ဂမုန်းနက်သုံးဖော်

စိမ်လိုက်တယ်ဗျ၊

“ဒီအထဲကို ဆားနည်းနည်းရယ်၊ ကွမ်းစားတဲ့ထုံး လက်ညှိုးတစ်ကော်လောက် ဖောက်ထည့်ပေးဟေ့”

အကုန်လုံးလုပ်ပြီးတော့ ဦးဘသာက မတ်ခွက်ထဲကိုလက်နဲ့နှိုက်မွှေပြီးတော့

“ကဲ၊ ကဲ ဒီဆေးရည်ကို နင်တို့အဖေရဲ့ခေါင်းပေါ်ကနေစပြီးလောင်းချစမ်း၊ ငါလုပ်လို့မရဘူးဟ၊ သူနဲ့သွေးတော် သားစပ်တဲ့လူက လုပ်မှရမှာ”

ဦးဖိုးခွေးသမီးက မတ်ခွက်ကိုယူလိုက်ပြီးတော့ ဦးဖိုးခွေးရဲ့ခေါင်းပေါ်ကနေ လောင်းချလိုက်တယ်၊ ရေတွေက ဦးဖိုးခွေးတစ်ကိုယ်လံုံးကို စိုရွဲသွားတာပေါ့ဗျာ၊ ရေတစ်ခွက်ကုန်တာနဲ့ ဦးဖိုးခွေးခြေလက်တွေက တဆတ်ဆတ်တုန်ယင်လာပြီးတော့ ဦးဖိုးခွေးလှုပ်လာတာပဲ၊

“ချမ်းတယ်၊ ချမ်းတယ်”

ဦးဖိုးခွေးက သူ့လက်တွေကို လက်မောင်းတွေနဲ့ပွတ်နေတယ်၊ သူ့မိသားစုတွေလည်း ဝမ်းသာသွားတာပေါ့ဗျာ၊ ဦးဖိုးခွေးကို သဘက်တွေနဲ့ရေတွေဝိုင်းသုတ်ပေးကြတယ်၊ စောင်တွေနဲ့ခြုံပေးကြတယ်၊ ဦးဖိုးခွေးက တော်တော်ထိတ်လန့်နေတဲ့ပုံပဲဗျ၊ နှုတ်ခမ်းတွေလည်း တုန်လို့ဗျို့။

ဦးဘသာက ဦးဖိုးခွေးပေါင်ကို အားနဲ့ဘုန်းခနဲပုတ်လိုက်ပြီးတော့

“ဟေ့၊ ဖိုးခွေး၊ မင်းငါ့ကိုတောင် မမှတ်မိတော့ဘူးလားကွ”

ဦးဖိုးခွေးက ပြူးတူးကြောင်တောင်နဲ့ ဦးဘသာကိုကြည့်ပြီး

“ကို၊ ကိုဘသာပါလား”

ဦးဖိုးခွေးသမီးက ဦးဖိုးခွေးအနားကပ်လာပြီးတော့

“အဖေ၊ ဒီဦးကြီးက အဖေခုနကလဲကျသွားလို့ အဖေ့ကိုပြန်ကယ်ပေးထားတာ အဖေရဲ့”

ဦးဖိုးခွေးက အခုှမှ နည်းနည်းအသိပြန်ကပ်လာပုံရတယ်ဗျ၊ ဦးဘသာကိုကြည့်ပြီး

“ကျေးဇူးတင်ပါတယ်ကိုဘသာ”

ဦးဘသာက ခေါင်းတညိတ်ညိတ်နဲ့

“ရပါတယ်ကွ၊ ငါလုပ်တာ ဘာမှမပြောပလောက်ပါဘူး၊ ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်တယ်ဆိုတာကို မင်းသိတယ်မဟုတ်လား ဖိုးခွေး”

ဦးဖိုးခွေးက ခေါင်းညိတ်တယ်ဗျ၊ ပြီးတော့

“ဒီအကြောင်းတွေပြောရရင်တော့ နည်းနည်းရှည်မယ်ဗျ ကိုဘသာရ၊ ဒီလိုလုပ်ပါလား၊ ကိုဘသာတို့ ရွာမပြန်ခင် ကျုပ်အိမ်မှာတည်းပါလားဗျာ၊ နောက်ပြီးတော့ ကိုဘသာရောက်တာလည်းအတော်ပဲ၊ ဒီကိစ္စမှာ ကိုဘသာရဲ့အကြံဉာဏ်ကိုလည်း ကျုပ်လိုချင်တယ်”

ဘာမှန်းတော့မသိသေးဘူးဗျ၊ ဦးဘသာက ခေါင်းညိတ်လိုက်တယ်၊ ဦးဖိုးခွေးက မတ်တပ်ရပ်လိုက်ပြီးတော့ ခုနက ကြွေပန်းကန်ကလေးကို ဘုရားကျောင်းဆောင်ပေါ်ကို ယူပြီးတင်လိုက်တယ်၊ ဘုရားကျောင်းဆောင်ပေါ်ရောက်တော့ ချင်းတက်အပေါ်ကို ဖန်ခွက်တစ်လုံးမှောက်တင်ပြီးတော့ အုပ်ထားလိုက်တယ်ဗျ။

(၂)

ဗျဂ္ဃလေးက ကလေးချီပြီးအနားကိုကပ်ရင်း

“ဆရာကြီး၊ ဒီကလေးက ကျွန်တော့်ရဲ့သားကလေးပါ၊ သူက မွေးရာပါ အရိုးတွေမစွမ်းမသန်ဖြစ်နေပါတယ်၊ ဆရာကြီး ကုသလို့ရရင် ကုသပေးပါဗျာ”

ဦးဖိုးခွေးအရှေ့ကို ကောင်လေးကိုချပေးလိုက်တော့ ဦးဖိုးခွေးက ခြေထောက်တွေကို လက်နဲ့သေသေချာချာနှိပ်ပြီးစမ်းကြည့်တယ်၊ နောက်ပြီးတော့ ကောင်လေးရဲ့ ဒူးဆစ်တွေကို လက်ညှိုးနဲ့တောက်ကြည့်တယ်၊ ခြေဖဝါးကို လက်ချောင်းတွေနဲ့ပွတ်ကြည့်တယ်ဗျ။ နောက်တော့ ခေါင်းညိတ်လိုက်ပြီး

“ဒီကလေးက ပထဝီဓါတ် မညီမမျှဖြစ်နေတာပဲကွ၊ ကုလို့တော့ရတယ်ဆိုပေမယ့် လူကောင်းပကတိတော့ ပြန်ဖြစ်မယ်မထင်ဘူး၊ ဒါပေမယ့် ငါရအောင်ကြိုးစားပြီးတော့ ကုပေးပါ့မယ်ကွာ”

ဗျဂ္ဃလေးက ဝမ်းသာအားရနဲ့ လက်အုပ်ချီပြီးတော့

“ကျေးဇူးတင်ပါတယ်ဆရာကြီးရာ၊ ဆရာကြီးကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူးဗျာ”

ဗျဂ္ဃလေးက ထိုင်ပြီးကန်တော့တော့တာပဲဗျာ၊ ဦးဖိုးခွေးက ခေါင်းညိတ်ရင်း

“ရပါတယ်ကွာ၊ တို့အိမ်ဘေးနားမှာ တဲကလေးတစ်လုံးရှိတယ်၊ အရင်တုန်းက ငါဖိုထိုးတဲ့တဲပေါ့ကွာ၊ အခုတော့အားနေတယ်၊ အဲဒီတဲကိုရှင်းလိုက်ပြီးတော့ မင်းတို့သားအဖနေကြပေါ့ကွာ”

ဗျဂ္ဃလေးက ခေါင်းညိတ်တယ်၊ ပြီးတော့ သူ့သားကိုကောက်ချီလိုက်တယ်ဗျ၊ ဦးဖိုးခွေးက တစ်ခုခုပြောချင်ပေမယ့် ချောင်းဟန့်လိုက်ပြီး ဗျဂ္ဃလေးတို့ကိုကြည့်လိုက်တော့ အကင်းပါးတဲ့ ဗျဂ္ဃလေးက အိမ်ပေါ်ကနေဆင်းသွားပါရော၊ ကျုပ်လည်းဆင်းသွားမယ်လုပ်တော့ ဦးဘသာက ကျုပ်ကိုလှမ်းတားလိုက်ပြီး

“ဒီကောင်လေးက စိတ်ချရပါတယ်၊ မင်းပြောစရာရှိတာသာ ပြောပါ ဖိုးခွေး”

ဦးဖိုးခွေးက ဘေးဘီကိုကြည့်လိုက်သေးတယ်ဗျ၊ ပြီးတော့ ကျုပ်ကိုအိမ်ရှေ့တံခါးထပိတ်ခိုင်းတာနဲ့ ကျုပ်လည်း အိမ်ရှေ့တံခါးမကြီးကို ထပိတ်ပြီးတော့ ကလန့်ထိုးလိုက်တာပေါ့ဗျာ၊ ဦးဖိုးခွေးကတော့ ပြတင်းပေါက်တွေကိုပိတ်တယ်ဗျ၊ ပြီးတာနဲ့ အိမ်ရှေ့နဲ့အိမ်နောက်ကူးတဲ့နေရာက တံံခါးကိုလည်းထပိတ်တယ်။ ဦးဖိုးခွေးက တစ်ခုခုလှို့လှို့ဝှက်ဝှက်ပြောမယ့်ပုံစံပေါ့ဗျာ။

“ဒီလောက်ဆိုရပါပြီ ဖိုးခွေးရ”

