ပြောတာကို ကျုပ်လည်း စိတ်ဝင်
စားတာဗ်။
“ဒီလောကကြီးကလည်း ဆန်းတော့ အဆန်း
သားဟဲ့ ငွေစိန်ရဲ့၊ ရွှေအိုးရဲ့အဖေ ဘိုးငွေရကြီး
ရဲ့အဖြစ်ကလည်း အံ့သြစရာဟဲ့ ”
“နေပါဦး အစ်မရွှေမြရဲ့၊ အစ်မနဲ့ ကိုရွှေအိုးနဲ့
ဘယ်သူက ကြီးတုံး”
“ဟဲ့ ပြားကြည်ရဲ့၊ ရွှေအိုးနဲ့ ငါနဲ့က မီးဝင်မီး
ထွက်တဲ့၊ သူက ငါ့ထက် ခုနှစ်ရက် ကြီးတူ
ပေါ့အေ”
“ဘိုးငွေရကြီးက ဒီအကြောင်း ဘယ်သူ့မှ
ပြောတာ မဟုတ်ဘူးဟဲ့၊ သူမဆုံးခင် တစ်နှစ်
လောက်ကမှ ငါ့ကို ပြောသွားတာ၊ ငါက သူ့ကို
ဟင်းကောင်းလေး ချက်တိုင်း သွားသွားပို့နေ
ကြကိုး ပြားကြည်ရယ်”
ကျုပ်အမေကလည်း အရီးရွှေမြ ပြောတာကို
စိတ်ဝင်စားသွားပုံပဲဗျ။ အရီးရွှေမြကို မေးနေ
တယ်။ အရီးရွှေမြက အမေနဲ့ ရွယ်တူပဲဗျ။
စောစောက သူတို့ပြောတဲ့ ဘိုးရွှေအိုးဆိုတာ
က ကျုပ်သူငယ်ချင်းမ ပန်းအိရဲ့အဖေဗျ။
ကျုပ်အမေနဲ့ကြတော့ ရွယ်တူ ဆော့ဖက်
ကစားဖက်တွေပေါ့ဗျာ။
“ဒီလိုဟဲ့ ငွေစိန်ရဲ့၊ ဘိုးငွေရငယ်ငယ်က မြောက်
ဘက်ထန်းတော ဟိုဘက်က ယာကီးထဲမှာ သွား
ပြီး ယာထွန်ရင် ဝေလီဝေလင်း ထထသွားရတာ
တဲ့။ ယာထဲရောက်ရင် မိုးမလင်းသေးဘူးတဲ့။ယာ
လေးတစ်ကြောင်း နှစ်ကြောင်းလောက် ထွန်ပြီး
ရင် ဘိုးငွေရက နဘူးချုံကြီးအောက်မှာ တစ်ရေး
ပြန်ပြီး အိပ်ရောဆိုပဲ နွားတွေက ထွန်တုံးတန်း
လန်းနဲ့ ယာဟိုဘက်အစပ်မှာ ရောက်နေတာတဲ့။
ယာတစ်ကွက်လုံးလည်း ထွန်ပြီးနေပြီတဲ့ဟဲ့”
“ဟာ”
“ဘယ်လိုဖြစ်တာတုံး အရီးရဲ့”
ကျုပ်ကလည်း လွှတ်ကနဲ ဝင်မေးလိုက်မိသဗျ
အရီးက ကျုပ်ကို လှည့်ကြည့်ပြီး…
“တစ္ဆေက ထွန်ပေးတာတဲ့ဟေ့”
“ဗျာ၊ တစ္ဆေထွန်ပေးတာ ဟုတ်လား အရီး”
ဒီတစ်ခါတော့ ကျုပ်က မနေနိုင်တော့ဘူးဗျို့။
ဇွတ်ဝင် မေးလိုက်တော့တာဗျ။
“ဟုတ်ပါ့ တာတေရေ၊ တစ္ဆေက ထွန်ပေးတာ
တဲ့။ အစတော့ ဘိုးငွေရလည်း တော်တော်အံ့
သြပြီး ကြောက်လည်း ကြောက်သွားတာတဲ့
ဟေ့၊ တစ္ဆေကို ထင်ထင်ရှားရှား တွေ့ရတာ
လည်း မဟုတ်ဘူးတဲ့။ ခပ်ဝါးဝါးလေး ရိုးတိုးရိပ်
တိတ်လောက်ပဲ တွေ့ရတာဆိုပဲ။
ဘိုးငွေရကလည်း စေတနာလွှတ်ကောင်းတဲ့သူ
မို့လားဟယ်၊ သူ့မှာပါသွားတဲ့ ထမင်းထုပ်ကို
နည်းနည်းချန်ထားပြီး တစ္ဆေကို အကုန်ကျွေး
လိုက်တာတဲ့၊ ခပ်လှမ်းလှမ်းက ဘန့်ဘွေးပင်
အောက်မှာ ဖက်နဲ့ သေသေချာချာ ခင်းပြီး
ကျွေးတာတဲ့။ ရေနွေးကြမ်းလည်း တိုက်တယ်
ဆိုပဲ။ တော်တော်ကြာတော့ သွားကြည့်လိုက်
တဲ့အခါ ဘာမှကို မရှိတော့တာတဲ့။
ရေနွေးကြမ်းလည်း တစ္ဆေက သောက်တယ်ဆို
ပဲ။ အဲဒီနေ့က စပြီး ယာထဲဆင်းရင် ဘိုးငွေရက
ထမင်းတစ်ထုပ် ပိုပိုထုပ်သွားသတဲ့။ သူတစ်ထုပ်
တစ္ဆေတစ်ထုပ်ပေါ့၊ စောစောသွားပြီး ဘိုးငွေရ
က တစ်ကြောင်း နှစ်ကြောင်းထွန်ပြီး မြယာချုံ
ဘေးသွားပြီး အိပ်ချင်ယောင်ဆောင်နေလိုက်
တော့တာတဲ့။ ဒါဆိုရင် တစ္ဆေက ထိန်ပင်ကြီး
ပေါ်က ဆင်းလာပြီး ယာထွန်တော့တာပဲတဲ့
ဟေ့။ ယာတစ်ခင်းများ သိပ်မကြာဘူးတဲ့ဟဲ့။
မိုးလင်းပြီဆိုရင်တော့ ဆက်မထွန်တော့ဘူးတဲ့
ဟေ့၊ ရောက်တဲ့နေရာမှာ နွားရပ်ထားခဲ့တော့
တာပဲတဲ့။ သူဟာထွန်နေတုန်း ဘိုးငွေရက သူ
နေတဲ့ ထိန်ပင်အောက်မှာ သူ့အတွက် ထမင်း
အဆင်သင့် ပြင်ပေးထားလိုက်ရောတဲ့။ ယာ
ထွန်ပြီးရင် တစ္ဆေက ထမင်းစားသွားတာတဲ့။
နောက်တော့ နှမ်းတွေနှုတ်ပြီး နှမ်းထောင်စောင့်
ရတဲ့အချိန်ကျရင် ဘိုးငွေရက ထန်းလက်တဲလေး
ထိုးပြီး စောင့်ရတာတဲ့။ ညစာလည်း သူစားရင် တ
စ္ဆေကို တစ်ထုပ်ကျွေးလိုက်သတဲ့။
ညဆိုရင် ဘိုးငွေရ အိပ်ချင်သလောက်သာ အိပ်
တော့ နှမ်းတစ်ပင်တောင် မပျောက်ဘူးတဲ့၊ တ
စ္ဆေက နှမ်းထောင်စောင့်ပေးတာတဲ့ဟေ့။ နှမ်း
ထောင်တွေ ကပ်လာတဲ့ကောင်တွေ့ရင် တစ္ဆေ
က မြေစိုင်ခဲနဲ့ ပစ်လွှတ်တာတဲ့။ ဘိုးငွေရယာမှာ
သရဲခြောက်တယ်ဆိုပြီး ဘယ်သူမှကို အနားမ
ကပ်ရဲတာဆိုပဲ။ နောက်တော့ တစ္ဆေက ဟိုအ
ဝေးကြီးက ယာတွေဆီသွားပြီး နှမ်းထောင်တွေ
ယူယူလာပေးတာဆိုပဲ။
မနက်မိုးလင်းလို့ အိပ်ရာထရင် ယာထဲမှာ နှမ်း
ထောင်တွေ အများကြီးတိုးနေရောတဲ့။ ဒီတော့
