လင်ပန်းတချပ်နှင့်သယ်လာပြီးနောက် စားပွဲခုံပေါ် တင်လိုက်ပြီး သူမသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။ထိုအခါ ဦးဖိုးဝေသည်
“ကလေးမ လာ လာ ဒီတန်းလျားပေါ် ထိုင်ပါကွယ် “
“ဆရာကြီးတို့နဲ့ တတန်းတည်းမထိုင်ဝံ့ပါဘူး”
“မဟုတ်တာ လာ လာ ထိုင် ဦးကြီးစကားကိုနားထောင်မယ်လို့ ထင်တယ်”
ဦးဖိုးဝေမှ လှယမင်းမငြင်းနိုင်လောက်သော စကားကိုဆိုလိုက်သည့်အတွက် သူမ မငြင်းသာတော့ပဲ ဦးဖိုးဝေတို့နှင့် မျက်နှာချင်းဆိုင်တန်းလျားတွင် ၀င်ထိုင်လိုက်သည်။ထို့နောက်ဦးဖိုးဝေသည်
“ကလေးမရဲ့အမနဲ့အဘ ဘယ်သွားကြလဲ မတွေ့ပါလား”
“အလှုအတန်းလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းပစ္စယတွေ သွားဝယ်ကြတယ် ညနေခင်းလောက်ဆိုရင်တော့ ပြန်ရောက်လောက်ပါပြီ “
“အင်း အလှုအတန်းလုပ်ဖို့အတွက် အဆင်ပြေရော ပြေရဲ့လား”
“မလိမ်မညာပြောရရင်တော့ မပြေဘူးဆရာကြီး လယ်တွေရောင်းပြီး အလှုအတန်းလုပ်မယ်လို့ ကျမတို့ဆုံးဖြတ်လိုက်တာ”
“ဪ “
ဦးဖိုးဝေနှင့် သူရိယ မည်သည့်စကားမှ ထပ်မပြောပေ။ထို့ နောက် ဦးဖိုးဝေသည် လှယမင်းအား နှုတ်ဆက်စကားဆိုလိုက်ချိန်တွင်တော့ သူမ အံ့ဩနေရပြန်သည်။ပြီးနောက် နားမလည်နိုင်သည့်ဟန်နှင့် စကားဆိုလိုက်၏။
“ဆရာကြီး ခုပဲ ရောက်တယ် ချက်ချင်းပြန်တော့မလို့လား ဆရာကြီးတို့မရှိရင် ကျမတို့အလှုအတန်းက အထမြောက်မှာမဟုတ်ဘူး”
“ပြန်လာပါ့မယ် ကလေးမ ဦးကြီးတို့က လွမ်းတောင်ကို အလောတကြီးသွားစရာရှိသေးလို့ပါ။ဒီကိုလာတယ်ဆိုတာက အလှုပေးဖို့အတွက် သတိလာပေးတာလေ အလှုအတွက်က ပူစရာမလိုလေတော့ ဦးကြီးတို့လွမ်းတောင်ကို ကြိုသွားနှင့်ပြီး အလှုမှာ သာဓုခေါ်နိုင်မဲ့သူတွေကို ဖိတ်ရပေဦးမယ် “
ဦးဖိုးဝေ သေချာရှင်းပြလိုက်မှ လှယမင်းကျေနပ်သွားသည်။ ထို့နောက် စားစရာသောက်စရာများကို ထုပ်ပိုးပေးလေသည် ။
“ဆရာလေး ဒါက ကောင်ညှင်းပေါင်းနဲ့အကြော် “
အင်ဖက်နှင့်တမျိုး၊ဟန်းကောချိုင့်နှင့်တဖုံ ထည့်ထားသော အစားအသောက်များအား လှယမင်းမှ သေချာပြင်ဆင်ထည့်ပေးလေသည်။ထို့နောက် သူမသည် လွမ်းတောင်ရွာသို့သွားရန်ပြင်နေသော ဦးဖိုးဝေတို့အား ရှိခိုးဦးချကန်တော့လိုက်ပါလေတော့သည် ။
◾အခန်း (၃)
လွမ်းတောင်ရွာဘုရားပွဲ ပြီးသွားပြီဖြစ်သောကြောင့် ဘုရားပွဲကျင်းပရာနေရာသည် ဟင်းလင်းပြင်အဖြစ်သာ ရှိနေပေသည်။ဘုရားပွဲပြုလုပ်သည့် လယ်ကွင်းများဘေးတွင်တော့ ဆည်းလည်းသံတချွင်ချွင်နှင့် လွမ်းတောင်စေတီမှာ ကြည်ညိုဖွယ်အတိ တည်ရှိနေလေ၏ ။ယခု လွမ်းတောင်ပေါ်ရှိစေတီဆီသို့ တက်ရောက်ဖူးမျှော်ရာလမ်းတွင် လူနှစ်ယောက်အား တွေ့ရသည်။ထိုသူနှစ်ယောက်မှာ ဦးဖိုးဝေနှင့် သူရိယတို့ဖြစ်ပြီး လွမ်းတောင်စေတီအား ဖူးမျှော်ရန် တက်ရောက်နေခြင်းဖြစ်သည်။ တောင်တက်လမ်းတလျှောက် စိမ်းစိုနေသောသစ်ပင်များနှင့် စိမ်းဆိုနေသော သစ်ပင်တို့အား ဖြတ်တိုက်ပြီး လွင့်ပျံ့လာသော လေအေးအေးတို့မှာ တောင်ပေါ်တက်နေသည့်ဦးဖိုးဝေနှင့် သူရိယတို့အတွက် အတော်ကိုအဆင်ပြေစေသည်။သူတို့နှစ်ယောက် စေတီပုရဝုဏ်ပေါ်တက်မည့်ဟန်ပြင်စဉ်
“စေတလုံးပိုင် ခေတ္တသည်းခံပါဦး”
ဦးဖိုးဝေ နှင့် သူရိယသည် အသံလာရာ အနောက်ဖက်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။စေတီတောင်တက်လမ်း စိန်ပန်းပင်ကြီး၏အောက်တွင် ဝတ်ကောင်းစားလှဝတ်ဆင်ထားသည့် လူရွယ်တယောက်အား တွေ့လိုက်ရသည်။လူရွယ်သည် သာမာန်လူတယောက်မဟုတ်မှန်း သိသာလှသည်။ထိုလူရွယ်အားမြင်သောအခါ ဦးဖိုးဝေသည် တချက်ပြုံးပြလိုက်ပြီး
“လွမ်းတောင်သိုက်က ထင်ပါ့”
“ဟုတ်ပါတယ် စေတလုံးပိုင် ကျုပ်တို့ စေတလုံးပိုင်ကို အကူ အညီလေးတောင်းစရာရှိလို့ပါ “