ဦးဘသာကပြောတယ်၊ ဒါတောင်မှ ဦးဖိုးခွေးက ကြမ်းကြားထဲကနေ အောက်ကိုငုံ့ကြည့်ပြီး အိမ်အောက်မှာ လူရှိမရှိချောင်းကြည့်လိုက်သေးတယ်ဗျ။ အားလုံးရှင်းသွားပြီဆိုတော့မှ ကျုပ်တို့အနားကိုကပ်လာတယ်။

“ဖိုးခွေးရာ၊ မင်းကိစ္စက ဒီလောက်လှို့ဝှက်စရာ လိုလို့လားကွ”

“လိုတယ်ဗျ၊ ကိုဘသာရ ဒီကိစ္စက နှယ်နှယ်ရရမဟုတ်ဘူး”

“ငါလည်း သဘောပေါက်ပါတယ်၊ ခုနက မင်းကိုင်နေတဲ့ ချင်းတက်ကလေးနဲ့ဗျာ ဆက်စပ်နေသလားကွ”

ဦးဘသာမေးတော့ ဦးဖိုးခွေးက ခေါင်းညိတ်လိုက်ပြီး

“အဟုတ်ပေါ့ဗျာ၊ အဲဒါက ချင်းတက်ဟုတ်ဘူးဗျ၊ ဂမုန်းနက်ဗျ”

ဦးဘသာတော် တော်တော်ထိတ်လန့်သွားတယ်၊ ဘေးနားထိုင်နေတဲ့ကျုပ်လည်း

“ဂမုန်းနက်က ဘာထူးခြားလို့လဲဗျ”

ဦးဘသာက ကျုပ်ဘက်လှည့်ကြည့်ပြီးတော့

“ဂမုန်းဆိုတာ သူ့အမျိုးသူ့အနွယ်နဲ့သူ ထူးခြားတဲ့အစွမ်းတွေရှိကြတာချည်းပဲကွ၊ အဲဒီ ဂမုန်းတွေထဲမှာမှ ဂမုန်းဖြူ၊ ဂမုန်းနက်နဲ့ ဂမုန်းနီ သုံးမျိုးက အစွမ်းဆုံးပဲကွ၊ ဆေးဝိဇ္ဇာတွေဆိုရင် အဲဒီဂမုန်းတွေနဲ့ ထူးခြားတဲ့အစွမ်းရှိတဲ့ ဆေးဝါးအမျိုးမျိုးတွေဖော်စပ်နိုင်တယ်၊ သာမန်ဆေးတွေတင်ကဘူးကွ၊ သိဒ္ဓိဆယ်မျိုးပြီးတဲ့ သိဒ္ဓိဝင်ဆေးတွေအပြင် ထွက်ရပ်ပေါက်နိုင်တဲ့အထိ စွမ်းတဲ့ ဆေးတော်ကြီးတွေအထိတောင် ဖော်စပ်နိုင်တယ်”

ဦးဘသာပြောမှ ကျုပ်လည်း သေသေချာချာသိတော့တယ်။

“ဒါဆို ဂမုန်းနက်က တော်တော်စွမ်းတာပေါ့ဗျာ”

“စွမ်းလည်းစွမ်းသလို ရှားလည်းသိပ်ရှားတာပေါ့၊ ဖိုးခွေး၊ မင်း ဒီဂမုန်းနက်ကို ဘယ်လိုလုပ်ပြီးတော့ ရလာတာလဲ”

“အဲဒါပြောရရင် ပိုပြီးထူးဆန်းတယ် ကိုဘသာရဲ့၊ ဒီလိုဗျ”

ဦးဖိုးခွေးက ရေတစ်ခွက်ကိုကောက်မော့လိုက်သေးတယ်။

“ဦးဘသာတို့နဲ့ ကျုပ်နဲ့လှည်းလမ်းခွမှာ လမ်းခွဲသွားပြီးတော့ ကျုပ်လည်းပေတောပြန်ခဲ့တယ်ဗျ၊ လှည်းလမ်းခွအထွက်ရောက်တော့ ဗောဓိကုန်းက အသိဦးဇင်းတစ်ပါးနဲ့တွေ့တာနဲ့ သူနဲ့လိုက်သွားမိတယ်၊ အဲဒီဦးဇင်းက သူတို့ကုန်းမှာ ထူးဆန်းတာတွေဖြစ်နေတယ်လို့ ဆိုတာကိုးဗျ”

“အေး၊ ဗောဓိကုန်းဆိုတာ ပေတောအထွက်နေရာမဟုတ်လား”

“ဟုတ်တယ်လေဗျာ၊ နိဗ္ဗာန်တိုက်နယ်သွားတဲ့ လမ်းရဲ့ဆန့်ကျင်ဘက်ပေါ့၊ ဗောဓိကုန်းရောက်တော့ တကယ်ထူးဆန်းတာတွေ့ရတယ်”

“ဘယ်လိုတွေ့ရတာလဲ ဦးဖိုးခွေးရာ”

“ဗောဓိကုန်းဆိုတဲ့အတိုင်း လူနေအိမ်တွေမရှိဘဲ တောရဘုန်းကြီးကျောင်းကလေးတစ်ကျောင်းပဲရှိတယ်၊ အဲဒီတောရဘုန်းကြီးကျောင်းနဲ့ ခပ်လှမ်းလှမ်းမှာတော့ စေတီပျက်ကြီးရှိတယ်ကွ၊ စေတီပျက်ကြီးက ကြီးလွန်းလို့ မသိရင် တောင်ကုန်းကမူကြီးတစ်ခုလို့တောင်ထင်ရတယ်၊ အဲဒီနေရာကို ဗောဓိကုန်းလို့ခေါ်တာ၊ ထူးဆန်းတာက ညနေ ညနေဆိုရင် အဲဒီစေတီပျက်အနားကို မိန်းကလေးသးယောက် ရောက်လာကြတယ်၊ ပြီးတော့ ရှိုက်ကြီးတငင်နဲ့ငိုကြတာပဲဗျာ”

ကျုပ်လည်း ထူးဆန်းသွားတယ်။

“မဟုတ်မှလွဲရော၊ ဥစ္စာစောင့်တွေများလား”

“ကျုပ်လည်း အစကအဲဒီလိုထင်မိသားဗျ၊ ဦးဇင်းတွေလည်း ကြောက်တော့ အနားကပ်ပြီးမကြည့်ရဲဘူးကိုး၊ ကျုပ်လည်း ခပ်လှမ်းလှမ်းကစောင့်ကြည့်နေတာဗျ၊ အဲဒီမိန်းကလေးတွေက ညနေစောင်းကတည်းက ငိုတာ တစ်ညလုံးလည်းအငိုမရပ်ဘူးဗျ၊ မနက်မိုးလင်းခါနီးတော့ ကျုပ်လည်းတစ်ချက်ငိုက်မြည်းသွားရာကနေ မျက်လံုံးဖွင့်ကြည့်လိုက်တော့ သူတို့သုံးယောက်က ကျုပ်အနားကိုရောက်နေတယ်ဗျ”

“ဟာ၊ ဦးဖိုးခွေးကို ဘာလုပ်သွားသေးလဲ”

“နားထောင်စမ်းပါအုံးကွာ၊ ငါလည်း လန့်သွားတာပေါ့ကွ၊ သူတို့က ငါ့ကိုဘာပြောလည်းဆိုတော့ ဒီနေရာကနေ လှည့််ပြန်ရင်ပြန် မပြန်ရင်သတ်ပစ်မယ်လို့ ပြောတယ်၊ ပြီးတာနဲ့ သူတို့မျက်နှာကြီးတွေက ဘီလူးသရဲမျက်နှာကြီးတွေလို ရုပ်ဆိုးဆိုးကြီးတွေဖြစ်သွားတာ ကြောက်စရာကြီးကွာ၊ ဒါနဲ့ငါလည်း အဲဒီနေရာကနေ ထွက်ပြေးခဲ့ရတာပေါ့”

“ဒါက ဟောဒီဂမုန်းနက်နဲ့ ဘယ်လိုများသက်ဆိုင်လို့လဲဗျ”

“အဲဒီနေ့မနက်ပဲ ဆရာကြီးတစ်ယောက်ရောက်လာပြန်ရော၊ လူကတော့ တော်တော်အသက်ကြီးနေပါပြီ၊ ကိုဘသာထက်တောင်ကြီးမယ်ထင်တယ်၊ သူက ရောက်လာပြီးတော့ အဲဒါ ဂမုန်းစောင့်တွေလို့ပြောတယ်၊ ဘုရားစေတီပုထိုးအနားမှာ ဂမုန်းပင်ပေါက်ရင် ဂမုန်းစောင့်တွေက ငိုတတ်တယ်တဲ့ဗျာ၊ ဒါနဲ့ အဲဒီလူကြီးက စေတီပျက်အနားကိုသွားတော့ ကျုပ်လည်းလိုက်သွားတယ်၊ စေတီပျက်အောက်ခြေက အုပ်ချပ်တစ်ချို့ကိုရှင်းလိုက်တော့ အဲဒီမှာ အပင်ကလေးသုံးပင် တန်းစီပြီးပေါက်နေတာကိုတွေ့လိုက်ရသဗျာ၊ အပင်သုံးပင်ကလည်း ပုံစံဆင်တူပဲဗျ၊ အပင်တွေက ဆိပ်ဖူးပင်လိုအရွက်တွေနဲ့ဗျို့၊ ဒါပေမယ့် အရွက်တွေအားလုံးရဲ့အလယ်မှာ အနက်ရောင်တွေဖြစ်နေတယ်၊ အဲဒီဆရာကြီးက အပင်သုံးပင်စလုံးကို မန်းမှုတ်ပြီးတော့ ခူးသွားတာပဲ၊ ပြီးတော့ ကျုပ်ကိုကြည့်ပြီး “ဟောဒါ ဂမုန်းနက်ပဲကွ၊ အလွန်သိဒ္ဓိဝင်ပြီး ဆေးဖက်ဝင်တဲ့အပင်ပေါ့ကွာ၊ မင်းက ဆေးဆရာမဟုတ်လား၊ ဟောဒီတစ်ပင်ကို မင်းယူသွား” ဆိုပြီးတော့ ကျုပ်ကိုပေးလိုက်တာပဲ”

