်တစ်ကောင်ကိုတရွတ်တိုက်ဆွဲပြေးလာကာ သုဿန်စောင့်ငထွားအရှေ့ကို အမွှေးစုတ်ဖွားဖွား အစွယ်အဖွေးသားနှင့် တစ္ဆေကောင်ကိုချပေးပြီး ပြန်လှည့်ပြေးသွားလေ၏။ ထိုတစ္ဆေကောင်သည် လက်အုပ်ချီကာ ငထွားကိုတောင်းပန်နေလေ၏။
“ကျုပ်..ကျုပ်မှားပါတယ်… အရှင်ရယ်..ကျုပ်လူတွေငိုသံကြားရတာ ကြိုက်လွန်းလို့လုပ်မိတာပါ…. ခွင့်…ခွင့်လွှတ်ပေးပါဗျာ။”
“ဒါဆိုလည်းဒီတစ်ခါ မင်းငိုသံကို မင်းပြန်နားထောင်စမ်းဟေ့။”
ငထွားက ခြေထောက်ဖြင့်တက်နင်းကာ ေြခကိုပြန်ကြွ၍ သူ၏သစ်သားတင်းပုတ်ကြီးဖြင့် အားကုန်ရိုက်နှပ်ပြီး တရစပ် ထုထောင်းလေတော့သည်။ တစ္ဆေကောင်ခမျှ မရှူ့မလှခံစားရကာ အော်ဟစ်နေသံက သုဿန်တစ်ခုလုံး ဖုံးလွှမ်းနေခဲ့၏။ ထိုစဉ် စောသနှင့်ခွန်းသတို့၏ မနောအာရုံကနေ “ပုပ္ပါးတောင်ကိုလာခဲ့ကြ.. ငါဒီမှာရှိတယ်”ဆိုသည့် ဆရာသခင်ဖြစ်သူ သူရ၏အသံကိုကြားလိုက်ကြရ၏။ ညီအစ်ကိုနှစ်ဦးသား ပြုံးလိုက်ကြကာ..
“ကဲကဲ ငထွားတော်တော့.. ဒီလောက်ဆိုသူလည်းမှတ်ပါပြီ.. နောက်တစ်ခါမင်းအနေနဲ့ မပေါ့လျော့တော့နဲ့။”
“ဟုတ်ကဲ့ပါဆရာ.. ကျွန်ုပ်သတိထားပါ့မယ်။”
ဤသို့ဖြင့် စောသနှင့်ခွန်းသတို့သည် သုဿန်ကိုကျောခိုင်း၍ ပြန်ထွက်လာခဲ့ကြကာ ရွာထဲကိုပြန်ဝင်ပြီး သူကြီးအိမ်ကို ပြန်ရောက်လာခဲ့ကြ၏။ ထို့နောက် သူကြီးကို အန္တရာယ်များကင်းပြီဖြစ်ကြောင်းသေသေချာချာရှင်းပြ၍ အဆောင်လက်ဖွဲ့များပေးပြီး အိပ်ရာဝင်ခဲ့ကာ နံနက်အရုဏ်တက်တာနှင့် အိပ်ရာကထ၍ ညီအစ်ကိုနှစ်ဦးသား ပုပ္ပါးတောင်ဆီသို့ ခရီးဆက်ခဲ့ကြလေသတည်း။
~~~~
ပြီးပါပြီ။
နောင်တစ်ပိုင်းတွင်တော့ သူရနှင့် တောနက်ထဲကတောက်ေခါက်သံ ဆိုသည့်စာမူအား ဆက်လက်တင်ပြပါမည်။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)
Leave a Reply