လောကသစ္စာ

အလွယ်ကူဆုံး အစားအသောက်ဖြေရှင်းနည်းပင်ဖြစ်၏။

သူ့အိပ်ခန်းထဲမှာပင် တီဗွီကိုထည့်ထားရာ အိပ်ရာပေါ်မှပင် တီဗွီကြည့်ရင်း အပန်းဖြေလိုက်သည်။
အလုပ်နှင့်ကိုယ်ပိုင်ဘ၀ မျှတအောင်နေမည်ဆိုသည့် သူ့ဆုံးဖြတ်ချက်အတိုင်း အလုပ်ချိန်ပြီးလျင် တတ်နိုင်သမျှ အလုပ်ကိစ္စများကိုမေ့ထားနိုင်အောင်လေ့ကျင့်ထားသူလည်းဖြစ်၏။

ထို့ကြောင့်နေ့လည်က လူသတ်မှုနှင့်ပတ်သက်သမျှ မှတ်သားထားသည်တို့ကို ယောင်လို့ပင်မကြည့်ချေ။
ဖုန်းကိုလည်း အသံပိတ်ထားလိုက်ပြီး အိပ်စက်ရာ ပြင်ဆင်လိုက်တော့သည်။မနက်ဖန်ကတော့ သူ့ဂျူတီနေ့မို့ နှိုးစက်ကိုအသင့်ပြင်ဆင်ပြီးလျင် အိပ်ရာဘေးရှိစားပွဲပေါ်မှ မီးကိုပါ မှိတ်လိုက်ကာ အေးတေးတေးရာသီနှင့်အလိုက် စောင်ထူထူအပုံလေးထဲ နွေးနွေးလေးကွေးလိုက်တော့သည်။

++++Sandar Wai, Alexander++++++

‘ချွတ်၊ ချွတ်၊ချွတ်’
သူ့နားထဲ အသံတစ်ခုကကပ်ရက်ပေါ်လာသလိုမျိုး အနှောင့်အယှက်ပေးနေသဖြင့် ကောင်းမြတ်ထက်မဖွင့်ချင်ဖွင့်ချင် မျက်လုံးများနှင့် အားယူကာနိုးလာသည်။
အိပ်ရာဘေးရှိ စားပွဲမှ မီးတိုင်ခလုတ်ကိုဖွင့်လိုက်သော် မီးကမလာပါ။
‘တောက်၊ မီးပျက်နေတာဘဲ’
သူ့ခေါင်းအုံးဘေးမှ ဓါတ်မီးကို လက်နှင့်အသာစမ်းလိုက်သည်။ ဓါတ်မီးကအသာအယာပင်စမ်းမိပြီး သူ့လက်ထဲပါလာသည်။

ထိုအခိုက် အသံက ရိုးတိုးရွတနှင့် ထပ်ထွက်လာသည်။
‘ရှလပ်၊ ရှလပ်’
စာရွက်လှန်သည့်အသံမျိုးဖြစ်သဖြင့် ညကတခါးတချပ်တလေပိတ်ရန်ကျန်နေသဖြင့်၊ မဟုတ်လည်း လေတိုက်နေခြင်းကြောင့်ဖြစ်မည်ဟု တွေးမိသွားသည်။
သူ့အိပ်ရာနှင့်စာကြည့်စားပွဲက အတန်ငယ်လှမ်းသည်။ စာကြည့်စားပွဲက ပြတင်းပေါက်နားတွင် ဖြစ်သည်။ပြတင်းပေါက်ပွင့်နေခြင်းဖြစ်မည်။

ထို့ကြောင့် ကောင်းမြတ်ထက် ပျင်းပျင်းနှင့် စောင်ပုံအောက်မှထွက်ခါ စာကြည့်စားပွဲနားသို့ ဓါတ်မီးဖြင့်သွားလိုက်၏။ ဘောင်းဘီတိုနှင့် အိပ်သောကြောင့် အအေးဓါတ်က သူ့ခန္ဓာကိုယ် အောက်ပိုင်းအ၀တ်လွတ်နေသည့်နေရာများကို စိမ့်ခနဲ အေးသွားစေ၏။
‘သည်ည မိုးသိပ်လဲမရွာဘဲ အေးနေတာဘဲ’ ဟုသူမှတ်ချက်ချလိုက်သည်။
စားပွဲနားမှ ပြတင်းပေါက်ကို စစ်ကြည့်လိုက်သောအခါ တံခါးများအားလုံးကို သေသေချာချာ ဂျက်ထိုးထားသည်ကို တွေ့လိုက်ရ၏။