ပြောပြောဆိုဆိုနဲ့ ဦးဖိုးခွေးက ဘုရားကျောင်းစောင်ပေါ်က ကြွေပန်းကန်ပြားကိုယူလိုက်ပြီး ကျုပ်တို့အရှေ့မှာချပြတယ်ဗျ။

“ဂမုန်းနက်ကို ဦးဖိုးခွေးက ဘာလုပ်မလို့လဲဗျ”

“ငါ့ဆရာထားခဲ့တဲ့ ဆေးကျမ်းတစ်စောင်ကိုကြည့်တော့ ဂမုန်းနက်ဆေးအသုံးတွေ့တယ်ကွ၊ ဆေးကတော့ အမတဘယ ဆေးဖော်စပ်နည်းဆိုပဲ၊ အမတ ဆိုတာ မသေတာပေါ့ကွာ၊ ပြောရရင်မသေဆေးပေါ့”

“ဟာ၊ ဒါဆို အဲဒီဆေးသောက်ရင် မသေတော့ဘူးပေါ့နော်”

“တင်စားပြီးပြောတာပါ၊ မသေတာတော့ မဟုတ်ပေမယ့် အသက်ရှည်ရှည်အနာကင်းကင်းနေနိုင်တယ်၊ သေခါနီးလူကို တိုက်ရင်တောင်မှ ချမ်းချမ်းသာသာ အေးအေးဆေးဆေးနဲ့ ဘဝကူးပြောင်းရတယ်ဆိုပဲ”

ဦးဘသာက အဲဒီချင်းတက်နဲ့တူတဲ့ ဂမုန်းနက်ဥကလေးကိုကြည့်တယ်ဗျ၊ ဥကတော့ပုံမှန်ပါပဲ။

“ဒါနဲ့ ဖိုးခွေးရေ၊ ငါကြားဖူးတာက သိဒ္ဓိဝင်ဂမုန်းဆိုတာက ဒီအတိုင်းသံံုံးမရဘူးမဟုတ်လား၊ သူတို့ရဲ့ သိဒ္ဓိအစွမ်းတွေ နိုးထလာအောင်လို့ နှိုးရတယ်မဟုတ်လား”

“သေချာတာပေါ့ ကိုဘသာရာ၊ ဒါကြောင့် ကျုပ်လည်း သိဒ္ဓိဝင်အောင် ဂမုန်းနက်ကို နှိုးနေတာကြာပြီ၊ သုံးခါတိတိရှိပြီဗျ၊ ခုနက ဦးဘသာတို့မြင်လိုက်ရတာကတော့ တတိယအကြိမ် အသက်သွင်းတာပဲ၊ ပထမတစ်ကြိမ် မန္တန်ကိုးကြိမ်ရွတ်ပြီးနှိုးတယ်၊ မအောင်မြင်ခဲ့ဘူး၊ ဒုတိယတစ်ခါ မန္တန်ဆယ့်ရှစ်ကြိမ် ရွတ်တယ်၊ ဒါလည်းမအောင်ဘူး၊ နောက်တော့ နှစ်ဆယ့််ခုနစ်ကြိမ်ပေါ့ဗျာ။ အောင်မြင်သလား မအောင်မြင်သလားကတော့ ကိုဘသာတို့မြင်တဲ့အတိုင်းပါပဲ”

ဦးဘသာလည်း ခေါင်းတဆတ်ဆတ်ညိတ်တယ်။

“ဒီတစ်ခါတော့ မင်းက မအောင်မြင်တဲ့အပြင် ဂမုန်းစောင့်က မင်းကိုပါ ပြန်ပြီးဒဏ်ခတ်သွားတာပဲဟေ့၊ လေးကြိမ်မြောက်တော့ မကြိုးစားနဲ့ ဖိုးခွေးရင်၊ ဒီတစ်ခါ မင်းကိုအသေလုပ်မှာဟ”

“ဦးဘသာ၊ ဂမုန်းစောင့်က ဒီလောက်တောင်စွမ်းတယ်တဲ့လား”

“စွမ်းတာပေါ့ကွ၊ ဆေးတွေဝါးတွေ စွမ်းတယ်ဆိုတာ အဲဒီဆေးဝါးတွေအစွမ်းလည်းပါသလို၊ ဆေးဝါးတွေကို စောင့်ကြပ်တဲ့အစောင့်အရှောက် ပုဂ္ဂိုလ်တွေရဲ့ အစွမ်းလည်းပါသကွ”

“ဒါဆို ဒီဆေးစောင့်တွေက ဘယ်လိုဖြစ်လာတာလဲဗျာ၊ အပင်မပေါက်ခင်ကတည်းက ရောက်နေကြတာလား”

“ဒီလိုပုဂ္ဂိုလ်မျိုးတွေကလည်း ရုက္ခစိုးတစ်မျိုးပဲကွ၊ များသောအားဖြင့် ဂမုန်းပင်တွေစဖြစ်တည်ဖို့ ဥဖွဲ့ပြီဆိုကတည်းက သူတို့ကလာပြီးနေထိုင်ကြတာပေါ့ကွာ၊ ဂမုန်းဆိုတာက ဥမသေမချင်း သေမှမသေတာ၊ ဒီတော့ အဲဒီဥမှာ သူတို့က သိုက်နန်းဖွဲ့တည်နေထိုင်ကြတဲ့ နတ်တစ်မျိုးပေါ့ကွာ၊ နတ်ဆိုတော့လည်း ကမ္မဇိဒ္ဓိ တန်ခိုးအစွမ်းရှိကြတာပေါ့”

ကျုပ်လည်းအခုမှပဲ နားလည်တော့တယ်ဗျာ၊

“ဒါဆိုရင် ဦးဖိုးခွေးက အခုဘာလုပ်မယ်စိတ်ကူးထားလဲ”

“ကိုဘသာက ဆက်မလုပ်နဲ့ဆိုတော့လည်း ကျုပ်တို့ပြန်ထားလိုက်ကြတာပေါ့ဗျာ၊ ကိုဘသာ အခုအားတယ်မဟုတ်လား”

“အားပါတယ်၊ ဘာလဲဖိုးခွေးရ မင်းအခုပဲသွားထားမလို့လား”

“ဒါပေါ့ဗျာ၊ ကျုပ်ကတော့ ဟောဒီအကျိုးမပေးတဲ့ ဂမုန်းနက်ကို အိမ်မှာဆက်ပြီးမထားဝံ့တော့ဘူးဗျို့၊ သူတို့နေရာမှာ သွားပြန်ထားပေးလိုက်တော့မယ်”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ၊ အချိန်ကတော့ ညနေစောင်းပြီး နေဝင်ပြီးပြီပေါ့ဗျာ၊ ဦးဖိုးခွေးက သူ့တပည့်တစ်ယောက်ကို လှည်းဆင်ခိုင်းတယ်ဗျ၊ ပြီးတာနဲ့ အဲဒီလှည်းကိုကျုပ်ကမောင်းပြီးတော့ ဦးဘသာနဲ့ ဦးဖိုးခွေးတို့က အနောက်မှာထိုင်ရင်းလိုက်လာခဲ့ကြတာပေါ့။

(၃)

ကျုပ်တို့ပေတောရွာကနေထွက်ပြီး ရွာအပြင်လှည်းလမ်းအတိုင်းနှင်လာခဲ့တယ်၊ မိုးချုပ်ပြီဆိုတော့ နွားတွေကိုလည်း သိပ်ပြီးနှင်လို့မကောင်းတော့ဘူးမဟုတ်လားဗျာ၊ ဦးဖိုးခွေးကတော့ သူ့လက်ထဲမှာ ဂမုန်းနက်ကိုပန်ကန်းပြားနဲ့ထည့်ပြီး ကိုင်လာခဲ့တယ်ဗျ၊ ရွာအပြင် လူသူရှင်းတဲ့နေရာရောက်တော့ ကျုပ်တို့နားထဲမှာ မိန်းကလေးတစ်ယောက် ပျော်ရွှင်ရယ်မြူးသံကိုကြားလိုက်ရတာပဲ၊ ကျုပ်လည်း လှည်းမောင်းနေရင်း ဘယ်နားကများရယ်သလဲဆိုပြီး ဘေးပတ်ဝန်းကျင်ကိုလိုက်ရှာပေမယ့် လူတစ်ဦးတစ်ယောက်မှ မတွေ့ပါဘူးဗျာ၊ နောက်တော့မှ အဲဒါ ဂမုန်းနက်က ရယ်နေတယ်ဆိုတာကို သိလိုက်ရတယ်ဗျ။

“အဲဒါ ဂမုန်းနက်မှာနေတဲ့ အစောင့််က ရယ်နေတာကွ၊ ငါ့အထင်တော့ သူ့မူရင်းနေရာကို ပြန်ရတော့မယ်ဆိုပြီး ရယ်မောနေတာဖြစ်မယ်”

ဦးဘသာက အဲဒီလိုကောက်ချက်ချလိုက်တယ်ဗျ၊ ကျုပ်လည်း လှည်းကိုဆက်နှင်လာရင်း အရှေ့နားရောက်တော့ ဦးဖိုးခွေးက ညာဘက်က လမ်းကလေးကို ချိုးကွေ့ခိုင်းတယ်၊ လမ်းကလေးက ခပ်သေးသေးပါဗျာ၊ လှည်းတစ်စီးမနည်းလွတ်အောင်သွားရတယ်။ အရှေ့ရောက်တော့ လရောင်မှိန်ပြပြအောက်မှာ အုတ်ဂူမဲမဲကြီးတွေ၊ မြေပုံမို့မို့ကြိးတွေကို တွေ့လိုက်ရတာပါပဲဗျာ။

