ငကံ

ကင်းအောင်ရယ်၊ အညံ့လေးတွေပျောက်အောင်ရယ်ပေါ့“

မိဆိုင်ကလည်း ဝင်ပြောသည်။

“ညီမလေးက ကိုကြီးကံအတွက် ညီမလေးစုထားတဲ့ပိုက်ဆံနဲ့ဝယ်ထားတဲ့ ပုဆိုးရယ် အင်္ကျီရယ် လာပို့တာ”

“ဟာ မဟုတ်တာ၊ စစ်မှုထမ်းဖို့ သွားမှာပါဆို ညီမလေး ပေးတဲ့ဟာ ဘယ်အချိန် ဝတ်ရမလဲ”

“ဪ ကိုကြီးကံကလည်း.. မင်းပွဲစိုးပွဲရှိတော့ ဝတ်ရတာပေါ့”

“ကဲပါ.. ယူထားလိုက်ပါ မောင်ကံရယ်။ မင်းနှမက ပေးချင်လို့ တကူးတက လာပို့တဲ့ဟာ”

ဦးဖိုးစီ က ဝင်ပြောသည် ။ ငမြတ်ကျော်က လည်း

“ယူထား ငကံရေ၊ မင်းမယူထားရင် အိမ်ပြန်ရောက်ရင် ပြဿနာ ရှာမှာ။ မင်းညီမအကြောင်းလည်း သိရဲ့သားနဲ့”

ထိုအခါမှ ငကံလည်း မိဆိုင်ပေးသည့် အင်္ကျီ နှင့် ပုဆိုးကို ယူထားလိုက်သည်။ ထိုနေ့က ငမြတ်ကျော်တို့ မောင်နှမနှစ်ယောက် ငကံနှင့် စကားပြောရင်း ညနေစောင်းခါနီးမှ မိမိတို့ မြစ်ခြေရွာသို့ ပြန်သွားကြသည် ။ ငကံလည်း ထိုနေ့ညက အိမ်ရှေ့ ကွပ်ပျစ်ပေါ် ထိုင်၍ သာနေသော လကို ငေးရင်း အတွေးနယ်ချဲ့နေမိသည်။ အမိ အဖ တို့ကို လည်းစိတ်မချ၊ မလိုက်လို့ကလည်း မဖြစ်နှင့်။

သို့ဖြင့် ထုံအအနှင့် မပြောတတ်မဆိုတတ်သော ငကံ စစ်ထဲပါသွားရသည်။စကားနည်းပြီး အေးအေးနေတတ်သောသူ့အား အားလုံးက နှိမ်ချင်၊ အနိုင်ကျင့်ချင်ကြသည်။အိုးစားကြီးနှင့် အကြပ် သွေးသောက်များသာမက အဆင့်တူ အိုးစားဖက် များကပါ နှိမ်၍ ခိုင်းစေကြသည်များကိုပင် သည်းခံ၍ လုပ်ပေးခဲ့ရသည်။

ရောက်ပြီး မကြာမီ ရွာကိုလွမ်းသဖြင့် မျက်ရည် ကျရသည်။ထိုအခါ အိုးစားဖက်တစ်ဦးက သူ့အား မခံနိုင်အောင် စ၍ ယောက်ျားမဟုတ်ဟု ပြောလိုက်ရာ ထိုစကားကို အလွန်ရှက်ပြီး ထရပ်မိ၏။ သို့သော် သူ့စိတ်သူထိန်းက ဘာမှတော့ မလုပ်။ သို့ပေမယ့် တစ်ဖက်က မခံနိုင်အောင် ဆက်ပြောပြန်သည်။

ငကံ မည်သို့မျှ ပြန်မပြောဘဲ လှည့်ထွက်လာခဲ့သည် ။ ထိုအခါ နောက်မှ သျှောင်ကို အဆွဲခံရသဖြင့် ငကံလက်ပြန်ရိုက်လိုက်သည်။ တစ်ဖက်အိုးစားဖက်လည်း ယိုင်၍ လဲကျသွားသည်။ ထိုသူက စိန်မခေါ်ဘဲ မိန်းမလိုမိန်းမရ လုပ်တယ် ဆိုပြန်သည်။ ငကံ ဒေါသကိုချုပ်တည်း မထားနိုင်တော့ဘဲ ထိုသူကို အပေါ်မှ ခွ၍ အားပါးတရ ထိုးတော့သည်။

လူအများဝိုင်းဆွဲ၍သာ အသက်မသေရှိသည်။ အိုးစားကြီး ရောက်လာသည့်အခါ ထိုလူက အပြစ်မရှိသလို တိုင်နေ၏။ လှည့်ပတ် မပြောတတ်သော ငကံ သာ ပြင်းစွာ ဒဏ်ပေးခံရ၏။

တိုင်တွင်ချည်၍ ရင်ကို ရိုက်ခြင်း ဖြစ်ရာ ငကံ မခံနိုင်ပဲ ပါးစပ်မှ သွေးပွက်ပွက်ကျ၏။ အိုးစားကြီးကလည်း အငြိုးနဲ့ ရိုက်နေခြင်းသာ ။ ထိုအချိန်၍ လူတစ်ဦး ရောက်လာပြီး အဘယ်ကြောင့် ဤမျှ အပြစ်ပေးနေသည်ကို စစ်မေးလေသည်။ အိုးစားကြီး ၏ ပြန်ပြောသံအရ သူ့ထက် ရာထူးကြီးသူ ဖြစ်မည်ဟု ငကံ ထင်လိုက်သည် ။

ထိုလူငယ်လေးက သေချာ စစ်မေးသော်လည်း ရန်စသူ အိုးစားဖက်က မိန်းမလို မိန်းမရ လှည့်ပတ်ပြောနေပြန်သည်။ မှန်ရာကိုမဆို။ ငကံ ထိုသူကို ရွံရှာသလို ထွီခနဲ တံတွေးထွေးလိုက်သည်။ သွေးခဲများသာ ထွက်လာသည်။ သွေးသောက်ကြီး ဟု ထင်ရသူသည် အဖြစ်အပျက်ကို သေချာစစ်မေးပြီး အဖြစ်မှန်ပေါ်လာသောအခါ ငကံကို ကြိုးဖြေပေးခိုင်းလိုက်သည်။

