အောင်မြတ်သာလဲ လူငယ်ကိုမြင်တော့ မျက်မှောင်ကျုံ့ပြီး စူးစိုက်ကြည့်လိုက်ရာ သူ့ရဲ့ကိုယ်ထဲကနေ မီးခိုးရောင်အခိုးငွေ့တွေအပြင်ကိုလျှံထွက်နေတာကိုမြင်တော့ လမ်းဘေးကို ဖယ်ပေးပြီး သမင်လည်ပြန်လှည့်ကြည့်ကာ နှုတ်ခမ်းလေးတွန့်ရုံတစ်ချက်ပြုံးလိုက်မိတယ်။ ဒါကိုသတိထားမိတဲ့ သက်ခိုင်က
“ ဆရာ ခုနက ကောင်လေးက တစ်ခုခုထူးခြားနေတယ်လို့ ခံစားမိနေတယ်မဟုတ်လား”
“ ဟုတ်တယ် သက်ခိုင်… မသိစိတ်ထဲက သူ့ပုံစံကို နှစ်သက်သလိုပေါ်လာလို့ပါ..ဒါပေမယ့် သူလိုက်စားနေတဲ့ ကျင့်စဉ်က ငါတို့နဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လေ”
“ ဒီနေ့က လပြည့်နေ့ဆိုတော့ ထက်၊ လယ်၊ အောက်၊ လက်ဝဲ၊ လက်ယာ ပညာရပ်တွေကို လိုက်စားတဲ့သူတွေ လာကြာတာ သိပ်တော့မဆန်းပါဘူးဆရာရယ်”
“ အင်း… ငါတို့လဲ စကားပြောနေရင်း စနေထောင့်တောင်ရောက်လာပါလား..ဒီမှာပဲ ဘုရားဖူးရင်း အချိန်ဖြုန်းကြတာပေါ့”
အောင်မြတ်သာတို့လဲ လူသူမရှိတဲ့ဇရပ်တစ်ခုထဲဝင်နားကာ စေတီတော်ကို ဖူးမျှော်ကန်တော့ခဲ့ကြတယ်။ နေ့လည်ဘက်ရောက်တော့ အရောင်ပျယ်လွှင့်နေတဲ့ဒေါက်ချာဆောင်းကာ ကြေးစည်ကိုထုပြီး ဇရပ်ထဲကိုဝင်လာတဲ့ ရသေ့တစ်ပါးကိုမြင်လိုက်ရတယ်။
“ လပြည့်နေ့ဆိုတော့ စေတီပေါ်မှာ ဆရာကောင်းသမားကောင်းတွေ စုံနေလေရဲ့… သာဓု သာဓု သာဓု..”
“ ဘရသေ့လို ပုဂ္ဂိုလ်တောင် ရောက်လာသေးတာပဲ.. တပည့်တော်တို့ ရောက်တာမဆန်းပါဘူးဗျာ”
အောင်မြတ်သာစကားကိုကြားတော့ ဘရသေ့က ကြေးစည်ကို တစ်ချက်ထုလိုက်ပြီး
“ ဟားဟား အင်းစမကို တစ်ဖက်ကမ်းခတ်အောင် ထူးချွန်ထားတဲ့ ဆရာလေးနဲ့တွေ့တုန်း အကူအညီတစ်ခုတောင်းဦးမယ်ဗျို့… အခုတစ်လော ဖိုထိုးဖို့အတွက် မီးသွေးဖိုးမလောက်မငဖြစ်နေတာ လာဘ်ရွှင်စေတဲ့ အင်းလေးဆွဲပေးပါဦး”
“ ဘရသေ့လို ကြေးကို ရွှေဖြစ်အောင် လုပ်နိုင်တဲ့သူက ဖိုထိုးဖို့ မီးသွေးဖိုးမရှိဘူးဆိုတာ ယုတ္တိမတန်ပါဘူးဗျာ..”