“ဦးဖိုးခွေး၊ ဒီလမ်းဟုတ်ရဲ့လားဗျ”

“အေး၊ ဟုတ်တယ်၊ ဒီလမ်းက ဗောဓိကုန်းကိုသွားတဲ့ဖြတ်လမ်းပဲ၊ လှည်းလမ်းခွဆီရောက်အောင်သွားရင် ခရီးဖင့်တယ်၊ ဒီတော့ ဟောဒီ ပေနှစ်ပင်သုဿန်ကနေဖြတ်ကြမယ်”

ပေနှစ်ပင်သုဿန်ဆိုတာ ပေတောရွာကလူတွေနဲ့ ရွာနီးချုပ်စပ်ကလူတွေအသုံးပြုတဲ့ သုဿန်တစ်ခုဗျ၊ သုဿန်ကတော့ ခပ်သေးသေးရယ်ပါဗျာ၊ လှည်းလမ်းက သုဿန်အရှေ့နားကနေ ဖြတ်ဖောက်ထားတယ်၊ ဦးဖိုးခွေးက ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ ကုန်းကမူကြီးကိုလက်ညှိုးထိုးပြတယ်၊ အဲဒီကုန်းကြီးက ကွင်းလယ်ခေါင်မှာ ထီးတည်းကြီးပေါ့ဗျာ။

“အဲဒါပေါ့ကွ၊ ဗောဓိကုန်းဆိုတာ”

ကျုပ်တို့လှည်းမောင်းလာရင်း သုဿန်နားရောက်တော့ အုတ်ဂူတွေအပေါ်မှာ ဆီမီးခွက်တွေထွန်းထားတာကိုတွေ့လိုက်ရတယ်၊ အုတ်ဂူ လေးငါးလုံးလောက်မှာ ထွန်းထားတာဗျ၊ ကျုပ်ဖြင့် ဘယ်သူများလာထွန်းသလဲဆိုပြီး ထူးဆန်းနေတာပေါ့၊ ဒီအချိန်မှာပဲ လှည်းအရှေ့မှ လူကြီးတစ်ယောက်ခါးထောက်ပြီးရပ်နေတာကိုတွေ့လိုက်ရတယ်၊ လှည်းနဲ့တော်တော်နီးနီးမှာ ရောက်နေတာဆိုတော့ ကျုပ်ဖြင့်လန့်ပြီး နွားတွေကိုအမြန်ရပ်လိုက်ရတယ်၊ ဒီအချိန် မိန်းမတစ်ယောက်ငိုသံံံကိုကြားလိုက်ရတယ်ဗျာ၊ ငိုသံကတော့ တော်တော်ကိုလွမ်းလွမ်းဆွေးဆွေးနဲ့ငိုနေတဲ့အသံဗျ။

ဦးဖိုးခွေးက လှည်းပေါ်ကနေပြီးတော့ လှမ်းမေးတယ်။

“ဟေ့၊ တို့အရှေ့မှာပိတ်ရပ်နေတာ ဘယ်သူလဲကွ”

“ဘယ်သူဖြစ်ဖြစ်ပေါ့ကွာ”

အသံကတော့ ခပ်အိုအိုပဲဗျ။

“ဒါဆိုရင် ဘာဖြစ်လို့ ငါတို့အရှေ့မှာလာပိတ်ရပ်တာလဲ”

“မင်းတို့ဆီက တောင်းစရာတစ်ခုရှိလို့ကွ၊ မင်းတို့ဆီမှာ အခု ဂမုန်းနက်တစ်ဥပါလာတယ်မဟုတ်လား၊ အဲဒီဂမုန်းနက်ကို ငါ့ကိုပေးပါ”

ကျုပ်လည်း လှည်းဦးထိပ်က မီးအိမ်ကိုမြှောက်ပြီးကြည့်လိုက်တာပေါ့ဗျာ၊ အဘိုးကြီးတစ်ယောက်ဗျ၊ သျှောင်ထုံးကြီးထုံးထားပြီးတော့ ခေါင်းပေါင်းကလည်း အကြီးကြီးပဲဗျာ၊ ဖျင်ပင်နီတိုက်ပုံကိုဝတ်ထားပြီး အောက်ကပုဆိုးအကွက်ကျဲနဲ့ဗျ။

“ငါတို့က ဂမုန်းနက်ကို သူရှိသင့်တဲ့နေရာကို သွားပြန်ပို့မှာ၊ မင်းကိုဘာလို့ပေးရမှာတုန်း”

ဒီလူကြီးက သွားဖြူဖြူကြီးတွေပေါ်အောင်ရယ်တယ်ဗျ၊ မီးရောင်အောက်မှာ ဒီလူကြီးမျက်နှာက ကြောက်စရာကောင်းနေပြန်ရောဗျာ။

“အံမယ်၊ အဲဒီဂမုန်းနက်က မင်းကိုငါပေးခဲ့တာပါကွ”

ဦးဘသာက လှည်းပေါ်မှာမတ်တပ်ရပ်လိုက်ပြီးတော့

“သြော်၊ ဘယ်သူများလဲမှတ်တယ်၊ တာတေကြီးပါလား”

ဦးဖိုးခွေးက အံ့သြသွားတဲ့ပုံစံနဲ့

“ကိုဘသာရော သူ့ကိုသိတာလား”

ဦးဘသာက ခေါင်းညိတ်ပြီးတော့

“ဖိုးခွေး၊ မင်းကို ဂမုန်းနက်ပေးတယ်ဆိုတာ သူလားကွ”

“ဟုတ်ပါတယ်၊ ဒီဆရာကြီးပါပဲ”

“ဟား၊ ဟား တာတေကြီးကိုများ ဆရာကြီးတဲ့ကွာ၊ ဒီလူက ဘာမှမဟုတ်ဘူးကွ၊ အလွန်အောက်တမ်းကျတဲ့ အောက်လမ်းဆရာကြီးပေါ့ကွာ”

“ဗျာ၊ အောက်လမ်းဆရာတဲ့လား”

ဦးဖိုးခွေးရုပ်က ချက်ချင်းပြောင်းလဲသွားတယ်ဗျ။ ဦးဘသာက တာတေကြီးကိုလက်ညှိုးထိုးပြီး

“ဟေ့ကောင်တာတေကြီး၊ ငါ့အထင်တော့ မင်းဖိုးခွေးကို ဂမုန်းနက်ပေးလိုက်တာ ရိုးမှရိုးရဲ့လား”

ဦးဖိုးခွေးက ကြောင်စီစီနဲ့

“ရိုးမှ ရိုးရဲ့လားဆိုတာ ဘာကိုပြောချင်တာလဲ ကိုဘသာ”

“မင်းကိုတမင်ရည်ရွယ်ချက်ရှိရှိ သေကြောင်းကြံတာများလားလို့ပါ၊ ဟုတ်တယ်မဟုတ်လားတာတေကြီး၊ ငါပြောတာ မှန်တယ်မဟုတ်လား”

တာတေကြီးက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။

“သိပ်သေချာတာပေါ့ကွာ၊ ဒီလိုကောင်မျိုးက သေသင့်တဲ့ကောင်ကွ”

ဦးဖိုးခွေး တော်တော်ဒေါသထွက်သွားတယ်ဗျ၊ လှည်းပေါ်ကနေ တာတေကြီးကိုလက်ညှိုးထိုးပြီးတော့

“ဟေ့လူကြီး၊ ခင်ဗျားက ကျုပ်ကိုသေစေချင်တယ်လို့ပြောရအောင် ခင်ဗျားနဲ့ကျုပ်နဲ့ကြားထဲမှာ ဘာရန်ငြိုးရန်စရှိလို့လဲ”

တာတေကြီးက ခေါင်းခါတယ်။

“ဘာမှတော့မရှိပါဘူးကွာ၊ ဒါပေမယ့် မင်းဆေးကုနေတာကိုတော့ ငါမကြိုက်ဘူးကွ”

“ဟာ၊ ကျုပ်ကဆေးဆရာဗျ၊ ဆေးဆရာက ဆေးကုစားတာ ဆန်းလို့လား”

“မင်းအတွက်တော့ မဆန်းပေမယ့် ငါ့အတွက်တော့ဆန်းတယ်ကွ၊ ငါက အဲဒီလိုမျိုး လူတွေကိုကယ်တင်တဲ့လူတို့၊ လူတွေကို အကျိုးဆောင်ပေးနေတဲ့လူတွေကို သိပ်မုန်းတာ၊ ဒီနယ်တကြောမှာ ပေတောရွာက ဆေးဆရာဖိုးခွေးဆိုတာ နာမည်သိပ်ကြီးနေတာလည်းပါတယ်၊ ဘာရယ်တော့မဟုတ်ပါဘူး၊ မင်းသေတော့ လူတွေကိုဆေးကုမယ့်လူမရှိရင် လူတွေမရှူနိုင်မကယ်နိုင်ဖြစ်မယ်လေကွာ၊ ငါက အဲဒါကိုလိုချင်တာ”

“တောက် ခင်ဗျားဗျာ”

ကျုပ်ဖြင့်် ဒေါသထွက်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ ဒီအဘိုးကြီးဆီ ပြေးသွားပြီး သူ့မျက်ခွက်ကြီးကိုပဲ လက်သီးနဲ့ပစ်ပစ်ထိုးချင်တာဗျ။ ဦးဘသာက