ထို့နောက် သေချာ မစစ်မေးဘဲ ဘက်လိုက်ဆုံးဖြတ်ခဲ့သော အိုးစားကြီးအား တိုင်ကိုဖက်စေပြီး တင်ကျည်းတုတ်ဖြင့် ရိုက်လေသည်။ ငကံ ကြိုးစား၍ မော့ကြည့်သောအခါ အလွန် အံ့အားသင့်သွားသည်။ အသက်နှစ်ဆယ်ပင် မပြည့်တတ်သေးသော၊ သာမန်ရဲမက်ဝတ် မိန်ညိုကိုသာ ဝတ်ဆင်ထားသော ဆံပင်ဖျားလျားနှင့် လူငယ်တစ်ဦးက စီရင်နေသောကြောင့်ဖြစ်သည်။ ရင်ဘတ်မှ ဘီလူးပုံကို ငကံမြင်လိုက်ရသောအခါ အမျိုးအမည်မသိ ခံစားချက်တစ်မျိုး ငကံ ခံစားလိုက်ရသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် သွေးသောက်ကြီး ဖြစ်နေသည့် အစွမ်းအစကို ငကံ အထင်ကြီးမိသည်။ ရန်စသူအိုးစားဖက်ကိုလည်း ထိုလူငယ်လေးက ‘စစ်သည် တစ်ယောက်ဟာ ဂုဏ်ယူလောက်စရာစိတ်ထားနဲ့ ယောက်ျားပီသတဲ့ မာကျောမှု ရှိရမယ့်အစား မိန်းမလို မိန်းမရ လှည့်ပတ်ပြောနေတာ စက်ဆုပ်ဖွယ် ကောင်းတယ်’ ဆိုပြီး အာဟက်ပြီး အပြစ်ပေးခဲ့သည်။

ရန်စသူ၏ နောက်မှ ဆံပင်ကို ဆွဲမော့၍ ပွင့်ဟနေသည့် ပါးစပ်ပေါ် ဓားတင်ကာ လှီးချလိုက်သည်။ ပါးနှစ်ဖက်မှ သွေးများ ဒလဟော ကျဆင်း၍ ပါးစပ် နှစ်မိုက်ခန့် စုတ်ပြဲသွားသည်။ ထို့နောက် လူငယ်က…

“ဒီကောင့်ကို တပ်ထိပ်ထုတ်ပြီး နေတစ်ရက်လှန်း၊ ပြီးမှ ပြန်ချုပ်ပေးလိုက်ကြ။ ဘယ်သူ က ဒီလိုလုပ်သွားတာလဲ လို့ မင်းတို့ တပ်မှူး ဗိုလ်မှူးတွေက မေးရင် လက်ျာဘီလူး လို့ ပြောလိုက်ကြ၊ ဟုတ်ပြီလား။ ဟိုတပ်သားကို ငါ့ဆီပို့လိုက်။ သူ့အထုပ်အပိုး ပစ္စည်းပစ္စယ အကုန်ပါပစေ ။မင်းတို့တပ်ကို အိုးစားကောင်းတစ်ယောက် ပြန်ပို့ပေးလိုက်မယ်”

ပြောပြောဆိုဆို လှည့်ထွက်သွားပြီး ငကံ ကို သေသေချာချာ တစ်ချက်ကြည့်သွားသည်။ ငကံ၏ စိတ်ထဲမှာလည်း လက်ျာဘီလူး နာမည်ကို ရေရွတ်နေမိသည်။ လက်ျာဘီလူး သည် ထိုတပ်ကို မည်သူ့တပ်မှန်းမသိ။ မတရားတာကို ကြည့်မနေနိုင်သဖြင့် ဝင်ရောက်ဖြေရှင်းပေးခဲ့ ခြင်းသာဖြစ်သည်။နောက်မှ သိရသည်ကား ထိုတပ်သည် စည်သာမင်းကြီး မင်းလှစည်သူ၏ တပ် ဖြစ်နေသည်။

အလောင်းမင်းတရားကြီး နှင့် စည်သာမင်းကြီးက ထိုအကြောင်းကို သူ့အား ခေါ်မေးသော အခါတွင် မင်းကြီးတပ် ဖြစ်မှန်းမသိကြောင်း၊မင်းကြီးအပေါ် မခန့်လေးစား လုပ်တာမဟုတ်ကြောင်း၊ မတရားမှုကို ကြည့်မနေနိုင်၍ ချက်ချင်းစီရင်ခဲ့ကြောင်း လျှောက်တင်လေသည်။ မင်းကြီးမင်းလှစည်သူလည်း လက်ျာဘီလူးပြောပုံက ဘဝင်ကျစရာဖြစ်၍ သူ့ကို အပြစ်မဆို ပေ။

မင်းကြီးမင်းလှစည်သူက ရန်စသူ အိုးစားဖက် ကို တပ်မှ နှင်လွှတ်လိုက်လေသည်။ လူတစ်ယောက်ကို စနောက်ရုံမျှဖြင့် ဤမျှ အပြစ်ပေးခံရသည်ကို နီမောင် မကျေနပ်။ လကျ်ာဘီလူး နှင့် ငကံ ကို လက်တုံ့ပြန်ရန် ကြံစည်နေလေသည်။ လက်ျာဘီလူးကို ထိပ်တိုက် ရင်ဆိုင်ရန် မလွယ်၊ သူ့နယ် သူ့လက်အောက်တွင်ဖြစ်၍ နီမောင် လုပ်ခွင့်မသာ။

လကျ်ာဘီလူးအား အလစ်အငိုက် လုပ်ကြံ၍ မရနိုင်။ ဘီလူး အစောင့်ရှိသည်ဟူသော စကားများကြောင့်လည်း သူကြံရာမရ ဖြစ်နေသည်။ ထို့နောက်တွင်မူ အောက်လမ်းဆရာတစ်ယောက်နှင့် တွေ့၍ သူ၏ ယုတ်မာကောက်ကျစ်သော အကြံအစည်ကို အကောင်အထည်ဖော်ရန် ကြိုးစားလေတော့သည်။

ငကံ လက်ျာဘီလူးတပ်သို့ ရောက်သောအခါ အံ့သြမှုများစွာနှင့် ကြုံရသည်။ဘီလူးတပ်ဟု အမည်ကျော်သော တပ်တွင် စိတ်ကြမ်း လူကြမ်းကြီးများသာ ရှိမည်ဟု ထင်ထားသော်လည်း ယခုအခါ ထိုလူများ၏ ဖော်ရွေမှု၊ အချင်းချင်း ငဲ့ညှာမှု၊ တစ်ဦးအပေါ်တစ်ဦး လေးစားမှုတို့ကို တွေ့ရသောအခါအလွန်ဝမ်းမြောက်ရသည်။ သူဤတပ်သို့ မပြောင်းသေးခင် ‘ငါးခြောက်တပ်ကို တစ်ယောက်တော့ ပြောင်းသွားရပြီ’ ဟု ပြောသံကြားရတုန်းက ဘာကြောင့် ဤသို့ပြောသည်ကို မသိခဲ့။