မှ ဘိုးငွေရက လန့်သွားပြီး တစ္ဆေကို ပြောရသ
တဲ့။ ‘သူများပစ္စည်းကို မခိုးရဘူး၊ သူ့ခမျာ တ
ပင်တပမ်းစိုက်ပျိုးထားရတာ မယူပါနဲ့၊ ဒီလို
ပစ္စည်းမျိုးကို သူမလိုချင်ပါဘူး ပြန်ပို့ပေးပါ’
လို့ ပြောတော့ နောက်နေ့မနက်ဆိုရင် မရှိ
တော့ဘူးဆိုပဲ၊ တစ္ဆေက ပြန်ပို့လိုက်ရောတဲ့”
“ဟာ…ဒါဆိုရင် ဒီတစ္ဆေက ဘိုးငွေရကို တော်
တော်ခင်တာပဲ အရီးရဲ့၊ ဘိုးငွေရ စကားကို
လည်း နားထောင်တာပေါ့”
ကျုပ်က အရီးရွှေမြကို ပြောလိုက်တော့ အရီး
ရွှေမြက အမေ့လက်ရာ အညာသားကျောကုန်း
တစ်တုံးကို ဇွန်းနဲ့ ခပ်စားရင် စကားဆက်ပြော
တယ်
“ဟာ၊ တော်တော်နားထောင်တာဟဲ့၊ ဘိုးငွေရ
ကလည်း သူတတ်သလောက် မှတ်သလောက်
တရားတွေကို ထိန်ပင်အောက်သွားပြီး တစ္ဆေ
ကို ဟောပြတယ်။ ဘိုးငွေရက လူပျံတော်လေ၊
ဟောတက် ပြောတတ်တာပေါ့”
“ဟင် …လူပျံတော်ဆိုတာ ဘာကိုပြောတာ
တုံး အရီးရဲ့”
ကျောက်ခဲက ဝင်မေးတာဗျ။
“ဟဲ့ ဒါတောင် မသိဘူးလား ကျောက်ခဲရဲ့၊
လူပျံတော်ဆိုတာ ဘုန်းကြီးလူထွက်ကိုပြော
တာဟဲ့”
“သြော်…ဒါဆိုတော့ ဘိုးငွေရက စာတတ်ပေ
တတ်ကြီးပေါ့”
“ဟုတ်ပါ့ ဟုတ်ပါ့၊ နင်တို့က ဘိုးငွေရကို ကောင်း
ကောင်းမမီလိုက်ကြလို့ မသိကြတာ၊ ရပ်ထဲရွာထဲ
အသုဘရှိရင် အလှူမင်္ဂလာရှိရင် ဘိုးငွေရတို့က
ခေါင်းရင်းခေါင်းဖျားမှာ ထိုင်ရတဲ့သူပေါ့၊ ပြီးရင်
ဟောတော့တာပဲဟေ့၊ လူတွေကလည်း ဘိုးငွေ
ရ ပြောတာဟောတာ အားကြီးသဘောကျတာ”
“ဒါဆို ထိန်ပင်က တစ္ဆေလည်း ကြိုက်မှာပဲ
အရီးရဲ့”
လက်မကလည်း မခေဘူးဗျ။ အရီးကို ဝင်ပြီး
ထောက်ပြလိုက်တယ်
“ဟဲ့ …ဒါပေမဲ့ ဟောကစ ပြောကာစက တစ္ဆေ
မကြိုက်ဘူးဆိုပဲ၊ သစ်ကိုင်းတွေ တဝုန်းဝုန်းနဲ့
လုပ်ပြတယ်တဲ့။ နောက်တော့ ဘိုးငွေရက ချော့
မော့ဖျောင်းဖျပြီး ပြောပြတော့မှ တဖြည်းဖြည်း
နားထောင်တာဆိုပဲ၊ အဲဒီလို ဟောရင်းပြောရင်း
နဲ့ တစ္ဆေက ကျွတ်ဖို့ အချိန်ရောက်သွားရောတဲ့
ဟေ့။ တစ်ညမှာ နှမ်းထောင်စောင့်နေတဲ့ ဘိုး
ငွေရကို အိပ်မက်ပေးသတဲ့။
အိပ်မက်ထဲမှာ တွေ့ရတာက သျှောင်ထုံးနဲ့ လူ
ကြီးတစ်ယောက်တဲ့၊ ရုပ်ရည်လည်း သန့်သန့်
ပြန့်ပြန့် ရှိပါတယ်တဲ့၊ ဒီတော့ ဘိုးငွေရက ‘ဘိုး
ရယ် ဘိုးကို ကြည့်ရတာ ရုပ်ရည်ကလည်း ခန့်
ခန့်ညားညား ရှိလိုက်တာ ဘယ်လိုကြောင့် တ
စ္ဆေဘဝကို ရောက်ရတာတုံး’လို့ မေးလိုက်မိ
တယ်ဆိုပဲ။ ဒီတော့ တစ္ဆေအဘိုးကြီးက ပြန်
ပြောသတဲ့။ ‘ငွေရ ငါက မင်းလိုပဲ တောင်သူ
တစ်ယောက်ပါ၊ ဒါပေမဲ့ မင်းလိုမဟုတ်ဘူးကွ၊
ငါက သုံးမွေခံရတဲ့လူ၊ ငါ့မှာ အမွေရတဲ့ ရွှေ
တွေ အများကြီးရှိတယ်။
ငါက ဒီပစ္စည်းတွေကို မလှူရက် မတန်းရက်
ဘူးလေ။ အခု ငါနေတဲ့ ထိန်ပင်အောက်မှာ အဲ
ဒီရွှေတွေကို အိုးနဲ့ထည့်ပြီး ငါမြှုပ်ထားခဲ့တာ
ဘယ်သူမှ မသိဘူးကွ၊ နောက်တော့ ခေတ်
ပျက်ရောဟေ့၊ အဲဒီအချိန်မှာ ငါ့ကို ဓါးမြတိုက်
တယ်။ ငါ အမွေရထားတဲ့ ရွှေတွေကို တောင်း
တယ်၊ ငါက မရှိတော့ဘူး ကုန်ပြီလို့ ပြောတော့
ဓါးမြက ငါ့ကို စိန်လည်ကြာလှည့်ပြီး စစ်တယ်
ငါ တော်တော်ကို ခံရတာပေါ့ကွာ’လို့ တစ္ဆေက
အိပ်မက်ထဲမှာ ပြောသတဲ့”
“အရီး အရီးပြောတဲ့ စိန်လည်ကြာဆိုတာ ဘာကို
ပြောတာတုံးဗျ”
ကျောက်ခဲက မျက်မှောက်ကြီး ကြုတ်ပြီး
မေးတယ်ဗျ။
“ဟဲ့ ဒီကလေးတွေလည်း ခက်ပေါ့၊ ဗဟုသုတ
ကလည်း နည်းကုန်ပါကောလား ငွေစိန်ရေ၊ စိန်
လည်ကြာဆိုတာ ဆန်ပြာတဲ့ စကောကို အလယ်
ကနေ အပေါက်ဖောက်ပြီး လည်ပင်းကို စွပ်လှည့်
တော့ မနာဘဲနေမလားဟယ်၊ သွေးချင်းချင်းနီနေ
တော့တာပေါ့။ ဒီတော့ အစစ်ခံရတဲ့လူက နာလွန်း
တော့ အကုန်ပြောရတော့တာပေါ့”
“သြော်…တော်တော်ရက်စက်တဲ့ ဓါးမြတွေပါလား အရီးရယ်”
“အေး အဲဒီလို မေးတာတောင် ထိန်ပင်မှာ တစ္ဆေ
ဖြစ်နေတဲ့ အဘိုးကြီးက သူ့ရွှေတွေ ဘယ်မှာမြှုပ်
ထားတယ်ဆိုတာ မပြောဘူးတဲ့ဟေ့၊ နောက်ဆုံး
တော့ ဓါးမြက စိတ်ဆိုးပြီး သတ်ပစ်ခဲ့ရောတဲ့။ ဒါ
နဲ့ ထိန်ပင်မှာ တစ္ဆေလာဖြစ်တာတဲ့။ သူမြှုပ်ထား
တဲ့ ရွှေအိုးကို စွဲပြီး တစ္ဆေဖြစ်တော့တာပေါ့ဟယ်။