“ဘာမှမထူးဆန်းပါနဲ့အလတ်ကောင်ရာ၊ ကောင်းတဲ့လူတွေက သူများအကျိုးကိုဆောင်ပေး၊ ကူညီပေးကြသလို မကောင်းတဲ့လူတွေ သူယုတ်မာတွေကလည်း မကောင်းမှုကိုမြတ်နိုးတာ သဘာဝပါပဲ၊ ကဲ တာတေကြီး အခုဒီဂမုန်းနက်တွေကို မင်းဘာလုပ်မလဲ”

“ကျုပ်ဆီမှာ ဂမုန်းနက်နှစ်ဥရှိပြီးသား၊ ဒီဂမုန်းနက်တွေက ဘုရားအနားမှာရှိနေတာမို့ သိပ်အစွမ်းထက်တဲ့ဂမုန်းတွေ၊ ဒီဂမုန်းတွေနဲ့ ကျုပ်က အောက်လမ်းဝိဇ္ဇာဆေးတစ်မျိုးကိုဖော်စပ်မလို့ပဲ၊ ဒါကြောင့် ဗောဓိကုန်းကိုသွားပြီးတော့ ဒီဂမုန်းနက်ညီအမသုံးဖော်ကိုဖမ်းဆီးဖို့ တစ်လနီးပါးလောက် ကြိုးစားခဲ့ရတာပဲ”

“သြော်၊ လတ်စသတ်တော့ သူတို့တွေ ငိုငိုနေတာ မင်းကြောင့်ကိုး”

“ဟုတ်တာပေါ့ သာဒင်ရာ၊ ငါဂမုန်းတွေ ဖော်တော့မယ့်နေ့မှာ ဒီကောင်ဖိုးခွေးက ဘုမသိဘမသိနဲ့ရောက်လာတယ်၊ ငါလည်း ဒီဂမုန်းနက်တွေကို ဒီကောင်မထိန်းနိုင်ဘူးဆိုတာသိတယ်၊ ဂမုန်းနက်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် ဂမုန်းနက်က လူ့အသက်ကိုနှုတ်ယူတဲ့အထိ စွမ်းတယ်ဆိုတာ ငါသိပြီးသား၊ ဒါကြောင့် ဒီကောင့်ကို သေပါစေဆိုပြီးတော့ ဂမုန်းနက်ကိုပေးခဲ့တာပဲ”

“ခင်ဗျား တော်တော်ယုတ်မာတဲ့သူပဲ”

ဦးဖိုးခွေးဆိုရင် ဒေါသထွက်လွန်းလို့ ခုန်ဆွခုန်ဆွဖြစ်နေတယ်ဗျ၊ ဦးဘသာက ဦးဖိုးခွေးပုခုံးကိုလက်နဲ့ပုတ်ရင်း

“ဒါဆို ဒီကျန်တဲ့ဂမုန်းတစ်ပင်ကို ဖိုးခွေးသေတော့မှ မင်းယူမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်မဟုတ်လား တာတေကြီး”

“သိပ်ဟုတ်တာပေါ့၊ ဒါပေမယ့် ဒီကောင်မင်းနဲ့တွေ့တာ ကံကောင်းတယ်ပြောရမယ်၊ ကဲ ကဲ ငါလည်း သိပ်ရှည်ရှည်ဝေးဝေးမပြောတော့ဘူး၊ မင်းတို့သုံးယောက်စလုံး အသက်ရှင်ချင်တယ်ဆိုရင် ငါ့ကို အဲဒီဂမုန်းနက်ကိုပေးပါ၊ မပေးဘူးဆိုရင် မင်းတို့အားလုံး ဟောဟိုသချိုင်းမှာ အမြှုပ်ခံံရမယ်ဟေ့”

ကျုပ်လည်း တော်တော်ဒေါသထွက်တာနဲ့

“ဒီမှာအဘိုးကြီး ခင်ဗျားလေကြီးလေကျယ်မပြောနဲ့ ဟောဟိုလှည်းပေါ်က ဘယ်သူလဲဆိုတာ ခင်ဗျားသိလို့လား”

ကျုပ်က ဦးဘသာကိုလက်ညှိုးထိုးပြလိုက်တယ်၊ တာတေကြီးက ရယ်မောရင်း

“သိပ်သိတာပေါ့ကွာ၊ ဒေါ်ပျင်းရဲ့သား သာဒင်လေကွ”

“ခင်ဗျားသူဘယ်လောက်စွမ်းတယ်ဆိုတာရော သိလို့လား”

တာတေကြီးက ရယ်မောရင်း

“သိတာမှ သိပ်သိတာပေါ့ကွာ၊ ဟေ့ သာဒင်၊ အဲဒီတုန်းက မင်းငါ့ကိုမနိုင်ခဲ့ဘူးမဟုတ်လား”

တာတေကြီးပြောတာကြားလိုက်ရတော့ ကျုပ်ဖြင့်အံ့သြသွားတာပဲဗျာ၊ သူပြောပံုံအရဆိုရင် ဦးဘသာနဲ့ တာတေကြီးနဲ့ တစ်ပွဲတစ်လမ်းတော့ နွှဲဖူးကြတယ်ထင်ပါ့ဗျာ၊ အဲဒီပွဲမှာ ဦးဘသာရှုံးသွားတဲ့ပုံစံံပဲ၊ ကျုပ်လည်း သူ့စကားမှန်မမှန်သိချင်တာနဲ့ ဦးဘသာကိုလှည့်ကြည့်လိုက်တယ်။

“ဦးဘသာ၊ သူပြောတာတကယ်လား”

ဦးဘသာက ခေါင်းညိတ်တယ်။

“ဗျာ၊ ဒါဆို တကယ်ပဲ ဦးဘသာက သူ့ကိုမနိုင်ခဲ့ဘူးပေါ့”

“အဲဒီတုန်းက ငါပေါ့ဆခဲ့မိတာလည်း ပါပါတယ်ကွာ၊ တာတေကြီး ခင်ဗျားဒီတစ်ခါတော့ ကျုပ်ကိုနိုင်မှာမဟုတ်ပါဘူး”

တာတေကြီးက ဦးဘသာကိုလက်ညှိုးထိုးရင်း

“အေးပါ သာဒင်ရာ၊ မင်းဘယ်လောက်စွမ်းလာသလဲဆိုတာကို ငါစောင့်ကြည့်တာပေါ့”

ပြီးတာနဲ့ တာတေကြီးက ဖြတ်ခနဲပျောက်သွားပြီးတော့ လှည်းပေါ်မှာလာပေါ်တယ်ဗျာ၊ ဦးဖိုးခွေးလက်ထဲက ပန်းကန်ပြားကို ဖြတ်ခနဲလှမ်းဆွဲယူတာဗျ၊ မြန်လိုက်တာတော့ ပြောမနေပါနဲ့ဗျာ၊ ဒါပေမယ့် အဲဒီပန်းကန်ပြားရဲ့ တစ်ဖက်စွန်းကို ဦးဘသာကလှမ်းဆွဲထားတယ်ဗျ၊ တာတေကြီးက ပန်းကန်ကိုအားကုန်စိုက်ဆွဲတယ်၊ ပန်းကန်က သူ့ဘက်ကိုနည်းနည်းတိုးလာတယ်၊ ဦးဘသာက ပြန်ဆွဲတော့ ပန်းကန်က ဦးဘသာဘက်ကို ပြန်ပါသွားရောဗျာ။

လှည်းပေါ်မှာ သူတို့သုံးယောက် မတ်တပ်ကြီးပေါ့ဗျာ၊ တာတေကြီးနဲ့ ဦးဘသာက ပန်းကန်ပြားကိုတစ်ဖက်စွန်းဆီဆွဲပြီး မတ်တပ်ရပ်နေတယ်၊ ဦးဖိုးခွေးကတော့ သူတို့အလယ်နားမှာ ရပ်နေတာပေါ့ဗျာ၊၊ တာတေကြီးက မျက်စောင်းကြီးခဲပြီးတော့ ဦးဘသာကိုကြည့်တယ်။

“သာဒင်၊ ဒီတစ်ခါတော့ ငါအလျော့ပေးမှာမဟုတ်တော့ဘူးနော်”

ဦးဘသာကလည်း တစ်ချက်ပြုံးလိုက်ပြီး

“လုပ်စမ်းပါ တာတေကြီးရဲ့၊ ခင်ဗျားနဲ့ကျုပ် မကျေပွဲနွှဲကြတာပေါ့”

တာတေကြီးက ဘေးနားမှာရပ်နေတဲ့ ဦးဖိုးခွေးရဲ့ ပုခုံးတစ်ဖက်ကို လက်နဲ့အုပ်ပြီးကိုင်လိုက်တယ်ဆိုရင်ပဲ ဦးဖိုးခွေးက တဆတ်ဆတ်နဲ့တုန်ယင်လာပြီးတော့ မေးတွေပါ တဂတ်ဂတ်နဲ့ရိုက်တယ်ဗျာ၊ ဦးဘသာကလည်း ဦးဖိုးခွေးရဲ့ ပုခုံးတစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့ ဦးဖိုးခွေးက ပုံမှန်အတိုင်းပြန်ဖြစ်သွားသဗျ၊ ဒီတစ်ခါ သူတို့ပညာပြိုင်တာ ဦးဖိုးခွေးက ကြားခံဖြစ်နေပုံရတယ်ဗျ။

ဦးဘသာက တာတေကြီးကိုကြည့်ရင်း

“ကဲ တာတေကြီး၊ ခင်ဗျားဖိုးခွေးကို ကြိုက်သလောက်လုပ်စမ်း၊ ပြုစားစမ်းဗျာ၊ ခင်ဗျားရဲ့ပညာကို ကျုပ်ဖျက်ပြမယ်”