“ ဟားဟားဟား … စကားပြောက ကောင်းပါ့ကွာ၊ ဒါနဲ့ မင်းတို့ထမင်းမစားရသေးဘူးမလား”
ဘရသေ့စကားကို အောင်မြတ်သာတို့က ခေါင်းညိမ့်ပြပြီး ဝန်ခံလိုက်တဲ့အချိန်
“ ရော့ ရော့ မနက်က အလှူခံထားတဲ့ ထမင်းထုပ်တွေရှိတယ်… ဟင်းကတော့ သက်သက်လွတ်ပဲဟင်းနဲ့ ငရုတ်သီးကြော်ဆိုတော့ စားမြိန်မှာအသေချာပဲ” လို့ပြောကာ ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ ထမင်းထုပ်သုံးထုပ်ကို တံပိုးနဲ့လျှိုထားတဲ့ ခြင်းတောင်းထဲကနေ ထုတ်ကာကမ်းပေးလိုက်တယ်။
အောင်မြတ်သာတို့လဲ ဘရသေ့ပေးတဲ့ ထမင်းထုပ်ကိုဖြေလိုက်ရာ အခုမှချက်ထားသလို အငွေ့တထောင်းထောင်း ထနေတာကို ထူးဆန်းစွာမြင်လိုက်ရတယ်။
“ အံ့ဩမနေကြနဲ့… အလှူရှင်တွေစေတနာမှန်ရင် မဖြေမချင်းမသိုးပါစေနဲ့လို့ အဓိဌာန်ထားလို့ ခုလိုဖြစ်နေတာ၊ စားကြ စားကြ”
ဘရသေ့စကားကြောင့် အောင်မြတ်သာတို့ ဘာမှဆက်မမေးတော့ပဲ ထမင်းကိုသာ ငုံ့ကာစားလိုက်ကြတယ်။
“ စားလို့ကောင်းကြတယ်မဟုတ်လား… ထမင်းစားပီးရင် ရေသောက်ရတယ် .. “လို့ပြောပီး ဘူးသီးခြောက်ရေဘူးကိုကမ်းပေးကာ စေတီရဲ့ စိန်ဖူးတော်ကို စူးစိုက်ကြည့်နေခဲ့တယ်။
ဘရသေ့နဲ့ အောင်မြတ်သာတို့ ဆရာတပည့်တွေ ဇရပ်ထဲမှာထိုင်နေကြပေမယ့် အရိပ်ရှာနေကြတဲ့ လူတွေကတော့ ရှိမှန်းတောင်သိပုံမရပဲ ဖြတ်သန်းသွားလာနေတာကိုမြင်တဲ့ တောက်ရက
“ ဆရာ … လူတွေက ဒီဇရပ်ပေါ်မှာနေရာလွတ်တွေရှိနေပါလျက်နဲ့ ဘာလို့ လာပြီးမနားကြလဲမသိဘူးနော်”
“ ဟားဟား မင်းက ဒီဇရပ်ကို သာမန်ဇရပ်ထင်နေလား… “
“ ဗျာ …”
“ မင်းတို့နှစ်ယောက်အနေနဲ့ဆိုရင် ဒီဇရပ်ကိုရှာတောင်တွေ့မှာမဟုတ်ဘူးကွ”
ဘရသေ့ စကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ ဇက်ကလေးပုပြီး ငြိမ်သွားခဲ့ကြတယ်။ မကြာမီ အိန္ဒိယဆာဒူးကြီးတစ်ပါးရောက်လာပြီး ဇရပ်ကြမ်းပြင်ပေါ်ကို ဝမ်းလျားမှောက်ကာ စေတီကို ကန်တော့တာကိုလဲမြင်တွေ့ခဲ့ရတယ်။ ညနေစောင်းရောက်တော့ ဘရသေ့က တံပိုးကိုကောက်လွယ်ကာ သက်ခိုင်နဲ့ တောက်ရကို ကြည့်ပြီး
“ မင်းတို့နှစ်ယောက် တစ်နေ့နေ့တစ်ချိန်ချိန် ဒီဇရပ်ကို ပြန်ရောက်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ပြောကာ ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့ တောက်ရကတော့ ကြောင်အအနဲ့ ဘရသေ့ကို ကြည့်နေခဲ့ပေမယ့် အောင်မြတ်သာကတော့ ပြုံးခြင်းရယ်ခြင်းမရှိပဲ ငြိမ်သက်စွာထိုင်နေခဲ့တယ်။ ညချမ်းအချိန်ရောက်လာတဲ့အခါမှာတော့ တစ်ကိုယ်လုံးညစ်ပတ်ပေရေပြီး ဆံပင်တွေဘုတ်သိုက်ဖြစ်နေတဲ့ အရူးတစ်ယောက် ဇရပ်ပေါ်ကိုခုန်ပေါက်ပြီးတက်လာခဲ့တယ်။