လူ့ဘဝတုန်းက သူက တော်တော်ကို နှမြောတွန့်
တိုတာဆိုပဲ၊ ဒီတော့ တစ္ဆေဖြစ်တဲ့ ဘဝမှာ စားစ
ရာ သောက်စရာ ဘာမှကို မရတာတဲ့။ ဘိုးငွေရနဲ့
ခင်မင်တော့မှ ဘိုးငွေရက သူ့ကို အမြဲလို ကျွေး
မွေးလို့ သူစားရ သောက်ရတာဆိုပဲ။ပြီးတော့ ဘိုး
ငွေရက သူ့ကို သနားပြီး တရားဓမ္မတွေ ဟော
ပြောပြလို့ အခုဆိုရင် သူ ဒီဘဝက ကျွတ်လွတ်
တော့မှာတဲ့။ ဒီတော့ ဘိုးငွေရကို ပြောသတဲ့။
‘ငွေရရေ၊ ငါတော့ ရွှေအိုးအစွဲလည်း မရှိတော့
ဘူးကွာ၊ အဲဒီရွှေအိုးကို မင်းပဲတူးပြီး ယူလိုက်ပေ
တော့၊ ပစ္စည်း ရသွားရင် ငါ့ကို မလှူရက် မတန်း
ရက် မလုပ်နဲ့၊ လှူသင့်တာလှူ၊ ပေးသင့်တာပေး
ပါ၊ ငါ့ကိုလည်း အလှူအတန်းပြုတိုင်း မှတ်မှတ်
ရရ အမျှဝေပါကွာ’ လို့ ပြောပြီး ရွှေအိုးမြှုပ်ထား
တဲ့ နေရာကို အိပ်မက်ထဲမှာ သေသေချာချာ ပြ
တယ်ဆိုပဲ။
ဘိုးငွေရကတော့ သူပြုနေကျအတိုင်း တစ္ဆေကို
ထမင်းထုပ်ကလေးဖြည်ပြီး သွားကျွေးသတဲ့။ ဒါ
ပေမဲ့ ခါတိုင်းလို ထမင်းမစားတော့ဘူးတဲ့၊ ပြီး
တော့ ခါတိုင်းလို သွားတာလာတာကို ရိုးကနဲ
ရိပ်ကနဲ မတွေ့ရတော့ဘူးတဲ့။ ဒီတော့မှ ဘိုးငွေ
ရက တစ္ဆေအဘိုးကြီး ကျွတ်သွားပြီဆိုတာ သိ
သွားသတဲ့။
တစ်ညမှာ သူပြခဲ့တဲ့ ထိန်ပင်အောက်က နေရာ
မှာ တူးကြည့်သတဲ့၊ တော်တော်လေးနက်အောင်
တူးမိတော့ ရွှေဒင်္ဂါးပြားတွေမှ ရာနဲ့ချီနေတာဆိုပဲ။
ရှေးခေတ်လက်ရာ ခြေကျင်းတွေ နားထောင်းကြီး
တွေ၊ လက်ကောက်ကြီးတွေလည်း ပါတယ်ဆိုပဲ။
အဲဒီပစ္စည်းတွေ တစ်ချို့တစ်ဝက် ထုခွဲပြီး ရွာဦး
ကျောင်းမှာ တိုက်ကျောင်းကြီးဆောက်ပြီး လှူ
လိုက်သတဲ့။ တစ္ဆေကြီးကိုလည်း ရည်စူးပြီး အ
မျှ သေသေချာချာ ဝေတယ်ဆိုပဲ”
“သြော်…ရွာဦးကျောင်းမှာ ဒါကြောင့် ဦးငွေရ၊ ဒေါ်စိန်မိသားစုကောင်းမှု ဆိုတဲ့ တိုက်ကျောင်း
ကြီး ဖြစ်လာတာကိုး”
ကျုပ်က သဘောပေါက်ပြီး ပြောလိုက်တာဗျ
“အဲဒီရွှေအိုးတွေရပြီး တစ်ပတ်ကြာတော့ အ
ရီးမစိန်က သားယောက်ျားလေး မွေးဆိုပဲ၊ ဒါနဲ့
ရွှေအိုးလို့ နာမည်ပေးလိုက်တာတဲ့၊ ဘိုးငွေရက
တော့ မသေခင်မှာ အလှူအတန်းတွေ တော်
တော်လုပ်သွားတာဟေ့ ပြားကြည်မရေ”
“ဟုတ်တယ် အရီးရဲ့၊ တစ္ဆေကြီးပေးခဲ့တဲ့ ရွှေအိုး
လည်းရ တစ္ဆေကြီးလို ဖြစ်မှာလည်း ကြောက်
သွားလို့ရှိမှာပေါ့တော်”
“ဒါဆိုတော့ လူကို ကောင်းကျိုးပြုတဲ့ တစ္ဆေတွေ
လည်း ရှိတာပေါ့နော် အရီး”
“ဟဲ့ ရှိတာပေါ့ဟဲ့၊ တစ္ဆေဖြစ်တိုင်း မကောင်းတာ
မှ မဟုတ်တာ၊ စိတ်အစွဲအလန်းကြောင့် ဖြစ်တဲ့
တစ္ဆေတွေလည်း ရှိတာပဲ၊ ဘုန်းကြီးရဟန်းတွေ
တောင်မှ ပျံလွန်တော်မူကာနီးကျောင်းတွေ ဘာ
တွေ စိတ်က စွဲသွားရင် မကျွတ်မလွတ်ဖြစ်ကြ
တာဆိုပဲ ကျောက်ခဲရဲ့”
“ဒါကြောင့် ပြောတာပေါ့တော့၊ ဘုန်းကြီးတစ္ဆေ
သမ္ဗုဒ္ဓေ မကြောက်လို့”
အရီးဘုမက ပြောလိုက်တာဗျ။
“ဘယ်လိုမကြောက်တာတုံး အရီးဘုမရဲ့၊ ပြော
ပြပါဦးဗျ”
ကျုပ်က အရီးဘုမကို မေးလိုက်တာဗျ။
“ဟိုတုန်းက ရွာတစ်ရွာက ဘုန်းကြီးတစ်ပါး ပျံ
တော်မူကာနီးမှာ သူကျောင်းတွေ၊ သူ့ကျောင်း
ဝိုင်းထဲက သစ်ပင်တွေ လှူဒါန်းထားတဲ့ ပစ္စည်း
တွေကို စိတ်ကစွဲပြီး ပျံတော်မူတော့ မကျွတ်
တော့ဘူးဆိုပဲ။ သူ့ကျောင်းမှာ လာပြီး တည်း
တဲ့ခိုတဲ့ အာဂန္တုဘုန်းကြီးတွေ၊ လူတွေကို အ
မြဲတမ်းခြောက်လှန့်လွှတ်လို့ ဘယ်သူမှကို သူ့
ကျောင်းမှာ ညအိပ်ညနေ မတည်းခိုရဲကြဘူး
တဲ့ဟေ့။
ခြောက်တာကလည်း တော်တော်ကြမ်းတာဆို
ပဲ။ညအိပ်လာတဲ့ အာဂန္တုရဟန်းတွေကို စောင်
တွေဆွဲခွာ၊ ကုတင်ပေါ်ကနေဆွဲချ။ ရေနဲ့ပက်
လုပ်တာဆိုပဲ၊ ညအချိန်မတော်ကြီး ထွက်ထွက်
ပြေးကြရတာဆိုပဲ။ နောက်တော့ သူ့ကျောင်း
ကို ဘယ်သူမှ မသွားရဲတော့ဘူးပေါ့။
ကျောင်းမှာနေတဲ့ သူ့တပည့်ကိုရင်လေးတွေ
စာအံရင် သူက ရှေ့ကနေ ကျော်ဆိုတာတဲ့။
ကိုရင်တွေက ပျံတော်မူသွားတဲ့ ဘုန်းကြီးရဲ့
အသံကြီးကို ကျက်သရေခန်းထဲက ထွက်လာ
တာကို ကြားနေရတော့ လန့်ပြီး ထွက်ပြေးကြ
ရတာဆိုပဲ။
တစ်ခါတော့ ဦးပဉ္ဇင်းတစ်ပါးက သမ္ဗုဒွေ ရွတ်ရင်