အခုတော့ ရောက်ပြီး မကြာခင် မျက်ဝါးထင်ထင် မြင်ခဲ့ရလေပြီ။ အမိန့်မနာခံမှုနှင့် နေလှန်းခံကြရသည်။ အမိန့်မနာခံမှု ဆိုသည်ကား အမိန့်ကို ဖီဆန်၍ မဟုတ်၊ ခိုင်းတာကို ခိုင်းသည့်အတိုင်းမလုပ်ဘဲ တလွဲ လုပ်ကြ၍ ဖြစ်သည်။ သူတို့တပ်ပဲ ထူးခြားသည်မဟုတ်၊ သူတို့၏ တပ်မှူးသည်ပင် နားလည်ရခက်သော သူတစ်ဦးဖြစ်နေသည်။ ငကံ ဘီလူးတပ်ကို ရောက်ပြီး မကြာခင် လကျ်ာဘီလူး က သူ့ကိုခေါ်၍ စကားပြောသည်။

“ဘယ်လိုလဲ ငကံ၊ ငါ့တပ်မှာ နေရတာအဆင်ပြေရဲ့လား“

“ပြေပါတယ် တပ်မှူး၊ ကျုပ်ကို တပ်မှူးဆီမှာ ခေါ်ထားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်”

“ကျေးဇူးတင်စရာ မလိုပါဘူး၊ ငါလည်း မတရားတာတွေ့လို့သာ ဝင်ပြီး စီရင်လိုက်တာ၊ ဘယ်သူ့တပ်ရယ် လို့တောင် သေချာသိတာမဟုတ်ဘူး၊ နောက်မှ စည်သာမင်းကြီး တပ်မှန်း သိတာ”

“တပ်မှူး ကို မင်းကြီး ဘာမှ မပြောဘူးလား”

“ဘုရင်မင်းတရားကြီးနဲ့တော့ စကားစပ်မိလို့ပြောတယ် ထင်တယ်၊ ငါ့ကို နှစ်ယောက်သား ခေါ်မေးကြသေးတယ်။ ငါလည်း ဖြစ်ကြောင်း ကုန်စင်ပြောပြလိုက်တော့ မင်းကြီးက ဘာမှ ထပ်မပြောတော့ဘူး”

“တပ်မှူး ကို နီမောင်က အငြိုးအတေး ထားပြီး လက်တုံ့ပြန်မှာ မကြောက်ဘူးလား”

“ငါ့ကို ကြောက်တတ်တယ်များ ထင်နေလား ငကံရဲ့”

လကျ်ာဘီလူး ပြောတော့ ငကံက ပြာပြာသလဲဖြင့်

“တပ်မှူးကို ကြောက်တတ်တယ်ထင်လို့ မေးတာမဟုတ်ပါဘူး။ ကျုပ် အပြောမတတ်လို့ စကားမှားရင် ခွင့်လွှတ်ပေးပါ တပ်မှူး”

“အင်း မင်းမေးချင်တာကို ငါသဘောပေါက်တယ်။ သူငါ့ကို လက်တုံ့ပြန်မှာ စိုးနေတာမဟုတ်လား မင်းက”

“ဟုတ်ပါတယ် တပ်မှူး“

လက်ျာဘီလူးက ပြုံးလျက်

“ငါ့ကို လက်တုံ့ ပြန်မယ်ဆို မင်းကိုလည်း အလွတ်ပေးမယ် မထင်ဘူးကွ”

ငကံ ခဏ ငြိမ်သွားသည်။ တပ်မှူးပြောတာ လည်း ဖြစ်နိုင်သည်။ နီမောင် လက်တုံ့ပြန်လာရင် သူဘယ်လို လုပ်မရလဲ ဆိုပြီး အတွေးဝင်လာသည်။ထိုအခါ လက်ျာဘီလူးက

“အဲ့ဒီလောက်လည်း စိုးရိမ်မနေပါနဲ့ကွာ၊ မင်းက အခု ဘီလူးတပ်သား ဖြစ်နေပြီပဲ။ ဘီလူးတပ်သားကို ဘယ်သူက ရန်ပြုရဲမှာလဲ။ ရန်ပြုလာတယ်ထားဦး၊ မင်း ဘေးမှာ ငါရှိနေတာပဲ“

ပြောရင်း ငကံ့ပခုံးကို လက်နဲ့ဖွဖွ ပုတ်လိုက်၏ ။ ငကံလည်း အခုမှ စိုးရိမ်စိတ် ပြေသွားတော့သည်။

ထိုအတော အတွင်း နီမောင်မှာ အောက်လမ်းဆရာ ဆရာပန္နဝ ဆိုသူနှင့် ပေါင်းမိ၍ လက်ျာဘီလူး နှင့် ငကံကို အောက်လမ်းနည်းနှင့် အသေ လုပ်ရန် စီစဥ်လေသည်။ ဆရာပန္နဝ က အသေလုပ်မည်ဆိုလျှင် လုပ်မည့် သူ၏ အဝတ်အစား သို့မဟုတ် အသုံးအဆောင် တစ်ခုခုလိုကြောင်း ပြောလေသည်။ နီမောင်က သူရအောင် ကြိုးစား၍ ရှာပေးပါမည်၊ တစ်ပတ်ခန့် စောင့်ပေးပါ ဟု ပြောသည်။ ထို့နောက် ဆရာပန္နဝ အနားမှ နီမောင် ထွက်ခွာခဲ့လေသည်။

လက်ျာဘီလူး ရေလဲပုဆိုးကို ယူပြီး ရေချိုးရန် ချောင်းစပ် သို့ ထွက်လာလိုက်သည်။ ချောင်းစပ် သို့ ရောက်သောအခါ ရေစပ်၌ လူတစ်ယောက်လဲ နေသည်ကို တွေ့ရ၍ အနားသို့ သတိနှင့် ကပ်သွားသည်။ သူ အနားရောက်သောအခါ ထိုသူမှာ အေးလွန်း၍ နှုတ်ခမ်းများပြာကာ အသားအရေကလည်း ရေထဲအကြာကြီး ​မျောနေခဲ့ဟန် ဖြူစွတ်နေသည်။

လကျ်ာဘီလူး ထိုလူကို ကုန်းပေါ်သို့ မ တင်၍ ပါလာသော ရေလဲပုဆိုးနှင့် အပေါ်က လွှမ်းခြုံပေးထားလိုက်သည်။ ထိုသူကို တပ်ဆီပဲ ခေါ်သွားရမလား၊ တပ်က ကောင်တွေကိုပဲ လှမ်းခေါ်ရမလား စဥ်းစားနေစဥ် သူ့အနားသို့ အပေါ်ပိုင်းဗလာနှင့် လူနှစ်ယောက်ရောက်ရှိသည်။