“ အလိုလေး… ဝိဇ္ဇာဇရပ်ပေါ်မှာ ဝိဇ္ဇာမဟုတ်တဲ့သူနှစ်ယောက် တက်ထိုင်နေပါလား… ဟဲဟဲ၊ ငါကိုယ်တော်အမြင်အရ သင်တို့နှစ်ယောက်မှာ ထူးခြားတဲ့ပါရမီပါလာလို့ နောက်လာမယ့်ကာလတွေမှာ သင်တို့ ဒီဇရပ်ကို နောက်တစ်ခေါက်ထပ်ရောက်လာဦးမှာ အသေချာပဲဟေ့”လို့ပြောပီး စေတီတော်ကို ဦးချကာ ဂုဏ်တော်တွေကို ကျယ်လောင်တဲ့အသံနဲ့ရွတ်ဖတ်ပါလေရော။
သက်ခိုင်နဲ့ တောက်ရလဲ ဒီလူဟာ အရူးဝိဇ္ဇာဆိုတာ ချက်ချင်းသိလိုက်တဲ့အတွက် ငြူစူခြင်းအလျဉ်းမရှိပဲ ကျယ်လောင်စွာရွတ်ဖတ်နေတဲ့ ဂုဏ်တော်တွေထဲကို စိတ်နှစ်ကာ နားထောင်နေခဲ့တယ်။ အတန်ကြာရွတ်ဖတ်ပြီးတဲ့အချိန်မှာတော့ ဝေနေယျသတ္တဝါတွေကိုအမျှတန်းဝေကာ ဇရပ်ပေါ်ကနေပြန်ဆင်းသွားခဲ့တယ်။
ညကတစ်ဖြေးဖြေးနက်လာတဲ့အမျှ ရင်ပြင်ပေါ်မှာလဲ လူတွေရှင်းသွားခဲ့တယ်။ အဲဒီအချိန်မှာတော့ ဝတ်ကောင်းစားလှတွေဝတ်ထားတဲ့သိုက်နန်းရှင်တွေ လာရောက်ဖူးမျှော်တာကိုလဲမြင်တွေ့ခဲ့တယ်။ ညသန်းခေါင်အချိန်ရောက်တော့ အောင်မြတ်သာက
“ အချိန်ကျပြီ သွားကြရအောင်” လို့ပြောကာ ဇရပ်ပေါ်ကနေဆင်းလာခဲ့တယ်။ အောင်မြတ်သာတို့ဆရာတပည့်တွေလဖြ စေတီနှစ်ဆူရဲ့ကြားမှာ ဖြစ်ပေါ်နေတဲ့ လမ်းကျဉ်းတစ်ခုထဲကိုဝင်လာပြီးတဲ့အချိန်မှာတော့ ဆေးကြိတ်နေတဲ့ဇော်ဂျီရုပ်ထုတွေကို စေတီပေါ်မှာ ထွင်းထားတဲ့ လှိုဏ်တစ်ဆင့်ခံစေတီတစ်ဆူကိုမြင်လိုက်ရတယ်။
“ အခု မင်းတို့မြင်နေရတဲ့ ဇော်ဂျီရုပ်ထုတွေက ဝိဇ္ဇာတွေကိုယ်တိုင်အစီအရင်နဲ့ ထွင်းထုထားတာဖြစ်တဲ့အပြင် လှိုဏ်ဂူအတွင်းမှာရှိတဲ့ ဗုဒ္ဓရုပ်ပွါးတော်ကိုတော့ လောကီဓါတ်ပညာအစီအရင်တွေနဲ့စီရင်ထွင်းထုထားတယ်၊ ဒါကြောင့် ရောက်တုန်းရောက်ခိုက် သေချာဖူးမျှော်ပါ” လို့ပြောပြီး လှိုဏ်ဂူတွင်းကိုဝင်သွားခဲ့တယ်။
သက်ခိုင်နဲ့တောက်ရလဲ ဝိဇ္ဇာဇော်ဂျီဘုရားကို ဖူးမျှော်ပြီးပြန်ထွက်လာတဲ့အခါမှာတော့ စေတီပေါ်မှာထွင်းထားတဲ့ ဇော်ဂျီရုပ်ထုလေးတွေက ဆေးကြိတ်တဲ့သူကကြိတ်၊ လမ်းလျောက်တဲ့သူက လျောက်နဲ့ လှုပ်ရှားသွားတာနေတာကိုလဲ ထူးဆန်းစွာမြင်လိုက်ရတယ်။
“ သက်ခိုင်နဲ့တောက်ရ ဆရာတော်ကြွလာပြီ “
ဘေးမှာရပ်နေတဲ့အောင်မြတ်သာစကားကြောင့် စေတီဘေးကိုကြည့်လိုက်ရာ ဖန်ရည်ဆိုးသင်္ကန်းကိုဝတ်ဆင်ထားတဲ့ ဆရာတော်ကြီးတစ်ပါးကိုဖူးမြင်လိုက်ရတယ်။ ဆရာတော်က အောင်မြတ်သာကိုမြင်တော့ အနားကိုခေါ်လိုက်ပြီး