‘ဘယ်လိုလုပ်စာရွက်က တဖြတ်ဖြတ်ဖြစ်တာပါလိမ့်”

ဟိုဟိုသည်သည်ကြည့်ရင်း ပြတင်းပေါက်များကို သေသေချာချာ သူလိုက်စစ်လိုက်သည်။
အားလုံးဂျက်ချထားသည်။ စာရွက်တဖြတ်ဖြတ်ဖြစ်စရာ သူ့စားပွဲပေါ်ကစာအုပ်များကို ကြည့်လိုက်သည်။ သူဖတ်နေသည့် ‘လူ့အရည်အသွေးစာအုပ်၊ ၀တ္ထုစာအုပ်တချို့၊ သူ့နေရာနှင့်သူ။
သို့သော် နေ့လည်က မှတ်စုစာအုပ်က ညကလည်း သူမကြည့်ပါဘဲ ပွင့်လို့နေသည်။စာရွက်လှန်သံလို ကြားသည်မှာ သည်စာအုပ်လား။

ပွင့်နေသော စာမျက်နှာကိုကြည့်လိုက်သော အခါ ခြောက်လက်မ ဓါးမြှောင်ဖြင့် ရှစ်ချက်၊ စစ်ဘက်သုံးလက်နက်ကျွမ်းကျင်သူ ၊ ဘယ်သန် ဆိုသော စာမျက်နှာဖြစ်နေလေသည်။ ဓါးမြှောင်ပုံလေးတောင် သူဆွဲထားမိလေသည်။ပန်းချီပုံလေးများဆွဲရသည်ကို သူက၀ါသနာပါလေ၏။ သူစာအုပ်ကို သေသေချာချာ ပြန်ပိတ်လိုက်သည်။ မနက်ဖန်တော့ လူဆိုးစာရင်းစောင့်ကြည့်သူများထဲမှ ဘယ်သန်သူများကို သီးသန့်ရွေးထုတ်မည်ဟု စိတ်ထဲတေးမှတ်ထားလိုက်သည်။ ထို့နောက် အိပ်ရာထဲ၀င်ကာ ပြန်အိပ်လိုက်တော့သည်။

ထူးထူးဆန်းဆန်း စာရွက်လှန်သံကြောင့်နိုးလာခြင်း။ အ၀ါရောင်အပွင့်၊ အနက်ရောင်လုံချည်နှင့် အမျိုးသမီးတဦးကို သုံးခါလောက်ရိတ်ခနဲတွေ့မိနေခြင်း။ ဖော်မလင်အနံ့များ လှိုင်နေခြင်း၊ ဂလွမ်ကနဲ ပစ္စည်းများ လူမရှိဘဲ ပြုတ်ကျခြင်းတို့သည် တိုက်ဆိုင်မှုထက်ပိုနေကြောင်း သူသိသော်လည်း ယောကျ်ားရင့်မကြီးမို့ သူများလည်းမပြောရဲ၊ မဟုတ်လျင် သရဲကြောက်တတ်သည်ဟု အလှောင်ခံရမည်လည်း စိုးမိလေ၏။

တွေးရင်းနှင့် သူပြန်အိပ်ပျော်သွားသည်မှာ နှိုးစက်နှိုးသံကြားမှနိုးလေတော့သည်။

++++Sandar Wai, Alexander ++++++

ကိုမြတ်ခိုင်နှင့်မသင်းတို့ လင်မယားနှစ်ယောက်တွင် မွှေးမွှေးကို ဟုအမည်ရသည့် သမီးလေး တစ်ယောက်ရှိလေ၏။ကိုမြတ်ခိုင်က အတန်းပညာကောင်းစွာ မထွန်းပေါက်သော်လည်းစီးပွားရေး အလုပ်အကိုင်က အဆင်ပြေသည်။ ဆန်လေးလှောင်လိုက်၊စပါးလှောင်လိုက်။သီးနှံများပေါ်ကရာသီအလိုက် ရောင်း၀ယ်ဖေါက်ကားတတ်သဖြင့် စီးပွားအရှာကောင်းလေသည်။

လင်မယားနှစ်ယောက် ယူခါစတွင် မသင်းမိဘများကလုံး၀သဘောမတူ။ သူတို့သမီးဆရာမလေး အတန်းပညာသိပ်မရှိသူနှင့် ရရကောင်းလားဟု သဘောပိုက်သောကြောင့်ဖြစ်သည်။သို့သော် လင်မယားနှစ်ယောက်တွင် သမီးလေး ရလာသည်ကတကြောင်း၊ တဖက်တွင် သူတို့သမက်လုပ်သူက စီးပွားအရှာကောင်းလေသော် ယောက္ခမကြီးများ ပါးစပ်ပိတ်သွားသည်။