တော့ ဒီတစ္ဆေပြေးမှာပဲ ဆိုပြီး ကျောင်းမှာရှိတဲ့
သံဃာတွေတွေ စုပြီး သမ္ဗုဒ္ဓေကို ညီညီညာညာ
ရွတ်ကြသတဲ့။ ဒါပေမဲ့ သူတို့ရှေ့ကနေ ဦးဆောင်
ပြီး ဘုန်းကြီးတစ္ဆေကချည်း ရွတ်တော့တာတဲ့ဟေ့
ဒါနဲ့ ကိုယ်တော်တွေလည်း လက်လျှော့လိုက်ကြ
ရတ်ဆိုပဲ၊ အဲဒီကတည်းက စပြီး ဘုန်းကြီးတစ္ဆေ
သမ္ဗုဒ္ဓေမကြောက် ဆိုတဲ့ စကား ပေါ်လာတော့
တာဟေ့”
“ဟား၊ ဟား၊ ဟား၊ ဟား”
ကျောက်ခဲတို့တွေ သဘောကျပြီး ရယ်လိုက်ကြ
တာဗျာ။ အရီးရွှေမြတို့တွေလည်း ဘိုးငွေရ အ
ကြောင်း ပြောရင်းကနေပြီး တစ္ဆေတွေအကြောင်း
ရောက်ကုန်ရောဗျို့။ လက်ဝှေ့သမားကို ဝင်ပူး
ပြီး လက်ဝှေ့ထိုးပေးတဲ့ လက်ဝှေ့သမားသေပြီး
တစ္ဆေဖြစ်တဲ့ အကြောင်း၊ ဘောလုံးပွဲနိုင်အောင်
ဝင်ကန်ပေးတဲ့ ဘောလုံးသမားတစ္ဆေအကြောင်း၊
ကားလမ်းမမှာ ကားလာတာတွေ့ရင် ရှေ့တည့်
တည့်က ပိတ်ရပ်ပြီး ကားတိုက်ခံတဲ့ တစ္ဆေအ
ကြောင်း၊ အို စုံလို့ပေါ့ဗျာ။
အဲဒီညက တော်တော်ညဉ့်နက်မှ အဘွားကြီး
တွေ ပြန်သွားကြတာဗျို့။ ဒီတော့မှ ကျုပ်လည်း
မီးတွေ သေသေချာချာငြိမ်းပြီး အိပ်ရာဝင်ခဲ့ရ
တာပေါ့ဗျာ။ ကျောက်ခဲတို့အုပ်စုကတော့ တော်
တော်ကို သဘောကျသွားတာဗျ။
အဘွားကြီးတွေပြောတဲ့ တစ္ဆေတွေအကြောင်း
ကို နားထောင်ကြတာ အသက်တောင် ရှုကြရဲ့
လား မသိပါဘူးဗျာ။ ဒီကောင်တွေ ငြိမ်ပြီး နား
ထောင်နေတာဗျို့။ နောက်တစ်နေ့ အိပ်ရာထ
တော့ အမဲခြောက်ဖုတ်ဆီဆမ်းထားတာလေးနဲ့
ကျုပ်ထမင်းကြမ်းစားနေတာဗျ။
“တာတေရေ၊ တာတေ ရှိလား အရီး”
“အေး …ရှိတယ်ဟေ့၊ ရှိတယ်၊ ဘယ်သူတုံးဟဲ့”
“အရီးရေ ၊ ဖိုးထောင်ဗျို့၊ သူကြီး လွှတ်လိုက်လို့
အရီးရေ”
“ဟဲ့ လာလေ ဖိုးထောင်၊ နင်ကလည်း ဧည့်သည်
မို့လို့လား”
ကိုဖိုးထောင် လာလေ၊ ကျုပ်ရှိပါတယ်၊ လာ
ထမင်းကြမ်းစားရအောင်”
“ဟာ၊ စား စား တာတေရေ၊ ငါစားခဲ့ပြီးပြီ”
ကိုဖိုးထောင်ဆိုတာ ကျုပ်ရေးခဲ့တဲ့ ‘ကိုးသင်္ချိုင်း
ပုဆိန်’ဝတ္ထုထဲက တောင်ပေါ်မှာ အိမ်တိုင်သွား
ခုတ်တာလေဗျာ။သရဲမသားလေးကို ခုတ်လိုက်
မိလို့ သရဲမက ဝုန်းဒိုင်းကြဲပြီး သောင်းကျန်ခဲ့
တာလေဗျာ။ အခု ကျုပ်ဆီကို မနက်စောစော
စီးစီး ရောက်လာတာ အဲဒီ ကိုဖိုးထောင်ပေါ့ဗျာ
ကျုပ် ထမင်းစားပြီးတော့ ကိုဖိုးထောင်ကို နဂါး
ဆေးပေါ့လိပ်ကလေး တည်တယ်။ ကျုပ်က
တစ်လိပ်၊ သူက တစ်လိပ်ပေါ့ဗျာ။
“တာတေ၊ ငါ့ကို သူကြီးလွှတ်လိုက်လို့ကွ”
“ဘယ်ကို သွားဖို့ လွှတ်လိုက်တာတုံးဗျ”
“ဟကောင်ရ၊ မင်းဆီကိုလေ မင်းကို ချက်ချင်း
ခေါ်ခဲ့ပါဆိုလို့ ငါလာခေါ်ရတာကွ”
ကျုပ် ကပျာကယာထပြီး အဝတ်လဲလိုက်တယ်
ကျုပ်တို့ထနောင်းကုန်းသူကြီး ဦးဘိုးထင်ဆိုတာ
လူပုသလောက် လွှတ်စိတ်တိုတဲ့သူကြီးဗျ။ ကျုပ်
တို့ငယ်ငယ်က ရွာထဲမှာ ရန်တွေဘာတွေဖြစ်ရင်
တစ်ခါတည်း ထိပ်တုံးခတ်ထားတာဗျ။
တကယ်ကတော့ နောက်ကို ရန်မဖြစ်အောင်
ခြောက်တာပေါ့ဗျာ။ ရွာဘုံအလှူလုပ်တဲ့အခါ
ကျုပ်ကို ခိုင်းစရာရှိလို့ ‘လှမ်းခေါ်လိုက်လို့က
တော့ သွားမထူးနဲ့ဗျို့။ သူ့အနားကိုသာ ရောက်
အောင် အပြေးသွားပေတော့ပဲ။ ‘ဗျာ’၊ လာပြီ သူ
ကြီး’လို့ ထူးလိုက်လို့ကတော့ …
‘လာပြီဆိုပြီး ဘာလုပ်နေတာတုံး’လို့ ပြန်အော်ပြီး
တစ်ခုခုနဲ့ ကောက်ပေါက်တော့တာဗျို့။ ကျုပ်တို့
သူကြီးအကြောင်း ကျုပ်က သိပြီးသားဗျ။
ဒါကြောင့်လည်း ကိုဖိုးထောင်ပြောတာနဲ့ အဝတ်
ကပျာကယာ ထလဲရတာဗျို့။ ကိုဖိုးထောင်နဲ့ ကျုပ်
သူကြီးအိမ်ရောက်တော့ သူကြီးက အိမ်ပေါ်က
နေ ဆီးပြောတာဗျ။
“တာတေ လာဟေ့၊ ဟောဒီမှာ မြို့ကလူကြီးတွေ
လွှတ်လိုက်လို့ မင်းကို လာပင့်ကြတယ်”
ကျုပ်က အိမ်ပေါ်တက်ရင်း လှမ်းကြည့်လိုက်
တယ်။ လူရွယ်ရွယ်နှစ်ယောက်ဗျ။ တစ်ယောက်
က အသက်သုံးဆယ်လောက်၊ တစ်ယောက်က
အသက်လေးဆယ်ကျော်လောက်ဗျ။
“ဆရာတော်ကို ပင့်ပေးရမှာလား သူကြီး”
“ဟေ …ဆရာတော်ကို ဘာလို့ပင့်ရမှာတုံး၊ မင်း
ကို လာပင့်တာလေကွာ၊ မင်းလိုက်သွားပေါ့”
“ဟာ…သူကြီးကလည်း ကျုပ်က ဆရာမှ မဟုတ်
တာ၊ ပင့်ဖို့မလိုပါဘူး”