“ သင့်ရဲ့ ပထမအကြိမ်ပြည်တော်ဝင်ခရီးစဉ်မှာ လူအသက်တွေများစွာကိုကယ်တင်နိုင်ခဲ့သလို လမ်းမှားရောက်နေတဲ့သူတွေကိုလဲ လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်”
“ ဆရာတော်ရဲ့ ချီးကျူးစကားကိုကြားတော့ တပည့်တော် ပင်ပန်းရကျိုးနပ်ပါပြီဘုရား”
“ ဟိုဒကာလေးနှစ်ယောက်က သင့်ရဲ့တပည့်တွေမဟုတ်လား”
“ ဟုတ်ပါတယ်ဘုရား သူတို့နှစ်ယောက်က တပည့်တော်ကို အများကြီးအကျိုးပြုခဲ့ကြပါတယ်”
“ အိမ်း သာဓု သာဓု သာဓု… သင်တို့နှစ်ယောက်အနေနဲ့လဲ က်ုယ့်မှာရှိတဲ့အစွမ်းအစတွေကိုထုတ်ပြရမယ့်အချိန်ရောက်လာပြီနော်”
ဆရာတော်စကားကြောင့် သက်ခိုင်နဲ့ တောက်ရက လက်အုပ်ချီပြီး နားလည်ကြောင်းခေါင်းညိတ်ပြလိုက်တယ်။
“ သင်တို့နှစ်ယောက်ရဲ့ ညာဘက်လက်ဝါးတွေဖြန့်ထားကြ”
“ တင်ပါဘုရား”
သက်ခိုင်နဲ့ တောက်ရလဲ ညာဖက်လက်ဖဝါးတွေကိုဖြန့်ပြီး အရှေ့ကိုထိုးပေးလိုက်တဲ့အချိန် ဆရာတော်က သူ့ရဲ့နူးညံ့တဲ့လက်ဖဝါးနှစ်ဖက်ကို အပေါ်ကနေထပ်လိုက်ပြီး
“ ယခုအချိန်ကစပြီး သင်တို့နှစ်ယောက်ကို ဂိုဏ်းရဲ့ပညာရပ်တွေလက်ထပ်ပေးအပ်ခဲ့ပြီမို့ ခုနှစ်ရက်သားသမီးတွေကို ကိုယ့်ရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ကယ်တင်ကြပါ။ သင်တို့ရဲ့ကိုယ်ထဲမှာ အာဏာစက်တည်နေပြီဖြစ်လို့ အောက်လမ်း၊ စုန်း၊ ကဝေ၊ မောက်လုံး၊ မောက်ပြား၊ ဇော်ဂနီ၊ ဇော်ဂနက်တွေကို ဟိန်းဟောက်မာန်မဲရုံနဲ့ အောင်နိုင်ကြတဲ့သူတွေဖြစ်ခဲ့ကြပြီ။ ဒီအစွမ်းကိုအသုံးပြုပြီး နောင်ပွင့်မယ့်ဘုရားကိုဖူးမျှော်နိုင်ဖို့ ကြိုးစားကြပါ။ အခုတော့ သင်တို့ဆရာခေါ်တဲ့နောက်ကို အရုဏ်မတက်ခင်ထိ လိုက်သွားကြဦး” လို့ပြောကာ နောင်တော်ကြီးစေတီဘက်ကို ကြွသွားခဲ့တယ်။
အောင်မြတ်သာတို့လဲ ဆရာတော်ကြွသွားတဲ့နောက်ကျောကိုကြည့်ကြီး ထိခြင်းငါးပါးနဲ့ကန်တော့လိုက်ကြတယ်။ ပြီးတာနဲ့ သက်ခိုင်နဲ့ တောက်ရတို့ ပခုံးကိုကိုင်ကာ
“ ဆရာတော်မိန့်ကြားချက်အရ မင်းတို့နှစ်ယောက်လုံး မဟာမြိုင်တောထဲကို ခေတ္တသွားကြရဦးမယ်”
“ မဟာမြိုင်တောထဲမှာ ကျွန်တော်တို့ နေရတော့မှာလားဆရာ”
“ မင်းတို့နှစ်ယောက်မှာ ကြိုးစားအားထုတ်ရမယ့် အရာတွေကျန်ရှိနေသေးတဲ့အတွက် လူ့ပတ်ဝန်းကျင်ကို တစ်ခေါက်ပြန်သွားရဦးမယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ကံ၊ ဉာဏ်၊ ဝိရိယတွေကို အသုံးချပြီး မဟာမြိုင်တောထဲကိုသွားမယ့်လမ်းကို ကိုယ်တိုင်ဖောက်ကြပါ။ နှစ်ယောက်လုံး စိတ်အေးချမ်းတဲ့အရပ်ဒေသကို ရောက်လာကြမယ်လို့ ယုံပါတယ်”