“ဟာ ဟိုမှာ ဟိုမှာ တွေ့ပြီ“

ဟု ပြောရင်း အနားကပ်လာကြသည်။ လက်ျာဘီလူးကလည်း

“နောင်ကြီးတို့က ဒီကလူရဲ့ အသိတွေလား”

ဟု မေးလိုက်သည်။ ထိုအခါ အနားရောက်လာသူ လူနှစ်ယောက်အနက် တစ်ယောက်က

“ဟုတ်ပါတယ်၊ ကျုပ်တို့ သုံးယောက် ရေချိုးနေရင်း ရေငုပ်ပြိုင်ရာက ဒီကောင်ပေါ်မလာလို့ လိုက်ရှာနေကြတာ အတော်ကြာပါပြီ”

လက်ျာဘီလူး ထိုသူတို့ကို တစ်ချက်ကြည့်လိုက်သည်။ ရေချိုးနေရင်း ပျောက်တဲ့ သူကို ကုန်းပေါ်ကနေ လိုက်ရှာနေတာက ယုံချင်စရာ မကောင်းလှ။ တစ်ဦးက ရိပ်မိဟန်နှင့်

“ဒီလိုပါ.. ကျွန်တော်တို့ ဒီကောင် ပေါ်မလာကတည်း က ရေထဲ မျောသွားနိုင်မယ့် အောက်ဘက်တွေကို လိုက်ကြည့်ပါသေးတယ်။ ဘယ်လိုမှ မတွေ့တာနဲ့ ရေစပ်တွေမှာ တင်နေနိုင်သေးရဲ့ဆိုပြီး ကုန်းပေါ် ကနေ ရေစပ်ရှိမယ့် နေရာတွေကို လိုက်ရှာနေကြတာပါ”

ကျန်တစ်ယောက်ကလည်း..

“ဟုတ်ပါတယ်၊ အခုလို ကျုပ် သူငယ်ချင်းကို ကယ်ပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ”

“ကျွန်တော်လည်း အစောကမှ တွေ့လို့ အချမ်းနည်းနည်း သက်သာအောင် ပါလာတဲ့ ပုဆိုးလေးနဲ့ ခြုံပေးထားရုံပါ။ ဒီကလူနာကို ပြုစုဖို့ ကျွန်တော့်တပ်ကို လိုက်ခဲ့ပါလား”

“ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် နေပါစေ၊ ကျုပ်တို့ နေတဲ့ နေရာ နဲ့လည်း သိပ်မဝေးပါဘူး။ ကျုပ်တို့ပဲ ခေါ်သွားလိုက်ပါ့မယ်၊ ဒီရေလဲ ပုဆိုးလေးတော့ ယူသွားပါရစေနော်”

“ရပါတယ် ယူသွားပါ၊ အကူအညီ တစ်ခုခုလိုရင် ကျွန်တော့်ဆီလာခဲ့ပါ၊ ဟို ရှေ့နားမှာ ကျွန်တော့်တပ်ရှိတယ်”

“ဒီနားမှာ စခန်း ချ နေတာက ဘီလူးတပ် လို့ သိရတယ်။ ဒါဆို ဒီက မောင်ရင်က ဘီလူးတပ်မှူး လက်ျာဘီလူးပေါ့”

“ဟုတ်ပါတယ် “

လက်ျာဘီလူး တစ်ခွန်းသာဆိုသည်။ ထိုနှစ်ယောက်လည်း ပြာပြာသလဲဖြင့် ချက်ချင်းဒူးထောက် လက်မြှောက်လျက်

“ကျနော်မျိုး တို့ လက်ျာဘီလူး မှန်း မသိလို့ အရိုအသေ မပေးမိတာ ခွင့်လွှတ်ပါ”

“ထ ကြပါ.. တမင်လုပ်ကြတာမှ မဟုတ်ဘဲ။ လူနာ ကို ပြုစုဖို့ ခေါ်သွားလိုက်ပါဦး “

ဆိုမှ နှစ်ယောက်လုံး လူနာကို မ၍ ထွက်သွားကြသည်။ မလှမ်းမကမ်း ရောက်လျှင်

“ဘီလူးတပ်မှူးက ဒီလောက်ငယ်မယ်လို့ မထင်ထားဘူး” ဟူ၍ ပြောသွားသည်ကို လက်ျာဘီလူး ကြားလိုက်ရသေးသည်။

ရေချိုးရာကနေ ရေစိုကြီးနှင့် ပြန်တက်လာသော လကျ်ာဘီလူးကို ငကံက

“တပ်မှူး ရေလဲပုဆိုး ယူသွားတယ်မလား။ ဘယ်လိုဖြစ်လို့ ရေစိုကြီးနဲ့ ပြန်လာတာလဲ”

မေးတော့ လကျ်ာဘီလူးက သူဖြစ်သမျှကို ပြန်ပြောပြလိုက်သည်။ ငကံက ဒီနေ့ သူ ဈေးထဲ သွားတော့ လမ်းမှာ လူတစ်ယောက် ခြေထောက် ဒဏ်ရာကြီး နဲ့ သွေးတွေ အရမ်းထွက်ပြီး ဒုက္ခရောက်နေတာ တွေ့လို့ကူညီခဲ့ရကြောင်း ပြောလေသည်။ တပင်ရွှေထီးပင်တွေ ခူး၍ အနီးနားက ကျောက်တုံးပေါ်မှာ ကြိတ်ပြီး ပါလာတဲ့ ပုဝါနဲ့ အုပ် စီး ပေးလိုက်တယ် ဟု ပြောသည်။ လကျ်ာဘီလူးကလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟု ဆိုကာ ငကံ အနီးမှထွက်သွားသည်။

အောက်လမ်းဆရာ ပန္နဝ နားနေသောအိမ်သို့ ပါးစပ်ပြဲပြဲ နှင့် လူတစ်ဦး ရောက်လာသည်။ အိမ်ရှင်တွေက ထိုသူကို အထူးအဆန်း လိုက်ကြည့်နေကြသည်။

“ဪ နီမောင် ရောက်လာပြီပဲ၊ ငါက မလာတော့ဘူး လို့တောင် ထင်ထားတာ”

“လာမှာပေါ့ ဆရာပန်ရယ် ၊ ကျုပ်အတွက် အရမ်းအရေးကြီးတဲ့ ကိစ္စပဲ။ မလာလို့ ဖြစ်ပါ့မလား”