ကျုပ်က ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တော့
မြို့ကလာတဲ့ ဧည့်သည်နှစ်ယောက်က ရယ်နေ
ကြတယ်ဗျ။ ပြီးတော့မှ မျက်နှာပျက်ပျက်နဲ့ သူ
ကြီးကို မေးတယ်။
“ဆရာတာတေဆိုတာ ဒီညီလေးလား သူကြီးရဲ့၊
လူတွေ ဘာတွေ မှားတာတော့ မဟုတ်ပါဘူးနော်
သူကြီး”
မြို့ကလာတဲ့ ဧည့်သည်နှစ်ယောက်က ကျုပ်ကို
ကြည့်ပြီး တအံ့တသြ ပြောလိုက်တာဗျ။
“ဟာ၊ မမှားပါဘူးဗျ၊ ဒီရွာမှာ တာတေဆိုတာ
သူတစ်ယောက်တည်းပဲ ရှိပါ”
“ဟို…ကျုပ်တို့ကို မြို့ပိုင်ကြီး ပြောလိုက်တာက
ဆရာကြီးတာတေကို သေသေချာချာ ပင့်ခဲ့ဖို့၊
လမ်းမှာလည်း ဆရာကြီးကို ဂရုတစိုက်ရှိဖို့တွေ
မှာလိုက်တာဗျ။ ဒီတော့ ကျုပ်တို့စိတ်ထဲမှာက
ဆရာတာတေဆိုတာ အသက်ကြီးကြီး ဆရာကြီး
တစ်ယောက်လို့ ထင်ထားတာဗျ သူကြီးရဲ့”
“ဟာ၊ ဒါဆိုရင်တော့ မြို့ပိုင်ကြီး မှားပြောလိုက်
တာရှိမှာ၊ ကျုပ်တို့ထနောင်းကုန်းမှာတော့ ပယော
ဂဆရာကြီးတွေ၊ အထက်လမ်းဆရာကြီးတွေနဲ့
အမြဲလိုက်နေကျ တာတေဆိုတာ သူပဲကွဲ့”
” အထက်လမ်းဆရာကြီးတွေနဲ့ အမြဲလိုက်နေ
တယ် ဟုတ်လား သူကြီး၊ ဒါဆိုရင်တော့ လူမမှား
လောက်ဘူးဗျ။ မြို့ပိုင်ကြီးက ဆရာတာတေဆို
တော့ အသက်ကြီးကြီးလို့ထင်ပြီး မှာလိုက်ဖြစ်
မယ်။သူ့ကို ပြောတဲ့သူက အသက်အရွယ်တွေ
ဘာတွေ ပြောမပြလို့ဖြစ်မှာ”
“နို့ နေပါဦးကွဲ့၊ မောင်ရင်တို့ မြို့ပိုင်ကြီးက ဘာ
အတွက် ဟောဒီမောင်တာတေကို လာခေါ်ရတာ
တုံး၊ ဘယ်လိုကိစ္စရှိလို့တုံးကွဲ့”
“ဟာ သူကြီး၊ အဲဒါတော့ ကျုပ်တို့ပြောလို့ မဖြစ်
ဘူးဗျ၊ အရေးကြီးတဲ့ကိစ္စတစ်ခု ရှိနေလို့ ဟော
ဒီမောင်တာတေကို တိုးတိုးတိတ်တိတ် ခေါ်
ခိုင်းတာဗျ”
“ကဲ ဒါဆိုလည်း မောင်တာတေ၊ မြို့ပိုင်ကြီးဆီကို
လိုက်သွားတော့ကွယ်၊ မင်းလိုအပ်တာလေးတွေ
အိမ်ပြန်ပြီး ယူလိုက်ပေတော့၊ ဖိုးထောင် မင်းပါ
ပြန်လိုက်သွားကွ၊ မောင်တာတေရဲ့အိတ်ကလေး
ဘာလေး ကူဆွဲခဲ့ပေါ့။ ဟောဒီက ဧည့်သည်တွေ
မှာ ကားပါလာပါတယ်”
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး ကျုပ်
မြို့ကို လိုက်သွားတယ်။ ကျုပ်ကို ဂျစ်ကားလေး
တစ်စီးနဲ့ ခေါ်သွားကြတာဗျ။
မြို့ပိုင်ကြီးက အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဗျ၊
ကျွဲကော်ကိုင်းမျက်မှန် တပ်ထားတယ်။ ကျုပ်ကို
တွေ့တော့ အံ့သြပြီး…
“ဟေ့ …လက်ထောက်မြို့ပိုင်၊ ဦးဖိုးခိုင်ကို သွား
ခေါ်စမ်း မြန်မြန်”
ခဏနေတော့ ဦးဖိုးခိုင် ဆိုတဲ့လူကြီး မြို့ပိုင်အခန်း
ထဲကို ဝင်လာတယ်။
“ကိုဖိုးခိုင်၊ ဆရာတာတေဆိုတာ ကလေးသာသာ
ပဲ ရှိသေးပါလားဗျ၊ ခင်ဗျားပြောတာ ဟုတ်ရဲ့လား”
ကျုပ်ကို မေးငေါ့ပြပြီး မြို့ပိုင်ကြီးက ပြောတယ်
ဗျ။ လက်ထောက်မြို့ပိုင်ဆိုတဲ့ ဦးဖိုးခိုင်က ကျုပ်
ကို တစ်ချက်ကြည့်ပြီး မေးတယ်
“ထနောင်းကုန်းက တာတေဆိုတာ မင်းဟုတ်
ပါတယ်နော်”
“ဟုတ်ပါတယ်၊ ကျုပ်ပါ”
“မင်း ဘိုးလူပေကို သိလား”
“ဟုတ်ကဲ့ သိပါတယ်၊ ဘိုးလူပေက ကျုပ်ဆရာ
ကြီးပါ”
“ဒါဆို ဆရာကြီး စိုင်းနွံဖကိုရော သိသလားကွဲ့”
“ဟုတ်ကဲ့ သိပါတယ်၊ ဆရာကြီး စိုင်းနွံဖလည်း
ကျုပ် ဆရာပါပဲ”
“မောင်တာတေ၊ ဦးတို့ကို အမေးအမြန်းထူတယ်
လို့တော့ မထင်ပါနဲ့ကွယ်၊ ဦးတို့မှာ တော်တော်
ကလေး အရေးကြီးတဲ့ကိစ္စနဲ့ ကြုံနေရလို့ပါ၊ သေ
ချာအောင် မေးတဲ့သဘောပါ မောင်တာတေ”
“ဟုတ်ကဲ့ မေးပါ”
ဦးဖိုးခိုင်က တစ်ခုခုကို ချိန်ဆနေသလိုပဲဗျ။ မြို့
ပိုင်ကြီးဘက်ကို တစ်ချက်လှည့်ကြည့်ပြီး အကဲ
ခတ်လိုက်သေးတယ်။ မြို့ပိုင်ကြီးကတော့ ဘာ
မှမပြောဘဲ ဦးဖိုးခိုင် ပြောတာကိုသာ ငြိမ်ပြီး နား
ထောင်နေတာဗျ။
“မောင်တာတေ၊ ဒါဆိုရင်တော့ အရေးအကြီး
ဆုံး တစ်ခု မေးချင်တယ်ကွယ်”
“မေးပါဦး မေးပါဗျာ”
“မောင်တာတေ မဖဲဝါနဲ့ ရင်းနှီးတယ်ဆိုတာ
ဟုတ်လားကွဲ့”
ကျုပ်က ခေါင်းကို ဆတ်ကနဲ ညိတ်ပြလိုက်ပြီး
ပြောလိုက်တယ်။
“ဟုတ်ပါတယ် ဦး၊ ကျုပ်နဲ့ မဖဲဝါ ရင်းနှီးပါတယ်”
“ဟေ”
ဒီတစ်ခါတော့’ဟေ့’ဆိုပြီး အော်လိုက်တာက မြို့