အောင်မြတ်သာရဲ့စကားအသွားအလာကြောင့် သက်ခိုင်နဲ့တောက်ရတို့ရဲ့ မျက်နှာမှာ ဝမ်းနည်းမှုတွေအတိုင်းသားပေါ်နေခဲ့ပေမယ့် ဟန်မပျက်ငြိမ်သက်စွာရပ်နေခဲ့ကြတယ်။
“ ကဲ… အခုတော့ သင်တို့အတွက်လုပ်ပေးစရာရှိသေးလို့ ကျုပ်ရဲ့ အင်္ကျီစကို မြဲနေအောင်ကိုင်ပြီး လိုက်ခဲ့ကြ”
သက်ခိုင်နဲ့ တောက်ရလဲ အောင်မြတ်သာရဲ့အင်္ကျီကို ကိုင်ပြီးအနောက်ကလိုက်သွားခဲ့ရာ ဆံတော်တွင်းဘေးမှာရှိတဲ့ နံရံအရှေ့ကိုရောက်တော့
“ နှစ်ယောက်လုံးရဲ့မျက်စိတွေကို ဖွင့်လို့မပြောမချင်းတင်းကြပ်အောင်ပိတ်ထားကြပါ” လို့ပြောလိုက်တဲ့အတွက် နှစ်ယောက်သားဘာမှပြန်မပြောပဲ မျက်လုံးတွေကိုမှိတ်ထားလိုက်ကြတယ်။
ရေခဲတစ်မျှ အေးစက်တဲ့ လေရဲ့ တိုးဝှေ့မှုတွေကို စက္ကန့်ပိုင်းလောက်ခံစားပြီးတဲ့အချိန်မှာတော့ ကျေးငှက်တွေရဲ့ သာယာတဲ့အော်မြည်သံတွေကို စတင်ကြားလိုက်ရတယ်။
“ မျက်လုံးတွေဖွင့်လို့ရပြီ”
အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ မျက်လုံးဖွင့်ကြည့်လိုက်ရာ အရမ်းကိုလှပပြီးစိမ်းလန်းစိုပြေနေတဲ့ ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတယ်။ ဒါ့အပြင် ဖြူဖွေးနေတဲ့ ယုန်သူငယ်တွေနဲ့ ခါးလောက်ရှိတဲ့ ကျားတွေက အချင်းချင်းရန်မမူပဲ ပြေးလွှားဆော့ကစားနေတာကိုလဲ ထူးဆန်းစွာမြင်လိုက်ရတယ်။
“ ထူးခြားတဲ့ မြင်ကွင်းကြောင့် အံ့ဩနေကြတာလား”
“ ဟုတ်တယ်ဆရာ … ဒီနေရာက အရင်တစ်ခေါက် ကျွန်တော်တို့ရောက်ဖူးခဲ့တဲ့ နေရာနဲ့လဲမတူဘူးနော်”
“ ဟုတ်တယ် ဒီနေရာက ဆရာတော်ကြီး တရားကျင့်ကြံတဲ့နေရာလေ… သူ့ရဲ့မေတ္တာဓါတ်တွေကြောင့် ပတ်ဝန်းကျင်မှာရှိတဲ့ သတ္တဝါတွေအားလုံးရဲ့ စိတ်သန္တာမှာ အမုန်းတရားတွေမရှိတော့ဘူး”
“ ဆရာတော်ဘုရားရဲ့ မေတ္တာဓါတ်က အလွန်စူးရှပါလားနော်… ဒါနဲ့လေ ဆရာ ကျွန်တော်တို့ကို ခေါ်လာတာ အကြောင်းတစ်ခုခုများရှိနေတာလား”
“ ဟုတ်တယ် … သင်တို့နှစ်ယောက်က လူ့ပတ်ဝန်းကျင်ကို လောကီဆရာတွေအဖြစ်နဲ့ဝင်ကြရတော့မှာမို့ ခန္ဓာကိုယ်ထဲမှာခိုအောင်းနေတဲ့ သိဒ္ဓိအစွမ်းတွေကို မူလပြန်ကျောက်စက်ရေနဲ့ဆေးကြောဖို့ ဒီကိုခေါ်လာခဲ့တာပဲ”
“ မူလပြန်ကျောက်စက်ရေဆိုတာက ဘယ်လိုမျိုးလဲဆရာ”
“ မကြာခင် သိရမှာမို့ အနောက်ကနေလိုက်လာခဲ့ကြပါ”
အောင်မြတ်သာက စကားဆုံးတာနဲ့ ဂန္ဓမာပန်းအဖြူတွေနဲ့ ခြံရံထားတဲ့ မြေနီလမ်းဘက်ကိုထွက်သွားခဲ့တယ်။ ပန်းခင်းလမ်းကိုကျော်ဖြတ်ပြီးတဲ့အချိန်မှာတော့ မြေကြီးထဲကနေ ထိုးထွက်နေတဲ့ ကျောက်စိမ်းလှိုဏ်ဂူတစ်ခုကိုမြင်လိုက်ရတယ်။