“ကျုပ် ကူညီနိုင်တာကိုတော့ ကူညီပါ့မယ်”
“ကူညီနိုင်မှာပါ စေတလုံးပိုင် တခြားတော့မဟုတ်ပါဘူး ကျုပ်တို့ရဲ့နှမလေး အလှုလုပ်ဖို့အတွက် သူတို့ရဲ့ဘိုးဘွားပိုင်လယ်တွေ ရောင်းချလိုက်ရတယ်လို့ ကျုပ်တို့ သိထားပါတယ် “
“အင်း အဲ့တာတော့ဟုတ်တယ်”
“သူတို့ရဲ့လယ်တွေကို ပြန်ပြီးဝယ်နိုင်ဖို့ ကျုပ်တို့မောင်နှမတွေကကူညီချင်လို့ပါ”
“ကူညီတာတော့ဟုတ်ပါပြီ အနှောက်အယှက်အပေးအယူတွေရှိသေးလား သိုက်စောင့် “
ဦးဖိုးဝေသည် သဘာဝလွန်ကိစ္စရပ်များနှင့် ပတ်သတ်လျှင် အတွေ့အကြုံရင့်ကျက်သူပီပီ ဖြစ်လာနိုင်မည့်အန္တရာယ်များကို ကြိုတင်တွက်ဆပြီး မေးလိုက်ခြင်းဖြစ်သည်။သိုက်စောင့်များ သည် ပြုလုပ်တတ်သော အကျင့်ရှိသည်။ရွှေပေးပြီး အန္တရာယ် ပေးနိုင်သလို၊တခြားလိုချင်သည်များအားပေးပြီး လိပ်ပြာနှုတ်တတ်သည်။ထိုအရေးများကို ကြိုတင်တွေးတောပြီး သိုက်စောင့်အား မေးမြန်းလိုက်ခြင်းဖြစ်သည်။ထိုအမေးစကားကြောင့် သိုက်စောင့်သည်
“ကျုပ်တို့ကို အထင်မလွဲပါနဲ့ စေတလုံးပိုင် ကျုပ်တို့ထပ်ပြီး မမိုက်ဝံ့တော့ပါဘူး ပြီးခဲ့တဲ့တခေါက်က ကျုပ်တို့မိုက်ပြစ်ကို အထက်ကသိပြီး ပြင်းထန်တဲ့ကြိမ်ဒဏ်တွေ ခံခဲ့ရပြီးပါပြီ ကျုပ်တို့နောက်ထပ် မမိုက်ဝံ့တော့ပါ စေတလုံးပိုင်။ဘ၀ အဆက်ဆက်က တော်စပ်ခဲ့ဘူးတဲ့ကျုပ်တို့ရဲ့နှမလေးကို ကျုပ်တို့ရဲ့ ကိုယ်ပိုင်ဥစ္စာနဲ့ကူညီချင်ရုံပါ “
“သင်တို့ စေတနာမှန်တယ်ဆိုရင်တော့ ကျုပ်လည်းဝမ်းသာပါတယ် ကဲ ကျုပ် ဘယ်လိုကူညီရမှာလဲ”
ဦးဖိုးဝေမှ ထိုသို့အမေးစကားကိုဆိုလိုက်ချိန် စိန်ပန်းပင်ကြီး ၏ နောက်ကွယ်မှနေ၍ ချောမောလှပသောမိန်းမပျိုလေး တယောက် ထွက်လာသည်။ကြက်သွေးရောင်ကတ္တီပါစနှင့် ထုပ်ထားသော အထုတ်လေးတထုတ်အား ကြာကလပ်ပေါ်တွင် တင်ပြီးသယ်ဆောင်လာကာ သိုက်စောင့်အမျိုးသား၏နံဘေးတွင် ရပ်လိုက်ပြီးနောက် ခေါင်းလေးကိုငုံ့ကာ ဦးဖိုးဝေနှင့် သူရိယအား အရိုအသေပေးလေသည်။သိုက်စောင့်အမျိုးသားသည် မိန်းမပျိုသယ်ဆောင်လာသောကြာကလပ်ပေါ် မှ ကတ္တီပါထုတ်လေးကိုယူပြီး ဦးဖိုးဝေ၏အနားသို့ တိုးကပ်ကာ ဒူးထောက်ထိုင်ချပြီး ပေးလေသည်။ပေးပြီးသောအခါ မတ်တတ်ရပ်လိုက်ပြီး နောက်ခပ်လှမ်းလှမ်းသို့ ဆုတ်သွားပြီးနောက် စကားဆိုလေသည်။
“စေတလုံးပိုင် ယခုပစ္စည်းတွေက ကျုပ်တို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေပါ ကျုပ်တို့ရဲ့နှမလေး အလိုရှိရာကိုသုံးဖို့ စေတနာသန့်သန့်နဲ့ပေးတာပါ ကျုပ်တို့နှမလေး မယူဘူးလို့ ငြင်းခဲ့ရင် အမွေဆိုင်မို့ ယူပေးဖို့ပြောပေးပါ “
“ကောင်းပြီ သင်တို့တွေရဲ့ဆန္ဒအတိုင်းဖြစ်စေရမယ်လို့ ကျုပ်ကတိပေးပါတယ် သင်ရဲ့နှမ အလှုအတန်းလုပ်လိမ့်မယ် အမျှဝေရင် သာဓုခေါ်ဖို့ ကျုပ်တို့လာဖိတ်ပါမယ် လာနိုင်က လာခဲ့ပါ”
“ကျုပ်တို့ ကြိုးစားပါ့မယ် စေတလုံးပိုင် အခွင့်ရှိခဲ့ရင်တော့ လာခဲ့ပါမယ် ကျုပ်တို့ကို ခွင့်ပြုပါဦး “
“ကောင်းပါပြီ “
သိုက်စောင့်နှစ်ယောက်တို့သည် ဦးဖိုးဝေကို အရိုအသေပေးကာ နောက်သို့ ဖြည်းဖြည်းချင်းဆုတ်သွားပြီးနောက် စိန်ပန်းပင်အနီးရောက်သောအခါ ပျောက်ကွယ်လို့သွားကြပါလေတော့ သည် ။
◾အခန်း (၄)