“ငါရှာခိုင်းလိုက်တာ ရလာလား”

“ရလာပါတယ်.. ဒီမှာပါ” ဆိုပြီး သူယူလာတဲ့ ပုဆိုး နဲ့ လက်ကိုင်ပုဝါ ကို ပေးလေသည်။

“နောက်ပြီး ငါမေးစရာရှိသေးတယ်”

အိမ်ရှင် လင်မယား ကို ဆရာပန္နဝ က မျက်ရိပ် ပြသဖြင့် အိမ်ရှင်လင်မယားလည်း အိမ်ပေါ်မှဆင်းသွားကြသည်။ ဆရာပန္နဝ က ဆက်၍

“လက်ျာဘီလူးရဲ့ ငယ်မည်နဲ့ မွေးရက်ကို သိလား”

“သိပါတယ်.. ငယ်မည် က ငစံ တဲ့။ အင်္ဂါသားလို့ သိရပါတယ်။ ငကံ နာမည်က ကံပေါ်၊ တနင်္လာသားပါ”

“အေးအေး.. မနက်ဖြန် ညကျ အစီအရင်လုပ်မယ်။ ဒီနေ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြတာပေါ့”

နီမောင် ကျေနပ်သွားသည်။ သူ့ကို အာဟက်အပြစ်ပေးခဲ့သည့် လက်ျာဘီလူးနှင့်အတူ ငကံကို လက်တုံ့ပြန်မည့် သူ့အကြံ မကြာခင် အောင်မြင်တော့မည်ဟု တွေးကာ အကျေနပ်ကြီး ကျေနပ်နေသည်။

သည်အတောအတွင်း ငကံ မတော်တဆ ထိခိုက်တာ များနေသည်။ တပ်မှူးနှင့်အတူ သစ်ပင်ပေါ် တက်ထိုင်၍ စကားပြောနေစဥ် နောက်မှ တစ်စုံတစ်ယောက် တွန်းချခံရသလို သစ်ပင်ပေါ်မှ ပြုတ်ကျသည် ။ လေ့ကျင့်သား ပြည့်ဝနေသဖြင့် အောက်ရောက်အောက်ချင်း လူကို လှိမ့်လိုက်၍သာ အနာတရ မဖြစ်၊ ကိုယ်ကို တစ်ပတ်လှိမ့်လိုက်ပြီး မတ်တပ် ထရပ်လိုက်သည်။

“ငကံရဲ့၊ ဘာလို့ ရုတ်တရက်ကြီး ခုန်ချသွားတာတုန်းဟ”

လက်ျာဘီလူးက နောက်မှ ခုန်ချလာပြီး ငကံ နည်းတူ မတ်တပ်ရပ်လိုက်ပြီး ငကံကို ​မေးသည်။ ငကံက..

“ခုန်ချတာ မဟုတ်ဘူး တပ်မှူး၊ နောက်က တစ်ယောက်ယောက် တွန်းချလိုက်သလိုပဲ”

“မင်းနဲ့ငါပဲ ရှိတာကို ငကံရဲ့။ မင့်ဟာမင်း ခြေချော် ကျတာ ဖြစ်မှာပါ၊ ကဲ ကဲ.. မင်းလည်း သွားအိပ်တော့။ ငါလည်း အိပ်တော့မယ်” ဆိုကာ တဲအိမ် အတွင်းဝင်သွားသည်။

ငကံ အိပ်မည် ပြင်စဥ် ရွှတ်ရွှတ်သံ ကြားရ၍ ဘေးပတ်လည် ကို လိုက်ကြည့်သည်။ မြွေဟောက် တစ်ကောင် သူ၏ အိပ်ရာဘေး မှာ ပါးပျဥ်း ထောင်လျက် ပေါက်မည့်ဟန် ပြင်တာနှင့် ချက်ချင်း ဓား ထုတ်၍ ပိုင်းလိုက်သည်။ ငကံ ထံမှ ဒုတ်ခနဲ အသံကြားရ၍ ဘေးနားက အိပ်ပျော်နေသော တပ်သားတစ်ဦး နိုးလာပြီး ဘာဖြစ်တာလဲ မေးသည်။ ငကံ က မြွေ ဖြစ်ကြောင်း ပြောသောအခါ သတိ ဝီရိယနှင့် အိပ်ရန် မှာပြီး တစ်ဖန် ပြန်အိပ်သွားလေသည်။

နောက်တစ်နေ့ ငကံ သူတို့တပ်မှမြင်းများ ကျောင်းနေစဥ် မြင်းအုပ်ထဲမှ နှစ်ကောင်က ငကံ ရှိရာ ဒုန်းစိုင်း ပြေးလာသည်။ ရုတ်တရက်ဖြစ်၍ ငကံ အမြန် ရှောင်လိုက်သော်လည်း တစ်ကောင်၏ တိုက်ချက်နှင့် ငကံ လဲသွားသည်။ လဲကျနေစဥ် မြင်းကန် ခံရသဖြင့် ငကံ မသက်သာလှ။

ငခေါင်းဖြူတို့ အုပ်စု ပြေးလာပြီး မြင်းနှစ်ကောင်ကိုဝိုင်း ဖမ်းလိုက်၍သာ ငကံ သက်သာရာရသည်။

“ဒီမြင်းတွေ ဘာစိတ်ဖောက်လဲ မသိဘူး။ အရင်က ဒီလောက်မဆိုးပါဘူး၊ အစာရေစာ အငတ်ထားလိုက်ရ မကောင်းရှိတော့မယ် “ ဆိုပြီး မြင်းနှစ်ကောင်ကို သစ်ပင်ရင်း၍ ကြိုးချည်ထားလိုက်သည်။ ငကံကို ထူမ ပေးကြပြီး တဲအိမ်အတွင်းသို့ခေါ်သွားကြသည်။ ငကံ ထိုဒဏ်နှင့် အပြင်းဖျားသည်။

အစက မြင်း တိုက်မိ ကန်မိသည့် ဒဏ်ကြောင့်ဖျားသည် ထင်ကြသည်။ နှစ်ရက် သုံးရက်ခန့် အပြင်းဖျားသောကြောင့် ဆေးဆရာနှင့် ကုသော်လည်း ရောဂါ မယ်မယ်ရရ ရှာမရဘဲ ရှိသည်။ လက်ျာဘီလူး က ဆေးဆရာအား

“ဒဏ် ကြောင့်လည်း မဟုတ်၊ ရောဂါကြောင့်လည်း မဟုတ်ဘူး ဆိုတော့ ဘေး ပယောဂ တစ်ခုခုကြောင့်များလား”