“ ဒီလှိုဏ်ဂူက မူလပြန်ကျောက်စက်ရေ ရှိတဲ့ဂူပဲ… ဂူထဲကို ခွင့်ပြုချက်မရပဲဝင်ခွင့်မရှိတဲ့အတွက် သင်တို့နှစ်ယောက်လုံး အပြင်မှာစောင့်နေပေးပါ”
အောင်မြတ်သာက သက်ခိုင်နဲ့ တောက်ရကို ဂူအပြင်မှာစောင့်ခိုင်းပြီး အထဲကိုဝင်သွားခဲ့ရာ မိနစ်အနည်းငယ်အကြာမှာတော့ သန့်ရှင်းနေတဲ့ပိန်းရွက်နှစ်ရွက်နဲ့ထည့်ထားတဲ့ အစိမ်းရောင်ကျောက်စက်ရေတွေပါလာခဲ့တယ်။
“ ဒီကျောက်စက်ရေကို သောက်ပြီးရင်တော့ သင်တို့ရဲ့ မူလဖြစ်တည်နေတဲ့ ရုပ်အသွင်ကိုပြောင်းလဲလာလိမ့်မယ်၊ ဒါပေမယ့် ကျောက်စက်ရေရဲ့အစွမ်းကြောင့် နောက်နှစ်ပေါင်း သုံးဆယ်လောက်အထိ သင်တို့ဖျားခြင်းနာခြင်းအလျဉ်းမရှိပဲ ကျန်းမာနေလိမ့်မယ်”
“ ဆရာကရော ကျွန်တော်တို့နဲ့ ပြန်မလိုက်ခဲ့တော့ဘူးလား”
“ လူဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန် ခွဲခွါကြရမှာမို့… ရေစက်ကျန်နေသေးရင် တစ်နေရာရာမှာ ပြန်ဆုံတွေ့ကြရဦးမှာ”
“ ဒါဆို ကျွန်တော်တို့နှစ်ယောက် ဒီကနေထွက်ရင် ဘယ်ကိုသွားရမလဲဆိုတာ ပြောပေးပါဦးဆရာ”
“ သက်ခိုင်ကိုတော့ ကုန်းမြေဒေသတွေနဲ့ တောင်တန်းဒေသတွေဘက်မှာ အခြေချစေချင်ပြီး၊ တောက်ရကတော့ ကမ်းရိုးတန်းဒေသဘက်မှာ အခြေချစေချင်တယ်။ အဲဒီကနေ ဂိုဏ်းရဲ့ဂုဏ်သတင်းကို ကျော်စောအောင်ကြိုးစားပြီး ခုနှစ်ရက်သားသမီးတွေကိုကယ်တင်ကြပါ”
အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်နဲ့ တောက်ရတို့ ဒူးထောက်ထိုင်ချကာ မျက်နှာကိုလက်ဝါးနဲ့အုပ်ပြီး ရှိုက်ကြီးတငင်ငိုကြွေးခဲ့ကြတယ်။ အတန်ကြာအောင် ငိုြီးချိန်မှာတော့ နှစ်ယောက်လုံးရင်ထဲပေါ့သွားပြီး
“ ဆရာတို့ မျှော်မှန်းထားတဲ့အတိုင်းဖြစ်အောင် ကြိုးစားမှာပါ၊ တစ်နေ့နေ့တစ်ချိန်ချိန် ဒီမဟာမြိုင်တောထဲမှာ ဆရာကို သေချာပေါက်ပြန်လာတွေ့ပါမယ်လို့ ကတိပေးပါတယ်” လို့ပြောတော့ အောင်မြတ်သာက ဝမ်းမြောက်စွာနဲ့ သာဓုအကြိမ်ကြိမ်ခေါ်ဆိုခဲ့တယ်။
အဲဒီအချိန် သက်ခိုင်ရဲ့ ပျိုမြစ်နေတဲ့ရုပ်ရည်ကနေ အသက်ခြောက်ဆယ်အရွယ် လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သလို တောက်ရကလဲ အသက်ငါးဆယ်အရွယ်လူကြီးတစ်ယောက်အဖြစ်ပြောင်းသွားခဲ့တယ်။
အဲဒီအချိန် ကျယ်လောင်တဲ့ မောင်းတီးသံတစ်ချက်ကိုကြားလိုက်ရတော့ အောင်မြတ်သာက