“ကောင်းပြီ သာဒင်၊ တကယ်လို့ ဖိုးခွေးကို ငါပြုစားလို့ရတယ်ဆိုရင် ငါအနိုင်ပဲ၊ တကယ်လို့ ငါပြုစားလို့မရဘူးဆိုရင် မင်းအနိုင်ပေါ့ကွာ”

တာတေကြီးက ပြောရင်းဆိုရင်း ဦးဖိုးခွေးရဲ့ နောက်ကျောကုန်းကို လက်နဲ့ပုတ်ထည့်လိုက်တယ်၊ ဘုန်းခနဲမြည်သံကြီးနဲ့အတူ ဦးဖိုးခွေးတစ်ယောက် ကျောပါကော့ထွက်သွားတယ်ဗျာ၊ ဦးဘသာက ဦးဖိုးခွေးရဲ့ရင်ဘတ်ကို လက်နဲ့အသာပြန်ပုတ်တယ်၊ နောက်တော့ တာတေကြီးက ဦးဖိုးခွေးရဲ့ နံရိုးကြားထဲကို လက်ညှိုးနဲ့ထိုးထည့်လိုက်တယ်။

“အား၊ အား နာလိုက်တာ”

ဦးဖိုးခွေးက ခွေကျသွားမတတ်ပဲဗျ၊ ဦးဘသာက ဦးဖိုးခွေးရဲ့ တစ်ဖက်နံကြားထဲကို သူ့လက်ညှိုးနဲ့ထိုးထည့်ရင်း

“အားလုံးအကုန်ပြန်ကောင်းစမ်းကွာ”

ဦးဖိုးခွေးတစ်ယောက် နာကျင်ပုံမရတော့ဘူးဗျ၊ တာတေကြီးကချက်ချင်းပဲ ဦးဖိုးခွေးရဲ့ လက်တစ်ဖက်ကိုလှမ်းဆွဲကိုင်ထားလိုက်တယ်၊ ဦးဖိုးခွေးမှာ ဓါတ်လိုက်သလိုပဲ တုန်ုယင်ပြီး ကျင်တက်လာတာဗျာ၊ ဦးဘသာက ဦးဖိုးခွေးရဲ့ဇက်ပိုးကို ဖြောင်းခနဲအုပ်ချလိုက်တော့မှ ဦးဖိုးခွေး အတုန်ရပ်ပြီးတော့ လှည်းပေါ်မှာပြန်ထိုင်ကျသွားတော့တာပါပဲ။

တာတေကြီးက မကျေနပ်လို့ ဦးဘသာရင်ဘတ်ကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်ပါရောဗျာ၊ ဦးဘသာကလည်း တာတေကြီးရင်ဘတ်ကို လက်ဝါးနဲ့ဖြောင်းခနဲရိုက်ထည့်လိုက်တာ။ နှစ်ယောက်လုံး တစ်ယောက်လက်ဝါးရိုက်ချက် တစ်ယောက်ထိပြီးတော့ နှစ်ယောက်သား လှည်းပေါ်ကနေ ကျွမ်းပစ်ပြီး ပြုတ်ကျကြတယ်ဗျာ။

ဦးဘသာကြီးလဲသွားတော့ ကျုပ်လည်းသွားပြေးပွေ့လိုက်တယ်၊ ဦးဘသာက အောင့်အည်းသည်းခံပြီးတော့ မတ်တပ်ထတယ်ဗျ၊ ဒါပေမယ့် စိတ်ပဲရှိတယ်၊ သူတကယ်မထနိုင်ဘူးဗျာ၊ ကျုပ်လက်မောင်းကို အတင်းအားယူဆွဲပြီး မတ်တပ်ထမှ ထနိုင်တော့တယ်၊ ဦးဘသာ စကားပြောဖို့လုပ်တော့ ပါးစောင်ကနေ သေးတွေပွက်ခနဲအန်ကျလာပါရောဗျာ။

“ဦးဘသာ၊ ဦးဘသာ”

ဦးဘသာက ချောင်းတွေဆိုးရင်း ပါးစပ်ထဲကနေ သွေးစက်တွေ တဖြန်းဖြန်းနဲ့ထွက်ပါရောဗျာ၊ နောက်တော့ တံတွေးတစ်ချက်ထွေးလိုက်တာ သွေးတွေကို လုံးခနဲပဲထွက်သွားတယ်ဗျ၊ ကျုပ်ဆိုရင် ဦးဘသာကြီး တစ်ခုခုဖြစ်ပြီလားဆိုပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေပြီပေါ့ဗျာ၊ တာတေကြီးကတော့ အေးအေးလူလူမတ်တပ်ရပ်ရင်း ရယ်တယ်ဗျ။

“သာဒင်၊ သာဒင်၊ မင်းကများ ငါ့ကိုနိုင်မယ်လို့ထင်နေတာလားကွ”

ဦးဘသာက ခေါင်းခါတယ်။

“ဦးဘသာ သတိထားပါအုံးဗျာ”

“တာတေကြီး၊ တာတေကြီးက ငါ့ကို . . . ငါ့ကိုဈ အဟွပ် . . . အဟွပ်”

“ဟား၊ ဟား မင်းကိုငါ ဘုရားကျိန်စာတိုက်ထားလိုက်ပြီပဲ သာဒင်၊ မင်းမှာ အချိန်ခုနစ်နာရီပဲရတော့မယ်၊ အချိန်ခုနစ်နာရီပြည့်တာနဲ့ မင်းသေရလိမ့်မယ်”

ဦးဘသာက ခွေကျသွားတာပဲဗျာ၊ ကျုပ်လည်း မျက်ရည်တွေစီးကျလာတယ်၊ တာတေကြီးက ဂမုန်းနက်ဥကို ကောက်ယူလိုက်တယ်ဗျ၊

“ဟား၊ ဟား၊ နောက်ဆုံးတော့ ငါလိုချင်တဲ့ ဂမုန်းနက်သုံးဥ ငါရခဲ့ပြီ၊ ဒီဂမုန်းနက်တွေနဲ့ ငါအောက်လမ်းဆေးစီရင်ပြီးတော့ ထွက်ရပ်လမ်းကို ကူးတော့မယ်ကွာ၊ ဒါဆိုရင်ငါက ဘယ်တော့မှမသေနိုင်တော့တဲ့ အောက်ဝိဇ္ဇာဖြစ်ပြီကွ”

ဦးဘသာက ခေါင်းခါရင်း

“မဖြစ်နိုင်ဘူး တာတေကြီး၊ ခင်ဗျားဘယ်တော့မှ အဲဒီလိုမဖြစ်ရဘူး၊ ခင်ဗျားလုပ်ခဲ့တဲ့မကောင်းမှုတွေက ခင်ဗျားကိုပြန်ပြီးစီရင်မှာပဲ”

တာတေကြီးက ခွက်ထိုးခွက်လန်ရယ်တယ်ဗျ။

“ဟား၊ ဟား ဒီလိုစကားတွေ ငါကြားရပေါင်းများပါပြီ သာဒင်ရာ၊ ဒီလိုစကားမျိုးတွေက မင်းတို့လိုအရှုံးသမားတွေ ပြောနေကျ စကားတွေပါကွ၊ တရားကိုနတ်စောင့်ပါတယ်တို့၊ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးတို့ဆိုတဲ့စကားတွေက မင်းတို့လို အရှုံးသမားတွေ ရသေ့စိတ်ဖြေပြောတဲ့စကားတွေကွ၊ မှတ်ထားသာဒင်၊ တကယ်တော့ ကောင်းမှုဆိုတာ မကောင်းမှုကိုမနိုင်ပါဘူးကွ၊ မနိုင်လို့လည်း ဒီနေ့ဒီအချိန်အထိ ငါအသက်ရှင်နေတာပေါ့ကွာ”

“မဟုတ်ဘူး တာတေကြီး၊ ခင်ဗျားမှားပြီ၊ မကောင်းမှုဆိုတာ ဘယ်တော့မှဆိတ်ကွယ်ရာမရှိဘူး”

“အေးပါ၊ အခုတော့ မင်းပဲငါ့အထက်အရင် ငရဲပြည်ကိုသွားနှင့်အုံးပေါ့ သာဒင်ရာ ဟားဟား”

တာတေကြီးက ပြောဆိုပြီးတော့ သူ့တိုက်ပုံအိတ်ထဲကနေ ဂမုန်းနက်နှစ်ဥကိုထုတ်လိုက်တယ်၊ နောက်တော့ သူ့လက်ဝါးထဲကို ဂမုန်းနက်သုံးဦးလုံးထည့်လိုက်တာပေါ့ဗျာ၊ ထည့်ပြီးတော့ မကြာပါဘူး၊ တာတေကြီးတစ်ယောက် မျက်နှာပျက်သွားတယ်ဗျ၊ ပြီးတော့ သူ့ကိုယ်သူမယုံသင်္ကာဖြစ်ပြီး အံံံ့သြနေတယ်။

“ငါ၊ ငါဘာဖြစ်တာလဲ”

ဒီတော့မှ ဦးဘသာက သွေးတွေပေကျံံနေတဲ့ သွားတွေပေါ်အောင် ရယ်လိုက်တယ်ဗျ။

“ခင်ဗျားမှားပြီ တာတေကြီး၊ ခင်ဗျားရဲ့လက်ဝါးရိုက်ချက်က ကျုပ်ကိုဘုရားကျိန်စာတိုက်နဲ့သေအောင်ရိုက်ပေမယ့် ကျုပ်ရဲ့လက်ဝါးချက်က ခင်ဗျားကိုရိုက်တာမှမဟုတ်တာ၊ ခင်ဗျားတိုက်ပုံအိတ်ထဲက ဂမုန်းနက်တွေကို ခင်ဗျားချုပ်နှောင်ထားတဲ့ အစီအရင်တွေ၊ ပညာတွေ ပျက်သွားအောင်လို့ ရိုက်ပေးထည့်လိုက်တာ”