လွမ်းတောင်စေတီသည် ထုံးဖြူသင်္ကန်းနှင့် သပ္ပါယ်စွာ တည်ရှိနေပြီး ထီးတော်ရှိ ငှက်မြက်နားတော်တွင် ချိတ်ဆွဲထားသော ကြေးခေါင်းလောင်းလေးတို့အား လေတိုးဝေ့တိုက်ခိုက်သည့်အခါ သာယာငြိမ့်ငြောင်းသည့်အသံလေးမှာ အေးချမ်းတိတ်ဆိတ်ငြိမ်သက်နေသော ဘုရားကုန်းပေါ်တွင် သာယာနာပျော်ဖွယ်အတိဖြင့် ပေါ်ထွက်နေသည်။ဦးဖိုးဝေနှင့် သူရိယသည် စေတီပရဝုဏ်၏ ထောင်တထောင့်စီတွင် တရားထိုင်နေကြသည်။ဦးဖိုးဝေသည်က စနေထောင့်တွင် တရားထိုင်နေပြီး သူရိယမှာဖြင့် ရာဟုထောင့်တွင်တရားထိုင်လျက်ရှိသည်။သူတို့နှစ်ယောက်သည် အတော်ကြာသည်အထိ အမှတ်သတိတရားများဖြန့်ကျက်ပြီးတရားထိုင်နေရာမှ တရားဖြုတ်လိုက်ပြီး မြတ်စွာဘုရားအား ရည်သန်ရှိခိုးဦးချလိုက်ပြီးနောက် စေတီအား လက်ျာရစ် ပူဇော်လိုက်ကြကာ ဘုရားကုန်းပေါ်မှ ဆင်းလာကြသည်။သူတို့ ဆင်းလာသောအချိန်သည် ညနေ နေ၀င်ချိန်ဖြစ်နေပြီဖြစ်သည်။ထိုစဉ် စေတီကုန်းပေါ်သို့ အဆင်းအတက်ပြုလုပ်ရာ လမ်းဘေးဝဲယာမှ တောက်ခေါက်သံများ၊မကျေမနပ်မာန်မဲသံများ ထွက်လာလေသည်။ထိုအသံများကြားလိုက်ရသဖြင့် ဦးဖိုးဝေသည် ဘေးတွင်ရှိသော သူရိယအား တည်ကြည်စွာစကားဆိုလာသည် ။
“လူလေးရေ ဒေါသအမျက်ကို လျှော့ရမယ် မေတ္တာနဲ့သာ တုန့်ပြန်ရမယ်ကြားလား အဘကို သူတို့က ဒေါသအလျှောက် ပြောတာဆိုတာတွေ လုပ်ကောင်းလုပ်လာနိုင်တယ်။ဒါကို လူလေးက သည်းခံနိုင်မှ ရမယ်”
“ဟုတ်ကဲ့ပါအဘ ကျနော် သတိထားပါ့မယ် “
“အင်း တို့တတွေ မိုးမချုပ်ခင် ရွာခံတယောက်ကို အကူအညီတောင်းပြီး ဒါနလုပ်ဖို့အတွက်ပြင်ဆင်ရမယ် “
“ဟုတ်ကဲ့ အဘ အဲ့တာဆို ကျနော်တို့ရွာထဲသွားကြတာပေါ့ “
“အခု အဘတို့ရောက်နေတဲ့ အချိန်အခါအရ ဒါနလုပ်ရင် သူတပါးအသက်ကို သတ်ပြီးမှ လုပ်ရမဲ့အချိန်ခါပဲ ဒီလိုတော့ မဖြစ်ချေဘူး မနက်ဖြန်မှပဲ မြင်အပ်မမြင်အပ်တွေအတွက် ဒါနလုပ်ကြတာပေါ့။သူတို့ကိုတော့ စိတ်ဆိုးပြီးရင်း ဆိုးအောင်လုပ်သလို ဖြစ်နေပြီ အခြေအနေအချိန်ခါအရတော့ စိတ်ဆိုးလည်း မတတ်နိုင်ဘူး လူလေးရေ “
“ကျနော် သူတို့ရှိတဲ့ နေရာကိုသွားပြီး မေတ္တာရပ်ခံထားလိုက် ပါ့မယ် အဘ အခုတော့ ရွာထဲသွားပြီး တည်းဖို့နေရာရှာကြတာပေါ့”
သူတို့နှစ်ယောက် စကားတပြောပြောနှင့် လမ်းလျှောက်လာရာ မကြာသောအချိန်တွင် လွမ်းတောင်ရွာအဝင်သို့ရောက်ရှိလာပြီဖြစ်သည်။လွမ်းတောင်ရွာသည် အခြားရွာများနည်းတူကျေးလက်တောရွာလေးတရွာသာ ဖြစ်သည်။ထိုရွာအား လူသိစေသောအကြောင်းတခုမှာ လွမ်းတောင်ဘုရားပွဲကြောင့်သာဖြစ်ပြီး ထူးထူးခြားခြား အခြားကျေးရွာများနှင့် ကွဲလွဲခြားနားနေခြင်းတော့ မရှိပေ။ဦးဖိုးဝေနှင့် သူရိယသည် ရွာအဝင်ချောင်းရိုးရှိ ပျဉ်ခင်းတံတားလေးအား ပြင်ဆင်ဖာထေးနေသော လူတယောက်ကိုတွေ့သောအခါ သူရိယမှ ထိုလူအနားကို သွားလိုက်ပြီး
“ဦးလေး “
“အေး ငါ့တူ ဘာကူညီရမလဲ”
“ကျနော်တို့က ခရီးသွားတွေပါ ဒီလွမ်းတောင်ရွာမှာတည်းချင်လို့ အသိမိတ်ဆွေကလည်းမရှိတော့ တည်းခိုလို့ရမဲ့နေရာလေး သိချင်လို့ပါ ဟောဒါက ကျနော့်အဘပါ “
သူရိယသည် ရွာခံဖြစ်ဟန်တူသော တံတားပြင်နေသည့်လူကြီးအား ယဉ်ကျေးစွာ စကားဆိုလိုက်သည်။ထိုအခါ ရွာခံလူကြီးသည် ဦးဖိုးဝေအား လှမ်းကြည့်ပြီး အကဲခတ်လိုက်သလို သူရိယကိုလည်း စူးစမ်းသလို ကြည့်လာ၏။ ထို့နောက် သဘောကျသွားဟန်နှင့် စကားဆိုလေသည် ။
“ငါ့တူရေ တည်းဖို့နေရာရှာနေတာဆိုရင်တော့ ပူမနေနဲ့ ဦးလေးအိမ်သာလိုက်ခဲ့ကွာ “
“ဟုတ်ကဲ့ အဲ့လိုဆိုရင်တော့ အတိုင်းထက်အလွန်ဝမ်းသာပါတယ်ဗျာ”
“ခဏတော့ စောင့်ကွယ် သားတော်မောင်က ဒီတံတားလေးပြင်ပေးပါဦးဆိုလို့ပြင်ပေးနေတာ ဒီပျဉ်တချောင်းက ဆွေးနေပြီလေ “
ရွာခံလူကြီးသည် သူပြင်ဆင်နေသည့်အရာကို ပြပြီး လုပ်စရာရှိသည်များအား ကြိုးစားပန်းစားပြုလုပ်ပြီးနောက် ဦးဖိုးဝေနှင့် သူရိယတို့ကို ခေါ်ကာ အရှေ့မှ ဦးဆောင်ပြီး ရွာထဲသို့သွားလေသည်။ရွာတောင်ဘက်ပိုင်းဆီသို့ အတန်ကြာလမ်းလျှောက်ပြီးချိန်တွင်တော့ ပျဉ်ထောင်ပျဉ်ခင်းအိမ်တလုံးဆီသို့ ရောက်ရှိလာသည်။ထိုအိမ်သည် တံတားပြင်ဆင်ပေးခဲ့သည် ရွာခံလူကြီး၏ အိမ်ဖြစ်သည်။အိမ်သို့ ရောက်သောအခါ ရွာခံလူကြီးသည် နာမည်ကို မိတ်ဆက်လိုက်ပြီးနောက် ဦးဖိုးဝေတို့အား တန်းလျားတွင် ထိုင်စေလိုက်သည် ။