“ ခွဲခွါရမယ့် အချိန်ကျပြီမို့ သင်တို့ရဲ့အရှေ့မှာ မြင်နေရတဲ့ မြေနီလမ်းအတိုင်းသွားကြပါ။ လမ်းဆုံရောက်ရင် သက်ခိုင်က ညာဘက်လမ်းကိုရွေးပြီး တောက်ရက ဘယ်ဘက်လမ်းကို ရွေးပါ။ နှစ်ယောက်လုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ လူသားတွေရဲ့အကျိုးကိုသယ်ပိုးန်ုင်ကြပါစေ” လို့ပြောကာ အနောက်ကိုလုံးဝလှည့်မကြည့်ပဲ ချာခနဲလှည့်ထွက်သွားခဲ့တယ်။
သက်ခိုင်နဲ့ တောက်ရလဲ ဆရာဖြစ်သူရဲ့နောက်ကျောကို မှုန်ဝါးပျောက်ကွယ်တဲ့အထိ ကြည့်နေခဲ့ကြပြီး လုံးဝပျောက်ကွယ်သွားတော့မှ မြေနီလမ်းအတိုင်း ထွက်လာခဲ့လိုက်တယ်။
မဟာမြိုင်တောထဲကနေထွက်လာတဲ့ လမ်းမှာတော့ ပညာသင်စဉ်ဘဝကနေ အခုချိန်ထိ ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေက နှစ်ယောက်သားရဲ့ဦးနှောက်ထဲမှာ တစ်ရိပ်ရိပ်နဲ့ပြန်ပေါ်လာခဲ့ကြတယ်။
ဒီလိုနဲ့ နှစ်ယောက်သားရဲ့ ခြေလှမ်းတွေက ပြင်ပလောကဆီသို့…။
+++++++++
လေပြေတိုက်ခတ်လို့ လှုပ်ရှားသွားတဲ့ သစ်ရွက်တွေရဲ့အသံ၊ ကျေးငှက်သာရကာတို့ရဲ့ အော်မြည်သံတွေမှ လွဲပြီး တိတ်ဆိတ်ငြိမ်သက်နေတဲ့ မဟာမြိုင်တောရဲ့ တစ်နေရာမှာတော့ ရှည်လျားတဲ့မုတ်ဆိတ်ကျင်စွယ်နဲ့ လူတစ်ယောက်က မလှုပ်မယှက်ငြိမ်သက်စွာ တရားထိုင်နေခဲ့တယ်။ အချိန်ဘယ်လောက်ကြာအောင်ထိုင်နေခဲ့တယ်ဆိုတာကိုမသိပေမယ့် ခြေထောက်အောက်မှာပေါက်နေတဲ့ မြက်တွေကတော့ ရင်ခေါင်းထိရောက်အောင်ရှည်လျားနေခဲ့တယ်။
“ တရားဖြုတ်ဖို့ အချိန်ကျလာခဲ့ပြီ လူလေး…” ဆိုတဲ့အသံကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရာ နဂါးပတ်တောင်ဝှေးကို ကိုင်ဆောင်ထားတဲ့ အဖိုးအိုတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ကျွန်တော် ဒီမှာထိုင်နေတာ အချိန်ဘယ်လောက်တောင် ကြာသွားပီလဲအဘ”
“ လူလေး တရားထိုင်နေတာ လူ့သက်တမ်းနဲ့တွက်မယ်ဆိုရင် နှစ်ပေါင်းနှစ်ဆယ်တိတိရှိခဲ့ပြီ.. “
“ နှစ်ပေါင်းနှစ်ဆယ်ဆိုတာ ဒီမှာတော့ ဘာမှမဟုတ်ပေမယ့် လူ့ဘောင်လူ့လောကမှာဆိုရင် အတော်ရှည်ကြာတဲ့ အချိန်ပဲနော်အဘ”
“ အချိန်တွေ ကုန်တာဘယ်လောက်မြန်လဲဆိုရင် လူလေးအနောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့ဖူးတဲ့သူတွေရဲ့ အပင်လေးတွေတောင် လူတစ်ရပ်ကျော်နေရောပေါ့”
“ ဟင်… နာမည်အတိအကျနဲ့ပေါက်နေတဲ့ သစ်ပင်တွေ လူတစ်ရပ်ကျော်ပီဆိုတော့ သူတို့ ဒီကိုရောက်လာကြတော့မှာပေါ့”
“ ဟုတ်တယ် လူလေး…. သူတို့ရဲ့ပညာက ထွက်ရပ်အဆင့်ကိုမရောက်ပေမယ့် နောင်ပွင့်မယ့်ဘုရားကို ဖူးမျှော်ရမယ့် ရုက္ခစိုးတွေတော့ဖြစ်ခွင့်ရခဲ့ကြတယ်။ ဒါပေမယ့် သူတို့ ဒီကိုရောက်တဲ့အချိန် လူလေးက လူ့ပတ်ဝန်းကျင်ကို ဒုတိယအကြိမ်ပြန်ဝင်ရမယ့်နေ့ဖြစ်နေတယ်ကွယ့်”