“အတိအကျတော့ မပြောနိုင်ဘူး တပ်မှူး ၊ လောလောဆယ်တော့ အဖျား သက်သာအောင် ဆေးတိုက်ပြီး အိပ်ခိုင်းထားတယ် ၊ တပ်မှုး ပယောဂ ကြောင့်လို့ ထင်ရင် ပယောဂဆရာ တစ်ယောက်လောက် ရှာပြီး ပြကြည့်ဖို့ အကြံပေးချင်တယ်”

ဟု ဆေးဆရာက ပြောသည်။ ထိုစကားကို မအိပ်သေးတဲ့ ငကံ ကြားတော့ ငမြတ်ကျော် ပေးလိုက်တဲ့ အဆောင်လက်ဖွဲ့ ကို အမှတ်ရသွားသည်။ အားယူ၍ ထမည့်ဟန် ပြင်စဥ် လက်ျာဘီလူး က မြင်၍ “ဘာလုပ်မလို့လဲ ငကံ” ဟု စကားပြောနေရင်းမှ လှမ်းမေးသည်။

“ကျုပ်အိတ်ထဲမှာ ရွာက သူငယ်ချင်းပေးလိုက်တဲ့ အဆောင်လက်ဖွဲ့ လေးရှိတယ်၊ အဲဒါ ယူချင်လို့ပါ”

ငကံက ပြောလည်း ပြော၊ ထဖို့ လည်း ကြိုးစားနေသောကြောင့် လက်ျာဘီလူးက ငကံ အနားသွားပြီး

“နေ နေ ငါယူပေးမယ်”

ဆို၍ ငကံ အထုပ်ကို ဖြေကာ အဆောင်လက်ဖွဲ့ကို ရှာပြီး ယူလိုက်သည်။ ပြီးနောက် ငကံ ရဲ့ ဘယ်ဘက် လက်မောင်း အင်္ကျီ ကို လိပ်တင်ပြီး စည်းပေးမည် အပြု ငကံ က

“တပ်မှူး ညာဘက်မှာ စည်းရမှာ မဟုတ်ဘူးလား” မေးတော့

“လက်ယာဘက်က ဘုန်းရှိတယ်၊ စည်းနှောင် ချုပ်တီးတာတွေ မလုပ်သင့်ဘူး “ ပြောရင်း စည်းပေးလိုက်သည်။

“ကဲ ငကံ အဖျားသက်သာအောင် အိပ်ပြီး အနားယူလိုက်ဦး” ဆိုကာ ငကံ ကို ထားခဲ့ပြီး အပြင်ထွက်လာလိုက်သည်။ ငကံ အိပ်ရာက နိုးတော့ အတော် သက်သာလာသည်။ ငမြတ်ကျော် ကျေးဇူးကြောင့် ဟုလည်း ငကံ ကျေးဇူးတင်နေမိသည်။

နီမောင် အရမ်းစိတ်တိုနေသည်။ဆရာ ပန္နဝ ရဲ့ အစီအရင် ကြောင့် ငကံနှင့် လက်ျာဘီလူး သေမည် ထင်ထားသော်လည်း ငကံက ဒဏ်ရာ အနည်းငယ်နှင့် အပြင်းဖျားရုံလောက်သာ ရှိသည်။ လက်ျာဘီလူး ဆိုလျှင် ချောင်းပင် မဆိုး။ နီမောင် ဆရာပန်ကို မယုံချင်တော့၊ ဟုတ်မှ ဟုတ်ပါ့မလား ဆိုပြီး သံသယ ဝင်လာသည်။

ဆရာပန္နဝ ကလည်း သူ့ကိုယ်သူ အံ့သြနေသည်။ ဘယ်နား မှားသည်မသိ၊ တစ်ခုခု လွဲနေတာတော့ သေချာသည်။ ငကံ အပြင်းဖျားပြီး ဘာလို့ လက်ျာဘီလူး က ဘာမှ မဖြစ်တာလဲ စဥ်းစားနေရသည်။ နီမောင်က လက်ျာဘီလူးကို အသေ မဟုတ်ရင်တောင် သူအရှက်တကွဲ ဖြစ်ရသလို ပြန်ခံစားရအောင်လုပ်ပေးပါ၊ ထိုက်ထိုက်တန်တန် ထပ် ကန်တော့ပါမည် ဆိုသောကြောင့် နောက်ဆုံး အကြံ ထုတ်သုံးရတော့သည်။

သူမွေးထားသော သရဲကြီး အား လက်ျာဘီလူး ကို စိတ်မနှံ့ဘဲ သွက်သွက်ခါ ရူးသွားအောင် လုပ်ရန် အမိန့်ပေးစေခိုင်းလိုက်သည်။ ထိုနေ့ ည က ဆရာပန္နဝ နဲ့ နီမောင်တို့ သရဲကြီးကို ဆိတ်တစ်ကောင်လုံး ချက်၍ ဆန် တစ်တင်း ချက် ကို ကျွေးလေသည်။ သရဲကြီး အစာစားနေစဥ် ဆရာ ပန္နဝက

“ငါကျွေးမွေးတာကို စားသောက်ပြီးရင် ငါခိုင်းတာကို ပြီးမြောက်အောင် လုပ်ပေးရမည်။ လက်ျာဘီလူး ကို သွက်သွက်ခါ ရူးသွပ်အောင် လုပ်ရမည် ။ ငါဆရာ ပန်၏ အမိန့် “

ဟု ဆိုကာ မြေကြီး ကို ကြိမ်နှင့်သုံးချက် ရိုက်လေသည်။

တစ်ပတ်ခန့် ကြာသော အခါ ရပ်ထဲ ရွာထဲ၌ စိတ်မနှံ့ဘဲ အော်ဟစ် ပြောဆိုနေသော လူတစ်ဦးအား တွေ့ရလေသည်။ ထိုလူက

“ကိုးသင်္ချိုင်းမှော်အောင် ဆရာပန္နဝ တဲ့ကွ နော့်၊ မတောက်တခေါက် ပညာလေးနဲ့ ငါ့ကိုလာမစမ်းနဲ့ကွ။ မျိုးကန်းကုန်မယ်၊ ဆရာပန် တဲ့ကွ “ဟု အော်ဟစ်ကြိမ်းဝါးနေသည်။ ထို့နောက်

“နတ်ဘီလူးတွေ.. နတ်ဘီလူး တွေ၊ လာကြပြီ.. ကယ်ကြပါ ကယ်ကြပါ။ နောက်မလုပ်တော့ပါဘူး တောင်းပန်ပါတယ်။ ခွင့်လွှတ်ပေးကြပါ”