“မိတ်ဆွေကြီးနဲ့ တူမောင်တို့ ထိုင်ကြ ကျုပ်နာမည်ကတော့ အေးမောင်လို့ခေါ်ပါတယ် တောင်သူလယ်သမားပေါ့ဗျာ”
“ဟုတ်ကဲ့ ဦးလေး ကျနော့်နာမည် သူရိယပါ ဒါကတော့ ကျနော့်အဘ ဦးဖိုးဝေတဲ့ အထက်လမ်းဆရာတွေပေါ့ ခင်ဗျာ”
“ထင်တော့ထင်ပါတယ် ဒီကတူမောင်နဲ့ ဆရာကြီးတို့ကို မြင်ကတည်းက သာမာန်လူတွေတော့မဖြစ်နိုင်ဘူးလို့လေ “
ဦးအေးမောင်ဟုအမည်ရသောရွာသားကြီးသည် ဦးဖိုးဝေနှင့် သူရိယအား စကားပြောရင်း အိမ်နောက်ဖက်တွင် တွဲလျက်ဆောက်ထားသောမီးဖိုထဲသို့ ဝင်သွားလေသည်။များမကြာသောအချိန်တွင် ဦးအေးမောင်တယောက် ရေနွေးအိုးနှင့် အမြည်းပန်းကန်ထည့်ထားသော လင်ပန်းတချပ်ကို သယ် ဆောင်လာကာ စားပွဲခုံပေါ်တင်လိုက်ပြီး သူသည်လည်း တန်း လျားတွင် ၀င်ထိုင်လိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားဆိုလေသည် ။
“ရေနွေးကြမ်းလေးသောက်ကြဦးဗျာ စားရေးသောက်ရေး နေရေးထိုင်ရေးတော့ ဘာမှမပူနဲ့ ကျုပ်စားသလိုစား ကျုပ်နေသလို နေနိုင်ရင် ရတယ်”
“ကျနော်တို့က ချေးမများပါဘူးဗျ ဒါနဲ့ ဦးလေးသားလည်း မတွေ့ပါလား”
“ဦးလေးမှာ သားမရှိတော့ပါဘူး ဘာဖြစ်လို့လဲ”
“ကျနော်တို့ တံတားပေါ်မှာ ဦးလေးကိုတွေ့တော့ ဦးလေးက သားက ပြင်ခိုင်းတယ်လို့ ပြောသလားလို့ “
“ဪ အဲ့ဒါလား တကယ်တော့ ဦးလေးသားက ဆုံးသွားတာ တော်တော်ကြာပါပြီ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ အခုထိ တခါတခါအိပ်မက်တွေ ပေးနေတုန်း “
“ဟုတ်လား “
ဦးဖိုးဝေနှင့် သူရိယသည် ဦးအေးမောင်ပြောသောစကားကို ရေနွေးတယောက်တခွက်ဆီ သောက်ရင်းမှ နားထောင်နေကြသည်။ဦးအေးမောင်မှာဖြင့် ကျန်ရှိနေသေးသော ရေနွေးခွက်အလွတ်ထဲသို့ ရေနွေးကိုငှဲ့ထည့်ပေးရင်း သူ့၏အကြောင်းကိုအစချီလိုက်လေသည် ။
“ကျုပ်သားနာမည်က ငတူးတဲ့ဗျာ ဒီကောင်က သိပ်သိတတ်တဲ့ကောင်ဗျ သူက ကပ်တော့ကပ်တယ် မလှုချင်မတန်းချင်ဘူး သိပ်လည်းမသနားတတ်ဘူး အဖေကလွဲပြီး ကျန်တဲ့သူတွေကို စေတနာသိပ်မရှိတဲ့ ကလေးပေါ့ ဒါပေမဲ့ ရပ်ရေးရွာရေးကတော့ အတော်ကို သိတတ်တာနော် အဓိကကတော့ လမ်းတွေတံတားတွေ ပြင်တာဆောက်တာ ကျုပ်သားက သိပ်လုပ်ချင်တာဗျ အင်း အဲ့တာကလည်း သူ့အမေဆုံးလို့ အဲ့အလုပ်တွေ လုပ်ချင်တာဖြစ်မယ် “
“နေပါဘူး ကိုအေးမောင်ရဲ့ ကျုပ်နားမရှင်းလို့ သူ့အမေဆုံးတာနဲ့ တံတားဆောက်လမ်းပြင်တာနဲ့ ဘယ်လိုဆိုင်လို့လဲ “
“ဒီလိုပါ ဆရာကြီး ကျုပ်မိန်းမက ဆရာကြီးတို့ ဖြတ်လာတဲ့ ရိုးချောင်းထဲပါပြီး ဆုံးသွားခဲ့တာလေ ဟိုတုန်းက တံတားရယ်လို့မရှိဘူးဗျ အုန်းတုံးထန်းတုံးတွေနဲ့ တံတားထိုးထားတာလေ “
“ဪ ကျုပ်သဘောပေါက်ပြီ “
ဦးအေးမောင်သည် သားဖြစ်သူငတူး၏အကြောင်းကိုပြောပြနေလေသည်။သူ့စကားဆုံးသောအခါ သူရိယမှ သူ့အားကြည့်ကာ စကားဆိုလိုက်၏ ။
“ငတူးက အခုထိ မကျွတ်လွတ်သေးဘူး ဦးလေး”
“တူမောင်က ဘယ်လိုလုပ်သိတာလဲ ကျုပ်ကိုလည်းပြောတယ် သူမကျွတ်သေးဘူးတဲ့ “
“ဟုတ်တယ် သိပ်မကြာခင်တုန်းက လူတယောက်ကို ကယ်ခဲ့တုန်းမှာ ဦးလေးသားငတူး ကျနော့်ကို ကူညီပေးခဲ့တယ် အမှန်အတိုင်းပြောရရင် ဒီကိုလာတာ သုံးပန်လှရွာက အလှုမှာ ငတူးနဲ့ သူ့အပေါင်းအပါတွေကို ရည်စူးဒါနပြုပြီး သူတို့ကို သာဓုခေါ်ခိုင်းဖို့ ဖိတ်မလို့ လာခဲ့တာ “
သူရိယမှ ထိုသို့ပြောလိုက်သောအခါ ဦးအေးမောင်တယောက် လွန်စွာဝမ်းမြောက်ဝမ်းသာဖြစ်သွားပြီး သူတတ်နိုင်စွမ်းသလောက် ကူညီပေးပါရစေဟု ပြောလာလေသည် ။
“ဆရာကြီးတို့ရဲ့ဒါနအလှုမှာ ကျုပ် ပါဝင်ကူပါရစေ ကျုပ်တတ်နိုင်စွမ်းသလောက် ကူချင်ပါတယ်ဗျာ “