“ ကျွန်တော်အနေနဲ့ ဒုတိယအကြိမ်ပြည်တော်ပြန်ဝင်ရမယ်လို့ ပြောချင်တာလား”
“ ဟုတ်တယ် လူလေး… ဒီတစ်ခါမှာတော့ လူလေးအနေနဲ့ ကိုယ့်အပေါ်အယုံမကြည်မရှိတဲ့သူတွေရှေ့မှာဆိုရင် လုံးဝလေးစားချင်စိတ်မရှိအောင်ပေါ့ပျက်ပျက်နေထိုင်ရမှာဖြစ်ပြီး၊ ကိုယ့်အပေါ်ယုံကြည်တဲ့သူရှေ့မှာဆိုရင်တော့ တည်ငြိမ်ရင့်ကျက်တဲ့ပုဂ္ဂိုလ်တစ်ယောက်လိုနေထိုင်ရလိမ့်မယ်”
“ ကျွန်တော်အပေါ်တာဝန်ပေးလာတော့လဲ အကောင်းဆုံးလုပ်ဆောင်ရတော့မှာပေါ့အဘရာ၊ ဒါနဲ့ အခုလက်ရှိ ကျွန်တော်ရုပ်သွင်အတိုင်းပဲ ပြည်တော်ပြန်ဝင်ရမှာလားဆိုတာ ပြောပြပါဦး”
“ လူလေးရဲ့ မူလရုပ်သွင်ကို အတတ်နိုင်ဆုံးဖုံးကွယ်ထားပြီး ခုလိုပုံစံအတိုင်း လူ့ပတ်ဝန်းကျင်ကိုပြန်ဝင်ရမှာဖြစ်တယ်။ လူလေးအနေနဲ့ ဘာတွေလုပ်ဆောင်ရမယ်ဆိုတာကိုတော့ အထက်ဆရာကြီးတွေကိုယ်တိုင် လမ်းညွှန်ပေးလိမ့်မယ်”
“ ဒါဆိုရင် ကျွန်တော်အနေနဲ့ ဘယ်အချိန်လောက် စတင်ထွက်ခွါရမလဲ”
“ အချိန်အခါကောင်းကတော့ မနက်ဖြန်အရုဏ်တက်တဲ့အချိန်ပဲ…”
နဂါးပတ်တောင်ဝှေးကိုင်ထားတဲ့ အဖိုးအိုရဲ့စကားအဆုံးမှာ အောင်မြတ်သာ မျက်လုံးတွေကို မှိတ်လိုက်ပြီး သက်ပြင်းရှည်တစ်ချက်ကို လေးလံစွာချလိုက်မိတယ်။
++++++
မနက် အရုဏ်တက်ချိန်မှာတော့ ရှည်လျားနေတဲ့ ဆံပင်၊ မုတ်ဆိတ်ကျင်စွယ်တွေကို မရိတ်မသိမ်းထားတဲ့ လူတစ်ယောက်က မဟာမြိုင်တောထဲကနေ တိတ်တဆိတ်ပျောက်ကွယ်ခဲ့တဲ့အချိန် တောထဲမှာ ပေါက်နေတဲ့ သပြေပင်နဲ့ ညောင်ပင်မှာတော့ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့ အဖိုးအိုနှစ်ဦး ရုတ်ချည်းပေါ်ပေါက်လာခဲ့တယ်။
ဤနေရာမှာ ကျွန်တော်ရေးသားခဲ့တဲ့ အောင်မြတ်သာဝတ္တုတိုများအတွဲ(၁)၊ အပိုင်း(၁၈၆)ပိုင်းပြီးဆုံးခဲ့ပါတယ်။ သို့ပေမယ့် အောင်မြတ်သာရဲ့ဒုတိယအကြိမ်ပြည်တော်ပြန်ဝင်ရမယ့် အကြောင်းတရားကဖန်လာတာကြောင့် အောင်မြတ်သာဝတ္တုတိုများ အတွဲ(၂)ကို အပိုင်း(၁၈၇)ကနေ ပြန်လည်ရေးသားဖြစ်ခဲ့ပါတယ်။ အတွဲ(၂)အစပိုင်းကစပြီး စာဖတ်သူတွေ စိတ်ဝင်စားစေမယ့် အကြောင်းအရာအဖြစ်အပျက်များကိုထည့်သွင်းရေးသားသွားမှာဖြစ်ပါတယ်။
အတွဲ(၂)၊ အပိုင်း(၁၈၇)ရဲ့ ခေါင်းစဉ်ကတော့ အောင်မြတ်သာနှင့် ဒုတိယမနုဿခြေလှမ်း ဖြစ်တယ်ဆိုတဲ့အကြောင်းကြိုတင်မိတ်ဆက်ပေးခဲ့ပါတယ်။
လေးစားစွာဖြင့်
ဇေယန(ရာမည)
မူရင်းရေးသားသောသူများနှင့်
Leave a Reply