သို့နှင့် ကိုမြတ်ခိုင်နှင့်မသင်းတို့ပျော်ရွှင်စွာပေါင်းဖက်လေရာ သမီးလေးပင် ပထမတန်းရောက်လာ၏။
ထိုအချိန်ကျမှ ကိုမြတ်ခိုင်က အသောက်အစားနှင့် စဖေါက်လာတော့သည်။ နောင်သော် လောင်းကစားပါ ဖက်လာသည်။ မကောင်းသည့်အပေါင်းအသင်းများ၏ အဆွယ်တွင် သဘောတွေ့ မနောခွေ့ကာ ကိုယ့်ကိုကိုပြန်မထိမ်းနိုင်၊ မိန်းမပြောလည်းနားမ၀င်တော့။လက်ထဲရှိသမျှပေါင်နှံပြီး လောင်းကစားလုပ်သည်။ လောင်းကစားဟူသည် ခနပန်းသာကောင်းမြဲ၊နိုင်သလိုလိုနှင့်နောင်တွင် ဒုက္ခရောက်သွားကြသည်က ဒုနှင့်ဒေး။ ရှိသမျှပါသမျှကုန်သည်။ပြောင်သည်။ ဒါလည်း မသင်းခွင့်လွှတ်သည်။ သူမဆရာမလစာလေးနှင့် သားအမိသားအဖ သုံးယောက်စိတ်ချမ်းသာအောင်နေမည်၊ ရပ်လိုက်ပါတော့ဟုတောင်းပန်သည်။

ပြောလည်း ကိုမြတ်ခိုင် သည်ဘက်နားက၀င်ပြီ ဟိုဘက်နားကထွက်လေ၏။ မရပ်သည့်အပြင် မရှိရှိတာတောင်းသည်။ကြာသော် ကြွေးပတ်လည် ၀ိုင်းလာ၏။အရက်သောက်သူက အလုပ်မလုပ်ဘဲ သောက်လျင် ချက်ခြင်းမကုန်နိုင်။ သောက်ပါများလျင် အသဲရောဂါဖြစ်ပြီး မြန်မြန်သွားမည်။ နေ့ချင်းညချင်းမမွဲ။ ကိုမြတ်ခိုင်တစ်ယောက် နေ့ချင်းညချင်းမွဲမည့် မွဲဆေး ဖေါ်နေလေ၏။ မသင်းတစ်ယောက်စိတ်ဆင်းရဲပါဘိခြင်း။
ဆရာမမသင်းနှင့် သမီးလေးမှာ တနေ့တနေ့ စိတ်ဆင်းရဲလှ၏။ သမီးလေးရှေ့မရှောင်လက်ပါသည်။ မသင်းတစ်ယောက် ဆရာမမို့ကျောင်းမှာလည်း မပြောရဲ၊ မိဘများရှေ့လည်းမပြောရဲ။ ကျောင်းသွားလို့ မျက်နှာတွင် ကိုမြတ်ခိုင် ရိုက်နှက်ထားသဖြင့် ညိုမဲစွဲနေလည်း မိဘများသိမှာစိုးသဖြင့် မှောက်ရက်လဲသည် လုပ်နေရသည့် ဘ၀မျိုးဖြစ်သည်။လင်ဆိုးမယားတဖါးဖါးသည် မသင်းကိုများရည်ညွှန်းနေလေသည်ထင့်။

နှစ်ပေါက်လာသော်လည်း ဆရာမမသင်း သမီးလေးမျက်နှာနှင့် ဖြစ်သမျှအကြောင်း အကောင်းချည်းမှတ်ခါ ကြိတ်မှိတ်ခံလေသည်။ ညိုမဲစွဲသည့်ဒဏ်ရာ၊ ဆေးလိပ်မီးနှင့် ထိုးသည့်ဒဏ်ရာ၊လည်ပင်းညှစ်ထားသည့်အရာ၊ လက်သီးထိုးချက်ဒဏ်ရာများနှင့် ဆရာမ မသင်းကို မြင်ရသူတိုင်းသနား၏။ သို့သော်လည်း သူ့လင်နှင့်သူ့မယား။ တတ်နိုင်သမျှ ဖေးကူကြသော်လည်း လင်မယားကြားတော့ မ၀င်ရဲကြပေ။ မသင်းကိုယ်တိုင်ကလည်း လင်ကို တစ်ခွန်းမှအပြစ်မတင်ချေ။လူတွေကတော့ ၀ဋ်ဆိုတာ ဒါဘဲထင်၏လို့ ကွယ်ရာတွင်သာ မှတ်ချက်ပေးနိုင်ကြလေတော့၏။