“အမှန်ဆို ဒီညပဲ သူတို့ကိုဒါနပြုမှာ သို့ပေမဲ့ သူတပါးအသက်ကိုသတ်ပြီးတော့ ဒါနမပြုနိုင်ဘူး နောက်နေ့မှ ဈေးရှိတဲ့ရွာကိုသွား ဒါနပြုမယ်ဆိုပြီး ကိုအေးမောင်အိမ်မှာ တည်းခိုခွင့်တောင်းတာ အခုလိုကူညီမယ်ဆိုတော့ ကျုပ်တို့အတွက်ပိုအဆင်ပြေတာပေါ့ “
“စိတ်ချပါ ဆရာကြီး ကျုပ်လည်း ကျုပ်သားလေးကို ကျွတ်လွတ်စေချင်ပြီ အိပ်မက်ပေးရင် သူ့ပုံစံလေးမြင်ရတာ ကျုပ်ဖြင့် တယ်စိတ်မကောင်းဖြစ်မိတယ်”
“ကျွတ်ထိုက်ရင်တော့ ကျွတ်မှာပါ ဦးအေးမောင်ရယ် “
ဦးအေးမောင်နှင့် ဦးဖိုးဝေစကားပြောနေစဉ် သူရိယသည် ထိုင်နေရာမှ မတ်တတ်ရပ်ပြီး
“အဘနဲ့ ဦးလေး ကျနော် ရွာနောက်ဘက်ပိုင်းက ဇရပ်ကိုသွားလိုက်ဦးမယ် အခြေအနေကို အသိပေးချင်လို့ “
“ဪ အေး လူလေး “
ဦးဖိုးဝေမှ ခွင့်ပြုလိုက်သောအခါ သူရိယသည် သူ၏ လွယ်အိတ်ကို ပခုံးတွင်လွယ်လိုက်ပြီး ငတူးတို့ရှိနိုင်သည့်ရွာသင်္ချိုင်းနားမှ ဇရပ်ဆီသို့ဦးတည်သွားလိုက်ပါတော့သည် ။
◾အခန်း (၅)
သူရိယတယောက် မှောင်ရီပျိုးသောအချိန်တွင်တော့ ရွာသင်္ချိုင်းဇရပ်သို့ရောက်ရှိလာပြီဖြစ်သည်။သင်္ချိုင်းဇရပ်တွင်တော့ ရွာခံများဖြစ်ဟန်ရှိသော လူရွယ်သုံးယောက်တို့မှာ အရက် သေစာသောက်စားနေကြသည်။သူတို့သည် ရီဝေသောမျက်လုံးတို့ဖြင့် သူရိယကို ကြည့်ကာ ရယ်ရယ်မောမောဖြင့် စကားဆိုလာလေသည်။သူတို့၏စကားလုံးတို့တွင်တော့ ရန်လိုသော အသုံးအနှုန်းတို့ မပါ၀င်ပေ။
“ဟေ့ ညီလေး ဧည့်သည်ထင်တယ် လာကွာ သောက်တတ်စားတတ်ရင် ၀င်သောက်သွား သင်္ချိုင်းဇရပ်က အေးချမ်းလို့ အကိုတို့ ဒီမှာလာသောက်နေတာ “
“ကျနော်မသောက်တတ်ဘူးခင်ဗျ “
“မသောက်တတ်ရင် အမြည်းစား လာ လာ “
“ရပါတယ် အကိုတို့ ကျနော်ဒီမှာပဲ ထိုင်ပါ့မယ် “
“အေး အေး လိုတာရှိရင် အကိုတို့ကိုပြော လွမ်းတောင်သားတွေက သိပ်ပြီးသဘောကောင်းတာ “
သောက်စားပျော်မြူးနေကြသော လူရွယ်များသည် သူတို့ပြောသော စကားများကို သူတို့ဘာသာ သဘောကျ၍ ရယ်မောနေကြသေးသည်။ဤသို့ဖြင့် အတော်မှောင်မိုက်သောအချိန်ရောက်သောအခါ အရက်သောက်နေသောလူရွယ်များထဲမှ လူရွယ်တယောက်သည် အသင့်ပါလာသော မီးအိမ်ကိုမီးထွန်းညှိလိုက်သဖြင့် ဇရပ်တခုလုံး မီးအလင်းရောင်ကောင်းစွာရရှိလာလေသည်။သူရိယမှာဖြင့် အရက်သေစာသောက်စားနေသူ များပြန်မည့်အချိန်ကို စောင့်ဆိုင်းလို့နေသည်။သို့ပေမဲ့ ထိုသူ များမှာ တော်တော်နှင့်ပြန်မည်ပုံ မပေါ်ပေ။ထိုဇရပ်တွင် အိပ်လျှင်လည်း အိပ်နိုင်သည်။ထိုအတွက် သူရိယသည် ဇရပ်နှင့် အတန်လှမ်းသောနေရာသို့သွားလိုက်သည်။အမှောင်ထဲတွင် ရှိနေသော်ငြား သူရိယမှာ သူ၏ပညာအစွမ်းတို့ကြောင့် ပတ်၀န်းကျင်အား ရှင်းလင်းစွာမြင်နေရရုံမက မြင်အပ်မမြင်အပ်များကိုပါ မြင်နိုင်စွမ်းသည်။သူ၏ဘေးမလှမ်းမကမ်းတွင်တော့ အရွယ်စုံသဏ္ဍန်စုံ မကျွတ်မလွတ်သူများမှာ မကျေမနပ်ဖြင့် လိုက်လာနေကြသည်။ထိုအထဲတွင် ငတူးလည်းအပါအဝင်ဖြစ် သည်။သူရိယသည် သူစကားပြောသောအခါ ဇရပ်မှ မကြားနိုင်လောက်သည့်နေရာရောက်မှ လမ်းလျှောက်နေသည်ကို ရပ်တန့်လိုက်ပြီး သူ့အားကြည့်နေသော ပရလောကသားများထဲမှ ငတူးအား စကားဆိုလေသည် ။
“ငတူး ငါပြောတာကို မင်း သေချာနားထောင် ပြီးတော့ ငါ့ကို မကျေမနပ်ဖြစ်နေတဲ့ သူတွေလည်းနားထောင် ဒီနေ့ည မင်းတို့ကို မကျွေးနိုင်ဘူး နောက်နေ့ညမှ ငါတို့ကျွေးမယ် “
“ဘာ တောက် နင်တို့လူတွေက အတော်ကို စကားမတည်ကြတာပဲ မကျေနပ်ဘူး လုံးဝ မကျေနပ်ဘူး”
သူရိယ၏စကားကို ငတူးမှ ခွန်းတုံ့ပြန်ခြင်းမရှိပေမဲ့ အခြားသော မကျွတ်မလွတ်သူများသည် တောက်တခေါက်ခေါက်နှင့် ရန်လိုနေကြသည်။သို့ပေမဲ့ သူရိယ၏အနားကိုဖြင့် သူတို့ ကပ်နိုင်မစွမ်းကြပေ။သူရိယသည် နောက်ထပ်စကားထပ်ဆိုလေသည် ။