ဆိုကာ ကြောက်လန့်တကြား အော်ဟစ်ပြေးလွှားနေပြန်သည်။ရပ်ရွာ လူထုက

“တယ် ဒီအရူးနဲ့တော့၊ ကလေးသူငယ်တွေ လန့်ဖြန့် ကုန်တော့မှာပဲ၊၊ ရွာလန့်ကုန်မယ်၊ လိုက်မောင်း ထုတ်ကြကွာ“ ဆိုပြီး ဝိုင်းဝန်းခြောက်လှန့် ထုတ်ကြသည်။

နီမောင် ကြံရာမရဖြစ်နေသည်။ ကိုယ်မစွမ်းနိုင်လို့ စွမ်းနိုင်သူ အားကိုးပါတယ် ဆိုမှ အခု အားကိုးတဲ့သူကပါ စိတ်မနှံ့ဘဲ ရူးသွပ်သွားသည်။ နောက်ဆုံး အရဲကိုးပြီး လက်ျာဘီလူး ကို တပ်ထဲ ထိ ဝင်ရောက် လုပ်ကြံရန်ဆုံးဖြတ်လိုက်သည်။

နီမောင် မျက်နှာကို အဝတ်စည်းလျက် ဘီလူး တပ်နားသို့ ခြေသံလုံလုံဖြင့် ကပ်လာသည်။ လက်ျာဘီလူး အိပ်သော တဲနားအရောက် အထဲသို့ဝင်မည့်ဟန် ပြင်နေစဥ် အပေါ့သွားရာက ပြန်လာသော ငကံ လှမ်းမြင်လိုက်သည်။

“ဟေ့ ဘယ်သူလဲ “

အော်ရင်း မဲမဲအရိပ်ဆီသို့ ပြေးဝင်လိုက်သည်။ နီမောင်လည်း အခြေအနေ မဟန်မှန်း သိသည်နှင့် ထွက်ပြေးရန်ပြင်လေသည်။ ထိုစဥ် တပ်သားများ နိုးလာပြီး

“ဘာဖြစ်တာလဲ“ ဟု ဆိုကာ လက်နက်စွဲ၍ ပြေးလာကြသည်။

“တပ်မှူး တဲနား လူကပ်တာ။ လုပ်ကြံမယ့်လူ ထင်တယ်။ အနောက်ဘက်ကို ပြေးသွားတယ်.. လိုက်”

အော်ရင်း မဲမဲအရိပ်နောက်သို့ ပြေးလိုက်သွားကြသည်။ နီမောင် အဝေးကြီး မပြေးလိုက်နိုင်၊ဘီလူးတပ်သားများ သူ့ကိုမီလာပြီး ဝိုင်းဖမ်းလိုက်ကြသည်။

လက်နောက်ပြန် ကြိုးများချည်နှောင်ထားခံရလျက် ဒူးထောက်နေသော မျက်နှာဖုံးနှင့် လူဆီသို့ လက်ျာဘီလူး ရောက်လာသည်။ လက်ျာဘီလူးလည်း ထိုသူ စည်းထားသောအဝတ်ကို ဖယ်၍ မျက်နှာကို ဆွဲမော့ရန် အမိန့်ပေးလိုက်သည်။ ထိုလူ၏ ပါးစပ်ကို မြင်သောအခါ လကျ်ာဘီလူးက

“မင်းဖြစ်နေမယ် ဆိုတာ ငါထင်သားပဲ။ ငကံ ပြဿနာ အမျိုးမျိုး ကြုံရပြီး အပြင်းဖျားတာလည်း မင်းလက်ချက် မဟုတ်လား”

“မဟုတ်ဘူး၊ သူ ဖြစ်တာတောင် ငါမသိဘူး “

“မင်းလိမ်နေလည်း အပိုပဲ။ မင်း ငွေ ပေးပြီး ခိုင်းထားတဲ့ ကောင်တွေကို ငါစစ်မေးပြီးပြီ။ ပြီးတော့ ဟို အောက်လမ်းဆရာ ရူးသွားတာလည်း ငါ သိထားပြီးပြီ”

“မင်း သိထားပြီးပြီဆို ဘာလို့မေးနေသေးလဲ။ တစ်ခါတည်း ကွပ်လိုက်ပါလား”

“နေပါဦး.. အခုကျ သေချင်နေပြီလား။ ကဲ..ဆို၊ ငါ့တပ်ထဲဝင်ပြီး ငါ့တဲနား ဘာလာလုပ်လဲ။ ငါ့ကို မကျေနပ်လို့ ထပ်လုပ်ကြံချင်တာလား”

နီမောင်ကလည်း အပြစ်လျော့ပေါ့မလား မျှော်လင့်ချက်နှင့်

“ဗိုလ်မင်းကို လုပ်ကြံမလို့ မဟုတ်ပါဘူး။ ဟိုကောင့်ကို လာသတ်တာပါ”

ဟု ပြန်ပြောလိုက်သည်။ လကျ်ာဘီလူးကလည်း အစောကကျ မင်းဟုသုံးပြီး အခုမှ ဗိုလ်မင်း ဖြစ်သွားသော နီမောင်၏ လေသံကို သဘောကျရင်း တစ်ချက်ပြုံးလိုက်သည်။သူ့တဲနား ကပ်လာပြီး ငကံ ကို သတ်မည် ပြောတာကိုလည်း ဒီကောင် အခုအချိန်ထိတောင် မိန်းမလို မိန်းမရပြောနေသေးသည်လို့ တွေးလိုက်မိသည်။ ပြီးနောက်

“အင်းလေ ငကံကို သတ်မလို့ ဆိုတော့လည်း အခု ငကံကို စီရင်ခိုင်းရတာပေါ့”

ပြောရင်း ငကံ ကို ကြည့်လိုက်သည်။

“ ကဲ ငကံ၊ မင်းဒီကောင့်ကို ဘယ်လိုလုပ်ချင်လဲ”

ငကံကလည်း ရုတ်တရက်မို့ ဘာပြောရမှန်းမသိ။ အခု တပ်မှူးက သူ့ကို စိတ်ကြိုက် လုပ်ခွင့်ပေးနေပြီ။ အမှန်ဆိုရလျှင် ငကံ ဒီကောင့်ကို သတ်လိုက်ချင်သည်။ သို့သော် လူတစ်ယောက်ကို ကိုယ့်သဘောနှင့်ကိုယ် သတ်လိုက်လျှင် ရာဇဝတ်သင့်နိုင်သည်။ သူက ရာဇဝတ်မသင့်အောင် တပ်မှူး ကတာဝန်ယူပေးမှာ သိနေသည်။