ချက်ပြုတ်ကျွေးမွေးသည်ကိုစားသောက် ပြီးလျင် အရက်လေးတမြမြ၊ ဆရာမ မသင်းတစ်ယောက် မိဘစကား နားမထောင်မိသည့်အမှားကို ခါးစီးပြီးခံနေလေသည်။သို့နှင့် တစ်ည၊ ထိုညကလကွယ်ညဖြစ်၏။ ဆရာမမသင်းတို့အိမ်လေးသည် အစက ကိုမြတ်ခိုင်စီးပွားကောင်းစဥ် ခြံလေးနှင့်၀န်းလေးနှင့်ဖြစ်၏။
တစတစ အိမ်ကိုဖြုတ်ရောင်းပြီး မသင်းက မြေနှင့်ခြံတော့ နေစရာလေးထားပေးပါဟု အတင်း တောင်းဆိုထားသဖြင့်ကျန်နေသေးသည်။

ကိုမြတ်ခိုင်က ခြံကိုပါရောင်းရန် ပြောနေလေရာ ဆရာမမသင်းတစ်ယောက် တတ်နိုင်သမျှ ကြံ့ကြံ့ခံနေရင်း မျက်ရည်ပေါက်ပေါက်ကျနေရသည်။
သည်ခြံလေးရောင်းလိုက်လျင် သူတို့ဘယ်သွားနေမည်နည်း၊ ယခုတောင် ယခင်ပျဥ်ထောင်အိမ်ကြီးမှ တဲသာသာအိမ်ဘ၀သို့ရောက်ခဲ့ပြီ။လက်၀တ်လက်စားဆိုသည်မှာ ဘာမှမရှိတော့၊ တီဗီ၊ ဘီရို၊ ဆက်တီကုလားထိုင်ကအစ၊ လက်ပတ်နာရီအဆုံးပေါင်သည်၊ အနိမ့်စျေးနှင့်ရောင်းကာ သောက်သည် ဖဲရိုက်သည်။ သည့်ထက်ဆိုးလာလျင်မည်သို့လုပ်ရမည်ကို မစဥ်းစားနိုင်။ သူမမျက်ရည် ဖြိုင်ဖြိုင်ကျရင်း ဘုရားရှစ်ခိုးလိုက်သည်။ဘုရားကယ်တော်မူပါဟု ဆုတောင်းမိသည်မှာ အခါခါဖြစ်၏။

ခြံကျယ်သဖြင့် သီးပင်စားပင်လေးများစိုက်ထားသောကြောင့် ပိုပြီးစရိတ်သက်သာသည်။ ခြံ၏ အနောက်တောင်ဖက်တွင် ရေတွင်းရှိသည်။ အိမ်သာမှာ အနောက်မြောက်ဖက်တွင်ဖြစ်သည်။ခြံက မြို့စွန်တွင် ရှိပြီး အတော်လေးလည်းကျယ်သည်။ သည်ခြံလေးရှိနေသေးလို့သာ နေစရာလေးရှိနေခြင်း ဖြစ်သည်။ ဒါလေးသွားလျင်တော့ သူမတို့သားအမိဘ၀ရေစုံမျောလေပြီ။

သည်လောက်လိုက်လျောနေသည့်ကြားကပင် ရက်စက်လွန်းသည့်ကိုမြတ်ခိုင်မို့
‘ဒုက္ခပေးလိုက်တာ ကိုမြတ်ခိုင်ရယ်’ ဟု ဆရာမမသင်း အကြိမ်ပေါင်းများစွာညည်းညူနေမိသည်။ ညည်းရင်းလည်း မျက်ရည်ပေါက်ကြီးငယ်တို့ကျဆင်းရလေ၏။သူမမျက်ရည်ကျလျင် စကားနည်းသည့်သမီးလေးက မအေ့မျက်ရည်များကိုသုတ်ပေးရှာသည်။သည်သမီးလေးမျက်နှာနှင့် အသံမထွက်ဘဲကြိတ်ခံခဲ့သည်မှာ သူမတွင် အတွင်းဒဏ်ရာအညိုအမဲများတောင် မရေမတွက်နိုင်ပေ။
တဲသာသာ သူတို့အိမ်လေးတွင် ယခုတော့ကွပ်ပျစ်ခင်းသာရှိသည်။ ကိုမြတ်ခိုင်က အိမ်ရှေ့ခန်းတွင် အိပ်ပြီး၊ ဆရာမ မသင်းနှင့် သမိးတို့က အိမ်တွင်းခန်းတွင်အိပ်ကြသည်။စိတ်ညစ်ညစ်နှင့်ပင် မသင်းနှင့်သမီးလေးတို့ ထိုညကအစောကြီးအိပ်ပျော်သွားကြတော့သည်။စိတ်ရောလူပါ ပင်ပန်းကြရှာသည်မဟုတ်ပါလား။ ထိုညက ကိုမြတ်ခိုင်တစ်ယောက်လည်း ထုံးစံအတိုင်း မူးရူးမြည်တွန်တောက်တီးပြီး အိပ်ပျော်သွားလေသည်။