“မင်းတို့ ဆာလောင်နေတာ ငါ သိတယ် ငါကျွေးပြီးရင်လည်း မင်းတို့တွေထပ်ဆာလောင်နေဦးမှာပဲ ဒီဘဝက မကျွတ်မချင်း မင်းတို့တွေ ဆာလောင်နေမှာပဲ ဒေါသကို လျှော့ကြ ကဲ ငတူး ငါတို့ အခု မင်းအဖေအိမ်မှာ တည်းနေတယ် မင်းတို့အားလုံးကို ဒါနအပြင် အလှုအတန်းတခုလည်း ပေးဦးမှာ အဲ့အချိန် ကျွတ် လွတ်နိုင်သူတွေကို အမျှဝေပေးမယ် အမျှယူကြ မင်းတို့စားဖို့အတွက်က မနက်ဖြန်ညမှ ငါတို့လာပေးမယ် “
“ကျုပ်က ရပါတယ် ကျုပ်အဖေဆိုတာ ခင်ဗျားက ဘယ်လိုသိတာလဲ”
“မင်းအဖေနာမည်က ဦးအေးမောင်မဟုတ်လား မင်း အိပ်မက် ပေးလို့ဆိုပြီး ရွာအဝင်ရိုးတံတားကို ပြင်နေတုန်းငါတို့နဲ့တွေ့တာ”
“ဟုတ်တယ် အဲ့တာ ကျုပ်အဖေပဲ ကျုပ်အဖေနဲ့ တွေ့ချင်တယ် ကျုပ်ကို ကူညီနိုင်မလား”
“မနက်ဖြန် ဒါနပြုလာရင် မင်းအဖေပါ ပါလာမှာပါ အခုလောလောဆယ်တော့ ငါ ပြန်ဦးမယ် “
“ခင်ဗျားကို မကျေနပ်တဲ့သူတွေက နှောက်ယှက်လိမ့်မယ် ကျုပ်လည်း မကူညီနိုင်ဘူး “
“ရပါတယ်ကွာ ဘာမှ စိတ်မပူနဲ့ ငါ သူတို့ကို ဘာမှပြန်မလုပ်ပါဘူး “
သူရိယသည် ငတူးအား ထိုသို့ပြောပြီး မနက်ဖြန်မှ ဒါနကျွေးဖြစ်မည့်အကြောင်းအား ထပ်လောင်းပြောကြားလေသည် ။ သူရိယသည် ထိုသို့ပြောပြီးနောက် ဇရပ်ဘက်သို့ပြန်လာစဉ် မကျေမနပ်ဖြစ်နေသည့် အချို့သောပရလောကသားများသည် ဇရပ်ပေါ်သို့အလျင်အမြန် ပြေးသွားကြပါလေတော့သည် ။
◾အခန်း (၆)
“မကျေနပ်ဘူး ငါလုံးဝ မကျေနပ်ဘူး”
“ဟေ့ကောင်မြသောင်း မင်းမူးလာရင်ပေါက်ကရကပြောပြီ မင်းဘယ်သူ့ကို မကျေနပ်တာလဲ ပြောကွာ “
“ငါမကျေနပ်တာ ဟိုကောင် “
အရက်ဝိုင်းဖွဲ့သောက်နေသာ လူရွယ်များထဲမှ မြသောင်း ဟုအမည်ရသောလူငယ်သည် ရုတ်တရက် အသံကျယ်လောင်စွာဖြင့် မကျေနပ်ကြောင်းပြောလာပြီး လက်ညိုးထိုးပြလာသဖြင့် ကျန်သူများသည်လည်း သူ လက်ညှိုးထိုးပြသည့်နေရာအား ဝိုင်းကြည့်လိုက်ကြသည် ။
“ဟာ အဲ့တာ ဧည့်သည်ကောင်လေးပါ မြသောင်းရာ မင်းကိုလည်း ဘာမှမပြောပါဘူး ပြဿနာမရှာပါနဲ့ကွ”
“မသိဘူး အဲ့ဒီကောင်ကို မကျေနပ်ဘူး ဟေ့ကောင် မင်း ဒီကိုလာစမ်း”
“ဟေ့ မြသောင်း မင်းမူးရင်း သွေးမဆိုးပါဘူး အခုမှ ဘာလို့ရန်လိုနေတာလဲ “
သူ၏အပေါင်းအသင်းများ မည်သို့ပင်တားစေကာမူ မြသောင်းသည် မည်သူ့ကိုမှ ဂရုမပြုဘဲ ဇရပ်ဘက်ဆီသို့ပြန်လာသော သူရိယကိုသာ တွင်တွင်ခေါ်နေသည်။ဇရပ်အနားရောက်သောသူရိယသည် ပုံမှန်အခြေအနေမဟုတ်သည်ကို ရိပ်စားမိသောကြောင့် ဇရပ်ပေါ်တက်လိုက်ပြီး အရက်သောက်နေသော လူရွယ်များနှင့် မလှမ်းမကမ်းတွင် ထိုင်လိုက်လေသည်။ထိုအခါ မြသောင်းသည်
“ဟေ့ကောင် မင်းက ငါတို့ကို မလေးမစားလုပ်နေတာလား”
“ဟေ့ မြသောင်း သူ့ဘာသာထိုင်ပါစေကွာ မင်းလွန်နေပြီနော် “
မြသောင်းဆိုသူ၏စကားကြောင့် ကျန်သောလူရွယ်များသည် သူရိယကိုကြည့်ကာ
“ညီလေးရေ ဒီကောင်အရင်က ဒီလိုမဟုတ်ပါဘူး အကိုတို့ကပဲ တောင်းပန်ပါတယ်ကွာ နော် “
“ရပါတယ် ကိစ္စမရှိပါဘူး သူလည်းမကျေနပ်လို့ နေမှာပေါ့ “
သူရိယထိုသို့ စကားဆိုလိုက်ချိန် မြသောင်းသည် အရက်ပုလင်းကို ဆတ်ခနဲ ဆွဲယူလိုက်ကာ ဇရပ်တိုင်ဖြင့် ခွဲလိုက်ပြီး
“မင်းကို သတ်မယ် ငါ မင်းကို သတ်မယ် “
“ဟေ့ ဟေ့မြသောင်း မင်း ရူးသွားပြီလား”
“ကပ်ရဲကပ်ကြည့် ကပ်လာတဲ့ကောင်တွေပါ သတ်ပစ်မယ် “
“ငါ့ညီ ပြေး ပြေး ဒီကောင့်ကို အကိုတို့လည်း မဆွဲရဲဘူး”
မြသောင်းသည် ဒယီးဒယိုင်ဖြင့် အရက်ပုလင်းအကွဲကို ကိုင်ကာ သူရိယထံ တဖြည်းဖြည်းချင်းတိုးလာလေသည်။ကျန်လူရွယ်များသည် မြသောင်းအား မဆွဲရဲသဖြင့် သူရိယကို ပြေးခိုင်းနေကြသော်လည်း သူရိယမှာဖြင့် ပြေးဖို့ဝေလာဝေး ထိုင်ရာမှပင် မထချေ။ထို့နောက်သူရိယသည် သူ့ဆီတိုးလာနေသော မြသောင်းကိုကြည့်ကာ