တာတေကြီးက ဂမုန်းနက်တွေကို မြေကြီးပေါ်ကိုပစ်ချလိုက်တယ်ဗျ၊ ပြီးတော့ သူ့အင်္ကျီကိုသူလှန်လိုက်ပြီး သူ့ဗိုက်ကိုသူပြန်ကြည့်လိုက်တယ်၊ တာတေကြီးရဲ့ဗိုက်ထဲမှာ အလုံးတွေဖြစ်လာတာဗျ၊ ပထမတော့ ကွမ်းသီးလုံးလောက်ရှိတဲ့ အလုံးကြီးတွေဖောင်းထလာတာပဲဗျာ၊ ကွမ်းသီးလုံးကနေပြီး တစ်ခါ မာလကာသီးလောက်ဖြစ်လာတယ်၊ နောက်တော့ သီးသီးလုံးလောက်ကြီးလာတယ်ဗျာ၊ ခဏကြာတော့ ဥသျှစ်သီးတွေလို လုံးလုံးဖုဖုကြီးတွေဖြစ်ကုန်ပါရော။

“ဟား၊ ဟား၊ ဟား”

အဲဒီအချိန်မှာ ပတ်ဝန်းကျင်တစ်ခွင်လုံးမှာ မိန်းကလေးရယ်သံတွေ ဖုံးလွှမ်းနေတာပဲဗျာ၊ ရယ်တာကမှ တစ်ခုခုကိုကျေနပ်ပြီးတော့ ဟက်ဟက်ပက်ပက်ရယ်တဲ့အသံပဲ၊ တာတေကြီးက မျက်လုံးကြီးတွေပြူးပြီးတော့ လက်အုပ်ကောက်ချီလိုက်တယ်။

“ဂမုန်းနက်ကို စောင့်ကြပ်ကြတဲ့ ဂမုန်းနွယ်ရှင်သခင်မတို့ဘုရား၊ ကျုပ် . . . ကျုပ်မှားပါတယ်၊ ကျုပ်ခင်ဗျားတို့ကို ပြန်လွှတ်ပေးပါ့မယ်၊ ကျုပ်ကိုလည်း ပြန်လွှတ်ပေး . . . လွှတ်ပေး . . . အ . . .အ”

တာတေကြီးပြောနေတုန်းရှိသေးတယ် သူ့ပါးစပ်ထဲကနေ သွေးတွေထွက်လာတယ်ဗျ၊ နောက်တော့ ဗိုက်ကြိးတစ်ခုလုံး ဖားခုံညင်းကြီးလို ပူဖောင်းလာပြီးတော့ ဝုန်းခနဲပေါက်ကွဲသွားတာပဲဗျာ၊ ပတ်ဝန်းကျင်တစ်ခွင်လုံးကိုလည်း သွေးစသွေးနတွေ၊ ကလီစာအစိတ်အပိုင်းတွေ ပြန့်ကျဲထွက်သွားးတာပဲ၊ တာတေကြီးခမျာ အဲဒီနေရာမှာတင်ပဲ ဗိုက်ကြီးပွင့်ပြီးတော့ လဲကျသွားရှာတယ်။

“မလာနဲ့၊ မလာနဲ့၊ ငါ့ဆီမလာနဲ့၊ သွားကြ၊ သွားကြစမ်း”

အသံနက်ကြီးနဲ့အော်ပြီးတော့ လူးလွန့်နေတာပဲဗျာ၊ မြေကြီးထဲကနေ လက်ကြီးတွေတိုးထွက်လာတာဗျ၊ လက်ကြီးတွေက သစ်ကိုင်းခြောက်ကြီးတွေလို ခြောက်ခြောက်ရှည်ရှည်ကြီးတွေဗျာ၊ အဲဒီလက်ကြီးတွေက တာတေကြီးတစ်ကိုယ်လုံးကို ဖမ်းချုပ်ဆုပ်ကိုင်ပြီးတော့ မြေကြီးအောက်ကိုဆွဲချသွားပါရော၊ ဒီလောက်မာကျောတဲ့မြေကြီးက မသိရင် ရွံ့နွံတွေလိုမျိုးဖြစ်သွားပြီး တာတေကြီးတစ်ယောက် အရှင်လတ်လတ်ငရဲပြည်ကို ဆွဲချခံလိုက်ရတယ်ဆိုပါတော့ဗျာ၊

ဦးဘသာကြီးက တာတေကြီးကိုကြည့်ရင်း သက်ပြင်းတစ်ချက်ချတယ်ဗျ၊ နေုာက်တော့ ဦးဘသာလည်း ဇက်ကျိုးပြီးလဲကျသွားပါရော။

“ဦးဘသာ၊ ဦးဘသာ သတိထားပါအုံး”

ဦးဖိုးခွေးက ပြေးလာတယ်ဗျ၊ ဦးဘသာရဲ့ လည်ပင်းဘေးနားက အကြောကို လက်နှစ်ဖက်နဲ့စမ်းသပ်ရင်း

“မကောင်းတော့ဘူး၊ သူ့သွေးခုန်နှုန်းတွေ မူမမှန်တော့ဘူးကွ”

“ဦးဖိုးခွေး တစ်ခုခုလုပ်ပေးပါအုံးဗျာ”

“ငါလည်း ဘာလုပ်ရမှန်းမသိဘူးကွ၊ လောလောဆယ်တော့ ရွာကိုပြန်ခေါ်သွားမှဖြစ်မယ်ထင်တယ်”

ဒီအချိန်မှာပဲ ကျုပ်တို့အရှေ့နားမှာ မိန်းကလေးသုံးယောက် ပေါ်လာတယ်ဗျ၊ မိန်းကလေးသုံးယောက်စလုံးက ရှေးခေတ်က မိန်းကလေးတွေဝတ်ဆင်သလိုမျိုး ဝတ်ဆင်ထားကြတယ်၊

“ခင်၊ ခင်ဗျားတို့က ဘယ်သူတွေလဲ”

“ငါတို့က ဂမုန်းနက်မှာနေထိုင်စောင့်ကြပ်ကြတဲ့ ဂမုန်းနက်နွယ်ရှင်သခင်မတွေပဲ”

“ဒါ၊ ဒါဆိုလည်း ခင်ဗျားတို့ ဦးဘသာကို ကယ်လို့ရရင် ကယ်တင်ပါအုံးဗျာ”

မိန်းကလေးသုံးယောက်အနက် အလယ်က မိန်းကလေးက ခေါင်းညိတ်လိုက်ပြီး

“ကယ်လို့တော့ရတယ်၊ ဒါပေမယ့် သူ့ရဲ့ကံတရားအပေါ်မူတည်တယ်”

“ဘယ်လိုကယ်ရမှာလဲ”

“ဂမုန်းနက်ဟာ ထိုက်တန်သူသာ ပိုင်ဆိုင်ခွင့်ရှိသတဲ့၊ ဒီတော့ ဒီဦးလေးကြီးက ငါတို့ညီအမတွေကို ကယ်တင်ခဲ့တဲ့အတွက် ငါတို့အပေါ်ကျေးဇူးရှိတယ်၊ ငါတို့တွေ သူ့ကိုပြန်ပြီးကယ်တင်ပေးချင်ပါတယ်၊ ဒါပေမယ့် ဂမုန်းနက်ရဲ့အစွမ်းကိုရဖို့အတွက် သစ္စာဆိုတိုင်တည်မှရမယ်”

“ဘယ်လို သစ္စာဆိုရမှာလဲ”

“သူလုပ်ခဲ့တဲ့အရာတစ်ခုကို သစ္စာဆိုရမယ်၊ အဲဒီသစ္စာမှန်တဲ့အခါမှ ဂမုန်းနက်အစစ်ကိုရလိမ့်မယ်”

ကျုပ်လည်းခေါင်းညိတ်လိုက်တယ်၊ မိန်းကလေးသုံးယောက်ထဲက အလယ်ကမိန်းကလေးက ကျုပ်လက်ကိုကိုင်လိုက်တာနဲ့ ပတ်ဝန်းကျင်ကြီးတစ်ခုလုံးက ချာချာလည်သွားပြီးတော့ တောကြီးတစ်ခုထဲ ကျုပ်ရောက်သွားတယ်ဗျာ၊ တောကြီးအထဲမှာတော့ သစ်ပင်ပန်းပင်တွေ ပေါင်းစုံပွင့်လန်းနေလို့ဗျ၊ တချို့အပင်တွေဆိုရင် ကျုပ်မြင်တောင် မမြင်ဖူးတဲ့အပင်တွေဗျာ၊ ကျုပ်ရဲ့အရှေ့မှာ ကုန်းကမူကလေးတစ်ခုရှိပြီးတော့ အဲဒီကမူကလေးအပေါ်မှာ အပင်သုံးပင်ပေါက်နေတယ်ဗျ။

“ကဲ၊ သူလုပ်ခဲ့တဲ့အရာတစ်ခုကို သူ့ကိုယ်စား မင်းကသစ္စာဆိုရမယ်၊ သစ္စာဆိုပြီးရင် အဲဒီဂမုန်းပင်သုံးပင်ထဲက တစ်ပင်ကို မင်းနှုတ်ရမယ်၊ သစ္စာမှန်ရင် ဂမုန်းနက်အစစ်ကို မင်းရမယ်၊ သစ္စာမှားရင်တော့ မင်းဘာမှရမှာမဟုတ်ဘူး”