“””ကိုမြတ်ခိုင်’’
မူးမူးနှင့်အိပ်ပျော်နေရာမှ ခပ်အုပ်အုပ်ခေါ်သံကြောင့်တရေးနိုးလာသည့်ကိုမြတ်ခိုင်။
ခေါင်းထောင်ကာ ထကြည့်လိုက်သည်။ မူးနေသောကြောင့် ခေါင်းကမမတ်နိုင်သလိုဖြစ်လေ၏။
အသံက ခပ်တိုးတိုးလေး၊
သူဘဲကြားနိုင်သည့်အသံမျိုးဖြစ်သည်။
‘အပြင်ထွက်ခဲ့၊’

အသံက ဆွဲဆောင်လိုက်သော် ကမူးရူးထိုးဖြင့် တဲအိမ်လေးအပြင်ဖက်ကိုထွက်လာလိုက်မိသည်။
ခေါင်းတွင် ခေါင်းစွတ်အုပ်ထားပြီး တကိုယ်လုံးမဲမဲ၊ မဲမဲနှင့်လူတစ်ယောက်ကို မှောင်မဲမဲထဲ သတိပြုမိ၏။
အရပ်မနိမ့်မမြင့်မို့ သူနှင့် ဖဲရိုက်‌ဖေါ်ရိုက်ဖက် ဆန်းထွန်းဟုထင်လိုက်၏။
‘ဆန်းထွန်းလားကွ’
‘အေး’
‘ဘာလဲ၀ိုင်းကောင်းရှိလို့လား’
‘အေး’

‘လာလိုက်ခဲ့’
၀ိုင်းကောင်းသည်ဆိုသည်နှင့် ဘာဘာညာညာ မစဥ်းစားဘဲ နောက်ကလိုက်သွားသည်။ ဆန်းထွန်းက ဖဲ၀ိုင်းရှိလျင် လာခေါ်နေကျမို့ခုလည်း ၀ိုင်းကောင်းလို့လာခေါ်သည်ထင်၏။ ပိုက်ဆံမပါလည်း ရှိတာကို ပါးစပ်နှင့်ပေါင်ခဲ့ပြီး ရိုက်လို့ရသည်ကို သူသိနေသည်။
ဆန်းထွန်းက ခြံ၀ိုင်းအပြင်ကို ခပ်သုတ်သုတ် ထွက်သဖြင့် သူလည်း လိုက်ထွက်လာခဲ့သည်၊ မူးမူးနှင့်ပုဆိုးပင် ဂွင်းသိုင်းချင်နေသည်။မဆိုလည်းအောက်ခံဘောင်းဘီပါသည်လေ။
မူးမူးနှင့် အသိပျောက်နေသလိုရှိနေရာမှ လမ်းအတော်လျောက်လာမိကြောင်း သတိပြုမိသွားသည်။ လူကလည်း ဒယိမ်းဒယိုင်။ လမိုက်ရက်မို့ သူ့ကိုယ်မသိ၊ ကိုယ့်သူမသိသည့် မြင်ကွင်းအနေအထား။
‘ဆန်းထွန်း’
‘အင်း’

‘မရောက်သေးဘူးလား’
‘အင်း’
ဆန်းထွန်းက အင်းဟု ထပ်ဆင့်ချိန်တွင် ကိုမြတ်ခိုင် အနည်းငယ်အသိ၀င်လာသည်။
သူတို့နှစ်ဦးလျောက်လာခဲ့သည်မှာ မြို့စွန်ရှိ ရေတွင်းပျက်တစ်ခုနားသို့သူတို့ ရောက်နေသည်ဘဲ။
‘ဘယ်မှာလည်း မင်းရဲ့ဖဲ၀ိုင်းက’ ဟု သူကမေးလိုက်သည်။