“မင်းတို့ကို ငါ အကျိုးအကြောင်း အကုန်ပြောပြီးပြီ မင်းတို့လိုကောင်တွေကို ဒီလောက်အထိ လိုက်လျောပေးထားတာကိုရန်လိုနေကြတယ် မင်းတို့အတွက်နဲ့ သူတပါးအသက်တွေ သတ်ရမှာလားဟဲ့ “
သူရိယသည် ပြောပြောဆိုဆို လက်သီးဆုပ်ဖြင့် ကြမ်းပြင်ကို ခပ်သန်သန်ထုလိုက်ရာ အနားသို့တိုးကပ်လာနေသောမြသောင်း တချက် တုန်ယင်သွားပြီးနောက် လက်တွင်ကိုင်ထားသောပုလင်းကွဲကိုတလှည့် သူရိယကိုတလှည့် ကြည့်ပြီးနောက် ခပ်လှမ်းလှမ်းမှ အပေါင်းအသင်းများကို မေးငေါ့ပြလိုက်ပြီး ဘာလဲဟုသော အကြည့်ဖြင့်မေးလာလေသည်။ထိုအခါ သူ၏ အပေါင်းအသင်းများသည် လက်ယပ်ပြီးခေါ်လိုက်ကာ
“ဟေ့ကောင် မြသောင်း လာ လာ အစောက မင်းအဲ့ဒီညီလေးကို ပုလင်းကွဲနဲ့ထိုးမလို့ လုပ်နေတာ “
“ဟ ငါက သူ့ကို ဘာလို့ထိုးရမှာလဲ မင်းတို့ပြောတာဟုတ်ရော ဟုတ်လို့လားကွာ “
“တကယ်ကွ ငါတို့အရက်သောက်နေရင်း ရုတ်တရက်ကြီး မင်းက အဲ့ညီလေးကို မကျေနပ်ဘူးပြောပြီးတော့ ပုလင်းကိုရိုက်ခွဲပြီး ထိုးမလို့ အနားသွားနေတာ “
မြသောင်းသည် အပေါင်းအသင်းများ၏ ပြောစကားကို ယုံတဝက်မယုံတဝက်နှင့် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ကုတ်ကာ နားထောင်နေချိန် သူရိယတယောက်မှာ ဇရပ်ပေါ်မှ ဆင်းပြီး ရွာထဲသို့ ပြန်သွားနေပါလေတော့သည် ။
◾အခန်း (၇)
ဦးအေးမောင်နှင့် သူရိယတို့နှစ်ယောက်သည် လွမ်းတောင်ရွာ နှင့် အနည်းငယ်လှမ်းသော ဈေးတွင် ဈေးဝယ်ပြီးပြန်လာနေကြသည်။ကြက်သား အတော်များများဝယ်လာကြသည်။အိမ်ရောက်သောအခါ ဦးအေးမောင်နှင့်အတူ ချက်ပြုတ်ရာတွင်ကူညီပေးနေကြသည်။နေ့လယ်စောင်းသောအချိန်မှပင် အလုပ်အားလုံး ပြီးစီး၏။ထို့နောက် ဦးဖိုးဝေသည် သူရိယနှင့် ဦးအေးမောင်အား စကားဆိုလေသည် ။
“လူလေး ညဒါနပြုရင် လူလေးနဲ့ အဘတို့ နှစ်ယောက်တည်း သယ်စရာပိုးစရာတွေနဲ့ နိုင်မှာ မဟုတ်ဘူး ရွာထဲက လူတယောက်လောက်တော့ခေါ်မှ ထင်တယ် “
ဦးဖိုးဝေမှ ထိုသို့ပြောသောအခါ ဦးအေးမောင်သည်
“ဆရာကြီး ကျုပ် လိုက်ခဲ့လို့မရဘူးလားဗျ “
“လိုက်မယ်ဆို လိုက်နိုင်ပါတယ် “
“အဲ့တာဆို လိုက်ခဲ့မယ်ဗျာ ကျုပ်သားနဲ့ တွေ့လို့ရအောင်ရောလုပ်ပေးနိုင်မလား ဆရာကြီး”
“အင်း မကြောက်တတ်ဘူးဆိုရင်တော့ ကျုပ် ကူညီပေးပါမယ် ဒါနပြုပြီးရင်တော့ ကိုအေးမောင်ရေ မနက်ဖြန် ကျုပ်တို့နဲ့ သုံးပန်လှရွာကို လိုက်စေချင်တယ် “
“ဟုတ်ကဲ့ လိုက်ခဲ့လို့ရပါတယ်”
“ကျုပ်တို့နှစ်ယောက်က ဒီကိစ္စတွေပြီးရင် ခရီးသွားစရာလေးရှိတယ်ဆိုတော့ ဒီကကျွတ်တန်းဝင်နိုင်တဲ့သူတွေကို ဖိတ်ဖို့အတွက် ကိုအေးမောင်ကို အကူအညီတောင်းချင်တယ်ဗျာ”
“ရပါတယ်ဗျာ ကျုပ် ကူညီပါ့မယ် ဆရာကြီး “
“ကဲ ကဲ နေမဝင်ခင်လေး ခဏနားကြပေဦး “
ဦးဖိုးဝေသည် အလုပ်များအပြီး ပင်ပန်းနေကြသော ဦးအေးမောင်နှင့် သူရိယအား အနားယူခိုင်းလိုက်ခြင်း ဖြစ်၏။ဤသို့ဖြင့် သူတို့သုံးယောက် တရေးတမောအိပ်ပြီး နားနေလိုက်ကာ အိပ်ယာမှနိုးသောအခါမှသာ လိုအပ်သည်များကို ထပ်မံပြင် ဆင်လိုက်ကြသည်။ညနေမိုးချုပ်သည့်အချိန်တွင်တော့ လွမ်းတောင်ရွာသင်္ချိုင်းဆီသို့ ဒါနပြုမည့် ထမင်းထည့်ထားသောတောင်း၊ဟင်းထည့်ထားသောချိုင့်များကို သယ်ကာ ထွက်လာကြလေသည်။ထို့နောက် ပါလာသောဓာတ်မီးများဖြင့် သင်္ချိုင်းနှင့် အနည်းငယ်လှမ်းသော ကွင်းပြင်တွင် ငှက်ပျောဖက်များကို ခင်းလိုက်ကြပြီး ပါလာသော ထမင်းများကို လက်နောက်ပြန်ဖြင့် ဖက်များပေါ်သို့ ပုံလေသည်။ထိုနည်းတူ ဟင်းများကိုလည်း ရောပုံထားလိုက်သည်။ဤကဲ့သို့သော လုပ်ငန်းဆောင်တာများပြီးသောအခါမှ ဦးဖိုးဝေသည် ချောင်းတချက် ဟန့်လိုက်ကာ