ကျုပ်လည်း တံတွေးမြိုချလိုက်ပြီးတော့ အပင်ကလေးတွေအနားလျှောက်သွားလိုက်တယ်၊ အပင်ကလေးသုံးပင်က တစ်ပုံစံတည်းပေါက်နေတာဗျ၊ ကျုပ်လည်း သစ္စာဆိုဖို့လက်အုပ်ချီလိုက်တယ်၊

“ဦးဘသာဘဝတစ်လျှောက်လုံးမှာ သူများတကာ ဒုက္ခဖြစ်ပါစေ၊ ဘေးတွေ့ပါစေ၊ သေပါစေဆိုပြီးတော့ တစ်ခါမှ မကောင်းကြံခဲ့ဖူးခြင်းမရှိပါ၊ ဤစကားသည် မှန်သောသစ္စာစကားဖြစ်ပါသည်။ ဤသစ္စာစကားမှန်ပါက ဂမုန်းနက်အစစ်အမှန်ကိုသာ ခူးယူရရှိနိုင်ပါစေသား”

ကျုပ်လည်း သစ္စာဆိုပြီးတာနဲ့ ဂမုန်းပင်သုံးပင်ထဲက ညာဘက်ထောင့်ဆုံးက အပင်ကိုလက်နဲ့ဆွဲနှုတ်ထည့်လိုက်တယ်ဗျာ၊ ဒီအချိန်မှာပဲ မြေငလျင်လှုပ်သလိုမျိုး တဝုန်းဝုန်းနဲ့ လှုပ်ခတ်သွားတယ်၊ ပြီးတော့ အရာအားလုံးက မှုန်ဝါးသွားပြီးတော့ ကျုပ်တို့ခုနက ရပ်နေတဲ့အနားကိုပြန်ရောက်သွားတယ်ဗျာ၊

“မင်းသူ့အတွက်ဆိုခဲ့တဲ့ သစ္စာစကားက တကယ်မှန်ပါတယ်”

ကျုပ်လက်ဝါးကိုဖြန့်ကြည့်လိုက်တော့ ငါးပြားစေ့လောက်ရှိတဲ့ အပြားကလေးတစ်ပြားက ရောက်နေတယ်ဗျ၊ အပြားကလေးကလည်း မည်းနက်နေလို့ဗျာ၊ ကျုပ်အထင် ဂမုန်းနက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်မယ်ထင်တယ်၊ ကျုပ်ကြည့်နေတုန်းမှာပဲ ဂမုန်းနက်ဥကလေး သုံးဥက မြေပေါ်ကနေကြွတက်လာပြီးတော့ ကောင်းကင်ပေါ်ကိုတချွင်ချွင်နဲ့ပျံတက်သွားတော့တာပဲဗျာ။

ဦးဖိုးခွေးက ပြေးလာပြီး ကျုပ်လက်ထဲက ငါးပြားစေ့ဝိုင်းလောက်ရှိတဲ့ ဂမုန်းနက်ကလေးကိုကြည့်တယ်။

“ဟာ၊ ဒါ၊ ဒါ ဂမုန်းနက်အစစ်ပဲဖြစ်ရမယ်”

“ဦးဖိုးခွေး၊ ကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”

“ဂမုန်းနက်အစစ်ဆိုရင်တော့ သူ့ချည်းတင် စုန်းတိုက်၊ နတ်တိုက်၊ ကဝေတိုက်တာကို နိုင်မှာကွ၊ ဒီအပြားကလေးအတိုင်းပဲ ကိုဘသာ ပါးစပ်ကိုဖြဲပြီး ထည့်ပေးရအောင်ကွာ”

ဦးဖိုးခွေးပြောတာနဲ့ ကျုပ်လည်း ဦးဘသာပါးစောင်ကိုလက်နဲ့ညှစ်ပြီး ပါးစပ်ပွင့်သွားတဲ့အခါ လက်ထဲက ဂမုန်းနက်အဝိုင်းအကွင်းကလေးကို ပါးစပ်ထဲထည့်ပေးလိုက်ပါရောဗျာ၊ ထူးဆန်းတာကတော့ ဦးဘသာလျှာပေါ်ကို အဝိုင်းကလေးတင်လိုက်တာနဲ့ ဂမုန်းနက်က ရေခဲတုံးအရည်ပျော်ကျသလို ပျော်ပြီး ပျောက်သွားတော့တာပဲဗျာ။ ဦးဘသာကတော့ သတိမရသေးဘူးဗျ။ ဒါနဲ့ကျုပ်တို့လည်း လှည်းနဲ့ပြန်လာခဲ့တယ်၊ ဦးဖိုးခွေးအိမ်ရှေ့ခန်းမှာပဲ ဦးဘသာကို ချထားတာပေါ့ဗျာ။ ဦးဖိုးခွေးက ဦးဘသာလည်ပင်းကိုစမ်းကြည့်ပြီးတော့

“ရပါပြီကွ၊ သူ့သွေးခုန်နှုန်းတွေ ပုံမှန်ပြန်ဖြစ်လာပါပြီ၊ ညည့်လည်းနက်နေပြီ အလတ်ကောင်ရေ၊ မင်းသွားအိပ်ချင်အိပ်တော့လေ”

ကျုပ်လည်းခေါင်းခါလိုက်တယ်။

“မအိပ်ပါဘူးဗျာ၊ ကျုပ်ဖြင့်် ဦးဘသာကို ဂမုန်းနက်တိုက်ထားပေမယ့် စိတ်မချသေးဘူးဗျ”

ဦးဖိုးခွေးက သက်ပြင်းချပြီးတော့ အိမ်ခန်းထဲဝင်သွားတယ်၊ ကျုပ်ကတော့ တစ်ညလး ဦးဘသာဘေးနားမှာ ငုတ်တုတ်ထိုင်ပြီး ဦးဘသာကြီး ဘာမှမဖြစ်ပါစေနဲ့ဆိုပြီး ဆုတောင်းပေးနေမိတာပေါ့ဗျာ။

ကျုပ်မျက်လုံးဖွင့်လိုက်တော့ နေတောင်အတော်မြင့်နေပြီဗျ၊ ကျုပ်လည်း ဦးဘသာကိုစောင့်ရင်း မိုးလင်းခါနီးကျတော့ မှေးခနဲအိပ်ပျော်သွားတာဗျာ၊ ကျုပ်ကမန်းကတမ်းနဲ့ထလိုက်တော့ ဦးဘသာက ဖျာပေါ်မှာမရှိတော့ဘူးဗျ၊ ဒါနဲ့ကျုပ်လည်း ပျာပျာသလဲနဲ့ အိမ်အောက်ကိုပြေးဆင်းလာခဲ့ပါရောဗျာ၊ အိမ်ဘေးနားမှာ ဦးဘသာရယ်၊ ဦးဖိုးခွေးရယ်၊ ဗျဂ္ဃလေးရယ် ထိုင်နေသဗျ။

“ဟာ၊ ဦးဘသာ၊ ကောင်းသွားပြီလား”

“အေး၊ ကောင်းသွားပါပြီကွာ၊ မင်းလည်းပင်ပန်းနေရောပေါ့၊ ဒါကြောင့် ငါတို့မနှိုးတော့တာ”

ဦးဘသာတို့အရှေ့မှာတော့ ဗျဂ္ဃသားကို မြေကျင်းထဲထည့်ပြီးတော့ ခေါင်းလေးပဲဖော်ပြီး မြေမြှုပ်ထားတယ်ဗျ၊ ကျုပ်လည်း သူတို့အနားမှာထိုင်လိုက်ရင်း

“ဘာလုပ်နေတာလဲဗျ”

“ဒီကလေး ပထဝီအားနည်းနေလို့ အရိုးတွေပျော့နေတာကွ၊ ဒီတော့အရိုးတွေသန်မာလာအောင်လို့ မြေကိုင်ပေးနေတာဟေ့”

ဦးဖိုးခွေးက ပြန်ဖြေတယ်ဗျာ၊ ကျုပ်လည်း ဦးဘသာနေကောင်းသွားပြီဆိုတော့မှ သက်ပြင်းချနိုင်တော့တယ်၊ နေ့လည်နေ့ခင်းထမင်းစားသောက်ပြီးတော့ ဦးဖိုးခွေးက ဦးဘသာအတွက် သွေးဆေးတွေ၊ အားဆေးတွေထည့်ပေးလိုက်သေးတယ်၊ ကျုပ်တို့လည်း နွားကိုးကောင်ဆွဲခဲ့ပြီးတော့ ပေတောရွာက ဘကြီးထွန်းရင်ဆီက နွားတစ်ကောင်ဝင်ယူလိုက်တယ်၊ စုစုပေါင်း နွားဆယ်ကောင်ဖြစ်သွားပြီပေါ့ဗျာ၊ အဲဒီနွားတွေဆွဲရင်းနဲ့ ပေတောရွာကနေထွက်ခဲ့ပါရော၊ ဗျဂ္ဃလေးနဲ့ ဦးဖိုးခွေးက ပေတောရွာအထွက်နားအထိ လိုက်ပို့ပေးကြပါတယ်။

ကျုပ်စိတ်ထဲပျော်လာတယ်ဗျ၊ ဦးဘသာလည်းကောင်းသွားပြီမဟုတ်လား၊ နောက်ပြီးတော့ ရွာကိုပြန်ရောက်တော့မယ်လေဗျာ၊ ဘယ်ရွာမှာဘယ်လောက် ကောင်းကောင်းမွန်မွန်နေရတယ်ပြောပြော၊ ကိုယ့်ဇာတိ၊ ကိုယ့်ရွာကိုရောက်တာ့မယ်ဆိုတဲ့အသိက ပိုပြီးပျော်ဖို့ကောင်းတယ်မဟုတ်လားဗျာ။

ပြီးပါပြီ။
အဂ္ဂဇော်