ထိုသို့တာဝန်ယူလျှင် သူ့ကြောင့် တပ်မှူး ရာဇဒဏ် ခံရမှာကို ငကံ မလိုလား။ ထို့ကြောင့် နီမောင်ကိုလည်း လက်တုံ့မပြန်လိုတော့။ သူလည်း တပ်မှူးကိုကြည့်၍

“ကျုပ်ဆုံးဖြတ်တဲ့အတိုင်း တပ်မှူးက သဘောတူမှာလား”

ဟု ပြန်မေးသည်။ လက်ျာဘီလူးကလည်း

“မင်းဆန္ဒရှိတဲ့အတိုင်း လုပ်၊ မင်းအပေါ် အပြစ်မရောက်စေရဘူး။ မင်းသဘောအတိုင်း ရှိစေရမယ်”

ဆိုကာ နီမောင်ကို တစ်ချက်စိုက်ကြည့်လိုက်သည်။ ငကံလည်း ဓားကိုင်လျက် နီမောင် အနား ကပ်သွားသည်။ နီမောင်က ငကံကို စူးစူးရဲရဲ လိုက်ကြည့်နေသည်။ ငကံ နီမောင်ရဲ့အနောက်ကို လျှောက်သွားပြီး လက်က ကြိုးကို ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။

“မင်းသွားတော့။ မင်းကိုသတ်လိုက်လို့ ငါ့အတွက် အကျိုးမရှိဘူး။ မင်းကြောင့်နဲ့ ငါတို့ ရာဇဒဏ် သင့် မခံချင်ဘူး “

ပြောရင်း ငကံက တပ်မှူးကို လှမ်းကြည့်နေသည်။ ငကံ ၏ အပြုအမူကြောင့် ဘီလူးတပ်သားများ ပါးစပ်အဟောင်းသား။ လကျ်ာဘီလူးကတော့ နီမောင်ကို

“မင်းကို ဒီနယ် ဒီအရပ်မှာ ထပ်မမြင်ချင်ဘူး။ ဒီတစ်ခါတော့ ငကံရဲ့ ဆန္ဒအတိုင်း မင်းကို လွှတ်ပေးလိုက်မယ်။ နောက်တစ်ခါဆိုရင်တော့ မင်း အသက်မကြွင်းဘူး၊ ကဲ သွားတော့”

လို့ဆိုကာ နီမောင်ရှေ့မှ ထွက်ခဲ့လိုက်သည်။ ကျန် ဘီလူးတပ်သားများကလည်း နီမောင် ကို အရေးမလုပ်တော့ဘဲ နီမောင်အနားမှ ထွက်ခွာသွားကြသည်။

“လက်ျာဘီလူးနဲ့မှ ဖက်ပြိုင်ချင်နေတယ်။ တကယ်မိုက်မဲတဲ့ လူမိုက်” ဟုလည်းပြောသွားကြသည်။ နီမောင် အသားတွေ တဆတ်ဆတ်တုန်လာပြီး မတ်တပ် ထရပ်လိုက်သည်။ ထို့နောက် ရှိသမျှ အင်အားနဲ့ အားကုန်အော်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ကို တစ်သက်မ​ကျေဘူးကွ”

သူ့အော်သံကို ငကံ ဂရုမစိုက်တော့။ ဘီဘူးတပ်သားများကလည်း သူ့ကို ရှိသည်ဟုပင် မထင်။ လှည့်တောင်မကြည့် ။ လက်ျာဘီလူးကတော့ နှုတ်ခမ်းတွန့်ရုံလေး ပြုံးလိုက်သည်။

မီးပုံဘေးမှာ ထိုင်နေရင်း ငကံက လက်ျာဘီလူးကို

“တပ်မှူး က ဘာလို့ ကျနော့်ကို စီရင်ခိုင်းတာလဲ “ မေးသည်။

“မင်း မသတ်ဘဲ လွှတ်လိုက်မယ်ဆိုတာ သိလို့”

ပြောရင်း ငကံကို ပြုံးကြည့်နေသည်။ ထို့နောက်

“မင်းကရော ဘာလို့ လွှတ်လိုက်တာလဲ။ သူ့ကို သတ်လိုက်ရင် ရာဇဝတ်သင့်မှာ စိုးလို့မဟုတ်လား”

“အဲဒါလည်း ပါတယ်။ နောက်ပြီး စစ်ပွဲမှာ မဟုတ်ဘဲ တခြားသူအသတ်ကို မသတ်ချင်လို့ပါ။ သူများအသက်ကို သတ်တာရယ်၊ သေဘေးနီးတာရယ်က စစ်ပွဲထဲမှာပဲ ရှိပါစေတော့ တပ်မှူးရယ်။ တစ်ခါတစ်လေ လက်တုန့်ပြန်တာထက် ခွင့်လွှတ်လိုက်တာက ပိုအေးချမ်းပါတယ်”

ငကံ၏ စကားကိုကြားတော့ လက်ျာဘီလူး က ဘုန်းကြီးကျောင်းသားငစံ ဘဝ ကို အမှတ်ရမိသည်။သူသည် တစ်ခုခု ဆိုလျှင် အငြိုးအတေးထားပြီး လက်တုံ့ပြန်တတ်သည်။ ဘုန်းဘုန်းကြီးနှင့် လေးငယ်တို့၏ ဆန္ဒကြောင့် သူ၏ လက်တုံ့ပြန်ချင်စိတ်များ ပျောက်သွားပုံကိုလည်း အောက်မေ့မိသည်။ လေးငယ်လည်း ယခု ဘယ်ရောက်နေလဲ၊ သူ့သတင်းမကြားရ။ လက်ျာဘီလူးတွေးနေရာမှ သတိပြန်လည်လာပြီး

“မင်းက လက်တုံ့မပြန်ဘဲ လွှတ်ပေးလိုက်တော့လည်း သူက ကျေအေးပေးမှာမှ မဟုတ်တာ။ သူနောက်ဆုံး အော်သွားတာ ကြားတယ်မလား”

“ကြားပါတယ် “

“အဲ့ဒီတော့ သူနောက်တစ်ခါ ပြန်ပြီး လုပ်ကြံလာရင်ရော မင်းဘယ်လို လုပ်မယ်တွေးထားလဲ”

“အာ့ကျတော့လည်း တပ်မှူးရှိတာပဲ၊ တပ်မှူးကိုပဲ အားကိုးရမှာပေါ့”

ငကံက လက်ျာဘီလူးကို ကြည့်ပြီး ရယ်ရင်းပြောလိုက်သည်။ လက်ျာဘီလူးကလည်း ငကံ ကို ကြည့်ရင်း သဘောကျစွာ ရယ်လိုက်လေသည်။

Crd

မင်းအက္ခရာ