“ကဲ သင်တို့ကို ကျုပ်တို့ပြောထားတဲ့အတိုင်း ဒါနလာပြုတယ် တယောက်နဲ့ တယောက် ရန်ပြုတိုက်ခိုက်ခြင်းမလုပ်ပဲ ကောင်း ကောင်းမွန်မွန်စားကြသောက်ကြပေတော့ စားနိုင်မစွမ်းတဲ့သူတွေက စားနိုင်တဲ့သူတွေစားတာကို မနှောက်ယှက်ကြနဲ့ ကဲ စားကြပေတော့ “
ဦးဖိုးဝေမှ ထိုသို့ပြောပြီးနောက် ရှေ့မှ ဦးဆောင်ပြီး ဒါနပြုထားရာနေရာနှင့် အနည်းငယ်လှမ်းသော ဇရပ်ဆီသို့ သွားလိုက်လေသည်။အနောက်မှ ဦးအေးမောင်နှင့် သူရိယတို့နှစ်ယောက်သည်လည်း တောင်းအလွတ်များ၊ချိုင့်အလွတ်များကို မပြီး ဇရပ်ဆီသို့ သွားလိုက်ကြသည်။ဦးအေးမောင်သည် သူတို့ချထားခဲ့သော ဒါနချထားရာနေရာသို့ နောက်ပြန်လှည့်ကြည့်ချိန် အမှောင်ထဲတွင် မျက်လုံးနီရဲရဲများကိုသာ တွေ့လိုက်ရ၍ အနည်းငယ်တော့ ကြောက်စိတ်ဝင်လာကာ သူရိယအနားသို့ ပိုတိုးကပ်မိသွားသည်။ထို့နောက် ဇရပ်ပေါ်ရောက်သောအခါ ဦးအေးမောင်သည် ဦးဖိုးဝေအား တိုးတိုးကပ်၍ စကားဆိုလေသည် ။
“ဆရာကြီး ကျုပ်သားကို တွေ့လို့ရမယ်ဆို “
“ခဏစောင့်ပါဦး သူတို့တွေ စားနေသောက်နေတုန်း မနှောက်ယှက်ချင်လို့ပါ “
“ဟုတ်ကဲ့ပါ ဆရာကြီး “
သူတို့သုံးယောက် ဇရပ်ပေါ်တွင်အချိန်အတော်ကြာ စကားမပြောပဲ ထိုင်နေကြသည်။ထို့နောက် ခွေးအူသံများ စတင်ကြားရသောအခါမှ ဦးဖိုးဝေသည်
“ကဲ လူလေးရေ ကိုအေးမောင်ရဲ့သားကို ခေါ်ချေဦး ကျန်တဲ့သူတွေကို မလိုက်ခဲ့ဖို့လည်းပြောထား “
“ဟုတ်ကဲ့ အဘ “
သူရိယသည် ထိုင်နေရာမှ မတ်တတ်ရပ်လိုက်ပြီး ဒါနပြုထားရာနေရာဆီသို့ သွားလေသည်။ဦးဖိုးဝေသည် သူ၏အနားတွင် ထိုင်နေသော ဦးအေးမောင်ကိုခေါ်ကာ မျက်နှာအား သူ၏လက်နှင့် တချက်သပ်ပေးလိုက်ကာ
“ကဲ ကိုအေးမောင် ဒီနေ့ကတော့ တခြားမြင်အပ်တဲ့သူတွေကို ပါ မြင်နိုင်တယ် ဒါပေမဲ့ စိတ်မပူပါနဲ့ ကိုအေးမောင်သား တယောက်ပဲ ဇရပ်ကိုလာလိမ့်မယ်။ နောက်ဆိုရင်တော့ သူ့တယောက်တည်းကိုပဲ မြင်နိုင်စွမ်းပါလိမ့်မယ် သုံးပန်လှရွာက အလှုမပြီးခင်အထိ မြင်နေရပါလိမ့်မယ် “
“ကျေးဇူးတင်ပါတယ် ဆရာကြီး “
ဦးအေးမောင်မှာ စိတ်လှုပ်ရှားနေသည်။မကြာသောအချိန်တွင် သူရိယမှာ ဇရပ်သို့ပြန်လာနေပြီး သူ၏နောက်တွင်တော့ ငတူးပါ ပါလာလေသည်။ကိုအေးမောင်သည် လူ့ဘဝကလောက် ကြည့်ပျော်ရှုပျော်မရှိသော သားဖြစ်သူ၏ အကျည်း တန်နေသည့် ပုံသဏ္ဍန်ကိုကြည့်ကာ ကြောက်ရွံစိတ်မဖြစ်ပဲ သနားစိတ်၊ဝမ်းနည်းသည်စိတ်တို့သာ ဖြစ်ပေါ်လို့နေသည်။ထို့နောက် ဦးဖိုးဝေသည်
“ကဲ ကိုအေးမောင် သားတော်မောင်နဲ့ စကားပြောပေဦး အလှုလုပ်ရင် အမျှတန်းဝေမဲ့အကြောင်းကိုလည်း သေချာပြောပြကြားလား”
“ဟုတ်ကဲ့ပါ ဆရာကြီး “
ဦးအေးမောင်သည် ဇရပ်ထောင့်တွင်ရပ်နေသော ငတူးဆီသို့သွားကာ စကားများဆိုနေလေသည်။သားအဖနှစ်ယောက်စကားဆိုနေသည်ကို ဇရပ်ပေါ်တွင် ထိုင်ကြည့်နေကြသော ဦးဖိုးဝေနှင့် သူရိယအနက် ဦးဖိုးဝေမှ စကားဆိုလိုက်၏ ။
“လူလေး မနက်ဖြန် သိုက်စောင့်တွေပေးတဲ့ပစ္စည်းတွေကို လှယမင်းကိုပေးရင် ကိုအေးမောင်နဲ့ပါ မိတ်ဆက်ပေးပြီးတော့ အလှုအတွက် ကျွတ်လွတ်ထိုက်သူတွေကို ကျွတ်လွတ်အောင် ကူညီခိုင်းရမယ် လူလေးနဲ့ အဘကတော့ ဉာဏ်စဉ်တောင်ကို သွားကြဦးစို့ “
ဤသို့ဖြင့် ဦးဖိုးဝေနှင့် သူရိယသည် ဦးအေးမောင်တို့သားအဖ နှစ်ယောက်စကားပြောနေသည်ကို စောင့်ဆိုင်းရင်း သူတို့ပြုလုပ်ရမည့် လုပ်ငန်းဆောင်တာများကို တိုင်ပင်နေကြသည်။ မကြာသောအချိန်တွင်တော့ ကျွတ်တန်းဝင်နိုင်သော သတ္တဝါများ ကျွတ်တန်းဝင်မည့်အရေးအား ဦးဖိုးဝေ တွေးမိပြီး ဝမ်းသာစွာ ပြုံး၍နေပါလေတော့သည် ။
◾ဦးဖိုးဝေ နှင့် အကျွတ်အလွတ်သည်က ဤမျှသာ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏
📝မောင်တင်ဆန်း
Leave a Reply