ထိုအချိန်တွင် ခေါင်းစွတ်နှင့်လူက သူ့နားကပ်လာသည်။
‘တချိန်လုံးဖဲ၀ိုင်းဘဲ ၀ိုင်းနေတာ ရောက်တော့မယ်၊ မပြတ်တမ်းသာရိုက်နေပေတော့’ ဟုဆိုလိုက်သော်
‘ဆန်းထွန်းအသံမဟုတ်မှန်း သူသတိပြုမိသွားသည်။
သည်လူသဘောရိုးမဟုတ်ဘူး။ ဆန်းထွန်းလည်းမဟုတ်ဘူးး ဟု သူတွေးမိကာ ဘယ်သူများသူ့ကိုခေါ်လာပါလိမ့်ဟု ကျောရိုးထဲစိမ့်ကနဲဖြစ်၏။ လမိုက်ညမို့ ဘယ်သူမှန်းလည်းမသိ။ အရပ်မနိမ့်မမြင့်မှန်းတော့သိ၏။ ကျန်တာကမှောင်နေသဖြင့်တကြောင်း၊ တကိုယ်လုံးအမဲရောင်နှင့် ခေါင်းစွတ်နှင့်မို့ သူသိသူထဲကပုံစံတွေတော့မဟုတ်။

ယခုမှပင် အန္တရယ်၏ အငွေ့အသက်ကို စတင်ခံစားမိလာသည်။ လေကလည်း ခပ်ဖြည်းဖြည်းတိုက်နေသဖြင့် အေးမြမြဖြစ်နေသလို မှောင်မဲမဲ၊ ရွာကမသုံးသည့်ရေတွင်းပျက်ကြီးအနီးတွင် ဖြစ်သဖြင့် တခုခုမှားမှန်း သိပေပြီ။ သူ့ကိုရန်မူတော့မည်ကို ခံစားမိသော် ထိုလူနှင့်‌ေ၀းအောင် ရေ‌တွင်းပျက်ကို ပတ်ခါ ပြေးလေ၏။ ပြေးရင်းနှင့် ဖဲ၀ိုင်းကိစ္စမှန်းသိသည်။ သူလည်း ဖဲကြွေးဆပ်ရန် မရှိသဖြင့် အကြွေးကိစ္စတော့မဟုတ်။ ဒါဆိုဘာကိစ္စလည်း။ ဖဲရိုက်ပြီး သူ့မိသားစုကို ဒုက္ခပေးနေသည်ကိုမကြိုက်ဆုံးက ယောက္ခမထီးကြီး ဖြစ်သည်။ ယောက္ခမကြီး၏လူတွေများလား။

သူ့မိန်းမ ဆရာမ၊မသင်းကတော့ သူ့ကိုအလွန်ချစ်သည်။မသင်းတော့ သူ့ကို နာကြင်အောင်လုပ်မည်ဟု သူမထင်။ လူဆိုတော့လည်း ပြောလို့တော့မရ။ သည်ရက်ပိုင်းထဲ မသင်းကို ခြံ၀ိုင်းရောင်းခိုင်းနေလို့များလား။
လေအေးက မျက်နှာကို ပက်ဖျန်းနေခိုက် သူ့ဦး‌နှောက်ကလည်း သို့လောသို့လော၊ တခုခုပြောပါဗျ။ ကျုပ်ကိုဒုက္ခမပေးပါနဲ့ဟုတောင်းပန်နေမိသည်။ သို့သော် ကြောက်စိတ်ကြောင့်အသံများက လည်ပင်းထဲတွင် ပျောက်သွား၏။ မည်သည့်အသံမှ အပြင်ကိုထွက်မလာခဲ့ချေ။

ရေတွင်းကြီးပတ်ပြေးရင်းမောလာသည်။ တဖက်လူသည် ကြွက်များကိုကြောင်မဖမ်းခင် ပြေးခိုင်းပြီး လက်ကလေးနှင့်ပုတ်ကာဆော့ကစားနေသည်နှင့်တူလေသည်။ သည်ကိစ္စဖဲနှင့်အရက်ကြောင့်ဖြစ်မည်။
‘မပြတ်တမ်းသာ ဖဲရိုက်နေဖို့ ပြောခြင်းသည် ရွဲ့ပြောခြင်းမှာသေချာ၏။ သူ၏ ဖဲရိုက်ဖေါ်ရိုက်ဖက်များတော့ မဟုတ်သည်မှာသေချာသည်။ မည်သူနည်း။
‘ခုတော့ အသက်ဘေးနှင့်နီးနေပေပြီ။ သူနောက်ကို မဟုတ်တာမလုပ်တောဟု စဥ်းစားနေမိသည်။ သောက်ထားသည့် အရက်ခိုးများလည်း ပျယ်ကုန်ပြီ။ သူ့ရှိအားများလည်းကုန်နေပြီ။
‘တောင်းပန်ပါတယ်’
‘ဘာကြောင့်လဲ’ ဟုမေးနေမိသော်လည်း အသံကထွက်မလာ။