ပိုင်ကြီးဗျ။ ကျုပ်ကိုလည်း အံ့သြတဲ့အမူအရာနဲ့
မျက်လုံးကြီး ပြူးကြည့်နေရောဗျို့။
“မောင်တာတေ၊ မဖဲဝါဆိုတာ တကယ်ရော
ရှိလို့လားကွဲ့”
မြို့ပိုင်ကြီးက ကျုပ်ကို သေသေချာချာကြည့်ပြီး
မေးတာဗျ
“တကယ်ရှိပါတယ် မြို့ပိုင်ကြီး”
“ဒါဆိုရင် မောင်တာတေ မြင်ဖူးလားကွဲ့”
“မြင်ဖူးပါတယ်”
“ဒါဆို ဘယ်လိုပုံစံမျိုးတုံး”
“အရပ်ဆယ်ပေကျော်ကျော်လောက် ရှိတယ်ဗျ
ဆံပင်ဖားလျားကြီး ချထားတာ၊ တကောက်ကွေး
လောက်ရှိတယ်၊ မျက်လုံးတွေက ရေနွေးကြမ်း
ပန်းကန်လောက် ရှိပြီး နီရဲနေတယ်”
“ဟာ တော်…တော်ပါတော့ မောင်တာတေရယ်၊
မင်းပြောတာကြားရုံနဲ့ ကျုပ်မှာ ကြက်သီးတွေ
တောင် ထကုန်ပြီကွဲ့”
မြို့ပိုင်ကြီးက တော်တော်ကို ရိုးသားပွင့်လင်း
တဲ့ပုံပဲဗ္။
“မောင်တာတေက ဘယ်လိုကြောင့် မဖဲဝါကို
မြင်ရတာတုံးကွဲ့၊ မွေးကတည်းက ပါလာတဲ့
ပါရမီကြောင့်လား”
လက်ထောက်မြို့ပိုင် ဦးဖိုးခိုင်က မေးတာဗျ။
“ဟာ မဟုတ်ပါဘူး ဦးရဲ့၊ ဆရာကြီး စိုင်းနွံဖ၊
ပေးထားတဲ့ မျက်ကွင်းဆေး ကွင်းကြည့်လို့ပါ”
“ဟေ…မျက်ကွင်းဆေး ဟုတ်လားကွဲ့၊ ဘယ်
လိုမျိုးလဲ မောင်တာတေရဲ့”
“အမည်းရောင် ကျောက်တုံးလေးပါ ဦး၊ အဲဒါ
ကို ရေနဲ့သွေးပြီး မျက်လုံးမှာ ကွင်းလိုက်ရင်
နာနာဘာဝကို မြင်နိုင်တယ်။ ပြီးရင်’ဝ’ကွင်း
တဲ့ ဆနွင်းဖြူအမြစ်ကို သွေးပြီး လိမ်းလိုက်ရင်
ပျက်သွားတယ်ဗျ။ နားကိုပါ လိမ်းထားရင် နာ
နာဘာဝတွေရဲ့အသံကိုပါ ကြားရပါတယ်”
“သြော်…ဒါထက် အခု မောင်တာတေ ဒီကိုလာ
တော့ အဲဒီဆေးဝါးတွေ ပါလာခဲ့ရဲ့လားကွဲ့”
“ဟုတ်ကဲ့၊ အားလုံးပါလာပါတယ် မြို့ပိုင်ကြီး”
“အင်း…ဒါဆိုရင် ကျုပ်တို့ လူမမှားပါဘူး ကို
ဖိုးခိုင် မောင်တာတေကို ကျုပ်တို့ဆီမှာ ဖြစ်နေ
တာတွေကို အားလုံးပြောပြပြီး အကူအညီ
တောင်းပေတော့ဗျာ”
မြို့ပိုင်ကြီးက အဲဒီလိုပြောတော့မှ ဦးဖိုးခိုင်က
သူထိုင်နေတဲ့ ကုလားထိုင်ကို ကျုပ်ဘက် နည်း
နည်းတိုးလိုက်ပြီးမှ လေသံခပ်တိုးတိုးနဲ့ ပြော
တာဗျို့။
“ဒီလိုကွဲ့ မောင်တာတေရဲ့၊ ဦးတို့မြို့မှာ ထူးထူး
ဆန်းဆန်း ကိစ္စတစ်ခု ဖြစ်နေလို့ကွဲ့၊ ဦးတို့ ဟော
ဒီမြို့မှာ လူအသေအပျောက်နှုန်းက ခါတိုင်းဆိုရင်
တစ်ပတ်တစ်ယောက် နှစ်ပတ် သုံးပတ်မှာ တစ်
ယောက်လောက်ပဲရှိတာကွဲ့၊ အခုတလော တစ်
နေ့ကို ငါးယောက် ခြောက်လောက် နေ့တိုင်းကို
သေနေတယ်။
ဘာရောဂါမှလည်း မည်မည်ရရပြလို့ မရဘူးကွဲ့၊
ပြီးတော့ ညညဆိုရင် မြို့ထဲလမ်းတွေထဲမှာ မည်း
မည်းအကောင်ကြီးတစ်ကောင် ရိပ်ကနဲ ရိပ်ကနဲ
သွားလာနေတာ တွေ့ရတဲ့သူက တွေ့ရတယ်ဆို
ပြီး တိုးတိုးတိတ်တိတ် သတင်းတွေကလည်း
ထွက်နေတယ်ကွဲ့။
တချို့လမ်းတွေဆိုရင် ဘုန်းကြီးတွေပင့်ပြီး ပရိတ်
ရွတ်တာမျိုးတွေတောင် လုပ်နေကြပြီ။ ပြောရရင်
တော့ မြို့လန့်နေတဲ့ သဘောပေါ့ကွယ်၊ လူတွေ
စုစု စုစု တိုးတိုး တိုးတိုးနဲ့ ဒီအကြောင်းပဲ ပြောနေ
ကြပြီကွဲ့၊ ကြာရင် ဒီသတင်းက တခြားဒေသတွေ
ကိုပါ ပြန့်သွားရင် မကောင်းဘူးပေါ့ကွယ်။ အဲဒီ
ကိစ္စကို မောင်တာတေ စုံစမ်းပြီး လုပ်သင့်တာ
လုပ်ပေးဖို့ အကူအညီတောင်းတာပါကွယ်”
“ဟုတ်ကဲ့၊ ကျုပ် ဒီညကစပြီး လုပ်ပေးပါ့မယ်”
“ကဲ ဒါဆိုရင် မောင်တာတေကို ဘိုတဲကို ခေါ်
သွားဗျာ၊ အဲဒီမှာ လွတ်လွတ်လပ်လပ်နေဖို့ အ
ခန်းကောင်းကောင်း ပေးလိုက်ပါ ကိုဖိုးခိုင်၊ ပြီး
တော့ စားရေးသောက်ရေး အားလုံး စီစဉ်ပေး
လိုက်ပါဗျာ၊ သူလိုအပ်တဲ့ အရာတွေလည်း
အားလုံး စီစဉ်ပေးပါ၊ ကုန်ကျစရိတ်အားလုံး
ကို ကျုပ်တို့ရုံးက ကျခံမယ် ကိုဖိုးခိုင်”
“စိတ်ချပါ မြို့ပိုင်ကြီး၊ ကျုပ်က လူလွတ်ပဲဗျာ၊
ကျုပ်ပါ ဘိုတဲမှာ လိုက်နေပြီး လိုတာအားလုံး
လုပ်ပေးလိုက်ပါ့မယ်”
ဘိုတဲဆိုတာက အင်္ဂလိပ်ခေတ်က အခေါ်အဝေါ်
ပေါ့ဗျာ၊။နယ်မြို့တွေမှာ အင်္ဂလိပ်တွေ ဆောက်
သွားတဲ့ အုတ်ခံသစ်သားအိမ်မည်းမည်းကြီးတွေ
ဗျ။ အရေးပိုင်တို့၊ နယ်ပိုင်တို့ ရောက်လာရင်
တည်းခိုတဲ့ အိမ်ကြီးတွေလေဗျာ။
ဟိုးတုန်းက အရေးပိုင်တို့၊ နယ်ပိုင်တို့ ဆိုတာက