‘ကယ်ကြပါ’
ဟုသူအော်ဘို့ကြိုးစားလိုက်ချိန် သူ့လည်ပင်းကို ဓါးချက်တစ်ချက်စိုက်ဝင်သွားကာ
အသံထွက်မလာတော့ဘဲ ပျောက်သွားလေသည်။ ‘နှိပ်စက်ဦး မိသားစုကို’ ဟုပြောလိုက်သည်ကို သူမကြားတော့ချေ။ ထို့နောက်တွင် သူရေတွင်းပျက်ထဲသို့ သူ့ကိုယ်လုံးကြီးထိုးကျသွားတော့သည်။ သူ့ကိုယ်လုံးကြီးကျပြီးနောက် ခေါင်းစွတ်နှင့်လူက သူ့အိတ်ထဲမှ ပန်းရောင်ကဒ်ပြားလေးတကဒ်ပါ
ထုတ်ခါ ရေတွင်းထဲသို့ချလိုက်သဖြင့် ကိုမြတ်ခိုင်နှင့်အတူတူကျသွားခဲ့လေတော့သည်။

++++Sandar Wai, Alexander++++++

မနက်မိုးလင်းချိန် ဆရာမမသင်းနှင့် သမီးလေးမွှေးမွှေးကိုတို့ ခါတိုင်းထက်နောက်ကျပြီးမှ အိပ်ရာကနိုးကြသည်။
‘အိပ်လို့ကောင်းလိုက်တာ၊ ဒီလောက်စိတ်ညစ်စရာရှိတာတောင်မှဘဲ’
ဟု မသင်းတွေးနေမိသည်။လူဆိုတော့လည်း ခန္ဓာကိုယ်က အချိန်တန် အနားတောင်းရှာပေမည်။
အိမ်ရှေ့ကွပ်ပျစ်တွင် အိပ်နေမည်ဟုထင်သည့် ကိုမြတ်ခိုင်ကိုမတွေ့။ စောင်ပုံလေးတော့တွေ့သဖြင့် ခေါက်သိမ်းပေးထားလိုက်သည်။ ဘာအလုပ်အကိုင်မှမရှိသော်လည်း ‌ကျေးဇူးရှင်ဆိုတော့ကား အကုန်လုပ်ပေးနေရပြန်သည်။ သူများပြောသလို ၀ဋ်ကြွေးဆိုတာဟုတ်လေသလား။
စောစောစီးစီး ၀ိုင်းရှိလို့ဘဲသွားသည်လား။ သေရည်ဘဲ သွားဆွဲနေသည်လား သူဘဲသိပေမည်။
ကိုမြတ်ခိုင်တစ်ယောက် အချိန်ကန့်သတ်ချက်မရှိ၊ လုပ်ချင်တာလုပ်တတ်သည်မဟုတ်ပါလား။

စားစရာသောက်စရာချက်ပြုတ်ပြင်ဆင်၊ ရေမိုးချိုးကာ သမီးလေးနှင့်ကျောင်းသွားရန်ပြင်ဆင်ကြသည်။
ကိုမြတ်ခိုင်အတွက် စားစရာများကို အုပ်ဆောင်းလေးနှင့် ဖိကာထားခဲ့ပြီး သားအမိနှစ်ယောက် ကျောင်းသွားကြလေတော့သည်။

++++Sandar Wai, Alexander ++++++

သူ့ဂျုတီမို့စခန်းကို အစောရောက်ရမည့် ကောင်းမြတ်ထက်တစ်ယောက် လက်ဘက်ရည်ဆိုင်ထိုင်ပြီး မနက်စာကိုပြီးလိုက်သည်။ ပဲပြုတ်နှင့် ထမင်းကျော်ပူပူလေး၊ ကြက်ဥကြော်တစ်လုံး၊ လက်ဘက်ရည်ကျဆိမ့်နှင့်ဆို ညနေအထိ တခါတလေဘာမှ ထပ်မစားလည်းနေနိုင်သူဖြစ်သည်။
ညကစာရွက်လှန်သံနှင့်ကြားထဲတွင် အိပ်ရေးပျက်သဖြင့်လည်းကောင်း၊ အစောထရန် နှိုးထားရသည်က တကြောင်းဖြင့် အိပ်ငိုက်သလိုပင်ဖြစ်လာ၏။ထို့ကြောင့် လက်ဘက်ရည်ကို တော်တော်ကြီးကျပေးရန်ပြော လိုက်ရသည်။ ထိုအခါမှမျက်လုံးနှင့် ဦးနှောက်တို့ပြန်လည် လန်းဆန်းလာ၏ ။

ရဲစခန်းရောက်သောအခါ သူကသာ ဂျုတီမို့ရောက်လာသည်။ စခန်းမှူးက၀ိရိယနှင့် အရင် ရောက်နေပြီ ဖြစ်သည်။
‘ဆရာ လက်ဘက်ရည်သောက်ပြီးပြီလား’ ဟု အလေးပြုရင်းနှင့်မေးလိုက်သည်။
‘အိမ်ကစားလာတယ် လာဗျ’
‘ကျွန်တော်ခိုင်းထားလို့ ဘယ်သန်စာရင်းရပြီဗျ’
‘လူမိုက်စာရင်းမှာ ဇော်ကြီးတစ်ယောက်ကဘယ်သန်လို့ပြောတယ်’
‘သူ့ကိုနည်းနည်းပိုစောင့်ကြည့်ရမယ်၊ ကိုချိုတူးနဲ့ အဆက်အစပ်ရှိမရှိ, ဒါကိုမိရင်ရပြီဗျ’
‘ခက်တာက လက်ဗွေရာမကျန်အောင်လက်အိတ်ကို သေသေချာချာသုံးသွားတာ’
စခန်းမှူးက ဆက်တိုက်ပြောနေသည်။ သည်လိုကြိုးစားလို့လည်း ငယ်ငယ်နှင့် စခန်းမှူးဖြစ်နေခြင်းဖြစ်၏။

‘ဆရာ၊ ဒီနေ့ကားထဲကြည့်ရဘို့ရော’
‘ကားထဲကို စပယ်တို့ကို မနေ့ကကြည့်ခိုင်းထားပြီးသား၊ တရားခံနဲ့ ပတ်သက်တာ ဘာမှမရဘူး’
‘အောင်လွင်နဲ့ မြမာလာနဲ့ ပတ်သက်တာတွေဘဲရတယ်’
‘ဒေါက်တာဆင်းငုံဖူးတို့ဆီက ဒီနေ့ဘာထပ်ရနိုင်မလဲ ကြည့်ရမယ်’

စခန်းမှူး ခင်မောင်ထွန်းသည် တော်တော်လေးကို သွက်သွက်လက်လက်နှင့် စီမံဆောင်ရွက်နေသည်မှာထင်ရှားသည်။ ခက်သည်က သဲလွန်စ အလွန်နဲနေခြင်းဖြစ်၏။ လူသတ်တရားခံက ပိုပြီးအကွက်စေ့နေလေ၏။ မည်သို့ဖြစ်စေ တရားကိုနတ်စောင့်သည့်မဟုတ်ပါလား။
‘ခင်ဗျားရော ဘာတွေ့သေးလဲ ကိုကောင်းမြတ်ထက်’ ဟု စခန်းမှူးက လမ်းဖွင့်ပေးလိုက်သည်။

‘မြမာလာကို သတ်ဖို့က ကျွန်တော် သိသလောက်ဆို လူမှုရေးဖေါက်ပြားတာကြောင့်ဘဲဖြစ်ဖို့များတာဘဲ၊ သူက အိမ်ရှင်မဘဲလုပ်တာဆိုတော့ ထိတွေ့မှုလည်းနဲတယ်’
‘ကိုချိုထွန်းကိုဘဲ စောင့်ကြည့်နေရဘို့များတယ်”

‘နောက်တစ်ခုက အောင်လွင်မှာ စေ့စပ်ဖို့မိန်းကလေးရှိတယ်၊
ကောင်မလေးနာမည်က သက်ထား’ စခန်းမှုးက တော်တော်ကြီးကိုစေ့စပ်သူပင်။
‘သက်ထားက မြမာလာကို မကျေနပ်တာမျိုးလည်းဖြစ်နိုင်တယ်’

“သက်ထားကိုလည်းစောင့်ကြည့်စာရင်းထဲထည့်ထားလိုက်ပြီ’
‘ဒေါက်တာဆင်းငုံဖူးဆီက သတင်းလည်းဆက်စောင့်တာ‌ပေါ့’
‘ဟုတ်ကဲ့ဆရာ’
သူတို့နှစ်ဦး စကားအဆုံးသတ်လိုက်ကြပြီး ကောင်းမြတ်ထက်လည်း သူ့စားပွဲသို့ပြန်လာလိုက်သည်။

ထိုအခိုက်စခန်းမှူး၏ စားပွဲမှ ဖုန်းမြည်လာသည်။

ဆက်ရန်
Sandar Wai, Alexander
စာချစ်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာများပြည့်၀ကြပါစေ၊
၂၄/၉/၂၄