အင်္ဂလိပ်ကြီးတွေလေ၊ သူတို့ကို ကျုပ်တို့ဗမာ
တွေက ဘိုတွေလို ခေါ်တာကိုး။ ဒါကြောင့် ဘို
တွေတည်းတဲ့ အိမ်ကြီးတွေမို့လို့ ဘိုတဲလို့ ခေါ်
ကြတာဗျ။ ဒီဘက်ခေတ်ရောက်တော့ ဗမာအ
ရာရှိတွေ တည်းကြတာပေါ့ဗျာ
ကျုပ်တို့ အဲဒီဘိုတဲမှာ တည်းခိုင်းတာဗျ။ ည
ရောက်တော့ မျက်ကွင်းဆေးကွင်းပြီး ကျုပ်က
မြို့ထဲကို ထွက်တယ်။ ဦးဖိုးခိုင်ကိုယ်တိုင် စက်
ဘီးနင်းပြီး လိုက်ပို့တာဗျ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး”
“ဦး အဲဒီခွေးကြီး ဆွဲဆွဲငင်ငင်နဲ့ အူနေတဲ့ နေရာကို
ကျုပ်ကို ပို့ပေးပါဗျာ”
ကျုပ်က ပြောလိုက်တော့ ဦးဖိုးခိုင်က ခွေးအူသံကို
မှန်းပြီး စက်ဘီးကို နင်းသွားတယ်။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
“ကဲ ဦး၊ ဟိုလမ်းဘေးက သောက်ရေအိုးစင်လေး
နောက်မှာ ဝင်ပြီး ကြည့်ရအောင်ဗျာ”
ဦးဖိုးခိုင်ကတော့ ကျုပ်ပြောတဲ့အတိုင်း လုပ်
ပေးနေတာပဲဗျ။ သောက်ရေအိုး သုံးလုံးတင်
တဲ့ အုတ်ရေအိုးစင်ကလေးနောက်ကို စက်
ဘီးတွန်းသွားပြီး ကျုပ်တို့နှစ်ယောက် ငြိမ်နေ
လိုက်ကြတယ်။ အချိန်ကတော့ သန်းခေါင်
တည့်တည့်ပဲဗျ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
ဟော ခွေးကြီးကတော့ ဆွဲဆွဲငင်ငင်ကို အူနေ
တာဗျို့။ အမှတ်တမဲ့ နားထောင်လိုက်ရင် လူ
တစ်ယောက် အော်နေသလားတောင် ထင်ရ
တာ
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ခြေသံကြီးဗျ။ ကျုပ်တို့ ပုန်းနေတဲ့ ရေအိုးစင်ရှိတဲ့
လမ်းအတိုင်း လျှောက်လာတဲ့ အသံပဲ။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ကျုပ်က ဦးဖိုးခိုင်ကို ငြိမ်နေဖို့ လက်နဲ့ပြပြီး ရေ
အိုးစင်ဘေးကို ချောင်းကြည့်လိုက်တယ်။
“ဟာ”
ကျုပ်ပါးစပ်က လွှတ်ကနဲ အသံထွက်သွားတာဗျို့။
“မောင်တာတေ ဘာမြင်လို့တုံး”
ဦးဖိုးခိုင်က ကျုပ်ကို လေသံလေးနဲ့ မေးတာဗျ
ကျုပ်က ဦးဖိုးခိုင်ကို လက်ကာပြပြီး ဆက်ကြည့်
နေလိုက်တယ်။ မည်းမည်းအကောင်ကြီးက နဲ
တာကြီး မဟုတ်ဘူးဗျာ။ ဓါတ်တိုင်ထက်တောင်
ခေါင်းကြီးက ကျော်နေတာ။
တစ်ကိုယ်လုံး အမွေးမည်းမည်းကြီးတွေ ဖုံးလို့
ဗျ။ ခြေထောက်ကြီး တစ်ချောင်း တစ်ချောင်း
ကို ထန်းပင်လုံးလောက်ကို ရှိတာဗျို့။ ခေါင်း
ကြီးက စပါးထည့်တဲ့ စိတ်ဝင်ပုတ်လောက်ရှိ
တယ်။ မျက်လုံးကြီး တစ်လုံး တစ်လုံးက လင်
ကွင်းကြီးလောက် ရှိတယ်။ နီရဲနေတာဗျာ။
မီးခဲကြီးတွေလား မှတ်ရတယ်ဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း ဘုန်း”
ဟော အိမ်တစ်အိမ်ရှေ့မှာ ရပ်ပြီး အိမ်ကို စိုက်
ကြည့်နေတယ်ဗျ။ ဒီအိမ်က လူတစ်ယောက်
တော့ သေမယ်ထင်တယ်ဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟော သဘက်ကြီးဗျ။ ဒီကောင် သရဲမကတော့
ဘူး။သဘက်ဖြစ်နေပြီ။ နောက်ထပ် တစ်အိမ်ဗျို့။
အိမ်ရှေ့မှာ မတ်တတ်ကြီး ရပ်ပြီး စောစောကလို
ပဲ အိမ်ကို စိုက်ကြည့်နေပြန်ပြီဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟော သဘက်ကြီး လှည့်ထွက်သွားပြီဗျို့။တောင်
ဘက်ကို သွားရောဗျ။
“ဝူး၊ ဝူး၊ ဝူး၊ ဝူး”
ဒီကောင်ကြီး သွားလေရာမှာ ခွေးတွေက အူလို့
ပေါ့ဗျာ။ ကျုပ်နဲ့ ဦးဖိုးခိုင် ခပ်လှမ်းလှမ်းက လိုက်
ကြည့်တယ်။ ဒီကောင် အားလုံးပေါင်း အိမ်လေး
အိမ်ရှေ့မှာ ရပ်တယ်။ ပြီးတော့ သင်္ချိုင်းကုန်းထဲ
ဝင်သွားတယ်။ ဦးဖိုးခိုင်ကို လမ်းပေါ်မှာ နေခိုင်း
ခဲ့ပြီး ကျုပ်တစ်ယောက်တည်း ဝင်လိုက်သွား
တယ်။
“ဟာ၊ ဒါ ဘယ်လိုဖြစ်တာတုံး”
ကျုပ် တော်တော်အံ့သြသွားတာဗျ။ လူတစ်
ယောက်က ဂူကြီးတစ်လုံးပေါ်မှာ အမဲသား
တောင်းကြီး တင်လိုက်တယ်ဗျ။
တောင်းထဲက အမဲသားအနံ့ကို ကျုပ် ဒီကတောင်
ရနေတယ်ဗျို့။ ဟာ သဘက်ကြီးက အဲဒီကို တန်း
သွားတော့တာပဲဗျာ။
“ဂျွိ၊ ဂျွိ၊ ဂျွိ၊ ဂျွိ”
ဟာ စားပြီဗျို့။ အမဲသားအစိမ်းတုံးကြီးတွေကို
အားရပါးရကို ကိုင်ပြီး စားနေတာဗျို့။ ဟော
ဟော ဟိုလူ သုတ်ကနဲ လစ်သွားပြီဗျာ။ ကျုပ်
လည်း အဲဒီလိုနောက်ကို လိုက်ရတော့တာပေါ့
ဗျာ။ ဟာ ဟိုလူ အိမ်တစ်အိမ်ထဲ ဝင်သွားပြီဗျို့။
သင်္ချိုင်းကုန်းနားက လမ်းကလေးထဲက အိမ်ဗျ။
လက်စသတ်တော့ ဒါ လက်သမားရုံဗျ။ ခေါင်း
စပ်တဲ့ရုံပဲ။ ဒီအိမ်က ခေါင်းရောင်းတာ။
ဒီမြို့မှာ လူသေရင် ဒီမှာလာပြီး ခေါင်းဝယ်ကြ
ရတာ။ ကျုပ် မြို့မှာ ကျောင်းတက်တုန်းက
လည်း ဒီနေရာကို သိပြီးသားလေဗျာ။
ကျုပ် ကောင်းကောင်းသဘောပေါက်သွားပြီဗျ
ခေါင်းရောင်းကောင်းအောင် သင်္ချိုင်းကုန်းထဲ
မှာနေတဲ့ သဘက်ကြီးကို အမဲသားကျွေးပြီး
ခိုင်းနေတာပဲဗျာ။ သြော် လူတွေရဲ့ လောဘ
က ကြောက်စရာကောင်းလှချည်လားဗျာ။
ကျုပ်နဲ့ ဦးဖိုးခိုင် ဘိုတဲကို ပြန်ရောက်တော့
မနက်ဖြန် ဒီမြို့မှာ လူလေးယောက် သေမယ့်
အကြောင်းကို ပြောပြလိုက်တယ်။
ပြီးတော့ ကျုပ်မြင်တွေ့တာတွေကို ဦးဖိုးခိုင်ကို
တစ်ခုမကျန် ပြောပြလိုက်တော့ ဦးဖိုးခိုင်ဆိုတာ
ဒေါသဖြစ်လွန်းလို့ အသားတွေတောင် တုန်လို့
ဗျ။ နောက်တစ်နေ့မှာ အမဲသား သုံးပိဿာဝယ်
ပြီး ချက်ချင်းလိုက်တယ်။
ဘိုတဲမှာပဲ မြို့ပိုင်ရုံးက လူတွေ လာချက်ပေး
တယ်။ ထမင်းတစ်ပြည်လည်း ချက်ခိုင်းလိုက်
တယ်။ ညနေစောင်းတော့ ထမင်းတောင်းပြင်
ပြီး နေပြီပေါ့ဗျာ။ လက်ထောက်မြို့ပိုင် ဦးဖိုးခိုင်
က ကျုပ်ပြောတာတွေကို မြို့ပိုင်ကြီးကို ပြော
ပြတော့ မြို့ပိုင်ကြီးလည်း ဒေါသတွေ ဖြစ်တာ
ပေါ့ဗျာ။ နောက်နေ့မှာ တကယ်လည်း မြို့မှာ
လူလေးယောက် သေတာကိုဗျ။
မြို့ပိုင်အမိန့်နဲ့ ခေါင်းရောင်းတဲ့လူကို ချက်ချင်း
ဖမ်းခိုင်းတယ်။ တိုးတိုးတိတ်တိတ် လုပ်ကြရ
တာပေါ့ဗျာ။ ဒီသတင်းကို မြို့ထဲက လူတွေ
သိသွားရင် ဒီလူရော သူ့မိသားစုရော အသတ်
ခံရမှာလေဗျာ။ မြို့ပိုင်ကြီးက ဒီလူတွေကို ခု
နှစ်ရက်အတွင်း ဒီမြို့က အပြီးပြောင်းမလား၊
ထောင်ကျခံမလားလို့ မေးတော့ သုံးရက်အ
တွင်း ဒီမြို့က ပြောင်းပါ့မယ်လို့ ပြောသတဲ့ဗျ။
ကျုပ်ကတော့ မြို့ပိုင်ရုံးက ပြာတာနှစ်ယောက်
ထမင်းတောင်းထမ်းပြီး ပို့ပေးတာနဲ့ သင်္ချိုင်းထဲ
မှာ မဖဲဝါကို ပင့်ပြီး မြို့က လူတွေကိုယ်စား
ကျွေးတာပါလို့ ပြောရတာပေါ့။
မဖဲဝါကို အမဲသားဟင်းနဲ့ ထမင်းကျွေးလိုက်
တယ်။ ပြီးတော့ သင်္ချိုင်းထဲမှာနေတဲ့ သဘက်
ကြီးနဲ့ ခေါင်းရောင်းတဲ့ဆိုင်ကလူ ပေါင်းပြီးလုပ်
နေတဲ့ ကိစ္စကို ပြောပြလိုက်တော့ မဖဲဝါ တော်
တော်ကို ဒေါသဖြစ်သွားတယ်ဗျို့။
“အီး…အီး…အီး”
လို့ အသံကုန်အော်လိုက်တာနဲ့ မှောင်ထဲက
သဘက်ကြီး ထွက်လာရတော့တာဗျို့။ မဖဲဝါ
က ဒေါသတကြီးနဲ့ သဘက်ကြီးရဲ့ ကျောကုန်း
ကို သူ့ရဲ့လက်ဝါးကြီးနဲ့ ရိုက်တော့တာပဲဗျာ။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
သဘက်ကြီးက မဖဲဝါရှေ့မှာ ဒူးတုပ်ပြီး ခေါင်း
ကြီးငုံ့ပေးရတာဗျို့။
“အီး၊ အီး၊ အီး အီး…”
ဆယ်ချက်လောက် ဆက်တိုက်ရိုက်ပြီးတော့
မဖဲဝါက ကုန်းအော်ပစ်လိုက်ရောဗျို့။ သဘက်
ကြီးလည်း ထရပ်ပြီး တဘုန်းဘုန်းနဲ့ ပြေးတော့
တာပဲဗျာ။
“မဖဲဝါလည်း ဂူတွေပေါ်က ကျော်ပြီး ရိပ်ကနဲ
ပြန်ထွက်သွားတယ်။ နောက်နေ့မှာပဲ ခေါင်း
ရောင်းတဲ့ဆိုင်ကလူတွေ ကြက်ပျောက် ငှက်
ပျောက် ပျောက်ကုန်ကြရောတဲ့ဗျာ။ သူတို့ဆီ
မှာ ကျန်နေတဲ့ ခေါင်းတွေရော၊ ခေါင်းစပ်တဲ့
ပျဉ်ပုတ်တွေရောကို သင်္ချိုင်းထဲမှာ ပုံပြီး မီးရှို့
ပစ်ခဲ့တယ်ဆိုပဲ။
မြို့ပိုင်ကြီးနဲ့ လက်ထောက်မြို့ပိုင်ကြီးကတော့
ဒီသတင်းကို လုံးဝမပေါက်ကြားအောင် အုပ်
ထားလိုက်ရတော့တာပေါ့ဗျာ။ ပြီးတော့ နောက်
ထပ် ခေါင်းရောင်းတဲ့ဆိုင် ဘယ်သူမှ မဖွင့်ရဘူး။
လူသေတော့မှ ပျဉ်ပုတ်ဝယ်ပြီး ခေါင်းစပ်ရ
မယ်လို့ စည်းကမ်းတစ်ခု မြို့ပေါ်မှာ သတ်
မှတ်လိုက်ရောဗျို့။
ကျုပ်ကိုတော့ ရွာအရောက် ဂျစ်ကားလေးနဲ့
ပြန်ပို့ပေးကြပါတယ်။ ကျုပ်လည်း ဒီအကြောင်း
ကို ဘယ်သူ့ကိုမှ ပြောမပြရဲဘူးပေါ့ဗျာ။
မူရင်းရေးသူ ဆရာ တာတေ
မဖဲဝါအသက် ၄၄ နှစ် စာအုပ်မှ ကောက်နုတ်
တင်ပြထားပါသည်။
Leave a Reply